Tuesday, February 16, 2010

ငယ်ဘဝများ (၁၆) နှင့် ရွှေစင်ဦး မူးသွားခြင်း အပိုင်း (၃)

စီတာပူဈေးထဲ ဟိုကြည့် ဒီကြည့် နဲ့ ပေါ့ ဗျာ.. ဘာအကြွင်းအကျန် တွေများ ရအုန်းမလည်းပေါ့...၊ မတော်လို့ ဟင်းချက်စရာမရှိရင် ဖေဖေ ရဲ့ ငါးကြီး နဲ့ တွေ့သွားမှာလည်း ကြောက်ရသေးတယ်..၊ ဒါနဲ့ ဝက်သား ဆိုင်ရှေ့ရောက်သွားတယ်..၊ ဝက်သားဆိုင်ကလည်း ဝက်ခြေထောက် တချောင်း ရယ် ဆိုင်ရှင် ကချင်ကြီး ရယ်.. ခွေးလေး ငါးကောင် အရိုးကိုက်နေတာရယ် တွေ့တယ်ဗျ..။
ကျနော် လည်း ခွေးတွေ အရိုးကိုက် နေတာတွေ့ မှ အတွေးပေါ်သွားတယ်..၊ ငါ လည်း ဝက်ခြေထောက် ကိုက်ရင် ရသားဟဲ့ ဆိုပြီး.... ဝက်ခြေထောက် ကို ဝက်စတူး ဆိုပြီး ဖေဖေ ကို ညာကျွေးမယ် ဆိုပြီး အကြံလေး နဲ့ ဒီခြေထောက်ကြီးက ဘယ်လောက်လည်း ဆိုတော့ ဈေးက နဲနဲများ နေတယ်ဗျာ.. ကျနော်လည်း ခင်ဗျားဟာ အသား မှ သိပ်မပါတာ ဈေးလျှော့ အုန်းလို့ပြောတော့ မလျှော့နိုင်ဘူးဗျ တဲ့.. အရိုးဈေး အသားဈေး.. မရှိဘူးတဲ့ အားလုံးဈေးတူဘဲတဲ့.. ကျနော် လည်း ကချင် ကြီးက ငါ့တော့ ရိုက်နေပြီ.. ဒါပေမဲ့.. ရွေးစရာ ကလည်း မရှိတော့ ဝယ်မယ်ပြောရတော့တာပေါ့..... ။

အဲဗျာ..ကချင်ကြီးက အကုန်လုံး ချိန်ပြစ်လိုက်တယ်.. ကျနော်က နဲနဲဘဲ ဝယ်မယ် ပြောတော့လည်း မရောင်း ဘူးတဲ့.. အကုန်ဝယ်မှ ရမယ်တဲ့...၊ ဒါနဲ့ မန္တလေးသူ ဒေါ်ရွှေစင်ဦး တော့ ကချင်ကြီး လုပ်သမျှ ခံရတော့ တာဘဲ..၊ ဝက်ခြေထောက်ကြီးကို အသားဈေးလည်း ပေးဝယ်ရသေးတယ်..၊ ပြီးတော့ ကျနော်တို့ သားအဖ ရက်ပေါင်း များစွာ စားမကုန် တာကြီးလည်း ဝယ်ရသေးတယ်...၊ အမလေး ကြောက်ပါပြီ..စီတာပူဈေး ရယ်...။

ဒါနဲ့..ကျနော်လည်း ဝက်ခြေထောက်ကြီးဝယ်လာပြီး ချက်လိုက်တာ တအိုးကြီးရတယ်..၊ ပထမ ရက် တော့ မနက်စာ စားတော့ ဖေဖေ က ကောင်းတယ် ကောင်းတယ်.. နဲ့ စားတယ်ဗျာ.. ၊ ညနေစာလည်း.. ဒီဝက်ခြေထောက်ကြီးဘဲ နွေးကျွေး တော့ စားတယ် ဘာမှ မပြောဘူး..၊ နောက်နေ့ကြ.. ကျနော်လည်း ဝက်ခြေထောက် ဟင်းတွေကလည်း အများကြီးကျန်သေး..၊ ဈေး ကလည်း မနက် ၄နာရီ ထသွားရမှာ ဆိုတော့ ပျင်းပျင်း နဲ့ ဖေဖေ့ ကို ဝက်ခြေထောက် ဟင်းကို နံမည် တမျိုးပြောင်းကျွေးမယ် ဆိုပြီး စဉ်းစား လိုက်တော့ ဝက်နံတုံ ကိုသွားသတိရတယ်..၊ ဝက်နံတုံ ဆိုတာ သိပ်အေးတဲ့ နေရာတွေမှာ ဝက်ခြေထောက် ကို မနွှေးဘဲ ထားပြီး အအေးခံထားရင် နံတုံ ဖြစ်တာဘဲဟဲ့...ဆိုပြီး.. နောက်နေ့မနက်ကြ ဖေဖေ့ ကို ဝက်ခြေထောက်ဟင်း တွေ မနွေးဘဲ တုံတုံ ဖြစ်နေတာကို... ဖေဖေ အဲဒါ နန်တုံ ဟင်း ဆိုပြီးကျွေးတယ်...၊ 
ဖေဖေ ကလည်းစားတယ်.. ဒါပေမဲ့ ကျနော် ကတော့ အရေးဟဲ့ အကြောင်းဟဲ့ ဆိုရင် ပြေးပေါက်ရအောင် တံခါးပေါက်လေး ကွယ်ပြီး အသာစောင့်ကြည့် နေတယ်...၊ ဒါပေမဲ့ သနားရှာပါတယ်..ဘာမှ မပြောဘဲ စားသွားတဲ့ အပြင်.. ရွှေစင်ဦး တဲ့ နင် ပျင်းနေမှာ ဆိုးလို့ ဓါတ်ပုံ ရိုက်ပြီး ဟိုဒီလျှောက်လည် ရအောင် ငါ့တပည့် ဓါတ်ပုံဆရာလေး ခေါ်ထားတယ်တဲ့.. မနက်ဖြန် ကြ လျှောက်လည် ပြီး ဓါတ်ပုံရိုက်ချီတဲ့....။

ကျနော်လည်း ဖေဖေကအဲဒီလိုပြောတော့ သနားသွားတယ်.. သူခမျာ ငါ့ မဟုတ်သမျှ လုပ်ကျွေး ခံရှာသား ဘဲ.. ဒါပေမဲ့ သူစားနိုင်ပေမဲ့ ငါ မစားနိုင်ဘူး ဆိုပြီး.. ဖေဖေ ရေ ဒီနေ့ မြစ်ကြီးနား ဈေးကြီးဘက်သွားပြီး ဈေးဝယ်မလို့ ဖေဖေ ဘာစားမှာလည်း ဆိုတော့ မှ နင့်ရဲ့ တုံံတုံဟင်း တို့ စတူးဟင်း တို့ မဟုတ်ရင် ပြီးတာဘဲ.. ကြိုက်တာသာချက်..ကြိုက်တာသာချက် ဆိုပြီး ခံစားချက်လေး ပွင့်ထွက်လာပါတယ်..။

အဲဒါနဲ့ ကျနော်လည်း မာဖလာလေး နားရွက်ပါတ်..ဦးထုပ်လေး ဆောင်းပြီး.. စက်ဘီးလေး တစီး နဲ့ မြစ်ကြီးနား ဈေးကို ထွက်လာတယ်ဗျ..၊ စက်ဘီးစီးရတာလည်း မြို့ထဲထိဆိုတော့ နင်းလိုက် ရတာဗျာ.. အဝေးကြီးဘဲ.. ဒါပေမဲ့ လမ်းမှာ ကျနော့် ရဲ့ ဟိုငေး ဒီငေးနဲ့ မြစ်ကြီးနား ရဲ့ အလှ အပတွေကို ခံစားတာတွေ လည်းပါတာေပေါ့..၊ ပျားအုံကြီးတအုံတအုံ ဆန်ကော ဝိုင်းလောက်ကြီး တွေရှိတယ်.. အပင်ကြီးတွေကလည်း အကြီးကြီးတွေ.. အဲဒီအပင်တွေမှာ ပျားအုံ ဆိုက်စုံ ဗျာ.. အများကြီး..၊ နောက်ပြီး လမ်းတွေကလည်း ကတ္တရာလမ်းတွေ.. ဖုံတွေဘာတွေလည်း မရှိဘူး.. သာယာလိုက် တဲ့.... လှလိုက်တဲ့ ကချင်ပြည်နယ် မြို့တော်ပါလားလို့...။

အပိုင်း (၄) ဆက်ရန်
စာရေးသူ-ရွှေစင်ဦး
.

5 comments:

မေဓာဝီ said...

ဟီး မရွှေစင်ဦး အဖေ သနားပါတယ်နော်။
တုံတုံနဲ့ စတူး အမုန်းစားလိုက်ရပုံပဲ။
အိမ်မှာလဲ အမေက အဲလိုပဲ။ မနက်ဟင်း ညနေ မစားချင်ကြရင် ရုပ်ဖျက်ပြီး ကျွေးတာ။ အဲလိုကျတော့ စားကြတယ်လေ။
အခုတော့ အမေနဲ့ဝေးရာရောက်နေတာမို့ ဟင်းတမျိုးထဲချက်ပြီး တယောက်ထဲ မကုန်မချင်း စားရတာပဲ။ ရုပ်တွေဘာတွေလဲ ဖျက်မနေနိုင်တော့ဘူး။ ပျင်းတာလေ။ :D

မြစ်ကျိုးအင်း said...

ဒီတခါလည်း မမူးသေးပြန်ဘူး

ရွှေရတုမှတ်တမ်း said...

စီတာပူနဲ့ဖြင့်ဝေးလဲမဝေးပဲနဲ့..မန္တလေးသူက ဘိန်းစီးရတာကြောက်နေသေး

အင်ကြင်းသန့် said...

မမရွှေစင်...
အပေါ်ပိုစ့်ကို အရင်ဖတ်ပြီး မြစ်ကြီးနားကို လွမ်းသွားတာ အခုပိုဆိုးသွားပြီ...ညီမလေးတို့က အဲဒီ ဇကောလောက်ရှိတဲ့ ပျားအုံကြီးတွေစွဲနေတဲ့ ရေစင်ကြီးနားမှာနေခဲ့တာလေ...အင်း...ပြောရင်း မျက်စိထဲမှာ ပြန်မြင်ယောင်လာမိတယ်...တို့ညီအစ်မတွေ အခွင့်သာရင် တစ်ခေါက်လောက်ပြန်သွားရအောင်လေ...ဘယ်လိုလဲ :)))

ချစ်ညီမလေး

Cameron said...

မမရွှေစင်ဦးဆီကို အမချစ်ကြည်အေးကဆင့် လာလည်တာပါ....မမနံတုံဟင်းကို ဖတ်ရတော့မှ အဲဒီဝက်သားနံတုံဟင်းမစားရတာ နှစ်ပေါင်းဆယ်နဲချီပြီပေါ့..ညီမလေးက ရှမ်းပြည်မှာမွေးတော့ အဲဟင်းလေးကြိုက်တယ်...။
မမကိုလင့်ထားမယ်နော်...။

ခင်မင်စွာဖြင့်
မိုးငွေ့