Sunday, August 21, 2011

ဝင်းဖေဝင်း ဘာသာပြန် မနက်ဖြန်အတွက် ဒီကနေ့ အပိုင်း (၁၈)

ထရေစီ လန်ဒန် ကို ချစ်နေပြီ။ သဘောကျ နှစ်သက် ပျော်ပိုက်နေပြီ။ ထိပ်တန်းဟိုတယ်ကြီးများ၊ နာမည်ကြီး စားသောက်ဆိုင်များသို့ လှည့်ပြီး ညစာ စားသည်။ အမျိုးသားဇာတ်ရုံကြီးနှင့် တော်ဝင် အော်ပရာ ခန်းမကြီး များသို့ ကပွဲများ သွားကြည့်သည်။ ဟာရော၊ ဖေါ့ကနမ်နှင့် မက်ဆန်စသော ကုန်တိုက်ကြီး များ၊ ကုန်ပဒေ သာ ဆိုင်များသို့ လှည့်ပြီး ပစ္စည်းများ ၀ယ်သည်။ စာအုပ်ဆိုင်ကြီးများတွင် စာအုပ် များ ၀ယ်သည်။ ကားတစ်စီးနှင့် ယာဉ်မောင်းတစ်ယောက် ငှားပြီး စနေ၊ တနင်္ဂနွေရက်အားများတွင် ဟမ်ရှိုင်းယားရှိ ချူတောင် ဂလင်း ဟိုတယ်ကြီးသို့ ဇိမ်ခ့ အပန်းဖြေ ခရီးထွက်သည်။
သို့သော် ဤအရာအားလုံးသည် တန်ဖိုးကြီးလှသည်။ အကုန်အကျ များလှသည်။

မင်းမှာရှိတဲ့ ငွေတွေ တစ်နေ့တော့ ကုန်သွားမှာပေါ့ဟုသာ ဂန်သာဟာတော့၏ စကားကို ထရေစီ ပြန်ကြား ယောင် လာမိသည်။ သူ့စကားမှန်နေသည်။ မိမိလက်ရှိ ပိုက်ဆံသည် တစ်သက်လုံးအတွက် မလုံလောက် နိုင်ပေ။
အနာဂတ်အတွက် အစီအစဉ်များ ရေးဆွဲလုပ်ကိုင်ရန် လိုမည်ကို ထရေစီ သဘောပေါက် သိမြင်လာသည်။
ဂန်သာဟာတော့ ၏ ထပ်မံ ဖိတ်ကြားချက်အရ ထရေစီသည် စနေ၊ တနင်္ဂနွေရက်အားများတွင် ဂန်သာ၏ ကျေးလက်စံအိမ် သို့ သုံးလေးခေါက်ထပ်ရောက် ဖြစ်သည်။ ရောက်သည့်အခါတိုင်းလည်း ဂန်သာ၏ မိတ်ဆွေ အပေါင်းအသင်းများနှင့်အတူ စိတ်ချမ်းမြေ့ ပျော်ရွှင်ရသည်ချည်း ဖြစ်သည်။
တနင်္ဂနွေနေ့ တစ်ညနေတွင် ညစာစားပွဲ၌ ဂန်သာ၏ မိတ်ဆွေ ပါလီမန်အမတ် တစ်ဦးက ထရေစီအား မေး လာသည်။

"ဒီမှာ မစ္စ၀ှစ်တနေ၊ ကျွန်တော် တက္ကဆပ်နယ်သားတွေနဲ့ မတွေ့ဖူးသေးဘူး၊ သူတို့က ဘာနဲ့တူသလဲ"
ထရေစီ က တက္ကဆပ် နယ်သာ အထည်ကြီးပျက် မုဆိုးမတစ်ဦး၏ လေသံဖြင့် ပြက်လုံး ထုတ်ပြသည်။ ထရေစီ သည် အသံတု ဖျက်ပြောရာတွင် ပိရိ ပိုင်နိုင်လှသဖြင့် အားလုံးက သဘောကျပြီး ချီးကူးသြဘာ ပေးကြသည်။
ထို့နောက်ပိုင်း ၌ ထရေစီနှင့် ဂန်သာ နှစ်ယောက်တည်း တွေ့သောအခါ ဂန်သာက ပြောလာသည်။
"မင်း အသံတု လုပ်တာ သိပ်ကောင်းတယ်။ ပိရိတယ်။ အဲဒီအလုပ်မျိုးနဲ့ ပိုက်ဆံအမျိုးမျိုးရမှာ မျိုးဆိုရင် မင်း မလုပ်ချင် ဘူးလား"
"ကျွန်မက အသံတု သရုပ်ဆောင်မှ မဟုတ်ဘဲ ဂန်သာရယ် ..."

"မင်းကိုယ်မင်း အထင်သေးနေတာပါ။ ထရေစီ လန်ဒန်မှာလေ "ပတ်ကားနှင့်ပတ်ကား" ရတနာဆိုင်ကြီး တစ်ဆိုင် ရှိတယ်။ မင်းတို့ အမေရိကန်စကား နဲ့ ပြောရရင်တော့ ၀ယ်သူတွေကို လည်လှီးနေတဲ့ ဆိုင်ကြီးပဲ ပေါ့၊ မင်း အသံတု လုပ်ပြလိုက်တော့ ငါ့ခေါင်းထဲမှာ အကြံတစ်ခု ပေါ်လာတယ်။ အဲဒီ မရိုးဖြောင့်တဲ့ ဆိုင်ကြီး ကို ပညာပေးဖို့ အကွက်မြင်လာတယ်"
ဂန်သာ က ထရေစီအား သူ၏ အကြံအစည်ကို ထုတ်ဖော် ပြောပြလိုက်သည်။
"ဟင့်အင်း ..."
ထရေစီ ငြင်းလိုက်သည်။

သို့သော် ဤအကြံအစည်ကို ထပ်စဉ်းစားလေ ပိုစိတ်ပါလေလေ ဖြစ်လာသည်။
"ဟင့်အင်း ..."
ထရေစီက ထပ်ငြင်းလိုက်သည်။ သို့သော် သူ၏ ငြင်းဆိုလိုက်သော အသံမှာ အားနည်းလှပေသည်။
အောက်တိုဘာလ တွင် လန်ဒန်၌ နွေးနွေးထွေးထွေး ရှိလှသည်။ အင်္ဂလိပ် လူမျိုးများနှင့် ကမ္ဘာလှည့် ခရီးသည် များက လန်ဒန်၏ နွေးထွေး တောက်ပသော နေရောင်ကို နှစ်သက်ကြသည်။ အောက်တိုဘာလ သည် လန်ဒန်၌ နေခြည်ဖြာ၍ နွေးသောလ ဖြစ်သည်။
အဖြူရောင် ဒိန်မလာ ကားကြီးတစ်စီး "ပတ်ကားနှင့် ပတ်ကား" ရတနာတိုက်ကြီးရှေ့သို့ ထိုးဆိုက်လိုက် သည်။

ယာဉ်မောင်းက ရှေ့ခန်းမှ ကမန်းကတန်း ဆင်းပြီး ကားနောက်ခန်း ချောမောလှပသော အမျိုးသမီးငယ် တစ်ဦး ကြွကြွရွရွလေး ဆင်းလာသည်။
ရွှေရောင်ဆံပင် က ပွပွလှလှလေး၊ မျက်နှာတွင် မိတ်ကပ်ရောင်စုံကို ထူထူလူးထားသည်။ တင်းတင်း ကျပ်ကျပ်ဖြင့် ကိုယ်လုံးကြွ အီတလီဝတ်စုံ ကို ၀တ်ထားပြီး အပေါ်မှ ကုတ်အင်္ကျီကြီး ခြုံထားသည်။ ရာသီ နှင့် အ၀တ်အစား ပသို့မျှ သဟဇာတ မဖြစ်ပေ။

"ဘယ်အပေါက်က ၀င်ရမှာလဲ ချာတိတ် ..."
အမျိုးသမီးက အသံကျယ်ကျယ်ဖြင့် ဟောင်ဖွာဖွာ ပြောလိုက်သည်။ သူမအသံမှာ အမေရိကန်ပြည် တက္ကဆပ် နယ်သူနယ်သား များ၏ လေသံ ဖြစ်သည်။
"ဒီက ၀င်ပါ ... မဒမ်"
ယာဉ်မောင်းသူက ဆိုင်ဝင်ပေါက်ဝကို ပြရင်း ပြောလိုက်သည်။
"အိုကေ ... ချာတိတ်၊ သိပ်အဝေးကြီး မသွားနဲ့နော်၊ ဒီနားတင် စောင့်နေ၊ ငါ သိပ်ကြာမှာ မဟုတ်ဘူး"
ဒီအနား မှာ ကားရပ်ထားလို့ မရဘူး မဒမ်၊ ဟို ရှေ့မှာ သွားပြီး တစ်ပတ် ပတ်ပြီး ရပ်မှ ရမယ်"
"ကဲ ... ပါ၊ မင်းကောင်းသလိုသာ လုပ်ပါ မောင်ရင်ရယ်"
အမျိုးသမီးက ယာဉ်မောင်းပခုံးကို ပုတ်ပြီး ခပ်သောသောလေး ပြောလိုက်သည်။

