မန္တလေး သင်္ကြန် အကြောင်း ဆက် မပြောခင် အပိုင်း (၁) ထဲမှာ ကျနော် ရေးထားတဲ့ ဈေးရောင်းတဲ့ အဒေါ်ကြီး အကြောင်းကို နဲနဲလောက်ပြောပြချင်ပါတယ်..ကျနော်တို့ က အမေမြိုင်လို့ ခေါ်တယ်..ကျနော့် ငယ်သူငယ်ချင်း တယောက်ရဲ့ မွေးစားအမေပါ..(သူက သားသမီး အရင်းမရှိပါဘူး)၊ ကျနော် ကသာ အဒေါ်ကြီး လို့ သုံးထားပေမဲ့ အဲ့ဒီအချိန်တုံးက ၃၀ ကျော် လောက်ရှိမှာပါ..၊ သူ့ အကြောင်းကို မင်းသိင်္ခ ဝတ္ထုတွေ ဖတ်လို့ ဝက်သား ဟင်းအချက် ကောင်းတဲ့ မိန်းမ အပျိုကြီး တွေအကြောင်းပါရင် အမြဲ သတိရတယ်..။
အဲဒီ အမေမြိုင်က ဝက်သားဟင်း လည်း အချက်ကောင်း တယ်..ယောက်ကျားလည်း များတယ်..၊ ကျနော် တို့ ရှေ့တင် ၂ ယောက် လောက်ပြောင်း သွားတာ..၊ သူ့ရဲ့ ပထမ ယောက်ကျားကြီးက မိုးကုပ် ကဆိုတော့ သူတို့အိမ်မှာ မိုးကုပ် ဝက်သားဟင်း က ခဏ ခဏချက်တယ်..၊ သူ ဝက်သား ချက်မယ်ဆိုရင် ကြက်သွန် တွေ အများကြီး ပါးပါးလှီးရတာ မှတ်မိနေတယ်..၊ ပြီးတော့ အဲဒီ ကြက်သွန် တွေကို ကျွတ်နေအောင် ကြော်ပြီးမှ ဝက်သား အတုံးကြီးကြီး တွေထည့် ပြီး ချက်တာ..၊ ဝက်သား နှပ်က ချိုအိ ပြီး တော်တော် ကောင်းတယ်.. ကျနော်ကတော့ သူငယ်ချင်း နားကပ်ပြီးတော့ စားရတာပေါ့..ဒါက အမေမြိုင် နဲ့ ပတ်သက် လို့ အမှတ်ရ စရာတခု..။
နောက်တခုက မိုးရွာပြီဆိုရင် ကျနော်တို့ သူငယ်ချင်းတစု သူတို့ အိမ် တံစက်မြိတ်က ကျောက်နီလေး တွေကောက်တာဘဲ မိုးကုပ် ကျောက်အရိုင်းသေးသေးလေးတွေပါ..အများကြီးပါ..ကျနော်ငယ်ငယ်က ရဲတွတ် နေတဲ့ ကျောက်လေးတွေကို အရမ်းမက်မောတာ အဲဒါလေးတွေ ကို မိုးရွာပြီးပြီဆိုရင် မှတ်မှတ်ရရ သွားသွား ကောက်ပြီးပုလင်းသေးသေးလေး နဲ့ စုစုထားတာ..၊ နောက်ပြီး မေမေ ကိုတောင် အကြံကောင်း ပေးလိုက် သေးတယ်..မေမေရေ လို့ အမေမြိုင် တို့အိမ်ဝန်းထဲက ကျောက်ကလေး တွေရှိတယ်..ရွှေစင်ဦး တို့ အဲဒီအိမ်ကို ဝယ်ပြီးရင် ကျောက်တူးရအောင် အကြီးကြီးတွေ ရရင် သူဌေးဖြစ်ပြီလေ ဆိုပြီး.တော့.မေမေက ဒီကောင်မလေး ပေါက်ပေါက်ရှာရှာ အဲဒါ အိမ်ဆောက်တုန်းက..နဲ့..အိမ်တက် မင်္ဂလာလုပ်တုန်းက ကြဲထားတဲ့ ကျောက်တွေ....ဆိုပြီး ဆူသေးတယ်..(အဲဒီလို စီးပွားရေး မျက်စိက ငယ်ငယ်လေး ကထဲက ရှိတာပါ)..။
နောက်တခုက ကျနော့် ဘဝမှာ မင်္ဂလာ နဲ့ အမင်္ဂလာ ကို အနီးစပ်ဆုံး တွေ့ဘူးတာ အမေမြိုင်တို့ အိမ်မှာ ဖြစ်လို့ပါဘဲ..၊ အခုလို အချိန် သင်္ကြန် နားနီးထင်ပါတယ်..အားလုံး တက်တက်ကြွကြွ လုပ်နေကြပေမဲ့ အမေမြိုင်ဆိုင်မှာ ဖရဲသီး တွေ မချသေးတော့ ကျနော် ကစပ်စုတယ်..၊ အမေမြိုင် အက တွေတောင် တိုက်တော့မှာ ဖရဲသီး တွေ မချသေးဘူးလားဆိုတော့...အမေမြိုင်က ညီးတို့ ဦးလေး မင်္ဂလာ ဆောင်ရှိ လို့ပါအေ..မင်္ဂလာဆောင်နဲ့ ဆိုတော့ ရှုတ်နေမှာ စိုးလို့ ပြီးတော့မှဘဲ ချတော့မယ်လို့ပြောပါတယ်..၊ သူ့မောင် အငယ်ရဲ့ မင်္ဂလာဆောင်ပါ..၊ အဲဒီအချိန်ပိုင်း တုံးက မန္တလေး မှာ အခုလို ခန်းမ တွေ အများကြီး မရှိသေးတော့ မင်္ဂလာ ဆောင်မယ် ဆိုရင် သိပ်အချမ်းသာကြီး မဟုတ်ရင် အိမ်ရှေ့မှာ မဏ္ဍပ်ထိုးပြီး ဆောင်ကြ တာများပါတယ်..။
ပြောပြီးသိပ်မကြာပါဘူး..မဏ္ဍပ်ဆောက်ဘို့ ပစ္စည်းတွေ ရောက်လာပြီး မင်္ဂလာဆောင် အတွက် ပြင်ဆင် ကြတော့ တာပါဘဲ..၊ မိန်းမလေးက နယ်က ထင်တယ် မဆောင်ခင် ကထဲက အိမ်မှာ လှုတ်လှုတ်ရှားရှား နဲ့ ပျော်စရာကြီးပါ..၊ ထမင်း ဟင်းတွေ အများကြီးချက်ပြီး လူတွေ တရုန်းရုန်း နဲ့ ပေါ့..၊ စကြ နောက်ကြ နဲ့ ရီသံ မောသံ တွေဟာ ဆူညံနေတာပါဘဲ..၊ သတို့သမီး လေးကလည်း ကျနော် တို့ တွေ့ဘူးနေကြ ရပ်ကွက်သူ မဟုတ်တဲ့ အပြင် ငယ်ငယ် ချောချောလေးပါ..၊ ထူးခြားချက်ကတော့ ဆံပင်အရှည်ကြီးက နက်မှောင်ပြီး ဖားယား များချလိုက်ရင် ဒူးဆစ်ကျော်တယ် လို့ သူငယ်ချင်းကပြောပါတယ်..၊ ကျနော် တို့ ရှေ့မှာတော့ ဆံပင် ဖားယားချပြီး မနေဘူးပါဘူး..။
ဒီလိုနဲ့ မင်္ဂလာ ဆောင်ရောက်လာကြရော ဆိုပါတော့.. အမေမြိုင် က လူမချမ်းသာပေမဲ့ သဘောကောင်း အပြောအဆိုကောင်း တဲ့ အပြင် လူပျိုကြီး ကလည်း လူချစ်လူခင်များတော့ မင်္ဂလာဆောင်က တော်တော် စည်းကား ပါတယ်.. မိန်းခလေး ဘက်က လည်း နယ်ကဆိုတော့ အိမ်မှာ နေရာ မလောက်လို့ ရင်းနှီးတဲ့ အိမ်တွေမှာတောင် ဧည့်သည်တွေ အိပ်ခိုင်းရပါသေးတယ်..၊ မင်္ဂဆောင် ကြီးဟာ စည်ကားသိုက်မြိုက်စွာ နဲ့ ပြီးဆုံးသွားပါတယ်..။
မင်္ဂလာဆောင်ပြီး နောက်တနေ့ မနက် ၁၁ နာရီလောက်မှာဘဲ အမေမြိုင် ရဲ့ အော်ငိုသံ ဟာ မင်္ဂလာ ရှိတဲ့ အိမ် ကြီးကနေ မင်္ဂလာ မရှိစွာဘဲ ပေါ်ထွက်လာပါတယ်..၊ ဘာဖြစ်လို့လည်း လို့ တရပ်လုံး သွားကြည့်ကြ တော့မှ သတို့သမီး လေး သေသွားတာတဲ့..၊ မနေ့ က မင်္ဂလာ မဏ္ဍပ် ထဲမှာ မင်းသမီး လေးလို လှပြီး ရယ်မော ပျော်ရွှင် နေတဲ့ သတို့သမီးလေးဟာ ဒီနေ့တော့ အသုဘ မဏ္ဍပ် ထဲက ကုတင်ပေါ် မှာ တကိုယ်တည်း ဆန့်ဆန့်လေး လှဲ နေတာတွေ့တော့ အားလုံးဟာ မျက်ရည် မဆည်နိုင်အောင် ပါဘဲ..၊ တကယ် ကို ကြေကွဲ စရာကောင်းပါတယ်.. သတိုးသားကတော့ မျက်ရည် တွေတွေ ကျပြီး စကားတောင် မပြောနိုင် တော့ ပါဘူး..၊ မိန်းမတွေ ဓမ္မတာ လာတဲ့ အချိန်မှာ ခေါင်းလျှော်ပြီး အချဉ် စားလိုက်လို့ သေတယ်လို့ ပြောကြတာတော့ မှတ်မိနေတယ်..။
ကျနော်တို့ ကတော့ အဲဒီအချိန်တုံးက ကလေးတွေ ဆိုတော့ ဝမ်းနဲ ကြေကွဲ မှု့ကို ဒီလောက်နားမလည် ပါဘူး..၊ အသုဘ တခု နဲ့ ဒီလောက် နီးနီးကပ်ကပ် မတွေ့ဘူးတဲ့ အတွက် စိတ်ဝင်စားတာ အပြင် ကြောက်တဲ့ စိတ်က ပိုနေပါတယ်..၊ ညပိုင်း မှာ သတို့သမီးလေး ရဲ့ဆံပင်ရှည်ရှည်တွေဟာ ပန်ကာလေ ကြောင့် လွင့်နေလို့ သေချာပြန်သိမ်း ပေးနေကြတာ ကိုလည်း မှတ်မိနေတယ်..၊ နောက်ပြီး ကျနော် တို့ ဟာ ကြောက်ကြောက်နဲ့ ဘဲ အသုဘ ခုတင် ဘေးနားက ဖဲဝိုင်းတွေမှာ ကွာစေ့ဝါးရင်း ကြည့်တာကို မှတ်မိ နေပါတယ်..။
ကြုံလို့ ပြောလိုက်တာ တော်တော်ရှည်သွားတဲ့ အတွက် အပိုင်း (၃) ရောက်မှ မန္တလေး သင်္ကြန် အကြောင်း ဆက်လိုက် ကြရအောင်နော်..။
ကျေးဇူးတင်ပါ၏......
.
4 comments:
သတို့သားခမျာ..သနားစရာ။
ကြောက်ကြောက်နဲ့ ကွာစေ့သွားဝါးတာလဲ သနားစရာ။
သင်္ကြန် ရောက်ရင် မကတော့ဘူးတဲ့
သူ့ပို့စ်မှာ သံဝေဂ ရစရာအကြောင်းလေးပါနေတယ်
ကိုဘကျောက် မကြောက်ဘူးလား
သေခြင်းတရားသိပ်နီးလွန်းတယ်
ကျွန်တော်ထင်တယ် ဘွားရွှေစင်ကို ရိပ်သာသွားမယ်လို့
အမ..စိတ်မကောင်းစရာပဲနော်..
အမ ..အဲ့အမကြီးကတအားချောလားဟင်..အသားဖြူလားဟင်...
အဲဒါမှန်ရင်တော့..သေချာတယ်အမရေ... တိုက်ဆိုင်တာထက် ... ရုတ်တရက် ကြီးဆုံးသွားတယ်ဆိုရင်တော့ ဖြစ်နိုင်ဖို့က ...ဥစ္စာစောင့်များ ဖြစ်နေမလားပဲ. ဟိုဘ၀က လာပြန်ခေါ်သွားတာဖြစ်မယ်။ အဲဒါတွေက မယုံရအခက်ယုံရအခက်..။
ဘာပဲဖြစ်ဖြစ် အဲဒါမျိုးဆို သိုက်ကြိုးဖြတ်ပစ်တာ အကောင်းဆုံးပဲ။
မေမေလဲ ..အဲဒီကလို့ပြောကြတာပဲအမရေ..အဲဒါကြောင့်မေမေသေတာငယ်ငယ်လေး ..ပီးတော့လဲ ရုတ်တရက် ။ ဟုတ်မဟုတ်တော့ မသေချာပေမဲ့။ အတော်များများက မယုံလို့လဲမရ။
မမရေ...
ယူတတ်မယ်ဆိုရင် တရားရစရာနော်
ဘာမှ မမြဲတဲ့လောကကြီးမှာ သူ့ဥစ္စာက မြန်လွန်းအားကြီးတယ် :(
Post a Comment