Saturday, January 1, 2011

ပဆစ်အိမ် အပိုင်း (၂၃)

အပျင်းပြေသဘောနှင့် ဟောလီးဝုဒ် ကစားကြသည်။
ဇင် နိုင်သည်။
သူက ဖဲချပ်များကို စိတ်ပျက်စွာ ဖြန့်ကြဲပစ်သည်။ ဖဲချပ်အချို့ကို မီးရှို့သည်။ ဖယောင်းတိုင် ၀ိုင်းဝိုင်းလည် နေသည့် အကြားမှာ ဖဲချပ်တွေပေါ်မှာ ချစ်ကြတော့ ဇင်သည် မိမိအဖြစ်ကို ရယ်ချင် သလို ရှိလာသည်။
"လိုင်ဇာမင်နယ်လီ" ပါသော "Cabaret" ရုပ်ရှင်ကားကို သတိရမိသည်။
ထိုရုပ်ရှင်ကားကို မကြာမီကမှ ဇင် ကြည့်ဖြစ်ထားသည်။

"ဇင်တို့အဖြစ်က ကဘရေး ရုပ်ရှင်ထဲကလိုနော်"
"အစစ်ပဲဇင်၊ ပျော်စရာ ကောင်းလိုက်တာကွာ၊ ဒီညကို ကိုယ့်တစ်သက် မေ့မှာ မဟုတ်တော့ဘူး"
သည်နောက် ဇင်တို့ သောင်ယံတို့ ဆင်းလာကြသည်။ ပင်လယ်ကို မျက်နှာပြုကာ ထိုင်ကြသည်။
လရောင်အောက်တွင် လှိုင်းခေါင်းဖြူတို့ လိမ့်လူးတက်လာကြသည်။ လေတိုးနေသည်။ ဇင်၏ ဆံပင်သည် လေတွင် လွင့်မျောနေသည်။
နဂါးငွေ့တန်းသည် နို့နှစ်များလို ကောင်းကင်ပြာထဲမှာ ဖွေးနေသည်။

ရေတွက်၍ မဆုံးနိုင်သော ကြယ်ပွင့်များသည် ကတ္တီပါ အပြာထဲမှ စိန်ပွင့်တွေကြဲထားသလို တဖျပ်ဖျပ် တောက်ပ လင်းလက်နေသည်။
"ဒါထက် မေးရဦးမယ်၊ ကိုယ် ဒီကိုလာတာ ကိုယ့်ဇနီးသိသလား ဟင်"
"မသိပါဘူး၊ ကိုယ်က တလောက ဆုံးသွားတဲ့ အဒေါ်ရဲ့ အမွေကိစ္စအတွက် မန္တလေး သွားမယ်လို့ ပြောထား ခဲ့တယ်"
"ယောက်ျားတွေဟာ အတော်ဥာဏ်များသားနော်"
သည်ကစပြီး ဇင်တို့ အနာဂတ်အတွက် စီမံကိန်းများကို စကား စဖြစ်ခဲ့ကြသည်။

"ကိုယ့်အဒေါ်က အပျိုကြီး၊ သွေးအရင်းဆုံး ဆိုလို့ ကိုယ်ပဲ ရှိတယ်။ အစကတော့ ကိုယ်တို့ မျိုးရိုး ထုံးစံအတိုင်း ခပ်မွဲမွဲ ပါပဲ။ နောက်တော့မှ ပွဲရုံအလုပ်နဲ့ ကြီးပွားလာတယ်။ ကိုယ့်အတွက် အမွေတွေ ချန်ထားနိုင်ခဲ့တယ်"
"အမတေ ရှိရာ စု ဆိုသလိုပေါ့နော်၊ ချမ်းသာတဲ့ သူတွေအတွက် ပိုပြီး ချမ်းသာဖို့ ကြံဖန်ဖြစ်လာတာ ပဲ။ သူဌေး ကို ထီရွေးပေါက်သလိုပဲ"
"ဒါကြောင့်လဲ မြိုင်နဲ့ ကွာရှင်းပြတ်စဲလိုက်ဖို့ ကိုယ် သတ္တိရှိလာတာပေါ့ ဇင်"
"ဒီကိစ္စကလဲ ပြီးပြီးပြတ်ပြတ် ဖြစ်ဖို့တော့ ကောင်းနေပြီ ထင်ပါတယ်"
"ဒီက အပြန်မှာ ကိုယ် ဖွင့်ပြောဖို့ စိတ်ကူးပြီးသားပါ"
"သူက သဘောမတူခဲ့ရင်ကော"