ယာဉ်မောင်းသည် ဤ တက္ကဆပ်နယ်သူ အမေရိကန်မ ၏ အပြောအဆို အပြုအမူကို သဘောမကျ သော်လည်း ပိုက်ဆံ ကောင်းကောင်းရသဖြင့် အသာငြိမ်ပြီး အောင့်ခံလိုက်ရသည်။
ထရေစီသည် ဆိုင်ရှေ့မှ မှန်ချပ်ကြီးများထဲတွင် မိမိအရိပ်ကို မိမိကြည့်ပြီး အားရကျေနပ်သော အသွင်ဖြင့် ဆိုင်ပေါက်ဝ သို့ သွားသည်။ အစောင့်တဦးက တံခါးကို ဆီးကြိုဖွင့်ပေးပြီး ခရီးဦးကြိုပြုသည်။
"ကောင်းသော နေ့လယ်ခင်းပါ မဒမ်
"ကောင်းသောနေ့ပါတဲ့ရှင်"
ထရေစီ ဆိုင်ထဲသို့ ၀င်သွားရာ သင့်ပျံ့ပျံ့အကောင်းစား ရေမွှေးနံ့က နောက်ဘက်တွင် အမျှင်တန်းပြီး ကျန်ရစ်ခဲ့သည်။

အရောင်းစာရေး အာသာချေလတန်က သူမအား ဆီးကြိုပြီး မေးလိုက်သည်။
"ကျွန်တော် ဘာများ ကူညီရမလဲ မဒမ်"
"သြော် ... ကျွန်မ အဘိုးကြီး ပီဂျေက ကျွန်မ မွေးနေ့အတွက် လက်ဆောင်ပေးချင်လို့တဲ့ရှင်၊ အဲဒါကြောင့် လာတာ၊ ရှင်တို့ဆီမှာ ဘာတွေရှိလဲ"
"မဒမ် ဘယ်လိုရတနာမျိုး လိုချင်တယ်ဆိုတာ အမိန့်ရှိပါခင်ဗျာ"
"အေး ... ရှင်တို့ အင်္ဂလိပ်တွေဟာ အလုပ်လုပ်ဖို့ သိပ်မြန်ဆန်တာပဲနော်၊ အင်း ... ကျွန်မ "မြရတနာ" ကြည့် ချင်တယ်၊ အဘိုးကြီး ပီဂျေက ကျွန်မကို မွေးနေ့လက်ဆောင်အဖြစ် အေးမြတဲ့ မြရတနာကို ၀ယ်ပေး ချင်မှာပါ"
"ဒီဘက်ကို ကြွပါခင်ဗျာ"
ချေလတန် က သူမအား မြရတနာများ ပြထားသော မှန်ဗီရိုတစ်လုံးဆီသို့ ခေါ်သွားသည်။

မှန်ဗီရိုထဲမှ ဗန်းများထဲတွင် မြရတနာများ ပြထားသည်။
သူမက တစ်ချက်ကြည့်လိုက်ပြီး ဘ၀င်မကျသည့် အသွင်ဖြင့် မေးလိုက်သည်။
"ဒါလေးတွေ အသေးလေးတွေပဲ၊ သူတို့ အဖေ အမေတွေက ဘယ်မှာလဲဟင် ..."
"အဲဒါတွေတောင် ဈေးက ဒေါ်လာ သုံသောင်းအထိ ရှိပါတယ်"
"အမလေး ဒီပိုက်ဆံလောက်ကတော့ ကျွန်မ  ဆံပင်ကို ညှပ်ပြီး အလှပြင်ပေးတဲ့လူကို မုန့်ဖိုးပေးသလောက် ပဲ ရှိပါသေးတယ်နော်၊ ဟင်း ... ဟင်း ... အဲဒီ ချာတိတ်လေးတွေသာ ၀ယ်သွားရင် ကျွန်မအဘိုးကြီး ပီဂျေ က သူ့ကို စော်ကားတာလားဆိုပြီး စိတ်ဆိုးနေပါ့မယ် ရှင်ရယ် ..."

ဒါဖြင့် ဘယ်လောက်တန်လောက် လိုချင်ပါသလဲ ခင်ဗျာ"
"ဒေါ်လာ သိန်းဂဏန်းလောက်တန်မယ့် မြမျိုး ကြည့်ချင်တာရှင့်"
"ဒါဆိုရင်တော့ ကျွန်တော်တို့ ညွှန်ကြားရေးမှူးနဲ့ တွေ့ပါခင်ဗျား"
ညွှန်ကြားရေးမှူး ဂရီဂေါ်ရီ ဟော်စတန်သည် တန်ဖိုးများသော ရောင်းချမှုများကို သူကိုယ်တိုင် ပြုလုပ် သည်။
အရောင်းစာရေး ချေလတန်က ခလုတ်တစ်ခုကို နှိပ်ပြီး အချက်ပေးလိုက်သောအခါ နောက်ဘက် အခန်းတံခါး ပွင့်လာပြီး ညွှန်ကြားရေးမှူး ဟော်စတန် ထွက်ပေါ်လာသည်။
အရောင်းစာရေး ချေလတန်က ပြောသည်။

"မစ္စတာဟော်စတန် ဒီ ... ဒီ ... မစ္စက် ... အာ"
ချေလတန်က အမျိုးသမီးဘက်သို့ လှည့်ကြည့်လိုက်သည်။
"ဘီနီကီလေ ... မေရီလူးဘီနီကီ၊ အဘိုးကြီး ပီဂျေ ဘီနီကီရဲ့ဇနီး၊ ရှင်တို့ ပီဂျေဘီနီကီကိုတော့ ကြားဖူး မှာပေါ့"
"သြော် ... ဟုတ်ကဲ့၊ ကြားဖူးပါတယ်"
မစ္စတာဟော်စတန်က ပြုံးပြီး ဖြေလိုက်သည်။

"မစ္စက်ဘီနီကီက မြ၀ယ်ချင်လို့လဲ မစ္စတာ ဟော်စတန်"
အရောင်းစာရေးက ချေတတန်က ပြောသည်။
"ဟော ... ဒီမှာ မြရတနာတွေပဲ၊ ကြည့်ပါဦး"
ဟော်ဟတန် က စောစောက မြရတနာများကို ပြလိုက်သည်။
"ဒေါ်လာ သိန်းတန်မြမျိုး လိုချင်တာတဲ့"
ချေလတန်က ထပ်ပြောလိုက်သည်။

ဤတစ်ကြိမ်တွင် မစ္စတာဟော်စတန်က ပိုပြီး အသက်ပါစွာ ပြုံးလာသည်။
"ဒီနေ့ ကျွန်မ မွေးနေ့လေ၊ ဒါကြောင့် ကျွန်မ အဘိုးကြီး ပီဂျေ က ကျွန်မ ကြိုက်တဲ့ ပစ္စည်းကို ၀ယ်ပါတဲ့၊ အဲဒါကို သူ မွေးနေ့လက်ဆောင် ပေးပါရစေတဲ့"
"အို ... သိပ်ကောင်းတာပေါ့၊ လာ ... ကျွန်တော့်နောက် လိုက်ခဲ့"
ဟော်စတန်က အမျိုးသမီးအား သော့ခတ်ပိတ်ထားသော တံခါးပေါက် တစ်ပေါက်သို့ ခေါ်သွားသည်။ သူ့အိတ်ထဲမှ သော့တွဲကို ထုတ်ယူပြီး တံခါးဖွင့်လိုက်သည်။
မီးရောင် ထိန်ထိန်လင်းနေသော အခန်းကျဉ်းကလေးထဲသို့ သူတို့နှစ်ဦး ၀င်သွားသည်။ ဟော်စတန်က တံခါးကို အသေအချာ ပြန်ပိတ်လိုက်သ်ည။
တန်ဖိုးကြီးတဲ့ ပစ္စည်းတွေက ဒီ သီးသန့်အခန်းထဲမှာ ကျွန်တော်တို့ အရောင်းအ၀ယ် လုပ်ပါတယ်"

အခန်းအလယ်ကောင်တွင် ပစ္စည်းများ ကို ခင်းကျင်းပြသထားသော မှန်ဗီရိုရှိသည်။ ထိုဗီရိုထဲတွင် အရောင် မျိုးစု့ တလက်လက်တောက်နေသော စိန်များ၊ ပတ္တမြားများ၊ မြများ၊ နီလာများ၊ ပုလဲများ ရှိနေသည်။
"အို ... ဒါတွေကမှ ကောင်းတာ၊ အဘိုးကြီးပီဂျေက ဒါမျိုးမှ ကြိုက်မှာရှင့် ..."
"ကဲ ... မဒမ် ကြိုက်တာသာကြည့်ပါ"
အမျိုးသမီးက မြ ရတနာများ ထည့်ထားသော ဘူးများဆီသို့ လျှောက်သွားရင်း ပြောသည်။
"ကျွန်မ အဲဒီမြတွေ ကြည့်ပါရစေရှင်"
ဟော်စတန်သည် အင်္ကျီအိတ်ထဲမှ နောက်ထပ်တော့ အသေးကလေး တစ်ချောင်းကို ထုတ်ယူလိုက်သည်။ မှန်ဗီရိုကို သော့ဖြင့် ဖွင့်လိုက်ပြီး မြရတနာများ ထည့်ထားသော ဗန်းတစ်ဗန်းကို ထုတ်ယူကာ စားပွဲပေါ် တင်ပြီး ပြလိုက်သည်။ ကတ္တီပါဘူး အပြားလေးထဲတွင် မြကြီးဆယ်လုံး ပါလာသည်။ အကြီးဆုံးမြကြီးကို အမျိုးသမီးက ကောက်ယူကြည့်လိုက်သည်။
"အင်း ... အဘိုးကြီး ပီဂျေက ဒါမျိုးမှ ကြိုက်မှာ"

