Monday, November 26, 2012

ဇော်သက်ထွေး ၏ ကြမ်းတမ်းသောစစ်ပွဲ နှင့် နူးညံသော နှလုံးသား, အပိုင်း (၁ဝ)

မောင်သော်က (ဗိုလ်မှူးဘသော်)၏ နောက်ဆုံးနေ့ရက်များ

ကျွန်တော်တို့ငယ်ငယ်က အုပ်ချုပ်သူ အစိုးရရဲ့လုပ်ပုံကိုင်ပုံတွေ၊ policy တွေကို ခနဲ့တဲ့တဲ့ ရွဲ့တဲ့တဲ့ Satire လုပ်ပြီး ရေးတတ် တဲ့ ဆရာနှစ်ယောက်ရဲ့ဆောင်းပါးတွေကို အမြဲစောင့်ဖတ်ရလေ့ရှိပါတယ်။ အဲဒီ ဆရာကြီးနှစ်ယောက် ကတော့ ဆရာမောင်သစ် (မောင်ကိုယု)နဲ့ ဆရာမောင်သော်ကတို့ ဖြစ်ပါ တယ်။ လစဉ်ထုတ် မဂ္ဂဇင်းတွေဖြစ်တဲ့ ပေပူးလွှာ တို့ သရဖူ တို့မှာ သူတို့ရေးတာတွေဖတ်ပြီး တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို အမြဲလှောင်ပြောင်ရယ်မောခဲ့ရပါတယ်။ နောက်တော့ ကျွန်တော် တို့ တက္ကသိုလ်ကျောင်းသားဘဝ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးအခင်းနဲ့ကြုံတော့ ဆရာ တို့ နှစ်ယောက်ကို လူထုဟောပြောပွဲတွေမှာ တွေ့ရတော့တာပါပဲ။ စာပေမယ်ပယ်က ဆရာ့ကို (All Burma Journalist Association) မှာ ဥက္ကဌအဖြစ် တင်မြှောက်လိုက်ပါတယ်။ အရေးအခင်းမှာ ဆရာ မောင်သော်ကတို့ ဦးဆောင်ပြီး တစ်ပါတီအာဏာရှင်စနစ် ကို ပြတ်ပြတ်သားသား ဆန့်ကျင်တော်လှန်ပါ တော့တယ်။

နောက်ဆုံးတော့ စစ်တပ်က အာဏာသိမ်းပြီး နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ တက် လာပါတယ်။ ကျွန်တော်တို့က လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ တည်ထောင်သလို ဆရာ မောင်သော်က၊ ဆရာ မောင်ကိုယု၊ ဆရာ ဦးမိုးသူတို့တစ်တွေလည်း ဒေါ်အောင်ဆန်းစုကြည်ဦးဆောင် တဲ့ NLD ပါတီထဲကို ဝင်ရောက် သွားပါတယ်။ တကယ်တော့ အာဏာမသိမ်းခင် သြဂုတ်လ ၂၆ ရက်နေ့ လူထု အစည်းအဝေးပွဲကထဲကလည်း ဆရာမောင်သော်က ကို အန်တီ့အနားမှာ တွေ့ရတာပါ။ အဲဒီအချိန် က ဒေါ်အောင်ဆန်းစုကြည် ကို နိုင်ငံရေးအဖွဲ့အစည်း တစ်ရပ်ထူထောင်ပြီး ဦးဆောင်ဖို့ ကူညီပံ့ပိုးပေးခဲ့ သူတွေထဲ မှာ ဦးထွေးမြင့်၊ သခင်တင်မြ၊ ဘုံပေါက်သာကျော်၊ ဦးလှတင့်၊ ဆရာမောင်သော်ကတို့ ပါဝင် ကြ ပါတယ်။ နောက်ဆုံး NLD ဆိုပြီး ပါတီအဖွဲ့အစည်းတစ်ရပ်ဖြစ်လာတော့ ဆရာဦးသော်က က ဗဟို အလုပ် အမှုဆောင်ဖြစ်လာပါတယ်။  ပါတီစည်းရုံးရေးလုပ်တော့ ဆရာဦးသော်က က သူ့ဇာတိစစ်ကိုင်း တိုင်းကို ဗိုလ်မှူးကြီးကျော်ဆန်းနှင့် အတူ စည်းရုံးရေးဥက္ကဌအဖြစ် တာဝန်ယူရတယ်။

နိုင်ငံရေးမုန်တိုင်းတွေ ပြင်းထန်တဲ့ ၁၉၈၉ ဇွန်လမှာတော့ ဆရာဦးဝင်းတင်ရဲ့ "မတရား တဲ့ အမိန့်အာဏာ ဟူသမျှ တာဝန် အရ ဖီဆန်ကြ" ဆိုတဲ့ ဆောင်ပုဒ်ရဲ့ထိပ်တိုက် ရင်ဆိုင်ရေးလမ်းစဉ်ကို ကျွန်တော်တို့ အားလုံး ရွေးချယ် လိုက်ကြတယ်။ ဆရာမောင်သော်က လည်း ပါဝင်ခဲ့တာမို့ ဇွန်လမှာပဲ အဖမ်းခံလိုက်ရ ပါတယ်။ စစ်ကြောရေး မှာ မောင်သော်က ကို ရိုက်နှက်ကန်ကျောက် စစ်ဆေးပြီးတဲ့နောက် အင်းစိန် ထောင်ကို ဇူလိုင် ၂၃ ရက်မှာ ပို့ လိုက်တယ်။ နဂိုကထဲက သွေးတိုး၊ ဆီးချို၊ နှလုံး၊ ကျောက်ကပ်အားလုံး မကောင်းတဲ့ ဆရာမောင်သော်က ခင်ဗျာ ထောင်ရောက်တော့ ဆေးရုံတန်းတင်လိုက်ရတယ်။ အဲဒီ အချိန်ကာလ က ထောင် ဆိုတာ နိုင်ငံရေးသမားတွေကို နှိပ်ကွပ်နေတဲ့ အချိန်ဖြစ်ပါတယ်။ တော်ရုံရောဂါ နဲ့ ဆေးရုံတက်ဖို့ ဆိုတာ မလွယ်ပါဘူး။ ဒါပေမဲ့ ထောင်ထဲမှာ အခြေအနေစိုးရိမ်ရတဲ့ ဆရာမောင်သော်က ရယ်၊ အဘ ဦးအုန်းမြင့်ရယ်၊ သုံးရောင်ခြယ်က မြတ်စံရယ်ကို ဆေးရုံအပေါ်ထပ် M3 မှာ တင်ထားလိုက် ပါတယ်။ M3 ဆိုတာ အလွယ်ပြောရရင် ၅ ညတွေရဲ့အခန်းပေါ့။ အဘဦးအုန်းမြင့်က ဗကပ ယူဂျီ ၄၈၂၈ နဲ့ ဆက်သွယ်တယ်ဆိုပြီး ဖမ်းထား တာဖြစ်ပါတယ်။

ဆရာမောင်သော်ကကိုလည်း ဗကပဆိုပြီး စွပ်စွဲထားပါတယ်။ ပြီးတော့ တပ်မတော်ကို ပြိုကွဲအောင် ပြု လုပ်သူ အဖြစ်လည်း စွဲချက်တင်ထားပါတယ်။ ဆရာမောင်သော်က ကတေ့ ဘာဖြစ်ဖြစ် ပျော်ပျော်ပဲ။ သူ့ဘဝကလည်း ထူးခြား ဆန်းကြယ်ပါတယ်။ ကုန်းခေါင်ခေါင် ရွှေဘိုမှာ ၁၉၂၈ ခုနှစ်က မွေးပြီး ရေတပ် စစ်သင်္ဘော ကပ္ပတိန်ဖြစ်တယ်။ ၁၉၄၇ မှာ ရေတပ်အရာရှိငယ်ဖြစ်ပြီး နောက်တော့ တိုက်ရေယာဉ် ၁၀၃ ကို ဦးစီးမောင်းနှင် ရတယ်။ တိုက်ရေယာဉ် ၁၀၃ မုန်တိုင်းမိပြီး ပင်လယ်ထဲမျောပါကာ နစ်တော့လည်း အသက်မသေဘဲ ကျန်ရစ် တယ်။ ခုလည်း နိုင်ငံရေး ဝဲသြဃထဲမှာ ကျင်လည်ရင်း ထောင်ထဲရောက်လာ ပြန်ပါပြီ။ သူက ထောင်ဆေးရုံ မှာ မြတ်စံနဲ့ အဘဦးအုန်းမြင့်ကို နေ့စဉ် စလိုက်နောက်လိုက်လုပ်နေ တယ်။ သူ ပြောနေကျစကားတစ်ခွန်း ရှိပါတယ်။

"ဟေ့ကောင်တွေ... စစ်ကြောရေးမှာစစ်တော့ ငါ့ကို မနတအုပ်စုနဲ့ ဆက်နွယ်တယ် လို့ ထောက်လှမ်း ရေးတွေ က ပြောတယ်...၊ ဗ.က.ပ ယူဂျီတဲ့... ဗ.က.ပ တွေကကျတော့ အရင်းရှင်ပေါက်စတဲ့... စာပေ လောက ဆရာကြီးတွေကတော့ ငါ့ကို စာပေ ကလေကချေ တဲ့။ ဟား... ဟား... ဟား ငါလည်း ဘာမှ မဟုတ်ပါဘူး။ ဗ.က.ပ ဆိုတာ ငါ့ကို တပ်ထဲက ခေါ်တဲ့နာမည်... ဗိုလ်ကြီးပေါတဲ့။ စစ်ရေယာဉ်မောင်း တေ့... မက လက်ခေါက်မှုတ်ခေါ်တာတွေလို့ သင်္ဘောကပ်သွားရင်း မြုပ်သွားတာကို တိုက်ရေယာဉ် ၁၀၃ ဆိုပြီး ရေးတော့ လည်း ရောင်း ရသားပဲ ဟား... ဟား... ဟား...."
ဒီလိုရွဲ့စောင်းစောင်းတွေ ပြောတတ်လို့လည်း မောင်သော်ကဖြစ်လာတာ ထင်ပါတယ်။ နောက်ဆုံး တော့ ဆရာ့ကို စစ်ခုံရုံး က ၁၉၅၀ အရေးပေါ်အက်ဥပဒေ ၅(ည)၊ ၅(က)၊ ၅(ခ)၊ ၁၂၂(၁)နဲ့ ထောင် အနှစ်နှစ်ဆယ် ချလိုက်ပါတယ်။ ဗိုလ်မှူးသော်ကကို ထောင်ချလိုက်တော့ ၃ တိုက်မှာ ရွေ့ထားလိုက် တယ်။ ၃ တိုက်မှာလည်း ဆရာမင်းသိင်္ခ ရယ်၊ ကိုမြတ်စံရယ်၊ ဆရာမောင်သော်ကရယ် တစ်ခန်းစီနေကြ ရတယ်။ ဒီမှာလည်း နေ့စဉ် ဆရာမင်းသိင်္ခ ကို စနောက်နေတာပဲ။ ရေချိုးဆင်းတိုင်း ဆရာခ ကို သွားသွား ပြောတယ်။

"အောင်ထွန်း... ငါတို့ မြတ်စံ တို့ ထောင်ကျရင် လျှာဖြတ်လို့ မင်းပြောထားတယ်နော်။ အခု ထောင်ကျ ပြီ... အသားဟင်း မကျွေးတဲ့နေ့တော့ မင်းလျှာ ကို ကင်စားရမယ်... ဒါပဲ။ ဟား... ဟား..."
ထောင်ထဲ မှာ ဆရာမင်းသိင်္ခ က အခန့်နေတာ။ ဆရာမောင်သော်က က သွားသွားစလေ့ရှိတယ်။ ဂျစ် တိုက် တယ်။ ဆေးလိပ်တောင်း တယ်။ ဆရာခ ကလည်း အလိုလိုက်ရှာတယ်။ သည်းခံရှာတယ်။ ဆရာခ ပုတီး စိပ်ရင် ရောက်လာပြီး မဟုတ်တရုတ်တွေပြောတယ်။ နောက်တော့ ကြိုးတိုက်ရောက်တယ်။ အရိုး ကျီးပေါင်း ကလည်း ဒုက္ခပေးလာတော့ ထောင်ထဲမှာ လည်ပင်းကို ကော်လံကြီးစွပ်ပြီး နေရတယ်။ နောက်နှလုံးကလည်း ဒုက္ခပေး လာတယ်။ နောက်ဆုံး ဆေးရုံတက်ရပြန်ရော။ ဆေးရုံက ဆင်းတော့ ၆ တိုက်ကို DC ချလိုက်တယ်။ ၆ တိုက်မှာ ဆရာဟံသာဝတီ ဦးဝင်းတင်ရယ်၊ ဘဘတော်ဘုရားလေးရယ်၊ ဆရာဦးကိုယုရယ်၊ ကိုမြတ်စံ ရယ်၊ ထောင်တွင်း ပြစ်ဒဏ် ချထားတဲ့ ရိုးရိုးအကျဉ်းသားသုံးယောက်နဲ့ ဆရာဦးသော်က နေရတယ်။

