ဒီတခါ တောင်ရောက်မြောက်ရောက် ဘာတွေ ရေးရပါ့....
ကျနော့် ရဲ့ ဘလောဂ့်ဒေး အမှတ်တရပိုစ့်လေး မှာ ရေးစရာကျန်သွားတယ်ဗျ... ဟိုတလောက ကိုကြီးကျောက် ရဲ့ အမ မြင်းခြံကနေ လာလည် တယ်.. သူ့ မောင်လေး (ကိုကြီးကျောက်) ကို အင်တာနက် မှာ စာတွေ ရေးလို့ လူတွေ သိကြတယ်.. ချစ်ကြတယ် ဆိုတော့ .. အဲဒီစာလေးတွေ ဖတ်ကြည့် ချင်တယ်ပေါ့.. အဲဒါနဲ့ ကျနော် လည်း ကိုကြီးကျောက် ရဲ့ အကြောင်း စုစည်းထားတဲ့ kopauk remembrance ကို ပရင့် ထုတ်ပေးတယ် စာမျက်နှာ ခုနှစ်ရာကျော် ထင်တယ်... ပီဒီအက်ဖ် ဖိုင်နဲ့ (တခြား အလုပ်တွေ လည်း များနေတယ်ဆိုတော့ ) ဖြေးဖြေးခြင်း ဖြတ်ဖြတ်ထုတ်ပေးပါတယ်...။
ကိုကြီးကျောက် အမ က ဘေးကနေထိုင်ပြီး ... ထွက်လာတဲ့ စာလေး တွေ ဖတ်ရင်းနဲ့... မထိန်းချုပ် နိုင်တော့ ဘဲ... ဟင်... ဟယ် ... ဟာ ... ဆိုတဲ့ အသံတွေ ထွက်လာပါတယ်.. နောက်ဆုံး အားလုံး ပြီးဆုံးသွား တဲ့ အချိန်မှာတော့ ... အင်း ကိုပေါက်ကြီး စာတွေ ရေးနေတယ် ဆိုလို ဘာတွေ များရေးနေ ပါလိမ့် ဆိုပြီး ဖတ်ချင်နေတာ ... အခုတော့ ကိုယ့်အကြောင်း.. တွေ ကုန်ပါရောလား.. ရှက်စရာတွေ ရော.. ဟို တပုဒ် ဆို ရေး ဖို့ မသင့် ဘူး လက်ထိတ်စော် နံ တဲ့ စာတွေ ဘဲ... ဆိုပြီး တော်တော် စိတ်ပျက် လက်ပျက် နဲ့ စာအုပ် အထူကြီး မပြီး ပြန်သွားပါတယ်... ။
သြ .... ဘလော့ဂါ ဆိုတာ ... ကိုကြီးကျောက် အမကြီး ပြောတဲ့ အတိုင်းဘဲ ဘာမှ မဟုတ်ဘဲ ကိုယ့် အကြောင်း ကိုယ်ဖော် အရှက်မရှိတဲ့ အစော်နံ တဲ့ ဘဝကြီး ပါလား ဆိုပြီး ကျနော် လည်း အတော်ကို စိတ်ဓါတ်ကျ သွား ပါတယ်.....။
အင်း အရှက်မရှိဘူး ပြောပြော.. အစော်နံ တယ် ပြောပြော စာရေးချင်တဲ့ စိတ်ကလေး ဖျောက်မရလို့ ရေး ရအုန်း မှာဘဲ....။
စာရေးမယ်လုပ်မှ အလုပ်တွေ များ လို့ အွန်လိုင်း ပေါ်တောင် တက်ဖို့ ခက်နေတယ်... ဒီကြားထဲ မစိုးရိမ် တိုက် က ဦးဇင်းတွေ စီ သွားစရာ ကိစ္စ က ပေါ်လာလို့ သွားတဲ့ အခါမှာ ပိုပြီး စိတ်ဆင်းရဲ ခဲ့ရတယ်... လွန်ခဲ့တဲ့ နှစ်ပတ်လောက် က မန္တလေး မှာ မိုးတော်တော် ရွာလိုက်တဲ့ အတွက် တမြို့လုံး ရေလွှမ်း သွားပေမဲ့ နဲနဲ မြင့် တဲ့ အပိုင်း တွေကတော့ တရက်နဲ့ ရေကျသွားပါတယ်...။