"မဒမ်က ပစ္စည်းကောင်း ရွေးတတ်သားပဲ၊ ဒါကိုလံ့ဘီယာ မြလေ၊ ဆယ်ကာရက် ရှိတယ်။ အရောင်ကတော့ မြက်စိမ်းရောင်ပေါ့၊ အပြစ်အနာအဆာ မရှိ ..."
"အပြစ် အနာအဆာမရှိတဲ့ မြရယ်လို့ မရှိပါဘူးရှင်"
သူ့စကား မဆုံးမီပင် အမျိုးသမီးက ၀င်ပြောလိုက်သည်။
ဟော်စတန် ဖြုန်းခနဲ အံ့အားသင့်သွားသည်။ သူမ စကားက မှန်နေသည်။

"မဒမ် ပြောတာ မှန်ပါတယ်။ ကျွန်တော် ဆိုလိုတာက အပြစ်အနာအဆာ နည်းနိုင်သမျှ အနည်းဆုံးလို့ ဆိုချင်တာပါ၊ အများကြီး ရှိပါသေးတယ်၊ စိတ်ကြိုက်ကြည့်ပြီး ရွေးပါ"
ဟော်စတန်သည် အမျိုးသမိး၏ မျက်လုံးအစုံကို ပထမဆုံးအကြိမ် သတိထားလိုက်မိသည်။ သူမ မျက်လုံးသည် လက်ထဲ၌ ကိုင်တွယ်ကာ လှည့်ပတ်ကြည့်နေသော မြကဲ့သို့ပင် စိမ်းစိမ်းစိုနေပေသည်။
"နောက်ထပ်ကြည့်ဦးမလား ခင်ဗျား"

"တော်ပါပြီ၊ ကျွန်မ ဒါပဲ ကြိုက်တယ်၊ ဒါပဲ ယူမယ်"
အရောင်းအ၀ယ် ကိစ္စမှာ သုံးမိနစ် မပြည့်မီပင် ပြီးသွားသဖြင့် ဟော်စတန် ၀မ်းသာသွားသည်။
"ကောင်းပါတယ်၊ ဒေါ်လာနဲ့ဆိုရင် အဲဒီတစ်သိန်းတိတိ ကျပါတယ် မဒမ်၊ ဘယ်လိုနည်းနဲ့များ ပေးချေချင်ပါ သလဲ"
"ဒီအတွက် မပူပါနဲ့ရှင်၊ ဒီလန်ဒန်က ဘဏ်တစ်ခုမှာ ကျွန်မ ဒေါ်လာနဲ့ ဖွင့်ထားတဲ့ ငွေစာရင်း တစ်ခု ရှိပါတယ်။ ကျွန်မ ဘဏ်ငွေစာရင်းထဲကပဲ ရှင်တို့ကို ချက်လက်မှတ် ရေးပေးလိုက်ပါမယ်။ နောက်မှ ကျွန်မ ပီဂျေဆီက တောင်းယူမယ်"

"သိပ်အဆင်ပြေတာပေါ့ မဒမ်၊ အဲဒီမြကြီးကို ပိုသန့်စင်သွားအောင် ကျွန်တော်တို့ ဆေးကြောအရောင်တင် ပြီးရင် ခင်ဗျား ရဲ့ ဟိုတယ်ကို အရောက် ပို့ပေးပါ့မယ်"
"တကယ်တော့ ထိုမြကြီးသည် ဆေးကြောသန့်စင်ရန် မလိုအပ်ပါ။ သို့သော် အမျိုးသမီးပေးမည့် ချက်လက်မှတ်ကို ငွေထုတ်၍ ရနိုင် မရနိုင် မဆန်းစစ်ရသေးမီ ပစ္စည်းမပေးလိုက်ချင်သေး၍ အချိန်ဆွဲလိုက် ခြင်း ဖြစ်သည်။ ရတနာဆိုင်များအဖို့ လူပါး ပုလင်းထဲ ခံရပေါင်းက များနေပြီ။ ဟော်စတန်သည် မိမိအား ၀ယ်သူတစ်ပြားတချပ်မှ လိမ်ညာ၍ မရနိုင်ဟု အမြဲတမ်း ဂုဏ်ယူနေသူ ဖြစ်သည်။
"ဒီမြကြီးကို ကျွန်တော် ဘယ်နေရာ ပို့ပေးရမလဲခင်ဗျာ"
"ဒေါ်ချက်စတာ ဟိုတယ်က အိုလီဗာ မက်ဆယ်ခန်းကို ပို့ပေးပါရှင်"
ဟော်စတန်က မှတ်စုစာအုပ်တွင် လိုက်ရေးမှတ်သည်။

အမျိုးသမီးက ချက်လက်မှတ်စာအုပ်ထဲမှ ချက်လက်မှတ် စာရွက်တစ်ရွက်ကို ဆုတ်ယူလိုက်ပြီး ပေးချေရ မည့် ငွေကို ရေးသွင်းနေရာ ဟော်စတန်က စောင့်ကြည့်နေသည်။ ချက်လက်မှတ်မှာ ဘာကလေဘဏ်မှ ဖြစ်ကြောင်း တွေ့ရသ်။ ထိုဘဏ်တွင် မိမိအသိရှိသဖြင့် ဤအမျိုးသမီး၏ ငွေစာရင်းကို အလွယ်တကူ မေးမြန်းစုံစမ်း သိနိုင်ပေမည်။
ဟော်စတန်က ချက်လက်မှတ်ကို ကောက်ယူပြီး ပြောလိုက်သည်။
"နက်ဖြန်မနက်ကျရင် ကျွန်တော်ကိုယ်တိုင် မြကြီးကို လာပို့ပါမယ်ခင်ဗျားလ
"အို ... သိပ်ကောင်းတာပေါ့၊ ကျွန်မ အဘိုးကြီး ပီဂေနဲ့လဲ တွေ့ရတာပေါ့လေ၊ ရှင်လို ရေမွန်တဲ့လူကို သူက သဘောကျမှာပါ"
"ဟုတ်ကဲ့ ခင်ဗျာ"

ဟော်စတန်က မစ္စက်ဘီနီကီအား ဆိုင်ရှေ့မှ ထွက်ပေါက်ဝအထိ ကိုယ်တိုင် လိုက်ပို့သည်။ မော်တော်ကား ရပ်ထားသည့် ခပ်လှမ်းလှမ်းနေရာသို့ သူမလျှောက်သွားသည်ကို ဟော်စတန်က ရပ်ပြီး စောင့်ကြည့်နေ သည်။ ဒိန်မလာ ကားကြီးမှ ယာဉ်မောင်းက ကားရှေ့ခန်းမှ ဆင်းလာပြီး သူမအတွက် နောက်ခန်းတံခါးကို အသင့် ဖွင့်ပေးသည်။ အမျိုးသမီးက ဟော်စတန်ဘက်သို့ နောက်ပြန်လှည့်ကြည့်ပြီး အောင်မြင်မှု အထိမ်း အမှတ်အဖြစ် လက်မထောင်ပြပြီး နှုတ်ဆက်ကာ မော်တော်ကားပေါ်သို့ တက်သွားသည်။
ဟော်စတန်သည် သူ့ရုံးခန်းထဲသို့ ပြန်ရောက်လျှင် ရောက်ချင်း တယ်လီဖုန်းကို ကောက်ကိုင်ပြီး ဘာကလေ ဘဏ်မှ သူ့သူငယ်ချင်းထံ လှမ်းဆက်သည်။
"ပီတာ ... မင်းတို့ ဘဏ်က ငွေထုတ်ရမယ့် ချက်လက်မှတ်တစ်စောင် ငါတို့ ရထားလို့၊ ငွေက များတယ် ဒေါ်လာတစ်သိန်း၊ မစ္စက်မေရီလူးဘီနီကီရဲ့ ငွေစာရင်းက ထုတ်ယူရမှာ၊ အဲဒါ ကြည့်ပေးစမ်းပါ၊ ငွေရှိရဲ့လား လို့ ..."

တအောင့်အကြာတွင် ပီတာက ပြန်ပြောသည်။
"ကိစ္စ မရှိဘူး သူငယ်ချင်း၊ သူ့ငွေစာရင်းမှာ မောင်ရင် ချက်လက်မှတ်ကို ထုတ်ပေးဖို့ ငွေအလုံအလောက် ရှိ တယ်"
"ကျေးဇူးပဲ ပီတာ"
ဟော်စတန်က စိတ်သက်ရာ ရသွားသည့်လေသံဖြင့် ပြောလိုက်သည်။
"အကြောင်း မဟုတ်ပါဘူး၊ သူငယ်ချင်းရာ"
"ဒီမှာ ရှေ့အပတ်ထဲကျရင် နေ့လယ်စာ အတူတူ အားရအောင်နော်၊ ဒီတစ်ခါ ငါ ကျွေးမယ်"

နောက်တစ်နေ့ နံနက်တွင် ထိုချက်လက်မှတ်ဖြင့် ငွေကို ထုတ်ယူလိုက်သည်။
ထို့နောက် ကိုလံဘီယာ မြကြီးကို ဒေါ်ချစ်စတာ ဟိုတယ်ရှိ မစ္စက်ပီဂျီဘီနီကီထံ ပေးပို့လိုက်သည်။
ထိုနေ့ မွန်းလွဲပိုင်း ဆိုင်မပိတ်မီကလေးတွင် ဟော်စတန်၏ အတွင်းရေးမှူးက သူထံ အစီရင် ခံ ပြောကြား လာသည်။
"မစ္စက်ဘီနီကီဆိုတဲ့ အမျိုးသမီးက မစ္စတာ ဟော်စတန်နဲ့ တွေ့ချင်လို့ဆိုပြီး ရောက်နေပါတယ်"
ဟော်စတန် အံ့အားသင့်သွားသည်။ ဒီ အမျိုးသမီး ဘာလာလုပ်ပြန်ပါလိမ့်"

