Showing posts with label News. Show all posts
Showing posts with label News. Show all posts

Thursday, August 13, 2009

သတင်း ၁၃-၈-၂၀၀၉



်မင်းသားကြီးဇော်ဝမ်း ကွယ်လွန်ပြီ

မြန်မာနိုင်ငံ၏ နာမည်ကြီး အနုပညာရှင်ကြီး တစ်ဦးဖြစ်သော အဆိုတော်၊ ရုပ်ရှင်မင်းသားကြီး ဦးဇော်ဝမ်းသည် ဩဂုတ်လ (၁၂)ရက်နေ့ ည (၈း၃၀)နာရီခန့်က ရန်ကုန်မြို့သီရိစန္ဒာဆေးခန်းတွင် အသည်းရောဂါဖြင့် ကွယ်လွန်ခဲ့သည်ဟု သိရသည်။ မန္တလေး ရီမြင့် ရုပ်ရှင် မှ ရိုက်ကူးသော သင်္ကြန်မိုး ဇာတ်ကားတွင် သင်္ကြန်မင်းသားကြီးအဖြစ် ပါဝင်သရုပ်ဆောင်ရင်း သီချင်းရေးဆရာ ကိုမောင်မောင် (မန္တလေး/ကွယ်လွန်) ၏ သင်္ကြန်သီချင်းများ ဖြင့် တဖန်နာမည် ပိုမိုကျော်ကြား လာစေခဲ့သည်။

ဇော်ဝမ်းသည် တခေတ်တွင်တယောက်ဟု ပြောကြားရလောက်အောင် နာမည်ကြီး ခဲ့သူ တဦး ဖြစ်သည်။ သူ့ခေတ်သူ့အခါက ဇော်ဝမ်း သီဆိုခဲ့သော ကျောက်ခဲ သီချင်းသည် ထိုခေတ်လူငယ်တို့ ၏ပါးစပ်ဖျား တွင် အထူးရေပန်းစားခဲ့သည်။

ထို့နောက် မူးရစ်ဆေးဝါးမှု့ ဖြင့်အဖမ်းခံခဲ့ရသည်။ ထောင်မှ လွတ်သောအခါတွင် သင်္ကြန်သီချင်း များဖြင့် ပြန်လည် ကျော်ကြားခဲ့သည်၊ သင်္ကြန်ပွဲတော်များတွင် ဇော်ဝမ်း၏ သီချင်းများ မပါလျှင် သင်္ကြန်မပီပြင်ဟု ထင်ရသည့် အထိအောင်မြင်ခဲ့သည်။ မန္တလေးသင်္ကြန်၊ မြို့မတီးဝိုင်း နှင့် ဇော်ဝမ်း တို့သည် သင်္ကြန်၏ အမှတ်တံဆိပ်များ ဖြစ်သည် ဟုထင်ရလောက်အောင် ပြန်လည် ကျော်ကြားလာခဲ့ပါသည်။

ကွယ်လွန်ချိန်တွင် အသက် (၆၄)နှစ်ရှိခဲ့ ပြီဖြစ်သည်။

writer - szo

အဆိုတော်ရုပ်ရှင်သရုပ်ဆောင် ဇော်ဝမ်းကွယ်လွန်

ခေတ်ပြိုင်ဂျာနယ် မျိုးချစ်သူ / ၁၃ သြဂုတ် ၂၀၀၉

သင်္ကြန်မိုးရုပ်ရှင်ဇာတ်ကားဖြင့် နာမည်ကြီးသော သင်္ကြန်မင်းသားကြီး ဇော်ဝမ်း အသက် (၆၄) နှစ်သည် ယမန်နေ့ သြဂုတ် (၁၂) ရက် ည (၈) နာရီခွဲခန့်အချိန်က အင်းစိန်မြို့နယ် သီရိစန္ဒာဆေးခန်းတွင် ကွယ်လွန်သွားကြောင်း ၎င်း၏ မိသားစုဝင်တဦးက ပြောသည်။

“အသည်းရောင်တာ ကြာပါပြီ။ သူ့မှာက အသည်းရောဂါရှိတာပါ။ အရင်တုန်းက အရက်တွေ အလွန်အကျွံသောက်ခဲ့တာကိုး။ အဲဒီဒဏ်တွေပေါ့လေ” ဟု ဇော်ဝမ်းနှင့် အနုပညာလုပ်ဖော်ကိုင်ဖက် တဦးက ပြောသည်။

“ဇော်ဝမ်းဟာ စေလိုရာစေ ရုပ်ရှင်ဇာတ်ကားထဲက ကျောက်ခဲသီချင်း ကို သီဆိုခဲ့တယ်။ အဲဒီနောက်ပိုင်း သူအောင်မြင်ခဲ့တယ်။ ပြောရရင် ကျော်ဟိန်းထက် အောင်မြင်ခဲ့တဲ့ မင်းသားအဖြစ်နဲ့ ပရိသတ်က သိခဲ့တာပေါ့” ဟု အသက် (၇၀) ခန့်ရှိ ရန်ကုန်အခြေစိုက် သတင်းဂျာနယ်တခုမှ သတင်းထောက်ဟောင်းကြီးတဦးက ပြောသည်။

ဇော်ဝမ်းသည် စေလိုရာစေ ရုပ်ရှင်ဇာတ်ကားမှ ကျောက်ခဲသီချင်းဖြင့် အောင်မြင်လာခဲ့ရုံမက လူ့မနော၊ နေထွက်သောည၊ ရွှေသမက် ငွေသမက်၊ တို့နှစ်ယောက်နှင့်မိငြိမ်းချမ်း၊ ပလက်ဖောင်းမင်းသား၊ ပုစ္ဆာဆန်သောမိန်းကလေးနှင့် ဘယ်သူပြိုင်လို့ လှပါတော့နိုင် ဇာတ်ကားများဖြင့် ပရိသတ် စွဲလမ်းနှစ်သက်သော သရုပ်ဆောင်ကောင်းတဦး ဖြစ်လာခဲ့သည်။

ယခု သမ္မတရုပ်ရှင်ရုံတွင် ရုံတင်ပြသနေသော မင်းလူ၏၀တ္ထုဖြစ်သည့် အချစ်ဟုအဓိပ္ပာယ်သက်ရောက်ခြင်းမရှိစေရ ရုပ်ရှင် ဇာတ်ကားတွင် အကယ်ဒမီကျော်သူ၊ ကွယ်လွန်သူ အကယ်ဒမီထွန်းထွန်းနိုင်တို့နှင့်အတူ သရုပ်ဆောင်ထားသည်ဟု ရန်ကုန်မြို့ခံတဦးက ပြောသည်။

“သင်္ကြန်မိုးရုပ်ရှင်ဇာတ်ကားမှာ ဇာတ်ဝင်သီချင်းတွေနဲ့ ထိန်းထားခဲ့တဲ့အတွက် အဲဒီဇာတ်ကားဟာ ဇော်ဝမ်းကို ပိုပြီးအရောင် ထွက်စေခဲ့တဲ့ ဇာတ်ကားတကားဖြစ်တယ်လို့ ကျနော်မြင်တယ်” ဟု သရုပ်ဆောင်ညီဂျော်က ပြောသည်။

အကယ်ဒမီဇင်ဝိုင်းကလည်း “သူဟာ စိတ်ကောင်းရှိတယ်။ လူငယ်ဆန်ဆန် ပျော်အောင်နေတတ်တယ်။ ကလေး၊ လူကြီးမရွေး ပေါင်းသင်းတတ်တယ်။ ဘာပဲဖြစ်ဖြစ် သူ့ရဲ့အနုပညာဟာ သူသေပေမယ့် ဘယ်တော့မှ မသေပါဘူး” ဟု ပြောသည်။

