Saturday, September 4, 2010

မဝင်းမြင့် (ခေမာသောင်ကမ်း) အပိုင်း (၁၄)

စင်္ကြံကြွနေသော ဦးခေမာကို ခမ်လှမ်းလှမ်းမှ မြင်လျှင်မြင်ခြင်း မစပယ်သည် စိတ်ကို အစိုးမရသည့် အလျှောက် ထင်မိထင်ရာ တွေးလာသော သူ့စိတ်ကူးကို ကြိုးစားဖြတ်လိုက်သည်။ ဦးခေမာကို ခြေတော်ရင်းတွင် သူတို့မိသားစုနှင့် ဦးဘိုးညွှန့်တို့ ၀ပ်ဆင်းနေမှ ဦးခေမာက စင်္ကြံကြွခြင်းကို ရပ်ဆိုင်း လိုက်၏။
    ဦးဇင်းဘုရား တပည့်တော် ဘိုးညွန့်ပါ

ဝမ်းသာဝမ်းနည်း ကြွေကွဲသော စိတ် ကြင်နာချစ်ခင်သော စိတ်တို့ဖြင့် ဦးဘိုးညွန့်က ပုခုံးပေါ်တင်လာ သောတဘက်ဖြင့် မျက်ရည်သုတ်ရင်း လျှောက်ထားသည်။ ဦးခေမာကလည်း ဦးဘိုးညွန့်ကို ကောင်းစွာ မှတ်မိတော်မူသည်။
    ကျန်းမာရဲ့နော် ဒကာကြီး
တင်ပါ့.....မာပါရဲ့ ဘုရား တပည့်တော်ရော ဘွားအိခင်ပါ ကိုယ်တော် ဘယ်ရောက်နေမှန်း မသိလို့ စုံစမ်းခဲ့ကြရပါတယ် အခုမှသိလို့ ဘွားအိခင်က လိုက်သွားစမ်း ပင့်လို့ရရင်လဲ ပင့်ခဲ့၊ ပင့်မရရင်လဲ ကိစ္စပြီးပြေအောင် ပြောခဲ့ဆိုလို့ တပည့်တော် လာရပါတယ် ဘုရား
ဦးခေမာ က မတ်တတ်ရပ်လျက်ကပင် ပြန်လည်မိန့်ကြားသည်။

"ဘာကိစ္စလဲ"
"ပစ္စည်းဥစ္စတွေပေါ့ဘုရား၊ အခုထက်ထိရှိနေတဲ့ တိုက်ကြီးရော ဘဏ်မှာအပ်ထားတဲ့ ငွေသားတွေ အတွင်းပစ္စည်းတွေ သိန်းနှစ်ဆယ်ဘိုးလောက်ရှိနေတာ၊ ဖွားအိခင်လဲ အသက်ကြီးပြီ၊ ကိုယ်တော့်ကို အားလုံး လွှဲအပ်ချင်တယ်တဲ့၊ အဲဒါကိုယ်တော်ကို ကြွစေချင်ပါတယ်တဲ့ ဘုရား"
"မကြွနိုင်ရင်ကော………."

"မကြွနိုင်ရင်လဲ ကိုယ်တော်ကလွဲပြီး ဘယ်သူ့မှ ပေးစရာမရှိတော့် ကွယ်လွန်ရင် ပစ္စည်းအားလုံး ကိုယ်တော် တစ်ဦးတည်း ပိုင်ဆိုင်ဖို့ ၀တ်လုံတွေနဲ့ စာချုပ်ချုပ်ပြီး ဘဏ်မှာပြန်အပ်ခဲ့မယ်တဲ့၊ သူကွယ်လွန်ကြောင်း သတင်းကြားရင် လာပြီး ပစ္စည်းဥစ္စာ သိမ်းပါတဲ့၊ အကယ်၍ သူမကွယ်လွန်မီ ကိုယ်တော်ပြန်လာချင်သပဆိုရင် သင်္ကန်းဝတ်နဲ့ပဲ လာလာ၊ ၀တ်ကြောင်နဲ့ပဲလာလာ အချိန်မရွေး ဆီးကြို ပါမယ်လို့လဲ အဘွားကြီးက မှာလိုက်ပါတယ် ဘုရား…… "

"ရဟန်းဝတ်ကြီးနဲ့ ဥစ္စာရွှေငွေစကား ပြောဆိုစီမံလို့ မသင့်လျော်ဘူး ဒကာကြီး၊ အဲဒီတော့ မယ်တော်ကြီးကို ပြောလိုက်ပါ။ စိတ်ချမ်းသာသလို ကြိုက်သလိုသာ စီမံပါလို့။ အားလုံးလှူရင်လဲ လှူသွားပါစေ၊ မလှူဘဲ ထားရစ်ခဲ့ရင်လဲ ကျူပ်က လှူပစ်မှပဲဆိုတာလဲ ပြန်ပြော……..မယ်တော်ကြီး ဂုဏ်ကျေးဇူးကို မမေ့ဘဲ အဝေးက မေတ္တာပို့သနေတယ်ဆိုတာပဲပြော……….."
ဦးခေမာက ဤမျှသာမိန့်ကြားပြီး စင်္ကြံလျှောက်မြဲတိုင်း လျှောက်နေသည်။ မစပယ်တို့ မိသားစုကိုကား မည်သည့်စကားမှ စတင်မေးမြန်း ပြောဆိုနေရိုး ထုံးစံမရှိချေ။ မစပယ်တို့ကိုသာ မဟုတ်၊ မည်သူကိုမှ စတင်မေးမြန်းခြင်း၊ အရှည်အကြာ စကားလက်ခံပြောခြင်းမျိုး မလုပ်သဖြင့် ဦးခေမာအကြောင်း သိပြီးဖြစ်သော မစပယ်တို့မိသားစုကလည်း နှုတ်ဆိတ်နေကြရလေသည်။ မစပယ်က လေသံတိုးတိုး ဖြင့်ပြော၏။

"ဘုန်းတော်ကြီး နေရာကို မစပယ်သွားပြီး သုတ်သင်လိုက်ဦးမယ် အမေ……."
ဒေါ်အုန်းက ခေါင်းညိတ်ပြ၏၊ မစပယ်က သွက်လက်စွာ ထသွားသည်။ ခရေပင်အောက်က တဲကျောင်း ကလေးကို အတွင်းရော အပြင်ပါမစပယ် လှည်းကျင်းသုတ်သင်သည်။ ၀ါးကွပ်ပျစ်ပေါ်မှာ ရှိနေသော ပရိက္ခရာရှစ်ပါးနှင့် သင်္ကန်းတစ်စုံကို ခေတ္တဘေးဖယ်ခါ ဦးခေမာ အိပ်သောနေရာကို သူလည်ပင်းစီး လာသော လက်ကိုင်ပ၀ါဖြင့် သုတ်လိုက်၏။ ဦးခေမာ ကျိန်းစက်ရန် သင်ဖြူး၊ မွေ့ရာ၊ ခေါင်းအုံး၊ ခြင်ထောင်၊ စောင်စသည်များကို မစပယ်တို့ မိသားစုကလည်းကောင်း၊ အခြားကြည်ညိုသူ များက လည်းကောင်း စုပြုံသူလှူဒါန်းကြသော်လည်း ဦးခေမာ လက်မခံချေ၊ ၀ါးကွပ်ပျစ်ပေါ်မှာ သင်္ကန်းတစ် ထည်၊ ခေါင်းအုံး၊ တစ်ထည်ခြုံ ကျိန်းစက်၍ တရားကိုသာ အတွင်းကျင့်နေတော်မူသည်။ မစပယ်သည် ဦးခေမာကို စိတ်ထဲက သနားနေသည်။ ဤမျှလောက် ကြွယ်ဝချမ်းသာသော စည်းစိမ်ရှင်၊ ပညာတတ်၊ အရာရှိကြီး အင်္ဂါရုပ်ကျက်သရေရှိလှသော ပုဂ္ဂိုလ်သည် ဤသို့အဆင်းရဲခံကာ တရားကျင့်ရှာလေသည် ဟုတွေးရင်း မျက်ရည်လည်လာအောင်ပင် သနားကြင်နာ ကြည်ညိုရှာသော စိတ်စေတနာက တားဆီးမရ ပေါ်လာလေသည်။