မြကြီးကို မလိုချင်တော့၍ ပြန်ပေးလျှင် မိမိအဖိုပ ငြင်းရ ခက်နေပေလိမ့်မည်။ သို့သော်လည်း ဈေးသည် ပီပီ အပြုံးကို ဆောင်ကာ ထွက်တွေ့လိုက်သည်။
"ကောင်းသော နေ့လယ်ခင်းပါ မစ္စက်ဘီနီကီ ခင်ဗျားခင်ပွန်းက မြကြီးကို မကြိုက်လို့လား"
"မဟုတ်ပါဘူး၊ ရှင့်အထင် မှားနေပြီ၊ အဘိုးကြီးပီဂျေက ကြိုက်လွန်းလို့ ခက်နေတာရှင့်"
"သူက ကြိုက်လွန်းလို့ အဲဒီမြကြီးနဲ့ အလုံးတူ၊ အရွယ်တူ၊ အရည်အသွေးတူ နောက်ထပ် မြတစ်လုံး လိုချင် တယ်တဲ့၊ ဒါမှ ကျွန်မအတွက် နားကပ်တစ်စုံ လုပ်ပေးလို့ ရမှာတဲ့ရှင် ... သိပြီလား"
ဟော်စတန်က မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး ပြောသည်။

"အဲဒီအတွက်တော့ နည်းနည်း ပြဿနာ ရှိလိမ့်မယ် ထင်တယ်"
"ဘာပြဿနာများလဲ ဟင် ..."
"ခင်ဗျားရသွားတဲ့ မြကြီးက သိပ်အရည်အသွေး ကောင်းတာ၊ အဲဒါမျိုး လုံးတူရွယ်တူရဖို့ မလွယ်ဘူး၊ တခြား လုံးတူ ရွယ်တူမြမျိုး လိုချင်ရင်တော့ ရမယ်"
"ဟင့်အင်း ... တခြားဟာမျိုး မလိုချင်ဘူး၊ ကျွန်မ ၀ယ်သွားတာမျိုးပဲ နောက်ထပ် လုံးတူရွယ်တူ လိုချင်တယ်"
"အမှန်အတိုင်း ပြောရရင် ခင်ဗျားရသွားတဲ့ ကိုလံဘီယာမြ ဆယ်ကာရက်ဟာမျိုးက သိပ်ရှိလှတာ မဟုတ်ပါ ဘူး မဒမ်"
"အို ဒါတော့ ကျွန်မ မသိဘူး၊ ရှာရင်တော့ တစ်နေ့ရာရာမှာ ရှိမှာပဲ"

"ကျွန်တော် ရိုးရိုးသားသား ပြောတာပါ။ အဲဒီလို အရည်အသွေးမျိုး ကျွန်တော် သိပ်မတွေ့ဖူးဘူး၊ အဲဒီ အရွယ် အဲဒီအရောင်မျိုး ထပ်တူရဖို့ဆိုတာကတော့ မဖြစ်နိုင်သလောက်ပါပဲဗျာ"
"ကျွန်မတို့ တက္ကဆပ်နယ်မှာ ဆိုရိုးစကား တစ်ခုရှိတယ်။ မဖြစ်နိုင်ဘူးဆိုတာ ကြာကြာမမြဲပါဘူး။ တစ်ခဏ ပါတဲ့ စနေနေ့ကျရင် ကျွန်မ မွေးနေ့၊ ပီဂျေက အဲဒီနေ့ကျရင် ကျွန်မကို နားကပ်လက်ဆောင်ပေးရမှ ကျေနပ်မျာ၊ ပီဂျေက သူလိုချင်တာကို ရကိုရရမယ်ဆိုတဲ့ လူစားမျိုး"
"ကျွန်တော် တတ်နိုင်မယ် မထင်ဘူး"

"နောက်ထပ် ဒါမျိုးမြတစ်လုံး ရဖို့ ကျွန်မ ဘယ်လောက်ပေးရမှာမို့လဲ၊ ဒေါ်လာတစ်သိန်းလား၊ ပီဂျေက သူလိုချင်တဲ့ အဲဒါမျိုးထပ်ရရင် ဒေါ်လာတစ်သိန်း မဟုတ်ဘူး၊ နှစ်သိန်းသုံးသိန်းပေးရလဲ ဂရုစိုက်မှာ မဟုတ်ဘူး"
ဟော်စတန်က စိတ်ထဲမှ အပြေးအလွှား တွက်ချက်နေသည်။
မနေ့က ရောင်းလိုက်သော မြကြီးနှင့် အလုံးတူ အရွယ်တူတစ်ခုကို တစ်နေရာရာမှာ ထပ်ရလျှင်၊ အကယ်၍ ပီဂျေဘီနီကီက အလျင်ဈေးထက် နောက်ထပ် ဒေါ်လာနှစ်သိန်းပေးမယ်ဆိုလျှင် အလုံးအခဲလိုက် အမြတ် ထွက်လာလိမ့်မည်။ အကယ်၍ မိမိရအောင် ရှာနိုင်လျှင် ထိုအလုံးအခဲလိုက် အမြတ်သည် မိမိအိတ်ထဲသို့ ရောက်လာပေလိ့မ်မည်။

"ကျွန်တော် တခြားမှာလဲ မေးမြန်းစုံစမ်းကြည့်ပါဦးမယ်၊ လန်ဒန်က တခြားရတနာဆိုင်တွေမှာလဲ ဒီလိုမြမျိုး မရှိတာ သေချာပါတယ်၊ တစ်ခါတစ်လေ လေလံပစ်တဲ့အထဲမှာ ပါလာတတ်ပါတယ်။ ကျွန်တော် ကြော်ငြာ ထည့်ပြီး ကြိုးစား ကြည့်ပါမယ်"
"ဒီအပတ်ကုန်ထဲအထိ ရှင် ကြိုးစားကြည့်ပါဦး၊ ကျွန်မ အဘိုးကြီး ပီဂျေကတော့ အဲဒါမျိုးထပ်ရရင် ဒေါ်လာသုံးသိန်းခွဲအထိတောင် ပေးမှာပါပဲ၊ ကဲ ... ကျွန်မအတွက် ကြိုးစား ပေးစမ်းပါဦး"
မစ္စက်ဘီနီကီ ဆိုင်မှ ပြန်သွားသည်။ ဟော်စတန်လည်း သူ့အတွေးနှင့် သူ ကျန်နေခဲ့သည်။

ဂရီဂေါ်ရီဟော်စတန်သည် သူ့ရုံးခန်းထဲတွင် ထိုင်ရင်း စိတ်ကူးနှင့် ရူးနေမိသည်။
သူ့အတွက် ကုသိုလ်ကံ အလှည့် အပြောင်းက အကောင်းဘက်သို့ ဦးမော့လာလေတော့မည်။ ဒေါ်လာ တစ်သိန်းတန် ပတ္တမြားကို ဒေါ်လာသုံးသိန်းခွဲဖြင့် ပေးဝယ်ချင်သူ ရှိနေချေပြီ။
ထိုကိစ္စ အရောင်းအ၀ယ် အလွှဲအပြောင်းများကို ဆိုင်ရှင် ပတ်ကား ညီအစ်ကိုအား ဟော်စတန်အနေဖြင့် အသေးစိတ် ပြောပြရန် မလိုချေ။ ဒုတိယမြကြီးတစ်လုံးကို ဒေါ်လာတစ်သိန်းဖြင့် ရောင်းချကြောင်းကိုသာ အရောင်းစာရင်းမှတ်တမ်း၌ သာမန်စာရင်းသွင်းလိုက်ရုံဖြင့် ပိုငွေဒေါ်လာနှစ်သိန်းခွဲသည် မိမိဘ၀သစ် တည်ဆောက်နိုင်အောင် ဖန်တီးပေးလာပေလိမ့်မည်။
မိမိယခုလုပ်ရမည့် အလုပ်မှာ မစ္စက်ပီဂျေဘီနီကီအား ရောင်းလိုက်သော မြကြီးနှင့် အလုံးတူ၊ အရွယ်တူ၊ အရောင်းအသွေးတူ မြကြီးတစ်လုံး မရရအောင် လိုက်ရှာရန်ပင် ဖြစ်သည်။

သို့သော် တကယ်လက်တွေ့ရှာသောအခါ ဟော်စတန် ထင်မှတ်ထားသည်ထက် ပိုခက်နေသည်။ သူ တယ်လီဖုန်းဆက်ပြီး စုံစမ်းမေးမြန်းသမျှ ရတနာဆိုင်များတွင် သူလိုချင်သည့် မြကြီးမျိုး မရှိပေ။
ထို့ကြောင့် လန်ဒန်တိုင်းနှင့် ဖိုင်နင်ရှယ်တိုင်း သတ်ငးစာများတွင် ကြော်ငြာထည့်လိုက်သည်။ ရက်ပိုင်း အတွင်းမှာပင် မြအမျိုးမျိုး ရောက်လာသည်။ ပထမတန်းစားမြများ၊ ကောင်းသော အဆင့်ရှိ မြများ၊ သိပ် မကောင်းသောမြမျိုး အမျိုးမျိုး ပါသည်။ သို့သော် သူရှာနေသော လိုချင်သည့် ပုံစံမြမျိုးကား ပါမလာပေ။
ဗုဒ္ဓဟူးနေ့တွင် မစ္စက်ဘီနီကီက ဟော်စတန်ထံ ဖုန်းဆက်သည်။

