Wednesday, September 14, 2011
ရွှေစင်ဦး လည်း ဧရာဝတီ ကို လွမ်းတတ်တယ်
မနက် မိုးလင်း တာ နဲ့ ကိုယ့် ဗိုက် ကို ကိုယ် ပွတ်ပြီး နိုးလာကြတဲ့ သားသမီး ခြောက်ယောက် ကို တနေ့ တမျိုး ဆိုပေမဲ့ အမျိုးမများ လှ တဲ့ ထမင်းကြော် .... ကောက်ညှင်းပေါင်း .... ပဲထမင်း .... ထမင်းဆီဆမ်း နဲ့ အကြော် ....  မြုံပစ်သလက် .... ဆိုတာတွေ ကို တလှည့်စီချက်ပြုတ်ကျွေးရင်း....ဆိုင်က ပါဆယ် ဝယ်လာ တဲ့ လက်ဘက်ရည် လေး နဲ့ အီကြာကွေး လေး တခြမ်းတဖဲ့ ကို အမောပြေ စားရင်း.. မေမေ့ သားသမီး တွေ ကို သနား တယ် လို့ ချစ်သောမေမေ က အမြဲတမ်း ပြောလေ့ ရှိပါတယ်....
မေမေ ဘာလို့ သနားတာလည်း ဆိုတာ မရိုးနိုင်အောင် ကြားဘူးနေလို့..
ရွှေစင်ဦး ဟာ ငယ်ငယ်လေး ကထဲ က ဧရာဝတီ ကို ချစ်သလို ဧရာဝတီ လွမ်းတတ်ပါတယ်...
အင်္ဂလိပ်မင်း များ လက်ထက်က ဘဘကြီး (မေမေ ရဲ့ ဖေဖေ) ဟာ ဧရာဝတီ သဘောၤ ကိုယ်စားလှယ် ကြီး ဖြစ်တဲ့ အတွက် မေမေ တို့ မိသားစု ဟာ မြင်းခြံဆိပ်ကမ်း ...... ဆိပ်ကမ်း တွေ က ဆိပ်ခံ ဘောတံတားကြီး ပေါ်မှာ ဆောက်ထား တဲ့ ဧရာဝတီ ပေါ် က နှစ်ထပ် အိမ်ကြီးပေါ်မှာ နေခဲ့ရသလို... ဧရာဝတီ မြစ်ရိုး တလျှောက် သဘောၤ နဲ့ အတူ မေမေ.. လျှောက်လိုက်သွားရင်း... တွေ့ရှိခဲ့တဲ့ မရိုးနိုင်တဲ့ ဧရာဝတီ ပုံရိပ်များ နဲ့ ဧရာဝတီ က ကျွေး တဲ့ အစားအစာ တွေ အကြောင်း ကို အမြဲတန်း နားထောင် နေရတဲ့ အတွက် ဖြစ်ပါတယ်...
ဧရာဝတီ ရေကိုသောက်.. ဧရာဝတီကြောင့် ရတဲ့ အလုပ်ကိုလုပ်... ဧရာဝတီ က ကျွေးတဲ့ ထမင်းစား.... ဧရာဝတီ ရေပြင် မှာ အိမ်ဆောက် ... ဧရာဝတီ ကို ဘဝလုပ် နေခဲ့ရတဲ့ အဖိုး .. အဖွား နဲ့ မေမေ တို့ရဲ့ သမီး ရွှေစင်ဦး ဟာ ငယ်ကထဲ က ဧရာဝတီ ကို ချစ်ခဲ့သလို.. ဧရာဝတီ ပုံပြင်များ နဲ့ ကြီးပြင်းခဲ့ ရပါတယ်..။
အစားအသောက် မက်မော တဲ့ အကောင်းကြိုက်တဲ့ ရွှေစင်ဦး ဟာ... မနက်မိုးလင်း စာ ဆိုရင် မေမေ တို့ ငယ်ငယ်က .. ဘာစားလည်း ဟင် လို့ မေးတတ်ပါတယ်...
မေမေတို့ မနက်ဆိုရင် ပေါင်မုံမီးကင်.. ဝက်ပေါင်ခြောက်..   ကြက်ဥပြုတ်.. ကြက်ဥကြော် တူတံဆိပ် ထောပတ်... လဘက်ရည်.. လဘက်ရည် ဆိုရင် လဘက်ခြောက်နှပ်ပြီးသား တခါးရား..  နွားနို့တခါးရား ... သကြားခဲ.. တဲ့... ကိုယ် ကြိုက် သလို ဖျော်သောက်တာပေါ့ တဲ့... ငါးသလောက်ဥ ပေါ်ချိန်ဆိုရင် ငါးသလောက်ဥ ကြော်ကြီးများတောင် ပါ ပါသေးတယ်တဲ့ ... အင်း မေမေ က ဒဂုန်တာရာ ရဲ့ ဇာတ်လိုက် ဘဲလို့ ပြောရင်း ကိုယ့်နှုတ်ခမ်းကိုယ်သိမ်း လို့ တိတ်တိတ်ကလေး လှည့် ထွက်ခဲ့ရတယ်...။
အင်္ဂလိပ်မင်း များ လက်ထက် က ဧရာဝတီ သဘောၤကိုယ်စားလှယ် ကြီး ရဲ့ သမီး မနက်စာ နဲ့ မဆလ ခေတ် က ကျောင်းဆရာ တယောက် ရဲ့ သမီး မနက်စာ က ကွာပါပေတယ်.....