ကိစ္စပြီးစီး၍ ဦးဘိုညွန့် ပြန်သွားပြီသည့်နောက် ဦးခေမာ၏ နောက်ကြောင်းရာဇ၀င် အဆင့်အတန်း အခြေအနေကို အသေအချာ သိလိုက်ရပြီးဖြစ်သည်။ ဦးချစ်မောင်နှင့် ဒေါ်အုန်းတို့သည် ဦးခေမာအား ကြည်ညိုလွန်းမက ကြည်ညိုကြသောကြောင့် ဦးခေမာအတွက်ဆိုလျှင် အသက်ကိုပင် ပေးလှူပါစေ- မတွန့်တို ကြည်ဖြူသော စိတ်စေတနာက အတိုင်းအဆမရှိ ပေါ်ပေါက်လာကြသည်။
ဦးခေမာအား ဆွမ်းပို့ရာတွင် ဦးချစ်မောင် တစ်လှည့်၊ မစပယ်တို့သားအမိ တစ်လှည့်ပို့နေရာမှ လူကြီးပိုင်းနှင့် သက်ဆိုင်သောကိစ္စပေါ်ပေါက်လာလျှင် ဦးချစ်မောင်ရော ဒေါ်အုန်းပါ၊ မသွားနိုင်ကြ တော့ဘဲ မစပယ်ကိုသာ ဆွမ်းပို့ခိုင်ရတော့သည်။ ဤသို့ဖြင့် ကြာသော်ဦးချစ်မောင်နှင့် ဒေါ်အုန်း အားသည်ဖြစ်စေ၊ မအားသည်ဖြစ်စေ ဆွမ်းပို့တာဝန် တဲကျောင်းကို သုတ်သင်ရှင်းလင်းရေး တာဝန်ကို မစပယ်သာ ပင်တိုင်သည် ညနေစောင်းမှ အေးအေးဆေးဆေး အိမ်သို့ပြန်လာတတ်သည်။

မစပယ်သည် ဆွမ်းအုပ်ကိုယူသွားပြီး ဦးခေမာ၏ သပိတ်ထဲသို့ လောင်းလှူပေးရသည်။ ထိုသပိတ်ကို ပိုက်၍ ဦးခေမာ မြစ်ကမ်းစပ်မှာ ဆွမ်းဘုန်းပေးနေကြ ဖြစ်သည်။ သို့သော် မစပယ် ရှိခိုင်းတောင်းပန် ချက်ကြောင့် သပိတ်ပိုက်ခါ မြစ်ကမ်းစပ် မဆင်းတော့ဘဲ မစပယ်ကိုယ်တိုင် ဦးခပ်ထည့်ပြင်ပေးသော ပန်းကန်နှင့် ဆွမ်းဘုန်းပေးလာသည်။ မစပယ်ကိုင်တိုင် ခပ်ပေးသောရေကို သောက်လာသည်။ နေ့ဆွမ်းစားပြီး ခေတ္တမျှ စင်္ကြံလျှောက်သည့် အလေ့အထမှာ ပျက်ကွက်ခါ မစပယ်မေးမြန်းသမျှ စိတ်ရှည်လက်ရှည် ဖြေသည်။ သည်နေစောင်းသည်တိုင်အောင် ကမ္မဋ္ဌာန်း ထိုင်သည့် အလုပ် မှာလည်း……
"ညောင်းလှပါတယ် ဘုရား၊ ခြေဆန့်လက်ဆန့်ထိုင်ပြီး စိတ်ပြေလက်ပျောက် တပည့်တော်နဲ့ စကား ပြောပါဦး………"

ဟူသော မစပယ်၏ ချစ်စဖွယ်သာယာသောအသံဖြင့် တောင်းပန်သည်ကို လိုက်လျောကာ နေ့ဘက် ကမ္မဋ္ဌာန်းထိုင်ခြင်းများ အကြိမ်ကြိမ် ပျက်ကွက်ခဲ့သည်။ ဦးမေမာ၏ နောက်ကြောင်းရာဇ၀င်ကို သိလိုက်ရ၍ သနားကြာင်နာခြင်း၊ ကြည်ညိုသဒ္ဒါခြင်း စိတ်တွေက အတိုင်းအဆမရှိ တိုးပွားလာရသော မစပယ်အဖို့ သဒ္ဒါလွန်သော တဏှာကျွံသည်ဟူသော စကားအရ ဦးခေမာအပေါ်၌ သဒ္ဒါပမစိတ်ထက် တဏှပေမစိတ်က အနိုင်ယူ စိုးမိုးနေလေပြီ၊ ထို့ကြောင်း…….

"ဟော….. ဦးဇင်းဘုရား……..ခြင်ကြီး ကိုက်နေတယ်"
ဟူသော စကားနှင့်အတူ ခြင်ခဲနေသော ဦးခေမာ၏ လက်မောင်းကို မစပယ်က သူ့လက်ဖ၀ါးနုနုဖြင့် အသာအယာ သပ်ပေးခြင်ဖြင့် ခြင်မောင်းသည့်အခါ မောင်သည်။ ထိုအခါ အနားမှာ မစပယ်ရှိနေ သည်ကိုအာရုံထဲမျှ မောင်းထုတ်ခါ ကမ္မဋ္ဌာန်းကို ကြိုးစားထိန်းနေသော ဦးခေမာသည် သူ့လက်မောင်း သားကို လာကိုင်သော မစပယ်၏ နူးညံ့သော လက်အတွေ့ကြောင့် ထိန်းထာသောစိတ်ကို မယိမ်းယိုင် အောင် အသုဘ ကမ္မဋ္ဌာန်းထင်နေဆဲဝယ်……

"ခြင်ကြီးတွေ ခဲနေတာတောင် မသိဘူးလား ဘုရား…….အိပ်ပျော် နေသလား"
ဟုမစပယ်က ဦးခေမာ၏ လက်မောင်းကိုဆွဲယူခါ ရင်ခွင်တွင် ပိုက်ပြီး လှုပ်ရမ်းမေးလိုက်သည်။ ဦးခေမာ သည် အံကိုတင်းတင်းကြိတ်ခါ သူ့လက်ကို ပြန်လည်ရုပ်သိမ်းသည်။
"ငါ့နှမ…….ပြန်ပါတော့ကွယ်………ငါတရားဖြောင့်ဖြောင့် အားထုတ်ပါရစေ"
ဦးခေမာက တောင်းပန်ရှာသည်။

"ဟင့်အင်း……..ဒီအချိန် ပြန်နေကျအချိန်လား၊ ဦးဇင်းဘုရားက စပယ့်ကို နှင်တယ်ပေါ့လေ………."
ချောမောလှပသော မျက်နှာကလေးကို သနားစရာဖြစ်အောင် ညှိုးငယ်ထားလိုက်ပြီး မစပယ်က ပြန်လျှောက်၏။
"တရားအားထုတ်တဲ့ ရဟန်းကို မနှောင့်ယှက်ကောင်းပါဘူး၊ ငါ့နှမ၊ အခုလဲ မကောင်းဘူး၊ သံသရာလဲ မကောင်းဘူး၊ ငါ့နှမကြောင့် ကမ္မဋ္ဌာန်းပျက်ခဲတဲ့အကြိမ် များခဲ့ပါပြီ၊ ဦးဇင်းကို တကယ် ကြည်ညိုရင် ပြောတဲ့စကား နားထောင်ပါ ပြန်သွား"

ဦးခေမာက သူသွားရာလမ်းကြောင်းမှာ မစပယ်အတွက် အနှောင့်အယှက် ဖြစ်လာသည်ကို တွေ့မိ၍ သတိကိုချုပ်ထိန်း ဖျောင်းဖျသည်။ သို့သော် မစပယ်က မလျှော့ချေ။
"ဦးဇင်းဘုရားကို ကြည်ညိုလွန်းလို့ ဝေဿသန္တရာနဲ့ မဒ္ဒီမိဖုရားလို တဲကောင်းကိုယ်စီနဲ့ နေချင်စိတ် တောင်ပေါ်လာပါတယ်ဘုရား၊ ဒါပေမဲ့ မစပယ်က တစ်ကျောင်းစီနေမှာ မဟုတ်ဘူးနော်….. တစ္ဆေကြောက်တယ်၊ ဦးဇင်းဘုရားနဲ့ တစ်ကျောင်းထဲ အတူတူနေချင်တာ…….."

ခေတ်ပညာတတ်၊ အတွေ့အကြုံရှိခဲ့ပြီးသော တောထွက်ရဟန်းတော် ဦးခေမာက မစပယ်ဆိုလိုသည် ကိုထင်းထင်းကြီးသိသည်။ လျော့ပေး၍မဖြစ်ကြောင်း သိ၏။
"ပြန်သွားဆို ပြန်သွား……..ထ၊ မထဘူးလား"
ဦးခေမာ၏ လေသံပြင်းပြင်းကို မစပယ်က စောင်းညှင်းသံလို ထင်နေသည့် မျက်နှာချိုချိုပြုံးဖြင့် မော့ကြည့်သည်။ ဦးခေမာက သက်ပြင်းချသည်။ ထို့နောက် ထိုင်ရာမှထသည်။ မစပယ်သည် သူက မထဘဲနေ၍ ဦးခေမာက အပြင်ထွက်ကြွရန် ထလိုက်သောအခါ ဦးခေမာ၏ခြေကို လျက်မြန်စွာ လှမ်းဖက် လိုက်သည်။

"စပယ့်ကို ပစ်ထားခဲ့ပြီး သွားမယ်လို့လား မသွားရဘူး"
ဦးခေမာက ဘာမှပြန်မမိန့်ကြားဘဲ ခြေထောက်ကို ခပ်ဆောင့်ဆောင့် ရုန်းလိုက်သော ခြေထောက်က မည်သည့် နေရာကို ထိသည်မသိ။
"အမေလေးဘုရား………"
ဟုမစပယ်က ညည်းခါ ခွေလျက်လဲသွား၏။

"ဟဲ့…ဟဲ့…..ဘာဖြစ်သွားလဲ"
ထိတ်လန့်သွားသော ဦးခေမာ မေး၏။
"ဦးဇင်းဘုရား ခြေနဲ့ခတ်လိုက်တာ ရင်ဝကိုအောင့်သွားတာဘဲ။ စပယ်ကို ဒါလောက်တောာင် မုန်းသဘား…….."
မစပယ်က ပြောရင်း မျက်ရည်ကျသည်။ လူသူကင်းဝေး၍ အေးမြတိတ်ဆိတ်သောနေရာမှာ ချောမော လှပသော မိန်းမပျိုတစ်ယောက် မျက်ရည်ကျပြီး သနားစဖွယ် ပြောနေသည်ကို မြင်ရကြားရသော မည်သည့် ပုထုဇဉ်လူသားသည် ကြံ့ကြံ့ခံနိုင်ပါမည်နည်း။

"တိတ်စမ်းပါကွယ်….မျက်ရည်ကျတာမြင်တော့ ငါစိတ်မကောင်း ဘူး"
ဦးခေမာက စိတ်ပျက်လက်ပျက် ပြောပြီး သူ့နေရာမှာ ပြန်ထိုင်လိုက်သည်။
"ဦးဇင်းဘုရားက စပယ့်ကို နှိပ်စက်ပြီး အခုမှ စိတ်မကောင်းဘူးတဲ့"
မစပယ်က ကြာမူပါပါ ပြောသော မျက်နှာကို ဦးခေမာက ဘာမှပြန်မပြောတော့ဘဲ ငေးကြည့်နေသည်။ ကလေးဆိုးကြီးလို ဇွတ်တရွက် ကောင်မလေးပါဘားဟု စိတ်ထဲတွေးပြီး မစပယ်ကို သနားသလိုလို ဖြစ်လာသည်။

ဤနေ့မှစ၍ နောက်ရက်များတွင် ဦးခေမာသည် မစပယ်နှင့် တဲကျောင်းကလေးထဲမှာ စကားပြောနေ ရသည်ကို စိတ်ထဲက သာယာနေမိလေသည်။ စကားပြောသည်ကိုသာ သာယာသည်၊ မစပယ်ကို လက်ဖျား နှင့်မှ မတို့ချေ။ မစပယ်ကို စကားပြောရုံသာပြောရန်၊ ခြင်မောင်းပေးသကဲ့သို့သော အလုပ် တွေ ကို မလုပ်ရန် တောင်းပန်ထားသဖြင့် မစပယ်ကလည်း သူ့စိတ်ထဲက ချစ်နေသော ဦးခေမာက ယခုလို စကားလက်ခံပြောနေလျှင် ကျေနပ်ပြီ ဟူသောစိတ်ဖြင့် ဦးခေမာ၏ တောင်းပန် ချက်ကို လိုက်လျော သည်။

