Monday, September 6, 2010

တက္ကသိုလ် နေဝင်း ဘာသာပြန် ဇင်ဘာဘွေ အခန်း (၂၂)

နောက်ကပ္ပလီစစ်သားတစ်ဦးက ဆယ်လီအား ခပ်ကြမ်းကြမ်း ဖမ်းချုပ်ကိုင်ပြီး တပ်ကြပ်ကြီး၏ ရှေ့သို့ ခေါ်လာ လေသည်။
ဆယ်လီက ရုန်းကန်ပါသော်လည်း ခွန်အားဗလကောင်းသော စစ်သားနှင့် အားချင်းမမျှသဖြင့် ရုန်းထွက်၍ မရချေ။ စစ်သားက ဆယ်လီလုံးဝမလှုပ်ရှားနိုင်အောင် အတင်းဖမ်းချုပ်ထားလိုက်သည်။
ဆယ်လီ ခမျာ နာကျင်လွန်း၍ ရှံ့မဲ့နေရလေသည်။

တပ်ကြပ်ကြီးသည် မျက်နှာတည်တည်နှင့်ပင် ဆယ်လီ၏ အ၀တ်အစားများကို ဆွဲချွတ်ပစ်လိုက်သည်။
''ကျပ်မှာ လူတစ်ရာ့ငါးဆယ် ရှိတယ်ဗျ။ သူတို့အားလုံး ကိစ္စပြီးဖို့ အချိန်တော်တော်ကြာလိမ့်မယ်။ ဟဲဟဲ''
ဗိုလ်ချုပ်ဖွန်ဂါဘီရာက ရယ်စရာလုပ်၍ ပြောလိုက်ရာ ခရိတ်သည် စိတ်ထဲမှာအလွန်ခံပြင်းလျက် ဖွန်ဂါဘီရာ အား ချက်ချင်းသတ်ပစ်ချင်လာသည်။ သို့သော်သူ၏ လည်မျိုကို လှံစွပ်ဖြင့် မည်သို့မှ မလှုပ်ရှား နိုင်အောင် ချုပ်ကိုင်ထားလိုက်ပြီ ဖြစ်သည်။

''မစ္စတာခရိတ်၊ ခင်ဗျားလို အသားအရောင် ခွဲခြားမူဝါဒကို မနှစ်သက်တဲ့ လူတောင်မှ မျက်နှာဖြူအမျိုးသမီး တစ်ယောက်ကို ကျုပ်တို့ အာဖရိကတိုက်သား လူမည်းက ကိုယ်ထိလက်ရောက် ကျူးလွန်တာကို လုံးဝ မနှစ်ခြိုက်နိုင်ဘူး မဟုတ်လားဗျ''
ဖွန်ဂါဘီရာက သရော်သလို ပြောပြန်သည်။
သို့သော် ခရိတ်သည် ဒေါသထွက်လွန်း၍ ဘာမှ ပြန်မပြောနိုင်ချေ။ ဆယ်လီအား ကပ္ပလီလူမည်း စစ်သားတွေက ဆာလောင်မွတ်သိပ်သလို ၀ိုင်းကြည့်နေကြဖြင်းကိုလည်း အလွန်စက်ဆုပ်ရွံရှာလျက် ပြင်းစွာ စိတ်ထိခိုက်နေမိလေသည်။