မေမေ ဟာ သနားစရာကောင်းပါတယ်.. သားသမီး နဲ့ ယောက်ကျား ဗိုက်ဝအောင် အဟာရပြည့် ဝအောင် မနက်စာ ကို အဲလို စီမံ ကျွေးပေမဲ့ .. သူခမျာတော့ မနက် အစောစာ ကို ထမင်း တွေ ကောက်ညှင်း ပေါင်း တွေ မစားတတ်ပါဘူး.... မစားနိုင်ပါဘူး...  အိမ်မှာ ရွှေစင်ဦး တို့ ငယ်ငယ်ကတော့ နို့ဆီဗူး နဲ့ လဘက်ခြောက် နှပ်ပြီး သောက်နိုင်သေး ပေမဲ့ ... တစ တစ တက်လာတဲ့ ကုန်ဈေးနှုန်းတွေ  နဲ့ တနှစ် ထက် တနှစ် များလာတဲ့ သားသမီး တွေ ကြောင့် အိမ်မှာ လည်း လဘက်ရည် ဖျော် မသောက်နိုင်တော့ ပါဘူး....။
မနက်မိုးလင်း ရင် ရွှေစင်ဦး တို့ အတွက် ရိက္ခာကို မေမေ က ချက်ပြုတ် ပေးသလို မေမေ အတွက် ရိက္ခာကို လည်း သားသမီး တယောက်ယောက် က သွားဝယ်ပေးရပါတယ်... လဘက်ရည် ဂျိုင့်ဆွဲလေး တခွက်.. အီကြာကွေး လေး တချောင်း.. နံပြားလေး တချပ်ပေါ့....
မှတ်မှတ်ရရ ရွှေစင်ဦး မောင်အလတ် (အလွန်အမင်း အစအနောက်သန်သူ) တယောက် ဟာ မေမေ အတွက် လဘက်ရည် ဂျိုင့်ဆွဲလေး ကို သမဝါယမ ဆိုင် က တခွက် ကို သုံးမတ် (ရ၅ပြား) နဲ့လား မသိဘူး အမြဲ ဝယ်ပေးရပါတယ်... ရွှေစင်ဦး တို့ အိမ် နဲ့ ကပ်ရက်မှာ လည်း အလွန် ကပ်စီးနဲပြီး အလွန် အပေါက်ဆိုး တဲ့ အဒေါ်တယောက် နေပါတယ်... သူကလည်း သူ့သားငယ် (မောင်လေး နဲ့ အသက် အတူတူ) ကို အမြဲ လက်ဘက်ရည် ဝယ်ခိုင်းပါတယ်....။
တနေ့ တော့ မောင်လေး ဟာ..ဂျိုင့်လေး ဆွဲပြီး လက်ဘက်ရည် ဝယ်လာရင်း ပါးစပ်ကလည်း အော် လာပါတယ်... မေမေ ရေ လက်ဘက်ရည် တွေ ဈေးကျသွားပြီ... ရော့ ပိုတဲ့ ပိုက်ဆံ ပြန်အမ်းတယ် နော် ဆိုပြီး ပြောပါတယ်... မေမေ ကလည်း ပိုတဲ့ ပိုက်ဆံ ဆိုပြီးယူလိုက်တော့ ဘာမှ မပိုပါဘူး... ပါးစပ် ကို လက်ညှိုးကပ် ပြီး နှုတ်ပိတ်ပါတယ်....။
မေမေ ကလည်း ထွေထွေထူးထူး မေးမနေပါဘူး... ခဏနေ တော့ မှ ကပ်ရက်အိမ် က ဆူညံ ဆူညံ သံတွေ ကြားပါတယ်.. လဘက်ရည် ဈေးကျရဲ့ သားနဲ့ ပိုက်ဆံ ပြန်မအမ်းလို့ ညာလို့ ဆိုပြီး သူ့သားကို ဆူနေသံ ပါ... အဲဒီကြမှ မောင်လေး ဟာ အဲဒီအဒေါ် ကို ကြံဖန်စ နေတာပါလား ဆိုတာသိပါတယ်..။
မောင်လေး ရဲ့ အစအနောက် တွေကတော့ ပြောရရင် ဇာတ်လမ်းတပုဒ် ဖြစ်မှာမို့ ဧရာဝတီကို ဘဲ ပြန်သွား  လိုက် ကြရအောင်....
တခါတလေမှာ ... ရွှေစင်ဦး မကြိုက်တဲ့ မကောင်းတကောင်း ဟင်း များကိုစားရင်း... မေမေ့ ရဲ့ ဧရာဝတီ က ကျွေးတဲ့ ထမင်းဝိုင်း များကို သတိရမိပါတယ်...
