(၈)
ကံဘဲ့အိမ်ရောက်ပြီး မကြာမီ ဦးချစ်မောင် ဆေးရုံ၌ ဆုံးသွားလေ၏။
သည်အိမ်တွင် ဆက်လက်၍ နေမဖြစ်တော့သဖြင့် ပန်းဆိုးတန်းသို့ ပြောင်းရွှေ့ရလေသည်။
ပန်းဆိုးတန်းသို့ သွားကာနီး ကြီးကြီးခင်ကို သွားကန်တော့သည်။
မျက်ရည်အရောင်တွေ သန်းလျက်ဖြင့် တရားထိန်းထားသော ဣနြေ္ဒကို ဆောင်ကာ ကောင်းမွန်စွာ သံနေ သံထားနှင့် ဆုပေးနေ၏။
ဒေါ်ဒေါ်မှာ ကျွန်မဘေးတွင် မျက်ရည်မဆည်နိုင်အောင် ဖြစ်နေလေသည်။
ဒေါ်ဒေါ်တို့အိမ်သို့ လာနေစဉ်တုန်းက သားအငယ် မိုးဟိန်းမှာ ၂-လသားလောက်ကလေးရှိကာ မကျန်းမာ၍ ဒေါ်ဒေါ်က သူနှင့်အတူ သိပ်လျက် မွေးပေးခဲ့သည်။
ကျွန်မတို့ ဘယ်ပြောင်းပြောင်း မိုးဟိန်းမှာ ကံဘဲံအိမ်တွင် နေရစ်ခဲ့ကာ ကြီးကြီးခင်တစ်လှည့် ဒေါ်ဒေါ် တလဲစီ ယူအိပ်ကြလျက် နို့ဘူးတိုက်မွေးခဲ့ကြသည်။
မိုးဟိန်း မှာ ၂-ခါလည်ကျော် အရွယ်ရောက်ကာ အိမ်ချင်းကပ်နေကြသော ကျွန်မတို့ အိမ်သို့ပင် ကူးမလာ လိုဘဲ ကြီးကြီးခင်ကိုသာ အမြဲကပ်နေသည်။
ကြီးကြီးခင်မှာ အိမ်အတွက်ရော ကျွန်မတို့တ်စအိမ်သားလုံးအတွက်ပါ မီးဖိုထဲ၌ တစ်ယောက်တည်း ချွေးတလုံး လုံးဖြင့် ဒိုင်ခံချက်ပေးနေသည်။
ကျွန်မတို့အိမ်၌ ပန်းချီဦးအုန်းလွင်၊ စာရေးဆရာ ဦးစောဦးတို့ပါလာနေကာ လူများလာ၍ ကြီးကြီးခင် ချက်ကျွေး နေခြင်းကို အားနာလွန်းသဖြင့် သတင်းအိုးခွဲစားကြရသည်။
ကျွန်မ ပေါ်တွင် ထားရှိသည့် စေတနာ မေတ္တာထက် မိုးဟိန်းပေါ်၌ သားငယ်အမေလို အနွံတာခံပြီး မွေးပေး သည့် ကျေးဇူးက ကြီးလှ၍ မခွဲခင် ကျေးဇူးတရားတွေကို စုပေါင်းဦးချ ရှိခိုးနေရ၏။
"လှိုင်ရယ် … မိုးဟိန်းအတွက် စိတ်ချ၊ ကြီးကြီးခင် ရှိပြီကော၊ ကိုယ့်အလုပ်ကိုသာ ဖြစ်အောင်ဆက်လိုက်၊ ဖြစ်လာမှာပါ … ဖြစ်လာမှာပဲ … အင်း … "
ဒေါ်ဒေါ်လည်း ငိုရင်းပင်ဆုပေးကာ မြို့ထဲသို့ ကျွန်မတစ်ယောက်တည်း ပြောင်းသွားရတော့မည့်အဖြစ်ကို သူ့ရင်ထဲ၌ မချိမဆန့် ဖြစ်လျက် အခန်းထဲသို့ ထ၀င်သွားသည်။
