Saturday, May 7, 2011

မင်းချမ်းငြိမ်း ၏ အိမ်ရဲ့သီချင်း

အိမ်ရဲ့သီချင်း
စာရေးသူ - မင်းချမ်းငြိမ်း

ကျွန်တော် တက္ကသိုလ်ကျောင်းသားဘ၀ကအလွန်စွဲလမ်းနှစ့်ခြိုက်ခဲ့သော စာအုပ်တစ်အုပ်ရှိခဲ့သည်။    ကျွန်တော် ကြိုက်နှစ်သက် သည့် စာအုပ်တိုက်ဖြစ်သော``သီတာခုနှစ်တန်`` မှ ထုတ်ဝေခဲ့သည်ဟု ထင်သည်။ ပိုလန်လူမျိုး တစာရေးဆရာ (jean Orchenachek ၏ Romeo and juliet and the Darkness ဟူသည့် စာအုပ်ဖြစ်သည်။ ဒုတိယကမ္ဘာစစ်အတွင်းက နာဇီစစ်သံဖနှောင့်အောက်တွင် ဂျူးလူမျိုးများ ငရဲတွင်း သက်ဆင်းခဲ့ရပုံ ထိတ်လန့်ခြောက်ခြား ကျီးလန့်စာစားနေခဲ့ရပုံများကို ဂရုဏာသက်ဖွယ် မေတ္တာ ဇာတ်လေး တစ်ပုဒ်ဖြင့် ယက်ဖောက်သီကုန်းပြီး လှပစွာ ဖွဲ့နွဲ့ထားခြင်းဖြစ်သည်။

နောင်တွင် ထိုစာအုပ်ကို ဆရာကျော်အောင်``အမှောင်ခေတ်ကချစ်သူများ`` အမည်ဖြင့် ဘာသာပြန်သည်။ ထိုစာအုပ်တွင် ရိုးရှင်းသလောက် အဓပ္ပါယ်နက်ရှိုင်းလှသည့် စာကြောင်းတစ်ကြောင်းဖြင့် စတင် ဖွင့်လှစ် ထားသည်။ Old house are Like Old People  ဟူသည့် စာကြောင်းဖြစ်သည်။ ဆရာအောင်ကျော်က ``အိမ်အိုကြီးများသည် လူကြီးသူမနှင့် အလွန်တူသည်``ဟု ဘာသာပြန်သည်ထင်ပါသည်။ တကယ်က အိမ်များတွင် လူကြီးသူမများကဲ့သို့၊အနံ၊အသက်၊အရိပ် အယောင်နှင့် ဖြတ်သန်းခဲ့သော သမိုင်းစဉ် ရှိသည် မဟုတ်လား။ စေ့စေ့စပ်စပ် နားထောင်တက်လျှင် ``အိမ်ရဲ့သီချင်း``မှတိုးညင်းသော သို့မဟုတ် ပြင်းထန်သော ဇာတ်လမ်းများကို ကြားရမည်ထင်သည်။ လူတိုင်းတွင် အိမ်ပိုင်မရှိလျှင် တောင်မှ၊ နေဆဲ ဖြစ်သော ဒါမှမဟုတ် နေခဲ့သော ``အိမ်`` ရှိခဲ့ပေလိမ့်မည်။

ကျွန်တော်အတွက် ``အိမ်``ကိုပထမဆုံး မှတ်မှတ်သားသား ဖြစ်ခဲ့သည်မှာ မူလတန်း ကျောင်သား ဘဝ က နေခဲ့သော ၊ ကျွန်တော် မွေးဖွားရာအိမ်ဖြစ်ပါသည်။ ဇာတိမြို့ကလေး၏ မြစ်ကမ်းပါးတွင် ကျွန်တော်တို့ အိမ်ကလေး ရှိသည်။ အိမ်ကလေးတည်ရှိရာ ခြံဝင်းအကျယ်ကြီးမှာ တစ်ဧကခွဲခန့် ကျယ်မည်ထင်ပါသည်။ ခြံဝင်းထဲ တွင် ကျွန်တော် အဖိုးအဖွားများ၏ နှစ်ထပ်အိမ်ကြီးနှင့် ကျွန်တော်တို့၏ တစ်ထပ်အိမ်ကလေး ပေါင်း နှစ်လုံးသာရှိသည်။