မေမေ တို့ မေမေ (မေမေကြီး) ဟာ ရုပ်ရည်ချောမော သလို အင်မတန် ကျွေးချင်မွေးချင် တဲ့ စိတ်ကောင်း စေတနာ ရှိပါတယ်... မေမေ တို့ အိမ် မှာ ဟင်းချက်တယ် ဆိုရင်... တော်ရုံ အိမ်ထောင်စု ၃-၄ စု စာလောက် ချက်ရပါတယ်တဲ့... တပည့်တပန်း တွေ ဆွေမျိုးသားချင်းတွေ အတွက်ရောပေါ့.... 
ဧရာဝတီ မြစ်ဝကျွန်းပေါ်က ထွက်တဲ့ မွှေးကြိုင်နေတဲ့ ပုသိမ် ပေါ်ဆန်းမွှေး စစ်စစ် နဲ့ ချက်ထား တဲ့ .. ထမင်းမွှေးမွှေး  နဲ့ ... ဧရာဝတီ က ရတဲ့ ငါးသလောက် လတ်လတ်ကြီးတွေ... နှုတ်ခမ်းမွှေး တန်းလန်း နဲ့.... ပုဇွန်ထုပ် တထွာလောက် ကြီးတွေ.. ဟာ ရွှေစင်ဦး ရဲ့ အိမ်မက် ထဲ ထိတောင် လာရောက် ကြည်စယ် ကြပါ တယ်...
ဧရာဝတီ က ပေးတဲ့(ငါးကျည်း..ငါးပြေမ..ငါးရံ့လုံး) အကောင်ကြီး တွေ နဲ့ လုပ်ထားတဲ့ သုံးဦးစပ် ငါးပိရေချို မွှေးမွှေးလေး နဲ့ အတို့အမြှုတ် အတွက် ဧရာဝတီ မြေနုကျွန်းပေါ် က ခရမ်းသီး မျက်မမြင်လေး တွေ... ဗူးသီးနုနု.. ဗူးညွှန့်နုနု လေးတွေ ဟာလည်း ကြားရုံ  နဲ့ ပါးစပ်တပြင်ပြင် ဖြစ်စေပါတယ်...
အဲဒီအချိန် မှာ ရွှေစင်ဦး တို့ ဖေဖေ ဟာ ဒီမိုကရေစီ ကို ဆန့်ကျင်ပြီး သမဝါယမ က ပေးတဲ့ ငါးပိ ညိုညစ်ညစ် လေး တွေ ကိုတောင် စားသောက် ခွင့် ပါမစ်ပိတ်ထားတဲ့ အတွက်... ငါးပိ နံ့ ရရင် တောင် ထမင်းဆာ တဲ့ ရွှေစင်ဦး အတွက် ကတော့ ... အသံလေး ကြားရတာနဲ့... တော်တော်ချင်ခြင်း ပြေ သွားရ တဲ့ လွမ်းရတဲ့ ဧရာဝတီပါ.....
(ငါးပိ မစားရတဲ့ ဖေဖေ ရဲ့ မတရားတဲ့ ဥပဒေ နဲ့ ပတ်သက် လို့ စာလေး တပုဒ် ရေးဘူးပါသေးတယ် ဒီမှာ ဖတ်လို့ ရပါတယ် ...) 
တခါတခါ တော့ မေမေ့ ကို မနက်စာဟင်းချက်ဖို့ ကူလုပ်ပေးရင်း မေမေ ရေ ဧရာဝတီ က ပေးတဲ့ ဟင်းတွေ ပြောပြပါအုန်း ဆိုရင်... တခါမှ မမြင်ဘူးတဲ့ ပုဇွန်ကင် ... ငါးသလောက်ကင်...ဒုံးခြောက် အကြီးကြီး တွေ နဲ့ ဧရာဝတီ ထဲက ရတဲ့ ငါးကြင်းရွှေဝါ အကွင်း အကွင်းကြော် ကြီး တွေ...  ငါးရံအူချက် ..... တွေ ကို တမ်းတမိလောက်အောင် မေမေ ရယ် ပြောတတ်ပါပေတယ်...
ရွှေစင်ဦး တို့ ရဲ့ ထမင်းဝိုင်း မှာတော့ ဧရာဝတီ က ရတဲ့ ငါးလမြွေ တုတ်တုတ် ကြီးတွေ ကို ရေချိုချက်..... တခါတလေတော့ ဥနိုင်းချင်း နဲ့ ငါးပုဏ္ဏား အကောင်ကြီး တွေ ဆီပြန်ချက်... တခါတလေ တော့ လည်း ... ငါးပတ်မွှေဆီပြန်... ငါးသလောက်ကြော်... တို့တော့ စားနိုင်ခဲ့ပါတယ်.... သြ နှုတ်ခမ်းမွှေး သေးသေး လေး တွေ နဲ့ ပုဇွန်လေး တွေလည်း မကြာမကြာ စားပါတယ်....  ဒါတွေဟာ ရွှေစင်ဦး တို့ စားနိုင် တဲ့ ဧရာဝတီ ကပေးတဲ့ အကောင်း ဆုံး စားဖွယ်ရာ တွေဘဲပေါ့.....
