Wednesday, September 21, 2011

စည်းစိမ်ရှင် ရဲ့ ဧရာဝတီ

 စည်းစိမ်ရှင် ရဲ့ ဧရာဝတီ
စာရေးသူ - စည်းစိမ်ရှင်

အခုတလော အကြားရဆုံးသတင်းတွေကတော့ ဧရာဝတီ နဲ့ မော်တော်ကား အကြောင်းပေါ့။ အိမ်က အမတော် နဲ့ အကိုတော် ရဲ့ တော့ပစ် ကလဲ ဧရာနဲ့ မော်တော်...  ဧရာဝတီ မြစ်ထဲမှာ မော်တော် ဝယ်ပြီး လိုင်း ပြောင်း ကြမယ်လို့ တော့ မထင်ကြပါနဲ့...။

အမတော် ကတော့ ဧရာဝတီ ကလွဲရင် စကားမဖြစ်သလို .... အမတော် ရဲ့ ချစ်ချစ်ကြီး ကလည်း တွေ့တာ နဲ့ လေးဆယ်ကျော် တို့ရဲ့ တိမ်တောက်ချိန် ရာဇဝင် ကို ပြန်လှန်လို့ မပြီးတော့သလို .... သူကြိုက်တဲ့ ကား တွေ့ရင် ဈေးတွေက ခေါက်ချိုးပြုတ် ဆိုတော့ တန်တယ် တန်တယ် နဲ့ ဝယ်ချင်နေတယ်... အမတော်က လဲ တချက်လွတ် ဗီတိုအာဏာ နဲ့ မဝယ်ရဘူး…ဘယ်လောက်တန်တန် မဝယ်ရဘူး …

နောင်ဆို ရင် ဖုန်းတွေ ကားတွေကို ကုမ္ပဏီတွေ ကတောင်  အင်စတောမန့်နဲ့  ရောင်းချင်လွန်းလို့ ငမ်းငမ်းတက် လာပေးကြမှာ အခုဟာကတော့ ဘာလို့ ညာလို့ (အမှန်ကတော့ ကားဖိုးမရှိလို့ အင်စတောမန့် စောင့်နေကြတာ) နဲ့ အကြောင်းမျိုးစုံ ပြပြီး ဧရာဝတီမှာ ဆည်ဆောက်သလိုမျိုးကို ကန့်ကွက် နေတာပေါ့… ကားသစ်ဝယ် ဖို့အရေးကတော့ သူ့ ချစ်ချစ်ကြီး သူ ဆိုတော့ ဆက်မပြော နဲ့ ဆိုတာ နဲ့ ပြီးသကိုး....ဧရာဝတီ အရေးကတော့ ဆက်မလုပ် ပါနဲ့လို့ ပြောရ အောင် သူ့ ချစ်ချစ်ကြီးလဲ မဟုတ် ဆိုတော့...... အင်း .... 

စစ ကတော့ ဧရာအကြောင်း ကြားနေ မြင်နေ ရတော့ ….ငိုချင်သလို ရူးချင်သလို ကို ဖြစ်လို့။  ကား အကြောင်း ကတော့ သိပ်ပြီး ရင်မခုန် ပါဘူး ….နဲနဲစဉ်းစားမိတဲ့ ကားကတော့ နိဗ္ဗာန်ယာဉ် မော်တော်ကား အကြောင်းပါ……တနေ့နေ့တော့ ဒီကားတွေက မစီးမဖြစ် စီးရမှာ ကိုးနော။ မစဉ်းစား လို့ဘယ်ရမလဲ။ လူတိုင်း စဉ်းစားရမယ့် ကိစ္စကိုး။

ပြောတာပြောရတာပါ တချို့လဲ အသက်တွေကသာ ကြီးလာတာပါ လောဘ ဒေါသ မောဟတွေလဲ ကြီး တုန်းဘဲ။ အခု မြစ်ဧရာ ကိစ္စ ကိုသာ ကြည့်တော့……ခေါင်းတွေလဲ ဖြူလှပြီ စိတ်ထားတွေ မဖြူကြ သေးဘူး….. မျက်စိတွေ မှုန်လာကြသလို အတွေးတွေ မှုန်ဝေနေ ကြတုန်း သွားတွေကျိုးတဲ့အထိ…… မာန်စွယ် တွေ မကျိုးကြသေးဘူး……တကယ်တွေးကြည့်တော့ သေရင် ကိုယ့် နောက် ဘာမှ မပါဘူး ဆိုပေမယ့် ကိုယ့်လုပ်ခဲ့တဲ့ အလုပ်တွေက ကိုယ့်နောက်ကို အရိပ်လို လိုက်မှာပါ....

အိုး…….. အမိဧရာဝတီ ရဲ့ အကြောင်း ရေးတတ်တဲ့သူတွေ ရေးလိုက်ကြတာ ဘယ်အချိန်ဖတ်ဖတ် ဘယ်လို ရေးရေး ဖတ်လို့မဝနိုင် တဲ့ လွမ်းမော ဖွယ်ရာ ဧရာဝတီပါ…….. ဧရာဝတီ ကို ချစ်စိတ်နဲ့ မို့သာ စစ ခမျာ ရေးရ ရှာတာပါ ဖတ်မကောင်းရင်လဲ မျက်လုံးစုံမှိတ် ဟုတ်ပါဘူး တဘက်မှိတ်ပြီး ဖတ်တော်မူ ကြပါဗျို့…..

