Wednesday, September 8, 2010

တက္ကသိုလ် နေဝင်း ဘာသာပြန် ဇင်ဘာဘွေ အခန်း (၂၂) အဆက် (၂)

အခန်း(၂၂)အဆက်(၂)

စကားပြောရာ၌ ကက်ပတိန် နီဘေဘီသည် မာတာဘယ်လီ ဘာသာစကားမှ 'အာမွန်ဒါလာကာ ဖွန်ဂါဘီရာ' ဟူသော ဝေါဟာရကို အသုံးပြု၍ ပြောသွားသဖြင့် ခရိတ်မှာ အံ့အားသင့်မိလေသည်။
တူတီ သာသနာပြု မစ်ရှင်ကျောင်းမှ တိုင်းရင်းသူ ဆရာမကလေး ဆာရာကလည်း ဖွန်ဂါဘီရာ အကြောင်း ပြောရာ ၌ ဤစကားလုံးကိုပင် အသုံးပြုခဲ့သည်။
ထို့ကြောင့် ခရိတ်က-

"ဒါထက် ကက်ပတိန်၊ အဲဒီစကားလုံးကို ကျုပ်အရင်ကလည်း တစ်ကြိမ်ကြားဖူးတယ်။ အဓိပ္ပာယ် အတိအကျကို ကျုပ်နားမလည်ဘူး"ဟု ပြောလိုက်ရာ ကက်ပတိန် နီဘေဘီက ရှင်းပြလေသည်။
"ဒီစကားလုံးက မာတာဘယ်လီဘာသာနဲ့ တောခွေးလို့ အဓိပ္ပာယ်ရတယ်။ သူတို့အစိုးရရဲ့ ပြန် လည် ထူထောင်ရေး စခန်းလို့ခေါ်တဲ့ အကျဉ်းစခန်းတွေမှာ သေဆုံးသူ သို့မဟုတ် ကွပ်မျက်ခံရသူ တွေရဲ့ အလောင်း ကို တောထဲယူသွားပြီး တောခွေးအစာအဖြစ် ပစ်ထားလေ့ရှိတယ်။ တောခွေးဆို တာက အသားစား တဲ့နေရာမှာ ဘာမှမကျန်အောင် အကုန်စားပစ်တတ်တယ်။ လူသေအလောင်း က အရိုး တစ်ချောင်း၊ ဆံပင်တစ်ပင်တောင် မကျန်အောင် စားပစ်တတ်တယ်"

"ဘုရား ဘုရား"
ဆယ်လီ က တုန်လှုပ်ချောက်ချားစွာဖြင့် ရေရွတ်လိုက်မိသည်။
"ကြောက်စရာပါပဲလားရှင်၊ အဲဒီလိုနည်းနဲ့ လူတွေ ဘယ်နှယောက်လောက်များ အသတ်ခံခဲ့ရသလဲ ကက်ပတိန်ရှင့်"
"အတိအကျတော့ မပြောနိုင်ဘူး။ သို့သော်လည်း ခန့်မှန်းခြေအားဖြင့် သေတဲ့ဦးရေက ထောင်ချီ ပြီးရှိမှာ သေချာ ပါတယ်"
"အင်း…ယုံစရာတောင် မရှိဘူး။ တကယ် ရက်စက်တာပဲကိုး"

"ဗိုလ်ချုပ်ဖွန်ဂါဘီရာအနေနဲ့ မာတာဘယ်လီ လူမျိုးတွေကို မုန်းတီးပုံဟာ အင်မတန် လွန်ကဲပါ တယ်။ အင်္ဂလိပ် လို အော့ဗ်ဆက်ရှင်းလို့ခေါ်တဲ့ စိတ်ရူးပေါက်လောက်အောင် အစွဲအလမ်းကြီးတဲ့ သဘောပါပဲ။ သူ့ရဲ့ ရည်ရွယ်ချက်က ဇင်ဘာဘွေနိုင်ငံမှ မာတာဘယ်လီ အမျိုးသားတွေ မျိုးဆက် ပြုတ်လောက်အောင် သုတ်သင် ရှင်းလင်းပစ်ချင်တဲ့ သဘောမျိုး ဖြစ်တယ်။ ပထမဆုံး မာတာဘယ် လီ ခေါင်းဆောင်တွေကို သုတ်သင် ဖို့ အစီအစဉ် ရှိတယ်။ မဟုတ်မမှန်ဘဲ လုပ်ကြံပြီး နိုင်ငံတော် သစ္စာဖောက်မှုနဲ့ စွပ်စွဲ အပြစ် ပေးဖို့ ဆိုပါတော့။ ဥပမာ ၀န်ကြီး တွန်ဂါတာ ကိစ္စမှာလို"
"ဟင်…ဟုတ်လား၊ ဒါဖြင့် ၀န်ကြီးတွန်ဂါတာမှာ အပြစ်မရှိဘူးပေါ့"