ဘဘကြီး တို့ (မေမေ တို့) မိသားစု ဟာ ဧရာဝတီ နဲ့ ကပ်ရက် ဒေးဝန်းရပ်ကွက်ထဲမှာ လည်း မျိုးရိုး စဉ်ဆက် နေခဲ့ တဲ့ အိမ်မဲကြီး နဲ့ ခြံကျယ်ကြီး ရှိပါတယ်... အခြေအနေ အမျိုးမျိုးကြောင့်  မေမေ တို့ ဧရာဝတီ နဲ့ ဝေးခဲ့  ရသလို.... အိမ်ကြီး နဲ့လည်း ခွဲခဲ့ရပါတယ်....
ကျနော်တို့ သားအမိ တတွေ ဟာ မေမေ ..  ဧရာဝတီ ကို လွမ်းတိုင်း .... အိမ်ကြီး ကို လွမ်းတိုင်း ဧရာဝတီ ကြည့် ... အိမ် ကြည့်သွားခဲ့ကြပါတယ်..... အိမ်ကြီး ဟာ မေမေ တို့ နဲ့ ဘယ်လို မှ ပတ်သက်မှု့ မရှိတော့ ပေမဲ့ မေမေ ဟာ သားသမီး တွေ ကို .... ဟိုအခန်းလေး က မေမေ နေခဲ့တဲ့ အခန်းလေးပေါ့.... ဒီဘက် အခန်း မှာ မေမေကြီး နဲ့ ဘဘကြီး နဲ့ နေတယ်... ဟိုဘက် က အခန်း က မေမေတို့ ကြီးကြီး အပျိုကြီး အခန်း ပေါ့... ကြီးကြီး ပျင်းတဲ့ အခါ မေမေ တို့ မောင်နှမ တွေ ကို ပိုက်ဆံ ဝေပေးပြီး ကြီးကြီး နဲ့ ပိုကာဒေါင်း ကြတယ်လေ...
အဲဒီ ဆင်ဝင်ဘေးက.. ပိတောက်ပင်ကြီး အောက်  မှာ ....ပက်လက် ကုလားထိုင် လေး နဲ့ မေမေ ထိုင်ပြီး စာဖတ် နေတုန်း.. ရပ်ကွက် က အလှူခံ တဲ့ လူတွေ ရောက်လာပြီး... ကလေးမ ရေ စိတ်ကူးယဉ် တာလေး တွေ ခဏရပ်ပြီး ဟောဒီက အလှူခံ လေး လာထဲ့ ပါအုန်း လို့ လာ လာအော်တယ်.. မေမေ ဖြင့် အရမ်း စိတ်ဆိုး တာဘဲ လို့ ပြောရင်... ကျနော် တို့ မှာ စကပ်ဖားဖား လေး နဲ့ ဆံပင် တိုတိုလေး ကို ကျစ်ဆံမြီး ကျစ် ထားတဲ့...  အပျိုပေါက်စ ချောချောလေး မေမေ စိတ်ဆိုးနေ တဲ့ ပုံ ကို စဉ်းစားပြီး ပုံဖော် ကြတယ်....
နောက်ပြီး ကျနော် တို့ ဧရာဝတီ ကို သွားကြည့် ကြတယ်.... မြစ်ကမ်းနဘေး က အုပ်ဆိုင်း နေတဲ့ သစ်ပင်ကြီး တွေ ရဲ့ အောက်မှာ ဧရာဝတီ ရင်ငွေ့ကို ခိုလှုံရင်း မေမေပြောတဲ့ ဧရာဝတီ ပုံပြင်များ ကို နှလုံးသား နဲ့ ခံစား ကြပါတယ်....
ကျနော် ဟာ ငယ်ကထဲက ခုချိန်ထိ စိတ်ရှုတ်ထွေးတဲ့ အခါ.... နာကျင်ခံစား  ရတဲ့ အခါ.. ဧရာဝတီ ရဲ့ ရင်ခွင် မှာ ဝင်ရောက် ခိုလှုံရ ပါတယ်...... ဧရာဝတီ ကပေးတဲ့ အင်အား တွေ နဲ့ ဘဝ အမောတွေ ဖြေရ ပါတယ်.......
လွန်ခဲ့တဲ့ သုံးနှစ်လောက် က အထိ မေမေ့ ရဲ့ ငယ်ဘဝ ပုံရိပ် ထဲက အိမ်ကြီးကတော့ ရှိ နေပါ သေးတယ်.. နှစ်ချို့ပင်များ နဲ့ အုပ်ဆိုင်း နေတဲ့ ခြံဝန်းတဝက် ကို ရောင်းလိုက်ကြပေမဲ့.. အိမ်ကြီး ကတော့ ပုံစံ မပျက် ကျန် နေပါတယ်...
ဒီအိမ်ကြီး ကို လည်း မေမေ နဲ့ ကျနော် တို့ နောက်ထပ် ဘယ်နှစ်နှစ် များ သွားကြည့် အလွမ်းဖြေနိုင် တော့မှာလည်း... တချိန်မှာ တော့ အိမ်ကြီး ကို ဖျက်ပြီး ရာဇဝင် အသစ် တွေ ဖန်တီးကြလိမ့်မယ်... ဒါတွေဟာ သဘာဝ တရားတွေပါဘဲ.... သူတို့ အတွက် ဒီအိမ်ကြီး မှာ ရာဇဝင် မရှိသလို သမိုင်း မရှိဘူး.... သာမန် အိမ်အို အိမ်ဟောင်း ကြီး တလုံး ပါဘဲ.......
အများနဲ့ မသက်ဆိုင် တဲ့ ပုဂ္ဂလိက ခံစားချက် တွေ ကို သာ ပေးစွမ်း နိုင်တဲ့ အတွက် အိမ်ကြီး ရဲ့ ဆုံးရှုံးမှု့ ဟာ မပြောပ လောက်ပါဘူး...
ဒါပေမဲ့ အားလုံး နဲ့ သက်ဆိုင်တဲ့ အားလုံး အတွက် ရာဇဝင်တွေ ရှိခဲ့ တဲ့ ... ဘယ်တော့ မှ မအိုဟောင်း နိုင်တဲ့ .... ကမ္ဘာတည်သ၍ ရှိနေရမဲ့ ..  ဧရာဝတီ ကို တော့ ကျနော် တို့ အဆုံးရှုံး မခံနိုင်ပါဘူး.....
တကယ်တော့ ဧရာဝတီ ဆိုတာ ... နိုင်ငံသားတိုင်း ချစ်မြတ်နိုးရာ... တွယ်တာအားကိုးရာ... မိခင်ကြီး ပါဘဲ..... အမေ မရှိတဲ့ သားသမီးများ မရှိနိုင် သလို ဧရာဝတီ နဲ့ မပတ်သက် ခဲ့ဘူးတဲ့ မြန်မာပြည်သူ ပြည်သား များ လည်း မရှိနိုင်ပါဘူး.....
ကျနော် တို့ ကြားဖူးနေတာက အဖေ မပေါ်တဲ့ သား-သမီး တဲ့ အမေ မပေါ်တဲ့ သား-သမီး ဆိုတာတော့ မရှိပါဘူး .. အခုတော့ ကျနော်တို့ မြန်မာပြည်သူပြည်သား အားလုံး ဟာ မကြာခင်မှာ နှစ် အနည်းငယ် အတွင်း မှာ အမေ မပေါ်တဲ့ သားသမီး များဖြစ်ကြရတော့မယ်...
မကြာလှ တဲ့ အချိန် အတွင်း မှာ  .... ဘယ်တော့ မှ မသေဆုံးမဲ့ ... အမြဲနုပျို နေတဲ့.. သားသမီး များကို ထာဝရ ကျွေးမွေးစောင့်ရှောက် နေတဲ့... ချစ်သော အမေ ကို ရထားတဲ့ ... သားသမီးများဟာ...  အမိမဲ့ သား ရေနည်းငါး  ဆိုသလို ..... ကမ္ဘာ့ အလည် မှာ မျက်နှာ ငယ်ကြရ တော့မယ်...
အို .... အမေ... ချစ်သော အမေ ... အမေ့ ကို ဘယ်လို ကျနော် တို့ကယ်တင်ကြရမလည်း...
လေးစားစွာဖြင့်
စာရေးသူ - ရွှေစင်ဦး
.
28 comments:
sosegado said...
သင်သိပါသည် ဧရာဝတီ လို့ပြောရမလိုပါ၊
ဧရာဝတီ ကသိပေမဲ့၊
မသိတဲ့သူတွေ ရှိနေတော့………..
မောင်ဘုန်း said...
ဧရာဝတီ ဟင်းတွေက ကောင်းတယ်ဗျာ ...
ချစ်သူမောင် said...
ဧရာဝတီကတော့လူမိုက်တွေရဲ့လက်ထဲ
ဒဏ္ဍာရီဖြစ်ကျန်တော့မယ်ထင်ပါရဲ့ဗျာ.......
ခင်မင်လေးစားလျှက်
PhyoPhyo said...
ဧရာဝတီကပေးတဲ့ဟင်းတွေ မျက်စိထဲမြင်ပြီး
ဧရာဝတီကရမယ့်ဒုက္ခတွေအတွက်တော့ စိတ်မကောင်းဘူး။
မရွှေစင်တို့ မေမေပုံလေးဖေါ်ရင်း မျက်ရည်လည်လောက်အောင် လွမ်းသွားတယ်။
မောင်မောင် said...
မြစ်မင်းဧရာရဲ့ လည်ချောင်းသွေး နဲ့ 
မကြာခငတရုတ်ပြည်ကြီး မှာ မီးလင်းမယ်ဆိုယင်
သူ့ သားသမီးတွေဖြစ်တဲ့ မြန်မာပြည်သား
တွေမျက်ရည်ကျရတော့မှာပေါ့။
မရွှေစင်ဦးရဲ့ အရေးအသားကဧရာဝတီရဲ့ 
ကျေးဇူးတွေကိုပေါ်လွင်စေပါတယ်။
ညီလင်းသစ် said...
အမရွှေစင်ဦးရဲ့ “ဧရာဝတီရဲ့ လွမ်းပုံပြင်” ကို ဖတ်ပြီး နင့်သွားတယ်၊ ဟိုးအရင်ခေတ် အင်္ဂလိပ်လက်ထက် ကနဲ့ ယှဉ်လိုက်ရင်တောင် အခုဧရာဝတီက အရိုးပေါ်၊ အရေတင် ဖြစ်နေခဲ့တာ...၊ ဒါကိုတောင် သနားရ ကောင်းမှန်း၊ စောင့်ရှောက်ရကောင်းမှန်း မသိဘဲ ငါတကော, ကောနေတာကတော့ လွန်လွန်းပါတယ်၊ ဧရာဝတီကို လွမ်းတဲ့ အလွမ်းတွေ ရင့်မလာစေချင် ပါဘူးဗျာ...။
အင်ကြင်းသန့် said...
မမရွှေစင်ရေးပြလိုက်တော့ ညီမလေးလည်း အမေကြီး(အဘွား)နဲ့ မေမေတို့တွေရဲ့ ဧရာဝတီပုံပြင်တွေကို သတိရသွားမိတယ်။ ရေးမယ်လို့စိတ်ကူးလည်းရှိတယ်။
ဧရာဝတီကယ်ဖို့ရာကတော့ ဘယ်လိုကယ်ရကယ်ရ ကယ်ကိုကယ်ရမှာပဲလို့ ထင်ပါတယ်။
ချစ်ညီမလေး
Anonymous said...
အမကြီး....
ကျွန်တော် အခုမှပဲ အမကြီးကိုယ်ပိုင် အတွေးနဲ့ရေးတဲ့စာကို
ဖတ်ဖူးတာပါ။အရင်ကတော့ စာရေးဆရာ တွေ ရေးထားတဲ့ ၀တ္ထုကိုပဲ ပြန်တင်ပေးသမျှ လိုက်ဖတ်နေတာလေ။
အမကြီးက စာရေးတော်တော်ကောင်းတာပဲ စာဖတ်နေတဲ့သူ မျက်ဝန်းထဲမှာ ပေါ်လာအောင်ကိုရေးနိုင်စွမ်းရှိတယ်
အမကြီးတို့ မေမေ ရဲ့စိတ်ခံစားမှု့ နှင့်အတူ အိမ်မဲကြီးကိုပါ မြင်မိလိုက်သလိုကို ခံစားလိုက်ရတယ် ဧရာဝတီ ကတော့ တားဆီးသမျှ ထိုးခွင်းသွားပါလိမ့်အုံးမယ်။
ချော(အစိမ်းရောင်လွင်ပြင်) said...
ဖတ်ပြီး ဝမ်းနည်းမိတယ်
တာဝန်ရှိလူကြီးမင်းများ ပြောသလို ဘာမှ မဖြစ်ဖူးဆိုရင် ကောင်းပါရဲ့
ဖြစ်လာခဲ့ရင် သူတို့ ဘယ်လိုတာဝန်ယူမှာလဲ
ပြည်သူပြည်သားတွေကို ဘယ်လိုလျှော်ကြေးပေးမှာလဲ လို့ မေးကြည့်ချင်တယ်
ငါတို့တော့ အခုစားပြီးပြီ
နောင်ဖြစ်လာတဲ့ပြဿနာ ငါတို့နဲ့မဆိုင်ဘူး ဆိုရင်တော့
ဒုက္ခရောက်ကြရဦးမယ်
ပိုက်ဆံရတာဘဲမြင်ပြီးနောင်တော့မှ အကျိုးဆက်တွေ ခံစားရရင် အဲဒီအချိန်က နောက်ကျသွားလောက်ပြီ။
သဒ္ဓါလှိုင်း said...
မမတို့ရဲ့ ဧရာဝတီသမိုင်း ပုံရိပ်လေးက လွမ်းစရာကောင်းလိုက်တာ။ ကယ်တင်လို့ရအောင် ကယ်တင်မယ်မမ။
ချစ်တဲ့
ညီမသဒ္ဓါ
susu said...
"ေ ကြွးတင်ကျွန်ဖြစ်"ဆိုတဲ့‌ရှေးစကားသိပ်မှန်တာဘဲ..
တနိုင်ငံလုံးမှာရှိတဲ့ေ မြ‌ပေါ်ေ မြ‌အောက်၊သက်ရှိ၊သက်မဲ့
အစိုင်အခဲ၊အ‌ငွေ့ပါမကျန်‌တောက်တဲ့၊အိမ်ေ မြှာင်၊ပိုးဟပ်
အဆုံး‌ရောင်းစားလို့မ‌ကျေနိုင်‌သေး‌တော့စီးဆင်း‌နေ
တဲ့‌ရေအလျင်ကိုပါလက်ညှိုးထိုးပြီး‌ရောင်းစားကြပြန်တယ်
‌နောက်ဆိုရင်တရုတ်ပြည်ရဲ့လိုအပ်ချက်ကြိုဖည့်ဆည်း‌ပေးဖို့အတွက်လူမိန်းမ‌တွေသား‌ဖေါက်ပြီးမပို့ဘူးလို့ဘယ်
သူေ ပြာနိုင်မှာလဲ...ရိုင်းသွားရင်လဲခွင့်လွှတ်ကြပါ..