နိမ့်တဲ့ အပိုင်း တွေကတော့ တော်တော် နဲ့ မကျနိုင်ဘူး ဆိုတာ သိရပါတယ်... ဆိုင်ပြင်မရောက်တော့ ဘယ်လောက်ထိ ဒုက္ခရောက်နေကြတယ် ဆိုတာ မသိပေမဲ့ ရပ်ကွက် ထဲ ထမင်းထုတ် ဆင့် တဲ့ အခြေအနေ ဆိုတော့ တော်တော်ဆိုးနေကြပြီဆိုပြီး စိတ်မကောင်းဖြစ်ပါတယ်.. ဂျာနယ် ထဲ အင်တာနက် ထဲ မှာလည်း ပုံတွေ တွေ့မှာပါ....။
ဒါနဲ့ စကားဆက် ရရင်... မစိုးရိမ် ကျောင်းတိုက်ကြီး ကို ရောက်သွားပါတယ်....၊ တမြို့လုံး နေရာ တော်တော် များများ မှာ ရေကျသွားပေမဲ့ မစိုးရိမ် ကျောင်းတိုက် အတွင်း နဲ့ ကျောင်းတိုက် ရှေ့လမ်းမကြီး တခုလုံး ရေမကျဘူးဖြစ်နေပါတယ် .. ဦးဇင်း တွေ မေးကြည့်တော့ လည်း ရေကျတာ သိပ်နှေးတယ် မသိမသာလေး ဘဲ ကျတယ်ပြောပါတယ်..။
ရေဘယ်လောက် ဘဲ များများ စီးနေတဲ့ ရေမျိုး ဆို ပြသာနာ မရှိပေမဲ့ အခုဟာက ရေသေဖြစ်နေပါတယ်.. စီးဘို့လည်း နေရာ က လည်းမရှိပါဘူး... ရေက လည်း မကျပါဘူး... ရက်ကြာလေ နံလေ ဖြစ်ပြီး ဘုန်းဘုန်း ဘုရား များ ဒုက္ခ အတော်များနေကြပါတယ်... ဆွမ်းခံဘို့ ကျောင်းပြင်ထွက် ဖို့ ဆိုတာ မဖြစ်နိုင် အောင် ရေတွေက ခါးလောက် ရှိနေပါတယ်.. ကျောင်းတိုက် အတွင်းမှာ ဖောင်ဖွဲ့ သွားနေရတာ ကိုတွေ့ခဲ့ ရပါတယ်... စာသင်သား ဦးဇင်း များဟာ ခြင်တွေ အရမ်းများ ပြီး ပိုပို နံလာတဲ့ ရေတွေ ကြောင့် ကျန်းမာရေး ထိခိုက် လာနိုင်ပါတယ် ..။
နောက် နှစ်ရက်လောက်နေတော့ မိုးကြီးကြီး က တခါ ရွာပြန်တယ်... ဦးဇင်း တွေ မေးကြည့် ပြန်တော့ ရေတွေ ပြန်တက်လာပြန်တယ်တဲ့... ဒုက္ခပါလား.. ကျနော် သိတဲ့ ဦးဇင်း တွေကတော့ ဓမ္မစရိယ စာချတန်း တက်နေတဲ့ ဦးဇင်းတွေပါ.. တပါးက ဆိုရင် မန္တလေး နဲ့ ငါးရက်ခရီးလောက် သွားရပါတယ်တဲ့ .. တရွာလုံး ခရစ်စယာန် တွေ ဘဲ ဖြစ်တဲ့ အတွက် ရွာ ကို လာတဲ့ ဘုန်းဘုန်း တပါး က ဦးဇင်း ..