အချိန်က တရွေ့ရွေ့ကုန်လာခဲ့ရာ နယုန်လပြည့်ကျော်ခဲ့လေပြီ။ နွေရာသီ၏ အနှောင်းဆုံး နောက်အကျ ဆုံး ဖြစ်သော ဤလ၀ယ် လေမိုးက ကျစပြုလာလေပြီ။ ထက်ကောင်းကင်တခိုမှာ မဲညိုသော မိုးတိမ်လိပ် တွေက တရိပ်ရိပ်တက်လာသည်။ သည်းထန်းသော မိုးကြီးတွေကသုံးလေးကြိမ် ရွာလိုက်ပြီဖြစ်ရာ၊ မြစ်ငယ် သည် လှိုင်းတံပိုး ထန်လာလေပြီ၊ စုတ်ဝဲကြီးတွေနှင့် မှုတ်ဝဲကြီးတွေက ကြောက်မက်ဖွယ်ရာ မြစ်ပြင်ပေါ်ဝယ် နေရာမရွေး ပျောက်လိုက်ပေါ်လိုက် ဖြစ်နေကြ၏။ မိုးဦးလေဦး ကျပြီးဖြစ်၍ မြစ်သီတာ ရွာသူရွာသားတွေသည် ထွန်းတုံးတွေ ထယ်သွားတွေကို ပြုပြင်ကြသည်။ တိုက်ချွတ်ကြသည်။ ထွန်သွေး ကြသည်။ လယ်ယာလုပ်ငန်းခွင်အတွက် ကိစ္စများနေကြသည် ဖြစ်၍ မစပယ်သည်ပင် ခါတိုင်းလို ဦးခေမာ အပါးမှာ ကြာကြာစကားမပြောနိုင်တော့ပဲ ဆွမ်းစားချိန်သာ နေနိုင် ပြီးပြန်ရလေသည်။

လှိုင်းတံပိုင်းထခါ စုတ်ထဲမှုတ်ဝဲကြီးတွေဖြင့် အစွမ်းပြနေသော မြစ်ငယ်ရေသည် လျင်မြန်စွာ ကြမ်းတမ်း စွာ စီးဆင်းနေသည်။ မြစ်ကမ်းနဖူး အင်ကြင်းပင်ကြီးအောက်တွင် ဦးခေမာသည် ငြိမ်သက်စွာရပ်ခါ မြစ်ရေပြင်ကို စိုက်ငေးကြည့်နေသည်။ ထိုအခိုင်…….
"မောင်ပဉ္စင်း…….."

ဟု လေးနက်တည်ငြိမ်သောအသံဖြင့် နောက်ဆီမှ ခေါ်သံကို ကြားလိုက်ရသော ဦးခေမာသည် လျင်မြန် စွာ လှည့်ကြည့်လိုက်သည်။ သက်တော်ရှစ်ဆယ် ကျော်ပြီဖြစ်သောလည်း ကျန်းမာစွာပင် ရှိနေသော ဦးခေမာ၏ ဥပဇ္ဈယ်ဆရာ တောရကျောင်း ဘုန်းတော်ကြီးသည် ဦးခေမာ၏ နောက်ဝယ် တောင်ဝှေး တစ်ချောင်းကို ထောက်ခါ၊ ပရိက္ခရှစ်ပါးကို လွယ်လျက် ရင့်ကျက်တည်ငြိမ်သော အိနြေ္ဒဖြင့် ဦးခေမာကို စူးစူးစိုက်စိုက်ကြည့်နေသည်။ ဦးခေမာသည် လျင်မြန်စွာထိုင်ချကာ ဆရာတော် ဘုရား ကြီးအား ဦးခိုက်ရှိခိုးလိုက်၏။
"မောင်ပဉ္စင်း သမာဓိပျက်တော့ ဘာမှာအာရုံမပြုနိုင်လို့ ငါလာတာ သိလိုက်ဘူးပေါ့"]

ဆက်ရန်
.

8 comments:

Yu said...

thank u ma SZU. have just read it. :-)

Anonymous said...

စိုးရိမ်လိုက်တာ အစ်မရယ်.... ။

ဆရာတော်ကြီးကြွလာတယ်ဆိုတာ ဒီတစ်ပိုင်းမှာ သိလိုက်ရတော့ တော်သေးတာပေါ့......။


sdl

Anonymous said...

ဘုန်းကြီး သူ့ဟာသူ တရားနဲ့ နေတာကို သွားဖျက်ဆီးတဲ့ လင်တရူးမ။
ဖတ်ရင်းကို ဒီတဏှာအိုး လင်တရူးမကို မျက်စိနောက်လာတယ်။ ဖမ်းစရာ လင်ရှားလို့။

မေဓာဝီ said...

အစက ဦးခေမာကို အရိယာဖြစ်နေပြီထင်မိတာ။
ခုကျတော့ မစပယ်နှောက်တာနဲ့ ဒုက္ခရောက်တော့မလား စိုးရိမ်မိသေးတယ်။ သူ့ခမျာလဲ မိန်းမနဲ့ပတ်သက်ရင် ကံမကောင်းရှာပါလား။ ဘာပဲဖြစ်ဖြစ် ဆရာတော်ကြီးလိုက်လာလို့ တော်သေးတယ်နော်။

Anonymous said...

အဲလိုမိန်းမတွေကို သတ်ပစ်ချင်တယ်.
သနားစရာမကောင်းဘူး သာသနာဖျက်မတွေ
ဒီကိစ္စမှာော့ ဘုန်းကြိးကမမှားဘူး
တဏှာရူးမက မှားတာ သာသနာဖျက်မ။ သတ်ပစ်သင့်တယ်။ သူ့မိဘတွေကလဲ မိန်းမပျိုလေးနဲ့ဦးဇင်းကို လွှတ်ပေးထားသလားပဲ


မြတ်နိုး

Anonymous said...

အော်၊ ဦးဇင်းလေးရမယ်. အမွေအနှစ်တွေလည်းနည်းမှ မနည်းတာ။ လွတ်ပေးထားပေမပေါ.။

အားလီ said...

တောရကျောင်းမှာ တစ်ပါးတည်းနေတဲ့ ဘုန်းကြီးဆီ ဆွမ်းပို့တာ သမီးပျို တစ်ယောက်ထဲကို ရွေးလွှတ်တယ်။ တော်တော်နဲ့ ပြန်မလာဘဲ ကျောင်းမှာ အချိန်ဆွဲနေလဲ တားဖော်မရဘူးဆိုတော့ ဘယ်လိုမိဘတွေလဲ။ ဘုရားသားတော်ကိုမရှောင် လင်တရူး ရူးတဲ့ သမီးကလဲ ရူးတယ်။ မိဘကလဲ ဘုန်းကြီးပျိုတစ်ပါးထဲရှိတဲ့ကျောင်းကို အခ်ျန်မဟုတ် အားတိုင်း အဖော်မခေါ်ဘဲ သမီး သွားသွား ကြာကူလီရိုက်နေတာကို ဘာလို့ လွှတ်ပေးထားတာလဲ

Anonymous said...

ဒီမိန်းမပျက် ပြောတဲ့စကားကလဲ ကိုယ်သာ ဘုန်းကြီးအနား ရှိလို့ကတော့ ကြားဝင် ဆော်ထည့်ချင်စရာပဲ။

"ဦးဇင်းဘုရားကို ကြည်ညိုလွန်းလို့ ဝေဿသန္တရာနဲ့ မဒ္ဒီမိဖုရားလို တဲကောင်းကိုယ်စီနဲ့ နေချင်စိတ် တောင်ပေါ်လာပါတယ်ဘုရား၊ ဒါပေမဲ့ မစပယ်က တစ်ကျောင်းစီနေမှာ မဟုတ်ဘူးနော်….. တစ္ဆေကြောက်တယ်၊ ဦးဇင်းဘုရားနဲ့ တစ်ကျောင်းထဲ အတူတူနေချင်တာ…….."

နှာဘူးမ လို့သာ ပြောထည့်လိုက်တာ မဟုတ်ဘူး။