"သူ သဘောတူမှာ သေချာပါတယ် ဇင်၊ ဒါကြောင့်လဲ ကိုယ် အာမခံရဲ နေခဲ့တာပေါ့"
သူ့စီမံကိန်း ထဲတွင် ဇင့်ကို အဆောင်မှာ ဆက်မနေစေချင်တာတွေ ပါသည်။ ၀ါဏိဇ္ဇမှ ထွက်စေချင် သည်။ ဇင့်သမီး နှင့် သားကို ရန်ကုန်က ကျောင်းကောင်းကောင်းမှာ ထားပေးချင်တာပါသည်။ သူတို့ နောင်ရေး အတွက် ဘဏ် မှာ ငွေများများစားစား အပ်ပေးထားမည့် ကတိကိုလည်း ရသည်။
သူက အနာဂတ်ရေးအတွက် အလေးအနက် ထားသည်ကို တွေ့ရတော့ ဇင် ၀မ်းသာပါသည်။ ဇင်က စပေးရခြင်း မဟုတ်ဘဲ သူ့အလိုလို ပြောလာခြင်းမှာ ကျေနပ်စရာ ကောင်းပါသည်။
တကယ်ပဲ ဇင် သည် ဘာကိုမျှ မတောင်းဆိုခဲ့။ သူပြောသမျှကိုသာ အင်းလိုက်ခဲ့သည်။

တကယ်တော့လညး ဇင် သူ့ကို လိုက်လျောခဲ့သည်မှာ တောင်းဆိုဖို့ မဟုတ်။ လောဘကြောင့် မဟုတ်။ ချစ်ခြင်း သက်သက်အတွက်ဟုလည်း မပြောချင်ပါ။
ဇင့်အသက်အရွယ် အတွေ့အကြုံ အချစ်ဆိုသည်မှာ သီးခြားဆန်သော စိတ်ကူးယဉ်မှုသာ ဖြစ် သည်။ စိတ်ကူးယဉ် ချင်းယဉ်လျှင် တည်ငြိမ်သော ဘ၀တစ်ခုကို တည်ဆောက်ရန်အတွက်သာ ဖြစ်သင့်သည် ထင်ပါ၏။

ဒီရေ အမြင့်ဆုံး တက်လာပြီ လေအလွန် ထန်လာသော ကာလမှာ ဇင်တို့ သဲသောင်ပြင်ပေါ်မှာ ထလိုက်ကြ သည်။
ဇင် နှုတ်ဆက် နေမိပါသည်။
ငွေကြယ်ပြည့်ကာ လ၀န်း ထွန်းလင်းနေသည့် ငပလီ၏ နက်ပြောင်ရောင် မိုးကောင်းကင် …
လိမ့်လူး ပြေးတက်လာတတ်သည့် လှိုင်း …
ဝါဖန့်သော ကမ်းခြေသောင်ပြင်နှင့် စိမ်းညိုသော အုန်းပင်တန်းများ …

ငပလီမှ ပြန်လာပြီ ဆိုသောအခါ ဇင့်မှာ အိပ်မက်မှ လန့်နိုးလာသူလို ဖြစ်သည်။
အပျော်ခရီး တစ်ခုမှ ပြန်လာပြီးနောက် ပျော်ခဲ့သမျှကို ပြန်လည် တွေးကာ နေရသည့်ပမာ ဖြစ်သည်။
မောင်ပို နှင့် ရွှေကျားပုံပြင်လိုပါပဲကလား။
ကြားဖူးမည်တော့ ထင်သည်။ သို့သော် ထပ်ပြောပါရစေဦး။

မောင်ပိုအမည်ရှိ ကလေးငယ်တစ်ယောက်သည် လှောင်ချိုင့်အတွင်းမှာ မိပြီး အစာငတ် ရေငတ် ဖြစ်နေသည့် ကျားကို သနားသောကြောင့် လှောင်အိမ်မှ လွှတ်ပေးလိုက်သည်။
ကျားက အစာဆာလွန်းနေသည်ဖြစ်၍ မောင်ပိုကို စားမည်ဟု ကြိမ်းဝါးသည်။ မောင်ပိုက ကျေးဇူး တရားကို ထောက်ထား၍ မစားရန် တောင်းပန်သည်။
ကျေးဇူးတရားကို ထောက်ထားသင့် မထောက်ထားသင့် ဆုံးဖြတ်ပေးမည့် တရားသူကြီးကို ရှာကြ သည်။

ပထမ ညောင်ပင်ကို မေးသည်။  ညောင်ပင်က လူတို့ ကျေးဇူးတရား မရှိပုံကို သူ့အရိပ်ခိုကာ သူ့ အခက် များကို ချိုးကြသည့် သာဓက ပြောသည်။ ကျားသည် မောင်ပိုကို စားသင့်သည်ဟု ဆုံးဖြတ် သည်။
တစ်ဖန် ကျွဲခေါင်ရိုးကို မေးသည်။ ကျွဲခေါင်းရိုးကြီးက လူတို့သည် သူမကို တစ်သက်တလုံး လယ်ယာ လုပ်ငန်း ၌ ခိုင်းခဲ့သည်။ အိုမင်းမစွမ်း ရှိလာသောအခါ ကျေးဇူးတရားကို မထောက်ထားဘဲ သတ်စား လိုက်ကြသည့်အကြောင်းကို ဥပမာပေးသည်။  ကျားသည် မောင်ပိုကို စားသင့်သည်ဟု ဆုံးဖြတ်သည်။

အဆုံးတွင် ယုန်ပညာရှိထံ ရောက်လေသည်။ ယုန်ပညာရှိက အခင်းဖြစ်သည့် အချိန်က ဘယ်သူ ဘယ်နေရာ မှာ ရှိသည်ကို ကျကျနန သိချင်သည်ဟု ဆိုသည်။
သို့ဖြင့် လှောင်အိမ်ရှိရာသို့ လာကြသည်။ ကျားက သူ လှောင်အိမ်ထဲမှာ သည်လိုရှိသည်ဟု သရုပ် သဏ္ဍာန် ပြသည်။ ယုန်ပညာရှိ က မောင်ပိုအား လှောင်ချိုင့်ကို ပိတ်လိုက်စေလေသည်။
ပုံပြင် က သည်သို့ အဆုံးသတ်သည်။

"ကျားသည် လှောင်အိမ်အတွင်း ရောက်ရှိသွား၍ မောင်ပိုင်သည် ရွာသို့ ပြန်ကာ၊ ယုန်ပညာရှိသည် တောသို့ ၀င်လေသတည်း" ဟူ၍ ဖြစ်သည်။
ယခုလည်း သည်သို့ပင် ဖြစ်သည်။
ရန်ကုန်သို့ ပြန်ရောက်သောအခါ ဇင်သည် အဆောင်သို့ ပြန်ကာ၊ ဦးတင်မောင်သန့်သည် အိမ်သို့ ပြန်လေ သတည်း။
ထိုအခါကျမှ ဇင့်မှာ တုန်လှုပ်ချောက်ချားရမှုတွေ ရှိလာတော့သည်။ စိုးရိမ်ပူပန်မှုတွေ ဖြစ်ပေါ်လာရ တော့ သည်။
ယခုတော့လည်း သူနှင့် ဇင့်အကြောင်းမှာ ကြေညာမောင်းမခတ်ရဘဲ ရပ်သိရွာသိ ဖြစ်ခဲ့ရပေပြီ။

မေမေလည်း သိခဲ့ပြီ။
အလုပ်ထဲ က လုပ်ဖော်ကိုင်ဘက်တွေကလည်း သိခဲ့ပြီ။
အဆောင်နေတို့ အဖို့ကတော့ ပြောစရာ မလိုတော့ပါဘူး။ မကြည့်ချင် မြင်နေလျက် ဆိုသလို ဖြစ် သည်။
သူ့ ထံမှ တယ်လီဖုန်းလာတာတွေ၊ သူ့ကား အဆောင်ရှေ့မှာ ရပ်လာတာတွေ၊ သူနှင့် တွဲထွက်သွား တာတွေ မမြင်ချင် အဆုံး။ မတွေ့ချင်အဆုံး။
မေမေက ကိစ္စ မရှိဘူး ထား။

