(၆)
ဝငိးဟုပ်မြို့တွင် သူတို့အတွက် လုပ်စရာ အလုပ်မရှိပေ။ သူတို့ရောက်လာသောအခါ မြို့ဆင်ခြေဖုံး မီးရထား လမ်းဘေးရှိ ဒုက္ခသည် စခန်း၌သာ ၀င်ရောက်ခိုလှုံရာစခန်းဖြစ်သည်။
သို့သော် ရဲက မျက်စိဒေါက်ထောက်ကြည့်နေသည်။
တဲများမှ ရွက်ထည်တဲများနှင့် သွတ်ဆွေးသွတ်ဟောင်းထဲများ ရောပြွမ်းနေသည်။ ထိုကျူးကျော်တဲ များ ရှေ့တွင် အလုပ်လက်မဲ့များ သွားလာလှုပ်ရှားနေသည်။ အရိုးပေါ်အရေတင်ပိန်ခြုံးချည့်နဲ့ အလုပ်လက်မဲ့ များ သွားလာနေသည်။ ပိန်ခြုံးချည့်နဲ့ ညစ်ပတ်ပေရေနေသော ကလေးများက ထိုတဲများရှေ့၌ သွားလာ ဆော့ကစားနေသည်။
ဆ၀ပ်ဟင်းဒရစ်သည် မီးဖိုဘေးတွင် ထိုင်ကာ ပြောင်းဆန်ကိုပျာဖွပ်ပြီး အိုးထဲသို့ ထည့်လိုက်သည်။ လိုသာ သည် မြို့ထဲသို့ အလုပ်ရှာသွားရာ အလုပ်မရဘဲ ပြန်လာရသည်။
'မင်းဖရက် ဘယ်မှာလဲ'
လိုသာကမေးလိုက်သည်။ ဟင်းဒရစ်က သူတို့အနီးရှိတဲတစ်လုံးစီသို့ မေးငေါ့ပြလိုက်သည်။ အရပ်ရှည်ရှည် မုတ်ဆိတ်မွေးဗရဗျစ်နှင့် လူတစ်ယောက်က အာဘောင်အာရင်းသန်သန် နှင့် ပြောနေသည့် နေရာတွင် စုတ်စုတ်ပြတ်ပြတ် လူတစ်ဒါဇင်ခန့်က ငေးမောနားထောင်နေ သည်။
ထိုလူများထဲ၌ လိုသာက သူ့သားကို ရှာကြည့်သည်။ ပျော့ခွေညွတ်ပျောင်းကာ ရွှေဝါရောင် ထနေသော လှိုင်းတွန့် ဆံပင်လေးများရှိသည့် မင်းဖရက်ကို တစ်မုဟုတ်ချင်းပင် တွေ့ရ သည်။
မင်းဖရက် အေးအေးဆေးဆေးရှိနေသဖြင့် လိုသာ ဘ၀င်ကျသွားသည်။ လိုသာသည် အင်္ကျီအပေါ် အိတ် ထဲမှ ဆေးတံကို ထုတ်ယူလိုက်သည်။ ဆေးချေးများကို ခါထုတ်လိုက်ပြီး နောက်ဆေးအသစ် ထည့် လိုက်သည်။ မီးပုံမှထင်းမီးစတစ်စဖြင့် ဆေးတံကို မီးညှိနေစဉ်မှာ ပင် ဆေးပြင်းလိပ်ကို သတိရသွားသည်။
လိုသာ သည် ဆေးတံအိတ်ကို ဟင်းဒရစ်ထံပြန်ပေးလိုက်သည်။ ထို့နောက် တဲထိုးအဖီ ဆွယ်ထားသော သစ်ပင်ကြီး ကို မှီကာ ဆေးတံကို အားပါးတရဖွာရင်း မေးလိုက်သည်။
'မင်းဘာများ သိလာသေးသလဲ'
ဟင်းဒရစ်သည် ၀င်းဟုပ်မြို့ဟိုဘက်တစ်ခြမ်းရှိ လူဖြူမဟုတ်သော အသွေးရောင်စုံ လူ ဆင်းရဲသား ရပ်ကွက် သို့ တစ်ညလုံး နှင့် တစ်မနက်လုံးလိုလို သွားရောက်ခဲ့သည်။
လူဖြူ လူကုန်ထံ တစ်ယောက် ၏ လျှို့ဝှက်ချက်ကိုသိလိုလျှင် ထိုရပ်ကွက်တွင်နေသော လူ ဖြူများ၏ အိမ်ဖော် များအား ချဉ်းကပ်ပိုင်နိုင်ပါက နောက်မီးလင်းသည့်ဇာတ်လမ်းပါမကျန် သိနိုင်ပေသည်။
