Monday, October 17, 2011

စာရေးဆရာ ကိုအောင်ဆန်း, အပိုင်း (၃၂)

ပဲခူးကဝေနှင့် သခင်အောင်ဆန်း

ဗိုလ်ချုပ်အောင်ဆန်းကို မြန်မာ့လွတ်လပ်ရေး ဗိသုကာ၊ မြန်မာ့တပ်မတော်ကို စတင်တည်ထောင်ခဲ့ သူ၊ ဖက်ဆစ်ဂျပန်တို့အား တော်လှန်ရာတွင် ခေါင်းဆောင်ခဲ့သူဟု မြန်မာတိုင်း သိကြသော်လည်း အယ်ဒီတာ၊ စာရေးဆရာ တစ်ဦးအဖြစ် လူသိနည်းလှပါသည်။
ဗိုလ်ချုပ်အောင်ဆန်း ငယ်စဉ် ကျောင်းသားဘဝမှစ၍ ကွယ်လွန်ခါနီး အချိန်ထိတိုင် ရေး သားခဲ့သော စာများ အနက် အများပြည်သူအား ဟောပြောခဲ့သည့် မိန့်ခွန်းများ၊ ထုတ်ပြန်ခဲ့သည့် စစ် မိန့်များ၊ နိုင်ငံရေး နှင့် မြန်မာတပ်မတော်အရေးဆိုင်ရာ ကြေညာစာတမ်းများအကြောင်း တင်ပြရေး သားမည်မဟုတ်ပါ။
ဆက်လက်ဖော်ပြမည့် စာစုသည် ဗိုလ်ချုပ်အောင်ဆန်း၏ စာပေဝါသနာ ထက်သန်မှုဖြင့် ရေးသားခဲ့သည့် စစ်ရေးနှင့် မပတ်သက်သော စာများအကြောင်း ဖြစ်ပါသည်။

အောင်ဆန်း၏ အယ်ဒီတာဘဝ

ဗိုလ်ချုပ်အောင်ဆန်း၏ဘဝတွင် အယ်ဒီတာအဖြစ် ၃ ကြိမ် ဆောင်ရွက်ခဲ့ပါသည်။ မောင် အောင်ဆန်း သည် နတ်မောက်ဇာတိဖြစ်သော်လည်း အထက်တန်းပညာကို ရေနံချောင်းအမျိုးသား ကျောင်းသို့ သွားရောက် သင်ကြားခဲ့ရပါသည်။
ကျောင်းသားဘဝကပင် မောင်အောင်ဆန်းကလေးသည် စာဖတ်ဝါသနာပါပြီး ကျောင်းစာအပြင် စာ အမျိုးမျိုး ဖတ်ရှုသူဖြစ်၏။ စာအုပ်နှင့် မျက်နှာမခွာစတမ်း စာဖတ်ခဲ့သူဟုလည်း ပြောဆို ကြသည်။
ရေနံချောင်း အမျိုးသား အထက်တန်းကျောင်းသားဘဝတွင် ကျောင်းစာစောင် ထုတ်ဝေရာ တွင် အယ်ဒီတာ အဖြစ် ဆောင်ရွက်ခဲ့သူမှာ မောင်အောင်ဆန်း ဖြစ်ပါသည်။

၁၉၃၂ ခုနှစ်တွင် မောင်အောင်ဆန်းသည် ဆယ်တန်းကို ဂုဏ်ထူးများဖြင့် အောင်မြင်ခဲ့ပြီး ရန်ကုန် တက္ကသိုလ် တွင် ပညာဆက်လက်သင်ကြားခဲ့ပါသည်။ ထိုစဉ်က ရန်ကုန်တက္ကသိုလ်တွင် မဂ္ဂဇင်း စာစောင ်များ ထုတ်ဝေခဲ့ရာ အိုးဝေမဂ္ဂဇင်းလည်း ပါဝင်ပါသည်။ ရန်ကုန်တက္ကသိုလ် အုပ်ချုပ် ရေးပိုင်းမှ အင်္ဂလိပ် တို့နှင့် ၎င်းတို့ဘက်ယိမ်းသည့် ကျောင်းသားများ ဦးစီးထုတ်ဝေသည့် ''ကောလိပ် မဂ္ဂဇင်း''ကို ယှဉ်ပြိုင်သော အားဖြင့် အင်္ဂလိပ်ဆန့်ကျင်စိတ် ပြင်းထန်သည့် ကျောင်းသားများက ''အိုးဝေ'' မဂ္ဂဇင်းကို စုစည်း ထုတ်ဝေကြခြင်း ဖြစ်ပါသည်။

