Wednesday, August 18, 2010

ကြယ်နီ အပိုင်း (၃၇)

    တဖွဲဖွဲရွာနေကော မိုးကား စဲသွားလေပြီ။ မိုးစဲသွားသည်နှင့်အမျှ ခြင်များကလည်း ပိုကိုက်လာ၏။ ခြင်မှာလည်း ခြင်ရိုင်းကြီးတွေဖြစ်၍ အတင်းနား၊ အတင်းကိုက်သောကြောင့် သူတို့မှာ တဖျတ်ဖျတ် ရိုက်နေရ၏။ ပို၍ ဆိုးသည်ကား နားအနီး၌ တ၀ီဝီ လာအော်ခြင်းဖြစ်သည်။ သူ့ဘေးနားမှ စစ်သား ကလေး က ခြင်ကိုက်လွန်း၍ ဒေါသထွက်လာသည့်ပုံဖြင့် တောက်တစ်ချက် ခေါက်လိုက်ကာ 'ငါရိုးမ ခြင်တွေ'ဟု ဆဲလိုက်၏။

    တစ်ချိန်တည်းပင် တုံ တုံ တုံဟူသော တုံးခေါက်သံကေးလကို ကြားလိုက်ရ၍ ကိုသံချောင်းသည် အသံလာရာဆီသို့ သူ့မျက်လုံးကို လွှတ်လိုက်၏။ သူတို့ကင်းတဲနှင့် နှစ်ဖာလုံခန့်ဝေးသော ၀ါးတန်းရှိ ကေအင်ဒီအိုကင်းမှ ခေါက်လိုက်သော တုံးခေါက်သံဖြစ်ကြောင်း မလိုလို သိလာ၏။ မီးရောင်မှာ တစ်နေရာတည်း၌ ရပ်မနေဘဲ ရွေ့လျားနေ၏။ ဒါကို ထောက်၍ ကေအင်ဒီအိုင်များသည် စားဖားများကို မီးအုပ် နှင့် လိုက်ရိုက်နေကြောင်း ထင်ရှားသည်။

    'ခွေးမသားတွေ ... ဖားလိုက်ရိုက်နေတယ် ထင်ပါရဲ့၊ သေနတ်နဲ့ ထိုးပစ်လိုက်ရ ကားခနဲ ကျသွားတော့မယ်'
    သူ့ဘေးနားမှ စစ်သားကလေးက သံချောင်းအား ပြောသလိုလိုနှင့် သူ့တစ်ကိုယ်တည်း ပြောဆိုလိုက်၏။ သေနတ် တစ်ကမ်း မီလောက်သောလည်း ဒီအမြင်မျိုးမှာ ရိုးနေပြီဖြစ်သောကြောင့် ရွေ့လျားနေသော မီးရောင် ကလေး ကို စူးစိုက်ကြည့်ရင်း ကရင်အမျိုးသားများ အကြောင်းကို စဉ်းစားနေ၏။

    ကရင်အမျိုးသားများ ဆိုရာ၌ သူတို့၏ ရွာနီးချုပ်စပ်မှ ကရင်အမျိုးသားကိုသာ ဆိုလိုရင်း ဖြစ်ပါသည်။ သူတို့သည် ရိုးသားသော လယ်သမားများဖြစ်ကြ၍ ထွန်တုံးတိုက်ပွဲ၊ သီးစားခ မပေးရေးတိုက်ပွဲ စသော မြေယာ တော်လှန်ရေး တိုက်ပွဲရပ်များတွင် မြန်မာ လယ်သမားများနှင့် လက်တွဲတိုက်ခိုက်လာကြသူများ ဖြစ်ကြသည်။ ဒီမိုကရေစီသစ် တော်လှန်ရေး၏ ရည်မှန်းချက်တွင် တစ်ခုအပါအ၀င်ဖြစ်သော လယ်သမား တို့၏ ဘ၀သစ်ဖန်တီးရေး တည်းဟူသော အကျိုးတူ ရည်မှန်းချက်အတွက် တိုက်ပွဲဝင် ရဲဘော်ရဲဘက် များအဖြစ် အချင်းချင်းနားလည်မှု ရှိထားကြသည်။ သို့ပါလျက် ယခုအခါတွင် သူတို့သည် အဘယ်ကြောင့် ကိုယ့်တပ် ကိုယ်နင်းကာ လယ်သမား အချင်းချင်း သတ်ဖြတ်လုယက်၍ အိုးအိမ်များကို မီးတိုက်ပစ် နေဘိသနည်း။