ရင်နာလွန်းလို့ပါ...ဧရာဝတီဆိုတာမြန်မာပြည်ရဲ့အသက်၊
‌သွေးေ ကြာဆိုတာလူတိုင်းသိပြီးသား၊နားလည်တတ်ကျွမ်းတဲ့သူ‌တွေ‌ဝေဖန်‌ထောက်ပြပြန်‌တော့လဲလက်မခံ
‌ဘောင်ဘင်ခတ်တဲ့အသံကထွက်လာ‌သေး..။
ပေါ့ဆိမ့် said...
အချိန်ကနီးသထက် နီးကပ်လာပြီ အကောင်းဆုံးတစ်ခုတော့ အားလုံးလုပ်စို့ ...
ခင်မင်စွာဖြင့်
ဆင်တဲကဖေး
ကိုကိုမောင်(ပန်းရနံ့) said...
အရွယ်ရောက်လာမှ ဧရာဝတီရနံ့ကို ရှူရှိုက်ခွင့်ရခဲ့ပေမဲ့ ဧရာဝတီကို သိပ်ချစ်နေတဲ့သူပါ။ နာမည်လေးလှသလောက် သဘောကောင်း မနောကောင်း စေတနာကောင်းလေးပါ။
ခင်မင်လျှက်
blackroze said...
မကြီးရွှေစင်ရေ
ဧရာဝတီနဲ့ပတ်သက်ပြီး
လူတိုင်းခံစားကြရပါတယ်..
အဲတာကိုမှရက်ရက်စက်စက်လုပ်ရက်တဲ့
သူတွေကလည်းရှိသေးတယ်..
ဧရာဝတီကပေးတဲ့ ဟင်းတွေက
မျက်စိထဲမြင်ယောင်ကြည့်ရုံနဲ့
သရေကျလာရော..
မကြီးတို့အမေသဘောကျတဲ့
အိမ်မဲကြီးအကြောင်းလည်းအမအချိန်ရရင်
ရေးပါဦးနော်..
ချယ်ရီမြေ said...
အမေ မရှိတဲ့သားသမီးများ မရှိနိုင်သလို ဧရာဝတီနဲ့ မပတ်သက်ခဲ့ဘူးတဲ့မြန်မာပြည်သူ ပြည်သားများလည်း မရှိနိုင်ပါဘူး.သိပ်မှန်တာပဲ မရွေစင်ဦး..အဲဒီကျေးဇူးတရားကို နားလည်ကြသူ တိုင်းမှာ တာဝန်ရှိတယ်လေ...
ချမ်းမြေ့ပါစေ
ချယ်ရီမြေ
မေဓာဝီ said...
အမရွှေစင်ရေ ... ဧရာဝတီရဲ့ ရေကို တငုံစာလောက်သာ သောက်ဖူးခဲ့ပေမဲ့ သွေးသားထဲမှာ ဧရာဝတီက အမြဲစီးဆင်းနေသလိုပဲ ...
ဧရာဝတီကို ကယ်တင်လို့ရမယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။
ကယ်တင်ဖို့ကလဲ တယောက်အားနဲ့မရ၊ အများဝိုင်းဝန်းလက်တွဲဖို့ လိုပါတယ်။ မလွယ်ကူပေမဲ့ ကြိုးစားရင် ဖြစ်ကို ဖြစ်ရမှာပါ။
ကိုအောင်(ပျူနိုင်ငံ) said...
ကျောင်းဆရာတစ်ယောက်ရဲ့ သမီး၊ သင်္ဘောကိုယ်စားလှယ် တစ်ယောက်ရဲ့ မြေးဟာ ဧရာဝတီ တည်တံ့ဖို့ လမ်းစတွေ ရှာနိုင်အုံးမှာပါ၊
ကျနော်တို့အားလုံး ညီညီညွတ်ညွတ်နဲ့ နည်းလမ်းတွေရှာရင် ဧရာဝတီ မကွယ်ပျောက်နိုင်ပါဘူး အမရေ ...
Kyaw Hnin Se Lwin said...
မမရွှေစင်မေမေအစားလွမ်းလိုက်တာ
ဧရာဝတီကိုရော
အမှတ်တရတွေပြည့်နေတဲ့သွားသွားကြည့်ကြတဲ့ အိမ်မဲကြီးကိုရော။
ညီမတောင်မထင်မှတ်ပဲတွေးမိသွားတယ်။
တသက်လုံးနေလာတဲ့အိမ်တလုံးသာမရှိတော့ရင် ဘ၀တလျှောက်လုံးဖြတ်သန်းလာတဲ့အမှတ်တရနေရာလေးတွေအတွက်တအားရင်ထဲဟာသွားမှာပဲလို့။
seesein said...
ချစ်သော ဧရာဝတီ အမြဲစီးဆင်းဖို့ အားလုံးရဲ့ ရင်ထဲ နှလုံးသားထဲမှာ ရှိနေတယ်ဆိုတာ ယုံကြည်နေပါတယ်
ချစ်သော မိခင် ဧရာဝတီအတွက် အတူတူလက်တွဲပြီး ကာကွယ်ကြပါစို့။။။။။။။။။။။
ချစ်ညီမ
ညီရဲ said...
ဧရာဝတီ မြစ်ကမ်းနဖူးမှာ နေတော့ ဧရာဝတီရဲ့ အလှတရားတွေကို ပိုလို့ ခံစားမိတယ်။ ဧရာဝတီကို ကျွန်တော်တို့ ရဲ့ ငယ်ဘဝ အခမဲ့ ကစားကွင်းကြီးဆိုလဲ ဟုတ်တယ်။ ဧရာဝတီ အတွက် စိတ်မကောင်း ဖြစ်မိတယ်။
မောင်သီဟ said...
ကျွန်တော်သာ တန်ခိုးရှင်တစ်ယောက်သာဆိုရင်
ကောင်းမွန်ဝင်း said...
အစ်မရဲ့ဟင်းတွေကိုဖတ်ရတာ
သားရည်တောင်ကျမလိုဖြစ်ပြီး တံတွေးတောင်နင်တယ်။
ဧရာဝတီအကြောင်းဖတ်ရတော့
လည်ချောင်းတွေခြောက်ပြီး ငိုချင်လာတယ်။
kiki said...
ဒီစာလေးဖတ်ပြီး ရာဇဝင်ထဲက သူတို့ သမီးကို လွမ်းသွားတယ် ၊
ဦးနှောက်မရှိတဲ့သူတွေရဲ့ လုပ်ရပ်ကို ရင်နာတယ် မရွှေစင်ရေ .
.
ှဗမာပြည်သူ/သား ရှိရှိသမျှ လမ်းပေါ်ထွက်ကြမှ ဒီဆည်ကြီး ဆောက်တာ ရပ်ပေးမယ်ဆိုရင် အချိန်မရွေးပဲ ချက်ချင်း ပြန်လာပြီး လမ်းပေါ် ထွက်မှာပါ ။ ဒီနေရာကနေပြီး သစ္စာ ဆို လိုက်တယ် ။
ခါးမချိတဲ့
ဖွားကိ ။
လသာည said...
ဧရာဝတီမြစ်ကမ်းနဘေးက လသာညလည်း မမရွှေစင်ဦးအတိုင်းပါပဲ..
ဖိုးကြယ် said...
အစ်မရေ....ဧရာဝတီရဲ့ဘေးမှာနေခဲ့လို့လားမသိဘူး ဧရာဝတီအကြောင်းရေးထားသမျှ ဖတ်လို့လည်းကောင်းတယ် စိတ်ထဲမှာလည်းမောတယ်...
ခင်တဲ့(ဖိုးကြယ်)
ခနွဲ said...
ခနွဲလည်း ဧရာတီကို ချစ်ပါတယ်...ခင်ဗျာ...
လေးစားစွာဖြင့်
ချစ်ကြည်အေး said...
အမဇင်ရယ်....
ညီမလည်း တနေ့ ရွာပြန်လာမဲ့သူပါ။ ဧရာဝတီကို ရင်းပြီးမှ မီးလင်းရမယ် ဆိုရင်တောင် အမှောင်ထဲပဲ ငုတ်တုပ်ထိုင်နေလိုက်ချင်တယ် အမရယ်။
ရန်ကုန်သူမို့ ဧရာဝတီနဲ့ မနီးစပ်ခဲ့ပေမဲ့ ဧရာဝတီက ကျွေးတဲ့ ထမင်းလုတ် စားခဲ့ရတဲ့သူမို့ ဧရာဝတီ ရင်ကျိုးရမဲ့အဖြစ်ကို သဘောမတူနိုင်ဘူး။ တားရမှာပဲ အမရယ်....
မအိမ်သူ said...
မရွှေစင်ရေ ဧရာဝတီသာ အသက်ရှိရင် သူ့ရင်ဘတ်သူထုပြီးငိုလိမ့်မယ်ထင်တယ်။ ဘယ်လောက်တောင်ရင်နာရှာမလဲမသိဘူး။
ဆည်ဆောက်လို့ ဘယ်လောက်ကြီးပဲ ဘာမှမဖြစ်ပါဘူးပြောပြော ယုန်တစ်ကောင်လုံးငုံပြီးပြောတောင် ယုံချင်စရာမရှိတဲ့အကြောင်း မြစ်ဝါတို့ ယန်စီတို့ သက်သေတွေရှိတယ်လေ။ ဆည်ဆောက်တာ ဘာမှမဖြစ်ဘူးဆိုရင် အဲဒီမြစ်တွေက ဘာဖြစ်သွားကြတာလဲဆိုတာ အရင်ဖြေရှင်းသင့်တယ်ထင်တယ်။