' ကျီးဒန်၊ အဲဒါကြီးက ဘာလုပ်ဖို့တုံး '
' အချိန်တန်ရင် သိမှာပေါ့ '
မည်သည့် အကြောင်းကြောင့် အိပ်ရေး၀၀ မအိပ်ရသော၊ ထမင်းဖြောင့်အောင်မစားရသော အိုးသမ (အိုးထိန်းသည်) လုပ်ရသနည်း။ မဇာညွန့်၊ မအေးညွန့်တို့မေးသည်ကို ကျီးဒန် ရေရေရာရာ မဖြေပါ။ ယခု လည်း အိုးဖို တည်ပြီးသည်အထိ အသုံးကို မောင်ဆေးရိုး မသိသေး။
ကျင်းထဲတွင် အိုးထိန်းစက် တည်ပြီးပြီ။ စိတ်တိုင်းကျသော မြေကို မရသေးသဖြင့် မလှုပ်ရှားနိုင်သေး။ ဤသို့ဖြင့် မြေတွေ တူးလာလိုက်၊ ထုရိုက်ဆန်ခါချ နေလှန်း၊ ရွှံ့ဖြစ်အောင် လုပ် ကြည့်လိုက်၊ အသစ် တူးဆွ လိုက်ဖြင့် လေးနေရာပြောင်းပြီးမှ အကောင်အထည်ပေါ်တော့သည်။ မြေ ကို ဆန်ခါချ၊ ရေစိမ်၊ ရွှံ့နင်း။ မည်သည့်ထူးခြားမှုမျှ ဖြစ်ပေါ်မလာပါ။ ထိုရွှံ့များကို ' အိုးထိန်းစက်' တင်သောနေ့တွင် ဦးကြွက်နီ ဒေါ်ရွှေအိမိ တို့၏ အိမ်ဝင်းထဲရှိ မောင်ဆေးရိုးတို့ အဖီရှေ့တွင် လူတွေ အုံခဲနေ၏။ လည်ပတ်နေသော ပျဉ်ပြား ပေါ်သို့ တင်ပေးလိုက်သော ရွှံ့ခဲကြီးက အိုးခွက်ဖြစ်လာခြင်း မှာ အံ့သြစရာကြီး ဖြစ်နေတော့၏။
မောင်ဆေးရိုးမှာ လယ်ပြင်မှ ပြန်လာလျှင် မိကျီးဒန်အား ကူညီလို့ငြား မကူညီတတ်ပါ။ မအေးညွန့်တို့ ညီအစ်မခိုင်းသမျှကိုသာ လုပ်ကိုင်ပေးခြင်းဖြင့် ကူညီရာရောက်သည်ဟု သဘောမွေး ရတော့သည်။
ပျဉ်ပြားခံထားသော အိုးတွေကို နေထုတ်လှန်းရသည်။ အလွန်အမင်း မမာမီ ပြန်သွင်းရသည်။ အချိန်မီ ပုတ်ရသည်။ အိုးထန်းသည်တို့ စားကောင်းခြင်းမစားရ၊ အိပ်ကောင်းခြင်း မအိပ်ရချိန်မှာ သည် အချိန် ဖြစ်သည်။ အမာလွန်မသွားစေရန် ရှိသမျှအ၀တ်ဖြင့် အုပ်ထားရသည်မှာလည်း သည် အချိန်ဖြစ်သည်။
သည်အချိန်တွင် အိုးကို ပုံဖော်ရရာ၊ သည်အချိန်သည် အိုးပုတ်သံ အကျယ်ဆုံး ဖြစ်၏။ အိုးပုတ်သူမှာ လက်ခတ်အထူကြီးဖြင့် လက်မောင်းအောင့်အောင် တအားပုတ်ရငြား၊ ဘေး လူအတွက်မူ သာယာနာပျော်ဖွယ်ဖြစ်သည်။ ရမ်းဘိုကုန်းသားတို့သည် အိုးထိန်းစက်မှ ဆင်းလာ သော အိုးကို တအံ့တသြဖြစ်ရသည့်နည်းတူ၊ တိုးလျှိုပေါက် ဖြစ်နေသော ထိုအိုးကို လက်ခတ်ဖြင့် ပုတ်ချိန်တွင်လည်း တအံ့တသြလာရောက်ကြည့်ကြရပြန်လေသည်။ မောင်ဆေးရိုးလင်မယားသည် မအေးညွန့်၊ မဇာညွန့်တို့ ညွှန်ကြား သမျှ ဆောင်ရွက်ရသည်။ အိုးတစ်ဖိုစာအတွက် ထင်းအဆင်သင့် ဖြစ်ပြီ။
အိုးများလည်း တစ်ဖိုစာ ရတော့မည်။ ထိုအချိန်တွင် ဦးကြွက်နီ၊ ဒေါ်ရွှေအိမ်တို့၏ အိမ်ပေါ် သို့ဆယ်အိမ်ခေါင်း ကိုစံမြင့် ရောက်လာသည်။ ရွာခေါင်း၊ ဆယ်အိမ်ခေါင်းများသည် သည်ရွာသားတွေ ဖြစ်ကြသည်။ သို့တစေ၊ ရွာသူရွာသားများသည် ရွာခေါင်းသားတွေဖြစ်ကြသည်။ သို့တစေ၊ ရွာသူ ရွာသားများသည် ရွာခေါင်း ဆယ်အိမ်ခေါင်းကို ဖက်လှဲတကင်းမရှိကြချေ။ အကြောင်းကိစ္စရှိမှသာလျှင် ပြောဆိုဆက်ဆံကြသည်။ ယခု မခေါ်မပင့်ဘဲ ရောက်လာသော ကိုစံမြင့်ကို ဒေါ်ရွှေအိမ်က မလိုလားသော အကြည့်ဖြင့် ကြည့်သည်။
ဦးကြွက်နီကား 'လာဟေ့၊ ရေနွေးရှိသေးသကွ' ဟု ရေနွေးကရားကို ရှေ့တိုးပေးရာက မေး၏။
' အကြောင်းထူးရှိသလား စံမြင့် '
' ရွာခေါင်း ဦးဘရီက အပြောခိုင်းလို့ဗျ'
ဒေါ်ရွှေအိမ်သည် အိမ်ပေါ်သို့ ဆယ်အိမ်ခေါင်း ရောက်လာခြင်းကို မလိုလားသော်ငြား၊ အကြောင်းရင်း ကိုကား သိလိုသည်။ သိလိုသောကြောင့် တစေ့တစောင်း နားစွင့်နေဆဲ၌။'ရွာခေါင်းက'ဟု ကြားရသဖြင့် ထူးဆန်း နေသည်။
' ဘရီ၊ ရွာခေါင်း၊ အင်း ဆိုပါဦး '
' မဟာပထ၀ီမြေကြီးကို အိုးထိန်းစက်ပေါ်တင်ပြီး လှည့်တာဟာ မကောင်းဘူးတဲ့။ မြေကြီးကို လက်ခတ်ကြီးနဲ့ တဘန်းဘန်း မြည်အောင် ရိုက်တာဟာလည်း မကောင်းဘူးတဲ့ '
ဦးကြွက်နီမှာ ' ဟာ ' တစ်ချက်သာအော်ပြီး ပါးစပ်ဟနေ၏။
' နှစ်သိန်းလေးသောင်း အထုရှိတဲ့ မဟာပထ၀ီမြေကြီးဆိုပဲဗျ။ အဲဒါကြီးကို အိုးထိန်းစက်ပေါ်တင်ပြီး လှည့်တဲ့ အခါ မဟာပထ၀ီ မြေကြီးဟာ သွက်သွက်ခါသွားတဲ့အတွက် ငရဲကြီးတယ်တဲ့ '
' မဆိုင်တာ တွေ လာပြောနေ '
ဒေါ်ရွှေအိမ် မတိုးမကျယ် ရေရွက်မိသည်။
' ရွာခေါင်း ဦးဘရီက ပြောတာနော် '
' ဟုတ်ပါပြီ၊ ပြောပါ '
' ဇာတ်တော်တွေမှာတဲ့၊ မြေငလျင်လှုပ်တကို ' မဟာပထ၀ီမြေကြီသည် အိုးထိန်းစက်ကဲ့သို့ သွက်သွက်ခါအောင် လှုပ်ရှားလေ၏' လို့ ပါတယ်တဲ့။ ဒါကြောင့် မြေကြီးတွေကို ခင်ဗျာ့သမီးက အိုးထိန်းစက် ပေါ် တင် တင်ပြီး လှည့်လှည့်နေတာ နိမိတ်မကောင်းဘူးတဲ့ဗျား'
ဦးကြွက်နီသည် ဆယ်အိမ်ခေါင်းကို စိုက်ကြည့်နေ၏။ ဆယ်အိမ်ခေါင်း ကိုစံမြင့်မှာ ဦးကြွက်နီ၏ အကြည့် ကို ရှောင်လွှဲလျက် ရှင်းပြနေရ၏။
' အဲသည်တော့ ဘာဖြစ်သလဲ '
' ဘာဖြစ်တယ် ညာဖြစ်တယ်တော့ မပြောလိုက်ဘူးဗျ။ သို့သော်လည်း မလုပ်စေချင်တဲ့သဘော ထင်တာပဲ '
' အေးအေး' ဆိုရင်း ဦးကြွက်နီသည် ဒေါ်ရွှေအိမ်ကို မျက်လုံးဖြင့် ရှာဖွေသည်။ မီးဖိုဘေးထရံကို မကွယ့် တကွယ် ရပ်နေသော ဒေါ်ရွှေအိမ်။
' လာဦးဟေ့ သည်မှာ စံမြင့်ပြောတာ ညည်းလည်း မကြားပဲ။ အဲသည်စကားကို ညည်းသမီးနဲ့ သမက်ကို တစ်ခါတည်း ပြောပေတော့ '
' ပြောပေတော့ မလုပ်ပါနဲ့ဗျ။ တစ်ခါတည်း ပိတ်ပင်လိုက်ပါ '
ကိုစံမြင့်ကို ဦးကြွက်နီ မျက်နှာတင်းရပြီ။
' ငါ့သမက်နဲ့ ငါ့သမီးက မြေကြီးတွေကို ထုရိုက်ရေစိမ်ပြီး ခြေနဲ့နင်းတယ်။ ပျဉ်ပြားပေါ်တင်ပြီး လှည့်တယ်။ ဘယ်ဥပဒေ နဲ့ ငြိလို့ ပိတ်ပင်ရမှာလဲ။ ဘယ်သူ့ကို ထိခိုက်လို့ ပိတ်ပင်ရမှာလဲ '
ဆက်ရန်
.

3 comments:
ဒုက္ခပဲ ဒီရွာခေါင်းကလဲ အယူသီးပါဘိ။
ဒီလိုသာဖြင့် မြေအိုးတွေ မြေခွက်တွေလုပ်သူတွေ ရှိတော့မှာမဟုတ်ဘူး။
မြေကြီးပေါ် တံတွေးထွေးတာတို့ အညစ်အကြေးစွန့်တာတို့ရော ငရဲကြီးအုံးမလားလို့ အဲဒီရွာခေါင်းကို မေးချင်လိုက်တာ။ :)
ရှာကြံပြီး အကြောင်းပြချက်ရှာတတ်တယ်... တကယ်ပဲ
မဟာပထ၀ီမြေကြီးကို အိုးထိန်းစက်ပေါ်တင်ပြီး လှည့်တာဟာ မကောင်းဘူးတဲ့။ မြေကြီးကို လက်ခတ်ကြီးနဲ့ တဘန်းဘန်း မြည်အောင် ရိုက်တာဟာလည်း မကောင်းဘူးတဲ့ '
Too bad.
Ray
Post a Comment