'ကျွန်တော်သိလာတာကတော့ ဘားမှာ ခင်ဗျားအရက် ရက်ကြွေးသောက်လို့မရဘူး၊ ဘားက ကာင်မလေး တွေက ချစ်လှပါချည့်ရဲ့ဆိုပြီး အရက်တိုက်မှာလဲ မဟုတ်ဘူး၊ သူတို့ လိုချင်တာငွေဗျ' ဟင်းဒရစ်က ပြော လိုက်သည်။
လိုသာသည် တံတွေးပျစ်ခနဲတစ်ချက်တွေးလိုက်ပြီး သူ့သားထိုင်နေရာသို့ တစ်ချက်လှမ်း ကြည့် လိုက်သည်။ မင်းဖရက်သည် ဤဒုက္ခသည် စခန်း၌ သူလိုသက်တူရွယ်တူများနှင့် မတွဲဘဲ လူကြီးများ စကားဝိုင်း ၌သာ ထိုင်လေ့ရှိသဖြင့် လိုသာစိတ်အနည်းငယ်ပူသွားရ သည်။ လူကြီးများကလည်း မင်းဖရက် အား လိုလိုလားလား လက်ခံကြသည်ကို တွေ့ရ သည်။
'အဲဒါအပြင်ကော နောက်ထပ်မင်းဘာသိသေးသလဲ' လိုသာက ဟင်းဒရစ်အာ မကျေမချမ်း ပြောလိုက် သည်။
'ကျွန်တော် လူတစ်ယောက်အကြောင်း သိလာတယ်၊ သူ့နာမည်က ဖိုရီတဲ့၊ သူက သတ္တု တွင်းမှာ အလုပ် လုပ်နေတာ ဆယ်နှစ်ရှိပြီ၊ တနင်္ဂနွေတစ်ပတ်ကို တစ်ခါ သူထရပ်ကာလေး ငါးစီးနဲ့ ဒီကိုလာတယ်၊ ပြီးတော့ ကုန်မျိုးစုံ ပစ္စည်းတွေတင်ပြီး သတ္တုတွင်းကို ပြန်တယ်'
ဟင်းဒရစ်သည် စကားကိုရပ်ပြီး ပြောင်းဆန်ပြုတ်ကို ဆတ်လက်ကျိုချက်နေပြန်သည်။
'ပြောပါဦးကွ... ဆက်စမ်းပါဦး' လိုသာကအားမလိုအားမရ မေးလိုက်ပြန်သည်။
'အဲ... လတိုင်းလတိုင်း ပထမဆုံးတနင်္ဂနွေနေ့မှာ သူဟာ ထရပ်ကားအသေးလေးတစ်စီးနဲ့ ဒီကိုလာတယ်၊ ကားနောက်ဘက် မှာ နောက်ထပ်ယာဉ်မောင်းလေးယောက်ပါသေးတယ်၊ သူတို့အားလုံးက ပြောင်းတို သေနတ်တွေ၊ ပစ္စတိုတွေ ကိုင်လာတယ်၊ သူတို့မော်တော်ကား ကဗဟိုခမ်းမကြီးမှာ ရှိတဲ့ စတင်းဘက် ဘဏ် ကို တန်းတန်းမတ်မတ် မောင်းသွားတယ်၊ ဖိုရီနဲ့ သူ့အဖော်ယာဉ်မောင်းတစ်ကောက်က သံသေတ္တာ လေးတစ်လုံးကို ဘဏ်ထဲယူသွားလေ့ရှိ တယ်၊အဲဒီတာဝန်ပြီးယင် ဖိုရီနဲ့သူ့အဖော်တွေဟာ လမ်းထောင့် က ဘားဆိုင်သွားပြီး ဆိုင် ပိတ်ချိန်အထိ အရက်သောက်ကြတယ်၊ မနက်ကျတော့ သူတို့သတ္တုတွင်းကို ပြန်ကြရော၊ ပုံပြင်လေးကတော့ ဒါပါပဲတဲ့ခင်ဗျာ'
'တစ်လတစ်ခါဟုတ်လား ... ဒါဖြင့် တစ်လအတွင်း ထုတ်လုပ်ထားတဲ့ပစ္စည်းတွေကို တစ်ခါ တည်း ယူလာတာပေါ့ကွ၊ လမ်းထောင့်ကဘားဆိုင်လို့ မင်းပြောသွားတယ်မဟုတ်လား၊ ကဲ ... ငါပိုက်ဆံ အနည်းဆုံး ဆယ်သျှီလင် လိုတယ်'
လိုသာ က ဟင်းဒရက်အား မျှော်လင့်တကြီး မော်ကြည့်လိုက်ပြီး ပြောလိုက်သည်။
'ဘာလုပ်ဖို့လဲ'
ဟင်းဒရစ်က သံသယမျက်လုံးဖြင့်ကြည့်ကာ ပြန်မေးလိုက်သည်။
'ဘားဆိုင်ရာ အရောင်းဈေးသည်ကို အရက်တိုက်ပြီး စည်းရုံးဖို့ပေါ့ကွာ'