သည်အဖြေကို သူကား မဆွကပင် တွေ့ရှိထားပြီးဖြစ်သည်။ သူကား သာမာန်လယ်သမား တစ်ဦးမဟုတ်ဘဲ တိုက်ပွဲဝင်ခဲ့ဖူးသော လယ်သမားတစ်ဦး ဖြစ်ခြင်းကြောင့် မျက်မြင်ပြဿနာရပ်များ ကို အသင့်အတင့် ဝေဖန်ပိုင်ခြားနိုင်သူတစ်ဦးဖြစ်သည်။ ကေအင်ဒီအိုတို့၏ လှုပ်ရှားမှုသည် ကော်သူလေးပြည်နယ်ကို ဗန်းပြ ထားသော်လည်း၊ အဓိကရည်ရွယ်ချက်ကမူ တစ်နေ့တခြား ပြင်းထန်လာသော လူတန်းစားတိုက်ပွဲကို လူမျိုးရေးတိုက်ပွဲသို့ မြားဦးလှည့်ပေးရန်သာလျှင် ဖြစ်သည်ကို သူ့ခေါင်းဆောင်မှ တစ်ဆင့် သူက နားလည် ထားပြီး ဖြစ်နေပါသည်။

မြေမဲ့ယာမဲ့ လယ်သမားထုနှင့် အလုပ်သမားတို့သည် အောင်ပွဲများကို ဆက်ကာ ဆက်ကာ ရယူနေ၍၊ နယ်ချဲ့ အရင်းရှင်နှင့် မြေပိုင်ရှင်ကြီးများသည် ကျဆုံးအံ့ဆဲဆဲ ဖြစ်နေသောကြောင့် နယ်ချဲ့ အရင်းရှင်နှင့် ကရင် မြေပိုင်ရှင်ကြီး များ ပူပေါင်းကာ ထာဝစဉ် ငြိမ်းချမ်းရေး၊ ပြည်သူ့ဒီမိုကရေစီရေးအတွက် လက်တွဲ ချီတက် နေကြသော ကရင်-မြန်မာ လူထုကြီးအား သီးခြားနယ် မက်လုံးပေးပြီး လူမျိုးရေး မှိုင်းတိုက် လိုက်ခြင်း အားဖြင့် ပစ္စည်းမဲ့အရေးကို ကရင်-မြန်မာ အရေးအဖြစ် ပြောင်းလဲသွားအောင် မျက်လှည့် ပြလိုက်ခြင်း ဖြစ်သည်ကို သူ အမြင်မှန် မြင်ထားပါသည်။

    ဤသို့နယ်ချဲ့အရင်းရှင်နှင့် ကရင်မြေပိုင်ရှင်ကြီးများ၏ လူမျိုးရေး မှိုင်းတိုက်လိုက်မှုကြောင့် ရိုးသားသော ကရင် လယ်သမား များသည် ကေအင်ဒီအိုတို့၏ လူမျိုးရေးမှိုင်းဝယ် နစ်မွန်းသွားကာ၊ လယ်သမားနှင့် မြေပိုင်ရှင်ဟူသော လူတန်းစားအမြင်မှ ကရင်-မြန်မာ ဟူသော လူတန်းစားအဖြစ် သို့ ကူးပြောင်းသွား၏။ သို့ကူးပြောင်း သွားသည်နှင့်အမျှ သူတို့၏ တိုက်ပွဲမှာလည်း မြေယာတော်လှန်ရေးမှသည် လူမျိုးရေး တိုက်ပွဲ သို့ အသွင်ပြောင်းသွားတော့၏။ သူတို့သာလျှင် မဟုတ်သေး။ မြန်မာအမျိုးသားများသည်လည်း ကေအင်ဒီအို တို့၏ လူမျိုးရေးမှိုင်းဝယ် ယောင်ကန်းကန်းဖြစ်သွားကာ၊ မူလရည်မှန်းချက်ကို ခေတ္တမျှ မေ့သွားကြ ပြီး ကရင်-မြန်မာ ဟူသော လူမျိုးရေးတိုက်ပွဲဘက်သို့ ဦးလှည့်သွားကြ၏။ ပို၍ ဆိုးသည်ကား ဖောက်ပြန် သော သတင်းစာဆရာများ၏ အမြင်တိုလှသော လူမျိုးရေးလှုံ့ဆော်မှု အရေးအသား များဖြစ်သည်။ ထို့ကြောင့် အခြေအနေမှာ ပိုဆိုးသွားရ၏။ သို့သော် ဘာပဲဖြစ်ဖြစ် နောက်ဆုံးတစ်နေ့တွင် မူကား ကိုယ့်ဘ၀ကိုယ် မေ့နေကြသော ကရင်-မြန်မာ လူထုကြီးသည် မိမိဘ၀မှန်ကို ပြန်လည်သိရှိပြီး၊ သူတို့၏ တိုက်ပွဲမှာလည်း လူမျိုးရေး တိုက်ပွဲမှသည် လူတန်းစားတိုက်ပွဲသို့ ပြန်၍ ဦးလှည့်လာမည်ကို သူ ယုံကြည် ထားပါ၏။

(၅)

မိုးသည် အတော်ကလေး ရွာချလိုက်ရ၍ ပင်ပန်းသွားဟန်ဖြင့် လုံးဝ အနားယူရပ်စဲသွားလေပြီ။ ပတ်ဝန်းကျင် တွင် ဖားအော်သံနှင့် ပုရစ်ကလေးများ အော်သံက ပြန်၍ မင်းမူလာသည်။ အချိန်ကား ခုနှစ်စင်ကြယ်ပြောင် အမြီးထောင် သည့် သန်းခေါင်သို့ပင် ရောက်နေပေပြီ။ ကိုသံချောင်ကား တစ်ချက် တစ်ချက်တွင် အိပ်ငိုက်နေ၏။
    'ဟေ့ ဘယ်သူလဲ၊ ရပ်လိုက် ...'

    သည်အသံက တိတ်ဆိတ်သော ညသန်းခေါင်ယံ အသံကို ပဲ့တင်ရိုက်လိုက်သည်။ ကိုသံချောင်း၏ မျက်လုံး များသည်လည်း ရုတ်တရက်ပွင့်လာစဉ် သူ့ဘေးမှ စစ်သားကလေးက သေနတ်ဖြင့် လှမ်းချိန် ထားသည့် နေရာသို့ စူးစမ်းကြည့်ရှုလိုက်၏။ သြ မှောင်မည်းမည်းတွင် မသဲမကွဲ ရပ်နေသော လူတစ်ယောက် သဏ္ဍာန်။
    'ရန်အောင်'
    သူ့ဘေးမှ စစ်သားကလေး၏ အမေးကို မှုန်မွှားမွှားသဏ္ဍာန်က ပြန်ဖြေ၏။ သို့သော် သူ့ဖြေသံမှာ စစ်သံနှင့် ဒေါမာန်ပါပါဖြေလိုက်ခြင်း ဖြစ်သောကြောင့် သူတို့၏ လျှို့ဝှက်ထားသော အမှတ်အသားကို နားမလည် ထားသည့် ဘေးလူအဖို့ဆိုလျှင်မူ "ရောင်"ဟူ၍ ကြားလိုက်ရပေ သည်။

    တစ်ဖက်ကင်းတဲမှ စစ်သားတစ်ဦးသည် ကင်းတဲဝ၌ရပ်ကာ 'ဗိုလ်လေးဘယ်မှာလဲ'ဟု မေးလိုက်၏။ ကိုသံချောင်း ၏ ဘေးနားမှ စစ်သားကလေးက 'အိပ်နေတယ်ကွ'ဟု ပြောလျက်၊ တစ်ဆက်တည်း 'ဘာလုပ် မလို့လည်း' ဟု ပြန်လှန်မေးခွန်း ထုတ်လိုက်၏။

    'ကင်းတဲရှေ့နား တစ်ဖာလုံလောက်ဝေးတဲ့ ချုံပုတ်တွေဆီက ခွေးဟောင်သံ ကြားတယ်ကွ၊ ပထမ ငါလည်း အမှတ်မဲ့ပဲ နေလိုက်တယ်၊ နောက်ခွေးဟောင်သံ ၁၅ မိနစ်လောက်ကြာအောင် မရပ်ဘဲ စူးစူးဝါးဝါး ဟောင်နေလို က မသင်္ကာတာနဲ့ မီးကျည်ပစ်ပြီး ကြည့်ရအောင်လို့ ဗိုလ်လေးကို လာတိုက်ပင်တာ'
    ထိုအချိန်တွင် "ဒိုင်း"ခနဲ မြည်ဟည်းသွားသော သေနတ်သံတစ်ချက် ထွက်ပေါ်လာကာ ကျည်ဆန်မှာ သူ့တို့ အထက်မှ 'ရွှီး'ခနဲ ဖြတ်ကျော်သွား၏။ တစ်ချိန်တည်းပင် လူတစ်ယောက် အော်ဟစ် ပြောနေသော အသံ ကို ကြားရ၍ သူတို့ နားစွင့်နေ၏။

    'ဟေ့ သခင်နုရဲ့ ခွေးတွေ၊ လက်နက်ချပါတော့လား၊ နင်တို့ တောလည်း မဆင်းရဲဘဲနဲ့ မြို့ထဲတွင်ပိတ်ပြီး ငါးပိ ငံပြာရည်တောင် မစားရဘဲ ငတ်ပြတ်နေပြီ မဟုတ်လား'
    အမှန်က ဒါလည်း မဆန်းတော့ပါ။ ၀ါးတန်းရှိ ကေအင်ဒီအိုများ ပျင်းပျင်းရှိလျှင် သည်လိုပင် ချောင်းမြောင်းလာရောက်ပစ်ခတ်ပြီး ဒီလိုပဲ ပြောနေကျဖြစ်ပါသည်။ ကိုသံချောင်း၏ ဘေးနားမှ စစ်သား ကလေး က မြေကတုတ်ကို အကာကွယ်ယူ၍ အသံကြားရာကို မှန်းပြီး 'ဒိုင်း ဒိုင်း'ဟု နှစ်ချက်ဆင့် တုံ့ပြန် လိုက်၏။

ဤသေနတ်သံကြောင့် ကင်းတဲတွင် အိပ်ပျော်နေသော ဗိုလ်လေးဆိုသူလည်း နိုးလာလေပြီ။ သူတို့က အကျိုး အကြောင်း ပြောပြလိုက်သည်နှင့် တစ်ပြိုင်နက် ဗိုလ်လေးသည် မီးကျည်ပစ်သော ခြောက်လုံးပြူး သေနတ်ပုံနှင့် ခပ်ဆငဆင်တူသည့် သေနတ်ကို ဆွဲထုတ်ကာ မီးကျည်ထည့်၍ အပေါ်သို့ မြှောက်ကာ ပစ်ဖောက် လိုက်၏။
"ဖောင်"ခနဲ မြည်ဟည်းသွားသော အသံနှင့်အတူ သူတို့ရှေ့နား တစ်ဝိုက်ဆီ တွင်လည်း လင်းထိန်နေ၏။ သူတို့ သည် မြေကတုတ် အကွယ်မှနေ၍ သူတို့ရျေ့တည့်တည့် အလင်းရောင်အောက်ရှိ လဟာပြင်နှင့် ချုံပုတ် ကလေး များပါမကျန် စေ့စေ့စပ်စပ် ရှာဖွေကြည့်ရှု ကြသော်လည်း မည်သည့်သတ္တ၀ါ တစ်ဦး တစ်ယောက် ကိုမျှ မတွေ့ရချေ။ ၅ မိနစ်ခန့် အကြာတါင် မီးကျည်သည် မှိန်သွားရာ ပတ်ဝန်းကျင်ကိုလည်း အမှောင် က ပြန်၍ မင်းမူလိုက်တော့သည်။

ကိုသံချောင်းကား သူ့အလှည့်ကုန်ဆုံးပြီဖြစ်သော်လည်း သည့်လောက်ခြင်ကိုက်လှသည့် အထဲတွင် အိပ်၍ ရမည်မဟုတ်သဖြင့် ငုတ်တုတ်ပင် ထိုင်နေ၏။ ဗိုလ်လေးဆိုသူလည်း ပြန်၍ မအိပ်တော့ဘဲ သူတို့ဘေးနား၌ ထိုင်ကာ စီးကရက်တစ်လိပ်ကို ထုတ်ယူပြီးနောက် မြေကတုတ် အကွယ်၌ မီးညှိသောက်ရှုနေ၏။
'ဦးကြီး ကအရင် ဘယ်မှာ နေသလဲ'
    ဗိုလ်လေးက ထိုင်နေရမှာ ပျင်းသည့်ဟန်ဖြင့် သူ့အား စကားစတင်ကာ မေးမြန်းလိုက်၏။

    'အကြော်ရွာမှာ နေပါတယ်'
    'အို.... နီးနီးလေးပါလား၊ ဦးကြီးတို့တော့ ကိုယ့်ရွာကိုယ် သိပ်ပြန်ချင်မှာပဲနော်၊ ကျွန်တော်တို့ကလည်း ဆင်းတိုက်ချင်ပါရဲ့၊ ဒါပေမဲ့ အထက်အမိန့်က မရတော့ ခက်တယ်၊ ဦးကြီးက လယ်သမား ထင်ပါရဲ့...'
    'ဟုတ်ပါတယ် ဗိုလ်ကလေးရယ်၊ လယ်သမားပါပဲ၊ ကိုယ့်ရပ်ရွာ ပြန်ချင်တာတော့ မပြောနဲ့တော့ ဗိုလ်လေး ရယ်၊ ဒီမှာက အလုပ်မရှိ အကိုင်မရှိနဲ့ ဆန်ကွဲတောင်မှ နပ်မှန်အောင် မစားရတော့ ခက်သားပဲ'

    'အေးဗျာ.. တောက ဒုက္ခသည်တွေရဲ့ အဖြစ်ဟာ အတော့ကို ဆိုးဝါးတယ်နော်၊ ဒါပေမဲ့ အားမငယ်ပါနဲ့ဗျာ၊ တပ်မတော် ထဲက အများစုဟာ ခင်ဗျားတို့လို လယ်သမား၊ ယာသမား၊ အလုပ်သမားတွေရဲ့ သားသမီး တွေမို့ တစ်နေ့တခြား ပြတ်သားလာတဲ့ ကမ္ဘာ့နိုင်ငံရေး၊ မြန်မာ့နိုင်ငံရေးမှာ နောက်ဆုံးတစ်နေ့ ကျွန်တော် တို့ဟာ ခင်ဗျားတို့ဘက်ကသာ ရှိနေမယ်ဆိုတာ ယုံပါ။ မြန်မာ့နိုင်ငံရေးဟာ အရောရောအထွေးထွေးနဲ့ ရှုပ်ထွေး နေတယ် ဆိုပေမဲ့ အမှန်ကတော့ ပြည်သူအင်အားစုနဲ့ နယ်ချဲ့လက်ဝေခံ အင်အားစု ဒီနှစ်ခုပဲ ရှိပါတယ်၊ ဘယ်ဟာက ပြည်သူ့ဘက် တော်သား၊ ဘယ်ဟာက နယ်ချဲ့အရင်းရှင် နောက်လိုက်ဆိုတာလည်း တဖြည်းဖြည်း ပြတ်သားလာ ပါပြီ။ ခင်ဗျားတို့လည်း သိပ်မစောင့်ရတော့ပါဘူး။ ဟိုတုန်းက ရောကျော် ဆရာတွေ၊ လူ့ပဲပြားတွေဟာလည်း အခုအချိန်မှာ မရောနိုင်တော့ပါဘူး။ လမ်းနှစ်ခုက ရှင်းနေပါပြီ၊ ဘယ်သူ ဟာ ဘယ်လမ်း သွားနေတယ်ဆိုတာ ကျွန်တော် မြင်နေပါပြီ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ ကတော့ ခင်ဗျားတို့ ဘက်မှာသာ ရှိတယ်ဆိုတာသာ စိတ်ချထားပါ'

    ပထမတော့ ဗိုလ်လေးသည် ခပ်အေးအေး ပြောနေရာမှ ပြောရင်းပြောရင်း စိတ်ပါလာသလိုလို သူ့အသံ မှာ ဒေါသကလေး ရောစွက်လာ၏။ စကားအဆုံးစီကရက်ကို ဖွာရှိုက် လိုက်ရာတွင် ရဲခနဲဖြစ်သွားသော စီးကရက် မီးရောင်ဖြင့် သူ၏ သွေးရောင်လျှမ်းနေသော မျက်နှာကိုလည်း ကိုသံချောင်းမြင်လိုက်ရ၏။ ဒါကို ထောက် ၍ ဗိုလ်လေးသည် ၀တ်ကျေဝတ်ကုံ ပြောလိုက်ခြင်း မဟုတ်ဘဲ သူ့ယုံကြည်ချက်ကို စိတ်ပါလက်ပါ ထုတ်ဖျော် လိုက်ခြင်း ဖြစ်ကြောင်း ရှင်းနေပါပြီ။

    ကိုသံချောင်းကား စကားမပြန်နိုင်လောက်အောင်ပင် ၀မ်းသာလုံးဆို့နေ၏။ ကြည့်စမ်း ... သူ့ချစ်တဲ့ သားကလေးတွေဆီမှာ သူ့မျှော်လင့်ခဲ့တဲ့ သစ္စာတရားကို တွေ့နေရပါပြီကော။ လယ်သမား၊ ယာသမား၊ အလုပ်သမား တွေရဲ့ သား တပ်မတော်ဟာ တစ်နေ့တခြား ပြတ်သားလာတဲ့ ကမ္ဘာ့နိုင်ငံရေး၊ မြန်မာ့ နိုင်ငံရေး မှာ ပြည်သူ့ဘက်တော်သား အဖြစ်နဲ့သာ တည်ရှိ မယ်ဆိုတာ စိတ်ချထားပါတဲ့။ ကျဉ်းမြောင်း လှတဲ့ လက်တစ်ဆုပ်စာ လူတစ်စုရဲ့သား မဟုတ်တဲ့ ကျယ်ပြန့်တဲ့ ၉၀ ရာခိုင်နှုန်း လယ်သမား၊ အလုပ်သမား တွေရဲ့ သစ္စာရှိသော သားအဖြစ်ကိုသာ ခံယူပါ့မယ်တဲ့...။ အို.. လူကလေးရယ်။
    သူသည် ၀မ်းသာလွန်းလို့ မျက်ရည်များပင် စို့လာရှာသည်။ နှစ်ပေါင်းများစွာက ကွဲကွာနေသော သားကြီး အား ရုတ်တရက် ပြန်တွေ့လိုက်ရသကဲ့သို့ သူမှာ ခံစားနေရသည်။ သူသည် ရိုးတွင်းချဉ်ဆီမှ စိမ့်တက် လာသော ပီတိဖြင့် ကြည်နူးနှစ်သိမ့်စွာ ကောင်းကင်ပြင်သို့ မော်ကြည့်လိုက်ပါ၏။ မိုးသားများ ကင်းစင် သွား၍ ကြည်လင်စ ပြုနေသော ကောင်းကင်ပြင်မှာတော့ ကြယ်နီသည် တလက်လက်နှင့် တွန်းတောက် နေပါပြီကော။

    အား... ကြယ်နီ...။
    တစ်နည်းအားဖြင့် မိုးသောက်ကြယ်။ သူ ထွက်ပေါ်လာလျှင် တမိုးသောက်လို့ အလင်းသို့ ရောက်မည့် အချိန်မှာ မဝေးတော့ကြောင်း စိတ်ချထားနိုင်ပါသည်။ အဝေးမှ ပျံ့လွင့်လာသော ကြက်ဦး တွန်သံ ကလေးနှင့် ဘုရားကျောင်းမှ အုန်းမောင်းခေါက်သံက သည်အယူအဆကို တိုး၍ ခိုင်မာစေသည်။ သြော်... ညဦးယံကွယ်ပျောက်လို့ အလင်းသို့ ရောက်လုပေါ့။ သို့သော် အလင်းရောင် ပေါ်ခါနီးမှာ အမှောင်ဆုံး ဖြစ်သော ဆိုတဲ့ စကားအရ လင်းလုခါနီး အချိန်မို့ အမှောင်ဆုံးကို ရင်ဆိုင်ရဦးမယ် ဆိုတာ ကိုတော့ ကိုသံချောင်း သိ မှ သိပါလေစ။

ပြီးပါပြီ
.

1 comment:

Anonymous said...

Thanks for this novel.

Ray