အဖိုးအဖွားများမရှိတော့သော်လည်း အိမ်ထောင်မကျသေးသည့် အဒေါ်များက ထိုအိမ်မှာနေသည်။ အောက်ထပ် မှာ ပျဉ်ထောင်ဖြစ်ပြီး အပေါ်ထပ်မှာ ကပ်ထရံကာ၊ သွပ်မိုးထားသည်။ ကျွန်တော်တို့ အိမ်လေး မှာ ပျဉ်ထောင်တစ်ထပ် ၊ကပ်မိုးးပြီး နှစ်အိမ်စလုံးမှာ ရေနံချေးဝနေသဖြင့် မဲပြောင်နေသည်။ ခြံဝင်းထဲတွင် သရက်ပင်ကြီးများ၊ ကုက္ကိုပင်ကြီးများ၊ သဘောင်္ံ၊ မာလကာ၊ငှက်ပျော၊ သလဲပင်၊ ဂွေးပင်၊ စောင်းလျားသီးပင်၊ တရုတ်မန်ကျဉ်းပင်၊ သီးသီးပင်၊ အုန်းပင်၊ ကြောင်လျာပင်၊ ဒန့်ဒလွန်ပင်စသဖြင့် အပင်မျိုးစုံလှသည်။ ခြံဝင်း တွင် အ၀င်တံခါးနှစ်ပေါက်ရှိပြီး အုန်းပင်များ တဖက်တချက်တည်ရှိသည်။ ကျွန်တော်တို့ အိမ်အ၀င်ဝတွင် မြင့်မား ဝေဆာ လှသည့် သရက်ပင်ကြီးတစ်ပင်ရှိသည်။ ထိုအပင်ကြီးမှာ ထွာကြိုင်းလှသော သရက်သီးများ ပြွတ်ကျပ် နေအောင်သီးပြီး စားကောင်းလှပါသည်။

သရက်သီးကြီးများကို လူကြီးများမသိအောင် တုတ်ဖြင့်ပစ်ချွေကြသည်။ ပြီးလျှင်ဓါးဖြင့်ခွဲ အစေ့ထုတ် ရေဆေးကာ ဆားငရုပ်သီးမှုန့်တို့ဖြင့် တို့စားရသည့် အရသာကို ယခုတိုင်လျှာဖျားတွင် စွဲထင် နေပါ သေးသည်။ အိမ်နှစ်လုံး၏ နောက်ကျောဘက်တွင် ဒုတိယကမ္ဘာသစစ်အတွင်းက ဗုံးချထားသော ကြီိးမားနက်ရှိုင်း လှသည့် ဗုံးကျင်းများရှိသည်။ မိုးရာသီဆိုလျှင် ထိုကျင်းကြီးမှ ရေပြည့်လျှံနေပြီး အုံအွမ်... အုံအွမ် ဟူသော ဖာအော်သံများကဆင်ဖိုနီတီးဝိုင်းကြီးသဖွယ် ....။ ကန်စွန်းနွယ်များကလည်း ရေထဲတွင် အလေ့ကျ ရှင်သန်နေသည်။ ခြံကြီးမှာအိုပ်ဆိုင်းဝဆာပြီး အရိပ်ကောင်းလှသဖြင့်တစ်ကြောင်း... ကျွန်တော် တစ်မျိုး လုံးရှိ ၀မ်ကွဲမောင်နှမ ကလေးတစ်သိုက် ၏ ပျော်မြူးရာ ကစားကွင်းကြီးလည်းဖြစ်ပါသေးသည်။

ကျွန်တော်တို့မှာအမျိုးတောင့်လှသဖြင့် နှစ်ဝမ်းကွဲအထိ ညီအစ်ကိုမောင်နှမ နှစ်ကျိတ်ကျော်ရှိပါသည်။ ထိုခြံထဲတွင် လူကြီးတွေမသိအောင် သစ်ပင်ခိုးတက်ပြီး အလွန်ချိုမြိန်လှသည့် မာလာကာသီးအူနီကြီးများ ခူးစား ကြသည်။ မာလာကာပင်များမှာ တစ်ပင်နှင့်တစ်ပင် ကိုင်ချင်းယှက်လိမ် ပေါက်ရောက်နေသဖြင့် သစ်ပင်ပေါ် တွင် ပြေးတန်းလိုက်တန်းကစားကြသည်။နာဇံလုပ်ပြီး ``အော်...၀ူး...ဝေါ်``ဟု လက်ကတော့ ထိုးကာ နွယ်ကြိုးများဖြင့် လွှဲ၍အပင်ကူးကြသည်။ ကျန်ကလေးများက မျောက်လုပ်သူကလုပ်၊ လူရိုင်း လုပ်သူ က လုပ်ပေါ့ ။ကျွန်တော်နွယ်ကြိုးပျက်ကြပြီး လက်ကကြိုးသဖြင့် ယခုချိန်ထိ ဘယ်ဘက် လက်မောင်း မှာ တံတောင်ဆစ်နားကကောက်နေသည်။

တရုပ်မန်ကျည်းသီးခွေးများမှာ ကြီးထွားဖွဲ့ပဖြိုးပြီး ချိုမြိန်လှသည့် စောင်းလျားသီး ၊ သီးသီးစိမ်း၊ ဇီးဖြူသီး များ ကိုတော့ ဆား၊ အရာင်တင်မှုန့်နှင့် တို့စားကြစမြဲ။ ဗုံးကျင်းကြီးများကျော်လျှင် ကျွန်တော်တို့ ခြံနယ်နမိတ် ကုန်ြ့ပီဖြစ်၍ ၀ါးဝင်းထရံခတ်ပြီး ကာရံထားသည်။ကုက္ကိုပင်ကြီးများအုပ်ဆိုင်းနေသည့် ခြံထောင်တွင် အိမ်သာ ၂လုံး ရှိသည်။ ညဆိုလျှင်ထိုနေရာမှာ မှောင်မိုက်လှ၍ တစ်ရောက်ထဲမသွားဝံ့ကြ။ ကျွန်တော် လေးတန်း ရောက်တော့ တစ်ညတွင် ဧည့်သည်တည်သည့် ``သောင်းသောင်း`` ဆေးလိပ်အတုတ်ကြီးများကိုယူပြီး မီးညှိ ၍ အိမ်သာထဲသွာထိုင်ကာ မီးတရဲရဲဖြင့် ဆေးလိပ်ခိုးသောက်သည်။  သူငယ်ချင်းများ မြှောက်ပေး၍ စမ်းသောက်ကြည့်ခြင်းဖြစ်သည်။ 

