ဘာဘီကျူးည
ဆောင်းဝင်းလတ်
ဆောင်းဝင်းလတ်
စိတ်ကူးဖြင့် မျှော်လင့်ရခြင်း အလုပ်များထဲတွင် သေချာရေရာမှု လုံးဝမရှိလှသော ထီထိုးရခြင်း အလုပ် လည်း ပါဝင်သည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာကတော့ မြန်မာပြည်တွင် ပြည်တွင်းမှ ဖွင့်လှစ်သော ထီ သာမက ဟိုးအဝေး အိုင်ယာလန်တိုင်းပြည်မှ အိုင်ယာလန်ထီကိုပင် လှမ်းထိုးသူတွေ ရှိခဲ့ဘူးသည်။ ထီပေါက်သူ လည်းရှိ ၊ မပေါက် သူလည်းရှိ။ ကံသေကံမမဟုတ်။ ဟိုတုန်းက မြန်မာပြည်တွင် တစ်သိန်းဆု က အမြင့်ဆုံး။ ငွေတစ်သိန်းရသူတစ်ချို့က လုပ်ငန်းကြီးတွေ လုပ်ကြသည်။ ဆီစက် ၊ ဆန်စက်ကြီးတွေ တည်ကြသည်။ ကိုယ်ပိုင်သင်္ဘောကြီးဝယ်ကာ ခရီး သည်တင် ဝန်ဆောင်မှု ပြုသူတွေလည်းရှိရဲ့၊ တချို့က လိုင်းကားထောင် ၍ စားသည်။ တစ်ချို့ကဘာစီးပွားရေးမှ မလုပ်။ ဘဏ်တိုးနှင့် အေးအေးလေး ထိုင်စား သူလည်း ရှိ၏။
ငွေတန်ဖိုးမြင့်ချိန်။ ယခု ငွေတန်ဖိုးဆုံးလောက်အောင် ဖြစ်ချိန်မှာတော့ ငွေနှင့်ပက်သက်၍ ကံစမ်းသူများက သိန်းထောင့်ငါးရာဆုကို မျှော်မှန်းကာ ထီထိုးနေကြပြီ ဖြစ်သည်။ ထီနှင့်ဝေါဟာရတွေကလည်း များပြားပါသည်။ တွတ်ဆိုသောစကား တွင်ကျယ်လာသည်။ တချို့က လုံးဝဥဿုံ ထီဆုကြီးပေါက်သွားပြီး တချို့ကသိန်းတစ်ရာဆု၊ သိန်းငါးရာဆု စသည်ဖြင့်ကျေနပ်သွားကြရတာ။ တစ်ချို့က တွတ်ရသဖြင့် ငွေသုံးသိန်းဖြင့် ဖြေသိမ့်ရသူတွေလည်းရှိလာသည်။ ဦးဘိုနီကတော့ သိန်းထောင့်ငါးရာဆု ပေါက်ဖူးသူ။ သူ့အသက် ၆၀ ပြည့်အဖြစ် သူ့မွေးနေ့ကို ထူးခြားသော ညစာစားပွဲ ကျင်းပချင်ခဲ့သည်။ သက်ရှိထင်းရှားရှိနေဆဲ သူ့သူငယ်ချင်းတွေ စာရင်းကို လိပ်စာနှင့်တကွ စုံစမ်းပြုစုသည်။သူငယ်ချင်း တွေထဲမှာ ဘယ်သူထီပေါက်ဖူးသလဲ။
ထီပေါက်ဖူးဘို့ဆိုတာ တကယ့်ကို ရတောင့် ရခဲဒုလ္လဘ။ တည့်တည့်ကြီးပဲ တိုးတိုး။ တွတ်ဆိုတာကြီးပဲ ရဖူးရဖူး။ ထူးကဲသူများဟုသူသတ်မှတ်သည်။ သူ့မွေးနေ့မှာ ညစာကျွေးဖို့ သင့်တင့်သည်။ စားသောက်ဆိုင်ကြီးတစ်ခုတွင် သူစီစဉ်ပြီး ငယ်သူငယ်ချင်းလက်ကျန် အားလုးံကိုလာ နိုင်လျှင်လာခဲ့ဖို့ စုံစေ့အောင်ဖိတ်လိုက်သည်။ ဒုတိယအစီအစဉ်က ဘဝကံကြောင့် စီးပွားရေးအခြေမနိုင် ချို့တဲ့နေသူတွေ ကျန်းမာရေးမကောင်းသူတွေကို စာရင်းကောက်ကာ၊ တစ်ယောက်ကို ငွေတစ်သိန်းစီ၊ သူ့မွေးနေ့မှာ သူနှင့်သူ့မိသားစုကို ထောက်ပံ့မှာဖြစ်သည်။ တတိယအစီအစဉ်ကတော့ ငယ်သူငယ်ချင်းများထဲမှ၊ ထီပေါက်ဖူးသူ၊ တွတ်ရဖူးသူတစ်ချို့အား အမှတ်တရလက်ဆောင် ပစ္စည်းများထိုက်ထိုက်တန်တန် ပေးမည်ဟုစီစဉ်ထားသည်။
ဖိတ်ကြားထားသည့် ညနေပိုင်း ၅ နာရီလောက်ကတည်းက စားသောက်ဆိုင်ကြီးထဲမှာ လူတော်တော်လေး စုံလင်သလောက်တော့ ရှိလာသည်။ တစ်ချို့ရပ်ဝေးသမားများ၊ တစ်ချို့အကြောင်းကြောင်းကြောင့် မလာနိုင်သူများက လွဲလျှင်ငယ်ပေါင်းတွေ၏ မိသားစုဝင်တစ်ချို့ပါ ရောက်လာကြတာ ဝမ်းသာစရာ။ ပျော်ပျော်ပါးပါး မွေးနေ့ တစ်ခုဟုလည်းသူ့ရင်ထဲမှာ ခံစားရသည်။ စားကြ၊ သောက်ကြ၊ စကားတွေဆူညံကြ။ ပြီးတော့ တီးဝိုင်းသမားများနှင့် သီချင်းတက်ဆိုချင်လည်းဆိုကြ။ အားလုံးစိတ်လွတ်ကိုယ်လွတ်၊ ငယ်စိတ်လေးတွေ ပြန်နွေးချိန်။
သူငယ်ချင်းများထဲမှာ ထီပေါက်ဖူးသူ ထီတွတ်ရဖူးသူကလည်း နည်းနည်းလေး။ လက်ချိုးရေတွက်ကြည့်လိုက်တော့၊ ကိုကိုထွေး ၊ စိမ်းစိမ်း၊ လူပု၊ ဇော်ဝင်း၊ တင်မြိုင်၊ မွန်ကြီး ၊ ဌက်ဆိုး နှင့် မဲလုံးတို့ ရှစ်ယောက်ထဲသာ စာရင်းကောက်ခဲ့သည်။ ဦးဘိုနီနှင့် သူ့ဇနီး က နွမ်းလျချို့တဲ့ အဆင်မပြေကြသူ ငယ်ပေါင်းများအား ငွေတစ်သိန်းစီ ပေးအပ်မှု စတင်လိုက်ကြသည်။ ပြီးတော့မှ ကိုကိုထွေးတို့လူစုကို တန်းစီထိုင်ခိုင်းကာ အမှတ်တရလက်ဆောင် ပစ္စည်းတစ်မျိုးစီ ပေးလိုက်ကြသည်။ စတုတ္ထအစီအစဉ် ပျော်ပျော်ပါးပါး ညစာမစားကြမီ၊ ထီပေါက်ဖူးသူ၊ တွတ်ရဖူးသူ ရှစ်ယောက်က တစ်ယောက်ချင်းထ၍ ’’ ငါတို့ဘာဖြစ်လို့ ထီပေါက်ကြတာလဲ ’’ ဆိုပြီး သူတို့ကိုယ်သူတို့ ထင်မြင်ချက်ကလေးတွေပြောပေးကြဖို့ ဦးဘိုနီက တောင်းဆိုထားသည့် တတိယအစီအစဉ်ကို စတင်လိုက်သည်။ ပြောချင်ကြတာတွေသာ ပြောကြတော့။
အားလုံးငယ်ပေါင်းတွေမို့ ဒါလေးကလည်းပျော်ရွှင်စရာတစ်မျိုးပေါ့။ ကျောင်းနေတုန်းကတည်းက စကားနည်းသော လူရိုးလူအေး ကိုကိုထွေးက ပထမဆုံးပြောသည်။ ခပ်တိုတိုပါပဲ။ ပြီးတော့ တစ်ယောက်ပြီးတစ်ယောက် နည်းနည်းစီပြောသွားကြသည်။ တစ်ချို့ကလည်း အတိတ်ကံကြောင့်တဲ့။ တချို့ကလည်း အနန္တော အနန္တ ငါးပါးဂုဏ် ကျေးဇူးကြောင့်တဲ့။ တစ်ချို့ကလည်း တိုက်ဆိုင်မှုတစ်ခုပါတဲ့။သည်ကောင်တွေထဲမှာ ဌက်ဆိုးကတော့ ထီဆုသေး သုံးကြိမ်ပေါက်ဖူးကာ တွတ်နှစ်ကြိမ်ရဖူးသူမို့ လူကောင်ကြီးသလောက်ထူးခြားသူဟု ဆိုရလေမလား။ နောက်ဆုံးပြောပြသည့် မဲလုံးကတော့ ငါ့စိတ်ထဲမှာ ငါထီပေါက်သင့်တာကြာပြီ လို့ထင်တယ်။ ဘာကြောင့် ထီမပေါက်နိုင်သေးတာလဲပေါ့။ခုတော့သူငယ်ချင်းအားလုံးကိုပြောချင်တာကတော့ မဲလုံးလည်း ထီပေါက်ဖူးပါပြီ လို့ပဲပေါ့ကွာဟု ပြောကာစကား ကိုဖြတ်ချလိုက်သည်။ အမှန်တော့ အချိန်ကမရ။
စားသောက်ဆိုင်ကို နာရီပိုင်းဌားထားတာက အချိန်ကန့်သတ်ပြီးသား။ ငွေချေကတည်းက ညနေ ၅ နာရီမှ ည ၈ နာရီအထိသာ။ ငယ်ပေါင်းတွေ ဆုံစည်းတုန်း စကားတွေအကြာကြီး ပြောကြဖို့ကောင်းတာ။ အခုတော့ ခဏလေးရယ်။ အချိန်မရှိ လူသားများနှယ်။ ငယ်ငယ်တုန်းကလိုတော့ ကိုယ့်အကြောင်းသူ့အကြောင်း အိတ်သွန်ဖာမှောက် ရိုးရိုးစင်းစင်း ပွင့်ပွင့်လင်းလင်း ခပ်ရှင်းရှင်းဘွင်းဘွင်း ဟောဟောဒိုင်းဒိုင်း ဘယ်သူမှ ဖွင့်ဟပြောချင်စိတ် ရှိကြတော့ဟန်မတူ။ အရွယ်အရ ဘဝပြဿနာတွေ အများကြီးထဲက သည်ညမှာ အရာအားလုံးကို ခဏမေ့ထားကာ ညစာလာစားကြချင်းသာ။ လူရိုးလူအေး ကိုကိုထွေးဘက်ကကြည့်တော့ နွမ်းပါးချို့တဲ့သော ငယ်ပေါင်းတွေ ထက်စာလျှင် သူကထီဆုသေးသေးပေါက်ဖူးသူမို့ နည်းနည်းလေး အသက်ရှုပေါက်ချောင်သူဟု ဆိုနိုင်သော်ငြား လက်ထဲမှာ ငွေစကြေးစ မည်မည်ရရ မကျန်တော့တာ သူ့ကိုယ်သူအသိဆုံး။
အချိန်ကာလသုံးနှစ်အတွင်းမှာ ငွေကုန်စရာတွေက ဆက်တိုက်ပေါ်လာခဲ့ပြီးပြီ။ သူ့သမီးအငယ် ဆေးရုံတက် ခွဲစိတ်ရချိန်မှ အစပြုသည်ဟု ဆိုရမည်။ ဆက်တိုက်ဆိုသလိုပါပဲ။ သူ့သမက်တစ်ယောက်လည်း ဆေးရုံတက်ခဲ့ရပြန်သည်။ နောက်ဆုံး ဆေးကုသစရိတ်တွေ ပုံအောပြီး သုံးလိုက်ရတာကတော့ သူ့အမေနာရေးကိစ္စ အထိဟုဆိုရလေမည်။ ဆေးရုံကြောက်သော စိတ်ဝေဒနာမဖြစ်ရုံတစ်မည် သူမျက်ရည်လည်ခဲ့ရတာကိုး။ အိတ်ထဲက ပိုက်ဆံတွေ ပလူပျံထွက်သွားကာ ဆေးရုံ၏စူးရှမွှန်ထူ ပူလောင်ကျဉ်းကျပ် မှောင်ရိပ်သိပ်သည်းဆတွေမှာ အငွေ့ပြန်ပြာကျသွားခဲ့တာ ရှိစေတော့။ စိမ်းစိမ်းကတော့ သူနှင့် သူ့မိသားစုအတွက် ပိုက်ဆံတွေမကုန်ပေမဲ့ လောင်းကစားဝါသနာကြီးမားလှတဲ့ သူ့အဒေါ်အရင်းနှင့် သူ့အစ်မဝမ်းကွဲသုံးယောက်က ခဏလေးပြောပြီး သူ့ဆီကယူထားကြတဲ့ အကြွေးများ လုံးဝပြန်မရကတည်းက စိတ်သောကဖိစီးခြင်းခံနေရသူပါ။ သည်အတွက် တတိတိ ဒုက္ခနွံအိုင်ကြီးထဲ နစ်ခဲ့သော စိမ်းစိမ်း။ မင်းက သိပ်အမျိုးခင်တွယ်တတ်တဲ့မိန်းမ။ မင်းအမျိုးတွေက ကောင်းကျိုးပေးလို့လား။
ခုကြည့်စမ်း။ မင်းထီပေါက်တယ် သတင်းကြားတာနဲ့ အသာလေးလာပြီး အေးဆေးဓားပြတိုက်သွားကြတာ စသဖြင့်နားပူအောင် နေ့စဉ်နှင့်မျှ စိတ်ကိုဒုက္ခပေးလှတော့လည်း လင်မယား ကတောက်ကဆဖြစ်ကြရတာမဆန်း။ ခုတော့ လမ်းခွဲလိုက်ကြရသည်အထိ။ လူပုဆိုသည့် သူငယ်ချင်းကတော့ ပိုက်ဆံကုန်ဖို့ အဆင်သင့်စောင့်ဆိုင်းပြီးသား ကံကြမ္မာလူသားဆိုတာ သူငယ်ချင်းတွေကို ဖွင့်မပြောမိ။ နေလှရ...ခြောက်လပေါ့။ သူ့မှာ ဘာဝေဒနာဖြစ်နေပြီလည်းဆိုတာ ဆရာဝန်ကြီးဆီက အဖြေရပြီလေ။ တကယ်တော့ သူကင်ဆာဖြစ်နေတာပါ။ ငယ်သူငယ်ချင်းများ မျက်နှာကို စေ့စေ့ကြည့်ကာ စိတ်ထဲက နှုတ်ဆက်ချင်လွန်းလို့သာ အားတင်းပြီး ဟန်ဆောင်ကောင်းကောင်းနှင့် သူရောက်လာခြင်းပါ။ သူ့မိသားစုကလည်းမတားတော့ပေ။ နောက်ဆုံးအချိန်မှာ သူစိတ်ချမ်းသာသလိုနေပါစေ ဆိုသည့်သဘောပင်။
သူ့ဘဝနွမ်းလျချိန်များခဲ့သည်။ ဟိုတုန်းက သာမာန်စာရေးလေး၊ နောက်တော့ပုဂ္ဂလိက ကုမ္ပဏီဝန်ထမ်း။ သည်လိုဖြတ်သန်းရင်း ထီဆုသေးတစ်ကြိမ် ပေါက်ဖူးခဲ့ခြင်းသာ။ ခုတော့ ကင်ဆာနှင့် သူရင်ဆိုင်ထိုးသတ်ဖို့ ပြင်ဆင်ထားရပြီး ကြိုးဝိုင်းထောင့်က လူသား။ ခံစစ်သမား။ ဇော်ဝင်းကတော့ ထီမပေါက်လည်း သိပ်ဂရုစိုက်စရာမလို။ တစ်ကိုယ်ရေ တစ်ကာယသမား။ မိသားစုကလည်း ပြည့်ပြည့်စုံစုံ။ အပူအပင်ကင်းသည်ဟု ဆိုရမှာ သူတစ်ယောက်ထဲသာ။ သည်လိုလူမျိုးရဲ့ကံကလည်း ကောင်းပြီးရင်းကောင်းရင်း။ ထီလည်းပေါက်လိုက်သေး။
ဟိုကောင် တင်မြိုင်ကတော့ မိန်းမဆုံးသွားပြီးနောက်ပိုင်းမှာ သမီးပျိုလေးကို အရိပ်တကြည့်ကြည့်နေရဆဲ။ သမီးကလည်းယောင်ဝါးဝါး။ ကာလယန္တရားကြီးထဲက ဟိုတစ်စ သည်တစ်စ မွစာကျဲ ဝါသနာတွေထဲ တဝဲလည်လည်။ ဘာသင်တန်း ညာသင်တန်းတွေကြားထဲ စမ်းတဝါးဝါး။ ငွေကိုခင်း အရင်းပြုရသော သူ့သင်တန်း လမ်းကြောင်းလမ်းမွှာ တွေကြားထဲမှာ ဖခင်ြကီ်းခမျာ နောက်ကတကောက်ကောက် အိတ်သွန်ဖာမှောက်။ မွန်ကြီးကြတော့ ညီအစ်ကိုများအတွက် ဒိုင်ခံကာ ဖြည့်ဆည်းကုန်ကျနေရရှာသူ။ ညီအစ်ကိုတွေထဲမှာ သူက အငယ်ဆုံးဆိုပေမဲ့ ကျန်တဲ့သူတွေ အဆင်မပြေတာတွေကို လိုအပ်သလို ဖြည့်ဆည်းကာ ငွေပေးနေရသူ။
ပိုက်ဆံတွေကလည်း အသုံးမခံလိုက်တာ။ ဘာတွေဖိစီးပြီး ဘာတွေကုန်ကျနေလဲဆိုတာ စာရင်းမရှိပေမဲ့ အကြောင်းကိစ္စတွေက သစ်သီးတစ်လုံးကို ပိုးတွယ်သလို တစိမ့်စိမ့်ထိုးဖောက်နေတာ။ ဌက်ဆိုးကတော့..... ပေါင်းပြီးစားရတဲ့ စားကျက်ကို နောကျေပြီးသား။လူလည်ကြီးသားအမိ ပီသစွာ အောင်မြင်မှုရနေဆဲပါ။သူ့အတွက်ငွေယိုပေါက်ကတော့ မိန်းမကိစ္စ။ သူကရုပ်ရည်ကြီး ဘီလူးပေါက် စတစ်ကောင်လို့ဆိုရပေမဲ့ မိန်းမကိစ္စအတွက် ငွေကိုလှိုင်လှိုင်သုံးနိုင်နေဆဲ။ အိမ်ထောင်ရေးလည်းပြိုကွဲခဲ့တာ ခပ်ကြောင်ကြောင်သားကလေး လူမမည်အရွယ် ကတည်းကပေါ့။ ငွေကံကောင်းသလောက် အိမ်ထောင် ရေးကံမကောင်းသော်ငြား သူ့ဘဝအတွက် နောက်ဆုံးမျှော်လင့်ချက်က သူ့သားလေးအပေါ်မှာ ပုံအောထားနေဆဲ။ သားကလေးကလည်း မအေနှင့်မနေရ၍ စိတ်ပိုင်းဆိုင်ရာမှာ အာရုံနောက်နေဟန်တူရဲ့။ ကျပ်မပြည့်ချင်။
ဖအေကလည်း အချိန်ပြည့် စီးပွားရေးသမားမို့ အနီးကပ်မစောင့်ရှောက်နိုင်သေး။ မဲလုံးကတော့ ပညာကိုစိတ်ဝင်စားခဲ့တာ သည်ကာလ၊ သည်အရွယ်ထိ။ သူဝါသနာပါသော ပညာရပ်အတွက်အရာရာကို မြှုပ်နှံရင်းနှီးထားခဲ့သူ။ သူက လက်မှုပညာသမားပါ။ သည်ပညာနှင့်ပင် သူတို့မှီခိုနိုင်သူ၊ မိသားစုအား ရရစားစား ဖြည့်ဆည်းပံ့ပိုးလာခဲ့ရာမှ ကောက်ကာငင်ကာ ထီဆုသေး သေးလေး တစ်ကြိမ်တစ်ခါသာ ထိုး၍ပေါက်ခဲ့ဖူးသူ တကယ့်ကို ရရစားစားသမားပါ။ သူ့မှာ ကိုယ့်ကြိုးစားမှုနှင့် လွဲပြီးဘာမှမရှိ၊ မွေးနေ့ရှင် ဦးဘိုနီက စားပွဲဝိုင်း တစ်ဝိုင်းပြီးတစ်ဝိုင်းကူးကာ ငယ်ပေါင်းတွေနှင့် ရယ်စရာလေးတွေပြော ရင်းချက်ချင်း တရစပ်ပျော်ပွဲဖွဲ့နေဆဲ။
ညဦးမှောင်ရိပ်ထဲမှာ စားသောက်ဆိုင်ကြီး၏ မီးပွင့်ရောင်စုံတွေက ပြိုးပြိုးပြက်ပြက်၊ ထီဆုကြီး ပေါက်ထားသော သူ့နှလုံးသားကလည်း သူငယ်ချင်းတွေကို စကားမပြောမိရုံတမည်။ မိသားစု အခြေကျလုပ်ကိုင်ကျဖို့ သူတို့ဝယ်ထားမိသော ဆိုင်ခန်းနှစ်ခန်းအပါအဝင် ဈေးကြီးကို အကြောင်းတရားတစ် ခုကြောင့် ဖျက်သိမ်းလိုက်ရတာ ဘာမှမကြာသေး နေရာဝေးဝေး ဈေးနေရာသစ်ဆီသို့ ပြောင်းရွှေ့ကြရပြီး ဦးနှောက်ထဲမှာ အာရုံနောက်တာလေးတွေ ပျောက်လိုပျောက်ငြား ငယ်ပေါင်းများရဲ့ မျက်နှာတွေကြားမှာ ခုလိုညစာစားပွဲလေး ကြိတ်မှိတ်လုပ်လိုက်မိခြင်းသာ။
စာရေးသူ - ဆောင်းဝင်းလတ်
.
No comments:
Post a Comment