''ခရိတ်… ခရိတ်''
ဆယ်လီက တုန်လှုပ်ချောက်ချားစွာဖြင့် လှမ်းအော်လိုက်ရာ ခရိတ်သည် သူ့အား တိုးလျှို့တောင်းပန်လို လိုက်ခြင်း ဖြစ်ကြောင်း ရိပ်မိသဖြင့်-
''ကောင်းပြီ ကျုပ်လက်မှတ်ထိုးပါမယ်'' ဟုပြောလိုက်မိလေတော့သည်။
ဗိုလ်ချုပ် ဖွန်ဂါဘီရာသည် သူတို့၏ ရှိုနာဘာသာဖြင့် တစ်စုံတစ်ရာ အမိန့်ပေးလိုက်ရာ စစ်သားများက ချက်ချင်း ပင် ဆယ်လီအား လွှတ်ပေးလိုက်ကြသည်။
တပ်ကြပ်ကြီး ကိုယ်တိုင်က ဆယ်လီအား ကူညီတွဲကူပေးလိုက်ပြီး တီရုပ်နှင့် ဘောင်းဘီစသော အ၀တ်အစား များကိုလည်း ယဉ်ကျေးစွာဖြင့် ပြန်ပေးလိုက်လေသည်။
ဆယ်လီသည် လျင်မြန်စွာ အ၀တ်အစားများ ၀တ်ဆင်ပြီးနောက် ခရိတ်ရှိရာသို့ ပြေးဝင်လာရှာလေသည်။ စိတ်ထိခိုက်လွန်းသဖြင့် စကားမပြောနိုင်ဘဲ မျက်ရည်တွေသာဖြိုက်ဖြိုက် ကျလျက်ငိုရှိုက်နေရှာလေသည်။ သူမ၏ တစ်ကိုယ်လုံးမှာလည်း ဆတ်ဆတ်တုန်နေလေသည်။

''ခင်ဗျားမြန်မြန်ထိုးလိုက်ရင် ခင်ဗျားတို့ မြန်မြန်သွားနိုင်မှာပဲ''
ဗိုလ်ချုပ်ဖွန်ဂါလီရာက သတိပေးသလို ပြောလိုက်ရာ ခရိတ်သည် ဆယ်လီကို လက်တစ်ဖက်ဖြင့် ဆွဲလျက် နှင့်ပင် စာရွက်စာတမ်းများရှိရာ ချဉ်းကပ်သွားလေသည်။
ကက်ပတိန် နီဘေဘီက ဖောင်တိန်လှမ်းပေးသဖြင့် ခရိတ်လည်း ပထမစာရွက်နှစ်ရွက်တွင် သူ၏ လက်မှတ်တိုကို (အင်နီရှယ်) ရေးထိုးလိုက်ပြီး နောက်ဆုံးစာရွက်အောက်၌ လက်မှတ်အပြည့်အစုံ ရေးထိုး လိုက်သည်။

ခရိတ်က လက်မှတ်ထိုးပြီးနောက် ဗိုလ်ချုပ် ဖွန်ဂါဘီရာနှင့် ကက်ပတိန်နီဘေဘီတို့က သက်သေများအဖြစ် လက်မှတ်ရေးထိုးကြလေသည်။
''တစ်ခုပဲ ပြောစရာ ကျန်တော့တယ်။ ခင်ဗျားနဲ့ မစ္စဆယ်လီ နှစ်ဦးစလုံးကို ကျုပ်တို့ စစ်တပ် ဆရာဝန်က ကျန်းမာရေးစစ်ဆေးတာကို လက်ခံကြစေချင်ပါတယ်။ ခင်ဗျားတို့ရဲ့ ခန္ဓာကိုယ်မှာ နှိပ်စက်ညှဉ်းပန်းခြင်း ခံရတဲ့ ဒဏ်ရာဒဏ်ချက်တွေ ရှိမရှိစစ်ဆေးတဲ့သဘောပါပဲ။ ကျုပ်တို့က မတရားနှိပ်စက်ညှဉ်းပန်းပြီး စစ်ဆေးခဲ့သလားဆိုတာ သံသယမရှိအောင်ပါ''
ဗိုလ်ချုပ် ဖွန်ဂါဘီရာက ဤသို့ပြောလိုက်ရာ ခရိတ်သည် ထောင်းခနဲဒေါသ ထွက်လာမိလေသည်။ ကျန်းမာရေး စစ်ဆေးမည်ဆိုလျှင် ကပ္ပလီလူမည်း ဆရာဝန်ရှေ့တွင် မိမိနှင့် ဆယ်လီတို့သည် အ၀တ် အစား အားလုံး ချွတ်၍ စစ်ဆေးခံရမည် ဖြစ်သောကြောင့် ဒေါသထွက်မိခြင်းပင် ဖြစ်သည်။

''ခင်ဗျားလည်းဗျာ၊ ဆယ်လီကို နောက်ထပ်မနှိပ်စက်ချင်စမ်းပါနဲ့။ သူ့ခမျာ အခုလောက်ခံစားရတာတောင် လွန်လှပြီ၊ ကျုပ်အထူးမေတ္တာရပ်ခံပါတယ်။ 

ဒါတစ်ခုတော့ ကျုပ်ရဲ့အလိုလိုက်စမ်းပါ။ မစ္စတာခရိတ် ခင်ဗျား''
ခရိတ်သည် မငြင်းဆန်လိုတော့သဖြင့် ဆိတ်ဆိတ်နေလိုက်သည်။
တတိယ တပ်မတော်၏ ဆေးမှူး (ဆရာဝန်)မှာ ရှိုနာအမျိုးသား လူမည်းတစ်ယောက် ဖြစ်လေသည်။ သူသည် အပြင်ဘက်ရှိ ထရပ်ကားကြီး တစ်စီးပေါ်တွင် ထိုင်စောင့်နေရာ ဗိုလ်ချုပ်ဖွန်ဂါဘီရာက ခေါ်ယူပြီး ညွှန်ကြားချက် ပေးလေသည်။

''ဒေါက်တာ ခင်ဗျား၊ ဒီမျက်နှာဖြူ အမျိုးသမီးကိုတော့ အိမ်ခန်းထဲမှာ သီးသန့် စစ်ဆေးပါ။ အထူးသဖြင့် သူ့ကိုကိုယ်ထိလက်ရောက် ကျူးလွန်ခြင်းရှိမရှိ ခင်ဗျား ကျေနပ်အောင် ဂရုစိုက် စစ်ဆေးစေချင်တယ်''
စစ်တပ် ဆရာဝန်လည်း ဆယ်လီအား အိမ်ခန်းတွင်းသို့ခေါ်သွားရာ ဗိုလ်ချုပ်ဖွန်ဂါဘီရာက ခရိတ်ဘက်သို့ လှည့်စကားပြောပြန်သည်။
''ဒီအချိန်အတောအတွင်းမှာ ခင်ဗျားက ခင်ဗျားရဲ့ ရုံးခန်းထဲက မီးခံသေတ္တာကို ဖွင့်ပြီး ပတ်စ်ပို့ (နိုင်ငံကူး လက်မှတ်) နဲ့ တခြားလိုအပ်တဲ့ ခရီးသွား စာရွက်စာတမ်းတွေကို ထုတ်ယူထားနိုင်ပါတယ်''
ဤသို့ ပြောလိုက်လျှင် စစ်သားနှစ်ဦးက အိမ်ဝရန်တာတစ်ဖက်စွန်းရှိ ရုံးခန်းသို့ ခရိတ်အား ခေါ်သွား လေသည်။

ခရိတ်သည် မီးခံသေတ္တာကိုဖွင့်၍ သူ၏နိုင်ငံကူးလက်မှတ်နှင့် တကွခရက်ဒစ်ကတ်ခေါ် ကုန်ပစ္စည်းများ လက်မှတ်ထိုး ၀ယ်ယူနိုင်သည့် ကတ်ပြားများပါသော  သားရေအိတ်၊ ကမ္ဘာဘဏ်အဖွဲ့၏ အမှတ်အသား  ရင်ထိုးတံဆိပ်၊ အမေရိကန်အိတ်စ်ပရက်စ် ခရီးသွားချက်လက်မှတ်အပြင် သူ၏၀တ္ထုအသစ် ရေးလက်စ စာမူကြမ်း များကို ထုတ်ယူလိုက်သည်။
ယင်းပစ္စည်းအားလုံးကို ဗြိတိသျှ လေကြောင်းကုမ္ပဏီမှ ထုတ်ပေးသည့် ခရီးသွားလက်ဆွဲအိတ်တွင် ထည့်လိုက်ပြီး နောက်ထမင်းစားခန်းသို့ ပြန်သွားလေသည်။

ထိုအချိန်၌ ဆယ်လီနှင့်ဒေါက်တာတို့သည် အိပ်ခန်းတွင်းမှ ပြန်ထွက်လာကြပြီဖြစ်သည်။ ဆယ်လီသည် အ၀တ်အစား လဲ၍  ဂျာစီ(ဆွယ်တာ)အင်္ကျီနှင့် ဂျင်းဘောင်းဘီတို့ကို ၀တ်ဆင်ထားလေသည်။
မျက်နှာကမူ စောစောက စိတ်ဆင်းရဲခြင်းဒဏ်ကြောင့် ညိုးနွမ်းလျက်ပင် ရှိသေးလေသည်။ သူမ၏ ကင်မရာ ပစ္စည်းပါသော အိတ်နှင့် ဓာတ်ပုံစာအုပ်၊ ခရိတ်ရေးမည့် စာအုပ်သစ်အတွက် လိုအပ်သည့် ရည်ညွှန်း စာအုပ် များကို ယူဆောင်လာလေသည်။
"ကိုင်း မစ္စတာခရိတ်၊ ခင်ဗျားအလှည့် ရောက်ပြီ"

ဗိုလ်ချုပ်ဖွန်ဂါဘီရာက ပြောသဖြင့် ခရိတ်သည် ဆရာဝန်နှင့်အတူ လိုက်သွားရလေသည်။ စစ်ဆေးပြီး၍ ပြန်လာသော အခါ ဆယ်လီသည် အိမ်ရှေ့ လင်းရိုဗာကားပေါ်တွင် ထိုင်နေပြီ ဖြစ်လေသည်။
သူမ သည် ကား၏ နောက်ခုံတွင်ထိုင်နေပြီး ကက်ပတိန် နီဘေဘီက သူမ၏ဘေးမှ ထိုင်နေသည်။ သူတို့၏ နောက်တွင်ကား လက်နက်ကိုင် စစ်သားနှစ်ဦး ထိုင်နေကြလေသည်။ ယာဉ်မောင်းသူ၏ ဘေးတွင် ခရိတ် အတွက် နေရာလွတ်နေလေသည်။

ဝရန်တာတွင် ရပ်စောင့်နေသူ ဖွန်ဂါဘီရာသည် ခရိတ်အား နှုတ်ဆက်လေသည်။
"ဂွတ်ဘိုင် မစ္စတာခရိတ်"
သို့သော် ခရိတ်က ပြန်နှုတ်မဆက်ဘဲ ဗိုလ်ချုပ် ဖွန်ဂါဘီရာ၏ မျက်နှာကို စက်ဆုပ်မုန်းတီးဟန်ဖြင့် စေ့စေ့ ကြည့်နေ လိုက်သည်။
"ဘာလဲ ခင်ဗျားက ခင်ဗျားရဲ့ မိသားစု ပိုင်ဆိုင်ခဲ့တဲ့ ဒီစိုက်ပျိုးမွေးမြူရေးလုပ်ငန်းကြီး ပြန်လည်ထူထောင် ရေးမှာ ကျုပ်က တကယ်ပဲ ကူညီပံ့ပိုးပေးမယ်လို့ ထင်နေခဲ့လို့လား။ ဒီမယ် ခင်ဗျားနားလည်ထားဖို့ ကောင်းတယ်။ ကျုပ်တို့က ခင်ဗျားတို့ မျက်နှာဖြူ အရင်းရှင်တွေရဲ့ လုပ်ငန်းကြီးတွေကို ဖြိုခွင်းဖို့ သက်စွန့် ကြိုးပမ်းတိုက်ခိုက်ခဲ့ကြတာဗျ"
ဗိုလ်ချုပ် ဖွန်ဂါဘီရာက စိတ်ကို ဆွပေးသလို ပြောလိုက်သော်လည်း ခရိတ်သည် ဘာမှ ပြန်မပြောဘဲ ကား ပေါ် တက်လိုက်သည်။

ခရိတ်သည် နောက်ပြန် လှည့်ကြည့်လိုက်ရာ ဖွန်ဂါဘီရာသည် ၀ရန်တာပေါ်၌ရပ်၍ မိမိတို့အား ငေးကြည့် လျက်ပင် ရှိသေးသည်ကို မြင်ရလေသည်။
အရပ် ထောင်ထောင်မောင်းမောင်းနှင့် ရပ်ကြည့်နေပုံကို ကြည့်ရင်း ခရိတ်၏ စိတ်ထဲ၌ ဖွန်ဂါဘီရာ သည် အသွင်တစ်မျိုး ပြောင်းလဲလာသည်ဟု ထင်မိလေသည်။
နယ်မြေတစ်ခုကို တိုက်ခိုက်သိမ်းပိုက်ပြီး စစ်အောင်နိုင်သူ စစ်သူကြီးတစ်ဦး၏ ဟန်မျိုး ဖြစ်နေသည်။ မိမိ၏ ကင်းလင်းခြံမြေကို ပိုင်ဆိုင်သူကဲ့သို့ ဖြစ်နေပေသည်။ ဤတွင် ခရိတ်သည် ဗိုလ်ချုပ် ဖွန်ဂါဘီရာအား ပို၍ ပင် စက်ဆုပ်မုန်းတီးမိလေသည်။

လင်းရိုဗာကား၏ ရှေ့မီးလုံးကြီးများ အလင်းရောင်တွင် ခြံကြီး၏ အ၀င်ဝမှ အောက်ပါ ဆိုင်းဘုတ်ကို မြင်ရ လေသည်။
"ကင်းလင်းမွေးမြူရေးခြံပိုင်ရှင် ခရိတ်မယ်လို"
ဆိုင်းဘုတ်ကြီးသည် မိမိအား လှောင်ပြောင်သရော်နေသည်ဟု ခရိတ်စိတ်ဝယ် ထင်မိလေသည်။
လင်းရိုဗာကားသည် လျင်မြန်စွာ ဆက်မောင်းထွက်ခဲ့ရာ ခရိတ်လည်း သူ မျှော်လင့်တောင့်တထားခဲ့သည့် စိတ်ကူးယဉ် အိပ်မက် အားလုံးကို ကင်းလင်းမွေးမြူရေး ခြံကြီးနှင့်အတူ မေ့ပျောက်ပစ်ရန် ကြိုးစားရင်း လိုက် ပါသွားလေသည်။

ကက်ပတိန် နီဘေဘီသည် သူနှင့်ပါလာသည့် မြေပုံထည့်သော သားရေအိတ်ကို ဖွင့်၍ အတွင်းမှ ပြည်တွင်း ဖြစ် ချက်အရက် တစ်ပုလင်း ထုတ်ယူလိုက်သည်။ တိုင်းရင်းဖြစ်အရက်ဖြစ်ပြီး အလွန်ပြင်းသော အမျိုးအစား ပင် ဖြစ်သည်။
ကက်ပတိန် နီဘေဘီက ပုလင်းကိုလှမ်းပေးရာ ခရိတ်က မသောက်လို၍ ငြင်းသော်လည်း နီဘေဘီက အတင်း တိုက်တွန်းနေပြန်သဖြင့် ပုလင်းကိုဖွင့်ပြီး တစ်ကျိုက်မော့သောက်လိုက်ရသည်။ အရက်က အလွန် ပြင်းလေရာ ခရိတ်သည် လည်ချောင်းထဲ၌ ပူခနဲဖြစ်သွားပြီး မျက်ရည်များပင် ထွက်လာလေသည်။
ခရိတ် က ပုလင်းကို ဆယ်လီအား လှမ်းပေးသောအခါ သူမက မသောက်လိုဟန်ဖြင့် ခေါင်းခါပြလေသည်။