ဖခင် ဖြစ်သူ အိမ်သာတက်အလာနှင့်တိုးပြီး နရင်းအုပ်ခံရကာ ဆေးလိပ်ခိုးသောက်သည့် ဇာတ်လမ်း နိဌိ တံသွားသည်။  ကျွန်တော်လည်း တစ်သက်လုံး ဆေးလိပ်မသောက်တတ်တော့။  မြစ်ရေကြီး၍ ခြံ ထဲ ရေဝင် လျင် လူကြီးတွေ ဒုက္ခရောက်သလောက် ကျွန်တော်တို့ ပျော်မြူးကြသည်။  နွားစားကျင်း များကို လှေလုပ်၍ လှော်ခတ်ကြသည်။  မီးဖိုဆောင်ကပြင်မှ ရေဒိုင်ဗင်ထိုးချကြသည်။  ထိုအိမ်က လေးမှာ မိဘနှစ်ပါးကလည်း အရွယ်ကောင်း၊ ကျွန်တော်ကလည်း ခပ်ငယ်ငယ်ဖြင့်၊ ညီအစ်ကိုမောင် နှမစုံလင်စွာ တပျော်တပါးကြီးပြင်း နေထိုင်ခဲ့ကြသည်။  Home sweet Home! ဟူသော ချိုမြအိမ် ချမ်းမြအိမ် အစစ်ဖြစ်ပါသည်။

ဒုတိယအိမ်မှာ မြစ်ကြီးနားမြို့၊ သီးသန့် ၁ ရပ်ကွက်တွင် ရှိသော ဆည်မြောင်းဝန်ထမ်းအိမ် ယာရှိ တစ်ထပ်တိုက်ကလေး ဖြစ်ပါသည်။  ကျွန်တော် ၅ တန်းရောက်တော့ ဆည်မြောင်း အင်ဂျင် နီယာတစ်ဦးဖြစ် ဖခင် မှာ ဝါရှောင်ဆည်စီမံကိန်းသို့ ပြောင်းရွှေ့တာဝန်ကျသဖြင့် ကျွန်တော်တို့ မိ သားစု မြစ်ကြီးနားမြို့သို့ ပြောင်းရွှေ့ သည်။  ဝန်ထမ်းအိမ်ယာမှာ မြစ်ကြီးနားမြို့ စွန်မခိန်ရွှေစက်ဟု ခေါ်သော ဂျိန်းဖောရွာနှင့် စီတာပူ ဟုခေါ်သော ဂေါ်ရခါးရွာကလေးသို့ သွားရာလမ်း ဂေါက်ကွင်းကြီး နံဘေးတွင် တည်ရှိသည်။  မြောက်ဘက် ကပ်ရက်တွင် သီးသန့်ရဲစခန်း နှင့် ရဲအတတ်သင်ကျောင်း ကြီးရှိသည်။

အိမ်ကလေးမှာ ပျဉ်ထောင်သွပ်မိုး တစ်ထပ်အိမ်ကလေး ဖြစ်ပြီး အိမ်တစ်လုံးနှင့် တစ်လုံးအ ကြားမှာ သံဆူးကြိုး ဖြင့် ဝင်းခတ်ကာရံထားသည်။  အဝင်တံခါးမှာ သစ်သားတံခါးဖြစ်ပြီး သံခွေဖြင့် မျောက်လက် လုပ်ကာ ပိတ်ထားသည်။  အိပ်ခန်း ၄ ခန်း၊ ဧည့်ခန်းတစ်ခန်း၊ ထမင်းစားခန်းတစ်ခန်း၊ ရေချိုးခန်းတစ်ခန်နှင့် မီးဖိုဆောင် သီးသန့် ပါရှိသည်။  ကျွန်တော်တို့ ညီအစ်ကိုသုံးယောက်က တစ် ခန်း၊ အစ်မနှင့်ညီမလေး ၂ နှစ်ဦး က တစ်ခန်း၊ မိဘများကတစ်ခန်းနေကြပြီး တစ်ခန်းကို စတိုခန်း လုပ်ထားသည်။  အပင်စိုက် ဝါသနာကြီးလှသည့် မိခင်ကြီးက အိမ်ဘေးပတ်ပတ်လည် မြေလွတ်မြေ ရိုင်းမှန်သမျှ အပင်စိုက်သည်။  ဝင်းတံခါး မှ အိမ်အထိ ကျောက်စရစ်လမ်းခင်းပြီး လမ်တစ်လျှောက် အပင်များ စိုက်ထားသည်။ 