"ကြီးကြီးခင် … ကျွန်မ ပေါ့မနေပါဘူး၊ စိတ်ချပါ၊ ဆရာကြီး သခင်ကိုယ်တော်မှိုင်းဆီလည်း သွားပြီး အဂ္ဂိရတ် ပညာ ဆေးနွေးကြည့်ပါဦးမယ်။ မရ ရအောင် ကြိုးစားနေပ့ါမယ် … နော်"
ကြီးကြီးခင် သည် ညင်သာစွာ ခေါင်းညိတ်ကာ ကံခါးနားသို့အတူ ထလိုက်လာပြီး ကျွန်မ၏ပခုံးကို ကိုင်ကာ…
"ကြိုးစားပါ လှိုင် …၊ ပြီးရင်လေ ပြီးတာပဲ အားလုံး အားလုံး၊ အင်း … ဒီလည်း ခဏခဏ လာခဲ့နော်"
ကျွန်မ အိမ်ထဲသို့ ရောက်လာပြီးနောက် ကံဘဲ့သို့ ထင်သလို ခဏ ခဏ မရောက်နိုင်ဘဲ အားလပ်မှသာ ရောက်သွား နိုင်၏။
ဂျာနယ်ကျော်လုပ်ငန်း၊ ပုံနှိပ်လုပ်ငန်းများကို ဦးစီးလျက် အလုပ်များလွနး၍ အိပ်ချိန် စားချိန်လည်းမမှန်၊ ပင်ပန်းလာကာ တဖြည်းဖြည်း နေထိုင်မကောင်း ဖြစ်လာသည်။
အင်္ဂလိပ်ဆေး၊ မြန်မာဆေး၊ ဘယ်ဆေးမှမစားဘဲ ပေတေနေခိုက် ပုသိမ်မှ ကျွန်မ၏ အစ်ကို အစ်မများ ပေါက်လာကြသည်။
ရောက်သည့်နေ့ပင် အပြင်ထွက်ဖို့ရန် ပြင်နေ၏။
"ရန်ကုန်မှာ မြန်မာဆေးဆရာကြီး တစ်ယောက်ရှိတယ်၊ တို့လည်းမသိဘူး။ ပန်းတနော်ဝန်ထောက် ဦးသောင်းက ညွှန်လိုက်လို့ ကြည့်မြင်တိုင်မှာ သွားရှာဦးမယ်" ဟု ပြာကာ ထွက်သွားကြသည်။
ကျွန်မမှာ တစ်နေ့လုံး အလုပ်များလုပ်နေရကာ ညကျမှပင် အစ်မနှင့်ထမင်းပွဲ၌ ဆုံရသည်။
"ညည်း လုပ်ရတာ ပင်ပန်းလိုက်တာအေ… နေကောင်းတာလည်းမဟုတ်ဘူး၊ တရှောင်ရှောင်နဲ့ ဘားဆေး မှလည်း မစားဘူး။ ကြည့်မြင်တိုင် ဆရာကြီးဆီ တို့သွားရင် ညည်းလိုက်ခဲ့ပါလား"
ကျွန်မမှာ ဘယ်လိုပြောနေနေ ဆေးကုရန် စိတ်မပါဘဲ ဖြစ်နေသည်။
အင်းမလုပ် အဲမလုပ် လုပ်နေ၍ ဆက်မပြောကြတော့ဘဲ နေကြသည်။
နောက်တစ်နေ့ ထမင်းဝိုင်းတွင် ဆုံကြပြန်သည့်အခါ သူတို့လင်မယားနှစ်ယောက် အချင်းချင်း ဆရာကြီး အကြောင်းတွေ ထမင်းစားရင်း ပြောနေကြသည်။
အလုပ်သာ ကျွန်မ စိတ်စောနေလျက် ကပျာကယာစားပြီး ထလိုက်သည်။
"ညည်းမနက် ဆရာကြီးဆီလိုက်ခဲ့ပါလား၊ ဆေးကုသိပ်တော်တာပဲလို့ ဦးကောင်းက ပြောလိုက်တယ်၊ လူနာ နာမည်မေးပြီးမှဆေးပေးတာ ဘာဆရာလဲ မမ…၊တော်အိရော်အိ ဆရာတွေနောက် တော်တော် လိုက်၊ ကျွန်မတော့ အယုံမရှိဘူး"