သရုပ်ဆောင်အကယ်ဒမီ မျိုးသန္တာထွန်းက “ကျမကတော့ သူ့ရဲ့ ရှာပုံတော်မင်းသားကြီးသီချင်းကို အကြိုက်ဆုံးပဲ။ လူတွေကတော့ အားလုံးသေရမှာပါပဲ။ စောတာနဲ့ နောက်ကျတာပဲ ကွာတာပါ။ သူ့အနုပညာအတွက်တော့ နှမြောမိပါတယ်” ဟု ဇော်ဝမ်းအတွက် ၀မ်းနည်းစကားဆိုသည်။

ဇော်ဝမ်းအား ကြိုက်နှစ်သက်သူ ပရိသတ်များကမူ သင်္ကြန်ရောက်တိုင်း သူ့ကို သတိရကြဦးမည်ဖြစ်သည်ဟု ပြောသည်။

ဇော်ဝမ်းသည် ရှုမ၀ ဦးကျော် ရုပ်ရှင်သင်တန်းမှ အစ်ကိုဖြစ်သူ မောင်တင်ဦးနှင့်အတူ ပေါ်လာသည့် အနုပညာရှင်တဦး ဖြစ်ကြောင်း ရုပ်ရှင်လောကအသိုင်းအ၀ိုင်းတွင် လူသိများသည်။

ဇော်ဝမ်း၏ရုပ်အလောင်းကို သြဂုတ် ( ၁၆) ရက်တွင် ရေဝေးသုသာန်၌ မီးသဂြုင်္ိဟ်မည်ဖြစ်ကြောင်း နာရေးကူညီမှုအသင်း၏ ၀န်ထမ်းတဦးက ပြောသည်။

========================

မင်းသားကြီး ဇော်ဝမ်း ကွယ်လွန်

ဓာတ်ပုံသတင်း - မိုးမခ ဒေါ့ကွန် သြဂုတ် ၁၃၊ ၂ဝဝ၉

သင်္ကြန်မင်းသား၊ ရုပ်ရှင်သရုပ်ဆောင်၊ အဆိုတော် ဇော်ဝမ်း (အသက် ၆၄ နှစ်)သည် ယမန်နေ့ ည ၉ နာရီခန့်က အင်းစိန်မြို့နယ်အတွင်းရှိ ပုဂ္ဂလိက ဆေးခန်းတခုတွင် ကွယ်လွန်သွားသည်။ ဇော်ဝမ်းသည် ပြီးခဲ့သည့်လ ၂ဝ ရက်နေ့က အသက် ၆၄ နှစ် ပြည့်ခဲ့သူ ဖြစ်သည်။ အမည်ရင်းမှာ မောင်တာ ဖြစ်သောကြောင့် ရင်းနှီးသူများက ကိုတာ၊ ကိုတာကြီး ဟု ခေါ်ကြသည်။ မန္တလေးဇာတိ အနုပညာရှင် ဇော်ဝမ်း၏ မိဘများမှာ တိုင်းချစ် သခင်သိန်းဖေ၊ ဒေါ်မြမြတို့ ဖြစ်သည်။

မန္တလေးမြို့ တိုင်းချစ်ကျောင်းတွင် ၁ဝ တန်းအထိ ပညာသင်ယူခဲ့သည်။ ကျောင်းကပွဲများ၊ ဂီတ ဖျော်ဖြေပွဲများတွင် ပါဝင်ခဲ့သည်။ မိုးကေသီ အပျော်တမ်းတူရိယာအဖွဲ့  တည်ထောင်သူ ဦးဘိုခင် ထံတွင် အဆို၊ အတီး ပညာများ လေ့လာလိုက်စားခဲ့သည်။ ထိုတီးဝိုင်း၏ ပင်တိုင်အဆိုတော်အဖြစ် နာမည် ရခဲ့သည်။

အိမ်ထောင်ကျပြီးနောက် ရန်ကုန်မြို့သို့ သွားရောက်ကာ ရှုမဝဦးကျော်ထံတွင် သရုပ်ဆောင်ပညာ သင်ယူလေ့လာခဲ့သည်။ “စေလိုရာစေ” ဇာတ်ကားမှာ ဇော်ဝမ်း ပထမဆုံး ပါဝင်ခဲ့သည့် ရုပ်ရှင်ဖြစ်သည်။

၁၉၈၇ ခုနှစ်တွင် အစ်ကိုဖြစ်သူ ဒါရိုက်တာ မောင်တင်ဦး စီစဉ်သည့် နာမည်ကျော် သင်္ကြန်မိုး ဇာတ်ကားတွင်လည်း ပါဝင်ခဲ့သည်။

ဇနီးဖြစ်သူမှာ ဒေါ်စိန်စိန်ဖြစ်ပြီး သားသမီး ၃ ဦး ထွန်းကားခဲ့သည်။

[ ကိုးကားချက် - နေထွတ် ပြုစုသည့် မန္တလေးအဘိဓာန်၊ စာ ၁ဝ၅ ]

========================

ရှာပုံတော် မင်းသားကြီး ဇော်ဝမ်း ကွယ်လွန်

Thursday, 13 August 2009 17:35 အေးလဲ့

နာမည်ကျော် သင်္ကြန်မင်းသား၊ ရုပ်ရှင် သရုပ်ဆောင် ဇော်ဝမ်းသည် ဗုဒ္ဓဟူးနေ့ည ၈နာရီခွဲ အချိန်ခန့်က အစာအိမ် သွေးကြော ပေါက်မှုကြောင့် ရန်ကုန်မြို့ သီရိစန္ဒာ ဆေးရုံ၌ ကုသမှု ခံယူစဉ် ရုတ်တရက် ကွယ်လွန်ခဲ့ကြောင်း မိသားစုဝင် တဦးက ပြောသည်။ ကွယ်လွန်ချိန်တွင် အသက် ၆၄ နှစ် ရှိပြီ ဖြစ်သည်။

မင်းသားကြီး ဇော်ဝမ်းသည် ဘဝကို အပူအပင် ကင်းမဲ့စွာဖြင့် ကျော်ဖြတ်ခဲ့သည့် အနုပညာရှင် တဦး ဖြစ်ကြောင်း ဒါရိုက်တာ ကြည်စိုးထွန်းက ပြောသည်။

“သူက တကယ်ကို လူချစ်၊ လူခင် များတဲ့ သရုပ်ဆောင် တယောက်ပါ၊ သူကိုယ်တိုင်ကလည်း ပျော်ပျော် ပါးပါး၊ ပေါ့ပေါ့ ပါးပါး နေသွားတာပါပဲ။ စိတ်ညစ်တယ် ဆိုတာကို မသိတဲ့ သဘောမျိုးပဲ။ သူ ကူညီစရာ ရှိရင်လည်း ကူညီတယ်၊ သူ လိုအပ်တဲ့ အကူအညီ ရှိရင်လည်း ယူသွားတယ်” ဟု ဒါရိုက်တာ ကြည်စိုးထွန်းက ပြောသည်။

ဇော်ဝမ်းသည် ရှုမဝ ရုပ်ရှင် ထုတ်လုပ်ရေးမှ ဒါရိုက်တာ ဦးကျော်၏ သရုပ်ဆောင် သင်တန်း တက်ရောက်ခဲ့ပြီး နောက်ပိုင်း ရုပ်ရှင်လောကထဲသို့ ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။