နံဘေးတွင် ဂေါ်ဖီထုပ်၊ ပန်းမုံလာ စသည့် ရာသီပေါ်သီးနှံများ၊ ငရုတ် သီးပင်၊ ချဉ်ပေါင်ပင်များကို ဘောင်ဖြင့် စိုက် ထားသည်။  စံပယ်၊ ဇွန် စသည့် ပန်းပင်များလည်း စိုက် သည်။  အိမ်ထောင့်တွင် တညင်းပင်စိုက်ရာ ကျွန်တော် တို့ ပြောင်းရွှေ့သွားပြီး နှစ်ပေါင်းများစွာ ကြာ သည်ထိ ထိုတညင်းပင်ကြီးမှာ မြင့်မား အရိပ်ကောင်း လှပြီး တညင်းသီးများ ပြွတ်ခဲနေအောင် သီ ကြောင်းသိရသည်။  ခြံစည်းရိုးတွင် ကြက်ဟင်းခါး ပင် များ စိုက်သည်။  ရေလောင်းတာဝန်မှာ ညီ လေးဖိုးချိုနှင့် ကျွန်တော်။  ထိုအိမ်ကလေးမှာ မနက်ခင်း ကျောင်းသွားချိန် ဆိုလျှင် ကျွန်တော်တို့ ညီ အစ်ကိုနှစ်ယောက် မောင်ဗမာစက်ဘီးကလေးစီးပြီး အ.ထ.က(၁) သို့ ကျောင်းတက်သွားသည်။ ကျောင်းဆင်း ချိန်ညနေခင်းတွင် အမေခိုင်းသမျှ ပေါင်းသင်ခြင်း၊ ရေလောင်းခြင်း များ ပြုလုပ်ရသည်။ ပြီးလျှင် "ဆပ် ကျောင်းဝင်း"ဟုခေါ်သော ရဲဝင်းကြီးအတွင်းရှိ ဘောလုံး ကွင်း တွင် ဘောလုံး ကန်ကြသည်။ အသစ် ပြောင်းရွေ့လာသည့် ဆည်မြောင်းဝင်းမှ ကလေးများနှင့် ရဲဝင်းမှ ကလေးများ မှာ သိပ်မကြာခင်တွင်ပင် ဘော်ဒါဖြစ်သွားကြပြီး၊ ဘောလုံးကန်ဖက်၊ ကျောင်းသွားဖက် များ ဖြစ်လာ ကြသည်။

ကျွန်တော်တို့ ဆည်မြောင်းအိမ်ယာများ၏မျက်နှာစာတွင် သစ်ပင်အုပ်ကြီးများနှင့် လျှိုမြောင်ချိုင့်ဝှမ်း များ ရှိသည်။ ထိုနေရာတွင် ရဲကွန်မန်ဒိုသင်တန်းများ၊ စခန်းသိမ်းတိုက်ပွဲများ၊ ညတိုက်ပွဲများ လေ့ကျင့် သင်ကြား ကြသည်။ ညတိုက်ပွဲဆိုလျှင် မီးကျည်ပစ်သည့်အခါ ဖောက်ကနဲမြည်ပြီး လင်းထိန်သွားကာ "ကျားတက်ထိုးသံ" များ မြေတုံခမန်းဟစ်ကြွေးပြီး၊ လှံစွပ်တက်ထိုးကြသည်မှာ ကြည့်၍အလွန်ကောင်း လှသည်။ ကျောင်းပိတ်ရက်များတွင် ကျွန်တော်တို့ညီအစ်ကို၊ အော်စတင်၊ ငကြူး၊ ငတူးစသည့် ဆည် မြောင်းဝင်းသားများနှင့် ပရာမံနန်ဒါ၊ ဒန်းဗဟာဒူး၊ အုန်းဗဟာဒူး၊ ဆန်းမန်း စသည့် ရဲဝင်းမှ ဂေါ်ရခါး ခလေး များ စုပေါင်း၍ စစ်တိုက်တန်း၊ တောင်ကုန်းသိမ်းတန်း ကစားကြတော့သည်။ မိချောင်းတွား တွား ကာ၊ လေးဘက်ထောက် တွားကာ ရန်သူ့တောင်ကုန်းကို အလစ်တိုက်သိမ်းပြီး တဒက်ဒက် တဒိုင်းဒိုင်း ဖြင့် မနားတမ်း ပါးစပ်သေနတ်ပစ်ခတ်ကြသည်။ ထိုကလေးဘ၀ ရွှေရောင်နေ့ရက်များက အိမ်ကလေး မှာ ကျွန်တော် ဟာဒယနှလုံးအိမ်၏ မသိစိတ်နွံထဲ၌ နက်နက်ရှိုင်းရှိုင်း ငုတ်လျှိုးတည်ရှိနေခဲ့ပုံရသည်။