ကျွန်မသည် ခပ်ဆတ်ဆတ် ပြောကာ ထသွား၏။
စားပွဲခုံတွင် စားရေးနေစဉ် သူတို့အချင်းချင်း ပြောနေကြသည့်စကားထဲမှ …
"ဆရာကြီးပြောတာ မှတ်မိရဲ့လား၊ မှားတာဟာ ဘယ်တော့မှ မမှန်ဘူး၊ မှန်တာဟာ ဘယ်တော့မှမမှားဘူးတဲ့" ဟု အစ်ကိုကြီးက ပြောနေလျက် မမက…
"မသိတာလည်း မစားနဲ့တဲ့… မသိတဲ့စကားလည်းပြောနဲ့လို့ ပြောလိုက်သေားတယ်မဟုတ်လား" ဟု ဆက်လိုက်၏။
ကျွန်မမှာ ငုံ့စာရေးနေရာမှ ကြားလိုက်မိသော စကားများကို နှစ်သက်လွန်း၍ ခေါင်းထောင်လာကာ မမ ဘက်သို့ လှည့်ပြီး …
"မမ … အဲဒီဆရာကြီးက နာမည်ဘယ့်နှယ် ခေါ်သလဲ" ဟု လှမ်းမေးလိုက်သည်။
"နေလ ၀ိဇ္ဇာ ဆရာကြီး ဦးဘခိုင်"
ကျွန်မမှာ စာကိုဆက်ရေးနေသော်လည်း စိတ်က တခြားရောက်နေလေသည်။
"နေလ ဆိုတာ အပူအအေးပြောတာပဲ၊ ၀ိဇ္ဇာကတော့ အတတ်အပညာပြောတာ။ အပူအအေးတတ်ရင် အဂ္ဂိရတ်သဘောတော့ မုချနားလည်မှာပဲ။ နည်းနည်းပါးပါး ဆွေးနွေးကြည့်ရရင် ကြီးကြီးခင်အတွက် အထောက် အပဲ့ အစအနများ ရလေမလား"
ကျွန်မသည် ကြီးကြီးခင်အတွက် စိတ်ကူးရသည်နှင့် ဆရာကြီးထံသို့ နက်ဖြန် သူတို့သွားရင် လိုက်သွားရန ဆုံးဖြတ်လိုက်သည်။
တဲတွင်း၌ စားပွဲခုံဟောင်းဘေးတွင် ဘဲဥပုံ ရေအိုးနှုတ်ခမ်းကွဲကြီးချထားလျက် ကုလားထိုင်စုတ်တစ်လုံးနှင့် ထိုင်နေသော ဆရာကြီးကို တွေ့တွေ့ချင်း အင်္ဂါရုပ်ကို လေးလေးနက်နက် အကဲခတ်ကြည့်လိုက်သည်။
ပညာရှိရုပ်သွင်ဆောင်လျက် မျက်နှာထားကြီးကြီးနှင့် တည်ငြိမ်သော မျက်နှာမျိုးကို တွေ့ရ၏။
"ဆရာကြီး ရယ်… ဒါ ကျွန်မညီမပါ။ ကောင်းကောင်းလညးမမာဘူး၊ အင်္ဂလိပ်ဆေးလဲ အားမထားလို့ မစားဘူးတဲ့။ မြန်မာဆေးလည်း လုံးလုံးမစားဘူး၊ အလုပ်က သိပ်ပင်ပန်းတာမို့ ဆရာကြီးဆီ ခေါ်လာ ရတယ်"
ဆရာကြီးသည် ကျွန်မကို စူးစိုက်ကြည့်ကာ …
"နာမည်ဘယ့်နှယ့်ခေါ်သလဲ" ဟု မေးလိုက်၏။
ကျွန်မငြိမ်နေ၍ ကျွန်မအစ်မကပင် ကျွန်မ၏နာမည်ကို ဂျာနယ်ကျော်မမလေးဟု ၀င်ပြောကာ ..
"နာမည်ကိုမေးပြီး ဆေးပေးတာ သူက နားမလည်ဘူးတဲ့ဆရာ" ဟု ရယ်သွမ်းသွေးကာ ရယ်မောပြောပြနေ
သည်။
ဆရာကြီးသည် ကျွန်မကို တွေစိုက်ကြည့်ကာ ပြုံးလိုက်၏။
ထို့နောက် တေ့တေ့ဆိုင်ဆိုင်ပြန်ကြည့်ကာ တစ်လုံးချင်းတစ်လုံးချင်း ခပ်ပြတ်ပြတ် ပြောလိုက်သည်။
"နာမည်ကို မမေးဘဲကုတဲ့ ဆရာများ တွေ့ဖူးသလား၊ ဥပမာ လူမမာရှင်တစ်ယောက်က ဆရာကိုလာပင့်တဲ့အခါ မမာတဲ့သူ ဘယ်သူလဲ၊ ဘာဖြစ်လို့လဲမှ မမေးရဘူးလား။ ရှေုးက ဘယ်ဆရမမဆို မမာတဲ့သူ ဘယ်သူလယ်ဝါ ဆုံလင်အောင်မေးပြီးမှ လိုက်ကြရိုးထုံးစံပါပဲ။ လူမမာ့နာမည်မမေးဘဲ လူမမာ မနည်းဖြစ်လို့ ဆရာကြွပါဆု ပြီးလိုက်သွားရင် ဘယ်သူ့ကို ဆေးတိုက်ခဲ့မလဲ။ နာမည်ထည့်ပြီး ခေါ်တာတောင် ဆရာကိုယ်တိုင် မှားခဲ့ဖူး သးတယ်"
ဆရာကြီးနှင့် မမသာ ပြုံးရယ်နေကြလျက် ကျွန်မမှာ ခပ်စိမ်းစိမ်းပင် ငြိမ်ထိုင်နေသည်။
ဆရာဖြစ်ကာစ တယ်လဲ လူမမာကုချင်တာကို … မောင်ပြားဆိုတဲ့အသိတစ်ယောက်က သုတ်သီးသုတ်များလာခဲ့ပြီး "ဆရာ… ကျွန်တော်တို့အိမ်က ဘိုက်ကြီး ဆီးချုပ် ၀မ်းချုပ်ဖြစ်လို့ အသက်ကလေးတစ်ချောင်း ကယ်မသောအားဖြင့် ကြွပါခင်ဗျုာ" လို့ ရိုရိုသေသေ ခြေကြွခကလေး ရှေ့ချပြီးခေါ်တာကိုး … ဆရာလည်း ဆေးအိတ်လွယ်ပြီးမောင်ပြားခေါ်ရာနောက် လိုက်သွားတယ်။
အိမ်ရေက်တော့ အိမ်ရှေ့လှေကားက အိမ်ပေါ်မတက်ဘဲ အိမ်ဘေးကနေပြီး နောက်ဖေးဘက်သွားတော့ သည်ကောင် တပိုတပါးသွားတာလားလို့ အောက်မေ့ပြီး သူ့နေုာက်မလိုက်ဘဲ အိမ်ရှေ့ကရပ်စောင့်နေတာ၊ နောက်ဖေးက ပြန်ထွက်လာပြီး" ဆရာ ဆရာ … အိမ်ဘေးက ကြွခဲ့ပါလို့ " အော်ခေါ်တယ်၊ ဆရာလည်း စမ်းတ၀ါးဝါးနဲ့ သည်ကောင် နောက်ဖေးကိုခေါ်တာ ဘယ့်နှယ့်လဲ လို့စဉ်းစားရင်း သူခေါ်တဲ့ ဆီသွားရတာပေါ့။ နောက်ဖေးရောက်တော့ လား လား … အမြှုပ်တစ်စီစီထွက်နေပြီး လဲနေတဲ့ နွားကြီး တစ်ကောင်ကို ပြတော့မှ မောင်ပြားရာ … ငါကကွာ … ဘိုက်ကြီးမမာလို့ဆိုတော့ လူလားမှတ်တယ်၊ နွားပါလားကွယ့်လို့ ပြောလိုက် တယ်။
"နာမည်ပြောပြီး လိုက်တာတောင် လူမဟုတ်ဘဲ လွဲပြီး နွားဖြစ်နေရင် နာမည်မမေးဘဲများ လိုက်သွားရင် ဘယ်အထိအောင်များလွဲကြမယ်မသိပါဘူး"
မမမှာ ဟက်ဟက်ပက်ပက် ရယ်မောနေလေသည်။
ကျွန်မလည်း က္ကနြေ္ဒမဆည်နိုင်၍ ပြုံးနေသော်လည်း စိတ်ထဲက ဆရာကြီးစကားကို မူလပညတ်နှင့် ဝေါဟာရပညတ်ခွဲကာ ကျွန်မနားလည်သလိုမှ မမနားလည်လိုက်ရဲ့လားဟု အောက်မေ့လိုက်မိသည်။
ဆရာကြီးသည် စာရွက်လေးပေါ်တွင် ကျွန်မအတွက် ဓါတ်စာရေးချကာ ကမ်းပေးပြီး …
"မြန်မာစာပေ ကျမ်းဂန်များ ကြည့်ဖူးသလား" ဟုမေးလိုက်၏။
"အသင့်အတင့်တော့ဖတ်ဖူးပါတယ် ဆရာ၊ အင်္ဂလိပ်ဆေးကို အားမထားမှ သာပြီးကြည့်ပါသေးတယ် သဘော ပေါက်ပါဘူး"
အထူးသဖြင့် လောကီစာပေထဲက အဂ္ဂိရတ်အကြောင်းနှင့် ပတ်သက်၍ အသင့်အတင့်ဖတ်ဖူးသော ဗဟုသုတကို
မြှုပ်ကာ အရိုင်းမေးစ မေးကြည့်သည်။
"ကျွန်မ မသိလို့မေးပါရစေဆရာ၊ အဂ္ဂိရတ်ပညာမှာ ဓာတ်တွေကို ထိုးတိတ်ရင် ရွှေဖြစ်တယ်လို့ ဆိုထားတယ်။ တကယ်သာ ၀ိဇ္ဇာတွေရွှေဖြစ်အောင် အလွယ်လေးနဲ့လုပ်နိုင်ရင် ဘာဖြစ်လို့ မီးလောင်ပြာကျဆင်းရဲသားတွေကို အလကားမပေးနိုင်ကြသလဲဆရာ"
ဆရာကြီးသည် ကျွန်မအမေးကို ကျေနပ်စွာပြုံးလျက် ခေါင်းညိတ်၏။
ကျွန်မမေးသည့် အဓိပ္ပာယ်ကို စိတ်ရှည်လက်ရှည် ရေလည်အောင် ရှင်းပြောပြသည်။
"ရှင်အဇ္ဇဂေါဏ လက်ထက်တုန်းက ရွှေတွေကို အမြောက်အမြားစုပုံလုပ်ကိုင်ပေးခဲ့တာ မကြားဖူးဘူးလား။ အဲဒီုန်းလူတွေရဲ့ မူလဘူတပညတ်က မှန်နေတာ ရွှေတွေမြင်တွေ့လို့ ၀မ်းမသာဘဲ ထိုအရှင်ရဲ့ ပညာကိုသာ လိုလားနှစ်သက်ကြတယ်။ ခုခေတ်မှာ လူများများ စည်ကားတဲ့လမ်းဆုံမှာ ရွှေတွေစုပုံပြီး ယူကြလော့ပေိးုက်ရင် ရွှေပုံကြီးက ယုတ်လျော့နည်းပါးမသွားဘဲ ရွှေပုံနားမှာ သူ့ထက်ငါ လုယက်သတ ဖြတ်ကြလို့ အလောင်းချင်း ထပ်နေကြတော့မှာပေါ့။ ဒါကြောင့် ဒီခေတ်မှာရွှေပေးတဲ့ ခေတ်မဟုတ်ဘူး။ ရွှေငေ ဖြစ်စေတတ်တဲ့ ပညာကိုသာ ပေးတဲ့ခေတ်ဖြစ်တယ်"
"ဒါဖြင့် … ဒီပညာသင်ရင် တတ်ရင် ရွှေတွေအများကြီးလုပ်တတ်မှာပေါ့ဆရာ"
ဆရာကြီးသည် ကျွန်မအား စိန်းစိန်းစားစားကြည့်ကာ သိလိုစုံစမ်းသောမျက်နှာထားဖြင့် ခေါင်းသည် ရှေ့သို့ငိုက်
လာလျက် မျက်မှောင်ကုတ်၍ မေးလိုက်သည်။
"နေပါဦး … မေးစမ်းပါရစေဦး ရွှေတွေလုပ်တတ်လို့ အများကြီးရပါပြီတဲ့ … ဒီပစ္စည်းတွေရဲ့ အရသာကို ပျော်ပျော်ရွင်ရွှင်ခံစားဖို့ မမလေးက ကျန်းမာရဲ့လား … ကျန်းမားရေး လက်ကိုင်ရှိသလး၊ မကန်းမာနေရင် ရွှေတွေ ငွေတွေရဲ့ အရသာကိုဘယ်လိုများခံစားမလဲ"
ကျွန်မသည် ဆရာကြီးကို အဓိပ္ပာယ်လေးနက်စွာ ပြန်စိုက်ကြည့်နေကာ ပြောကြားသော စကားများကို ထိထိရောက်ရောက်စဉ်းစားဝေဖန် သုံးသပ်နေမိသည်။