၁၉၃၅-၃၆ ခုနှစ်တွင် အိုးဝေမဂ္ဂဇင်း အယ်ဒီတာအဖြစ် ကိုအောင်းဆန်း တာဝန်ယူဆောင် ရွက်ခဲ့ပါသည်။ ကျောင်းသားဘ၀ တွင် ကိုအောင်ဆန်း၏ ဒုတိယအကြိမ်မြောက် အယ်ဒီတာလုပ် ခြင်း ပေတည်း။
တစ်ဖန် နယူးဘားမား သတင်းစာတိုက်တွင် ဦးအုန်းဖေ၏ ခေတ္တတွဲဖက် အယ်ဒီတာအဖြစ် လုပ်ဆောင်ခဲ့ ပါသည်။ သတင်းထောက် ဦးအုန်းဖေက အိုးဝေဂျာနယ် (ဇူလိုင် ၁၉၉၇) ထုန်၌ ''မြင် ထောင့် စုံမြင်ပုံလှ၏'' ဆောင်းပါး တွင် သူ၏ တွဲဖက်အယ်ဒီတာ အောင်ဆန်း၏ ရေးနိုင်စွမ်း ရှိခဲ့လေ ၏။
''ထိုအခါ အောင်ဆန်းရေးခဲ့သော ခေါင်းကြီးပိုင်းများမှာ အင်္ဂလိပ်ဘာသာ စာကောင်းပေမွန် များ၏ အဆင့်အတန်းမီခဲ့ရုံသာမက အကြောင်းအကျိုးသရုပ်ပြ ညီညွတ်ကြသဖြင့် အစိုးရပိုင်းက ရော နိုင်ငံရေး ခေါင်းဆောင်ပိုင်း ကပါ လေးစားစွာ ဖတ်ရှုခဲ့ရလေ၏'' ဟု ဖော်ပြခဲ့ပါသည်။

အယ်ဒီတာကျင့်ဝတ်စောင့်စည်းသူ

စောင့်စည်းအပ်သည့် ကိုယ်ကျင့်တရားများက လုပ်ငန်းဆောင်တာ တိုင်းတွင် ရှိကြပါ သည်။ စာနယ်ဇင်း လောက တွင် အယ်ဒီတာကျင့်ဝတ်၊ စာရေးသူ၏ ကျင့်ဝတ်၊ ထုတ်ဝေူ၏ကျင့်ဝတ် စသည်ဖြင့် ရှိမြဲဓမ္မတာ ဖြစ်ပါသည်။
ကိုအောင်ဆန်း အယ်ဒီတာအဖြစ် တာဝန်ယူထုတ်ဝေခဲ့သည့် အိုးဝေမဂ္ဂဇင်း (၁၉၃၅-၃၆) ''ငရဲခွေးကြီး လွတ် နေပြီ'' (Hell Hound at Large) ဟူသည့် ဆောင်းပါးပါလာပါသည်။
ထိုဆောင်းပါး သည် ယင်းကာလ ရန်ကုန်တက္ကသိုလ်၏ ကျောင်းအုပ်ကြီး ဒီဂျေစလော့ကို ထိုးနှက် တိုက်ခိုက် ထားသည့် ဆောင်းပါးဖြစ်၏။ ဒီဂျေစလော့သည် မြန်မာမျိုးချစ်ကျောင်းသားများ ကို အမျိုးမျိုး ဖိနှိပ် အုပ်ချုပ် နေသူ ဖြစ်သဖြင့် မြန်မာကျောင်းသားအများစု၏ မျက်မုန်းကျိုးမှုခံနေရသူ ဖြစ်ပါသည်။

ရန်ကုန်တက္ကသိုလ် အုပ်ချုပ်ရေးအဖွဲ့နှင့် ကျောင်းအုပ်ကြီး ဒီဂျေစလော့တို့ ယန်းပုံနီးကျ ဒေါသထွက်လျက် အယ်ဒီတာ ကိုအောင်ဆန်း အား ဆောင်းပါးရှင် မည်သူဖြစ်ကြောင်း ဖော်ထုန် ရန် တောင်းဆိုကြပါသည်။
ကိုအောင်ဆန်း က စောင့်စည်းအပ်သော အယ်ဒီတာကျင့်ဝတ်အရ ဆောင်းပါးရှင် မည်သူူ ဖြစ်ကြောင်း မပြောနိုင်ပါ ဟု ငြင်းဆန်သဖြင့် ကျောင်းထုတ်အပြစ်ပေးခြင်း ခံခဲ့ရပါသည်။

စာရေးဆရာဘဝကို တမ်းတသူ

ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာပြည်လွတ်လပ်ရေး ရရှိစေရန် ကြိုးပမ်းဆောင်ရွက် နေသော်လည်း သူ့ဘ၀ ကို စာရေးဆရာအဖြစ်ဖြင့် ရပ်တည်ရန် ရည်ရွယ်ခဲ့ကြောင်း သူနှင့် ထိတွေ့ ခဲ့ရသူများက ပြန်လည် ပြောကြ၊ ရေးသားကြပါသည်။
ဗိုလ်ချုပ်အောင်ဆန်း၏ ကိုယ်ရေးအရာရှိအဖြစ် ဆောင်ရွက်ခဲ့ဖူးသူ သခင်ဗအေးက ''ဗိုလ်ချုပ်အောင်ဆန်း ကား စာအလွန်ဖတ်သူဖြစ်၏။ တစ်ခါတစ်ရံ နောက်ဖေးသွားရင်း စာဖတ်နေရာ နာရီဝက်ကျောကြာသဖြင့် ခေါ်ယူဂ၏'' ဟု ရေးသားခဲ့ပါသည်။
''ဗိုလ်ချုပ်အောင်ဆန်း က လွတ်လပ်ရေးရပြီးလို့ တိုင်းပြည်မှာ စိတ်ချရရင် သူ စာရေးဆရာ လုပ်မယ်လို့ ကျွန်တော် တို့နဲ့ ဆရာကြီးရာဇတ်ကို ပြောပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် အင်္ဂလိပ်ဘာသာနဲ့ ရေးထား တဲ့ အတ္ထုပ္ပတ္တိကို ပြလို့ ဖတ်ကြည့်ရပါသေတယ်။ ရေးစပဲရှိပါသေး တယ်'' ဟု မှတ်တမ်း တင် ခဲ့သူ ကား လူထုဦးလှ ဖြစ်ပါသည်။

ဗိုလ်ချုပ်အောင်ဆန်း၏ အပါးတော်မြဲ အရာရှိ ဗိုလ်ထွန်းလှ (တက္ကသိုလ်နေဝင်း) ကလည်း ''လွတ်လပ်ရေး ရပြီးရင် ငါတော့ နိုင်ငံရေးကထွက်ပြီး စာတွေရေးမယ်။ နိုင်ငံတွေ၊ ရာဇဝင် တွေအပြင် အိမ်ထောင်ရေးနဲ့ သားသမီး စောင့်ရှောက် ပြုပြင်ရေးတွေနဲ့ ပတ်သက်လို့ ငါ့အယူအဆ သဘောထားတွေကို စာအုပ် ရေးမှာပဲ'' ဟု ၁၉၄၅ ဧပြီလအတွင်း၌ ပြင်ဦးလွင် မေမြို့ တွင်ရှိစဉ် ပြောခဲ့သည်ဟု ပြန်လည်ရေးသား ဖော်ပြခဲ့ ပါသည်။