ဆယ်လီက ဖြတ်မေးလိုက်ရာ ကက်ပတိန် နီဘေဘီက ခေါင်းညိတ်ပြလေသည်။
"၀န်ကြီး တွန်ဂါတာကို အရေးယူရာမှာ ဗိုလ်ချုပ် ဖွန်ဂါဘီရာဟာ သတိထားပြီး လုပ်ခဲ့ပါတယ်။ တကယ်လို့ နိုင်ငံရေး ပြစ်မှုနဲ့ အရေးယူမယ်ဆိုရင် မာတာဘယ်လီ တိုင်းရင်းသား လူထုတစ်ရပ်လုံး အုံကြွ လာမယ် ဆိုတာလည်း သူကောင်းကောင်း သိတယ်။ ဒီအခြေအနေမှာ ခင်ဗျားနဲ့ မစ္စတာ ခရိတ်တို့က သူ့အတွက် အကောင်းဆုံး အခွင့်အရေး လာပေးသလို ဖြစ်လာခဲ့တယ်။ နိုင်ငံရေးပြစ် မှု မဟုတ်ဘဲ လောဘတကြီးနဲ့ စီးပွားရေး သောင်းကျန်းမှုဖြစ်တဲ့ ရာဇ၀တ်မှုပြစ်မှုနဲ့ အရေးယူဖို့ အခြေအနေ ဖြစ်လာပါတယ်"

"သြော် ဒီလိုလား၊ ဒါထက် တောရိုင်းတိရစ္ဆာန်တွေ ခိုးသတ်ဖြစ်နေတဲ့ မှောင်ခိုဂိုဏ်းရဲ့ အကြီးအကဲ က တွန်ဂါတာ မဟုတ်ရင် ဘယ်သူများလဲ"
"တခြားလူ မဟုတ်ဘူး၊ ဗိုလ်ချုပ် ဖွန်ဂါဘီရာ ကိုယ်တိုင်ပဲ ခင်ဗျ"
"ဟာ…ဟုတ်ရဲ့လား၊ သေချာရဲ့လား"
ခရိတ် က မယုံကြည်နိုင်ဟန်ဖြင့် ၀င်မေးလိုက်သည်။
"တိရစ္ဆာန်ပစ္စည်း (ဆင်စွယ်၊ ကြံ့ချို၊ ကျားသစ်ရေ)တွေကို ပြည်ပခိုးထုတ်တဲ့ကိစ္စမှာ ကျွန်တော်ကိုယ် တိုင် တာဝန်ယူ လုပ်ခဲ့ရပါတယ် ခင်ဗျ"
"ဟာ…ဟုတ်ရဲ့လား၊ ဟိုတစ်နေ့က ကာရိုအီလမ်းမှာတုန်းက ကိစ္စကကော"

"ဒါက လွယ်ပါတယ် မစ္စတာ ခရိတ်ခင်ဗျား၊ ဗိုလ်ချုပ် ဖွန်ဂါဘီရာအနေနဲ့ ၀န်ကြီး တွန်ဂါတာဟာ တစ်နေ့နေ့ တစ်ချိန်ချိန် မှာ တူတီသာသနာပြု မစ်ရှင်ကျောင်းကို မုချသွားမှာပဲလို့ ကြိုတင် သိ ထားတယ်။ ဆင်စွယ်တွေ၊ ကြံ့ချိုတွေပါတဲ့ ကုန်တင်ကားကို ကျွန်တော်တို့ကပဲ စီစဉ်တယ်။ ကား မောင်းသူ အဖြစ်လည်း မာတာဘယ်လီလူမျိုး အကျဉ်းသားတစ်ဦးကို မောင်းခိုင်းတယ်။ ဒီလူ့ကို ကျွန်တော် တို့က လာဘ်ပေးလာဘ်ယူနည်းနဲ့ စည်းရုံးပြီး ခိုင်းခဲ့တာပါပဲ။ ဒီကုန်တင်ကားကြီးကို တွန်ဂါတာ လာမယ့်လမ်းက ကြိုတင်စောင့်ခိုင်းတယ်။ အဲဒီတုန်းကတော့ ကျွန်တော်တို့အနေနဲ့ ၀န်ကြီး တွန်ဂါတာ ဟာ အကြမ်းဖက် တုံ့ပြန်လိမ့်မယ်လို့ မတွက်ခဲ့မိဘူး။ သူက အကြမ်းဖက်လိုက် တော့ ကျွန်တော် တို့ဘက်က အရေးယူဖို့အတွက် ပိုပြီး ကောင်းသွားတာပေါ့"
ပြောရင်း နှင့် ကက်ပတိန်နီဘေဘီသည် ကားကို ဆက်လက်မောင်းနှင်နေရာ ခရိတ်နှင့် ဆယ်လီတို့ သည် ကားပေါ် ထိုင်လိုက်လာရင်း သူတို့ ယခုလို လွတ်မြောက်လာခြင်းမှာ ကံကောင်းလေစွဟု တွေးနေမိကြ လေသည်။

"ကျုပ်တို့ အခု ဘယ်ကို သွားကြမှာလဲ"
ခရိတ်က မေးလိုက်သည်။
"ဘော့ဆွာနာနိုင်ငံ နယ်စပ်ကို သွားကြပါမယ်"
ဘော့ဆွာနာနိုင်ငံသည် ဇင်ဘာဘွေနိုင်ငံ၏ တောင်ဘက်တွင်ရှိသော နိုင်ငံတစ်ခုပင် ဖြစ်သည်။ ယင်းနိုင်ငံ ၌ အိမ်နီးချင်း အာဖရိကနိုင်ငံမှ အတိုက်အခံ နိုင်ငံရေးသမားတို့ သွားရောက် ခိုလှုံလေ့ ရှိ ကြသည်။
"အခု ကျွန်တော်သွားမယ့် လမ်းမှာဆိုရင် ကျွန်တော်တို့ တိုင်းရင်းသားတွေ ဘယ်လောက် ဆင်းရဲ ဒုက္ခ ရောက်နေကြတယ်ဆိုတာ ခင်ဗျားတို့ မြင်ကြရပါလိမ့်မယ်။ ဗိုလ်ချုပ် ဖွန်ဂါဘီရာက မာတာ ဘယ်လီလူမျိုး တွေ နေထိုင်တဲ့ နယ်မြေရဲ့ အနောက်တောင်ဘက်ခြမ်းကို လုံးဝ ပိတ်ဆို့ထားပြီး ဖြစ် တယ်။ နိုင်ငံခြား သတင်းထောက် တွေ၊ သာသနာပြု ပုဂ္ဂိုလ်တွေ၊ ကြက်ခြေနီအဖွဲ့ဝင်တွေလည်း လုံးဝ သွားရောက် ခွင့်မရှိဘူး"

ကက်ပတိန် နီဘေဘီသည် စကားကို ခေတ္တဖြတ်၍ ကားကို ဂရုစိုက် မောင်းလေသည်။ ထိုနေရာ၌ လမ်းတွင် ချိုင့်ကြီးများရှိနေသည်။ ၀က်ဝံများက ခြတောင်ပို့များ လိုက်ရှာတူးဆွရင်း ချိုင့်ကြီးများ ဖြစ်နေ လေသည်။
မြေညီရောက်တော့မှ သူသည် ကားကို စက်ရှိန်နှင့် မောင်းရင်း စကားဆက်ပြောလေသည်။
"အခု ကျွန်တော့်မှာ ရှိထားတဲ့ ဗိုလ်ချုပ် ဖွန်ဂါဘီရာ လက်မှတ်နဲ့ စိစစ်ရေးကတ်ပြားကြောင့် ကျွန်တော် တို့ဟာ တချို့ဂိတ်တွေကို ဖြတ်ကျော်ခွင့် ရလိမ့်မယ်။ ဒါပေမဲ့ နယ်စပ်ထိအောင်တော့ သွားလို့ရမှာ မဟုတ်ဘူး။ ဒါကြောင့် ကျွန်တော်တို့က ဘေးလမ်းကြားတွေအတိုင်း ရှာမောင်းပြီး နယ်ခြား ဖြတ်ကူးဖို့ နေရာ ရှာ ရလိမ့်မယ်။ အခု ကျွန်တော်ဟာ ခင်ဗျားတို့ဘက် ပါသွားပြီဆိုတာ ဗိုလ်ချုပ် ဖွန်ဂါဘီရာကလည်း အမြန်ဆုံး သိပြီး တောနင်းရှာတော့မှာ သေချာတယ်။ တတိယ တပ်မဟာ တစ်တပ်လုံးက လိုက်ရှာမှာမို့ အတတ်နိုင်ဆုံး ဝေးအောင်ပြေးမှ ဖြစ်မယ်"

မကြာမီ ဟိုင်းဝေးလမ်းမကြီး၏ လမ်းခွဆုံးတစ်ခုသို့ ရောက်သွားရာ ကက်ပတိန် နီဘေဘီသည် ကားကို ရပ်လိုက်သည်။ သို့သော် စက်မရပ်ဘဲ ဆက်၍ စက်နှိုးထားပြီး မြေပုံတစ်ခု ထုတ်ယူ၍ ကြည့်လေသည်။

"အခု ကျွန်တော်တို့ ရောက်နေတာက မီးရထားလမ်းရဲ့ တောင်ဘက်ဖြစ်တယ်။ ဒီဘက်လမ်း အတိုင်း သွားရင် အင်ပန်ဒင်နီဘူတာကို ရောက်မယ်။ တကယ်လို့သာ အဲဒီကို တတိယတပ်မဟာ စစ်တပ်က တပ်လှန့်နှိုးပြီး လိုက်မရှာခင် ရောက်သွားမယ်ဆိုရင် ကျွန်တော်တို့ နယ်စပ်ကို ဖြတ် ကျော်နိုင်ပါလိမ့်မယ်။ ဖြစ်နိုင် တာက ဖြတ်ဖို့ကောင်းတဲ့ နေရာကတော့ မာဒါဘာနဲ့ မတ်ဆူမီအရပ် နှစ်ခုကြား ဒေသပဲ ဖြစ်ပါတယ်။ အဲဒီနေရာမှာဆိုရင် ဘော့ဆွာနာနိုင်ငံ နယ်ခြားရဲကင်းလည်း အမြဲ ရှိနေတတ်တယ်''

