မောင်ဆေးရိုးမှာ ပါးစပ်ညောင်းတော့မှ အရယ်ရပ်၏။
' ညည်းတို့သားအမိ အရောက်မြန်ပေလို့။ ညည်းတို့သားအမိ အရောက်နောက်ကျရင် သည်ကောင် ငါ့နှမ မယ်မျှင့် အကြောင်း ဘာတွေများ လျှောက်ပြီး ပေါက်ကရပြောမယ်မသိဘူး '
' မောင်နှမရင်းချာပဲဥစ္စာ ဘယ်လိုလုပ်ပြီး ပေါက်ကရတွေ ပြောလို့ ရမှာတုံး '
' တော်တော်ခက်တဲ့ ကောင်ဟာ။ ငါ့မှာ ဟေ့ကောင်လို့ ထအော်ရအခက်၊ မြုံနေရ အခက်နဲ့ '
ပြောပြောဆိုဆိုဖြင့် မောင်ဆေးရိုး ထပ်မံရယ်မောပြန်ရာက ' သမီးရေ။ သွားကြစို့ဟေ့။ ဘတို့၊ အမေကြီးတို့ မျှော်ရော့မယ်' ပြောရင်း ထရပ်၏။ သူသည် ကလေးကို တလင်းထဲသို့ ခေါ်သွားရန် ထရပ်သော်ငြား ကလေး ကား အိပ်နေပြီ။
' အင်း သနားစရာပါကလား '
မောင်ဆေးရိုးသည် ပြောပြောဆိုဆိုဖြင့် ငုံ့နမ်းရာ မိကျီးဒန်က တွန်းဖယ်ပစ်သည်။
' အဲသည်ကလေးမလေးက ဘယ်လောက်ပဲ သဘောကောင်းတယ် ပြောပြော အိပ်ရေးမ၀ရင် အော်သတဲ့ '
အိပ်ရေးမ၀၍ တကျည်ကျည်လုပ်နေသော ကလေးကို မောင်ဆေးရိုး တွေ့ဖူးပါသည်။ မိခင်မှာ ထိုကလေးကို ချော့နေရသဖြင့် အိမ်မှုကိစ္စ လစ်ဟင်းတော့သည်။ သို့ကြောင့် ကိုယ်ရှိန်သတ်ကာ နောက် ဆုတ် သည်။
' နက်ဖြန် မနက်ကျမှ စောစောလာခေါ်တော့မယ် '
ချူသံတလွင်လွင်ဖြင့် အိမ်ဝိုင်းထဲသို့ ခြောက်စထောင် လှည်းတစ်စီး ၀င်လာ၏။ မိမိတို့ အိမ်သို့လာသော ဧည့်သည်မဟုတ်။ လှည်းပေါ်မှ ဆင်းလာသူများကို မောင်ဆေးရိုး မသိငြား၊ တစ်စုံတစ်ရာ ကူညီဆောင်ရွက်ပေးရန် မောင်ဆေးရိုး ရပ်နေသည်။
ဦးကြွက်နီသည် လှေကားထိပ်သို့ လာရပ်ငြား ဧည့်သည်များကို သူလည်း မမှတ်မိ။ သို့မဟုတ် သိပုံမရ။ ' ကြွပါ ကြွပါ ' ပြောသံမှာ ၀တ်ကျေ ၀တ်ကုန်မျှသာ။ သည်အိမ်တွင် လူငယ် မရှိ။ အိမ်ရှင်မ ဒေါ်ရွှေအိမ် မှာလည်း မြေးပျောက်ကို ရှာဖွေရန် ထွက်ခွာသွားရာက ပြန်မရောက်သေး။ သည်အတွက် မောင်ဆေးရိုး မှာ သင်ဖျူး ၀င်ခင်းပေးရသည်။ မိကျီးဒန်မှာလည်း ကိုယ်တိုင် မလုပ်နိုင်သော်ငြား အိမ်ပေါ်သို့ ကလေးပွေ့ လျက် လိုက်လာရ၏။
' ကြောင်အိမ်ပေါ်က လင်ပန်းနဲ့ ရေနွေးကရားကို ဆေး '
မည်သည့်နေရာတွင် မည်သည့်ပစ္စည်းရှိသည်ကို မိကျီးဒန်သာ သိသည်။ သို့ကြောင့် သူက မောင်ဆေးရိုး ကို ခိုင်းစေနေသည်။ ရေနွေးကရားအပြင် ခိုင်းသော်လည်း ရေနွေးအသင့်မရှိသဖြင့် ကျိုရဦးမည်။
' မတွေ့တာကြာလို့ မမှတ်မိတာ စိတ်မရှိပါနဲ့နော် '