"အဘိုးကြီး ပီဂျေတော့ ဂနာမငြိမ် ဖြစ်နေတယ်၊ ရှင် ကျွန်မတို့ ထပ်လိုချင်တဲ့ မြမျိုးရပြီလား"
"မရသေးပါဘူး မစ္စက်ဘီနီကီ၊ ဒါပေမယ့် မပူပါနဲ့ ကျွန်တော်တို့ ရအောင် ကြိုးစားပေးပါ့မယ်"
သောကြာနေ့တွင် သူမ တစ်ကြိမ် ထပ်ပြီး တယ်လီဖုန်း ဆက်ပြန်သည်။
"နက်ဖြန် ကျွန်မ မွေးနေ့နော်"
"ကျွန်တော် သိပါတယ် မစ္စက်ဘီနီကီ၊ တကယ်လို့များ အချိန်နည်းနည်း ထပ်ရမယ်ဆိုရင် ဘာလုပ်ရမယ် ဆိုတာ ကျွန်တော် သိပါတယ်"

"ကြိုးစားစမ်းပါဦးရှင်၊ တကယ်လို့ နက်ဖြန်ခါမှ အဲဒီမြကြီးတစ်လုံး ထပ်မရရင် ရှင်တို့ဆီက ၀ယ်ထားတဲ့ ပထမ မြကြီးကိုပါ ပြန်ပေးရလိမ့်မယ်၊ အဘိုးကြီးပီဂျေက မြကြီးနှစ်လုံးတွဲမရရင် မြေဧက ခပ်များများနဲ့ ကျေးလက်စံအိမ်ကြီးတစ်လုံး ပြောင်းဝယ်ပြီး မွေးနေ့လက်ဆောင် ပေးမယ်လို့ ပြောနေတယ်ရှင့်၊ ဆပ်ဆက် ဆိုတဲ့နေရာကို ရှင်ကြားဖူးသလား"
"မစ္စက်ဘီနီကီ ... ခင်ဗျား တပ်ဆက်မှာ နေချင်မှာ မဟုတ်ပါဘူး၊ ကျေးလက်စံအိမ်မျိုးမှာ နေရာတာမျိုးလဲ ခင်ဗျား ရွံ့မုန်းလာမှာပါ။ အဲဒီလို နေရာတွေက အဲဒီလို အိမ်တွေအများစုရဲ့ အခြေအနေက အောက်တန်း ကျလှပါတယ်၊ အပူဓာတ် ပေးထားတာလဲ မရှိကြပါဘူး"

"ရှင်နဲ့ကျွန်မ နှစ်ယောက်ထဲသိအောင် ပြောထားရဦးမယ်၊ ကျွန်မကလဲ အဲဒီ မြနားကပ်မျိုးပဲ လိုချင်တာ၊ ကျေးလက်အိမ် လိုချင်တာ မဟုတ်ဘူး၊ အဘိုးကြီး ပီဂျေကတော့ အဲဒီမြမျိုး နောက်ထပ်တစ်လုံးသာရရင် ဒေါ်လာလေးသိန်းအထိ ပေးဖို့ ၀န်မလေးဘူးရှင့်"
ဒေါ်လာလေးသိန်းဆိုတာ အသံကြားလိုက်ရသဖြင့် ဟော်စတန်ပိုပြီး ဘ၀င်ခိုက်သွားသည်။ သူ့လက်ထဲတွင် ငွေများကိုင်ပြီး ရေတွက်နေရသလို ခံစားနေရသည်။
ကျွန်တော်ကို ယုံပါဗျာ၊ ကျွန်တော် တတ်နိုင်သမျှ အစွမ်းကုန် ကြိုးစားနေပါတယ်၊ နောက်ထပ် အချိန် နည်းနည်းရရင် ဖြစ်ပါတယ်"
"ကျွန်မ အဆုံးအဖြတ် မဟုတ်ဘူး၊ ကျွန်မ ယောက်ျား အဆုံးအဖြတ်ပဲရှင့်"
အမျိုးသမီးက တယ်လီဖုန်းချသွားသည်။

ဟော်စတန်သည် သူ့အလုပ်စားပွဲ၌ ထိုင်နေရင်း သူ့ရှေ့ရေးကံကြမ္မာကို စိတ်စောနေမိသည်။ ဆယ်ကာ ရက်ရှိ မြကြီးကို အဘယ်မှာ ရှာရပါမည်နည်း။ အတွေး လွန်နေသဖြင့် ဌာနတွင်းပြော တယ်လီဖုန်းအသံကို တော်တော်နှင့်မကြား၊ တတိယအကြိမ် မြည်လာမှ ကြားသည်။ အပြင်ခန်းမှ အတွင်းရေးမှူးကို မေးလိုက် သည်။
"ဘာကိစ္စလဲဟေ့"
"ကွန်တက်ဆာမာရီဆာ ဆိုတဲ့ အမျိုးသမီး တယ်လီဖုန်း ဆက်နေပါတယ် မစ္စတာဟော်စတန်၊ ကျွန်မတို့ရဲ့ မြကြီး လိုချင်တဲ့ ကြော်ငြာအကြောင်း ပြောချင်လို့ပါတဲ့"
နောက်တစ်ယောက် လာပြန်ပြီဟု ဟော်စတန် စိတ်ထဲက တွေးမိသည်။ ယနေနံနက် ဤကိစ္စ တယ်လီဖုန်း ဆက် ပြောသူ ဆယ်ဦးခန့် ရှိပြီ။
သို့သော် သူတို့၏ မြများသည် မိမိလိုချင်သည့် မြနှင့် မတူဘဲ အချိန်ကုန်သည်သာ အဖတ်တင်ခဲ့သည်။ မတတ်သာသဖြင့် တယ်လီဖုန်း ကောက်ကိုင်ပြီး ပြောလိုက်သည်။
"ဟုတ်ကဲ့ ပြောပါ"

အီတလီလေသံဖြင့် အသံခပ်ပျော့ပျော့နှင့် အမျိုးသမီးတစ်ဦး၏အသံ တယ်လီဖုန်းမှ ပေါ်လာသည်။
"ဆီညော် ... စိတ်ဝင်စားစရာ ကောင်းတဲ့ ရှင့်ရဲ့ ကြော်ငြာကို ဖတ်ရလို့ပါ၊ မြကြီးတစ်လုံး ၀ယ်ချင်တယ်ဆို ..."
"ကျွန်တော် လိုချင်တဲ့ အရည်အသွေးနဲ့ အလုံးအရွယ်မျိုးရမှ ၀ယ်ချင်တာပါလ
စိတ်မပါသည့် လေသံဖြင့် ပြောလိုက်သည်။

"ကျွန်မတို့ မိသားစုက နှစ်ရှည်လများ ထိန်းသိမ်းလာခဲ့တဲ့ မြကြီးတစ်လုံး ကျွန်မမှာ ရှိတယ်။ အခုတော့ ကျွန်မအဖို့ မရောင်းမဖြစ်တဲ့ အခြေအနေမျိုး ဆိုက်နေတာ ၀မ်းနည်းစရာပါပဲ"
ဟော်စတန်အဖို့ ဤလို ဇာတ်လမ်းများ ကြားရဖူးပေါင်း များပါပြီ။ ငြီးငွေ့လာနေပါပြီ။
"ဆီညော် ... ဆယ်ကာရက် မြကြီးတစ်လုံး ရှင် ရှာနေတယ် မဟုတ်လား"
"ဟုတ်ပါတယ်"
"ကျွန်မမှာ ဆယ်ကာရက် မြကြီးတစ်လုံး ရှိတယ်၊ အစိမ်းရောင်၊ ကိုလံဘီယာ"

"ဘာ ... ဘယ်လို၊ ပြန် ... ပြန် ပြောစမ်းပါဦး"
ဟော်စတန်က ထစ်ထစ် ငေါ့ငေါ့နှင့် မေးလိုက်သည်။
"ကျွန်မမှာ မြစိမ်းရောင် ဆယ်ကာရက် ကိုလံဘီယာ မြကြီးတစ်လုံး ရှိတယ်၊ ရှင် - အဲဒါ စိတ်ဝင်စား မလားလို့"
"အင်း ... ကျွန်တော် စိတ်ဝင်စားပါတယ်၊ ခင်ဗျား ကျွန်တော့်ဆီ အဲဒါယူလာပါလား၊ ကျွန်တော် ကြည်မယ် လေ"
"အား ... မဖြစ်ဘူး၊ ကျွန်မ အခု အလုပ်သိပ်များနေတယ်၊ သံရုံးက ကျွန်မ ယောက်ျားအတွက် လုပ်မယ် ပါတီပွဲ အတွက် ပြင်ဆင်လုပ်ကိုင်နေရတယ်၊ ရှေ့အပတ်လောက်ဆိုရင်တော့ လာပြနိုင်လိမ့်မယ် ထင်ပါရဲ့"

ဟော်စတန်အဖို့ ရှေ့တစ်ပတ်ဆိုလျှင် အချိန် သိပ်နှောင့်နှေးသွားပေလိမ့်မည်။
"ကျွန်တော် ခင်ဗျားကို လာတွေ့လို့ ရမလား၊ ကျွန်တော် အခု လာနိုင်ပါတယ်။
ဟော်စတန်က အလွန်အမင်း စိတ်ဝင်စားနေသည့် အသံမျိုး မပေါက်အောင် ထိန်းပြီး ပြောလိုက်သည်။
"ကျွန်မ အပြင် ဈေးဝယ်ထွက်မလို့ စီစဉ်နေတာ"
"ခင်ဗျားက ဘယ်မှာနေလဲ"
"ဆဗွိုင်းဟိုတယ်မှာ နေပါတယ်"

"ကျွန်တော် ၁၀မိနစ် ၁၅မိနစ်အတွင်း ရောက်အောင် လာခဲ့ပါမယ်"
ဟော်စတန်က စိုးရိမ်တကြီး လေသံဖြင့် ပြောလိုက်သည်။
"ဒါနဲ့ ရှင့်နာမည်က ..."
"ဟော်စတန်၊ ဂိရီပေါ်ရီဟော်စတန်"
"ကျွန် အခန်းနံပါတ်၂၆နော်"