''လွတ်လပ်ရေးရတဲ့ချိန်အထိတော့ ကျုပ်နိုင်ငံရေးလုပ်ရဦးမှာပဲ။ လွတ်လပ်ရေးရပြီးတဲ့ အချိန်မှာ ကျုပ် မပါချင်ဘူး။ ဘေးဖယ်နေမယ်။ သူများတွေ လုပ်တာ ထိုင်ကြည့်ပြီး စာအုပ်ရေးမယ်'' ဟု ၁၉၄၇ ခုနှစ် မေလ ၃၀ ရက်နေ့က ဗဟန်းရှိ ကိုယ့်မင်းကိုယ့်ချင်း လမ်းဖဆပလဌာနချုပ်တွင် ပြုလုပ်သော သတင်းစာ ဆရာများ အစည်းအဝေး၌ ပြောကြားခဲ့ပါသည်။
ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံမခံရမီ ၅ ရက်အလို (၁၄၊ ၇၊ ၁၉၄၇) ရက်နေ့တွင် တိုင်ပြုပြည်ပြုလွှတ်တော် အဆောက်အအုံ ဝရန်သတာ၌ ဆရာကြီး ဒီးဒုတ်ဦးဘချိုနှင့် ဗိုလ်ချုပ် အောင်ဆန်း စကားပြော နေကြပါသည်။ ဆရာဇောဂျီ၊ ဆရာမောင်ထင်၊ ဆရာဦးခင်ဇော်နှင့် ဆရာမင်းသုဝဏ်တို့ ကိစ္စတစ်ခုရှိသဖြင့် အတွင်းရုံး သို့ ထိုနေ့နံနက်က သွားရောက်ခဲ့ကြ၏။ ဆရာဆို့လူစုက ဗိုလ်ချုပ်အောင်ဆန်းတို့ကို သွား ရောက် နှုတ်ဆက်ကြပါသည်။

ဤတွင် ဆရာကြီး ဒီးဒုတ်ဦးဘချိုက ''တိုင်းပြည်လွတ်လပ်ရေးပြီးလျှင် နိုင်ငံရေးက ထွက်ပြီး ပညာရေး နှင့် ယဉ်ကျေးမှု တွေ လေ့လာမည်'' ဟု ပြောသည်။
''ထိုစဉ်က ဘန်ကောက်လုံချည် နံ့သာရောင်နှင့် ပိုးအင်္ကျီ ရင်စေ့ဝတ်ထားသော ဗိုလ်ချုပ် အောင်ဆန်းက သူ၏ နှုတ်ခမ်းကလေးကို ထော်ပြီး.....''
''ကျွန်တော်ကလည်း နိုင်ငံရေးက ထွက်မှာပါပဲဆရာ။ ထွက်ပြီးတော့ စာရေးမယ်ကြံတယ်။ ကျွန်တော် ကျောင်း နေတုန်းက ပါဠိရော၊ မြန်မာစာပါ ယူခဲ့တယ်။ မြန်မာစာမှာ ကျွန်တော် အမှတ် ကောင်းကောင်း ရတယ်။ ကျွန်တော်ကြိုးစားရင် ဒစ်တင်းရှင်းတောင် ရမှာပဲ'' ''ကျွန်တော်တို့ဆီမှာ ဘာသာပြန်တွေ အများကြီး လိုတယ်။ ဘိုင်အိုဂရပ်ဖီ(အတ္ထုပ္ပတ္တိ) တွေ လည်းလိုတယ်။ ဘာကြောင့် မရေးဖြစ်သလဲ မသိဘူး။''

''ဗမာအက၊ ဗမာဂီတတွေ တစ်ဦးနဲ့တစ်ဦး ဘယ်လိုဆက်စပ်မှုရှိ၊ ဒါတွေကို စုံစမ်းရမယ်။ အာရှတိုက်သားတွေ တစ်ဦးနဲ့တစ်ဦး ဘယ်လိုဆက်စပ်မှုရှိတယ်ဆိုတာ လေ့လာရမယ်။ ကျွန်တော် လည်း အနုပညာ သမားပါပဲဗျာ'' ဟု ပြောကြားခဲ့ကြောင်း ဆရာကြီး မောင်ထင်ရေးသားသည့် ''ဗမာ့ နိုင်ငံရေး သုခမိန်'' စာအုပ်တွင်ဖော်ပြထားပါသည်။
သူ၏ စာပေခရီးအစ စာရေးဆရာတစ်ဦးအနေဖြင့် ဗိုလ်ချုပ်အောင်ဆန်း၏ ပထမဆုံး စာပေခရီးကား ၁၉၃၃ ခုနှစ် တွင် ဂန္တလောကမဂ္ဂဇင်းတွင် ပါရှိသည့် ဘာသာပြန်စာပေ ပြိုင်ပွဲအမှတ် ၄၁ တွင် ပါဝင်ဆင်နွဲ ခဲ့ခြင်း ဖြစ်ပါသည်။