ငယ်ငယ် ကထဲက မန္တလေး မှာ ပညာသင်ဖို့ ခေါ်လာတယ်တဲ့... ဓမ္မစရိယ စာချတန်း ပြီးသွားရင် ရွာလေး ကိုပြန်ပြီး သာသနာပြုဘို့ ကတိ တောင်းထားတယ် လို့ ပြောပြပါတယ်... ကျန် ဦးဇင်း တွေ လည်း အဲလိုပါဘဲ... ပညာပြည့်စုံရင် ကိုယ့်ရပ်ရွာပြန်ပြီး သာသနာ ပြုကြမှာပါဘဲ... ။

ဒီ မန္တလေး မစိုးရိမ် ကျောင်းတိုက် ကြီးဟာ ဖြင့် မြန်မာတပြည်လုံး နဲ့ ကမ္ဘာအရပ်ရပ် မှာ သာသနာ ပြုနေခဲ့တဲ့... ပြုကြမဲ့... စာသင်သား တွေ အတွက် အရေးပါ တဲ့ စာသင်တိုက်ကြီး တခု ပါ အခုတော့.... သာသနာ အတွက် အရေးကြီးလှတဲ့ သက်တမ်း နှစ်တစ်ရာ ကျော်ရှိပြီ ဖြစ်တဲ့ မစိုးရိမ် ကျောင်းတိုက် ကြီးဟာ မရှုမလှ ရေမြောနေရှာလေပြီ.... စာသင်သား တွေလည်း ဒုက္ခ ရောက်လှပြီ..
မကြောက်ကြပါနဲ့
ဦးဇင်း တွေ လည်း စာအုပ် မကိုင် နိုင် ဘူး
သပိတ်လည်း မမှောက်နိုင်ဘူး
သပိတ်မှောက်တယ် ဆိုတာ ဆွမ်းခံ ရာက ပြန်လာ ပြီး
ဆွမ်းစား ရေးဆေးပြီး မှ မှောက်ရတာ ဆိုတော့ ဆွမ်းမခံနိုင်မှတော့ ဘယ်လိုလုပ်
သပိတ်မှောက် ပါတော့မလည်း
အဲဒီတော့ လောလောဆယ်ဆယ် မစိုးရိမ် က စာသင်သား ဦးဇင်းများ
ယောင်းမကိုင် ဆွမ်းချက် ..ဓါးကိုင် ဆွမ်းဟင်းချက် ..

ကဲ ကမ္ဘာကြီး ကို ရေမြောနေတဲ့ ဧရာဝတီ .... အဲလေ မစိုးရိမ် ကျောင်းတိုက်ကြီး က နှုတ်ဆက်လိုက်ပါတယ် တဲ့... နားအုန်းမယ်ဗျို့
လေးစားစွာဖြင့်
စာရေးသူ - ရွှေစင်ဦး
.
21 comments:
မိုးရွာလို့ ရေကြီးတာတော့ ပြောနဲ့ ဆရာမရေ...
အိပ်တဲ့ ကုတင် တစ်ဝက်မြုတ်လို့ အောက်က ဖိနပ်ပါသွားတာ ခု ဂျပန်ဖိနပ်ပဲ စီးနေရတယ်....
း(
ခုခေတ်စကား ..“ ရေလျှံတယ် ၊ ရေလျှံတယ်” ဆိုတာ ၊ ငွေတွေ အတော်ပေါများနေသူတွေကို တင်စားပြောနေကြတဲ့ ဝေါဟာရ တခု မို့  ရေလျှံတယ် ပြောရင် ဝမ်းသာစရာကြီး ပါ..
ခုတော့ ဒီလိုမျိုး တကဲ့ရေတွေလျှံနေကြတာကျတော့.. လူတွေ အတော်များများ ဒုက္ခရောက်ကြလို့  စိတ်မကောင်းစရာ သတင်းကြီးပေါ့ မရွှေစင် ရယ်..
ဒုက္ခ ကပ်ဘေး ဆိုက်လာရင်၊ တတ်နိုင်သလောက် တတပ်တအား ဝိုင်းဝန်းကူညီပေးတတ်ကြတဲ့ ချစ်စရာ မြန်မာ့ဓလေ့ လေးတွေ ရှိနေသေးတာကို ပဲ ကြံဖန် သာဓုခေါ်လိုက်ပါတယ်..။
အားလုံး ပဲ အန္တရာယ်ကင်း ဘေးရှင်းကြပါစေ၊
မကိ
စနစ်တကျတည်ထားတဲ့မြို့တောင်ရေလွှမ်းတယ်ဆိုတော့
ဘယ်လိုအကြောင်းတွေကြောင့်ပါလိမ့်နော်..။
ခင်မင်စွာဖြင့်..
မိစံ
အင်းးးးးးး ရေမြောင်းတွေကတိမ် အနိမ့်အမြင့်သူတို့မသိ ဖောက်ဆိုလို့သာဖောက်ရ၏ ဆိုတော့ကာ ရွာတာကလည်းရွာ လျှံတာကလည်းလျှံပေါ့ ဆင်းတာကလည်း ဆင်းနေရင်ကိစ္စမရှိဘူး ခုဟာက ခုတော့မျောသွားပြီ ဆိုပြီး ဖိုချိုသီချင်း ဖျက်ဆိုရမလိုပါပဲ :)
ခင်တဲ့(ဖိုးကြယ်)
မြင်ရကြားရတာ စိတ်မကောင်းဘူ မမရွှေစင်ရယ်....
ဒီအတိုင်းသာ ရက်ကြာနေရင်တော့ ကျောင်းတိုက်က ကိုယ်တော်တွေဘယ်လိုလုပ်ရပါ့.... :(
ချစ်ညီမလေး
ရေတွေအများကြီးပဲ၊
ဦးဇင်းတွေလည်း ဒုက္ခရောက်တာပေါ့၊
စိတ်မကောင်းလိုက်တာ။
စိတ်မကောင်းလိုက်တာမမရွှေဇင်ရယ်။
Mon Petit Avatar
ဒီလောက် ရေကြီးမှတော့ မစိုးရိမ်တိုက်သစ်နဲ့ ရွှေတချောင်းချောင်းနဲ့ တစ်စပ်ထဲ ဖြစ်သွားပြီပေါ့။ ဒါဆိုရင်တော့ သေချာတယ်။ ပေါလောပေါလောတွေ ဖြစ်ကုန်မှာ။ ဦးဇင်းတွေ ကိုရင်တွေ သနားပါတယ်။
အမရွှေစင် တော်ချက်။ ဒီလောက် ရေကြီးနေတာတောင် အရောက်သွားပြီး ဓါတ်ပုံ ရိုက်ယူခဲ့သေးတယ်။ ဧကန်တတော့ မန်းစစ်သည် စက်လှေနဲ့ သွားတယ်ထင်ပါ့။း))
ခင်မင်လျှက်
မမရွှေစင်
ခုတောင်ဒီလိုရေတွေကြီးဖြစ်နေပြီ။ ဧရာဝတီမြစ်ကြီး တိမ်ကောလာမယ်ဆိုရင်တော့...
ချစ်တဲ့
ညီမသဒ္ဓါ
စိတ်မကောင်းလိုက်တာအစ်မ ရယ် ...မန္တလေးက မိုးရွားပြီးရင် မြေကြီးက ရေစုပ် မစုတ်တာရယ် ... မြို့တွင်းကရေကို မြစ်ထဲကို ပြန်ထုတ်တဲ့ မြောင်း နှစ်ခုပဲရှိတာရယ် .... ဧရာဝတီမြစ်က ရွှေကြက်ယှက် ကနေစပြီ မြစ်ကွေ့  ဖြစ်သွားတော့ မြစ်ရေထက်တိုင်း မြို့ ပတ်လမ်းကို နှစ်တိုင်းကျော် တော့ .... ကြာရင် တစ်မြို့ လုံးကို ခံထား အဲ့ တာ က ကြံ့ ခိုင်မှု့ နည်းတာကြောင့် ခဏခဏ ရေကြီးတယ်နော် ...
ဒီတစ်ခါတော့ တော်တော်ဆိုးတာပဲ .... ဘုရာကြီးနားတောင်ဒီလောက်ရေတက်နေရင် ....ဧရာထွန်းက သူငယ်ချင်းတွေ ဘယ်လိုနေကြလည်းမသိဘူး ...... ဗျာ
ဘလော့ဂါရဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်ကိုတော့ သဘောကျ သွားပြီဗျို့...၊း) မစိုးရိမ်တိုက်က ဦးဇင်းတွေ သတင်းကြား ရတာ တကယ်ပဲ စိတ်မချမ်းသာဘူး၊ ရာသီဥတု ဖောက်ပြန်မှုတွေ ပိုပိုများလာတဲ့ ကမ္ဘာကြီးမှာ အခုထက် ပိုပြီး ပြင်ဆင်မှုတွေ လိုအပ်နေပြီဆိုတာတော့ သေချာတယ်...။
မန္တလေးရောကြီးတာမေမေပြောလို့သိရပါတယ်
တောင်ကြီးမှာမိုးရွာတာတိုက်တွေပြိုကျတယ်တဲ့
ပြီးတော့အဲဒီတောင်ကျရေတွေက ရွှေညောင်
ညောင်ရွှေကိုစီဆင်းတော့အားလုံးရေကြီးရေပြီ။
နယ်ကျောင်းတွေပိတ်ထားရတယ်လို့ပြောတယ်
သဘာဝကြီးကလွန်ကဲနေသလိုပဲအမရွှေစင်ရေ..
ချစ်ခင်တဲ့ jas
အစ်မေ၇
ပုံတွေကြည့်ရတာ စိတ်မကောင်းစရာဘဲ
ရေတွေအများကြီးဘဲနော်
ဘုန်းဘုန်းတို့ တော်တော်အခက်တွေ့မှာ
ဒါကြောင့်ထင်တယ် ဘုန်းဘုန်းတွေ မျက်နှာမှာ ပြုံးနေတာတောင် သိပ်မတွေ့ရဘူးး)
အစ်မရေ ရာသီဥတုက ဖောက်လွဲဖောက်ပြန်ဖြစ်နေတယ်နော်
မိုးရွာတော့လည်း မတရား။
ရာသီဥတု ဖောက်ပြန်ပြီး အန္တရာယ် မကြာခနကျရောက်တတ်တဲ့ ဒီခေတ်ကြီးမှာ ဧရာဝတီကို ဆည်ပိတ်တာ အန္တရာယ်များလွန်းတယ်
ဘုန်းဘုန်းတို့ အမြန်ဆုံး အဆင်ပြေပါစေလို့ ဆုတောင်းမိပါတယ်။။
ဟင် ခုမှဒီပိုစ့်ကိုဖတ်မိတယ် မမရယ်
စိတ်မကောင်းလိုက်တာနော်
ကမ္ဘာကြီးလဲဘာတွေဖြစ်နေပြီလဲမသိပါဘူး
2012 ရဲ့အစများလားလို့ကြောက်တောင်ကြောက်လာတယ်
ဘုန်းဘုန်းတွေအတွက်စိတ်မကောင်းလိုက်တာနော်
သတ္တ၀ါတွေအားလုံးး ဘေးကင်းကြပါစေ
အခုအထိ ရေမကျသေး တာကိုး။ "သူတို့တွေ" ဘာလုပ် နေကြ လဲမသိဘူး။ တခုခုတော့ အမြန်စီစဉ်ပေးသင့်တာ ပေါ့။ ဆက်စပ် ဖြစ်ပွားလာနိုင်တယ့် ရောဂါ တွေ အတွက် လဲ ရတက်မအေးစရာပဲ..။ ဘုန်းဘုန်း တို့ ခမျာ အစ်မချော ပြောသလို ပြုံးတောင် မပြုံးနို်င်ကြဘူး။
မိုးတွေရွာတော့ ရွာပြန်ပြီ
ရေတွေကြီးတော့ ကြီးပြန်ပြီ
လေတွေတိုက်တော့ တိုက်ပြန်ပြီ၊
နေတွေပူတော့ ပူလိုက်တာ
ရေတွေခမ်းတော့ ခမ်းလိုက်တာ
လေတွေငြိမ်တော့ ငြိမ်လိုက်တာ၊
အဲလိုမိုးတွေရွာ ရေတွေကြီးလို့ ရှိရင်
ဘာရယ်မှာ မဟုတ်ဘူး သီချင်းတစ်ပုဒ်ကို သတိရတယ်၊
…..ဖြစ်ရတဲ့အကြောင်းက ကိုယ်တစ်ယောက်ထဲကြောင့် မဟုတ်ဘူး…..
…… နေနိုင်ဖို့ပဲ……
မြင်ရတာ စိတ်မချမ်းသာစရာပဲ ညီမရေ။ အခက်အခဲတွေ ကြားကနေ အဖြစ်အပျက်လေးတွေကို ဓါတ်ပုံနဲ့အတူ တင်ပြနိုင်တဲ့ ဘလော့ဂ်ဂါတစ်ယောက်ရဲ့ စိတ်ရင်းစေတနာလည်း ပေါ်လွင်နေပါတယ် ညီမရေ။ မနက်ကနတ်နတ်ရဲ့ တဂ်ပို့စ်အတွက် အဓိပ္ပါယ်ဖွင့်ဖို့ တစ်စိတ်တစ်ဒေသ ရသွားပြီ။ ကျေးဇူးနော်။
ဒုက္ခရောက်သူအားလုံး အခက်အခဲများအားလုံးမှ အမြန်ဆုံး ကျော်လွှားနိုင်ပြီး စိတ်အေးချမ်းကြပါစေလို့ တောင်းဆုချွေခဲ့တယ် ညီမရေ။
မေတ္တာဖြင့်
အန်တီတင့်
မြင်ရတာ စိတ်မကောင်းဖို့ကောင်းလိုက်တာ။
ဦးဇင်းတွေ ဆွမ်းအခက်အခဲ ဖြစ်ရပြီ။
ရေဘေးဒုက္ခမှ အမြန်ဆုံး ကင်းဝေးပါစေလို့ ဆုတောင်းပေးပါတယ်။
အခုလို ပုံလေးတွေ တင်မှ ပိုပြီး ထင်ထင်ရှားရှား မြင်ရတော့တယ်။
တာဝန်ရှိသူတွေ ဘာလုပ်နေကြပါလိမ့်နော်။
တခုခုဆို ကိုယ်ထူကိုယ်ထ ဆိုတာချည်းပဲ လုပ်နေကြရတယ်။ ကိုယ့်ကိုယ်ကိုယ်မှ မထူနိုင်ရင် ကိုယ်မထနိုင်တော့တဲ့ ဘ၀ပေါ့ ... ဘယ်သူမှလဲ လာမထူပေးကြတော့ဘူးလား မသိပါဘူးနော်။ မြင်ရတာ တကယ်ကို စိတ်မကောင်းစရာပဲ။
ရေသေဆိုလဲ ရေတွေကို ဖောက်ထုတ်ဖို့ စုတ်ထုတ်ဖို့ စက်အား လူအား စသဖြင့် တာဝန်ရှိသူတွေ စီစဉ်လုပ်ကိုင်ပေးရမှာ။ ဒီတိုင်းဆို သံဃာတော်တွေ ကျန်းမာရေးပါ ထိခိုက်လာနိုင်တယ်။
ဒါနဲ့ မနက်က ဖတ်တုန်းက ဓာတ်ပုံတွေကို ဘယ်ကရတယ်ဆိုတာလေး တွေ့လိုက်ပါသေးတယ်။ :)
ဆိုးချက် . . .
ဘုရား ဘုရား...
Post a Comment