အဆောင်မှာတော့ သတင်း ကျော်စောသည်နှင့် အမျှ အတင်းအဖျင်းတွေလည်း ပါလာသည်။
အချို့ကတော့ မဲ့ရွဲ့ကဲ့ရဲ့ကြသည်ပေါ့။ မနာလို ၀န်တိုသည်ပေါ့။
အတည် ယူမှာ မဟုတ်ပါဘူး၊ အငြီးပြေသာ သဘောထားမှာပါ၊ ယူသည့်တိုင် အဆွယ်အမြှောင်သာ ဖြစ်မှာပါ ဆိုသော စကားကို နော်ရာ က ကြားလာသည်။
ဇင့်ဘက်က မခံချိ။
နော်ရာ သည် ဇင့်ကို ခင်မင်ကာ ဇင့်အကျိုးကို လိုလားသူ ဖြစ်သည်။

"ရှင်းရှင်းလင်းလင်းဖြစ်ဖို့ ကောင်းပြီ ဇင်" သတိ ပေးခဲ့သေးသည်။
အဆောင်ပိုင်ရှင် ကပင် ဇင့်ကို ခေါ်၍ သတိပေးလာသည်။
"မသက်ဇင့် သတင်းတွေ ကြားရတာ ခုတလော မကောင်းပါလား။ အမှန်တော့ မသက်ဇင်ဟာ တို့များ အဆောင် မှာ သမဏိအရှည်ဆုံးနေလာတဲ့သူ၊ အကျင့်စာရိတ္တနဲ့ ပတ်သက်လို့ စံထားရတဲ့သူ။ ဒီတော့ ကြားရတဲ့ သတင်းစကာတွေ မဟုတ်ပါစေနဲ့လို့ ဆုတောင်းပါတယ်ကွယ်"
ဇင်ကိုယ်တိုင် လည်း သိပါသည်။

သည်ပြဿနာကို အမြန်ဆုံး ရှင်းလင်းနိုင်မှ ဖြစ်မည်ဆိုခြင်းကို သိသည်။
သူနှင့် တွေ့တော့လည်း ဇင့်မှာ နားပူနားဆာ လုပ်ရာကျနေသည်။
အဆောင် မှာ မနေပျော်သည့်အကြောင်းကို ပြောပြရသည်။
"ကိုယ်ကလဲ ဇင့်ကို အဆောင်မှာ မနေစေချင်တာ ကြာပါပြီ။ တိုက်ခန်း သန့်သန့်တစ်ခု ရှာပေးဖို့ အိမ်ပွဲစား တွေကို ပြောထားတယ်။ ဒါမှမဟုတ်လဲ ပါရမီလို သမိုင်းလို နေရာမှာ ခြံဝန်းကျယ်ကျယ်နဲ့ အိမ်တစ်လုံး ၀ယ်လိုက် တာပေါ့"

"အိမ်ခန်းတွေ၊ ခြံဝင်း တွေ အကြောင်း မဟုတ်ပါဘူး၊ အရေးကြီးတာက ကိုယ့်ဘက် ပြတ်ပြတ်စဲစဲ ဖြစ်ဖို့ပဲ၊ ဇင် တို့ လူသိရှင်ကြား လက်ထပ်ကြဖို့ပဲ။ ဒါဆိုရင် ဘယ်မှာ နေရ နေရ အကြောင် မဟုတ်ပါဘူး။ ဇင်တို့အကြောင်း ဒေါ်ခင်မေမြိုင် ကို ဖွင့်ပြောလိုက်ပြီလား"
"မပြောရသေးဘူး၊ ပြောမှာပါ။ ခဏကလေး စောင့်ပါဇင်။ ခဏကလေးပါ။ မကြာခင် အားလုံး ရှင်းသွားမှာပါ။ ဒီအခါ မှာ ကိုယ်တို့ ခမ်းခမ်းနားနား လက်ထပ် ကြတာပေါ့"
"ခန်းနားဖို့ ကလဲ တကယ်တော့ မလိုပါဘူး၊ ဇင်တို့ဟာ ပထမ မှ မဟုတ်ပဲ"
သည်စကားကို သူ သဘောကျဟန် မပြ။

"ပထမ မဟုတ်ဘူးလို့ မပြောစမ်းပါနဲ့"
"နို့ဟုတ်ကော ဟုတ်လို့လား"
"တော်စမ်းပါ ဇင်၊ ဘာပဲဖြစ်ဖြစ် အနည်းဆုံး ကရ၀ိတ်လောကနတ်ဆောင်မှာ လူတစ်ရာလောက် တော့ ဖိတ်ကျွေး ရမှာပဲ၊ အသိအမှတ်တစ်ခုခုတော့ လုပ်ရမှာပဲ။ ကိုယ့်အပေါင်းအသင်း ဇင့် အပေါင်း အသင်း တွေက ရှိသေးတယ် မဟုတ်လား"
"ထားပါတော့လေ၊ စင်စစ် ဒါတွေက ဇင့်အနေနဲ့ အငြင်းပွားစရာ အကြောင်း မဟုတ်ပါဘူး"
ဇင့်မှာ တာဝန်တွေ ပိုလာသည်။

မနက်ပိုင်း သတင်းစာတွေ ရောက်လာပြီး ဆိုလျှင် ကြော်ငြာကော်လံ ကို အလျင် ကြည့်ရသည်။ "ကွာရှင်းပြတ်စဲကြောင်း" ကြော်ငြာတွေမှာ နာမည်တွေ ရှာရသည်။
စင်စစ်မုန်းတီးဖွယ်ရာ ကောင်းသည်အမှန်။ ကွာရှင်းပြတ်စဲကြောင်း ကြော်ငြာတွေ မကြာခဏ တွေ့ရသည်။
သြော်  … လောက်မှာ အိမ်ထောင်ရေး အဆင်မပြေသူတွေ အများသား ပါကလား။
သို့ဖြင့် ဇွန်လ သည် ကုန်ဆုံးသွားသည်။

ဇူလိုင်လလယ်သို့ပင် ရောက်ခဲ့ပြီ။
ဇင်တို့အဖြစ်က ထူးမခြားနား။
မြို့သို့ပြန်တော့ မေမေသည် သည်သတင်းကိုပင် ဆီး၍ ပြောသည်။
"သမီးတို့ ကိစ္စက ဘယ်လိုလဲ၊ ပြီးသွားပြီလား"
"ပြီးသွားပြီလား" ဆိုသည်မှာ တစ်ယောက်နှင့်တစ်ယောက် ကွဲကွာသွားပြီလား၊ ပြတ်တောက်သွား ပြီလားဟု ဆိုလိုကြောင်း ဇင် ရိပ်စားမိပါသည်။
ဇင် အဖြေရ ခက်ခဲ့သည်။ မထူးတော့ပြီမို့  မေမေ့ကို ဇင် နောက်မဆုတ်နိုင်တော့ကြောင်း ဖွင့်ပြော လိုက်ရ တော့သည်။

"သမီး စိတ်ပိုင်းဖြတ်ပြီးဆိုရင်တော့ မေမေ ဘာမှ မပြောလိုတော့ပါဘူး။ သူ့ကိုတော့ မေမေတို့ဆီ ခေါ်လာ ခဲ့ပါဦး၊ ဘယ်တော့ ခေါ်လာမလဲ"
"အမြန်ဆုံး ခေါ်လာပါမယ် မေမေ"
သမီး ဥမ္မာ ကပင် သည်အကြောင်းတွေ သိနေသည်။
"မေမေ လက်ထပ်တော့မလို့ဆို"
"ဟင် … သမီးကို ဘယ်သူ ပြောသလဲ"
"မေမေနဲ့ ဖွားဖွားနဲ့ ပြောတဲ့စကားတွေ သမီးနားထောင်ရင်း ကြားခဲ့တာပါ"
"ဒါ လူကြီးတွေအလုပ်၊ သမီး ၀င်မပါနဲ့"
မအော်ငေါက်စဖူး အော်ငေါက်ခဲ့မိသေးသည်။

မထူးခြားသော အခြေအနေများကြောင့် အဆာင်နေတို့က သူတို့တွက်ကိန်း မှန်ပြီ ထင်ကြသည်။ ၀မ်းနည်းသူ ရှိသလို ၀န်တိုမစ္ဆရိယစိတ်ဖြင့် ၀မ်းသာကြသူတွေကလည်း ရှိနေသည်။
ဇင်ကိုယ်တိုင် သံသယ ၀င်စပြုရပြီ။
စိတ် အလှုပ်ရှားဆုံးကာလသို့ ရောက်ခဲ့ရပြီ။
အဖြစ် က သည်လိုနှင့် ပြီးသွားရမှာလား။ သည်လိုနှင့် နိဂုံးချုပ်ရတော့မှာလား။
ဇင် တစ်ခုခုတော့ လုပ်ရပေလိမ့်မည်။
ဇင်သည် အိမ်ထောင်ရေးမှာ တစ်ကြိမ်တစ်ခါ ရှုံးခဲ့ရဖူးပြီ။ အိမ်ထောင်ရေး ဘ၀ တစ်ခါ ပျက်ခဲ့ရဖူးပြီ။

သည်တစ်ကြိမ်မှာ အဆုံးရှုံး ခံရဦးမည် ဆိုလျှင်တော့ ဇင် လူလာဖြစ်ရသည့်ဘ၀မှာ ဘာအဓိပ္ပာယ် မျှ ရှိတော့ မည် မဟုတ်။
သို့ပေမယ့် ဇင်သည် သူ့ကို  အခါခါ တိုက်တွန်းပြီးဖြစ်နေ၍ ထပ်မံ မတိုက်တွန်းဖြစ်ရန် ကြိုးစားသည်။ နှုတ်ဖျား မှာ ယားနေသော်လည်း နှုတ်ထမ်းကို ကိုက်ကာ စကားသံ ထွက်မလာစေရန် အားထုတ် သည်။
စနေ တစ်နေ့ တွင် ဆုံကြတော့ သူက စပြီး တနင်္ဂနွေနေ့မှာ ဖွင့်ပြောလိုက်တော့မည် ဆိုသည်။ အကျိုး အကြောင်း ကို ထိုနေ့မှာပင် ဖုန်းဆက်ပြီး ဇင့်ထံ အကြောင်းကြားမည် ဆိုသည်။
ဇင် တယ်လီဖုန်းဘေးတွင် တစ်နေ့လုံး ထိုင်နေသည်။

သို့သော် … သူ့ထံမှ တယ်လီဖုန်း မလာ။
နာရီပေါင်းများစွာ ကြာသွားသည်။
ဇင် စိတ်ပျက်လက်ပျက် ဖြစ်ရသည်။
တယ်လီဖုန်း ဘေးမှာ ခွာခဲ့သည်။
ညရှစ်နာရီကျတော့ တယ်လီဖုန်းလာသည်။

ဇင့်အတွက် ဖြစ်သည်။
သူ့ထံမှပင် ဖြစ်သည်။
သူ့ထံမှပင် ဖြစ်သည်။
"ကိုယ်ပါ" ဇင် ဆိုသောအခါ သူ့အသံမှာ လေးလံနေသည်။ "သူငယ်ချင်းတွေ ရောက်လာတာနဲ့ ကိုယ် ဆိုင်မှာ လိုက်ပြီး ပြုစုနေရတယ်"

ဆက်ရန်
.

3 comments:

susu said...

"ပိုးဖလံမျိုးမီးကိုတိုး..ကိုယ်ကျိုးနည်းလြှပီ" တဲ့..။
စကားပုံက‌သွေးထွက်‌အောင်မှန်‌နေပြီထင်ပါရဲ့...။အ‌ဆောင်‌နေတုန်းကတကှသိုလ်ဆရာမတ‌ယောက်လဲဒီ
အတိုင်းဘဲတရားဝင်လက်ထပ်ယူမဲ့‌နေ့ကို‌စောင့်‌နေတာ
..‌နောက်ဆုံး‌တော့အရှုံး‌ပေးပြီးနယ်ကို‌ပြောင်းသွားရတယ်..သူတို့အထင်ကြီးတဲ့ကယ်တင်ရှင်ကြီး‌တွေကကိုယ်တိုင်‌တောင်ရုန်းမထွက်နိုင်လို့ကူကယ်‌ပေးနိုင်မဲ့လူရှာ‌နေတာသ‌ဘောမ‌ပေါက်ကြရှာဘူး..သူများအိမ်‌ထောင်‌ရေးကိုဖြိုခွဲရန်ကြံစည်‌နေတဲ့မိန်းက‌လေးများသင်ခန်းစာ
ယူသင့်ပါတယ်..။

ကိုဇော် said...

ဟူးးးးးးးးးးးးးးးးးးးးး
သက်ပြင်းကြီးပဲ ချသွားတယ် အစ်မရာ။

ဖိုးတာတီး said...

နောက်အပိုင်းဖတ်ပြီးမှပဲ မန့်လိုက်တော့မယ်ဗျာ..