ဦးကြွက်နီသည် သင်ဖျူးပေါ်တွင် ၀င်ထိုင်သည် ဧည်သည် သုံးယောက်အား အားနာသံဖြင့် ပြောသည်။
' ကိစ္စမရှိပါဘူး။ ကျွန်တော်တို့လည်း မှတ်မိတာမှ မဟုတ်တာဘဲ။ ဦးကြွက်နီ ဒေါ်ရွှေအိမ်ဆိုပြီး မေးမြန်းလာရတာပါ'။
ဧည့်သည် သုံးယောက်အနက် အသွေးအမွေး ထူးခြားသော လူငယ်က သွက်လက်စွာ ပြောအပြီး၌ သူတို့ ကိုယ်ကို ပြန်လည်ပြီး အိမ်ရှင်နှင့် မိတ်ဆက်ပေး၏။
' ကျွန်တော်တို့က တောတွင်က ဦးသာအေးနဲ့ ဒေါ်မြယဉ်တို့ဖြစ်ပါတယ်။ ကျွန်တော်ကတော့ သူတို့ရဲ့တူ မောင်ကြည်စင် ဖြစ်ပါတယ်။ ကျွန်တော်တို့ အခုလာတဲ့ကိစ္စကတော့ လူကြီးမင်းတို့ထံမှာ လွန်ခဲ့တဲ့အနှစ် နှစ်ဆယ်တုန်းက ဦးသာအေးနဲ့ ဒေါ်မြယဉ်တို့ ပေါင်နှံထားတဲ့ 'စလောင်းဖုံး' လယ်ပွဲ ကိုပြန်လည် ရွေးနုတ်ချင် လို့ပါပဲ '
ဦးကြွက်နီ၏ ငယ်ထိပ်ကို မိုးကြိုးပစ်သော စကားဖြစ်သည်။
တစ်ခဏမျှ ဦးကြွက်နီ ငိုင်သွားပြီးမှ သမီးနှင့် သမက်အား လှည့်ကြည့်ပြီး ပြောသည်။
' ဟဲ့ သွားကြစမ်း၊ နင်တို့အမေ လိုက်ရှာကြစမ်း'
ထိုသို့ လှမ်းပြောအပြီး၌ ဧည့်သည်များဘက်သို့ လှည့်၏။ မချိပြုံးဖြင့် လောက၀တ်စကားဆို၏။
' ကွမ်း ဆေး လက်ဖက် ရေနွေးကြမ်း သုံးဆောင်ကြပါဦး။ အိမ်ရှင်မ မပါတော့ စကား အထမမြောက် မှာစိုးလို့ပါ'
မောင်ဆေးရိုးသည် ဤဧည့်သည်များကား လာခြင်းမကောင်းသော ဧည့်သည်များဟု သိသည်။ သိရခြင်း မှာလည်း ' စလောင်းဖုံးလယ်ပွဲရွေးမလို့' ပြောလိုက်သည်နှင့် တစ်ပြိုင်နက်တည်း ဦးကြွက်နီ မျက်နှာပျက် သွားသည့် အတွက် ဖြစ်ရပေသည်။ သို့သော် မောင်ဆေးရိုးမှာ ဝေးဝေး မလျှောက်ရပါ။ လေးငါးအိမ်မျှ လည်ပင်းရှည်အပြီးတွင် အိမ်တစ်အိမ်မှ ဆင်းလာသော ဒေါ်ရွှေအိမ် ကို လှမ်းမြင်ရသည်။
' တို့ အိမ်ထဲဝင်သွားတာမြင်လို့ ထမလို့ဟေ့။ နေပါဦး၊ ဘယ်က ဧည့်သည်များလဲဟယ် '
' တောတွင်း ကတဲ့ အရီးရေ့ '
ထိုခဏတွင် ဒေါ်ရွှေအိမ် မျက်နှာပျက်သွားသည်။
' ဦးသာအေး ဒေါ်မြယဉ်တဲ့၊ စလောင်းဖုံးလယ်ကို ပေါင်နှံထားရာက၊ ရွေးချယ်ဖို့ လာတာတဲ့ဗျား'
' အေးလေ လယ်တွေ ကောက်ခြေပြတ်တဲ့အချိန်ပဲ '
လယ်သမားများ တွင် မောင်ဆေးရိုး၏ မိဘများကဲ့သို့ တောတိုးပြီး လယ်တီလုပ်သူများ ရှိသည့်နည်းတူ ရောင်းချသော လယ်ကို ၀ယ်ယူလုပ်ကိုင်သူများ၊ သီးစားခံ ယူလုပ်ကိုင်သူများ၊ တစ်ဖန် နှစ် အကန့် အသတ်ဖြင့် ပေါင်ခံပြီး လုပ်ကိုင်သူများလည်း ရှိပေ၏။ ရမ်းဘိုကုန်းတစ်ဝိုက်တွင် သာဒွန်းဝမြောင်း၊ လင်းဇင်းမြောင်း၊ ခိုင်မြောင်းဟူ၍ လယ်များသို့ ရေသွင်းပေးသော မြောင်းတွေရှိ၏။ သည်မြောင်းတွေမှာ ရေမမှန်ပေ။ မမှန်ရခြင်းမှာ ကိုယ့်အားကိုယ်ကိုး ဆင်းရဲသား ဆည်(သစ်ခက်ဆည်)များ ဖြစ်သောကြောင့် ဖြစ်ပေသည်။
စလင်းချောင်း၏ ၀ဲယာတွင် သစ်ခက်ဆည်တွေ သီးပြွက်နေငြား မည်သည့်ဆည် မည်သည့်မြောင်းမျှ စိတ်မချရ။ ကောက်ပင်များ စိုက်ရန်အတွက် အပြင်းအထန် ထွန်ယက်၍ကောင်းဆဲတွင် မြောင်းကျိုး၊ ဆည်ပျက်ပြီး ရေပြတ်သွားသော မြောင်းတွေဖြစ်သည်။ စလင်းချောင်းကို အမှီပြုပြီး တည်ထားရသော သည် သစ်ခက်ဆည်တွေမှာ ချောင်းရေများလျှင် လယ်သမိားတွေ ရင် မနေကြရ၏။ ဆည်ဦးကို ချောင်းရေက ဖျက်ဆီးသွားတတ်သောကြောင့်တည်း။ ချောင်းရေ သင့်ရုံသာ လာမှ မြောင်းထဲသို့ ချောင်းရေ ကောင်းမွန်စွာ စီးဝင်သည်။ ရံဖန် ရံခါ မြောင်း၏ ခါးလယ်ကို ချောင်းက ၀င်ရောက် ဖျက်ဆီးသွားသဖြင့် မြောင်းသောက်လယ်သမားတွေ မြောင်းဖောက်ရန် လာကြရသည်။ မြောင်းတူးပြီး၍ အိမ်သို့ ပြန်လာသော လယ်သားတွေ အိမ်ပြန်ရောက်၍မျှ ဖင်မနွေးမီ မြောင်းခေါင်း၏ အသံပေါ်လာသည်။
' ဆည်ဦးတက်ကြမယ်ဟေ့၊ ဆန်တစ်ပြည်နဲ့ ထွန်ကပ်ကိုယ်စီ'
သို့အတွက် လယ်မြေများမှာ အရောင်းအ၀ယ် မဖြစ်ထွန်းပေ။ ရေမိုးစိတ်ချရသောကြောင့် အရောင်း အပေါင်ခံလျှင်လည်း ဈေးမရှိလှပါ။ သို့ရာတွင် မဲဇလီဆည်အမည်ရှိသော 'မုန်းမြောင်း' ဖောက်လုပ် လာသည်။ လေလာပျက် မိုးလာပျက် မြောင်းမဟုတ်။ ရေမှန်သည်။ လယ်မြေ အရောင်းအ၀ယ်များ ဖြစ်ထွန်းလာသည်။ မြေဈေးမှာလည်း မြင့်တက်လာသည်။ ထိုမြေများကို တခုတ်တရ ၀ယ်သော၊ အပေါင် ခံသော ချစ်တီးတွေ ပေါ်ပေါက်လာသည်။
ဦးကြွက်နီ ဒေါ်ရွှေအိမ်တို့မှာ မိဘလက်ငုတ် လယ် ဆယ်ဧကရှိသည်။ ဤလယ်ကို လုပ်ကိုင်နေသူက 'ကန်သင်းတင်' စလောင်းဖုံးလယ်ပွဲ အရောင်းအ၀ယ်လုပ်သဖြင့် အပေါင်ခံလိုက် ခြင်းဖြစ်သည်။ သို့ရာတွင် မိမိလုပ်ကိုင်သော လယ်မြေများကို သူတစ်ပါးသို့ လွှဲအပ်ရမည်ရှိသေအခါ ဒေါ်ရွှေအိမ် မျက်ရည်စို့သည်။ ဧည့်သည်များအား အသံအက်ဖြင့် နှုတ်ဆက်သည်။ ထိုအခါ မောင်ကြည်စင်က ဦးဆောင်ပြီး စကား ပြော၏။
' ဦးတို့ ဒေါ်ဒေါ်တို့ဆီမှာ ဆယ်နှစ် လုပ်စားပြီးရင် ပြန်လည် အရွေးခံရဂမယ်ဆိုတဲ့ ကတိနဲ့၊ လေးဧက ဒသမကိုးတစ်ရှိတဲ့ စလောင်းဖုံးလယ်ပွဲကို တစ်ရာနဲ့ ပေါင်နှံထားခဲ့တာ အနှစ် နှစ်ဆယ်ကျော်ခဲ့ပါပြီ'
' ဟုတ်ပါတယ် မှန်ပါတယ် '
ဦးကြွက်နီ အသံမထွက်ငြား ဒေါ်ရွှေအိမ်က စကားထောက်ပေး၏။
' ဒါကြောင့် ဟောသည် အပေါင်စာချုပ်ပါ ငွေတစ်ရာကျပ်ပေးပြီး ကျွန်တော်တို့ ပြန်လည်ရွေးဆယ်ပါရစေ'
မောင်ကြည်စင် က စာချုပ်တစ်ခုနှင့် ငွေဒင်္ဂါးများကို ဦးကြွက်နီ ရှေ့သို့ ချပြသည်။ ဦးကြွက်နီသည် ဒေါ်ရွှေအိမ် အား လှမ်းကြည့်၏။ ယခု လယ်ရွေးရန် လာသော ဦးသာအေးနှင့် ဒေါ်မြယဉ်တို့၏ ပုံပန်းမှာ လုပ်ငန်းကိုင်ငန်း အဆင်ပြေသောကြောင့် လယ်ယာချောင်းမြောင်းများ ပြန်လည်ဖော်ထုတ် ရွေးဆယ်ခြင်း ဟုတ်ပုံ မရ။ သည်ကလယ်ကို ဟိုပြောင်း၊ ဟိုကယာကို သည်ရွှေ့ လုပ်ပြီး ငွေထွက် အောင် လုပ်နေပုံ ပေါ်၏။ သို့ကြောင့် ဒေါ်ရွှေအိမ်က နားခံသာသော စကားကို သုံး၏။
' ကတိစကားရှိခဲ့တာလည်း ဟုတ်ပါတယ်။ ကျွန်မတို့ လုပ်စားလာတာ ဆယ်နှစ်ကျော် အနှစ် နှစ်ဆယ် ရှိလာတာလည်း မှန်ပါတယ်။ သည်စာချုပ်ကို အဖေတို့ အမေတို့ လက်ဖွဲ့ လိုက်တာဆိုပေမဲ့ အနှစ် နှစ်ဆယ်ဆိုတော့လည်း သံယောဇဉ် ဖြစ်နေပါပြီ။ ဖြစ်နိုင်ရင်တော့ မရွေးဘဲ သင့်တင့်လျောက်ပတ်တဲ့ ' ထပ်ငွေ ' ယူစေချင်ပါတယ် '
ဦးသာအေး ဒေါ်မြယဉ်တို့သည် မောင်ကြည်စင်အား လှမ်းကြည့်၏။ ထိုအခါ မောင်ကြည်စင်က ဒေါ်ရွှေအိမ်အား မေး၏။
' အစ်မကြီးတို့က ထပ်ငွေ ဘယ်နှရာများ ဆောင်းချင်ပါလိမ့် '
' မောင်ရယ်၊ ကျုပ်တို့မှာ လက်လုပ်လက်စားပါ။ ဘယ်လို လုပ်ပြီး ရာဂဏန်း ' ထပ် ' နိုင်ပါမလဲ'
မောင်ကြည်စင်က ခေါင်းခါ၏။
' ရေမှန်မိုးမှန်၊ ပထမတန်း မြေအမျိုးအစားဗျာ့။ ချစ်တီးဆီ သွားရောင်းရင် အချိန်မရွေး ထပ်ငွေ နှစ်ရာ ရနိုင်တယ် သိလား '
မောင်ဆေးရိုး ဆက်လက်ပြီး နားထောင်နိုင်စွမ်းမရှိ။ လှေကားထိပ်တွင် ထိုင်နေရာက ထသည်။
' ဟဲ့ ဘယ်ထသွားဦးမလို့လဲ '
ဒေါ်ရွှေအိမ်က လှမ်းပြီး အော်သည်။
' ချစ်တီးဆိုတဲ့အသံကြားချင်တာမဟုတ်ဘူး အရီး၊ နားခါးတယ်။ ဒါကြောင့် ခိုင်းစရာရှိ လှမ်းခေါ်လိုက်ပါ။ ကျုပ် ရှိမှာပါ '
ပြောပြောဆိုဆို မောင်ဆေးရိုး ဆင်းလာသည်။
' ဘယ့်နှယ်ဗျာ၊ ဖအေကျော်ပြီး ပထွေးလွမ်းနေတဲ့ ချစ်တီး ဒလန်တွေ ရွာထဲဝင်လာတာတော့ မကောင်းဘူး။ ရွာထဲကို ဂျီဝင်မှ ရွနာတာမဟုတ်ဘူး။ ရွာထဲကို ချစ်တီးဝင်ရင်လည်း ရွာနာတာပဲဗျ' ဟု မောင်ကြည်စင် ကြားစေရန် ဟောင်ဖွာဟောင်ဖွာလည်း ပြောလိုက်သေးသည်။
ရပ်ဓလေ့ရွာဓလေ့အရ အိမ်တစ်အိမ်သို့ ဧည့်သည် ရောက်နေလျှင် နီးရာအိမ်မှ မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ ဖျတ်ခနဲ ရောက်လာသည်။ လိုအပ်သည့် ကိစ္စများ ကူညီဆောင်ရွက်ပေးရင်း နားစွင့် သည်။ မျက်နှာတွေကို အကဲခတ်သည်။ ဆွေမျိုးသားချင်း အလည်အပတ် လာသည်ဆိုလျှင် မုန့်ပဲသရေစာ များ ရောက်လာသည်။ ငွေကြေးကိစ္စအငြင်းပွားဖွယ်အကြောင်းအရာများကို အကြိတ် အနယ် ပြောဆိုနေကြလျှင် အိမ်ရှေ့က သစ်တုံးပေါ်သို့ လူတစ်ယောက် လာထိုင်၏။ ခဏ ကြာလျှင် ပုဆိုးစုတ် ကို ပခုံးပေါ်တင်ထားသူတစ်ယောက် အိမ်ရှေ့တွင် လာရပ်၏။
မောင်ဆေးရိုး ဖွာလောင်ဖွာလောင် လုပ်ချိန်ဝယ် ဦးကြွက်နီ ဒေါ်ရွှေအိမ်တို့ အိမ်ရှေ့သို့ ရမ်းဘိုကုန်း သားငါးယောက် ရောက်နေပြီ။ ထိုလူများကို လှမ်းကြည့်ပြီး မောင်ကြည်စင် မျက်နှာပျက်သွားသည် ကို ဒေါ်ရွှေအိမ် သတိထားမိငြား လေချိုအသွေး မပျက်ပါ။
' မောင်ရယ်၊ လူငယ်ဆိုတာ မလိမ်မိုးမလိမ်မာပါနော်။ ဗွေမယူပါနဲ့။ အစ်မ တောင်းပန်ပါတယ်။ အဲ သည်တော့ ငါ့မောင်ကြီး၊ အစ်မကြီးတို့ လာမိမှတော့ လက်ချည်းမပြန်ရအောင် 'ထပ်ငွေ' ငါးဆယ် စာချုပ် မှာပဲ ရေးပြီး ယူသွားကြပါနော် '
သည်အခါတွင် ဒေါ်မြယဉ်တို့က ကြည့်လှည့်မဟုတ်။ မောင်ကြည်စင်ကသာ ဦးသာအေး၊ ဒေါ်မြယဉ် တို့ကို လှမ်းကြည့်ပြီး ' တစ်ရာပေးပါ' ဆိုသည်။
' မောင်ရယ်၊ ပိုးမွှားမကျ ရေမိုးမှန်ပါမှ လွန်ရော ကျွံရော စပါးတစ်ရာပဲ ရပါတယ် ငါ့မောင်ရယ်။ စပါးတစ်ရာ ငွေတစ်ရာ၊ ကောက်စိုက်ခ ပျိုးနုတ်ခ၊ ဒါတောင် ထွန်ခယက်ခ မပါသေးဘူး '
' အစ်မကြီး ပြောသလိုသာဆိုရင် လယ်ပိုင်ရှင်တွေ ခွက်ဆွဲကြရတော့မှာပေါ့။ မဟုတ်သေးပါဘူးဗျာ'
' ကိုယ့်မောင်အရင်းလို သဘောထားလို့ မခြွင်းမချန် အမှန်အတိုင်းပြောတာပါ ငါ့မောင် '
' ရှင်းရှင်း ပြောမယ်ဗျာ '
မောင်ကြည်စင်သည် အိမ်ဝိုင်းထဲသို့ ၀င်ရောက်လာပြီး နားတစွင့်စွင့် လုပ်နေသူများအား တစ်ချက် လှမ်းကြည့်သည်။
' ခင်ဗျားတို့ လုပ်နေတဲ့ စလောင်းဖုံးလယ်ပွဲကို လိုချင်သူရှိတယ်။ ဒါကြောင့် ကျွန်တော်တို့ လာတာပါ'
' သူတို့လည်း ပုထုဇဉ်ဆိုတော့ လိုချင်ကြမှာပေါ့လေ။ သို့သော်လည်း သူတို့က အပြီးအပိုင်ဝယ်တာ။ အစ်မတို့က ပြန်ပြီး ရွေးခွင့်မျှော်လင့်ချက် ရှိသေးတဲ့ ' ထပ်ငွေ၊ လယ်ပေါင်' မဟုတ်လား '
' ကောင်းပြီလေ၊ ထပ်ငွေ တစ်ရာမပေးနိုင်လဲ ကိုးဆယ်ထားပေါ့ '
ငါးဆယ်နှင့် ကိုးဆယ်သည် တစ်ဆကွာမျှ ဖြစ်နေလေရာ ဒေါ်ရွှေအိမ်မှာ ဤမျှ သတ္တိမကောင်းပေ။
ထိုအချိန်အခါက လယ်သမားများမှာ ရိုးရာ နွားချေးချခြင်းက လွဲ၍ အသိပညာပေးသူမရှိပါ။ စပါးအထွက်တိုးသော သိပ္ပံနည်းကျ စိုက်ပျိုးရေးကို လယ်သမားများ မကြားဖူးပေ။ ထို့ကြောင့် မိုးနည်း ရပ်ဝန်းရှိ ဆည်ရေသောက်လယ်များ၏ စပါးအထွက်မှာ တစ်ဧကလျှင် တင်း ၂၀ ၀န်းကျင်သာရှိသည်။ မျိုးကောင်း မျိုးသန့်ကို ရွေးချယ်စိုက်ပျိုးရန်လည်း စိတ်ကူးသူ ရှိဟန်မတူပေ။ ပိုးသတ်ဆေး သုံးစွဲသင့် သည်လည်း မဥပါဒကြချေ။ သို့အတွက် လယ်မြေဈေးများမှာ အောက်အရပ် ဒေသနှင့် နှိုင်းယှဉ်ပါက နိမ့်ကျ ပေသည်။ ဦးသာအေး ဒေါ်မြယဉ်တို့အား ခေါင်းဆောင်လာသော မောင်ကြည်စင် သည် အားလုံးထက် ခေါင်းတစ်လုံးသာသည်။ ကမ္ဘာ့ဗဟုသုတရှိသော မြေတိုင်း စာရေး ဖြစ်သည်။
မည်သို့ဖြစ်စေ သူသည် သင်ပုန်းကြီးကုန်ရုံသာ စာတတ်သော ဒေါ်ရွှေအိမ်ကို နိုင်အောင် မပြောနိုင် ပေ။ သူက ကိုးဆယ်၊ ဒေါ်ရွှေအိမ်က ငါးဆယ်ဖြင့် တစ်နာရီခန့် လွန်ဆွဲအပြီး၌ ဦးကြွက်နီ ၀င်ရောက် ဖျန်ဖြေ သော် ခြောက်ဆယ်တွင် စကားပြတ်သွားကြလေ၏။
ဦးကြွက်နီ၊ ဒေါ်ရွှေအိမ်တို့သည် 'ထပ်ငွေ' ခြောက်ဆယ်ပေးပြီး လယ်ပေါင်စာချုပ်ကို အသစ်ပြင်ရန် ဖြစ်ငြား ငွေမရှိပေ။ ငွေက တလင်းထဲမှာ ကောက်လှိုင်းအဖြစ်သာ ရှိသေးသည်။
' မိန်းကလေး၊ အမေ့မှာ ငွေ ၁၅ ကျပ်ပဲရှိတ်။ ညည်းအိုးလုပ်တဲ့အထဲက အမေ့ကို ငါးဆယ် လှည့်ပါလား'
မိကျီးဒန် အိုးလုပ်ရာမှရသော ငွေသည် မည်မျှရှိပြီဟု စာရင်းမှတ်မထားပေ။ ရေတွက်ပြီးလဲ မကြည့်ဖူးပေ။ မဇာညွန့်၊ မအေးညွန့်တို့ကို ပေးစရာရှိလျှင် ဖျာအောက်က ယူပြီးပေးလိုက်သည်။ မောင်ဆေးရိုးလယ်ထဲမှ မထွက်နိုင် သောကြောင့် အိုးဖုတ်ရန် ထင်းဝယ်ရသည်က သုံးကြိမ် တစ်ဆယ်ကျော်သည် ထင်၏။
အဖေတို့ အမေတို့ ငွေလိုပြီ။ သူ့အိမ်ဝိုင်းထဲဝင်ပြီး နေပါလျက်က မရှိဟု 'ဘူး' ခံရန်မသင့်။ မိကျီးဒန်မှာ ကလေးကို မောင်ဆေးရိုးထံ ထိုးထားခဲ့ပြီး အိပ်ရာအောက်က ဖျာကို လှန်ရသည်။ ဒင်္ဂါးတွေရော ငါးမူးစေ့၊ မတ်စေ့၊ ပဲစေ့၊ ကြေးပြားပါမကျန် ရေတွက်မှ ၆၀ သာရှိသည်။
' အမေတေင်းသည့်အတိုင်း ပေးသင့် မပေးသင့် '
အိမ်ထောင်တစ်ခုဖြစ်သောကြောင့် လက်စောင့်ခြေစောင့်ရှိနေသင့်သည်။ သို့ဖြစ်၍ ကျီးဒန်သည် အမေ့ထံသို့ ငွေ လေးဆယ်ကျပ်ဖိုး ရှိသော အနုတ်များကို သယ်ဆောင်လာတော့သည်။ သည်အနုတ် တွေကို သည်အတိုင်း ပေးလိုက်ရန် မသင့်။ ငါးမူးစေ့ ကျပ်စေ့ လုပ်မှ သင့်မည်။ သို့ဆိုက ထမင်းစားချိန်သို့ တိုင်တော့ မည်။ ထိုအခါ ကျီးဒန်မှာ ကလေးကို မောင်ဆေးရိုးလက်ထဲမှ ပြန်မယူဘဲ အမေ့မီးဖိုထဲသို့ ၀င်ရ တော့သည်။
မယ်ကြွယ်စိုး သားအမိသည်လည်း ဒေါ်ရွှေအိမ်၏ အိမ်တွင် ဧည့်သည်ကို ထမင်းကျွေးရမည်ဟု သိလျှင် သိချင်း တလင်းထဲမှ ပြေးလာကြသည်။ တူတူတန်တန် စားပွဲခုံ ရှိပါစ၊ ဇွန်း ပန်းကန် စားပွဲတို့ရှိပါစ။
ဧည့်သည်လည်း ရောက်နေသည်။ ကျီးဒန်လည်း အမေ့မီးဖုထဲ ရောက်နေသည်ကြားလျှင် ကြားချင်း ဦးစွာ ငွေသော့ ရောက်လာသည်။ ထို့နောက် မိဖော့နှင့် ရွှေသစ်၊ မယ်သုန်တို့ ရောက်လာကြသည်။ ကူညီပြီး ချက်ရန် ပြုတ်ရန်အတွက် လိုအပ်သော ပစ္စည်းများကို အိမ်ရှင့်ကိုယ်စား လှည့်လည် ချေးငှားပေးရန် ဖြစ်ပေ သည်။
ဦးကြွက်နီသည် စကားကို များများပြောတတ်သူမဟုတ်ပေ။ စကားမရှိ စကားရှာပြီး ဧည့်ခံ စကား ပြောရန်မှာလည်း ဦးကြွက်နီအတွက် လွယ်ကူသော ကိစ္စမဟုတ်ပေ။ ' ရမ်းဘိုကုန်းသားတွေ ပါးစပ် မပါပါဘူးကွာ ' ဟု အပြောခံရကာမှ ခံရရော့။ ဦးကြွက်နီကား အကြောင်းမဟုတ်သည်ကို အကြောင်းလုပ်ပြီး ပြောနေမည့်သူမဟုတ်ပေ။ ထိုအခါ ဦးစံအေးနှင့် ဦးကံမောင်၊ ဦးသောင်းတို့သည် မအားလပ်သည့်ကြားက ရောက်လာကြရလေ၏။
' ကျွန်တော်တို့ ရမ်းဘိုကုန်းက ခေတဲ့ရွာမဟုတ်ဘူးခင်ဗျာ့။ မြန်မာဘုရင် ရွှေလက်ထက်တော်တုန်းက တပ်မတော်တုန်းက တပ်မတော်ကြီးက သေနတ်အမှုထမ်းတွေ အသုံးပြုဖို့ ယမ်းမှုန့်တွေကို ဆက်သရတဲ့ ရွာခင်ဗျာ့'
ဦးစံအေးမှာ ဤမျှအထိကား မှင်ဖြင့် မောင်းဖြင့် ကောင်းမွန်ဖြောင့်တန်းစွာ ပြောနိုင်သူဖြစ်သည်။ သို့ လျှင်ဖြစ်စေကာမူ ကုလားတက်လာပြီးနောက် ရမ်းဘိုကုန်းတစ်ရွာလုံး နယ်နှင်ခံရသည်အထိသာ ပြောတတ်သူဖြစ်၏။ သို့သော် စိုးရိမ်ဖွယ်မရှိပါ။ ဦးကံမောင်နှင့် ဦးသောင်းတို့ကလည်း အဆိပ် 'ပြီး' သည့် စန္ဒဂုတ်မင်း အကြောင်း၊ မဟာဗန္ဓုလစစ်သူကြီးတို့အကြောင်းဖြင့် ဖြည့်စွက်လိုက်လျှင် ထမင်းစားချိန်ုနှင့် အခန့်သင့် ဖွယ်ရှိပါသည်။
*
လယ်ပွဲအတွင်းရှိ ထန်းပင်အားလုံးကို ချိုင်ပါလျက်နှင့် သည်တစ်ပင်ကို မေ့ကျန်ခဲ့သည်။ ထန်းပင်များမှ အသီးအရွက် ရနိုင်သည်ဖြစ်စေ၊ မရနိုင်သည်ဖြစ်စေ လှည်းလမ်းမပိတ်မီ ချိုင်ပစ်ရမည်။ စပါးပင်များပေါ်သို့ ထန်းရွက်တွေ ကြွေကျမည် စိုးရိမ်သောကြောင့်ဖြစ်၏။ ဤအကြောင်းကြောင့် ထန်းပင်တွေကို ချိုင်ပစ်ပါလျက် သည်တစ်ပင်ကွက်ပြီး ကျန်ခဲ့သည်။ ကျန်ခဲ့ သောကြောင့် ယခု ထန်းရွက်တစ်ရွက် တန်းလန်းဆွဲနေပြီ။ လေပြင်းလာလျှင် ထန်းရွက်ခြောက် သည်လေတွင် ဆန့်တန်းလျက် အဆက်မပြတ် မြည်တော့သည်။
ယခုကား လေပြင်းမကျ။ လေပြည်သာ လာနေသည်။ ထို'ဆွဲချ' ထန်းလက်သည် ပင်စည်နှင့် ကွာသွားချေ ပင်စည် ကို ရိုက်ပုတ်ချေဖြစ်နေသည်။ ထိုဆွဲချ ထန်းလက်လှုပ်ရှားတိုင်း ဗျင်းခနဲ ဗျင်းခနဲ အသံသည် တိတ်ဆိတ် အေးချမ်းမှုကို ဖျက်ဆီးသည်။
မောင်ဆေးရိုးသည် အိမ်ထောင်ကျပြီးနောက် ယောက္ခမအိမ်သို့ ရောက်သွားရငြား မိဘလယ်ကို လုပ်ပေး နေရသည်။ ယခု ရေယူရင်း နွားစာ မြက်ရိတ်နေစဉ် ဆွဲချ ထန်းလက်ကို နားကြားပြင်း ကတ်နေခြင်းဖြစ်၏။
ရာသီတစ်ပတ် လည်ပြီးပြီ။ နောက်တစ်ကြိမ်ပင် ထွန်တုံးပိတ်ပြန်ပြီ။
မောင်ဆေးရိုး ရေယူနေခြင်းမှာ ပျိုးခင်းကျွတ်ကို ထွန်ရေးလုပ်ပြီး စိုက်ရန်ဖြစ်သည်။ လယ်ကွက်တိုင်းကို ကန်သင်းဆွဲသောကြောင့် ဆွဲချထန်းလက်က စည်းချက်မှန်မှန် ရိုက်ပေးသည့် ကြားသို့ ငှက်ခါး တစ်ကောင် က စည်းမကျ ၀ါးမကျ ၀င်နှောက်နေ၏။ ငှက်ခါးသည် သွပ်ပြားပေါ်သို့ အုတ်ခဲတွေ ပြုတ်ကျ သံဖြင့် ထိုးဆင်းလာပြီး ပျံတက်သွား၏။ သစ်ပင်ထိပ်ဖျားသို့ ပြန်ရောက်သွား သောအခါ တစ်ချက်ချင်း အော်နေပြန်၏။ ဤသည်ကိုလည်း မောင်ဆေးရိုး မနှစ်မြို့။
' ငှက်သရော နှဲကောမိ ဆိုတာ နင်ပဲ'
မောင်ဆေးရိုးသည် ငှက်ခါးကို မော့ကြည့်၏။ တိမ်ဖြူထသော ကောင်းကင်တွင် လင်းတတွေ ပျံဝဲ နေသည်။ လင်းတပင်ဖြစ်စေကာမူ သာမန် အမြင်အားဖြင့်မူ စွန်သာဖြစ်၏။ ၀ါမကျွတ် သေးသောကြောင့် သာလျှင် လင်းတ ဟု ပြောရခြင်းဖြစ်၏။
' ကိုရင် ဘာမှာဦးမလဲ '
ဆက်ရန်
.

1 comment:
ကမ္ဘာ့ဗဟုသုတရှိတဲ့ မောင်ကြည်စင်လဲ သင်ပုန်းကြီးပဲကုန်တဲ့ ဒေါ်ရွှေအိမ်ကို နိုင်အောင်မပြောနိုင်တာ သဘောကျလိုက်တာ။
တောသူတောင်သားတွေ ဓလေ့စရိုက်လေးက ချစ်စရာကောင်းတယ်။ တအိမ်ကလိုအပ်တာ တရွာလုံး ၀ိုင်းကူကြတာပဲနော်။
Post a Comment