ခင်မောင်ကြီးက စိတ်ဆင်းရဲစွာ စဉ်းစားနေဆဲမှာ အခန်းအပြင်က အသံတွေ နားထဲဝင်လာ ပြန်သည်။ အမေ့အသံက ထေ့ငေါ့သံဖြစ်၏။
''တစ်ပြားမှ မရှိဘူး ဆိုတာတော့ မဟုတ်နိုင်ပါဘူး ၀န်ထောက်ကတော်ကြီးရယ် ဒါလောက် ငွေကို ၀န်ထောက်မင်းဘက်က သူဌေးတွေဆိုတော့ လွှင့်ပစ်သလောက် ရှိပါတယ်။ ဒီမှာ မင်းကတော် ၀န်ထောက်မင်း အဖို့ သူများမယား ခိုးထားတယ်ဆိုတဲ့ နာမည်ပျက်ကြီးတစ်သက်လုံး အထင်ခံနိုင် မလား လို့လဲ မေးစမ်းပါဦး''
''ဒီမှာ အမေ၊ ကျွန်မကို ဘာကြောင့် ဒီလောက် နှိပ်က်ချင်ရတာလဲ၊ အမေ့သြဇာနာခံပြီး ကျွန်မ အနစ်နာခံ လုပ်ကျွေးခဲ့ပြီးပါပြီ။ ဒီအကောင်နဲ့ ကျွန်မ ဘယ်လိုမှ မပတ်သက် မငြိစွန်းခဲ့ဘဲနဲ့ သက်သက် ငွေညှစ်တဲ့ သဘော လုပ်နေတာတော့ အမေ ဆိုးလွန်းလှပါတယ်။ ငွေတစ်သောင်းငါးထောင် ဆိုတာ နည်းတာမဟုတ်ဘူး။ ကျွန်မမှာ ဘာအပြစ်မှမရှိဘဲ သက်သက်မဲ့ ကြောက်ပြီးပေးရတဲ့ အပေးမျိုးတော့ ကျွန်မလုပ်ချင်ဘူး။
မေစန်းရီစကား ဆုံးသောအခါ အမေက မပြောတော့ဘဲ မောင်အုန်းက လေသံမာမာဖြင့် ပြောသည်။
''မပေးချင်လဲနေပေါ့ စန်းရီရယ်၊ နင်တို့လင်မယားဂုဏ်ကို အဖတ်ဆည်နိုင်အောင် ငါတို့က လာကြိုးစားတာပဲ၊ ဟိုအကောင်ကိုလဲ ငါပြေရာ ပြေကြောင်းပြောခဲ့လို့ ဒို့အပြန်ကို စောင့်နေမှာ နင်က ဟန်မကျ တော့လဲ နင့်ထိုက်နဲ့ နင့်ကံပေါ့၊ အေး-သတင်းစာထဲမှာ နင်တို့နာမည်တွေနဲ့ ပါလာပြီး တိုင်းကျော် ပြည်ကျော် ဖြစ်မှတော့ ငါမကယ်နိုင်ဘူး၊ လာ အစ်မ-ပြန်ကြစို့၊ ဒီမှာ စန်းရီရေ ဒို့နှစ်ရက် အချိန်ပေး မယ်နော်''
ဆရာတပည့်နှစ်ယောက် အတိုင်အဖောက်ညီညီပြောပြီး မျက်နှာတင်းတင်းဖြင့် ပြန်သွားလေ တော့သည်။ မေစန်းရီကား မတုန်မလှုပ်ကျောက်ရုပ်ကြီးလိုထိုင်းရင်း ကျန်ခဲ့လေတော့သည်။
''ဒီအမှုကို ဘယ်လိုရှင်းမလဲ စန်း''
အခန်းထဲကထွက်လာသော ခင်မောင်ကြီးက ကြည်လင်သောယာခြင်းကင်းမဲ့သော လေသံ၊ မျက်နှာထား အိုအိုဖြင့် မေးသည်။
''သူတို့ပြောသလို မဟုတ်ပါဘူးဆိုတာ ကျွန်မ သစ္စာပြုရဲပါတယ် အစ်ကို၊ သက်သက် ကျွန်မကို အရှက်ခွဲ ငွေညှစ်တာပါ''
မေစန်းရီက ပြန်ပြောသည်။
''ငွေပေးချင်သလား''
တိုတိုပြတ်ပြတ်မေးသော ခင်မောင်ကြီး အသံကြေင့် မေစန်းရီက သူ့ခင်ပွန်းမျက်နှာ မော့ကြည့် သည်။
''ရမှန်းသိရင် နောက်ဒီလိုပဲ လုပ်နေလိမ့်မယ်ထင်တယ် အစ်ကို''
''လုပ်လဲ မတတ်နိုင်ဘူး၊ ကိုယ့်ဂုဏ်သိက္ခာတော့ ထိန်းရမှာပေါ့။ ဒီလို အသိုင်းအ၀ိုင်းထဲက မိန်းမကို ယူထားမိ မှတော့ သူတို့ညှစ်တဲ့ငွေကို တတ်နိုင်သလောက်ပေး၊ မပေးနိုင်ဘူးဆိုတဲ့ တစ်နေ့ သူများမယား ခိုးထားတဲ့ လူဆိုတဲ့ နာမည်ပျက် အရှက်ရစရာကို အသက်နဲ့လဲ ကာကွယ်ရမှာပေါ့ စန်း''
ခင်မောင်ကြီးက အသံခပ်အက်အက်ဖြင့် ပြောပြီး မေစန်းရီမျက်နှာကို မကြည့်တော့ဘဲ စာသင်ခန်းထဲ ၀င်သွားလေသည်။ ထမင်းထွက်မစားတော့ပေ။ ရုပ်ရှင်သွားရန် အစီအစဉ်လည်း ပျက်လေတော့၏။
နောက်ကြောင်းရာဇ၀င်ကို ပြန်ပြောနေသော ဦးဘိုးညွန့်က ဤနေရာရောက်သောအခါ ရှေ့ဆက် မပြောဘဲ စိတ်မကောင်းဟန်ဖြင့် ငေးနေသည်။
''ပြောပါဦး ဘကြီးရယ်၊ နောက်ဘာဖြစ်သွားလဲ''
စပယ်ကမေးသည်။
''အေးကွယ် စိတ်မကောင်းစရာပဲ၊ တော်တော် ၀ဋ်ဒုက္ခကြီးတဲ့ မလေးမဟဲ့၊ သူ့ခင်မျာ လင်ကောင်းသားကောင်းရလို့ စိတ်ချမ်းသာစွာ တင့်တင့်တယ်တယ် နေရမယ်မှ မကြံသေးဘူး၊ ဂြိုလ်ကောင်မကြီး ၀င်မွှေလိုက်တာ သွက်သွက်ကိုလည်သွားပါရော''
ဦးဘိုးညွန့်ကား စကားဖြတ်ပြီး လက်ဖက်ရည်ကြမ်းတစ်ခွက်ကို မော့လိုက်သည်။
''ဆက်ပြောပါဦး ဘကြီးရယ်''
''အဲဒီလို ဟိုမိန်းမကြီးက လာပြောတာဟာ ဟုတ်မယ် မထင်ဘူးကွယ်၊ ဒီကလေးမ ဒါလောက် လိမ်လည် လှည့်ဖျားတတ်တာ မဟုတ်ပါဘူး။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ်ပေါ့ မောင်ခင်ကြီးမှာ ယောက်ျား တယောက်အနေနဲ့ ဘယ်စိတ်ကောင်နိုင်မလဲ။ အဲဒီနေ့က တစ်ညလုံး စာကြည့်ခန်းထဲက မထွက်ဘူး။ ကလေးမ လဲ တစ်ညလုံးမအိပ်နိုင်ရှာဘူး။ သူ့ယောက်ျားရှိရာ စာကြည့်ခန်းကိုလာပြီး ချောင်းကြည့်ရတာ ခဏ ခဏပဲ။ ဘကြီးလဲ အိမ်ရှေ့ပူ အိမ်နောက် မချမ်းသာပေါ့။ ဘယ်အိပ်နိုင်မလဲ၊ အင်း အဲဒီညက ကလေးမ ပြောသွားတဲ့စကား အခုထက်တိုင် နားထဲက မထွက်သေးဘူး''
''ဘာပြောသွားသလဲ ဘကြီး''
''ကလေးမက ပြောတယ်။ အစ်ကို့ အဆင့်အတန်း၊ အစ်ကို့ပစ္စည်း အခြေအနေကို သိနေတော့ သူတို့စိတ်ထဲမှာ အမဲကောင်ကြီး အောက်မေ့ပြီး အပိုင်းစီးနေတာပဲ ဦးလေးညွန့်။ တစ်ခုပြီးတစ်ခု ရှက်စရာ ကိစ္စကြီး တွေ လုပ်ကြံငွေညှစ်တာ ခံနေရမှ ဒီအိမ်ထောင်ရေး စိတ်ချမ်းသာစရာရှိ ပါတော့ မလား။ ကျွန်မကို အစ်ကို့စိတ်ထဲမှာ သန့်ရှင်းနိုင်ပါဦးမလား။ အစ်ကိုက လွဲပြီး ကျွန်မမှာ အားကိုးစရာမ ရှိတော့ ကျွန်မဘ၀ဟာ အင်မတန် ကြေကွဲစရာ ရင်နာစရာ ကောင်းပါတယ်တဲ့။ အဲ-နောက်တစ်နေ့ မေစန်းရီ အဆိပ်သောက် သေသွားတာပါပဲကွယ်။ အသုဘကိစ္စပြီးးတော့ မောင်ခင်ကြီးလဲ အလုပ်က ထွက်ပြီး သင်္ကန်းစီးသွားတာပေါ့''
ဦးဘိုးညွန့်ပြောပြသော အတ္တုပ္ပတ္တိ ဆုံးသောအချိန်မှာ ညနေဘက်သို့ လုနေလေပြီ။ ဦးခေမာ စင်္ကြကြွချိန်ဖြစ်၍၊ ဦးချစ်မောင်တို့ မိသားစုနှင့် ဦးဘိုးညွန့်တို့က ဦးခေမာရှိရာ လာခဲ့ကြလေသည်။
ညနေဆည်းဆာချိန်။ တိမ်တွေက ရွှေရောင်လွင်လွင် တောက်ပနေကြပေသည်။ တိမ်ရောင် ဟပ်နေသော မြေကွက်လပ်ကလေးမှာ စင်္ကြကြွနေသော ရဟန်းတော် ဦးခေမာ၏ အဆင်းရူပကာကား လွန်စွာ ကြည်ညိုဖွယ်ကောင်းနေသည်။ ဦးခေမာ၏ သဏ္ဍန်က မစပယ်မျက်လုံးထဲမှာ စွဲသွားသည်။
သပ္ပာယ်တင့်တယ်သော ဦးခေမာ၏ ရုပ်ဆင်းကို မစပယ်က စေ့စေ့ကြည့်ရင်းဘကြီးဦးဘိုးညွန့် ပြောစကားကို ထောက်ချင့်လျင်-သူမိန်းမ ဆုံးတဲ့အချိန်က ဆိုရင် သူ့အသက်သုံးဆယ်က ကျော်လွန်း လှရင် နှစ်နှစ်သုံးနှစ်ပေါ့-ဒါအရွယ်ကောင်း အချိန်ကောင်းပဲ။ ပညာရော ရာထူးရော ပစ္စည်းရော အဖက် ဖက်က ပြည့်စုံလာတဲ့ အဖိုးတန် ပုဂ္ဂိုလ်တစ်ယောက်ပဲ။ ရုပ်အဆင်း အင်္ဂါကလဲ ကျက်သရေ ရှိပါဘိနဲ့။ ငါနဲ့ဆို အသက်ခြင်း ဘယ်လောက်ကွာမှာလဲ၊ ငါကနှစ်ဆယ့်နှစ်နှစ် ကျော်နေပြီ-အို ငါဘာတွေ လျှောက် တွေးမိနေပါလိမ့်....
ဆက်ရန်
.

4 comments:
ခေမာသောင်ကမ်းကို ဖတ်ဖို့စောင့်နေတာ။ အခုလိုတင်ပေးတာကျေးဇူးတင်ပာတယ်။
Thanks.
Ray
မေစန်းရီ သနားပါတယ်။ ပြဿနာတခုကို ဒီနည်းနဲ့ပဲ ဖြေရှင်းလို့ရလား မသိပါဘူး။ သူ့ခမျာ ၀ဋ်ကြီးတာ။
အမရေ..ကျေးဇူး..ကျနော်မအားလို့အမရေနော်..
ခရီး၁ပတ်ထွက်ရဦးမယ်အမရေ..။
မြတ်နိုး
Post a Comment