ဇော်ဝမ်းနှင့် ခေတ်ပြိုင် အနုပညာသည်များထဲတွင် သရုပ်ဆောင် ဆွေဇင်ထိုက်လည်း ပါဝင်သည်။

“ရှုမဝရုပ်ရှင်မှာ စပြီးတော့ သူကလည်း ခေါင်းဆောင်မင်းသား၊ ကျမကလည်း ခေါင်းဆောင် မင်းသမီး လုပ်ပြီး သရုပ်ဆောင်တွေ ဖြစ်လာကြတာပေါ့နော်၊ ကျမ မြင်တာတော့ သူဟာ ဘဝကို ပေါ့ပေါ့ ပါးပါး ဖြတ်သန်းခဲ့တဲ့ အနုပညာရှင်ပါပဲ” ဟု သရုပ်ဆောင် ဆွေဇင်ထိုက်က ဧရာဝတီကို ပြောသည်။

၁၉၇ဝ ပြည့်နှစ် ဒီဇင်ဘာလ က “စေလိုရာစေ” ရုပ်ရှင် ဇာတ်ကားမှ “ကျောက်ခဲ” ဟု အမည်ရသည့် သီချင်းကို သီဆိုခဲ့ပြီး နောက်ပိုင်းတွင် သရုပ်ဆောင် ဇော်ဝမ်းသည် အဆိုတော် အဖြစ်လည်း လူသိများခဲ့ကြောင်း ဆွေဇင်ထိုက်က ပြောပြသည်။

၁၉၇ဝ ပြည့်နှစ် နောက်ပိုင်း ထင်ရှား ကျော်ကြားလာချိန်တွင် ဇော်ဝမ်းသည် မူးယစ်ဆေးဝါးမှုဖြင့် ထောင်ကျခဲ့ကြောင်း သိရသည်။

သရုပ်ဆောင်ပညာတွင် ထူးချွန် ထင်ရှားသော်လည်း ဦးဇော်ဝမ်းသည် ကွယ်လွန်ချိန် အထိ အကယ်ဒမီဆု ဟု ထင်ရှားသည့် ရုပ်ရှင်ထူးချွန်ဆု မရရှိခဲ့ပေ။

ဇော်ဝမ်းသည် အစ်ကိုဖြစ်သူ ဒါရိုက်တာ မောင်တင်ဦး ရိုက်ကူးခဲ့သည့် နာမည်ကျော် သင်္ကြန်မိုး ရုပ်ရှင် ဇာတ်ကားတွင်လည်း ပါဝင် သရုပ်ဆောင်ခဲ့သည်။

သူသည် ရုပ်ရှင် ဗွီဒီယို ကားပေါင်း ၁၅ဝ ကျော်တွင်လည်း သရုပ်ဆောင်ခဲ့ပြီး၊ တေးစီးရီးပေါင်း ၁၅ဝဝ ကျော်တွင် ပါဝင် သီဆိုခဲ့ကြောင်း သူ၏ မိသားစုဝင်တဦးက ပြောသည်။

သူ၏ သင်္ကြန် သီချင်းများမှာ နာမည်ကျော် လူကြိုက်များခဲ့ပြီး နှစ်စဉ်၊ နှစ်တိုင်း သင်္ကြန်တေး စီးရီးများ ထုတ်ဝေ၊ သီဆိုခဲ့သည်။ “ရှာပုံတော် မင်းသားကြီး” အမည်ရ သီချင်းသည် သူ၏ သင်္ကြန်သီချင်းများထဲတွင် အထင်ရှားဆုံး ဖြစ်သည်။

သရုပ်ဆောင် ဇော်ဝမ်း၏ ကြွင်းကျန်ရစ်သော ရုပ်ကလာပ်ကို လာမည့် တနင်္ဂနွေနေ့တွင် ရေဝေး သုသာန်၌ သဂြိုင်္ဟ်မည် ဖြစ်ကြောင်း မိသားစုဝင်တဦးက ပြောသည်။

========================

အဆိုတော်ရုပ်ရှင်မင်းသား ဇော်ဝမ်းကွယ်လွန်

ခေတ်ပြိုင်ဂျာနယ် 13 August 2009

သင်္ကြန်ဆိုရင် သူမပါရင်မပြီးလို့ နာမည်ကြီးတဲ့ အကယ်ဒမီ ရုပ်ရှင်သရုပ်ဆောင် အဆိုတော် ဇော်ဝမ်းဟာ အသည်းရောဂါနဲ့ သြဂုတ်လ ၁၂ရက် မနေ့ ညပိုင်းက ကွယ်လွန်သွားခဲ့ပါတယ်။

“ကိုးနာရီကလေ ဆုံးသွားတာပါ။ အင်းစိန်က ဆေးခန်းမှာပဲ။” မင်းသား ဇော်ဝမ်းရဲ့ ပထမဆုံး ရုပ်ရှင်ဖြစ်တဲ့ စေလိုရာစေ ဇာတ်ကားမှာ အတူ သရုပ်ဆောင်ခဲ့တဲ့ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ဆွေဇင်ထိုက် ပြောသွားတာပါ။

ကွယ်လွန်ချိန်မှာ မင်းသား ဇော်ဝမ်းဟာ အသက် ၆၄နှစ်ရှိပါပြီ။ မန္တလေးမြို့မှာ ၁၉၄၅ခုနှစ်က မွေးဖွားခဲ့တဲ့ မင်းသား ဇော်ဝမ်းရဲ့ ဖခင်ကတော့ တိုင်းချစ် ဦးသိန်းဖေဖြစ်ပြီး အစ်ကိုကတော့ အကယ်ဒမီရိုက်ရှင်ဒါရိုက်တာ မောင်တင်ဦးဖြစ်ပါတယ်။ သူ့ရဲ့ အနုပညာ လုပ်ငန်းတွေကို အတူတူလုပ်ခဲ့ဖူးတဲ့ အမေရိကန် နိုင်ငံရောက် ဒါရိုက်တာ အကယ်ဒမီ ၀င်းဖေကို မင်းသားဇော်ဝမ်းနဲ့ ပတ်သက်ပြီး ဘာတွေများ အမှတ်တယ ပြောစရာရှိပါသလဲလို့ ကိုကျော်အောင်လွင်က ဆက်သွယ်မေးမြန်းတဲ့အခါမှာတော့