ငြိမ့်ငြိမ့်ငြောင်းငြောင်း နဲ့ စီးဆင်းတတ်သလို မာန်အဟုန်နဲ့လည်း ပြေးလွှား တတ် တဲ့ ဧရာဝတီ ဟာ…… စစ ရဲ့ငယ်ပေါင်း ကြီးဖော် ပါ။

ဧရာမြစ်ပြင်ကျယ် နဲ့ သောင်ပြင်ကျယ် တွေဟာ စစ တို့ရဲ့ ငယ်ဘဝ က ကစား ကွင်းကြီး ဖြစ်သလို .... ဧရာဝတီ ဟာ  သောက်ရေအေးအေး ကို ပေးသလို  စားစရာ တွေ အများကြီး ကိုလည်း ပေးတဲ့ အဟာရ ပဒေသာ ပင်ကြီး ပေါ့……

ဧရာမြစ်ကမ်းဘေး မှာ အမေ တွေက အိုးတိုက်တဲ့သူတိုက် အဝတ် ဖွတ်တဲ့သူဖွတ် အတင်းတုပ်တဲ့သူက အတင်း တုပ် ရင်း  လုပ်စရာရှိတာ မျိုးစုံကို မြစ်ကမ်းနဘေးမှာ အသေအချာ အကျအနထိုင်ပြီး အလုပ် လုပ်တဲ့ အချိန် စစ တို့ကလေးတွေ ကတော့ မရိုးနိုင်တဲ့ နည်းမျိုးစုံနဲ့ ဆော့ကစားကြတယ်….. ငယ်တုန်းက မြစ်ရေထဲ ဘယ်လောက် ဆော့ကြ ကမြင်း ကြသလဲဆိုရင် လူကြီး တယောက်ယောက်က လှမ်းပြီး သတိပေး အော်ငေါက် မှဘဲ ရေထဲကတက်တာ ... နောက်မို့ဆို ဘယ်တော့မှ မတက်ဘူး…..

နဲနဲလေး အရွယ်ရောက်လာတော့ ဧရာဟာ စစတို့ရဲ့ ပစ်ကနစ်ထွက်နေကြ နေရာတခုပေါ့ သူငယ်ချင်း တွေ စု ပြီး ငါးမျှားတဲ့သူကမျှား စာဖတ်တဲ့သူကဖတ် ကုလားပါးပွတ်တဲ့သူကပွတ်ပေါ့ (အထင်မလွဲနဲ့နော် အပျော်တမ်း ဖဲကစားတာ ကို ပြောတာပါ) ငါးမျှားတဲ့သူကလည်း အပျော်တမ်းဆိုတော့ ရတဲ့အခါ ရ မရတဲ့ အခါ မရပေါ့ဗျာ.....

မရတဲ့ အခါလည်း တံငါလှေတွေ ဆီက ဝယ်ပြီး ဧရာဝတီ မြစ်ကမ်းဘေးနားမှာ မီးပုံဖိုပြီး ငါးဖမ်းမကြီးတွေ၊ ပုဇွန်ထုတ်ကြီး တွေ ကင်စားကြပေါ့..တခါတလေလည်း ရှမ်းမုန့်ညှင်းချဉ် ကို ငရုတ်သီးစိမ်း နံနံပင် နိုင်းချင်း ထည့်သုတ် စားချင်စား ဒါမှ မဟုတ့်သဘောၤသီးကို ရှမ်းသုတ် သုတ်စားကြတယ် ဟိုအရည် ဒီအရည် တော့ မပါဘူး (အခါးရည် ပြောတာပါ) စစကြိုက်တာကတော့ ပုဇွန်ထုတ်အသားထက် ပုဇွန်ခြေချောင်း အကြီးကြီး တွေကို မီးဖုတ်ပြီး စားရတာ ပိုနှစ်သက်တယ်….

တခါတလေ သင်္ဘောဆိုက်တာနဲ့ကြုံရင် သင်္ဘောပေါ်တက်ပြီး ရာသီပေါ်အသီးအနှံတွေ ဈေးဆစ်ပြီး ဝယ်ကြ ပါတယ်.... မြစ်ဆိပ်မှာ ကပ် ထားတဲ့ မော်တော်တွေ ပေါ် တက်တယ်. ကမ်းနားမှာ ချီထားတဲ့ လှေပေါ်မှာ ဇိမ်ကလေး နဲ့ စာအုပ်တွေ တအုပ်ပြီး တအုပ် ဖတ်…အဲလို စာဖတ်ရင်းနဲ့ လှေက ပုခက်လွှဲ နေသလို တငြိမ့်ငြိမ့် လေနုအေးလေး က တဖြူးဖြူး အသက်ရှုရတာ အားပါးတရ ….တွေးရင်း ကို လွမ်းလှ သဗျာ....
 မြစ်ကမ်းနဖူးအိမ်လေးထဲက ကွပ်ပျစ်ဝိုင်းပေါ်မှာ လဲလျောင်း အိပ်စက်နေရင်း .... တခါတလေ လှေပေါ်မှာ ဓါတ်စက် တင်ပြီး အော်လံကြီး နဲ့ သီချင်းတွေ အကျယ်ကြီး ဖွင့်ပြီး လာတတ် တဲ့ လှေကလေးတွေ စီက မြစ်ပြင် တကျော မှာ သီချင်းသံ တွေ လွင့်ပျံ့လာရင် ဘယ်သူ့ လွမ်းရမှန်း မသိပေါ့.. အဲဒီ အရွယ်တုန်းကလဲ လွမ်းရမယ့်သူတွေ ဘာတွေမှ မရှိသေးတာ ကိုး (အင်း…..အခု ကြတော့ရော ရှိရှာတယ်) 

စက်လှေ အငယ်စားလေးတွေများလာရင် ကိုယ့်အသိပါတဲ့အတိုင်း သိသိ မသိသိ အော်ဟစ်ပြီး လက်တွေ ဝှေ့ရမ်း နှုတ်ဆက်ကြ အော်ကြ ဟစ်ကြ စက်လှေပေါ်က လူတွေကလည်း သာဂိရေ စာဥ အေးဘုံရေ နဲ့အော်ပြီး နှုတ်ဆက်ကြလွမ်းမောစရာ …….သြ ခုတော့ ငါးတွေ ပုဇွန်တွေ ဆိုတာ စစတို့အတွက် မဟုတ်တော့သလို အခုခေတ်ကလေးတွေကိုလဲ သနားတယ်ဗျ မြစ်ပုဇွန်၊ မြစ်ငါးတွေ ဆိုတာ …..ပုံပြင်မှတ် ကုန်ကြ ပြီလေ….။

ဧရာဝတီ ဟာ အေးဆေးတည်ငြိမ်တဲ့ အလှ က တမျိုး မာန်အဟုန် နဲ့ ခပ်ကြမ်းကြမ်းစီးဆင်းနေတဲ့ သဘာဝအလှ က တသွယ် ဘယ်လိုနေနေ ချစ်ဖို့ ကောင်းပါတယ်။ ဒီသတင်းတွေဖတ်ရတော့ ရင်မှာ တော်တော် မချိမဆံ့ ခံစား ရတယ်။ ကဲ မရွှေစ တယောက် ရောလို့မေးရင် တော့ တကယ်ပါ ကိုယ့်ရဲ့ တဦးတည်းသော သမီးလေး ကို ယောက်ကျား ပေးစားရမှာစိုးတဲ့ အမေလိုမျိုး ယောက်ယက်ခတ်တယ် (သမီးရှင် ဆိုတော့ ပြောအား ရှိတာပေါ့လေနော) ။ 

အပျိုကြီးမမ တွေ ကိုယ့်အချစ်ဦး နဲ့လွဲရသလိုမျိုး တလူးလူးတလိမ့်လိမ့် ခံစားရတယ် (အဟုတ် လိုလိုနဲ့)။ ဘလော့ပေါ် က အပျိုကြီးတွေကို စောင်းပြောတာဟုတ်ပါဘူး။ တည့်ပြောတာ..ဒါပေမယ့်သူတို့က မလွဲကြသေး ဘူး တဲ့အခုတော့ တို့အမိဧရာဝတီ ကို မကြံကောင်း မကြံအပ်တဲ့အရာ ကို ကြံစည်ကြတယ်။ ဧရာမြစ်ရိုး မှာနေခဲ့ဘူးတဲ့ ဘလော့ဂါကျောက် တယောက် ကောင်းကင်ဘုံပေါ်ကနေ မြစ်မင်းဧရာ အတွက်  ရတက်ပွေ နေမလား လို့လည်း တွေးမိတယ် ကိုကြီး ကျောက် ရေ......
ဧရာ ရေချို တငုံစာ
သောက်ဖူးသူ မသောက်ဖူးသူ
ဧရာနဘေးမှာ (နေထိုင်သူ မနေထိုင်သူ)
အထက်အညာအကြေမှာ (….)
အောက်ပြေ အောက်ရွာမှာ (….)
မတတ်သာလို့ ခပ်ခွာခွာနေရတာပါဆိုတဲ့
အဝေးရောက် မြစ်ဧရာချစ်သူတို့ရေ….

ဧရာရေချိုဟာ သောက်သုံးဖို့ နဲ့
သီးနှံစိုက်ပျိုးဖို့အတွက်ပါ

ဧရာရေဟာ ရေနံဆီမီးခွက်ထွန်းသလို
ကုန်ခမ်းသွားမယ်ဆိုရင်
မီးမလင်းချင်နေပါ
မကုန်ခမ်းစေချင်

မြစ်ဧရာမဆုံးရှုံးလေအောင်…
မြစ်ဆုံမှာ ဆည်မတည်ဆောက်ကြဖို့
မြစ်ဆုံး ဆည် ဆက်မတည်ဆောက်ကြဖို့

ဧရာ ရှည်ကြာ စီးဆင်းဘို့…
ဧရာ အရေး…….တို့အရေး
မြစ်ဆုံဆည် အတွက် မြစ် မဆုံးရှုံးရလေအောင် ဧရာဝတီမြစ်ဆုံ မှာ ဆည်မဆောက်ကြ ဖို့…………. မြန်မာ ပြည်သူပြည်သား တိုင်း ရဲ့ တာဝန်ပါ… 

 သဲတွေ ကိုတောင် ရောင်းစားကြကုန်ပြီ
 
အခု နောက်ထပ် ရောဂါဆန်းတမျိုးတိုးနေပြန်ပြီ….ဘာ…..ရောဂါလဲ ဆိုတော့ သဲရောဂါပါ (အသဲရောဂါ ဟု မထင်ကြစေကုန်) ဘလော့ပေါ်က အပျိုကြီးမမဘလော့ဂါများဖြစ်ကြတဲ့ ဘလော့ဂါ ကိ၊ အမ မေဓါ ၊ ချောနှမ၊ ဂျင်းညီမငယ် တို့ရော သီတင်းကျွတ်ခါနီးလို့ အသဲ ရောဂါများ ထကုန်ကြကုန်ပြီလား မသိ။ ဒီသဲ တွေကတော့ ဂျင်းဂျင်းလေး ပိုသိမယ် ထင်ပါရဲ့ (သူက အငယ်ဆုံးလေးမို့ …အဲ.လေ…..ဒါက သူ့လိုင်း မို့လို့ပါ) 

ဧရာထဲက သဲတွေပါ ရောင်းစားကုန်ကြပြီမို့ ဧရာအရေးကတော့ တွေးတွေးပြီး ရင်မောပြီးရင်း မော..ပါ voa က အသဲ မဟုတ်တဲ့ သဲအကြောင်းကို အမ မေငြိမ်း အသံသာလေးနဲ့ နားထောင်လို့ရပါတယ် ဒါက voa က ထုတ်လွင့် သွားတဲ့ သတင်း အစီအစဉ်လေး burm1130aMON.mp3 (တနင်္လာနေ့ က ထုတ်လွှင့် သွားတာပါ) အသံဖိုင်လင့်က တင်ရခက်နေလို့ပါ. အောက်မှာလဲ သဲနဲ့ပတ်သတ်တဲ့ လင့်လေး တွေ ပေးထားပါတယ်…
သဲ Sand 
အင်္ဂတေနှင့် ကွန်ကရစ်များ ဖျော်စပ်ရာတွင် သဲသည် အဓိကပါဝင်သော ပစ္စည်းတစ်မျိုးဖြစ်သည်။ အသုံးပြုမည့် လုပ်ငန်းအလိုက် သဲနု fine sand နှင့် သဲကြမ်း coarse sand ဟူ၍ နှစ်မျိုးခွဲခြားထား၏။ ဆန်ခါ အမှတ် ၅၂ (B.S.No-52) တွင် တင်ကျန်သောသဲမှာ သဲကြမ်းဖြစ်ပြီး ယင်းမှ ကျသွားပြီးနောက် ဆန်ခါ အမှတ် ၁၀၀ (B.S. No-100)တွင် တင်ကျန်နေသော သဲမှာ သဲနုအဖြစ် သတ်မှတ်၍ အသုံးပြု ကြသည်။ သဲနုထက် ပိုမိုနူးညံ့သော သဲမှုန့်များမှာ အသုံးမဝင်ပေ။

ကွန်ကရစ်လုပ်ငန်းများတွင် သဲကြမ်းများကို အသုံးပြုပြီး နံရံမျက်နှာပြင် အချောကိုင်ရာ၌ သဲနုကိုရောစပ် အသုံးပြုသည်။ အထက်ပါ လုပ်ငန်းများတွင် သုံးသောသဲများသည် သန့်ရှင်းမာကြောခြင်း၊ ထက်သော စောင်းများရှိခြင်း သင့်တော်သော အရွယ်အစားရှိခြင်း စသည်တို့နှင့် ပြည့်စုံရသည့်အပြင် သဲထဲ၌ ရွှံ့စေး၊ ဓာတ်ဆား ၊ ဆိုဒါနှင့် အမှိုက်သရိုက်များ လုံးဝ မပါစေရချေ။ အခြားအညစ်အကြေးများ ပါဝင်မှု ကို သိရှိရန် ရေဖန်ခွက် တစ်ခုတွင် ကြည်လင်သောရေကို ထည့်၍ သဲတစ်ဆုပ်မျှ ထည့်ပြီး မွှေပေး ရသည်။

မွှေပြီးနှောက် အချိန် အနည်းငယ် ကြာသောအခါ သဲများအနည်ထိုင်သွား၍ ရေ၏ အရောင်ကို ကြည့်ခြင်း ဖြင့် ရွှံ့မည်မျှ ပါဝင်သည်ကို ခန့်မှန်းနိုင်လေသည်။ လွယ်ကူစွာ သိရှိနိုင်သောအခြားတစ်နည်းမှာ သဲ အနည်းငယ် ကို လက်ဝါး ပေါ်တွင် တင်၍ လက်နှစ်ဖက်နှင့် ပွတ်ပြီးနှောက် ခါလိုက်သောအခါ ရွှံ့များပါ မပါ ကို လက်ဝါးပေါ်တွင် ကြည့်ခြင်းဖြင့် သိရှိနိုင်သည်။ သဲထဲ၌ ရွှံ့စေးနှင့် အခြားအညစ်ကြေးများသည် အလေးချိန် အားဖြင့် ၃ရာခိုင်နှုန်းထက်ပိုပါက သန့်ရှင်းစင်ကြယ်အောင် ပြုလုပ်ပြီးမှ အသုံးပြုရသည်။ သဲများ ကို ရရှိသည့် ဒေသအလိုက် လေးမျိုး ခွဲခြားထား၏။

တွင်းထွက်သဲ Pitor Quarry Sand
 
ယင်းသည် မြေမျက်နှာပြင် အပေါ်ယံလွှာကို တူးဖယ်၍ အောက်၌ရှိသော သဲများကို တူးဖော် ရယူခြင်း ဖြစ်သည်။ သဲအကြမ်းနှင့်အနု နှစ်မျိုးလုံးကို ရရှိနိုင်သည့်အပြင် သန့်ရှင်းစင်ကြယ်၍ ထက်သော စောင်း များနှင့် ပြည့်စုံသည်။ သို့ရာတွင် တစ်ခါတစ်ရံ ကျောက်မီးသွေး မှုန့်များ ပါလာပါက အင်္ဂတေနှင့် ကွန်ကရစ် တို့၏ အိပ်ချိန် ကို နှေးကွေးစေတက်သဖြင့် ထိုအမှုန့်များ မပါစေရန် အထူးဂရုပြုရမည်။

ကျောက်တုံး၊ ကျောက်ခဲများ ထုခွဲရာမှ အမှုန့်ဖြစ်သော သဲဖြစ်သည်။ အင်္ဂတေနှင့် ကွန်ကရစ် လုပ်ငန်းတိုင်း တွင် အသုံးပြုနိုင်ပြီး အထူးသဖြင့် ကျောက်ပန်းရံလုပ်ငန်းများ၌ အသုံးပြုနိုင်သည်။

မြစ်သဲ River Sand
မြစ်အတွင်းရှိ သဲသောင်ပြင်များ အပေါ်ယံလွှာကိုဖယ်၍ သန့်ရှင်းစင်ကြယ်သောသဲ များကို အောက်အလွှာ မှ ရယူနိုင်သည်။ စရိတ်သက်သာပြီး ကောင်းမွန်သောကြာင့် ဆောက်လုပ်ရေး လုပ်ငန်းများ၌ အသုံး များသော သဲဖြစ်သည်။
ပင်လယ်သဲ Sea Sand 
ယင်းသဲသည် ဆားဓာတ်ပါဝင်သောကြာင့် အင်္ဂတေနှင့် ကွန်ကရစ်တို့၏ စွမ်းအင်ကို ထိခိုက်စေသည့်အပြင် အုတ်စီရာ၌လည်း အုတ်များဆားပေါက်တက်သဖြင့် လှပခိုင်ခံမှု မရှိပေ။ ထို့ကြောင့် အသုံးပြုရန် မသင့်ပေ။ အကယ်၍ အသုံးပြုလိုပါက ရေဖြင့် ဆေးကြောပြီးမှ အသုံးပြုရသည်။

ကျောက်မှုန့်သဲ Crushed Stone Sand
ကျောက်တုံး၊ ကျောက်ခဲများ ထုခွဲရာမှ အမှုန့်ဖြစ်သော သဲဖြစ်သည်။ အင်္ဂတေနှင့် ကွန်ကရစ် လုပ်ငန်းတိုင်း တွင် အသုံးပြုနိုင်ပြီး အထူးသဖြင့် ကျောက်ပန်းရံလုပ်ငန်းများ၌ အသုံးပြုနိုင်သည်။

 
ဒီပုံတွေကတော့ မန်းလေးမြို့က သဲလုပ်ကွက် တနေရာပါ…….

 
သဲ….သဲ….သဲလှုတ်နေကြလို့ဘဲ နောက်ကျိနေသလား ….??
သဘာဝတရားကြောင့်ဘဲ နောက်ကျူနေသလား ….?? မခွဲခြားတတ်တော့ပါ 


ဘ၀ ဝမ်းစာရေးပေမို့ ……နေ ပူ ပူ မိုးရွာရွာ သဲလေး ရဖို့အတွက်.
ဧရာဝတီကို ချစ်လွန်းလို့…ငယ်ငယ်ကတည်းက ဧရာပေါ်မှာလှေအိမ်လေးတွေနဲ့ နေချင်ခဲ့တာ အခုချိန်ထိပေါ့…..(ပုံထဲက လှေကတော့ ငယ်လွန်းတယ် နော…… ဘလော့ဂါတွေ လာလည်လို့ရတဲ့ ဇိမ်ခံသင်္ဘောကြီးတွေလောက်မှ အဆင်ပြေမှာ)
 
နောက်ဆုံးတော့ တရားရေအေးတိုက်ကျွေးမှ ….ဧရာဝတီမြစ်ထဲက ဆယ်ယူထားတဲ့ ဘုရားငါးဆူပါ… လိုရာပြည့်စုံ ရန်မျိုးလုံ ပေါ်တော်မူဘုရားတွေပါ….ဆုတောင်းရင်ပြည့်ပါတယ်တဲ့ ဒါကြောင့် ဆုတောင်းပေးခဲ့ကြပါ အမိဧရာဝတီ ထာဝရ စီးဆင်း နေစေ ဖို့ အတွက် …….
နောက်ဆုံး သဲအကြောင်း အကျဉ်းချုပ်လိုက်ရရင် တချို့ နိုင်ငံများ မှာ ဆောက်လုပ်ရေး သုံး အတွက် ကို သဲ မရှိပါဘူး... တချို့ နိုင်ငံများဟာ သဘာဝ ဘေးဒါဏ် ကြောင့် ပင်လယ်ကမ်းခြေ မှာ သဲတွေ ဆုံးရှုံး သွားပါပြီ... အဲလို သဲ မရှိတော့ တခြားနိုင်ငံ ကနေ သဲ ဝယ်သုံး ရပါတယ်... ဒါပေမဲ့ အဲဒီ နိုင်ငံ တွေ က လည်း နိုင်ငံသား တွေ ရဲ့ ကန့်ကွက်မှု့ ကြောင့် သဲ ရောင်းမစား နိုင်တော့ ပါဘူး.... အဲဒီတော့ နောက်ဆုံး အမိ မြန်မာနိုင်ငံ က ထွက်တဲ့ သဲ တွေ ကိုသာ ဈေးပေါပေါ   နဲ့ ဝယ်ယူ သုံးစွဲ နေကြပါကြောင်း..

အသေးစိတ်သိချင်ရင်တော့ အောက်ဖော်ပြပါလင့်ခ် လေးတွေမှာ သွားရောက် ဖတ်ရှု့ .... နားဆင် နိုင်ပါ ကြောင်း.... 

http://www.designideology.info/ds/index.php?topic=246.0
Reference: BUILDING  MATERIALS & CONSTRUCTION ( GTI First Year Civil )

ဒါလေးတွေလဲ သဲ သတင်းတွေပါ…..
.

25 comments:

SHWE ZIN U said...



အမလေးဗျာ အချွန်နဲ့ မ နေတယ် ... ဟုတ်အောင် လို့ လုပ်လိုက်ရ ဟင်း .. ဟင်း...

ဧရာဝတီ မြစ်တကြော မျောနေအောင် ကန်ချလိုက် မှ ကြောက်ပ ဖယောင်းတိုင် ဝန်ကြီးကို..အဟဲ.. အဟဲ..

ကျေးဇူးပါ ချစ်ညီမ
ချစ်အမကြီး
ရွှေစင်ဦး
.
ရွှေစင်ဦး

Pa said...

မစစ ကို လူလွတ်ထင်လို့။ သမီးလေးနဲ့လား။ အစက မီးတို့လို အပျိုကြီးဂိုဏ်းက ထင်နေတာ။

seesein said...

မီးတို့ ဂိုဏ်းဝင်ပါကွယ် အထင်တော်မလွဲကြပါနဲ့ သတင်းကျွတ်နားနီးနေပြီလကွယ် ဒါပေမယ့် ၀မ်းမနာ သမီးတွေ တလှေကြီးမွေးထားလို့ တင်စားတာပါကွယ်ရို့

အင်ကြင်းသန့် said...

မမစစ...ဂျင်းက ငယ်သေးတယ် အသဲအကြောင်း တိတေးဝူး....:P

သဲအကြောင်းကို ဖတ်ရတော့ ပြောချင်လာတယ်။ ဒီနိုင်ငံမှာများ သဲကိုဆိုရင် လုံလုံခြုံခြုံ ပလတ်စတတ်အိတ် အထူသားတွေနဲ့ထုပ်ပြီး အဖိတ်အစဉ်တစ်စက်မှ မရှိစေရအောင် ကားပေါ်မှာ တယုတယတင်ပြီးမှ သယ်ယူကြရတာကိုတွေ့ရတယ်။ ရှားပါးတဲ့တိုင်းပြည်ကိုး....။ တို့ရွှေပြည်ကြီးမှာကတော့ မလိုချင်လောက်အောင် ပေါများနေတော့ တန်ဖိုးလည်းမထားကြတော့ပါဘူး။ သဲတင် မကပါဘူး ရှိရှိသမျှ သယံဇာတအားလုံး ပေါပေါပဲပဲနဲ့ ရောင်းစားနေကြတာ...။ သူများတိုင်းပြည်တွေကောင်းစားဖို့အတွက် ကိုယ့်တိုင်းပြည်က စိတ်သဘောထား ကြီးမြတ်စွာနဲ့ အနစ်နာခံပေးနေတာ ဆိုတော့ ရင်နာနာနဲ့ပဲ ကြံဖန် ဂုဏ်ယူလိုက်ပါတယ်။း(((

ချစ်ညီမလေး

kiki said...

စစ က သမီးရောင်းစားတာ အားမရသေး လို့ သဲပါ ရောင်းစားဖို့ ကြံနေတာလား.. ပွဲစားခ ဘယ်လောက်ရ သလည်း.. အခွန်ဆောင်စေ....
ဧရာဝတီရောဂါဆန်း ကိုခံနေကြရတဲ့ သူများ အနေနဲ့ .. ရောဂါကျွမ်း နေကြပြီ ။
ဘယ်လိုက ဘယ်လို စပြီး ရောဂါကုကြရမလည်း..မီးစလေး တစ်စ.. စစ ပဲ စရှို့  ပေးပါ ဗျိုး...
အသည်းခြောက်နေတဲ့
ဖွကိ..

Anonymous said...

အနို့ မြန်မာပြည်မှာမီးအားတွေ သုံးလို့မကုန်အောင် ပေါနေလို့ ရောင်းစားရဆိုဗျ။
ဒီဝံကြီးစကား ကြာကြာနားထောင်ရင် ရူးသွားမှဒုက္ခ။

တီချမ်း said...

နေကောင်းပါ့ ဦးရွှေဇင်ရေ

မနက်ဖြန် ကျရင်လဲ တီ့ အရင်က ရေးထားတဲ့ ဧရာဝတီ ဆိုတဲ့ ပိုစ့် တခု ကို အမှတ်တရ တင်မယ်နော်

မောင်သီဟ said...

မြစ်ဧရာအရေး တွေး
စိုးစိတ်တွေနဲ့ပဲ အားလုံးသက်ပျင်းကိုယ်စီနဲ့ ခေါင်းတခါခါ လက်တခါခါ နှုတ်ခမ်းမဲ့ရွှဲ့ စိတ်တွေတို (ဧရာအရေး)

လမ်းကြုံရင် သမီးတောင်လာရင်ကောင်းမလားတွေးမိသွား
သေးတယ် ( သီတင်းကျွတ်အရေး)

မောင်ဘကြိုင်

sosegado said...

စစ်ကိုင်းဆိုတာ ဟိုဘက်ကမ်းကလို့ ဘယ်သူပြောသလဲ
ကျောက်သပိတ်နဲ့ မင်းကွန်းခုန်ကူးလိုက်ရုံလေး
တံတားတွေလည်း ဆောက်စရာမလိုတော့ဘူးပေါ့
ရေချိုကိုတော့ တရုတ်ပြည်ကဝယ်သောက်ကြမယ်
အကောင်းကြိုက်ရင် ဂျပန်ကမှာလိုက်
မန်တလေးက ရေရှားတယ် မဟုတ်လား
ကဲ ငါတို့ဆံဖြူသွားကျိုးတဲ့အချိန် ကလေးတွေက အဲဒီလိုပြောလိမ့်မယ်။
အပြောမခံချင်ရင်တော့………….

Anonymous said...

သမီးတောင်းလို့ပြင်ဖတ်ပေးကြပါ
တိန်
စာလုံးပေါင်းမှားသူ
မောင်ဘကြိုင်

Anonymous said...

စစရာ..
တကယ် ရေးတတ်တယ် :D

ဒီနေ့ တော့ ပိုစ်တင်ဖို့ထက် ကွန်မန့်ရေးဖို့တင် အခု တစ်နာရီကြာနေပြီ။ အင်တာနက် တကယ်ဖျက်တယ် (++)

Anonymous said...

အင်း.. နောက်ဆုံးတော့ ပြဿနာက မရွှေစင့်တာဝန် ဖြစ်လာပါပေါ့လား။ ဘဝခရီးအတွက် ချစ်ချစ်ကြီး ရွေးတုန်းက ကိုယ့်အပေါ် ငဲ့မှာမငဲ့မှာ ထည့်မစဉ်းစားဘဲ တိုင်းပြည်အပေါ် သေချာပေါက် မငဲ့မယ့်လူမျိုးကိုမှ ရွေးခဲ့ရမှာ။ ဒါဆို ဒီအချိန်ကျ တစ်ပြည်လုံးက သူ့မဒမ်ကို အားကိုးနေရပြီ။ ခုတော့ ...

Anonymous said...

့heehee မစည်းစိမ် အချွန်နဲ့ မ,တာကို ထပ်ဆင့် မ,ပေးသွားတာ။ ဒါကြီးမျိုး မြစ်၁၀စင်း အလိုက်ပေးတောင် ယူဖို့ စိတ်မကူးမှန်း သိပြီးသားပါ hee hee

Anonymous said...

Good writing Chit Sa Sa Lay.I am also Irrawaddy lover though i was born cn the bank of Chindwin river.I grew up along Irrawaddy.I wonder what kind of heartless,blind and deaf wongyis they are.
Gyidaw

Anonymous said...

ဟားးးးးးးး
အစ်မစည်းစိမ်ကတော့..ရယ်ရတယ်နော်။
လက်စကမသေးဘူးပဲ....။
ဗီတိုအာဏာပိုင်ရှင်ကို..လေးစားသကွာ..
ဟိဟိ
ခင်မင်စွာဖြင့်...
မိစံ

ညီလင်းသစ် said...

မစည်းစိမ်ရေးတဲ့ပို့စ် အခုတခါပဲ ဖတ်ဖူးသေးတယ်၊ အရမ်းဖတ်လို့ ကောင်းတယ်၊ အနုပညာရော၊ စီးပွားရေး ရော၊ ဆောက်လုပ်ရေးရော အထူးပြုတဲ့ ဂျာနယ် ၃ စောင်ကို ပေါင်းထားတာတောင်မှ ဒီပို့စ်ကို မှီမှာ မဟုတ်ဘူး၊ တကယ် ကောင်းတယ်၊ တထိုင်တည်းမှာ အနုတွေ၊ အရင့်တွေ၊ အလွမ်းတွေ၊ အသောတွေ ရလိုက် အောင် ရေးနိုင်တာ အရမ်းသဘောကျတယ်...။း)

Myanmar Good Knowledg Co., Ltd said...

စစ
သိပ်အရေးကောင်းတာပဲ။
အစ်မရွှေစင်တို့ညီအစ်မတွေလေသံ သိပ်ကြိုက်တယ်။
အားကြီးပြောတတ်ရေးတတ်တယ်။

သဲသဲလှုတ်နေတာအခုမှသိရတယ်။
စိတ်မကောင်းစရာပဲ။

မအိမ်သူ said...

မစည်းစိမ်လဲ ဧရာဝတီကျမှ လက်စွမ်းတွေပြတော့တာပါလား။ ဒီလောက်စာရေးကောင်းတာ ဘလော့ဂ်ရေးပါလား စစရယ်..(မြှောက်ပေးလိုက်အုံးမယ်။ ရောဂါတက်အောင်လို့.. :D)
တို့ပြည်တို့ရွာက ဘာကိုမှ တန်ဖိုးမထားတာကတော့ ကမ္ဘာမှာ ဒီတစ်နိုင်ငံပဲရှိမလားမသိဘူး။ တကယ်ဝမ်းနည်းတယ်။ သူများတွေမှာ မရှိ ရှိတာလေးကိုတောင် တန်ဖိုးထားနေလိုက်ကြတာ.. မရှိရင်တောင် အတုလုပ်ပြီး တန်ဖိုးထားတတ်ကြတယ်။ ကိုယ့်မှာ ရွှေပုံပေါ်ထိုင်ပြီး ရွှံ့လောက်တောင် တန်ဖိုးမထားတတ်ကြတာ ရင်နာတယ်။

Mamoonn said...

အားလုံး ရင်မောစရာတွေပါပဲလား ..မမရေ..။
ဧရာဝတီအကြောင်းလိုက်ဖတ်ရင်း အသည်းတွေလည်း တစ်ဖြုတ်ဖြုတ်ကြွေ..ပါပဲ မမရေ..။

mstint said...

ဧရာဝတီအကြောင်းကို စီကာပတ်ကုံးရေးသွားတဲ့ စစရေ။ အရည်အချင်းတွေကို ထင်ထင်ရှားရှားမြင်သွားပြီ။ သီးသန့်ဘလော့လေးလုပ်ဖို့ အကြံပေးသွားတယ်နော်း)
မြစ်ဧရာ အေးချမ်းစွားနဲ့ ဆက်လက်စီးဆင်း ရှင်သန်နိုင်ပါစေလို့ ဆုတောင်းခဲ့တယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

kztk said...

စစတို့ ပြောရေးလိုက်မှပဲ ငယ်ငယ်တုန်းက ငါးမျှားခဲ့တာလေးတွေရယ်.. သဲသောင်ပြင်ပေါ်မှာ ဆော့ကစားခဲ့တာတွေကို ပြန်ပြီး တမ်းတ လွမ်းစွတ်မိပါရဲ့ဗျာ.. နောက်ပြီး တစ်ခု ရှိသေးတယ်ဗျ.. ဧရာဝတီ မြစ်ရေ.. ပေါင်လယ်လောက်နဲ့ သဲသောင်ပြင်ကို ဖြတ်သွားပြီးတော့ အနောက်ဘက်ကမ်းကူးပြီး ထန်းရည်သွားသောက်ကြတယ်လေ.. ပြန်လာတော့ မူးပြီး သဲသောင်ပြင်ပေါ်မှာ အိပ်တဲ့သူက အိပ် ဆော့တဲ့သူက ဆော့နဲ့ အရမ်းပျော်စရာ ကောင်းခဲ့တယ်ဗျာ.. အဲဒါတွေကို ပြန်လည် အမှတ်ရလွမ်းမိစေပါတယ်..

ခင်မင်စွာဖြင့်...
ကိုဇော်သိင်္ခ

ြုမသွေးနီ said...

ညီမ စစရေ...

ဧရာဝတီသဲ River Sand တွေ သာမက မြိတ်၊ ထားဝယ်က Sea Sandတွေကိုပါ Export လုပ်နေကြတယ်။ သိသလောက် S'poreကို ပို့ကြတယ်။ ဟိုဘက်မှာ Constructionအတွက် ထက် မြစ်ကမ်းတွေ ဖို့ဘို့ ၀ယ်ြ့ကတယ်လို့ သိရတယ်။ တိုင်းပြည်ရဲ့ သဘာဝ သယံဇာတတွေက တအိအိနဲ့ ပဲ့ပါနေကြပြီ ညီမရေ။

သူကြီးမင်း (တုံးဖလား) said...

စုံနေတာဘဲ။ ဟန်ကျလိုက်တာ။ ဧရာဝတီအကြောင်း ဖတ်ရင်း မမစစတို့ ကလေးဘ၀ အကြောင်းလေးပါ အဆစ်ဖတ်ရလိုက်သေးတယ်။ နောက်ကိုလဲ အခုလို များများ ရေးနော်။ ကိုယ်တိုင်ရေးဆို မလွတ်တမ်း ဖတ်မယ်။

ဧရာဝတီ မရပ်သန့်ပါစေနဲ့။ ဆက်လက် စီးဆင်းနိုင်ပါစေ။

ခင်မင်လျှက်

ahphyulay said...

အင်း..
မမ စစ, အပေါ်က ပြောသလိုပါပဲ..။
ဒီလောက်အရေးကောင်းနေတာ၊
ရေးဟန်က မမကီနဲ့  နဲနဲဆင်တယ်၊
အငေါ့ လေးတွေပါတယ်၊ သူကတော့ 
သရော်တာ ပိုများတယ်၊ ဒေါသသံလည်း
ပါသလို မောသံလည်းပါတယ်။
စစ,ကတော့  ရေးတာ ငြိမ်တယ်။
ဧရာဝတီကိစ္စကတော့ လေထဲမှာ ပလူပျံ
နေပြီ။ အခု စစ ပြောသလို သဲကိစ္စ တစ်ခု
တိုးလာပြန်ပြီ။ ဟား... ဒို့ နိုင်ငံကြီးမှာ
ဘာတွေ ကျန်နေသေးလဲဟင်၊ ရောင်းစရာ။
ဒီလောက်သယံဇာတပေါနေတာတောင်
မွဲပြာကျနေတာ ဘာလို့ လဲဗျာ..။

မေဓာဝီ said...

အရီးလေးရေ
ဒီပို့စ်ကို ဟိုနေ့ကတည်းက ဖတ်ပြီးပေမဲ့ ခုမှမန့်ဖြစ်တယ်။
နောက်ကျသွားတာ ခွင့်လွှတ်နော်။
သမီးလေးဆိုလို့ အရီးလေးကို သူများတွေ အထင်လွဲကုန်ကြပြီ :))
သမီးနဲ့ပါဆို ဒီအပျို ဇာတ်ကားရိုက်နေတာပါ လို့ ... ပြောလိုက်လေ။

အားလုံးကတော့ အရီးလေး လက်ရာကို အားပေး (မြှောက်ပေး) နေကြပြီ။ မပျင်းမရိ ဆက်ရေးဖို့ ကတော့ အရီးလေး တာဝန်သာ ဖြစ်ကြောင်း ...

ကြီးမေကတော့ ဆုတောင်းပြည့် ဘုရားရှေ့မှာပဲ သစ္စာပြု တိုင်တည်ပြီး ဧရာဝတီအတွက် ဆုတောင်းချင်ပါကြောင်း ...