"ဒါဖြင့်လည်း မြန်မြန်သာ မောင်းပေတော့"
ခရိတ် က စိတ်မရှည်သလို ပြောလိုက်ရာ ကက်ပတိန်နီဘေဘီလည်း မြေပုံကို ပြန်ခေါက်သိမ်း၍ ကားကို ဆက်မောင်း လေသည်။
"ဒီမယ် ကျွန်မ ရှင့်ကို မေးခွန်းတချို့ မေးချင်တယ်"
ဆယ်လီက ကားမောင်းနေသူ နီဘေဘီအား မေးလိုက်သည်။
"ဟုတ်ကဲ့၊ ကျွန်တော် ကြိုးစားဖြေပါမယ်"

"ဂွတ်ဒွင် မိသားစု ရက်ရက်စက်စက် အသတ်ခံရတာရယ် နောက်ပြီး တခြား မျက်နှာဖြူ မိသားစု တွေ နှိပ်စက်ခံရတာတွေရယ်၊ အဲဒါတွေကို ၀န်ကြီး တွန်ဂါတာက အမိန့်ပေးခဲ့တာလား။ ဒီပြစ်မှု တွေအတွက် သူ့မှာ တာဝန်ရှိသလား"
"မဟုတ်ဘူး ခင်ဗျ။ ၀န်ကြီးတွန်ဂါတာဟာ အဲဒီလို ရက်စက်သတ်ဖြတ်မှုတွေကို ရပ်စဲအောင် တား ဆီးဖို့ ကြိုးစားခဲ့ပါတယ်။ ဟိုနေ့က သူဟာ တူတီသာသနာမစ်ရှင်ကို သွားခဲ့တာဟာလည်း မာတာ ဘယ်လီ တိုင်းရင်းသား ထဲက အကြမ်းဖက် အယူသီးဝါဒသမားတွေကို ဖျောင်းဖျဆွေးနွေးဖို့ သွား ခြင်းသာ ဖြစ်ပါတယ်"
"ဒါပေမဲ့ရှင်၊ လူသတ်ပြီး သွေးနဲ့ နံရံမှာ တွန်ဂါတာ အသက်ရာကျော် ရှည်ပါစေလို့ ရေးခဲ့တာက ကော"

ဆယ်လီက ဤသို့ မေးလိုက်သည်တွင် ကက်ပတိန် နီဘေဘီသည် ချက်ချင်း ပြန်မဖြေဘဲ ဆိတ် ဆိတ်နေလိုက်သည်။ သူ၏ မျက်နှာမှာ အလွန်စိတ်ဆင်းရဲသည့်ဟန်မျိုးဖြစ်နေရာ ဆယ်လီနှင့် ခရိတ်တို့လည်း အလိုက်သိစွာဖြင့် စောင့်နေလိုက်ကြသည်။

ခဏကြာတော့မှ ကက်ပတိန်နီဘေဘီက စကားပြောရာ သူ၏အသံမှာ တစ်မျိုးဖြစ်လာသည်ဟု ထင်ရပေသည်။
"မစ္စဆယ်လီခင်ဗျာ၊ ကျွန်တော်ရဲ့အခြေအနေကို ကိုယ်ချင်းစာပြီး စဉ်းစားစေချင်ပါတယ်။ အဲဒီလို စဉ်းစားပြီးမှသာ အခု ကျွန်တော်ပြောမယ့် အကြောင်းတွေကို နားထောင်ပြီးရင် ကျွန်တော့်အပေါ် အကဲဖြတ်စေချင်လို့ပါပဲ။ ဗိုလ်ချုပ် ဖွန်ဂါဘီရာဟာ လူတစ်ယောက်ကို သူ့ဘက်ပါအောင် ဆွဲ ဆောင်တဲ့နေရာမှာ အလွန် ထူးချွန်တဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း သူ့ ရဲ့ စည်းရုံးဆွဲဆောင်ရာကို ပါသွားခဲ့မိပါတယ်။ သူက ကျွန်တော့်ဘ၀ တိုးတက်ကြီးပွားရေးအတွက် အမျိုးမျိုး ကတိပေးတာတွေကို ယုံကြည်မိရာက သူဆွဲဆောင်တဲ့အတိုင်း လိုက်လာခဲ့မိပါတယ်။

မကောင်းမှုတွေ လုပ်ခိုင်းတာကိုလည်း လုပ်ပေးခဲ့မိပါတယ်။ မကောင်းမှုတစ်ခု လုပ်မိတယ်ဆိုရင်ပဲ လူတစ်ယောက်ဟာ နောက်ပြန်ဆုတ်ဖို့ မလွယ်တော့ပါဘူး။ ဒါနဲ့ ကျွန်တော်ဟာ ဗိုလ်ချုပ် ဖွန်ဂါဘီရာရဲ့ ညွှန်ကြားချက်နဲ့ မကောင်းမှု မတရားမှုတွေ တစ်ခုပြီးတစ်ခု ဆက်တိုက်ဆိုသလို လုပ်ခဲ့မိပါတယ်။ မစ္စဆယ်လီခင်ဗျား မျက်နှာဖြူလူမျိုး ဂွတ်ဒွင်မိသားစုကို သတ်ဖြတ်ခဲ့တဲ့လူတွေ ဆိုရင် ကျွန်တော်ကိုယ်တိုင် (ဗိုလ်ချုပ် ဖွန်ဂါဘီရာရဲ့ စေခိုင်းချက်အရ) စည်းရုံးသိမ်းသွင်းခဲ့ပါတယ်။ သူတို့ကို ကျွန်တော်ကပဲ လက်နက်တွေ ထုတ်ပေးခဲ့ပြီး ဘာလုပ်ရမယ်၊ နံရံမှာ သွေးနဲ့ ဘာစာရေး ရမယ်ဆိုတာကအစ အသေးစိတ် ညွှန်ကြားခဲ့ပါတယ်။ ဂွတ်ဒွင်မိသားစုရဲ့ မွေးမြူရေးခြံကို သွားတာ တောင် ကျွန်တော်တို့ တတိယတပ်မဟာက စစ်ကားတွေနဲ့ လိုက်ပို့ပေးခဲ့ရပါတယ်"