“သူမင်းသား မဖြစ်ခင် မှတ်မှတ်ယယ ကျွန်တော့်ကို ကျွန်တော်ဟာ ရုပ်ရှင်မင်းသားဖြစ်နိုင်ပါ့မလားလို့ သူက မေးတယ်။ ကျွန်တော်က သူ့ကို သေသေချာချာ ကြည့်ပြီးတော့ မင်း ရုပ်ရှင်မင်းသား မဖြစ်နိုင်ဘူးလို့ ပြောလိုက်ပါတယ်။ နောက်သိပ်မကြာခင် လပိုင်းအတောအတွင်းမှာကိုပဲ သူက အောင်မြင်တဲ့ ရုပ်ရှင် ပညာသည် ဖြစ်လာတယ်။ ဖြစ်လာတော့ သူကလည်း ကျွန်တော့်ကို မဖြစ်ဘူးပြောတာ အခု ဘယ့်နှယ့်တုန်းဆိုတော့။ ကျွန်တော်ကလည်း ပြောတယ်။ ငါမင်းရုပ်ရှင်မင်သား မဖြစ်ဘူးလို့ ပြောသားပဲ။ မဟုတ်ဘူး သူက ကျွန်တော်ဖြစ်ပြီ။ ကျွန်တော်က မဟုတ်ဘူး ရုပ်ရှင်သရုပ်ဆောင် ပညာသည် ဖြစ်လာတာပါလို့ ပြောလိုက်တဲ့အတွက် သူပြန်ပြီးတော့ အင်းတဲ့ ကြံဖန်ပြီးတော့ ခင်ဗျား လွတ်အောင် ပြောတတ်သားပဲတဲ့။ ဒါလေးနဲ့ ကျွန်တော်တို့ စကြပါတယ်။ နောက်ပြောချင်တာက သူဟာ အဆိုအတွက်ပဲဖြစ်ဖြစ်၊ သရုပ်သရုပ်ဆောင် ပညာမှာပဲဖြစ်ဖြစ် သူ့ သီခြား၊ သူ့ဟန်၊ သူ့မူနဲ့သူ အဲဒီလို ရှိတဲ့ ပညာသည် တယောက်ဖြစ်ပါတယ်။ သူမှာနောက်တခုက အကောင်းနဲ့အဆိုး ဒွန်တွဲထားတာ ရှိတယ်။ အဲဒါဘာလဲဆိုတော့ အကောင်းက သူ့ကို ဘာပြောပြော သူက ဘာမှ ပြန်ပြီးတော့ မပြောဘူး၊ သူက ပြန်ပြီးတော့ ရင်မဆိုင်ဘူး။ ဒါဟာ အကောင်းလို့ ပြောချင်ပြောပေါ့နော်။ အဆိုးက ဘာပြောပြော သူက နားထောင်ချင်မှ နားထောင်တာ။ ပြန်မပြော နားမထောင်ဆိုတဲ့ သဘောတရားပေါ့ဗျာ။ ဒါဟာ ဇော်ဝမ်းပါပဲ။ ကိုဇော်ဝမ်းနဲ့ ပတ်သက်လို့ ကိုဇော်ဝမ်းဟာ အလွန်ပျော်တတ်တဲ့သူ။ သူ့ဘ၀မှာ အပျော်တွေ အများကြီးနဲ့ သူကြိုက်သလို၊ သူနှစ်သက်သလို၊ သူပျော်သလို နေသွားတယ်။”

ဇော်ဝမ်းရဲ့ အနုပညာ ပါရမီဟာ အဆိုပညာဘက်မှာ ပိုများတယ်လို့ ထင်သလား။ သရုပ်ဆောင်ပညာဘက်မှာ ပိုများတယ်လို့ ထင်သလား။ ဘယ်ဟာ ပိုသာတယ်လို့ ထင်ပါသလဲခင်ဗျ။

“သူက အတူတူလောက်ပဲ။ သူက ယုံယုံကြည်ကြည်နဲ့ ပျော်ပျော်ပါးပါးကြီး လုပ်တဲ့သူ။ သူက ရုပ်ရှင်ပညာလည်း သိပ်ဝါသနာပါတာ။ ဆိုတော့လည်း အဲဒီလိုပဲ သူယုံယုံကြည်ကြည် ရဲရဲရင့်ရင့်ပဲ ဆိုပစ်တာပဲ။ ကြောက်ကြောက်လန့်လန့်နဲ့ အမူအယာလုပ်တာတို့၊ သီချင်းဆိုတာတို့ ကျွန်တော် တခါမှ မတွေ့ဖူးဘူး။ သဘောသကာယ ကောင်းတဲ့သူ။ အလုပ်လုပ်တဲ့အခါမှာ ပြောလို့ဆိုလို့ တွဲပြီးတော့ လုပ်လို့ ကောင်းတဲ့ ပညာသည် တယောက်ဖြစ်ပါတယ်။”

ဇော်ဝမ်းဟာ သူလုပ်နိုင်သလောက် အနုပညာတွေကို အကုန်လုံးလုပ်သွားနိုင်တဲ့ ပုဂ္ဂိုလ်လို့ ပြောလို့ ရမလားခင်ဗျ။

“ကျွန်တော်လည်း သိပါတယ်။ အများလည်း သိပါတယ်။ ဇော်ဝမ်းဟာ သူလုပ်နိုင်တာရဲ့ တ၀က်လောက်ပဲ လုပ်သွားရပါတယ်။ ဒါပေမဲ့ အဲဒါတွေအားလုံးကို ပျော်ပျော်ပါးပါးပဲလုပ်သွားရပါတယ်။ ပရိတ်သတ်ကလည်း သူလုပ်သမျှကို အားလုံး ကျေနပ်ကြတာပါပဲ။”

ဒါရိုက်တာ ၀င်းဖေ ကျေးဇူးတင်ပါတယ် ခင်ဗျာ။





>>>ဆက်ဖတ်ရန်>>> >>

သတင်း ၁၃--၈-၂၀၀၉


ရွှေမန္တလေးမြို့လည်ခေါင်တွင် နေ့ခင်းဘက်တွင် အနုကြမ်းစိးမှု့ဖြစ်ပွားခြင်း

မန္တလေးမြို့ ၈၅လမ်း၊ ၃၁ နှင့် ၃၂ ကြား နေအိမ်တအိမ်တွင် အနုကြမ်းစီးမှုတခုဖြစ်ပွားခဲ့သည်။ အိမ်သားအားလုံး အပြင်သွားကြချိန်တွင် အဖွားအို တယောက်တည်း ကျန်နေသောအချိန် နေ့လည် ၁၁နာရီခွဲ လောက်တွင် ဧည့်သည် ဟန်ဆောင် လျှက် အထဲသို့ ၀င်ရောက်ပြီး အတွင်းပစ္စည်း များနှင့် အဖွားဝတ်ထားသော စိန် နားကပ် အားယူဆောင်သွားသည်၊ လူအသက်အားချမ်းသာပေးသွားသည် ဟုသိရသည်၊

အသေးစိတ်ဆက်လက်ဖော်ပြသွားပါမည်။
>>>ဆက်ဖတ်ရန်>>> >>

Wednesday, August 12, 2009

သတင်း ၁၂-၈-၂၀၀၉

နေရှင်နယ်လိဂ် ဘောလုံးပွဲများ ပြန်စတော့မည်

Tuesday, 11 August 2009 18:04 ဟိန်းဇော်

မြန်မာဘောလုံး အဖွဲ့ချုပ်မှ ဦးစီးကျင်းပသည့် ဒုတိယအကြိမ် မြန်မာနေရှင်နယ်လိဂ် (MNL CUP) ကို လာမည့် စက်တင်ဘာလ ၅ ရက်နေ့တွင် စတင်ကျင်းပမည် ဖြစ်ကြောင်း ယင်းအဖွဲ့ မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ပြီးခဲ့သည့် မေလ ၁၆ ရက်နေ့ကစတင် ကျင်းပခဲ့သော ပထမ အကြိမ် MNL CUP Grand Royal 2009 ပြိုင်ပွဲ ကို ပတ်လည် စနစ်ဖြင့် ကျင်းပခဲ့သော်လည်း လာမည့်ပွဲစဉ်များတွင် နှစ်ကျော့ ပုံစံဖြင့်ကျင်းပမည်ဖြစ်သည်။

ပထမအကျော့ ကို စက်တင်ဘာ ၅ ရက်နေ့ မှ အောက်တိုဘာလ ၁၈ ရက်ထိ လည်းကောင်း၊ ဒုတိယ အကျော့ ပွဲစဉ်များကို အောက်တိုဘာလ ၃၁ ရက်မှ ၂၀၁၀ ခု နှစ် ဇန်န၀ါရီလ အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ပထမအကျော့ ပွဲစဉ်များကို မန္တလေးမြို့ရှိ ဗထူးကွင်းနှင့် ရန်ကုန်မြို့ ရှိ သုဝဏကွင်းတို့တွင် ကျင်းပမည်ဖြစ် ကာ ဒုတိယပွဲစဉ်များကို ရန်ကုန်မြို့ရှိ သုဝဏကွင်းနှင့် အောင်ဆန်းကွင်းတို့တွင် ကျင်းပမည် ဖြစ်သည်ဟု MNL ဥက္ကဌ ဦးဇော်ဇော်ကပြောသည်။