ဟော်စတန်သည် အငှားကားဖြင့် လာရင်း တွေးလာသည်။ ယခု သူတွေ့ရမည့် မြကြီးသည် သူလိုချင်သည့် မြကြီးနှင့် ပုံတူလုံးတူအရအတူဖြစ်နေလျှင် မိမိ၏ စိတ်ကူးယာဉ် အိပ်မက်ကြီး အကောင်အထည် ပေါ်ကာ ချမ်းသာပေတော့မည်။
ဒေါ်လာ လေးသိန်းဖြင့် ၀ယ်မည့်သူရှိနေရာ သုံးသိန်းအသားတင် မြတ်ပေတော့မည်။
ထိုသို့ မြတ်လျှင် ရီဗီရာ၌ အိမ်နှင့်မြေ ၀ယ်မည်။ အပျော်စီးရွက်လှေ တစ်စင်းပင် ထက်ဝယ်နိုင်ဖွယ်ရာ ရှိနေ သည်။ အိမ်နှင့်ခြံနှင့် ရွက်လှေနှင့်ဆိုလျှင် မိမိလိုချင်တာ ဖြစ်ပေတော့မည်။
ဟော်စတန်သည် ဆဗွိုင်းဟိုတယ် လူသွားစင်္ကြံအတိုင်း လျှောက်လာရာ အခန်းနံပါတ် ၂၆ကို တွေ့ရသည်။

မြကြီးနှစ်လုံး တူပါစေဟု စိတ်ထဲက တတွတ်တွတ် ဆုတောင်းနေသည်။
အခန်းနံပါတ် ၂၆၏ တံခါးရှေ့တွင် သူရပ်လိုက်သည်။ စိတ်ငြိမ်အောင် ကြိုးစားပြီး သက်ပြင်းကို မသိမသာ ချလိုက်သည်။
ထို့နောက် တံခါးကို ခေါက်လိုက်သည်။ သို့သော် ဘာသံမျှ မကြား။
အလို ဘုရားရေ ... အီတလီမကြီး ထွက်သွားလေပြီလား၊ မိမိကို မစောင့်ဘဲ ဈေးဝယ်များ ထွက်သွားလေပြီ လားဟု တွေးနေစဉ်မျာပင် အခန်းတံခါး ပွင့်လာသည်။
အသက် ငါးဆယ်ခန့် အရွယ်ရှိ သပ်သပ်ရပ်ရပ်နှင့် အမျိုးသမီးကြီး တစ်ဦးကို တွေ့ရသည်။ မျက်နှာတွင် ဇရာ၏ အရေးအကြောင်းများ ပေါ်နေသည်။ မျက်လုံးက အညိုရောင်။ ဆံပင်အနက်ရောင်တွင် အညိုရောင် တချို့က ကျိုးတိုး ကျဲတဲ ပေါ်နေသည်။

စကားပြောသောအခါ သူမ အသံက ပျော့ပျော့ပျော့ပျော့နှင့် ကြားနေကျ အီတလီအသံမျိုး ဖြစ်သည်။
"ဟဲလို ... ရှင် ..."
"ကျွန်တော် ဂရီဂေါ်ရီ ဟော်စတန်ပါ၊ ကျွန်တော့်ဆီ ခင်ဗျား တယ်လီဖုန်း ဆက်တယ်လေ"
"သြော် ... ကျွန်မ တွန်တက်ဆာမာရီဆာပါ၊ လာပါ ဆီညော် ၀င်ပါ"
"ကျေးဇူးပါပဲခင်ဗျာ"

ဟော်စတန်က အခန်းထဲ ၀င်သွားသည်။ ဒူးမတုန်ရန် မနည်းကြိုးစားထိန်းထားရသည်။ "မြကြီး ဘယ်မှာလဲ" ဟု မေးလိုက်ချင်သည်မှာ ပါးစပ်ကို ယားနေသည်။ သို့သော် အလွန်အမင်း စိတ်ဝင်စားနေပုံ မပေါ်စေရန် ထိန်းချုပ်ထားရသည်။ မြကြီးသည် မိမိလိုချင်သည့်ပုံစံမျိုး ဖြစ်လျှင် အရောင်းအ၀ယ် စကားပြောရမည်။ အရောင်းအ၀ယ်ကိစ္စတွင်မူ မိမိက ကျွမ်းကျင်သူ။ သူမက အစိမ်းသက်သက်။
"ထိုင်ပါရှင်"
အီတလီမကြီးက နေရာထိုင်ခင်းပေးသည်။ သူမ စကားပြောရာတွင် အီတလီသံပါရုံမက အီတလီ စကားလုံး များပင် ညှပ်ပြောသေးသည်။ ဟော်စတန်က ကုလားထိုင်တစ်လုံးတွင် ၀င်ထိုင်လိုက်သည်။
"ကျွန်မ အင်္ဂလိပ်စကားပြောညံ့တာ ခွင့်လွှတ်ပါရှင်"

"ဟာ ... ကိစ္စ မရှိပါဘူး၊ နားထောင်လို့တောင် တစ်မျိုးကောင်းနေပါသေးတယ်ဗျ"
"၀မ်းသာပါတယ်ရှင်၊ ကဲ ... ရှင် ကော်ဖီသောက်မလား၊ လက်ဖက်ရည် သောက်မလား"
"နေပါစေဗျာ၊ မသောက်ချင်တော့ပါဘူး"
ဟော်စတန် စိတ် မရှည်နိုင်တော့။ အီတလီမကြီး အခြား အကြောင်းရပ် များသို့ လျှောက်ပြီး လေရှည်နေ မည် စိုးသဖြင့် သူလိုချင်သည့် အကြောင်းအရာကို စကားစလိုက်သည်။
"ဟို ... ခင်ဗျား ပြောတဲ့ မြကြီး ..."

"အဲ ... ဟုတ်တယ်၊ အဲဒီမြကြီးဟာ ကျွန်မ အဘွားက ကျွန်မကို ပေးခဲ့တာပေါ့။ ကျွန်မကလဲ ကျွန်မ သမီး အသက်၂၅နှစ်ပြည့်ချိန်မှာ အဲဒီမြကြီး သမီးကို အမွေပေးချင်တာ၊ ဒါပေမယ့် ကျွန်မယောက်ျားက မီလန်မြို့ မှာ အလုပ်သစ်တစ်ခုလုပ်ဖို့ စီစဉ်နေတော့ ကျွန်မ ..."
ဟော်စတန်စိတ်က ပျံ့လွင့်နေသည်။ အီတလီမကြီး၏ ကိုယ်ရေးကိုယ်တာအကြောင်းကို သူ စိတ်မ၀င်းစား ပေ။ သူမထံမှ မြကြီးကိုသာ အလွန်အမင်း ကြည့်ချင်နေသည်။
"ကျွန်မ ယောက်ျား လုပ်ငန်း အသစ်တစ်ခု စနိုင်ဖို့အတွက် ကျွန်မ ကူညီရမယ် မဟုတ်လား၊ အဲဒီအတွက် အခုလို စိတ်ကူးရတာပဲ၊ ကျွန်မ ဆုံးဖြတ်ချက်မှားများနေပြီလား မသိပါဘူးရှင်"
"အို ... မမှားပါဘူး၊ ကိုယ့်ယောက်ျား လုပ်ချင်တာ လုပ်နိုင်အောင် ကူညီပေးဖို့ တာဝန်ဟာ ဇနီးကောင်းတို့ရဲ့ တာဝန်ပါ"
ဟော်စတန်က အီတလီမကြီး မြ ရောင်းရေးတွင် စိတ်ပြောင်း မသွားစေလို၍ ကပျာကယာ ၀င်ပြောလိုက် သည်။

"အခု ခင်ဗျားရဲ့ မြကြီးက ဘယ်မှာလဲ"
ဟော်စတန်က ဆက်မေးသည်။
"ကျွန်မဆီမှာ ရှိပါတယ်"

သူမ အိတ်ထဲသို့ လက်ထိုးနှိုက်လိုက်ပြီး စက္ကူနုနုလေးများဖြင့် ထုပ်ထားသော ရတနာကို ထုတ်ယူကာ ဟော်စတန်အား ပေးလိုက်သည်။ ဟော်စတန်သည် မြကြီးကို မြင်လိုက်ရသည်နှင့် ပျော်သွားသည်။ စိတ်ဓာတ်လည်း တက်သွားသည်။ သူ ယခင် မြင်ခဲ့ဖူးသမျှသော မြများထဲတွင် အနူးညံ့ အသိမ်မွေ့ဆုံး ဆယ်ကာရက်ရှိ မြစိမ်းရောင် ကိုလံဘီယာ မြကြီးကို စိုက်ကြည့်နေမိသည်။
ယခု သူ့မျက်စိရှေ့၌ မြင်နေရသော မြကြီးသည် မစ္စက်ဘီနီကီအား သူ ရောင်းချလိုက်သော မြကြီးနှင့် ပုံသဏ္ဍာန်အရွယ်အစား၊ အရောင်အသွေးတို့ အလွန်ပင် တူလှသည်။ ထိုမြကြီးနှစ်လုံး တစ်ခုနှင့်တစ်ခု မတူညီသည့် အချက်ကို ရှာရန်ပင် အလွန်ခက်ပေလိမ့်မည်။ သို့သော် တစ်ခုနှင့်တစ်ခု ခွဲမရအောင် တူညီ နေမည်တော့မဟုတ်။ ရတနာပါရဂူများလောက်သာ ခွဲခြား သိမြင်နိုင်မည့် ကွဲလွဲချက်မျိုး ရှိလိမ့်မည်ဟု ဟော်စတန် တွေးမိသည်။