ဤနေရာတွင် စကားကို ခေတ္တဖြတ်ထားလိုက်ရာ မည်သူကမှ စကားမပြောဘဲ ငြိမ်နေကြသဖြင့် လင်းရိုဗာ ကားစက်သံမှတစ်ပါး လုံးဝ တိတ်ဆိတ်ငြိမ်သက်နေလေသည်။
ကက်ပတိန် နီဘေဘီသည် ထိုသို့ တိတ်ဆိတ်ငြိမ်သက်နေခြင်းကိုပင် စိတ်ချောက်ချားလာဟန်ဖြင့် စကားဆက်ပြောပြန်သည်။

"ဒီလူတွေက မာတာဘယ်လီလူမျိုး (ပြည်တွင်းစစ်အတွင်း ပါဝင် တိုက်ခိုက်ခဲ့သူ) ရဲဘော်ဟောင်း တွေ ဖြစ်ပါတယ်။ ဇင်ဘာဘွေနိုင်ငံ လွတ်လပ်ရေးရလာပေမယ့် သူတို့ မာတာဘယ်လီ တိုင်းရင်း သားတွေ အနှိမ်ခံရတာကို မကျေမနပ် ဖြစ်နေပြီး လွတ်မြောက်ရေးအတွက် ဘာမဆို လုပ်ဖို့ အသင့်ရှိနေကြသူတွေလည်း ဖြစ်ပါတယ်။ အထူးသဖြင့် နိုင်ငံလွတ်လပ်ပြီးတဲ့နောက် အစိုးရက လက်နက်တွေ သိမ်းပိုက်တာကို အလွန် မကျေမနပ် ဖြစ်နေကြတာကြောင့် အခုလို လက်နက်ပြန် ကိုင်ရတဲ့ အခွင့်အရေးကို မငြင်းဆန်ဘဲ ကျွန်တော်တို့ ခိုင်းတာကို လုပ်ခဲ့ကြတာပါပဲ"
"ဒီကိစ္စကို ဖွန်ဂါဘီရာက အမိန့်ပေး ညွှန်ကြားခဲ့တယ် ဆိုပါတော့"

ခရိတ်က မေးလိုက်သည်။
"ဟုတ်ပါတယ်။ ဒီလုပ်ရပ်ဟာ စင်စစ်တော့ ဗိုလ်ချုပ်ဖွန်ဂါဘီရာအနေနဲ့ မာတာဘယ်လီ တိုင်းရင်း သားလူမျိုးတွေ မျိုးဆက်ပြုတ်အောင် သုတ်သင်ရှင်းလင်းပစ်ဖို့ အကြောင်းပြချက်ကောင်းအောင် ဖန်တီး ယူတဲ့ အတွက်လည်း ဖြစ်ပါတယ်။ ဒါကြောင့် အခု ကျွန်တော်က ဘာကြောင့် ခင်ဗျားတို့နဲ့ အတူ ထွက်ပြေးလာတယ်ဆိုတာ သဘောပေါက်ပြီလို့ထင်ပါတယ်။ ကျွန်တော့်အနေနဲ့ ဖွန်ဂါဘီရာ ရဲ့ မတရားမှုတွေမှာ ဆက်ပြီး ၀င်မပါချင်တော့လို့ပါဘဲ"

"တခြား သတ်ဖြတ်မှုကကောရှင့်။ ဥပမာ ဆိနိတ်လွှတ်တော်အမတ် ဆာဗတ်ခ်ျမိသားစု အသတ်ခံရ တဲ့ ကိစ္စမျိုး တွေကို မေးတာပါ"
ဆယ်လီက မေးလိုက်ပြန်သည်။
"ဒါတွေကတော့ ဗိုလ်ချုပ် ဖွန်ဂါဘီရာကိုယ်တိုင် တိုက်ရိုက် အမိန့်ပေးခိုင်းဖို့တောင် မလိုတဲ့ကိစ္စ တွေ ဖြစ်ပါတယ်။ ခင်ဗျားတို့ သိတဲ့အတိုင်း ပြည်တွင်းစစ်ပြီးလို့ ဇင်ဘာဘွေနိုင်ငံ လွတ်လပ်လာတဲ့ နောက်ပိုင်း အစိုးရက လက်နက်တွေသိမ်းတာကို မကျေနပ်လို့ လက်နက်တွေမအပ်ဘဲ ၀ှက်ထား တဲ့လူတွေ အများကြီး ရှိပါတယ်။

အဲဒီလို မာတာဘယ်လီလူမျိုးတွေဟာ စစ်ပွဲကြောင့် လူကြမ်းစိတ် ကြမ်း ဖြစ်လာတဲ့ လူမျိုးတွေ ဖြစ်ပါတယ်။ တချို့ကတော့ လက်နက်တွေ တောထဲမှာ ၀ှက်ထားပြီး လူတွေက မြို့ထဲ၊ ရွာထဲမှာ လာပြန်နေကြတယ်။ တချို့ဆိုရင် အလုပ်တောင် ၀င်လုပ်နေကြတယ်။ သို့သော် စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်တွေမှာ တောထဲ ပြန်သွားပြီး လက်နက်တွေ ဖော်ထုတ်ကိုင် တွယ်ပြီး ကျေးလက်ဒေသတွေမှာ လျှောက်ရမ်းကြ၊ ကြမ်းကြလေ့ရှိပါတယ်။ တကယ်တော့ သူတို့ ဟာ နိုင်ငံရေးအရ တော်လှန်ရေးသမားမဟုတ်ဘဲ လက်နက်ကိုင် ဓားပြတွေသာ ဖြစ်တယ်။ ပြီး တော့ မျက်နှာဖြူ မိသားစုတွေ လက်နက်မရှိဘဲ ဖြစ်နေချိန်မှာ ၀င်ပြီး တိုက်ခိုက်ချင်ကြတယ်"

"ဟုတ်လား ဒါဖြင့် အဲဒီလို ဒီနေ့အခြေအနေမှာ လက်နက်ကိုင် ဓားပြတွေဖြစ်နေတဲ့ တော်လှန်ရေး တပ်သားဟောင်း မာတာဘယ်လီ လူမျိုးတွေက ဖွန်ဂါဘီရာရဲ့ ယုတ်မာတဲ့အကြံကို အကောင် အထည် ဖော်ရာမှာ အထောက်အကူ ဖြစ်နေတယ်ဆိုပါတော့။ နောက်ပြီး ဖွန်ဂါဘီရာက ဒီလူတွေကို တရားဝင် အစိုးရအပေါ် တော်လှန်ပုန်ကန်သူများလို့ စွပ်စွဲပြီး သုတ်သင်ရှင်းလင်းပစ်ဖို့အတွက် အကွက်ဝင် နေတာပေါ့ ဟုတ်လား"
"ဟုတ်ပါတယ် မစ္စတာ ခရိတ်"

"အခုအတိုင်းဆိုရင် ဖွန်ဂါဘီရာဟာ ၀န်ကြီး တွန်ဂါတာကိုလည်း သတ်ပစ်လိုက်တာနဲ့ မထူးဘူးလို့ ဆိုရအောင် အကွက်ဆင် ဖမ်းပြီး ထောင်ချထားလိုက်တာပေါ့။ အခုတောင် တွန်ဂါတာဟာ သေဆုံး နေပြီထင်တယ်"
ခရိတ်က သူ၏ တစ်ချိန်က ရင်းနှီးသော မိတ်ဆွေဖြစ်သူ တွန်ဂါတာအတွက် စိတ်မကောင်းဖြစ် လျက် ပြောလိုက်ခြင်း ဖြစ်သည်။ သို့သော် ကက်ပတိန် နီဘေဘီက ခေါင်းခါလေသည်။
"မဟုတ်ဘူးဗျ၊ ဗိုလ်ချုပ် တွန်ဂါတာဟာ မသေသေးဘူးလို့ ကျွန်တော် ထင်ပါတယ်။ ဗိုလ်ချုပ် ဖွန်ဂါ ဘီရာအနေနဲ့ တွန်ဂါတာမသေဘဲ အရှင်ထားချင်ပုံရတယ်။ သူ့မှာ နောက်ထပ် အကြံအစည်တစ်ခု ခု ရှိသေးတယ်လို့ ထင်ပါတယ်"
"ဘယ်လို အကြံအစည်မျိုးလဲ"

"ဒါတော့ ကျွန်တော် အတိအကျ မပြောတတ်ဘူး။ သို့သော်လည်း ဗိုလ်ချုပ် ဖွန်ဂါဘီရာဟာ ရုရှ တွေနဲ့ လျှို့ဝှက်ဆက်သွယ်မှုရှိတယ်လို့ ကျွန်တော် ထင်မိပါတယ်"
"ဘာဗျ ရုရှလူမျိုးတွေ ဟုတ်လား"
ခရိတ်က အလွန် အံ့သြစွာဖြင့် မေးလိုက်သည်။

"ကျွန်တော် သတိပြုမိတာက သူနဲ့ နိုင်ငံခြားသား သူစိမ်းတစ်ယောက် လျှို့ဝှက်တွေ့ဆုံလေ့ရှိပါ တယ်။ အဲဒီလူက ရုရှထောက်လှမ်းရေးကပဲလို့ ထင်ပါတယ်"
"သေချာရဲ့လားဗျ"
"ကျွန်တော်ကိုယ်တိုင် မျက်စိနဲ့ မြင်ခဲ့ရလို့ ပြောတာပါ"
ခရိတ်သည် ခေတ္တမျှ စဉ်းစားနေပြီးနောက်-
"ကောင်းပြီ ရုရှနဲ့ ဆက်သွယ်တဲ့ကိစ္စကို ခဏထားလိုက်ဦး။ အခု လောလောဆယ် ၀န်ကြီး တွန်ဂါတာက ဘယ်ရောက်နေသလဲ။ သူ့ကို ဘယ်နေရာမှာ ချုပ်နှောင်ထားသလဲ"ဟု မေးလိုက် သည်။
"ဒါလည်း ကျွန်တော် မသိဘူးခင်ဗျ၊ ၀မ်းနည်းပါတယ်"

"တကယ်လို့ သူအသက်ရှင်နေသေးရင် ဘုရားသခင်က သူ့ကို စောင့်ရှောက်ပါစေ"
ခရိတ်က ခပ်တိုးတိုး ရေရွတ်၍ ဆုတောင်းလိုက်မိသည်။
သူ၏ စိတ်ထဲမှလည်း ယခုအခါ တွန်ဂါတာသည် မည်မျှဆင်းရဲဒုက္ခ ရောက်မည်ကို မှန်းဆ၍ တွေးမိ လေသည်။
ဤသို့တွေးရင်း ခေတ္တမျှ ငြိမ်နေပြီးနောက် ကက်ပတိန်နီဘေဘီအား ဆက်လက် မေးခွန်းထုတ်ပြန် သည်
"ဗိုလ်ချုပ် ဖွန်ဂါဘီရာက ကျုပ်ပိုင်တဲ့ မြေယာနဲ့ ပစ္စည်းတွေကို သိမ်းလိုက်တယ်။ ဒါဟာ နိုင်ငံတော် အတွက် မဟုတ်ဘဲ သူ့ကိုင်ပိုင်အတွက် ဖြစ်တယ်မဟုတ်လား"
"ဟုတ်လိမ့်မယ် ထင်ပါတယ်။ သူက အဲဒီမြေကို လိုချင်နေတာ ကြာပါပြီ။ သူကိုယ်တိုင် မကြာခဏ ပြောဖူးတယ် ခင်ဗျ"

"နေပါဦး၊ ဖွန်ဂါဘီရာက အစိုးရအဖွဲ့ဝင် ၀န်ကြီးတစ်ဦးအနေနဲ့ ဘယ်လိုလုပ်နိုင်မှာမို့လို့လဲ"
"ဒါက လွယ်ပါတယ် ခင်ဗျ။ ခင်ဗျားက ဇင်ဘာဘွေနိုင်ငံရဲ့ ရန်သူတစ်ဦးဖြစ်ကြောင်း ဖြောင့်ချက်ပေး ထားပြီး ဖြစ်တယ်မဟုတ်လား။ ဒါကြောင့် ခင်ဗျားပိုင်ပစ္စည်းအားလုံးကို အစိုးရက သိမ်းယူပိုင်ခွင့် ရှိ တယ်။ ပြီးတော့ ခင်ဗျားက ငွေချေးယူထားတဲ့ဘဏ်က ချေးငွေ ပြန်ရရှိရေးအတွက် ခင်ဗျားရဲ့ မြေယာနဲ့ မွေးမြူရေးခြံကြီးကို လေလံပစ် ရောင်းချလိမ့်မယ်။ ရောင်းချတဲ့အခါ တင်ဒါစနစ်နဲ့ ရောင်းချပေမယ့် ဗိုလ်ချုပ် ဖွန်ဂါဘီရာကလည်း တင်ဒါ တင်သွင်းပြီး ၀ယ်ယူလိုကြောင်း လျှောက်တဲ့ အခါ သူ့ရဲ့တင်ဒါကို လက်ခံလိမ့်မယ်။ သူ့ယောက်ဖတော်က ရန်သူပိုင်ပစ္စည်းများ ထိန်းသိမ်း စောင့်ရှောက်ရေးတာဝန် ယူထားသူဖြစ်လေတော့ ပိုပြီး လွယ်ကူ အဆင်ပြေနေတာပေါ့။ သူဝယ်ယူ မယ့် တင်ဒါဈေးနှုန်းကလည်း အလွန်သက်သာတဲ့ ဈေးနှုန်းဖြစ်ပါလိမ့်မယ်"

"အင်း…ဟုတ်မှာပါပဲ"
ခရိတ်က စိတ်ထဲမှာ နာကြည်းကာ အောင့်သက်သက်နှင့် မှတ်ချက် ချလိုက်သည်။
ဤတွင် ဆယ်လီက ၀င်၍-
"နေပါဦးရှင့် ဗိုလ်ချုပ် ဖွန်ဂါဘီရာဟာ ဘာဖြစ်လို့ ဒါလောက် ရှည်လျားရှုပ်ထွေးတဲ့ အလုပ်မျိုးလုပ် ပြီး ခရိတ်ရဲ့ မြေယာနဲ့ မွေးမြူရေးလုပ်ငန်းကို လိုချင်ရတာလဲ။ အခုပဲ သူဟာ ဒေါ်လာငွေ သန်းချီ ပြီး ချမ်းသာနေရောပေါ့။ ဘာကြောင့် နောက်ထပ်ပစ္စည်းတွေ လိုချင်တာလဲ"