လိုသာ သည် ဟင်းဒရစ်ကို ပြောနေရာမှ မင်းဖရက်ဘက်သို့ လှည့်ကြည့်ကာ အသံမြှင့်ပြီး အော်ခေါ် လိုက်သည်။
'မင်းဖရက်' ကောင်လေးသည် ဟောပြောနေသူအား စိတ်ဝင်စားနေသဖြင့် သူ့ဖခင်ပြန်ရောက်လာသည် ကိုပင် သတိမထားမိခဲ့ပါချေ။ ခေါ်သံကြား၍ ထိုင်ရာမှရုတ်တရက်ထကာ ပြေားလာသည်။ မင်းဖရက်က သူ့ဖခင်ဘေး၌ တင်ပလ္လင်ချိတ်ပြီးဝင်ထိုင်လိုက်သည်။ ဟင်းဒရစ်က ပြောင်း ဆန်ပြုတ်ထဲသို့ နို့်အနည်းငယ် ထည့်ကာ မင်းဖရက်အား ဆန်ပြုတ်ခွက်ကို လှမ်းပေးလိုက် သည်။
'ဒီကိစ္စတွေ အားလုံးအာ ဂျိုဟတ်နက်စဘတ်မြို့က ရွှေတွင်းပိုင်ရှင်တွေက လျှို့ဝှက်အစီ အစဉ်တွေချပြီး လုပ်တာ ဆိုတာ ဖေဖေသိသလား'
မင်းဖရက်က သူ့အဖေကိုအားတက်သရောမေးလိုက်သည်။
'ဘာလဲကွ... ဘာကိစ္စလဲ'
'စီးပွားပျက်ကပ်ဆိုက်တာလေ၊ ဒီကိစ္စက ဂျူးတွေနဲ့ အင်္ဂလိပ်တွေ အကွက်ချလုပ်တာ၊ ဒါမှ သူတို့ သတ္တုတွင်းတွေ၊ စက်ရုံတွေမှာ သူတို့လိုချင်တဲ့ အလုပ်သမားတွေကို ဈေးပေါပေါနဲ့ ရမှာပေါ့၊ မဟုတ် ဘူးလား'
'ဒါဖြင့် မင်းပြောသလိုဆိုယင် မိုးခေါင်နေတာဟာ ဂျူးနဲ့အင်္ဂလိပ်တွေလုပ်တာပေါ့ ဟုတ် လား'
လိုသာက ပြောင်းဆန်ပြုတ်ကို တစ်ဇွန်းခပ်သောက်လိုက်ရင်း မေးလိုက်သည်။ လိုသာ သည် အင်္ဂလိပ်ကို မုန်းပါ၏။ သို့သော် ကြောင်းကျိုးဆင်ခြင်တုံတရားမဲ့သော အတွေးအမြင် မျိုးကိုကား လက်မခံပါချေ။ မိုးခေါင် သဖြင့် စိုက်ခင်းများပျက်ကာ သဲကန္တာရ ကျယ်ပြန့်လာ ခြင်းသည် အင်္ဂလိပ်နှင့်လည်း မပက်သက် ပါ။ ဤသို့ခံယူသည်။
သူတို့စားသောက်နေသည့် ဆန်ပြုတ်အနံ့ကို ရသွားသဖြင့် ကလေးသုံးယောက်က မလှမ်းမ ကမ်း၌လာပြီး ငေးကြည့် နေသည်ကို လိုသာမြင်လိုက်ရသည်။ ထိုကလေးသုံးယောက်အ နက်အကြီးဆုံးမိန်းကလေးမှာ အသက် ၁၂ နှစ်ခန့်ရှိမည်။ သူမ၏ရွေရောင်ဆံပင်မှာ နေ ရောင်၌ ငွေရောင်တောက်နေသည်။ သို့သော် ကိုယ်ခန္ဓာ က ပိန်လွန်းလှသည်။ မျက်လုံးများ ကမူ သဲကန္တာရထဲမှ ကောင်းကင်ပြင်လို အပြာရောင်နု လေးဖြစ်သည်။
သူဝတ်ထားသော စကတ်မှာ ဂျုံအိတ်အဟောင်းကို ချုပ်ထားခြင်းဖြစ်သည်။ သူ့ခြေထောက်တွင် ဖိနပ်မရှိ၊ နတ္ထိ။
သူမထက်ငယ်သော ကလေးနှစ်ယောက်က သူမ စကတ်ကို ဆုပ်ကိုင်တွယ်ဖက်ထား သည်။ တစ်ယောက်မှာ ကတုံးပြောင်အောင် ရိတ်ထားသော ယောက်ျားလေးဖြစ်သည်။ နားရွက်ကြီးက ကား နေသည်။ ဘောင်းဘီတိုအောက်မှ ခြေထောက်မှာ ကျူရိုးသဖွယ် သေး ကွေး ပိန်လှီလှသည်။ သူ့ထက်ငယ်သော မိန်းကလေးမှာ နှပ်ချေးတွဲလောင်းနှင့်ဖြစ်သည်။ လက်တစ်ဖက်က အစ်မ၏ စကတ်ကိုကိုင်ထားပြီး ကျန်လက်တစ်ဖက်မှ လက်မကို ပါးစပ်ထဲ ထည့်ပြီး စုပ်နေသည်။