ထိုမြကြီးကို ကိုင်ထားသော သူ့လက်ပင် တုန်ချင်သလိုလို ဖြစ်လာသည်။ မတုန်အောင် ထိန်းပြီး အီတလီမ ကြီးအား မြကြီးကို ပြန်ပေးလိုက်သည်။
"အင်း ... တော်တော်လေးကောင်းတဲ့ ရတနာပါပဲ"
"ဟုတ်ပါတယ်၊ ကျွန်မ နှစ်ပရိစ္ဆေဒ အတော်ကြာကြာ အမြတ်တနိုးသိမ်းလာခဲ့တဲ့ မြကြီးပါ၊ ဒါကို လက်လွှတ် ရ မှာတောင် အတော် စိတ်မကောင်း ဖြစ်နေတယ်"
"ခင်ဗျား လုပ်မယ့်နည်းလမ်း မှန်ပါတယ်၊ ခင်ဗျား ယောက်ျား လုပ်ငန်းအောင်မြင်တာနဲ့ တစ်ပြိုင်နက် ဒီလို ရတနာ မျိုးတွေ ခင်ဗျားကြိုက်သလောက် ပြန်ဝယ်နိုင်မှာပါ"
"အင်း ... ကျွန်မလဲ အဲဒီလို တွေးပြီး ဖြေရတာလဲ"

"ကျွန်တော် မိတ်ဆွေတစ်ယောက်အတွက် လာဝယ်တာပါ။ ကျွန်တော်တို့ဆိုင်မှာ ဒီထက်ကောင်းတဲ့ မြတွေ အများကြီး ရှိပါတယ်။ ဒါပေမယ့် ကျွန်တော့်မိတ်ေ်ဆွက သူ့မိန်းမ ၀ယ်ထားတဲ့ မြနဲ့ လုံးတူ ရွယ်တူ လိုချင် တယ်ဆိုလို့ လာကြည့်တာ၊ ခင်ဗျားဟာနဲ့ တော်တော် နီးစပ်တယ်။ ဒါဆိုရင် သူသဘောကျမှာပါ။ ဒေါ်လာ ခြောက်သောင်းလောက် ပေးဖို့တော့ သူဝန်းလေးမှာ မဟုတ်ဘူး"
ဟော်စတန်၏ စကား ကြားရသောအခါ အီတလီမကြီး သက်ပြင်းချလိုက်သည်။

"ဒါကို ကျွန်မ ဒေါ်လာ ခြောက်သောင်းနဲ့ာသ ရောင်းလိုက်ရင်တော့ ကျွန်မအဘွားက ကျွန်မကို တမလွန်က နေပြီး ကျိန်ဆဲနေတော့မှာပါပဲရှင်"
ဟော်စတန် ပြုံးလိုက်သည်။ သူ သည်ထက် ဈေးပိုပေးနိုင်သေးသည် မဟုတ်ပါလား။
"ဒါဖြင့်ရင် ဒေါ်လာတစ်သိန်းအထိပေးဖို့ ကျွန်တော့်မိတ်ဆွေကို ကျွန်တော် ဖျောင်းဖျ ပြောပေးလို့ ရနိုင်လိမ့် မယ် ထင်ပါတယ်၊ ဒေါ်လာ တစ်သန်းဆိုတာ နည်းတဲ့ ငွေမှ မဟုတ်ဘဲ၊ ဒါပေမယ့် သူက ဒီမြကို ကြိုက်မှာ ဆိုတော့ ပေးပါလိမ့်မယ် ထင်ပါရဲ့"
"ရှင်ပေးတာ မဆိုးပါဘူး၊ မျှတပါတယ်"
"ဒါဖြင့် ကျွန်တော် ချက်လက်မှတ်စာအုပ် ယူလာတယ်၊ တစ်ခါတည်း ချက်ရေးပေးမယ်လေ"
ဟော်စတန်က ၀မ်းသာအားရ ပြောလိုက်သည်။

"ဟင့်အင်း ... နေဦး၊ မဟုတ်သေးဘူး၊ ကျွန်မ ပြဿနာက ဒါနဲ့ ပြေလည်ဦးမှာ မဟုတ်သေးဘူး"
"ခင်ဗျားပြဿနာ ... ဘာပြဿနာလဲ"
ဟော်စတန်က အီတလီမကြီးကို စိုက်ကြည့်ပြီး မေးလိုက်သည်။
"ကျွန်မ စောစောက ပြောထားသားပဲ၊ ကျွန်မ ယောက်ျားက လုပ်ငန်းသစ်တစ်ခုစမှာဆိုတော့ အဲဒီအတွက် သူဒေါ်လာသုံးသိန်းခွဲ လိုနေတယ်။ ကျွန်မကိုယ်ပိုင်ငွေနဲ့ သူ့ကို ပေးနိုင်တာ ဒေါ်လာတစ်သိန်းပဲ ရှိတယ်။ ဒီတော့ ကျွန်မ နောက်ထပ် ဒေါ်လာနှစ်သိန်းခွဲ လိုနေတယ်။ ကျွန်မလက်ထဲ မြကြီးကို ရောင်းရင် အဲဒီ လော်ကတော့ ရမယ်လို့ ကျွန်မ မျှော်လင့်ထားတာရှင့်"

"ကမ္ဘာပေါ်မှာ ဒေါ်လာ နှစ်သိန်းခွဲတန်တဲ့ မြဆိုတာ မရှိပါဘူး၊ ကျွန်တော် ပြောတာရုံပါ။ ဒေါ်လာတစ်သိန်း ကျွန်တော် အခုပေးတာဟာ တန်ရာတန်ဖိုးထက် ပိုနေပါသေးတယ်"
"ရှင် ပြောတာလဲ ဟုတ်မှာပါ။ ဒါပေမယ့် ရှင်ပေးမယ့် ငွေနဲ့တော့ ကျွန်မယောက်ျားက ဘယ်လိုမှ ကူညီနိုင် မှာ မဟုတ်ပါဘူး"
အမျိုးသမီးကြီးက ထိုင်ရာမှ ထလိုက်သည်။
"ဒီမြကြီး ကို ကျွန်မသမီး ပေးဖို့ပဲ သိမ်းထားရတော့မှာပေါ့"
အမျိုးသမီးကြီးက ဟော်စတန်အား လက်ကမ်းပေးလိုက်ရင်း ပြောသည်။
"ရှင် အခုလို လာတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆီညော်"
ဟော်စတန်လည်း ရောရောင်းပြီး မတ်တတ်ထလိုက်သည်။

"ခဏနေပါဦး"
ဟော်စတန်က တားလိုက်သည်။ လောဘကြီးမှုနှင့် သာမန်အသိတို့က သူ့စိတ်ထဲတွင် အားပြိုင်နေသည်။ ဘာပဲဖြစ်ဖြစ် ဤမြကြီးကိုတော့ သူ လက်လွတ်မခံနိုင်ပေ။
"ထိုင်ပါဦး မာရီဆာ၊ ကျွန်တော်တို့ ထပ်ပြီး အပေးအယူ အလျှော့အတင်း လုပ်ကြသေးတာပေါ့။ ကျွန်တော် ဖောက်သည် ကို ဒေါ်လာတစ်သိန်းခွဲပေးဖိုပ စည်းရုံးလို့ရရင် ..."
"နှစ်သိန်းခွဲပါရှင်"
"အဲ ... နှစ်သိန်းပေးမယ်ဆိုရင်ကော"
"ကျွန်မဘက်ကတော့ ဒေါ်လာနှစ်သိန်းခွဲက တစ်ပြားမှ မလျှော့နိုင်ပါဘူးရှင်"

အမျိုးသမီးကတော့ သူ့ဘက်က တစ်ရွေးသားမျှ မလျှော့တော့ချေ။ ဟော်စတန် တွေးလိုက်သည်။ တစ်ပြားမှ မရတာထက်စာလျှင် ဒေါ်လာတစ်သိန်းခွဲ မြတ်ခြင်းသည် မကောင်းပါလော။ အိမ်သေးသေးတစ်လုံးဖြင့် ရွက်လှေတစ်စီးတော့ ရနိုင်သေးသည်။ ပတ်ကားကုမ္ပဏီတွင် နောက်တစ်ရက်နှစ်ရက် ဟန်မပျက်နေပြီး အလုပ်ထွက်မည်။ ပြင်သစ် သွားတော့မည်။
"ကဲ ... ခင်ဗျား ပြောတဲ့ ဈေးနဲ့ပဲ ယူမယ်ဗျာ"
ဟော်စတန်သည် မြကြီး နောက်ဆုံးအကြိမ် အသေအချာ ကြည့်ရှုလိုက်ပြီး သူအိတ်ထဲသို့ ထည့်လိုက်သည်။
"ကျွန်တော်တို့ဆိုင်က ငွေစာရင်းနဲ့ ခင်ဗျားကို ဒေါ်လာနှစ်သိန်းခွဲ ချက်လက်မှတ် ရေးပေးခဲ့မယ်၊ ဟုတ်လား"