ရောဂါလေးသက်သာလို့ ညဘက်ရောက်တာနဲ့ ဆရာက တိုက်ကလူတွေကို စပြီ။ သုံးခန်းကျော်က ကိုမြတ်စံ ကိုအော်ခေါ်ရင်း "တော်ဝင်မင်းမျိုးမင်းနွယ် ဆိုတာ တစ်ကယ်တော့ ကုလားမျိုးကွ။ ဒီတော့ ငါ လည်း တော်ဝင်သွေး ပါတယ် ထင်တယ်။ မြတ်စံရေ... ဟင်း ဟင်း" ဆိုပြီး မထိတထိပြောသည်။ မြတ်စံ က အဘတော် ကို အားနာလို့ စကားပြန်မပြောရဲဘူး။ လေသံတိတ်နေတယ်။ နောက်တစ်ခါ ပုပ္ပါးမယ် တော်ကိုလည်း ကွမ်းဆက်လေ့ ရှိတော့ ပုပ္ပါးမယ်တော်က ကုလားအမျိုးအနွယ် ဖြစ်ရမယ်လို့ ပြော တယ်။  ကွမ်းယာက အိန္ဒိယ ကလာတာကိုး။ ဆရာမောင်သော်က ဆိုတာ အဲဒီလိုမျိုးပဲ။ ၁၉၉၀ စက်တင် ဘာမှာ ထောင်တွင်း အစာငတ်ခံဆန္ဒပြတဲ့အခါ သူ့ကျန်းမာရေးက ပိုဆိုးသွားတယ်။ ထောင်ကလည်း မဖြစ်စလောက်ပဲ ကုပေးတယ်။ ၁၉၉၁ ရောက်တော့ ဆရာမောင်သော်က ကြွက်သားတွေ အလုပ် မလုပ်တော့လို့ အိပ်ရာထဲ လဲသွားပြီ။ ဆေးကုသတော့လည်း သူက ငြင်းပယ် လိုက် တယ်။ နောက်ဆုံး နှလုံးရောဂါ ကလည်း ဖောက် လာတယ်။

ဆီးချိုကလည်း တက်လာတယ်။ ကျောက်ကပ်ကလည်း လုံးဝပျက်သလောက် ဖြစ်သွားပြီ။ အရိုးကျီး ပေါင်း ကလည်း တစ်ချိန်လုံး ဒုက္ခပေးနေတယ်။ နောက်ဆုံး ဆရာ မောင်သော်ကကို တိုက်မှာထားပြီး မရတော့ဘူး။ ရန်ကုန်ဆေးရုံကြီးကိုပို့ပြီး ရောဂါသည်းနေတော့မှ ကုသတယ်။ ဆေးရုံရောက်တော့ အရမ်းနောက်ကျသွားပြီ။ ၁၉၉၁ ခုနှစ် ဇွန်လ ၈ ရက်နေ့မှာ သူ့မိခင်အမည်ကို ရေရွတ်မြည်တမ်းရင်း ရန်ကုန်ဆေးရုံမှာပဲ ဆရာ ဆုံးပါး သွားတယ်။

ဆရာ့ဘဝက ဆုံးဝါးပါတယ်။ အသက်မဲ့နေတဲ့ ခန္ဓာကိုယ်ကိုတောင် စစ်အစိုးရက ချုပ်ကိုင်စိုးမိုးလိုစိတ် အပြည့် ရှိခဲ့ပါတယ်။ Dead body ကို ထုတ်ယူတဲ့အခါ မြို့နယ်အာဏာပိုင် ရပ်ကွက်အာဏာပိုင်တွေ အဆင့်ဆင့်ကနေ မိသားစု က လိုက်နာရမယ့် စည်းကမ်းချက်တွေနဲ့ ထုတ်ယူခဲ့ရတာပါ။ စည်းကမ်းတွေ ကတော့ အသုဘကို အခမ်းအနား မကျင်းပ ပါဘူးတို့၊ အလောင်းကို ပါတီအလံမလွှမ်းပါဘူးတို့ကို မိသားစု က အာမခံမှ အလောင်းကို သဂြိုလ်ခွင့်ပြုခဲ့တာဖြစ်ပါတယ်။ ဆရာကွယ်လွန်တော့ အသက် ၆၅ နှစ်ပဲ ရှိပါသေးတယ်။ ဆရာ့ကို ကန်တော်လေး ဆိုနီသင်္ချိုင်း မှာ မြုပ်နှံခဲ့ပါတယ်။ ဒါကြောင် မောင်သော်က ဘဝဟာ အသက်ရှင်စဉ်ကလည်း မလွတ်လပ် ခဲ့သလို အသက်မဲ့ သွားတော့လည်း ခန္ဓာ ကိုယ်ဟာ မတရားတဲ့ ဥပဒေတွေကို လိုက်နာခဲ့ရတုန်းပဲ ဆိုတာ ကျွန်တော် တို့ တွေ့မြင်ကြားသိနာကျင် ခဲ့ရပါတယ်။
ခုတော့ တိုင်းပြည် ရဲ့ပြုပြင်ပြောင်းလဲရေး အလင်းပျပျကို မြင့်မြတ်လွတ်လပ်တဲ့ ဘုံဘဝကနေ ဆရာ လှမ်းမြင်နိုင် ပါစေ လို့ ကျွန်တော် ဆုတောင်းပေးလိုက်ပါတယ်။

 ဒေါက်တာတော့ ဒေါက်တာ ဒါပေမဲ့

၁၉၉၆ ဝန်းကျင်တစ်ဝိုက် အင်းစိန်အကျဉ်းထောင်မှာ အင်မတန်ထူးခြားတဲ့ဖြစ်ရပ်တစ်ခုရှိခဲ့ပါတယ်။ အဖြစ်အပျက် ကတော့ ကြာခဲ့ပါပြီ။ ဒါပေမဲ့ အခုအချိန်ထိ ဆေးကုသခဲ့သူ ဒေါက်တာနဲ့ ကုသမှုခံယူခဲ့ရ သူ လူနာတို့ဟာ လက်ရှိ အသက်မွေးဝမ်းကျောင်းမှုနယ်ပယ်ထဲမှာ ထင်ထင်ရှားရှား ရှိနေကြပါတယ်။ ဆေးကုသပေးခဲ့သူ ဒေါက်တာ ဆိုသူက လူမျိုးခြား တစ်ယောက်ဖြစ်ပြီး အဲဒီအချိန်ကာလက နာမည်သုံး လုံးနဲ့ အမျိုးသမီးတေးသံရှင် တစ်ယောက် ကို အောင်မြင်စွာ မွေးထုတ်ပေးခဲ့ဖူးပြီး သူရဲ့တေးထုတ်လုပ် ရေး ကုမ္ပဏီ ကလည်း မြန်မာနိုင်ငံတဝှမ်းမှာ နာမည်ကြီး ရေပန်းစားခဲ့ပါတယ်။ ဒါပေမဲ့ သူ့ခမျာ ကံမ ကောင်း အကြောင်းမလှ ချင်တော့ စစ်အစိုးရရဲ့ မျက်စိစပါးမွှေးစူးခြင်းခံရပြီး စီးပွားရေးကိစ္စတစ်ခုကို အကြောင်းပြု လို့ ထောင်ထဲရောက် လာပြီး ရင်ကျပ်ဝေဒနာကြောင့် ဆေးကုသမှု ခံယူခဲ့ရသူတစ်ယောက် ကတော့ ယနေ့ အားကစားဂျာနယ်တွေ မှာ ဘောလုံးအကြောင်းရေးသားနေတဲ့ ကိုထွဋ် (စိန့်ဂျွန်း)ပါပဲ။

ကိုထွဋ်တို့ကို အဲဒီအချိန်က အင်းစိန်ထောင်မကြီးဘေးက သီးသန့်ထောင် ၂ ဆောင်အောက်ဘက် တိုက်ခန်းတွေမှာ ထားတာပါ။ ကျန်းမာရေးအတွက် ဆေးထောင်မှူးကြီးတစ်ယောက်တော့ ရှိပါတယ်။ အရေးပေါ် လူနာတွေဆိုရင်တော့ ပင်မထောင်ကြီးအတွင်းမှာရှိတဲ့ ဆေးရုံကို (Refer) လွှဲပြောင်းပေးလေ့ ရှိပါတယ်။ သို့သော် လည်းပဲ ထောင်ရဲ့ကြိုးနီစနစ် အဆင့်ဆင့်တွေကြောင့် refer ကို လွယ်လင့်တကူ လုပ်ဆောင် လို့မရပါဘူး။ ဒီလိုအခြေအနေမျိုးမှာမှ ကိုထွဋ်က ပန်းနာရင်ကျပ်ထဖြစ်တော့တာပဲ။ အခြေ အနေဆိုးလာတော့ သူ့ကို ထောင်မကြီး ထဲက ဆေးရုံပို့ပေးပြီးကုသစေပါတယ်။ ကိုထွဋ်ရဲ့ရောဂါပျောက် သွားတယ်လိုတော့ မရှိပါဘူး။ သက်သာတာနဲ့ ပြန်ဖြစ်တာ နှစ်မျိုးပဲရှိပါတယ်။ ဒီတော့လည်း ဆေးရုံက ကိုထွဋ်ကို ရောဂါသက်သာရင် DC ချ ဆေးရုံက ဆင်း၊ ရောဂါ ပြန်ဖြစ်ရင် ဆေးရုံတက်၊ ဒီလိုနဲ့ သံသရာ လည်နေတော့တယ်။

နောက်ဆုံး တစ်ခေါက်ကျတော့ နိုင်ငံရေးမိုးလေဝသမကောင်းလို့ ကိုထွဋ် ရင်ကျပ်ရောဂါဖြစ်နေပေ မယ့် ဆေးရုံမတက် ရတော့ဘူး။ သီးသန့်ထောင်မှပဲ သူ့ရောဂါကို ကုဖို့အကြောင်းဖန်လာတယ်။ ထောင်က လည်း သီးသန့်ထောင် ဆိုတော့ ကျန်းမာရေးကိစ္စအဝဝအတွက် ဆေးမှူးမရှိလို့ဆိုပြီး စောစောကပြော တဲ့ စတူဒီယို တေး ထုတ်လုပ်ရေး ပိုင်ရှင် ဒေါက်တာလို့ပြောတဲ့ သူဌေးကို ဆေးမှူးခန့်အပ်လိုက်တယ်။ အားလုံး ကလည်း ထောင်ထဲမှာ သူ့ကို ဒေါက်တာတပ်ပြီး ခေါ်ကြတာပဲ။ သူက ငွေကြေးလည်းတတ်နိုင် တယ်။ ဒေါက်တာ ဆိုတော့ ဆေးအကြောင်းလည်း နားလည်တယ် ဆိုပြီး သီးသန့်ထောင် အကျဉ်းသား အားလုံးက သူ့ကို အားကိုး တာပေါ့။ ဒီတော့ သူ့ကို အကူအညီတောင်းတာ သဘာဝကျပါတယ်။

တစ် နေ့တော့ ကိုထွဋ်အတွက် ခန့်အပ်ကာစ အကျဉ်းသားဆေးမှူး ဒေါက်တာအသစ်စက်စက် ရောက်လာ တယ်။ ကိုထွဋ်ရောဂါ ကို မေးမြန်းစစ်ဆေးပြီး ဆေးတစ်မျိုး ထိုးပေးတယ်။ ဆေးထိုးပြီးတဲ့နောက် ကိုထွဋ် နည်းနည်းတော့ သက်သာသွားတာပေါ့။ ကိုထွဋ်လည်း အဲဒီအကျဉ်းသားဒေါက်တာ ကို ကျေးဇူးတော် တော် တင်ပါတယ်။ ဒါပေမဲ့ အဲဒီဒေါက်တာက ကိုထွဋ်ကို ဘာဆေးထိုးပေးသွားလဲဆိုတာကတော့ ဘယ် သူမှ မသိဘူး။ နှစ်ခါလောက် ထိုးပေးပြီးတဲ့အချိန်လောက်မှာ ကိုထွဋ်က သူ့ကို ဒေါက်တာက ဘာဆေး တွေ ထိုးပေးနေသလဲ ဆိုတာ သိချင်လာတယ်။ ဒီတော့ သူ့ကို မေးကြည့်တယ်။ သူက ရင်ကျပ် အောင့် တာ သက်သာတဲ့ဆေး လို့ ပြောတယ်။ ဆေးနာမည်ကိုတော့ မပြောဘူး။ ဒီကုသမှုဖြစ်စဉ်မှာ လော လောဆယ် အမြတ်ထွက်တာ ကတော့ အကျဉ်းသားဒေါက်တာပဲ။  သီးသန့်ထောင်ထဲက လူနာတွေကို အချိန် မရွေး ဆေးကုသရ မဲ့ အခြေအနေတွေရှိနေတယ်ဆိုတော့ သူ့အခန်းကို သော့ပိတ်မထားတော့ ဘူး။ သူ လွတ်လွတ် လပ်လပ် နေနိုင်အောင် ဖွင့်ပေးတယ်။ ညဘက်လည်း ဆေးကုပေးဖို့ သူ ထွက်ရ တယ်။

ဒီအတော်အတွင်း ကိုထွဋ်ရောဂါ က အခြေအနေဆိုးလာတယ်။ စိုးရိမ်ရတော့ ပင်မထောင်က ဆေးရုံကို ပို့လိုက် ရတယ်။ ထောင်ဆရာဝန်က ကိုထွဋ်ကို ရောဂါရှာဖွေစစ်ဆေးတယ်။ အဖြေကတော့ ကိုထွဋ်မှာ ဘာရောဂါမှ မရှိဘူးတဲ့။ ဒါကြောင့် ဆေးရုံကနေ တိုက်ခန်းကို ချက်ချင်းပြန်ရမယ်လို့ ပြောတယ်။ ကိုထွဋ် လည်း ရောဂါ ခံစားနေရတာဆိုတော့ စိတ်နည်းနည်းဆိုးသွားတယ်။ ဘာရောဂါမှမရှိဘဲ ဘာလို့ သူ့ကို အကျဉ်းထောင် ဒေါက်တာ နဲ့ ဆေးထိုးနေရတာလဲဆိုပြီး Complain လုပ်တော့တာပဲ။ ဒီတော့မှ ထောင် ဆရာဝန်နဲနဲ လန့်သွားပြီး ခင်ဗျားကို ဘာဆေးတွေ ထိုးပေးနေတာလဲ လို့ မေးတယ်။ အဖြေကို ဘယ်သူမှ မဖြေနိုင် ဘူး။ ကိုထွဋ် လည်း မဖြေနိုင်ပါဘူး။ ဒီလိုနဲ့ပဲ မကျေမနပ်နဲ့ ကိုထွဋ် ဆေးရုံက ပြန်ဆင်းလာခဲ့ရ တယ်။

တိုက်ပြန်ရောက် လို့ နှစ်ဆယ့်လေးနာရီမပြည့်ခင် ကိုထွဋ် ရောဂါက ဖောက်လာပြန်ရော။ ဒီတော့ အကျဉ်းသားဆေးမှူး ဒေါက်တာရောက်လာပြီး ထိုးနေကျ ဆေးထိုးပေးမယ်လို့ ပြောတယ်။ ဒီတစ်ခါ တော့ ကိုထွဋ် က လက်မခံတော့ဘူး။ ဆေးရုံကိုသာ ပို့ပေးဖို့ တွင်တွင် တောင်း ဆိုတယ်။ ထောင်အုပ်ချုပ် ရေး ဘက်က ဆေးရုံကို နောက်တစ်ခေါက် ပို့မပေးချင်ဘူး။ တဖြည်းဖြည်းနဲ့ ကိုထွဋ် အခြေအနေ ပိုဆိုး လာတယ်။ ကိုထွဋ် က ဆေးရုံမပို့ရင် တိုက်နံရံနဲ့ ခေါင်းနဲ့တိုက်ပြီး အသေခံမယ်လို့ပြောမှ လန့်ပြီး လျှော့ သွားကြ တယ်။ ဆေးရုံကို နောက်ဆုံး  ပို့ပေးလိုက်ကြတယ်။

ဆေးရုံရောက်တော့ အရင်လို ဆက်ဆံရေးမဟုတ်တော့ဘူး။ ကိုထွဋ် ရောဂါကို ထောင်ဆေးမှူးချုပ် ကိုယ်တိုင် လာကြည့်ပေးတယ်။ အရင် ကုသနေတဲ့ အခြေအနေကို မေးမြန်းတော့ သီးသန့်ထောင်မှာ အကျဉ်းသားဆေးမှူး နဲ့ ဆေးထိုးဆးသောက်ကုသတာတွေ ပေါ်သွားတယ်။ အကျဉ်းသားဆေးမှူး ဒေါက်တာ ကို ဆေးမှူးချုပ် က ခေါ်စစ်တယ်။ ဘာရောဂါကိုကုတဲ့ ဒေါက်တာအမျိုးအစားလဲပေါ့။ ဒီတော့ လည်း သူက ရိုးရိုးသားသားဖြေ ပါတယ်။ သူက ဒေါက်တာတော့ ဒေါက်တာပါပဲ။ ဒါပေမဲ့ Medical ဒေါက်တာမဟုတ်ပဲ မလေးရှား တက္ကသိုလ်တစ်ခု ကပေးတဲ့ ဂုဏ်ထူးဆောင်ဒေါက်တာဖြစ်နေပါတယ်။ ဒီလို ဒေါက်တာအမျိုးအစားက ပိုက်ဆံ ချမ်းသာရင်၊ စီးပွားရေးလုပ်ငန်း မှာ အောင်မြင်ရင် ပေးလို့ရတဲ့ ဘွဲ့တွေဖြစ်ပါတယ်။

ခုတော့ အင်းစိန်သီးသန့်ထောင်မှာ သူ့ကိုမှ အကျဉ်းသားဆေးမှူးအဖြစ် ခန့်လိုက်မိ ပြီ ကိုး။ ဆေးမှူးချုပ် လည်း တော်တော် ဒေါကန်သွားတယ်။ ထောင်ဆရာဝန်ကို လက်လွတ်စပယ်လုပ်ရ မလားဆိုပြီး ဆူပူတယ်။ ပြီးတော့ ချက်ချင်း ပဲ သူ့ကို အကျဉ်းသားဆေးမှူးရာထူးကဖြုတ်ပြီး တောင်ယာ ဘုတ်ကိုင်ရာ ရာထူးပြောင်းလဲ တာဝန်ပေး လိုက်ရပါတယ်။ ကိုထွဋ်လည်း နောက်ပိုင်း Treatment ကောင်းကောင်းရတော့ သူ့ရောဂါက သက်သာ လာပြီး ထောင်ထဲက ပြန်ထွက်လာတဲ့အထိ လူကို ဒုက္ခ ပေးမသွားခဲ့ပါဘူး။ ကိုထွဋ် တို့ ပြဿနာဖြစ်အပြီး သီးသန့်ထောင်မှာလည်း ကျန်းမာရေးနဲ့ပတ်သက်ရင် အရင်လို ပေါ့ပေါ့လျော့လျော့ မဟုတ်တော့ဘဲ ဆေးထောင်မှူးကြီးကိုယ်တိုင် Round လှည့် ကုသပေး တာတွေ လုပ်ဆောင်လာပါတယ်။ အကျဉ်းသား နဲ့လည်း လက်လွတ်စပယ် လွဲမထားတော့ပါဘူး။
အဲဒီနောက်ပိုင်း အကျဉ်းသားဆေးမှူးဒေါက်တာဆိုတာလည်း စည်းကမ်းအတိုင်းနေရပြီး နှစ်အနည်း ငယ်အကြာ မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်သွားပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုထွဋ်(စိန့်ဂျွန်း) တစ်ယောက်ကတော့ ဂုဏ်ထူးဆောင်ဒေါက်တာတစ်ယောက်ရဲ့  လက်တည့်စမ်း ဆေးကုသခံခဲ့ရ တဲ့ နိုင်ငံရေးအကျဉ်းသား တစ်ယောက် အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
""
ဘာပဲလိုလို ဘာစ်ပရို ဘာပဲဖြစ်ဖြစ် ဆိုဒါမစ်


၁၉၉၀ ပြည့်နှစ်ဟာ ၁၉၈၈ ခုနှစ်အတွင်း ထွက်ပေါ်လာခဲ့တဲ့ ကျောင်းသားအဖွဲ့အစည်းတွေ အားလုံး လိုလို အဖြိုခွဲခံရ တဲ့ နှစ်တစ်နှစ် ဖြစ်ပါတယ်။ ဒါကြောင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ (ဗကသ)၊ ရန်ကုန် တက္ကသိုလ်ကျောင်းသား သမဂ္ဂ(ရကသ)၊ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (တကသ)၊ အခြေခံပညာကျောင်းသား သမဂ္ဂ(အကသ)၊ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး၊ မနကလ စတဲ့ အဖွဲအစည်းတွေ ရဲ့ ကျောင်းသား တိုင်းလိုလို အင်းစိန်ထောင်ထဲကို ရောက်လာကြပါ တယ်။ နောက်ဆုံး ရန်ကုန် ပြောရရင် ထောင်ထဲက အဆောင်တွေဟာ တက္ကသိုလ်ကျောင်းဆောင်တွေ လို ဖြစ် လာခဲ့တယ်။ ထောင်သားတဖြစ်လဲ တက္ကသိုလ်ကျောင်းသားတွေဟာ အမှောင်ခေတ် ကို ပျော်ပျော်ရွှင်ရွှင်ပဲ ဖြတ်သန်းကြတယ်။ ညဘက်ဆို သီချင်းဆိုကြတယ်။ ကဗျာရွတ်ကြတယ်၊ နေ့ဘက် မှာ ချက်စ် ကစားကြတယ်။ တောင်ယာစိုက်ကြတယ်။ တစ်ယောက်နဲ့တစ်ယောက် ညီအစ်ကိုတွေလို ချစ်ချစ်ခင်ခင် နေထိုင်ကြတယ်။ ဒီတက္ကသိုလ်ကျောင်းသားတွေထဲမှာ အသားမည်းမည်း အရပ် ရှည်ရှည်၊ နှုတ်ခမ်းမွေးစစနဲ့ သင်္ချာဂုဏ်ထူးတန်းကျောင်းသားတစ်ယောက်ကို ကျွန်တော် သတိထားမိ ပါတယ်။ သူက ရကသအဖွဲ့ဝင်တစ်ယောက် ဖြစ်ပါတယ်။ ရကသ အရှည်ကတော့ ရန်ကုန် တက္ကသိုလ် ကျောင်းသား သမဂ္ဂကပေါ့။

သူက စကားပြောရင်း တိုတိုနဲ့ ရှင်းရှင်း ပြောလေ့ ရှိပါတယ်။ နောက်တာ ပြောင်တာလည်း နည်းပါ တယ်။ အားလုံးအတွက် ကျရာတာဝန်ကိုတော့ ဝေမျှစားသောက်တယ်။ မရှိအတူ ရှိအတူ စိတ်ဓာတ် ရှိတယ်။ သူ့နာမည် က ကျော်ကျော်သိန်းလို့ ခေါ်ပါတယ်။ အရင်က ထောင်ထဲမှာ သူငယ်ချင်းတွေကို ဟင်းနုနွယ်ခင်းတွေ စိုက်ပျိုးပြီး ချက်ကျွေးခဲ့ပေမယ့် အခုတော့ ၀ါရှင်တန်ဒီစီမှာ ဟမ်ဘာကာစားပြီ ကိုကာကိုလာလည်း လောက်နေပါပြီ။ ဒါပေမဲ့ အင်းစိန်ထောင် ကို မေ့မရဘူးထင်ပါရဲ့။

အမေရိကား ကနေ ကျွန်တော်ရေးနေတဲ့ ကျန်းမာရေးဆောင်းပါးတွေကို E-mail နဲ့ လှမ်းတောင်းပါတယ်။ ရိုးရာ လေးဝက်ဘ်ဆိုဒ် မှာ ရှိတယ်ဆိုတာ သူမသိသေးဘူး။ အဲဒီတော့မှ ကျွန်တော်သူ့အကြောင်းရေးဖို့ ကျန်နေသေး မှန်း သတိရခဲ့တာပါ။ ကိုကျော်ကျော်သိန်းက ၁၉၉၀ သြဂုတ်လထဲမှာ စစ်ခုံရုံးကနေ ထောင်ဒဏ် ၅နှစ် ချမှတ်ခြင်း ခံခဲ့ရပါတယ်။ ထောင်ဒဏ်မချမှတ်ခင်က စစ်ကြောရေးပြီးပြီးချင်း သူတို့ကို အင်းစိန် တွဲဘက်ထောင် မှာ နေရာချထားပါတယ်။ အိမ်နဲ့ ထောင်ဝင်စာမတွေ့ရသေးတဲ့အတွက် အဲဒီ အချိန်ကာလဟာ အကျဉ်းသား တစ်ယောက်အတွက် အတ်ဒုက္ခအရောက်ရဆုံး အချိန်ပါပဲ။ ထောင်က ကျွေးတဲ့ ပဲဟင်းနဲ့ ငပိနဲ့ပဲ အသက် ဆက် ကြရတာပါ။

တစ်ရက်မှာ ညဘက်ကြီး ကိုကျော်ကျော်သိန်းရဲ့ ညည်းညူသံကို တစ်တိုက်လုံး ကြားလိုက်ကြ ရတယ်။ မေးကြည့်လိုက်တော့ ဗိုက်အောင့်ဝေဒနာကို အသည်းအသန် ခံစားနေရပါတယ်။ သူက ငယ်စဉ် ကတည်းက  မိုးရာသီဆိုရင် လေထိုးလေအောင့်တဲ့ ဒဏ်ကို နှစ်စဉ် အပြင်းအထန်ခံစားရလေ့ ရှိပါတယ်။ တစ်ခါတစ်ခါ ဖြစ်ရင်လည်း သုံးလေးရက်ကနေ တစ်ပတ်လောက်အထိ ကြာတတ်ပြီး သူ့အဖေက ဗမာဆေးမျိုးနဲ့ ကုလေ့ ရှိပါတယ်။ အဲဒီအချိန်အခါက အနာနဲ့ ဆေးတွေ့ပြီး မကြာခင်ပျောက်သွားလေ့ ရှိပေမယ့် အခုရောဂါဖြစ်တဲ့အချိန်မှာ ဘာမှမရှိတဲ့ အချုပ်ဘ၀ဖြစ်နေတော့ ဒုက္ခရောက်ရတော့တာပေါ့။ ကုဖို့မပြောနဲ့ စားဖို့တောင် ဘာမှမရှိတဲ့ဘ၀မှာ လေထိုးလေအောင့် ဖြစ်တော့ အတူတူ အချုပ်ခံထားရ တဲ့ အမှုတွဲတွေက ၀ိုင်းပြီးအော်ကြတာ နဲ့ တွဲဖက်ထောင်က ဆေးမှူးနဲ့ ထောင်ဝန်ထမ်းတစ်ယောက် ရောက်လာပါတယ်။ ပြီးတော့ အချုပ်တိုက်ခန်းကို မဖွင့်ဘဲ အပြင်က လေ့လာအကဲခတ်ပြီး ဆိုဒါမစ် ၂လုံးပေးပြီး ပြန်ထွက်သွားပါတယ်။

ဒီဆေးသောက်တာနဲ့ သူ့ဝေဒနာပျောက်မှာမဟုတ်မှန်း သိနေပေ မယ့် ရေနစ်နေတဲ့သူ အတွက် ကောက်ရိုးတစ်မျှင် လို ဆိုဒါမစ် ၂လုံးကို ကိုကျော်ကျော်သိန်း ယူပြီး သောက်လိုက်ပါတယ်။ ထင်တဲ့ အတိုင်းပါပဲ။ မသက်သာဘဲ တစ်ညလုံး ဗိုက်အောင့်ဝေဒနာကို အပြင်းအထန် ခံစားပြီး ဖြတ်သန်း ခဲ့ရပါတယ်။ ဖြစ်ချင်တော့နောက် တစ်နေတော့ ထောင်ပိုင် တန်းစီနေ့ ဖြစ်နေ ပါတယ်။ ထောင်ပိုင်တန်းစီ ဆိုတာ ထောင်ပိုင်ကြီးနဲ့အတူ ထောင်ဆေးရုံက ဆေးရုံအုပ်ဆရာဝန် လည်း အတူ လိုက်လာပြီး နိုင်ငံရေးမှုနဲ့ ကျတဲ့သူတွေကို "ဘာဖြစ်လဲ" "ဘာလိုလဲ" စသည်ဖြင့် အပေါ်ယံ သဘောမေးမြန်းလေ့ ရှိပါတယ်။ ဆရာဝန်ကြီးက အသားဖြူဖြူ အရပ်မြင့်မြင့်နဲ့ အ၀တ်အစားကို သပ်သပ်ရပ်ဝတ်ပြီး အမွေးနံ့သာတွေ အမြဲရနေတတ်တဲ့ လူမျိုးပါ။ ရုပ်ရည်ကလည်း ခန့်ငြားလေးစား လောက်တာမို့ ကြည့်လိုက်ရင် လူနာ အပေါ်စိတ်သဘောထားကောင်းပြီး ကြင်နာလိမ့်မယ်လို့ ယူဆနိုင် တဲ့ အခြေအနေမှာ ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော် တို့ အားလုံး ဒီတစ်ခါမှာတော့ လူကဲခတ်လွဲမှားခဲ့ကြပါ တယ်။

နောက်တစ်နေ့ တန်းစီလှည့်လည်တဲ့အထဲမှာ ဆရာဝန်ကြီးလည်း ပါပါတယ်။ သူပါလာတော့ ဝေဒနာ ခံစားနေရ တဲ့ ကိုကျော်ကျော်သိန်းလည်း ဗိုက်အောင့်နေတဲ့ကြားထဲက ခေါင်းငုံ့ပုံစံ ထိုင်နေရတဲ့ အခြေအနေ ကနေ ရောဂါကို တင်ပြနိုင်ဖို့ ကြိုးစားပါတယ်။ နာလွန်းလို့ စကားကိုတောင်ဖြောင့်ဖြောင့် မပြောနိုင်ပါဘူး၊ အခန်းဖော်တွေ နဲ့ အမှုတွဲတွေက ထောင်ပိုင်ကြီးနဲ့ ဆရာဝန်ကို ကိုကျော်ကျော်သိန်း အကြောင်း ၀ိုင်း တင်ပြပေးကြပါတယ်။ ဆရာဝန်ကြီးကတော့ သံတိုင်အပြင်ကနေ ကိုကျော်ကျော်သိန်း ကို စမ်းသပ်ကြည့်ဖို့ အသာထား၊ သံတိုင်နားကို တောင်ကပ်မလာဘဲ ခပ်လှမ်းလှမ်းကနေ လှမ်းကြည့် ပြီးတော့ ဘယ်နား နာတာလဲ ဆိုပြီး ပြခိုင်းပါတယ်။ ကိုကျော်ကျော်သိန်းက နာနေတဲ့နေရာကို လက်နဲ့ ပြပြီးတဲ့နောက် ဆရာဝန်ကြီး က ခေါင်းတစ်ချက်ညိတ်ပြပြီး ပြောပါတယ်။

"မင်းမသေနိုင်သေးပါဘူး၊ အသက်နဲ့အဝေးကြီးပါ"
ပြီးတော့ ရောဂါအတွက် ဘာမှ မှတ်ချက်မပေးဘဲ ထောင်ပိုင်ကြီးနဲ့အတူ လှည့်လည် စစ်ဆေးနေရာ ကနေ တိုက်ခန်းအပြင် ကို ထွက်ခွာသွားပါတော့တယ်။ တစ်တိုက်လုံးကတော့ ဆရာဝန်ကြီးရဲ့ အပြုအမူ နဲ့ ဆက်ဆံပုံ ကို အံ့သြလွန်းလို့ ဘာမှ မှတ်ချက်မပေးနိုင်ဘဲ ငြိမ်သက်သွားခဲ့ရပါတော့တယ်။ ဒါဟာ ကြေကွဲ စရာကောင်းအောင် ရေးလိုက်တဲ့ ဆောင်းပါးတစ်ပုဒ်လည်း မဟုတ်ပါဘူး။ သနားအောင် ဇွတ်ပုံစံချရေးတဲ့ စာစုတစ်ခုလည်း မဟုတ်ပါဘူး။ ၁၉၉၀ တစ်ဝိုက် ထောင်ထဲမှာ အမှန်တကယ် ဖြစ်ပျက်ခဲ့တဲ့ ပကတိ အဖြစ်အပျက်တွေ ဖြစ်ပါတယ်။ တကယ်တော့ ကျွန်တော်တို့ အားလုံးဟာ လူသားတွေ ဖြစ်ကြပါတယ်။ ဒီထက် ပိုပြီး အသေးစိတ်ခွဲခြားပြရမယ်ဆိုရင် ကျွန်တော်တို့ အားလုံးဟာ အုပ်ချုပ်သူနဲ့ အုပ်ချုပ်ခံတွေ ဖြစ်ကြပေမယ့် စဉ်းစားစာနာတတ်တဲ့၊ နှလုံးသားရှိတဲ့၊ အကြင်နာတရား ရှိတဲ့ လူသားအချင်းချင်းပါပဲ။ ဒီထက်ပိုပြောရရင် ဗုဒ္ဓဘာသာဝင်အချင်းချင်းပါပဲ။ ဘာကြောင့် ဒီလို မမျှတအောင် ဆက်ဆံခဲ့ရသလဲ။

ဘာကြောင့် သမားတော်ကြီးက အကြင်နာတရားကင်းရသလဲ။ ဒါမှမဟုတ် ဒီလူနာကို ဆေးကုသပေးဖို့ သူ့မှာ ဘယ်လိုဖိအားတွေ ရှိသလဲ။ ကျွန်တော်တို့ကတော့ မေးခွန်းများစွာနဲ့ ကျန်ရစ်ခဲ့ပါတော့တယ်။ အဲဒီအချိန်က ထောင်ထဲမှာ ဘာရောဂါပဲဖြစ်ဖြစ် ဘတ်စ်ပရိုနဲ့ ဆော်ဒါမစ်လောက်နဲ့ စခန်းသွားခဲ့ကြတာပါ။ ဒီကြားထဲ က ကိုယ့်အသက်ကို ကိုယ်ရှင်သန်အောင် ကြိုးစားရင်း ရုန်းကန်ခဲ့ကြလို့ ခုဒီ အခြေအနေ ရောက်နေခြင်း ဖြစ်ပါတယ်။

ကိုကျော်ကျော်သိန်းတစ်ယောက်လည်း ဆိုဒါမစ်နှစ်ပြားနဲ့ ဗိုက်အောင့်ဝေဒနာဘယ်ကနေ ဘယ်လို သက်သာသွားတယ်ဆိုတာ မမှတ်မိတော့ပါဘူး။ ဒါပေမဲ့ ဆရာဝန်ကြီး ပြောခဲ့သလို "အသက်နဲ့ အဝေးကြီးပါ" ဆိုတဲ့ စကား ကပဲ အမှန်တရား ဖြစ်ခဲ့သလား ဒါမှမဟုတ် ကိုကျော်ကျော်သိန်းမှာ သေဖို့ ကံမပါသေး လို့ပဲလားဆိုတာ ကံကြမ္မာကလွဲလို့ ဘယ်သူမှ မသိနိုင်တော့ပါဘူး။ ငယ်စဉ်ကတည်းက နှစ်စဉ် မိုးရာသီတိုင်း ခံစားခဲ့ရတဲ့ ဗိုက်အောင့်ဝေဒနာဟာ ကိုကျော်ကျော်သိန်းအတွက် အဲဒီတစ်ခါက လွဲပြီး ထောင်ထဲနေစဉ် ကာလတစ်လျှောက်လုံးဝ ပြန်မဖြေစ်တော့တာကိုလည်း ထူးဆန်းစွာ ကျွန်တော် မှတ်မိနေပါတယ်။ ထောင်ထဲက ထွက်လာပြီးတဲ့ နောက်လည်း ဒီရောဂါအကြေင်း သူ့ဆီက မကြားတော့ပါဘူး။

အခုလည်း ကိုကျော်ကျော်သိန်းတစ်ယောက် ၀ါရှင်တန်ဒီစီမှာ ဗိုက်အောင့်ဝေဒနာ တစ်ခါ တစ်လေ ဖြစ်သေး သလား ကျွန်တော် မသိပါဘူး။ တကယ်လို့ မဖြစ်ခဲ့ရင်တော့ ဒါဟာ တစ်ခါက ထောင်ဆရာဝန် ကြီးရဲ့ ဆေးကုသ ပုံ ကုသနည်းကို ကြောက်လန့်ပြီး တစ်ခါတည်း ပျောက်ကင်းသွားခဲ့လေသလားလို့ တောင် စဉ်းစားစရာ ဖြစ်နေရ ပါတယ်။ အမေရိကားမှာ ကိုကျော်ကျော်သိန်းတစ်ယောက် ဘာစ်ပရိုတို့၊ ဆော်ဒါမစ်တို့ ပေါပေါများများ ရပါစေ။

ဆက်ရန်
.

No comments: