Tuesday, August 16, 2011

ဖိုးကျော့ ၏ သမုဒယ ဤပင်လယ် အပိုင်း (၁၂)

၁၅။

ဓာတ်မီးနှင့် ထိုးကြည့်စရာပင် မလို။ တောင်ဆိတ် အထီးအမနှစ်ကောင်တို့ တောစပ် က ဆင်းလာနေကြ သည် ကို လရောင်ထဲ ၌ ထင်ထင်ရှားရှား မြင်နေရ၏။
 အစ်ကိုကြီး နှင့် အောင်တိုင်သည် ကျောက်တုံးကြီးတစ်လုံးနား လရိပ်ခို၍ ၀င်ပုန်းနေကြ၏။
တော်ဆိတ်လင်မယားသည် သောင်စက ပြူးပင်ကြီးနား လျှောက်လာကြသည်။ အောင်တိုင်သည် အစ်ကိုကြီး ကို လက်ကုတ်သည်။
အစ်ကိုကြီး ပစ်တော့လေ။

နေဦးကွ၊ ဒီကောင်တွေ ပြူးသီးရှာစားဖို့ လာကြတာ၊ နီးပါစေဦး။
အစ်ကိုကြီးက ကြားရုံမျှ လေသံနှင့် ပြော၏။ အောင်တိုင်ကမူ အားမလိုအားမရ ဖြစ်နေသည်။
တောင်ဆိတ်လင်မယားသည် ပြူးပင်အောက်၌ ပြူးသီးရှာစားနေကြသည်။
ဒိုင်း..
သေနတ်သံသည် ကျောက်ဆောင်များ၌ ပဲ့တင်သွား၏။ နှစ်ကောင်စလုံးသည် လန့်ဖျပ်၍ ထွက်ပြေး သွားကြ သည်။ သို့သော် တောင်ဆိတ်ကြီးသည် တောစသို့ပင် မရောက်၊ သဲသောင်စတွင် ယိမ်းထိုး လဲကျ သွား၏။ ချက်ချင်းအောင်တိုင် ပြေးရောက်သွား၏။ အစ်ကိုကြီးလည်းပြေးလိုက်လာသည်။

တောင်ဆိတ်ကြီးသည် တပဲပဲအော်ကာ ပြန်ထ၏။ ဒယီးဒယိုင်နှင့် တောစသို့ ၀င်ပြေးသည်။ ပြန်လဲကျ သွား ပြန်၏။
ညီလေး နေဦး...နေဦး မသေသေးဘူး။
အစ်ကိုကြီး စကားမဆုံးခင်ပင် တောင်ဆိတ်ကြီးကို ကောက်ချီ၍ အောင်တိုင် ကျောက်တုံးပေါ်သို့ ကိုင်ပေါက်ပစ် လိုက်သည်။ တောင်ဆိတ်ကြီးသည် ကျောက်တုံး ခြေရင်းတွင် ဆန့်ငင်ဆန့်ငင် ဖြစ်နေသည်။
မင်းကွာ၊ သိပ်မတင့်မရဲနဲ့ ငါထပ်ပစ်ဦးမလို့၊ ကြည့်စမ်း မင်းကိုပေါ်မှာ သွေးချည်းပဲ။

သူ့ကိုယ်ပေါ်က သွေးစက်တွေကို လက်နှင့်ပွတ်သပ်ရင်း ဆွဲချလာသည်။ သေပြီဟိုဆိုသော် လည်း တောင်ဆိတ်သိုး ကြီး က ခြေလက်တွေ အကြောဆွဲတုန်း။
တောင်ဆိတ် တစ်ကောင် ရလာသဖြင့် အောင်တိုင် ပျော်လာသည်။
ဒီကျွန်း လား အစ်ကိုကြီး၊ ပသျှူးကြီးက တောင်ဆိတ် ပါတယ်လို့ ပြောတဲ့ကျွန်း။
မဟုတ်ဘူးကွ၊ သူပြောတဲ့ကျွန်းက ဟိုဘက်ကျွန်း၊ ငါဆလုံတစ်ယောက်ကို မေးကြည့်တော့ အဲဒီကျွန်းက မြွေ သိပ်ပေါတယ်၊ မသွားပါနဲ့လို့ ပြောတာပဲ။
အစ်ကိုကြီး က ကျွန်းမည်းမည်းကြီးတစ်ကျွန်း လက်ညှိုးထိုးပြ၍ ပြော၏။

အစ်ကိုကြီးက စက်ရှိန်ကို ပိုမြှင့်လိုက်၏။ လှိုင်းသံကလည်း ပိုဆူလာသည်။ ကျွန်းစ ကျောက်ဆောင်ကြီး တွေ ကို တဝေါဝေါ လာရိုက်နေ၏။ လေရောင်ထဲတွင် ရေပန်းရေသီးတွေ တဖွေးဖွေး လွင့်စဉ်နေကြသည်။
အစ်ကိုကြီး၊ ကျောက်တောင်နား သိပ်ကပ်မလာနဲ့၊ ဒီတက်လာပြီဗျ။
ရပါတယ် ဟု အစ်ကိုကြီးက ဆိုသည်။
ကျောက်ဆောင်မြင့်ကြီးတစ်ခုနား ရောက်သောအခါ အစ်ကိုကြီးက  ဟ...ငှက်ရဲတွေ သဲသောင်ပေါ် ပြေးထိုး နေကြပါလားကွ၊ ဘာတွေလဲ ဟုဆို၏။

ဒီရာသီက လိပ်ပေါတဲ့ ရာသီပဲ အစ်ကိုကြီး၊ လိပ်ပေါက်စနလေးတွေ စွန်ရဲအုပ်က ၀ိုင်းသုတ်နေတာပါ ဟု ပြောလိုက် ရ၏။ ဟေး...ဟုအစ်ကိုကြီးကဆိုသည်။
ခုံညင်း လုံးသာသာရှိသော လိပ်ပေါက်စနလေးများသည် ပင်လယ်ထဲပြေး ဆင်းနေကြ၏။ ဥကျင်းမှ ပြေးဆင်း လာသော လိပ်ကလေးများသည် သဲသောင်ပြင်၌ မည်းမည်းလှုပ်နေ၏။ စွန်ရဲများ ခြေသည်းမှ လွတ်ပြေး လာသော လိပ်ကလေးများကို သူ့အမေသည် ရေစပ်က စောင့်ကြိုခေါ်ယူလျက် ရှိလေသည်။

အစ်ကို အောင်တိုင်။
အစ်ကိုအောင်တိုင်။
မိဇံအသံမှန်း အတပ်သိသည်။ လှည့်မကြည့် ပြန်မထူး၊ ခြေလှမ်းလည်း မပျက်၊ ပင်လယ်ဘက်သို့သာ တစ်လှမ်းချင်း ဆင်းလာနေ၏။ သဲပွင့်စဉ်သံနှင့် အတူ အစ်ကိုအောင်တိုင် ဟူသော အမော နှင့် ခေါ်သံကို အနီးကပ်ဆုံး ထပ်ကြားရသည်။ နေက်က သူ့လက်ကို မိဇံ လှမ်းဆွဲ၏။
ဒီလောက် ခေါ်နေတာတောင် မကြားဘူး၊ ဘာတွေ စိတ်ကူးလာသလဲ မသိဘူး။
ခြေလှမ်း ကိုတုံ့ ၍မိဇံကိုင်ထားသော လက်ကိုလည်း ရုန်းပစ်လိုက်၏။"ဘာလဲနင်က"ဟု မေးလိုက် ရသည်။

"ဘယ်သွားမှာလဲ"
သူကပင်ပြန်မေးနေ၏။
"ပင်လယ်နားကို"
"ဇံဇံ တို့ ထမင်းတောင်း ခဏယူသွားပါနော်"
"ဟာ... နင် တို့တဲနဲ့ ငါတို့တဲက....."
"အမယ် ဘယ်လောက် ဝေးတာမှတ်လို့၊ ခဏယူသွားပါဆို"
"အမေလာမှ ပေးလိုက်ပါလားဟာ၊ အမေလည်း အတော်ကြာ ထမင်းပို့လာတော့မှာပဲ၊ ငါကတဲကို ချက်ချင်းရောက်ချင်မှ ရောက်....."
"ဘယ် သဝေထိုးဦးမလို့လဲ"
နှုတ်ခမ်းစူ ၍ ပြော၏။

မိဇံ၏ မကျေမနပ်အပြောအဆိုကို အောင်တိုင်ကလည်း စိတ်ဆိုးချင်လာပြီ။ ဒီကောင်မလေး နေရာ တကာ လိုက်ရှုပ် နေတယ်ဟု ချဉ်နေသည်မှာ ရွာအောက်တွင် တံငါးတဲ စဆောက်ကတည်းက ဖြစ် သည်။ အဖေ ရှိရာ ပင်လယ်နား ငါးတဲသွားတိုင်း တစ်ခုမဟုတ်တစ်ခု ရမယ်ရှာ၍ ခိုင်တတ်၏။သူ့ အဖေဦးဂျလားနှင့် သူ့ အစ်ကို သူ့အမိတို့ရှိရာသို့ ငါးခွဲဓား၊ မှိန်း၊ တန်းကြိုး၊ ဆိုင်းကြိုး၊ မျှားချိတ် စသည်တစ်ခုခုပို့လို့ကို မပြီး၊ ယူးပေး၍ကို မပြီး ဖြစ်နေတတ်၏။

ယနေ့လည်း သူ့ကိုမြင်သည်နှင့် အတင်းပြေးလိုက်လာပြီး သူ့တို့မိသားစုလေး ငါးယောက်စာ ထမင်းတောင်း ကို ထမ်းပို့ပေးပါဟု ပြောနေပြန်၏။ ထမင်းတောင်းက ချက်ချင်းပါလာသေးသည်မဟုတ်၊ အိမ်ထဲ ၀င်၍ ပြင်ဆင်ခူးခပ် ရဦးမည်။ ပြန်သွားယူရဦးမည်။ ထမင်းမနပ်သေးလို့ ခဏနော် အစ်ကို အောင်တိုင်၊ အစ်ထဲဝင်ပြီး ကက်ဆက်နားထောင်းသွားဦးလေ၊ ဟိုနေ့ကမှ ဟိုဘက်ကမ်းက အစ်ကိုကြီး ၀ယ်လာတာ၊ အမေနဲ့ရွာကို လွမ်းတယ်တဲ့၊ ဟင်္သာတထွန်းရင် သိပ်ကောင်းတာဟု တမင် စောင့်ခိုင်း၍ အကြွား လည်းပိုပြဦးမည်။ နောက်ကမ်းကြီးသတ်က အဖေဆီသွားရင် ဟိုဘက်ဝေးဝေး က ပတ်သွားတာပဲ ကောင်းမည်ဟု အောင်တိုင် တွေးနေမိလိုက်၏။

"ဟင် အစ်ကိုအောင်တိုင် ခဏနော်.....ဇံဇံသွား...."
"ဟ... ငါချက်ချင်း ပင်လယ်နား ရောက်ချင်မှ ရောက်ဦးမယ်"
"ဖြစ်သွားပြန်ပြီ ဘယ်သဝေထိုး...."
"ဘယ် သဝေထိုးထိုးဟာ..."
စိတ်ပေါက်ပေါက်နှင့် အော်ပစ်လိုက်၏။ သို့သော်မိဇံက သူအော်တာရိုးနေပြီ။ မျက်နှာပင် နည်း နည်းမညှိုး၊ ညက်လည်း ချောင်းထဲက စက်သံကြားလိုက်တယ်၊ ဘယ်ကိုဘယ်ကို သွားနေကြလဲ မသိ၊ ညဥ့်နက် သန်းခေါင်း အတော်ကြာ မှောင်ခိုင်စောင့်တဲ့လူတွေ ထင်ပြီးအဖမ်းအဆီး ခံနေရ ဦးမယ်ဟု သူကရှေ့က ဆီး၍ စကားဆက်နေပြန်၏။

"မှောင်ခို စောင့်ရမလား၊ ငါတို့က ပင်လယ်ဓားပြအဖွဲ့မှ မဟုတ်တာ၊ ဘာလို့အဖမ်းခံရမှာလဲ"
"ဒီလိုဆို ညကြီးမင်းကြီး စက်တဘုတ်ဘုတ်နဲ့ ဘာသွားလုပ်ကြလဲ"
"အတွင်းပိုင်း မှာ မိကျောင်းသွားဖမ်းကြတာ"
"ဟင်...တကယ်"
သူလိမ်ပြောသည်ကို မိဇံတကယ်ထင်သွားပုံရ၏။ မျက်လုံးပြူးသွားသည်။

"အမယ်လေး....အစ်ကိုအောင်တိုင်၊ မိကျောင်းသွားဖမ်းတာ အဒေါ်နိုင်း သိလားဟင်၊ ကြောက် စရာကြီး၊ ဆလုံ တွေ ပသျှူးတွေ လုပ်တဲ့အလုပ်များ အသက်စွန့်ပြီး အစ်ကိုအောင်......."
"ခွေးမ....နင်ကရော ဆလုံမဟုတ်ဘူးလား၊ ကြီးကျယ်လိုက်တာ"
"ဟဲ....ဟဲ...ဇံဇံတို့က အပြင်ကျွန်းဆလုံတွေပဲ၊ မိကျောင်းဖမ်းရဲမလားလို့၊ မိကျောင်းဖမ်းတယ် ဆိုတာ အတွင်းပိုင်းသား ဆလုံတွေမှ ရဲတာလို့ပြောတာပါ အစ်ကိုအောင်တိုင်ရယ်၊ ဇံဇံအစ်ကို အောင်တိုင်အတွက် စိုးရိမ် လို့ပါ။ တကယ်လားဟင်"
"တတ်လည်း တတ်နိုင်တယ်ဟု စိတ်ထဲက ကျိန်ဆဲလိုက်ပြီး" တကယ်ပေါ့ဟ၊ တို့နှစ်ကောင် တောင် ရထားပြီ ဟု အတည်ပေါက် ပြောလိုက်၏။

"ဘယ်နားထားလဲဟင်"
"နင်တို့အိမ်နားက ပဲ့ချိတ်ထားတဲ့ ချောင်းထဲမှာ"
မိဇံက အောင်တိုင်အပြောကို ပခုံးတစ်ချက် တွန့်လိုက်၏။
"ညနေ ကျ မှ ဇံဇံလာကြည့်ဦးမယ်၊ ညနေအစ်ကိုအောင်တိုင် လာဦးမယ် မဟုတ်လားဟင်"
"ညနေမလာပါလား"
"ဘာဖြစ်လို့လဲ"
သူ့မျက်နှာကို အပြုံးနှင့် စေ့စေ့ကြည့်၍မေး၏။

"မိကျောင်းစာ ငါးသွားရှာရဦးမယ်လေ"
"ဟင်....မိကျောင်း က အရှင်တွေ"
"အရှင်မဟုတ်လို့ အသေကြီးချောင်းထဲ ထည့်ထားရင် ပုပ်ကုန်မှာပေါ့ဟာ"
"ဘယ်လိုထားလဲ၊ ခြံနဲ့ထားတာလား၊ အကောင်တော်တော်ကြီးလား"
"ခြံနဲ့ပေါ့ဟ၊ ရေစပ်စပ်ချောင်းပိုင်းမှာ ခြံနဲ့ထားတာ၊ အကြီးကောင်ဆို နင့်ကိုယ်လုံးလောက် တောင်ရှိတယ်"
နောင်တွင် သူ့အစ်ကိုကြီး ပြုလုပ်မည်ဟု ပြောပြဖူးသည်များကို သူကလုပ်ပြီးထားပြီ သဘောနှင့် ပြောပြ၏။

"ဇံဇံ ကြည့်ချင်လိုက်တာ၊ အစ်ကိုအောင်တိုင် ခု ခဏလိုက်ပြ"
"ဟာ...ခုမအားသေးဘူးဆို"
"နီးနီးလေးပဲ ဥစ္စာ"
မိဇံက ကလေးငယ်တစ်ယောက်လို ခြေဆောင့်နှုတ်ခမ်းစူ၍ အမူနှင့်ပြော၏။ သူ့အတတ်နှင့် သူ ပြန်စူး နေသော အောင်တိုင်မှာ ပြန်ဖြေပြောရ၏။
"မနီးဘူးဟ၊ နည်းနည်းလှမ်းတယ်၊ ပဲ့ချိတ်ထားတဲ့နေရာ မဟုတ်ဘူး၊ ချောင်းဖျားပိုင်းမှာ"
"ဇံဇံ တို့ ချောင်း က ကတုံးပဲ၊ ချောင်းဖျားပိုင်းလည်း မဝေးပါဘူး၊ အုန်းခြံအဆုံးပဲမဟုတ်လား"

"ဟာ...နင်ရှည်လာပြန်ပြီ၊ ငါသွားမယ်ဟာ၊ ခုတောင်အချိန်နောက်ကျနေပြီ"
"ညနေ ကျရင် အစ်ကိုအောင်တိုင် မိကျေင်းခြံထဲ ဘယ်အချိန်လာမှာလဲ"
"နင်က ဘာလုပ်မလို့လဲ"
"ဇံဇံ လာကြည့်မလို့လေ"
"အေး...လာခဲ့၊ နေ၀င်ခါနီး ငါမိကျောင်း အစာလာကျွေးရမယ်လို့ အစ်ကိုကြီးက ပြောထားတယ်၊ သွား မယ်ဟာ"
"ထမင်းတောင်း လေးတော့ မသွားလိုက်ပါ အစ်ကိုအောင်တိုင်ရာ၊ ဇံဇံအုန်းဆံ နည်းနည်းထုစရာ ရှိလို့ ပါ  နော်"
ဘယ်လိုမှ ရှောင်ကွင်းမရနိုင်မန်းသိသဖြင့် "အေးပါ၊ မြန်မြန်သွားယူစမ်းပါ"ဟု အတည်ပေါက်နှင့် ပြောလိုက် ရ၏။

မိဇံဝမ်းသာအားရအိမ်ထဲဝင်သွားသည်နှင့် တစ်ပြိုင်နက် အောင်တိုင်လည်း သူတို့ခြံအ၀မှ ပင်လယ် နား ဘက် ထွက်ပြေး လာလေ၏။
လှမ်းတန်းက ငါးမန်းခြောက်တွေကို ဗထိုဆွဲချနေ၏။ အောင်တိုင်လည်း ရောက်ရောက်ချင်း ၀င်ဆွဲ ချ၏။ ဗထို က သူ့ကိုမကျေနပ်သလို တစ်ချက်လှည့်ကြည့်၏။ ဘုန်းကြီးကျောင်း နေကြတုန်းက တစ်ခါ သတ်ဖူးထားကြသည်ကို အောင်တိုင် ချက်ချင်း သတိရသွားသည်။ ဗထိုမှာ အောင်တိုင် ထက် ကိုယ်လုံး ကိုယ်ပေါက် တောင့် သည်။ အရပ် ကတော့ အောင်တိုင်လောက် မရှည်။
ထိုစဉ်က ကောင်းလေး ကောင်မလေးတွေ မြှောက်ပေး၍ အောင်တိုင်နှင့် ဗထိုသေတမ်းသတ်ကြ ၏။ သည်ကောင် က ပသျှူးနပန်းတတ်သည်။ အောင်တိုင်ကလည်း ဆလုံသိုင်းနှင့် ပြန်ချ၏။

ဆလုံးကြီးကွ၊ ပသျှူးကြီးကွဟု ကောင်လေး ကောင်မလေးတွေက ၀ိုင်းအော်ပေးကြ၏။ အရပ်မြင့် သောအောင်တိုင် ဗထို ကို သိုင်းကွက်နှင့် ဆီးထိုး၏။ ဗထိုက အတင်းဝင်လုံး၍ ပသျှူးသိုင်းနှင့် ခါး စောင်းတင်ရိုက်ချသည်။ ဗိုင်းခနဲ ဗိုင်းခနဲ အောင်တိုင် သဲပြင်ပေါ် နှစ်ခါကျ၏။ သို့သော် မာန်နှင့် သေပါပြီဟု အရှုံးစကား မဆို၊ အတင်းထထိုး၏။ ဗထို မျက်နှာတွင်လည်း ဖူးရောင်နေသည်။ သူကလည်း သေပါပြီဟု ပြေငြိမ်း စကား မပြော။ တစ်ယောက် တစ်ပြန် သေပါပြီး မပြောမချင်း သတ်ကြ၏။ ထုံးစံဖြစ်သဖြင့် ဗထိုနှင့် အောင်တိုင်ကို မည်သူကမှ ဖျန်မဖြေ။ တစ်ယောက်ယောက် ကသေပါပြီဟု လက်မြှောက်အရုံးပေးစကား မဆိုမချင်း ၀ိုင်းကြည့်နေကြ၏။ မြှောက်ပေးကြ၏။ ဘုန်းကြီး မိသွား၍ နှစ်ယောက်စလုံး ထားဝယ်ကြိမ်နှင့် အဆော်ခံရသည်။ ဘုန်းကြီးကျောင်း အိပ်စဉ်ကပင် မကျိုးမပဲ့ မကန်းရင်ပြီးရောဟု အပ်ထားကြသဖြင့် ဘုန်းကြီး ရိုက်တာက ပိုနာလေသည်။ အမိအဖတွေကလည်း တစ်ခါ ထပ်ရိုက်သေးသည်။

ဗထိုအဖေနှင့် အောင်တိုင်အဖေက တစ်နယ်တည်း ထားဝယ်သားတွေ၊ ဆလုံနှင့် ပသျှူးအမျိုးသမီး တစ်ယောက်စီကို ယူးထားကြသော်လည်း သူတို့က ညီအစ်ကိုလို ခင်ကြသည်။ ထို့ကြောင့် ယခု ပင်လယ် အတူ ထွက်နေကြခြင်း ဖြစ်၏။
"မင်း အစောကြီး ဘာလို့မလာတာလဲ၊ ငါးခြောက်တွေလည်း စည်းစရာရှိသေးတယ်"ဟု ဗထိုက အပြင်တင် စကားစ၏။
"ငါ အစ်ကိုကြီး ဟိုဘက်ကမ်းသွားတာ လိုက်ပို့နေလို့ နည်းနည်းနောက်ကျသွားတယ်ကွာ"
"အစ်ကိုကြီး ပဲ့ချိတ်က မြိတ်အထိ သွားလို့ရလားကွ"
လူငယ် တွေ အားလုံးခေါ်သလို ဗထိုကလည်း ကိုထွန်းသော်ကို အစ်ကိုကြီးဟု ခေါ်ပြောတတ်၏။

ဗထို သူ့ကို ရန်စကားထပ်မပြောသဖြင့် အောင်တိုင်က စိတ်လိုလက်ရ ပြောပြ၏။
"အစ်ကိုကြီး ပဲ့ချိတ်က မြိတ်ထိ မသွားနိုင်ပါဘူးကွာ၊ ဟိုဘက်ကမ်းတောင်လှိုင်းကြီးရင် မသွားဘူး၊ ငါကလည်း အစ်ကိုကြီးကို ပြောထားတယ်၊ မဟီနားမှာ စုပ်ဝဲကြီး ကြမ်းတယ်၊ မသွားနဲ့လို့"
"ခု သူ့ပဲချိတ် ယူမသွားဘူးလား"
"မသွားဘူးကွ၊ ရတနာနဒီနဲ့ လိုက်သွားတာ"
"မင်းတော့ စက်မောင်းကောင်းကောင်း တတ်နေပြီပေါ့နော်"
"တတ်ပါတယ်၊ အတွင်းကျွန်းမှာသွားရင် ငါမောင်းတာများတယ်"
"ညည်း စက်သံကြားတယ်၊ မင်းတို့ အတွင်းကျွန်း ဘာသွားလုပ်ကြတာလဲ"

"အမဲပစ်သွားကြတာလေ"
"မင်းလည်း အစ်ကိုကြီးလို သေနတ်ပစ်တတ်လား"
"တတ်တာပေါ့ကွ၊ တစ်နေ့ကတောင် မျှော်ဦးကမ်းဘက် အစ်ကိုကြီးနဲ့ငါ တောင်ဆိတ်သွားပစ် ကြသေးတယ်"
"ရခဲ့လား"
"ရခဲ့တာပေါ့ကွ၊ နည်းတဲ့ အကောင်ကြီးမဟုတ်ဘူး၊ မိုးနှောင်းတုန်းက မွေးတဲံ မင်းတို့အိမ်က နွား ကလေး လောက်ရှိတာ"
"မင်းပစ်တာလား"
"အင်းပေါ့"
ဗထို က အောင်တိုင် ကို အထင်ကြီးစွာ ကြည့်၏။ "မင်း ဆေးငုံဦးမလားရော့"ဟု သူ့အင်္ကျီအိတ်ထဲ က ဆေးရွက်ကြီး တစ်လိပ်ထုတ်ပေး၏။ အောင်တိုင်တစ်ကိုက်ကိုက်ပြီး ပြန်ပေးလိုက်သည်။

"နောက်သွားကြရင် ငါ့တစ်ခေါက်လောက် ခေါ်ပါလားကွ၊ မင်းပစ်တာ ငါကြည့်ချင်လို့ပါ"
"အေး....ခေါ်မယ်"ဟု အောင်တိုင်က ခပ်ပေါ့ပေါ့ ပြောလိုက်၏။
"ညနေကျ မင်းနဲ့ငါနဲ့ သွားရအောင်ကွ"
"သေနတ်က အစ်ကိုကြီး ယူသွားတယ်ဗျ"
"အေး...ဟုတ်လား၊ နောက်တော့ ငါ့ခေါ်ပါကွာ"ဟု သူကပိုသေချာအောင် ထပ်ပြော၏။ အောင်တိုင်က ခေါင်းညိတ်ပြ၏။

ခြောက်နေသော ငါးမန်းကောင်တွေကို တန်းပေါ်က အတူဖြုတ်ကြ၏။ ငါးမန်းညှင်းများကို တဲထဲ တွင် စည်းချင်နေကြသည်။ ထမင်းတောင်း ခေါင်းရွက်၍ အမေတဲထဲဝင်လာ၏။ အောင်တိုင်က ပြေး ယူသည်။ အမေက အောင်တိုင်ကို မျက်စောင်းအလျင်ထိုး၏။ နဖူးက ချွေးကိုခေါင်းခုနှင့် တို့သုတ် သည်။
"အ၀ဇာတသား"ဟု သူ့အမေက ဆိုသဖြင့် အောင်တိုင် သူ့အမေမျက်နှာကိုလှည့်ကြည့်သည်။
"ဘာလဲအမေ"
"နင် ဇံဇံကို ဘာပြောထားခဲ့လဲ"
"သြော်ဟုဆိုကာ အောင်တိုင်က ငါမန်းညှင်းတွေက်ု ဆက်စည်းနေသည်။ ထမင်းတောင်းကိစ္စ မိဇံသူ့အမေအား တိုင်လိုက်ပြီဆိုတာ ချက်ချင်းအောင်တိုင်သိ၏။ အောင်တိုင် ကိုယ့်အပြစ်နှင့် ကိုယ်ကုပ် သွား၏။ အမေ့စကားကမပြတ်သေး"

"ထမင်းတောင်းလေး ယူလာပေးရတာ ဘယ်လောက် ပင်ပန်းလဲ.... ဟိုကတော့..."
"ဒီမှာလည်း ငါးမန်းညှင်းတွေ စည်းစရာရှိတော့ ကြာနေမှာစိုးလို့ အမေရာ၊ သူ့ချက်ချင်း အဆင် သင့်သေးတာလည်း မဟုတ်သေးဘူး၊ ထမင်းမနပ်သေးလို့ စောင့်ပါဦး...ဘာ"
"ခဏစောင့်ရတော့ နင့်ကို အဲဒီအိမ်ရှေ့က မြေမျိုးသွားမှာမို့လား၊ အိမ်က အစောကြီး ထွက်သွား တော့ငါက ငါ့တဲသွားတယ်ထင်တာ၊ ဟိုမြိတ်သားထွန်းသောင်အိမ်ပဲ မဟုတ်လား၊ ပြောတော့ တဲမှာ ငါးညှင်းစည်းစရာရှိလို့တဲ့၊ ငါးညှင်းခြောက် ဘယ်အချိန်ချိန်စည်းစည်း ရတယ်ဟဲ့၊ နင်မယူ ဘူးဆိုလည်း မယူဘူး ပြောခဲ့ပါလား၊ ဟိုကတော့ တပိုတပါးများ သွားလား... ကျီးစာတာလား... နောက်တစ်ခေါက် လာယူမလားအထင်နဲ့ တမျှော်မျှော်...ပင်လယ်က ပြန်လာတဲ့ ယောက်ျားသား တွေစိတ်ဆိုးရင် ထမင်းပို့ နောက်ကျတဲ့ ဇံဇံပဲ အဆိုပြောခံရမှာ၊ နင်အဲသလို ကြပ်ကြပ်လုပ် သိလား၊ ဂေါလာနဲ့ ကောင်းကျော် က နင့်ကိုငါးမန်းခွဲတဲ့ ဓားနဲ့ပိုင်းလိမ့်မယ်၊ နင့်ကိုယ်နင် ကလေး အောက်မေ့နေလား၊ အထက်အောက်လည်း ငုံကြည့်ဦး၊ လူပျိုဖြစ်နေပြီဟဲ့"

မိဇံဆီက ထမင်းတောင်းလေး ယူလာမမေးပိသည်နှင့် ဟိုမှာဘာပြဿနာများ လျှောက်ဖြစ်နေပါ လိမ့်ဟု အောင်တိုင်စိတ်နည်းနည်းပူသွားသည်။ ကောင်းကျော်ကိုတော့ သူမကြောက်၊ ဂေါလာတော့ သူ နည်းနည်း ရှိန်းသည်။ များစွာလည်း အကျွမ်းတ၀င်မရှိ။ ဆလုံစိတ်က မိုက်တိ မိုက်ကန်း။ စကားပြောလျှင် အမြဲ နားညည်းအောင် ရှည်တတ်သော အမေ့စကားကလည်း မပြတ်နိုင်၊ အောင်တိုင် စိတ်တိုလာပြန်ပြီ။
"သူများသားသမီးတွေ ဆို ပင်လယ်တောင် ထွက်နေပြီ"
"လိုက်ပါရစေ ပြောသားပဲ၊ ခေါ်မှမခေါ်ကြတာ"
"ဟဲ...ပင်လယ် မခေါ်တာက တစ်ကောင်တည်း မွေးထားတဲ့နင့်ကို ချစ်လို့ဟဲ့၊ ချစ်လို့၊ မိဘသနား လို့ပင်လယ်မခေါ်သေးတာပဲအပြစ်..."
"နားညည်းတယ်အမေရာ"

"ဟင်...အမေပြောတော့ နားညည်းတယ်ဟုတ်လား၊ ဒါမျိုးအမေမပြောလို့ နင့်အဖေကပြောရမှာ လား၊ အေးကြပ်ကြပ်သတိထား၊ နင့်ကိုနင့်အဖေငြိုးထားနေတာ ကြာပြီ၊ နင့်အဖေကတော့ အမိ လိုပါးစပ် နဲ့ပြောမှာ မဟုတ်ဘူး"
"တော် အမေရာ...ရိုက်ရိုက်ဗျာ၊ အဖေအရိုက်ပဲ ခံချင်တယ်၊ အမေဆူ...."
"ဟဲ့ သားအမိတွေ ဘာပါလိမ့်၊ ဘာလို့အောင်တိုင်ကို အဖေရိုက်မှာလဲ"
ဗထိုအမေသည် ထမင်းပို့လာ၍ ပြောသည်ထိ အောင်တိုင်အမိစကားက မပြတ်ချင်းသေး။
"ယောက်မတို့ သားသုံးလေးယောက် မွေးထားတဲ့ အမိတွေတော့ဘယ်လိုနေလဲ မသိဘူး၊ တစ်ယောက်တည်း မွေးထားတဲ့ ကျွန်မမှာတော့ နေထွက်က နေ၀င်သူ့ပဲ ပြောဆိုနေရတာ"
အမေဆလုံးစကားကို ပသျှူးမကြီးက သွားမည်းမည်းကြီး ပေါ်အောင်ပြုံးသည်။"ဘာတွေလဲကွ၊ မင်းအမေ ဆူတာ"ဟု ဗထိုကလည်း ယခုမှမေးနိုင်၏။ "အလကားပါကွာ"ဟု အောင်တိုင်က ထုံးစံ အတိုင်း ပြော လိုက်သည်။

"ဗထို ဟိုအနားက ကျောက်ဆောင်ခြေရင်း သဲသောင်ပြင်မှာ လိပ်ကြီးတစ်ကောင်တင်နေတာ တွေ့ခဲ့ရတယ် သားရယ်၊ အမေတစ်ယောက်တည်း မနိုင်တာနဲ့ပင်လယ်ထဲ မချခဲ့ရဘူ၊ လိပ်ကြီးက နင်တို့နှစ်ယောက် မမှနိုင်မယ်၊ အောင်တိုင်နဲ့ ရေထဲသွားချပေးကြပါလား၊ သဲပူထဲမှာဟယ်၊ သနားပါတယ်၊ သူများအသက်ကို ကယ်တယ်ဆိုတာ အင်မတန် ကုသိုလ်ရပါတယ် နင်တို့ သွားချ ပေးလိုက်ကြပါ"
ဗထိုအမေ၏စကားအဆုံးမှာ အောင်တိုင်က ဦးစွာထသည်။ ဗထိုလည်း နောက်ကလိုက်လာ၏။
လိပ်ကြီးဝပ်နေသော သဲသောင်ပြင်၏ နောက်မှာကျောက်ဆောင် ကျောက်တန်းတွေက ကာဆီး နေသဖြင့် လိပ်ကြီးသည် ဒီရေအကျမှာ ပင်လယ်ထဲ ပြန်မဆင်းနိုင်ဘဲ သောင်ပြင်ကျောက်တန်းစ တင်ကျန်နေခဲ့ခြင်း ဖြစ်သည်။

အောင်တိုင်နှင့် ဗထိုတို့သည် ပင်လယ်လိပ်ကြီးကို မချီကာ ကျောက်ပြင်အတိုင်း လျှောက်ဆင်းကြ ၏။ ကျောက်တန်း ကျောက်ပြင်မှာ စောစောကဒီရေ ပြည့်ချိန်၌ ရေထဲမြုပ်နေခဲ့သဖြင့် ကျောက်ခွက် ကျောက်အိုင် များပေါ် ရေများ ပြည့်နေ၏။ ရေထဲတွင် ငါးလေးတွေက မြူးနေကြသည်။

လှိုင်းရိုက်နေသော ကျောက်ပြင်အစ ရေစပ်သို့ ရောက်သောအခါ အောင်တိုင်နှင့် ဗထိုတို့သည် "နင့်တစ်ခါလွှတ်၊ ငါတို့ဆယ်ခါလွှတ်"ဟု ဆိုကာ ရေထဲပစ်ချလိုက်ကြ၏။
သူတို့နှစ်ယောက် လိပ်လွှတ်ပြီးပြန်လာကြသောအခါ ပင်လယ်ထွက်နေကြသော အောင်တိုင့်အ ဖေနှင့် ဗထိုအစ်ကိုနှစ်ယောက် ဗထိုအဖေတို့လည်း ပင်လယ်ပြင်က ပြန်ရောက်နေကြလေပြီ။ ရလာသော ငါးမန်းကောင်များကို အောင်တိုင်အမေနှင့် ဗထိုအမေတို့က အသည်းနုတ်၊ အူဆွဲ၊ ညှင်းသင်နေကြ၏။ သူတို့နှစ်ယေက်လည်း အမိများနည်းတူ ၀င်ကူကြရ၏။ သူတို့အသည်းနုတ် အူဆွဲခွဲစိတ်နေရသော ငါးမန်း များကို ညှင်းသင်ရင်း အောငာအတိုင်နှင့် ဗထိုတို့၏ စိတ်သည် ပင်လယ်ပြင်သို့ ရောက်နေကြလေသည်။

ထမင်းပိုက်နောက်ကျတာနဲ့ အရိုက်များခံနေရပြီလားဟူသော အတွေးနှင့် မိဇံတို့ အုန်းခြံထဲ သူ ရောက်လာ၏။ ပဲ့ချိတ်ပေါ်တွင် မိဇံငူငူကြီး ထိုင်နေသည်။ သူ့ကိုမြင်သောအခါ ကိုင်းကျနေသော အုန်းလက်တစ်လက်နှင့် သူ့မျက်နှာကို ကွယ်လိုက်၏။ မိဇံစိတ်ကောက်နေပြီ ဆိုသည်ကို သူသိ၏။
ပဲ့ချိတ်နားသို့ လျှောက်လာသည်။ အနီးဆုံး ကမ်းနဖူးက သဲပြင်ပေါ်တွင် ထိုင်ချလိုက်၏။ မိဇံမြင်  လျက်နှင့် ခါတိုင်လို အစ်ကိုအောင်တိုင်ဟု မခေါ်၊ သူ့ကိုယ်ကို အုန်းလက်တွေနှင့် ပိုလုံအောင် ကာနေသည်။ မျက်နှာကိုလည်း မမြင်ရ။

"မနက်က ဇံဇံကို အစ်ကိုအားနာလိုက်တာ၊ ဇံဇံကလည်းအလိုက်မသိတတ်တော့ တော်တော်ဒုက္ခ ရောက်တယ်၊ တောဝင်ချင်တာ ဘယ်လိုမှ အောင့်မရလို့ ပင်လယ်နား ပြေးရတာ၊ ဒါတောင် လမ်းမှာ..."
ခိုးခိုးခစ်ခစ်ရယ်သံနှင့်အတူ အုန်းလက်များကြားထဲမှ မိဇံမျက်နှာပေါ်လာ၏။ ဟင်...ဟင်...ဟီး... ဟီးနှင့် ဆက်ရယ်နေသေး၏။
"နင်ကတော့ ရယ်နိုင်တာပေါ့။ ငါ့မှာ ဒုက္ခရောက်လိုက်တာ"
"ထွက်ကျရော့လား"ဟု ဗလုံးဗထွေး ပြောကာ ရယ်နေသေး၏။

"အစ်ကိုအေင်တိုင် တော်တော်နဲ့ ပေါ်မလာတော့ဘူး ထင်သားပဲ"
"အဲဒါကြောင့် စိတ်ဆိုးလို့ ထမင်းတောင်း ငါပြန်မယူတာ၊ နင်ထမင်းပို့နောက်ကျရင် အစ်ကို ဂေါလာရိုက်ပါစေလို့၊ မနက်က ရိုက်ရောမဟုတ်လား"
"ဘာလို့ရိုက်ရမှာလဲ"
အောင်တိုင်မှာ ခုမှသက်မချနိုင်၏။
မိဇံက အုန်းလက်တစ်လက်ကို လှမ်းဆွဲ၍ မတ်တတ်ထရပ်လိုက်၏။ သူ့ကိုလည်း သေသေချာချာ ကြည့်သည်။

"ဘယ်မှာလဲ ငါးလည်းမမြင်ပါလား"
"ဘာငါးလဲ"
"မိကျောင်းစာ ငါးလေ"
သြော်ဟုဆိုလိုက်ပြီး အောင်တိုင် ခဏငိုင်သွားသည်။ မနက်က မိကျောင်းစာ သွားကျွေးမည်ဟု ပြောမိသည်ကို သတိရလိုက်၏။
ရုတ်တရက် အောင်တိုင်ဘာပြန်ပြောရမှန်းမသိဖြစ်နေ၏။ မိဇံကလည်း ပဲ့ချိတ်ထဲက တက်လာပြီး...
"လာလေ အစ်ကိုအောင်တိုင်၊ ဇံဇံကို လိုက်မြမယ်ဆို"
"မရှိတော့ဘူးဟ"
"ဟင်..ဘယ်ရောက်သွားလို့လဲ၊ ထွက်ပြေးသွားပလား၊ ခြံနဲ့လှောင်ထားတာဆို"
"အစ်ကိုကြီး ဟိုဘက်ကမ်း ယူသွားပြီ"
ရမိရရာ ပါးစပ်ထဲက ထွက်သွား၏။

"မြန်လိုက်တာ ချက်ချင်းပဲလား"
"ကြာကြာထားရင် သေသွားမှာစိုးလို့လေ၊ မိကျောင်းက ရေငန်မှာ ကြာကြာထားရင်"ဟု ပြောပြီး စကားမဆက်တတ်ပဲ မိဇံမျက်နှာကိုသာ မသိမသာ အကဲခတ်နေ၏။
"မိကျောင်းကို ရေငန်မှာ ကြာကြာထားရင် ဘာဖြစ်လို့လဲ အစ်ကိုအောင်တိုင်"
"ငါမသိဘူးဟ၊ အစ်ကိုကြီးက ပြောလို့ ပြောရတာ"
"သူမသိလို့ နေမှာပေါ့၊ မိကျောင်းက ရေငန်မှာပဲနေတာပဲ၊ ကယုကျွန်းမှာ မိကျောင်း အမြဲရှိတယ် လို့အဖေတို့ပြောတယ်၊ သွားတိုင်းတွေ့တယ်တဲ့၊ အစ်ကိုအေင်တိုင် အစ်ကိုကြီးကို ပြောပါလား၊ အဲဒီဘက်မှာ မိကျောင်းသွားဖမ်းလို့"
"အေး...နောက်တော့ ပြောတာပေါ့၊ ငါပြန်မယ်၊ နင်မနက်က အရိုက်မခံရဘူးကြားလို့ ငါစိတ်မ ကောင်းပါဘူး"
အုံးခနဲ ကျောကုန်းတစ်ချက် ထုခံလိုက်ရ၏။

"ဇံဇံကိုအစ်ကိုအောင်တိုင် တော်တော်အရိုက်ခံစေချင်တာပေါ့နော်"
အသံအပြောင်းအလဲကြေင့် မိဇံမျက်နှာကို အောင်တိုင် ငုံ့ကြည့်၏။ မိဇံမျက်နှာ ချက်ချင်း ညှိုးသွား သည်။
"ဟင်...အစ်ကိုအောင်တိုင်၊ ဇံဇံကို အစ်ကိုအောင်တိုင် တော်တော်အရိုက်ခံစေချင် တယ်ပေါ့နော်"
ရုတ်တရက်မူ သူပြောမထွက်၊ မိဇံငါးပြင်ပေါ်က မျက်ရည်စီးကြောင်းကို မြင်သောအခါ ထိတ်လန့် သွားမိသည်။ မိဇံက တစ်ချက်ရိုက်လိုက်ပြီး ပြော၏။
"ဟုတ်ပါတယ်၊ အစ်ကိုအောင်တိုင်က ဇံဇံဒုက္ခရောက်တာပဲ မြင်ချင်တယ်ဆိုတနာ ဇံဇံလည်း သိပါ တယ်"

"မဟုတ်ပါဘူးဟာ၊ ငါ...ငါနော်ကတာပါဟ"
သူကမန်းကတန်းပြောရ၏။
"သိပါတယ်၊ အစ်ကိုအောင်တိုင် ဇံဇံတို့ မခင်ပါဘူးဆိုတာ၊ မြိတ်ထားဝယ်သားတွေပဲ ခင်တာ၊ ဇံဇံ တို့ ကတော့ အဒေါ်နိုင်းသံယောဇဉ်နဲ့ အစ်ကိုရင်းလို...."
"ငါခင်ပါတယ်ဟာ၊ သက်သက်နောက်တာပါဆို၊ ဒါငိုစရာလားဟ"
"၀မ်းနည်းလို့ပေါ့၊ အစ်ကိုအောင်တိုင်ကမှ ဇံဇံတို့ မခင်တာ"
"ခင်ပါတယ်ဆို"
"တကယ်နော် အစ်ကိုအောင်တိုင်"

"တကယ်ပါဟာ၊ နင်တို့က ဆလုံတွေဆိုတော့ ငါကပိုင်ခင်တာပေါ့၊ ငါ့အမေကလည် ဆလုံပဲဟာ၊ ပသျှူးတွေ မြိတ်ထားဝယ်သားတွေနဲ့ စာရင်ငါနင်တို့ အခင်ဆုံးပဲ၊ နင်တို့အိမ်သားတွေနဲ့ အမေ အဖေတို့ဆိုလည်း ဘယ်လောက်ခင်ကြလဲ၊ ပင်လယ်ထွက်ရင်လည်း အဖေက နင်တို့အဖေတွေ နဲ့လိုက်ဝံ့တာ"
"ဒီနှစ်ဘာလို့ အတူမထွက်ကြလဲမသိဘူး"
မျက်ရည်ကို သုတ်၍ ပြော၏။
"ကောင်းကျော်ပါ လှေသင်လိုက်မယ်ဆိုတော့ လူပိုနေမှာစိုးလို့လေ၊ အဖေက တမင်လျှော့်ပေး လိုက်တာ"
"အစ်ကို အောင်တိုင်ကောဟင်၊ ပင်လယ်မလိုက်သေးဘူးလား"
"အဖေက နောက်နှစ်မှ လိုက်တဲံ၊ ငါကတနင်္ဂနွေသားဆိုတော့ နောက်နှစ်မှ ပင်လယ်နံ သင့်တယ် တဲ့"
"အစ်ကို ကောင်းကျော်က ဗုဒ္ဓဟူးသား"

"အေးပေါ့၊ အဲဒါကြောင့်ပင်လယ်ထွက်နှစ် စောစောရသွားတာပေါ့"
"အစ်ကိုအောင်တိုင်၊ ဇံဇံတို့ကိုခင်တယ်ကြားရတော့လေ၊ ဇံဇံဘယ်လိုဝမ်းသာမှန်းမသိဘူး၊ တကယ် နော်အစ်ကိုအောင်တိုင်"
"တကယ်ပါ"
"ကဲ ဒီလိုဆိုရင် ဇံဇံပဲ့ချိတ်တစ်ခါမှ မစီးဖူးသေးဘူး၊ အစ်ကိုအောင်တိုင် ပဲ့ချိတ်နဲ့ ဇံဇံကို ပင်လယ် နားလိုက်ပြ"
အောင်တိုင် မသိမသာ သက်ပြင်းချလိုက်၏။ ဒီကောင်မလေးကို ခင်ပါတယ်ဟု ပြောမိတာ မှားလေပြီဟု တွေးလိုက်သည်။
"ဟင်....အစ်ကိုအောင်တိုင်က ဘာငိုင်နေတာလဲ၊ လာလေ ခင်တယ်ဆို၊ ခင်ရင် ဇံဇံကို ပဲ့ချိတ်နဲ့ ပင်လယ်နား လိုက်ပြရမယ်"
အောင်တိုင့်လက်ကို အတင်းဆွဲ၍ ပဲ့ချိတ်ရှိရာသို့ ခေါ်နေ၏။

"ဘာလုပ်မှာလဲဟာ၊ ပင်လယ်နား နင်နေ့တိုင်းသွားနေကျပဲဟာ၊ မိုးလည်း ချုပ်နေပြီ"
"နေ့တိုင်း သွားတာက သဲသောင်အတိုင်း ဆင်းသွားတာ၊ ခုက ရေသေချောင်းအတိုင်း လျှောက် သွားမယ့်ဟာ၊ လာပါအစ်ကိုအောင်တိုင်ရာ၊ မကြာပါဘူး....၊ ဘုတ် ဘုတ် ဘုတ်ဘုတ်ဆို ချက်ချင်း ရောက်သွားမယ့်ဟာ"
"မိုးချုပ်နေပြီဟ"
"အမယ်ဒီနေ့ လဆန်းဆယ့်သုံးရက်ပါနော်...၊ မမှောင်ခင် လထွက်လာမှာပဲ၊ လရောင်ထဲက ပင်လယ် ပြင်ဟာ သိပ်လှတယ်လို့ အစ်ကိုကြီးတို့ ပြောတယ်။ ပင်လယ်အနက်ထဲ ရောက်သွားရင် မျှော်ဦးတောင် လည်း မမြင်ရတော့ဘူးတဲ့၊ ဟိုတနင်္သာရီတောင်တန်းတွေပဲ  အဝေးကြီးက ပေါ်လာကြတာတဲ့၊ ဇံဇံ သိပ်ကြည့် ချင်တယ်။ လုပ်ပါအစ်ကိုအောင်တိုင်ရာ...နော်၊ ဒီချောင်းမှာ အစ်ကိုအောင်တိုင် တို့ပဲ့ချိတ် လာထားတာ ကြာပြီ။ ဇံဇံဘယ်နှခါ စီးဖူးသေးလို့လဲ၊ လှေပဲစီးဖူးတာ စက်နဲ့လှေစီးကြည့်ချင်လို့ပါ အစ်ကို အောင်တိုင်"
"နင် ရတနာနဒီနဲ့ ဟိုတလောကပဲ ဟိုဘက်ကမ်း လိုက်သွားတယ်ဆို မထူးပါဘူးဟာ"

"ဟင့်အင်း၊ ဟင့်အင်း....ရတနာနဒီက အကြီးကြီး၊ ဘာမှမဆိုင်ဘူး အစ်ကိုအောင်တိုင် ပဲ့ချိတ်မောင်း တတ်တာတစ်ရွာလုံး ချီးကျူးနေကြတယ်၊ ဇံဇံအစ်ကိုအောင်တိုင် မောင်းတဲ့ပဲ့ချိတ်ပဲ စီးချင်တယ်၊ လုပ်ပါအစ်ကိုအောင်တိုင်ရာ....နော်"
ငြင်းနေလျှင် အချိန်ကုန်တာသာ အကြောင်းဖြစ်မည် သိသမဖြင့် ကဲတက်တက်ဟု မကျေမနပ်နှင့် ပြောလိုက် ရ၏။ မိဇံက မြူးမြူးကြွကြွ ပဲ့ချိတ်ပေါ် အလျင်ရောက်သွား၏။
"ဘယ်နေရာက ထိုင်ရမှာလဲ အစ်ကို"
"ထိုင်ချင်ရာက ထိုင်ဟာ"
မိဇံ က သူ့ကိုလှည့်ကြည့်သည်။

"မတော်လို့ ပဲ့ချိတ်ပေါ်က ကျသွားရင်ကော"
"သေလိုက်ပေါဟ"
မိဇံက ရယ်သည်။
"မိဇံသေတော့ အစ်ကိုအောင် ၀မ်းနည်းဘူးပေါ့"
"မဆိုကောင်း ဆိုကောင်း၊ စကားက ရှည်လာပြီ၊ ငြိမ်ငြိမ်နေဟာ"
"သီချင်းလည်း မဆိုရဘူးလား"
"သီချင်းလည်း မဆိုရဘူးလား"
"နင် ဘာသီချင်းဆိုတတ်လဲ...မိုး...မို.. ၀ါလိုက်ပါတော့မိုး... အိမ်မိုးခေါင် မြှုံးထောင်ရ အောင် ဆိုတာလား"
အောင်တိုင် က ထားဝယ်ဒိန်းသံ တစ်ပုဒ်ကို ရွတ်ပြ၏။ မိဇံက ခေါင်းခါသည်။

"ဘာလဲ၊ ဘာသီချင်းလဲ"
"ကမ်းနားမှာ သင်္ဘောဆိပ်၊ စိန်ဘီလင်နောက်လိုက်၊ ရေလယ်ကောင် မိကျောင်းက အော့အဲကြီး နဲ့တူသနော်"
"တော်စမ်းပါဟာ...၊ ဒိန်းသံ ငါနားမထောင်ချင်ပါဘူး"
ရယ်၍ ကက်ဆက်ထဲက သီးချင်းကောဟု ကြည့်မေးပြန်သည်။

"နင်ဆိုချင် ဆိုပေါ့"
"အစ်ကိုအောင်တိုင် နားထောင်မယ်ပေါ့"
"အေးပါဟာ"
....စကားတွေ ဖောင်ဖွဲ့လို့ ချစ်မတဲ့ ယုံအောင်ပင်....
တစ်ဦးသဘော တစ်ဦးပြောမနေချင်....
တကယ်တမ်း မေတ္တာစစ်နဲ့ချစ်ကြဖို့ပါရှင်...
"လွန်းပေါင်းတင် ကျစ်တဲ့ ကြိုးပမာရှင်....
နှစ်နှစ်ကာကာတူပင်...သက်ဆုံးတိုင် ခိုင်မြဲချင်...၊
အဟုတ်ကြီးပါလား ဟု မိဇံမျက်နှာကို အောင်တိုင် ငေးကြည့်လာရသည်။

ဆက်ရန်
.

2 comments:

Anonymous said...

Read Pho Kyawt 12.Thanks.
Gyidaw

mstint said...

ဖတ်သွားပြီနော် ကျေးဇူးး)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်