Tuesday, August 17, 2010

ရွှေစင်ဦး လုပ်ခဲ့ တဲ့ အလုပ်ကလေးများ (၄)


ဒီနေ့ခေတ် ရွှေမန္တလေး က ဆိုင်တွေ အကြောင်း နဲနဲလောက် ပြောပြချင်ပါတယ်.. သိပ် မကြာခင် က ဆိုင်မှာ အမျိုးသမီး ချောချောလေး တယောက် ပန်းဖလက် တို့ဗီနိုင်း တို့ လာလုပ်ပါတယ် ... ဖက်ရှင် အဝတ်အစား တွေ ရောင်း တဲ့ ဆိုင်ဖွင့် ဖို့ပါ... အဲဒီ အတွက် အင်တာနက် ထဲမှာ ဒီဇိုင်း တွေ ရှာပေး ရပါတယ်.. အဲဒီ အထိ ပြသာနာ မရှိပါဘူး...၊ အဲ .. သူကြိုက်တဲ့ ပုံ တွေ တွေ့ပြီး ဒီဇိုင်း လုပ်တော့ မယ် ဆိုမှ ဆိုင်နာမည် မေးမိ ပါတယ်... ဆောရီး ဖက်ရှင် ပါတဲ့ဗျာ... ။

အင်း ရွှေစင်ဦး တို့ အတွေးနက် ပုံကလည်း .... သြ ဆောရီး ဖက်ရှင် ဆိုတော့ .. ဝမ်းနဲ စရာ နေရာ တွေ မှာ များ ဝတ်ဘို့လား ... သမီးရီးစား စိတ်ကောက်ရင်.. ဆေးရုံ လူနာမေးသွားရင် ... နာရေး များရှိရင် ဝတ်ဖို့ တွေ  များ ရောင်းတာလား လို့ တွေး ရင်း.. သြ ဒို့မြို့တောင် အတော်ခေတ်မှီ နေပြီ လို့ ...။

နောက်တော့ သူ့ပြောပုံ ဆိုပုံ တွေ ဒီဇိုင်း ရွေးတာတွေ ကြည့်ပြီး မဖြစ်နိုင်ပြန်ဘူး... အဲဒါနဲ့ လျှာရှည် လိုက်မိတယ်... ညီမ ဆိုင်နာမည် က တမျိုးနော် ဘာလို့ ဆောရီး ဖက်ရှင်ဆိုင် လို့ နံမည် ပေးတာလည်း လို့ လျှာရှည် လိုက်မိတယ်... အမယ် မပွင့်တပွင့် လေး ရီလို့ဗျာ. ခေါ်လို့ ကောင်းလို့လေ အမ တဲ့ လူတကာ ပါးစပ်ဖျားမှာ ဆောရီး ဆောရီး ဆိုတော့ မှတ်မိရလွယ်အောင်လို့ပါတဲ့... သြ မှတ်သားစရာ နံမည် ရွေးချယ်မှု့ ပါဘဲဗျာ.... ရ၃ လမ်းပေါ် ၃၇ နဲ့ ၃၈ ကြားထင်တယ်... အခုတော့ မတွေ့ တော့ဘူး တကယ်ဘဲ ကိုယ့် ဖောက်သည် လေး အတွက် ဆောရီး ပါဘဲဗျာ.....။

ဟိုနေ့ကလည်း အိမ်မှာ စားမကောင်းလို့ အပြင်ထွက် စားရအောင် လို့ ချစ်ညီမ ကို အဖော်စပ်တယ်... ခင်ဗျား ဘာစားမှာလည်း ချွဲ စားသောက်ဆိုင် မှာ စားမလားတဲ့... အင်း ကျနော်လည်း .. ဟေ့ မင်း စားခါနီး မှာ ငါ့ကို ချွဲ မှာ စားမလား ဘာလား နဲ့ ဒါ စ စရာလားလို့ ပြောမိ တယ်ဗျ... အမယ် ချစ်ညီမ က ခင်ဗျား သာ အပြင် မထွက် ဘာမထွက် နဲ့ ဘာမှ မသိတာ အခု ၇၃ လမ်း မ ပေါ် မှာ ဘဲ ချွဲ စားတော်ဆက် (ကိုးရီးယား) ဆိုင်ဗျ... ဆိုင်သစ် ဖွင့် ထားတယ်လေ.. သွားလည်း ကြည့်အုန်းတဲ့....။

အင်း တော်ပါပြီဗျာ... နံမည် ကြားတာနဲ့ ကို စားချင်သောက်ချင် စိတ်ကုန်ပါတယ်.....။

နောက်ထပ် ဈေးကွက် သစ်ယူကြ တဲ့  ... ဆိုင်လေး တွေ လည်း အတော်များတယ်ဗျ... အတွေ့ များတဲ့ အထဲက တမျိုးက ပင်မင်းဆိုင်ပါ... အရင်တုန်း က မန္တလေး မှာ ပင်မင်းဆိုင် ဆိုရင်  အန္ဒိယ နွယ်ဘွားတွေ  ဖွင့်တယ် များပါတယ်.... ကြီးကြီး ကျယ်ကျယ် တော့ မဟုတ်ပါဘူး ဆိုင်ခန်း နဲ့ လူနေအိမ် တွဲ ထားတဲ့ နေရာမျိုးမှာ ပင်မင်း ဆိုင် ဆိုင်းဘုတ် ကလေး နဲ့ ပေါ့....။

အခုတော့ ဟုတ်ဘူးဗျ.... ဒိုဘီ ဝတ်စုံ နဲ့ အိန္ဒိယ အမျိုးသမီး ပုံ အကြီး ကြီးကို ဆိုင်ရှေ့မှာ ချထားလို့ ပုံကြည့် တာနဲ့ သိသာတယ် ပင်မင်းဆိုင် ဆိုတာ .. နေရာကလည်း နေရာကောင်း တွေမှာ တလ တလ သိန်းချီ ပေးရတဲ့ နေရာမျိုးမှာပါ... ဒီနေ့ မြို့သစ်ထဲ မှာ တွေ့ ခဲ့ တဲ့ ဆိုင်ကြီး ဆိုလည်း သိန်းထောင်ချီပေးရတဲ့ နေရာမျိုး မှာ သိန်းထောင်ချီ ပေးရတဲ့ အဆောက်အဦး မှာ ဆိုင်းဘုတ်အကြီးကြီး နဲ့ တကယ့်ကို အကြီး အကျယ် ဖွင့်ထားပါတယ် Laundry Service တဲ့...။

အဲဒီလို.... စဉ်းစားရင်း နဲ့ ကျနော် တို့ ဒီဆိုင် ကို စရောက်လာတဲ့ အချိန်လေး ကိုပြန်သတိရတယ်...

ကျနော် ဆိုင်စဖွင့် တုံးက တနေရာ မှာပါ.. နောက်တော့ အဲဒီနေရာ က ဖယ်ခိုင်းပါတယ် .. တဆိုင် ထဲ မဟုတ်ပါ ဆိုင်ပေါင်း ၄ဝ ကျော် ထင်ပါတယ်... အပြစ်ကတော့ လူကြီး ကြည့် မရတဲ့ အပြစ် ထင်ပါတယ်... ဆိုင်တွေ မျက်စေ့ ရှုတ်တယ် သွားလေရောဟယ်ပေါ့ ... ဝါတွင်းဖြစ်နေလို့ နဲနဲလောက် ပြောင်းဘို့ ရက်တိုး ပေးပါအုန်း ဆိုတာ ကို ပြောမရပါဘူး ချက်ခြင်းပါဘဲ... ဆယ်ရှစ်နှစ်ကျော် ချစ်ချစ်ကြီး မေမေ လက်ထက် ကထဲက ဖွင့်ထားတဲ့ နေရာ က ခု ဆို ခု ဖယ်ပေးရပါတော့တယ်....။

ကျနော် တို့ အားလုံး ပြာသွားကြပါတယ်.. လုပ်လက်စ အလုပ်တွေ တန်းလန်း နဲ့ ဆိုင် ကို အပြိုင်အဆိုင် ရှာရပါတယ်.. ဆိုင်တွေ ကလည်း ဈေးတွေ တက်ပြီး နေရာကောင်း က ရှားသွားပါတယ် ... နေရာတကာ လက်နှေးတဲ့ ချစ်ချစ်ကြီး အရှာအဖွေကောင်းကောင်း နဲ့ ရှာလိုက်တာ.... စိတ်ကြိုက်နေရာဘယ်လို မှ မရတော့ တရက် နှစ်ရက် လောက် တော်တော် ညစ်သွားပါတယ်.. နောက်တော့ မှ အခုဖွင့် ထားတဲ့ နေရာ က နှစ်ခန်းတွဲ ဆိုင်ခန်း မှာ အသိတယောက် က တဆိုင်ခွဲ ငှားမလား လို့ သွားမေးပေးပါတယ်... အဲဒီမှာ ပေါက်ဈေး ထက်ပိုပေးပြီး ငှားလို့ ရသွားပါတယ် ....။

ကျနော် တို့ကို ငှားပေးတဲ့ ဆိုင်ပိုင်ရှင် က တကယ့် ပိုင်ရှင် အစစ် မဟုတ်ပါဘူး... သူကလည်း တနှစ် စာချုပ် နဲ့ ငှားထားတာပါ.. ဒါပေမဲ့ သူ့ဆိုင်က အခြေအနေသိပ်မကောင်း လို့ ခွဲငှားလိုက်တာပါ... ပိုင်ရှင် အစစ် က Chinese ပါ ဆိုင်ခန်း တွေ ကျနော် တို့ နားလေး မှာကို ၁၁ ခန်းပိုင် တယ်ပြောပါတယ်.. သူ က တနှစ်ငှားပြီး ရင် ကိုယ်ဘာသာ ခွဲငှားငှား အဆောင် ထားထား ဘာမှ မပြောပါဘူး... နောက် နှစ် ဆက်ငှား ဘို့ အတွက် လည်း အရင် ငှားတဲ့ သူ ဆက်မနေဘူး ဆိုမှ နောက်လူ ငှားပါတယ်.. ဘယ်လောက် ဈေးပိုပေးပေး သစ္စာ ရှိပါတယ် အရင်လူ ပထမ ပါဘဲ .. ။

နောက်ပြီး အဲဒီ ဘက် ဆိုင်ခန်း အားလုံး ကို တခန်းပိုင် နှစ်ခန်း ပိုင် တွေ လို ဆိုင် ရောင်းကောင်းနေ အဆင်ပြေ နေရင် ဈေးပိုတောင်း တာမျိုး လည်း မရှိပါဘူး.. ဆိုင်ခန်း ဈေးတက်ရင်လည်း ငါးထောင်မျိုး... တသောင်းမျိုး လောက်ဘဲ တက်တာပါ.. တော်တော် ကောင်းတဲ့ ဆိုင်ခန်း ပိုင်ရှင်ပါဘဲ.... ကဲ ကျနော် လည်း တဆင့် ငှား ကနေ တဆင့် ထပ်ငှား ခွင့် ရတဲ့ အတွက် ကိုဘဲ ကျနော့် ကို ပေးငှားတဲ့  မမ ကို ကျေးဇူးရှင် အဖြစ် သတ်မှတ်ပြီး ကျေးဇူးတွေ တအားတင်နေရပါတယ်...။

အင်း အိမ်ငှား ဘဝရောက်သွားပြီ ဆိုတော့ အိမ်ရှင်မျက်နှာ ကြည့်ရတော့ တာပေါ့.... အဲဒီ ဆိုင်ခန်းပိုင်ရှင် မမ အကြောင်း လည်း နဲနဲ ပြောချင်ပါတယ်... သူက ခုနက ပြောတဲ့ ပင်မင်းဆိုင် ဖွင့်တာပါ... အဝတ်လျှော်တဲ့ စက်၃လုံး နဲ့ တပည့် ၂ယောက် နဲ့ပါ.... ကျနော် တို့ လည်း အံသြ နေတာပါ.. ကျနော် တို့ မြန်မာ မျက်လုံး ထဲ မှာတော့  အဝတ်လျှော်တဲ့ သူဆိုတာ သိတဲ့ အတိုင်းပါ... ။