လိုသာသည် ထိုကလေးသုံးယောက်ထံမှ မျက်နှာကိုလွဲလိုက်သည်။ သို့သော် သူ့ပါးစပ်ထဲ မှ ဆန်ပြုတ်သည် လုံးဝအရသာမရှိတော့၊ အနံ့မရတော့။ ဟင်းဒရစ်က ထိုကလေးများအား မကြည့်ဘဲ နေသည်ကို လိုသာ သတိထားမိလာသည်။ မင်းဖရက်ကလည်း သူတို့ကို သတိ ထားမိပုံမရ။
'အင်း ... ဒီကလေးသုံးယောက်ကို တို့ခေါ်ကျွေးလိုက်ယင်တော့ ဒီခန်းမှာရှိတဲ့ကလေးအား လုံး ၀ိုင်းလာ တော့ မှာပဲ'
လိုသာက ငြီးထားလိုက်သည်။ နောင် လူမြင်ကွင်း၌ ဘယ်တော့မှ အစာမစားတော့ဟု လည်း စိတ်ထဲက ဆုံးဖြတ် လိုက်သည်။
'ကျွန်တော် တို့မှာလဲ ညစာအတွက်လောက်ပဲ ပြောင်းဆန်ကျန်တော့တယ်၊ သူတို့ကို ဝေမျှ ကျွေးဖို့ မရှိတော့ ဘူး'
ဟင်းဒရစ် က ပြောလိုက်သည်။
လိုသာသည် ဇွးန်ကိုပါးစပ်ဆီသို့ ဆွဲယူလိုက်သည်။ သို့သော်ပါးစပ်နားရောက်မှ အောက်ပြန် ချလိုက် သည်။သံပန်းကန်ထဲမှ ပြောင်းဆန်ပြုတ်ကို စိုက်ကြည့်လိုက်သည်။ ထို့နောက် ငေး မျှော်နေသော ကလေး သုံးယောက်အနက် အကြီးဆုံးမိန်းကလေးကို ခေါင်းညိတ်ပြပြီး ခေါ် လိုက်သည်။
ကောင်မလေး က ရှက်ကိုးရှက်ကန်းဖြင့် ရှေ့တိုးလာသည်။
'ရော့ ... ယူသွား'
လိုသာက ပြောလိုက်သည်။
'ကျေးဇူးတင်ပါတယ် ဦးလေး'
ကလေးမကလေးက လေသံယဲ့ယဲ့ဖြင့်ဆိုသည်။ ထို့နောက်သံပန်းကန်ကို တခြားသူများ မမြင်အောင် စကတ်နှင့် ဖုံးပြီး မောင်လေးနှင့် ညီကလေးအား ဆွဲခေါ်ကာ ထွက်သွားသည်။ ဒုက္ခသည် စခန်းတဲများ ကြားတွင် သူတို့ မောင်နှမသုံးယောက်ပျောက်ကွယ်သွားသည်။
နောက်တစ်နာရီခန့်အကြာတွင် ကောင်မလေး ပြန်ရောက်လာသည်။ သံပန်းကန်နှင့်သံဇွန်း ကို ပြောင်လက် အောင် ဆေးကျော တိုက်ချွတ်လာသည်။
'ဦးလေးမှာ ရှပ်အင်္ကျီတို့ဘောင်းဘီတိုများ ကျွန်မလျှော်ဖွပ်ပေးဖို့ မရှိဘူးလား'
ကောင်မလေး က ပြောလာသည်။
လိုသာက သူ့အ၀တ်အစားအိတ်ကိုဖွင့်ကာ သူနှင့်မင်းဖရက်တို့၏ ပေရေနေသော အ၀တ် အထည်များကို ပေး လိုက်သည်။ ကောင်မလေးက ယူသွားပြီး လျှော်ဖွပ်နေလှန်းကာ ညနေ ပိုင်းတွင်ပြန်ယူလာသည်။ ကာဘော်လစ် ဆပ်ပြာနံ့ သင်းနေသော အင်္ကျီများကို သေသေ သပ်သပ်ခေါက်ထားသည်။
'ကျွန်မမှာ မီးပူမရှိလို့ မီးပူတိုက်မပေးရတာ စိတ်မကောင်းပါဘူး ဦးလေး'
'မင်းနာမည် ဘယ်သူလဲ' မင်းဖရက်က ရုတ်ရက် ၀င်မေးလိုက်သည်။ ကောင်မလေးက သူ့ကို တစ်ချက် စိုက်ကြည့်ပြီး မျက်လွှာချကာ တစ်လုံးချင်း ဖြေလိုက်သည်။
'ဆရာ' လိုသာသည် ကောင်မလေး လျှော်ဖွပ်ပေးထားသော ရှပ်အင်္ကျီသန့်သန့်ရှင်လေးကို ၀တ်နေ သည်။ အင်္ကျီ ရင်ဘတ်ကြယ်သီးတပ်ရင်း လိုသာက ဟင်းဒရစ်အားပြောလိုက်သည်။
'ငါ့ကို ပိုက်ဆံ ဆယ်သျှီလင် ပေးစမ်းကွာ' 'ပိုက်ဆံဒီလောက်များများ ကျွန်တော့မှာ ရှိတယ်ဆိုတာ တခြား သူတွေ သိသွားယင် ကျွန် တော့် ကိုလာသတ်ပြီး ၀ိုင်းလုနေပါဦးမယ်'
ဟင်းဒရစ်က ပြန်နောက်လိုက်သည်။
'မင်း ငါ့အချိန်တွေကို ဖြုန်းနေတာပဲကွာ'
'ကျွန်တော်တို့မှာ ပေါပေါများများ ပိုပိုလျှံလျှံ ရှိတာဆိုလို့ အချိန်တစ်ခုပဲရှိတယ်မဟုတ်လား'
လမ်းထောင့် ဘားဆိုင်သို့ လိုသာရောက်လာပြီး ဆင်နားရွက်တံခါးကိုတွန်းပြီး အထဲဝင် လိုက်သောအခါ ဆိုင်ထဲ ၌ ကောင်တာမှ အရောင်းဈေးသည်ပါ အပါအ၀င် လူသုံးဦးသာ ရှိသည်။
'လူနည်းပြီး တိတ်ဆိတ်လှချည်လား'
လိုသာက ဘီယာမှာရင်းပြောလိုက်သည်။ အရောင်းဈေးသည်က ပြုံးပြသည်။ ထိုသူမှာ အရပ်ခပ်ပုပု၊ ဆံပင် အညှိရောင် နှင့် သတ္တုကိုင်းမျက်မှန်တပ်ထားသည်။
'ခင်ဗျားလဲ အရက်သောက်ပါ၊ ကျွန်တော် တိုက်ပါတယ်'
လိုသာကအရောင်းဈေးသည်အား ဒါနပြုလိုက်သောအခါ ထိုသူ မျက်နှာအား အရာပြောင်း သွားသည်။ လိုလို လားလားပျူပျူငှာငှာ ဖြစ်လာသည်။
'ကျွန်တော် ဂျင်သောက်မယ်နော်၊ ကျေးဇူးပါပဲ'
ထိုသူက ဘားကောင်တာအောက်ထဲမှ သီးသန့်ပုလင်းတစ်လုံးကိုဆွဲယူပြီး ဖန်ခွက်ထဲသို့ လောင်းထည့် လိုက်သည်။ ဂျင်အရောင်မှာရေအရောင်နှင့် အတူတူပင်ဖြစ်သည်။ ထို့ကြောင့် ရေကိုဂျင်အဖြစ်ဟန်ပြပြီး အရက်ဖိုးငွေ သူ့အိတ်ကပ်ထဲထည့်မည်ကို လိုသာရောသူပါသိ သည်။ ဤသည်မှာ ထုံးစံပင်ဖြစ်သည်။
'ခင်ဗျား ကျန်းမာပါစေလို့ ဆုတောင်းပါတယ်'
ထိုသူက ဆုတောင်းပထ္ထနာပြုကာ သောက်လိုက်သည်။ ဘားကောင်တာတွင် သူတို့နှစ် ယောက် မျက်နှာချင်းဆိုင် ထိုင်ရင်း အလာပသလာပပြောကြသည်။ တစ်နေ့ထာက်တစ်နေ့ ဆင်းရဲကျပ်တည်း လာပုံနှင့် မိုးခေါင်၍စိုက်ခင်းများပျက်ကာ လူများဒုက္ခရောက်ရပုံတို့်ကို ပြောဆိုညည်းတွားနေသည်။
'ခင်ဗျား ဒီမြို့ကိုရောက်တာဘယ်လောက်ကြာပြီလဲ၊ ကျွန်တော် ခင်ဗျားကိုမတွေ့ပါဘူး'
အရောင်းဈေးသည်ကမေးသည်။
'တစ်ရက်ပဲရှိသေးတယ်၊ ဒါတောင် ကြာလှပြီိလို့ စိတ်ထဲက ထင်နေတာ'
လိုသာကပြုံးပြီး ပြောလိုက်သည်။ 'ခင်ဗျားနာမည် ဘယ်သူပါလိမ့်' လိုသာက သူ့နာမည် ပြောလိုက်သော အခါ၊ အရောင်းဈေးသည် တကယ်ပင် စိတ်ဝင်စား အံ့အားသင့်သွားသည်။ စားပွဲတစ်ဘက်စွန်းရှိ အရက်သောက် နေသူတစ်ဦးအား လှမ်းအော် ခေါ်ကာ မင်းသိသလား၊ လိုသာဒီလာရေး ဆိုတာ ဒီလူ ပေါ့ကွာ၊ စင်ကာလတုန်းက သူ့ကို ဖမ်းမိယင် ဆုပေးမယ်ဆိုတဲ့ကြော်ငြာပိုစတာတွေ မှတ်မသေးသလား၊ ဂမ်မွတ်ဖောင်တိတ် မှာ မီးရထားကို မိုင်းခွဲလိုက်တာသူပေါ့ကွ'
လိုသာကို သူတို့က ချီးကျူးထောပနာ ပြုကြသည်။ တစ်ယောက်ကဘီယာထပ်ဝယ်ပြီး ဧည့် ၀တ်ပြုသည်။ သူတို့် အတော်ပင် ခင်မင်ရင်းနှီးသွားသောအခါ လိုသာက သူ့ကိစ္စကိုပြော တော့သည်။
'ကျွန်တော် အလုပ်လိုက်ရှာနေတာ'
သူ့စကားကြား၍ သူတို့ကရယ်ကြသည်။
'ဟာနီသတ္တုတွင်းမှာ အလုပ်ရှိတယ်လို့ကြားတယ်'
လိုသာ က ထပ်ပြောလိုက်ပြန်သည်။
'အဲဒီမှာ အလုပ်ရှိတယ်ဆိုယင် ကျွန်တော်သိရမှာပေါ့၊ အဲဒီမိုင်းကကားမောင်းသမားတွေ ဒီဆိုင်ကို တစ်ပတ် တစ်ခါ လာနေကျပဲ'
ကောင်တာ မှ အရောင်းသမားကပြောလာသည်။
'ခင်ဗျား သူတို့ကို ကျွန်တော်အလုပ်လိုချင်တဲ့ အကြေင်းပြောပေးနိုင်မလား'
'ရပါတယ်၊ ပြောပေးနိုင်ပါတယ်၊ ခင်ဗျားတနင်းလာနေ့လာခဲ့ သူတို့နဲ့တွေ့ပေးမယ်၊ သူက ကျွန်တော်နဲ့ ရင်းနှီး တယ်၊ မိုင်းကအကြောင်း သူကောင်းကောင်းသတယ်'
လိုသာသည် အရက်ဆိုင်မှလူများနှင့် ကောင်းကောင်းရင်းနှီးသွားသည်။ ထိုနေ့မှ နောက် လေးည အကြာတွင် သူပြန်ရောက်လာသောအခါ အရောင်းဈေးသည်က လိုသာအားချီးမွမ်း ခန်းဖွင့်တော့သည်။
'ဖိုရီရောက်နေပြီ၊ ဟိုထောင့်ကစားပွဲမှာရှိတယ်၊ ကျွန်တော်ဒီဘက်က၀ိုင်းတွေမှာ အရက် ချပေးပြီးယင် မိတ်ဆက် ပေးမယ်'
တနေ့ညနေတွင် အရက်ဆိုင်ထဲ၌လူ တစ်ဝက်ခန့်ရှိသည်။ ထို့ကြောင့် လိုသာ သူ့ကိုအဝေး မှ ကောင်းကောင်း အကဲခတ်နိုင်သည်။ လူလတ်ပိုင်းအရွယ်သာ ရှိပြီး သန်စွမ်းပုံရသည်။ နဖူးပြောင်နေသည်၊ သူနှင့် သူ့အဖော် များရယ်ရယ်မောမောနှင့် ပြောဆိုနေသည်။
အရောင်းဈေးသည်က လိုသာနှင့် ဖိုရီအား မိတ်ဆက်ပေးသောအခါ သူတို့လက်ဆွဲနှုတ် ဆက် လိုက်ကြ သည်။
လိုသာက ဧည့်ဝတ်ပြုလိုက်သည်။
အရောင်းဈေးသည်က လိုသာအကြောင်း ဖိုရီအားသာသာတိုးတိုးလေးပြောလိုက်သည်။
'ခင်ဗျားကဟာနီသတ္တုတွင်းမှား နောက်ထပ်လူသစ်တော်တော်နဲ့ခန့်ဦးမှာ မဟုတ်ဘူး'
ဖိုရီ က လိုသာ ကို ပြောလိုက်သည်။
'ဟုတ်ပါတယ်၊ ကျွန်တော် အလုပ်လိုချင်လို့ အရောင်းဈေးသည် အီရစ်ကို စုံစမ်းကြည့်တော့ မှ ခင်ဗျားတို့ သတ္တုတွင်း အကြောင်း အခြေအနေမှန်ကိုသိရတယ်၊ အဲဒီအတိုင်းသာဖြစ် လာယင်တော့ ခင်ဗျားတို့ အားလုံး ဒုက္ခရောက်တော့မှာပဲ လို့သာပြောလိုက်သည်။
'ခင်ဗျားဘာဆိုလိုတာလဲ... ဘာပြောတာလဲ'
ဖိုးရီက ဘဝင်မကျသည့် လေသံဖြင့် ပြန်မေးလိုက်သည်။
'သြော်...ကျွန်တော်က ခင်ဗျားသိထားနှင့်ပြီးထင်နေတာ သြဂုတ်လကျယင် သူတို့ခင်ဗျား တို့ သတ္တုတွင်း ကို ပိတ်တော့မယ်ဗျ၊ ခင်ဗျားတို့ကို လျော်ကြေးနဲနဲစီပေးပြီး ထုတ်ပစ် တော့မှာ'
'အလို ဘုရားရေ...မဖြစ်နိုင်တာ၊ လုံးဝမဖြစ်နိုင်ဘူး' ဖိုးရီ မျက်လုံးအစုံ၌ စိုးရိမ်ပူပန်သည့် အရိပ် အယောင်တို့ပေါ်လာသည်။ ကြောက်တတ်မှန်း၊ ယုံလွယ်မှန်းကို လိုသာအကဲခတ်မိသွားသဖြင့် ကျေနပ် သွားသည်။
'စိတ်မကောင်းပါဘူးဗျာ၊ ဒါပေမယ့် အမှန်ကိုအသိပေးတာ အကောင်းဆုံးပဲ မဟုတ်လား' ခင်ဗျားကို အဲဒါဘယ်သူပြောသလဲ ဖိုးရီက မေးလာသည် သူသည် ဒုက္ခသည် စခန်းဘေးရှိလမ်းမှထွက်ပြီး ကားကို အပတ်စဉ်မောင်းလေ့ရှိရာ အလုပ်လက်မဲ့များ၏ဘဝကို တွေ့မြင်ရပြီး ကြောက်စိတ်ဝင်လာသည်။
'အေဘရာဟင် အေဆရာဟမ် ရှေ့နေလုပ်ငန်းမှာ အလုပ်လုပ်နေတဲ့ အမျိုးသမီး တစ်ယောက်နဲ့ ကျွန်တော် လမ်းလျှောက်ရင်း စကားပြောလာခဲ့တယ်၊ ဟာနီတတ္တုတွင်းနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေကို အဲဒီရှေ့နေ လုပ်ငန်းကပဲ တာဝန်ယူပြီ လုပ်နေတာ၊ ကိပ်တောင်းမြို့ကနေပြီး မစ္စက်ကုတ်တနေက ပို့လိုက်တဲ့ စာတွေကို အဲဒီအမျိုးသမီးက တွေ့ထားတယ်၊ သတ္တုတွင်းပိတ်တော့မယ်ဆိုတာသေချာတယ်၊ သူတို့ စိန်တွေလဲ မရောင်း ရဘူး၊ ဘယ်သူမှစိန်မဝယ်ဘူး၊ လန်ဒန်တို့ နယူးယောက်တို့မှာတောင် အရောင်း အဝယ် မဖြစ်ဘူး' လိုသာက ရှင်းပြသည်။
'အလိုဘုရားရေ... ဘုရားကယ်တော်မူပါ....ကျွန်တော်တို့ ဘာလုပ်ကြရမှာလဲ၊ ကျွန် တော့်မိန်းမကလဲ မမာဘူး၊ ကလေးကလဲ ခြောက်ယောက်တောင်ရှိတယ်၊ ကျွန်တော့် ကလေးတွေတော့ ငတ်တော့မှာပဲ' ဖိုရီ က တိုးတိုးလေးငြီးထွားလိုက်သည်။
'ခင်ဗျားလိုလူတစ်ယောက်အတွက်တော့ အဆင်ပြေမှာပါ ခင်ဗျားမှာ စုဆောင်းထားတဲ့ငွေ ပေါင် သုံးလေးငါးရာ လောက်ရှိမှာပေါ့၊ ခင်ဗျားအတွက် အဆင်ပြေမှာပါ'
လိုသာက မေးလိုက်သည်။ ဖိုရီက 'မရှိဘူး' ဟုဆိုကာ ခေါင်းခါပြလိုက်သည်။
'အင်း ...ခင်ဗျားမှာ စုစောင်းပြီးသား မရှိဘူးဆိုယင်တော့ သြဂုတ်မှာ သူတို့ ခင်ဗျားကို အလုပ်မထုတ်ခင် စုဆောင်း မိအောင် လုပ်ထားပေတော့'
'ဘယ်လိုလုပ်ပြီး ရှာဖွေစုဆောင်းလို့ရမှာလဲ မိန်းမနဲ့ကလေးခြောက်ယောက်ကို ကျွေးမွေး နေရတာ'
ဖိုရီ က အားငယ်စိတ်ပျက်သည့် လေသံဖြင့် ပြောလိုက်သည်။
'ခင်ဗျား လယ်လိုလုပ်ရမယ်ဆိုတာ ကျွန်တော် နည်းပေးမယ်၊ လာ...ဒီဆိုင်ထဲကနေ အပြင် သွားကြ ရအောင်၊ ကျွန်တော်ဘရန်ဒီတစ်လုံးဝယ်ပါမယ်၊ ကျွန်တော်တို့ နှစ်ယောက်တည်း အေးအေး လူလူ စကားပြောနိုင်တဲ့နေရာ သွားကြရအောင်'
လိုသာက ဖိုရီလက်မောင်းကို ရင်းနှီးခင်မင်စွာ ဆုပ်ကိုင်အားပေးရင်း ပြောလိုက်သည်။
နောက်တစ်နေ့နံနက်တွင် လိုသာ သူ့စခန်းသို့ပြန်ရောက်လာသောအခါ နေပင်အတော်ပြူ နေချေပြီ။ တစ်ညလုံး သူတို့စကားပြောရင်း သောက်လိုက်ကြသည်မှာ ဘရန်ဒီ တစ်လုံး ပြောင်သလင်းခါ သွားတော့ သည်။ လိုသာ ၏ အကြံအစည်ကို ကြားရသောအခါ ဖိုရီ အံ့အား သင့်သွားသည်။ ပြီးတော့လောဘရမ္မက် တက်လာသည်။.
သို့ရာတွင် ဖြစ်မှဖြစ်ပါ့မလား ဟူသော သံသယ စိတ်နှင့်ကြောက်စိတ်တို့ဝင်လာသည်။
လိုသာ က သူ့အကြံအစည်ကို သဘောပေါက်သိမြင်လက်ခံလာအောင် အသေးစိတ် ရှင်းပြ သည်။ အထူး သဖြင့် ဖိုရီ၏ လုံခြုံရေးကို အလေးပေးထားသည်။.
'ဘယ်သူကမှ ခင်ဗျားအပေါ် သံသယ၀င်လာစရာအကြောင်းမရှိမပါဘူး၊ ကျွန်တော် အာမခံ ရဲပါတယ်၊ တစ်စုံတစ်ရာ ချွတ်ချော်သွားယင်တောင် ခင်ဗျားအတွက် အကာအကွယ်ရှိ အောင်စီစဉ်ထားတာပါ၊ ချွတ်ချော် တိမ်းပါးစရာလဲ ဘာမှမရှိပါဘူး'
လိုသာ သည် ဖိုရီအား အစွမ်းကုန်ရှင်းပြ စည်းရုံးခဲ့ရသဖြင့် ပင်ပန်းနွမ်းနယ်လာသည်။
ထို့ကြောင့် ဟင်းဒရစ် ဘေးတွင်ခြေပစ်လက်ပစ်ထိုင်ချရင်း မေးလိုက်သည်။
'ကော်ဖီ ရှိသလား' 'မရှိတော့ဘူး' ဟင်းဒရစ်ကော ဘယ်မှာလဲ'
ဟင်းဒရစ်က တစ်နေရာသို့ မေးငေါ့လိုက်သည်။ မင်းဖရက်သည် စခန်းတစ်ဘက်စွန်းရှိ ချုံပုတ်ဘေးတွင် ထိုင်နေသည်။ သူ့ဘေး၌ ဆာရာဆိုသော ကောင်မလေးလည်း ထိုင်နေ သည်။ သူတို့နှစ်ယောက်၏ ရွှေရောင်ကေသာ ခေါင်းနှစ်လုံးမှာ ထိလုနီးပါးရှိနေပြီး သတင်း စာ တစ်ရွက်ကို ငုံ့ကြည့်နေကြသည်။ မင်းဖရက် သည် သတင်းစားထောင့်စွန်းမှ အဖြူသား နေရာလပ်များ၌ မီးသွေးခဲဖြင့် စာရေးနေသည်။
'မာန်က ကောင်မလေးကို စာရေးစာဖတ် သင်ပေးနေတယ်' ဟင်းဒရစ်က ရှင်းပြလိုက်သည်။
လိုသာက နီရဲသောမျက်လုံးအစုံကို လက်နှစ်ဖက်ဖြင့်ပွတ်လိုက်သည်။ ဘရန်ဒီအရှိန် ကြောင့် တစ်ခေါင်းလုံး အုံပြီး ကိုက်နေသည်။
'တို့ လိုချင်တဲ့လူတော့ရပြီ'
လိုသာက ပြောလိုက်သည်။
'ဒါဆိုယင် မြင်းတွေရဖို့လိုလာပြီပေါ့'
ဟင်းဒရစ် က ပြောလိုက်သည်။
ဆက်ရန်
.
No comments:
Post a Comment