"ရော့ပါ နည်းနည်းတော့ သောက်လိုက်ပါကွာ"
ခရိတ်က ထပ်ပြောလိုက်တော့မှ ဆယ်လီသည် ပုလင်းကိုယူ၍ အနည်းငယ် သောက်လိုက်သည်။ ပြင်းထန် သော ချက်အရက်ဖြစ်၍ ဆယ်လီခမျာ ချောင်းဆိုးပြီး ရင်ထဲ၌ မီးလောင်သကဲ့သို့ ပူလောင်သည့် ဝေဒနာ ခံစားလိုက်ရသည်။ သို့သော် စိတ်တုန်လှုပ်ချောက်ချားမှု အနည်းငယ် ပြေပျောက်သွားလေသည်။
"ကျေးဇူးတင်ပါတယ်ရှင်"
ဆယ်လီကပြောရင်း ပုလင်းကို ကက်ပတိတန် နီဘေဘီအား ပြန်ပေးလိုက်လေသည်။

မကြာမီ သူတို့သည် ဘူလာဝေယိုမြို့ပြငဘက်ရှိ လမ်းပိတ်ဆို့ တားဆီးထားသော လုံခြုံရေး ဂိတ်အနီးသို့ ရောက်ရှိသွားကြလေသည်။
ခရိတ်သည် လက်ပတ်နာရီကို ကြည့်လိုက်ရာ နံနက် သုံးနာရီထိုးရန် ခုနစ်မိနစ်ခန့်ရှိပြီ ဖြစ်ကြောင်း တွေ့ရလေသည်။
လုံခြုံရေးဂိတ်အနီးသို့ ရောက်လျှင် လင်းရိုဗာကား၏ ၀ဲယာနှစ်ဖက်သို့ ချဉ်းကပ်လာလေသေည်။

ကက်ပတိန်နီဘေဘီသည် စစ်သားတစ်ဦးအား သူ၏ စိစစ်ရေးကတ်ပြားကို ထုတ်ပြရင်း ရှိုနာဘာသာဖြင့် တစ်စုံတစ်ခု ပြောလိုက်သည်။ စစ်သားလည်း ကတ်ပြားကို လက်နှိပ်ဓာတ်မီးဖြင့် ထိုးကြည့်ပြီးနောက် ပြန်ပေးရင် နီဘေဘီအား အလေးပြုလေသည်။

ပိတ်ဆို့ထားသော သစ်သားတန်းကြီးကိုလည်း မြှောက်တင်၍ လမ်းဖွင့်ပေးလိုက်သဖြင့် လင်းရိုဗာကား သည် ဖြတ်၍ မောင်းထွက်လေသည်။
ဘူလာဝေယိုမြို့မှ ထိုအချိန်၌ သက်ဝင်လှုပ်ရှားခြင်း မရှိဘဲ တိတ်ဆိတ်ငြိမ်သက်လျက် ရှိလေသည်။ လူနေအိမ် အချို့သာလျှင် မီးများ လင်းနေသည်ကို တွေ့ရလေသည်။
တစ်နေရာတွင် မီးပွိုင့်က မီးနီပြနေရာ လင်းရိုဗာကားမောင်းနေသူက ကားကို ရပ်ထားလိုက်သည်။ ထိုအချိန် ၌ လမ်းများတွင် ယာဉ်အသွားအလာ လုံးဝမရှိ။ တိတ်ဆိတ် ခြောက်ကပ်နေလေသည်။
ယင်းသို့ တိတ်ဆိတ်ငြိမ်သက်နေသည့်ကြားမှ မောင်းပြန်ရိုင်ဖယ်သေနတ်ပစ်သံများ သဲ့သဲ့ကြား ရလေသည်။

ခရိတ်သည် မော်တော်ကား၏ နောက်ကြည့်မှန်မှ တစ်ဆင့် ကက်ပတိန် နီဘေဘီ၏ မျက်နှာကို လှမ်းကြည့် လိုက်သည်။ သေနံသံကြားရာဘက်သို့ လှမ်းကြည့်နေသည်ကို သတိပြုမိသည်။
ထိုအချိန်၌ မီးပွိုင့်မှ စိမ်းသွားသဖြင့် ကားကို ဆက်မောင်းသွားကြပြီး မြို့၏ တစ်ဖက်စွန် (တောင်ဘက်) ဆင်ခြေဖုံး ဆီသို့ မောင်းသွားလေသည်။
မြို့ပြင်တွင် လမ်းပိတ်ဆို့တားဆီးထားသည့် လုံခြုံရေးဂိတ် နောက်ထပ်နှစ်ခု တွေ့ရပြီးနောက် သူတို့ သည် မြို့ပြင်ဘက် ဟိုင်းဝေးလမ်းမကြီးသို့ ရောက်သွားလေသည်။
မှောင်မည်းနေသည့်ကြားမှပင် သူတို့သည် တောင်ဘက်စူးစူးဆီသို့ ဆက်မောင်းသွားကြလေသည်။

ကားပေါ်တွင် ပါလာသော ဆက်သွယ်ရေး ရေဒီယိုစက်မှ တစ်ကြိမ်နှစ်ကြိမ် ရှိုနာဘာသာဖြင့် ဆက်သွယ် စကားပြောရာ တစ်ဖက်မှ ပြောနေသူမှာ ဗိုလ်ချုပ်ဖွန်ဂါဘီရာဖြစ်ကြောင်း ခရိတ်က အသံကို မှတ်မိ  လေသည်။
သို့သော် ဖွန်ဂါဘီရာက အခြားတပ်ဖွဲ့(ယူနစ်)များထံ ဆက်သွယ်နေခြင်းဖြစ်ဟန်တူသည်။ ထို့ကြောင့် ကက်ပတိန်နီဘေဘီသည် ရေဒီယိုစက်မှ တစ်စုံတစ်ရာ ပြန်ကြားခြင်း မပြုဘဲ နေလိုက်သည်။
တဖြည်းဖြည်းနှင့် ခရိတ်သည် အိပ်ငိုက်လာသဖြင့် ကားပေါ်တွင် ထိုင်လျက်နှင့်ပင် မျက်စိ မှိတ်ပြီး မှေးနေ လိုက်သည်။
အိပ်ပျော်နေရာမှ ကက်ပတိန်နီဘေဘီက ပထမဆုံးအကြိမ် စကားပြောလိုက်သဖြင့် ခရိတ်သည် ရုတ်တရက် ပြန်နိုးလာလေသည်။ ထိုအချိန်၌ အရှေ့ဘက် မိုးကုပ်စက်ဝိုင်းဆီမှ ရောင်နီသန်းစ ပြုလာပြီ ဖြစ်သည်။

လင်းရိုဗာကားသည် လမ်းမကြီးပေါ်မှ မြေနီလမ်းတစ်ခုတွင်းသို့ ချိုးဝင်လိုက်လေသည်။
"အခု ကျုပ်တို့ ဘယ်ကိုသွားနေတာလဲ။ ဘာကြောင့် လမ်းမကြီးကနေ ဒီမြေနီလမ်းကို ချိုးဝင်ခဲ့တာလဲ"
ခရိတ်က မေးလိုက်ရာ ကက်ပတိန် နီဘေဘီသည် ပြန်မဖြေဘဲ ယာဉ်မောင်းသူကိုသာ တစ်စုံတစ်ခု လှမ်းပြော လိုက်သည်။ လင်းရိုဗာကားသည် လမ်းဘေးတွင် ထိုးရပ်လိုက်သည်။
သည်တော့ မှ ကက်ပတိန် နီဘေဘီသည် ခရိတ်အား စကားပြောလေသည်။

"ခင်ဗျားတို့ ကားပေါ်က ဆင်းလိုက်ကြပါ"
ကက်ပတိန် နီဘေဘီသည် အရင်းဆင်း၍ ပြောသဖြင့် ခရိတ်လည်း ကားပေါ်မှ ဆင်းလိုက်သည်။ အဆင်းတွင် ကက်ပတိန် နီဘေဘီသည် ကူညီတွဲချသလို ဖေးမသလို ချဉ်းကပ်လာပြီး ခရိတ်၏ လက်တစ်ဖက် ကို လှမ်းကိုင်လိုက်သည်။

ထို့နောက် အလွန်လျင်မြန်သွက်လက်စွာ ခရိတ်၏ လက်နှစ်ဖက်ကို လက်ထိတ်ခတ်လိုကသည်။ လှုပ်ရှားမှုက လျှပ်တစ်ပြက် မြန်လွန်းလှသဖြင့် ခရိတ်မှာ အံ့အားသင့်ကာ လက်ထိတ်ခတ်ထားသော လက်နှစ်ဖက် ကို ငေးကြည့်နေမိသည်။
ခေတ္တကြာတော့မှ သူသည် ဒေါသထွက်လျက် -
"ဟေ့လူ ဒါဘာလုပ်တာလဲ"ဟု အော်မေးလိုက်သည်။

ထိုအတောအတွင်း ကက်ပတိန် နီဘေဘီသည် ဆယ်လီကိုလည်း အလားတူ လက်ထိတ်ခတ်ထားလိုက်ပြီ ဖြစ်သည်။
သူသည် ခရိတ်၏ မေးခွန်းကို လျစ်လျူရှုကာ ယာဉ်မောင်းရဲဘော်နှင့် အခြားစစ်သားနှစ်ဦးတို့နှင့်သာ ရှိုနာဘာသာ ဖြင့် စကားပြောနေသည်။
ခရိတ် သည် ရှိုနာဘာသာစကားကို မကျွမ်းလင့်ကစား အနည်းငယ် တီးခေါက်မိသူဖြစ်ရာ ကက်ပတိန် နီဘေဘီ ပြောနေသည့်စကားတွင် 'သတ်ဖြတ်'နှင့် 'ပုန်းအောင်းနေ'ဟူသော စကားနှစ်လုံးကိုတော့ နားလည် သတိပြုလိုက်မိသည်။

ကက်ပတိန် နီဘေဘီ ပြောသည့်စကားကို စစ်သားတစ်ဦးက ကန့်ကွက်အရေးဆိုသလို ပြန်ပြောနေ သည်ကိုလည်း ခရိတ်က ရိတ်မိသည်။
ချက်ချင်း လိုပင် ရေဒီယိုစက်၏ အသံချဲ့စက် (စပီကာ)မှ ဗိုလ်ချုပ်ဖွန်ဂါဘီရာ၏ အသံ ကြားရလေသည်။
ခေတ္တမျှ အပြန်အလှန် ပြောနေကြပြီးနောက် ကက်ပတိန်နီဘေဘလီသည် ရေဒီယိုစက်ကို ပြန်ပိတ်လိုက် သည်။
ထိုအခါ စောစောက ပြောဆိုကန့်ကွက်နေသူ စစ်သားသည် ဘာမှမပြောတော့ဘဲ ငြိမ်သွားသည်။ ကက်ပတိန် နီဘေဘီ၏ အမိန့်ပေးချက်ကို ဗိုလ်ချုပ် ဖွန်ဂါဘီရာ ကိုယ်တိုင်က သဘောတူ အတည် ပြုလိုက်ကြောင်း ကန့်ကွက်သူ စစ်သားက နားလည်သွားပြီ ဖြစ်သည်။

ဆက်ရန်
.

3 comments:

Anonymous said...

Thanks.
Ray

လသာည said...

အစ်မရေ...

ညီမ မရှိတုန်း အများကြီး အားရပါးရ တင်ပေးထားတာ ကျေးဇူးပါ။ အကြွေးတွေများလို့ ၃ ရက်တောင် ခွဲဖတ်ရတယ်။ ဖတ်တာများတာနဲ့ ကွန်မန့်သီးသန်စီ မထားခဲ့တာပါ။ ပို့စ်အားလုံးအတွက် ကျေးဇူးတင်ပါတယ်..လို့.
ယခုအပိုင်းထိ စာရင်းရှင်းပြီး အဲလေ ဖတ်ပြီး......း)))။

ဇော်သိင်္ခ said...

မနေ့က အချိန်မရလို့ မဖတ်ဖြစ်လိုက်ဘူးဗျ. ဒီနေ့မှပဲ နှစ်ရက်စာ ပေါင်း ဖတ်သွားပါတယ်.

ခင်မင်စွာဖြင့်
ဇော်သိင်္ခ