ကမ္ဘာ မှာ ဘာလုပ်နေမှန်း မသိ.... မသိ ဆိုတော့ အဝတ်လျှော် တဲ့ အလုပ် ပင်မင်း အလုပ်ကို အလုပ်တခု အဖြစ် မြင်ဘို့ တော်တော် ခက်နေပါတယ်... ပိုခက်အောင် စဉ်းစား စရာက အဲဒီ ပိုင်ရှင် လေး က သိပ်သိပ် လှ တဲ့မမ လေး ပါဗျာ..  ပြီးတော့ နေတာလည်း ကျွဲဆည်ကန် ဘက်မှာ တိုက်ကြီးကြီး နဲ့ တခါ တခါ များ သူ့အဖေ ရဲ့ ပါဂျဲရိုး ကို မောင်းလာလိုက်တာ ငေးကိုကြည့်ရတာပါဘဲ....။

ကျနော် တို့ ဆိုင် စ ငှားတော့ ၂ခန်းတွဲ နေရမှာ ဆိုတော့ အဖေ က ယောက်ကျား ပါရင် မငှားစေချင်ဘူး ဆိုလို့ .. ကျနော့် မှာ ချော့ လိုက်ရတာ ... ညီမ ရယ် အိမ်ထောင်သည် ဆိုတော့ ယောက်ကျား မပါလို့လည်း မရဘူး လေ.. ချစ်ချစ်ကြီး က အေးပါတယ်... အရက် မသောက် (သောက်ရင် တပုလင်းလုံး)... ဖဲမရိုက် (အဲဒါတော့ တကယ် မရိုက်) ပါ လူရိုးလေး ပါဆိုပြီး ချော့လိုက်ရတာ... ဆိုင် စပြောင်း တဲ့ အချိန်မှာ... သူရ ချစ်ချစ်ကြီး က မအိပ်ရဲသေးဘူး သူတို့ မိန်းခလေး တွေ အားနာပါတယ် ဆိုပြီး ကျနော် တို့ ညီမ နှစ်ယောက် ဘဲ အိပ် ခိုင်းတယ်.. သူက တော်တော် ကြာမှ လာအိပ် ရဲပါတယ် .. ကျေးဇူးရှင်တွေ ဆိုတော့ လေးစားရတာ ပေါ့ဗျာ....။

နှစ်ခန်း တွဲ နေရတာ ဆိုတော့ အဆင်မပြေပါဘူး .. အိမ်သာ ကလည်း တလုံး ဘဲရှိပါတယ်.. ရေချိုးခန်း လည်း တခန်းပါဘဲ... ဒါပေမဲ့ ကျနော် တို့ ကဘဲ ဆိုင်အဆင်ပြေ သွားတဲ့ အတွက် ကိုဘဲ အရမ်း ဝမ်းသာ နေပါတယ်..  အဲဒါကြောင့် ဘာမဆို အလျှော့ ပေးပေါင်းရပါတယ်... ကျနော့် များဆို တနေ့ ၂ခေါက်လောက် ဆိုင်ပေါက် ကနေ ဆရာမ.... မမမမ...  ဆိုတဲ့ သူ့ခေါ်သံ ကြားရင် ရင်ခုန်သံတွေ ကို မြန်မြန် သွားပါ တယ်... ။

ဆရာမ တပည့်တွေ ဘာ... ဟိုနားလေး က ဘာဖြစ်လို့ ဒီနားလေး က ဘာဖြစ်လို့ ဆိုရင် ကျနော့် မှာ ပြာနေအောင် ကြောက်ရတယ်... နောက်နှစ်လည်း ကျနော် က ဆက်ယူခြင်းတာကိုးဗျ... ကိုယ့် အခန်း မူရင်း ပိုင်ရှင် ကလည်း သူက ပထမ ငှားသူ ဆိုတော့ သူ မငှား မှ ကျနော့် တို့ ကို ငှားမှာပေါ့ ... သူကလည်း ဘယ် မငှားဘဲ နေပါ့ မလည်း.. ကျနော် တို့ ကို ဈေးတိုးတောင်းပြီး ပြန်ငှားပါတယ် ကျနော် ကတော့ နဲနဲ ပါးပါး ပိုရင် ပိုပါစေ ကိုယ့် ကို ငှားတာကို ဘဲ ကျေးဇူးတင် နေရတာပါ...။

ဒါပေမဲ့ မမ က သူဌေးသမီး သွေးကြီးကြီးဗျ... အလုပ် လုပ်တာလည်း ပိပိရိရိ မလုပ် .. အလုပ်သမား ၂ယောက် နဲ့ လည်း တည့်အောင် မပေါင်း ခဏနေ အလုပ်သမား တွေထွက်သွား... သူကိုယ်တိုင် လျှော် ...  မီးကြွေ တိုက်... ကျနော်ဖြင့် ကြည့်ရတာ မသက်သာလိုက်တာ... အဲဒါ နဲ့ မေးကြည့် မိတယ်.. ဘာလို့ ဒီလို ဆိုင်ဖွင့် တာလည်း ဆိုတော့ သူတို့ တရုပ်ပြည်မှာတော့ အဆင်ပြေတယ်တဲ့... သြ ဟုတ်လား လို့ ...။

ဒီ ဗမာပြည် မှာလည်း တကယ်ပြောရရင် အလုပ်ဖြစ်တယ်ဗျ... ကျောင်းနားဝန်းကျင် အဆောင်ကျောင်းသား တွေ က အိတ်ကြီးအိတ်ငယ် နဲ့ လာအပ်ကြပါတယ်... ဒါပေမဲ့ မမ အလုပ်ကျိုးစားပုံက .. မနက်ဖြန်ကို ဝတ်စရာ မရှိတော့ဘူး အမြန် လျှော်ပေး ပါလို့ ပြောရင် တပတ်လောက်နေ ရရင် ကံကောင်း... အစွန်းပါလို့ စိမ်ထားတဲ့ အဝတ်တွေ ဆိုလည်း သူ့အချိန်နဲ့ သူ မလျှော်မိ တဲ့ အတွက် ဆွေးသွားလို့ ရော် လိုက်ရတာ လည်း မနဲဘူး....။

သူသာ ကောင်းကောင်းလုပ်ရင် တနေ့တနေ့ လာအပ်ကြတာ မနဲပါဘူး ကျနော် တွက်ကြည့်တာ တော်တော် ရပါတယ်... ကျနော် တောင် ကွန်ပျူတာ မလုပ်ဘဲ အဝတ်ဘဲလျှော်စား ကောင်းမလား လို့တောင် စဉ်းစား မိသေး...။

အင်း အလုပ်သမား က မရှိ အဝတ်ရွေးတဲ့ လူတွေ အဝတ်အပ်တဲ့ လူတွေက လာ... မမ က လျှောက်သွား  ... မနေတတ် မထိုင်တတ်တဲ့ ရွှေစင်ဦး လေး က ကြည့်ကြည့် ပြီး အူတွေ ယားလို့ .. အဲ ဟို ရီးစား နဲ့ ချိန်း ရင် ဝတ်ဖို့ ဘောင်းဘီလေး အမြန်လျှော်ပေးပါ ဆိုတဲ့ ကောင်လေး လာပြီ ... မမ ကလည်း မရှိ ... အင်း သနားပါတယ်... ပါရမီဖြည့် အုန်းမှပါ ဆိုပြီး သူ့အထုတ် ရှာဖွေပေး.. အင်း ဒုက္ခ .. ဒုက္ခ.. ခဏနေ လာအပ်တဲ့ လူတွေ လာပြီ.. အဝတ်ဟောင်း တွေ တထုတ်ကြီး ဒါကြီး တွေ တော့ မကိုင်ရဲဘူး .. မမ ကိုလည်း အလုပ်ရစေချင်တော့ .. ဟိုကောင်လေး တွေ ဒီနား လာ မင်းတို့ အဝတ် မင်းတို့ ရေ ပြခဲ့ ငါကြည့် နေမယ် ပြီးမှ ပြန်အထုတ် ထဲ ပြန် ထဲ့ ခဲ့ ဆိုပြီး ခိုင်းရတယ်ဗျ... ။

မမ လာရင် ညီမရေ လာလာ ဒီမှ ဒါက မနက်ဖြန်တဲ့ ဒါက သဘက်ခါ တဲ့ ဆိုပြီး အလုပ်လက်ခံ ပေးရပါတယ်... သူ့လည်း အဆင်ပြေစေချင်တာကိုး ဗျ... အမှန်တော့ အနေသာကြီးပါ ကျနော့် မှာသာ ကိုယ်လည်း အဆင်ပြေတော့ သူ့လည်း အဆင်ပြေစေချင်တာကိုးဗျ.... အင်း ရွှေစင်ဦး အဲလို ဒိုဘီ ဝါးလား ပူးတွဲ လုပ်နေတာကို ချစ်ချစ်ကြီး နဲ့ ချစ်ညီမ က နဲနဲ မှ ကြည့်မရပါဘူး.. ရွှေစင်ဦး ကတော့ ခေါင်း က ခပ်မာမာ ဆိုတော့ လိုအပ်ရင် လုပ်ပေးလိုက်တာပါဘဲ....။

အင်း တနေ့တော့ မမ က အပြင်သွားတယ်ဗျ.. ကောင်လေး တယောက် ကလည်း အလုပ်လာအပ်တယ် .. ရွှေစင်ဦး မှ လက်မခံရင် ဖောက်သည် ပျက်ရချည့် ရဲ့ ဆိုပြီး ထုံးစံ အတိုင်း သူ့ အထုတ်ကြီး ဖွင့် ပြီးဘောင်းဘီ ဘယ်နှစ်ထည် အင်္ကျ ီဘယ်နှစ်ထည် ရေ ခိုင်း နေတုန်း ရှိသေး တယ် ရွှေစင်ဦး ရဲ့ customer မိတ်ဆွေ များ ရောက်လာပါတယ်ဗျ... ။

အမယ် သူတို့က ရွှေစင်ဦး နဲ့ စကားပြောချင် တာနဲ့ စောင့်နေတာဗျ. အဲဒီ အချိန်မှာ အလိုက်ကမ်းဆိုး မသိတဲ့ ကောင်လေး က အမ တဲ့ ... ဒီ ဘောင်းဘီ ဖင်နားက ဟာတွေ ကို အစွန်းချွတ်ဆေး သုံးပြီး ပြောင်အောင် လျှော်ပေးပါနော် တဲ့..... အင်း....  နဲနဲ ရှက်သွားတယ်......အဲဒီ အချိန်က စပြီး ရွှေစင်ဦး လေး လည်း ဒိုဘီ ဝါးလား  အလုပ် က  အနား ယူ လိုက်ပါတယ် ဗျာ....။

လေးစားစွာဖြင့်
စာရေးသူ - ရွှေစင်ဦး
.

20 comments:

ညိမ်းနိုင် said...

အစ်မရေ...အဲလောက်လဲ စီးပွားမရှာနဲ့လေ....ဘယ်နှယ်..
ဒိုဘီဝါးလားအလုပ်ပါလုပ်ရရောလား...း)

သူကြီးမင်း (တုံးဖလား) said...

ဟုတ်တယ် အမရွှေစင်.. အဲဒီအစွန်းလေးကို ပြောင်အောင်လျော်ပေးနော်။ :D

အမကတော့ အလုပ်တွေစုံပါ့ဗျာ။ ဟာ ဟ။
ဘာဘဲဖြစ်ဖြစ်ပေါ့အမ။ စိတ်သန့်သန့်နဲ့ ကူညီပေးရင် ဂုဏ်တောင် ရှိပါသေးတယ်။ ဒါဖြင့် ကိုကိုမောင်ကော ၀င်လျှော်ပေးပါလားဆိုရင်တော့.. အဟီး...။ အဲဒါမျိုးတွေ ၀ါသနာပါဘူး။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

sy said...

အန်တီရွေစင် ရေးလိုက်ရင် တစ်ပုဒ်ဆိုတစ်ပုဒ်ပဲ အရမ်းရီရတယ် ဖတ်လို့လဲကောင်းတယ်။ :D

ချော(အစိမ်းရောင်လွင်ပြင်) said...

အစ်မရယ်
အပေါ်မှာ ပြုံးပြီးဖတ်လာရင်း အောက်ဆုံးအပိုဒ်မှာတော့ အသံထွက်အောင် အော်ရယ်မိလိုက်တယ်..
စောစောစီးစီး အလုပ်ပြုတ်သွားတာ ၀မ်းသာစရာပါအစ်မရယ်...
ဒီကောင်လေး ကျေးဇူးတင်ရမယ် ဟီး

မိုးယံ said...

အန်တီလေး ဘ၀မှာ အတွေ့အကြုံ တော်တော်စုံ တယ်နော်

Anonymous said...

ပါဂျဲရိုးကြီးစီးနိုင်အောင် အ၀တ်လျှော်စက်ထောင်
တိုက်ကြီးကြီးနဲ့နေရအောင် ကွမ်းယာရောင်းရအောင်
ငွေထုပ်ပိုက်ကာ သုံးနိုင်ရေး ရှမ်းခေါက်ဆွဲဆိုင်
ဖွင့်ကာပေး တို့ရွှေမန်းမှာ သူတို့သာ
ကောင်းကောင်းသုံးနိုင်တာ ရွှေမြန်မာတွေ လိုက်ကာငေး
အားကျချင်လိုက်သေး။

ကိုဇော် said...

အစ်မရွှေစင် တို့များ ချစ်ချစ်ကြီးအတွက် ရှာချက်။
လက်က ကွန်ပျူတာကိုင်ပြီး ခြေထောက်က အဝတ်တွေကို နင်းကာပ ချစ်ချစ်ကြီးအတွက် ရှာပါ့မယ် ဆိုတာလို ဖြစ်နေပါရောလား :P

မေဓာဝီ said...

မရွှေစင် ဒိုဘီအလုပ်ကို အထင်သေးလို့မရဘူးနော်။ ဒီမှာလဲ ဒိုဘီတွေခေတ်စားတယ်။ အခြောက်လျှော် အစိုလျှော် နှစ်ပိုင်းတပိုင်းလျှော် အကုန်လျှော်တယ်။ ကောဇော ခန်းဆီး ကုတ်အင်္ကျီ အဲဒါတွေဆို ပိုတောင် ဈေးကြီးသေး။ ညီမလဲ ဘိလပ်မှာ အခြေအနေမဟန်ရင် ဒိုဘီလုပ်စားရ ကောင်းမလား မသိ။ :P

PhyoPhyo said...

မရွှေစင်ဦး က မုန့်လဲကူရောင်းပေးတယ်၊
အ၀တ်လျှော်တာလဲ ကူပေးတာပဲ၊
အဖိုးကိုလဲ စာတွေဖတ်ပြတာလဲ ဖတ်ဖူးတယ်၊
တော်တော် သဘောကောင်းတဲ့ အစ်မပဲ
ကိုယ်ပိုင်စာလေးတွေ အရမ်းဖတ်ကောင်းတယ်၊
ခင်မင်လေးစားလျှက်

Anonymous said...

ဆရာမ................)))))
ဒီနားကခုံတွေရွှေ့ပေးအုံး ဆရာမတပည့်တွေက ဘာ ဆရာမဖောက်သည်တွေက..
...အောင်မငှေး မယ်မင်းကြီးမရယ်
ဆရာမသားတော်မောင်တွေတောင်
ရုပ်ချောတဲ့သူကို ကြိုက်ရဲမှာဟုတ်တော့ဘူး
ကြီးမေရေ အထင်မသေးရဲဘူးဗျ အ၀တ်လျှော်တဲ့သူတွေက ပါဂျဲရိုးကြီးစီးနိုင်တာကို အိမ်ကိုလာပြီးအ၀တ်တွေယူတဲ့အမကိုတောင် ဘယ်တော့ ကားဝယ်မှာလဲလို့ အမကြီးရွှေစင်ပွဲစားလုပ်ခိုင်းမလို့ စပ်ထားသေးတယ်
သူကပွဲစားလည်းလုပ်တယ်လေနော http://www.shwezinu.com/2010/07/blog-post_4536.html
ချစ်ညီမ
seesein

Anonymous said...

မုန့်ရောင်းတဲ့ link နဲ့မှားချိတ်မိလို့
ဒါကမှ ပွဲစားလုပ်တဲ့ပို့စ်
http://www.shwezinu.com/2010/07/blog-post_8504.html
ဝါးလားတွေများနေပြီ ပြီးရင် ဘာဝါးလားလာအုံးမှာလဲ

:P said...

ဖတ်သွားပါတယ်.. မရွှေစင်....။

ဒိုဘီနဲ့ပင်မင်းနဲ့က မတူဘူး ထင်တယ်နော်..။

မဗေဒါ (၈၈) said...

အညာက အမကြီးရွေစင်

ဖတ်လိုက်တာ နဲနဲမောသွားတယ်.. ။ ဒီမှာတော့ အိမ်ဌားပြီးနေတာ တယ် မိုက်တယ်တာပဲ.. (အဓိပါယ်နှစ်မျိုးပါ.. လူတိုင်းနည်းပါး ကိုယ်ပိုင်အိမ်ရှိခြင်းရယ်.. ဌားချင်တဲ့လူ ကလည်း .. အိမ်ကြီးရှင်များကို မျက်နှာလုပ်စရာမလိုပါဘူး..။ )..။

ဟုတ်တယ်အမရေ.. မြန်မာပြည်က အကြောင်းလေးတွေ သိအောင် ရေးပေးပါအုံး..။ ဗဟုသုတ တွေ ရတာပေါ့..။ မဗေဒါက အသက်ရဲ့ တစ်ဝက်ကျော်က တိုင်းပြည်အပြင်ဘက်ဆိုတော့ တချို့ ကိစ္စတွေ စိမ်းတယ်.. လူ့သဘောကိစ္စ ဆိုပေမဲ့ လိုက်မမီတာတွေ များတယ် အမ..။

အခုလို သိရတာ ကျေးဇူးပါ..` ရေးထားတာလေး တွေ မှားတာရှိရင် ပြန်ပြင်ပေးပါဦး..` ဟဲ..။ စာတည်းမှူး အယ်ဒီတာ မမကြီး..။ ရာထူးမပြုတ်စေရဘူး.. အာမခံတယ်..။

ကိုးမြို့ရှင် ကြည်ဖြူပေမဲ့ စိန်ဗေဒါ နဲနဲ အရူပ်တွေလုပ်နေလို့ အရောက်နောက်ကျတာလည်း ခွင့်လွတ်စေချင်ပါတယ်ရှင်..။

မဗေဒါ (၈၈)

Cameron said...

ဟား..ဟားး မမရွှေစင်ဦးရေးချက်ကတော့ဗျာ...။
ဒိုဘီဝါးလား ဖြစ်လိုက်သေး..

ခင်တဲ့
မိုးငွေ့

ခိုင်နုငယ် said...

ဖြစ်တတ်ပါတယ်။ အမရေ..
ဒီမှာတော့ ဒိုဘီဆိုင်တွေ သိပ်အလုပ်ဖြစ်တာ။
ဒိုဘီလုပ်ငန်းတွေများဆို အလုပ်သမားလည်း
အများကြီးပဲ။


ခင်မင်စွာဖြင့်
ခိုင်နုငယ်

Anonymous said...

Very interesting. Dobi walar di di ban gayi nar.:P ( You became as Dobi walar again.)

Ray

အဖြူရောင်နတ်သမီး said...

ဟား..ဟား..
မကြီးတို့ကတော့ ဒိုဘီလည်း ဖြစ်သဗျာ...
ဒါနဲ့...အဲဒီအစွန်း...ချွတ်ပေးလိုက်သေးလား..
ချွတ်လို့မရရင် ကပ်ကျေးနဲ့သာ ကွက်ညှပ်ပေးလိုက်တော့..။
ဘယ့်နှယ်...ငါတို့ မကြီးကို..
အရှက်ရအောင်..အဲ..မှားလို့..
အလုပ်ထွက်ရအောင်လုပ်တဲ့ကောင်လေး..း)

နွေဆူးလင်္ကာ said...

အစ်မရေ . နောက်တစ်ခါ သွားရောင်းစားပစ်လိုက် ..

Anonymous said...

အမရေ..စက်အသစ်လေးရသွားလို့လာမန့်ပါတယ်..
အမက လက်သုတ်စုံပေါ့..
ကောင်းပါတယ် အမရယ် အကြွားမပို အပိုမပြောပဲ ဟာသလေးနှောတတ်တော့ အမမူပိုင်ရေးဟန်လေးကို လဲတအားကြိုက်တယ်..
အမရေ.. ဒါပဲနော်..ဂလောက်..

မြတ်နိုး

အင်ကြင်းသန့် said...

ဟဟဟဟ....နောက်ဆုံးမှာ ရီလိုက်ရတာ ငါ့အစ်မရယ်....တကယ်စုံတယ်နော်။ ဒါနဲ့အဲဒီအစွန်းကို ဘယ်လိုလုပ်ပေးလိုက်လဲ???း)))

ချစ်ညီမလေး