Thursday, February 18, 2010

ငယ်ဘဝများ (၁၆) နှင့် ရွှေစင်ဦး မူးသွားခြင်း အပိုင်း (၅)

ဒီနေ့တော့ ကျနော် မူးသွားခြင်း ကို တော်လောက်ပြီ ဆိုပြီး တခြားခေါင်းစဉ် တခုပြောင်း တော့မလို့ဗျ......၊  မမေဓါဝီ ကြိုက်တဲ့ အညာဟင်းလေး ချက်မလို့..၊ ဟင်းစပ်တောင် စီစဉ် ပြီးပါပြီ..၊ ဒီနေ့ မရမ်းသီးထောင်း၊ ခဝဲသီး နဲ့ မှို နဲ့ရောချက်တယ်ဗျ..အရေသောက်လေး.. ပြီးတော့ ဝက်သားချက် ...၊ နောက်မှ ကျနော် သေချာ ချက်ကျွေးပါမယ်..၊ ဒါပေမဲ့ ညီမငယ် Jasmine က ဒီလောက်မူးတာနဲ့ မကျေနပ်သေးဘူး ဂျွမ်း ပြစ် တဲ့ အထိမှ ဆိုတော့ ချန်ထားခဲ့ ရင် မကောင်းပါဘူး.. စမိမှတော့ မထူးပါဘူးဆိုပြီး.. ပြီးဆုံးတဲ့ ထိ ရေးရ တာပါ...၊

ကျနော့် နေရာမှာ ယောက်ကျားလေး တယောက်သာ ဖြစ်ရင် ဒီမူးသွားခြင်း ဆိုတာ ဘာမှ ဆန်းကျယ်မှာ မဟုတ်ပါဘူး.. ဒါပေမဲ့ ကျနော်က မိန်းမ တယောက် ဖြစ်နေတော့.... ကျနော့် ကို ဆိုးလိုက်တာ ဆိုပြီး စိတ်ကုန် သွားမှာလည်း ကြောက်သေးတယ်ဗျ...၊ နောက်ပြီး ချစ်ညီမ ကလည်း ခင်ဗျားဟာ အရှက် ကိုမရှိဘူး ဆိုပြီး.. ပြောနေပြီ... ဒါပေမဲ့ ကျနော်ကလည်း စ မိမှတော့ ဆုံးခန်းတိုင် ရောက်ချင်တာ နဲ့ ဆက်ရေး ဖြစ်တာပါ..။

ကျနော် ရဲ့ my grandpa  ထဲမှာ ကျနော် အဖိုး အကြောင်း ရေးထားပါတယ်.၊ ကျနော် အချစ်ဆုံး ပါ..၊ ကျနော့် အဖိုးက ဘုန်းကြီးပါ..၊ အလုပ်က ပင်စင်ယူပြီး ကထဲက ဘုန်းကြီးဝတ်သွားတာပါ...၊ ကျနော် လူမှန်းသိတတ်စ ကထဲက ဘုန်းကြီးဝတ်နဲ့ ပါ..၊ ဆုံးသွားတဲ့ အထိ နှစ်ပေါင်း ၂၀ ကျော် ဘုန်းကြီးဝတ်နဲ့ နေသွားပါတယ်..၊ အသက် ၅၀ ကျော် လောက်ကနေ ဆုံးသွားတဲ့ အထိ နှစ်ပေါင်း ၃၀ ကျော် သတ်သတ် လွတ် စားသွားပါတယ်...။

ကျနော် ကလည်း ကျနော့် အဖိုး ကို တအားချစ်တယ်..၊ မြေးအကြီးဆုံး လည်း ဖြစ်တယ် ဆိုတော့ ကျနော်ဟာ ဘုရားတရား နဲ့ ပတ်သက်ရင် ကျနော့် အဖိုးရဲ့ သွန်သင် ဆုံးမမှု့ကို အခံရဆုံးပါ...၊ ငါးပါး သီလ ဆိုရင် ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။ သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ် ပါ၏.. လို့ ဆိုရတဲ့ အပြင် သူ့အသက်သတ်ခြင်း ကို အားပေးအားမြှောက်ပြု ခြင်း...၊ ဝမ်းမြောက်ဝမ်းသာ ဖြစ်ခြင်းမှ ရှောင်ကြဉ် ပါ၏ လို့ပါ အဆစ်ထဲပြီး ဆိုခဲ့ရပါတယ်..။

ဒီလိုဘဲ သုရာမေရယ မဇ္ဇပ္ပမာဒဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။ မူးရစ်စေတတ်သော ဘိန်းကင်း ကဇော် လှော်ဇာ အရက် တို့ကို ရှောင်ကြဉ် ပါ၏..၊ အားပေး အားမြှောက် ပြုလုပ်ခြင်း.... ရောင်းဝယ် ဖောက်ကား ခြင်းကိုလည်း ရှောင်ကြဉ် ပါ၏.. ဆိုပြီး တသက်လုံး ရွတ်ဆိုခဲ့ရပါတယ်..။ ကျနော် အလုပ်တခု လုပ်ပြီဆိုရင် အဖိုးရဲ့ ငါးပါးသီလ နဲ့ လွတ်ကင်းရဲ့လား ဆိုပြီး အမြဲတန်း စဉ်းစားခဲ့ပါတယ်..၊ 

ကျနော် ငယ်ငယ်က ကြယ်နီရဲ့ ကိုတံငါ ဝတ္ထု ကို အရမ်းကြိုက်ပါတယ်..၊ ဒါပေမဲ့ စာအုပ်ဖတ်ပြီး ... ကျနော့် သီလ များပျက်ပြီလား ဆိုတာ စဉ်းစား ခဲ့ပါသေးတယ်..၊ ငါးဖမ်း တာတွေ ပါနေတဲ့ အတွက် ငါးတွေ ဖမ်းမိပြီ ဆိုရင် ကျနော်လည်း ထပ်တူထပ်မျှ ဝမ်းသာ ခဲ့ တဲ့ အတွက် ငရဲကြီးမှာ ကြောက်ခဲ့တာပါ..၊ နောက်ပြီး လိမ်ညာ ပြောဆိုခြင်း ကိုလည်း  တသက်လုံး အသေးအဖွဲ ကစပြီး တတ်နိုင်သလောက် အခုအချိန်ထိ ထိန်းသိမ်း ခဲ့ပါတယ်..။

နှစ်ပေါင်း များစွာ ဘုရားစာတွေကို နေ့စဉ်မပျက် ရွတ်ဖတ် ပူဇော်ခဲ့ပါတယ်..၊ နောက်ပိုင်း နှစ်များမှာတော့ ရွတ် ရင် အရွတ် ဘဲရမှာ ဆိုပြီး meditation လုပ်ခြင်းသာ ဗုဒ္ဓ ရဲ့ အနှစ်သာရ အစစ်အမှန် ဆိုပြီး ရွတ်ဖတ်ခြင်း ကို နားလိုက်ပြန်တယ်.. ၊ အခု တော့ ကျနော် ဟာ အရွတ် လည်း မရ အသား လည်း မရ နဲ့ ဒုက္ခလမ်းကြောင်း ပေါ်မှာ လျှောက်နေတဲ့ သနားစရာ ရွှေစင်ဦး ပါ..။

ကျနော် ဟာ တခါတလေ ဘဝကို အရွဲ့တိုက် ချင်တဲ့ စိတ်တွေ ရယ် ပင်ကိုယ် သဘာဝကိုက ယောက်ကျား မိန်းမ ခွဲခြား တာကို မကြိုက်တာရယ် ယောက်ကျား တွေကြ လုပ် ငါတို့ မိန်းမ တွေကြ မလုပ်နဲ့ ဆိုတဲ့ သဘာဝ တရားကြီး ရဲ့ မတရားတာကို မကြိုက်တဲ့ စိတ်တွေရယ်..၊ ပင်ကိုယ် ဓါတ်ခံ ကို က မကောင်းတဲ့ အတွက် ရယ် ကြောင့် သီလ ကို ချိုးဖောက်မိပါတယ်..၊ မသိလို့လုပ်တာ မဟုတ်ဘဲ သိသိကြီးနဲ့ မကောင်းမှု့ကို ကျူးလွန်ခဲ့ပါတယ်..။

ကျနော် လုပ်တာတွေကို အပျော်အနေနဲ့ စာဖတ်သူ တို့ဖတ်စေချင်လို့ရေးခဲ့တာပါ..၊ သီလ ချိုးဖောက် တာဟာ လုံး၀ မကောင်း ပါဘူး..၊ ဒါတွေ အပြင် လူဟာ မူးသွားရင် ဘာကိုမဆို ကျူးလွန်ဘို့ ဝန်မလေး တော့တဲ့ အတွက် လက်တည့် စမ်းကြည့် ဘို့ကို မကောင်းတဲ့ အရာပါ..။

အခု ကျနော့် သားသမီးများ ဟာ သင်္ကြန်သီချင်း တွေ တောက်လျှောက်ဖွင့် နေကြတယ်.. ကျနော် ကလည်း သင်္ကြန် အကြောင်းရေးမှာ ဆိုတော့ ပို အဆင်ပြေသွားတာပေါ့ဗျာ..။

တခုသော သင်္ကြန်မှာပေါ့ ဗျာ.. ကျနော့် နဲ့ ချစ်ချစ်ကြီး ရဲ့ ၁၁ နှစ်တာ ချစ်ခရီး အဆုံးမသတ်ခင်ပေါ့..၊ ကျနော့် ငယ်သူငယ်ချင်း (ဖေဖေ က ပေါင်းတာ မကြိုက်တဲ့ သူငယ်ချင်း.၊ ကျနော် ကလေး ကထဲက ပေါင်းခဲ့တဲ့ သူငယ်ချင်း ပါ) က မင်္ဂလာဆောင်တယ်.. တီးဝိုင်း တခု က ဂစ်တာ သမား အဆိုတော် တယောက်နဲ့ပါ...၊ သူငယ်ချင်း တို့ရဲ့ ဝတ္တရား ရှိတဲ့ အတိုင်း အကုန်လိုက်လုပ်ပေးခဲ့ပါတယ်...၊ သူတို့ မင်္ဂလာ ဆောင်ပြီး သိပ်မကြာ ပါဘူး.. သင်္ကြန်ရောက်ပါတယ်...။

ကျနော့် ချစ်ချစ်ကြီး စီမှာ ဂျစ်ကား တစီးရှိပါတယ်..၊ သင်္ကြန် ဆိုရင် ချစ်ချစ်ကြီးက ဘယ်တော့မှ ကားနဲ့ မလည်ရပါဘူး အန္ဒရာယ် များတဲ့ အတွက်ပါ..၊ သူ့မှာ ညီ ၂ယောက်ရှိပါတယ်.. အလတ်က အဏ္ဏဝါဇီဝ ဗေဒနဲ့ မော်လမြိုင်တက္ကသိုလ် တက်နေပါတယ်.. အငယ်က ရန်ကုန် RIT တက်နေတာပါ..။

အဲဒီနှစ်က သူ့ ညီ၂ ယောက်က လည်း လည်ချင်တယ်..၊ ကျနော် ကလည်း လည်ချင်တယ်..၊ ကျနော့် သူငယ်ချင်း ရခါစ လင်မယား ၂ယောက်ကလည်း လည်ချင်ပါတယ်..၊ အဲဒီတော့  ချစ်ချစ်ကြီးကို ရအောင်ပြောဖို့ရာ ကျနော့် တာဝန်ပေါ့ ... လွယ်ပါတယ်ဗျာ.. ခွင့်ပေးပါတယ်..၊ ဒါပေမဲ့ သူတော့ မလိုက်ဘူးပေါ့...၊ သူ့ ညီအလတ်က ကားမောင်းပေါ့ ..၊ ကျနော့် သူငယ်ချင်း ရခါစ လင်မယားနဲ့ သူငယ်ချင်း ၄-၅ ယောက်က ဆီထည့်ပြီး အားလုံး လျှောက်လည် ကြပါတယ်..။

ကားပေါ်မှာ ကျနော့် ညီမအလတ် ရော သူ့ညီ ၂ယောက်ရော ပါပါတယ်..၊ သူ့ညီ ၂ယောက်ကလည်း သူတို့အိမ်ထုံးစံ အတိုင်း ချစ်ချစ်ကြီး ကို အတော်ကြောက်ရပါတယ်..၊ ကျနော် တို့ ဟာ လျှောက်မလည်ခင် ချစ်ချစ် ကြီး ရဲ့ သြဝါဒ စကားကို တနာရီ လောက် နားထောင်ပြီးမှ သွားခွင့်ရပါတယ်...၊

စထွက် ကထဲက သူ့ညီအလတ်က ကားကို ဖြေးဖြေး မောင်းတာပါ. ..... ဒါပေမဲ့ ကျုံးထိပ် အရောက်မှာ ဆိုက်ကား တစီး နဲ့ ညိသွားပါတယ်..၊ ဆိုက်ကား ဆရာက လူတော့ ဘာမှ မဖြစ်ပါဘူး.. ဒါပေမဲ့ လျော်တော့ လျော်လိုက်ရပါတယ်..၊ အဲဒီမှာ သူညီကလည်း သူ့အကို ဆူမှာကြောက်ပြီး စိတ်ညစ်သွားဟန် တူပါတယ်..၊ မျက်နှာငယ် လေးနဲ့ပါ..။

ကျနော် ကလည်း စိတ်တော့ ညစ်သွားပါတယ်.. ဒါပေမဲ့ သိတယ်မဟုတ်လား..၊ လွယ်လွယ် တော့ ဘယ်အရှုံး ပေး မလည်း ကဲ.. ကိုလတ် ရေ ဖြစ်ပြီးသွားပြီ ပျော်ပျော်ဘဲနေပါ.. မှားတာ ကလည်း ဆိုက်ကား ဆရာက မှားတာပါ  အပြစ် မရှိပါဘူး ဆိုပြီး ဆက်ပြီး လည်ကြတယ်ဗျ....။

ထုံးစံအတိုင်းပေါ့ လူငယ်တွေ အခင်ဆုံးသူငယ်ချင်းတွေ ဆိုတော့ အားလုံး ပျော်ပျော်ပါးပါး ပါဘဲ.. လည်ရင်းလည်ရင်းနဲ့ .... ရိုးရိုး ပျော်ရုံတင် မကတော့ဘူး..ဆန်းချင်လာပါတယ်..၊ အဲဒီအတွက် ကားပေါ်မှာ ပါတဲ့ ကျနော့် သူငယ်ချင်း တွေ က.. ဘီယာ တွေ အရက်တွေ ဝယ်ပါတယ်....၊ချမ်း လည်း ချမ်း ပျော်လည်း ပျော်ဆိုတော့ ကျနော် လည်း တခွက်  မက သောက်ခဲ့ ပါတယ်..။

ကျနော် သောက်တဲ့ အပြင် ချစ်ချစ်ကြီး ရဲ့ ညီ၂ယောက် ကိုလည်း တိုက်ခဲ့ပါတယ်.. ကားမောင်းတဲ့ ညီကိုလည်း စိတ်မညစ်အောင် ဆိုပြီး တိုက်ပါတယ်.. သူ့အကို ကို ကျနော် ပြောမယ်  ဆိုပြီး အတင်း တိုက် တာပါ..၊ တကယ် ဆို ကားမောင်းတဲ့ လူဟာ မမူးရပါဘူး ..၊  ကျနော့် မှာ စဉ်းစား ဉာဏ် မရှိ တော့ပါဘူး.. ကိုယ် သောက်ရုံတင် မကပါဘူး သူများ ပါ မြှောက်ပေး ခဲ့ပါတယ်.. မသောက်မချင်း စိတ်မကျေနပ် ပါဘူး.. အဲဒါ ရစ်ခဲ့ တာပေါ့ဗျာ.. ။

နောက်ပြီး သူ့ညီ အငယ် ကိုလည်း အလွတ်မပေးပါဘူး....သောက်ခိုင်းပါတယ်.. တကယ်ဆိုရင် အဲဒီညီက  လိမ္မာပါတယ်.. ဆေးလိပ် အရက် ကွမ်း ဘာမှ မလုပ်ပါဘူး.. အခုထိလည်း ဒီအတိုင်းပါဘဲ.. ကျနော် ရစ် လို့ အဲဒီနှစ်က သူသောက်ဖူးသွားပါတယ်..။

အဲဒီ အတွက်လည်း အခုထိဘဲ ပြောလို့ မပြီးပါဘူး.. သူ့ ဘဝမှာ အဲဒီနှစ်က သင်္ကြန်မှာ လည်ခဲ့ ရတာ အပျော်ဆုံးဆိုတာကိုပေါ့..၊ အဲဒီတုန်းကလည်း သူ တကယ် ပျော်ခဲ့တယ် ထင်တယ်.. ရေပက်ခံ မဏ္ဍပ်တခု ရောက်တိုင်း ကားပေါ်ကနေ အောက် ဆင်းဆင်းပြီး က ပါတယ်..၊ အမြဲတန်း လူစစ်ရင် သူ ကျန်ခဲ့တာ ကြီးဘဲ.. ၊ ဒါပေမဲ့ ဒါတွေဟာ ကံကောင်းလို့ ဘာမှ မဖြစ်ခဲ့ တာတွေပါဘဲ.. ကံမကောင်းရင် နောက်ဆက်တွဲ ပြသာနာ တွေ အများကြီး ဖြစ်နိုင်ပါတယ်..၊ ..........ရွှေစင်ဦး ဟာ အဲဒီလို မကောင်းခဲ့ပါဘူး..မူးသွားတဲ့ အတွက်  အဲဒီလို အမှားအမှန် မသိဘဲနဲ့ ရစ်ခဲ့ ပါတယ်..။

နောက်ပြီး ကျနော်ရဲ့ အတိုင်းအဆ မရှိ သောက်ခဲ့တာကြောင့် လမ်းမှာ အမူးလွန်ပြီး အိပ်ပျော်သွားပါတယ်..၊ ကျနော် သတိပြန်ရလာတော့ ကားက အိမ်ရှေ့ပြန်ရောက်နေပါပြီ..၊ ကျနော်လည်း မျက်ထောက်နီ ကြီးနဲ့ ကြည့်နေတဲ့ ဖေဖေ ကို မသိချင်ယောင်ဆောင်ပြီး အမြန်ရေချိုးပြီး အိပ်လိုက်တာ ညနေစောင်းမှ နိုးလာပါတယ်..။

ကဲ သင်္ကြန်မှာ မူးပြီး ရစ် ခဲ့တာတော့ အဲဒီ သင်္ကြန် တနှစ်ထဲနဲ လမ်းဆုံးသွားပါပြီ.. ဖတ်ချင်တဲ့ ညီမငယ် များလည်း ကျေနပ်ကြပါတော့..
ကျနော်လည်း အမှာစာလေး ရေးပေးလိုက်ပါမယ်.. ငါပြောသလိုလုပ်.. ငါလုပ်သလို မလုပ်ပါနဲ့ တဲ့ .....

လေးစားစွာဖြင့်
စာရေးသူ-ရွှေစင်ဦး
.
>>>ဆက်ဖတ်ရန်>>> >>

မြန်မာပြည်၏ ဟယ်လင် အပိုင်း (၁၈)

ကျွန်မ မေမေနှင့်ဖေဖေတို့တစ်တွေ အပင်ပန်းခံလာသမျှ ထိုသို့ လိုက်လျောလိုက်ခြင်းကြောင့် လူအများ၏ ကဲ့ရဲ့ လှောင်ပြောင်ခြင်းကို ခံရဖွယ်ရှိပါသည်။ ပို၍ဆိုးရွားသည်မှာ ငွေမက်၍ လိုက်လျောသည် ဆိုပါက သစ္စာ ဖောက်ခြင်းနှင့် အတူတူပင် ဖြစ်သွားခဲ့ပါသည်။

ကျွန်မဘက်က တင်းလွန်းသဖြင့် အဆင်မပြေ ဖြစ်သွားခဲ့ပါသည်။ လိုက်လျောလျှင် ကျွန်မအား တစ်လ လခငွေ ၃၀ ဖြင့် အလုပ်ခန့်မည်ဖြစ်ပါသည်။
အဓိဌာန် ချထားသော ကျွန်မ၏မျက်နှာကို မြင်တွေ့နေရသဖြင့် သူသည် ကျွန်မခေါင်းမာနေပုံကို ရိပ်မိပြီး စကားပြောင်း လိုက်ပါသည်။
'' မင်းကို တွေ့ချင်နေတဲ့လူ တစ်ယောက် အပေါ်ထပ်မှာ ရှိတယ် စစ္စတာ ဒေါ်ခင်ကြည် လေ'' ဟုပြော ပါသည်။

မမျှော်လင့်သော သတင်းကို ကြားရ၍ ၀မ်းသာသွားခဲ့၏။ တစ်ချိန်သောအခါက လောကနိဗ္ဗာန် အလား ပျော်စရာ ကောင်းလှသော ရန်ကုန်မြို့တွင် ကျွန်မတို့နစ်ဦး သူနာပြုဆရာမများအဖြစ် အတူ လုပ်ကိုင် ခဲ့ကြရာမှ အလွန်ခင်မင်သော သူငယ်ချင်းများ ဖြစ်သွားကြသည်။ နှစ်ပေါင်းများစွာကွဲကွာ နေသော မိတ်ဆွေ တစ်ဦးအား တွေ့ရမည်ဖြစ်၍ အံ့သြသွားမိ၏။

သူမ၏ အခန်းထဲသို့ ရောက်သောအခါ '' သီးသန့်လူနာဆောင်၌ တက်ရောက်ကုသလျက်ရှိသော လူမမာ တစ်ဦးအား သူမ အနေနှင့် ချစ်ခင် စွဲလမ်းလျက် ရှိကြောင်း၊ သူတို့နှစ်ဦးလက်ထပ်ရန် စေ့စပ် ထားကြောင်း'' ပြောပြပါသည်။

ဗိုလ်ချုပ် အောင်ဆန်း အကြောင်း ကျွန်မသိတန်သလောက် သိထားပါသည်။ ဂျပန်များက သူ့အား ဗိုလ်ချုပ် ရာထူး ပေးပြီး မြန်မာစစ်တပ်၏ သေနာပတိအဖြစ် ခန့်ထားသည်။ သူသည် စစ်မဖြစ်မီက ဗြိတိသျှ ဆန့်ကျင်ရေး သမားဖြစ်၍ သခင်ပါတီ၏ အထွေထွေ အတွင်းရေးမှူး လုပ်ခဲ့သည်။
၎င်း တို့၏သခင်ပါတီကို မတရားအသင်း အဖြစ် ကြေညာလိုက်သော အခါသူနှင့်အတူ အဖွဲ့ဝင်အချို့၊ ဂျပန်ပြည်သို့ ထွက်ပြေးလွတ်မြောက်သွားကြသည်။

သူ့အား အရာရှိသင်တန်းကျောင်း၌ တက်ရောက် စေပြီး ဂျပန်ကဗြိတိသျှတို့အား မြန်မာပြည်မှ မောင်းထုတ် နိုင်က မြန်မာတိုင်းသူ ပြည်သား များ လွတ်လပ်သွားကြမည် ဟူသောယုံကြည်ချက်ကို လက်ခံ လာစေသည်။ သူသည်ဂျပန် ကျူးကျော်ရေး သမားများနှင့် မြန်မာနိုင်ငံတွင်းသို့ ပြန်လည် ၀င်ရောက်လာပြီး ပဉ္စမံ တပ်သားများ ထူထောင်ရာတွင် ကူညီခဲ့သည်။

မခင်ကြည်၏ လူရွေးမှုကို ဘ၀င်မကျလှပါ။ သူမအား စိတ်မပါတပါနှင့်ပင် ချီးကျူးစကား ပြောခဲ့ပါသည်။ သူမ အနေနှင့် စိတ်ဓာတ် မကျစေလိုပါ။ သူမကဆက်လက်၍ '' ကန်တော်ကလေး ရပ်ကွက်ရှိ ဆင်းရဲသားများ၏ သီလရှင် ကလေးများ ဆေးရုံ၌ အလုပ်ခန့်အပ်ခြင်းခံရကြောင်း၊ သူမအနေဖြင့် အလုပ်လက်ခံရန် မလို တော့၍ ကျွန်မအား ထိုအလုပ်ကို လျှောက်ရန်'' ပြောသောအခါကျွန်မမှာ ၀မ်းသာအားရ ဖြစ်သွား ခဲ့ပါသည်။ ကျွန်မအား နှစ်ခါတိုက်တွန်းရန်မလိုပါ။

နေ့လယ်စာ စားရန်ဖိတ်ခေါ်သည်ကိုပင် မစားတော့ဘဲ ကန်တော်ကလေးဘက်သို့ ထွက်ခွာလာခဲ့သည်။ မခင်ကြည်နှင့် မတွေ့မီ အချိန်တုန်းကသာဆိုလျှင် ဤသတင်းမျိုးအတွက် လက်တစ်ဖက်ကိုပင် ဖြတ်ပေး နိုင်ပါသည်။

ဤနေရာတွင် အလျဉ်းသင့်၍ ရေးရပါဦးမည်၊ ဗိုလ်ချုပ်အောင်ဆန်းအပေါ်တွင် အမြင်မှန်နှင့် ကြည့်ရပါမည်။ သူ့ကိုအကြိမ်ပေါင်းများစွာ ကျွန်မ တွေ့ဖူးခဲ့ရာမှ သဘောကျလာခဲ့ပါသည်။ သူသည် ကောက်ကျစ်သော သွေဖည်ရေး သမားတစ်ဦး မဟုတ်သည့် အပြင် တိုင်းပြည်ကို လေးလေးနက်နက် ချစ်ခင်သူ တစ်ဦးဖြစ်ပြီး လွတ်လပ်ရေး ရသည်ကို မြင်ချင်သူတစ်ဦး ဖြစ်ပါသည်။ ဂျပန်က ပေးသော လွတ်လပ်ရေးသည် သူ လိုချင်သော လွတ်လပ်ရေးမျိုး မဟုတ်သည်ကို သူမကြာမီ တွေ့ရှိလာခဲ့ပါ သည်။ တစ်စထက်တစ်စသူ၏ မျှော်မှန်း ချက်များ၊ ပြိုကွဲသွားခဲ့သည်။

နောက်ဆုံးတွင် ဗြိတိသျှတို့ဘက်သို့ သူ၏စစ်တပ်နှင့်အတူ သူကိုယ်တိုင်ပူးပေါင်းလာသည်။ ယင်းသို့ ကမ်းလမ်း လာသည်ကို ဘုရင်ခံနှင့် တကွဝန်ကြီးများ အဖွဲ့က ဒေါသတကြီး ပယ်ချခဲ့သည်။ သို့သော် လော့ဒ် မောင့်ဘက်တန် နှင့် ဗိုလ်ချုပ်ကြီး ဆာဝီလျံစလင်း တို့ကမူ သူ၏ ကမ်းလှမ်းချက်ကို လက်ခံ လိုက်ကြပါသည်။ သူတို့နှစ်ဦး ယင်းသို့ဆုံးဖြတ်လိုက်သည့် အတွက် ၀မ်းနည်းဖွယ်ရာ အကြောင်း တစ်စုံတရာ မရှိပါ။

ဗိုလ်ချုပ်အောင်ဆန်း ၏ စစ်တပ်များသညှ်ဗိုလ်ချူပ်ကြီးစလင်း၏ လက်အောက်တွင် တိုက်ပွဲ ၀င်ခဲ့ရာ မျိုးချစ် စိတ်ရှိသူ အစစ်အမှန်ဖြစ်ကြောင်း သိရှိသွားပြီး အထင်ကြီး လေးစား သွားခဲ့သည်။ သို့သော် မြန်မာ့ လွတ်လပ်ရေး ရရှိရန်အတွက် သူ၏အစဉ်တစိုက် ကြိုးပမ်းမှု ဆုလာဘ်သည် '' ကျဆုံးခြင်း '' ပင်ဖြစ်သည်။
၁၉၄၇ ခုနှစ်၊ ဇူလိုင်လ၁၉ ရက်နေ့တွင် ၀န်ကြီးများအစည်းအဝေး ကျင်းပနေခိုက် ဦးစော၏ တပည့်များ အခန်းထဲသို့ ရုတ်တရက်ရောက်လာကြပြီး မောင်းပြန်သေနတ်များဖြင့် ပစ်ခတ်ခြင်း ခံရ၍ အခြား ၀န်ကြီးများ နှင့်အတူ ကျဆုံးသွားခဲ့ပါသည်။ ဤနိုင့်ငံတော် လုပ်ကြံမှုတွင်ဦးစောသည် လည်းပါဝင်ပတ်သက်ကြောင်း ခုံရုံးတော် က စစ်ဆေးတွေ့ရှိသဖြင့် သေဒဏ်ပေးလိုက်ပါသည်။

ဆေးရုံ၏ တာဝန်ခံ ဆရာဝန်ကြီးမှာ ဂျပန်ဆရာဝန် ဒေါက်တာဆူဇူကီးဖြစ်ပါသည်။ စစ်မဖြစ်မီက ရန်ကုန်မြို့ တွင် ဆေးခန်းဖွင့်၍ ငွေကြေးအမြှောက်အမြား ရယူသွားသူ ဖြစ်သည်။ ရန်ကုန်မြို့တွင် နေထိုင်သွားကြသော ဂျပန်အများအပြားထဲမှ တစ်ယောက်ဖြစ၍ ဗြိတိသျှတို့ကလည်း ၄င်းတို့အားပေါ့ သေးသေးဟုပင် ယူဆခဲ့ ကြပါသည်။ သူတို့သည် ခွေးကလေးများ အမြီးတ နန့်နန့်လုပ်သလို ဗြိသျှတို့ အားမျက်နှာလိုအားရ  လုပ်တတ် ကြပါ သေးသည်။

ဓာတ်ပုံဆရာသည် စစ်အရာရှိများ၏ ဇနီးမယားနှင့် ကလေးများကိုဓာတ်ပုံရိုက်ပေသလိုနှင့် စစ်ရေးပြ ပွဲများ၊ ခံတပ် များကို ဓာတ်ပုံရိုက်ယူကြသည်။
သွားစိုက်ဆရာ ကလည်း သွားကိုနုတ်ပေးသလို၊ ညှိပေးသလိုဖြင့် သတင်းများကို နှိုက်ယူသွား ကြသည်။ ဆရာဝန် များကလည်း 'ဒီပုတ်ထဲကပဲ ဒီပဲ' ပင်ဖြစ်ပါသည်။
တစ်ဖက်သားအား ကူညီတတ်သော၊ ရိုးသားပုံရသော၊ ပညာရှင်များကို ဂျပန်စုံစမ်းတောက် လှမ်းရေးဌာနက လူစုပြီးမြန်မာနိုင်ငံသို့ စေလွတ်၍ သူတို့တွေ့ရှိချက်များကို တိုကျိုမြို့သို့ အစီရင်ခံ စေလိမ့်မည်ဟု လူအများ၏စိတ်တွင်းဝယ် အထင်မှတ်ခဲ့ကြပေ။

သို့ဖြစ်၍ဂျပန်စစ်တပ်များ ၀င်ရောက်တိုက်ခိုက်လာကြသောအခါ ရန်သူ၏အင်အားကို သိနေပြီး ၀င်ရောက်ရန် လမ်းများကိုပါ သိနေကြပြီးဖြစ်ပါသည်။
ဒေါက်တာဆူဇူကီးနှင့် ၀င်ရောက်တွေ့ဆုံရသည်က တိုတိုတုတ်တုတ်ဖြင့်ပင် ကိစ္စပြီးစီး သွားခဲ့သည်။ အလုပ် ကို ကျွန်မ ရပါသည်။ ကျွန်မအနေဖြင့်' ဘူးသုံးဘူး' ကိုဆောင်းရပါမည်။ အလုပ်ခွင်တွင်ကြုံ တွေ့ကြားသိ ရသမျှ မျုားကို ' မကြားဘူး၊' 'မပြောဘူး 'ဟူ၍ကတိတည်ရပါမည်။

ကျွန်မကသာ စိတ်ဝင်စားမည် ဆိုပါက သီးသန့်ပြင်ပ လူနာဌာနကို ကျွန်မအား အုပ်ချုပ်စေမည်ဟု ပြောပါသည်။ လခမှာ ၇၅ကျပ် ဖြစ်သည်။သူ၏ စည်းကမ်းသတ်မှတ်ချက်များကို ကျွန်မသဘောတူ လိုက် ပါသည်။ ကျွန်မဘက်က အပြန်အလှန် စည်းကမ်းချက် ရှိရမည် ဖြစ်သော်လည်း ကြိုတင်မျှော် မှန်း၍ လည်းမရ၊ တိုင်ပင်ရမည့်သူကလည်း မရှိ၍ ဘာမျှမပြေပါ။

အလုပ်ကပင်ပန်းလှသည်။ သို့သောမကျေနပ်စရာမရှိပါ။ မြို့ပေါ်တွင်လူ အတော် များများသည် ငွေဝယ်ကျွန် များသဖွယ် မ၀ရေစာ စားနေရချိန်၌ ကျွန်မ၏ လခက ကောင်းလှပါသည်။ ဂျပန်များသည် အလုပ်တစ်ခု လုပ်ရန်ရှိသည့်အခါတွင် ထိုအလုပ်ပြီးစီးနိုင်ရန်အတွက် လူများကို စုဆောင်းရာ၌ သူုတို့ငှားရမ်းသူသည် ထိုအလုပ်နှင့် ကိုက်ညီသည်မကိုက်ညီသည်ကို လည်းကောင်း၊ အခကြေးငွေ ပေးချေရာတွင် တန်ရာတန်ဖိုး ဖြစ်သည်ကိုလည်းကောင်း စဉ်းစဉ်းစားစား လုပ်ကြသူမျုား မဟုတ်ကြောင်း ကျွန်မကိုယ်တွေ့ ဖြစ်လာ ခဲ့ပါသည်။

ဒေါက်တာဆူဇူကီးသည် သူ၏အလုပ်တွင် အလွန်တော်သူ၊ဆက်ဆံရေး ကောင်းသူတစ်ဦး ဖြစ်ရုံသာ မက ရန်ကုန်မြို့ ၏ ဘုရင်ခံတမျှ အာဏာရှိနေသူလည်း ဖြစ်ပါသည်။ သူသည်သူ၏ ငွေကြေးချမ်းးသာ မှုကို ရှေးရှု့ လုပ်ကိုင်နေသူ ဖြစ်ပါသည်။

ကျွန်မအတွက် ရသောအခန်းမှာ ယခင်က သီလရှင်တစ်ဦး၏ အခန်းဖြစ်၍ ပြတင်းပေါက်မရှိပါ။ လေမရ၍ အလွန်ပူအိုက်လှပါသည်။ တစ်ချိန်သောအခါက ယခု လုပ်ထားသော ဆေးရုံသည် ဘုရားကျောင်း တစ်ခု ဖြစ်ခဲ့သည်ကိုမူ ခေါင်းပြတ်၊ လည်းပင်းပြတ်ဖြစ်ကာ ပြန့်ကျဲနေသည့် ရုပ်တုများက သက်သေခံနေပါသည်။ အလွန်တရာလှပခဲ့သော ဘုရားရှိခိုးကျောင်းသည် ရုပ်ပျက် ဆင်းပျက် ဖြစ်နေပြီး ဘုရားဆောင် ကိုမူ တမင် တက်သက် ဖျက်ဆီးထားပါသည်။

ဒေါက်တာဆူဇူကီးသည် သူလက်ခံ ကုသပေ့းနေသော လူနာထံမှ ဆေးကုသခအဖြစ် အင်္ဂလိပ် ငွေစက္ကူ ကိုသာ လက်ခံပါသည်။ သူသည်သူ၏ အရှင်သခင်များကို တက်တက်ကြွကြွ ထောက်ခံ အားပေး နေသူဖြစ်သော်လည်း ဂျပန်ငွေစက္ကူအပေါ်တွင် အယုံအကြည်ရှိသူ တစ်ဦးမဟုတ်ပါ။
သူ၏ သီးသန့်သူနာများ၏ ဆေးကုသခများကို သူ၏အိတ်ကပ်ထဲသို့ တန်းတန်းမတ်မတ် ၀င်သွားခဲ့ သလို အိတ်ကပ် ထဲမှပင် မကြာခဏပြန် ထွက်လာကြပြန်သည်။

ထွက်လာပုံမှာ နှစ်မျိုးနှစ်စားဖြစ်ပါသည်။ သူသည်အရက်သေစာ အလွန်ကြိုက်သူ ဖြစ်ပါသည်။ သူ၏ မယားငယ် အမျိုးသမီးကိုလည်း အရူးအမူးချစ်နေသူ တစ်ဦးဖြစ်ပါသည်။ သူသည် အရက် အလွန် အကျူး သောက်စေကာမူ အရက်မူးခြင်းဒဏ်ကို ခံနိုင်ရည်ရှိသူ မဟုတ်ပါ။ သူအရက် မူး၍လူမှန်းသူမှန်း မသိချိန် တွင် အမျိုးသမီးက သူ၏အိတ်ကပ်ထဲ ပါလာသမျှသော ဆေးကုသခ များကို အကုန်အစင် နိုက်ယူ ထားလိုက် တတ်ပါသည်။

သူပြန်လည် သတိရလာသော အချိန်တွင် ခေါင်းက မူးနောက်နောက် ဖြစ်နေသေးသဖြင့် ငွေရေး ကြေးရေး အကြောင်းကို သတိမရနိုင်ခြင်းလည်း ဖြစ်နိုင်သည်။ သို့တည်းမဟုတ် သူ၏အမျိုးသမီးကို ချစ်လွန် လွန်း၍ မကန့် ကွက်ခြင်းလည်း ဖြစ်နိုင်ပါသည်။
သူ၏ငွေရပေါက်ရလမ်းမှာ အပြင်လူနာများဖြစ်၍ ငွေကြေးချမ်းသာသော အိမ်တွင်းပုန်းမများ ဖြစ်ပါသည်။ အိမ်တွင်ပုန်းမများ၏ မျက်နှာကို သူတို့၏ ယောကျာ်းများကသာ ကြည့်ခွင့်ရှိသဖြင့် လူနာအား တစ်ကိုယ်လုံး စမ်းသပ် စစ်ဆေးရန် ဆိုသည်မှာ မဖြစ်နိုင်သော ကိစ္စဖြစ်ပါသည်။ သူတို့သည် သူတို့ ၏ အိမ်များတွင် ကျွန်မ ကိုသာ အစစ်ဆေးခံလိုကြပါသည်။

အမျိုးသမီင်္း များ၏ အိမ်တွင်းပုန်းစနစ်မှာ ခေတ်မမီတော့သော်လည်း တစ်ဦ်းနှင့်တစ်ဦး ပြောင်ပြောင် တင်းတင်း ကြည့်ခွင့် ပေးခဲ့လျှင်မနာလို ၀န်တိုဖြစ်ကြမည်ကို တားဆီးလို၍ စည်းကမ်းချမှတ်ထား ခြင်းဖြစ် ပါသည်။

အိမ်တွင်း ပုန်းအမျိုးသမီးများနှင့် ခင်မင်သိကျွမ်းခွင့် ရသောအခါ သူတို့က '' ယောကျာ်းဆရာဝန် များ ကိုင်တွယ် စမ်းသပ်ခြင်းကို တထိတ်ထိတ်ဖြင့် စိုးရိပ်မိကြောင်း'' ဖွင့်ဟပြောပြကြပါသည်။ ယင်းသို့ အိမ်တွင်းပုန်း ကုလားများထံ သွားရောက်ရန် ဒေါက်တာဆူဇူကီးအား ခွင့်တောင်းခဲ့ရာ ရှောရှော ရှူရှူ ခွင့်ပြုရုံ မျှမက သူ၏ မော်တော်ကားကိုပင် သုံးခွင့်ပြုခဲ့ပါသည်။ သူ၏၀င်ငွေကို မထိခိုက် သမျှ သဘော ကောင်းသော လူစားမျိုးဖြစ်ပါသည်။ယင်းသို့ ၂လမျှအိမ်တွင်းပုန်း အမျိုးသမီးများနှင့် ဆက်ဆံလာရသောအခါ ကျွန်မ ရသော လစာငွေကို ဓာတ်ဆီဖိုး အဖြစ်နှင့် သူ့ကိုပြန်ပေးနိုင်ခဲ့ ပါသည်။

ဒိုင်အိုစီဆင် မိန်းကလေးကျောင်းအတွင်းရှိ ဆေးရုံသို့ သွားရောက်ခဲ့စဉ် မိမိသိက္ခာကို ထိန်းသိမ်း သောအားဖြင့် ခေါင်းမာခဲ့မူကို တစ်ပတ်လျှော့ချလိုက်ပါသည်။ လမ်းမပေါ်၌ လှောင်ပြောင်ရှုတ်ချလို ကြပါသည်။ ကျွန်မအနေဖြင့် အန္တရယ်နှင့် ရင်မဆိုင်ရစေကာမူ စိတ်မောဖွယ်ရာ အနှောင့်အယှက် ဖြစ်စရာ ဖြစ်လာ ပါသည်။ သို့ဖြင့်ပင်ကျွန်မသည် ကုလားမများဝတ်သော ဆာရီကို ပြောင်းလဲ ၀တ်ဆင်ရ ပါတော့သည်။

အစပထမ၌ ရှက်သလိုလို ဖြစ်သော်လည်း ကိုယ်ကျိုးစွန့်ရခြင်းမျိုးတော့ မဟုတ်ပါ။ အမှန်အားဖြင့် ဆာရီသည် ပူအိုက်သော ရာသီနှင့် ကိုက်ညီသည့်အပြင် ၀တ်ဆင်ရာ၌ သက်သောင့်သာ ရှိလှပါသည်။ ကုလား အမျိုးသမီးများ မည်သည့်အတွက် ဆာရီကို အစဉ်အလာအားဖြင့် တန်ဖိုးထား ၀တ်ဆင်ကြောင်း သဘောပေါက်မိကာ များစွာ အချိန်နှောင်းပြီးမှ လက်ခံ ကျင့်သုံးမိသည်ကိုပင် စိတ်မကောင်း ဖြစ်မိပါသေးသည်။

ကျွန်မသည် တစ်လလျှင် ၀င်ငွေ ၂,၀၀၀ ကျပ်မျှရရှိနေရာ ထိုအချိန်က ငွေလုံးငွေရင်းပင် ဖြစ်ပါသည်။ ငွေကြေးစုဆောင်းမိလာသောအခါ ပြင်ဦးလွင်သို့ ပြန်ရန်အစီအစဉ် ချပါသည်။ ဖခင်အ တွက်အသုံး လိုမည်ပစ္စည်းများကို စတင်ဝယ်ယူပါသည်။ ဈေးနှုန်းများက ခေါင်ခိုက်နေသောကြောင့် ကြောက်စရာ ကောင်း လောက်အောင် ငွေများက အသုံးမခံပါ။

ရှပ်အကျီတစ်ထည် ၄၅ ကျမ်၊ စွပ်ကျယ် တစ်ထည် ၄၅ကျပ်၊ ဖလန်နယ် ဘောင်းဘီ တစ်ထည်ကို ၁၀၀ကျော်ပေးရသဖြင့် ရှိသမျှငွေများချောကုန်ပါသည်။ ဖိနပ်တစ်ရန်၏ ဈေးသည် စစ်ကြိုခေတ်၌ အရန်၃၀ ၀ယ်ရ၍ ရနိုင်ပါသည်။ မြန်မာနိုင်ငံ၌ မရှိမဖြစ်သော နွေမိုးနှစ်မျိုးစလုံးသုံးနိုင်သည့် ထီးဟောင်း တစ်လက်၏ တန်ဖိုး သည်ပင် ကျပ်၂၅၀ ခန့်ဖြစ်နေပါသည်။

ဒေါက်တာဆူဇူကီးက အင်္ဂလိပ်ပိုက်ဆံကိုသာ ဆေးကုခအဖြစ်ဘာကြောင့် လက်ခံကြောင်း နားလည် သဘောပေါက်လာခဲ့ပါသည်။ ကျွန်မသည်ပိုက်ဆံများများရလေ ပြင်ဦးလွင်၌ ၀ယ်၍မရနိုင် သည့်မရှိ မဖြစ် ပစ္စည်း များကို လိုက်လံဝယ်ယူရသဖြင့် များများကုန်လေ ဖြစ်နေပါသည်။ ဇိမ်ခံပစ္စည်း များ မဟုတ်ပါ။

စုဆောင်း ထားသော ငွေများကုန်သွားသောအခါ ရန်ကုန်တွင်ပင် ဆက်နေပြီး ငွေရှာရ ပြန်သည်။ ကြယ်သီးကတ် များ၊ မျှော့ကြိုးများ အပ်ချည်လုံးများကို ရှာဖွေဝယ်ယူ စုဆောင်းရပါသည်။ အင်္ဂလိပ် စစ်တပ်များ ဆုတ်ခွာသွားစဉ်က ကျန်ရစ်ခဲ့သော အ၀တ်အထည်များကို ဆိုင်များတွင် တင်၍ ရောင်းချ နေသည် ကို တွေ့ရသဖြင့် တော်တော် များများ စိတ်ကြိုက်ဝယ်ယူခဲ့ပါသည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

ဒဂုန်ခင်ခင်လေး နှစ်ပေါင်း ၆၀ အပိုင်း (၂၃)

နောက်ဆုံး ပရိဒေ၀မီး

စာအုပ်တိုက် ပုံနှိပ်တိုက် အလုပ်များနှင့် နေလာသည်မှာ တနှစ်ခန့် ရှိလာပါသည်။ ဤကာလ အပိုင်း အခြား အတွင်းတွင် နောက်ဆုံးပိတ် သံယောဇဉ်ကြိုးတစ်ချောင်း ပြတ်ခဲ့ ရပြန်သောကြောင့် စိတ်ထိခိုက်မှု တစ်ခု ဖြစ်ပေါ် ခဲ့ရပါသည်။ ထိုဖြစ်ရပ်မှာ မိဘဘိုးဘွားများ ကွယ်လွန်သွားသောအခါ ကျမတွင် မောင်အငယ် တယောက် သာလျှင် သွေးသားအရင်း တဦးတည်းရှိ၍ သူ၏ဇနီးနှင့်အတူ ကျမထံ၌ ခေါ်ယူပြုစုထားခဲ့သဖြင့် သုံးနှစ်ခန့် အတူ နေလာသည်။ သူကြိုက်ရာ ဂီတဘက်တွင် ၀င်ရောက်လုပ်နေသည်ကိုပင် တားမြစ် ပိတ်ပင် ခြင်း မပြုတော့ဘဲ မြှောက်ထားပါသည်။

အေ၀မ်းကုမ္ပဏီ၏ ဓာတ်ပြား သွင်းခြင်း၊ အသံ ထွက် ရုပ်ရှင်ကားများ အသံသွင်းခြင်းစသော အေ၀မ်း တူရိယာအဖွဲ့တွင် သူအင်မတန် ၀ါသနာကြီးလှသော မှုတ်စရာကြီး ဆိုက်ဇိုဇုံးကို မှုတ်ရရင် သူကျေနပ် ပျော်ရွှင်နေပါသည်။ အခကြေးငွေ ရသမျှကိုလည်း သူ့စိတ်အတိုင်း သုံးစွဲလိုရာ သုံးစွဲရသဖြင့် အပေါင်းအသင်း များနှင့် အပျော်အပါး အသောက်အစားများ ဖက်လာလေသည်။

သူ့ဇနီးကလည်း နှစ်နှစ် နီးပါး အိမ်တွင် အပိုးသေသေ နေခဲ့စေကာမူ နောက်ပိုင်းတနှစ်ခန့် အတွင်းမှာ နဂါးနီ စာအုပ်ဆိုင်ခွဲ တခုဖြစ်သော ဆူးလေဘုရား စာအုပ်ဆိုင်တွင် အလုပ်ဝင်လုပ်သည့် အချိန်က စ၍ အပြင် အပတွင် အချိန်ကုန်သည်သာ များနေသည်။ စာအုပ်တိုက် အလုပ်မှ ထွက်လာ ရသော အခါတည်း ပြင်ပ အသွား အလာများ မလျှော့ဘဲ။ တခါတရံ တောပြန်လိုက်၊ ကျမထံ ပြန်လာလိုက်နှင့် စိတ်လေလွင့် နေပုံ ရသည်။
နောက်ဆုံး တချီတွင် သူ့မိခင်ရှိရာ မြောင်းမြမြို့မှာ သူအတော်ကြာကြာ နေမည်ဆိုပြီး မောင်မောင်ကိုပါ ခေါ်သွား ပါသည်။

တလ လောက်ကြသောအခါ ရန်ကုန်ပြန်လာကြ ပြန်ပါ သည်။ ဤအခါ၌ မောင်ငယ်မှာ စိတ်ဂယောင် ချောက်ချား ဖြစ်လာသည်။ ဘယ်ပုံ ဘယ်နည်း ဖြစ်ရသည်ဟု မသိရသော်လည်း တချို့ အပြောမှာ ဆေးဝါး ပယောဂနှင့် အလုပ် ခံရသဖြင့် ဖြစ်သည်။ ဘယ်သူဘယ်ဝါများနှင့် သွားလာပေါင်းသင်းမှု ရှိသည်စသော အပြော များကို ကြားသိရပါသည်။ ကျမမှာ ဒါတွေကို သိပ်မယုံပါ။

လူတွင်ပါလို့ နွားကျားကိုက်သည် ဆိုသော စကားအရ၊ သူ့ကိုယ်၌က လူငယ်ဘာဝ အပေါင်းအသင်းများနှင့် အသောက် အစား အပျော်အပါးအားကြီးမှုကြောင့် ဦးဏှောက် သွေးကြောမှာ ရောဂါပိုးဝင်စပြုလာခြင်းသာ ဖြစ်မည် ဟု ယူဆမိပြီး ပယောဂဆရာများနှင့် ကုစားရန် အကြံပေးကြသည်ကို လက်မခံဘဲ စိတ္တဇဆေးရုံမှာ အလျင် အမြန် စမ်းသပ်ပြသခြင်းဖြင့် ကျမထင်သည့်အတိုင်း ဖြစ်နေသည် ကို ဆရာဝန်များက ပြောပြ ပါသည်။

ကံကောင်းချင်၍ ရောဂါမရင့်မှီ ရောက်လာမိခြင်း ဖြစ်ပါသည်။ ခုတ်ရာ တခြား ရှရာ တလွဲဆိုသလို ပယောဂဆရာများနှင့်သာ ကုစားနေမိလျှင် အချိန်ကုန် ရောဂါကျွမ်းရင့် ခံရ ခြင်းသာ အဖတ်တင်ပါမည်။ သို့ကြောင့် စိတ္တဇဆေးရုံအထူးတန်းတွင် တင်၍ ကုသခဲ့ရာ တလကျော်မျှ အကြာတွင် ရောဂါသိသိသာသာ ပျောက်ကင်းလာသည်။ တနင်္ဂနွေနေ့များ တွင် စားစရာအစုံအလင်နှင့် သူ့မိန်းမအား သွားကြည့်စေသည်။

ငွေကုန်သည်ကို မနှော မြောပါ ရောဂါပျောက်ကင်းလာသည့်အတွက် ၀မ်းမြောက် နေမိပါသည်။ သို့ရာတွင် ဆရာဝန်က နောက်ထပ်တလလောက် နေစေချင်သည်။ အပြင်မှာဆိုလျှင် မမှားသင့်ဒါတွေ ထပ်တွေ့ပါက ပြန်၍ရောဂါ ရဦးမည်ဆိုသောကြောင့် တလထပ်နေစေရန် နားချရပါသည်။ သို့ရာတွင် နားမထောင်ပါ။ အိမ်မှာသူ့မိန်းမနှင့် အတူလာနေချင်သည်ဆို၍ ဆရာဝန်နှင့် တိုင်ပင်ရပြန်သည်။

ဆရာဝန်က အနေအထိုင် ဆင်ခြင်နိုင်မည်ဆိုလျှင် အပြင်မှာဘဲ နေပါစေ၊ ဆေးထိုးရန် တပါတ် တခါလာ ဘို့နှင့် နေ့စဉ်စားဆေးများလည်း ထုတ်ပေးထားပါမည်ဆိုသောကြောင့် ပြန်ခေါ်ရပါသည်။ သို့သော် ကောင်းစွာ မနေပါ။ သူ့ဇနီးကလည်း အိမ်ထဲမှာချည်း မနေနိုင် ပျင်းသည်ဆိုကာ မကြာ မကြာ အပြင် ထွက်လည် တတ်ရာ သူကပါ မနေရစ်ဘဲ၊ ပူးတွဲ ပူးတွဲ နှင့် လိုက်သွားကာ နေ့ညမစဲ ရုပ်ရှင်ပွဲ အငြိမ့်ပွဲများ သွားလာ ကြည့်လေ့ရှိသည်။ စားရန် ဆေးဝါးများမှာလည်း အချိန်မှန် မှီဝဲခြင်း မပြုတော့ပါ။

ဆေးကိုအချိန်မှန် စားသော်လည်း အပြင်ထွက်သောအခါ အပေါင်းအသင်းများနှင့် ပြန်တွေ့ပြီး မူရင်းအတိုင်း ၀ါသနာကို ပြန်ကောက် ပျက်စီးနေသည်။ ကျမမှာ အလုပ်တာဝန် များက တဘက် သူတို့အတွက် ကြောင့်ကြ နေရသည် ကတဘက်နှင့် စိတ်မသက်မသာ ရှိနေရပါသည်။ ထိုအတွင်း ယောက်မဖြစ်သူအား စိတ်မှပျော်ပါစေတော့ဟု ကျမတတ်အားသမျှ လက်ဝတ်လက်စား ကလေးများ တပ်ဆင်ပေးထားရာ တခါတွင် သူ၏မိတ်ဆွေများကို ၀ါးခယ်မ သင်္ဘောတွင် သွားပို့ရင်း ကျမဆင်ထားသော စိတ်ချယ် လက်စွပ် တကွင်း ရေထဲ မတော်တဆ ကျသွား သည်ဆိုပြီး၊  လင်မယားနှစ်ယောက် ကတောက်ကဆဖြစ်ခါ ပြန်လာ ကြသည်။

ဤသို့ ဒေါသဖြစ်လာလျှင် အကင်းမသေသော ရောဂါက တိုးလာတတ်ပါသည်။ လက်စွပ်ရေထဲ ကျရသည်မှာ သင်္ဘောမှာ လိုက်ပို့ခဲ့ရသော မိတ်ဆွေမက ပြစမ်းပါဆို၍ ချွတ်ပြရင်း လက်ထဲမှ မတော်တဆ ရေထဲသို့ လွတ်ကျရသည်ဖြစ်ကြောင်း သက်သေထူကြသည်။ ကျမက ပြန်ရမှာ မဟုတ်၍ အပြစ်တင် မနေတော့ပါ။ နောက်များ မကြာမီ မြောင်းမြမြို့သို့ ပြန်ဦးမည် ဆိုပြန်သည်၊ မောင်ဖြစ်သူကလည်း သူ့မယား ပြန်က သူပါခဏလိုက်သွားဦးမည် ဟု ဆိုသည်။ ကျမက ဆေးထိုးရန် ဆေးစားရန် မပျက်ကွက် စေလိုသော ကြောင့် နေရစ်ခဲ့ ဘို့ နားချသော်လည်းမရပါ။

သို့မိန်းမကို မျက်စေ့အောက်က အပျောက်မခံနိုင်သော အခြေ အနေ ထူးဆန်းမှု တခုကို တွေ့မြင်ရပါသည်။ ကျမ အတန်တန် တား၍မရသောအခါ ယခင် တခေါက်သွားစဉ်က စိတ်ကတောက် ကတက် ဖြစ်လာသည်၊ ကံကောင်း ၍ ကုရကျိုးနပ်ပြီး လူပြန်ကောင်းလာရသည်။ ယခုတခေါက်သွားလျှင် အမှားမှားအယွင်းယွင်း ဖြစ်ပြီး ရောဂါ ပြန်ရပါက သေသည်အထိ ကု၍ရတော့မည် မဟုတ်ကြောင်း ဖွင့်ပြောရပါသည်။ ဒါပေမဲ့ ဘယ်နည်း နှင့်မှ တားမရ၊ တားသူကိုပင် ဒေါသတကြီးနှင့် ခံပြောလျက် ထွက်ခွာသွားပါ တော့သည်။

ထင်သည့်အတိုင်းပင် ထွက်သွားပြီး ၁၅ရက်ခန့် ရှိသောအခါ မောင်မောင် အသဲအသန် မမာ၍ ဆေးရုံတင်ထားရသည်။ မျှော်လင့်စရာ မရှိဟု သံကြိုးရပါသည်။ ကျမ ဘာမှမတတ် နိုင်တော့ပြီ ကျမစကား နားမထောင်၍ ဖြစ်ရလေခြင်းဟုသာ အသဲနာရတော့သည်။ ရန်ကုန်မှာလည်း စစ်မီးကြောင့် လှုပ်လှုပ်ရွရွနှင့် ညစဉ် မီးမှောင် များချထားချိန် ဖြစ်သည်။ ကျမကိုယ်တိုင် သွားကြည့်ရန် စီစဉ်နေဆဲ၌ နောက်တနေ့ မောင်မောင် ဆုံးပြီဟု သံကြိုးရ ပြန်သည်။

သေဆုံးရသည့် ဝေဒနာမှာ အံသွားနာကြောင့် ရောင်နေသော သွားဖုံးများကို ပါးစောင်ရိုး အောက်မှာနေပြီး ခွဲစိပ် ကုသခံရာမှာပင် ကြက်အရှင် လယ်လှီးခံရသလို မချည့် မဆန့် သေရသော ကံဆိုး မိုးမှောင် မောင်ကလေး ပါလားဟု မကြည့်ရက် မမြင်ရက်နှင့် အဝေးမှ ရင်ကွဲပက်လက် ပရိဒေ၀မီး တောက်ရပါသည်။ သို့ကြောင့် ကျမ စိတ်ကို ဆုံးဖြတ် ချက်ချလိုက်သည်။ အသက်ပြန်ရှင်လာတော့မည် မဟုတ်သည့်အတူ မြင်ရလေ ရင်ကွဲရ လေဖြစ်မည့်အတူ၊ သူလိုက်သွားချင် လှတဲ့ မြောင်းမြမြို့မှာ အစဉ်ထာဝရ ခေါင်းးချ နေလေ တော့ဟု လှလှပပ သင်္ဂြိုဟ်ပြီး အုတ်ဂူကလေးနှင့် ထားလိုက်ပါ။ ကျမလာမကြည့်ရက်ဘူး ဟု စရိတ် စက ကုန်ကျရန် ငွေကြေးအလုံအလောက် သံကြိုးနှင့်ပို့ပေးလိုက်ပါတော့သည်။ ဤအချိန်ကစ၍ လောကကြီး မှာ ကျမသည် အရင်းအချာ သွေးသားသံယောဇဉ်ဟူ၍ မရှိတော့ဘဲ တကောင်ကြွက် တမျက်နှာ နှင့် နေလာခဲ့ရသည်မှာ ယနေ့အထိ ဖြစ်ပါတော့၏။

ယင်းသို့ မောင်အငယ် မောင်မောင် သေဆုံးခဲ့သည်မှာ နှစ်ပေါင်း-၂၀ကျော်လာခဲ့ပြီဖြစ်သော် လည်း ဒိုရာမသန်းအေး ၏ မြပန်းခွေသီချင်း၊ မေရှင်နှင့် ခင်နှင်းရီ စသူတို့ သီဆိုကြသော အေ၀မ်းဓာတ်ပြား သီချင်း များကို တခါတရံ ရေဒီယိုမှ အသံလွှင့်လိုက်သောအခါ သူ၏ စိုက်ဇိုဖုံးသံ ကို တီးကွက်များ အကြားမှ ပေါ်လာ တိုင်း ရင်ထည်းမှာ ဆို့လာတတ်၍ ကျမ နားကို ကပြာကသီ ပိတ်ထားလိုက် ရသည့်ချည်းသာ ဖြစ်ပါသည်။

အလာကောင်းသော်လည်း အခါနှောင်းလေပြီ

၁၉၄၀-ခု ဒီဇင်ဘာလတည်းသို့ ရောက်ရှိခဲ့လေပြီ။ တယောက်တည်းသာ ရှိသော သားချင်း အရင်းတဦး ဆုံးပါးသွားရသဖြင့် စိတ်ကြည်လင်မှု မရှိသော်လည်း အလုပ်စားပွဲမှာ ထိုင်၍ စာရေးနေချိန်မှာ မေ့မေ့ လျော့လျော့ နှင့် သက်သာရာ ရပါသည်။

စာအုပ် ထုတ်သော လုပ်ငန်းမှာ အောင်မြင်နေလျှက် စီးပွားရေးဘက်မှ နေကြည့်လျှင်လည်း တနည်း အားတက် စရာ ကောင်းလျက် ရှိပါသည်။ သို့ရာတွင် ကျမမှာ စာရေးရန် အကြံဥာဏ် ထုတ်ရသည် က တဘက်၊ ကျန်ရှိသော အလုပ်ကိစ္စ ဗါဟီရတွေတဘက်နှင့် လပိုင်းမှ နှစ်ပိုင်းသို့ ကူးလာသောအခါ ပင်ပန်း နွမ်းနယ် လာသည်။ စီးပွားရှာဘက် ဖြစ်လိမ့် မည်ထင်ခဲ့သော ဘ၀ခရီးဖေါ်မှာ ဟံသာဝတီတိုက်မှ ယခု အချိန်ထိ အလုပ်က မထွက်သေး ဘဲ အချိန်ဆွဲ နေခြင်းကိုလည်း စိတ်တိုလာပြီ။

သို့ကြောင့် တနေ့သောနံနက် စောစောအခါ ကန်တော်ကြီးတပတ် လမ်းလျှောက်နေကြအတိုင်း လျှေက်လာ ခဲ့ကြရာ ကုတ်ကိုင်း လမ်းတလျှောက်တွင် အလုပ်ထွက်ဘို့ကိစ္စကို အရေးဆိုလိုက်သည်။ ယခင်နည်းအတိုင်း ခဏဆိုင်းပါဦးဟူသော အဖြေကိုသာ ပေးသည်။ ကျမသည် ရှေ့ဆက်ပြီး သည်းမခံလို တော့၍ ယနေ့အလုပ်မှ ထွက်မလား၊ မထွက်ဘူးလား ဆိုဒါ ယတိပြတ်ပြောပါဟု တင်းတင်း မာမာ မေးရတော့သည်။ ဤတွင်မှ ယနေ့ဘဲ ထွက်ခဲ့ပါတော့မည် ဆိုသော ကတိကို ဘောင်ဒရီလမ်း ယခု မိုးညှင်း တောရ ရှေ့ အရောက်တွင် မှတ်မှတ်ရရ ရရှိပါတော့သည်။

အိမ်ပြန်ရောက်သောအခါ ၉-နာရီ လောက်တွင် အလုပ်တိုက်သွား၍ နှုတ်ထွက်ရန် အကြောင်းကြားပြီး ခါတိုင်းလို ၁၂-နာရီအထိ မနေစေဘဲ ၁၀-နာရီ ပြန်ရောက်ဘို့ မှာလိုက် သည့်အတိုင်း ပြန်ရောက်လာခဲ့သည်။ ယနေ့အလုပ်ထွက်ပြီးခဲ့၍ ကိုယ့်အလုပ်တိုက် ကိုယ်ဦးစီးလျက် ရှေ့ဆက်လုပ်ငန်းချဲ့ထွင်ရန် အကြံအတိုင်း ဆောင်ရွက်ရတော့မည်ဟု စိတ်ချလိုက်သည်။ ဤသို့ အတင်းအကြပ်ကိုင်ရခြင်းကြောင့် အလုပ်က ထွက်ဖြစ်ခဲ့သည်။

သို့ရာတွင် အလာကောင်းသော်လည်း အခါနှောင်းခဲ့ရချေပြီ။ ၁၀-နာရီခွဲ ခန့်လောက်ပင် ရှိဦးမည် ထင်ပါသည်။ ယခင် လေ့ကျင့်ထားခဲ့သောလေကြောင်း ရန်အတွက် အချက်ပေး ဥသြသံများသည် ဆူညံစွာ မြည်ဟီး ကြွေးကြော် လိုက်၏။ လူတွေသည် ရှေးဦးစွာ နဖူးတွေ့၊ ဒူးတွေ့ တွေ့ကြုံ လာရသောအခါ ရုတ်တရက် ဘာလုပ် ရမှန်းမသိ ပြူးကြောင်သော မျက်စိကလေးတွေနှင့် အငေးသား ဖြစ်နေကြပါသည်။ ဥသြ သံနှင့် မရှေ့မနှောင်း ကောင်းကင်ယံမှ များပြားလှသော လေယာဉ်စက်သံတွေ ပေါ်လာပြီး ၀ှီးကနဲ နိမ့်ဆင်း ပျံဝဲလာသည်ကို သိလိုက်ရသည်။

တခဏ ၌ အုံးကနဲ၊ ဒိုင်းကနဲ သိမ့်သိမ့် ခါ ပေါက်ကွဲသံကြီးများကို၎င်း၊ တဒက်ဒက်နှင့် အချက်ပေါင်းများစွာ စက်သေနတ်ပစ်ဆွဲရင်း နိမ့်ဆင်းရာမှ ၀ဲကျံတက်သွားသော လေယာဉ်ပျံတို့၏အသံကို၎င်း၊ ကမ္ဘာပျက်သည့် အလား တပြိုင်နက် ပေါ်ပေါက်လာကြပါတော့သည်။

ကျမ တို့လည်း ဘာလုပ်ရမည်မသိ၊ လျင်မြန် တိုတောင်းလှသော အချိန်ပိုင်းကလေး အတွင်းမှာ လေကြောင်း သတိပေးဥသြဆွဲသံ၊ အုပ်လိုက် ၀င်လာသော ဂျပန် တိုက်လေယာဉ်ပျံသံများနှင့် တဆက်တည်း ဗုန်းကြဲသံ၊ စက်သေနတ် ပစ်သံတို့ တခဲနက် ပေါ်လာသောအခါ ဒုတိယကမ္ဘာစစ်၏ ဘေးဒဏ် ကို ပဌမဦးဆုံး လက်တွေ့အားဖြင့် ဆားမြီး ကြရပြီး၊ စစ်မီး၏ပူလောင်သော သရုပ်သဏ္ဍာန်ကြီးက အကောင် အထည်စ၍ ဖေါ်ပြလိုက်ခြင်းခံရသောအခါ တိုက်ခန်းအတွင်းမှာ စားပွဲအောက်ဝင်သူဝင်၊ ကုတင် အောက် ပုန်းသူကပုန်း၊ အခန်းဒေါင့်ကြားမှာ သွားကပ်သူက ကပ်နှင့်၊ ဖြစ်ကတတ် ဆန်း ဘေးလွတ်မည် ထင်ရာ၌ အကာအကွယ် ယူလိုက်ကြပါသည်။
ထိုနေ့သည် ဒီဇင်ဘာလ ၂၃-ရက်နေ့ မနက် ၁၀-နာရီနှင့် ၁၁-နာရီကြားမှာ ဂျပန် ဗုန်းကြဲ တိုက်လေ ယာဉ်များ ရန်ကုန်မြို့သို့ ပထမအကြိမ် လာရောက်ဗုန်းကြဲတိုက်ခိုက်ခံရခြင်း ဖြစ် ပါသည်။

ဗုံးချသံများ စဲသွားသည်နှင့်တပြိုင်တည်း တမြို့လုံးရှိ သူများသည် ပုန်းအောင်းရာ မှ ထွက်၍ အုတ်အုတ် ကျက်ကျက် ကြည့်ရှုကြသည်၊ ထွက်ကြည့်သူတိုင်းမှာ အကြောက် လွန်ပြီး မျက်လုံးကြီးတွေ ၀ိုင်းနေသည်ကို တွေ့ရပြီး၊ တချို့မှာ သွေးရူးသွေးတန်း ပြေးလွှား လာသည်။ မီးလောင်ဗုံးအထိခံရသော ရပ်ကွက်များဆီမှ မီးခိုးလုံး တွေလည်း အလိပ်လိပ် တက်လာလျက် ရှိပါသည်။

တယောက် စကားတယောက်ကူးလျက် ပန်းဆိုးတန်းဘက်တွင် ရှိသော ၀ပ်ဆင်တိုက်နှင့် ၎င်းနေရာ ပတ်ဝန်းကျင်တ၀ိုက်မှစပြီး ကမ်းနားဘက်တွင်၎င်း၊ ဆူးလေဘုရားအနီးဒါလဟိုဇီလမ်းမကြီးပေါ်တွင်၎င်း၊ စက်သေနတ်ထိမှန်ခံရသူ၊ ဗုံးဒဏ် ခံရသူတို့၏ အလောင်းတွေသည် အနှံ့အပြား မြင်မကောင်း၊ ရှုမကောင်း ဖြစ်နေသည်ကို ကြားသိရသောအခါ ရန်ကုန်တမြို့ ဖြစ်နေသည်ဟု ကြားသိရသောအခါ ရန်ကုန်တမြို့လုံး ဗြုံးကနဲ ချောက်ချားတုန်လှုပ်သွားပါသည်။

လေကြောင်း ရန်ကို လက်တွေ့ နားမလည်ကြသေးသဖြင့် ပလူပရွက်တွင်းက ထွက်သည့် နှယ်၊ ပုန်းရာမှ ထွက်လာကြပြီး မီးလောင်ဗုံးကျရာဋ္ဌာနများနှင့် နေရာအနှံ့ အတုံးအရုံး သေဆုံးနေကြသူများကို သွားရောက် ပြေးလွှား ကြည့်ရှုသူများသည်၊ နောက်တချီ တိုက်လေယာဉ်ပျံများ တကြော့ပြန်လာပြီး ဗုံးချဦမည်ဆိုလျှင် ခံကြရ ပေဦးမည်။ ကျမတို့ လမ်းထိပ်သို့ ထွက်ကြည့်ကြသောအချိန်မှာပင် အလွန်တရာ စောလွန်း နေသေးသဖြင့် ကောင်းကင်သို့ မော့ကြည့်လိုက်သောအခါ ဂျပန်ဗုံးကြဲတိုက်လေယာဉ်ပျံ အုပ်စုသည် ရင်ဘောင်တန်း ပျံဝဲသွားသော ဗျိုင်းအုပ်တအုပ်၏သဏ္ဍာန်ကဲ့သို့ ပြန်လှည့်သွားကြဆဲ ဖြစ် သည်ကို တွေ့မြင် နေရ ပါသေးသည်။

လေယာဉ်ပျံ ပစ်အမြောက်တို့၏ မီးခိုးကလေးများ ကလည်း မထိမမိနှင့် မိုးပေါ်မှာ မကြာခဏ ပေါက်ကွဲ ပြလျက် ရှိပါသေးသည်။ သို့ရာတွင် ထိုနေ့က အတင့်ရဲလှသော ဂျပန်လေသူရဲနှစ်ဦး မောင်းနှင်သော ဗုံးကြဲ တိုက်လေယာဉ် နှစ်စင်းမျှ အမြောက်ထိမှန်လျက် ပျက်ကျခဲ့သေး၏။

ဗုံးကြဲမခံရမှီ စောစောပိုင်းကလည်း စစ်ဘေးကို ကြောက်လန့်သော အချို့သူများသည် ရန်ကုန်မြို့မှ သူတို့ အဆက်အသွယ်ရှိရာ တောမြို့များသို့ တဖျောက်ဖျောက် ထွက်ခွာ ပြောင်းရွှေ့လျက် ရှိကြပါသည်။ ယနေ့ကဲ့သို့ မြင်မကောင်းအောင် ကြမ်းကြုတ် ဆိုးဝါးလှသော အဖြစ်များကို ကိုယ်တွေ့မျက်မြင် ဖြစ်လာ သောအခါမှာ အသက်ကိုလု၍ ပြေးမှသာ ဖြစ်တော့မည်ဟု သဘောပေါက်ကုန်ကြပါသည်။

နှစ်ပေါင်းများစွာမှ အေးချမ်းသာယာစွာ နေလာသော မြန်မာလူမျိုးတို့အဘို့မှာ ကမ္ဘာပျက်သလောက် ထိတ်လန့်ကြောက်ရွံ့မှု ပြင်းထန်ကြည်မှာလည်း ခေတ်မှီလက်နက် ဖြစ်သော ဗုန်းအမြောက် စက်သေနတ် လေယာဉ်ပျံများ ပေါ်လာမှ ဖြစ်ပွားခဲ့ကြသော စစ်ဘေးဒဏ်ကို ဤတကြိမ်သာ ပထမ ဦးစွာ လက်တွေက သိရှိ ရသောကြောင့် ဖြစ်ပါသည်။ ပထမကမ္ဘာစစ်ကြီးအတွင်းက စာတွေ့ မှတ်သားကြားနာ လာခဲ့ရသော ဗုံးကြဲ တိုက်လေယာဉ်တို့နှင့် တိုက်ခိုက်ခြင်း တမိနစ်လျှင် အချက်ပေါင်းများစွာ လူသားတွေကို သတ်နိုင် သော၊ စက်သေနတ်များအကြောင်းကို ယနေ့ ကိုယ်တွေ့ ကြုံကြရလေပြီ။

သို့ဖြင့် အထုပ်အပိုး ပြင်ကြပြီး နီးစပ်ရာ မြို့ရွာများသို့ ရှောင်တိမ်းကြရန် အမြန်ဆုံး လှုပ်လှုပ် ရှားရှား ပြေးလွှား နေကြပါသည်။ စပြီး ဗုံးကြဲချပြီဆိုလျှင် ဂျပန်တိုက်လေယာဉ်ပျံများမှာ နောက်ထပ်အချိန်မရွေး ဗုံးကြဲတိုက်ခိုက်ရန် ရောက်လာတော့မည်ဖြစ်ရကား၊ သူ့ထက်ငါ ဦးအောင်သာ ပြေးရှောင်ကြရန် ပြင်ဆင် ကြပါ တော့သည်။

အချို့အလုပ်ခွင်မှ မရှောင် သေးသော သူများကလည်း သားသမီး နှင့် ဇနီး အိမ်သူတို့ကို ဘေးလွတ်မည် ထင်ရာ သို့ ကမန်း ကတန်း ပို့ကြသည်။ အထုပ်အပိုးတထမ်းတရွက်စာနှင့် မီးရထားသင်္ဘော တို့မှ ပြေးသူများ၊ မီးရထား သင်္ဘောများက လူမဆန့်၍ နောက်တနေ့ မဆိုင်း လိုသူများကလည်း ကုန်းကြောင်း ခရီးမှ နီးစပ်ရာ မြို့ရွာသို့ ခြေလျင်သွားသူများသည် ကတ္တရာခင်း လမ်းမကြီး၏ ဘေးစောင်း မှာ ရေစီးချောင်း သဘွယ် အဆက် မပြတ် လူတွေပြည့်ကြပ်ရွေ့ ရှားလျက် ရှိနေပါသည်။
ကားကြီး ကားငယ် အသွယ်သွယ်ကလည်း ပြည်လမ်း-မန္တလေးတလျှောက်မှာ ခေါင်းအမြီး ဆက်၍ ပြေးကြ သော တိရစ္ဆာန်ပုံပြင် တခုအတိုင်း ရိုင်းသည်ဟုမဆိုသာ မိမိ အသက်ဘေး လုံခြုံရာကို သတ္တ၀ါမှန်သမျှ ရှာဖွေ ပုန်းအောင်း ရမည့် အသိတရား အတိုင်း ကြိုးစားကြ ခြင်းသာ ဖြစ်ပါတော့သည်။

စစ်ပြေးဘဝ ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Wednesday, February 17, 2010

မြန်မာပြည်၏ ဟယ်လင် အပိုင်း ( ၁၇)

မြေးစေးများခြောက်သွေ့မာကျောသွားသည်အထိ ကျွန်မစောင့်နေပါသည်။ ရာသီဥတု ပူအိုက်နေ သည် ဖြစ်၍ ကြာကြာတော့ မစောင့်ရပါ။ ကျွန်မက ကလေးမလေး၏ဖခင်အား '' သူ၏ စိတ်စောနေ မှုကိုထိန်းချုပ်၍ ပလာစတာကို တနင်္ဂနွေ ခြောက်ပတ်ကြာသည်အထိလက်ဖျားနှင့် မတို့ရန်နှင့် ခြောက်ပတ်ပြည့်ပြီးမှ အသား ကို မထိခိုက်စေဘဲ ဓားနှင့် ပလတ်စတာကို လှီးဖြတ်ရန်'' ညွန်ကြား လိုက်ပါသည်။ သူသည် ထပ်ခါတလဲလဲ ကျွန်မကို ကျေးဇူးတင် စကားပြောပြီး ကလေးကိုချီမကာ ထွက်သွား ပါတော့သည်။

စက်ဘီးပေါ်ပြန်တက်၍ အိမ်သို့ပြန်လာခဲ့ရာ ဖြစ်သလို ကုသခဲ့သည်ကို တစ်လမ်းလုံးတွေးပြီး စိုးရိပ် နေမိ ပါသည်။ '' ငါတတ်နိုင်သလောက်ကြိုးစာကုပေးခဲ့တာပဲ။ ငါဘယ်လိုကြိုးစားပေမယ့် သူလက်က တစ်သက်လုံး ပြန်မကောင်းတော့ဘူး ဆိုရင်လည်း ငါဘာတတ်နိုင်မှာလဲ'' ဟု၍ တွေးလာမိသည်။

ကျွန်မ၏ ခြမြေးစေးတွင် ရောဂါပိုးပါသွားနိုင်သည်။ ကလေး၏ဖခင်ကလည်း စိတ်ရှည်ရှည်ထား ချင် မှ ထား နိုင်မည်။ ပလာစတာ များ ကို အချိန်မကျဘဲ ခွာပစ်လိုက်သော်၊ အရိုး ကလည်း ကျကျနန မဆက် သေးလျှင်၊ ပလတ်စတာများကလည်း မူလ်ဇာတိဖြစ်သော မြေမှုန့်ဘ၀ကို ပြန်ရောက်ခဲ့ပါက စသော အတိမ်း အစောင်း များ အမှားအယွင်း ရှိနိုင်သည်များကို တွေး၍မဆုံးတော့ပါ။ ကလေးမလေး ရောဂါ မြန်မြန် ပျောက်ပါစေ ဟူ၍သာ ဆုတောင်း ရတော့သည်။

သို့သော် အားမရှိလှပါ။ ကလေးမလေး၏ အခြေအနေမှန်ကိုလည်း ကျွန်မသိနိုင်တော့မည် မဟုတ်ဟုပင် ထင်မိ ပါသည်။ မြန်မာနိုင်ငံတွင် ထို လုပ်သူကို သော်လည်းကောင်း။ ဖခင်လုပ်သူကို သော်လည်းကောင်း ပြန်လည်တွေ့ ဆုံနိုင်ဖွယ်ရာ မရှိဟုကျွန်မထင်မှတ်ခဲ့သည်။ ကျွန်မ၏ အထင်မှာ ဒီတစ်ချီတွင် မှားယွင်း သွားခဲ့ပါသည်။

လူနာများကို လိုက်လံ ကြည့်ရှု ဆေးကုသ နေရသည်ကို ကျေနပ် နေမိပါသည်။ သို့သော် အတိုင်း အတာ မရှိဘဲ ဆေးကုသ ပေးနေ၍ မဖြစ်ကြောင်း ကျွန်မ နားလည်ထားပါသည်။ ကျွန်မ၏ ဘ၀တွင် အခြေခံ လိုအပ်ချက် ပစ္စည်းများ ရရှိရေးမှာ တဖြည်းဖြည်း ပိုမို ခက်ခဲလာခဲ့ပါသည်။ ကျွန်မ၏ လူနာရှင် များကလည်း သူတို့၏ စီးပွားရေး အခြေအနေ နိမ့်ကျလာသည်နှင့် အမျှ ကျွန်မအား ပေးကမ်းနိုင်ခြင်း လျော့နည်း သွားခဲ့ ပါသည်။

မှောင်ခိုလုပ်ငန်းက ကြီးထွားလာပြီး ဈးတွေက ခေါင်ခိုက်နေသည်။ တန်ဖိုးရှိသော ပစ္စည်းတစ်စုံတစ် ရာ ၀ယ်ယူ လိုသော် တန်ဖိုးမရှိသော ငွေစက္ကူများကို အိတ်နှင့် အပြည့်အသိပ် ထည့်ယူသွားရန် လိုအပ်ပါသည်။ သို့ပင် ဖြစ်စေကာမူ များများ စားစား မရနိုင်ပါ။

ကျွန်မ ကုတ်ကုတ် စုဆောင်းထားသည့် လက်ဝတ် လက်စားများကို တဖြည်းဖြည်း ချရောင်း ရတော့ သည်။ လက်ဝတ် လက်စားများ ကုန်ခန်းသွားသော အခါ ရှိသမျှပစ္စည်းများကို ချရောင်းရပြန်သည်။ ခြင်ထောင်များ၊ ခန်းဆီးများ၊ စားပွဲ၊ ကုလားထိုင်များ ချရောင်းခဲ့ရာ ကျွန်မ ရောက်စက အိမ်ထောင်ပရိ ဘောဂများ ကင်းမဲ့ လျက်ရှိသော ' ဂျိုင်းဗီးလ်' သည်မူလအနေအထား ပြန်ဖြစ်လာခဲ့သည်။
မကုန်ခန်း နိုင်သေးသည်ကတော့ ကျွန်မ၏ အချိန်နှင့် ဆေးကုသမှုပညာပင် ဖြစ်ပါသည်။ အခြေအနေက တဖြည်းဖြည်း ဆိုးရွား လာသည်နှင့်အမျှ လူသူ အရေအတွက် က များပြား လာခဲ့သော် လည်း ကျွန်မ ရရှိသည့် အစားအစာ များက ပို၍ နည်းပါး လာပါသည်။

ကျွန်မအနေနှင့် ယခုအတိုင်း သွားနေ၍ မဖြစ်တော့ပြီ။ ပြတ်ပြတ် သားသား ဆုံးဖြတ်ရတော့မည်။ အာဟာရ ဓာတ် ပြည့်ပြည့်၀၀ မစားသုံးရ၍ အားအင်ကုန်ခန်းပြီး အခြားရောဂါများ ကပ်ငြိလာမည့် အရေးကို ကျွန်မ တွေးပူမိ သည်။ ထိုသို့ဖြစ်လျှင် ကျွန်မကို မှီခိုနေကြ သူသည်လည်း သူတို့၏ ကံကြမ္မာကို သူတို့ဘာသာ ဖန်တီး ရပေ တော့မည်။ ဘိုးသူတော်လဲလျှင် တောင်ဝှေးက ထူပေးနိုင်တော့မည် မဟုတ်ပါ။
ထိုသို့ လှည့်လည် ဆေးကုသနေစဉ် လူများက နေ့စဉ် ဖြစ်ပျက်နေသမျှတို့ကို အမြဲလေ့လာရန် နှင့် အခြား အကြံဥာဏ်များ ပေးကြပါသည်။ တစ်နေ့တွင် ကျွန်မက စားဝတ်နေရေး အခက်အခဲရှိနေ သည်ကို လူမမာ တစ်ဦးအား ပြောပြခဲ့ရာ ၄င်းက'' ရန်ကုန်မြို့တွင် ကံစမ်းသင့်ကြောင်း၊ ရန်ကုန်တွင် ဆိုလျှင်ငွေရှာရသည်မှာ လွယ်ကူ လိမ့်မည် ဖြစ်ကြောင်း'' အကြံပေးပါသည်။ ပြင်ဦးလွင်နှင့် ရန်ကုန် ခရီး အတန်လှမ်းပါသည်။

သို့သော် မက္ကင်တိုင်ယာတို့က ဖခင်နှင့်တကွ တိရိစ္ဆာန်မျာအတွက် တာဝန်ယူမည်ဟု ပြောဆိုနေပါသည်။ သူတို့ထက် စိတ်ချရသူ မရှိနိုင်ပါ။ ကျွန်မက ရန်ကုန်တွင်နှစ်ရှည် လများ နေရန် မရည်ရွယ်ပါ။ အကယ်၍ နေဖြစ် သွားခဲ့သော် ဖေဖေ့ကို တစ်နည်းနည်းဖြင့် ရန်ကုန်သို့ ခေါ်ယူ ရန်စဉ်းစားရပါမည်။

ယင်းသို့သော အခြေအနေတွင် ကျွန်မ၏မိခင်ထံမှ စာတစ်စောင်ကို လက်ခံရရှိခဲ့ပါသည်။ ယခုစာသည် ကျွန်မထံ ချောချော မောမောရောက်လိုမှ ရောက်မည်ဟု မေမေ ယုံမှားသံသယ ရှိနေပါ လိမ့်မည်။ စာအိတ် ပေါ်တွင် လိပ်စာတပ်ထားပုံက ထူးဆန်းနေသည်။

စစ်အကျဉ်းသားများ၏ စစ်အကျဉ်းသားစာတိုက်
မစ္စအိပ်(ခ်ျ)ရော့ဒရစ်၊
မေထရွန်၊ ပြည်သူ့ဆေးရုံ၊တောင်ကြီးမြို့။
တောင်ပိုင်းရှမ်းပြည်၊မြန်မာပြည်။
ဗြိတိသျှစစ်အကျဉ်းသားမှ၊ တစ်ဆင့် ဂျပန်ကြက်ခြေနီ သူနာပြု တိုကျိုမြို့။

စစ်မက်ဖြစ်ပွားနေသော နိုင်ငံနှစ်ခု နယ်စပ်ကို ဖြတ်ကျော်၍ ဤစာသည် ကျွန်မထံသို့  ချောချော မောမော ရောက်လာ ခြင်းမှာ မယုံကြည်နိုင်ဖွယ်ရာ မျက်လှည့် ပြသလို ခံစားမိ ပါသည်။
'တောင်ကြီး ဆိုသော စာလုံးပေါ်တွင် မင်နီဖြင့် ဖြစ်ထားပြီး ' ပြင်ဦးလွင်' ဟူ၍ အစားထိုး ရေးထား သည်။ စာအိတ် ပေါ်တွင် ရိုက်နှိပ်ထားသော တံဆိပ် အမှတ်အသား များကိုမူ ဖတ်၍ မရတော့ပါ။
ယင်းစာ (တရိုတသေ သိမ်းထားပါသည်) တွင် မိခင်၏ လိပ်စာကို အစိုးရ၏ သီးသန့်ဆေးရုံ၊ ဘန်ဂလိုမြို့၊ အန္ဒိယနိုင်ငံ ဟု ဖော်ပြထားသည်။

မေမေ၏ အချစ်ဆုံး ဟယ်လင်

သမီးသာ ယခုအချိန်၌ မေမေတို့၏ ချစ်နှစ်သက်သည့် အိမ်တွင်နေထိုင်လျက် ရှိနေမည်ဆိုလျင် ဆေးရုံတွင် ရှိသော လူမမာများအား ပြုစုကုသပေးနေမည်ဟု မေမေသိနေပါသည်။ သမီးအတွက် မေမေ စိတ်ပူ နေရပါသည်။ ကျန်းမာချမ်းသာစွာ ရှိပါစေဟု ဘုရားမှာ ဆုတောင်းနေပါသည်။ လူအချို့က သမီးသည် တောင်ကြီး တွင်ပင်ရှိနေသေးသည်ဟု ပြောကြပါသည်။ မေမေနှင့် တစ်ပါတည်း မည်သည့်အတွက် သမီး လိုက်မလာသည်ကို မေမေ မသိပါ။ သမီးသည် ကျန်းမာသူများ၏ အပေါ်တွင် မေတ္တာတရား၊ ကရုဏာ တရား များ ထားရှိသူ တစ်ဦး ဖြစ်သည့်အတွက် သမီးအပေါ်၌ မည်သည့် ဘေးအန္တရာယ်မှ မကျရောက်နိုင်ဟု မေမေ သိနေပါသည်။

မေမေ၏စာများကို ဖတ်ရပြီးစိတ်ဓာတ်တက်ကြွ လိမ့်မည်ဟုမျှော်လင့်ပါသည်။သမီးဖေဖေကို ဂရုစိုက်ပါ။ တစ်နေ့သော အခါတွင် မေမေတို့အားလုံး ပြန်ဆုံကြရဦးမည် ဖြစ်ပါသည်။ မေမေသည် သမီးနှင့် အတူ မကွဲမကွာ နေခဲ့လိုသော စိတ်များ တဖွားဖွား ပေါ်ပေါက်လာခဲ့ပါသည်။ မေမေ့ကို လော်ရီကားပေါ်သို့ တင်ပေးပြီး နောက်က သမီးလိုက်လာမည်ဟုပြောခဲ့သည်။ မေမေ စောင့်မျှော်နေပါ သေးသည်။ ဒါပေမဲ့ အချည်းအနှီး ပါပဲ။

အခုအချိန်မှာ မေမေ ဆုတောင်း နေရတာကတော့ သမီးနဲ့ မေမေတို့တစ်တွေ ပြန်လည်တွေ့ဆုံဖို့ နှဲ့ သမီး ကျန်းကျန်း မာမာ ချမ်းချမ်း သာသာ ရှိစေဆိုတာပါပဲ။
မေမေ စာကိုဖတ်ပြီး ကျွန်မငိုမိပါသည်။ မိခင်ထံမှ နောက်ဆုံး အဖြစ်အပျက်များကို သိရသဖြင့် ၀မ်းသာ သွားခဲ့ပါသည်။ တစ်ချိန်တည်း တွင်ပင် စိတ်ထဲ၌ စိုးရိပ်ပူပန် သွားမိပါသည်။ မေမေသည် လက်ရေး လက်သား အလွန်လှသူ ဖြစ်သည်။ ယခုစာတွင် ရေးထားသည်တို့မှာ မပီမသ၊ စာကြောင်း များကလည်း အဆက် အစပ်မရှိ အလွန် ဖတ်ရ ခက်ပါသည်။ မေမေသည် ကြမ်းတမ်းသော ဘ၀ခရီး ၏ ဒဏ်ကို ခံစား နေရ ရှာကြောင်း လက်ရေးကို အကဲခတ်ခြင်း ဖြင့် သိသာထင်ရှားလှပါသည်။

ဖေဖေသည် စိတ်ကို မထိန်းနိုင်ရှာဘဲ မျက်ရည်ဖြိုင်ဖြိုင် ကျခဲ့ရှာသည်။ တစ်နည်း အားဖြင့် စိတ်သက် သာရာ ရသွား ၍ ဖြစ်ပါသည်။ သူ့အတွက်ဤစာသည် ပျော်ရွှင်မူ ဖြစ်စေခဲ့ပါသည်။ သို့အတွက် ကျွန်မသည် ရန်ကုန် သွား၍ အလုပ်လုပ်ရန် နောက်ဆံတင်းနေစရာ မလိုတော့ပါ။ အကယ်၍ ကျွန်မရှုံးနိမ့်ခဲ့သော် ဤစစ်ကြီး ပြီးဆုံးသည် အထိ ကျွန်မတို့၏  ဘ၀ရပ်တည်နိုင်ရေးမှာ မျှော်လင့် ချက် အလွန်နည်းပါး သွားဖွယ် ရှိပါသည်။
၅
 စစ်အတွင်း မြန်မာပြည်၌ ခရီးသွားလာရသည်မှာ အပင်ပန်းခံနိုင်မှုရှိမရှိကို အစမ်းသပ်ခံရသလို သာ ဖြစ်လိမ့် မည်ဟု ကျွန်မစိတ်လျှော့ထားခဲ့ပါသည်။ တကယ် ခရီးထွက်သောအခါ သွေးထွက် အောင် မှန်နေ ပေသည်။ ကြက်သွန်ဖြူများ၊ ချင်းများ တင်ဆောင်ထားသော ကုန်တွဲနှင့်လိုက်ပါလာ ခဲ့ရာရက်အတန်ကြာ စီးရပြီး နောက် ခရီးဆုံးသို့ ရောက်သွားတွင် ကြက်သွန်နီဥများကို ရှာလေကာ ရည်နှင့် စိမ်ထားသော အနံ့များ ခံစားနေရသည်။

ကျွန်မနှင့် တရင်းတနှီးရှိပြီး ချစ်ရပါသော ရန်ကုန်မြို့မှာ ဂျပန်တို့၏ဗုံးဒဏ်ခံထားရကြောင်း အမှတ် အသား များကို မျက်ဝါးထင်ထင် တွေ့ရပါသည်။ မြို့သူမြို့သား အမြောက်အများ ထွက်ပြေး နေကြစေကာမူ ဆိပ်ကမ်း များ၌ လူစည်ကားလျက် ရှိပါသည်။ ရောင်းဝယ်ဖောက်ကားခြင်းမျိုး သက်သက်မဟုတ်ဘဲ အခြေအနေ ခိုင်မြဲ လာသည့် သဘော ဖြစ်ပါသည်။
မစ္စတာ မက္ကင်တိုင်ယာက ရန်ကုန်တွင်ရှိသော သူ့မိတ်ဆွေရှမ်းအမျိုးသမီးတစ်ဦး၏ လိပ်စာကို ပေးလိုက် ပါသည်။ ကျွန်မအား နေအိမ်နှင့်အလုပ်မရမချင်း သူမ၏အိမ်တွင် တည်းခိုပါဟု အလွန်ကြင်နာစွာနှင့် ခွင့်ပြု ခဲ့ပါ သည်။

ယာယီဆေးရုံအဖြစ် အသုံးပြုနေသော ဒိုင်အိုစီဆင် မိန်းကလေးကျောင်းသို့ နောက်တစ်နေ့ နံနက် စောစော ထွက်လာ ခဲ့ပါသည်။ ထိုဆေးရုံတွင် ကျွန်မနှင့် သိကျွမ်းသူက ဆေးရုံအုပ်ကြီး ဖြစ်နေကြောင်း ကို အံ့သြ ၀မ်းမြောက် စွာ တွေ့ရပါသည်။ မဆိုင်းမတွပင် '' ကျွန်မကို အလုပ်ခန့်မလား''
''ခန့်မှာပေါ့ ဟယ်လင်၊ ၀မ်းမြောက်ဝမ်းသာနဲ့ ခန့်မှာပါ၊ တစ်ခုတော့ ရှိတယ်၊ မင်းရဲ့နာမည်ကို ပြောင်းပစ် ရမယ်၊ မြန်မာအ၀တ်အစား ပြောင်း ၀တ်ရမယ်'' ဟုသူက ပြောပါသည်။
''နောက်ထပ်ဘာမှ မပြောနဲ့တော့၊ နာမည်လည်းမပြောင်းဘူး၊ အ၀တ်အစားလည်း မပြောင်းနိုင်ဘူး၊ ကျွန်မကို လက်ရှိ အခြေအနေအတိုင်း ခန့်ချင်ခန့်၊ ဒါမှမဟုတ် မခန့်လည်း ရပါတယ်'' ပြောလိုက်ပါသည်။

''မင်းရဲ့ လုံခြုံမှု့ အတွက် ပြောရတာပါ။ ဒီမှာက အသားဖြူ အမျိုးသမီး တစ်ယောက် အနေနဲ့ အန္တရာယ် သိပ်များတယ်၊ နောက်ပြီးဂျပန်တွေကလည်း မြန်မာလူမျိုး တွေကို သူတို့သာလျှင် မိတ်ဆွေစစ်ဖြစ်ကြောင်း ကြိုးစားပြီး သိမ်းသွင်းနေကြတာ''ဟုသူက ရှင်းပြပါသည်။

သူအကြံပေးသလို လိုက်လျောမည်ဆိုပါက အဆင်ပြေသွားပါမည်။ သို့သော် ထိုသို့သဘောတူရန် ကျွန်မ ကိုယ် ကျွန်မ တိုက်တွန်း၍ မရပါ ထိုသို့လိုက်လျောလိုက်ခြင်းဖြင့် ဂျပန်များအား စစ်နိုင်သူများအဖြစ် အသိ အမှတ် ပြုရာ ရောက်သွားပါမည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

ဒဂုန်ခင်ခင်လေး နှစ်ပေါင်း ၆ဝ အပိုင်း (၂၂)

ဆက်တိုက်ထုတ်ခဲ့ရသော လုံးချင်းဝတ္ထုများ

ကျမရေးသော လုံးချင်းဝတ္ထုမှာ တလလျှင်တကြိမ်သာ ထုတ်ဝေနိုင်ပါသည်။ ဒဂုန်ခင်ခင်လေး စာအုပ်တိုက် မှ ၀တ္ထုကို ၂-ကြိမ်ထုတ်ပေးပါဟု စာကြည့်ပရိတ်သတ်တောင့် တချက်ကို စာအုပ်ကိုယ်စားလည်များ မှ တဆင့် ယူလာကြ၍ စာရေးဆရာကြီးရွှေဥဒေါင်း ဘာသာပြန်တို့ အလှည့်ကျ ထုတ်ဝေသွားရပါသည်။

ရွှေဥဒေါင်း ဘာသာပြန် ၀တ္ထုများမှာ တောင်းအော့(ဖ်) မွန်တီခရစ်စတို ခေါ် ရတနာသိုက် ၀တ္ထု ပဋ္ဌမ တွဲ မှ တတိယတွဲ အထိဖြစ်၍ စောလမွန်သိုက် စသောဝတ္ထုများ ဖြစ်ရာ ကျမရေးသောလုံးချင်း ၀တ္ထုများမှာ ဂုဏ်မြင့်သူ မှ အစ ဖြစ်၍ ချစ်အဏ္ဏ၀ါ၊ သမုဒယ၊ ဆရာမ၊ မြမြ၀င်း၊ တသက်လျှာ၊ ငယ်ကျွမ်းခင်၊ ရွှေစွန်ညို၊ သားရွှေစွန်ညို၊ ဖေ့သီးချာ၊ မေ့သီးချာ၊ မိန်းမဘ၀၊ ဂုဏ်နိမ့် သူ၊ ကျွန်းဘိုညို၊ သ၀ဏ်လွှာ၊ စသည်များ ဖြစ်ပါသည်။