"ချမ်းသာတာရဲ့ အစ ကျန်းမာတာက၊ ပညာအစ နေနဲ့လ၊ မှတ်ထား။ မကျန်းမာရင် ချမ်းသာဖို့ ခဲယဉ်းမယ်။ နေနဲ့လ မရှိရင်လည်း အလင်းရောင်မရဘဲ မှောင်အတိနဲ့ တွေ့ပြီဲး သွားရာလမ်းကြောင်း မဖြောင့်ဖြစ်တော့မယ်"
ဆရာကြီးစကားကို အဓိပ္ပာယ်ပေါ်အောင် ခပ်နက်နက် တွေးယူကာ သေချာရှင်းလင်းအောင် "ကျန်းမာရေး၊ ချမ်းတာရေးအတွက် ပညာအစ နေနဲ့လဆိုတာ အကြမ်းလောက် ရှင်းပေးပါဆရာ" ဟုထပ်မေးတောင်းပန်လိုက်သည်။
"သူရိယဆိုတဲ့နေမင်းဟာ သူ့သဘာဝအတိုင်း အရှေ့ကျွန်းက ထွက်ပေါ်စပြုလာပြီး ဘယ်သူ့ကိုမှဂရုမမူဘဲ သတ္တ၀ါ မှန်သမျှ အလင်းရောင်ပေးပြီး အနောက်ကျွန်းကို ၀င်သွားတယ်။ ဒီနေမင်း လမင်းတို့ ထွက်ပေါ် ထွန်းလင်း အရောင်ရှိန်ပြင်းတဲ့အခါ ဘယ်သူက မုန်းတီးလို့ပဲ ဆဲဆဲဆိုဆို အရောင်ရှိန်မပျက်ဘဲ သွားရာ လမ်းကြောင်းအတိုင်းပင် သွားမယ်၊ ဘယ်လို လူပလီမျိုးတွေကပဲ ချစ်ကြည်ညိုပြီး ရှိခိုးဦးချနေပါစေ။ သူ့သဘာဝက ပိုလွန်ပြီး မသွားဘူး၊ သွားမြဲတိုင်းသွားတယ်။ ဒါကြောင့် သူရိယတည်းဟူသော တနင်္ဂနွေ နေမင်း၏ အလင်းရောင်ကျေးဇူးကို မမလေး ခံစားတတ်ခဲ့ရင် တနင်္လာလမင်းရဲ့ အလင်းရောင်ကို ခံစားပြီး ဖြစ်လာရော"
ကျွန်မမှာ ဆိုဆုံးမသြ၀ါဒကို နာယူလွယ်နိုင်သော ပါရမီအခံနှင့် ဗဟုသူတကလေး အနည်းငယ်ရှိ၍ လောကမှာ "ကျန်းမာတာကို ပထမ အသေအချာပိုင်နိုင်မှ အဂ္ဂိရတ်ပညာကို သဘောပေါက်နိုင်မည်" ဟု တရေးရေး တွေးမိလာလေသည်။
"နေနဲ့လ၊ မူလ ၂ ပါးကို မမေ့နဲ့၊ အမည်ပညတ်ကနေ၊ စာကတနင်္ဂနွေ၊ ဗျည်းက အ၊ ဂဏန်းက ၁၊ ဓါတ်က ဥဏှတေဇော၊ အရသာကအပူ"
ကျွန်မလည်းကြားရတာနှင့် နှစ်သိမ့်အားရစွာ ဖြစ်သွားလျက် "ဆရာကြီး ကျွန်မ ဆေးပညာ တတ်ချင် ပါတယ်။ တပည့်အဖြစ် အပ်ပါရစေ" ဟု ခွင့်ပန်ကြားလိုက်သည်။
"ထိုက်ရင်ရမှာပေါ့"
ကျွန်မမှာ ကြီးကြီးခင်၏ မျက်နှာကို မြင်ယောင်လိုက်ကာ တဖြည်းဖြည်းတော့ တစ်နေ့ သူ့အလိုဆန္ဒ ပြည့်နိုင် မှုာပဲဟု နှစ်ထောင်းအားရ ဖြစ်သွားမိသည်။
ဆက်ရန်
.

2 comments:
ဖတ်ပြီး....ဒါလေးကိုမျှော်နေတာ
ဒီလိုဆိုတော့ ဂျာနယ်ကျော်မမလေး ဆေးဆရာဖြစ်ရခြင်းအစက ကြီးကြီးခင်ကြောင့်လို့ဆိုလည်း ရတယ်နော်။
ဖတ်ရတာ စိတ်ဝင်စားစရာပဲ။ ဆက်လက်စောင့်မျှော်လျက် ...
Post a Comment