Sunday, April 4, 2010

ဒဂုန်ခင်ခင်လေး နှစ်ပေါင်း (၆၀) အပိုင်း (၆၆)

ဘဏ်တိုက်အသီးသီးမှ ငွေများ ထုတ်ထားခြင်း

၁၉၆၀-နှစ်ပြည့် သြဂုတ်လ ၁၄-ရက်နေ့၌ အသိသက်သေ နိုင်ငံတော် ရှေ့နေချုပ်ကြီး ဦးရန်အောင်၊ ဗိုလ်ရန်နိုင် စသူတို့ရှေ့တွင် ကွာရှင်းစာချုပ်ပေါ်၌ လက်မှတ်ရေးထိုး၍ ကွာရှင်းကြပြီးနောက်၊ ထိုနေ့ ညနေ ၅-နာရီ အချိန်တွင် ပဲခူးသို့ ခေါ်သွားကြသဖြင့် တနင်းလာနေ့ ထိအောင် မနေရတော့ပါ။ အိမ်သစ် ကလေး မှာလည်း နေ၀က်တနေ့ မနက်က စပြီး ဧည့်တရုံးရုံးနှင့် အဆင်းအတက် လူဝင် လူထွက် မရှိတော့ဘဲ တံခါး ပိတ်၍ တိတ်ဆိတ် သွားပြီး လာနေကြသော ယောက်ျားစု များသည် ဘိလိယက်ခုံ အခန်းများ၌ စခန်းချ ကြသည်။

မိန်းမပိုင် ကလစ်အဖွဲ့ဝင် အသီးသီးတို့နှင့် နီးစပ်သူများဖြစ်သော အမျိုးသမီးတို့က ၄-၅ဦး စုမိလျှင် ပိုကာ ၀ိုင်းထိုင် ကြသည်။ အပြင်က ၀ိုင်းမည့် သူ မလာလျှင် စာအုပ်ရောင်း၊ အထွေထွေ စာရေးမနှင့် ကျမ ကားကို မောင်းသူ ဒရိုင်ဘာ အပါအ၀င် အိမ်သူ၊  အိမ်သား အချို့က ၅-ပြားဝိုင်း ဆိုပြီး ကစား တတ်ကြသည်။

အိမ်အောက်ထပ် မှာ ပိုကာ ၀ိုင်းက ပြတ်သည်ဟု မရှိပါ။ စားစရာရှိလျှင် ထစားကြ၊ လုပ်စရာရှိက ထလုပ်ကြ နှင့် အားလပ်ချိန် တွင် ကစား၍ တဟား ဟား ပျော်ရွှင် နေလေံ ရှိကြသည့် အတိုင်း နောက်တနေ့ မနက် ကျမ အိမ်အောက်ထပ် သို့ စဆင်းသောအခါ သူတို့တတွေ မူမပျက် ကစားနေကြသည်ကိုဘဲ တွေ့ရပါသည်။

ကျမကလဲ ဘာမှအကြောင်း ထွေထွေထူးထူး မပြော၊ အနေမပျက် အိမ်အပြင်ဘက် အမိုးအောက် တ၀ိုက်၌ စိုက်ပျိုး ပြုပြင် ဆွဲချိတ်ထားသော နိုင်ငံခြားမှ ၀ယ်လာသည့် သစ်ခွပန်းပင်များ ပွင့်နေကြ သည်ကို လှည့်ကြည့် ရင်း လမ်းလျှောက်နေရာ အိမ်အနီးရှိ ဘိလိယက်ခုံ အတွင်းတွင် ဗိုလ်မင်းခေါင်၊ ဗိုလ်ရန်နိုင် နှင့် တကွ အခြား လူများပါ ကစားနေကြသည်ကို မှန်တံခါးမှ အတိုင်းသား မြင်နေရပါသည်။ ယောက်ျားဝိုင်း၊ မိန်းမ၀ိုင်း နှင့် အိမ်သူ၊  အိမ်သား အလုပ်တိုက်သား များပါ အခြေ အနေက အတော်ကလေး ငြိမ်ဝပ် ပိပြား လျက် ရှိပါသည်။

မန်နေဂျာ လုပ်သူမှာ ကွာရှင်းစာချုပ်များ လက်မှတ်ရေးထိုးပြီးသည့် နောက်ပိုင်းတွင် ထင်ထင် ရှားရှား အလုပ်တိုက် သို့ ရောက်လာသည် ကို မတွေ့ရဘဲ၊ ဗမာ့ခေတ်တိုက်ဝင်း အပြင်ရှိ အနီးအပါး အိမ် တအိမ်မှာ စတည်း ချလျက် အချက်အခြာ စာအုပ်စာတမ်း စာရင်းအင်းများကို ကဲ့ထုတ်ယူထားပြီး၊ ထိုအိမ်များတွင် ခွဲဖြန့် အပ်နှံထားလိုက်သည် ဟု နောက်မှ သိရခြင်း ဖြစ်ပါသည်။

သတင်းစာ အလုပ်တိုက်မှ နေ့စဉ် ငွေဝင် ငွေထွက်စာရင်ျးားကို ကျမက စတင်လက်ခံကြည့်ရှု လေ့လာစ ပြုသည်။ သို့ရာတွင် အလုပ်တိုက်နှင့် ကင်းကွာ နေသည်မှာ နှစ်ကြာလှပြီ။ အလုပ်တာဝန် တွေ၊ ဋ္ဌာနတွေ၊ အစိတ် အပိုင်းတွေ အများအပြား ရှိနေသော အလုပ်တိုက်ကြီးတစ်တိုက်၏ ၄-၅-၆နှစ်စာ၊ စာရင်းအင်း များကို ရုတ်တရက် နားလည် သဘောပေါက် လာအောင် အတော် ကြည့်ရှု လေ့လာမှ ဖြစ်ပါမည်။

ဒါတွေကို (က) မှ စ၍ (အ) အထိ မကြည့်နိုင်သေးပါ။ ကြည့်သည်ဆိုရာမှာပင် နှစ်ချုပ်စာရင်း၊ လချုပ်စာရင်း လောက် အကြမ်းဖြင်း သိအောင်မျှ မကြည့်ရသေးသဖြင့် လောလော ဆယ် သြဂုတ်လ ၁၂-ရက်နေ့ လောက် က နေ့စဉ် ၀င်ငွေ၊ ထွက်ငွေ လောက်ဘဲ ကြည့်နိုင်သေး သည်။

ယမန်နေ့က ၀င်ငွေ၊ ထွက်ငွေ စာရင်းအချုပ်ကို နောက်တနေ့ နေ့လည်မှ ကျမထံ လာပြသည်။ လာပြသူမှာ ငွေထိန်းကက်ရှာ ဖြစ်၍ စာရင်းလုပ်ပေးလိုက်သူမှာ သခင် ဗအေးခေါ် ဦးဗအေး ဖြစ် သည်။ ငွေထိန်း မခင်ရီ မှာ ဗမာ့ခေတ်တွင် လုပ်သက် ၁၅-နှစ်ထဲနဲမည်မထင်၊ မူလ နဂါးနီစာအုပ် တိုက်က အိမ်တော်ပါ။ အန္တေ၀ါသိက တပည့်မဟောင်း ဖြစ်ပြီး သူတို့ ဆွေမျိုးနီးစပ် ယောကျာ်းနှင့် အိမ်ထောင်ကျသူဖြစ်၍ ဦးဗဘေး ကလည်း သူ၏ လူယုံတော် လက်ရုံးကြီးတဘက် ဖြစ်ပါသည်။

ကျမက အလုပ်တိုက်ကိစ္စတွေကို ဘာမှ နှိုက်နှိုက်ချွတ်ချွတ် စေ့စေ့ငုငု မသိရ၊ ဗြုံးကနဲ သိအောင် လုပ်ဘို့ ကလည်း ဤမျှ များပြားသော စာရင်းအင်းများကို လက်မှတ်ရ စာရင်းစစ်ကြီးများပင် သြချ ရ၊ ခေါင်းချာ လည် ရအောင် ရှုပ်ရှုပ်၊ ထွေးထွေး ဖြစ်နေသေးလျှင် ကျမကဲ့သို့ နဖူးတွေ့ ဒူးတွေ့ ဖြစ်နေသူ အစိမ်း သက်သက် က သာ၍ ခက်ခဲရှုပ်ထွေးလိမ့်ဦးမည်။ သို့ကြောင့် အထွေအထူး ကြည့် လိုက်ရုံ အပ်ငွေကို လက်မှတ် ရေးထိုး၍ ဘဏ်တိုက်သို့ ပို့တန်သည့် ချက်လက်မှတ်များကို ပို့စေရ သည်။ သတင်းစာ စောင်ရေ ကိုပင် ထိုအချိန်က ဘယ်လောက်ရှိသည်ဟြု သိအောင် မစစ်ဆေး မမေးမြန်းနိုင်သေးသော အခိုက်အတန့် ဖြစ်ပါ သည်။

အုပ်ချုပ်ရေး ဆိုင်ရာ မန်နေဂျာရုံးခန်းရှိ လူတခု၏ ပြုသမျှ နုနေရသေးသော အချိန်အခါလည်း ဖြစ်ပါ သည်။
အလုပ်တိုက် နှင့် ဆက်သွယ်ထားသော ဘဏ်တိုက်ကြီးများက ငွေစာရင်းနှင့် လက်ကျန်ငွေများကို လည်း မသိရ သေးပါ။ ပြောလည်း မပြောကြ၊ သြဂုတ်လ ၁၂-ရက်နေ့လောက်ကစပြီး ဘဏ်သွင်း ငွေများ၏ စာရင်း ကိုသာ သိရသည်။ သို့ရာတွင် ငွေထုတ်နိုင်ခွင့်ရှိသူ မှာ မန်နေဂျာ ဖြစ်သည်။

အထက် ဆရာကြီး အမိန့်အရ မနနေဂျာက ဘဏ်ငွေများကို အားလုံး ထုတ်ယူထားလိုက်ပြီး လက်ကျန် ငွေက ဘဏ်တိုက် တတိုက် လျှင် ငါးရာစ တထောင်စ လောက်ဘဲ စာရင်းမပြတ်ရုံ ချန်ထား ခဲ့သည်ဟု နောက်မှ သိရပါသည်။

အခွံချည်း ကျန်ရစ်ခဲ့သော ဗမာ့ခေတ်

လွန်ခဲ့သော ၇-နှစ်၊ ၈-နှစ် ခန့်ကစပြီး ကျမက အလုပ်တိုက်မှ ငွေကို မကိုင်တော့ပါ။ စာရင်းစစ်နှင့် ငွေထိန်းနှင့် ထားပြီး ဘဏ်တိုက်ကြီးများမှ ငွေထုတ် ငွေသွင်း အခွင့်အရေးများကိုပါ မန်နေဂျာအား အခွင့် အရေး (အသောရတီ) လွှဲပေးထားခဲ့ပါသည်။ ကျမလစဉ် အသေးအဖွဲ သုံးရန်၊ လှူရန်၊ နွမ်းပါးသူများ လစဉ် ထောက်ပံ့ရန် ငွေများကိုဘဲ သူတို့ထံမှ တဆင့် ယူသုံးနေသူ ဖြစ်ပါသည်။ ငွေမကိုင်လို၍ကို မကိုင်ဘဲ နေခဲ့သည်။

ယခုဘရုတ်သုတ်ခ အချိန်ရက်တိုင်း ကလေးအတွင်းမှာ တော့ အမိန့်အရ သဘောရှိ အကြွင်းမဲ့ ထုတ်ယူ ပစ်လိုက်ပြီး ဘဏ်များမှ ငွေတွေသာမက အလုပ် ရုံးခန်းအတွင်းရှိ မီးအာမခံ သေတ္တာများ အတွင်းမှ အရေး ပါသော ပစ္စည်း စာချုပ်စာတမ်း များလည်း မန်နေဂျာက သော့ကိုင်ဖြစ်ပြီး လက်ခုတ်ထည်းက ရေကဲ့သို့ ရှိလေသည်။ ငွေထိန်းလက်တွင် နေ့စဉ် ငွေထည့်ကိုင်ကာ ငွေသေတ္တာ မှ တရာတန်စက္ကူထုပ် တွေကိုလည်း ရုံးခန်းထည်း မှာ ထုတ်ယူ သွားကြသည်ကို သြဂုတ်လ ၁၀-ရက်နေ့လောက်က စောင်းပါး ရိပ်ခြေ မြင်လိုက် ရသော အလုပ် သမားအချို့ ရှိကြပါသည်။
အလုပ်တိုက် ထဲ မှာ အခွံချည်း ကျန်အောင် အပြုတ်နှံ အကြံပိုင်လိုက်သြည်။

သို့ရာတွင် ၀င်ငွေများ က ရေတံခွန် ရေသလျှောက်တို့မှ အမြဲကျနေသလို နေ့စဉ်စီးဝင် နေသောကြောင့် များပြား လှသော နေ့စဉ်ထွက်ငွေများ၊ အသုံးစရိတ်များအဘို့ သူ့ဝန်နှင့်သူ့အားက မျှတလျှက် ရှိနေပါသည်။ ထို့ပြင် ဤအချိန်မတိုင်မီက ပြုပြင် လျှို့ဝှက် ထားသော စာရင်းများရှိ၍ ၀င်သရွေ့ ငွေမှ အတိအကျ မဟုတ် ကြောင်း၊ သတင်းစာ ရောင်းရသော စောင်ရေနှင့် ၀င်ငွေမှန်၊ ကြော်ငြာဋ္ဌာနမှ ရရှိသော ၀င်ငွေအစစ် အမှန်များ မဟုတ်ပါ။

အချို့ကို လျှို့ဝှက်သောနည်းဖြင့် အကြွေးစာရင်းထဲမှာ ပြ၍ အချို့က လျော်ပစ် လိုက်ရသော အကြွေး အဖြစ် သို့ ရောက်ရှိနေကြပါသည်။
အလုပ်တိုက် မှ ၀င်ငွေအမျိုးမျိုးများကိုလည်း အခြားနည်း အမျိုးမျိုးနှင့် ငုတ်လျှိုး ဖုံးကွယ်ထားပါသေး သည်။ အများအပြား ရှိနေသော နည်းပေါင်းစုံတို့မှ တခုတလေ ဆွဲပြရမည်ဆိုလျှင် ရန်ကုန်မြို့ ပေါ်အတွက် နေ့စဉ် ဖြန့်ချီရသော သတင်းစာစောင်ရေများမှ အပိုရရှိသော ၀င်ငွေတမျိုးမှာ အလုပ် တိုက်ထဲမှ စောရ လေးဆယ် ပါတီ၏ ခေါင်းဆောင်ပုဂ္ဂိုလ်ပိုင်းက အံခွအောင်ဝေ စားနေကြရသော ငွေပဒေသာပင်ကြီး တခု ဖြစ်နေ ပါသည်။

ဖြစ်ပုံဖြစ်နည်းမှာ ဗမာ့ခေတ်နေ့စဉ် သတင်းစာကို ရန်ကုန်မြို့ပေါ်၌ ဖြန့်ချီသော ကိုယ်စားလှည်များ အား ကိုယ်စားလှည် နှုန်းထား အပြည့်နှင့် ပေးခဲ့သည်။ ထို ကိုယ်စားလည် ကြီးများက တဆင့် (ဟောကာ) ခေါ် လိုက်လံ ရောင်းသော သူငယ်များ အား ရောင်းချစေသည်။ သတင်းစာကိုယ်စား လည်နှင့် ရောင်းသူ ဟောကာ တို့မှာ ကိုယ်စီ အမြတ်ရကြသည်။ တိုက်ကတော့ ပင်ရင်းဈေးအတိုင်း ဘဲ ယူခဲ့သည်။

သို့သော် လွန်ခဲ့သော ၄-၅နှစ်ကစပြီး ကိုယ်စားလည်ကြီးများကို ဖြုတ်လိုက်ပြီး ရောင်းသူများအား တိုက်မှ တိုက်ရိုက် ဝေငှ ပေးစေသည်။ ကြီးကြပ်ဝေငှသူများကို တလလျှင် ၁၅၀ိမှ ၂၀၀ိအထိ လခပေးခိုင်းသည်။ သတင်းစာ တစောင်လျှင် ကိုယ်စားလည်ကြီး ဖြစ်သူကို စားစေသော အမြတ်၂-ပြားခွဲကို စောရလေးဆယ် ခေါင်းပိုင်း မှ ဆရာကြီးအတွက် တ၀က်ပေးပြီး သူတို့လည်း ကိုယ်စီကိုယ်ငှ အိတ်ထည်းသို့ ထည့်ကြသည်။

သတင်းစာ တစောင်ပေါ်တွင် ၂-ပြားခွဲမျှသော ၀င်ငွေသည် ရန်ကုန်မြို့ပေါ်၌ အနည်းဆုံး သတင်းစာ စောင်ရေ ၁၅၀၀၀ခန့်ရှိ၍ ၁၉၅၉-၆၀တို့မှာ စောင်ရေပေါင်း သုံးသောင်းမှ ၄သောင်းအထိ ရှီခဲ့သည်။ မြို့စောင်ရေတသောင်းပေါ်၌ ပိုက်ဆံပြား ပေါင်း ၂၅၀၀၀ရှိလျှင် ၀င်ငွေ ၂၅၀ိအနည်းဆုံး ရပါသည်။ သတင်း စာ စောင်ရေ တသောင်းမှ တနေ့ ၏ ၀င်ငွေ ၂၅၀ိဆိုပါ တနေ့ သုံးသောင်း လေးသောင်း အထိ တက်သွား သော အချိန်က ၀င်ငွေ တနေ့ တထောင်ကျော်ရမည်။ တလ၌ သုံးသောင်းကျော် ရှိသည်။

ဤငွေ သုံးသောင်းမှာ လစဉ် ၀င်ငွေဖြစ်ပြီး အလုပ်တိုက်၏ စာရင်းထည်းသို့လည်း သွင်းရသော ၀င်ငွေ မဟုတ်တော့ဘဲ တလွဲသို့ စောင်းချော်စီးဆင်းသွားသော ငွေစီးချောင်းကြီး တခု ဖြစ်နေပါ သည်။ သည် တနည်းထဲကပင် အင်မတန်မှ ခူးဆွတ်မကုန်နိုင်ကြသော ငွေပဒေသာပင် အကြီး အငယ် အစားစား များသည် စားမကုန် ဖြုန်းမကုန် လူ့ဘုံလောက၌ ကာမစည်းစိမ်ကို သဘောရှိ ခံစားနိုင်ရန် ဖန်တီး ပေးနေ လေသည်။

ကာမဂုဏ်ပွဲစား ကပ်ပါး ညာစားတို့ အဘို့လည်း နှိုက်တိုင်း ထွက်သည့် ရွှေဂျိုးဖြူမူလခဲသိုက် ငွေတွင်းကြီး တခုအဖြစ် ၀ိုင်းကာ အုံကာ ခုံမင်တွယ်တာလျက် ရှိ ကြရှာသည်။ နှုတ်ပိတ်ခတွေ သုံးစရာငွေလုံးနှင့် ဖိစရာ ကိစ္စ အဖြာဖြာတွေမှာလည်း စာရင်းထည်း မပါသည့် ဤငွေပဒေသာပင် အသီးသီးမှ ဆွတ်ခူး အသုံးချ နိုင်၍သာ လိုရာခရီးရောက်နေနိုင်ခြင်း ဖြစ်ပါသည်။

ငွေပဒေသာနှင့် မနီးစပ်သူ ရိုးရိုး အလုပ်သားများမှာတော့ ငတ်တလှည့် ပြတ်တလှည့်နှင့် အလုပ် လုပ်ရသော နှစ်ပရစ္ဆေဒပေါင်း မည်မျှကြာမြင့်လာပြီဖြစ်သော်လည်း၊ မျောက်လောင်း မျောက်လောင်းဘ၀၌ ရှိနေကြ ပါသည်။ သိုက်ဆရာကြီး၏ အသိုင်းအ၀ိုင်းတို့မှာသာ ကားဝယ်၊ စိန်ဝယ်၊ အိမ်ဝယ်၊ တချို့လည်း ရှေ့ဆောင် နွားလား သွားရာလမ်းသို့ ဖြောင့်ဖြောင့် တန်းတန်း လိုက်နာ အတုယူကာ သောက်သောက် စားစား လူမင်းသားဖြစ်နေကြရုံမက အငယ်အနှောင်း တကိုယ် နှစ်ယောက်စ၊ သုံးယောက်စ များ ထား၍ လောက စည်းစိမ်ခံစားကာ ပြည်တော်သာနေကြ ရသည်ဟု သိရပါသည်။

ယုတ်မာသော နည်းနဲ့ မတည့်တဲ့အစာကျွေးပုံ ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

ဒဂုန်ခင်ခင်လေး၏ မြေပဒေသာ အပိုင်း (၁၉)

အိုလင် အဘို့ကား ထိုအရေးမှာ ဘာလောက်မျှမဟုတ်ပေ၊ တောင်းမစားတတ် လျှင် ခိုးစားပေစေဟု လျစ်လျူရှု ထားလေ၏။ ၀မ်လန်းမှာ ထိုကိစ္စတွင် ဘာမှဝင်မပြောသော်လည်း၊ သားကလေးတွေ သူခိုး အလုပ် လုပ်နေသည်ကို တွေ့ရသောအခါ ရွံရှာစက်ဆုပ်ခြင်းဖြစ်မိလျက်၊ သူခိုးဘ၀တွင် အကြီး ခလေး မှာ လက်နှေး မကျွမ်းကျင်ခြင်းကို တွေ့ရသောအခါ မြည်တွံတောက်တီးခြင်း မပြုပေ၊ အုဋ္ဌ်တံ တိုင်းကြီး၏ ခြေရင်း တွင် နေရသော ဘ၀မျိုးမှာ ၀မ်လန်း နှစ်သက်သော ဘ၀မျိုးမဟုတ်၊ ၄င်း၏ စိတ် များမှာ သူ့လယ်များ ဆီသို့သာ ရောက်နေလေသတည်း။

တညသ၌ ၀မ်လန်းသည် ခါတိုင်းထက် နောက်ကျ၍ ပြန်ရောက်လာလေ၏။ တဲသို့ရောက်သော အခါ၊ ၀က်သားတုံး ကြီးတတုံး နှင့် ရောချက်ထားသော မုံလာဥဟင်း နှင့် တွေ့နေလေ၏။ အိမ်က နွားကို သတ်စား ခဲ့ရပြီး ကတည်းက ဤအကြိမ်မှာ ပဋ္ဌမဆုံး အကြိမ် အသားဟင်း ကို တွေ့ရခြင်းဖြစ်လေရာ၊ မျက်လုံးများ ပြူးကျယ် ၍ လာလေ၏။

''ဒီကနေ့ တော်တော် ငွေဝင်ကောင်းတယ်ထင်သဟေ့'' ဟု ပြောလိုက် သည်တွင် အိုလင်မှာ သူ့ဝါသနာ အတိုင်း ခပ်မဆိတ်ပင် နေသော်လည်း၊ သားအငယ် ကလေးက ၄င်း၏ အလုပ်ကို ဟုတ်လှပြီ အထင်ဖြင့်၊
''ဒါ ကျွန်တော် ယူလာတာဗျ..... ဒါ ကျွန်တော့်ဟာ ၀က်သားသည်ကြီးက အတုံးကြီးတတုံးကို လှီးချထားပီး ဟိုဘက် လှည့်နေတုန်း ကျွန်တော်က ဈေးဝယ်လာတဲ့ မိန်းမကြီးတယောက်ရဲ့ လက်မောင်းအောက်က လျှိုဝင်ပြီး၊ ဗျပ်-ဆို ဆွဲပြေး ခဲ့တာပေါ့၊ နောက်ပြီးတော့ လမ်းကြား တခုထဲက စဥ့်အိုးကြီး တလုံးထဲ ၀င်ပုန်း နေတာ၊ အစ်ကိုလဲ နောက်တော့ရောက်လာရော''ဟု အားရပါးရ ပြောပြလေ၏။

ထိုအခါ ၀မ်လန်းမှာ စိတ်ဆိုးလျက်။
''ဒါဖြင့် ငါမစားဘူး၊ ၀ယ်လို့ ရရင်ဖြစ်စေ၊ တောင်းလို့ ရရင်ဖြစ်စေ၊ ငါစားမယ် ခိုးလာတာတော့ ငါမစား ဘူး''ဟု ပြောကာ၊ ၀က်သားတုံးကို နှိုက်ယူပြီး မြေကြီးပေါ်သို့ လွှင့်ပစ်လိုက်ရာ ခလေး၏ ကဲကဲဆပ် ငိုသံဖြင့် ဆူညံ၍ သွားလေ၏။

ထိုအခါ အိုလင်သည် ထိုင်ရာမှထလာလျက်၊ မြေကြီးပေါ် မှ ၀က်သားတုံး ကို ကောက်ယူပြီး ရေအနည်း ငယ်ဖြင့် ဆေးကြောကာ ဆူပွက်နေသော ဟင်းအိုးထဲသို့ ပြန်ထည့် လိုက်လေ၏။ သို့ ထည့်ရင်းက ''အသားဟင်း ဟာ အသားဟင်းဘဲတော့'' ဟု ပြောလေ၏။

ဝမ်လန်းကား နောက်ထပ်ဘာမျှ ဆက်မပြောသော်လည်း စိတ်ဆိုးနေလျက်၊ သားကလေးတွေ သူခိုး သူဝှက် ဘ၀ နှင့်ပင် ကြီးလာကြမည့် အရေးကို တွေးတော စိုးရိမ်နေမိလေ၏။ ထမင်းစားကြသည့် အခါ အိုလင်က ဟင်းတုံး ကို အဘိုးကြီး နှင့် ခလေးများအား ဖဲ့ပေးလျက် သ္မီးထွေးကလေး ကိုပင် ယူ၍ ခွံ့နေသည်ကို မြင်ရသည့် အခါ၌လည်း၊ ဘာမျှမပြော ခတ်မဆိတ် ပင်နေလျက် သူကိုယ်တိုင် ကား မုံလာဥဘတ်နှင့်ပင် တင်းတိမ် ရောင်ရဲ လေ၏။

သို့သော် ထမင်းစားပြီးကြသည့် အခါ၌ကား၊ သားအငယ်ကို သူ့အမေ မကြားမမြင် နိုင်သည့် လမ်းထဲသို့ ဆွဲခေါ် သွားပြီးနောက်၊ အိမ်တအိမ်၏ နောက်ဘေးသို့ ရောက်သောအခါ၊ သားကလေး၏ ခေါင်းကို မလှုပ်အောင် ဂျိုင်းအောက်တွင် ညှပ်လျက်၊ ''ခိုးအုံးဟ ခိုးအုံးဟ'' ဟု နားသယ်နှစ်ဘက် ကို ဘယ်ပြန် ညာပြန် ရိုက်နှက်ပြီးနောက် တဲသို့ ပြန်လွှတ် လိုက်လေ၏။ ထိုနောက် တကိုယ်တည်း ''မဖြစ်ဘူး မဖြစ်ဘူး ရွာပြန်မှပဲ'' ဟု ညဉ်းလေ၏။

အခဏ်း ၁၃။

တတဲပေါ် တတဲ ထပ်လျက် နေရာလပ် မကျန်အောင် ကြက်တောင် စိုက်ထိုးထားသော တဲစုကလေးမှာ ရှည်လျားမြင့်မားသော အုဋ္ဌ်တံတိုင်းကြီး၏ခြေရင်းတွင် ရွာကလေးတရွာ ဖြစ်နေလေ၏။ ထိုရွာကလေးတွင် လူပေါင်းစုံ ရောယှက်၍ နေကြလေရာ၊ ၄င်းတို့၏ ဘ၀မှာ ''စားရပါလည်း တလုပ် တဆုပ် နေရပါလည်း ငုတ်တုတ်'' ဘ၀မျိုးဖြစ်လေ၏။

ထမင်းတလုပ် နပ်မှီအောင် စားနိုင်ရေးအတွက် အလုပ်အမျိုးမျိုးကိုထွက်၍ လုပ်ကြရသည်တွင် အချို့မှာ ပေါင်မုံ့ဖို များတွင် အခြေတည်မိလျက်၊ အချို့မှာ အထည်ရုံကြီးများတွင်၊ အလုပ်ရကြ၏။ ခလေးများမှာ ပေါင်မုံ့ဖို များတွင် နံနက်လင်းကတည်းကစ၍ ညသန်းခေါင်ကျော်တိုင် အလုပ်ဆင်းကြရကာ အလုပ်ချိန် ကုန်လျှင် ကုလားသေ ကုလားမောအိပ်ကြလျက် နောက်တနေ့ နံနက်မိုးမလင်းမီ အလုပ်ခွင်သို့ ယိုင်တိ ယိုင်တိုင် အိပ်မှုံစုံမွှား ဆင်းကြရပြန်၏။ ၄င်းတို့ရသော လုပ်ခကား ၄င်းတို့လုပ်ပေးနေသည့် ပေါင်မုံ့တလုံး ဘိုးပင် မရှိချေ။

အထည်တိုက်များတွင် လုပ်ကိုင် သူများမှာလည်း ကိုယ်မှမလုံ့တလုံ အပြဲအစုတ်ကို ချုပ်ဖာဝတ်ဆင်ကြရ၏။ အိုအို မင်းမင်း များမှာ လည်း အိုအိုမင်းမင်း ဖြစ်၍ အငြိမ်စားမနေနိုင်ကြ။  အချို့မှာ လက်တွန်းလှည်းနှင့် စီးပွားရှာ ကြရလေ သည်။ ၄င်းတို့၏ မျက်နှာများမှာ ဘယ်သောအခါမျှ ရွှင်ပျချမ်းမြေ့ပုံ မရ နွားလိုရုန်းကာ တကုန်းကုန်း ဆင်းရဲပင်ပန်းရသည့် ဘ၀မျိုးဖြစ်၍ အမြဲသဖြင့် ရင့်ရော် ထိုင်းမှိုင်း မျက်နှာရိုင်းကြီးများ ဖြစ်နေ လေ၏။

ရုတ်တရက် ကြည့်လိုက်လျှင် စိတ်ဆိုးဒေါသ ထွက်နေသည့် မျက်နှာများနှင့် တူလေ၏။ အမှန်ကား ဒေါသ ထွက်နေခြင်း အဟုတ်ပေ၊ နှစ်ရည်လများ ကူလီထမ်းပိုးရသော အလုပ်မှာ ဂုတ်သွေး ကို ဖောက်စားသလို အသားကို ခန်းခြောက် စေသဖြင့် မျက်နှာတွေ အိုစာရင့်ရော်နေခြင်းဖြစ်လေ၏။ အခါများစွာ မနိုင်သော ၀န်ထုပ် ၀န်ပိုးကြီးများကို ပခုန်းပေါ်အားခဲ၍ အမ သွားဖြဲ၍ ပြသကဲ့သို့ အံကြိတ်ရလေရာ အံကြိတ်ခြင်းမှာ အလိုလို နေရင်းလည်း အကျင့် ပါလျက်၊ မြင်မြင်ကရာ ကို သွားဖြဲ၍ ကြည့်သကဲ့သို့ ကြမ်းတမ်း ခက်ထရော် နေလေ၏။

၎င်းတို့အနက် အချို့မှာ ၀မ်လန်း နည်းတူပင် ယခုမှ မြို့ကြီးပြကြီးများသို့ ရောက်ဘူး သူများဖြစ်ရ ကား၊ မြို့ပါး မ၀တ၀ နှင့် ခတ်ရိုင်းရိုင်း ဖြစ်နေကြလေ၏။ လူတယောက်မှာ သူ့ရုပ်ကိုသူ လမ်းပေါ်တွင် တွန်းသွား သော အိမ်ထောင် ပရိဘောဂ လှည်းကြီးပေါ်မှ မှန်ထဲတွင် သွား၍မြင်သည့် အခါ၊ ''ကြည့်စမ်း၊ ဟေ့ လှည်းပေါ် က အကောင် နှယ် သောက်ကျိုးနှဲ အကျည်းတန် တဲ့ အကောင်'' ဟု အော်ပြောလေ၏။ ဘေးလူ များ က ၀ိုင်းရယ်သည့်အခါ သူ့ကို ၀ိုင်း၍ သရော်မှန်းမသိ၊ မိမိကပင် တယောက်ယောက် ကို ထိပါး ပြောဆို မိသကဲ့သို့၊ အားနာသည့် မျက်နှာထားဖြင့် ပတ်ဝန်းကျင်ကို ပြာပြာသလဲ လှည့်ကြည့်နေရှာ၏။
စားဘူးတောင်း ကလေးများ ပမာထိုးထားသော တဲစုကလေးကား……….။ ဒွန်းစဏ္ဍား ရွာကလေး နှင့် တူနေ လေ၏။

မိန်းမများမှာ သားကလေးတွေ- သ္မီးကလေးတွေ အတွက်၊ အ၀တ်စုတ်တကာ့ အ၀တ်စုတ် ကလေးများကို စုဆောင်း လျက်၊ တစနှင့်တစ အင်္ကျီကလေးများ ဖြစ်လာအောင် စပ်ချုပ်ပြန်လုပ်၍ ပေးကြလေ၏ ခလေး များကား-။ လမ်းတကာ့လမ်းတွင် ကလေက၀ လယ်ပတ် လမ်းလျှောက် နေကြပြီးလျှင်၊ လူလစ်လျှင်ခိုး- လူနိုးလျှင် လစ်လျှက်။ အပြစ်ကို မကြောက် အပေါက်ကောင်း ကိုသာ စောင့်လင့်ကာ လူတေ လူပေ ကလေးများ ဖြစ် နေကြလေ၏။

မိဘလုပ်သူ များမှာ လည်းသားသ္မီးတွေသူခိုး သူဝှက်ဖြစ်နေပြီ- ဟုဆုံးမပဲ့ပြင်ရိုက်နှိက် တားဆီးခြင်းမရှိ၊ ဆုံးမ ပဲ့ပြင်ရအောင် ကလည်း၊ မိမိတို့တွင် သားသ္မီး ဘယ်နှစ်ယောက် မွေးခဲ့၍၊ မည်မျှ ထွန်းကားနေ ပြီကိုပင် မမှတ်မိကြတော့……..၊ သေသူ က သေ၍ နောက်ထပ်မွေးလာသည့် ခလေးက နောက်ထပ် မွေးလာသည့် တိုင်…………. မှီခိုအားထားရာ ကင်းမဲ့သည့် အငတ်လောကကြီးတွင်။ ဖွားစာရင်းထက်၊ စားစာရင်း က အရေးကြီး နေလေသတည်း။

သို့ဖြင့် ဆောင်းဥတု ကုန်လှုလျက်၊ မိုဃ်းဘက်သို့ချဉ်းခဲ့လေ၏။ တဲကလေးများအနီး ပတ်ဝန်းကျင် တွင် နှင်းခဲတွေ အရေပျော်လျက်၊ ဘွက်ဖြစ်ကာ တဲထဲသို့ ချောင်းပေါက်၍ ၀င်သောကြောင့်၊ လူများမှာ ဒုက္ခ ကြီးစွာ ရောက်ကြပြီးလျှင် အုဋ္ဌ်ခဲတွေ ခင်းအိပ်ကြရလေ၏။

ထိုညဥ့်လေမှာ မိုဃ်းသယ် မိုဃ်းရိပ် ကလေးများကို ကျောပိုး လျက် ပြေးလာလေ၏ မိုဃ်းနံ့ကိုရ သော ၀မ်လန်း မှာ အိပ်မပျော်တော့ပဲ တဲထဲမှ ထွက်လာခဲ့ပြီး လမ်းဘေး၌ ထွက်၍ ရပ်နေမိလေ၏။ ထိုနေရာမှာ အဘိုးကြီး ထိုင်နေကျ နေရာဖြစ်လေ၏။ တဲထဲတွင် ခလေးတွေ ဆူလှသဖြင့်၊ အဘိုးကြီး မှာ ထိုနေရာသို့ ထွက်ပြီး မြေးအငယ်ဆုံးကလေးနှင့် ကစား၍နေတတ်လေ၏။ ခလေးမှာ မတ်တတ် ထစလူမှန်းသူမှန်း သိတတ်စ အရွယ် ဖြစ်ရကား၊ မိခင်၏ ရင်ခွင်ကို ငြီးငွေ့လျက်၊ လှုပ်ရှား ထကြွစ ပြုလာသည်တွင် အဘိုးကြီး သည် ခလေးကို ထိန်းရလေ၏။ ကြိုးစ တစကို ခလေး၏ ခါးတွင် ချည်လျက်၊ တစကိုထိန်းကိုင်၍ ထားသော အခါ၊ ခလေးသည်၊ ယိုင်တိယိုင်တိုင်နှင့် လျှောက်၍ နေလေ၏။

ထိုအချိန်တွင် အိုလင်မှာ ကိုယ်လေးလက်ဝန်နှင့် ဖြစ်နေပြန်ရာ၊ ခလေးကိုအမြဲချီပိုး၍ မထားနိုင်ရှာပေ။
ဝမ်လန်း မှာ မြေးအဘိုး နှစ်ယောက် ကစားနေသည်ကိုကြည့်ရင်း မိုဃ်းသက် ရောသော လေ၏ ဖြန်းပက် တိုးဝှေ့ခြင်း ကို ခံရသည်တွင်လယ်တွေကို ပြန်၍အောက်မေ့လာလေ၏။
"အဘရာ- ရွာမှာသာဆိုရင်လေ၊ ဒီအချိန်မျိုးဟာ ဂျုံစိုက်ဖို့လယ်စလုပ်တဲ့ အချိန်ပေါ့နော်"ဟု ပြောလိုက် လေ၏။

"အင်း……မင့်ရင်ထဲ ဘယ်လိုဖြစ်နေတယ်ဆိုတာ ငါသိသဟေ့၊ ငါတို့ခေတ်တုန်းကလဲ ဒီလိုပါပဲကွာ၊ အခုလို ငတ်မွတ် ခေါင်းပါးသို့ ငါလေးခါတောင် လယ်တွေကို ပစ်ထားခဲ့ပီး၊ ထွက်လာခဲ့ရဘူးသကွ၊"
"ဒါပေမဲ့ နောက်တော့- ရွာကိုပဲပြန်တာပဲ မဟုတ်လား-"
"လယ်က ရှိသေးတာကိုးကွ-"ဟု အဘိုးကြီးကပြန်၍ ဖြေလေ၏။

"ဒို့လဲ ဒီနှစ်မဟုတ်ရင် နောင်နှစ်တော့ပြန်မယ်"ဟု ၀မ်လန်းသည် တကိုယ်တည်း ကြုံးဝါးမိလေ၏။ သို့ကြုံးဝါး ရင်းပင် ပြန်ချင်စိတ်မှာ တဖွားဖွားထက်သန်၍ လာလေရာ၊ တဲထဲသို့ပြန်ဝင်ခဲ့ပြီး ဇနီးသယ် အား……………။
"တခုခု ရောင်းဖို့သာရှိရင်၊ ရောင်းပီး ရွာသာပြန်ချင်တာပဲကွယ်- အဘိုးကြီးသာ မပါရင်- ဒို့တတွေ ငတ်ငတ် ပြတ်ပြတ် ရွာကို ကုန်ကြောင်းလျှောက်ပါရဲ့….၊ အခုတော့ သူနဲ့ခလေးတွေဟာ ဒီမိုင်တရာကျော် ခရီးကြီး ကို ဘယ်လိုလျှောက်နိုင်ပါမလဲ……..မင်းကလဲ ကိုယ်ဝန်ကြီးနဲ့"
အိုလင်သည် ထမင်းပုံဂံများကို ဆေးကြောနေလျက် ဆေးပြီးသော ပုဂံများကို တဲထောင့်တထောင့် တွင်သွား၍ စုပုံထားလိုက်ရင်း။
"ကျုပ်တို့သ္မီးကလေးက လွဲလို့ ဘာမှ ရောင်းစရာမရှိဘူး….."ဟု ဖြေးလေးစွာ ပြောလေ၏။

"သားသ္မီးတော့ မရောင်းဘူးဟေ့"
"ကျုပ်တော့ အရောင်းခံခဲ့ရတယ်……..၊ ကျုပ်မိဘတွေဟာ သူတို့ ရပ်ဋ္ဌာန်ပြန်နိုင်အောင် ကျုပ်ကို သူဋ္ဌေး အိမ်မှာ ရောင်း ပစ်ခဲ့ကြတယ်။"
"ဒါကြောင့်- မင်းသ္မီးကလေး ကိုလဲ မင်းရောင်းခဲ့မယ် ဆိုပါတော့"
"ကျုပ်စိတ်နဲ့ကျုပ်သာဆိုရင်- ဒီကောင်မကလေး ရောင်းအစား မခံရင်ခင် ကတည်းက၊ သတ်အပစ်ခံ ရတာ ကြာပီ- သေသွားရင်လဲ ဘာမှ အကျိုးမရှိလို့သာ- အခုတော့ရွာကို ရှင်ပြန်နိုင်အောင် သူ့ကို ရောင်းပစ် ခဲ့မယ်-"

"ငါ့တာ့ဘယ်တော့မှ မရောင်းဘူဟေ့- ဒီအရပ်မှာပဲငါသေချင် သေပေစေတော့-"
ဤသို့ပင် ပြောလိုက်မိစေကာမူ၊ တဲထဲမှ ပြန်ထွက်လာမိသောအခါ ရပ်ဋ္ဌာန်ပြန်လိုသော စိတ်မှာတ ဖွားဖွား ပေါ်လာ ပြန်လေ၏။ အဘိုးအေနားတွင် လမ်းလျှောက် သင်နေသော သ္မီးကလေးကိုလှမ်း ကြည့်လိုက် လေ၏။ ခလေးမှာ စကားမပြောတတ်သေးပေ၊ နှုတ်ခမ်းကလေးများမှာ ရဲနေလျက်၊ သွားမပေါက် သေးသဖြင့်၊ ပါးစပ်မှာအမယ်ကြီးအို ပါးစပ်နှင့်တူပြီးလျှင်၊ ၀မ်လန်းကိုမြင်သောအခါ၊ ပြုံး၍မြူးနေသော၏။

"ငါသူ့ကို ဘယ်နှယ်လုပ်ရောင်းစားရက်ပါ့မလဲ"ဟု ရေရွတ်မိပြီး၊ လယ်ကို သတိရသောအခါ၊ "ငါ့လယ်တွေကို ငါပြန်မှ တွေ့ပါအုံးမလား- ငါကလံခြားဆွဲ၊ ငါ့မယားကထွက်တောင်တာတောင် ငါတို့မှာ ထမင်းတနပ် အနိုင်နိုင် စားနေရတာ- ဘယ်မှာရွာပြန်ဖို့ စရိတ်ရပါမလဲ……"ဟု ညည်းလိုက်မိသည်တွင် အသံထွက် သွားလေ၏။

ထိုအခါ မှောင်ထဲမှ" ခင်ဗျားတယောက်ထဲမှ မဟုတ်ပဲဗျာ၊ ခင်ဗျားလိုလူတွေ မြို့ပေါ်မှာ တပုံကြီး ရှိပါသေး တယ်…….." ဟု အသံကြီးတသံ ထွက်ပေါ်လာလေ၏။ ထိုအသံရှင်ကား- ၀မ်လန်းတဲနှင့် နှစ်တဲကျော်မှ လူတယောက်ဖြစ်၍၊ ဆေးတံတိုတချောင်းကိုခဲလျက်၊ မှောင်ထဲမှထွက်လာလေ၏။ ထိုသူမှာအသူ ရကယ် ဘုံသားလို၊ နေစံ၍- ညခံရသော အလုပ်ကြမ်းသမားတဦး ဖြစ်ပေ၏။ နေ့ဘက်တွင် ၎င်းအားမြင်ရခဲ့၏။

တနေ့လုံးတဲထဲတွင် အိပ်လျက်၊ နေ့အခါ လူသွားလူလာရှုပ်ထွေးလှ၍၊ လမ်းပေါ် တွင် မတိုးနိုင်သော ကုန်လှည်း ကြီး များကို ညဘက်ရောက်မှ လူရှင်းသဖြင့် ထွက်၍ဆွဲရ၏ နံနက်ဝေလီဝေလင်း လောက်တွင်မှ အလုပ်သိမ်း လျက် ပြန်ရလေရာ၊ သို့ပြန်လာသည့်အခါ ကြိတ်ဆုံတွင် ထည့် အထောင်းခံ ခဲ့ရသလို တကိုယ်လုံး ပြော့ခွေ၍ လာလေ၏။ ၀မ်လန်းသည် လံခြား ဆွဲရန် နံနက်အစောကြီး ထ၍သွားရစဉ် ထိုသူက အလုပ် သိမ်း၍ ပြန်လာသည် နှင့် မကြာခဏ ဆုံမိရာ မျက်မှန်း တမ်းမိနေလေ၏။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Saturday, April 3, 2010

ရွှေစင်ဦး ကြိုက်တဲ့ အညာစာဟင်းလေးများ (၃)

ဝမ်းတထွာ..တထွာ နဲ့ တထွာ မလို့သာ တော်တော့တယ်...၊ မလွယ်ပါလားနော်.... ၊ ချစ်ညီမ ရိပ်သာဝင် သွားတာ သုံးရက် ရှိပြီ.. ရွှေစင်ဦး လေး စားမကောင်း သောက်မကောင်း တာလည်း ၃ရက်ရှိပြီ..၊။

ချစ်ညီမ ရှိတုန်းကတော့ မနက် အစောဈေးသွား.. ကျနော် စားချင်တာ သင့်တော်တာ အစပ်အဟပ်တည့် အောင် စီမံပေး တော့ စားကောင်းတယ်...၊ အခုတော့ ချစ်သမီးများက မနက် ဈေးသွားရင် ဆရာမ ဘာစား မလဲတော့ မေးပါတယ်..၊ ချက်ချင်ရာ ချက်လို့ ပြောပေမဲ့ .. ကျနော် ဂျီးများ မှန်း သိတော့ ကျနော့် အတွက် သေချာတော့ လုပ်ပေးပါတယ်.. ဒါပေမဲ့ စားမကောင်းတာ ခက်တယ်..၊ အဲဒီတော့မှ ကျနော် လည်း အဝေးက ဘလော့ဂါ မောင်ငယ်.. ညီမငယ် များကို ကိုယ်ချင်းစာ သွားပါတယ်..။

မနက်က လည်း စားကောင်း အောင်လို့ ညီမလုလု ရဲ့ မေတ္တာရပ်ဝန်း မီးဖိုဆောင်လေး သွားပြီး သားရေ ကျပြီးပြီ.. အဲဒီကတဆင့် ရွက်ဝေ ရဲ့ ထမင်းဘူးလေး ကိုရောက်သွားသေးတယ်..၊ အမယ်လေး စားချင်စရာ လေးတွေ ကြီးပါလား...။

ကျနော်က ငယ်ငယ် ကတည်းက အစားအသောက် ဆိုရင် မေမေချက်တာ မှ ဒါမှမဟုတ် ကိုယ်တိုင် ချက်မှ စားကောင်းတယ် တခြားလူတွေချက်ရင် မကြိုက်ဘူး...၊ နောက်ပြီး တော်ရုံ ဆိုင်ထမင်း ဆိုင်ဟင်း လည်း မစားဘူး...၊ အခု မန္တလေး မှာ ရှမ်းထမင်းဆိုင် ပုံစား တွေ အများကြီးဘဲ ခေတ်စားနေတာ.. အသားဟင်း ၂ မျိုး နဲ့ အရံဟင်း ၂မျိုး ကြိုက်တာ စားလို့ ရတယ်.. ၊ ဟင်း အမျိုးပေါင်း ၅၀ လောက်ရှိတယ်..၊ ချက်တာ တွေလည်း တော်တော် ကောင်းပါတယ်..။

ဒါပေမဲ့ ရွှေစင်ဦး လေးကတော့ ၁ခါ ၂ခါ အပြင် စားမရပါဘူး...၊ မြန်မာ ထမင်းဟင်း ဆိုရင်လည်း အေးမေတ္တာ တို့ ယူနီဆန် တို့ ဒေါ်လေးမေ တို့ အများကြီးပါဘဲ နံမည်ကြီးဆိုင်တွေ.. တခါစားပြီးရင် တော်တော် နဲ့ စားမရတော့ဘူး... ဥရောပ အစားအစာ ရော ပိုတောင် မကြိုက်သေး..၊ စားခဲ့ မိရင်လည်း.. ဒီအညာသူမက အိမ်ရောက်မှ ငရုပ်သီးထောင်း နဲ့ ထမင်း နဲ့ နယ်စားလိုက်ရမှ ဗိုက်ဝ သွားပါတယ်....၊ ဒါ့ ကြောင့်လည်း အိမ်ထမင်း အိမ်ဟင်း ကို ပိုပြီး တန်ဘိုး ထားတတ် လာပါတယ်..။

ဟင်းချက်တာ ဒီ ကြက်သား ဒီ ဝက်သား ပေမဲ့ ချက်ပုံ ချက်နည်း နဲ့ အနံအရသာ မှာ ကွာကွာ သွားကြ တယ်..ထင်ပါတယ်..၊ စားရတဲ့ အခါမှာ မတူတော့ပါဘူး..၊ ကျနော့် မေမေ ဟင်းချက်ရင် ပေါက်ပေါက် ရှာရှာ တွေ ပိုချက်တတ်တော့ ကျနော် က ပိုကြိုက်တယ်..၊ အဲဒီလို အသား တွေ ကိုယ်တိုင်တော့ မချက်ရဲဘူး.. စားရင်တော့ ကြိုက်တယ်...။

မေမေ ချက်တဲ့ ဟင်းတွေထဲက ဝက်ဦးနှောက် နဲ့ ဘဲဥ နဲ့ ကြော်တို့ ဝက်ချင်း ချက်တို့ ဆိတ်ချင်း ချက်တို့ ဝက်လျှာ တို့ နို့အုံသား ချက်တို့ ဆိုရင် ကျနော် ငယ်ငယ်က အရမ်းကြိုက်တယ်.. အခု မစားရတာ တော့ တော်တော် ကြာသွားပြီ....။

ဟင်းတွေ အကြောင်းပြောနေတာ ဘာရယ် မဟုတ်ပါဘူးဗျာ.. ကျနော် လည်း ဗိုက်ဆာ လို့ ခင်ဗျားတို့ လည်း ဆာအောင်လို့...။

ဒီနေ့ လည်း ချစ်သမီးများက ဟင်းချက်ထားတယ်... ကျနော့် အတွက် ကြက်သားပြုတ်ကျော်တဲ့ သူတို့ အတွက် ဝက်သား နဲ့ ပဲသီး... ချဉ်ပေါင်ဟင်းရေ တဲ့ ငံပြာရည်ချက် တဲ့.... ၊ ကြားလိုက်ရင်တော့ စားချင်စရာ ဘဲ.. ကျနော် ကတော့ သူတို့ လက်ရာကြည့် ရုံနဲ့ မစားချင်တော့ဘူး...၊ ကျနော် ငံပြာရည်ချက်တယ် ဆိုရင် ဆီနဲနဲ နဲ့ ပုဇွန်ခြောက်များများ ကြက်သွန်နီ ကြက်သွန်ဖြူ ငရုပ်သီး များများ နဲ့ ပြစ်နှစ်နေအောင် ချက်တာ...။

အခုဟာက ငံပြာရည် ကြဲတောက်တောက် ဆီအများကြီး....ငရုပ်သီး ပေါလောနဲ့ မစားချင် တော့ဘူး..၊ နောက်ပြီး ချဉ်ပေါင်ဟင်း ချက်ရင်လည်း မေမေ ချက်ရင် ချဉ်ပေါင် အချဉ်နဲ့ အခါး ကို မျှ ဝယ်ပြီး သေချာ ပြစ်ပြစ်လေး ချက်တာ.. ရုံးပဒေသီး တို့ ခရမ်းသီးခြောက် တို့ ကိုလည်း ထည့် လိုက်သေးတယ်၊ မေမေ ချက်တဲ့ ချဉ်ပေါင်ဟင်း နဲ့ ငရုပ်သီးထောင်း ဆိုရင် အသားဟင်း တောင်မလိုဘူး...၊ အခုတော့ ချဉ်ပေါင်ဟင်း ကလည်း ရေကြဲကြဲ နဲ့ ထောင်ချဉ်ပေါင်ဟင်း လားမသိဘူး...၊ အင်း.. အခု ရေးတာတောင် လွန်လှပြီ နောက်နေ့ ချက်မကြွေးတော့ ရင် ဒုက္ခ တော်မှ.. တော်မှ..။

အဆုံးသတ်တော့.. ကျနော် ဟာ ထမင်းစားရမဲ့ အရေးကို မစားနိုင်ဘဲ.. အပေါ်က မြင်ရတဲ့ သရက်သီး လေး ကိုယ်တိုင် ထောင်း ပြီးမှ စားလို့ ဝင်သွားပါတယ်ခင်ဗျာ...။

သရက်သီးစိမ်း လေးတွေဟာ တို့ ရမဲ့ အရွယ်လွန်သွားပြီး.. နဲနဲ ချဉ်သွားပြီ ဖြစ်လို့  သရက်သီး စိမ်း ထောင်းစား ပါတယ်...၊ အခု မြင်ရတဲ့ သရက်သီး လေးတွေကို ပါးပါးလှီးပြီး ရေစစ်ထားပါတယ်..၊ ကြက်သွန်ဖြူ (မွှေးအောင်လို့ အသေးလေးတွေ သုံးပါတယ်) နဲနဲလောက် အခွံခွာထားပါတယ်...၊ ငရုပ်သီး စိမ်း နဲ့ ငရုပ်သီး ကြမ်း တို့ ကို အရင်ထောင်းပါတယ်.. ပြီးတော့ ပုဇွန်ခြောက် နဲနဲ ထောင်းပါတယ်.. မြေပဲဆန် လည်း နဲနဲ ထောင်းပါတယ်...၊ အားလုံးညက်အောင် ထောင်းပါတယ်.၊ ကြက်သွန်ဖြူ လေး တော့ မညက်တညက်လေး ထောင်းပါတယ်..။

ပြီးမှ သရက်သီး လေးတွေကို တတ်နိုင်သလောက် ညက်အောင်ထောင်းပါတယ်...၊ မရမ်းသီး လောက်တော့ ညက်မှာ မဟုတ်ပါဘူး.... ဒါပေမဲ့ ထောင်းနိုင်သလောက်ပေါ့ .... ချွေးမလောင်း ပြိုင်ပွဲဝင် နေတာ မဟုတ်တဲ့ အတွက် ရပါတယ်..၊ ပြီးရင် ငါးပိ (ငါးပိထောင်းဗူးထဲက ဘဲ ယူသုံးပါတယ်)၊ အချိုမှုံ၊ ဆား ရောထောင်း ပါတယ်...၊ ထောင်းပြီးသား အားလုံး ရောနယ်လိုက်ပါတယ်..၊ အပေါ်က ကြက်သွန်နီ ပါးပါး လှီး (အခုတော့သိပ်မပါးပါ) အုပ်ပြီး... ဆီ စိမ်း လောင်းထဲ့လိုက်ပါတယ်...၊ စားလို့ ရပါပြီ ခင်ဗျာ... ရွှေစင်ဦး လက်ရာ ရှယ်ပါ.. ဒီသရက်သီးထောင်း လေး နဲ့ ရေနွေးပူပူလေး နဲ့ မှ ထမင်း စားလို့ ဝင်ပါတော့တယ်...။

ကဲ..ပြီးသွားပြန်ပြီ..ထမင်း တနပ် တော့...၊ အားလုံး ဘဲ စားကောင်းနိုင်ကြပါစေ...။

လေးစားစွာဖြင့်
စာရေးသူ-ရွှေစင်ဦး
.
>>>ဆက်ဖတ်ရန်>>> >>

ဒဂုန်ခင်ခင်လေး နှစ်ပေါင်း (၆၀) အပိုင်း (၆၅)

လင်ခန်းမယားခန်းပြတ်စဲသည့် စာချုပ်

နောက်ဆက်လက်၍ သူတို့ကျမ,မသိအောင် ငွေတသိန်းမ,တည် ဖွဲ့ထားသော လီမိတက်မှ ရာထားသော အစုရှယ်ယာရှင်များ၏ အမည်စာရင်းကို ယူကြည့်လိုက်သောအခါ တကယ်တန်းငါး ထောင်တသောင်း ထည့်ဝင် နိုင်သူ သုံးလေးဦးကလွဲ၍ ကျန်အမည်များမှာ ငါးထောင် တသောင်း ထည့်နိုင်ရန် အခြေ အနေ မရှိသူ အင်အားမရှိသူတွေ၏ အမည်များဖြစ်နေသည်။ အစုကြီးရှင် မန်နေဂျင်းဒါရိုက်တာ လုပ်ထားသူ မှာလည်း ဤနည်းနှင်နှင်။

သည်တော့က တသိန်းကျော် ငွေတွေမှာ ဘယ်ကလာသည်ကို လယ်ပြင်မှာ ဆင်သွားသ လို ထင်ရှား လှပါသည်။ ဤမျှမကသေး လီမိတက်ကုမ္ပဏီမှာ အခန်းနှစ်ခု ယှဉ်ပြိုင်လျက် အခြားနာ မည်နှင့် မန္တလေး ပရိသတ် များက ဖွင့်ထားသေးသည်ဟု သိရသည်။ သည်ဘက်ခန်းက လူများရော ဟိုဘက်ခန်းက လူများ ရော၊ ယောယိရောရာ၊ ရှယ်ယာရှင်တွေချည်းသာ ဖြစ်ကြောင်းထပ်ပြီးသိရ ပြန်ပါသည်။ ပရိုက်ဘိတ် လီမိတက်နှစ်ခု၏ တန်ဘိုးမှာလည်း စည်းကမ်းအရ နှစ်သိန်းကျော်ရှိရမည် ဖြစ်ပါသည်။

သည်လို သိန်းနှင့်ချီ၍ လုပ်သော ကိစ္စမျိုးမှာ ကျမကို လူရာသွင်း၍ မတိုင်ပင် အသိမပေးဘဲ လျှို့ဝှက် ထားသည် မှာ မရိုးသားသော ကောက်ကျစ် စဉ်းလဲမှု တခုဖြစ်နေပါသည်။ သူ၏စာဆိုအတိုင်း အနှစ် ၂၀-အချိန် ကာလပတ်လုံး အတူရုံး၍ စီးပွားရေးလမ်းမှာ ကြိုးကြိုး ပမ်းပမ်း လျှောက်လာ ကြသူ ဘ၀တူ သမားချင်း အား ဘေးဖယ် ထုတ်ထားခြင်းဖြင့် တရားလွန် လျက်ရှိကြောင်း ထင် ရှားနေလေသည်။ ယင်းသို့ တရား ပျက်မှု၊ ဖောက်ပြားမှု၊ ကောက်ကျစ်မှုတွေထက် ပိုကဲသော အန္တ ရာယ်တွေပင် ရှိနေသေးသည်ကို ထိုစဉ် အချိန်က ကျမသည် လုံးဝ မရိပ်မိခဲ့သေးပါ။

၁၄-၈-၆၀ ခုနေ့ ၂-နာရီခန့် အချိန်လောက်မှာ မွန်စံလှိုင်ရှေ့နေ ရုံးခန်းမှ ကွာရှင်းစာချုပ်စာ တမ်းများ လက်နှိပ်စက် နှင့် ရိုက်နှိပ်ပြီးစီးလာသည်။ ကျမကို ဖတ်ပြသည်။ အသိသက်သေများ နှင့် လက်မှတ် ထိုးကြ ဘို့ဘဲ လိုတော့သည်။ ကွာရှင်းစာချုပ်သဘောမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

ရန်ကုန်မြို့ ဘောင်ဒရီလမ်း အမှတ် ၂၅၃-နေ ဗမာ့ခေတ် သတင်းစာတိုက် ပိုင်ရှင်များ ဖြစ် ကြသော ဦးအုန်းခင် နှင့် ဒေါ်ခင်ခင်လေး ဇနီးမောင်နှံ တို့က ဆက်လက်၍ အကြင်လင်မယား အဖြစ် ဖြင့် နေထိုင် ပေါင်းသင်း သွားရန် မလိုလားကြတော့ပါသဖြင့်-
၁။ (က) ဦးအုန်းခင်-ဒေါ်ခင်ခင်လေးတို့ နှစ်ဦးပိုင် ပြောင်းရွေ့နိုင်သော ပစ္စည်းများ (ပုံနှိပ် စက်များနှင့် သတင်းစာ လုပ်ငန်းတွင် အသုံးပြုနေသော အခြားစက်ကရိယာပစ္စည်း၊ 'ဗမာ့ခေတ်' အမည်၏ အကျိုး အာနိသင် အပါအ၀င်) အားလုံး။

(ခ) ဦးအုန်းခင်-ဒေါ်ခင်ခင်လေး နှစ်ဦးအမည်နှင့်ရှိသော မပြောင်းမရွေ့နိုင်သော အ ဆောက်အဦး အိမ်ယာမြေများနှင့် ဦးအုန်းခင် တဦးတည်းအမည်ဖြင့်၎င်း၊ ဒေါ်ခင်ခင်လေး တဦး တည်း အမည်ဖြင့်၎င်း၊ ရှိသော မပြောင်းမရွေ့နိုင်သော အဆောက်အဦး အိမ်ယာမြေအားလုံးတို့ကို
    ဦးအုန်းခင်က ဒေါ်ခင်ခင်လေးသို့ ၄င်းရထိုက်သော မယားအစုအဖြစ်ဖြင့် ခွဲဝေပေးရန် သဘောတူညီခဲ့သည့်အတိုင်း ဒေါ်ခင်ခင်လေးသို့ ဦးအုန်းခင်က လွှဲအပ်ပေးပါသဖြင့် ဒေါ်ခင်ခင်လေး ကလည်း လက်ခံရရှိပြီးဖြစ်ကြောင်းနှင့်

၂။ ဦးအုန်းခင်ကလည်း လင်ယောက်ျားအနေနှင့် ရထိုက်သော အစုအဖြစ်ဖြင့် ငွေ၁၀၀၀၀၀ိ ကျပ်တသိန်း တိတိကိုသာယူရန် သဘောတူခဲ့ပါသည်။ ထိုသို့သဘောတူခဲ့သည့်အတိုင်း ငွေ ၁၀၀၀၀၀ိ၊ ကျပ်တသိန်း တိတိကို ဦးအုန်းခင် လက်ခံရရှိပြီဖြစ်ကြောင်း တို့ကို ဦးအုန်းခင်နှင့် ဒေါ်ခင်ခင်လေးတို့ အသီးသီးက ၀န်ခံကြပါသည်။

ဦးအုန်းခင် ဒေါ်ခင်ခင်လေးတို့က ၄င်းတို့ လင်မယားပိုင်ပစ္စည်းများ (ပြောင်းရွေ့နိုင်သော ပစ္စည်း၊ မပြောင်း ရွေ့နိုင်သော ပစ္စည်း)များ အားလုံးတို့မှ အသီးသီး ရသင့်ရထိုက်သော အစုကို ခွဲဝေရရှိပြီး ဖြစ်ကြသည့် အတိုင်း ဤစာချုပ်ချုပ်ဆိုသည့်အချန်မှစ၍ လင်ခန်း-မယားခန်းကို ရပ်စဲရန် သဘောတူကြပါသည်။

ထိုကဲ့သို့ လင်ခန်း-မယားခန်း ပြတ်စဲသည့် ဤစာချုပ်ကို ရန်ကုန်မြို့၌ ၁၉၆၀-ပြည့်နှစ် သြဂုတ်လ ၁၄-ရက်နေ့တွင် အောက်ပါအသိသက်သေများအရှေ့၌ လက်မှတ်ရေးထိုး ချုပ်ဆိုကြပါ သည်။
(ပုံ) ခင်ခင်လေး။ (ပုံ) အုန်းခင်။

အသိသက်သေများ။
  ၁။ (ပုံ) မောင်ရန်အောင်။
လွှတ်တော်ရှေ့နေကြီး။
၂။ (ပုံ) ရန်နိုင်။
ဗိုလ်ရန်နိုင်။
စသည် စာချုပ်မိတ္တူအတိုင်းဖြစ်ပါသည်။

၁။ အမှတ် အသိသက်သေ ဦးရန်အောင်မှာ ထိုအချိန်တွင် နိုင်ငံတော်ရှေ့နေချုပ်ကြီး အဖြစ် ရောက်ရှိ နေသည်မှာ ဧပြီလမှစ၍ တွက်လျှင် ယခု သြဂုတ်လ၌ (၃)လကျော် (၄)လနီးပါးရှိ နေပြီဖြစ်ပါသည်။ နိုင်ငံတော် ရှေ့နေချုပ်ကြီး ဦးရန်အောင်သည် သည်စာချုပ်သဘောကို သေချာစွာ ဖတ်ရှုလေ့လာပြီးမှ အသိ သက်သေအဖြစ် လက်မှတ်ထိုးခြင်းဖြစ်ပါသည်။ အိမ်သို့နေ့စဉ် ရက်ခြား ဆိုသလို မနက်စောစောမှာ လာရောက်လည်ပတ်လေ့ရှိသူဖြစ်၍ ဤသို့ဖြစ်ပျက်ကြရသည်ကို ၀မ်း နည်းကြောင်းလည်း နိုင်ငံတော် ရှေ့နေချုပ်ကြီး ဦးရန်အောင်က ပြောပါသေးသည်။

ဂတိသာတည်ခဲ့လျှင်

ကျမကလည်း နိုင်ငံတော်ရှေ့နေချုပ်ကြီး ဦးရန်အောင်အား ကျမကမလွှဲမရှောင်နိုင်သော အခြေအနေအရ အသက်အရွယ်ကြီးမှ ဖြစ်လာရသည်။ လှုရေးတန်းရေးတို့ကြောင့် ဤသို့မပြုလျှင် မဖြစ်နိုင်တော့၍ ကိစ္စ ရှိသမျှ ရှင်းလင်းရခြင်းဖြစ်ကြောင်း ပြောရပါသည်။

နိုင်ငံတော်ရှေ့နေချုပ်ကြီး ဦးရန်အောင်အိမ်ပေါ်ထပ်မှ ပြန်ဆင်းသွားသောအခါ ဗိုလ်ရန်နိုင် က ကျန်နေရစ် ပါသေးသည်။ အမကြီး ဒီစာချုပ်ကို ကျွန်တော်သိမ်းထားပေးပါရစေဟု ပြောပါသည်။ ကျမက ဗိုလ်ရန်နိုင် သိမ်းစရာ မလိုပါ၊ အမကြီးဘဲ သိမ်းထားမည်ဆို၍ သူ့လက်မှစာချုပ်ကို ပြန်ဆွဲယူ ထားရပါသည်။ ဒါဖြင့် ဒီစာချုပ် နှင့် ကွာရှင်းတဲ့အကြောင်းတွေများ ရုတ်တရက်သတင်းစာထဲ သွား ထည့်မပစ်လိုက်ပါနှင့်ဦး။ ကျွန်တော် အထူးတောင်းပန်ပါတယ်။ ဒီလိုဂုဏ်သိက္ခာတွေ အသက်အ ရွယ်တွေနဲ့ တိုင်းပြည်ကလဲ အလှု ရေစက်ချပွဲ သတင်းဓါတ်ပုံတွေကိုသာ အမြဲတွေ့မြင်လာရပြီးမှ ဒီသတင်းဆိုးကြီးမျိုး ရုတ်တရက် တွေ့မြင် လိုက် ရလျှင် အင်မတန် အရုပ်ဆိုးပါလိမ့်မည်။

ဒါကြောင့် အမကြီးက စိတ်လိုက်မာန်ပါ သတင်းစာထဲ ထည့်မကြော်ငြာမိဘို့ တောင်းပန် ပါတယ် ဟု ဆိုပါ သည်။
ကျမက ငြိမ်ငြိမ်သက်သက် အေးအေးချမ်းချမ်းနှင့် ကိစ္စအားလုံးပြီးသွားလျှင် သူ၏၀န်ခံချက် ကတိပြုချက် စာအတိုင်း (စိတ်ရိုင်း စိတ်ယုတ်မာများကို အကြွင်းမဲ့သုတ်သင်ရှင်းလင်းရန် အကယ်၍ အကြွင်းမဲ့ သုတ်သင် ရှင်းလင်း ၍ မရခဲ့လျှင်လည်း တတ်နိုင်သမျှ ထိန်းသိမ်း နိုင်ရန် သင်္ကန်း ၀တ်နှင့် ၀ိပဿနာ တရား များကို မင်းကွန်း ဋ္ဌာန တခုခုသို့ သွားရောက်၍ အားထုတ်မည် ဟု စိတ်ပိုင်း ဖြတ်ထားပြီး ဖြစ်ပါသည်။ ကျွန်တော် လာမည့် တနင်္လာနေ့လောက်တွင် ဗမာ့ခေတ်တိုက်ဝင်း အတွင်းမှ ထွက်သွားပါမည်) ဆိုသည့်အတိုင်း တကယ် တရားရပြီး သင်္ကန်းဆီးနေသမျှ အချိန်ကာလပတ်လုံး သတင်းစာထဲ ပါလာရန် ပြဿနာ ပေါ်စရာမရှိပါ။ စာချုပ်အရ အမကြီးက သိုသိုသိပ်သိပ် နှင့် လှုဒါန်းရေး ကိစ္စတွေပြီးပြတ်အောင် ဆောင်ရွက် နေမည်သာ ဖြစ်သည်။

ဤသို့ သင်္ကန်းဝတ်နှင့် ခြောက်လမျိုး တနှစ်မျိုးသာ တရား ကျင့်သုံး နေအုံးမည် ဆိုလျှင် ကျောင်းငယ် တဆောင်ပင် ဆောက်၍ လှုဒါန်းပြီး ဆွမ်းကွမ်း စသော ပစ္စည်း ၄-ပါး ဒါယကာ ပြုနေအုံး မည်ပင် ဖြစ်ကြောင်း ပြောပြ လိုက်ပါသေးသည်။

ဒီတော့မှ ဗိုလ်ရန်နိုင်က စိတ်ချပြီး ပြန်ဆင်းသွားပါသည်။ သွားကာနီး၌ (အမကြီး ကျွန်တော် အရင် ပြောထားသလို ခါတိုင်းလိုဘဲအောက်ထပ်ဆင်းပြီး ဟန်မပျက် နေစေချင်ပါသည်)ဟု ထပ်ဆင့်မှာ သွားလိုက် ပါသေးသည်။

ထိုနေ့ ညနေပိုင်းမှာတော့ အယ်ဒီတာဦးသန်းညွှန့် (ယခုနိုင်ငံသစ်နှင့် ပဲခူးသတင်းစာ ကိုယ်စားလည် မောင်အေးကြည်၊ နောက်တယောက် (မမှတ်မိ) သုံးယောက် ကျမကိုလာတွေ့ရန် အခန်းထဲ ၀င်လာကြပါသည်။ သူတို့ပြောလိုသည်မှာ ပြေရာပြေကြောင်းစကားမျိုးဖြစ်သော်လည်း ကွာရှင်း စာချုပ် များပင် လက်မှတ်ထိုးပြီး နေကြပြီဖြစ်၍ အပိုလိုဘဲ ဖြစ်နေသောကြောင့် ၎င်းစကားကိုမူတည် ၍ မပြောကြတော့ဘဲ၊ ဦးပဉ္ဇင်းကလည်း ဒီမှာ ဧည့်သည်တွေလာတွန်း၍ တိတ်တဆိတ် ငြိမ်သက် ရာမှာ တရားအား ထုတ်နေလိုပါသည်။ ကျန်ရှိသော ကိစ္စများအတွက် လက်မှတ်ရေးထိုးခိုင်းနိုင်ပါ သည်ဆိုသော စေလွှတ် လက်မှတ်ရေးထိုးခိုင်းနိုင်ပါသည် ဆိုသောကြောင့် မမအား ကျေနပ်အောင် လာပြောပါသည်ဟု ပြောဆို ကြပါသည်။

ကျမက ကောင်းသော ကိစ္စဖြစ်၍ ဘာမှမကျေနပ်စရာမရှိ၊ အမှန်စင်စစ်လည်း ကွာရှင်းပြီးနောက်မှ တော့ ကျမက ဘာမှဝင်ရောက် စွက်ဘက်နေရန် မလိုတော့ကြောင်း ပြောလိုက်ရပါသည်။ အယ်ဒီတာ ဦးသန်းညွှန့် က ကျွန်တော်တို့လည်း ပဲခူးသို့ မကြာမကြာ သွားပြီး မပြီးပြတ်ကျန်ရှိသေး တဲ့ လွှဲပြောင်းမှု ကိစ္စရှိသမျှ ဆောင်ရွက် ပေးကြပါမည်။ ယခုမိုးမချုပ်မီ ပဲခူးကိုယ်စားလည် မောင်အေးကြည်တို့ အစီအစဉ်အတိုင်း ၎င်းတို့ ကားများနှင့် ပဲခူးသို့ ခေါ်ဆောင် သွားပါလိမ့်မည်ဟု ပြောပြီး ပြန်ဆင်း သွားကြပါသည်။

ခဏကြာသော အခါ အောက်ထပ်မှာ ဂျစ်ကားစက်နှိုးသံများနှင့် ထွက်ခွာသွားကြသော အသံများ ကြားလိုက် ရပါသည်။ အရွယ်ကြီးရင့် ဆံပင်ဖွေးဖွေးဖြူခါမှ အဖြစ်ဆိုးရလေသည်။ သင်္ကန်းဝတ်ကြီး နှင့်ကျမှ ယူကျုံးမရ  ကရုဏာဒေါသနှင့် သနားလိုက်ရသေးသည်။

ကျမမှာ သာ၍ နားလာသော ရွှေရှိလို့ တော်လာသော ရွှေမျိုး တစုမှ တပါးမွေးချင်းသားချင်း အရင်း အခြားမရှိ၊ သားသမီး သံယောဇဉ်လည်းမရှိ၊ သူနှင့်သာ အနှစ်၂၀-လုံး နေလာခဲ့သည်ဖြစ်ရာ အသက်ချင်း လည်း တနှစ် တည်းလိုလိုသာ ရှိသည်။ အရွယ်ကြီးရင့် လာသောအခါ သားချင်း အရင်းအခြာ ကဲ့သို့ သဘောထား လာခဲ့သောကြောင့်လည်း ၀မ်းနည်းမိသည်။ သို့သော်အဆိုးထဲမှ အကောင်းရဆိုသလို ဤဘ၀ ဤမျှ နှင့် တခါထည်း အကျွတ်တရား ရသွားပါစေ၊ မကောင်းသော ကာမဂုဏ်နွံအိုင် အတွင်းသို့ ပြန်လည် မသက်ဆင်း မိပါစေနှင့်တော့ဟု ဆုတောင်း လိုက်မိသေးသည်။

တဘ၀၌ အကုသိုလ်ဂြိုဟ်မွှေလာလျှင် အမြင်မှန်ကို မရဘဲ မကောင်းသည်ကို အကောင်း ထင်၍ သာယာ နစ်မြော ချင်သော ဇောစိတ်တွေသာ ၀င်လာတတ်သည်။ အရွယ်လွန်မှထပ်ခါ၊ ထပ်ခါ မှားမိ ရသော ကိစ္စ တွေကို နောင်တ တရားရရန် အမြင်မှန်ရရန် ကုသိုလ်ကံက ပြန်၍ ကယ်မှသာ ဘ၀မှန် ကို ပြန်၍ ရ ရပါ တော့မည်။

ဘဏ်တိုက်အသီးသီးမှ ငွေများ ထုတ်ထားခြင်း ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

ဒဂုန်ခင်ခင်လေး၏ မြေပဒေသာ အပိုင်း (၁၈)

သို့သော် ဆာလောင်နေသော လူထုကြီးအား ဘယ်လိုမှ တောင်းပန်တားမြစ်၍မရ လူများမှာ တိရစ္ဆာန် တွေကို သူ့ထက်ငှါတိုးဝှေ့၍ ခွက်ကိုထိုးပေးကြလေ၏၊ ၀မ်လန်းကား လူအုပ်ကြီး၏ကြားထဲတွင် ညပ်နေ လျက် အဘေအိုကြီးနှင့် ခလေးများအား လွင့်မသွားအောင် ဆွဲထားရင်း ဒယ်အိုးကြီးအနီးသို့ ရောက်သွား လေ၏၊ ၄င်းသည် ခွက်ကို ထိုးခံလျက် ဆံပြုတ်ရသော အခါ ပိုက်ဆံကိုပစ်ချပေးပြီး နေရာမှ လွင့်စင်၍ ထွက် မသွားအောင် တောင့်၍ ခံထားရလေ၏။

သို့ဖြင့် ခွက်ကိုယ်စီပြည့်သွားသောအခါ လမ်းမသို့ ပြန်ထွက်လာကြပြီး ရပ်၍စားကြ လေ၏၊ ၀မ်လန်းသည် ၀သွား သောအခါ ခွက်ထဲ၌ ဆံပြုတ်အနည်းငယ်ကျန်နေသဖြင့်၊
"ဒါကို ညနေကျ စားရအောင် အိမ်ယူသွားမှဘဲ"ဟု ပြောလိုက်ရာ မဏ္ဍာပ်စောင့်နှင့် တူသည့် အနီးတွင် ရပ်နေ သော အင်္ကျီ ဘောင်းဘီပြာနှင့်လူက၊
"မယူရဘူး စားရုံသာစား ဘာမှ အိမ်ပြန်ယူမသွားရဘူး" ဟု တားလေ၏။ 
 "ဘယ့်နှယ့်ဗျား-ကျုပ်ပိုက်ဆံပေးဝယ်တာဘဲ ပိုက်ထဲမှာထည့်ယူယူ-အပြင်ကခွက်နဲ့ဘဲ ထည့်ယူယူ- ဘာအရေးလဲ"ဟု ၀မ်လန်းကပြန်၍ပြောလိုက်ရာ၊ ထိုသူက၊
"ကျုပ်တို့ဒီဥပဒေလုပ်ထားရတယ်၊ ဘာပြုလို့လဲဆိုတော့၊ တချို့ကအင်မတန် လူပါးဝတယ်ဗျ။ ဆင်းရဲသား တွေ အတွက် သက်သက်ကျွေးနေတာ လာပီး ပိုက်ဆံတပဲ ပေးဝယ်ပီး အိမ်ယူသွား ၀က်ကျွေးပစ် တာပဲ-၊ အခု ကျွေးတာက လူတွေကို ကျွေးတာ-၀က်တွေ ကျွေးတာမဟုတ်ဘူး-ဟု ရှင်းလင်းပြောဆိုလေ၏"
ဝမ်လန်းမှာ အံ့သြသွားလျက်။
"သြော်-ဒီလို လူတွေလဲရှိသေးသကိုး၊ နို့ဘာပြုလို့အခုလို စတုဒီသာ လုပ်နေတာလဲဗျ၊ ဘယ်သူတွေက အလှူ လုပ်နေတာလဲ-ဟု ပြန်မေးလိုက်သည်တွင်"
"မြို့ပေါ်က ပိုက်ဆံရှိတဲ့ လူတွေ-လူကြီးသူကောင်းတွေက လုပ်ထားတာပေါ့၊ နောင်ဘ၀ကျ ကုသိုလ် အကျိုး ပေးကောင်း အောင်လို့ ဒီဘ၀က အလှူရေစက်လက်နဲ့မကွာ လုပ်တာပေါ့ဗျာ-တချို့ကလဲ လူချစ်လူခင်ပေါ အောင် နာမည်ကြီးအောင် လုပ်ကြတာပေါ့"

ဘာဘဲ ဖြစ်ဖြစ်လေ- တော်တော်တော့ မွန်မြတ်တဲ့အလုပ်ပဲ။ စိတ်ကောင်းနှလုံးကောင်းရှိလို့သာ လုပ်ကြ တာ ပေါ့ လေ။
အစောင့်က ဘာမျှပြန်ပြော သည်ကို မတွေ့ရသောအခါ၊ ၀မ်လန်းက၊
"ဒီလို လူမျိုးလဲ ရှားပါတယ်-"ဟု စကားကို အဆုံးသတ်လိုက်လေ၏။

သို့သော်မဏ္ဍပ်စောင့်ကား- စကားပြန်ပြော နေရသည်ကို ညီးငွေ့လာသကဲ့သို့ တဘက်သို့လှည့် သွားပြီး ပျင်းပျင်း ရိရိ လေချွန်၍နေလေ၏။ ထိုအခိုက် ခလေးများသည် ၀မ်လန်း၏ လက်ကို လာ၍ဆွဲကြ ရာ ၀မ်လန်း သည်၊ အားလုံးကို ခေါ်လျက် တဲသို့ပြန်ခဲ့ကြလေ၏။ တနွေလုံးတွင်၊ ယခုအကြိမ်မှာ ပဋ္ဌမဆုံး ၀၀လင်လင် စားသောက် ရခြင်း ဖြစ်ရကား၊ တဲသို့ပြန်ရောက်သော်၊ အတုံးအရုံး လှဲ၍ အိပ်ကြသည်မှာ၊ နောက်တနေ့ နံနက်အထိ ဖြစ်လေ၏။ အိပ်စက်ခြင်းဖြင့် လည်း အားပြည့်၍လာလေ၏။

နောက်တနေ့ မိုးလင်းသော အခါမနေ့က ပိုက်ဆံကုန်ခဲ့ပြီဖြစ်၍ ပိုက်ဆံ ရှာဖို့ ကိစ္စပေါ်လာလေ၏။ ၀မ်လန်း သည် ဘာလုပ်ရမည်မသိသကဲ့သို့ အိုလင်အား ကြည့်လေ၏။ သို့သော် ၎င်း၏ကြည့်ပုံမှာ မျှော်လင့်ချက် ကင်းသော ကြည့်ခြင်းမျိုး မဟုတ်- ပဒေသာပင် တွေ မြေမှပေါက်သလို- ပိုက်ဆံသာရှိလျင်၊ မြို့ပေါ်၌၊ ဘာမဆို လိုတာ ရနိုင်နေရကား၊ ငတ်ဘို့ကားမရှိပေ။

ဤသို့ ၀မ်လန်းက ကြည့်နေသော အခါ၊ အိုလင်မှာ ထိုဘ၀မျိုးတွင် လူးလာဆန်ခတ် အတွေ့အကြုံများ ခဲ့၍ ကျွမ်းကျင် နားလည်နေသူ တဦးကဲ့သို့-
"ကျုပ်ရယ်၊ ခလေးတွေရယ်- အဘိုးကြီးရယ်၊ ထွက်တောင်းမယ်- ကျုပ်ကို မသနားတဲ့လူတွေဟာ ခေါင်းဖြူ နေတဲ့ အဘိုးကြီးကိုမြင်ရင် သနားပေးကမ်းကြမှာပဲ ဟု ပြောလေ၏။ ထိုနောက် ခလေးငယ်များ ဖြစ်သည့် အားလျောစွာ အပူအပင် မသိ၊ လမ်းမထွက်၍ မမြင်ဘူးသော အရာများကို ငေးမောကြည့်ရှု နေကြသည့် သားကလေး နှစ်ယောက် ကို အော်ခေါ်၍။"
"ကဲ- မင်းတို့ က ဟောဒီ ခွက်တွေကိုင်- နောက်ပီးတော့"

အိုလင်သည် ၎င်း၏ခွက်ကလေးကိုကိုင်၍ မြှောက်လိုက်ပြီး သနားစဖွယ်အသံဖြင့်။
"အစ်ကိုကြီးတို့………….. အစ်မကြီးတို့ခင်ဗျာ၊ သနားသဖြင့် တပြားတချပ် ပေးကမ်း စွန့်ကြဲတော်မူ ကြပါ၊ အစ်ကိုကြီးတို့ အစ်မကြီးတို့ လွှင့်ပစ်တဲ့ကြေးပြားတပြားဟာ၊ မစားမသောက်ရတဲ့ ကျွန်တော်တို့ အဖို့ မတော့ ထမင်းဘိုးကလေးများ ရပါတယ်ခင်ဗျာလိုက ပြော-သိလား"ဟု ခလေးများအား တောင်းပုံ တောင်းနည်း ကို သင်ပြလေ၏။

ထိုအခါ ခလေးများသည် မိခင်ကို အထူးအဆန်းအဖွယ် စိုက်၍ကြည့်နေကြလေ၏။ ၀မ်လန်းမှာ ဇနီးသယ်ကို အံ့သြ စွာကြည့်ကာ "ဒင်း- ဒါတွေ ဘယ်ကတတ်လာတာပါလိမ့်၊ ဒင်းအကြောင်း ငါမသိသေးတာတွေ အများကြီး ရှိအုံးမှာပဲ'ဟု အံ့သြနေလေ၏။ အိုလင်က ထိုပြဿနာကို ဖြေရှင်းသော အားဖြင့်။
"ကျုပ်- ခလေးတုံးက ဒီလိုပဲ တောင်းစားခဲ့ရတယ်၊ အဲဒီနှစ်ပေါ့၊ ကျုပ်ကို ငွေဝယ် ကျွန်အဖြစ်နဲ့ ရောင်းစား လိုက်တာ-ဟု ပြောဆိုလေ၏။"

ထိုခဏ၌ အဘိုးကြီးသည်၊ အိပ်ရာမှနိုးလာလေရာ၊ ၎င်းအားလည်း ခွက်တခုပေးလျက် လေးယောက်သား လမ်းထဲသို့ တောင်းရန် ထွက်ခဲ့ကြလေ၏။ အိုလင်သည် မြင်မြင်သမျှအား- ခွက်ကလေးကို မြောက်လျက်၊ သနား စဖွယ် ဟစ်အော်တောင်းဆိုလေ၏။ ၎င်းမှာသမီးထွေးကို ရင်ခွင်ထဲတွင်ထွေးပိုက် ၍ထားလေရာ၊ ခလေးမှာ အိပ်ပျော်နေလျက်။ ခေါင်းကလေးမှာ အိုလင်လှုပ်ရှားတိုး ဘယ်ညာယိမ်း၍ လှုပ်ရှားရမ်းခါ နေလေ၏ အိုလင်က ရင်ခွင်ထဲမှ ခလေးကိုထိုးပြရင်း။

"အကိုကြီးတို့ အစ်မကြီးတို့မှ တပြားတချပ် မစွန့်ကြရင် ဒီခလေးသေရပါလိမ့်မယ်ရှင်- ငတ်သွန်းလို့ ပါ- ငတ်လွန်း လို့ပါ-"ဟု ပြောဆိုတောင်းရမ်းလေရာ၊ ခလေးမှာလည်းအကယ်ပြင် အသေကလေးလို ဖြစ်နေလျက်၊ ခေါင်းကလေးမှာ ဟိုရမ်း-ဒီရမ်း ရမ်းခါနေလေရကား- အချို့မှာ မပေးချင်ပေးချင်နှင့် တပြားတချပ် စွန့်ကြဲ၍သွားလေ၏။

ခလေးများကား လျှောက်တောင်း၍ အတန်ငယ်ကြာလာသောအခါ တောင်းရမ်းခြင်းကို ကစားစရာတခု သဖွယ် အောက်မေ့ လာလေလေ၏။ အကြီးခလေးမှာ မှု- တောင်းရသည့် အလုပ်ကိုရှက်လျက်၊ ခွက်ကလေး ကို ထိုးခံ၍ တောင်းတိုင်း မျက်နှာမထားတတ် ပဲ စပ်ဖြဲဖြဲဖြစ် နေလေ၏။ ဤအချင်းအရာကို မိခင်ဖြစ်သူ မြင်လျင်၊ ခလေးနှစ်ယောက် အား တဲထဲသို့ဆွဲခေါ်ခဲ့ပြီး ဒေါသထွက်ထွက် နှင့် ရိုက်နှက်ဆဲဆို ရင်း။

"ဟင်- ငတ်လို့ တောင်းရပါတယ် ပြောပြီးပါးစပ်ကတော့ စပ်ဖြဲဖြဲလုပ်နေရသလား မိုက်လုံးကြီးတဲ့ဟာ တွေ၊ ငတ်တာ ကောင်းတယ်"ဟု ဆိုပြီးရိုက်ပြန်လေ၏။ လက်များနာလာလျက်၊ ခလေးများမျက်ရည် ဆည် မရအောင် ဖြစ်ပြီး တရှိုက်ငယ်ငယ်ဖြစ်နေမှ၊

"ကဲ- ထွက်တောင်းကြ- နောက်တခါ ဒါမျိုးလုပ်ရင် ဒါထက်နာမယ်"ဟု ပြောကာလွှတ်လိုက်လေ၏။
ဝမ်လန်း ကား- လံခြားထောင်အိမ်ကို တမေးစမ်းစမ်းနှင့် လိုက်ရှာလျက်၊ တွေ့သောအခါ လံခြားတစီးကို တနေ့ ငါးမှုးနှင့် လံခြားအပ်ငွေ ခြေးငှါးပြီး ဆွဲထွက်လာခဲ့လေ၏။

သို့ဆွဲ၍ ထွက်လာခဲ့ရင်း ၄င်း၏စိတ်ထဲ၌ သူ့အား အရူးလို လူတိုင်းက ၀ိုင်းကြည့်နေသည် ဟု ထင်မိလေ၏၊ မကျင့် ရသေးသော နွားတကောင်ကို ထွန်တုံးတွင်တပ်ထားသလို လံခြားဆွဲတိုင်း ကြားထဲတွင် ဟန်မကျ ပန်မကျ နှင့် ဂွကျကျကြီးဖြစ်လျက် လမ်းလျှောက်၍ မရအောင်ရှိလေ၏၊

သို့သော် မိမိကဲ့သို့ ခရီးသယ်တင်ပြီး ဆွဲယူပြေးလွှားနေသော အခြား လံခြားသမား များကို မြင်ရသော အခါ ၀မ်းရေး အတွက် မဆွဲလျှင် မဖြစ်တော့ကြောင်း စဉ်းစားမိလေ၏၊ သို့ဖြစ်လေရာ ဈေးဆိုင်တွေမရှိသော လူနေ အိမ်သန့်သန့် များသာရှိသည့် လမ်းကျဉ်းကလေး တခုထဲသို့ ၀င်ခဲ့ လျက် အသားကျအောင် အစမ်း ဆွဲကျင့် နေပြီး စိတ်ပျက်ပျက်နှင့် "ဟယ်-တောင်းစားရတာ မှ ကောင်းသေး"ဟု ညည်းမိစဉ် အိမ်တအိမ်မှ တံခါး တချပ်ပွင့်လာပြီး၊ ကျောင်းဆရာတဦးဖြစ်ဟန် တူသည့် မျက်မှန်နှင့် အဘိုးကြီး တယောက် ထွက် လာကာ ၀မ်လန်းအား ခေါ်လေ၏။

ပဌမ၌ ၀မ်လန်းက မိမိမှာ ကောင်းစွာမဆွဲတတ်သေးကြောင်း ပြောသော်လည်း အဘိုးကြီး မှာ နားလေး နေသူ ဖြစ်ရကား ၀မ်လန်းပြောစကားကို ဘာမျှမကြားဘဲ လံခြားကို လက်ဟန်ဖြင့် ချခိုင်းပြီးနောက် တက်၍ ထိုင်တော့ရာ ၀မ်လန်းမှာ သပ်ယပ်ကောင်းမွန်စွာဝတ်ဆင်ထားသော ပညာတတ်ရုပ် လက္ခဏာနှင့် အဘိုးကြီး အားကြည့်ကာ ဘာမျှမလုပ်တတ်တော့ဘဲ ငိုင်၍နေ လေ၏၊ အဘိုးကြီးသည် လံခြားပေါ်၌ ထိုင်မိ သောအခါ။

"ငါ့ကို ကန်ဖြူရှပ် တန်ဆောင်းကိုပို့" ဟု ပြောပြီးဣနြေ္ဒကြီးစွာဖြင့် နောက်ထပ်စကား လက်မခံ လိုတော့ သကဲ့သို့ အေးဆေးထိုင်နေလေရာ ၀မ်လန်းမှာ ကန်ဖြူရှပ်တန်ဆောင်း မည်သည့်နေရာတွင် ရှိသည် ကိုမသိပဲ လံခြားကို ကောက်၍ ဆွဲခဲ့ရလေတော့၏။

လူသွား လူလာရထားလံခြား ရှုပ်ထွေးနေသော လမ်းကြီးပေါ်တွင် ၀မ်လန်းမှာ ဟိုလူမေး ဒီလူမေးနှင့် နောက်က ၀န်လေးကြီးက တလှုပ်လှုပ်နှင့် ခွပ်သွက်သွက်ကလေး ဆွဲခဲ့လေ၏၊ လယ်ထဲ၌ ကျောထမ်း ပုခုန်း အလုပ်ကို လုပ်နေကျ ၀မ်လန်းမှာ အလေးအပင်ကို လက်ဖြင့်တခါမျှ မဆွဲဘူးရကာ တန်ဆောင်း မရောက်မီ ဆုပ်ကိုင် ထားရသော လက်များမှာ ဖူးရောင်လာလျက် လက်မောင်းတွေ အောင့်လာလေ၏။

သို့ဖြင့် တန်ဆောင်းသို့ ရောက်သွားလေရာ၊ ၀မ်လန်းက လံခြားကို ချပေးသောအခါ အဘိုးကြီးသည် အိတ်ထဲ မှ ငွေစလေးတစကို နှိုက်ထုတ်လျက် ၀မ်လန်းကိုပေးပြီး။
"ငါ ဒါထက် ဘယ်တော့မှ ပိုမပေးဘူး ဒီတော့ထပ်တောင်းနေလို့လဲ အပိုဘဲ" ဟု ပြောပြော ဆိုဆို တန်ဆောင်း ထဲသို့ ၀င်သွားလေ၏။
ဝမ်လန်းမှာ ထိုငွေစကလေးကို တခါမျှ မမြင်ဖူးပေ အကြွေအမ်းလိုက်လျှင် မည်မျှရမည်ကို လည်း မသိ နားမလည် ရကား ငွေစကိုကိုင်၍ ကျန်ရစ်ခဲ့လေ၏၊ ၄င်းသည် အနီးရှိ ဆန်ဆိုင် သို့ လာခဲ့ ပြီးငွေစကို အမ်းရာ အကြွေနှစ်ဆယ့်ခြောက်ပဲနိပြန်၍ အမ်းသည်ကို တွေ့သော် အောက်အရပ်၌ လွယ်လွယ်နှင့် ငွေရှာ ၍ ရသည့်အဖြစ်ကို အံ့သြ၍ သွားလေ၏။

သို့သော် ထိုပိုက်ဆံအကြွေးများကို ရေတွက်၍ ကြည့်နေစဉ် အခြား လံခြားသမား တယောက်က အနား ကပ်လာလျက် ဘယ်လောက်ရသည်ကို ကြည့်ရင်း။
၂၆-ပဲနိ ဘဲလား ဒီခေါင်းဖြူကြီးကို ဘယ်နေရာက ဆွဲလာတာလဲဟု မေးလေ၏။ ၀မ်လန်းကပြောပြ လိုက်သော အခါ ထိုသူက။
"အင်မတန် လူပါးဝတဲ့ အကောင်ကြီးဘဲ ခင်ဗျားရသင့်တာထက် တ၀က်ဘဲ ရတာပါကလား သူ့မဆွဲ ခင် ခင်ဗျား က ဘယ်လောက်ပေးရမယ်လို့ တောင်းသလဲ။
"မတောင်းမိဘူး၊ သူကလာလို့ခေါ်တော့ ကျုပ်လဲ တင်ပြီးဆွဲခဲ့တာဘဲ"။

ထိုအခါ ၀မ်လန်းအား သနားသလို ကြည့်ပြီး ဘေးကလူများအား။
"ကျစ်ဆံမြီးနဲ့ ဂနိုင်တယောက်လာ တွေ့နေတာကိုး လူတယောက်က လာစမ်းဆိုတာနဲ့ သွားဆွဲ (ကျုပ်လိုက်မယ် ခင်ဗျား ဘယ်လောက်ပေးမလဲ) လို့တော့ ပြန်မမေး ဒီ လအ က၊ မွေးတဲ့ လနုံနှယ် ဒီမှာ ကြည့်ဗျ ကိုဘိုးအရဲ့ နိုင်ငံခြားသား မျက်နှာဖြူတွေ ကျရင်သာ ဈေးမဆစ်ဘဲ ဆွဲရတယ် ကိုယ့်လူ သူတို့ ကျရင် ဆွဲသာဆွဲ ဘာမှပြောမနေနဲ့ ဒီငနဲတွေဟာ အရူးတွေ လာဆိုရင် သွားဆွဲ ဘာဟာ ဘယ့်လောက် တန်တယ် ဆိုတာသိတဲ့ အကောင်မျိုး တွေ မဟုတ်ဘူး ပိုက်ဆံကို အိတ်ထဲ က ရေလို ထုတ်သုံးနေတာ" ဟု ပြောလေ ရာ ၀ိုင်း၍ ရယ်ကြလေ၏။

ဝမ်လန်းကား တိတ်ဆိတ်စွာ နေလေ၏။ မြို့သားတွေအလယ်တွင် လူနုံ၊ လူအ၊ လူကြောက် တယောက် အမှန် ဖြစ်နေရကာ ဘာစကားမျှ ပြန်မပြောဘဲ လံခြားကိုဆွဲ၍ ထွက်ခဲ့လေ၏။ သို့ထွက် ခဲ့ရင်း ဘာဘဲ ဖြစ်ဖြစ်လေ ငါ့သားသမီးတွေ နက်ဖြန်ကာ ကျွေးဘို့တော့ရတာဘဲဟု ပြောမိပြီးမှ လံခြားပြန်အပ်လျှင် ငှားခ ပေးရဦး မည်ဟု သတိရသွားကာ ရခဲ့သော ပိုက်ဆံမှာ လံခြားငှားခပင် မပြည့်သေးသည်ကို တွေ့ရလျက် စိတ်အိုက် သွားလေ၏။

ထိုနေ့ နံနက်ပိုင်းတွင် ခရီးသယ်တယောက် ထပ်ရလေ၏။ ထိုသူကိုမူ အဘိုးသားနား ပြောပြီးမှ ဈေးတည့်၍ ဆွဲလေ၏။ နေ့လယ်ဘက်တွင် နောက်ထပ် ၂-ယောက်ထပ်၍ ဆွဲရလေ၏။ ညဘက် ရောက်လာ၍ ရသမျှ ပိုက်ဆံ ကလေးများကို တွက်ကြည့်သောအခါ လံခြားငှါးခပေးပြီး မိမိအတွက် တပဲနိသာ ပိုလျှံတော့ သည်ကို တွေ့ရလေရာ စိတ်ထွက်လာလျက်၊ "အင်း …… လယ်ထဲမှာ တနေ့ လုံးလုပ်ရတာထက်လဲ ပင်ပန်း သေး ရတော့လဲ တပဲ" ဟု ပြောမိလေ၏။ ထိုအခိုက် လယ်ကိုပြန်၍ သတိရမိလေ၏။ မိမိပိုင်လယ်တွေ မိမိအား စောင့်မျှော်၍ ကျန်ရစ်သည်ကို တွေးမိသောအခါ စိတ်သက်သာရာ ရသွားလျက် တဲပြန်ခဲ့လေ၏။

တဲသို့ ရောက်သောအခါ ထိုနေ့အဘို့ အိုလင်တောင်းရသမျှသော ပိုက်ဆံ အကြွေ များမှာ အပြား လေးဆယ် ဖြစ်လျက် ၎င်းမှာ ၅-ပဲနိ မရှိတရှိ ဖြစ်၏။ သားအကြီးက ၁၀ပြား အငယ်က ဆယ်သုံးပြား ရပြန်ရာ အားလုံး စုပေါင်း လိုက်လျှင် နောက်တနေ့အတွက် စားဘို့ပြည့်စုံလေ၏။ သားငယ်ထံ မှ ၎င်း တောင်းရသော ပိုက်ဆံ ဆယ့်သုံးပြား ကို တောင်းယူသော အခါ ခလေးက မပေးဘဲ သူတောင်းရ သော ပိုက်ဆံကလေးများ ကို လက်ထဲ တွင် ချစ်မြတ်နိုးလှဟန်ဖြင့် တင်းကြပ်စွာ ဆုပ်လျက် အိပ်လေ၏။

နောက်တနေ့ နံနက် ဆန်ပြုတ်ဝယ် သွားတော့မှ သူ့ပိုက်ဆံကလေးများ ကို ထုတ်ပေးလိုက် ၏။
အဘိုးကြီး ကား တပြားတချပ်မျှ မရပေ။ တနေ့ပတ်လုံး သူ့အား ခိုင်းသည့် အတိုင်း လမ်းဘေးတွင် သွား၍ ထိုင်နေခဲ့၏။ သို့သော် တောင်းကား မတောင်းပေ။ ပျင်းပျင်း ရှိလျှင် အိပ်လိုက် နိုးလာလျှင် လူသွား လူလာ များကို ကြည့်နေလိုက် မျက်စိညောင်း လာလျှင် ပြန်အိပ်လိုက် နှင့် အချိန်သာ ကုန်ခဲ့ လေ၏။ အသက် ကြီးပြီ ဖြစ်သဖြင့် လည်း သူ့အား မတောင်းရ ကောင်းလားဟု တောက်တီးခြင်း မပြု ရက်ပေ။

အဘိုးကြီး ကား သူ့လက်ထဲတွင် တပြားတချပ်မှ မရသည်ကို တွေ့သည့်အခါ "ငါလယ်လဲထွန်ခဲ့ပြီ ပျိုးလဲ ရိတ်ခဲ့ပြီ ဒီအလုပ်နဲ့ ငါထမင်းစားခဲ့ပြီ အခု ငါ့မှာ သားလဲသားနဲ့ မြေးလဲ မြေးတွေနဲ့" ဟု ပြောကာ ခလေးငယ် များ အချိန် ကျလျှင် စားရမည်ကို တထစ်ချ သိနေသကဲ့သို့ သူလည်း သူ့သား နှင့် သူ့မြေး ကလေးများကို အားကိုး လျှက် အချိန်တန် ငါစားရမှာဘဲဟု ယုံကြည်၍ နေလေသတည်း။

ဆယ်နှစ်

မိမိက လံခြားဆွဲ အိုလင်က ထွက်၍တောင်းခြင်းဖြင့် မိမိလည်းဝ ခလေးများ နေ့စဉ် စားရသောက်ရ ဖြစ်လာ သောအခါ ၀မ်လန်းမှာ မိမိတို့ ခိုလှုံနေရသော မြို့၏အကြောင်းကို အနည်းငယ် ရိမ်မိ နားလည် လေ၏၊ နေ့စဉ် အမျှ မြို့ထဲထွက်၍ လံခြားဆွဲရင်း မြို့သဘောမြို့အကြောင်းနှင့် မြို့၏လျှို့ဝှက်သော ရပ်ကွက် ဒေသ များကို နှံ့စပ် ကျွမ်းကျင် လာလေ၏။
မနက်ဘက် တွင် မိမိလံခြား ဆွဲပို့ရသူများအနက် မိန်းမဖြစ်လျှင် ဈေးသို့ သွားတတ်ကြလျက် ယောကျာ်း ဖြစ်ခဲ့သော် စာသင်ကျောင်းများ အလုပ်တိုက်များသို့ သွားတတ်သည့်အကြောင်းကို နားလည်လာလေ၏၊

မည်သို့သော စာသင်ကျောင်းများ ဖြစ်သည်မူမသိရ အချို့မှာ အနောက်တိုင်း ပညာသင်ကျောင်းကြီးဟု ခေါ်လျက် အချို့မှာ တရုတ်နိုင်ငံစာသင်ကျောင်းကြီးဟု ခေါ်ဝေါ်ကြသည် လောက်သာမသိ၏၊ အလုပ် တိုက်များနှင့် စပ်လျဉ်း၍လည်း မည့်သည့်အလုပ်ကိုလုပ်သော အလုပ်တိုက်များဖြစ်ကြောင်းကို မစဉ်းစားမိ မိမိ လံခြား နှင့် ဆွဲပို့ရသူထံပိုက်ဆံရလျှင် လှည့်ပြန် ခဲ့ရုံလောက်သာ နားလည်လေ၏။

ညဘက် များတွင် လဘက်ရည်ဆိုင်ကြီးများ ပျော်ပွဲရွင်ပွဲရုံများကို လိုက်၍ပို့ရ၏ ထိုပျော်ပွဲရုံကြီး များမှာ တူရိယာသံတွေ တငြိမ့်ငြိမ့် တငြောင်းငြောင်းနှင့် ကစားဝိုင်းများ ဖွင့်ထားကာ အတွင်းဘက်တွင် လှမ်းမြင် ရသော သုခချမ်းသာ ပျော်မှု့ပါးမှု့ တွေ ရှိကြလေ၏၊ ၀မ်လန်းကား ၀င်ဝ အထိသာ လိုက်ပို့ ရသူ ဖြစ်လေရာ ဘာတွေ ပျော်၍ ဘယ်လိုမြူးနေကြခြင်းကိုမသိ ၄င်း၏ ဘ၀မှာ လူချမ်းသာ အိမ်တွင် စွန့်ပစ် သော ထမင်းလုံး ကလေး များကို ညဥ့်အခါ ခိုးကြောင် ခိုးဝှက်ထွက်စား၍ ပုန်းလျှိုကာ တကဲ့ စည်းစိမ် ကို မခံစား ရသည့် ကြွက်စုတ်လိုဖြစ်လေ၏။

၎င်းတို့ မိသားတစုမှာ ထိုနေရာထိုဒေသတွင် နိုင်ငံခြားသားများ ပမာ ဖြစ်နေလေ၏၊ တနိုင်ငံထဲတွင် နေထိုင် ကြလျက် တမျိုးသား ချင်းပင် မှန်စေကာမူ''အနွိုင်'' မြို့မှာ ကိအင်စုမြို့နှင့် တမျိုးစီခြားနား လေ၏၊ ၀မ်လန်း၏ ဖွားရာဇာတိ ဖြစ်သော အနွိုင်တွင် လူများစကား ပြောပုံဆိုပုံမှာ ခတ်လေးလေးနှင့် လည်ခြောင်း သံဖြင့် ပြောကြလေ၏၊

ယခု ၀မ်လန်း ရောက်ရှိနေသော ကိအင်စုမြို့ကြီး တွင်ကား လူများမှာ တိုတို တုတ်တုတ် နှင့် လျှာဖျားမှာ ဘလစ် ဘလစ် နေအောင် ပြောကြလေသည်၊ ၀မ်လန်းတို့ ဒေသ၌လယ်များမှာ တနှစ်လျှင် ဂျုံနှင့် ဆန်နှစ်သီး သာ မှန်မှန်ကြီးစိုက်လျက် ယာများတွင် ပြောင်းဆန်ကလေး ပဲကလေး ကြက်သွန်ခင်းကလေး နဲနဲ ပါးပါး စိုက်သော်လည်း ဤမြို့ အနှီးတ၀ိုက် မှ လယ်ယာ ကိုင်းကျွန်း များတွင် မူ ဆန်စပါး အပြင် ဟင်းသီး ဟင်းရွက် မျိုးစုံ အလောသုံးဆယ် သီးပွင့် ကြစေရန် လူတို့၏ မစင်များဖြင့် မပြတ်အောင် သြဇာ ဓါတ်ပေး ၍ စိုက်ပျိုးနေကြလေ၏။

ဝမ်လန်း တို့နယ်တွင် လူတယောက်သည် ပေါင်မုန့်တလုံးနှင့် ကြက်သွန်မြိတ်နဲနဲရလျှင် အခြားဘာမှမလိုပဲ ကောင်း ကောင်းကြီးစားနိုင်၏။ အေက်အရပ်တွင်ကား ၀က်သားနှင့်မျှစ်ရော ၍ ကတဖုံ ကြက်- ငှက်- ငန်း အူစုံ အသည်းစုံ တို့နှင့် သစ်ကြားသီး ရော၍ အချိုချက်က တပွဲ အသီးအရွက်မျိုးစုံ ဟင်းတွေက တသွယ် အမျိုးမျိုး သောပွဲရံတွေ ဖြင့် စားလေ့ရှိကြ၏။ အောက်သား ကယောက်မှာ ကြက်သွန်ဖြူနံ့ ရှူရှိက်မိလျှင် နှာခေါင်း ကိုရှုံ့လျက် "အညာသား ကျစ်ဆံမြီးနံ့ နံတယ်ဟေ့" ဟု အော်လေ့ရှိ၏။ ကြက်သွန်ဖြူ အနံ့ရလျှင်၊ အထည် ဆိုင်ရှင် များပင် နိုင်ငံခြားသား များကို ဈေးတင် ရောင်းသကဲ့သို့ ရောင်းချလိုက် သည်သာ များလေ သည်။

သို့သော်....... အုဋ္ဌ်တံတိုင်း ဘေးကတဲစုကလေးကား- ရွာတရွာခွဲ၍တည်ထား သကဲ့သို့ဖြစ်လျက် မြို့၏ တစိတ် တဒေသ လည်းမမည်။ မြို့စွန်ရှိဖျားက ရွာကလေးများနှင့်လည်းမတူ၊ တဘာသာတ ရွာသစ် ဖြစ်နေ လေ၏။

တခါတွင် ၀မ်လန်းသည် လံခြားဆွဲရင်း ကွန်ဖြုရှပ် တန်ဆောင်း အနီးသို့ ရောက်သွားလေရာ၊ လမ်းထောင့် တွင် လူငယ်တယောက်သည် ပရိသာတ်အလယ်၌ တရားဟောပြောလျက် ရှိသည်ကို တွေ့ရလေ၏။ ထိုလူငယ် က "တရုပ်ပြည်ကြီးဟာ တော်လှန်ရမယ်၊ မုန်းတီးရွံရှာဘွယ်ကောင်း သောနိုင်ငံခြားသား များကို ခံတိုက် ရမယ်"ဟု ဟောပြောနေလေရာ၊ ၀မ်လန်းမှာ နိုင်ငံခြားသားဆို သောစကားသည်။ မိမိကိုရည်ရွယ်၍ ပြောနေသည် ထင်လျက်၊ ထိတ်လန့် ပြီးရှောင်ရှား တိမ်းဖယ်လာခဲ့ မိလေ၏။

တခါတွင်လည်း လူငယ်တယောက်တရားဟော နေခြင်းနှင့် သွား၍ဆုံနေပြန်၏။ အကြောင်းမူထို မြို့တွင် တရားဟော လူငယ်ကလေးများဖြင့် ပြည့်လျက်ရှိလေ၏။ ထိုသူငယ်က "တရုပ်နိုင်ငံသူ နိုင်ငံသားတွေ တစည်းတဲ တလုံးတဲ သွေးစည်းရမယ်၊ ဒီလိုအချိန်မျိုးမှာ ပညာလေ့လာဆည်းပူး ရမယ်"ဟု ပြောဟော နေလေရာ၊ ၀မ်လန်းမှာ ဘာတလုံးမှ နားမလည်ပဲ၊ သူ့အား ရည်ရွယ်၍ပြော ဟောနေကြောင်းကိုပင် မရိပ်မိ ခဲ့ပေ။

နေ့တနေ့ လံခြားတစီးနှင့် ပိုးထည်ဆိုင်များ တ၀ိုက်တွင် လူရှာနေခိုက်၊ နိုင်ငံခြားသား ဆိုသောစကား၏ ရည်ရွယ်ရင်း သဘောမှန်ကို နားလယ်၍လာလေ၏။ မိမိလာခဲ့သော ဒေသထက်၊ ပို၍ဝေးလံကွာလှမ်းသည့် တိုင်းတပါး မှလာ၍ နေကြသည့် လူမျိုးကွဲတိုင်းခြား လူမျိုးများလည်း ရှိသေးကြောင်းကို သိရလေသည်။

၎င်းသည်လံခြားကိုဆွဲရင်း၊ မကြာမကြာပိုးထည်တွေဝယ်လျက် မိန်းမများထွက်လာလေံရှိသည့် ဆိုင်ပေါက် တခု ရှေ့မှ ဖြတ်သွားလေရာ ထိုနေ့တွင် ထူးထူးဆန်းဆန်း တခါမှမတွေ့ဘူး မမြင်ဘူးသော သတ္တ၀ါတခု ဆိုင်တဲ မှ ရုတ်တရက် ထွက်လာလေ၏။ ယောကျာ်းမှန်း- မိန်းမမှန်း မသိ သို့သော်- ထိုသတ္တ၀ါမှာ အရပ်အမောင်း ထောင်ထောင် မောင်းမောင်းနှင့် ထူထဲကြမ်းတမ်းသော အင်္ကျီရှည် အမဲကြီး ကို ၀တ်ထားသော လည်ပင်းတွင် အမွေးစုတ်ဖွားနှင့် သားသေကောင် တကောင်၏ အရေကိုပတ်၍ထားလေ၏။

လံခြား ဆွဲ၍လာသော ၀မ်လန်းကိုမြင်သောအခါ ယောင်္ကျားမှန်း မိန်းမမှန်း မသိရသော ထိုသတ္တ၀ါက လက်ရပ် ပြ၍ ခေါ်ပြီး လံခြားကို အချခိုင်းလျက် တက်၍စီးလေ၏ ထိုနောက်ဝမ်းလန်းအား မပီကလာ ပီကလာ နှင့် တံတားလမ်းကို အပို့ခိုင်းလေ၏။

ဝမ်လန်း သည် မိမိဘာလုပ်မိ၍ လုပ်မိမှန်းမသိ၊ လံခြားကိုကောက်ဆွဲ၍၊ ခပ်သုတ်သုတ်ပြေးခဲ့ မိ့ရင်းလမ်း တွင် တွေ့သောအလုပ်လုပ်၇င်း၊ မျက်မှန်းတန်းမိနေသည့် လံခြားသမားတဦးအား၊ "ဟေ့- ကြည့်စမ်းပါဦး၊ ကျုပ်လံခြား ပေါ်က ဟာကြီးဟာ ဘာကြီးတုန်းဟု မေးလိုက်ရာ။ ထိုသူက "နိုင်ငံခြားသူ အမေရိကန်မ ကြီးကွ၊ မင်းတော့ပွတာပဲ........."ဟု အော်ပြောလေ၏။
ဝမ်လန်းသည် ကြောက်ကြောက်လန့်လန့်နှင့် တအားဆွဲခဲ့ရာ၊ တံတားလမ်း သို့ ရောက်သည့် အခါ မောဟိုက် လျက်၊ ချွေးတဖြိုက်ဖြိုက် ကျနေလေ၏။

ထိုမိန်းမသည် လံခြားပေါ်မှာဆင်းပြီး၊ "ဒါလောက်တောင် သေလုမြောပါး ပြေးဖို့မလိုပါဘူး........"ဟု မပီ ကလာ ပီကလာပြောဆိုကာ၊ ငွေစ ၂-စပေးလျက်၊ ထွက်သွားလေ၏။ ဤတွင်မှ ၀မ်လန်းမှာ ဆံပင်နက်နက်၊ မျက်လုံး နက်နက်နှင့် မိမိတို့လူမျိုးကတမျိုး၊ ဆံပင်ရောင်ဖြော့တော့တော့၊ မျက်လုံးရောင်ပြာတာတာနှင့် ထိုလူမျိုး က တမျိုးဖြစ်ကြောင်း ခွဲခြားသိရှိ နားလယ်လျက်၊ နိုင်ငံခြားသား ဆိုသော စကားအဓိပ္ပါယ်ကို သိနားလယ် လာပြီးလျှင်၊ မိမိမှာ ထိုမြို့တွင် နိုင်ငံခြားသားတဦး မဟုတ် တော့ကြောင်း သဘော ပိုက်မိ သွား၏။

ဤနည်းဖြင့် ဘ၀သစ်ကို ထူထောင်ခဲ့ကြလေ၏ လင်က လံခြားဆွဲ မယားက ခွက်ဆွဲကာ တောင်းခြင်းဖြင့် ၂-ယောက် ရှာသောပိုက်ဆံမှာ မိမိတို့အိုးနှင့် မိမိတို့ ချက်ပြုတ်စားနိုင်လောက်ပင် မရပေ။ သို့ရာတွင်၊ ခွက် ဆွဲ၍ အ၀စားတပဲ၊ ဆန်ပြုတ်မဏ္ဍပ်ကိုသာ သွားရလေ၏။ တခါတရံ ဆန်ပြုတ်ဘိုးထက် တပဲ တမူး လောက် ပို၍ ရှာကြံရရှိလေရာ၊ မုံလာဥများဝယ်၍ ချက်စားရလေ၏။ အိုလင်က အုဋ္ဌ်ခဲ ၂လုံးကို မီးဖိုလုပ်လျက်၊ ခလေးများ က ထင်းထွက်၍ခွေကြလေ၏။

ခလေးများ သည် ထင်းစည်းများကို ဈေးတက်၍ ရောင်းသော ထင်းသယ်များထံမှ အလစ်တွင် ၀င်၍ ဆွဲလာလေ့ ရှိကြရာ၊ တခါတရံ ထင်းသယ်က မိသွားသဖြင့် ထိုးကြိတ် ရိုက်နှက်၍ လွှတ်လိုက်လေ၏။ အကြီး ခလေး မှာ စိတ်သဘောနူးညံသိမ့်မွေ့သူတဦးဖြစ်လျက်၊ ခိုးဝှက်ရသော အလုပ်ကို ရှက်လည်း ရှက်လေရာ၊ ညတည ထင်းခိုးရာမှ အပြန် ထင်းသယ်၏ လက်သီးချက် မိလာလျက်၊ ဖူးယောင်ဆို့ ပိတ်နေသော မျက်စိ တဘက်နှင့် ပြန်ရောက်လာလေ၏။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Friday, April 2, 2010

ကျနော် သိသော လူအမျိုးမျိုး အပိုင်း (၆)

ကျနော် တခုခု ကို ရေးမိရင် ဒီအကြောင်းဘဲ စိတ်က ရောက်နေတာဆိုတော့ လူအမျိုးမျိုး အကြောင်းကို ဘဲ ဆက်ရေး ပေးချင်ပါတယ်..။

ကျနော် ဘလော့ဂ် စရေးတော့ ကျနော် သိသော လူအမျိုးမျိုး နဲ့ မြန်မာပြည် အင်တာနက် သုံးသူများ အကြောင်း ထဲမှာ ကျနော် ရဲ့ ချစ်တပည့် လူလည် ဝင်းထွန်းထွန်းပြောင် အကြောင်းတွေ အများဆုံးပါ ပါတယ်..၊ ကျနော့် ဘလောဂ် ဖတ်တဲ့ သူတွေက သိတယ်...၊ ကျနော့် သူငယ်ချင်း ၂ယောက် (စင်ကာပူက ဘလော့ ဖတ်တဲ့သူ) မြန်မာပြည် ခဏပြန်လာတော့ ဆိုင်ထဲ ဝင်ဝင်ခြင်း ကျနော့် တပည့်ကျော် (ဖိုတိုရှော ပြင်တဲ့ တယောက် ဝတုတ် ရွာ(ဝင်းထွန်းထွန်းပြောင်)) ရှိသေးလားလို့ မေးကြတယ်..၊ ကျနော်က ပို့သတဲ့ မေတ္တာကြောင့် ကျန်းမာ ပကတိ ချမ်းသာစွာ ရှိပါကြောင်းပြောပြီး.. သူ့ကို ခေါ်ပြီး မိတ်ဆက်ပေးတယ်..၊ သွားကြီး ကိုဖြီးလို့ သဘောတွေကြနေတာ.. သူ က ဆိုင်မှာထင်ပေါ်တဲ့ ပုဂ္ဂိုလ် ဖြစ်သွားပြီကိုးဗျ...။

ဒီနှစ်နဲ့ဆို ဆိုင်မှာ သူရောက်တာ ၃နှစ်ကျော် လောက်ရှိပြီ ထင်တယ်.. အခါတိုင်းနှစ်တွေ ဆိုရင် သင်္ကြန် မတိုင်ခင် တလ လောက် ကထဲက ရွာပြန်ရင် ဘယ်သူ့ အတွက် ဘာလက်ဆောင်တွေ ဝယ်မယ်ဆိုတာ စာရင်းဇယား တွေ ရေးလို့... အစောကြီး ကထဲက ဟိုဟာဝယ် ဒီဟာဝယ် နဲ့ ပြင်ဆင်နေတာ.. တဆိုင်လုံး မနေရဘူး.. ဟိုလိုက်ပို့ရ.. ဒီလိုက်ပို့ရ နဲ့...၊ ဒီနှစ်တော့ အတော်ငြိမ်ချက်သားကောင်းနေလို့ .. ကျနော် ကတောင် စလိုက် သေးတယ် ..။

ဟေ့ကောင် မင်းဘုန်းကြီး ကြောက်လို့ မပြန်တော့ ဘူးလားဆိုတော့.. မဟုတ်ဘူးတဲ့... ဘုန်းဘုန်းကြီး က ဒီတခေါက် သူပြန်ရင် ကွန်ပြူတာ တောင် ဝယ်ခိုင်း အုန်းမှာတဲ့..(အင်း ဘုန်းဘုန်း တော့ ဒီတခါ ဘယ်လို ခံရမယ် မသိဘူး..) .၊ မင်း ရွာကလူတွေ အတွက် လက်ဆောင် မဝယ်ထားတော့ ဘူးလားဆိုတော့ ပိုက်ပိုက် သိပ်မရှိလို့တဲ့..၊ အင်း ဆရာမ ကြိုထုတ် ပေးပါမယ်.. ဝယ်စရာရှိ ဝယ်ဆိုတော့ ဟုတ် တဲ့ မုန့်ဘဲ ဝယ်တော့ မှာပါတဲ့...။

သူလည်း ရွာက သူငယ်ချင်းတွေ အကို တွေကို တော်တော် စိတ်နာ သွားတယ်ထင်ပါတယ်..၊ သူ့ ရွာက သူငယ်ချင်းတွေ အကို ဝမ်းကွဲ တွေက ဗမာပြည် အရပ်ရပ်မှာ ရွှေထွက် တဲ့ အရပ်တွေ ကျောက်ထွက်တဲ့ အရပ်တွေ သွားပြီး ရွှေတူး ကျောက်တူးကြတာကိုးဗျ.. သူ က မန္တလေး မှာ နေတော့ အသွားလည်း ဧည့်ထောက်ခံ..၊ အပြန်လည်း... အပြန် မှာ တော့ အားလုံးသူ့တာဝန်. ပိုက်ပိုက်ရမလာတဲ့ အပြင် ငှက်ဖျား မိလာ စရိပ်ပြတ်လာတော့ သူက အားလုံး စီစဉ်ပေးရတာကိုးဗျ...။

ကျနော်က နှစ်ခါ လောက်တော့ သိလိုက်တယ်.. သိတာနဲ့ ပြောရတာပေါ့ .. မင်းဘယ်လောက် ချမ်းသာ လို့လည်း မင်းဒီလိုလုပ်နေရင် မင်း တပြားမှတောင် ကျန်မှာ မဟုတ်ဘူးဆိုပြီး.. တည်းခိုတော့ လည်း တည်းခိုခန်း.. စားတော့လည်း ထမင်းဆိုင်.. ဟို..ဒီ က လျှောက်လည် သေးတာဆိုတော့ အားလုံး သူ့တာဝန်တွေဘဲ....၊ အပြန် စားရိပ်က ပေးရသေး လက်ဆောင်က ပါးရသေး.. ဆိုတော့ ကျနော် လည်း နှမြောတော့.. သူတို့မှာ တခြား သူငယ်ချင်း တွေမရှိတော့ ဘူးလား မင်းတယောက်ထဲ ရှိတာလား.. ဘာညာ နဲ့ ဆူတော့..ငြိမ်ခံနေတယ်ဗျ..၊ နောက်တယောက် က တခါ ရောက်လာပြန်တယ်.. သူ့မှာလည်း ပိုက်ဆံ က မရှိတော့ဘူး.. ။

အဲဒီတော့ သူများစီက ချီးပေးတယ်တဲ့..၊ သူပိုက်ဆံ ချီးတဲ့ ဆရာမ လင်မယား ကလည်း သူ့ ရွာက ပါဘဲ ..၊ ကျနော်.. ဆီကလည်း ဆူထားတော့ မယူရဲတော့ဘူးလေ..၊ နောက်တော့ ပိုက်ဆံချီး ပြီး တော်တော် နဲ့ ပြန်မပေးနိုင်တော့.. ဟိုဆရာမ လင်မယားက ကြွေးတောင်းတယ်တဲ့...၊ အဲဒီမှာ တမှိုင်မှိုင် တတွေတွေ နဲ့ လုပ်နေတာ (ကျနော့် မှာတော့ ဘာဖြစ်ပြန်ပြီလည်းလို့).. နောက်တော့ ညပိုင်း ကြီး ကို ပျောက်သွားတယ်.. ၂နာရီလောက်.. ပြန်လာတော့ မေးကြည့်တော့ စိတ်လေ စိတ်ညစ်လို့ လျှောက်သွားနေတာတဲ့.. ဒါနဲ့ ချစ်ချစ်ကြီးက သူ့ ကြွေးပြသာနာ ရှင်းပေးလိုက်မှ.. အေးသွားတယ်...။

အလှက လည်းကြိုက် အဝတ်သစ်တွေဝယ် သနပ်ခါးဘူးဂျယ်ဘူး တွေဝယ် သူငယ်ချင်းတွေ မုံကျွေး .... ဆိုတော့ သူ့ပိုက်ပိုက် လည်း သိပ်မကျန် တော့ဘူး.. တနှစ်လုံး လုပ်တာ ဘာမှ မယ်မယ်ရရ မကျန်ဘူး...၊ ကဲ.. အဲဒါတွေ ပြောမနေတော့ပါဘူး.. သူ လူရည်မလည် တဲ့ အကြောင်းတွေဘဲ ဆက်လိုက်ကြရအောင်...။

ကျနော့်..ဆိုင်မှာ ဘောက်ချာ ရေးရင် တပည့် ကျော်များ... အမှားများတဲ့ အကြောင်းတွေ ရေးပြီးပါပြီ ..... အခုတခါ အဲဒီလို မှားရေးလို့ ဆရာမ တယောက်က ဟိုနေ့ က ပိုက်ဆံပိုလာတာ ပြန်လာပေးတယ်ဗျ..၊ အဲဒါ ကျနော် တို့ လည်း ရှိတော့ သူက ကျနော်တို့ ရှေ့မှာဆိုတော့ သူ ဘောက်ချာ ရေးတာ မမှားဘူးပေါ့ ဆိုပြီး... အမယ်လေး လာပေးတာ အေးအေး ယူမထားဘဲ ဂဏန်းပေါင်း စက် တလုံးနဲ့ မပြီးနိုင် မစီးနိုင် တွက်နေတာ.. ။

ကျနော့် မှာ ဆရာမ အားနာတာနဲ့ ကျေးဇူးတင်ကြောင်း အထပ်ထပ် ပြောပြီး သူ့ကို တော်တော့ မတွက် နဲ့ တော့ လို့ ပြောရတယ်.. ဒါကို  ဆရာမ ပြန်သွားတော့ ထပ်တွက်နေသေးတယ် .. အဲဒါနဲ့ ကျနော်လည်း အမြင်ကပ် တာနဲ့ ဘာလည်း မင်းတွက်တာ မှန်နေလား ဆိုတော့ အဟဲ.. မမှန်ဘူးတဲ့... အဲဒီလို ဗျာ..။

ကျနော် တို့ ဆိုင်မှာ အရင်က  hand phone တလုံးဘဲရှိတယ်.. အဲဒီတော့ အနားက pco ph ၂လုံးကို အားကိုး ရတယ်..၊  သူ့ သူငယ်ချင်း တွေက ဖုန်းဆက် ... ရွာကို သူက ဖုန်းဆက် ဆိုတော့ ဖုန်းဆိုင်မှာ အကြွေး အမြဲတန်း ရှိတယ်.. ၊ တနေ့တော့ ဖုန်းဆိုင် က ကောင်မလေး တွေက အကြွေးများ နေလို့ လာပေးအုန်းလို့ သူ့ ကို တခြားလူနဲ့ မှာလိုက်တယ်...၊ ကျနော် လည်း ဒီကောင်မလေး တွေက ငါ့ တပည့် ကျော် ကို ဒီလို အကြွေးတောင်း ရသလား ဆိုပြီး စိတ်တိုသွားတယ်...၊ ဘာကြောင့် ဆိုတာ ကျနော် ပြောပြပါမယ်...။

အဲဒီ ဖုန်းဆိုင်က ကျနော် တို့ လိုဘဲ ကွန်ပြူတာ မိတ္တူ ဆိုင်ဖွင်ထားတယ်...၊ မိတ္တူစက် Riso စက်တွေ က ခဏ ခဏ ပျက်တယ်..၊ ပြင်တဲ့ ဆိုင်တွေကို ခေါ်ရင် အနဲဆုံး ၃၅၀၀ ပေးရတယ်..၊ ကျနော် တို့ ဆိုင်ကတော့ စက်လည်း များ ပျက်တာလည်း များတော့ တော်ရုံ ဆို ဆိုင်က အဲဒီကလေး နဲ့ တခြားကလေး များက ကိုယ်ဘာသာ ပြင်ကြတယ်...၊ ပြသာနာ သိပ်မကြီးရင် တော့ လုပ်တတ်နေကြပြီ..၊ အဲဒီတော့ အဲဒီဆိုင်က ကောင်မလေး တွေက သူတို့ ဆိုင်က စက်ပျက်ရင် ပြင်ဆိုင် မခေါ်ဘဲ နဲ့ တပည့်ကျော် ကိုဘဲ ခေါ်ပြင် ခိုင်း ကြတော့ .. တော်ရုံတော့ သူ ပြင်တာနဲ့ ကောင်းသွားပါတယ်..၊ ဒါမျိုးတွေ ခဏခဏ ဆိုတော့ ကျနော် လည်း အဲဒီလို့ လုပ်ပေးထားရဲ့ သားနဲ့ တပည့်ကျော် ကို ကြွေးတောင်းတော့ စိတ်တိုတာပေါ့...။

ဒါနဲ့ ကျနော် က သူ့ ကို ခေါ်ပြီး လက်ချာ ပေးတယ်... မင်း စက်ပျက်လို့ ပြင်ဆိုင် ခေါ်ရရင် ပိုက်ဆံ ဘယ်လောက် ကုန်တယ် ဆိုတာ သိတယ် မဟုတ်လား...၊ အခု မင်းက သူတို့ ဆိုင်က စက်တွေ ခဏခဏ ပြင်ပေး ထားတယ်.. ဒါတောင် မင်း ကို ဖုန်းကြွေး တောင်းတယ်. ..၊ အမှန်ဆိုရင် မင်းကို သူတို့ က ချော့ နေရမှာ.. (ကျနော် ပေးမှာပါ ဆိုင်ကို မရောက်ဖြစ်လို့ ပါ.. အကြွေးတောင်းခံ ရတော့ မကောင်းဘူး.... ပြောပေါ့ လို့) နောက်တခါ မင်း အဲဒီ မမတွေ နားလည်အောင် ပြောပြပေါ့ ဆိုပြီး..သင်လွှတ် လိုက်တယ် ဗျ...။

နောက်တခါ အဲဒီ ဖုန်းဆိုင်က Riso စက်က ပျက်ပြန်ရော.. ကျနော် လည်း တပည့်ကျော်ကို..  သွားပြင် ပေးလိုက်.. ဒါပေမဲ့ ဖုန်းကြွေးတောင်း တဲ့ ကိစ္စ လေးတော့ နားလည် အောင် ပြောခဲ့အုန်းပေါ့....လို့ မှာလိုက်တယ်..၊ ဟုတ်ကဲ့ ဆိုပြီး အားကျိုး မာန်တက် ထွက်သွားတယ်...၊ အပြန်ကျ... မျက်စိမျက်နှာပျက် ပြီး ပြန်လာတယ်...၊ ဟေ့ကောင် အခြေအနေ ဘယ်လိုလည်း ဆိုတော့... မအောင်မြင်ခဲ့ ဘူး ဆရာမရေတဲ့.. မင်းကဘယ်လို ပြောလိုက်လဲ ဆိုတော့...ပြောခါစ ရှိသေးတယ်..၊ အဲဒီ ကောင်မလေးက.....  မေမေရေ.. လာပါအုန်း.. ဟောဒီမှာ သမီး တို့ကို လာစော်ကားနေပါတယ်လို့ အော်လိုက်လို့ ပြန်ပြေးလာတာလို့ ပြောပြပါတယ်...။

အင်း.. နောက်ဆုံးတော့ ရွှေစင်ဦး အပြစ် ပါလား.. ဒီလောက် လူရည်မလည် တဲ့ တပည့်ကျော် ကို ဒီလို ပြောခိုင်းတာ.. ၊ ကောင်မလေး တွေက အမှု့ မလုပ်လိုက်တာ ကံကောင်းပါလားလို့... ၊ သူ့ လည်း ဘယ်လို ပြော ခဲ့ လည်း မေးမနေတော့ ..ပါဘူးဗျာ...စိတ်ကုန်လွန်းလို့ပါ...။

အခုတော့ ကျနော်လည်း ဖုန်းတလုံး ထပ်တိုးထားပြီဆိုတော့ သူတို့လည်း ဖုန်းပြသာနာ အေးသွားပါပြီ.. တပည့်ကျော်.. ကိုလည်း အဲဒီနောက်ပိုင်း ကောင်မလေး တွေက စက်ပြင်ခိုင်းတာ မတွေ့တော့ပါဘူး...။

လေးစားစွာဖြင့်
စာရေးသူ-ရွှေစင်ဦး
.
>>>ဆက်ဖတ်ရန်>>> >>

ဒဂုန်ခင်ခင်လေး နှစ်ပေါင်း (၆၀) အပိုင်း (၆၄)

လင်ငုတ်တုတ်နှင့် စေတနာ့ဝန်ထမ်းတွေ

နောက်ပြီး ဗိုလ်ရန်နိုင်ကဘဲ ဆက်လက်ပြောပြသည်မှာ၊ အမကြီးမကြိုက်တာတွေဘာမှ မလုပ်စေရ ပါဘူး။ ယခုရှိနေတဲ့ အရှုပ်အထွေး အမျှောင်အပျော်မတွေကိုလဲ ပြတ်ပြတ်စဲစဲ ဖြစ်အောင် ရှင်းပစ် ခိုင်းပါမည်။ တချို့ကို လင်ပေးစားလိုက်ရင် ပြီးဒါဘဲ၊ ဒါတွေ ကျွန်တော့တာဝန် ထားပါဟု ဆိုပြန်ရာ၊ သူ၏ တာဝန် ခံချက်ကို ကျမက ပြင်းပြင်း ထန်ထန် ကန့်ကွက်ပါသည်။ ဗိုလ်ရန်နိုင်အား မဖြစ်နိုင် တော့သော အလုပ်တွေ ၀င်လုပ်မနေချင်ပါနှင့် သည်လိုကိစ္စမျိုးမှာ တဦးတလေနှင့် မတော်တဆ မှားယွင်းကြ၍ ဂုဏ်သိက္ခာ ကို ကာကွယ် သောအားဖြင့် မတရားငွေလုံးနှင့် ဖိလုပ်ကြံသော ကိစ္စမျိုး ဖြစ်သည်။ ယခု အရေး မှာ မတော်တဆ မဟုတ် တဦးတလေလဲ မက ၀ါသနာကြီးလှ ၍ တမင် ကြူးလွန် ထားသော ကိစ္စတွေ ဖြစ်သည်။

ကျမအရိပ် အောက်မှာ ကြူးလွန်မှုများပင် ၄-၅ဦးရှိ ၍ အပြင် အပ၌ ဘယ်လောက်များ နေသည်ကို မရေ မတွက် နိုင်အောင် ပေါများလှသည်။ ထို့ပြင် ကာမပိုင် လင်ငုတ်တုတ် နှင့် အိမ်ထောင်ရှင် စေတနာ့ ၀န်ထမ်းတွေ ကြုံသည့် အခိုက် ထမင်းနှိုက်စားကြသော အာဂန္တု အပျော်ထမ်း တွေကလည်း ကြောက်ဘွယ် လိလိ ရှိသေးသည်။ သို့ကြောင့် မဖြစ်နိုင်သော ကိစ္စမှာ ဗိုလ်ရန်နိုင်ဝင်ပြီး တာဝန်မယူရန် ငြင်းဆန် နေရသည်။ သူကလည်း အပြောတော့ မလျှော့ သေးပါ။

သို့ရာတွင် လျှာထွက်အောင် ဟောသော်လည်း ဟောရင်းသာ ပျံတော်မူမည်။ ဆန်ဖြူဖြူတခွက်မှ ထွက်လာမည် မထင် ဆိုသော ဦးပုည စကားပုံလို ဗိုလ်ရန်နိုင်က မည်မျှ ပြောသည် ဖြစ်စေ မပြေသည့်အရှုပ် အထွေး ကိစ္စက ရပ်ဆိုင်း၍ မရ သည်ကိစ္စပြတ်အောင် ရှင်းရတော့မည်ဖြစ်ကြောင်း၊ သို့သော် လိုရင်း ကိစ္စပြီးပြတ် သွားပါက လူသူလေးပါးမသိရအောင် တတ်နိုင်သမျှ ဖုံးဖိထားမည် ဖြစ်ကြောင်း။ ယခု လောလော ဆယ် ကွာရှင်းရေးကိစ္စကိုတော့ စီစဉ်နေပြီဖြစ်ကြောင်း၊ သူ့စာ အတိုင်း ဘုန်ကြီးဝတ် အဖြစ်နှင့် နေနိုင်သမျှ ဆက်နေ လျှင် ကွာရှင်းထားသောကြောင့် တခြားစီနေကြသည် ဟု မည်သူမျှ ရုတ်တရက် သိကြဦးမည် မဟုတ်ကြောင်း ပြောလျက် စကားအဆက် ဖြတ်လိုက်ရတော့သည်။

ယင်းသို့ အမျိုးမျိုး ပြေရာပြေကြောင်း နားချလာသူ တောင်းပန်လာသူ ဗိုလ်ရန်နိုင်သည် ဤအခါမှ လက်လျှော့သည်။ ကျမက သည်ကိစ္စတွေနှင့် ပတ်သက်၍ ဗျုံးစားကြီးထ မပွက်တော့ မဆူတော့ ဘူးဆိုတာ သေချာ နေပြီဟု သိသဖြင့် စိတ်အေးအေးနှင့် ပြန်ဆင်းသွားပါသည်။ သူတို့ စိတ်ထဲမှာ ကျမက ယမ်းပုံ မီးကျ ဖြစ်ပြီး ပြင်းပြင်းထန်ထန်ကြီး ဆူညံ ပေါက်ကွဲလိုက်လိမ့်ဦးမည်ဟု အထင်ရှိ ကာ စိုးရိမ် ပူပန် ဖြစ်နေကြ သောကြောင့် လေချိုလေအေးနှင့် ဘေးတီးပေးရန် ရွှေပြည်အေးတရား ဟောပေးရန် တဦးပြီးတဦး လူလဲ နှင့် လာကြရန် စီစဉ်ထားသည်။ ကျမက အောက်ထပ်သို့ မဆင်း ၍ တွေ့ဘို့ မလွယ်ကူ ဘဲ နေသည်။

သည်တော့ အမကြီး ယခုလို အခန်းထဲမှာ စိတ်မချမ်းမသာနှင့် အောင်းနေမည်ဆိုလျှင် အပြင် မချမ်း မသာနှင့် အောင်းနေမည်ဆိုလျှင် အပြင်လူတွေ ရိပ်မိတော့မည်၊ သည်တော့ ခါတိုင်းလိုဘဲ လူတွေ ရိပ်မိတော့မည်၊ သည်တော့ ခါတိုင်းလိုဘဲ အောက်ထပ်ဆင်းပြီး အခြေမပျက် နေစေလိုပါသည်။ အစစ အရာရာ အမကြီး အလိုရှိသလို ဖြစ်အောင် ကူညီပေးပါမည်ဟူ၍ စကားနိဂုံးချုပ်ခဲ့ပါသေး သည်။
ထိုအချိန်ပိုင်း ကလေး အတောအတွင်းမှာတော့ ကွာရှင်းရေးစာချုပ်ကို မွန်စံလှိုင်၏ ရှေ့နေ ရုံးခန်း မှာ ရေးဆွဲနေကြဆဲ ဖြစ်ပါသည်။ ဤရက်အတောအတွင်း၌ လီမိတက်ကိစ္စ၏ ငွေကဲ့ထုတ်မှုအစ ပေါ်လာပြန် ပါသေးသည်။

ကျမ ငပလီမှ ပြန်ရောက်စက မန်နေဂျာနှင့် မန္တလေးဧည့်သည်၊ ရွှေဝါ အမျိုးသမီးကြီးငယ် တို့ ရုတ်ရုတ် ရုတ်ရုတ် လုပ်နေကြခြင်း၊ သွားကြ လာကြ တရုံးရုံး လုပ်နေခြင်း များနှင့် ပတ်သက်၍ ကျမက မေးမြန်း သော အခါ သူတို့တတွေနှငသ့် လီမိတက် တခုဖွဲ့ထောင်ပြီး၊ အင်ပို့လိုင်စင် အလုပ်များလုပ်ကြရန် စိုင်းပြင်း နေကြသည် ဟု အပရိကလောက်သာ ကျမ သိခဲ့ရ ပါသည်။ ကျမကလည်း စစ်စစ်ပေါက်ပေါက် မမေးမိ ဘူးပါ။ စ၍ သိရသောနေ့မှာတော့ ကိစ္စ အရှုပ် အထွေးတွေ မပေါ်မှီ ၄-၅ရက် မျှသာ စောပါလိမ့်မည်။ အိမ်နေသူ စလေသူမ ၏ ဦးလေး ပညာရေး ဋ္ဌာန ဒုအတွင်းဝန် ဦးပု၏ နှမသည် အိမ်သို့ ပေါက်လာသည်။ လက်ထဲ မှာ လဲ ငွေစက္ကူထပ် ၃-၄ထောင်ဘိုးမျှ ကိုင်လာသည်။

ကျမက ဒီငွေတွေ ဘာလုပ်ဘို့ ယူလာသလဲဟု မေးသောအခါ မန်နေဂျာ ကို အစုရှယ်ယာ အတွက် ငွေပေးဘို့ လာကြောင်း ပြောပါသည်။ ဘယ်လို အစုရှယ်ယာလဲ ဆိုတော့မှ ဗမာ့ခေတ် မန်နေဂျာ က ခေါင်းဆောင်ပြီး မန္တလေး ရွှေဝါအမျိုးသမီးတို့ပါ လီမိတက်ဖွဲ့ရာ၌ ခေါ်ထားသော အစုရှယ်ယာတွင် သူတို့ ပါ ထည့်ဝင်ဘို့ ပြောထား၍ ရှယ်ယာ လာထည့်ခြင်း ဖြစ်သည်ဟု ပြောပြပါသည်။ 
 
၎င်းရှယ်ယာအစုငွေ ၄-ထောင် မှာ သူနှင့် သူ့တူမ ဦးပုသမီးအကြီးနှင့် နှစ်ယောက်စပ် ပါဝင်ကြောင်း ကိုလည်း ပြောပြပါသည်။ စင်စစ် ဦးပုသမီးက ပါခြင်း မဟုတ်ဘဲ ကျမ အိမ်နေ စလေသူက ပါသော ငွေဖြစ်သည်ဟု နောက်မှ ပေါ်လာသည်။ ထိုအချိန် ကသာ အခြေအနေ မရှိသော စလေသူ မိုနိုစာစီသမ က ငွေတွေ ထောင်နှင့် ချီ၍ အစု ပါနိုင်သည်ကို ကျမ သိရလျှင် မယုံသင်္ကာ ဖြစ်လာမည် အမှန်ပင်၊ သူတို့သည် လီမိတက်ကိစ္စ၌ တကြိတ်တည်း တကြံတည်း သိုသိပ်ထားပြီးမှ ကျားရှေ့ မှောက်ရက် လာလဲကြရသည်မှာ လျှို့ဝှက်မှု ၏ အစ ကို ဘုရားက ဆွဲပြ လိုက်သည်ဟုသာ ယူဆမိပါသည်။

သုံးဘီးကားအစင်း ၁၀၀ ကုမ္ပဏီ

အလုပ်တိုက်မှ မန်နေဂျာသို့အစုရှယ်ရာ ၄၀၀၀ိ-သော ငွေသပြာလာပေးနေပြီဟု စလေသူ ၏ သတင်း ပို့ချက် အရ မန်နေဂျာအိမ်ပေါ်ရောက်လာသည်။ ကျမရှေ့မှာဘဲ ဦးပု နှစ်မ က ငွေများချ၍ ငွေ့စက္ကူတွေကို ရေတွက် ယူနေသည်။ ငွေ့ရရှသော ယာယီလက်ခံပြေစာလည်း ထုတ်ပေးဒါမြင်ရ သည်။

သည်တော့ မှ ကျမက နေပါဦး မင်းတို့ လီိမိတက်က ဘယ်သူတွေစုပြီး လုပ်ကြဒါလဲ၊ ဘာကုန် ကူးမလို့လဲ ဟု ရယ်ရယ် မောမောနှင့်ဘဲ မေးမိပါတယ်၊ အင်ပို့လိုင်စင်နှင့် ရသမျှကုန် ပစ္စည်းအမျိုးမျိုး တွေ မှာပြီး ရောင်းဘို့ ပါဘဲ၊ ဒီကုန်ပစ္စည်းအမျိုးမျိုးတွေထဲမှာ သုံးဘီးကားအစင်းတရာ လောက်လဲ ရပါလိမ့်မည်။ အမြတ်တွေ အများကြီး ရပါလိမ့်မည်ဟုဆိုသည်။ ပရိုက်ဘိတ် လီမိတက် ဖြစ်၍ ငွေရင်း တသိန်း မ,တည်ထားရှိရပါသည်။

အစုပါဝင်သူများ ကတော့ ကျွန်တော် (မန်နေဂျာ) နှင့် ဗမာ့ခေတ်တိုက်မှ အယ်ဒီတာ တဦးအပြင် အကိုကြီး၏ တူများ၊ မန္တလေးမှ ရွှေဝါအမျိုးသမီးများ၊ အိမ်တွင် ၀င်ထွက်နေသူ သခင်ကျော်ရင်၊ မောင်စန်းမောင် စသည်တို့ဖြစ်ပါသည်။ ထို့ပြင် အလုပ် လုပ်၍ လွယ်ကူစေရန်၊ (...)ဋ္ဌာနမှ အရာရှိ တဦး၏ မိန်းမနှင့် (...)ဋ္ဌာန မှ အရာရှိတဦး ၏ မိန်းမအမည် နှင့်လည်း ၅၀၀၀ိ-ဘိုးစီ အစု ထည့်ထားပါသည် ဟူ၍ စာရင်း ချပြပါသည်။ ဗမာ့ခေတ်တိုက် က ဒို့နာမည်တွေနှင့်များ အစုတွေ ထည့်ထားသေး သလားဟု စကား စပ်မိ၍ မေးသော အခါ တပြားမှ မပါ, ပါ။ ကျွန်တော်တို့ တတွေအတွက် လုပ်ထားသော လီမိတက် သက်သက် ပါ၊ တပည့်တပန်း ဆွေမျိုး သားချင်းကလွဲပြီး တစိမ်း အနည်းငယ် သာပါဝင် ပါသည်ဟု ဆိုပါသည်။

မင်းတို့ အလုပ်တိုက်က ဘယ်နေရာမှာ ဖွင့်ထားသလဲ၊ ကုမ္ပဏီနာမည်က ဘယ်လိုပေးထား သလဲဟု မေးသော အခါမှ သိမ်ဖြူလမ်းမှာ တိုက်သစ်ကလေးတခု စပေါ်ပေးငှါးပြီး ဖွင့်ထားပါသည်။ ကုမ္ပဏီ၏ အမည် ကတော့ မိုးကြိုးလီမိတက် လို့ ပေးထားပါသည် ဟူ၍ သိလိုက်ရတော့မှ ကျမအဘို့ အံ့အားသင့် သွားမိ ပါသည်။

ဟဲ့ မင်းတို့ ဟာက မဟုတ်သေးပါဘူး၊ အင်ပို့လိုင်စင် နှင့် ကုန်ကူးအမြတ်ယူကြမဲ့ နေရာမှာ သတင်းစာလိုင်း က နာမည်ကြီး ယူတပ်လိုက်တာတော့ မဟုတ်ဘူးထင်ပါတယ်။ ဒီနာမည်ကို ဘယ်သူက ရွေးပြီး ဘယ်သူက ပေးလိုက်တာ လဲဟု အပြစ်တင်မိသည်။ မန္တလေးရွှေဝါ အမျိုးသမီး တွေကလည်း ဒီနာမည်ကြီးကို မှ ကြိုက်ကြ ပါတယ်။ အကိုကြီး ကိုယ်တိုင်ကလဲ ဒီနာမည်နဲ့လုပ်ကြလို့ ရက်ရက် ရောရော ပေးလိုက်တာဘဲ ဖြစ်ပါတယ် ဆိုသောအဖြေ ပေါ်လာပါသည်။

သူ နှင့် ငါတို့ရဲ့ ငွေမပါဘဲနဲ့ ဒီနာမည်ကြီးကို သုံးနေရင်ကော ကောင်းနိုင်အုံး မှာလား၊ ကုမ္ပဏီ မှတ်ပုံတင် မပြီးသေးရင် တခြားသင့်တော်ရာ အမည်တခုခုရွေးပြီး ပြောင်းပစ်လိုက်ဘို့ ကောင်းသည် ဟုပင် ပြောရလေသည်။ ကျမယူဆချက်အရဆိုလျှင် သတင်းစာလိုင်း မှာ သန့်သန့်ရှင်းရှင်းကြီး နေစေ ချင်ပါသည်။ 
 
ဖဆပလ ၁၀-နှစ် ၁၀-မိုး အလွန် ဆူဖြိုးခဲ့သည့် လိုင်စင်ခေတ် စတုန်းက ငွေတွေကြုံးယူ သလိုရနိုင်သော အချိန် မှာပင် လိုင်စင်နှင့် တပြားဘိုးမှ ငွေမရှာခဲ့ဘူးပါလျက် ယခု အရိုးအရင်းသာ ကျန်တော့သော ပတ်စာခွါ ဖျာလိပ် ခေတ် မှာ စီးပွားရှာသူများ အဘို့ သတင်းစာ က သန့်ရှင်းနေသော နာမည်ကြီး ထည့်သုံး စေခြင်း အထိ အသိဥာဏ် ချို့ယွင်းလာလေသည်။ မည်သည့် သွေးဆောင်မှု ပယောဂ ကြောင့် ဤမျှ ဇောက်ထိုး မိုးမျှော် ဖြစ်ရသည်ကို မစဉ်းစား တတ်အောင် ရှိလာပါသည်။

နောက်ပိုင်းမှာ သိရှိရသမျှမှာတော့ မန္တလေးသူတွေက ပထစ အစိုးရကို အာဏာ ရအောင် လုပ်ပေးသူဟူ၍ မြှောက်ပင့် ကောင်းချီး ပေးလေ့ရှိသည်။ သူ့ကိုယ်သူလည်း ဒီအစိုးရဟာ ငါတင်ပေး တဲ့ အစိုးရဘဲဟု ယုံမှတ် ယူဆသော ပုံရသည်။ (သူရေးသော ၆-မျက်နှာရှိစာအရ အကဲခပ်နိုင်ပါ သည်) အစိုးရအဖွဲ့ဆိုသည်မှာ စင်စစ်တော့ တဦးတယောက် တည်းက လုပ်ပေးနိုင်သောကိစ္စ မဟုတ်ပါ။ ဆိုင်းဝိုင်း အဖွဲ့တခုပမာ ဗုံကလည်း ဗုံနေရာမှ၊ နှဲကလည်း နှဲနေရာမှ၊ နောက်ဆုံး ၀ါးလက်ခုတ်ကပင် သူ့နေရာနှင့်သူ လက်ကျညီမှ တီးဝိုင်းသံ ဆိုင်းသံ ပေါ်လာရမြဲဖြစ်ပါသည်။

ဒါတွေကို စဉ်းစားချင့်ချိန်ရန် အသိဥာဏ်မဲ့လွန်းသော အစားတည်းက မဟုတ်ပါဘဲ မြှောက်ပင့်ပေးမှု တွေထဲမှာ သာယာနစ်မြောသွားပြီး ဘ၀င်အမြင့်ကြီး မြင့်သွားစေခဲ့သည်။ ပထစ အစိုးရ သူ့အစိုးရ ဖြစ်၍ သူ့လက်ညိုးညွန်ရာ လုပ်ပေးရမည်ဟု လွဲမှားသော အယူအဆတခုကို လက်ကိုင် လက်စွဲပြု စေအောင် သူ့ပတ်ဝန်းကျင် မာလာနွယ် အပေါင်းအသင်းများက အမြဲတမ်းလှုံ့ဆော်ပေးနေခြင်းခံ ရသည်။
 
အခွင့်အရေး ရလိုသူများက သူ့အားမြှောက်ခိုင်းလျှင် မဆုတ်မဆိုင်း ထခုန်ပြသည်။ ဤလိုင် စင် ကိစ္စ မှာလည်း ပွဲကြီးပွဲကောင်းတုန်းက အဆီရွဲရွဲကို မခဲခဲ့ဘဲ ယခုအိုးကပ် ခွက်ကပ် ကျန်တော့မှ သူတပါး တိုက်တွန်းချက် အရ ပွဲပြီးမှ ဖျာတနေရာကို ကဗျာကရာ ၀င်ခင်းလိုက်ခြင်းဖြစ်ပါသည်။ ကျမ ကို ဘာတခုမျှ မတိုင်ပင် အသိမပေး တိတ်တဆိပ် ကြိတ်ခါ ငါတကော, ကောနေသော သဘော တွေ ပေါလော ပေါ် လာပါ သည်။

လင်ခန်းမယားခန်းပြတ်စဲသည့် စာချုပ် ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

ဒဂုန်ခင်ခင်လေး၏ မြေပဒေသာ အပိုင်း (၁၇)

ဆယ့်တစ်

ဝမ်လန်းသည် သူ့တွင်ရှိသော ငွေစနှစ်စဖြင့် မိုင် ၁၀၀- ကျော် ခရီးအတွက် မီးရထားခ ထုတ်ပေး လိုက်ရာ မီးရထား ဘက်ဆိုင်ရာ အရာရှိက ငွေစကိုယူပြီး ကြေးပြားလက်တဆုပ်ခန့် ပြန်၍ အမ်းလေ၏၊ မီးရထား သည် တခုသော ဘူတာသို့ ဆိုက်သောအခါ ၀မ်လန်းသည် မီးရထားတွဲ သို့ ဗျပ်တခုနှင့် လာရောက်သော ဈေးသယ် ထံမှ ပေါင်မုန့်လေးလုံး နှင့် သ္မီးကလေးအတွက် ဆံပြုတ်တပုဂံ ၀ယ်ယူလေ၏၊ ရက်ပေါင်းများစွာ ငတ်ပြတ် လျက် ဘာတခုမျှ မစားခဲ့ရသည် မှန်သော်လည်း အစာကို ပါးစပ်ထဲသို့ထည့်လိုက် သောအခါ တွင်မူ စားချင်စိတ် မှာ လုံးလုံးပျောက်ကွယ် သွားလေ၏၊

သို့ဖြစ်လေရာ ခလေးများကိုသာ စားအောင် ချော့မော့၍ ကျွေးရလေ၏၊ အဘိုးကြီး ကား သွားမရှိ သော ပါးစပ်ဖြင့် ပေါင်မုန့်တလုံး ကို ကြိုးကြိုးစားစား စုတ်ယူ၍ နေလေ၏၊  သို့စုတ်ရင်း တယောက် နှင့် တယောက် ထပ်လျက် ကြပ်ကြပ် တည်းတည်း စီးလာရသော အတူစီး ခရီးသည် များအား
''စားမှာဘဲကွ မစားလို့ မဖြစ်ဘူးဟေ့'' ဟု ရယ်၍ပြောလိုက်ရာ မုတ်ဆိတ်ဖြူ ကြိုးတိုးကြဲတဲ နှင့် အဘိုးကြီး အားကြည့်ပြီး အနီးတ၀ိုက်ရှိ လူများမှာ ပွဲကျသွားလေ၏။
 
ဝမ်လန်းသည် ရှိသမျှ ပိုက်ဆံကို အားလုံးကုန်အောင် သုံးမပစ်ပေ၊ အောက်အရပ်ဒေသသို့ ရောက်လျှင် တဲကလေး ဆောက်၍ နေဘို့ ဖျာဝယ်ရန် ချန်ထားလေ၏၊ တွဲထဲ၌ ယခင့်ယခင်နှစ် များက အောက်အရပ် ဒေသသို့ ရောက်ဘူးသူများနှင့် တနှစ်တခါ မြို့ကြီးများသို့သွားကာ အလုပ်ရှာ ဘူးသူ၊ တောင်းစားဘူး သူများ နှင့် အမျိုးမျိုးကြုံ၍ မြို့၌ ၀မ်းကျောင်းကြဘူးသည့် လူများလည်း ပါလာလေ၏။

ဝမ်လန်းမှာ မီးရထားစီးရသည့်အဖြစ်ကို အသားကျသွားလျက် မီးရထားလမ်းဘေး၌ ချာလပတ် လယ်ကာ ကျန်ရစ် ခဲ့သော လယ်ကွက်များကို တွဲပေါက်မှ တအံ့တသြ ကြည့်ရှုရင်း အတူစီး ခရီးသည်များ ပြောဆို နေကြပုံ ကို နားထောင် ၍ နေလေ၏၊ ''အနှစ် မရှိသည့်တော၊ ကြက်ဆူ ပင်မင်းမူ သကဲ့ သို့ ထို လူသိုက် ထဲတွင် လူမွတ် လူနှံ့စပ်များလည်း ပါလာလေရာ ထိုသူတို့မှာ ရိုးအ ၍ မြို့ပါး မ၀သေးသော သူများ အလယ်၌ ဟောင်ဖွါ ဟောင်ဖွါ နှင့် နည်းပေးလမ်းပြ လုပ်နေလေ၏။

''ပဋ္ဌမ- ခင်ဗျား တို့ ဖျာခြောက်ချပ် ၀ယ်ရမယ်'' ဟု ကုလားအုပ် ပါးစပ်လို နှုတ်ခမ်းတွဲတွဲ နှင့် လူက ထ၍ ပြောလိုက် လေ၏၊ ထိုနောက် ဆက်ခါ ''တချပ် ကို နှစ်ပဲနိ ပေးရတယ်၊ ဒါပေမဲ့ ''၀နေ'' မှန်းသိအောင် အူကြောင် ကြောင်တော့ သွားမလုပ် နဲ့ ဆရာ ဈေးတင်နှိပ်လိုက်လို့ သုံးပဲနိပေးနေရမယ်၊ ကျပ်က ဒါတွေတော့နောနေပီ အောက်အရပ်က ငနဲတွေ ဘယ့်လောက်ချမ်းသာချမ်းသာ ကျုပ်လိုကောင် မျိုးတော့ နှပ်လို့မရဘူး'' ဟုပြောကာ ခေါင်းကိုမော့လျှက် အများအံ့သြချီးမွမ်း လက်ဖျားခါခြင်းကို ခပ်ကြွားကြွား ကြည့်လေ၏။

ဝမ်လန်းလည်း ထိုသူပြောသမျှ စူးစိုက်ကာ နားထောင်ပြီး၊ ''နောက်ပီးတော့ကောဗျ''   ဟု ဆက်ပြောရန် တောင်းပန် လိုက်လေ၏၊ ၀မ်လန်းမှာ တွဲကြမ်းပြင်ပေါ် တွင် ဒူးနှစ်လုံးထောင်လျက် ဆောင့်ကြောင့် ထိုင်၍ လိုက်ရ၏၊ တွဲမှာ သစ်သားဖြင့် ဆောက်ထားသော ကုန်တွဲသက်သက် ဖြစ်လေရာ ထိုင်စရာမရှိ ကြိုးတိုး ကြဲတဲ ခင်းထား သော ကြမ်းပြင်သာရှိလျက် ကြမ်းကြားမှလေပင့်လျှက် ဖုတ် တထောင်းတောင်း ၀င်နေလေ၏။

''နောက်ပီး တော့လား....'' ဟု ထိုသူက သံဘီးကြီးများ တဂျိမ်းဂျိမ်းလိမ့်လျက် မြည်နေသော မီးရထား ခုတ်သံ ထက်ပင် ဆာကျယ်ကျယ်ဖြစ်အောင် အသံကိုပို၍ ဟစ်ရာမှ ''နောက်ပီးတော့ ဒီဖျာတွေနဲ့ တဲဆောက်ပီး နေပေါ့၊ ပီးတော့ ခင်ဗျားမျက်နှာကို တခြားလူ မြင်ရင် မသနားဘဲ မနေနိုင် အောင် ရွှံ့တွေအိုးမဲ တွေနဲ့ လိမ်းပီး သူတောင်းစား ထွက်လုပ်ပေါ့'' ဟုအဆုံးသတ်လေ၏။
ဝမ်လန်းမှာ သူ့တသက်တွင် မည်သူ တဦးတယောက် ကိုမှ အသနားခံခြင်း၊ တောင်းဆိုခြင်း မပြုဘူးခဲ့၊ အောက်အရပ် က လူအချို့ တောင်းစားနေပုံများ ကိုလည်း အထူးသဖြင့် စက်ဆုပ်ရွံရှာခဲ့၏။
''တောင်းစား ရမယ်ဟုတ်လား.....'' ဟု ပြန်၍ မေးလိုက်မိ၏။

''အစစ်ပါ့ ဒါပေမဲ့ မစားရ မချင်း တောင်းနေဘို့ မလိုပါဘူး အောက်သားတွေဟာ လူတို့ဆီမှာ ဆန်ပေါတော့ မနက်တိုင်း မနက်တိုင်း စတုဒီသာလို လုပ်ကျွေးနေတာဘဲ၊ သူတို့ဆောက်ထားတဲ့ မဏ္ဍပ် တခုရှိတယ် အဲဒီကို မနက်တိုင်း မနက်တိုင်းသွားပီး တပဲနိ ပေးလိုက်ရင် ဆန်ပြုတ် အ၀နှိပ် ရ တာဘဲ၊ ဒီပြင်တော့ ပဲမုန့် တို့ မုံလာဥ တို့ဘာတို့ စားချင်သပ ဆိုရင် ကိုယ့်ဟာကိုယ် ၀ယ်စားနိုင်အောင် လိုက်တောင်းပေါ့''
ဝမ်လန်း သည် ထိုလူသိုက်မှ အနည်းငယ် ဖဲ့ခွာ ပြီးနောက် တွဲနံရံဘက်သို့ လှည့်ကာ အိတ်ထဲမှ ပိုက်ဆံ ကလေး များကို ရေတွက်ကြည့်လေ၏။

ဖျာခြောက်ချပ်ဘိုး နှင့် တနေ့ အတွက် အားလုံးဘို့  အ၀စားတပဲ ဆံပြုတ်မဏ္ဍပ် တွင် ၀ယ်စားနိုင် လောက်အောင် ပိုက်ဆံ အပြင် သုံးပဲနီ ပိုသေးသည်ကို တွေ့ရလေ၏၊ သို့ဖြစ်လေရာ ဘ၀သစ်ကို စတင်ဘို့ လုံလောက် သဖြင့် စိတ်သက်သာရာ ရသွားလေ၏၊ သို့သော် ခွက်လက်ဆွဲ၍  လာလာသမျှ လူကို ဆီး၍ တောင်းရမည့် အဖြစ်ကို တွေးမိသောအခါ စိတ်ညစ် သွားလေ၏၊ အဘိုးကြီး နှင့် သားအမိတွေ အဘို့မူ မထောင်းတာလှ မိမိကား လက်နှစ်ဘက် ရှိသေး၏။
''ယောကျာ်း တွေနဲ့ တော်တဲ့ အလုပ်အကိုင် ကလေးများ ကော မရှိဘူးလားဗျ'' ပြန်လှည့်ပြီး ထိုသူအား မေးလိုက်ရာ-

''ရှိတာပေါ့'' ဟုဖြေလျက် တံတွေး ကို ကြမ်းပေါ်သို့ ပက်ကနဲ ထွေးချလိုက်ရင်း ဆက်လက်၍
'' လံခြား ဆွဲစားနိုင်သားဘဲ နေပူကြီး ခြစ်ခြစ်တောက်ထဲမှာ ပြေးဟယ် လွှားဟယ် တကိုယ်လုံး ချွေး တလုံးလုံး နဲ့ ပီး လူမရပြန်လို့ လူစောင့်ရင်း ရပ်နေရပြန်တော့ ရေခဲအင်င်္ကျီ ၀တ်ထား သလို တကိုယ်လုံး ဧလို့ စက်လို့ ကျုပ်တော့ လံခြား မဆွဲဘူး တောင်းစားမှာဘဲ'' ဟု ပြောကာ မကြားဝံ့မနာသာ တိုင်းထွာ လိုက်ရာ ၀မ်လန်းမှာ ဆက်မမေးတော့ဘဲ ရပ်လိုက်ရလေ၏။

သို့သော် ထိုသူ ပြောသည့်အလုပ်မှာ အလုပ်ကောင်းတခု ဖြစ်ရကား ၀မ်လန်းမှာ မိမိတို့သွားနေသည့် အရပ်သို့ မီးရထားဆိုက်၍ ဆင်းကြရသော အခါ အလုပ်အကိုင်တွက် ကြံစည် စိတ်ကူး ပြီးသား ဖြစ်နေ လေ၏၊ အဖေအိုကြီး နှင့် ကလေးများ အား အိမ်ကြီးတအိမ် ၏ အုဌ်ဝင်း ထရံကြီးနားတွင်  ဇနီးသယ် နှင့် ထားခဲ့လျက် ၄င်းမှာ ဖျာဝယ်ရန်ထွက်သွားလေ၏၊ ဈေးရှိရာကို တမေးမေး တစမ်းစမ်း နှင့် သွားလေရာ ပဌမသော် မိမိမေးလိုက်တိုင်း မာကျွတ်ကျွတ် ခပ်သွက်သွက် ပြန်ဖြေ ကြသည့် အောက်သားများ၏ စကားကို နားမလည်နိုင်အောင် ရှိလေ၏၊ အခါများစွာ လည်း မိမိ က မေးလိုက်သော စကားကို သူတို့က နားမလည် ဖြစ်ပြန်၏။

သို့ဖြင့် နောက်ဆုံး တွင် ဖျာယောင်းသော ဆိုင်သို့ ရောက်သွားလေ၏၊ ဖျာဆိုင်မှာ မြို့၏ အစွန်အဖျား တွင်ရှိလျက် ၀မ်လန်းသည် အဘိုးနားလည် ကျွမ်းကျင်နေသူတဦးကဲ့သို့ ပိုက်ဆံများကို ပစ်ချလျက် ဖျာလိပ် ကို ပိုက်ကာ ပြန်ကြလေ၏၊ အိမ်သားတွေ ထားခဲ့သောနေရာ သို့ ရောက်သွားသော အခါ အားလုံးပင် မိမိ အပြန် ကို ရပ်၍ စောင့်မျှော် နေကြသည် ကို တွေ့ရလေ၏၊ ၀မ်လန်းကို မြင်လျှင် ခလေးများမှာ ၀မ်းသာ အားရ ဖြစ်သွားသကဲ့ သို့ ဟစ်အော် ကြိုဆိုကြလေ၏၊ ၄င်းတို့မှာ မရောက်ဘူးသော နေရာဌာနတွင် ရင်ဖိုလျက် ကြောက်ရွံ့ထိတ်လန့်နေကြ ကြောင်းကို ၀မ်လန်း တွေ့ရလေ၏၊ အဘိုးကြီး တယောက်သာလျှင် ပတ်ဝန်းကျင် မြင်ကွင်း ဟူသမျှကို တအံ့တသြ ကြည့်လျက် ၀မ်လန်းအား-

''ကြည့်စမ်းဟေ့ ဒီအောက်သား တွေဟာ အသားကဖြူ အဆီကလဲ ရစ် ၀ကလဲ ၀သနဲ့ ကိုယ်တော့ ဒင်းတို့ တတွေ နေ့တိုင်း ၀င်သားဟင်း နဲ့ နှိပ်နေကြတယ်လို့ ထင်တာဘဲ'' ဟု ပြောဆိုလေ၏။
ကျောက်လမ်းမကြီး တလျှောက် သွားလာ လှုပ်ရှားနေသူ များကား မည်သူကမျှ ဂရုစိုက် ၍ ၀မ်လန်း တို့ လူစုကို လှည့်မကြည့် ကိုယ့်ကိစ္စ နှင့် ကိုယ် အလုပ်ရှုပ်ဗျာများ နေကြလေ၏၊ သူတောင်းစား များကိုမြင်လျှင် လှည့်မကြည့် ဘဲ သွားလေ၏၊

မကြာခဏ စပါးအိတ်များ အုပ်ခဲမျုား ခါးကျိုးလုမတတ် တင်လာသည့် မြည်း ၀န်တင်အုပ်ကြီး များသည် ၀မ်လန်းတို့ အနီးမှ ဖြတ်၍သွားလေ၏၊ ၄င်းတို့ကို မောင်းနှင်လာသူများ လက်ထဲတွင် ကြီးမားသော ကြာပွတ်ကြီး များ ကို ကို်င်လျက် နောက်ဆုံးမှ မြည်းတကောင် ၏ ကျောထက်တွင် စီး၍ လိုက်ပြီး ဖြောင်းကနဲ ဖြောင်းကနဲ ကြောက်ဖွယ် အသံကြီးကို ထွက်စေကာ ဟစ်အော် ရိုက်နှင်၍ သွားလေ၏၊ 

အဆိုပါ ကြာပွတ် ဆရာများ မှာ လမ်းဘေးမှ တအံ့တသြ ငေးမော ကြည့်ရှုနေကြသည့် လူစုအနီးသို့ ရောက်လာ သောအခါ ၀မ်လန်းအား စက်ဆုပ်ရွံရှာသလို မျက်နှာထား နှင့် ဂိုက်တင်းတင်း ကြည့်၍ သွားလေ၏၊ လေကို ခွင်းလျက် ဖြောင်းကနဲ မြည်လိုက်သော ၄င်းတို့၏ ကြာပွတ်သံကို ၀မ်လန်းတို့ လူသိုက်လန့်၍ ခုန်သည်ကို မြင်လျှင် သဘော ကျလျက် ရယ်စရာတခု လုပ်ပြီး ကျယ်လောင်စွာ ဟစ်အော် ရယ်မော၍ သွားကြလေ၏၊ ၀မ်လန်း မှာ တခါကနှစ်ခါ နှစ်ခါကသုံးခါ ဖြစ်သောအခါ စိတ်ဆိုးလျက် ၄င်းတို့ကို မကြည့်တော့ဘဲ တဲဆောက်ဘို့ နေရာကို ရှာဖွေ၍ နေလေ၏။

အုဌ်တံတိုင်းကြီး တခုကို ကပ်လျက် တဲအချို့ ထိုးထားပြီကိုတွေ့ရ၏၊ သို့သော် အုဌ်တံတိုင်းကြီး၏ အတွင်းဘက် ၌ ဘာရှိသည်ကိုမူ မည်သူမျှ မသိ၊ သိရန်လည်း လမ်းမရှိပေ၊ မွဲခြောက်ခြောက်နှင့် မြင့်မား ရှည်လျားစွာ တန်းနေသော အုဌ်တံတိုင်းကြီး၏ ခြေရင်းတွင် ဖျာတဲကလေးများသည် ကပ်၍ ထိုးထားရကား ခွေးတကောင် ကို ခွေးသန်းတွေ တွယ်နေသကဲ့သို့ ရှိလေ၏၊ ၀မ်လန်းသည် ဆောက်ထားသော တဲများကို ကြည့်ပြီး သူတို့ တဲအတွက် ဖျာများကို တဲပုံသဏ္ဍာန် ကွေးလိုက် ခေါက်လိုက် ရာထား၍ ကြည့်လေရာ ကြူဖျာများ ဖြစ်သောကြောင့် ချိုးမဖြစ်နိုင်အောင် မာကျော တင်းမာခံ၍ နေလေ၏၊၊

ထိုအခါ အိုလင်'' က ကျုပ်လုပ်နိုင်ပါတယ် ၊ ငယ်ငယ်တုံးက ဟာ သတိရ မှတ်မိပါတယ်" ဟုပြောပြီး ဖျာ များကို မြေကြီးရောက်အောင်  တဲကလေး တခု လူတစ်ယောက် ကောင်းကောင်းကြီး ၀င်နိုင်အောင် ဆောက် လေ၏၊ မြေကြီး သို့ ကွေးချ ထားသော ဖျာစ များ အတွက် အုဋ္ဌ်ခဲ များ ထပ်မံ အရှာခိုင်းပြန်လေ၏၊ တဲထိုးပြီး သွားသော အခါ ဖျာတချပ်ကို ခင်းလျက် ၀င်ထိုင် ကြလေ၏။

သို့ ၀င်ထိုင်ကြရာ မှ တစ်ဦးမျက်နှာ ကို တဦးကြည့်ကာ မနေ့ကပင် ကိုယ့်အိမ်ကိုယ့်ရာကို ပစ်လျက် ထွက်ခွာလာခဲ့ကြရာ ယခု ခရီးမိုင် ၁၀၀-ကျော် အဝေးသို့ ရောက်နေကြခြင်း ကို မယုံကြည် နိုင်အောင်ပင် ဖြစ်နေကြလေ၏၊ ထိုခရီးမှာ ခြေထောက်ဖြင့် လျှောက်ရလျှင် ရက်သတ္တပတ် ပေါင်း အတန်ကြာဦးမည် ဖြစ်လျက် သို့ လျှောက်ရင်းနှင့်ပင် လိုရာစခန်း မရောက်မီ သေကြဘို့ ရှိ၏။ သို့ဖြင့်  မိမိတို့ ရောက်ရှိနေသော နေရာမှာ အရာခပ်သိမ်း ပြည့်ပေါ ကြွယ်လျက် မြင်တွေ့ရသမျှသော လူတိုင်းပင် မိမိတို့ ကဲ့သို့ အငတ်ငတ် အမွတ်မွတ် ဖြစ်နေသူများ မဟုတ်ကြောင်းကို တွေ့ရသော အားတက် လာလျက် ၀မ်လန်း က "ကိုင်း အ၀စား တပဲ ဆန်ပြုတ်မဏ္ဍာပ် ကို ရှာကြရအောင်ဟေ့" ဟု ပြောလိုက်သည် တွင် အားလုံး ပေါ့ပေါ့ပါးပါး သွက်သွက် လက်လက် နှင့် ထကြလျက် တဲမှထွက်ခဲ့ကြ သည့်အခါတွင်လည်း ခလေးများမှာ အစာ တွေ့ရတော့ အံ့ ဟု လက်ထဲမှ ထမင်းပုဂံလုံးများကို တူများဖြင့် တဒေါင်ဒေါင် တီးခတ်၍ လိုက်ကြလေ၏။

အုဌ်တံတိုင်းကြီး ၏ မြောက်ဘက် အဆုံး မလှမ်းမကမ်း နေရာတွင် လမ်းတလမ်း ကို တွေ့လေ၏၊ ထိုလမ်းပေါ် တွင် ပုဂံတွေ ခွက်တွေ ကိုင်လျက် ဆံပြုတ်မဏ္ဍာပ် သို့ သွားလာနေကြ သူများအား တွေ့ရ လေရာ ဘာကြောင့် တံတိုင်းကြီးခြေရင်း ၌ တဲထိုး၍ နေကြသည်ကို ရိပ်မိ လာလေ၏၊ ဆံပြုတ်မဏ္ဍာပ် မှာ များစွာ မကွာဝေးလှသော ထိုလမ်းဆုံတွင် ရှိလေ၏၊ ၀မ်လန်းတို့ တစု သည် မဏ္ဍာပ် သို့ သွား နေကြည့်သူ များနှင့် ရောလျက် လိုက်သွားကြ လေရာ မကြာမီ လူတွေ တိုးဝှေ့ ၀င်ရောက် နေကြသော ကြူဖျာတွေ ကာထားသည့် မဏ္ဍာပ်ကြီး နှစ်ခု သို့ ရောက်သွားလေ၏။

မဏ္ဍာပ်များ၏ နောက်ဘက်တွင် ကြီးမားသော မြေမီးဖိုကြီး နှစ်ခုရှိလေ၏၊ ၀မ်လမ်း မှာ ဤမျှ ကြီးမားသော မီးဖိုကြီးများ ကို တစ်ခါမျှ မမြင်ဖူးပေ၊ မီးဖိုနှစ်ခု ပေါ်တွင် ရေကန်ကလေး တမျှ ကြီးမားသော ဆန်ဒယ်အိုးကြီး များကို တင်ထားလျက် သစ်သား စလောင်းဖုံးများကို ဖွင့်လိုက်သည့် အခါ တဘွက်ဘွက် ဘူးဘောင်း ထလျက် ဆူပွက်နေသော ဆံပြုတ်များ မှာ အငွေ့တထောင်းထောင်း နှင့် မွေးကြိုင်၍ သွားလေ၏၊ ထိုအနံ့ ကို ရသောအခါ လူများသည် ခွက်ကိုယ်စီ ကိုင်လျက် ဒလကြမ်း တိုးဝှေ့ကြလေရာ ခလေး တွေ လူနင်းခံရမည် စိုးသဖြင့် ခလေးအမေတွေကအော်၊ ခလေးတွေကငိုနှင့် ပွက်လော ရိုက် သွားလေ၏၊ ထိုအခါ ဒယ်အိုးစောင့်က " မတိုးကြနဲ့လေ သိပ်မတိုးကြနဲ့ အားလုံး တယောက်ပြီးမှ တယောက် လာကြပါ" ဟု အော်ဟစ် နေလေ၏။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Thursday, April 1, 2010

ဒဂုန်ခင်ခင်လေး၏ မြေပဒေသာ အပိုင်း (၁၆)

၎င်း၏အသံမှာ ဧဆေးတည်ကြည် ဣနြေ္ဒရလှပေရကား ၀မ်လန်း ဒေါသထွက်ထွက်နှင့် ပြောနေခြင်း ထက် ပို၍ ချက်ကျသွားလေ၏။ "မင်းတို့ တကယ်ဘဲ အောက်ကို သွားတော့မလို့လား" ဟု ၀မ်လန်း၏ ဦးလေး ဖြစ်သူက မေးလေ၏။

 နောက်ဆုံး၌ မျက်စိတဘက်လပ်နှင့် လူတွေ ၎င်းတို့အချင်းချင်းလှည့်၍ တိုင်ပင်ပြီးလျှင် "မင့်ဟာတွေက ဘာ အဘိုးတန်တာလိုက်လို့ ထင်းဆိုက်ပစ်ရမှာတွေ အားလုံး ဒင်္ဂါး ၂-ပြား ပေးမယ်ဟေ့ ရောင်းချင်ရင် ရောင်း မရောင်းချင်ရင် နေဟုပြောကာ သဘောကျ သွားသလိုဟန်ဖြင့် တဘက်သို့ လှည့်သွားလေ၏။ သို့သော် အိုလင်က ဧဧဆေးဆေး ပြန်၍"

ဒင်္ဂါး ၂-ပြား ဆိုတာ ကုတင်တလုံးဘိုး မှ မရှိဘူး ဒါပေမဲ့ ပိုက်ဆံပါရင် မြန်မြန်သာ ပေးခဲ့တော့ ပစ္စည်း တွေလဲ ယူသွားဟု ပြောလိုက်ရာ မျက်စိတဘက်လပ် ဆရာက အိတ်ထဲမှ ပိုက်ဆံကို နှိက်ပြီး အိုလင် လက် ထဲသို့ ထည့်လိုက်လေ၏။ ထိုနောက် အိမ်ထဲ ၀င်ကြကာ စားပွဲ၊ ကုလားထိုင် များနှင့် ၀မ်လန်းတို့ အိပ်ရာ များကို ဆွဲထုတ် ကြလေ၏။ အဘိုးကြီး၏ အိမ်ရာကုတင်များကို ယူရန် အခန်းထဲ သို့ ၀င်ကြသော အခါ ၀မ်လန် ၏ ဦးလေးသည် အပြင် နေရစ်ခဲ့လေ၏။

၎င်းမှာ အကိုဖြစ်သူ၏ အတွေ့ ကို မခံလို ထို့ပြင် အကိုဖြစ်သူအား အိပ်ရာပေါ်မှ ဆင်းစေ၍ ကြမ်းပေါ်၌ ချပြီး အိပ်ရာ ကုတင်များကို ယူထုတ်နေသည့် အချိန်တွင် အနီးမှ ရပ်ကြည့်မနေလိုပေ ထွန်ခြစ် ၂-ချောင်း ပေါက်ပြား ၂-လက် နှင့် ထွန်တုံးတခုမှ တပါး အခြား ပစ္စည်းများကို အိမ်တအိမ်ပြောင်းသွားသည်အထိ ထုတ်ယူ ပြီးသောအခါ အိုလင်က ခင်ပွန်းသည်အား ……….
"ကိုင်း ……. လက်ထဲမယ် ငွေစကလေး ၂-ပြားရှိတုံး အောက်အရပ်က ပြန်လာလို့မှ လေးဘက် ထောက်ဝင်စရာ မရှိအောင် အိမ်က ဆင့်တွေ ဒိုင်းတွေ ထုတ်တွေ မရောင်းရခင် သွားကြစို့ဟု ပြောလေ ၏။
ဝမ်လန်း ကလည်း "အေးသွားကြစို့လား"ဟု အသံလေးကြီးနှင့် ပြန်ပြောလေ၏။

သို့ပြောရင်း က လယ်ကွင်းများကို ဖြတ်လျက် ပစ္စည်းတွေနှင့် ပြန်သွားနေကြသော လူများ လှမ်းကြည့်ရင်း၊ "ငါ့မှာ လယ်တော့ ကျန်သေးတာဘဲ လယ်တော့ ကျန်သေးတာဘဲ"ဟု ပုတီးစိပ်သလို ပြောလေ၏။

တဆယ်

အိမ်တံခါး ကို ခိုင်ခန့်စွာဆွဲပိတ်လျက် သံကြိုးများဖြင့် တုပ်ချည်ခဲ့ရုံမှ တပါး ဘာမှ လုပ်စရာမရှိပေ၊ ရှိသမျှ အ၀တ်အစား ကလေးများမှာ ကိုယ်ပေါ်တွင် ၀တ်ဆင်ပြီးသား ရှိ၏၊ အိုလင်သည် ခလေးနှစ် ယောက် ၏ လက်ထဲသို့ ထမင်းစား ပုဂံလုံးတလုံးစီ နှင့် တူများကို ထည့်ပေးလိုက်ရာ ခလေး များသည် အစာကို ရရှိ တော့အံ့ ဟူသော အမှတ်ဖြင့် ပုဂံလုံးများကို တင်းကြပ်စွာ ဆုပ်ကိုင်၍ထားကြလေ၏။
သို့ဖြင့် လယ်များကို ဖြတ်လျက် အိမ်မှ ထွက်ခဲ့ကြလေ၏၊။

ပျင်းရိငြီးငွေ့ဘွယ် ဖြေးလေးစွာလှုပ်ရှား ရွေ့လှမ်းနေကြလေရာ မြို့တံခါးဝသို့ ဘက်တော့မှ ရောက်မည် မဟုတ် ဟုပင် ထင်ရလေ၀မ်လန်း သည် သမီးထွေးကလေးကို ရင်ခွင်တွင်ပိုက်လျက် လျှောက်လေ၏၊ သို့ လျှောက်ခဲ့ရာမှ လဲတော့မည် ဖြစ်နေသောဘခင်ကြီးကို မြင်လျှင် သမီးကလေး ကို အိုလင်အားပေးလျက် ဘခင်ကြီးအား ကုန်းးပိုး၍ ယိုင်တိ ယိုင်တိုင် လျှေက်ခဲ့လေ၏၊ အားလုံးပင်စကားမပြောဘဲ တိတ်ဆိတ်စွာ တရွေ့ရွေ့ လှမ်းခဲ့ကြလေ ရာ ၀သုန်နတ်ကွန်း ကို ကျော်လာခဲ့လေ၏၊ လေစိမ်းကမခံသာအောင် တိုက်နေလျက်၊ အအေးဓာတ် ကလွှမ်းမိုးရစ်သိုင်းလျက် ရှိနေစေကာမူ ၀မ်လန်းမှာ ပင်ပန်းခြင်း ချွေးရွဲ နေလေ၏၊ လေကား မညှာ မတာ မရပ်မနားတိုက်ခတ် ၍သာ နေလေရာ ခလေးများမှာ ချမ်းလွန်း သဖြင့် ငိုယိုမြည်တမ်း ကြလေ၏၊

သို့သော် ၀မ်လန်း က ချော့မော့လျက်။ ''မင်းတို့ဟာ အောက်အရပ်ကို သွားကြမဲ့ ခရီးသည်ကြီး နှစ်ဦးကွ၊ ဟိုမှာဆိုရင် ဒီမှာလို မချမ်းဘူး၊ နွေးလဲနွေးမယ် နေ့တိုင်းနေ့တိုင်းလဲ ထမင်းစားရမယ်၊ ဒို့တတွေ အားလုံး စားကြ ရမယ်'' ဟုပြောရလေ၏။

သို့ဖြင့် တဖြည်းဖြည်း နား၍ နား၍ လျှောက်ခဲ့ကြလေရာ အားချိန် မနှောင်းမီ မြို့တံခါးသို့ ရောက်လေ၏။ မြို့တံခါး ဥမင်လှိုင် ခေါင်းကြီးထဲမှ ပြေးထွက်လာသောလေမှာ ကျောက်တောင်ကျောက်တုံးများအကြားမှ ဒလဟော ကျနေသော စမ်းရေလိုဧမြလှပေရကား၊ ၀မ်လန်းမှာ သွားစေ့ပြီး ခိုက်ခိုက်တုံလာလေ၏၊ လမ်းများ မှာ ဘွက်ဖြစ်နေ လျက် လွန်ကဲသော အဧဓာတ် ကြောင့် ခဲ ကုန်သော ရေခဲစ တွေက ခြေဘ၀ါး ကို လှန်ချွန် များလို ထိုးလေရာ ခလေးများ မှာ မနင်းနိုင်တော့ဘဲ နောက်တွင် ကျန်ရစ်လေ၏၊ အိုလင် မှာလည်း သမီးကလေးကို ချီပိုးရင်း ကိုယ့်ခြေထောက် ကို ပင် ကိုယ် မသယ်နိုင်သော အခြေသို့ ရောက်လေ ၏။

ဝမ်လန်း သည် ကယိမ်း ကယိုင်နှင့် အဘေအိုကြီး အား ကုန်းပိုးပြီး တဘက်သို့ ရောက်အောင် ပို့လေ၏၊ ထိုနောက် ပြန်လာလျက် ခလေးများကို တယောက်ပြီး တယောက် သယ်ယူရပြန်လေ၏၊ လူအားလုံး တဘက်သို့ ရောက်ခဲ့သောအခါ ၀မ်လန်း၏ တကိုယ်လုံးသည် မိုးရွာချ ဘိသကဲ့သို့ ချွေးတို့ဖြင့်ရွှဲလေ၏၊ ရှိသမျှ အားအင်ကို အကုန်သွန်ထုတ်လိုက်သကဲ့သို့ ဖြစ်ရာ စိုစွပ်သောတံတိုင်း နံရံကြီးကို အသာမှီလျက် မျက်လုံး စုံမှိတ်ပြီး အသက်ဖုတ်လှိုက်ဖုတ်လှိုက်ပြစ်နေလေ၏၊

ကျန်လူများ ကား ၄င်း၏အနီး တွင် ဝိုင်းလျက် ချမ်းလွန်းသဖြင့် ခိုက်ခိုက်တုံနေကြလေသတည်း။
၎င်းတို့ ရောက်ရှိ နေသော နေရာကား ဟွမ်အိမ်ကြီး ၏ ၀င်းတံခါးနှင့် မလှမ်းမကမ်း နေရာတခု ဖြစ်လေ၏၊ သံတံခါးကြီး များ မှာ ခိုင်မြဲစွာပိတ်ထားလျက် တဘက်တချက် မှာ ကျောက်ခြင်္သေ့ရုပ်ကြီး နှစ်ခုမှာ မိုးတွေဝါး သဖြင့် မွဲခြောက်ခြောက်ဖြစ်နေလေ၏၊ အ၀တ်အစားစုတ်စုတ်ပြတ်ပြတ်နှင့် ငတ်ပြတ်နေကြသော ယောကျာ်း မိန်မအချို့ သည် ၀င်းပေါက်စတွင် မင်းတုံးချလျက် အခိုင်ပိတ်ထား သော ၀င်းတံခါးကြီး ကိုသာ ကသိုင်းရှု နေကြလေ၏၊

ဒုက္ခသည် တသိုက် ကို ခေါင်းဆောင်၍ လျှေက်လာနေသော ၀မ်လန်းကို မြင်သောအခါ တယောက်သော သူက။
''ဒီသူဋ္ဌေး ဟာ နတ်ဆိုး တွေလိုဘဲ အကြင်နာတရားဆိုလို့ နဲနဲကလေးမှမရှိဘူး ဒင်းတို့မှာ အခုထက်ထိစားဘို့ ဆန် ရှိသေးတယ်၊ ကျုပ်တို့တတွေ ငတ်နေတဲ့ အချိန် မှာ ဒင်းတို့က ဆန် ကိုမစားဘဲ အရက်တောင် ချက်နေ လိုက်ကြသေး'' ဟုဟစ်အော်ပြောဆိုလေ၏၊ အခြားတယောက်ကလည်း။

''တောက်… ကျုပ်သာ ခဏလောက် အားပြည့်လာရင် ၀င်းတံခါးရော အထဲကအိမ်တွေ အဆောင် တွေရော မီးရှို့ပစ်မှာဘဲ ကျုပ်ပါမီးထဲပါပြီး သေသေ'' ဟုပြောဆိုကာ ဟွမ်၏ အိမ်သူအိမ်သားများကို ကျိန်ဆဲ နေလေ ၏။

ဝမ်လန်း ကား ထိုသူများနှင့် စကားလက်ဆုံ ပြောမနေဘဲ အောက်အရပ်ဒေသ ဆီသို့ ဦးလှည့်၍ ငြိမ်သက်စွာ လျှောက်လေ၏။
နေ၀င် ဖြိုးဖျောက် လောက်တွင် မြို့တောင်ဘက် ဖျား ဆီသို့ ရောက်သွားလေရာ အောက်ပြည် အောက်ရွာ ဆီသို့ သွားနေကြသော လူအုပ်ကို တွေ့ရလေ၏၊ ၀မ်လန်းသည် ထိုည အတွက် အိပ်ရန် နေရာရှာရင်း လူအုပ်ကြီး ထဲ သို့ ရောက်သွားလေ၏။

''ဒီလူတွေ ဘယ်သွားနေကြတာလဲဗျ''
''ကပ်ဆိုက်လို့ဗျို့…. ကပ်ဆိုက်လို့ မိုးခေါင်ရေရှားနဲ့ ဒုက္ခကြီးရောက်ပြီး ကျုပ်တို့တတွေ အောက် ရပ်သွားကြမလို့ အခုအောက်အရပ်သွားမဲ့ ''မီးယဉ်'' ကြီးစီးရအောင်သွားနေကြတာ '' မီးယဉ်
 ဟိုအရှေ့ နားက အိမ်ကြီးကထွက်လိမ့်မယ်ဗျကျုပ်တို့လူမျိုးတွေအတွက် ပိုက်ဆံလဲသိပ်မပေးရဘူး ဗျ''ဟု တယောက်သော သူက ပြန်ပြောလေ၏။

''မီးယဉ်ကြီး'' အကြောင်း ကို ၀မ်လန်းသည် တခါက မြို့ကိုတက်စဉ် လဘက်ရည်ဆိုင် တဆိုင်၌ ကြားခဲ့ လေသည်၊ ''ယဉ်ကြီးတွေဟာ တခုနဲ့ တခုသံကြိုးနဲ့ ဆက်ထားသတဲ့ လူကလဲမဆွဲ နွားနဲ လဲ မရုန်းဘဲနဲ့ ခေါင်းက စက်ကြီးက နဂါး များလို မီးတွေ ရေတွေ စားပြီး အလိုလိုသွားသတဲ့'' ဟု လူအချို့ ပြောနေသံ ကိုကြားခဲ့ဘူးရာ အလုပ်အားလျှင် တခေါက်လောက်တော့ သွားကြည့်ဘူးတယ်ရှိအောင် ကြည့်အုံးမယ် ဟုအားခဲ ခဲ့၏၊ သို့သော် လယ်အလုပ်နှင့် မအားလပ်အောင်ရှိခဲ့သဖြင့် ထိုအကြံမှာ အထမမြောက်ခဲ့ပေ၊ '' ဆန်းတော့ အတော်ဆန်းတဲ့ဟာဘဲ ယုံစရာတောင်မရှိဘူး'' ဟု မီးရထားမမြင် ဘူးကြသူများမှာ ဆန်းကျယ် အံ့အော ဘွယ် တရပ် ဖြစ်နေလေ၏။

ဝမ်လန်း သည် အိုလင်ဘက်သို့ လှည့်၍။
'' ကိုင်း …. ဒို့လဲ မီးယဉ်ကြီး စီးသွားရအောင်လား'' ဟုပြောလိုက်လေ၏၊ ထိုနောက် အဘိုးကြီးနှင့် ကလေး များကို လူအုပ်ကြီး ထဲမှ တွဲယူထွက်လာခဲ့ကြပြီး တယောက် မျက်နှာကို တယောက်ကြည့် လျက် ရင်ဖိုကာ ထိတ်လန့် နေကြလေ၏၊ ဤသို့ ခေတ္တခဏ ရပ်နားနေစဉ် အဘိုးကြီးမှာ မြေကြီးပေါ် သို့ခွေခေါက် ကျ သွားလေ၏၊

ခလေးများ မှာလည်း ခြေတိုအောင် လျှောက်ခဲ့ရပြီဖြစ်၍ ဖုတ်တွေထဲတွင် ခြေကုန်လက်ပန်းကျကာ တုံးလုံး ပက်လက် လဲနေကြလေ၏၊ အိုလင်သည် သမီးထွေးကလေးကို ပွေ့ချီမြဲပွေ့ချီ၍ထားလေရာ ခလေး၏ ခေါင်းကလေးမှာ လက်မောင်းပေါ်မှ တွဲတွဲကျလျက် မျက်စိ မဖွင့်ဘဲ အသေလို ဖြစ်နေလေ၏၊ ဤ အချင်းအရာ ကို မြင်ရသော ၀မ်လန်းမှာ ထိပ်သို့ သွေးရောက် လျက်မွှန်ထူသွားပြီး။
'' ဟင် - ကလေး သေနေပလား'' ဟုအလန့်တကြား မေးမိလေ အိုလင်ကခေါင်းခါလျက်။

'' မသေသေးဘူး အသက်တော့ ဖုတ်လှိုက်ဖုတ်လှိုက် ဖြစ်နေပီ ဒီည သေမလားဘဲ ကျုပ်တို့လဲ''
ထိုနောက် စကားမဆက်နိုင်ဘဲ ချုန်းကျ အားလျောသော မျက်နှာဖြင့် ၀မ်လန်းအား ကြည့်နေလေ၏၊ ၀မ်လန်းကား ဆိတ်စွာနေလျှက် ဤပုံအတိုင်းသာ နောက်တနေ့ ဆက်လက် လျှောက်ရဦးမည်ဆို လျင် ထိုည သေဘို့သာ ရှိတော့ကြောင်း တွေးမိလျှက် အသံကို ရွှင်ပြနိုင်အောင် ကြိုးစားအားထုတ်ပြီး

''ကိုင်း - ထကြစမ်း ငါ့သားတို့ မင်းတို့အဘိုး ကို တွဲထူကြစမ်း ဒို့ မီးယဉ်ကြီးစီးပီး အောက်အရပ်သွား ကြမယ် ဟေ့'' ဟုကျိန်တံပြာ တို့လိုက်လေ၏။
ဤသို့ပင် ပြောဆိုလိုက်ရငြားလည်း ဆက်လက် လျှောက်နိုင်သို့ ကို မည်သူမျှမမျှော်လင့်၊ နုန်းခွေ၍သာ နေလေ၏။

ထိုခဏ၌ မှောင်ထဲမှာ နဂါးအော်သံ ကို တရှူးရှူးတရှဲရှဲမြည်လျက် မျက်လုံးကြီးနှစ်လုံးမှ ထန်လင်းသော အလင်းရောင်မီးတောက်ကြီးကို ထုပ်၍လာနေသော သတ္တ၀ါကြီး တကောင်ကို မြင်ကြလေရာ လူအများ သည် ငယ်သံပါအောင် ဟစ်အော်၍ ဦးတည့်ရာ ပြေးကြလေ၏၊ သို့ပြေးရင်း တဦးတဦး တိုးဝှေ့ ကြလေရာ ၀မ်လန်းတို့ လူစုသည် ရှေ့သို့တဖြည်းဖြည်း ညပ်ကာ ညပ်ကာ ပါသွားလေ၏၊
 
တဦးလက်ကို တဦး မလွှတ်ဘဲ မြဲစွာ ဆုပ်ကိုင် ဘမ်းတွယ် ၍ ထားလေ၏၊ သို့ဖြင့် မှောင်ထဲတွင် အုတ်ကြက် အုတ်ကြက် ဖြစ်လျက်၊ တဖြည်းဖြည်း ရှေ့သို့ ညပ်ပါသွားရာက သေးငယ်သော တံခါးပေါက် ကလေး တခုသို့ ရောက်သွားပြီးလျှင် အခန်းလိုလို သေတ္တာကြီး လိုလို တခုသော တွဲထဲ သို့ ရောက်သွား၏။ အသံကြီး မြည်လျက် တရွေ့ရွေ့ လှုပ်ရှားရွေ့လာကာ မီးရထားသည် မှောင်ထဲတွင် ဆက်လက် ခုတ်နှင် ခဲ့ လေ သတည်း။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

ဒဂုန်ခင်ခင်လေး နှစ်ပေါင်း (၆၀) အပိုင်း (၆၃)

ဝန်ကြီးချုပ်ဦးနုဘိတ်ကြားစဉ်က

ခါတိုင်းဆိုလျှင် လဲ မင်းပွဲ၊ စိုးပွဲများ၊ ဧည့်ခံပွဲများမှာ ကျမကို အမြဲတန်း ဘိတ်ကြားလေ့ ရှိရာ၊ ကျမ မသွား မရောက် ဘဲ နေခဲ့သည်မှာ ၄-၅နှစ် ခန့် ရှိပါပြီ။ ၄-၅နှစ် အထက်က ဆိုလျှင်တော့ ဘိတ်ကြား သမျှ အားလုံးကို မသွားစေကာမူ မလွှဲမကင်းသာသော နေရာများကိုတော့ တခါတရံ သွားခဲ့ဘူး ပါသည်။ သည့် နောက်ပိုင်း မှာတော့ အပျင်းပြေသွားလေ့ရှိသော မြင်းပွဲကိုပင် လှည့်မကြည့်ခဲ့သည်မှာ ၄-၅နှစ် ကြာပါပြီ။ ကျမ အတွက် နှစ်စဉ် ရရှိသော မြင်းပွဲဝင်ခွင့် တံဆိပ်ကလေးများ မှာ ပို့လာသည့် အတိုင်း စာအိတ်ထည်း မှာပင် ဖေါက်၍ မကြည့်မိတော့ဘဲ စာပွဲအံဆွဲထဲထိုးထည့် ထားခဲ့သည့် နှစ်ပေါင်းမှာလည်း ၄-၅နှစ်ထည်း သို့ စာရင်း ၀င်ခဲ့ပါပြီ။

သို့ ဘယ်ပွဲလမ်းသဘင်ကိုမှ မသွားခဲ့သော အကြောင်းရင်းမှာလည်း ကျမ မှာ ကျန်းမာရေး ချို့တဲ့လာ သည် တကြောင်း၊ ၀တ်ကောင်းစားလှ တွေ စိန်ရွှေတွေ ၀တ်ဆင်ပြီး လူသူပရိသတ် လေးပါးထည်း မှာ နေရ၊ ထိုင်ရ ဒါတွေ ကို အလွန်တရာ ငြီးငွေ့ ရွံရှာလာသည် တကြောင်း များကြောင့် ဖြစ်ပါသည်။

ထို့ကြောင့် မနက်ဖန် ၀န်ကြီးချုပ် အိမ်မှ ဘိတ်ကြားထားသော ဆွမ်းကျွေးပွဲသို့ မသွားမကောင်း သော်လည်း ဇွတ်ပေ ၍ နေမကောင်း ဘူးဆိုသော အနေနှင့်သာ နေလိုက်ပါသည်။ ခါတိုင်းလည်း နေထိုင်မကောင်း၍ ဘယ်မျှ မသွားသော အခံကရှိပြီးဖြစ်သောကြောင့် ကျမ မလာသည်ကို အထွေ အထူး တွေးထင်ကြဦးမည် မဟုတ်ဟု ယုံကြည်ပါသည်။

ဝန်ကြီးချုပ်အိမ်မှ ဆွမ်းကျွေးပွဲမှာ ဦးပဉ္စင်းကြီးတဦးထဲ သီးသန့်ကျွေးပါသည်။ အပြင်က ဧည့်သည် တွေလည်း များ များမပါ။ အစိုးရရှေ့နေချုပ်ကြီး  ဦးရန်အောင်၊ ယခု တရားလွှတ်တော် တရား ၀န်ကြီးချုပ် နှင့် အခြား ရင်းနှီးသူ အသိအကျွမ်း အနည်းငယ်သာ ပါဝင်ကြောင်းကို နောက်မှ သိရပါ သည်။ နောက် တနေ့ ဗမာ့ခေတ်သတင်းစာ မှာတော့ ၀န်ကြီးချုပ် ဦးနုက ဆွမ်းကျွေးပြီး သင်္ကန်း ကပ်လှူနေသော ဓာတ်ပုံ ဘလောက် နှင့် သင်္ကန်းဝတ် နှင့် အတော်ကြာ တရားအားထုတ် နေဦးမည် ဆိုသော သတင်းပါ ပါလာသည်ကို တွေ့ရသောကြောင့် ၀န်ခံချက် ရေးထားသော စာအတိုင်းပင် ဟုတ်လိမ့်မည်ဟု ထင်ခဲ့သည်။

အဖတ်ဆယ် မရတော့အောင် မှားယွင်းထားခဲ့သော ဒုစရိုက်များနှင့် ယခု သင်္ကန်းဆီးလျက် ကုသိုလ် ရေးဘက် အားထုတ်နေဦးမည်ဆိုသော ၀န်ခံချက်များကို ချိန်စက်ခါ ကျမစိတ်မှာ ၀မ်းနည်းဝမ်းသာ မီးစတဖက် ရေမှုတ်တဖက် ကိုင်ထားရသလို ဖြစ်နေပါသည်။ သည်အဖြစ်မျိုးတွေနှင့်သာ မကြုံကြိုက်ရ ပါက ကျွတ်ကျွတ်၊ လွတ်လွတ်ကြီး ၀မ်းမြောက်ဝမ်းသာ သာဓုအနုမော်ဒနာ ပြုစရာကြီးပင် ဖြစ်ပါသည်။ ယခုတော့ ကြည်လင်နေသော ကုသိုလ်စိတ်မှာ အမှုံနယ်တွေ နှောက်လာသလို ဖြစ်ရသည့်အတွက် ၀မ်းနည်း ပက်လက် ဖြစ်ရလေပြီ။ ဆွမ်းနှင့် သင်္ကန်း အလှူဒါယကာ ၀န်ကြီးချုပ် ခမြာလည်း ဒါတွေကို သိရှာဦး မည်မဟုတ်။ ကျမက ဟန်ကြီး ပန်ကြီး လုပ်ပြီး ၀န်ကြီးချုပ်က ဘိတ်တာတောင်မှ မလာရ ကောင်းလားဟု တွေးထင်ချင်လည်း ထင်သွားမည်။ ၀န်ကြီးချုပ်က မထင်သည်တိုင်အောင် အသိုင်း အ၀ိုင်း နှင့် အိမ်သူ အိမ်သားများက ထင်မြင်ယူဆချက်လည်း ထင်မြင် ယူဆပေလိမ့်မည်။

သို့ရာတွင် ဘယ်လိုလဲ ဘယ်သူက ထင်မြင် ယူဆသည်ဖြစ်စေ၊ ကျမက ဟန်ဆောင်ပြုံး ပြုံးနေရ မည့်ကိစ္စ ဆိုသမျှ ၌ ကျောက်ဆောင်ကြီး ခေါင်းပေါ်တင်ရွက်ထားရသည့်ထက် ၀န်လေးပင်ပန်းပါ သည်။ မနိုင်သော ၀န်ထုပ်ကြီး ကို ထမ်းရင်းမှ မဟန်နိုင်တော့ဘဲ ပေါက်ကွဲ ယိုင်လဲ သွားခဲ့လျှင် ပို၍ ပင် အရုပ်ဆိုးစရာ ဖြစ်လာ ပါမည်။

ထိုနေ့ နေ့လည် တနာရီကျော်လောက်ရှိသောအခါ ဗိုလ်ရန်နိုင်က ကျမကို တွေ့လို၍ အပေါ်ထပ် လာပါ ရစေဟု အပြောခိုင်းလျက်သည်။ ကျမက ဘာကိစ္စကြောင့် တွေ့ချင်သည်ကို ကြိုတင်၍ မရိပ်မိသေးပါ။ ဗိုလ်ရန်နိုင် မှာ နေ့စဉ် နေ့တိုင်းလိုဘဲ၊ ဘိလိယက်ခုံထည်းတွင် ရှိနေကြပြီ ဖြစ်ပြီး၊ အိမ်သားတပိုင်းလို လူဖြစ် နေပါသည်။ သူလာချင် လာပါစေဟု ပြန်ပြောလိုက်၍ ခဏကြာလျှင် ကျမ အခန်းထဲသို့ ၀င်လာပါသည်။ ကျမ ထိုင်နေသော နောက်မှီ ကုလားထိုင်အနီးရှိ ကုလားထိုင် တခုမှာ ထိုင်ဘို့ နေရာပေး လိုက်ပါသည်။

ရွှေပြည်ဧယပ်လွှဲ တရားဟောဆရာ


သူကပဲ အမကြီးနေမကောင်းဘူး ဆို၍ လာကြည့်ပါသည်ဟု စကားစလေသည်။ ကျမက နေမကောင်းတာ သက်သက် တော့ မဟုတ်ပါဘူး။ ဘာဖြစ်နေတယ်ဆိုတာ ဗိုလ်ရန်နိုင်တို့လဲ သိသင့် သလောက် သိနေကြပြီ မဟုတ်လားဟု ပြောသောအခါ သူကလဲ သိပြီးကြောင်း ၀န်ခံပါသည်။ ဗိုလ်ရန်နိုင်သည် ဘိလိယက်ခုံ အခန်း တွင် နေ့စဉ် တနေကုန် ကြူတံ ကိုင်နေသူ ဖြစ်သလို၊ ဗိုလ်မင်းခေါင် ကလည်း ဘိလိယက်ခုံထည်း တွင် တနေ့ မပြတ် လာရောက် ကြူတံ ကိုင်နေသူ ဖြစ်ပါ သည်။

သို့သော် ဗိုလ်မင်းခေါင်က အကြောင်းကိစ္စရှိမှ အိမ်ထည်းလာသူဖြစ်၍ ဗိုလ်ရန်နိုင်ကတော့ အိမ် အောက်ထပ် မှ အိမ်သား တပိုင်းလို ဖြစ်နေ၍ တံခါးမရှိ ဒါးမရှိ ၀င်ထွက်နေသူ ဖြစ်ပါ၏။ သို့သော် အပေါ်ထပ် ကိုတော့ ဒီတခါဘဲ အခွင့်တောင်း ၍ တက်လာခဲ့သူ ဖြစ်ပါသည်။ သူက အတွင်း မီးတောက် နေကြသော အကြောင်းများ ကို စ၍မေးသည်၊ သို့သော် သူသည် ယောက်ျားချင်းဖြစ်၍ ကျမထက် အချိန်ကာလ အရင်ဦးစွာက ကြားသိနေပြီး ဖြစ်ပေလိမ့်မည်။ ယခု မေးစမ်းမှု မှာလည်း သူက အတွင်းကျကျ ဘာမှ မသိရသေးသော အနေမျိုးနှင့် မောင်ငယ်တဦးက အမကြီးအား မေးသလို အကြောင်းအရာ အသေးစိပ် တို့ကို စတင်မေးလေသည်။

သူက ကျမထက် ပိုသိ နေပုံရသော်လည်း ကျမသိရသလောက် ထောက်မှီ၊ လှမ်းမှီ သိရှိရသော ကိစ္စတခုစ၊ နှစ်ခုစ လောက်ဘဲ အစဖေါ်၍ ပြောပြလိုက်ပါသည်။ သည့်နောက် ပါတနာ ကလိန်ကျ ထားသော ကိစ္စ အနည်းငယ် နှင့် အိမ်တွေ ယာတွေ နေရာအနှံ့ ဆောက်လုပ် ပေးထားသော သိရပြီး သမျှကို ပြောပြ လိုက် ပါသည်။

ဒီအသက်အရွယ် ဒီဂုဏ်သိက္ခာနှင့် မအပ်စပ်သော မရှင်းမလင်း မိန်းမတွေကို ကျူးလွန် ဆက်သွယ်နေမှု အပြစ်ကြီး တွေအတွက်က အဆိုးဆုံး ဖြစ်ကြောင်း၊ သည်ကိစ္စများကို ယခုလို လူ့ဘ၀၏ အမြင့်ဆုံး တက် နေသော ရဟန်းဝတ်နေသည့် အချိန်အခါ ရောက်မှ ပေါ်လာရသဖြင့် ရှက်စရာ ၀မ်းနည်းစရာ အလွန် ကောင်း နေကြောင်း ပြောပြလိုက်ပါ သည်။ သူက ဟုတ်မည် မထင်ကြောင်း ခံငြင်းပါသည်။

ခံငြင်းရုံ မက သူတပါးက အထင်လွဲအောင် မကောင်းကြံခြင်း ခြေထိုးခြင်း ဖြစ်ပါလိမ့်မည်။ အမကြီး ကိုယ်တိုင် အကောင်အထည်နှင့် မျက်မြင် ကိုယ်တွေ့မဟုတ်လျှင် မယုံကြည်စေချင်ကြောင်း ပြောပြန် ပါသည်။ ကျမက သိရှိရသမျှ ခိုင်လုံ ကြောင်း၊ ဆင်းရဲနွမ်းပါး၍ ကျမအရိပ်အောက်ခေါ်ယူ ပြုစု စေခိုင်း ထားခဲ့ဘူးသော အခြေအနေမဲ့သူ လင်ရှိလင်မဲ့မှအစ မိန်းမ ၃-၄ယောက်မှာ ရန်ကုန်မြို့၌ အိမ်ပိုင်၊ ယာပိုင် အတည် တကျ နေနိုင်သည် အထိ ထားနေသေးလျှင် ကျမနှင့် လက်လှမ်း မမှီသော မိန်းမ တွေလည်း မည်မျှ များပြားနေဦးမည် မသိကြောင်း၊ သည်အရှုပ် အထွေးများကြောင့်လည်း လှုရေး တန်ရေးအတွက် အရှုပ် အထွေး ညစ်ပတ်မှုများ ရှိမလာမှီ သတ်မှတ်ခွဲခြား လှူဒါန်း ထားခဲ့လို၍ အစီအစဉ်များ ပြုရတော့မည် ဖြစ်ကြောင်း ပြောပြပါသည်။

ဒါကိုဘဲ ဗိုလ်ရန်နိုင်က လက်မခံနိုင်ဘဲ အတင်းနားချနေပြန်ပါသည်။ ဒီလိုလုပ်ခဲ့လျှင် လူတွေသိကုန် ပါမည်။ ကြီးပွား နေသည်ကို မလိုလားသူ၊ မနာလိုသူတွေ ဒီကိစ္စကြားလျှင် ၀မ်းသာအားရ ဖြစ်ကုန် ကြပါမည်။ သည် တော့ ဘာဘဲဖြစ်ဖြစ် အပြစ်တွေ သီးခံပြီး ဟန်မပျက် ယခင်ကလိုဘဲ ဆက်လက် နေထိုင်သွားကြဘို့ ဇွတ်တိုး ၍ ဖျောင်းဖျနေသည်။

ဝါဒချင်း မတူ အကျင့်စာရိတ္တ ဖောက်ပြန်ရုံ မက ကောက်ကျစ် စဉ်းလဲမှု တွေကိုပါ ပြုလုပ်ရုံမက ကောက်ကျစ် စဉ်းလဲမှု တွေကိုပါ ပြုလုပ်နေသူ ဖြစ်သည်။ ရှေ့ဆက် အတူနေရန် မဖြစ်တော့အောင် ဖန်တီး လာသူမှာ သူသာလျှင် ဖြစ်၍ မလိုသူတွေ ၀မ်းသာအောင် လုပ်လာသူ မှာလည်း သူဘဲ ဖြစ်သည်၊ ဘယ်သူမပြု မိမိမှုသာလျှင် ဖြစ်၍ သူ့အပြစ်ကိုလည်း ၀န်ခံပြီး ဖြစ်သည်။ သို့အတွက် ဗိုလ်ရန်နိုင်ကြားဝင် တောင်းပန် နားချနေခြင်းမှာ မလိုတော့သော အခြေအနေ ရောက်နေပါပြီ၊ သည်စာများကိုလည်း ဘတ်၍ ကြည့်ပါ၊ ကာယကံရှင်က ဖြောင့်ချက် ပေးပြီးသား ဖြစ်ပါလျက် သက်သေခံမည့် လူက ဗူးတလုံး ဆောင်နေ စရာ မလိုတော့ကြောင်း ပြောရတော့သည်။ ဗိုလ်ရန်နိုင် သည် ယခင်ဖေါ်ပြပါစာ ၆-မျက်နှာကို ဘတ်ကြည့်ပြီး သောအခါ ခေါင်းမာစွာနှင့် ရွှေပြည်အေးယပ် လှဲ တရားကိုဘဲ ဇွတ်အတင်း ဆက် ဟောပြန် ပါသည်။

အနှစ် ၂၀-လုံး ယနေ့ ဒီအခြေအနေ ရောက်အောင် လောကီလောကုတ္တရာ ကောင်းကျိုးရှာမှုမှာ အမကြီး ကတောင်ထိပ်ဖျား အထိ အတူတွဲခေါ် တက်ရောက်လာခဲ့ပြီးမှ အမြင့်ဆုံးတောင်ထိပ် မှ နေပြီး ချောက်ထဲသို့ တွန်းမချ ဘဲ ကာယကံရှင် ကိုယ်တိုင်က တဇွတ်ထိုး ခုန်ချခဲ့သည်ကို အကာ အကွယ်ပြုကာ တရား ဟော ပါသည်။

လင်ငုတ်တုတ်နှင့် စေတနာ့ဝန်ထမ်းတွေ ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>