"မစ္စဆယ်လီ ခင်ဗျား။ လောကမှာ တချို့လူတွေအဖို့ ချမ်းသာကြွယ်ဝတာဟာ လုံလောက်ပြီး တော်လောက်ပြီလို့ ဘယ်တော့မှ မယူဆကြပါဘူး။ လောဘကို အတောမသတ်နိုင်ကြတဲ့ လူမျိုး တွေ ရှိတယ်မဟုတ်လား"
"ဒါပေမဲ့ သူက ဒီလို လုပ်ချင်တိုင်း လုပ်လို့ရမလား"
"မလုပ်နိုင်အောင် သူ့ကို ဟန့်တားနိုင်တဲ့လူ ဘယ်သူများ ရှိလို့လဲ"
ထိုမေးခွန်းကို ဆယ်လီကမဖြေဘဲ ဆိတ်ဆိတ်နေလိုက်ရာ ကက်ပတိန် နီဘေဘီကပင် ဆက်၍-

"အာဖရိကတိုက်ကြီးဟာ မျက်နှာဖြူ လူမျိုးတွေ မလာရောက်ခင်ခေတ်က အခြေအနေမျိုးကို ပြန် လည် ဦးတည်သွားနေပါပြီ။ ဒီမှာက အင်အားတစ်ခုတည်းကိုသာ အဓိကထားလေ့ရှိတယ်။ လူတွေ အပေါ် စိုးမိုးအုပ်ချုပ်တဲ့လူဟာ အင်အားရှိရမယ်။ ကျွန်တော်တို့ အာဖရိကတိုက်သားတွေဟာ ဘယ်သူကိုမှ ဘာကိုမှ ယုံကြည်စိတ်ချတာ မဟုတ်ဘူး ခင်ဗျ။ ဖွန်ဂါဘီရာဆိုရင် ဒီနေ့ အခြေအနေ မှာ အင်အားရှိတယ်။ တွန်ဂါတာကတော့ တစ်ချိန်ကသာ အင်အားရှိခဲ့တယ်"ဟု ပြောရင်း သူသည် လက်ဝတ်နာရီကို ကြည့်လိုက်သည်။

"ကိုင်း…ကျွန်တော်တို့ တစ်ခုခု စားသောက်ကြဦးမှပဲ။ ဒီနေ့ တစ်နေ့လုံး ကျွန်တော်တို့ ခရီးရှည် ကြီး ဆက်သွားရဦးမှာ ခင်ဗျ"
ပြောပြောဆိုဆို သူသည် ကားကို လမ်းဘေးတစ်နေရာတွင် ရပ်လိုက်ပြီး သစ်ပင်ချုံပုတ်များရှိရာ ဘက်သို့ ကွေ့မောင်းချလိုက်သည်။ ထို့နောက် ကက်ပတိန် နီဘေဘီသည် ကားပေါ်မှဆင်း၍ ကားအမိုးကို သစ်ခက်များချိုး၍ ဖုံးထားလိုက်သည်။

အကယ်၍ သူတို့နောက်သို့ ရန်သူဘက်မှ ရဟတ်ယာဉ်၊ လေယာဉ်များဖြင့် လိုက်လာပါက ကောင်းကင်မှ ရုတ်တရက် ရှာမတွေ့အောင် ကာကွယ်ထားသည့် သဘောပင် ဖြစ်သည်။
ထို့နောက် ကား၏ ထိုင်ခုံအောက်တွင် အသင့်ပါလာသော အရေးပေါ် ရာရှင်စားသောက်ဖွယ်ရာ များကို ထုတ်ယူလိုက်သည်။ ကား၏ ခြေနင်းခုံအောက်တွင်လည်း သောက်ရေဘူးများ ပါလာသည်။
ခရိတ်သည် စစ်တပ်သုံး သတ္တုစားစရာခွက်တွင် သဲများထည့်၍ သဲပေါ်တွင် ဓာတ်ဆီ ဖျန်းလိုက် သည်။ ဤနည်းအားဖြင့် ရေနွေးထည့်ရန် ယာယီမီးဖိုတစ်ခု ဖြစ်လာသည်။ ယင်းမီးဖိုဖြင့် လက်ဖက် ရည်ဖျော်ရန် ရေနွေး တည်မည် ဖြစ်သည်။

သူတို့သည် အရသာမရှိသော စစ်တပ်သုံး ရာရှင် စားသောက်ဖွယ်ရာများကို ဇွတ်ပင် စားလိုက်ကြ သည်။

အခန်း (၂၂) အဆက် (၃)ဆက်ရန်

.

3 comments:

Anonymous said...

Thanks.
Ray

kztk said...

Thanks...........

လသာည said...

ဇတ်လမ်းက ၀င်လေ နက်လေ တောနက်ကြီးလိုပဲနော် အစ်မ..။