၁၉၇၉ ခုနှစ်၊ ကျွန်တော် ရွှေတောသားရဲတောတွင် ရောက်ရှိနေပြီး၊ အူရောင်ငန်းဖျားရောဂါ ပြင်းထန် ခံစားနေရချိန် သတိလစ်သွားသည့်အခါ အိပ်မက်လိုလို ကယောင်ချောက်ခြားလိုလိုဖြင့် မြစ်ကြီးနား ဆည်မြောင်းဝင်းအိမ်ကလေးသို့ ပြန်ပြန်သွားတတ်သည်။ (သို့ရာတွင်ယာဉ် ရထား တစ်ခုခုနှင့်လား စက်ဘီး နှင့် လား၊ ခြေလျင်လား၊ အတွေးအာရုံထဲတွင် မထင်မရှား) ပထမအိမ်မှာ ဦးစန်းလွင်နှင့် ဒေါ်မြင့် မြင့်တို့ အိမ်ဖြစ်သည်။

မြေလမ်းမအတိုင်း ဆက်လာလျှင် ဒုတိယအိမ်မှာ ကျွန်တော်တို့အိမ်၊ သံဆူးကြိုး တွင် အမွေး တ၀က် ပါးနေ ပြီဖြစ်သည့် ကျွန်တော်၏ သက္ကလပ် တင်းနစ်ဘောလုံးလေး ညိုနေသည်။ နံဘေးတွင် အမေစိုက်ထားသည့် စံပယ်ရုံ နှင့် ပန်းမုံလာစိုက်ခင်းဘောင်များ၊ ကျွန်တော်က ပီတိစိတ်ဖြင့် အိမ်ရှေ့ဝင်းတံခါး ဘောက်ချိတ် ကိုဖြုတ်၊ ၀င်းတံခါးအဟတွင် လန့်နိုးလာသည်။ ကျွန်တော်က သားရဲ တော၏ရွံနွံထူပြောလှသည့်နေရာ အခန်းငယ် ကလေးထဲတွင် အိပ်ယာပေါ်မှာ စောင်ပါးကလေး ခြုံလျက်၊ ချွေးတပြိုက်ပြိုက် ကျနေသည့် ကျွန်တော့် နဖူးကို ညင်သာစွာသုတ်ပေးနေရှာသူမှာ ရွှေရှာဖက်ကိုစိန်။ ကျန်သူများက ကျွန်တော့်မျက်နှာကို စိုးရိမ် တကြီး စိုက်ကြည့်နေကြသည်။ ကျွန်တော်တို့ ဤရွှေတော ကလေးသို့ ရောက်ရှိနေကြသည်မှာ လေးနှစ် ကျော်သွားခဲ့ပြီဖြစ်သည်။

ကျွန်တော်နှင့်အတူ စစ်ကွင်းဇာတိ၊ စစ်တောင်းစက္ကူစက် အင်ဂျင်နီယာဟောင်း ကိုစိန်၊ ခမုံမှ ကျောင်းဆရာ ကိုမြအေး၊ စက်ရုံအလုပ် သမားအဟောင်းများဖြစ်ကြသည့် ဦးစော နှင့် ကိုအောင်နု၊ ကျွန်တော်တို့မှာ တအိုးတည်း စား၊ တကျင်းတည်းတူးကာ ရွှေရှာနေကြသူများဖြစ်သည်။ ထိုရက်များအတွင်း ကျွန်တော် အဖျား တက်သည့် အခါ တိုင်း မြစ်ကြီးနားအိမ်ကလေးသို့ ပြန်ပြန်သွားတတ်သည်။ ကျွန်တော့် မျက်နှာ ပြုံးယောင် သမ်းလာပြီဆို လျှင် ကိုစိန်က အလန့်တကြားနှိုးတတ်သည်။ ထိုအချိန်မှာ ၀င်း တံခါးဟ သွားချိန် နှင့် တပြိုင်တည်းပင်ဖြစ် သည်။ "တံခါးပွင့်ပြီး မင်း အထဲရောက်သွားရင် သေသွားလိမ့်မယ်လို့ ငါထင်နေတာ" ကိုစိန် က စိုးရိမ်တ ကြီး ပြောရှာသည်။

တကယ်တော့ သေအံမူးမူးဖြစ်ခဲ့သော ကျွန်တော်က အဖျားဒဏ်မှ နာလံထကာ မသေဘဲ ရွှေသိုက် တူးသည့် အလုပ်ကို မစွန့်နိုင်ရှာသူ ကိုစိန်မှာ ၁၉၉၂ တွင် မြန်မာပြည်မြောက်ဖျားတစ် နေရာတွင် ရွှေရှာရင်း လူဆိုးဓါးပြများ၏ ရက်ရက်စက်စက် သတ်ဖြတ်ခြင်းခံခဲ့ရရှာပါသည်။ စိတ္တဗေဒ ၀တ္ထုများဖြင့် ကမ္ဘာကျော်သော အမေရိကန်စာရေးဆရာကြီး Ambrose Bierce ၏ An Occurence at the Owl Creek Bridge "ဇီးကွက်ချောင်းတံတား အဖြစ်အပျက်"ဟူသည့် ၀တ္ထုတိုကလေး ဖတ်ရတော့ ကျွန်တော် နာဖျားမကျန်းဖြစ်ချိန်တွင် မသိစိတ်အာရုံစွဲထင်ကာ အိမ်ပြန်ခဲ့သည့် အချိန်ကလေးကို ပြန်သတိရသည်။ "ဇီးကွက်ချောင်းတံတား အဖြစ်အပျက်"၀တ္ထု၌ ဇာတ်ကောင် "ပေတွန်"သည် အမေရိ ကန်ပြည်တွင်း စစ်ကာလ အတွင်း တောင်ပိုင်း ကွန်ဖက် ဒရိတ်တပ်များအတွက် ပါဝင်ကူညီသည်။ မြောက် ပိုင်း ပြည်ထောင်စု တပ်များက ဖမ်းမိပြီး ကြိုးပေးကွပ်မျက်သည်။

ဇီးကွက်ချောင်းတံတားသစ်သားဘောင် နှစ်ခုကြားတွင် ကြိုးပေး ခြင်းဖြစ်သည်။ မောင်းဖြုတ်ချလိုက်ချိန်တွင် ပေတွန် သည် ကြိုးပြတ်ကာ ချောင်း ထဲပြုတ်ကျသွားပြီး ရေစီးနှင့်မျောပါသွားသည်။ အပေါ်မှ သေနတ် များဖြင့် ၀ိုင်းဝန်းပစ်ခတ်သော်လည်း မထိ။ လွတ်ရာ ကျွတ်ရာမျောပါသွားကာ အဝေးတစ်နေရာတွင် ကမ်းကပ်မိသည်။ ထိုတစ်ညလုံး သူ့လယ်တော အိမ်ကလေးရှိရာသို့ မရပ်မနား လမ်းလျှောက်ပြန်လာရင်း အိမ်တံခါးဝရောက်လာသည်။ ခွေးတွေက ဆီးကြိုဟောင်နေသည်။ လယ်သူမက အပြေးလာကြိုရာ ဂါဝန်အနားခတ်သံတဖျတ်ဖျတ် သူ ကြားနေရပြီ။ သူလက်က လယ်တောတံခါးကိုဆွဲအဖွင့် ၀င်းကနဲ့ ဖြစ်ပြီးနောက် မှောင်အတိပြန်ကျ သွားသည်။ အမှန်က ပေတွန်၏အသက်မဲ့ရုပ်ကလာပ်သည် ဇီးကွက်ချောင်း တံတားအောက်တွင် ကြိုး တန်းလန်းဖြင့်။ ဤစိတ္တဗေဒ၀တ္ထုကလေးဖတ်ရတော့ "မြစ်ကြီးနား" အိမ်ကလေးကို ကျွန်တော့်ဟဒယ နှလုံးအိမ်တွင် ဘယ်လောက် တရှိုက်မက်မက် ဖြစ်နေသည် ကို သတိပြုမိသည်။

၁၉၆၉ ခုနှစ်၊ ၁၀ တန်းအောင်ပြီး မန္တလေးရောက်၊ ပထမ စိတ္တရမဟီရပ်မှာ အိမ်ငှားနေ၊ နောက် နယူးစီ ဗွီလိုင်း မှာ ဆွေမျိုးများခြံမှာနေ၊ ၁၉၈၂ တွင် မဟာဇေယျဘုံရပ်တွင် မိဘနှစ်ပါးအိမ်ဆောက်စသည် စသည်ဖြင့် အိမ်များကို ကျွန်တော် ဖြတ်သန်းခဲ့ရသည်။ မဟာဇေယျာဘုံအိမ်ရောက်တော့ ကျွန်တော် အိမ်ထောင်ကျပြီး ပုလိမ်ကြီးမြို့နယ်၊ ချောင်းဝန်း ဆည်မြောင်း ၀န်ထမ်းအိမ်ယာမှာ နေရပြန်သည်။ မိဘ နှစ်ပါး မှာ မဟာဇေယျာဘုံအိမ်တွင် ကွယ်လွန်သွားကြသည်။ ထိုအိမ်ကို ရောင်းပြီး အမွေခွဲကြသည်။ ၂၈လမ်း မင်းသီဟလက်ဖက်ရည်ဆိုင်နားက ကပ်အိမ်ကလေးမှာ ကျွန်တော် ပထမဆုံး ပိုင်ဆိုင်သည့် အိမ်ဖြစ်သည်။

ထိုအိမ်ကိုရောင်းပြီး ကျွန်တော်ပိုင်ဆိုင်သမျှ အိမ်များတွင် အကောင်းဆုံးဖြစ်သည့် ၃၅ လမ်းမှ လေးထပ်တိုက်ကို ၀ယ်ခဲ့သည်။ ဤအိမ်ကိုလည်း တစ်နှစ်အကြာတွင် ပြန်ရောင်းခဲ့သည်။ အိမ် များဝယ်လိုက် ရောင်းလိုက်လုပ်ရင်း ၀ယ်ယူပြီး မနေဖြစ်သည့်အိမ်များ ၄ လုံးကျော်လာသည်။ မိတ်ဆွေ တစ်ယောက်က ဒီအိမ်တွေ ရောင်းပစ်ရတာ မနှမျောဘူးလားဟု မေးသည်။ ကျွန်တော့်စိတ်ထဲတွင် မွေး ရာဇာတိက အိမ်ကလေးနှင့် မြစ်ကြီးနား သီးသန့်ရဲစခန်းဘေးက ဆည်မြောင်းဝင်းအိမ်ကလေးကိုသာ "အိမ်"ဟု စွဲထင် သံယော ဇဉ် ဖြစ်နေသည်။ မနှမျောမိပါဟုပင် ဖြေရပါမည်။ မနှမျောသည့်အပြင် နေခဲ့မိ သည်ကိုပင် နောင်တရမဆုံးသည့် အိမ်များတွင်လည်း အိမ်ငှားအဖြစ်နေခဲ့ဖူးသေးသည်။ ထိုတိုက်ခန်း များမှာ အိမ်ရှင်မျက်နှာကို ကြည့်နေရပြီး အမြဲစိုးရိမ်နေရသည်။ အိမ်ရှင်ကလည်း ယုတ်မာကောက်ကျစ် ရာတွင် စံမတူ။ ဖြစ်ကတတ်ဆန်း ဆောက်ထားသည့် ကန်ထရိုက်တိုက်ခန်း ကျဉ်းကျဉ်းလေးများမှာ လေ၀င် လေထွက် ညံ့ဖျင်းလှပြီး မိုးရွာလျှင် ရေများဒလဟော စီးကျကာ နွေခါဆိုလျှင် နံပြားဖိုထဲနေရ သည့်နှင့် တူလှသည်။ ၀န်ထမ်းမိသားစုဘ၀တွင် မြို့စွန်ကွင်းပြင်ကျယ်ကျယ်၊ အဆောက် အဦးကျယ် ကျယ်များတွင် လေကောင်းလေသန့်ရှူကာ လွတ်လပ်ပေါ့ပါးစွာ ကြီးပြင်းလာခဲ့သော ကျွန်တော့်အဖို့ ဤုတိုက်ခန်းများတွင် နေခဲ့ရသည့်ရက်များမှာ ငရဲကျနေသည့်အလားပင် ဖြစ်ပါသည်။

အိမ်ငှားဘ၀၏ ခါးသီးသောနေ့ရက်များကို သုံးကြိမ်သုံးခါ ၁၄ နှစ်ကျော်ကျော် ကျင်လည်ကျော်ဖြတ်ခဲ့ရ ပြီးမှ ဘ၀တွင် အိမ်တစ်လုံးကို စတင်ပိုင်ဆိုင်လာခြင်းဖြစ်ပါသည်။ ဤသို့ ရွံ့ရှာစက်ဆုပ်ဘွယ်ကောင်း သော အိမ်ငှားဘ၀နည်းတူ၊ မပိုင်သော်လည်း ဆိုင်ခဲ့သည့် အိမ်ကလေးတစ်လုံးရှိခဲ့ပါသေးသည်။

ထိုအိမ်ကလေးမှာ ရမည်းသင်းမြို့နှင့် မလှမ်းမကမ်းမှာရှိ၏။ တမျှော်တခေါ် လယ်ကွင်းများ၊ စပျစ်ခြံများ၊ မြက်ရိုင်းခင်းများအကြားတွင် တည်ရှိပါသည်။ အိမ်ကလေးဆီသို့သွားလျှင် ခါးလည်ခန့် မြက်ရိုင်းခင်း များ အကြား ခြေသွားလမ်းကလေးမှ ငိုက်စောင်းယိုင်နွဲ့ကျနေသော မြက်ပင်များကို တိုးဝှေ့သွားရသဖြင့် ပရယီမြက်ခင်းထဲ ရောက်နေသလိုလိုခံစားရသည်။ အ၀ါမြက်ခင်း အစိမ်းလယ်ကွင်း၊ ဟိုးအဝေးတွင် ပြာလဲ့လဲ့ မိုးကုတ်စက်ဝိုင်း အမိုးခုံးဖြင့် ဗန်ဂိုး၏ပန်းချီကားတစ်ချပ်နှင့် တူလှသည်။ အိမ်ကလေး၏ သုံး ဖက် ပါတ်လည် မှာ စပျစ်ခြံများ တည်ရှိသဖြင့် အဝေးကလှမ်းကြည့်လျှင် အိမ်ကလေးကို မမြင်ရ။ အိမ်က လေးမှာ ခြေတံမတို မရှည် တထပ်ခေါင်စောက် ကပ်မိုးကပ်ကာ အိမ်ကလေးဖြစ်သည်။

ထရံကာ အိပ်ခန်းတစ်ခန်း၊ ဧည့်ခန်း ၈' × ၄' ကွက်လပ်ရှိပြီး မီးဖိုချောင်နှင့်ဆက်ထားသည်။ ရှေ့တွင် စင်တင် ထားသောစပျစ်စင်နှင့် နောက်တွင် ဗူးစင်ရှိသည်။ ကျွန်တော်က "အိပ်မက်ကမ်းခြေ"ဟု အမည်ပေးထား သည့် အိမ်ကလေးတွင် ကျွန်တော်နှင့် ချစ်သူတို့တပတ်ခန့် လောကကြီးမှ ပုံးခိုကွယ်ဝှက်နေခဲ့ကြသည်။ ပြူတင်းပေါက် မပါသည့် အိပ်ခန်းတွင် ကျွန်တော်တို့ မအိပ်ကြ။ အပြင်တံခါးမကြီးနှင့်ကပ်ရပ်၊ ပြူတင်း နှစ်ပေါက် ဆင့် ထားသည့်နေရာလေးမှာ တံခါးဖွင့်ပြီး အိပ်ကြသည်။

လရောင်ဖြာကျနေသော အိမ်ရှေ့ ဧည့်ခန်းတွင် တစ်ဦးကိုတစ်ဦး နွဲ့မှီချစ်မြတ် ထိုင်ကြ။ တစ်ခါတစ်ရံ ရထားသံလမ်းတလျှောက်၊ ချစ်သူ နှစ်ဦး တစ်ယောက်လက် တစ်ယောက်တွဲရင်း ဇလီဖားတုံးကို တစ်တုံးချင်း။ နင်းကျော်ဖြတ်သန်းကြ။ တစ်ခါတစ်ရံ ဟိုခပ်ဝေးဝေးလယ်ကွင်းများကြားမှ ပိုးနသန်ကောင် သဖွယ် တရွေ့ရွေ့လှုပ်ရှားကာ တ ဘော်ဘော်ဥသြသံပြုရင်း ဖြတ်သန်းခုတ်မောင်းသွားသည့် ရထားကြီးကို ကျွန်တော်တို့ နှစ်ဦး ငေးစိုက် ကြည့်ရင်း လက်ပြနှုတ်ဆက်ကြ။ ကျွန်တော်တို့နှစ်ဦး၏ ရယ်သံများသည် လရောင်စွန်းထင်းလျက် မြက် ရိုင်းပင်များမှတစ်ဆင့် လျောကျကာ လယ်ကွင်းထဲတွင် ကျ ကျန်ရစ် ခဲ့ ပေလိမ့်မည်။ ဤအိမ်ကလေးနှင့် ချစ်သူကို ဘ၀တွင် ပိုင်ဆိုင်ခွင့်မရခဲ့သော်လည်း ဇန်န၀ါရီ ၈ ရက်နေ့ရောက်တိုင်း အိမ်ကလေး၏သီချင်း သံသဲ့သဲ့ကို နှလုံးသားဝယ် စွဲထင် စူးနစ်အမှတ်တရဖြစ် ကျန်ရစ် စေခဲ့ပါသည်။

ချိုမြအိမ်၊ ခါးသည်းအိမ်၊ ကျိန်စာသင့်အိမ်၊ ဒဏ်ရာသင့်အိမ် အိမ်အမျိုးမျိုးကို ဘ၀အထွေထွေတွင် အနေအထားအမျိုးမျိုးဖြင့် ဖြတ်သန်းခဲ့ရပြီး "အိုမင်းရင့်ရော်"လာသည့်အခါ သတ္တ၀ါတို့၏ "အမြဲအိမ်"မှာ အပါယ်လေးဘုံသာဖြစ်ကြောင်း ထိတ်လန့်ချောက်ချားစွာ သိရှိလာရပါသည်။ 

ဘ၀တွင် ကုန်ထုတ်လုပ် မှုတိုက်ပွဲ၊ သိပ္ပံပညာစမ်းသပ်မှုတိုက်ပွဲနှင့် လူတန်းစားတိုက်ပွဲတို့ကို ကျော်ဖြတ် ရမည်ဟူသော အယူ   အဆ ကို လက်ခံခဲ့သော ကျွန်တော်သည် "သံသရာ လွတ်ကျွတ်ရေး တိုက်ပွဲ" သည် အမြင့်မားဆုံးဟု အသိအမှတ် ပြုလာမိသည် မှာ မကြာသေးပါ။ သံသရာ မဆုံး သရွေ့ ခန္ဓာအမျိုးမျိုး၊ အိမ်အမျိုးမျိုး၊ ဘ၀အမျိုးမျိုး၊ နာကျင်ခံစား၊ အချစ်အမုန်း၊ အပြုံးအငို တို့ဖြင့် ဖြတ်သန်း ရပေဦးမည်။ မိတ်ဆွေ ရေ ခင်ဗျား ကော အိမ် ရဲ့သီချင်းတွေ ကို တိတ်တဆိတ် နားစွင့်ခဲ့ဖူးပါသလား။

မင်းချမ်းငြိမ်း
ပိတောက်ပွင့်သစ်မဂ္ဂဇင်း ဧပြီလ ၂ဝ၁၁
 .

3 comments:

ညိမ်းနိုင် said...

ဒီဝတ္ထုလေးဖတ်ရတာ အမေ့အိမ်ကိုလွမ်းသွားတယ်ဗျာ...။
အဆုံးသတ်လေးကတော့ သတိသံဝေဂလေးနဲ့နော်....၊

Anonymous said...

Thanks Sis.

Ray

Sint Si said...

Thanks you for sharing. It's lovely!!