တိုက်အလုပ်ကို အုပ်ချုပ်ကြီးကြပ် ရသည်ကတဘက်၊ စာစီသမားလက်သို့ စာမူကော်ပီကို အလျှင်မှီအောင် တရွက်ပြီးတရွက်ရေးပြီး လက်ဆင့်ကမ်း လှမ်းပေးနေရသည် က တဘက်နှင့် စက်လည်သကဲ့သို့ လုပ်ကိုင်နေရသောအခါ ခေါင်းအေးအေးနှင့် ကိုယ်ပိုင်စိတ်ကူး ၀တ္ထုများ သဘောကျ အချိန် ယူရေးသားရန် မဖြစ်နိုင်သောကြောင့် အင်္ဂလိပ်ရုပ်ရှင်ကားမှ ဇာတ်လမ်းကောင်း များနှင့်ကုလားဇာတ်ကားမှ ဇာတ်လမ်း ကောင်းများ ကိုယူကာမြန်မာနှင့် သင့်လျော်သလို ရေးသားလိုက်ရပါသည်။

ထို့ကြောင့် ၀ါတာလူး တံတား ခေါ် အင်္ဂလိပ်ဇာတ်ကား ရုံတင်ပြဆဲမှာပင် ဂုဏ်နိမ့်သူဝတ္ထုထွက်ပေါ် လာပြီး ကုလားဇာတ်ကား ခါဆန်ချီ ပြနေချိန်မှာ ဖေ့သီးချာဝတ္ထု ထွက်ပေါ် လာခဲ့ပါသည်။ ချစ်အဏ္ဏ၀ါ သမုဒယ စသည့်ဝတ္ထုများမှာ လည်းနာမည်ကြီး အင်္ဂလိပ်ဝတ္ထုများမှာ မှီးယူရေးသား လိုက်ရခြင်းများ ဖြစ်ပါ သည်။

နာမည်ကျော် အင်္ဂလိပ်ဝတ္ထုကြီးများကို မှီးယူခြင်းနှင့် အစအဆုံးမြန်မာ လိုသင့်တော်သလို ပြန်ဆို ရေးသား ခြင်းမှာ မောင်ရင်မောင်မမယ်မ ၀တ္ထုမှ စခဲ့သည်ဖြစ်၍ အဆန်းမဟုတ်တော့ သော် လည်း အင်္ဂလိပ် ရုပ်ရှင် ကား၊ ကုလားဇာတ်ကား များမှ ကောင်းနိုင်မည်ထင်ရာကို မြန်မာလိုဝတ္ထုရေး၍ အပြေးအလွှား အချိန်မှီ ထုတ်ဝေ ခဲ့ခြင်း မှာ ကျမက စ၍ အချောင်ခိုနည်း နိသျှည်းပြ ပေးသလို ရှိပါ၏။

သို့ရာတွင် စာဖတ်သူပရိသတ်များမှာ စာဖတ်ရာ၌ တမျိုးအရသာခံစားရ၍ ရုပ်ရုင်ကားအဖြစ် ကြည့်ရသော အခါ အာရုံ တမျိုးခံစားရပြီး နှစ်နည်းနှစ်ဘက် လက်ခံနှစ်သက်ကြသည်ကို တွေ့မြင်သိ ရိုရပါသည်။
သို့ကြောင့် စစ်ပြီးခေတ် နာမည်ကျော်ကြား၍ လူကြိုက်များသော စာရေးဆရာ များအားအချို့က ရုပ်ရှင် ဇာတ်ကားမှ ဇာတ်လမ်းများ ယူရေးသည်ဟု ဝေဖန်ကြသည်ကို တွေ့မြင် ရသောအခါ ကျမက ကိုယ်ချင်း စာမိပါသည်။ မဂ္ဂဇင်းတွေမှာ အချိန်မှီစာမူပေးရန် အလောတကြီးပူလာကြသော အခါ သူ့ခမြာများလည်း ဤနည်း ကိုသာ အသုံးပြုရ ရှာကြရပါမည်။

ဦးနှောက် ဆိုသည်မှာ အသုံးချ ရပါများ လာသောအခါ၌ စက်ကဲ့သို့အချိန်မှီ ထုတ်လုပ်၍ရသော အလုပ်မျိုး မဟုတ်ပါ။ တခါ, တခါရေးရင်း အတွေးမပေါ်၍ ထစ်ငေါ့နေလျှင် စာလေးငါးကြောင်း ရဖို့ပင် တနေကုန် သွားချင် က သွားလေ့ရှိပါသည်။
ကျမအဖို့ကတော့ ဘယ်နည်းနှင့်မဆို တလတကြိမ်အချိန်မှန်မှန် ထုတ်ဝေနိုင်ရန် လုံးချင်းဝတ္ထုရှည် တခုကို အမြဲ ပြုစု ရေးသားလျက် သာ ဖြစ်၍တခါတရံမှာလည်း အလုပ်တိုက်အုပ်ချုပ်ရသော အထွေထွေ ကိစ္စများ ထည်းမှ စိတ်ကူးတချက်ရလိုက်သည်နှင့် အမျှကိုယ်ပိုင် စိတ်ကြိုက်ဝတ္ထုဇာတ် သွားများပေါ်လာတတ်သဖြင့် အခွင့်သင့် ပြီး ကလောင်ကို လက်သွက်သွက် လွှတ်ပေးလိုက် သောအခါ ငယ်ကျွမ်းခင်၊ မေ့သီးချာ၊ ကျွန်းဘိုညို  စသောဝတ္ထုမျိုး တွေထွက်လာ တတ်ပါသည်။

စာအုပ်များအတွက် ပြီးစီးသမျှ စာဖောင်များကို အပြင်စက်အချို့သို့ ထွက်ရိုက်ခြင်း၊ စာအုပ်ချုပ်သမား များအား သွားရောက် အပ်ခြင်း ၊ စက္ကူထုတ် များ ၀ယ်ယူခြင်း၊ မျက်နှာဖုံး ပန်းချီ ဘလောက် တာဝန်များ၊ တိုက်တွင်းရှိ စာစီစက်ရိုက်ဋ္ဌာနများ ကိုကြည့်ကြပ်ရသူ ဖိုမင်မောင်သန်းက အထွေထွေလုပ်ကိုင် ဆောင်ရွက် ၍ သူ၏လခမှာ တလလျှင် ၁၅၀ ပေးထားရပါသည်။ သို့ကြောင့် အလုပ်တိုက်ဆိုင်ရာ ပြင်ပကိစ္စများကို ကျမကိုယ်တိုင် ကြောင့်ကြ စေခိုင်းရခြင်း မရှိ၍ သက်သာရာ ရပါတော့သည်။

ထိုသို့ တိုင်းပြည်ပြု ပုံနှိပ်တိုက် နှင့် ဒဂုန်ခင်ခင်လေး စာအုပ်တိုက် ကို ဖွင့်လှစ်အုပ်ချုပ် စာအုပ်ပါ ရေးသား ထုတ်ဝေ ရသော တာဝန်များကို ထမ်းဆောင် နေရသောအချိန်မှာ ကျမ၏ ဘ၀ခရီးဖော် ဖြစ်နေသူသည် ပုံနှိပ်တိုက် တည်ထောင်စက လိုအပ်သမျှ ပစ္စည်းပစ္စယများ ၀ယ်ယူ ခိုင်းစေပေးခြင်း၊ နဂါးနီ တိုက်မှပါလာသော သူ၏ တပည့် များကို တိုင်းပြည်ပြု ပုံနှိပ်တိုက်တွင် နေသားတကျ အလုပ်ဋ္ဌာန အသီးသီးမှာ နေရာချထား ပေးရုံသာရှိ၍ အလုပ်တိုက်ကို ကြည့်ရှုခြင်း မရှိဘဲ ဗြိတိသျှဘားမား ရုပ်ရှင်ကုမ္ပဏီသူဌေး ဦးညွန့်၏ ဟံသာဝတီ စာပုံနှိပ်တိုက်တွင် တစ်လလျှင် လခ-၁၅၀ိနှင့် အလုပ်ဝင် လုပ်လိုက်ပါသည်။ ကျမက ကိုယ့် စာပုံနှိပ်တိုက် တွင် တိုးတက်ရာ၊ တိုးတက်ကြောင်း ပူးပေါင်း လုပ်ကိုင်ခြင်း မပြုဘဲ သူတစ်ပါးတိုက်မှာ သွား၍ အလုပ် လုပ်ရန် မသင့်ဟုပြောသော်လည်း ဦးညွန့် က ခေတ္တလာရောက် ကူညီပါဆို၍ မိတ်ဆွေ ၀တ္တရား အတိုင်း သွားရောက် ကူညီခြင်းသာ ဖြစ်ပါ သည်။

တာရှည်မလုပ်ပါ၊ ယခု လောလောဆယ်အားဖြင့် ဟံသာဝတီဂျာနယ် ကို ထုတ်ဝေပေးရန် တာဝန်ခံ ထားသည် ဆိုသော အဖြေကို ပေးပြီးလျှင် ဒို့ရှမ်းပြည် ဦးအုန်းမြင့်နှင့် အတူ သူဋ္ဌေး ဦးညွန့်၏ ဟံသာဝတီ ပုံနှိပ်တိုက် တွင် ဟံသာဝတီဂျာနယ် ကို ထုတ်ဝေ ပေးနေပါသည်။ သို့လျှင် ကိုယ်ကျိုး ကိုယ့်စီးပွားကို စိတ်အား ထက်သန်စွာ ဦးစီး ကြီးကြပ် ရမည့် အခိုက်အခါမှာ ဟံသာဝတီ ပုံနှိပ်တိုက် တွင် မဖြစ် စလောက် သော လခငွေနှင့် ၀င်လုပ် ကူညီသည်ကိုပင် သူ့အား မလိုလားသူ အချို့က သူတို့တွင်လည်း တိုင်းပြည်ပြု ပုံနှိပ်တိုက် တစ်ခုရှိသောကြောင့် ဟံသာဝတီ ပုံနှိပ်တိုက်ကြီးကို ထိုးအပ် မထားသင့်ကြောင်း ခြေထိုးစကား ပြောကြားခြင်း ခံရသေးသည် သည်အကြောင်း တွေကို ကြားသောအခါ သာ၍ပင် မလုပ်စေချင်သောကြောင့် မကြာ မကြာ အလုပ်မှ ထွက်လာရန် ပြော ကြားမိပါသည်။

တရားကျဘွယ်ရာသင်္ခါရလောက

သို့လျှင် စားပွဲတလုံးနှင့်ထိုင်ကာ စာရေးလိုက် စာရင်းအင်း ကိုင်သူ စာရေးများ အလုပ်သိမ်းချိန်မှီ လယ်ဂျာ စာအုပ် နှင့် ၀င်ငွေထွက်ငွေ စာရင်းများ စစ်ဆေးကြည့်ရှုခြင်းဖြင့် နေ့စဉ် အလုပ်ဝတ္တရားများ ကို ဆောင်ရွက် ခဲ့သည်မှာ တနှစ်နီးပါး ရှိလာတော့မည်။ စာအုပ်တိုက် လုပ်ငန်းက အောင်မြင်နေ သောကြောင့် ပင်ပန်း ရသည် တို့ကို ကျေနပ်မိပါသည်။ နောက်ထပ် သည်အခြေအနေထက် တိုးတက် ချဲ့ထွင်ရန်ကိုပါ စိတ်အား ထက်သန်လျက် ရှိနေပါသည်။ သို့ရာတွင် စစ်ရိပ်၊ စစ်ရောင်များ မှာ မငြိမ်းအေးရုံမက ရန်စက နီးကပ်လာပြီ ဖြစ်၍ ရန်ကုန်မြို့မှာ အစမ်းမီးမှောင်ချခြင်း၊ ဗုံးခိုကျင်း  အုတ်ဂူကလေးများ တည်ဆောက်ထားခြင်း၊ စစ်သား အကာ အကွယ် အလေ့အကျင့်များကို အစိုးရ ဌာနများမှ လုပ်ကိုင်နေကြပြီ ဖြစ်ပါသည်။

ကျမ၏ စာအုပ်တိုက်နှင့် တိုင်းပြည်ပြု ပုံနှိပ်တိုက် လုပ်ငန်း များ အောင်မြင်နေသည်ဟု ကြားသောအခါ မန္တလေး ရွှေမြို့တော်ရှိ ဘကြီး ၀က်မစွတ် မောင်မောင်ကြီးထံမှ အိမ်ကိစ္စက ဆက်ရန် ရှိသေးသည် ဖြစ်လာ ပြန်ပါ၏။ ၎င်း၏စာဆိုအရ ချစ်တီး ကို အနိုင်ပေးလိုက်သော ရုံးမိန့်ဒီဂရီ ချမှတ်ချက်အရ ချစ်တီးက အိမ်ကို လေလံပစ် တော့မည်ဖြစ်၍ အရှက်တကွဲ မဖြစ်ရန် စသည်တို့ ဖြစ်၏။ ကျမက တဘက်သတ် ရုံးက အမိန့်ချ ပြီးသား ဖြစ်၍ အကြွေးရှင်ဖြစ်သူ ဘကြီးသဘောအတိုင်း ရောင်းယူသည်ဖြစ်စေ၊ လေလံပစ် ယူသည်ဖြစ်စေ၊ ကျေနပ် ပြီးသား ဖြစ်သောကြောင့် ဘာမှ မပြောလိုပါဟု စာပြန်ပါသည်။

သို့သော် နောက်ဆက်တွဲ လာလိုက်ပြန်ချေသေး၏။ ချစ်တီးက ဒီဂရီကျထားသော သူ့ငွေများကို ရလိုသဖြင့် လေလံပစ်ယူမည်ဆိုသောကြောင့် အရှက်ရမည်စိုးသဖြင့် သူကဘဲ ခေတ္တငွေစိုက် ပေးထားလိုက်ရသည်။ ထိုကြောင့် သုံးထပ်တိုးနှင့် တရား စရိတ်များပါ ကျသင့်သမျှ ထိုငွေများကို ပေးဆပ်စေလိုကြောင်း စာ လာပြန်ပါသည်။ ကျမသည် မူလကတည်းမှပင် ချစ်တီးကပင် ဒါးစားခံ အမည်ဝင်တပ်ခြင်းသာဖြစ်၍ အထပ် ထပ်ငွေတိုး ယူမှု ရုံးတွင် တရားစွဲ၍ ကုန်ကျစရိတ်ပါ အနိုင်ယူ ရမှုများကို ဘကြီးအဖြစ်နှင့် တူမအပေါ်တွင် ထင်ထင် ပေါ်ပေါ် ရက်ရက် စက်စက် လုပ်လျှင် လူကဲ့ရဲ့ ခံရမည် စိုးသောကြောင့် သူနိုင်ရသော ချစ်တီး အမည်နှင့် လှည့်ထားကြောင်း၊ အိမ်ဂရံနှင့်တကွ တဘက်သတ် အနိုင် ရထားသော ရုံးမိန့်ပါ သူ့ထံမှာ ရှိကြောင်း တို့ကို ထိုစဉ်က ရုံးပြင်ကန္နားဝင်ဆန့် သူ အတွင်းသိ ရှေ့နေကြီး နှစ်ဦးသုံးဦးထံမှ သတင်း အတိ အကျ ရပြီးသား ဖြစ်ပါသည်။

ကျမကလည်း ဇာတ်တူသား စားရက်လေခြင်းဟု ယူဆမိစေကာမူ ငွေရေးကြေးရေးဆိုလျှင် သူလဲ ဘယ်မှာ အနစ်နာ ခံချင်ပေမှာလဲဟု ဖြေရသည်။ ထိုကြောင့် လောဘ ရှေ့ဆောင်ပြီး အိမ်ကြီးတစ်ခု လုံးရအောင် ယူလိုသည် ထင်၍ လျှော့ပေးလိုက်ခါမှ ယခုတော့ အိမ်ထက် ကျသင့်ငွေများကို လိုချင် ပြန်သည်ဟုဆိုရာ နောက်ဆုံး မှာ ကျမက ယခုအချိန်၌ အလုပ်တိုက် တည်ထောင်ထားရ၍ စိန်ထည် လက်ဝတ်လက်စား အနည်းငယ် မှ တပါး ငွေပိုငွေလျှံ မရှိသေးကြောင်း၊ ငွေပိုရှိလာသော အခါ ကြိုက်သလို လုပ်ပေးပါမည်ဟု နှစ်သိမ့်ရာ နှစ်သိမ့်ကြောင်း စာပြန်ထားရပါသည်။

ထိုသို့ အိမ်ကိစ္စပြန်လည်း နှူးဆွခြင်းမှာလည်း အခြားအကြောင်းကြောင့် မဟုတ်ပါ။ ၄၇လမ်းရှိ ကျမအိမ်တွင် ၀င်ရောက် တည်းခိုလာကြပြန်သော ဘကြီး၏သား၊ ချွေးမ၊ သမက်များနှင့် ကြီးဒေါ်၏ သားများမှတဆင့် ကျမမှာ ငွေကြေးချောင်လည်စွာနှင့် အလုပ်တိုက် ပုံနှိပ်တိုက်များ ဖွင့်ထားခြင်း၊ ၀င်ငွေကလည်း စီးပွား တိုးတက်စ ပြုလာပြီး အော်စတင် (ဂ) မော်တော်ကား ကလေးတောင် စီးနေ ပြီဟု သတင်း ပေးကြ သောကြောင့် ဖြစ်ပါသည်။ အလုပ်တိုက် ဖွင့်စကလည်း မန္တလေးသို့ တစ်ခေါက် သွားရောက်မိကြသည်။

ထိုအချိန် အခါ က ယခုတိုင် ကျမတစ်သက် ၌ မမေ့နိုင်သော စကားတစ်ခုကို လည်း သတိရလိုက်မိသေး၏။ ကျမမိခင်၏ အမဖြစ်ြသူ ၀က်မစွတ် ခင်ခင်ကြီးခေါ် ကြီးတော်သည် မျက်စိရောဂါ စွဲကပ်နေသည်ဆို၍ သွားရောက် မေးမြန်းသည်။ ကျမကို အနားကပ်မိအောင် ဆွဲ ခေါ်ပြီး လက်များ၊ နားရွက်များ စမ်းသပ် ကြည့်ရှုသည်။ မျက်စိမမြင်၍ ဒါတွေ စိန်အစစ်တွေဘဲနော် ဟု မေးသောအခါ သူ့အနီးရှိ ညီမ၀မ်းကွဲတော် ဒေါ်ခင်ခင်မျိုးက အစစ်မှ ရေမရော ပါနီ မရောဟု ၀င်တောလိုက်သည်။

ကျမက သူ ဘာအဓိပ္ပာယ်နှင့် မေးသည်ကို သတိမပြုမိဘဲ အိမ်ခန်းထဲတွင် ၀င်သွားစဉ် အပြင်မှာ ကျန်ရစ်သော (      ) အား တီးတိုးစကားနှင့် မှာကြား ပြောဆိုလိုက်သည်။ ကျုပ်တူမ က အင်မတန် ဆိုးတယ်၊ သည်းညည်း တော်တော်ခံပေါင်းရလိမ့်မည်ဟု ပြောသည်။ အပြော ခံရသူက ဒီအဒေါ်ကြီးဟာ ကိုယ့်တူမ ကိုယ် ဒီလိုပြောဘို့ မကောင်းကြောင်း တွေးမိသော်လည်း၊ မပြောအပ်ကြောင်း ပြန်မပြောခဲ့ဘဲ ကျွန်တော် တို့ဟာ တစ်ယောက်ဘ၀ တစ်ယောက် သိကြပြီးပါ၊ ဘယ်လောက်ပင် ဆိုးဆိုး သည်းညည်း ခံနိုင်ပါတယ်လို့ ဖြေခဲ့ရပုံ ကို ရန်ကုန် ပြန်ရောက်သောအခါ ပြန်လည် ပြောပြ၍ သိရှိရပါသည်။

ကျမနှင့် ကျမ၏ မိခင်ကို ငယ်စဉ်က စပြီး နိုင်ထက်စီးနင်း ပြုခဲ့ရသည်တို့ကို မကျေနပ်နိုင်သေးဘဲ မျက်မမြင် ဒုက္ခိတ ဘ၀ရောက်သော အချိန်မှာပင် လင်ခန်း၊ မယားခန်းမှာ ၀င်၍ ခြေထိုးသွေးခွဲ ပစ်ချင်သော အရိပ် လက္ခဏာ ကလေးမှာ ထိုအချိန်ကိုက ဇာတိပြလွှတ်လိုက်ပါသည်။ သို့ရာတွင် ယနေ့အထိ သူ့သား၊ မြေး၊ မြစ် တို့မှာ ကျမ၏ အရိပ်အာဝါသ အောက်မှာ လာရောက် ခိုလှုံ နေနိုင် အောင် ခေါ်ယူထောက်ပံ့ ကြည့်ရှု ပြုစု ထားခဲ့ရာမှ သူ့ဇာတိမျိုးရိုးမူအရ ကျမ၌ သေရေး၊ ရှင်ရေး တမျှ အရေးကြီးလှသော အချိန်အခါမှာပင် သူခိုး ဒါးရိုးကမ်း ရန်သူအားပေးဆိုသော စကားပုံပမာ ကျင့်သုံး ဆောက်တည် နေရှာကြပါသည်။

ရေးလက်စနှင့် ဆက်ရေးရဦးမည်ဆိုလျှင် အိမ်နှင့် ငွေတစ်ခုခုကို ပုံသေကားကျ ရလိုယူလိုနေသော ဘကြီး ဖြစ်သူ ၀က်မစွတ် မောင်မောင်ကြီးမှာ ကျမနှင့် အိမ်ကိစ္စ စကား အဆက်အစပ် ပြုနေဆဲ တွင် ဒုတိယ ကမ္ဘာစစ်ကြီးက ၀င်၍ မွှေလိုက်သောအခါ၌ မန္တလေးတစ်မြို့လုံး ဂျပန်၏ မီးလောင်းဗုံး များ အောက်မှာ ပြာပုံ အတိ ဖြစ်ရှိသွားသောကြောင့် ငွေရင်းရှစ်ရာတွင် အပြန်တရာ ထပ်၍ အတိုး ယူ အပိုင် သိမ်းထားသော ကျမ မိခင်၏ အိမ်သာမက သားသ္မီးတွေ မြိုင့်မြိုင့်ဆိုင်ဆိုင်နှင့် သူပိုင် နေထိုင်သော အိမ်ကြီးပါ မီးလောင်စာ အဖြစ်နှင့် ပြာကျသွားခြင်း ခံလိုက်ရရှာပါတော့သည်။ သင်္ခါရလောကကြီးသည် အလွန်ကြောက်စရာ ကောင်းကြောင်း စဉ်းစားမိသူတိုင်း တရားကျသွား ဘွယ်ရာ ကောင်းလှပါသည်။

လူ့ဘ၀၌ တခဏတလေး လူဖြစ်ရစဉ် လူတို့သည် လောဘတရား ကြီးမား ထူပြောစွာ ရှေ့ဆောင်လျက် တရား မဘက်နိုင်သော အပြုအမူတို့ကို မဆင်မခြင် ပြုမိမှား သော်လည်း အမှန်တရားကြီးသည် အချိန်ကို စောင့်စားကာ ဖြေရှင်းပေးနေပါသည်။ ထိုထက်ပင် သံသရာ၌ ကျင်လည်ရဦးမည် ဖြစ်သော ဘ၀များတွင် ပင်ကိုယ် စိတ်ဓာတ်အရ ပြုမူခဲ့ကြသော ကုသိုလ်၊ အကုသိုလ် အမှား၊ အမှန်ကို သံတရာ တစ်လျှောက်လုံး ရောက်ရာ ဘ၀မှ ဆုံးဖြတ်ချက်ချ ၍ ပေးခြင်း ခံရတတ် လေရာ၊ သူတော်ကောင်းများ သည် သံသရာဝန် ကို ပို၍ ကြောက်လန့်တတ် ကြသည်ဟု ဆိုရိုး စကား အလာ ရှိခဲ့ပါသည်။

နောက်ဆုံး ပရိဒေဝမီး ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

ငယ်ဘဝများ (၁၆) နှင့် ရွှေစင်ဦၤး မူးသွားခြင်း အပိုင်း (၄)


 
မင်းသမီး မဟုတ်ပါ ရွှေစင်ဦး ပါ
  
ရွှေကျင်နေသော တိုင်းရင်းသားများ  နဲ့ သူတို့ ယာယီ နေသော တဲကလေးများ


ကဲ..ဒီနေ့တော့ မင်းသမီး ဓါတ်ပုံရိုက်ခန်း ရောက်ပါပြီဗျာ...၊ ဖေဖေ တပည့် မြစ်ကြီးနား မြို့က နံမည်ကြီး ဓါတ်ပုံဆရာ ပါဘဲ..၊ ကျောင်းတက်ရင်း နဲ့ ဓါတ်ပုံ ဆိုင် ဖွင့်ထားတာပါ.. တရုပ်လူမျိုးပါဘဲ..၊ ကျနော့် ကို စိတ်ရှည်လက်ရှည် နဲ့ မြစ်ကြီးနားမြို့ ဝန်းကျင်ကို လိုက်လံပြသပြီး ဓါတ်ပုံ တွေလည်း ရိုက်ပေးပါတယ်..၊ နောက်ပြီး သူ့ဆိုင်ကို ခေါ်သွားပြီး ဓါတ်ပုံ ကူးတာတွေ နဲ့ တခြားလုပ်ငန်း တွေကိုလည်း ပြပေးပါတယ်..၊ ကျေးဇူးပါ.. ကျနော် နံမည် မေ့နေတဲ့ အတွက်ခွင့်လွှတ်ပါဗျာ..။

နောက်ပြီး ဖေဖေက ကျနော့် ကို အဲဒီအခေါက်မှာတော့ အတော်ကို အလိုလိုက်တယ်ဗျ..၊ ခရစ်စမတ် အတွက် တီးကြ မှုတ်ကြတဲ့ စီတာပူ ရွာထဲက တီးဝိုင်းတွေလည်း လိုက်ပြတယ်..၊ ကျနော့် တသက်မှာ ဖေဖေ အဲဒီလို ပွဲခင်းတွေ ဘာတွေ လိုက်ကြည့်တာ ပထမဆုံးမြင်ဘူးတာဘဲ..။ နောက်ပြီး..ဖေဖေ ရတဲ့ အစိုးရ အိမ်တွေမှာ ပထမဆုံး နေဘူးခြင်းဘဲ..၊ ကျနော့် ဖေဖေ အကြောင်းလဲ  နဲနဲလေး ပြောချင်တယ်.. ဖေဖေက တက္ကသိုလ် ဆရာဆိုတော့ ကျနော်က ကျောင်းထဲမှာ အိမ်ရစေချင်တာဗျ.. ၊ ကျောင်းထဲမှာ နေချင်တာပေါ့..၊ တက္ကသိုလ် ဘုန်းနိုင်တို့ နေသွားတဲ့ တိုက်ကြီးတွေ ကြည့်ြ့ပီး ဖေဖေ ကျောင်းထဲမှာ နေချင်တယ်.. အိမ်မရဘူးလားလို့ ငယ်တုန်းက အမြဲမေးပါတယ်..၊ မရဘူးတဲ့..၊ ဖေဖေ မန္တလေး တက္ကသိုလ် မှာ တခါမှ အိမ်မရဘူးပါ ခင်ဗျား..။

ကျနော် လည်း ဘာကြောင့်ဆိုတာ မသိဘူး..၊ နောက်မှ.. မေမေ ပြောပြတာ.. ဖေဖေ အိမ်လျှောက်.. တယ်ဆိုရင် ရမှာပေါ့ .. ဒါပေမဲ့ အမြဲတန်း မန္တလေးမှာ အိမ်ပိုင် ရှိလားဆိုရင်.. ရှိတယ်ဘဲ ဖြေတော့.. ဘောင်မဝင်လို့ အိမ်မရဘူးတဲ့..၊ ဒါပေမဲ့.. အိမ်ပိုင်ဆိုတာ အဖိုး အဖွားပိုင် တာပါ..၊ မရှိဘူးပြောရင်လည်း အပြစ်လွတ်ပါတယ်..၊ သူများတွေလည်း ဒီလိုပြောပြီး အိမ်တလုံးတော့ ယူထားတာဘဲ..၊  ဒါပေမဲ့ ဘယ်တော့မှ ဖေဖေ လိမ်မပြောဘူး..၊ ကျနော် ဖေဖေ ကို မကြိုက်တာတွေ အများကြီးဘဲ.. ဒါပေမဲ့ ဖေဖေ ရဲ့ မလိမ်တတ်တာ ရယ် မဆဲတတ်တာရယ်ကို တော့ ကျနော် တသက်လုံး လေးစားပါတယ်..၊ မဆဲ တတ်တာလည်း အံသြတယ်.. ကျနော် ဆို ဆဲတတ် သလား မပြောနဲ့ နည်းမျိုးစုံ နဲ့ ဆဲတတ်တယ်.. ရန်ဖြစ်ချင်သူများ သတိထားပါ..။

အဲဒီလိုနဲ့ ကျနော် ဟာ ဖေဖေ နဲ့ နေတာ အတော်ကြာသွားပြီ..၊ ကျနော် ပြန်တော့ မယ်လို့ဖေဖေ ကို ပြောတယ်..၊ အင်းတဲ့ လက်မှတ်ဝယ်ပေးမယ်တဲ့..၊  ဒါပေမဲ့ လက်မှတ် ကရမလာဘူး.. ဒါနဲ့ ကျနော်ဟာ ဖေဖေ နဲ့ ဒုတိယ အကြိမ် ကရိန်နော် ကို သွားပါတယ်..၊ ဖေဖေ ကျောင်းပိတ်တဲ့ ရက် တရက် မှာပါ..၊ တယောက် စက်ဘီး တစီး စီနဲ့ သွားတယ်..၊ ကရိန်နော် ကို ရောက်တော့ ကြည်နူးစရာတွေကို ကြည့်ရင်း ဖေဖေ ကလည်း သူ့ ချစ်ချစ်ကြီးလွမ်းပေါ့..၊ ကျနော် ကလည်း ကျနော့် ချစ်ချစ်ကြီးလွမ်းပေါ့ .. အဲဒီလို အလွမ်းပြိုင်နေရင်း ကျနော် ကဖောက်ချင်လာတယ်..၊ ဖောက်ချင် မှာပေါ့ဗျာ..၊ သူများ ရှေ့ကို တယောက်ပြီး တယောက် ခေါင်ရည်လေး မော့လိုက် ငါးကြော်လေး ကိုက်လိုက်နဲ့ လာလာ သောက်ပြနေကြတာကိုးဗျ..။

ဒါနဲ့ ဖေဖေ နားလေး အသာသွားပြီး ဖေဖေ ရေ ကချင် တွေများ ခေါင်ရေ တွေ သောက်လိုက်ကြတာ..လို့ပြော လိုက်တယ်.. အေးတဲ့ သူတို့ရိုးရာ ကိုးတဲ့..၊ အင်း.. ကချင်ပြည်ရောက်တုန်း သူတို့ ရိုးရာ ကချင်ခေါင်ရေ သောက်ကြည့် ချင်တယ်လို့ ပူစာလိုက်တယ်ဗျ..၊ နှစ်ခါ မပြောရပါဘူးဗျာ ကြည့်ရတာ သူကလည်း သောက်ချင်နေတယ် ထင်တယ်..၊ ဒီလိုနဲ့ သားအဖ နှစ်ယောက် ခေါင်ရေ တပုလင်းစီနဲ့ ငါးကြော် တကောင်စီ နဲ့ ငြိမ့် နေလိုက်ကြတယ်..၊ ဒါပေမဲ့ ကျနော့် စိတ်ထဲမှာ တပုလင်း ကုန်တာတောင် တအားကြီး မထူးသေး သလိုပါဘဲ..၊ ဒါနဲ့ နောက် တပုလင်း ထပ်ယူပြီး ဖေဖေ ကို တဝက်ပေး ပြီး ထပ်ချ ကြပြန်တယ်..၊ နဲနဲတော့ ရစ်သွားပြီဗျ...။

ဖေဖေ့ လှမ်းကြည့်လိုက်တော့လည်း.. အဲဒီအတိုင်းဘဲ အခြေအနေက သိပ်မကောင်းဘူး..၊ အဲဒါနဲ့ ဖေဖေရေ ပြန်စို့ဆိုပြီး.. ပြန်လာကြတယ်ဗျာ.. စက်ဘီးစီးရင်း ဟိုထိုး ဒီထိုး..နဲ့ မူးလိုက်တာ.. လေတိုက်လေ မူးလေ နဲ့  အိမ်တောင် ဘယ်လို ပြန်ရောက်လာလည်း မမှတ်မိတော့ပါဘူး.. ကျနော် တို့ သားအဖနှစ်ယောက် ကိုယ့် အခန်း ကို ကိုယ် ဝင်ပြီး အိပ်လိုက်တာ.. အတော်မှောင်မှကို နိုးလာပါတယ်...အိမ်ရှေ့ တံခါးမကြီး တောင် မပိတ်ဘဲ ကျနော် တို့ အိပ်သွားကြတာဗျ..။

ကဲ.. စာဖတ်သူများ ရေ ဒီတခါ ကျနော့် ရဲ့ သောက်ဖော် သောက်ဖက်ကြီးက ဖေဖေ ဖြစ်နေတဲ့ အတွက် မရစ်လိုက်ရဘူးဗျာ... နောက်များမှ ရွှေစင်ဦး မူးသွားခြင်းရဲ့ အဆက်အဆက် တွေဖတ်လိုက်ရအောင်.. အခု တခါအတွက်တော့ အဆုံးသတ်လိုက်ကြပါစို့ဗျာ..။

စာရေးသူ-ရွှေစင်ဦး

(သြ ကိုကြီးကျောက် ကျောင်းထဲကနေ စီတာပူ ဈေးဆိုရင်တော့ နီးနီးလေးပေါ့.. မြို့ထဲက ဈေးကြီးထိ သွားတာ ဆိုတော့ အဝေးကြီးပါ.. လျှာကိုထွက်ရော.. ဟောဟဲ..ဟောဟဲ..)
.
>>>ဆက်ဖတ်ရန်>>> >>

Tuesday, February 16, 2010

ငယ်ဘဝများ (၁၆) နှင့် ရွှေစင်ဦး မူးသွားခြင်း အပိုင်း (၃)

စီတာပူဈေးထဲ ဟိုကြည့် ဒီကြည့် နဲ့ ပေါ့ ဗျာ.. ဘာအကြွင်းအကျန် တွေများ ရအုန်းမလည်းပေါ့...၊ မတော်လို့ ဟင်းချက်စရာမရှိရင် ဖေဖေ ရဲ့ ငါးကြီး နဲ့ တွေ့သွားမှာလည်း ကြောက်ရသေးတယ်..၊ ဒါနဲ့ ဝက်သား ဆိုင်ရှေ့ရောက်သွားတယ်..၊ ဝက်သားဆိုင်ကလည်း ဝက်ခြေထောက် တချောင်း ရယ် ဆိုင်ရှင် ကချင်ကြီး ရယ်.. ခွေးလေး ငါးကောင် အရိုးကိုက်နေတာရယ် တွေ့တယ်ဗျ..။
ကျနော် လည်း ခွေးတွေ အရိုးကိုက် နေတာတွေ့ မှ အတွေးပေါ်သွားတယ်..၊ ငါ လည်း ဝက်ခြေထောက် ကိုက်ရင် ရသားဟဲ့ ဆိုပြီး.... ဝက်ခြေထောက် ကို ဝက်စတူး ဆိုပြီး ဖေဖေ ကို ညာကျွေးမယ် ဆိုပြီး အကြံလေး နဲ့ ဒီခြေထောက်ကြီးက ဘယ်လောက်လည်း ဆိုတော့ ဈေးက နဲနဲများ နေတယ်ဗျာ.. ကျနော်လည်း ခင်ဗျားဟာ အသား မှ သိပ်မပါတာ ဈေးလျှော့ အုန်းလို့ပြောတော့ မလျှော့နိုင်ဘူးဗျ တဲ့.. အရိုးဈေး အသားဈေး.. မရှိဘူးတဲ့ အားလုံးဈေးတူဘဲတဲ့.. ကျနော် လည်း ကချင် ကြီးက ငါ့တော့ ရိုက်နေပြီ.. ဒါပေမဲ့.. ရွေးစရာ ကလည်း မရှိတော့ ဝယ်မယ်ပြောရတော့တာပေါ့..... ။

အဲဗျာ..ကချင်ကြီးက အကုန်လုံး ချိန်ပြစ်လိုက်တယ်.. ကျနော်က နဲနဲဘဲ ဝယ်မယ် ပြောတော့လည်း မရောင်း ဘူးတဲ့.. အကုန်ဝယ်မှ ရမယ်တဲ့...၊ ဒါနဲ့ မန္တလေးသူ ဒေါ်ရွှေစင်ဦး တော့ ကချင်ကြီး လုပ်သမျှ ခံရတော့ တာဘဲ..၊ ဝက်ခြေထောက်ကြီးကို အသားဈေးလည်း ပေးဝယ်ရသေးတယ်..၊ ပြီးတော့ ကျနော်တို့ သားအဖ ရက်ပေါင်း များစွာ စားမကုန် တာကြီးလည်း ဝယ်ရသေးတယ်...၊ အမလေး ကြောက်ပါပြီ..စီတာပူဈေး ရယ်...။

ဒါနဲ့..ကျနော်လည်း ဝက်ခြေထောက်ကြီးဝယ်လာပြီး ချက်လိုက်တာ တအိုးကြီးရတယ်..၊ ပထမ ရက် တော့ မနက်စာ စားတော့ ဖေဖေ က ကောင်းတယ် ကောင်းတယ်.. နဲ့ စားတယ်ဗျာ.. ၊ ညနေစာလည်း.. ဒီဝက်ခြေထောက်ကြီးဘဲ နွေးကျွေး တော့ စားတယ် ဘာမှ မပြောဘူး..၊ နောက်နေ့ကြ.. ကျနော်လည်း ဝက်ခြေထောက် ဟင်းတွေကလည်း အများကြီးကျန်သေး..၊ ဈေး ကလည်း မနက် ၄နာရီ ထသွားရမှာ ဆိုတော့ ပျင်းပျင်း နဲ့ ဖေဖေ့ ကို ဝက်ခြေထောက် ဟင်းကို နံမည် တမျိုးပြောင်းကျွေးမယ် ဆိုပြီး စဉ်းစား လိုက်တော့ ဝက်နံတုံ ကိုသွားသတိရတယ်..၊ ဝက်နံတုံ ဆိုတာ သိပ်အေးတဲ့ နေရာတွေမှာ ဝက်ခြေထောက် ကို မနွှေးဘဲ ထားပြီး အအေးခံထားရင် နံတုံ ဖြစ်တာဘဲဟဲ့...ဆိုပြီး.. နောက်နေ့မနက်ကြ ဖေဖေ့ ကို ဝက်ခြေထောက်ဟင်း တွေ မနွေးဘဲ တုံတုံ ဖြစ်နေတာကို... ဖေဖေ အဲဒါ နန်တုံ ဟင်း ဆိုပြီးကျွေးတယ်...၊ 
ဖေဖေ ကလည်းစားတယ်.. ဒါပေမဲ့ ကျနော် ကတော့ အရေးဟဲ့ အကြောင်းဟဲ့ ဆိုရင် ပြေးပေါက်ရအောင် တံခါးပေါက်လေး ကွယ်ပြီး အသာစောင့်ကြည့် နေတယ်...၊ ဒါပေမဲ့ သနားရှာပါတယ်..ဘာမှ မပြောဘဲ စားသွားတဲ့ အပြင်.. ရွှေစင်ဦး တဲ့ နင် ပျင်းနေမှာ ဆိုးလို့ ဓါတ်ပုံ ရိုက်ပြီး ဟိုဒီလျှောက်လည် ရအောင် ငါ့တပည့် ဓါတ်ပုံဆရာလေး ခေါ်ထားတယ်တဲ့.. မနက်ဖြန် ကြ လျှောက်လည် ပြီး ဓါတ်ပုံရိုက်ချီတဲ့....။

ကျနော်လည်း ဖေဖေကအဲဒီလိုပြောတော့ သနားသွားတယ်.. သူခမျာ ငါ့ မဟုတ်သမျှ လုပ်ကျွေး ခံရှာသား ဘဲ.. ဒါပေမဲ့ သူစားနိုင်ပေမဲ့ ငါ မစားနိုင်ဘူး ဆိုပြီး.. ဖေဖေ ရေ ဒီနေ့ မြစ်ကြီးနား ဈေးကြီးဘက်သွားပြီး ဈေးဝယ်မလို့ ဖေဖေ ဘာစားမှာလည်း ဆိုတော့ မှ နင့်ရဲ့ တုံံတုံဟင်း တို့ စတူးဟင်း တို့ မဟုတ်ရင် ပြီးတာဘဲ.. ကြိုက်တာသာချက်..ကြိုက်တာသာချက် ဆိုပြီး ခံစားချက်လေး ပွင့်ထွက်လာပါတယ်..။

အဲဒါနဲ့ ကျနော်လည်း မာဖလာလေး နားရွက်ပါတ်..ဦးထုပ်လေး ဆောင်းပြီး.. စက်ဘီးလေး တစီး နဲ့ မြစ်ကြီးနား ဈေးကို ထွက်လာတယ်ဗျ..၊ စက်ဘီးစီးရတာလည်း မြို့ထဲထိဆိုတော့ နင်းလိုက် ရတာဗျာ.. အဝေးကြီးဘဲ.. ဒါပေမဲ့ လမ်းမှာ ကျနော့် ရဲ့ ဟိုငေး ဒီငေးနဲ့ မြစ်ကြီးနား ရဲ့ အလှ အပတွေကို ခံစားတာတွေ လည်းပါတာေပေါ့..၊ ပျားအုံကြီးတအုံတအုံ ဆန်ကော ဝိုင်းလောက်ကြီး တွေရှိတယ်.. အပင်ကြီးတွေကလည်း အကြီးကြီးတွေ.. အဲဒီအပင်တွေမှာ ပျားအုံ ဆိုက်စုံ ဗျာ.. အများကြီး..၊ နောက်ပြီး လမ်းတွေကလည်း ကတ္တရာလမ်းတွေ.. ဖုံတွေဘာတွေလည်း မရှိဘူး.. သာယာလိုက် တဲ့.... လှလိုက်တဲ့ ကချင်ပြည်နယ် မြို့တော်ပါလားလို့...။

အပိုင်း (၄) ဆက်ရန်
စာရေးသူ-ရွှေစင်ဦး
.
>>>ဆက်ဖတ်ရန်>>> >>

ဒဂုန်ခင်ခင်လေး နှစ်ပေါင်း ၆၀ အပိုင်း (၂၁)

ရည်ရွယ်ချက်တူ၍ ဘ၀ခရီးဖေါ်ပြုခြင်း

နဂါးနီတိုက်၏ အတွင်းရေးကိစ္စများကို ကျမက တိတိကျကျ မသိရပါ။ သိရမည့် ကော်မတီများ စာရင်းမှာ ပါဝင်သူမဟုတ်၊ သာမန် ရှယ်ယာရှင်တစ်ဦးအဖြစ် ပြင်ပမှ အားပေးလာခဲ့သူ ဖြစ်ပါ သည်။ သို့ရာတွင် လူကြီးပိုင်က သဘောကွဲလွဲမှု ဖြစ်ကြရခြင်း၊ သူက စေတနာနှင့် လုပ်ကိုင်ခဲ့သမျှ အချို့က အကောင်း မထင်ကြောင်း မန်နေဂျာလာတိုင်း ညည်းတွား ပြောဆို သည်ကိုသာ နားထောင်မိ ၍ သိရှိရခြင်း ဖြစ်ပါသည်။

ကျမစာအုပ် အငှားရိုက်စဉ် အတောအတွင်းမှာ သုံးရောင်ခြယ် မျက်နှာဖုံး ရိုက်နိုင်သော ပုံနှိပ် စက်တစ်လုံးကို ရောင်းသူရှိ၍ ကျမ၏ငွေနှင့် ၀ယ်ယူထားခဲ့ရာ နဂါးနီတိုက်မှာ တစ်လလျှင် ၅၀ကျပ် နှင့် အငှား ရိုက်ပါရစေဆို၍ ခေတ္တ ငှားထားသည်။ ကျမရည်ရွယ်ချက်မှာ ပုံနှိပ်တိုက်တခုထောင်မိ၍ သိရှိရခြင်း ဖြစ်ပါသည်။

ထိုအတောအတွင်း အလုပ်ကိစ္စ အပိုတွေများနေသည်တကြောင်း၊ ဒဂုန်မဂ္ဂဇင်းတွင် တိုက်ရှင်နှင့် ယခင်က လူဟောင်းများ အကြည့်ကြပ်ပဲ လူသစ်များနှင့် ကြည့်ကြပ်မှုလွှဲထားရာ လူသစ်များမှာ ဆက်ဆံမှု မပြေပြစ် သည်ကလည်း တကြောင်းကြောင့်၊ လစဉ်ပေးနေကျ စာမူများမပေးဖြစ်ပဲ ရှိခဲ့ရှိ ခဲ့သည်။ သို့ကြောင့် ကိုယ်ပိုက်ပုံနှိပ်တိုက်တခုဖွင့်၍ ၀တ္ထုရှည်များ ရေးသားထုတ်ဝေရန် သန္နိဋ္ဌာန်ချ လိုက်ပါသည်။

သခင်နု အမှုးရှိသော နဂါးနီစာအုပ်တိုက်မှ စီမံအုပ်ချုပ်သူ အမှုဆောင်လူကြီးများမှာ လက်ရှိမန်နေ ဂျာအပေါ် မကျေမနပ်ဖြစ်ကြရာမှ ရက်များမကြာမှီ အလုပ်မှ နှုတ်ထွက်လိုက်ရသည်။ ၎င်းအချိန် တွင် ကျမအိမ်သို့ အလာအရောက်များပြီး လူချင်းနီးနီးကပ်ကပ် တွေ့ရဖန်များသောကြောင့် တကြောင်း၊ စာပေ လောကနှင့် ပြွမ်းတီးကြသူ စာပေလုပ်ငန်းနှင့် စိတ်တူအလုပ်တူ ဖြစ်ကြသည် တကြောင်၊ စာပေနှင့် စပ်ဆိုင်ရာ စီးပွားရေးသဘော ကိုက်ညီခြင်းကြောင့် မမျှော်လင့်ပဲ ဘ၀ခရီးဖေါ် အဖြစ်သို့ ရောက်ခဲ့ကြ ရတော့သည်။

ကျမ အသက်အရွယ် သုံးဆယ်ကျော်တွင် အိမ်ထောင်ရေးကို စိတ်မ၀င်စားဝံ့ပဲ နေလာသူဖြစ်သည်။ အဆင် မပြေဘ၀တူက စိတ်ပင်ပန်း ဆင်းရဲမှုသာ တာဝန်ပို ခဲ့ရဘူးသောကြောင့် တကိုယ်ရေတကာယ လွတ်လပ် အေးချမ်းစွာ နေလာခဲ့သည်မှာ သုံးနှစ်ကျော် လာသဖြင့် သည်နည်းနှင့် နေရသည်မှာ အချမ်းသာဆုံးဟု သုံးသပ် ဆင်ခြင် မိသူဖြစ်ပါသည်။

သို့ရာတွင် အထက်ဖော်ပြပါ အကြောင်းကြောင်း များကြောင့် ၎င်း၊ တဖက်ကလည်း သူ၏ ဘ၀ခရီး ၌ မပြေပြစ်မှု၊ မညီမျှမှု စသည်များကို၎င်း၊ အလုပ်ကိစ္စက အဆင်မပြေဖြစ်လာရခြင်း များကို၎င်း၊ သောင်းပြောင်း ရောရာနှော၍ စိတ်သဘောဝါသနာတူလျက် တဦးပေါ်တဦး သက်ညှာစိတ်ဖြစ်ပေါ် ကာ ဘ၀ ခရီး ဖေါ် အဖြစ်ရောက်ခဲ့ရခြင်းဖြစ်ပါသည်။ ပုထုဇဉ်သားတို့၏ ဓမ္မတာ ကာမဂုဏ်မှု တခု ကို မူတည်၍ ဖြစ်လာသော အိမ်ထောင်ရေး မဟုတ်၊ အလုပ်တူ ဘ၀တူချင်း လက်တွဲ၍ ဘ၀ခရီးကို သွားကြရန်သာ ခိုင်မာသော ရည်ရွယ်ချက်နှင့် ပေါင်းဘက် မိကြခြင်းဖြစ်ပါသည်။

များမကြာမှီ ရန်ကုန်အရှေ့ပိုင်း ၄၇-လမ်းတွင် ပုံနှိပ်တိုက်ဖွင့်ရန် အိမ်တခုငှါး၍ အပေါ်ထပ်မှာ လူနေပြီး အောက်ထပ်တွင် ပုံနှိပ်အလုပ်တိုက်နှင့် အလုပ်ခန်းထားရန် အစီအစဉ်ပြု ကာ ပြောင်းရွှေ့လာခဲ့ကြပါသည်။ ခဲစာလုံး စာစီခွက်များနှင့် စာပုံနှိပ်စက်ဆိုင်ရာ အသုံးအဆောင် များကို ကျမ စုဆောင်း သိုမှီးထားလာသော စာမူရေးခ ဇာတ်ညွှန်းရေးခ ချွေးနည်းစာတို့နှင့် အလုပ် ခန်းထားရန် အစီအစဉ်ပြုကာ ပြောင်းရွှေ့ လာခဲ့ကြပါသည်။ ခဲစာလုံး စာစီခွက်များနှင့် စာပုံနှိပ်စက် ဆိုင်ရာ အသုံးအဆောင်များကို ကျမ စုဆောင်း သိုမှီးထားလာသော စာမူရေးခ ဇာတ်ညွှန်းရေးခ ချွေးနည်းစာတို့နှင့် ၀ယ်ယူမ တည်ခဲ့သည်။ စာအုပ် မျက်နှာဖုံးရိုက်ရန်ဝယ်ထားသော နဂါးနီ ပုံနှိပ် တိုက်မှာ ငှါးထားသည့်ကာလာရိုက် စက်ကလေး ကိုလည်း ပြန်ယူလာသည်။

တိုင်းပြည်ပြုပုံနှိပ်တိုက်

ပုံနှိပ်တိုက် မတည် ရ၍ ၄င်းရှယ်ယာများကို အလုပ်ထွက်စဉ်က အစားထိုး၍ ပေးဆပ်လိုက် ရပြီဟု ပြောသောကြောင့် သူ၏ ကြပ်တည်းမှု အခြေအနေအရ ငဲ့ညှာလိုက်ရပါတော့သည်။ ပုံနှိပ် တိုက်တခု အတွက် ၀ယ်ယူသော ပစ္စည်းများပြည့်စုံသောအခါ စာစီ-စာရိုက်-ဖိုမင်-စာရေး တိုက်စေ စသဖြင့် အလုပ်လုပ်မည့် လူများမှာလည်း နဂါးနီတိုက်မှ ဆရာအပြောင်းအလွှဲတွင် ခင်မင်ရာအလုပ် သမားအချို့ပါ ကျမ ပုံနှိပ်တိုက်သို့ကူးပြောင်းရောက်လာကြခြင်းကြောင့် အပြင်အပက အလုပ် သမားများကို ထပ်မံ မရှာဖွေ ရတော့ပါ။

စာပုံနှိပ်တိုက်၏ အမည်မှာ (တိုင်းပြည်ပြုပုံနှိပ်တိုက်) ပေးကာပုံနှိပ်တိုက် ဥပဒေအရ ရုံးတွင် မှတ်ပုံတင် ရာ၌လည်း ဒဂုန်ခင်ခင်လေးပိုင်ဖြစ်သည်၊ ပုံနှိပ်တိုက်နှင့်တွဲ၍ ဒဂုန်ခင်ခင်လေး စာအုပ် တိုက်မှ စာအုပ်များ ထုတ်ဝေမည့် အကြောင်းပုံနှိပ်လုပ်ငန်းပါ အပ်နှံဆက်သွယ်ကြရန်မြန်မာ့အလင်း သူရိယစသော သတင်းစာ များတွင် ကြေငြာလိုက်ပါသည်။ ပုံနှိပ်တိုက်ဖွင့်လိုက်ပြီ ဆိုသည့်အချိန် ကစပြီး၊ ကျမကလည်း ကလောင်ကို ကောက်ကိုင် ရတော့သည်။ ရှေ့မျက်နှာစာအခန်းတွင် အလုပ် စာပွဲများထားသည်။ ကျမကစာပွဲတလုံး၊ ဖိုမင် မောင်သန်းက စာပွဲတလုံး၊ စာရေးညွှန့်မောင်ခေါ် မောင်ပါက စာပွဲတလုံး၊ မောင်ဘိုနီခေါ်သူငယ်ကလေးက ပါဆယ်ပို့၊ တိုက်စေ စသဖြင့် အထွေထွေ လုပ်ရသူ ဖြစ်သည်။

ကျမမှာ ၀တ္ထုရှည်များအတွက် စာမူကို စာစီသမားများ လက်သို့ တရွက်ရေးပြီး ရင်း တရွက်ချပေးရင်းဖြင့် ရေးသူက ရေးပေး၍ စာစီသူက စီကြကာ တနေ့တာအလုပ်ကို ဝေငှ လုပ်ကြသည်။ စာမူကော်ပီကို စာစီသူ တွေ မပြီးမှီ ရေးသူက အပြေးပြိုင်သလို အနိုင်ရအောင် ရေးနိုင်မှသာ ကျန်သော တာဝန်များကို ကြည့်ရှုဘို့ အချိန်ပို ရရှိပါသည်။ ကျန်တာဝန်ဆိုသည်မှာ နေ့စဉ် လယ်ဂျာနှင့် သွင်းထားသော ငွေထွက် ငွေဝင် စာရင်းများ၊ နယ်ကိုယ်စားလည် မြို့ကိုယ်စား လည်တို့၏ အဆက်အသွယ် စာရင်းများကို တနေ့စာ တနေ့စာ ပြီးပြတ်အောင် စစ်ဆေးရပါသည်။

ထိုအချိန်က နာမည်ရပြီး စာရေးဆရာတို့၏ လုံးချင်းဝတ္ထုများမှာ ရှစ်ပဲမျှသာ တန်ဘိုးထားရပါသည်။ ထိုရှစ်ပဲမှာ ယခုသုံးလေးကျပ်နှင့်ညီမျှသော ငွေတန်ဘိုး ရှိလိမ့်မည် ထင်ပါသည်။ လုံးချင်းဝတ္ထု ရှစ်ပဲတန်များ အလွန် ရောင်း၍ တွင်ကျယ်ပါသည်။ ထုတ်ဝေမည့် နေ့ရက်ကြော်ငြာပါလာလျှင် ရန်ကုန် ကိုယ်စားလည် များသည် ငွေ့စက္ကူတွေ ကိုင်ကာ ထိုင်စောင့်ကြပါသည်။ တခါတခါ စာအုပ် ချုပ်ရာ ဌာနမှ လံချား တွေနှင့်တင် ယူလာသော စာအုပ်အစီးများကို သူ့ထက်ငါအလုအယက်ဖြစ် နေကျသောကြောင့် နောက်ထပ် လံချား တစီး မရောက်လာမှီ အဆင်ပြေအောင် မျှမျှတတ ဝေပေး နေရပါသည်။

ကျမမှာ စာရေးရသည်က တဘက်၊ မျက်မှောက်၌ မြင်တွေ့နေရသော အထွေထွေအလုပ်ကိစ္စများ ကို အဆင် ပြေအောင် ပြုလုပ်ပေးရသည်ကတဘက်၊ တာဝန်တွေ သွက်သွက်လျက်ရှိပါသည်။ သို့ရာတွင် ၀ါသနာ ပါရာ လုပ်ငန်းထဲ၌ တွင်ကျယ်မှုရသဖြင့် ပင်ပန်းသည်မထင်ဘဲ စိတ်ထဲမှာကြေနပ် ခြင်းရှိပါသည်။ ကျမ စာအုပ်တိုက် မှ ပဌမဦး ဆုံးစထွက်သော ' ဂုဏ်မြင့်သူ' ခေါ်ဝတ္တုမှာ ၃-ကြိမ်တိုင် ပြန်လည် ရိုက်နှိပ် ပေးရသည် အထိ စာကြည့်ပရိသတ်က စွဲလန်းကြပါသည်။

ဆက်တိုက် ထုတ်ခဲ့ ရသော လုံးချင်းဝတ္ထုများ ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

မြန်မာပြည်၏ ဟယ်လင် အပိုင်း (၁၆)

ကျွန်မတို့ ကားထွက်လာသောအခါ သူတစ်ဦးတည်း မတ်တတ်ရပ်၍ လက်ပြရင်းငိုယိုကျန်ခဲ့သည်။ ကျွန်မ တို့ပြန်လည်တွေ့ရန်မှာ အလားအလာ ရှိတော့မည် မဟုတ်ကြောင်း နှစ်ဦးစလုံးက သိနေကြပါ သည်။ တဲတစ်တဲ အတွင်း၌ကား သူမ မပစ်ပယ်နိုင်သူ တစ်ဦးက အရက်မူးပြီး အိပ်နေသည်။ သူ့အတွက် သူ့ဇနီးက မည်မျှ ကိုယ်ကျိုးစွန့်လွှတ်ခဲ့သည်ကို သူသိမည်မဟုတ်။ ဂရုစိုက်လိမ့်မည်လည်း မဟုတ်ပါ။
လမ်းမများ ပေါ်တွင် စစ်ပြေးဒုက္ခသည်များနှင့် ပြည့်ကျပ်နေဆဲပင် ဖြစ်သည်။

တောင်ကြီးမှ ၁၂မိုင်ဝေးသော ရွှေညောင်အထိ လူတန်းကြီးက ရှိနေ၍ ရောက်မှ ရောက်ပါတော့မလား ထင်ရသည်။
ကျွန်မတို့သည် ရွှေညောင်ဘူတာတွင် ပါလာသော ပစ္စည်းများကို ချပြီးကုန်များ အတင်အချလုပ်သည့် နေရာ၌ စခန်းချကြသည်။ ကျွန်မတို့အတွက် နောက်ခရီးကို သယ်ဆောင်ပေးရမည့် ရထားကို စိတ်ရှည် ရှည်ထား၍ စောင့်မျှော်ရပါဦးမည်။ ရုံပိုင်သည် ကျွန်မတို့လူစုအား တွဲနှစ်တွဲပေါ်သို့ တင်ပေးပြီး '' ရထားကိုမည်မျှလောက် ကြာအောင်စီးရမည်၊ ရထားသည်ကျွန်မတို့သွားလိုရာသို့ ရောက်မည်မ ရောက်မည်ကို သူကတိမပေးနိုင်ကြောင်း'' ပြောပါသည်။

အကြိမ်ပေါင်းများစွာ ပျက်ကွက်ပြီးနောက် ရွှေညောင်မှ ကလေသို့ ရထားသည် ကလင်ကလန်၊ ကလင် ကလန် စသောအသံများပေးကာ စတင်ထွက်ခွာ ပါတော့သည်။ မောင်းတံတစ်ခုကို ဆွဲလိုက်တိုင်း ခေါင်းတွဲကြီး တစ်စစီဖြစ်သွားမည်လားဟု စိုးရိမ်မိပါသည်။ ကလောတွင်လည်း မုန်းစရာကောင်းအောင် ကြန့်ကြာ နေပြီးမှ ခေါင်းတွဲကို စက်နှိုး၍ ရပါသည်။ ရထားသည်ဥသြဆွဲကာ တောင်အောက် လွင်ပြင်ဆီ သို့ခုတ်မောင်း သွားပါသည်။

ထိုအချိန်မှာ ဇွန်လဖြစ်၍ မခံမရပ်နိုင်အောင် ပူအိုက်လှပါသည်။ ဘွိုင်လာမီးအိုးနှင့် ပေအနည်းငယ်ခန့် အကွာတွင် ထိုင်နေရသလို ခံစားမိသည်။ မိုးရာသီကျေ၇ာက်ရန် နီးကပ်လာသည့်အထိမ်းအမှတ်ပင် ဖျြစ်ပါသည်။ ခေါင်းက အုံနေသည်။ မျက်စိကမှုန်ဝါးဝါး ဖြစ်နေပါသည်။ အပူရှိန် အဆက်မပြတ် ဖိစီးနှိပ် စက်မှုကို ခံစားနေရပါသည်။

ရေက အလွန်ရှားပါးသဖြင့် ဂရုတစိုက် ချွေတာရသည်။ လျှာများပေါ်မှ နာကျင်မှုကို သက်သာရုံ လည်ချောင်းကို ရေဆွတ်ရုံမျှ သောက်ကြရသည်။ ရထားလမ်း ဇလီဖားတုံးများ အကြား၌ မီးကို ကပျာကယာ မွှေးပြီး ထမင်းချက်ရသည်။ ဆန်မှာ ကျွန်မတို့၏ အဓိက စားစရာပင်ဖြစ်သည်။ ရေမရှိ၍ ရေမချိုးနိုင်ကြပါ။ တစ်ကိုယ်လုံး ဖုန်များဖြင့် လိမ်းကျံလျက်ရှိရာ ထွက်လာသော ချွေးများ ခြောက်သွားသောအခါ ကျွန်မတို့ ကိုယ်ကို ရွှံနှင့် မံထားလေသလားဟု ထင်ရသည်။

နောက်ဖေး နောက်ဖီသွားလိုသောအခါ ရထားလမ်းတစ်လျှောက်ပေါက်နေသော တောထဲသို့ဝင်၍ ကစ္စပြီး ရသည်။ တောထဲတွင်ကား လူဆိုးဓားပြများက ပစ္စည်းယူပြီး လူသတ်ရန်အသင့်စောင့်ဆိုင်း နေတတ် ကြပါသည်။ ကျွန်မတို့၏ အသက်ကိုဖက်ရွက်နှင်ထုပ်ပြီး ကိစ္စပြီးရခြင်း ဖြစ်ပါသည်။

ငါးရက်ခွဲ ကြာပြီးနောက်မန္တလေးမြို့သို့ ရောက်သွားကြပါသည်။ တစ်ကြိမ်တစ်ခါက အလွန်တရာ လှပ ခဲ့သော မြို့ကြီးသည် အပျက်အစီးများဖြင့် အထိပြီးနေပါသည်။ အဆက်မပြတ် ဗုံးကြဲခံရမှုကြောင့် အလွန်တရာ ခံညားခဲ့သည့် အဆောက်အအုံများသည် တစ်စစီဖြစ်နေသော ကျောက်ခဲပုံကြီးအဖြစ် ဘ၀ ပြောင်းကာ အရပ်သူအရပ်သားများ၏ သစ်သားများဖြင့်ဆောက်သောနေအိမ်များမှာမူ မီးလောင်ဗုံး များ ကြောင့် မီးလောင်ပြင်ကြီးဖြစ်နေပါသည်။

ကျွန်မတို့သည် ပြင်ဦးလွင်နှင့် မိုင်၄၀ ကွာဝေးနေပါသေးသည်။ လက်ရှိလာခဲ့သော နှုန်းအတိုင်းဆိုလျှင် နှစ်ရက် ခရီးပင် ဖြစ်သည်။ ခရီးလမ်း၏ကြမ်းတမ်းမှုဒဏ်ကို ကျွန်မမခံနိုင်သည်ထက်ပင် ဖခင်ကြီးနှင့် ကလေး များက ပိုဆိုးပါသည်။သူတို့ခမျာစိတ်ရောကိုယ်ပါ နွမ်းနယ်နေကြရှာသည်။ မော်တော်ကား ငှားရန် ပိုက်ဆံစုပါသည်။ တက္ကစီအရှထွက်ခဲ့၏။ အောင်မြင်ရန်လမ်းစနည်းသော်လည်း ကြိုးစားကြည့် ရပါသည်။

ကျွန်မဆယ်ကျော်သက်အရွယ်က မြင်တွေ့ခဲ့ရဖူးသော မန္တလေးမြို့ကို မမှတ်မိတော့ပါ။ အလွန်တရာလှ ပခဲ့သော မြို့ကြီးသည် ပျက်စီးနေပါသည်။ မြန်မာဘုရင် အဆက်ဆက်မှ နန်းတော်ကို ဗြိတိသျှတို့က ' 'ဒပ်ဖရင်ခံတပ်' ဟုအမည်ပြောင်းခေါ်ခဲ့သည်။ ၁၉၄၀ ခုနှစ်က ခမ်းနားကြီးကျယ်စွာ ကျင်းပခဲ့သော ဒါဘာ ဆုပေးပွဲ အဆောက်အအုံမှာ အကောင်းပကတိ ရှိနေသေးရာ ဂျပန်စစ်သားများနှင့် ပြည့်ကျပ်နေ တတ်သည့် လမ်းမ များတွင် လူသူရှင်းနေပါသည်။

နှစ်ရာပေါင်း များစွာ ကပင် လက်မှုပညာရှင်များ ထုတ်လုပ်သော ရွှေထီးငွေထီး ဆိုင်များသည်လည်း တိတ်ဆိတ်ပြီး လူသူကင်းမဲ့နေသည်။ မြန်မာပြည် အရပ်ရပ်မှ ထောင်ပေါင်းများစွာသော ဘုရားဖူးများ လည်းရောက် မလာနိုင်ကြတော့ပါ။ ရွှေပြာသာဒ်များ အောက်ဝယ်စံပယ်နေကြသော တန်ခိုးကြီးဘုရား များတွင် ဟာလာဟင်းလင်း ဖြစ်နေသည်။ တရားထိုင်နေကြေသောဘုန်းင်္ကြီးနှင့် သူတောင်းစား အနည်းငယ် ကိုသာ တွေ့ရသည်။

တစ်ရံတစ်ခါက လူများ၊ နွားလှည်းများဖြင့်၊ ပျားပန်းခပ်သွားလာလှုပ်ရှားနေကြပြီး ယခုလူသူကင်းရှင်း နေသော လမ်းများကို တစ်လမ်းဝင်တစ်လမ်းတွက် လျှောက်သွားခဲ့ရာ ဖို့ဒ်ကားစုတစ်စီးနှင့် သွားတိုးမိ သည်။ ပိုင်ရှင်ဖြစ်သူက ကျွန်မတို့ လူစုအားအခငွေလေးဆယ်ကျပ်ဖြင့် ပြင်ဦးလွင်သို့ လိုက်ပို့ရန် သဘောတူပါသည်။ ဤမျှလောက် အဖိုးအခကို ကျွန်မတို့မတတ်နိုင်ပါ။သို့သော်လည်း ကားနှင့် မသွား လျှင်ရထားနှင့် သွားရ တော့မည်။ ရထားနှင့်ဆိုလျှင် ခရီးလမ်းဆုံးရောက်သောအခါ အသက်နှင့် ကိုယ် အိုးစားကွဲဖို့သာရှိပါသည်။

ဟောလီးဝုဒ်ရုပ်ရှင်မှ ရိုက်ထုတ်သော ရယ်စရာ ဇာတ်ကားထဲမှမြင်ကွင်းနှင့် ကျွန်မတို့တစ်တွေ ကားစီး လာရပုံက တူနေသေးတော့သည်။ကားခေါင်းပိုင်းတွင် ကြက်နှင့် ဘဲတွေကတကွီကွီ တကော်ကော် အော်လာသည်။ ခွေးများက ခေါင်းများကို ကားပြင်ထုတ်၍ ဟောင်လာကြသည်။ကားထဲများက ကျွန်ုပ်တို့ တစ်တွေမှာ ငါးပိသိပ် ငါးချဉ်သိပ် ဖြစ်နေကြသည်။ ကလေးမျာက ကျဉ်းကျဉ်းကျပ်ကျပ် လိုက်လာခဲ့ရသဖြင့် မကျေနပ်ဘဲ ဆူပူအော်ဟစ် ငိုကြွေးလာကြသည်။

ဤမျှသေးငယ်သော မော်တော်ကားထဲသို့ ဖြစ်နိုင်လိမ့်မည်ဟုမထင်ရသော သူများအား ၀င်ဆံ့အောင် တင်နိင်သည်ကို မှတ်တမ်းတင်သူသာ တွေ့မြင်သွားပါလျှင် ဂရင်းနက်(စ်)၏ စံချိန်တင်စာအုပ်၌ မှတ်တမ်း ၀င်နိုင်ပါသည်။ ထိုခရီးသည် စိတ်ရောကိုယ်ပါ အသက်မသာ ဖြစ်ရသော်လည်း အင်ဂျင်စက် နှင့်ကားဘီးများ ရှိနေ သဖြင့် လိုရာခရီးကိုတော့ ပို့ဆောင်ပေးနိုင်ပါသည်။

လေယာဉ်ပျံများလာရောက် ဗုံးကြဲနေစဉ်မှာပင် ကျွန်မတို့သည် ပြင်ဦးလွင်သို့ ရောက်သွားခဲ့သည်။ ကိုဒါ မပေးလိုက်သော လိပ်စာအတိုင်း သစ်တောလမ်းထဲတွင် ရှိသည့် အိမ်သို့သွားပါသည်။စားပွဲကုလား ထိုင် နှင့် အိမ်ထောင်ပရိဘောဂ မရှိသည်မှအပ နေပျော်သော ဘန်ဂလိုတစ်ခု ဖြစ်ပါသည်။ ချစ်စရာကောင်းပြီး သပ်သပ် ရပ်ရပ် ပန်းခြံတစ်ခုလည်း ရှိပါသည်။ ဖေဖေ ကို ဧည့်ခန်းထဲတွင် နေရာချပေးသည်။

ကားမောင်းသမားသည် ကျွန်မ၏အခြေအနေကို ကြည့်ပြီးစိုးရိမ်နေပါသည်။ သယ်စရာပစ္စည်း များကို အိမ်တွင်း သို့ ကူညီသွင်းပေးခဲ့သည်။ ဘောက်ဆူးချသည်ကိုပင် လက်မခံပါ။
မတ်တတ်ရပ်၍ ရသောအခါ ဤအိမ်သို့ကိုဒါမ ကြိုတင်ပို့ပေးထားသော စားစရာများထဲမှ အချို့ကို ယူ၍ချက်ပြုတ်ပါသည်။ သို့သော်အဖော်မပါ တစ်ယောက်တည်း စားရမည်အထဲတွင် ရင်ကပါပြည့်နေသဖြင့် မစားဖြစ်တော့ပေ။ သို့ဖြင့် ကြမ်းပြင်ပေါ်သို့ လှဲချလိုက်ရာ ချက်ချင်းအိပ်ပျော် သွားခဲ့သည်။

နောက်တစ်နေ့မနတ်တွင် အရပ်ရပ်အခြေအနေကို သုံးသပ်ကြည့် ပါသည်။ ဈေးဝယ်ထွက်ရာ၌ ယာဉ်တစ်ခု ကို အသုံးမပြုလျှင် အဖြစ်ဟူ၍ ပထမဦးဆုံးဖြတ်လိုက်သည်။ ကျွန်မသည် မြို့ထဲသို့ လမ်းလျှောက်ထွက်ခဲ့ပြီး ဖွင်ထားသော ဆိုင်အချို့ကို ၀င်ကြည့်သည်။ စက်ဘီးတစ်စီး ထောာင်ထား သည်ကိုတွေ့ရ၍ ငွေ ၅၀ နှင့် ၀ယ်လာ ခဲ့သည်။

ကျွန်မတို့နေရသော အိမ်သည် ကျွန်မအတွက် ခေတ္တယာယီအားဖြင့် နိဗ္ဗာန်ဖြစ်ပါသည်။ နောက်ရက် သတ္တပတ်ကြာသောအခါ ကိုဒါမ ရုတ်တရက် ပေါက်လာပြီး ' ဂျိုင်းဗီးလ်' ဟုထူးထူးဆန်း ဆန်းမှည့် ခေါ်ထား သော ဘန်ဂလိုသို့ ပြောင်းရွှေ့ရန်ပြောပါသည်။ ယင်းအိမ်၏မူလပိုင်ရှင်မှာ မစ္စတာ ဂျယ်လီကို ဖြစ်ပါသညါ။ အလွန် လှပသော အိမ်ပင်ဖြစ်သော်လည်း အိမ်ထောင်ပရိဘောဂ မရှိကြောင်း တွေ့ရပြန်သည်။

အိပ်ရာကုတင်များ၊ စားပွဲများ၊ ကုလားထိုင်များကို ရှာဖွေနိုင်ခဲ့သော် ဤအိမ်တွင်စိတ်လက်ချမ်းသာ စွာ နေနိုင် လိမ့်မည် ဟူ၍ အိပ်ခန်းများကိုလိုက်လံ စစ်ဆေးကြည့်ရင်း ဆုံးဖြတ်ချက်ချလိုက်ပါသည်။ အိမ်ထောင် ပရိ ဘောဂများ ကို ရှာဖွေရန်ခတ်ခဲပါမည်။ ယင်းထက်တွေ့ရှိသည့်ပစ္စည်းများကို အိမ်သို့ သယ်လာ ရသည်က ပိုမိုခက်ခဲပါမည်။ သို့သောအဖြေကို မမျှော်လင့်သောနည်းလမ်းဖြင့် ရရှိပါသည်။
 
တစ်နေ့သော နံနက်ခင်း၌ အိမ်နားတွင်ရှိသော သစ်တောထဲသို့ဟင်းသီး ဟင်းရွက်နှင့်သစ်သီးရောင်း သူတစ်ဦးတလေ တွေ့ရနိုးမျှော်ကိုးပြီးလမ်းလျှောက်ထွက်ခဲ့ရာ အဘိုးကြီးတစ်ဦးသည် ထင်းများကို လိုက်လံ စုဆောင်း၍ အစည်းများစည်းကာ လက်တွန်းလှာ်းတစ်စီးပေါ်သို့ တင်နေသည်ကို တွေ့ရပါ သည်။

ကျွန်မက '' သူ၏လှည်းကိုငှားလျှင် ရပါမည်လော'' ဟုမေးကြည့်ရာ '' သူ့အလုပ်များပြီးစီးပါက ငှားပါမည်၊ တစ်ရက် လျှင်နှစ်ကျပ်ပေးရန်'' ပြောပါသည်။
နောက်ရက်သတ္တတတ်ပတ်လုံး အိမ်တစ်အိမ်ချင်းသို့ လိုက်လံပြီးပန်ကန်ခွက်ယောက်၊ မီးဖိုဆောင် သုံး အိုးခွက် နှင့် အိမ်ထောင်ပရိဘောဂများ ပါမကျန် စုဆောင်းသယ်ယူလာခဲ့သဖြင့် ဂျိုင်းဗီးလ်မှာ တဖြည်းဖြည်း ကျက်သရေမင်္ဂလာရှိလာခဲ့ပါသည်။

ငွေကြေးချမ်းသာသော သူများအပန်းဖြေရာ တောင်ပေါ်စခန်းမြို့ဖြစ်ပြီး အစိုးရနွေရာသီမြို့တော် လည်းဖြစ်သောကြောင့် အိမ်ထောင်ပရိဘောဂများမှာ ပိုလျှံနေပါသည်။ မြို့သူမြို့သားအများအပြား မှာသူတို့အိမ်များကို သော့ခတ်ပြီးထွက်ပြေးသွားသဖြင့် အိမ်အချို့မှာ ဖောက်ထွင်းလုယက်ခြင်း ခံထားကြ ရသည်။

ဤအိမ်များမှာ ပစ္စည်းများကိုငှားယူရ ခြင်းအတွက် ကျွန်မသည်ထူးထူးခြာခြား စိတ်မကောင်းခြင် မဖြစ်မိပါ။ ယင်းပစ္စည်းများကို အမှန်လည်းလိုအပ်နေပါသည်။ ကျွန်မယူမသုံးလျှင်လည်း အလဟဿ ဖြစ်နေကြပါမည်။ စွန့်ပစ် ထားသော ပီယာနိုတစ်ခုကို တွေ့သောအခါ မိမိကိုယ်ကိုမလုံသလို၊ လွန်ကဲ လာပြီလိုလို ခံစားရသည်။တန်ဖိုးကြီးသည့် ဇိမ်ခံပစ္စည်း တစ်ခုကို သိမ်းယူရန်မှာ ကျွန်မတွင်ရှိသော အသိဉာဏ်နှင့် အပ်စပ်မည်မဟုတ်ပါ။ သို့သော်ကိုဒါမက ကျွန်မယုံမှားသံသယ ဖြစ်နေသည်ကို ချေဖျက်ပစ်ရုံမက ယူရမည် ဟုပင် တိုက်တွန်းနေပါသေးသည်။ လှည်းပေါ်သို့ ပီယာနို ကို သူကိုယ်တိုင် ကူညီ တင်ပေးခဲ့ပါသည်။

မြန်မာနိုင်ငံအတွင်းသို့ ဂျပန်စစ်တပ်များ ၀င်လာပြီးမှစိတ်ချမ်းသာမှုနှင့် အေးဆေးငြိမ်သက်မှုကို ပထမ အကြိမ် စတင်ခံစားလာရပါသည်။ ကျွန်မအနေနှင့် အခြေတကျဖြစ်သွားခဲ့ပါသည်။
ရက်သတ္တပတ်ပေါင်းများစွာ ကုန်လွန်ခဲ့ပြီးနောက် ကျွန်မသည်လက်မှတ်ရ သူနာပြုဆရာမတစ်ဦး ဖြစ်ကြောင်းသတင်းများ ပြန့်သွားခဲ့ပါသည်။ မြို့ပေါ်နှင့် ရွာနီးချူပ်စပ်မှ လူနာများဆေးကုသခံယူရန် ကျွန်မ ထံသို့ရောက်လာကြသည်။ ရွာသူရွာသားများက ငွေကြေး အခက်အခဲရှိသဖြင့် ဆေးကုခ မပေးနိုင်ပါဟု ပြောလာကြသည်။ ငွေအစားဂျုံနှင့် ဆန်များကြက်ဥများကို ပေးကြပါသည်။ ကျွန်မ၏စိတ်ကြိုက်ပင် ဖြစ်သွားပါတော့သည်။ အကယ်၍ငွေပေးခဲ့သော် အစာအစာများကို မှောင်ခို ဈေးမှအဆမတန်ပေးပြီး ၀ယ်ရ မည်ဖြစ်သဖြင့် ရသောငွေနှင့် ကာမိမည်မဟုတ်ပါ။

ကျွန်မဆေးကုသပေးရသော နေရာများမှာ တစ်စထက်တစ်စ ကျယ်ဝန်းလာသည်ဖြစ်၍ အစိုးရ အသိ အမှတ်မပြုသောခရိုင် သူနာပြုဆရာကြီးဖြစ်မှန်းမသိ ဖြစ်လာခဲ့သည်။ ကျေးရွာများးနှင့် လူနာများ စုပေါင်း နေကြသော နေရာများသို့ မှန်မှန်သွားရောက်ရသည်။ မိုးလင်းမိုးချုပ်သည်အထိ ငှက်ဖျား၊ ၀မ်းကိုက်၊ အာဟာရ ချို့တဲ့၍ ဖြစ်ပေါ်လာသော အနာစိမ်းများ၊ ကျည်ဆန် အစအနမှန်၍ ဒဏ်ရာများကို လှည့်လည် ကုသ ပေးရသည်။

ကျွန်မတို့၏ များပြားလာသော အုပ်စုထဲမှစိတ်ဓာတ်ကျပြီး နာမကျန်ြးုဖစ်သူများကိုလည်း ကုသပေးရပါသေးသည်။
စားဆေး၊ ထိုးဆေးများရှာဖွေရသည်မှာ ကျွန်မအတွက် အလွန်ကြီးလေးသော ပြဿနာတစ်ရပ် ဖြစ်သည်။ တိုင်းရင်းသူ အမျိုးသမီးကြီးများက ရာစုနှစ်ပေါင်းစွာက ဖော်စပ်လာသော ဆေးပင်၊ သစ်ဥ၊ သစ်မြစ်၊ မာသော အခေါက်များပါသည့် ဆေးဖော်နည်းများကိုပေးရာ အချို့သောရောဂါများကို ထိရောက်စွာ ကုသ နိုင်ခဲ့ပါသည်။

အချို့သောရောဂါများကိုမူ ခေတ်မီဆေးများ တိုက်ကျွေးမှသာကုသ၍ရပါသည်။ ယင်ရောဂါများအ တွက်သင့်လျော်သော ဆေးရှာရသည်မှာ အလွန့်အလွန် ခက်ခဲလှပါသည်။ တစ်ခါတစ်ရံ စစ်တပ်မှ တိရစ္ဆာန် ဆေးကု ဆရာဝန်ခိုးထုတ်လာသော ဆေးများရရှိ၍ တော်တော့သည်။ သို့သော်သူ၏ ဆေးလည်း ကြာရှည်ခံ သည်တော့ မဟုတ်ပါ။ အလွန်တရာကံကောင်းလွန်း၍သာ ဤဆေးကိုရရှိ ခြင်းဖြစ်ပါသည်။

ကျွန်မ၏ခွေးများအနက် ခွေးမလေးတစ်ကောင် သားပေါက်နေသည်။ တိရစ္ဆာန်ဆရာဝန်သည် တစ်နေ့တွင် မြင်းစီး၍ အိမ်ရှေ့မှဖြတ်အသွားမြင်တွေ့သွားသည်။သူကကျွန်မကို'ခွေးတစ်ကောင် ရောင်းပါ'' ဟုပြောလေ ရာ ကျွန်မက ခွေးပါးစပ်တစ်ပေါက် လျော့နည်းသွားမည်ကို ၀မ်းသာနေ၍ အလကား ပေးလိုက် သည်။ သူကကျေးဇူးဆပ်သည့်အနေဖြင့် ထိုးဆေးများ၊စားဆေးများကို မကြာ ခဏ လာရောက် ပေးလေ့ရှိသည်။ သူမြင်းစီးသွားသည့် အခါတိုင်းခွေးကလေးကို မြင်းကုန်းနှီးရှေ့ တွင်တင်ပြီးစီးလေ့ရှိသည်။

ဆေးနှင့် ပတ်သက်သော ကိရိယာပစ္စည်းများနှင့် ဆေးဝါးများကို ရနိုင်သောအခါ ' လိုအပ်ခြင်းသည် တီထွင်ခြင်း ၏ မိခင်ဖြစ်သည်' ဟူသောစကားပုံသည် မှန်ကန်လှကြေင်း ဆောလျင်စွာတွေ့ရပါသည်။
တစ်နေ့တွင်ကျွန်မသည် ကလေးမွေးပေားမှ စက်ဘီးစီးပြီး အပြန်ဈေးအနီးတွင် အသက် ၆ နှစ် အရွယ်ရှိ မွတ်စလင် မလေးတစ်ဦးအား ဂျပန်စစ်ကားက တိုက်သွားသည်ကို တွေ့ရသည်။ ကားနှင့် တိုက်မိရာမှ မိန်းကလေး သည် အပေါ်သို့ မြောက်တက်သွားပြီး ကားရှေ့ဘောနက်ပေါ်သို့ ကျလာခဲ့သည်။ ကားမောင်းသူ ဂျပန် က ဘာမျှ မဖြစ်သလို ကားကိုရပ်ပင်မပေးချေ။

ကျွန်မသည် စက်ဘီးပေါ်မှ ဆင်းပြီးကလေးမလေးထံသို့ အပြေးအလွှားသွားခဲ့သည်။ ကလေးမလေး၏ လက်မောင်း နှစ်နေရာတွင် အရိုးသွင်သွင်ကျိုးသွားသည်ကို အသေးစိတ် စစ်ဆေးကြည့်ရန်ပင် မလိုဘဲ အလွယ် တကူ ပင် တွေ့ရပါသည်။

သူမ၏ဖခင်သည် ကျွန်မအားတစ်ခုခု လုပ်ပေးပါရန် စိတ်ထိခိုက်စွာဖြင့် တောင်းပန်နေပါသည်။ ကျွန်မအနေဖြင့် မည်သို့ကုသပေးရမည်ကို ကောင်းစွာသိရှိငြားလည်း ပစ္စည်းကိရိယာရှိမှ ကု၍ရမည့်ကိစ္စ ဖြစ်နပါသည်။ အရိုးများကို ကျွန်မပြန်ဆက်ပေး၍ ရပါသည်။ သို့သော်ကျပ်စည်း ရန်အတွက် ပလာစတာနှင့် အုံထားမှဖြစ်ပါမည်။
ထိုအချိန်မှာပင် လမ်းဘေးရှိ ခြတောင်ပို့ကြီး တစ်ခုကို ကျွန်မလှမ်းမြင်လိုက်ပါသည်။

'' ကျွန်မကိုအ၀တ်စ နည်းနည်းပေးပါ'' ဟုတောင်းလိုက်၏။
စိတ်ဓာတ်ကျနေသော ဖခင်သည် ကြောက်ရွံ့နေသော ယုန်တစ်ကောင်အလား ပြေးထွက်သွား သည်။ ဘေးမှရပ်ကြည့်နေသော သူများအားတောင်ပို့မှ အနူးညံ့ဆုံး၊အမှုန့်ဆုံး မြေလက်တစ်ဆုပ်စာယူပေး ကြပါရန် ခိုင်းပါသည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Monday, February 15, 2010

ငယ်ဘဝများ (၁၆) နှင့် ရွှေစင်ဦၤး မူးသွားခြင်း အပိုင်း (၂)

တနေ့ တနေ့ ရေးစရာ တွေက ကုန် မကုန် နိုင်ဘူး ဆိုပြီး... စဉ်းစားမိပေမဲ့ .. ရေးစရာ လေး စဉ်းစားမိတော့ မရေးးဘဲမနေနိုင်...၊ ကျနော် ကွမ်းမူး တဲ့ အကြောင်းရေးတော့ ကျနော် နဲ့ ဘဝတူတွေ တော်တော်များ တာ တွေ့ရတယ်.. မူး တဲ့ ထဲတော့ ကွမ်းမူးတာ တော်တော်ဆိုးတော့ အားလုံးက မှတ်မိနေကြတာပေါ့..။

ကဲ နောက် တမူးလေး ဆက်လိုက်ကြရအောင်....၊ comment ထဲမှာ ခေါင်ရည်မူးတာ တွေ့လိုက်ရလို့ ကျနော် လည်း ကျနော် ခေါင်ရည် မူးတာလေး ပြန်သတိရ လာတယ်ဗျ...။

ကျနော့် ဖေဖေ မြစ်ကြီးနား ကို ဒုတိယ အကြိမ် ပြောင်းရတယ်..၊ မေမေ နဲ့ အတူပြောင်းသွားကြတာပေါ့..၊ ဒါပေမဲ့ နောက်ပိုင်း ကြ မေမေ က ပျင်းလာလို့ မန္တလေး ပြန်လိုက် မြစ်ကြီးနား သွားလိုက် တလှည့်စီ လုပ်နေတယ်..၊ မေမေ မန္တလေး နေတဲ့ အလှည့်ကြရင်.. ဖေဖေ နဲ့ တယောက် လိုက်နေ ပေးရတယ်..၊ ဘယ်သူမှတော့ မလိုက်ချင်ဘူးဗျ.. ပျင်းစရာကောင်းလွန်းလို့.. ပြီးတော့.. ဖေဖေ လည်း ကြောက်ကြ တာကိုး...။

ဒါပေမဲ့.. အဖေ ဆိုတော့ လည်း သနားလို့ တလှည့်စီနေပေးရတာပေါ့..၊ ပထမ အကြိမ် အလှည့်ကြတာက ကျနော့် ညီမ အငယ်ဆုံး သူက အဲဒီတုန်းက ၆ တန်းလား ၇ တန်းလား မသိဘူး ရောက်နေပြီ.. ဒါပေမဲ့ ဖေဖေ ကို ထမင်းတော့ ကောင်းကောင်းချက်ကျွေး တတ်နေပြီ.. ပြီးတော့ တအိမ်လုံး ဘယ်သူမှ မလိုက်ချင်တော့.. သူ့ကိုတွန်းပို့ လေး ပို့လိုက်ကြတာ..၊ သူ ကလည်း အမြဲတန်း စပ်စပ်စုစု နဲ့ ဆိုတော့ ပါသွားရောဗျာ...၊ ဒါပေမဲ့ သူကလည်း တောင်းဆိုမှု့ လေးနဲ့ မောင်လေး လိုက်မှ သူ လိုက်မယ်ပေါ့..၊ သူ့မောင်လေး ကလည်း ကြည့် အုန်း .. အဲဒီတုန်းက ၂တန်းလား ရှိသေး.. ငယ်ငယ်လေး... ဒါပေမဲ့ ဖေဖေ ကလည်း သူတယောက်ထဲ ဆိုတော့.. လိုက်သမျှ.. သူ့အတွက် အမြတ်ဆိုပြီး.. အတင်းခေါ်တယ်..၊ မေမေက သူ့သားလေး ကြ မထည့်ချင်ဘူး.. ဒါပေမဲ့ ညီမ မလိုက်ရင် သူ့ဘက်လှည့်လာမှာ ကြောက်တော့ ထည့် လိုက်ရတယ်..၊ သူ့ တို့ ၂ယောက် အလှည့် တလလောက်နေပြီးတော့ ပြန်ရောက်လာတယ်ဗျ.....။

ညီမ က မြစ်ကြီးနား မှာ သူ နဲ့ မောင်လေး နဲ့ လည် ခဲ့တဲ့ အကြောင်းတွေနဲ့ သူတို့ ၂ယောက်နဲ့  ငါးကြီး တကောင်နဲ့ ဇာတ်လမ်းပြောပြတယ်...၊ မရောက်ဘူး တဲ့ နေရာတွေလည်တာတော့ ထားလိုက်ပါတော့ဗျာ..၊ ငါးကြီး အကြောင်းပြောရအောင်...ကျနော် တို့ ဖေဖေ က မြစ်ကြီးနား တက္ကသိုလ် ဝန်းထဲက ယောက်ကျားလေး အဆောင်ထဲမှာ တထပ်တိုက်ပုလေး မှာ နေရတယ်ဗျ..၊ ရောက် တဲ့ နေ့က ညီမ တို့ ၂ယောက် ကို အိမ်မှာ ထားခဲ့ပြီး.. ဖေဖေ က သူသွားချင်ရာတွေ လျှောက်သွားတယ်တဲ့..၊ ညနေကြတော့ လက်ထဲ မှာ ငါးကြီး တကောင် ဆွဲပြီး ပြန်လာတယ်တဲ့.. ငါးကြီး ကလည်း အကြီးကြီး.. ပြီးတော့ ညီမကို ကဲ ငါးဟင်းချက် ထားလိုက် တော့လို့ ပြောပြီး ပြန်ထွက်သွားတယ်တဲ့...။

အမှန်တော့ဗျာ.. ညီမက သူ့ ကိုချက်ပြုတ်ကျွေးမယ် ဆိုတော့ သူက ဟင်းစားရှာလာတဲ့ သဘောပေါ့ ..ငါး ကြီး ဝယ်ချလာတာ...၊ ကျနော့် တို့ မန္တလေး မှာ ငါးဟင်းချက်တယ်ဆိုတာ .. ဈေးက အစိတ်သားဆို အစိတ်သား အချိန်နဲ့ ဝယ်ပြီး အားလုံး တုံးတစ် ခိုင်းပြီးမှ အိမ်ရောက်တော့ ရေဆေးချက်ရုံဘဲ.. ကျနော် ဆို  အသား၊ ငါး ကိုယ်ဘာသာ ချက်ရင် ဘယ်တော့ မှ အဲဒီဟင်းနဲ့ ထမင်း မစားဘူး၊ နောက်ပြီး အဲဒီအသား အေးစက်စက် ကြီးတွေ ကိုမကိုင်ရဲဘူး.. ဟင်းချက်ရင်၊ ရေဆေး ရင် ဇွန်းနဲ့ မွှေပြီးမှ ဆေးတာ.၊ ဆား ဆနွင်း နယ်ရင် လည်း အဲဒီလိုဘဲ ဇွန်းနဲ့ ဘဲနှယ်တာ..၊ ငါး ကိုတော့ စားလို့ရသေးတယ် ဝက်သား တို့ ဘာတို့ဆို စားမရတော့ဘူး..။

ညီမ အဖြစ်ကြတော့ သူနဲ့ မောင်လေး နဲ့ အဲဒီ ငါးကြီး ကို ဘယ်လို လုပ်ရမှန်း မသိတာနဲ့ တစိမ့်စိမ့် ထိုင်ပြီး ကြည့် နေတယ်တဲ့..၊ ကြည့် ရင်းနဲ့ ငါးကြီးကလည်း နဲတာကြီး မဟုတ်တော့ သူ့စိတ်ထဲ မှာ ကြောက် ကြောက်လာပြီး.. ငါးကြီးများ လှုတ်လာ လားလို့..  ထင်ပြီး ... မောင်လေး ရေ ငါးကြီး က လှုတ်များ နေလားဆိုတော့.. မောင်လေး ကလည်း ဟုတ်တယ်ထင်တယ်..ဆိုပြီး..၊ နှစ်ယောက်သား ကြောက်လာ တာနဲ့ အိမ်ရှေ့ပြေးထွက်ပြီး ငါးကြီး ပစ်ထားခဲ့ ပါလေရော...တဲ့ဗျာ..၊ ပြီးတော့ အိမ်ထဲလည်း ပြန်မဝင်ရဲတော့ အိမ်ပေါက်ဝမှာ ငုတ်တုတ်ထိုင်နေကြသတဲ့......၊ လာပါပြီ... ကျနော့် ဖေဖေ .. သူကတော့ စိတ်ကူးယဉ် ပြန်လာမှာပေါ့.. ငါးဟင်း များ စားရမလား.. ငါးကြော် များ စားရမလား..ဆိုပြီး..၊ ငါးဟင်း တော့ မစားရဘူး.. အိမ်ပေါက်ဝမှာ ငုတ်တုတ်လေး ထိုင်ပြီး တရှုံရှုံ ငိုနေတဲ့ မောင်နှမ ၂ ယောက် နဲ့ မန္တလေး ပြန့်ပို့တော့ ဆိုတဲ့ စကားလေး ကြားလိုက်ရတော့.. ကျနော့် ဖေဖေ ခမျာ ဘယ်လောက် အမောဆို့ သွားမလည်း..သား သမီးများ မလိမ္မာတာ...အဟဲ..။

သူ တို့ အလှည့် ပြီးသွားတော့ လာပါပြီ.. ကျနော့် အလှည့်.. ကျနော် ကတော့ တောင်းဆိုမှု့တွေ တသီကြီး နဲ့ လိုက်တယ်ဗျ..၊ ပထမဆုံး အချက်က ငါးကြီးဝယ်မပေးဘို့ပေါ့.. ဒုတိယ က ၂ပတ်အပြင်ပို မနေဘူးပေါ့.. (နေ လို့ လည်း မရဘူး လေ.. နောက်က ချစ်ချစ်ကြီးက တန်းလန်း တန်းလန်း..နဲ့ မြန်မြန် ပြန်မလာရင် တော့ လိုက်လာမှာဘဲ..အဟင့်..ဟင့် တဲ့....) ဒါနဲ့ ကျနော်လည်း မြစ်ကြီးနား ပါသွားပါလေရော.. မှတ်မှတ်ရရ ကျနော့် တသက်မှာ အဲဒီ မြစ်ကြီးနား အသွားအပြန် ၂ခါဘဲ လေယဉ် စီးဘူးတယ်..၊ အသွားစီးတုန်းကတော့ လေယဉ် ပြတင်းပေါက် ကနေ တိမ်တွေ့ကြည့် .. အောက်ကိုလှမ်း ကြည့်တယ်... ၊ တခါကြည့်လည်း ဒီတောင် ဒီ မြစ်ကြီး (ဧရာဝတီ) ဆိုတော့ ကျနော့် စိတ်ထဲမှာ လေယဉ်ကြီးက ရပ်များနေလေသလား.. ၊ ဘယ်ပါဆင်ဂျာ များစောင့်နေပါလိမ့်...၊  ငါတော့ လေယဉ်ပျက်ကြရင် ချစ်ချစ်ကြီးနဲ့ ခွဲရတော့ မှာဘဲ ၊ ဆိုပြီး ကြောက်လိုက် တာဗျာ.. ။

မြစ်ကြီးနား ရောက်သွားတော့.. ကျနော့် ဖေဖေက နဲနဲတော့ လျှော့သွားတယ်ဗျ.. ရွှေစင်ဦး နင် ထမင်းမချက် ချင်ရင် ငါတို့ ဦးမခေါ (ကချင်ကြီး ဆိုင်) ဆိုင် သွားစားမယ်လေတဲ့..၊ ကျနော်လည်း နေလို့ ရတုန်း နေထားအုန်းမှ ဆိုပြီး ဆိုင်သွားစားကြတယ်ဗျ...ကျနော်က.. ထမင်းပေါင်းစားတာ ဝက်စတူး ဟင်းရည်တွေ ဆမ်းပြီး အသားတွေကလည်း နူးအိနေတော့ စားလို့  တော်တော်အရသာ ရှိတယ်..။

နောက်တနေ့တော့ စပါပြီ စီတာပူဈေး လေးနဲ့ ကျနော်နဲ့..၊ ဖေဖေက စီတာပူ ဈေး ရှိတဲ့ နေရာ လမ်းညွှန် ပြတယ် ...အဲဒီမှာ ဝယ်ချက်ပေါ့တဲ့.. ကျနော်လည်း ပထမ တရက်က မနက် ၇ နာရီလောက် ထ ပြီး ရှိုး တွေ ဘာတွေ ထုတ်ပြီး (ကချင် ထီးလေးများ အပိုဆု ရမလားလို့) ဈေးသွားတယ်ဗျ..၊ ဈေးရောက်တော့ ခွေးတွေ နဲ့ ကျနော်နဲ့ဘဲ ရှိတယ်..၊ အဲဒါနဲ့ စုံစမ်းကြည့်တော့ ဒီအချိန်ဆို ဈေးကွဲပြီတဲ့..၊ ကျနော် လည်း အတော် စိတ်ညစ် သွားတယ်...၊ ဒီအချိန် ဈေးကွဲတော့ ဘယ်အချိန်များ ဈေးရောင်းကြလည်းပေါ့... မနက် ၄ နာရီလောက် မီးခွက်ထွန်း ရောင်းကြတာဆိုဘဲ... အမယ်လေး နှိုတ်စက်ပါ့ စီတာပူ ရယ်.. ဒီဇင်ဘာ လ ရေခဲအောင် အေးနေတဲ့ အချိန်ကြီး မနက် ၄ နာရီ ဈေးဝယ်ထွက်ရရင်တော့ သေပါပြီပေါ့.. နှိုတ်စက်ပါ့ ..ဖေဖေ ရေပေါ့..။

အပိုင်း (၃) ဆက်ရန်
စာရေးသူ-ရွှေစင်ဦး
.
>>>ဆက်ဖတ်ရန်>>> >>