မယ်မျှင်ဖြစ်သည်။ မောင်ဆေးရိုးရိတ်ထားသော မြက်တွေသယ်ယူရန်နှင့် ထမင်းပို့ရန် လာခြင်းဖြစ်သည်။
‘‘ဘာမှ မှာစရာမရှိဘူး၊ ဣနြေ္ဒရရပြန်၊ ကောင်းကောင်းပြန်‘‘
အမှာခံရသူ၏ စိတ်ထဲတွင် မည်သို့ဖြစ်သွားမည်နည်း။ မောင်ဆေးရိုး မစဉ်းစားပါ။ သူ့နှမကို သူ့ယောက်ဖ နှစ်ယောက် က ရစ်နေတာကြောင့် သတိပေးခြင်းသာဖြစ်သည်။
မောင်ဆေးရိုး သည် သူ့နှမကို မျက်စိတစ်ဆုံး လိုက်ကြည့်မိသည်။ မြောင်းပေါက်ကွယ်သွားမှသာ ‘‘ဆင်းရဲသား သားအမီိးပဲ။ အိမ်တွင်းပုန်း မလုပ်ခိုင်းထားနိုင်ဘူး‘‘ ဟု တီးတိုးရေရွတ်မိသသည်။ ရေရွတ်ရင်း ရေသွင်းလယ်ကို လှမ်းကြည့်သည်။ မူလနေရာ၌ ပြန်ပြီးထိုင်သည်။
သူ့မောင်ကြီး ပြောလိုက်သောစကားတွင် မည်သည့်ရည်ရွယ်ချက်တွေ ပါဝင်ကြောင်း မယ်မျှင် နားလည် သည်။ ဘမင်း ဘ၀င်းညီအစ်ကိုသည် သူ့နောက်သို့ အသည်းအသန် လိုက်နေသည်။ အချိန်မရွေး စည်းလွန် ၀ါးလွတ် ဖြစ်သွားနိုင်သည့် အန္တရာယ်ရှိသည်။
နောက်ကျလယ်အချို့သာ ထွန်ဆဲယက်ဆဲ၊ နုတ်ဆဲစိုက်ဆဲ ဖြစ်ငြား မြလယ်တောကြီးမှာ ချိုးကူသံ အောက်တွင် ငြိမ်သက်နေသည်။ လယ်ပွဲအများစု ထွန်းတုံးပိတ်သွားပြီမို့ မြောင်းထဲတွင် ရေ ပြည့်နေ၏။ ရေစပ်စပ်မျှသာ ရှိမြဲဖြစ်သော ထန်းသားရေကျော်တွင် ယခု ရေတွင် ပေါင်းလန်နေ၏။ မယ်မျှင်သည် ထမင်းထုပ်ကိုဆွဲ၊ မြက်တုံးကို ရွက်လျက်ထန်းသားခြမ်းထဲ ဆင်းပြီး ညင်သာစွာ လျှောက်သည်။ တန်းသားခြမ်း၏ နှုတ်ခမ်း နှစ်ဖက်ကို နင်းလျှင် မြက်ထုံး လိမ့်ကျနိုင်သည်။
‘‘မယ်မျှင် နေပါဦးဟ‘‘
ထန်းသားကျော်တွင် ဥနွဲပင်ရိပ်မှ ထွက်လာသော ဘ၀င်းဖြစ်သည်။
မယ်မျှင်ရင်ထဲ ထိတ်ခနဲဖြစ်သွားငြား မျက်နှာပိုးသတ်ထား၏။
‘‘ဘာကိစ္စနေရမှာလဲဟ၊ နေမြင့်ရတဲ့အထဲမှာ‘‘
ဘ၀င်းသည် လမ်းကို မပိတ်ဆို့ပါ။ မယ်မျှင်သွားလိုပါက သွား၍ရသည်။ သို့သော် ဆွေမတော် မျိုးမစပ် သော ယောက်ျားတစ်ယောက်၏ ဘေးမှ ပွတ်သပ်ပြီး မသွားနိုင်ပါ။ ထို့ကြောင့် တုံ့ရပ်တုံ့ပြန်ရခြင်း ဖြစ်ပါသည်။
‘‘တမြန်နေ့က ငါစာပေးထားတာလေ‘‘
‘‘အလှူဖိတ်စာမှတ်လို့ အမေ့ပေးလိုက်ပြီ‘‘
ဘ၀င်းမှာ များစွာစိတ်ညစ်သည်။
‘‘သေလိုက်ပါတော့ မယ်မျှင်ရာ၊ ရည်စားစာဟ‘‘
ရှုံ့မဲ့ပြီး ညည်းထွားရာက ဘ၀င်းသည် ရှေ့သို့တိုးလာ၏။
‘‘ရည်စားစာဟ မယ်မျှင်ရ၊ နင့်ကို ငါဘယ်လောက်ချစ်တဲ့အကြောင်း ဘယ်လောက်ကြိုက်တဲ့ အကြောင်းတွေ ရေးထားတာဟ။ ငါ့ကို ပြန်ပြီးချစ်ပါလို့ တောင်းပန်ထားတယ်။ အဲဒါဘယ်လိုတုံး‘‘
‘‘ဖယ်စမ်းဟာ၊ ငါသွားတော့မယ်‘‘
ဘေးမှ ကွေ့သွားလိုဟန် မယ်မျှင်က ခြေလှမ်းတစ်လှမ်း လှမ်းရန်ဟန်ပြင်သော်လည်း ဘ၀င်းက လမ်းမပေးပါ။
‘‘ငါမေးတာ ဖြေမှသာ လမ်းဖယ်ပေးမယ်‘‘
‘‘နင်နော် ဖယ်နော်‘‘
‘‘ဖယ်စေချင်ရင် ငါမေးတာ ဖြေလေ‘‘
‘‘ဟိတ်ကောင် မင်းဘာလုပ်တာတုံး‘‘
ထန်းသားရေကျော်ထိပ်မှ ထွက်ပေါ်လာသော ဘမင်း၏အသံ ဖြစ်သည်။ သူသည်ထမ်းလာသော မြက်ထုံးမှ ထမ်းပိုးကို ဆွဲချွတ်သည်။ ဥန္တွပင်ရိပ်သို့ လျင်မြန်စွာ ချဉ်းကပ်လာသည်။
‘‘ ဟေ့ အစ်ကို မင်းဝင်မရှုပ်နဲ့ကွာ‘‘
‘‘ဘာကွ ငါက၀င်ရှုပ်တယ်ဟုတ်လား‘‘
ဘမင်း ဟန်လုပ်ပြီး ရှေ့တိုးနောက်ငင် ရယ်မောနေစဉ် မယ်မျှင်သည် လှစ်ခနဲ ပြေးထွက်ခဲ့သည်။ ညီအစ်ကိုနှစ်ယောက် သတ်ပုတ်ကြလိမ့်မည် ထင်သည်။ ဘမင်း မြက်ထမ်းထပိုးကို မြှောက်လိုက်သည် ဟုထင်သည်။ ကျော်မကောင်း ကြားမကောင်း ဖြစ်ရော့မည်။ မယ်မျှင်သည် မည်သူ့ကိုမှ မေတ္တာမရှိငြား၊ မြတ်ထုံးကို ‘နန်းတိုင်‘ ဘေးတွင် ပစ်ချခဲ့ပြီးနောက် အမေ့ထံသို့ ပြေးခဲ့သည်။
‘‘အမေ့ကို မနှစ်ကတည်းက ကျုပ်တိုင်ခဲ့တာ၊ အမေအရေးမလုပ်လို့ အခုအခု‘‘
မယ်ကြွားစိုး မျက်လုံးပြူးဖြင့် သမီးကို အထိတ်တလန့် ကြည့်သည်။ သမီး၏ပခုံးကို ကိုင်လှုပ်သည်။
‘‘အခုဘာဖြစ်သတုံး မသီး‘‘
‘‘သတ်ကုန်ကြပြီ။ သတ်ကုန်လို့ သူတို့သေတာက အရေးမကြီးဘူး။ ကြားထဲက သမီးနာမည်ပျက်တော့မယ်‘‘
အထိတ်တလန့် မဖြစ်လောက်သော အကြောင်းဖြစ်သည်။ သို့သော် မည်သူတွေ သတ်ကုန်ကြသနည်း။ မယ်ကြွယ်စိုး မရှင်း။
‘‘နေပါအုံး သမီးရဲ့ ဘယ်သူတွေ သတ်ကုန်ကြတာတုံး‘‘
မယ်မျှင်သည် လယ်ထဲမှအပြန် ထန်းသားရေကျော် ထိပ်တွင်ဘ၀င်း စောင့်ဆိုင်းနေပုံက စတင်ပြော ပြရတော့သည်။
‘‘သမီးနဲ့သူတို့နဲ့ ဘာမှအဆက်အသွယ ရှိတာမဟုတ်ဘူး အမေ။ သူတို့ဘာသာ သူတို့ဖြစ်တာကို သမီးခလောက်ဆန်လို့၊ သမီးမျက်နှာများလို့ ဆိုပြီး မတရားပြောကြမှာ၊ သမီးမခံနိုင်ဘူး အမေရဲ့။
ဤစကားသို့ အရောက်တွင်ကား မယ်မျှင်သည် မအေကို ဖက်ပြီးငို၏။ မယ်ကြွယ်စိုးသည် သမီးကို ကြင်နာစွာ ဖက်ထား၏။
‘‘အမေရှိတယ် သမီး၊ မငိုနဲ့။ ငါသမီးကို မတရားပြောသူရှိရင် ငါနဲ့တွေ့မယ်။ မယ်ကြွယ်စိုးတဲ့ဟေ့။ တစ်စိုးတည်း ရှိတယ်‘‘
ပြောရင်းပြောရင်းဖြင့် မယ်ကြွယ်စိုး၏ အသံသည် ကျယ်လောင်လာ၏။
‘‘အမေဟိုဘက်သွားလိုက်အုံးမယ်‘‘
မယ်ကြွယ်စိုးသည် ဒေါ်ရွှေအိမ်ထံသို့ မလာ၍မဖြစ်ပေ။
ရပ်ထုံးစံထုံးစံတွင် ‘သားသမီးမကောင်း မိဘခေါင်း‘ ဖြစ်သည်။ လက်လွတ်စပယ် ဆဲရေးပုတ်ခတ် မလွှတ်။ မိဘကို တိုင်ကြားကြသည်။ ယခုကစ္စကား ရိုးရိုးမဟုတ်။ ညီအစ်ကိုချင်း ငြိုးသူရန်ဘက် ဖြစ်သွားနိုင်သည်။ ရပ်ကျော်ရွာကျော်လည်း ဖြစ်နိုင်သည်။
ခမည်းခမက် ဒေါ်ရွှေအိမ်ထံသို့ ရောက်လာခြင်းသည် သမီးမီကျီးဒန်နှင့် မြေးမ ချောစိန်ထံသို့ အလည်လာခြင်းလည်း မည်ပေ၏။ ရမ်းဘိုကုန်းရွာတွင် ယမန်နှစ်က အိုးလုပ်သူ ငါးဦးသာ ရှိခဲ့ငြား ခုနှစ်ဦးဆိုရငြား အိုးလုပ်တတ်သူများ တိုးပွားနေပြီ။ ဖိုမတည်နိုင်သူများသည် အိုးထိန်းစက် တည်နိုင်သည်။ အိုးပုတ်သည့် လက်ခတ်အစုံရှိသည်။ ထို့ကြောင့်ထအပြည့်အစုံ စုဆောင်းပြီးလျှင် သူတစ်ပါး၏ ဖိုကငို ငှားကာကိုယ့်အိုးကို ဖုတ်သည်။ အခြားသူတွင် လုပ်အားလိုပါက အခစားဖြင့် အငှားဖုတ်ပေးသည်။ ဤသို့ဖြင့် ကျီးဒန်မှာ လူငှားများဖြင့် တစ်ဖိုပြီး တစ်ဖိုသွင်း၊ တစ်ဖိုပြီး တစ်ဖိုဖော်နေ၏။ ကလေးမှာ မအေိမ်ထက် အဘိုးအေ ဘွားအေ၏အိမ်တွင်သာ အနေများရတော့၏။ အိမ်ရှေ့သို့မယ်ကြွယ်စိုး အရောက်တွင် မြေးမ၏ အသံကိုကြားရ၏။
‘‘သမီးရေ ချောစိန်ရေ‘‘
မယ်ကြွယ်စိုးသည် လမ်းမှာကတည်းက လက်ဝါး တဖျပ်ဖျပ်ရိုက်လျက် အသံပေးလာ၏။ ချောစိန်သည် နောက်ပိုင်းထုံးထားသော ‘ရှင်မီး‘ အကျီင်္ကလေးဖြင့် မလျှောက်တတ် လျှေက်တတ် လမ်းလျှောက်နေ၏။ သူလမ်းလျှောက်သည့် နောက်မှ ကပ်ပြီးပါနေသူမှာ ဦးကြွက်နီ။
စင်စစ်အားဖြင့် ကလေးသည် ကောင်းစွာ လမ်းမလျှောက်တတ်သေး။ အဘိုးနှင့် အဘွားသည် မြေးအလိအလျောက် လျှောက်တတ်သည် အထိမစောင့်နိုင်။ သို့အတွက် ‘ချားတိုင်‘ စိုက်ပေးကြ၏။ ချားတိုင်မှာ ကလေး၏ပခုံးမျှသာ မြင့်သော တိုင်ကိုလက်ကိုင်ပါသော ၀ါးဖြင့်စွပ်ထားခြင်းဖြစ်၏။
ကလေးသည် လက်ကိုင်ကို ကိုင်ပြီး ချားတိုင်ကို ပတ်ချာလှည့်ခြင်းဖြင့် လမ်းလျှောက်သည့်အကျင့် ကျင့်ပြီးဖြစ်၏။ သို့ရာတွင် ချားတိုင်လည် သည့်နောက်သို့ ကိုယ်အထက်ပိုင်းက ပါသွားပြီးလျှင် ခြေထောက်က မလှမ်းဘဲ တန်းလန်းကျန်ရစ်တတ်သဖြင့် ဘိုးအေကပ်လိုက်နေရခြင်း ဖြစ်၏။
‘‘သမီးရေ ချောစိန်ရေ‘‘
ကလေးသည် ချားတိုင်ကို လွှတ်ပြီး ထိုင်ချသည်။ ဘွားအေထံသို့ လေးဖက်ထောက်လျက် ပြေးသည်။
‘‘သမီးက ဘွားအေမှန်း သိတယ်နော်‘‘
မယ်ကြွယ်စိုးသည် မြေးမကို ကောက်ချီပြီး အိမ်ပေါ်သို့တက်ခဲ့၏။ သူ့အသံကို ကြားသောကြောင့် ဒေါ်ရွှေအိမ်လည်း မီးဖိုထဲမှ ထွက်လာ၏။ ‘‘ကောင်မ၊ ကျက်ခဲ့ပြီလား‘‘ ဟုနှုတ်ဆက်၏။
‘‘မကျက်တကျက်ပဲဟေ့၊ ချက်ချင်းမလာရင် မဖြစ်လို့ ပြေးလာရတာ‘‘
‘‘အလိုလေးတော်၊ အထိတ်သာ မလန့်သာ‘‘
ကွမ်းအစ်နှင့် ရေနွေးဗန်း၊ မီးခွက် စသည်များထားသော အလယ်ကောင် တိုင်အနီးတွင် ထိုင်မိကြလျှင် မယ်ကြွယ်စိုးက ယနေ့နံနက် သူ့သမီးကြုံခဲ့ရသည့် အခင်းကို ရှင်းလင်းပြသည်။
‘‘ငါ့သမီးအပြောကတော့ သူတို့ဘာသာသူတို့ တစ်ဖက်သတ် ‘တစ်ဘီးလိမ့်‘ တွေဖြစ်နေတာတဲ့။ ဘယ်သူ့ကိုမှ စကားမပြန်ဖူးဘူးတဲ့‘‘
‘‘မိန်းမပျိုကလေးတစ်ယောက်ကို မအေချင်းမစာ၊ နှမချင်းမစာ၊ ဣနြေ္ဒမဲ့ သိက္ခာမဲ့ဖြစ်အောင် လိုက်လုပ်တာ ငါတောင်းပန်ပါတယ်အေ။ သည်ကောင်တွေကို ပါးရိုက်ပြီး ဆုံးမပါ့မယ်‘‘
ဒေါ်ရွှေအိမ်က အားနာသံဖြင့် ပြောသည်။ မယ်ကြွယ်စိုးက ကလေးကို ဦးကျန်ကြီး တွေ့မတွေ့ လှမ်းကြည်ြ့ပီးမှ တုံ့ပြန်သည်။
‘‘ညဥ့်သားတွေကို ရိုက်စေချင်လို့ လာပြီးတိုင်တာမဟုတ်ဘူးနော်ဟဲ့။ တိုင်ပင်စရာရှိလို့ ထလာတာ‘‘
‘‘ဘာများပါလိမ့်‘‘
‘‘ညည့်သားအကြီးနဲ့ ငါ့သမီးနဲ့ ကြိုက်ရင် အတွင်းသိ အစင်းသိတွေမို့ ငါဘာမျှပြောမှာမဟုတ်ဘူး။ အဲသလိုပဲ ညည့်သားအငယ်နဲ့ ငါ့သမီးနဲ့ ကြိုက်လဲ ပေးစားလိုက်ရုံပဲ။ အခုတော့‘‘
အခုတော့ကွယ် မယ်ကြွယ်စိုး ထစ်ထားသည်။ ထိုအခါတွင်မှ စကား၏အလေးအနက်ကို ဒေါ်ရွှေအိမ် ခန့်မှန်းမိသည်။
‘‘အခုတော့ မိန်းမတစ်ယောက်ကို ယောက်ျားနှစ်ယောက်က ပြိုင်တူကြိုက်ရာမှာ ညီအစ်ကိုတွေ ဖြစ်နေတယ်။ အစ်ကိုနဲ့ ယူရင်မတ်ရဲ့ မျက်နှာကို တစ်သက်လုံး မကြည့်ရဲတော့ဘူး။ ဒါမှမဟုတ်လို့ ညီနဲ့ယူရင်လဲ ခဲအိုရဲ့မျက်နှာကို ဘယ်လိုလုပ်ပြီး ကြည့်ဦးမလဲ‘‘
ဒေါ်ရွှေအိမ်သည် သက်ပြင်းချရန် သဘောပေါက်၏။ သို့ကြောင့် ‘‘အေးဟဲ့၊ဟုတ်တယ်ကောင်မရဲ့‘‘
ဟုထောက်ခံ၏။
‘‘ဒါတွင် ဘယ်ကဦးမလဲအေ၊ ညီကိုယူရင် အစ်ကိုက ညီကိုမုန်းတော့မယ်။ ကံမကောင်းရင် ကမ္ဘာရန်ငြိုး။ အဲအစ်ကိုကို ယြူုပန်တော့ကော၊ ညီက အစ်ကိုကို မုန်းတော့မယ်။
‘‘ဟုတ်ပါကော၊ ငါသေချင်တယ်‘‘
ညည်းချင်းထုတ်သံနှင့်အတူ ဒေါ်ရွှေအိပ်သည် ခေါင်းကို တဗြင်းဗြင်း ကုတ်သည်။
‘‘အဲသည်တော့ ညီအစ်ကိုတွေ အချစ်မပျက်ရအောင် ငါ့သမီးကို ကိုင်းသမားနဲ့ပဲ ပေးစားတော့မယ်‘‘
‘‘ကောင်းတော့ကောင်းပါရဲ့၊ ဒါပေမဲ့အေ အလောသုံးဆယ်တော့ မလုပ်နဲ့နော်။ ငါ့သားတွေ ငါနိုင်တယ်‘‘
ဒေါ်ရွှေအိမ်က ပူပန်စကား ဆိုသည်။
‘‘အလောသုံးဆယ်တော့ ဘယ်လုပ်မလဲအေ့၊ တလောကပဲ အိုးဝယ်ရင်း ညည်းတို့အိမ်ရော ငါတို့အိမ်ကိုပါ ၀င်သွားတဲ့ ရှင်သဲညွန့်တို့ ညီအစ်မကို လှည်းမောင်းပို့တဲ့ သူငယ်က ကျောင်းဆရာ ဆိုပါလား‘‘
‘‘အေးအေး ဟုတ်တယ်။ ငါအခုမှ သတိရတယ်‘‘
‘‘ရှင်သဲညွန့်က ငါ့သမီးကို ချွေးမတော်ရရင် ကောင်းမှာပဲပြောလို့ ငါကတောင် ငေါက်ပစ်ရသေးတယ်‘‘
ဆက်ရန်
.

1 comment:
ခုမှအားလို့ လာဖတ်ရတယ် မရွှေစင်ရေ ... ။
ကျောင်းဖွင့်ရင် ပိုဆိုးမယ် ... ။ မဖတ်ဘဲမနေနိုင်လို့ အိပ်ချိန်ထဲက ဖဲ့ပြီးလာဖတ်တာ။
Post a Comment