"ကောင်းပါပေ့ ရှင်ရယ် ..."
ဟော်စတန်က ချက်လက်မှတ်တစ်စောင် ရေးပေးခဲ့သည်။ မစ္စက်ပီဂျေဘီနီကီအား ငွေထုတ်ယူနိုင်မည့် ဒေါ်လာလေးသိန်းတန် ချက်လက်မှတ် ရေးခိုင်းပြီး ပြန်ရောင်းမည်။
ဘဏ်မှ သူ့မိတ်ဆွေ ပီတာအား ချက်လက်မှတ်ချင်း စာရင်း ထည့်ခိုင်းပြီး ပိုငွေ ဒေါ်လာတစ်သိန်းခွဲကို မိမိ ထုတ်ယူမည်။
ပီတာ၏ အကူအညီဖြင့် စာရင်းပြောင်း စာရင်းထည့်လုပ်လိုက်လျှင် ဆိုင်မှ လစဉ်ဘဏ်စာရင်း ရှင်းတမ်း၌ ဒေါ်လာနှစ်သိန်းခွဲ စာရင်းပေါ်လာတော့မည် မဟုတ်ပေ။
ပြင်သစ်နိုင်ငံ၏ နွေးထွေးသော နေရောင်ခြည်က သူ့မျက်နှာပေါ်တွင် ပက်ဖျန်းလိုက်သလို ခံစားလိုက်ရ သည်။

ဟိုတယ်မှ ရတနာဆိုင်သို့ အငှားကားဖြင့် ပြန်လာခဲ့သည်။ မစ္စက်ဘီနီကီအား သတင်းကောင်း ပြောလိုက် လျှင် သူမ မြူးသွားမည်ဟု ဟော်စတန် မြင်ယောက်နေသည်။
ဟော်စတန် ဆိုင်ထဲသို့ ၀င်လာသောအခါ အရောင်းစာရေး ချေလတန်က လှမ်းပြောသည်။
"ဒီမှာ ဆရာ ... ၀ယ်သူတစ်ယောက် ..."
"ခင်ဗျားပဲ ကြည့်ရောင်း လိုက်ပါဗျာ။ ကျွန်တော် အရေးကြီတဲ့ အလုပ်ကလေး ရှိသေးလို့ပါ"
ဟော်စတန်က ခပ်ပေါ့ပေါ့ပင် ပြောထားရစ်ခဲ့သည်။

သာမန် ဈေးဝယ်သူများအတွက် သူအချိန်မပေးနိုင်တော့ပါ။ ယခုလည်း အချိန်မပေးနိုင်တော့ပါ။ နောင်လည်း အချိန်ပေးစရာ လိုတော့မည် မဟုတ်ပါ။
ဟော်စတန် သူ့အခန်းထဲသို့ တန်းဝင်သွားပြီး တံခါးကို အသေအချာ ပိတ်လိုက်သည်။ သူ ၀ယ်လာသာ မြကြီးကို သူ့ရှေ့စားပွဲပေါ်တွင် အကျအန တင်ထားလိုက်သည်။
ထို့နောက် တယ်လီဖုန်းကို ကောက်ကိုင်ပြီး နံပါတ်များကို လှည့်လိုက်သည်။
တစ်ဘက်မှ အော်ပရေတာအသံ ပေါ်လာသည်။

"ဒေါ်ချက်စတာ ဟိုတယ်ကပါရှင်"
"အိုလီဗာမက်ဆယ် အခန်းကို ပေးပါ"
ဟော်စတန်က ပြောလိုက်သည်။
"ဘယ်သူနဲ့ စကားပြောချင်လို့ပါသလဲရှင်"
"မစ္စက်ပီဂျေဘီနီကီနဲပ ပြောချင်လို့ပါ"
"ကျေးဇူးပြုပြီး ခဏလေး စောင့်ပါဦးရှင်"
ဟော်စတန်က တယ်လီဖုန်းကိုင်ပြီး စောင့်နေစဉ်တွင် လေးလေးတချွန်ချွန်နှင့် မြူးနေသည်။ တစ်ခဏ အကြာတွင် အော်ပရေတာအသံ ပေါ်လာသည်။
"၀မ်းနည်းပါတယှ်င် ... မစ္စက်ဘီနီကီ ပြောင်းသွားပါပြီ"

"ဒါဖြင့် သူပြောင်းသွားတဲ့ တခြားအခန်းကိုပဲ တယ်လီဖုန်းလိုင်း ဆက်ပေးပါဗျာ"
"မဟုတ်ပါဘူးရှင့် ... ဒီဟိုတယ်ကနေပြီးကို တခြားကို ပြောင်းသွားတာ"
"ဟာ ... မဖြစ်နိုင်ဘူး၊ သူ ..."
"ကျွန်မ ရှင့်ကို ဧည့်သည်လက်ခံ မှတ်ပုံတင်ဌာနနဲ့ ဆက်ပေးပါမယ်၊ သူတို့နဲ့ ဆွေးနွေးမေးမြန်းပါ။"
အော်ပရေတာ တယ်လီဖုန်းလိုင်း ပြောင်းပေးလိုက်သည်။ အမျိုးသားအသံတစ်သံ ပေါ်လာသည်။
"ဧည့်သည်ဌာနကပါခင်ဗျာ ... ဘာအကူအညီ ပေးရမလဲ ခင်ဗျား"
"မစ္စက်ဘီနီကီ ဘယ်အခန်းမှာ ရှိနေပါသလဲခင်ဗျား"

"မစ္စက်ဘီနီကီ ဒီနေ့မနက်ပဲ ဟိုတယ်ကနေ ပြောင်းသွားပါပြီ"
"မမျှော်လင့်တဲ့ အရေးကြီးသော ကိစ္စတစ်ခုကြောင့် တခြားပြောင်းသွားပြီး ဖြစ်ရမည်။ အကြောင်းတော့ ရှိလိမ့်မည်ဟု ဟော်စတန် တွက်လိုက်သည်။
"သူ နောက်ထပ် ပြောင်းသွားတဲ့ လိပ်စာများ မသိရဘူးလား ခင်ဗျား"
"၀မ်းနည်းပါတယ်၊ သူပြောင်းသွားတဲ့ နေရာရဲ့ လိပ်စာကို ပေးမထားခဲ့ပါဘူး ခင်ဗျာ"
"သေသေချာချာ ပြန်ကြည့်ပါဦး၊ ပေးထားခဲ့ပါလိ့မ်မယ်"

"သူ ဒီဟိုတယ်က ပြောင်းသွားတုန်းက ကျွန်တော်ဆီမှာ အခန်းအပ်ပြီး ငွေရှင်းသွားတာပါ။ ဘာလိပ်စာမှ မပေးခဲ့ပါဘူး၊ ဘာမှလဲ မှာမသွားပါဘူး"
ဟော်စတန်အဖို့ အရှိုက်ထိုး ခံလိုက်ရသကဲ့သို့ ဖြစ်သွားသည်။ တယ်လီဖုန်းခွက်ကို ချထားလိုက်ပြီး ကုလား ထိုင်တွင် ထိုင်လိုက်သည်။ ထူပူသွားပြီး ဘာလုပ်ရမှန်း မသိ ဖြစ်သွားသည်။ တဖြည်းဖြည်း လမ်းစ ပေါ်လာ သည်။

မစ္စက်ဘီနီကီ မည်သည့်နေရာ ရောက်နေသည်ကို ရှာပြီး သူ လိုချင်သော မြကြီးကို တွေ့ထားပြီ ဖြစ်ကြောင်း အသိပေးရမည်။
တစ်ချိန်တည်းတွင်ပင် မာရီဆာထံ၌ မိမိပေးခဲ့သော မြကြီး၏တန်ဖိုး ဒေါ်လာနှစ်သိန်းခွဲတန် ချက်လက်မှတ် ပြန်ရအောင် လုပ်ထားရမည်။
ဟော်စတန်သည် ဆဗွိုင်းဟိုတယ်သို့ ချက်ချင်း တယ်လီဖုန်း ကောက်ဆက်လိုက်သည်။
"အခန်း နံပါတ် ၂၆ပေးပကါ"
"ဘယ်သူနဲ့ ပြောချင်လို့ပါလဲ"
"မာရီဆာနဲ့ပါ"
"ခဏလေး စောင့်ပါဦး"

အော်ပရေတာထံမှ အဖြေထပ်မရမီမှာပင် သတင်းဆိုးများ ကြားရလေမလားဆိုသော နိမိတ်ဆိုးက စိတ်ထဲ ၌ ပေါ်လာသည်။
"၀မ်းနည်းပါတယ်။ ကွန်တက်ဆာမာရီဟာ ဟိုတယ်က ပြောင်းသွားပါပြီ"
ဟော်စတန် တယ်လီဖုန်းခွက်ကို ချထားလိုက်သည်။ ထို့နောက် ပြန်ကောက်ကိုင် လိုက်ပြန်သည်။ ဘဏ်၏ တယ်လီဖုန်းနံပါတ်ကို လှည့်သော လက်ချောင်းလေးများက တုန်တုန်ယင်ယင် ဖြစ်နေသည်။
"စာရင်းကိုင်ချုပ် နဲ့ ဆက်ပေးစမ်းပါ မြန်မြန်လေး၊ ကျွန်တော် ပေးလိုက်တဲ့ ချက်တစ်စောင်ကို ငွေမပေးဖို့ လှမ်းတားချင် လို့ပါ"
သို့သော် သူ့အဖို့ အချိန် နှောင်းသွားချေပြီ။
ဟော်စတန်သည် မြကြီးတစ်လုံးကို ဒေါ်လာတစ်သိန်းနှင့် ရောင်းခဲ့ပြီး ထိုမြကြီးကိုပင် ဒေါ်လာနှစ်သိန်းခွဲနှင့် ပြန်ဝယ်ခဲ့မှန်း တစိမ့်စိမ့်တွေးပြီး တရေးရေး မြင်လာသည်။
ဆိုဖာလက်တင် လှုပ် ကုလားထိုင်ကြီးထဲတွင် ခြေပစ်လက်ပစ် ထိုင်နေရင်းက ရတနာဆိုင်ပိုင်ရှင် ပတ်ကား ညီအစ်ကိုများအား မည်သို့ ရှင်းပြရမည်ကို တွေးတော စဉ်းစာနေရပါပြီကော။

ဆက်ရန်
.

No comments: