Thursday, September 2, 2010

ဆင်ဖြူကျွန်းအောင်သိန်း (ငထွန်းကား တို့ညီအစ်ကို) အတွဲ (၃) အပိုင်း (၃)

' ခင်ဗျားသဘောပဲလေ '
ဆယ်အိမ်ခေါင်း သည် အိမ်ပေါ်မှ မကျေမနပ်ဆင်းသွားသည်။ ဦးကြွက်နီနှင့် ဒေါ်ရွှေအိမ်တို့ တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်လျက် ကျန်ခဲ့ကြသည်။ ထို့နောက် ဦးကြွက်နီသည် ဆယ်အိမ်ခေါင်း စံမြင့်၏ ကျောပြင် ကို လှမ်းကြည့်ရင်း မြည်တမ်းသည်။

' ဘာမှ အမှန်းကမ်းလမ်းသိတဲ့ ကောင်တွေ မဟုတ်ဘူး '
' တော်ကသာ ဘာမှ အမှန်းကမ်းလမ်းမသိတဲ့ကောင်တွေ။ သူတို့ကတေ့ သူတို့ကိုယ်သူတို့ ဘုရင်ခံ ထင်နေတာ '
ဒေါ်ရွှေအိမ်၏ စကားကို ဦးကြွက်နီ မပယ်။ ' ဟုတ်သဟ' ဟု ထောက်ခံချေသည်။

' တလောက အရှေ့စုက လူသတ်မှုဖြစ်တဲ့အိမ်ကို သူကြီး လာကြည့်တော့၊ နှစ်လုံးပြူးသေနတ်ကြီး ပါလာတာကို ရွာခေါင်း ဘရီက ထမ်းရတယ်။ ဆယ်အိမ်ခေါင်း စံမြင့်က ယမ်းတောင့်ထည့်တဲ့ လွယ် အိတ် ကို လွယ်ရတာကိုး။ အဲသည်ကတည်းက ဘရီရော့ စံမြင့်ပါ ရူးကြောင်ကြောင် ဖြစ်ကုန်တာ '
' သနား ပါဘိတော် '

ဒေါ်ရွှေအိမ်သည် အသံဖြင့်သာ သနားခြင်းမဟုတ်။ မဲ့ရွဲ့ပြီး သနားခြင်းဖြစ်ပေသည်။ မောင်ဆေးရိုးနှင့် ကျီးဒန်မှာကား လူကြီးတွေ မည်သို့ဖြစ်နေသည်ကို မသိသဖြင့် သွက်လက်စွာ ထဲဝင်ပြင်ထွက် လုပ်နေကြ၏။ မောင်ဆေးရိုးသည် လယ်ပြင်မှ ပြန်လာလျှင်လာချင်း ငန်းပြားကို တဲတွင် မှီထောင်ထား၏။ နေလှန်း ရမည့်အိုးတွေကို ပျဉ်ပြားခံပြီး ငါးလုံးတစ်တွဲ နေထုတ်လှန်းနေ၏။ အဖီထဲတွင် လူထိုင်စရာ နေရာ ရတော့မှ အိုးပုတ်သံ ပေါ်လာ၏။ ကျီးဒန်သည် မအေးညွန့်၊ မဇာညွန့် တို့ထံတွင် ၀င်ထွက်သွားလာရင်း အိုးလုပ်ငန်း ကို မျက်စိရည် နားရည်ဝပြီးဖြစ်၏။ မိကြီးထံမှ မခံချင် စိတ်ဖြင့် ပြန်လာပြီးနောက် ၁၅ ရက် လက်ထပ် သင်သည်။ မဇာညွန့်တို့ ညီအစ်မကိုယ်တိုင်ကလည်း အိမ်တိုင်ရာရောက် လိုက်လံ သင်ကြား ပေးနေ ကြပြန်သည်။

အဖီရှေ့တွင် ထပ်မံတိုးချဲ့လိုက်သော 'အမိုးယပ်' ထဲ၌ သပိတ်မျိုးစုံ၊ ဆီအိုးနှင့် ဟင်းအိုးတွေ များသည် ထက် များလာပြီ။ ရွာသူရွာသားများမှာ မီးဖုတ်ပြီးသော ' အိုးအကျက်' များကိုသာ မြင်ဖူး ကြသည်။ မီးမဖုတ် ရသေးသော 'အိုးအစိမ်း' ကိုမူ မြင်ဖူးသူ နည်းသဖြင့် တကူးတက လာကြည့်ကြ သည်။ မြေကြီး ရောင် အိုးစိမ်းများကလည်း စိတ်ဝင်စားစရာ ကောင်းလှသည်။

' သပိတ်တွေ အရင် 'တိုက်သွင်း' မယ် ပြောထားတယ်မဟုတ်လား။ တော်ပြီလေဟာ'
သပိတ်ဖုတ်မည့် အိုးတစ်လုံးကို ပေါင်ပေါ်သို့ ကျီးဒန် ကောက်တင်သဖြင့် မောင်ဆေးရိုးက လှမ်းတားသည်။
' ပိုနေရင် နောက်ဖိုကျမှ ထည့်ပေါ့တော်။ ပုတ်တာကတော့ ပုတ်ရမှာပဲ။ မပုတ်ဘဲထားရင် အဟော သိကံ ဖြစ်သွား မှာပေါ့'
သပိတ် ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ အိုးများမှာ အစို အခြောက် အနေတော်တွင် ပုတ်ရ သည်။ ပုတ်စရာကောင်းသည့် အနေအထားသည် အိုးထိန်းသည်ကို ထမင်းမစားရန် အမိန့်ပေး၏။ မအိပ်ရန် အမိန့်ပေး၏။ အကြောင်းသော်ကား အနေတော်ကို ကျော်လွန်သွားသော အိုးသည် မည်သို့မျှလုပ်၍ မရတော့ သဖြင့် ရွှံ့ပုံထဲသို့သာ ရောက်သွားသောကြောင့်တည်း။
' အေး ဟုတ်သားပဲ '

သို့စဉ်တွင် မဇာညွန့်တို့ ညီအစ်မ အိမ်ဝိုင်းထဲသို့ ၀င်လာသည်။ ' ကိုဆေးရိုးရေ နေမပူခင် သပိတ်တွေ တိုက်သွင်းရအောင် သယ်ထုတ်ကြစို့' ဟု မအေးညွန့်က လှမ်းပြောသည်။
မောင်ဆေးရိုး မှာ သပိတ်တွေ၊ ဆီအိုးတွေကို အရောင်ထွက်အောင် ချောရာ၌ ကူညီခဲ့ရသူဖြစ်သည်။ သို့ကြောင့် သပိတ်တွေ၊ အိုးတွေကို တယုတယပွေ့ပြီး အပြင်သို့ထုတ်သည်။ မဇာညွန့်က မောင်ဆေးရိုးကို ကြည့်ပြီး ရယ်မောသည်။

' တော့်လိုသာဆိုရင် တစ်နေ့လုံး ထုတ်လို့ပြီးမှာမဟုတ်ဘူး၊ ဟိုမှာ အေးညွန့်လုပ်တာ ကြည့် '
ပြောပြောဆိုဆို မအေးညွန့်ကို မေးငေါ့ပြ၏။ မအေးညွန့်သည် သပိတ်တွေကို လေးလုံးတွဲ၊ နှုတ်ခမ်းပါသော ဆီအိုးတွေကို နှစ်လုံးတွဲ၊ နှုတ်ခမ်းမှ ကိုင်လျက် သယ်ထုတ်လေ၏။
' နှုတ်ခမ်းတွေ ပဲ့ကုန်မှာစိုးလို့ '
' အမယ်လေး ပဲ့စမ်းပါစေ။ ပဲ့ရင် လွှင့်ပစ်လိုက်ပေါ့ '

ပြောသူမှာ လွယ်ကူသော်ငြား ကြားရသူမှာ ရင်နင့်၏။ မောင်ဆေးရိုးမှာ အိုးတစ်လုံး၊ သပိတ်တစ်လုံး ဖြစ်လာ ရန် မည်မျှပင်ပန်းကြောင်း သိထားသည့်အတွက် ဖြစ်ပေသည်။
' နှမြောစရာဟာ '
' နှမြော မနေနဲ့။ အထိအခိုက်မခံတဲ့ အိုးဟာ ကျက်သွားတော့ကော ခိုင်မှာမို့လား။ မခိုင်ဘူး၊ ယုယမနေနဲ့'
အိုးတွေ သယ်ထုတ်၍ တစ်ဝက်ကျော်သွားလျှင် မဇာညွန့်က ဖိုနှုတ်ခမ်းပေါ်သို့ တက်သည်။ မောင်ဆေးရိုး နှင့် မိကျီးဒန် ကို အိုး 'အပေး' ခိုင်းသည်။
' အိုး မစီတတ် ရင် မ၀င်ဘူး။ မ၀င်ရင် ထင်းပိုကုန်တယ်။ အဲဒါကြောင့် သေသေချာချာ ကြည့်ထားကြ'

' ကိုဆေးရိုးရေ၊ လာ သယ်ပါဦး'
မအေးညွန့်က အမိုးယပ်ထဲမှ အော်ခေါ်သည်။ မောင်ဆေးရိုး ပြေးသွားသောအခါ ဆီအိုးတွေကို လက်ညိုးထိုးပြသည်။
' သေသေချာချာကိုင်နော်၊ အလေးကြီး '
ဆီအိုးတစ်လုံးသည် သပိတ်နှစ်လုံးစာမျှသာ လေးသည်။ ယခု စလောင်းဖုံး ဖုံးထားသော ဆီအိုးတွေမှာ များစွာ လေးနေသည်။
' ဘာတွေမို့ ဒါလောက်လေးနေရတာတုံး '
' ဟင်းအိုးတွေ၊ အိုးပုတ်တွေ၊ ဆီမီးခွက်တွေလေ '

မောင်ဆေးရိုး သဘောမပေါက်ငြား မမေးမိပေ။ တိုက်သွင်းရာတွင်လည်း စလောင်းဖုံး ဖုံးထားသော အိုးများကို အလယ်တွင် ထားရသည်။ လုံးချင်း ဆီအိုးများနှင့် သပိတ်များကို သူ့အပေါ်တွင် အုံထား ရသည်။

ဆွမ်းစားခေါင်းလောင်းထိုးသံ လေးထပ်ကျောင်းဘက်မှ လွင့်ပျံလာချိန်ဝယ် အိုးများ တိုက်သွင်းမှု ပြီးစီးသွားသည်။ ဆီအိုးတွေ၊ သပိတ်တွေ မောက်လျှံနေသည်။ မိကျီးဒန်နှင့် မဇာညွန့်၊ မအေးညွန့်တို့ အရိပ်ထဲသို့ ၀င်သွားငြား မောင်ဆေးရိုးမှာ မ၀င်နိုင်သေး။ ကျင်းအသစ်တူးပြီး စပါးမှော်နှင့် မြေကြီးတွေ ထည့်ပြီး ရေဖျော်ရသည်။ မတော်တဆ ပျက်စီးသွားသော ဆီိုးအကွဲ၊ သပိတ်အကွဲများကိုလည်း စုဆောင်း ထားရ သေးသည်။ သည်မြင်ကွင်းမှာ ရွာသူရွာသားများအတွက် သာမက မောင်ဆေးရိုးတို့အတွက်လည်း စိမ်းသည်။ 'သည်အိုးကွဲတွေက ဘာလုပ်ဖို့ပါလိမ့်၊ ရွှံ့တွေကို ဘာလုပ်မှာတုံး' မေးလိုစိတ် ပေါ်ငြား၊ မောင်ဆေးရိုး မမေးရဲ။ ညနေတွင် သိရမည်မှာ သေချာသောကြောင့် တေးထားလိုက်၏။ သို့သော် နေအနည်းငယ် အေးစ ' တိုက်ပိတ်ကြစို့' ဟု မဇာညွန့် စကားစချိန်တွင် မောင်ဆေးရိုး၏ အမေ ရောက် လာသည်။ စိတ်ဝင်တစားရှိသော ကိစ္စ ဖြစ်စေကာမူ အမေ့ကို ဧည့်မခံ၍ မဖြစ်ပေ။

' ဟဲ့ ရွာခေါင်း ငဘရီက ပြောနေပါကလား။ နှစ်သိန်းလေးသောင်း အထုရှိတဲ့ မဟာပထ၀ီမြေကြီးကို အိုးထိန်းစက်ပေါ် တင်ပြီး လှည့်တာဟာ မကောင်းဘူးဆိုပါကလား '
' ဗျာ ' ဆိုကာ မောင်ဆေးရိုး မျက်လုံးပြူးတော့သည်။ သူသည် ဘုန်းကြီးကျောင်းတွင် သဒ္ဒါ သင်္ဂြိုဟ်အထိ သင်ကြား ဖူးငြား မယ်ကြွယ်စိုး တင်ပြလာသော ပြဿနာကိုကား မရှင်းတတ်ပေ။ မိကျီးဒန်မှာလည်း ' တော် 'အော်ပြီး ယောက္ခမအား ထိတ်လန့်တကြား ကြည့်သည်။ သူ ပင်ပန်းတကြီး လုပ်ထားသောအလုပ် ရေစုန် မျောပြီ ထင်သဖြင့် မျက်ရည်လည်သည်။
မယ်ကြွယ်စိုးသည် သားနှင့် ချွေးမကို အားနာရမှန်း၊ သနားရမှန်း မသိပေ။ ဆက်ပြောသေး၏။

' အဲသည် နှစ်သိန်းလေးသောင်းအထုရှိတဲ့ မဟာပထ၀ီမြေကြီးကို အသံမြည်အောင် တုတ်နဲ့ ရိုက်တာဟာ ငရဲကြီး သတဲ့ '
' ဘယ်မှာ တုတ်နဲ့ရိုက်လို့တုံး၊ မရိုက်ပါဘူး အမေရဲ့ '
မောင်ဆေးရိုး ကောက်ကာငင်ကာ ချေပသော်ငြား အသံတုန်တုန်၊ မျက်စိပျက် မျက်နှာပျက် ဖြစ်နေ သည်။
' အနို့ ဘတ်ဘတ် ဘုန်းဘုန်း မြည်တာ ဘာပြုလို့ မြည်တာတုံး '
' လက်ခတ်နဲ့ ပုတ်ချောတာပါဗျာ '

' အဲဒါဟာ နှစ်သိန်းလေးသောင်းအထုရှိတဲ့ မဟာပထ၀ီမြေကြီးကို တုတ်နဲ့ရိုက်တာနဲ့ အတူတူပဲပေါ့ '
' ဒါဖြင့် ကျုပ်တို့ ဘာလုပ်ရမတုံးအမေ '
မယ်ကြွယ်စိုး ဖြေစရာစကားမှာ ' ဆက်မလုပ်နဲ့'ဖြစ်သည်။ သို့ရာတွင် သည်စကားကို သူ မပြောရက်ပေ။
' အရီးရယ် ကျုပ်တို့အရပ်မှာ အိုးခွက်စလောင်းဖုံး၊ အင်တုံ၊ သပိတ်မကျန်လုပ်ပြီး လက်ခတ်နဲ့ ပုတ်နေ ကြတာပါပဲ။ အဲသည်အိုးခွက်၊ သပိတ်တွေကို ဖိုထဲထည့်ပြီး မီးဖုတ်နေတာပါပဲ။ ဘယ်သူမျှ ငရဲမကြီးပါဘူး '

မဇာညွန့်က ၀င်ပြောခြင်းဖြစ်သည်။ မယ်ကြွယ်စိုး သဘောမတွေ့ငြား မျက်စောင်းခဲရုံသာ ခဲသည်။ မိကျီးဒန်မူ အားကိုးတကြီးဖြင့် မဇာညွန့်အပါးသို့ ပြေးကပ်သည်။ လက်မောင်းကို ဖက်ထားသည်။
မဇာညွန့်အား သူ့အစ်မ မအေးညွန့်ကလည်း ကူညီ၏။
' ကျုပ်တို့ချောင်မှာ သည်အလုပ်ပဲ လုပ်နေကြတာပါပဲ အရီးရယ်။ ကျုပ်တို့မိဘများ မမွေးခင်ကတည်းက သည်အလုပ် နဲ့ အသက်မွေးလာတာပါ '
' အေးလေ ပြောမရလဲ ညည်းတို့သဘောပေါ့ '

မယ်ကြွယ်စိုးသည် ရှည်ရှည်ဝေးဝေး စဉ်းစားမနေပါ။ သူ့သားနှင့် ချွေးမ ငရဲကြီးမည်ကို စိုးရိမ်သော ကြောင့်ဖြစ်သည်။ ရွာခေါင်း၏ စကားထဲတွင် ' နှစ်သိန်းလေးသောင်း အထုရှိသော မဟာပထ၀ီမြေ ကြီး' ဟူသော စကားလုံး အကြီးကြီး ပါဝင်နေသည မဟုတ်လော။ စိုးရိမ်တကြီး လာရောက်ပြောပြီးမှ ငိုမဖွယ် ရယ်မရ ဖြစ်နေသော ချွေးမကို ကြည့်ပြီး မယ်ကြွယ်စိုး စိတ်မကောင်း ပြန်ပေ။ သို့စဉ်တွင် မဇာညွန့် အစ်မ က ၀င်ပြောသဖြင့် မယ်ကြွယ်စိုး ရင်ချောင်သွားသည်။ ' ညည်းတို့သဘောပဲ ' ပြောအပြီတွင်ကား မယ်ကြွယ်စိုး သည် အမိုးယပ်အပြင်ဘက်သို့ ပေါ့ပါးစွာ ထွက်ခွာသွားလေ၏။

မောင်ဆေးရိုးသည် အမေကို လှမ်းကြည့်သည်။ တစ်ဆက်တည်း မိကျီးဒန်အား လှမ်းကြည့်ပြန် သောအခါ မိမိကို အားကိုးတကြီး ကြည့်နေသော သနားစရာ မျက်လုံးအစုံနှင့် ဆုံမိသည်။ မိမိအား အားကိုးတကြီး ကြည့်နေသူအား နှစ်သိမ့်မှုပေးရန် မိမိတွင် တာဝန်ရှိကြောင်း မောင်ဆေးရိုး သတိ ထားမိသည်။ သို့ကြောင့် မိကျီးဒန် စိတ်သက်သာရာ သက်သာကြောင်း မည်သို့ ပြောရမည်နည်း စသ်းစားသည်။ စဉ်းစားသည့် တစ်ခဏအတွင်း၌ မောင်ဆေးရိုးမှာ အားခွန်ပြည့်တင်း၏။

' ကျီးဒန်ရေ ဟုတ်တယ်ဟ။ ဇာညွန့်တို့ ဘိုးစဉ်ဘောင်ဆက် ဘွားလက်ထက်က အိုးလုပ်လာကြ တာပဲ။ မြေကြီး ကို လက်ခတ်နဲ့ ပုတ်လို့ ငရဲကြီးရင် အဲသည်မြေကြီးပေါ် တက်နင်းနေတဲ့ လူတွေ၊ အဲသည် မြေကြီး ပေါ်မှာ ကျင်ကြီးကျင်ငယ် စွန့်တဲ့ လူတွေလည်း ငရဲကြီးမှာပေါ့ဟ '
' ဟုတ်တယ်၊ ဟုတ်တယ် '

ကျီးဒန်သည် နေသာထိုင်သာရှိသည့်အသံဖြင့် ပြောသည်။ မောင်ဆေးရိုး အားတက်ရ ၀မ်းသာရ သည်။ နောက်ထပ်လည်း အကြောင်းအရာ အသစ်တစ်ခု ထွက်လာပြန်သည်။
' နှစ်သိန်း လေးသောင်းအထုရှိတဲ့ မဟာပထ၀ီမြေကြီးကို တွင်းကြီး တူးပြီး တွင်းထဲက ရေတွေ ခပ်နေတဲ့ လူတွေလည်း ငရဲကြီးမှာပဲဟာ '
' ကဲပါ ၊ လာကြစမ်းပါ '

မဇာညွန့်၏ သည်ဆော်သြသံက ထိတ်စရာ လန့်စရာများကို နိဂုံးချုပ်ပစ်လိုက်သည်။ သူတို့သည် အိုးဖိုပေါ် တွင် မောက်လျှံနေသော အိုးစိမ်းများကို အိုးခြမ်းကွဲများဖြင့် စေ့စပ်အောင်ဖုံးသည်။ တစ်ပြိုင်နက် တည်း တွင် အိုးဖို၏ ထိပ်နှစ်ဖက်ရှိ အပေါက်များတွင် မီးမွှေးသည်။ ကျွန်းသားထင်း ပေါက်ကလေးများကို အမည်းရောင် အတွက် အားပြုသည်။
ကျီးဒန်သည် ထင်းပေါက်လုပ်ရန် သစ်တုံးတစ်တုံးကို ဘယ်လက်ဖြင့် ဆွဲယူပြီး ညာဘက်က ဓားဖြင့် ခွဲသည်။ သို့သော် ကျီးဒန်၏ လက်ထဲသို့ ရောက်လာသော သစ်တုံးမှာ ရေစီးကြောင်းတွေထင်နေ သည်။ ထင်းတုံး တွေ ရေစီးကြောင်းတွေ မည်သည့်အကြောင်းကြောင့် ထင်နေရသနည်းဟု တွေးနေရန်မလိုပါ။ ချက်ချင်း ကျီးဒန်သိသည်။

လေးထပ်ကျောင်း၏ တောင်ဘက်ကပြင်(ကြမ်းပြင်)နှင့် တစ်ဆက်တည်းတည်ရှိသော ' ရွှေရေးဆောင် ' ကျောင်းကြီးသည် မျက်စိထဲ၌ပေါ်လ၏။ ရွှေရေးဆောင်ကျောင်းကြီးမှာ ဆင့်များ၊ ကြမ်းပြင်များ ယိုယွင်းကုန်သဖြင့် နေ၍မရတော့ငြား၊ ပတ်ပတ်လည်ရုပ်စုံများကား အရောင်မညိုးသေးပါ။ သည် အတိုင်းကြည့်နေရန် နှမြောစရာကေင်းတော့သည်။ သည်အထဲမှ မိုးမလွတ်သော အရုပ်တွေမှာ ဆေးကွာ ရုံဖြင့် မပြီး၊ ရေစီးကြောင်းတွေပါ ထင်ကုန်သည်။ ယခု ကျီးဒန်လက်ထဲက ထင်းတုံးတွေ ရေစီးကြောင်းတွေ ထင်နေခြင်း မှာ ရွှေရေးဆောင်နှင့်အလားတူ ဘုန်းကြီးကျောင်းတစ်ကျောင်း ကျောင်းမျ ဖဲ့ရွဲ့ယူငင်လာခြင်း မဖြစ်နိုင်သလော။

ကျီးဒန်သည် လက်ထဲက တုံးကို ဘေးသို့ဖယ်ထားပြီး နောက်တစ်တုံးကိုလှမ်းဆွဲသည်။ သပိတ်နှင့် ဆီအိုး များ ဖုတ်ရာတွင် အနက်ရောင် ရစေရန် ထင်းထဲ၌ ကျွန်းသားရောရသည်။ သည်အနီးအနား တွင် ကျွန်းသား ရရာရကြောင်း နေရာသည် ဘုန်းကြီးကျောင်းမှလွဲ၍ အခြားမည်သည့်နေရာ ရှိပါ သေးသနည်း။ သို့အတွက် ကျီးဒန်၏ လက်ထဲသို့ ရောက်လာသောတုံးမှာလည်း ရေစီးကြောင်းတွေ နှင့်ပင်။
ကျီးဒန် လက်တွန့်သွားသည်။ မြွေကို ကိုင်မိသူအလားတွန့်သွားရာက ထရပ်သည်။

' ကိုဆေးရိုး '
မောင်ဆေးရိုးသည် အိုးခြမ်းကွဲများကြားမှ မီးခိုးမထွက်အောင် သရွတ် 'ကျံ'နေရာက လှမ်းကြည့်သည်။ ကျီးဒန်က ထင်းတုံးတွေကို မေးငေါ့ပြလိုက်သည်။
' တော် အဲဒါတွေကို ဘယ်ဘုန်းကြီးကျောင်းက ဖျက်ပြီး ယူလာတာတုံးဟင်။ ကျုပ်တို့မှာ'
' တောင်ညိုကို ပိုက်ဆံတစ်ပဲပေးပြီး အရှာခိုင်းတာဟ။ ဘုန်းကြီးကျောင်းကလား၊ ဇရပ်ကလး၊ သိမ်ကလား ငါမသိဘူး '
' ကျုပ်တို့မှာ မပြည့်စုံလို့ ကျောင်းဆောက်ပြီး မလှူနိုင်ရတဲ့အထဲမှာ သူများရဲ့ ကောင်းမှုကို ဖျက်လို ဖျက်ဆီး လုပ်ရတယ်လို့တော် '
မောင်ဆေးရိုးမှာ ခြေမကိုင်မိ လက်မကိုင်မိ ချက်ချင်းဖြစ်သွား၏။

' အဲသည်လိုမဟုတ်ဘူး။ ငါမသိဘူးဟ'
' သပိတ်တွေ မမည်းချင်လဲ နေပါစေတော့တော်။ သူများကောင်းမှုကို မဖျက်ဆီးပါနဲ့၊ ဒါတွေလည်း လွှင့်ပစ် လိုက်ပါတော့ '
မောင်ဆေးရိုး မပြောသာပါ။ ထင်းတုံးများကို ထမ်းထုတ်သည်။ ခွဲစိတ်ပြီးသား ထင်းပေါက်ကလေးများကို မဇာညွန့်က အလျင်အမြန် ဖိုထဲသို့ ပစ်သွင်းလိုက်လေ၏။
မီးအား တဖြည်းဖြည်းကောင်းလာ၏။ မီးခိုးလုံစေရန် ထိပ်ပေါ်တွင် ကျံထားသော ရွှံ့အမှော်ကြေး သည်ချက်ချင်းခြောက်သွေ့၏။ မကြာမီ နီရဲလာပြန်ချေ၏။

မောင်ဆေးရိုးသည် ဖို၏အောက်ခြေ ထိပ်ပေါက်နှစ်ပေါက်တွင် ထင်းတုံးကြီးတွေ တစ်ချောင်းပြီး တစ်ချောင်း ထိုးထည့်၏။ ဖိုထဲတွင် အပူအား ကောင်းလာသည်နှင့်အမျှ အပြင်မှာပါ ပူလာသည်။ ထင်းထည့် ရန် ချဉ်းကပ်လာသူပင အပြေးအလွှားလုပ်ရ၏။

' ကျုပ်တို့ ပြန်တော့မယ်။ ထင်းချောင်း နောက်ထပ်ဆယ်ချောင်းထည့်ပြီးသွားရင် နှာပေါက်တွေ ပိတ်ပေ တော့ '
ဖိုဘေးသို့ လာရပ်ရင်း မအေးညွန့်က ပြော၏။
' နှာပေါက်ပိတ်တော့လည်း လေလုံပေစေနော် '
' ထမင်းစားပြီးမှ ပြန်ကြလေ '
' စားပြီးပြီ၊ တော်လည်း ထမင်းစားရင်း သည်နားမှာလာပြီးစား။ မနာလိုသူတစ်ယောက်ယောက်က ထင်းတွေကြားမှာ ဆီးဖြူသားအမှတ်တမဲ့ ထည့်သွားမယ်နော် '
' ဆီးဖြူသား ဟုတ်လား '

' ဟုတ်တယ်။ လျှောက်သွားမနေနဲ့ လျှောက်ငေးမနေနဲ့။ ကျုပ်တို့ မလာမချင်း အိုးဖိုကို ဖွင့်နဲ့နော်'
မအေးညွန့်၏ မှာကြားသံအဆုံးတွင် 'မှာမနေစမ်းပါနဲ့၊ သူလည်းဖွင့်နိုင်မှာမဟုတ်ပါဘူး' ဟု မဇာညွန့်၏ တီးတိုးသံ ပေါ်လာ၏။ သို့စဉ်တွင်ပင် သူတို့ညီအစ်ကိုနှစ်ယောက်သည် အိမ်ဝိုင်းအပြင်သို့ ရောက်သွား လေ၏။

မောင်ဆေးရိုးသည် အုတ်သမားများထံမှ 'ဆီးဖြူတစ်ချောင်း အုတ်တစ်သောင်း'ဟု ကြားဖူးသည်။ အုတ်များ ကျက်စေရန် ထင်းအချောင်းပေါင်းများစွာဖြင့် မီးထိုးသော်ငြား မပြောပလောက်သော ဆီးဖြူသား တစ်ချောင်း တလေ ညပ်ပြီးပါလာပါက အုတ်တွေ တစ်ချပ်မျှ မကျက်။ သို့မဟုတ် တစ်ချပ်မကျန် ကွဲအက် ကုန်သည် ကြားဖူး၏။ မအေးညွန့်၏ မှာကြားသံကို ကြားရတေ့မှ သည် အကြောင်းကို မောင်ဆေးရိုး သတိရ၏။ သို့ကြောင့် 'ဟုတ်လား၊ ကွဲတတ်သလား' မေးရန် မော့ကြည့်ချိန်ဝယ်၊ ညီအစ်မနှစ်ယောက်လုံး ၀ိုင်းပြင် သို့ ရောက်သွားကြပြီ။

ကျီးဒန်တို့ လင်မယား၏ အိုးဖိုကြီးမှာ ရွာသူရွာသားများအတွက် အထူးအဆန်းဖြစ်နေသည်။ အိုးမဖုတ်မီက ရေတွင်းနှင့်တူသည်။ အိုးများ ထည့်သွင်းပြီး ဖုတ်သောအခါ ရွှံ့တုံးကြီးဖြစ်နေသည်။
မည်သည့်အခါတွင် မည်သို့ဖြစ်လာမည်နည်း။

စိတ်ဝင်စားသူများက လာရောက်မေးမြန်းကြသည်။ မောင်ဆေးရိုးသည် မပြောတတ်၊ ကျီးဒန်လည်း မဖြေတတ်။ ဖိုကို စူးစမ်းရန် ချဉ်းကပ်လာသောအခါ မကပ်နိုင်အောင် ပူနေသည်။ သို့သော် အိုးဖို၏ အပူရှိန် သည် တစ်နေ့ပြီးတစ်နေ့ လျော့ပါးလာသည်။ လေးရက်ကြာမှ လူကပ်နိုင်သည်။ ထိုအခါတွင် မှ မအေးညွန့် တို့ ညီအစ်မသည် လှည်းတစ်စီးဖြင့် ရောက်လာကြသည်။ သူတို့လှည်းမှာ ရိုးရိုးလှည်း မဟုတ်။ လူတစ်ရပ်ကျော်မြင့်သော ၀က်ခြံတွင်း၌ ကောက်ရိုးအပြည့်ထည့်ထားသည်။

' နောက်တစ်ဖိုကျရင် လုပ်တတ်အောင်လို့ ကျုပ်တို့အိုးလှည်းကို နမူနာယူလာတာနော်။ သေသေချာချာ ကြည့်ထား '
အိုးဖိုကို ဖော်ရာတွင် နှာပေါက် နှစ်ပေါက်ကို ဦးစွာဖွင့်သည်။ ထို့နောက် အပေါ်လွှာကို ဖွင့်သည်။ နောက်တစ်ဖိုတွင် အသင့်ဖြစ်စေရန်အတွက် အလွှားလိုက်ခွာသည်။ သို့ရတွင် မောင်ဆေးရိုး မဖဲ့ဘဲ မနေနိုင်။ အပူငွေ့ဟပ်သည်။ လေးလံသည်။ မဇာညွန့်က အပေါ်ဆုံးတွင် မှောက်ထားသော သပိတ်တစ်လုံးကို လက်ဖြင့် တို့ကြည့်သည်။ ထို့နောက် အ၀တ်ခုပြီးကိုင်သည်။ လက်ဝါးပေါ်တွင် တင်ထားပြီး လက်ဆစ်ဖြင့် ခေါက်သည်။

' ရော့ ကောင်မ။ ညည့်လက်ရာကို ညည့်လက်နဲ့ခေါက်စမ်း '
ကျီးဒန်သည် သံရောင်ပေါက်နေသော ပူပူလောင်လောင် သပိတ်ကို လက်ဝါးပေါ်တွင် တင်သည်။ ခေါက်သည်။ လောကတွင် ရှိသော အသံတကာ့ အသံတို့တွင် အသာယာဆုံးအသံသည် ထွက်ပေါ် လာ၏။ ကျီးဒန်၏ ရင်ထဲ၌ ၀မ်းသာမှုသည် လှိုက်တက်လာ၏။

' ၀မ်းမသာဘူးလား ကောင်မ '
'ဘယ့်နှယ်ပြောပါလိမ့်အေ။ ညည်းတို့ ညီအစ်မရဲ့ အမအစနဲ့ တို့လင်မယား ကြိုးစားပြီး အကောင် အထည်ပေါ်လာတာကို '
မောင်ဆေးရိုးလည်း မအေးညွန့်လှမ်းပေးသော ဆီအိုးများ၊ သပိတ်များကို စီရီချထားရင်း တစ်လုံးချင်း ခေါက်ကြည့်သည်။ ကျီးဒန်ကြားရသော သုတိသာယာမှုသည် သူ့ထံတင်လည်း ကူးစက်နေ၏။
' အက်သံပါတာတွေ့ရင် ဖယ်ထားနော် '

မောင်ဆေးရိုး တွန့်သွားသည်။ အက်သံပါသည်ဖြစ်စေ၊ အက်သံမပါသည်ဖြစ်စေ အိုးသည် အိုးသာ ဖြစ်သည်။ အိုးတစ်လုံးအတွက် မြေနင်းရခြင်း၊ စက်လှည့်ရခြင်း၊ ရိုက်ရခြင်း၊ ခတ်ရခြင်းတို့သည် ညီတူ ညီမျှသာ ဖြစ်ပေသည်။ အသံကလေး အက်ရုံဖြင့် အိုးအဖြစ်မှ ဖယ်ရှားရမည်မှာ နှမြေစရာ။
' ရော့ ရော့ အဲဒါလည်း ရောင်းတမ်းမ၀င်ဘူး၊ ဖယ်လိုက် '
ပြောပြောဆိုဆို မအေးညန့်လှမ်းပေးသောအရာမှာ သပိတ်တစ်လုံးဖြစ်၏။ အကျက်လွန်ပြီး အနီကွက် ထနေသည်။ အဖု နှစ်ဖုလည်း ထွက်နေသည်။

' အဲဒါ ဘာဖြစ်တာလဲဟင် '
' မီးဖုတ်မနာတော့ လေခိုပြီး အဲသလို ဖြစ်တာပေါ့ '
အဖုအထစ်ပါသောသပိတ်ကို မောင်ဆေးရိုးသည် နှမြောတသစွာ ကြည့်၏။ သံသပိတ်ဟု ထင်ရ လောက်အောင် အသွေးအရောင်ရှိပါလျက်နှင့် အဖု နှစ်ဖုကြောင့် ပယ်ရတော့မည်။ အိုးဖိုဝန်းကျင်တွင် သပိတ်များ၊ဆီအိုးများဖြင့် ပြည့်လျှံမည်းမှောင်နေသည်။ မောင်ဆေးရိုးမှာ လက်ဆစ် မနာနိုင်၊ လိုက်လံပြီး ခေါက်ထစ် နေဆဲ၊ နားအရသာ ခံနေဆဲ ရှိသေး၏။
' ကိုဆေးရိုး ဖိုပေါ်တက်ခဲ့ဦး '

' ဘာလုပ်မလို့တုံး '
' အစာသွတ်ထားတဲ့ အိုးတွေ ကျန်သေးတယ်လေ '
အထဲတွင် ဟင်းအိုးနှင့် အိုးဖုတ်များ ဆီမီးခွက်များ ထည့်ထားသော အိုးတွေကျန်သေးသည်။ သူတို့ကို ဗဟိုချက်မတွင် ချထားသည်။ သို့ကြောင့် မောင်ဆေးရိုးမှာ ဖိုထဲဆင်းပြီး မအေးညွန့်ကို ကူညီရသည်။ နှစ်ယောက်အားဖြင့် အိုးဖို၏ ဘောင်ပေါ်သို့ တင်ပေးရသည်။ ကျီးဒန်နှင့် မဇာညွန့်က နှစ်ယောက်အားဖြင့် မြေပေါ်သို့ ချသည်။
' အိုးတွေ၊ သပိတ်တွေ ၀ယ်ချင်လို့ပါ '

လမ်းဘက်မှ အသံတစ်သံ ပေါ်လာသည်။ အမျိုးသမီးနှစ်ယောက် ဖိုနားသို့ ချဉ်းကပ်လာသည်။ ကျီးဒန်မှာ လှိုက်ခနဲ ၀မ်းသာသွားငြား မဖြေတတ်။ မဇာညွန့် ညီအစ်မကို လှမ်းကြည့်ရသည်။
' ဆီအိုးက တစ်မတ်၊ သပိတ်က သုံးပဲပါ '
မဇာညွန့်ပြောသော ဈေးနှုန်းဖြစ်သည်။
' ပင်ရင်းမှာ သက်သာမလားမှတ်တယ်၊ မသက်သာပါကလား '
' တစ်လုံးတလေကတော့ သည်လိုပါပဲ။ ဆယ်လုံးစ၊ ဆယ့်ငါးလုံးအလုံးနှစ်ဆယ်ယူရင်တော့ ဖောက် သည်ဈေးပေါ့ '

ဈေးမေးရင်း ချဉ်းကပ်လာသော မိန်းမနှစ်ယောက် ဆုတ်ခွာသွားသော်ငြား ရွာသူရွာသားများကား ကွက်ကြည့် ကွက်ကြည့်ဖြင့် ရောက်လာကြသည်။ သူတို့သည် သည်မျှများသော အိုးတွေ၊ သပိတ်တွေ သူတို့ရွာ မှ ထွက်သည့်အတွက် အံ့သြနေကြသည်။
' လာ ညည်းတို့လင်မယားကို မျက်လှည့်ပြမယ် '
မဇာညွန့်က မချိုမချဉ် မျက်နှာဖြင့်ပြောသည်။

ကျီးဒန်မှာ 'မျက်လှည့်' ဟုသာကြားဖူးငြား၊ မကြည့်ဖူးသဖြင့် နာမးလည်ပေ။ သို့ကြေင့် မောင်ဆေးရိုး၏ မျက်နှာကို လှမ်းကြည့်သည်။ မောင်ဆေးရိုးမူ မျက်လှည့်ကြည်ဖူးသဖြင့် စိတ်ဝင်တစားရှိသည်။ ခုနတုန်း က နှစ်ယောက်အားဖြင့် မတင်ခဲ့ရသော၊ မချခဲ့ရသော အိုးများမှာ စလောင်းဖုံးကြီး လုံအောင် ပိတ်ထား သည်။ မဇာညွန့်က အန္တာပိတ်ထားသော ရွှံ့များကို ခြစ်ထုတ်ပြီး နောက် စလောင်းကို ဆွဲဖွင့်လိုက်သည်။
' မျက်လှည့်ဆိုတာ ဒါကိုး '

ကျီးဒန်က တအံ့တသြ ရေရွတ်သော်ငြား မောင်ဆေးရိုးမှ အော်ဟစ်ရယ်မောမိ၏။ တစ်ဖိုလုံးတွင် ဆီအိုးရော သပိတ်ပါ အနက်ရောင်တွေဖြစ်သည်။ ယခု မဇာညွန့် စလောင်းကို ဖွင့်သော အိုးကြီးမှာလည်း အနက်ရောင်ဖြစ်ပါလျက် အိုးထဲတွင်ကား အနီရောင်ေုတွ ဖြစ်နေသည်။ ဟင်းအိုး လည်း အနီရောင်၊ ဆီမီးခွက်နှင့် အိုးဖုတ်များလည်း အနီရောင်ချည်းဖြစ်သည်။ တစ်ဖိုလုံး မည်းပါ လျက် အိုးအမည်းထဲမှ ထွက်လာ သော အိုးတွေ မမည်းသည့်အတွက် 'မျက်လှည့်ပြမယ်'ဟု မဇာညွန့်က ပြောခြင်းဖြစ်၏။ မောင်ဆေးရိုး နှင့် ကျီးဒန်တို့မှာ အံ့သြသည့် နည်းတူ။ ၀မ်းသာခြင်းလည်း ဖြစ်ရသည်။ အိုးဖော်သည်ကို တစေ့တစောင်း လာကြည့်သူများအဖို့မူ ပြောစရာ ကြီးဖြစ်နေတော့သည်။ တစ်ဖိုလုံး အနက်ရောင်တွေ ထွက်ပါလျက် အနက်ရောင်အိုးထဲမှ အနီရောင် အိုးခွက်တွေ ထွက်လာခြင်းမှာ လူစိမ်းများအတွက် အထူး အဆန်း ဖြစ်နေတော့သည်။

အိုးအားလုံးမှာ ကိုင်တွယ်စက အ၀တ်ခုပြီး ကိုင်ရငြား တစ်ဝက်မျှ အရောက်တွင် အပူပေါက်သွား သည်။ မဇာညွန့်တို့ မောင်းလာသော အိုးလှည်းပေါ်သို့ အိုးတွေ တင်ချိန်တွင်မူ အ၀တ်မခုဘဲ ကိုင်နိုင်ပြီး။ မောင်ဆေးရိုးလင်မယားမှာ အိုးတင်နည်းကို တစ်ဆက်တည်း သင်ကြားရသည်။ အိုးလှည်း ဆောင့်သည့် အခါတွင် အိုးအချင်းချင်း မဆောင့်မိစေရန် ကောက်ရိုး ညှပ်ရသည်။ ကောက်ရိုး နှမြော၍ မဖြစ်ပါ။
အိုးလှည်း ထွက်ခါနီးတွင် မဇာညွန့်က ကျီးဒန်၏ လက်ထဲသို့ ငါးကျပ်တန် ငွေစက္ကူနှစ်ရွက် ထည့်ပေး သွားသည်။

' အိုးတစ်လှည်းလုံးမှ တစ်ဆယ်ပဲရတယ် မထင်နဲ့နော်။ ဖောက်သည် သွင်းအပြီးမှ ထပ်ပေးဦးမှာ '
ထိုသို့ မှာကြားသွားငြား ငွေတစ်ဆယ်ဖြင့်ပင် ကျီးဒန် ကျေနပ်လှပြီ။ သူသည် ငါးကျပ်တန် ငွေစက္ကူကို ကိုင်ဖူးရန်ဝေးစွ၊ မြင်သော်မျှ မမြင်ဖူးပေ။ သို့အတွက် ငါးကျပ်တန်များကို ကိုင်ထားသော ကျီးဒန်၏ လက်မှာ တဆတ်ဆတ် တုန်ယင်နေ၏။

ဤမျှသောငွေသည် မဖြစ်လောက်ငြား၊ မောင်ဆေးရိုးတို့အတွက် အားဆေးဖြစ်သည်။ တစေ့တစောင်း ကြည့်နေသူ များ၏ အမြင်တွင်လည်း ' ဆေးရိုးလင်မယား သူဌေးဖြစ်ပြီ'ဟူ၏။ သို့ကြောင့် မောင်ဆေးရိုး တို့၏ အမိုးယပ်အတွင်း၌ အိုးလုပ်ပြီဆိုလျှင် လူတွေ အုံနေတော့၏။

ဆက်ရန်
.

3 comments:

:P said...

အနှောက်အယှက် မပေါ်တော့လို့ တော်သေးတာပေါ့

မေဓာဝီ said...

သေနတ်တန်ခိုး ဘယ်လောက်ကြီးလဲ နော်။ သေနတ်ပိုင်ရှင်တောင် မဟုတ်သေးဘူး သေနတ်ထမ်းတဲ့လူတောင် သေနတ်ရှိန်တက်ပြီး ရူးကြောင်ကြောင် ဖြစ်ရတယ်လို့။ သေနတ်ကိုင်တဲ့လူတွေဆို ပိုဆိုးတော့မှာပေါ့။

ဒီဝတ္ထုလေး ဖတ်နေရင်း သုံးလွန်းတင်မှ ကြိုး ... ဒေါင်ဒေါင်မြည်မှ အိုး ... ဆိုစကားလေး သတိရမိသေးတယ်။ ပြီးတော့ ငယ်ငယ်တုန်းက တွံတေးက အိုးဖိုတွေမှာ အမေတို့ ပိုက်ဆံထည့်ပြီး အိုးလုပ်ငန်း လုပ်ဖို့ ကြိုးစားခဲ့တာလေး အမှတ်ရမိတယ်။ အဲဒီတုန်းက အမေ တွံတေးခဏခဏ သွားရတယ်။ ပြန်လာရင် အိုးပုတ်တွေ အများကြီး ပါလာတတ်တယ်။ တကယ်တမ်း ကိုယ့်ပိုက်ဆံ အများကြီး ထည့်တဲ့ အခေါက်လဲ ကျရော အိုးဖို ပြိုကျလို့ဆိုလား ... ငွေတွေ ပြန်မရတော့ဘူး။ အမေလဲ လုပ်ပေးတဲ့လူတွေကို သနားလို့ ပြန်မတောင်းတော့ဘူး။ နောက်ထပ်လဲ တွံတေးမသွားတော့ဘူး၊ အိုးပုတ်တွေလဲ မရတော့ဘူး။

ကိုဇော် said...

ဝူးးးးးး အဆက်ပြတ်သွားလို့ အဟောင်းကို ပြန်ရှာဖတ်ရသေး။

ငယ်ငယ်က အဖေနဲ့ လိုက်သွားပြီး အိုးလုပ်တဲ့ရွာ ဆိုတာကို ရောက်ဖူးတယ်။ ပျဉ်ချပ်ပေါ် ရွံတင်ပြီး သူတို့ လုပ်သွားတာတော့ ဟုတ်နေတာပဲ။ ကိုယ်လုပ်တော့ လုပ်သမျှ ပြဲထွက်နေတာပဲ။ ကျွမ်းကျင်ရာ လိမ္မာပေါ့။

( ပြေးရ လွှားရ ငါ့ဘဝ ပြန်ဖြစ်နေပြန်ပေါ့ဗျာ။ ဒီနေ့မှ နည်းနည်း နားရတယ်။ )