ယင်းသို့ မန္တလေးမြို့နှင့် ရန်ကုန်မြို့တွင် ကျင်းပသောပွဲစဉ်များအတွက် ရန်ကုန်ယူနိုက်တက် ပိုင်ရှင် ဦးတေဇ က ရန်ကုန်ယူနိုက်တက်၏ ပရိသတ်များကို မန္တလေးမြို့သို့ လိုက်လံအားပေးရန် မော်တော်ယာဉ်များ၊ ရထား များ စီစဉ်ပေးမည်ဟု ပြောသည်။

ရတနာပုံ ပရိသတ် တဦးဖြစ်သူ ဦးအောင်ရွှေ က “ကျနော်တို့ မန္တလေးမှာ လာကန်မယ်ဆိုတော့ ၀မ်းသာ တယ်၊ ကျနော်တို့ ရတနာပုံအသင်းကို ကိုယ့်မြေမှာ အားပေးရတော့မှာပေါ့၊ ဗထူးကွင်းက အများဆုံး ပရိ သတ် ၁၅၀၀၀ လောက်ပဲဆံ့တယ်၊ အဲဒီလို ကန်မယ်ဆိုလဲ ကြိုပြီးကွင်းကိုပြန်ပြင်သင့်တယ်၊ မြန်မာလိဂ်က အများကြီးလိုအပ်ပါသေးတယ်”ဟု ပြောသည်။

ပရိုကလပ်များပြိုင်ပွဲမစမီ ခြေစမ်းပွဲများကို အိန္ဒိယ ကလပ် အရှေ့ဘင်ဂေါ အသင်းနှင့် ရတနာပုံF.C ၊ ရန်ကုန် ယူနိုက်တက်၊ မကွေးF.C ၊ ဥဿာယူနိုက်တက် F.C တို့ မှာ သြဂုတ်လ ၁၆၊ ၁၉၊ ၂၁၊ ၂၃ ရက်နေ့များတွင် ခြေစမ်း ကစားမည်ဖြစ်သည်။

အိန္ဒိယအသင်းနှင့် ခြေစမ်းခွင့်မရသော အသင်းလေးသင်းမှာ သြဂုတ်လ ၂၀ရက်တွင် ကမ္ဘောဇ နှင့် Southern Myanmar ၊ သြဂုတ်လ ၂၂ရက်နေ့တွင် ဇေယျာရွှေမြေနှင့် Delta United တို့ ခြေစမ်းရန်စီစဉ် ထားသည်ဟု ဦးစိုးမိုး ကပြောသည်။

လာမည့် MNL CUP ပြိုင်ပွဲတွင် ကွင်းဝင်ကြေး များမှာ ရိုးရိုးတန်း ၅၀၀ နှင့် အထူးတန်း ၂၀၀၀ ဖြစ်ပြီး လတ်မှတ် ၀ယ်ယူနိုင်သည့် နေရာများကို မကြာမီ ထုတ်ပြန် ကြေညာ ပေးမည်ဟု မြန်မာနိုင်ငံဘောလုံး အဖွဲချုပ်မှ ပြန်ကြားရေးတာဝန်ခံဦးစိုးမိုးက ဆိုသည်။

မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲများယခုကဲ့ သို့ အပြိုင်အဆိုင်ဖြစ်လျက်ရှိနေပြီး ငွေပေါများစွာသုံးနေခြင်းများက မြန်မာဘောလုံးလောကအတွက် အကျိုးရှိလာနိုင်သည်ဟု ယူဆသူများရှိသကဲ့သို့ ဝေဖန်သူများလည်း ရှိကြောင်း သိရသည်။

သို့သော် ဘောလုံးအသင်းတချို့မှာ ဝင်ငွေ ဘတ်ဂျက် လိုအပ်နေသောကြောင့် ပြိုင်ပွဲဝင်ရန် အခက်အခဲရှိ ကြောင်း ရန်ကုန်အခြေစိုက် အားကစား ဂျာနယ် အယ်ဒီတာ တဦးက ပြောသည်။

“ဘောလုံးအသင်း တသင်း ကုန်ကျစရိတ်က ကျပ် သန်း ချီတယ် ဆိုတတော့ အစိုးရ အထောက်အပံ့ ရှိမှဖြစ်မယ်၊ အသင်းထောင်ပြီး ၄ လလောက်မှာပဲ ဘတ်ဂျက် လိုအပ်ချက်ရှိနေကြပြီ၊ အဲဒါ အခု တချို့ ပြိုင်ပွဲဝင်ဖို့ အခက်အခဲရှိတယ်”ဟု ၎င်းက ပြောပြသည်။

ယင်း ဘောလုံးအသင်း တသင်းသည် အနည်းဆုံး ကျပ် သန်း ၂၀၀ ခန့် မြုပ်နှံရပြီး တချို့သော အသင်းများ မှာ ဘောလုံး သမားများအတွက် လစာ၊ ဝတ်စုံ ၊ သယ်ယူပို့ဆောင် စရိတ်နှင့် ကန်ထရိုက် စာချုပ်ကြေးများ အပါအဝင် ကျပ် သန်း ၁၀၀၀ ကျော် ကုန်ကျမှု ရှိကြောင်း သိရသည်။

ဘောလုံးပြိုင်ပွဲများနှင့်ပတ်သက်ပြီး လက်မှတ်ရောင်းချ ခြင်း၊ အစားအသောက် ရောင်းချခြင်း၊ သက်ဆိုင်ရာ ဘောလုံးအသင်း အင်္ကျီများနှင့် ပိုစတာများ ရိုက်ထုတ် ရောင်းချခြင်းများမှ ဝင်ငွေများ ရရှိကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်နှင့် နီးစပ်သူ တဦးက ပြောဆိုသည်။

ရန်ကုန် သင်္ဃန်းကျွန်းမြို့နယ် သုဝဏ အားကစားရုံတွင် ကျင်းပသော ပထမ အကြိမ် MNL CUP ပြိုင်ပွဲ ဖွင့်ပွဲနေ့တွင် အားပေးကြည့်ရှုသူ ၄၀၀၀၀ ခန့်ရှိကြောင်း၊ ဒုတိယနေ့တွင် ၁၀၀၀၀ ခန့်ရှိကြောင်း ၎င်းက ပြောပြသည်။

အဆိုပါ ပထမ အကြိမ် မြန်မာလိဂ် ဗိုလ်လုပွဲတွင် ရတနာပုံအသင်း ဖလားရရှိခဲ့သည်။ ရန်ကုန် ယူနိုက်တက် အသင်း နှင့် ဗိုလ်လုကြရာတွင် နှစ်ဂိုးစီ သရေကျနေသဖြင့် ပင်နယ်လ်တီ ဆုံးဖြတ်ချက်ဖြင့် ရတနာပုံအသင်း က ၆ ဂိုး ၃ ဂိုးနှင့် အနိုင်ရရှိသွားခြင်း ဖြစ်သည်။

ယင်း အသင်း ၈ သင်း ပါဝင်သည့် ပထမအကြိမ် မြန်မာလိဂ် ပွဲစဉ်များကို မေလ ၁၆ ရက်နေ့မှ ဇူလိုင်လ ၅ ရက်နေ့အထိ ကျင်းပခဲ့ခြင်းဖြစ်သည်။ ပါဝင်သည့် အသင်းများမှာ ရတနာပုံ F C ၊ ရန်ကုန် ယူနိုက်တက် F C ၊ မကွေး F C ၊ ကမ္ဘောဇ F C ၊ ဇေယျာရွှေမြေ F C ၊ ဥဿာ ယူနိုက်တက် F C ၊ ဆောက်သမ်း မြန်မာ F C ၊ ဒဲလ်တာ ယူနိုက်တက် F C တို့ဖြစ်သည်။

အာဏာပိုင်တို့က ၂ဝ၁ဝ ရွေးကောက်ပွဲအတွက် မဲဆွယ်လိုသောကြောင့် ဤသို့သော ဘောလုံး ကြေးစား ကလပ် အသင်းများ ဖွဲ့စည်းစေပြီး ပြိုင်ပွဲများ ပြုလုပ်စေခြင်းဖြစ်သည်ဟု သုံးသပ်သူများလည်း ရှိသည်။ မြန်မာ ပြည်၏ နိုင်ငံရေးအခြေအနေများကို အာရုံလွှဲရန် ပြုလုပ်သည့် အစီအစဉ်များတွင် ဘောလုံးပွဲများလည်း ပါဝင် သည်ဟုလည်း ယူဆ နေကြသည်။

>>>ဆက်ဖတ်ရန်>>> >>

Tuesday, August 11, 2009

၁၁-၈-၂၀၀၉

သြဂုတ် ၁၁၊ ၂၀၀၉

နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကို ထိပါးစေသောကြောင့် ဒေါ်အောင်ဆန်းစုကြည်တွင် အပြစ်ရှိကြောင်း စစ်အစိုးရတရားရုံးက ဆုံးဖြတ်ပြီး ဒေါ်စုကို ထောင်ဒဏ် ၃ နှစ် ချလိုက်သည်။ သို့သော် စစ်ခေါင်းဆောင်များ၏ အမိန့်အရ ထောင်ဒဏ်ကို နေအိမ်အကျယ်ချုပ် ၁၈ လ အဖြစ် ချက်ခြင်း ပြောင်းလဲ သတ်မှတ်လိုက်ကြောင်း အမိန့်ချသည်ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်နေအိမ်ကို ၀င်ရောက်ခဲ့သူ အမေရိကန်သားယက်တောကို စွဲဆိုထားချက်များဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၇ နှစ် ချမှတ်လိုက်သည်ဟု သိရသည်။

ဒေါ်စုနှင့် အနီးကပ်မိတ်ဆွေ ၂ ဦးကိုလည်း ဒေါ်စုနှင့်အတူ ပြစ်ဒဏ်ချမှတ်လိုက်သောကြောင့် ၎င်းတို့လည်း အကျယ်ချုပ်ဖြင့် ၁၈ လ နေအိမ်တွင် ကျခံရမည် ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွေှ့၏ အထူးအမိန့်ကြောင့် ထောင်ဒဏ် ၃နှစ်မှာ အကျယ်ချုပ် ၁၈ လ အဖြစ် လျှော့ချ ကျခံရခြင်းဖြစ်သော်လည်း ကျန်ရှိသည့် ထောင်ဒဏ် ၁၈ လမှာ ဆိုင်းငံ့ထောင်ဒဏ်အဖြစ် ရှိနေမည်ဖြစ်သည်ဟု ဆိုကြောင်း သိရသည်။

အင်းစိန်ထောင်တွင်းရှိ အထူးတရားရုံးက ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၁ နှစ်ခွဲ ချမှတ်လိုက်သော်လည်း ဆိုင်းငံ့ပြစ်ဒဏ်အဖြစ် ပြောင်းလဲကာ နေအိမ်တွင် ပြန်နေခွင့် ပြုလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်၊ ဒေါ်ခင်ခင်ဝင်းနှင့် မဝင်းပပတို့ကို ပြစ်မှု ကျူးလွန်သည်ဟု တရားရုံးတော်က ဆုံးဖြတ်ပြီး အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့သည်။ သို့သော် မြန်မာ့ လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်ခြင်းအတွက် လျော့ပေါ့ပြစ်ဒဏ်အဖြစ် ထက်ဝက်လျော့ချကာ ထောင်ဒဏ် ၁ နှစ်ခွဲကျခံ၇န် ဒေါ်စုအပေါ် ဆုံးဖြတ်ချက်ခဲ့သည်။ ထို့နောက် ဆိုင်းငံ့ ပြစ်ဒဏ် ပေးလိုက်သည်။

တရားရုံးတော်က စီရင်ချက် ချပြီးချိန်တွင် ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦး ရောက်ရှိလာပြီး နံပါတ်တစ် စစ် ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ယမန်နေ့က နေ့စွဲ ရေးထိုးထားသော အမိန့်ကြေညာစာကို ဖတ်ပြသည်။

အကယ်၍ ပြစ်ဒဏ်ချမှတ်ခံရလျှင် သတ်မှတ်ပြစ်ဒဏ်ရဲ့ ထက်ဝက်ကိုသာ ကျခံစေရန်နှင့် ကောင်းမွန်စွာ နေထိုင်ခဲ့လျှင် လွတ်ငြိမ်းချမ်းသာခွင့် ပေးမည်ဟုလည်း ပါရှိသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နေအိမ်တွင် ကန့်သတ်ချက်များဖြင့် နေထိုင်ရမှာ ဖြစ်သည်။ ကန့်သတ်ချက် များတွင် ကြိုတင်ခွင့်ပြုချက် တောင်းခံပြီး ဧည့်သည်တွေ့ရန်၊ အခြားသော အခွင့်အရေးများ အတွက် စာရေး သား တောင်းခံရန်နှင့် သတင်းစာ ဂျာနယ်ဖတ်ခွင့်၊ တီဗီကြည့်ခွင့်တို့ ရသည်။
>>>ဆက်ဖတ်ရန်>>> >>

Monday, August 10, 2009

သတင်း ၁၀-၈-၂၀၀၉

အွန်လိုင်းတွင် ပြန့်နေသည့်ဓာတ်ပုံကြောင့်

အနုပညာကို ထိခိုက်ဟု မင်းမော်ကွန်းပြောကြား

ခေတ်ပြိုင်သတင်းဌာန - မျိုးချစ်သူ / ၁၀ သြဂုတ် ၂၀၀၉

ပြီးခဲ့သည့် (၂) နှစ်ခန့် ရဟန်းခံခဲ့စဉ်က ရိုက်ကူးခဲ့သော ရုပ်ရှင်ဗီဒီယိုသရုပ်ဆောင် မင်းမော်ကွန်း၏ ဓာတ်ပုံတပုံ အွန်လိုင်းတွင် ပြန့်နေသည်နှင့်ပတ်သက်၍ မင်းမော်ကွန်းက ၎င်း၏အနုပညာကို လွန်စွာထိခိုက်စေသည်ဟု ပြောကြားသည်။

အွန်လိုင်းတွင်ပြန့်နေသော ဓာတ်ပုံကို အချို့က အတုဖြစ်ဖွယ်ရှိသည်ဟု ယူဆနေကြသော်လည်း မင်းမော်ကွန်းက ဟုတ်မှန်ကြောင်း၊ လွန်ခဲ့သည့် (၂) နှစ်ခန့်က စမ်းချောင်းမြို့နယ်၊ ဓမ္မစေတီ ရွှေကျင်ကျောင်းတိုက်တွင် ၎င်းရဟန်းခံခဲ့စဉ်က ရိုက်ကူးခဲ့သောပုံဖြစ်ကြောင်း ပြောသည်။

အွန်လိုင်းတွင် “ရုပ်ရှင်သရုပ်ဆောင် မင်းမော်ကွန်း ဘာကြောင့်များ သာသနာတော်ကို စော်ကားလိုက်တာလဲ” ဟူသော ခေါင်းစဉ်ဖြင့် ဂျီမေးလ်များကို တယောက်ပြီးတယောက် ပို့နေကြသောကြောင့် မင်းမော်ကွန်းအား ပြည်သူတို့က မနှစ်မြို့ ဖြစ်လာကာ လက်မခံချင်ကြတော့ကြောင်း၊ မင်းမော်ကွန်း၏ ဂုဏ်သိက္ခာညှိုးနွမ်းလာနေကြောင်း ၎င်း၏အနုပညာကို ကြိုက်သော ပြည်သူတဦးက ပြောသည်။

သာသနာတော်နှင့် ပြည်သူတို့အကြားတွင် မင်းမော်ကွန်းကို အမြင်မကြည်ဖြစ်နေကြသည့်အတွက် အစိုးရက မည်သို့ဖိအားပေး လာမည်ကို မသိသေးကြောင်း မင်းမော်ကွန်းနှင့် နီးစပ်သည့် အနုပညာအသိုင်းအ၀ိုင်းက ပြောသည်။

ယင်းကာလက ဓာတ်ပုံများစွာ ရိုက်ကူးခဲ့ပြီး ယခုနှစ်တွင်မှ တပုံတည်းသော အဆိုပါပုံကို အီးမေးလ်များဖြင့် ပေးပို့နေသည်ကို တွေးတောမရကြောင်း မင်းမော်ကွန်းက ပြောသည်။

အဆိုပါပုံမှာ စာသင်တိုက်တွင် သန့်ရှင်းရေးလုပ်နေစဉ် ရိုက်ကူးထားခြင်းဖြစ်ပြီး သာသနာကိုစော်ကားလို၍မဟုတ်ကြောင်း၊ ယင်းသို့ဖြစ်ပေါ်ရန် မရည်ရွယ်ကြောင်း မင်းမော်ကွန်းက ရှင်းပြသည်။

ယခုအခါ ရန်ကုန်တွင် အဆိုပါသတင်း မှာ ပြည်သူများအကြားတွင် ပြန့်နေပြီး မင်းမော်ကွန်းကို အပြစ်တင် ပြောဆိုနေကြ သည်ဟု ရန်ကုန်မြို့ခံတဦးက ပြောသည်။

မင်းမော်ကွန်းနှင့်အတူ ဓာတ်ပုံရိုက်ကူးထားသူများမှာ နာမည်ကြီး ဓာတ်ပုံဆရာ ၀ဏ္ဏခွါဏီး၊ ရုပ်ရှင်ဗီဒီယိုသရုပ်ဆောင် ဇေယျနှင့် အခြားအနုပညာရှင် သရုပ်ဆောင်များ ပါဝင်ကြောင်း တွေ့ရသည်။

>>>ဆက်ဖတ်ရန်>>> >>

Saturday, August 8, 2009

သတင်း ၈-၈၂၀၀၉

မိုးကြီးသောကြောင့် ဂျိုင်းမြစ်နံဘေးရှိ ရွာများဒုက္ခရောက်

သတင်း - IMNA သောကြာနေ့၊ သြဂုတ်လ 07 ရက် 2009 ခုနှစ်

ကရင်ပြည်နယ်၊ ဘားအံမြို့နယ် ဂျိုင်းမြစ်ဝှမ်းတစ်လျှောက် တည်ရှိနေသော ဇာသပြင်၊ ကျုံဖဲ၊ ကော့လမု၊ ကော့သင်း၊ ခရား၊ ကော့ယက္ခနှင့် သံလယ် စသည့် မွန်ကျေးရွာများသည် ယမန်နှစ်ကထက် မိုးများ သောကြောင့် ရေကြီးနေသည်ဟု သိရပါသည်။

နေ့တိုင်းမိုးရေချိန်တက်နေသောကြောင့် ကျေးရွာအတွင်းရှိ ကျောင်းအချို့ပိတ်ထားရပြီး ကျောင်းသားတွေလည်း ကျောင်းမတက်နိုင်သည့် အခြေအနေတွင် ရှိသည်။

“ဒီနှစ်မိုး တော်တော်ကြီးတယ်၊ ယခု ရွာမှာလည်း ရေကြီးနေတယ်၊ သွားလာရတာ သိပ်အဆင်မပြေဘူး။ ခါတိုင်းနှစ်ထက် ရေကြီးနေတယ်၊ ခါတိုင်ဒီအချိန်ဆိုရင် ဒူးခေါင်လောက်ပဲရှိတယ်၊ ဒီနှစ် ရင်ပတ်အထိ ရေတက်သွားတယ်၊ ဒါကြောင့် ရွာမှာ လှေနဲ့သွားလာနေတယ်၊” ဟု သံလယ်ကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။

ဂျိုင်းမြစ်ဝှမ်းတစ်လျှောက် ဇာသပြင်ပတ်ဝန်းကျင်ရှိ ကျေးရွာများသည် ကုန်လမ်းခရီးနှင့် တစ်ရွာမှတစ်ရွာသို့ သွားလာ၍မရသဖြင့် ရေလမ်းနှင့်သာ သွားလာနေရကြောင်း သိရပါသည်။ ထိုကဲ့သို့ပင် လွန်ခဲ့သည့် ၃ ရက်ကစပြီး ကျုံဖဲကျေးရွာအတွင်းတွင် ၂ ပေ လောက် ရေတက်နေသည်ဟု ရွားသားတစ်ဦးက ပြောသည်။

“ဒီနေ့အထိ ရွာထဲမှာ ရေက ရှိနေတုန်ပဲ၊ တက်လဲမတက်ဘူး ကျလဲမကျဘူး၊ ဒီအတိုင် ရေကငြိမ်နေတယ်” ဟု ၄င်းက ဆက်ပြောသည်။

ထိုမွန်ကျေးရွာအတွင်း၌ ရေကြီးနေသောကြောင့် ကျေးရွာဒေသခံ တချို့သည် မော်လမြိုင်မြို့အပေါ်တွင် ဝယ်ထားသော နေအိမ်များသို့ ပြောင်းရွှေ့ကာ နေထိုင်စားသောက်နေရပါသည်။

ရွာထဲတွင်ကျန်ရှိနေသော ကျေးရွာဒေသခံပြည်သူများသည် အလုပ်လက်မဲ့ဖြစ်ယုံသာမက မိုးရေဖျက်စီးခြင်း ကြောင့် စိုက်ပျိုးထားသော မိုးစပါ ဆုံးရှုံးမှာကို ရွားသားများက စိုးရိမ်းနေကြပါသည်။

လွန်ခဲ့သည့်နေ့က ဘားအံမြို့မိုးရေချိန်သည် ၄ ဒဿမ ၆၁ လက်မ ရှိသည်ဟု မြန်မာ့အလင်းသတင်းစာတွင် ထုတ်ပြန်ကြေငြာထားသည်။

>>>ဆက်ဖတ်ရန်>>> >>

သတင်း ၇-၈-၀၉

ဒုဗိုလ်မှူးကြီး ကတော်တဦး သေကြောင်းကြံစည်

ဧရာဝတီ သတင်းဌာန- အေးလဲ့

တောင်ကြီးမြို့ အခြေစိုက် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် (ရပခ) မှ ဒု ဗိုလ်မှူးကြီး မောင်မောင်မြင့်၏ ဇနီး ဖြစ်သူသည် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ကိုယ်တိုင် သေကြောင်း ကြံစည်၍ ကွယ်လွန် သွားခဲ့ကြောင်း ၎င်းနှင့် နီးစပ်သော အသိုင်းအဝိုင်းက ပြောသည်။

အဆိုပါ ဒု ဗိုလ်မှူးကြီး မောင်မောင်မြင့်၏ဇနီး အသက် ၄၇ နှစ်ရှိ ဒေါ်လဲ့လဲ့ဦးသည် တောင်ကြီးမြို့(ရပခ) ဝန်း ရှိ နေအိမ် အိပ်ခန်းတွင်သေကြောင်းကြံစည်၍ သေဆုံးနေသည်ကို သားဖြစ်သူက ဦးစွာတွေ့မြင်ခဲ့ကြောင်း ရပခ အသိုင်းအဝိုင်းက ပြောပြသည်။

၎င်း ဒေါ်လဲ့လဲ့ဦးမှာ ရန်ကုန်မြို့ လမ်းမတော်မြို့နယ်မှ ဦးတင်ဦး(အထက် တန်းပြ-ငြိမ်း) နှင့် ဒေါ်မမလေး တို့၏ သမီး ဖြစ်ကြောင်းလည်း နာရေးဖိတ်စာအရ သိရသည်။

ဒေါ်လဲ့လဲ့ဦး ကွယ်လွန်ချိန်တွင် သား(၂) ဦး ၊ သမီး(၁) ဦး စုစုပေါင်း သားသမီး ၃ ဦး ကျန်ရစ်ခဲ့ကြောင်း နာရေး ဖိတ်စာတွင် ပါရှိသည်။

ဒေါ်လဲ့လဲ့ဦး၏ ကြွင်းကျန်ရစ်သည့် ရုပ်အလောင်းကို ယနေ့ နေ့လယ် (၁) နာရီတွင် တောင်ကြီးမြို့ရှိ ဆေးတပ် မှ တဆင့် တိုင်းရင်းသားပေါင်းစုံ သုဿာန်၌ ဂူသွင်း သင်္ဂြီုဟ်မည် ဖြစ်ကြောင်း ဖိတ်စာအရ သိရသည်။

ဒေါ်လဲ့လဲ့ဦး သေဆုံးရခြင်းနှင့်ပတ်သက်ပြီး တောင်ကြီးမြို့ ရဲစခန်းသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည် ဖြေကြားခြင်း မရှိပေ။

ယင်း ဒေါ်လဲ့လဲ့ဦး သေဆုံးရခြင်းနှင့် ပတ်သက်ပြီး မြို့ခံများကြားတွင်လည်း အမျိုးမျိုး ထင်မြင်ချက်ပေး ပြောဆိုမှုများ ရှိနေကြသည်။

ဒေါ်လဲ့လဲ့ဦးသည် မကွယ်လွန်ခင် အချိန်အထိ စိန်အရောင်းအဝယ် ပြုလုပ်ခဲ့ဖူးကြောင်း ထိုအရောင်း အဝယ် ကိစ္စနှင့် ပတ်သက်၍ ငွေးကြေး အခက်အခဲကြောင့် ယခုကဲ့သို့ ကြံစည်သွားခြင်း ဖြစ်နိုင်ကြောင်း နီးစပ်သူများ က ပြောဆိုကြသည်။

မြို့ခံရှေ့နေတဦးကလည်း“ငွေရေး၊ကြေးရေး ကိစ္စနဲ့ပတ်သက်ပြီး မရှင်းနိုင်လို့ ဖြစ်မှာပေါ့”ဟုပြောသည်။

တချိန်တည်းတွင် ဒေါ်လဲ့လဲ့ဦး ကွယ်လွန်မှုသည် လတ်တလော အာဏာပိုင်များက မူးယစ်ဆေးဝါး ဖမ်းဆီး စစ် ဆေး နေချိန်ကာလတွင် ဖြစ်ပွားခဲ့သည့်အတွက် ယင်းကိစ္စနှင့်ပတ်သက်နိုင်ကြောင်း နီးစပ်သူအသိုင်း အဝိုင်း နှင့် မြို့ခံများ၏ ထင်မြင်ယူဆမှုများလည်း ရှိသည်။

မြို့ခံ တဦးက“တာချီလိတ်မှာ မူးယစ်ဆေးဝါးကိစ္စနဲ့ ဖမ်းမိတဲ့ လူတွေကို စစ်နေတယ်လေ၊ ဒီ ကိစ္စမှာ (ရပခ) မပါရင် မပြီးဘူးဆိုတာ တောင်ကြီးတမြို့လုံးက သိတယ်၊ အဲဒီစစ်တဲ့ထဲမှာ သူတို့ ပါလာတော့ သူ့ဟာသူ သတ်သေ လိုက်တာဖြစ်မယ်”ဟု ဆိုသည်။

လတ်တလောအခြေအနေတွင် အာဏာပိုင်များကလည်း မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး ဆက်လက်၍ ဖမ်းဆီး စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

တာချီလိတ်၌ မူးယစ်ဆေးဖမ်းဆီးမှုကြောင့် တောင်ကြီးမြို့ရှိ လူအများစုမှာ ပါဝင်ပတ်သက်မှုရှိကြောင်း နှင့် တချို့ မှာ ထွက်ပြေး တိမ်းရှောင်နေပြီး တချို့မှာ ၎င်းတို့ ပိုင်ဆိုင်ရာ အိုးအိမ်များ ချိတ်ပိတ်ခံရကြောင်း လည်း သတင်းများ ထွက်နေသည်။

ယမန်နေ့ အစိုးရထုတ် သတင်းစာတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ လွယ်တော်ခမ်း ကျေးရွာ အနီး တွင် အိုက်ရှဲန်နှင့် အိုက်ကာ ဆိုသူ ၂ ဦး မောင်းနှင်လာသော ဆိုင်ကယ်ပေါ်မှ စိတ်ကြွဆေးပြား၂ သိန်း ခန့် ကို ပြီးခဲ့သည့် စနေနေ့တွင်ပင် အာဏာပိုင်များက ဖမ်းဆီးမိခဲ့ကြောင်း ဖော်ပြထားသည်။

၎င်း ဖမ်းဆီးမိသူ ၂ ဦးအား ဖမ်းဆီးစစ်ဆေးလျက်ရှိပြီး ကွင်းဆက်တရားခံများ ဖမ်းဆီးရမိရေးအတွက် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်းလည်း ယင်း သတင်းစာတွင် ဖော်ပြထားသည်။

အလားတူ လွန်ခဲ့သည့် နှစ် နိုဝင်ဘာလအတွင်း၌ တာချီလိတ်မြို့ရှိ ကြယ်ကိုးပွင့် ဟိုတယ်မှ စိတ်ကြွဆေးပြား ၅၀၀၀၀ ခန့် ကို အာဏာပိုင်များက ရှာဖွေဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးဝါးများကို ရှမ်းပြည်နယ်အတွင်းရှိ တချို့သော တိုင်းရင်းသားလက်နက်ကိုင် ငြိမ်းချမ်းရေး အဖွဲ့များ က ထုတ်လုပ် နေကြကြောင်း၊ တာချီလိတ်မြို့ဘက်မှ ထိုင်းနိုင်ငံအတွင်းသို့ မူးယစ်ဆေး သယ်ဆောင်ရောင်းချ မှုများ ရှိကြောင်း သတင်းဖော်ပြချက်များအရ သိရှိရသည်။

===============================
>>>ဆက်ဖတ်ရန်>>> >>