ဂန္တလောကမဂ္ဂဇင်း (World of Books) ကို ရန်ကုန် တက္ကသိုလ် မြန်မာနိုင်ငံပညာ ပြန့်ပွားရေးအသင်းက ၁၉၂၅ ခုနှစ် ကစ၍ လစဉ်ထုတ်ဝေခဲ့ပါသည်။ ၁၉၃၃ ခုနှစ် နိုဝင်ဘာလထုတ် ဂန္တလောကမဂ္ဂဇင်းတွင် နိုင်ငံရေး သိပ္ပံပညာရှင် ဟရို ဂျေလတ်စတီး (Harold j. Laski ) ရေးသား သည့် ''Authority in Modern State ''  (ခေတ်မီနိုင်ငံတော်နှင့် လုပ်ပိုင်ခွင့်) စာအုပ်မှ စာတစ်ပိုဒ် ကို မြန်မာဘာသာသို့ ပြန်ဆိုရသည့် ပြိုင်ပွဲ အမှတ် ၄ ပါရှိခဲ့ပါသည်။

ထိုဘာသာပြန်ပြိုင်ပွဲတွင် ကျွတ်ကျွတ်လွတ်လွတ် ဆုရသူမရှိသဖြင့် ပဲခူးကဝေနှင့် မောင်သိန်း တို့ကို ဘာသာပြန်ဆု ပူးတွဲပေးခဲ့ရပါသည်။ ဘာသာပြန်သူနှစ်ဦး၏ လက်ရာနှင့် ပတ် သက်၍ ဂန္တလောက အကဲဖြတ်စာ က အောက်ပါအတိုင်း ဖြစ်ပါသည်။ ''ပဲခူးကဝေမှာ တိုတက်ရန် အလားအလာရှိ၏။ သို့သော် ဘာသာပြန်ပုံ တိုက်ရိုက်ကျလွန်း၊ စင်းလွန်းသည်။ ဘာသာပြန် ဆရာ ကောင်းဖြစ်ဖို့ မြန်မာစာ ပိုမိုလေ့လာ ဖတ်ရှု ရမည်။ မောင်သိန်း၏ အရေးအသားကား ရှင်းလင်းလွယ် ကူ၍ အနက်ပေါ်လွင်ပါ၏။ ဘာသာပြန်ပုံ အကောင်းဆုံး ဟု ဆိုနိုင်သော်လည်း ဘာသာပြန်ရာတွင် အမှားအယွင်းတွေ ပါနေသည်။ ပဲခူးကေ၀ ကဲ့သို့ပင် ခက်ခဲသော ဘာသာပြန်အတတ်တွင် အလေ့ အကျင့် လိုနေပေသေးသည်။ ယခု ပြိုင်ပွဲအတွက် အကောင်းဆုံးစာမူ သက်သက်ချီးမြှင့်နိုင်ရန် အဆင့်အတန်း လိုသေးသည်။ ထို့ကြောင့် ကျွနိုပ်တို့သည် ဆုငွေ ၁၀ ကျပ်ကို မြောင်းမြ အစိုးရ အထက်တန်းကျောင်းမှ မောင်သိန်းနှင့် ပဲခူးကေ၀ (အောင်ဆန်း ယူနီဘာစီတီကောလိပ်) တို့နှစ်ဦး အား ခွဲဝေချီးမြှင့်လိုက်သည်။''
ဗိုလ်ချုပ်အောင်ဆန်း တက္ကသိုလ်ကျောင်းသား ဘဝက ပဲခူးဆောင်တွင် နေထိုင်ခဲ့သည်ကို အစွဲပြု၍ သူ့ကလောင် အား ''ပဲခူးကဝေ'' ဟုယူလိုက်ဟန် တူပါသည်။ ထိုဘာသာပြန်စာမူကို ပုံနှိပ် ဖော်ပြခဲ့ခြင်း မရှိခဲ့ပါ။

ဗိုလ်ချုပ်အောင်ဆန်း၏ ပထမဆုံးပုံနိပ်ဖော်ပြခံရသည့် စာမှာ ''bURMA AND Buddhism'' (မြန်မာနိုင်ငံ ဗုဒ္ဓဘာသာ) ဆောင်းပါးဖြစ်သည်။ ထိုဆောင်းပါးကို ၁၉၃၅  ဧပြီထုတ် ဂန္ထလောက တွင်  ဖော်ပြခဲ့ပါသည်။
ဒုတိယ မြောက် ပုံနှိပ်ဖော်ပြခံရသော ဆောင်းပါမှာ ၁၉၃၅ မေနှင့် ၁၉၃၅ ဇူလိုင် လထုတ် ဂန္ထလောက မဂ္ဂဇင်း တွင် ဖောပြခဲ့သော ''Freedom of Dress in Schools'' (စာသင်ကျောင်းများနှင့် လွတ်လပ်စွာ ဝတ်ဆင်ခွင့်) ဆောင်းပါး ၂ ပုဒ် ဖြစ်ပါသည်။

၁၉၃၅ မေလထုတ် သူရိယမဂ္ဂဇင်းတွင် လယ်ဝေးကိုဘရီရေးသည့် ''စစ်ကဲဦးပုလေး'' အကြောင်း၌ ဗိုလ်ချုပ်အောင်ဆန်း၏ အဘိုး ဦးမင်းရောင်အကြောင်းလည်း ပါဝင်နေပါသည်။ ဦးမင်း ရောင်အကြောင်းဖော်ပြချက်တချို့ မှားယွင်းနေကြောင်း ဗိုလ်ချိုပ်အောင်ဆန်းက ဆောင်းပါး၂ပုဒ် ပြန်လည်ရေးသားခဲ့ပါသည်။ ဆောင်းပါးခေါင်းစဉ်ကို ''မင်းကြီးဦးမင်းရောင်'' ဟု ပေးထားလျက် အညာသား ကလေး ကလောင်အမည်ဖြင့် ရေးသားခဲ့ပါသည်။ ထိုဆောင်းပါးများကို သူရိယမဂ္ဂဇင်း ဇွန်လ နှင့် သြဂုတ်လထုတ်များတွင် ဖော်ပြပေးခဲ့ပါသည်။
၁၉၃၇ ခုနှစ် သက်တင်ဘာလထုတ် ''မျိုးညွှန့်မဂ္ဂဇင်း'' တွင် ''လောကဝိတာ'' ဆောင်းပါးကို ရေးသားခဲ့ ပါသည်။ ၂၇၊ ၁၁၊ ၁၉၃၇ ရက်နေ့ထုန် မန္တလေးသူရိယ (အမျိုးသားနေ့အထူးထုတ်) စာစောင်၌ ''ကျောင်းသားဝတ္တရား'' ဆောင်းပါးကို ရေးသားခဲ့ပါသည်။

သခင်ဘဝလက်ရာများ

၁၉၃၇ ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်းသည် အင်္ဂလိပ်စာပေ၊ အနောက်တိုင်းရာဇဝင်နှင့် နိုင်ငံရေးသိပ္ပံ ဘာသာတွဲဖြင့် ဘီအေ(ဝိဇ္ဇာ)ကို အောင်မြင်ခဲ့ပါသည်။ ဥပဒေဘာသာဖြင့် ဘီအယ် (လ်) တန်း ဆက်တက် ခဲ့ သော်လည်း ကျောင်းတက်မမှန်ဘဲ နိုင်ငံရေးကိစ္စများဖြင့် ဗျာများနေခဲ့သဖြင့် စာမေးပွဲ ကျရှုံးခံ့ပါသည်။ ကိုအောင်ဆန်း၏ ကျောင်းရာဇဝင်တွင် ပထမဆုံး စာမေးပွဲကျရှုံရခြင်း ဖြစ်ပါသည်။ ဘီအယ်(လ်) ဆက်တက် သော်လည်း မပြီးဆုံးမီမှပင် တက္ကသိုလ်မှ ထွက်လိုက်ပါ သည်။ ထို့နောက် ''တို့ဗမာ အစည်းအရုံး'' သို့ ဝင်ရောက်လျက် ''သခင်အောင်ဆန်း''ဘဝကို ခံယူ လိုက်ပါသည်။
 သခင်ဘ၀ တွင် ဗိုလ်ချုပ်အောင်ဆန်း ပထမဆုံးရေးသားသည့် ဆောင်းပါမှာ ''နိုင်ငံရေး အမျိုးမျိုး'' ဟူ၏။ ၎င်း ဆောင်းပါး ကို ၁၉၄၀ ပြည့်နှစ် ဖေဖော်ဝါရီလထုတ် ဒဂုန်မဂ္ဂဇင်းတွင် ဖော်ပြ ခဲ့ပါသည်။ ''ကမ္ဘာစစ်နှင့် ဗမာ'' အမည်ရှိ ဆောင်းပါးကို နဂါးနီစာစောင်က ဖော်ပြခဲ့ပါသည်။

ဂျပန်ခေတ်၌ပင် မည်မျှအလုပ်များသည်ဖြစ်စေ၊ ဗိုလ်ချုပ်အောင်ဆန်းစာများကို ရေးနိုင် သမျှ ရေးသား ခဲ့ကြောင်း တွေ့ရှိရပါသည်။ ၁၊ ၈၊ ၁၉၄၃ ရက်နေ့ ဗမာ့ခေတ်သတင်းစာ အထူး ထုတ်တွင် ''ဗမာ့လွတ်လပ်ရေး အရေးတော်ပုံ''ဟူသည့် ဆောင်းပါးကို ဗိုလ်ချုပ်အောင်ဆန်း အမည် ဖြင့် ရေးသားခဲ့ ပါသည်။
ဤကား အများပြည်သူ ဖတ်ရှုသော သတင်းစာပါ ဆောင်းပါးကို ''ဗိုလ်ချုပ်အောင်ဆန်း'' အမည်သုံး၍ ပထမဆုံး ရေးခဲ့သည့် စာဖြစ်ပါသည်။
ဗိုလ်ချုပ်အောင်ဆန်းသည် ဂျပန်ခေတ်တွင် စစ်ဝန်ကြီးအဖြစ် ဆောင်ရွက်ရင်း ကိုယ်တိုင် ရေး အတ္ထုပ္ပတ္တိ (Autobiography)ကို ရေးသားခဲ့ပါသည်။ သူ့ဘဝဖြစ်စဉ် စဆုံးတော့ မရေးသား နိုင်ခဲ့ပါ။ ဇာတိ နှင့် ကျောင်းသား ဘ၀ ခေါင်းစဉ်ဖြင့် အခန်း ၂ ခန်းသာပြီးစီး ခဲ့ပါသည်။

ယင်းစာမူ ကို ဗိုလ်ချုပ်အောင်ဆန်း ကွယ်လွန်ပြီးနောက် ဆရာကြီးသခင်ကိုယ်တော်မှိုင်းက တည်းဖြတ်ပြီး ''ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိ'' အမည်ဖြင့် ၁၉၅၁ ခုနှစ်တွင် ရဲဘော်စာအုပ်တိုက် က ပုံနှိပ် ထုတ်ေ၀ ခဲ့ ပါသည်။

အမှာစာရေးတဲ့ ဗိုလ်ချုပ်အောင်ဆန်း

စာအုပ်စာတမ်းများ ထုတ်ဝေသောအခါ အမှာစာကို ထည့်သွင်းဖော်ပြတတ်ကြပါသည်။ စာအုပ်ပါ အကြောင်းအရာ နှင့် ပတ်သက်၍ အာမခံသည့်အနေဖြင့် မည်သူရေးသည့် မည်သည့်စာ ဖြစ်ပြီး အဘယ်ပုံ အကျိုး သက်ရောက်မှု ရှိကြောင်းစသဖြင့် အမှာစာက ဖော်ပြတတ်ပါသည်။ ထို့ကြောင့် အမှာစာ ရေးပေးရန် တောင်းဆိုခံရသူမှာ ထိုပညာရပ်တွင် တတ်ပွန်ကျွန်ကျင်သူ၊ စာပေ နယ်ပယ်တွင် သြဇာတိက္ကမ ရှိသူများသာဖြစ်ပါသည်။

ဗိုလ်ချုပ်အောင်ဆန်း၏ တိုတောင်းလှသော စာရေးသက်အတွင်း ဥယျောဇဉ် မိတ်ဆက်စာ၊ သဝဏ်လွှာ ၅ပုဒ် ရေးသားခဲ့ပါသည်။ ထိုစာအားလုံး အမှာစာသဘော သက်ရောက်ပါသည်။ ယင်းတို့မှာ
လက်ဝဲသုန္ဒရ ရေးသားသည့် ''သေနင်္ဂဗျူဟာ စစ်သမိုင်းနှင့်ဗျူဟစက္ကိပျို့''ကို ဦးဘသောင်း က တည်းဖြစ်ပြီး ''သေနင်္ဂဗျူဟာစစ်သမိုင်း'' အမည်ဖြင့် ဂျပန်ခေတ်အတွင်း ထုတ်ဝေခဲ့ပါသည်။ ထိုစာအုပ်အတွက် ''ဥယျောဇဉ်'' ကို ဗိုလ်ချုပ်အောင်ဆန်း ရေးသားခဲ့ပါသည်။ ထိုဥယျောဇဉ်က ရှေး မြန်မာ တို့၏ စစ်ပညာလေးနက်မှုကို ဗိုလ်ချုပ်အောင်ဆန်းကောင်းစွာနားလည်ကြောင်း ဖော်ပြပါ သည်။
ဂျပန်ခေတ် ၌ ငှက်ဖျားရောဂါဖြင့် ကွယ်လွန်ခဲ့သည့် ''ဗိုလ်မှူးကြီးဗထူး'' အကြောင်း စာအုပ် ကို ဒီဇင်ဘာလ ၁၉၄၅ ခုနှစ်တွင် တိုက်စိုးရေးသား ထုတ်ဝေခဲ့ပါသည်။ ထိုစာအုပ်၌လည်း ဥယျော ဇဉ်ကို ဗိုလ်ချုပ်အောင်ဆန်း ပင် ရေးသားပေးခဲ့ပါသည်။

ဖက်ဆစ် ဂျပန်တော်လှန်ရေးအပြီး၊ တိုင်း၆ က ထုတ်ဝေသည့် အမှတ်တရ စာစောင် ၌လည်း ဥယျောဇဉ် ကို ဗိုလ်ချုပ်အောင်ဆန်း ရေးသားခဲ့ပါသည်။ ၎င်းဥယျောဇဉ်ကို ၁၉၆၂ မတ်လ ထိတ် မြဝတီမဂ္ဂဇင်းက ပြန်လည် ဖော်ပြခဲ့ပါသည်။
ဒုတိယ ကမ္ဘာစစ်အပြီး ၁၉၄၆ ဖေဖော်ဝါရီလတွင် စာရေးဆရာဇဝနက ''ဇဝနဂျာနယ်'' ထုတ်ဝေခဲ့ပါသည်။ ဂျာနယ် မိတ်ဆက်စာကို ဗိုလ်ချုပ်အောင်ဆန်း ရေးပေးခဲ့ပါသည်။ ဟာသ အကြောင်း ကျယ်ပြန့်စွာ ရေးသား နိုင်ကြောင်းတွေ့ရှိရပါသည်။

၁၉၄၆ ဇူလိုင် ၁၅ ရက်နေ့ထုတ် ဒီးဒုတ်ဂျာနယ်ပါ သဝဏ်လွှာမှာလည်း ဗိုလ်ချုပ်အောင်ဆန်း၏ လက်ရာ ဖြစ်ပါသည်။
ဗိုလ်ချုပ်အောင်ဆန်း အသက်ရှင်စဉ် သူ့လက်ရာတချို့ကို စုစည်း၍ စာအုပ်အဖြစ် ပုံနှိပ် ခြင်းအား မြင်တွေ့ခွင့်ရသွားသည်မှာ ''Burma's Challenge'' (မြန်မာ့စိန်ခေါ်သံ) စာအုပ်ဖြစ်ပါ သည်။ ထိုစာအုပ်ကို အင်္ဂလိပ်ဘာသာဖြင့် ဗိုလ်ချုပ်အောင်ဆန်း ရေးသားခဲ့သည့်အတိုင်း ထုတ်ေ၀ ခဲ့ပြီး သူကိုယ်တိုင်ရေးသည့် ဘဝအကျဉ်းဖော်ပြချက် ''Life Sketch of the Author'' ကိုပါ ပူးတွဲ ဖော်ပြခဲ့ပါသည်။

ဆက်ရန်
.

No comments: