Saturday, August 20, 2011

ဆရာဦးသုခနှင့် သူ့ခေတ်ပြိုင် စာဆိုတို့အမြင် အပိုင်း (၅၁)

 တစ်ဆောင်းကြွေ၍ တစ်နွေကျိုးကာ တစ်မိုးသောက်သောအချိန်။ ကောင်းကင် ၌ မိုးသားတိမ်လိပ်များ တက်လာသည်။ ဆုပ်ဆိုင်းအုံ့မှိုင်းလျှက် ဂြိုးဂျိန်းသံမာန်ဟီးသော မိုးချိန်းသံကိုလည်း မကြာခဏ ကြားနေ ရသည်။ မကြာခင်မိုးက ဗြန်းကနဲ ရွာချလိုက်သည်။ သဲသဲမဲမဲ။ စဲသလိုရှိပြန်တော့ စွေသလိုလို ဖြစ်နေပြန် သည်။ စွေ ရာမှ တိတ်သလိုလို ရှိပြန်တော့ မိုးက တဖျောက်ဖျာက်။ မိုးက လွမ်းအောင် ဖန်နေပါတော့သည်။

ရန်ကုန်မြို့၊ ပါရမီလမ်းရှိ တိုက်ပုကလေးပြူတင်းပေါက်နားတွင် အဖိုးကြီး တစ်ယောက်သည် စာအုပ်ကြီး တစ်အုပ် ကို ဖတ်လိုက်၊ ပြင်ပမှ မိုးတွင်းချိန်ခါ အလှပန်းချီကို ရှုလိုက်နှင့်။ သူ့ မျက်နှာက ဆွေးလျလျ။
သူ ဖတ်နေသော စာအုပ်က ဆရာကြီး ဦးပြုံးချိုရေးသားအပ်သော မဟာဂီတ ပေါင်းချုပ် စာအုပ်ကြီး ဖြစ်သည်။ သူရှုကြည့်နေသော စာကြောင်းများက -

" ဇေယျတု သဗ္ဗမင်္ဂလံ "
မင်္ဂလာသြဘာ ယိုးဒယားသီချင်း
ရေးသူ ဆရာဦးပြုံးချို

အလွန့်အလွန် ကြာမြင့်လေပြီးသော အတိတ်အဟောင်းက သူရိယသတင်းစာတိုက်တွင် ပုံနှိပ် ထုတ်ဝေ ခဲ့သည့် စာအုပ်ဖြစ်သည်။ ခေါင်းစီးက သဗ္ဗမင်္ဂလံ၊ ခပ်သိမ်းသော မင်္ဂလာဟူသမျှသည် ဇေယျ တု ပြီးမြောက်အောင်မြင်ပါစေသတည်းဟု ဆိုသည်။ ဣဋ္ဌမင်္ဂလာ သြဘာဆုတောင်းစာတို့ဖြင့် တင်ရွှန်းလှ ဘိသည်။ ခံညားသည်။ ကျက်သရေရှိသည်။ ပွဲနေပွဲထိုင်တို့၌ ဆိုတီးကြသည်။ ပွဲတိုင်းတွင်ဆိုရန် သီချင်းရွေးလျှင် ဤသီချင်းလောက် တင့်တယ်လျှောက်ပတ်သော ဂီတမရှိတော့ပြီ။ အကောင်းဆုံး ဖြစ် သည်။ တေးသွားသည် ရိုးသည်။ ခန့်သည်။ အိနြေ္ဒရှိဘိသည်။
အဖိုးကြီး သည် ဤသီချင်းအတွက် ခံစားချက်ရှိသည်။ ဤသီချင်းကို ဖန်တီးသူတို့နှင့် ပတ်သက်နေသည်။ စာဆို နှင့် ပတ်ဝန်းကျင်သည် သူ့အသည်းနှလုံးတွင် ရုပ်ရှင်ပြဘိသို့ မြင်ရောင်လျှက် ...

*
သူ့ဦးလေး ဦးတုတ်ပေါသည် ငယ်စဉ်ကတော်တော် ဆော့သည်။ သူ့ အမေပြောလို့ သူ့ ဦးလေး အကြောင်း သိရသည်။ မောင်တုတ်ပေါ သည် နေပူထဲတွင် ကစားလေ့ရှိသည်။ အစ်မ မငြိမ်း၊ နှမ အသိုင်း၊ မလုံမလေး တို့ က နေပူတွင် ပြေးလွှား မကစားရန်ပြောသည်။ မရ။ သို့ဖြင့် ၁၂ နှစ်သားတွင် မျက်စိကွယ်သွားရှာသည်။
" မြင်သူ မြင်သူဗျာဝေ၊ ကွဲကြေအံ့မဆုံး၊ တင်ကာ တင်ကာ သွင်မျက်ခုံး၊ ချယ်မင်ရောင် ပိတုန်းငယ်နှင့် သန်းကာ မှောင်၊ မျက်လုံးတော်အရောင်၊ သောက်ရှူးကြယ် ညီနောင်၊ မြမျက်တောင် ကော့ကော့ရွှန်း"
" ဒီလို အလှကလေးတွေကို မင်းမမြင်နိုင်တော့ဘူး" သူငယ်ချင်း မောင်ပြုံးချိုက နောက်လေ့ရှိသည်။

မောင်တုတ်ပေါသည် ဂီတကို မြတ်နိုးသည်။ အများအားဖြင့် စောင်းတီးနေတတ်သည်။ အရည်အသွေး မြှင့် ချင်သည်။ ထို့ကြောင့် -
" အမေ ကျွန်တော် မင်းဘူးသွားမလို့ "
" မျက်စိက မမြင်ဘဲနဲ့ အဲဒီခရီးကြီးကိုဘာသွားလုပ်မလို့လဲ "
" ဒေ၀အိန္ဒာ နန်းတွင်းစောင်းဆရာကြီး ခုမင်းဘူးမှာ ရှိနေတယ်အမေ။ ရဟန်းဝတ်နဲ့။ စောင်းပညာယူမလို့ "
" မဖြစ် ပါဘူးကွယ်၊ မသွားပါနဲ့ သားရယ် "

ပေးမလွတ်သည့်ကြားက ဇွတ်ထွက်သွားသည်။ ဒေ၀အိန္ဒာဘွဲ့ရ စောင်းဆရာကြီး (ရဟန်း)ထံတွင် စောင်း ပညာ သင်သည်။ မောင်တုတ်ပေါသည် တော်လွန်းသဖြင့် ဆရာကြီးက သူအမြတ်တနိုးထားသော သူ့မှန်စီ ရွှေချစောင်း ကို ဂုဏ်ပြုလက်ဆောင်ပေးလိုက်သည်။ စောင်း၏ လက်သံထိပ်ညောင်ရွက်တွင် "ဒေ၀" ဆိုသော စာလုံး၊ စောင်း၏ ဖင်ပိုင်းဖလားနေရာတွင် "ဣန္ဒာ" ဆိုသည့် ရွှေသရိုးကိုင် စာလုံးကလေးများ ဖော် ထားသည်။ ကျိုက်လတ်ပြန်ရောက်တော့ အစိမ်းရောင် ကတ္ထီပါစကို အိတ်ချုပ်ပြီး စောင်းကို ထည့်လျှက် ခေါင်းရင်း တွင် ရိုရိုသေသေထားသည်။
*
ဤအကြောင်းများကို သူ့တူကလေးသည် (၇)နှစ်သား အရွယ်ရောက်မှ သိရသည်။ ဤအချိန်၌ ဦးတုတ်ပေါ သည် သူ့အစ်မ နှင့်  နှမကို ပတ်ပျိုးနှင့် ယိုးဒယား တစ်ပုဒ်စ၊ နှစ်ပုဒ်စ ဆိုတတ်အောင် သင်ပေးထားသည်။ သူ့ တူကလေး မှာလည်း ကျောင်းက ပြန်လာတိုင်း ဦးလေးက စောင်းတီးပြီဆိုလျှင် စီးလိုက်ပေး ပေးနေ ရသည်။ သူ့ဦးလေးသည် နားအလွန်ပါးသည်။ ခေါင်းရင်းတွင် တရိုတသေ ထားသော ဆရာ့ လက်ဆောင်စောင်းနားသို့ သူ့တူကလေးရောက်သွားပြီး ဆော့နေလျှင် သည်းငြီးမခံ၊ ဒေါသကြီးတော့ သည်။ တစ်နေ့ -
" ဟေ့ ကောင်လေး လာ၊ အိမ်လည် ထွက်ရအောင် "
" ဟုတ်ကဲ့ "
သူ့ဦးလေး သည် မျက်စိသာမမြင်သည်။ ဘယ်နေရာမှာ ဘယ်သူ့အိမ်ရှိသည်ကို သူအကုန်သိသည်။

" ဟဲ့ ငါ့တုတ်ကိုမဆွဲနဲ့၊ ငါ သူတောင်းစားမဟုတ်ဘူး" သူ့ဦးလေး လမ်းလျှောက်သောအခါ လွှဲသော လက်ကို သူ့ပခုံးနှင့် ပွတ်တိုက်ကာ စကား တပြောပြောနှင့် လျှောက်လေ့ရှိသည်။ မျက်စိမမြင်တာကို လူသိမှာ စိုး သဖြင့် မျက်မှန်အနက်ကြီးကိုလည်း အမြဲတပ်ထားလေ့ရှိသည်။
*
" ကျွန်တော် ခင်ဗျား စောင်းလက်သံကို သိပ်သဘောကျတယ်ဗျာ၊ ဖျာပုံကို အလည်လာဖို့ ကျွန်တော် ခင်ဗျား ကို ဖိတ်ပါတယ်။ ဘယ်နဲ့လဲ "
ဖျာပုံ အမိန့်တော်ရ ရှေ့နေကြီးက ဖိတ်သော်လည်း သူငြင်းလိုက်သည်။ သို့သော်လည်း သူ့တူကလေးကို ခေါ်ပြီး ဖျာပုံမြို့သို့ ထွက်လာသည်။
" ဦးလေး က အိမ်သိလို့လား "
" အမိန့်တော်ရ ဆိုတာ ဆိုင်းဘုတ်ရှိသဟ။ မင်းဘာသိလို့လဲ။ ငါနှက်လိုက်ရ"

" အဘိုးလေး မေးသွားရအောင်လား "
" တောသားထင်နေပါအုံးမယ်ဟာ၊ ဆိုင်းဘုတ်ကိုသာ ကြည့် "
နောက်ဆုံး ဆိုင်းဘုတ်ကို တွေ့သည်။ သူတို့ကိုမြင်တော့ အိမ်ရှင်များက အူယား ဖားယားနှင့် လာကြိုကြ သည်။
ထိုနေ့ တစ်ညလုံး သူ့ဦးလေးသည် စောင်းလက်သံ လက်စွမ်းပြရာ သူလည်း ဘေးနားတွင် ငိုက်လျှက်။
သူမှတ်မိ နေပါသေးသည်။ တစ်ခါက ၀ါဆိုလပြည့်နေ့တွင် ဘုရားဖူးသွားကြသည်။ သူက ဘုရားရှိရာ ဘက် သို့ ရှိခိုးနေစဉ် သူ့ဦးလေးက ဂန္ဓကုဋီတိုက်ဘက်သို့ ဦးချနေသည်။

ဤတွင် -
" အဘိုးလေး ဘာ ကို ဦးချနေတာတုန်း၊ ဘုရားက ဒီဘက်မှာ" ဤတွင် သူ့ဦးလေးက သူမှားနေမှန်း သိလျှက် နှင့် " မင်း မသိပါဘူး။ ငါက စနေသားကွ။ ဒါကြောင့် စနေ ထောင့်က ကိုယ်တော်ကို ရှိခိုးနေတာ" ဟု ပြန်ပြော လိုက်လေသည်။ သူ့ဦးလေးသည် မျက်စိမမြင်တာကို ရှက်တတ်ကြောင်း သူက သိထားနှင့် သည်။
သူသည် သူ့ဦးလေးနှင့် အတွဲများသဖြင့် သူ့ဦးလေးနှင့် အလားတူ မဟာဂီတသမားကြီး နှစ်ယောက်ကို သိ နေသည်။ ဦးပြုံးချို နှင့် ဦးဘာဘူ တို့ ဖြစ်သည်။ ဆုံကြလျှင် သူ့ဦးလေးက
" ကျုပ် ဆရာ ဣန္ဒာဒေ၀က ကျုပ်ကို ဂုဏ်ပြုတဲ့စောင်း မွန်စောင်းမြတ်ဗျ။ သူ့တပည့်တွေထဲမှာ ကျုပ် အတော်ဆုံး မို့ ကျုပ်ကို ပေးလိုက်တာ "
ကျိုက်လတ်မြို့၌ ဤစကားကို ပြောရသည်မှာ အရသာရှိလှသည်။

" ကိုဘာဘူက သီချင်းဆိုရာမှာ ဌာန်ကရိုဏ်းကျတယ်။ မောင်ပြုံးချိုကတော့ သီချင်းဆိုရာမှာ မိန်းမသံလေး နဲ့ နားစွဲသကွဲ့"
စာရေးဆရာ ဦးပြုံးချိုက အဆိုလည်းရသည်။ အကလည်း အလွန်ကောင်းသည်။ ညက်သည်။ အရပ်ဇာတ် ကရန် ပြဇာတ်များ ရေးပေးလေ့ရှိသည်။ " ဦးရှင်ကြီး အရပ်ဇာတ်ကိုလည်း ရေးပေးသည်။ သင်ပေးသည်။ စာပေပရိယတ္တိ ကျွမ်းကျင်သည်။ ဦးတုတ်ပေါထံမှ စောင်းပညာကိုလည်း ရယူထားသည်။

တနေ့ ဂီတပညာရှင်ကြီးများ ဆုံကြရာ ...
" ကျုပ်တို့ ဓမ္မသီချင်းတစ်ပုဒ်ကို ဖန်တီးရအောင်လား၊ ကိုတုတ်ပေါက အသံရှာပေး "
ဦးပြုံးချိုက ပြောလာသည်။ ဤတွင် နောင်အခါ ဂီတလောက၌ နာမည် ကျော်ကြားလူသိများသော "တေဘုမ္မာ" ဆိုသည့် သီချင်းကိုမွေးထုတ်လိုက်လေသည်။
" တေဘုမ္မာဆိုတာ ဘုံသုံးပါး။ တေဆိုတာ သုံးခု၊ ဘုမ္မာဆိုတာ သတ္တ၀ါတွေနေတဲ့ ဘုံသုံးပါး။ ကာမဘုံ၊ ရှုပဘုံ၊ အရူပဘုံတို့ဖြစ်သည်။ ကာမဘုံဆိုတာ ကာမဂုဏ်အာရုံတွေနဲ့ မကင်းတဲ့ဘုံတွေ၊ အပါယ် ၄ ဘုံ၊ လူ့ဘုံ ၁ ဘုံ၊ နတ်ပြည် ၆ ထပ်၊ စုစုပေါင်း ကာမ ၁၁ဘုံ။ ရူပဘုံ ဆိုတာက အရူပဘုံဆိုတာက ရုပ်မရှိဘဲ နာမ် ချည်း သက်သက်ဖြစ်တဲ့ ဗြဟ္မာ ၄ ဘုံ။ စုစုပေါင်း ၃၁ ဘုံ "။
ဦးပြုံးချိုက သူ့လူတွေကို ရှင်းပြသည်။ အနားတွင် ဦးတုတ်ပေါ၏ တူကလေးက မေးလေးထောက်ပြီး စိတ် ၀င်စားစွာ နားထောင်နေသည်။ ကိုတုတ်ပေါက စောင်းနဲ့လိုက်၊ ကျုပ်တို့ တစ်ခေါက် ဆိုလိုက်ကြဦးစို့။

" တေဘုမ္မာ အနိစ္စာ ဒုက္ခာ အနတ္တာ တရားမရလို့များ လှသံသရာ၊ ကာမောဃာ ဘာဝေါဃာ ဒိဠောဃာ အ၀ိဇ္ဇောဃာ စိတ်မောဟာမကင်းတာ အရင်းခံ သူတဏှာ ... "
တေဘုမ္မာ သီချင်းကြီးကို စိတ်ဝင်စားစွာ အစအဆုံး တီးလိက်၊ ဆိုလိုက်ကြသည်။
" အနိစ္စ၊ ဒုက္ခ၊ အနတ္တနဲ့ဒိဋ္ဌိ၊ အ၀ိဇ္ဇာနဲ့ တဏှာရဲ့ အကြောင်းတွေကိုတော့ နောက်နေ့မှ ရှင်းပြမယ်။ ကိုယ်တီးတဲ့ သီချင်းအကြောင်းအနက် အဓိပ္ပါယ် နားလည်သဘောပေါက်မှ တီးရဆိုရတာ အရသာရှိမှာ"
တေဘုမ္မာသီချင်းနှင့် တေးသွားအလိုက်ကို အားလုံးက ချီးကျူးကြသည်။ လယ်တီဆရာတော် ဘုရားကြီးက ပင် ချီးကျူးသည်။

*
" တေဘုမ္မာသီချင်းရေးတဲ့ ဆရာပြုံးချိုနဲ့ ဦးတုတ်ပေါတို့ကို ချီးကျူးတယ်ဗျာ။ စနေနေ့တိုင်း ကျွန်တော့် အိမ် ကို ပြကြပါလို့လည်း ဖိတ်ခေါ်အပ်ပါတယ်"
ကျိုက်လတ်မြို့သို့ လောလောဆယ် တာဝန်ကျ၍ ပြောင်းလာသော ထောက်ကြီး ဦးငွေခိုင်က ဖိတ်လိုက် သည်။ ဤတွင် စနေနေ့တိုင်း ၀န်ထောက်ကြီး၏ အိမ်၌ တီးကြ၊ ဆိုကြ၊ ဆွေးနွေးကြနှင့် သုတေသနအဖွဲ့ သဖွယ် ဖြစ်နေပါတော့သည်။
နောက်များ မကြာမီ ဦးငွေခိုင်၏ကားသည် ဘိလပ်မှပြန်ရောက်လာသည်။ မကြာပါပေ။ မင်္ဂလာသတင်း တစ်ခု ထွက်လာသည်။

" ကျုပ်လတ်မြို့ပိုင် ၀န်ထောက်မင်း ဦးငွေခိုင်ရဲ့သားနဲ့ ဖျာပုံအရေးပိုင်ကြီးရဲ့ သမီး လက်ထပ်တော့မယ် ဆိုဘဲ"
" အလှဆုံး မြူနီစပယ်ပန်းခြံကြီးမျာ လက်ထပ်မှာတဲ့ "
" မင်္ဂလာဆောင်လမ်း တစ်လျှောက်လုံးမှာ ပန်းမွေ့ယာခင်းမှာ ဆိုဘဲ"
" ရွှေဒင်္ဂါး ကမ်းမှာတဲ့တော့"
" ရန်ကုန် ချီဇာမုန့်တိုက်က မုန့်တွေနဲ့ကို ဧည့်ခံမှာလို့ ကြားတယ် "
" သင်္ဘောကြီးစင်းလုံးငှား၊ အငြိမ့်အဖွဲ့တင်ပြီး ရန်ကုန်က အရာရှိတွေက လာကြမှာ"
ကျိုက်လတ်တစ်မြို့လုံး ဥက္ကောဋေယျ ဖြစ်နေသည်။

" ဒီမင်္ဂလာပွဲမှာ ဆရာဦးပြုံးချို၊ စောင်းဆရာကြီး ဦးတုတ်ပေါနဲ့ ဦးဘာဘူတို့ရဲ့ ဖျော်ဖြေရေးက အရေးကြီးပါ တယ်။ ဘာလို့လဲဆိုတော့ ကျိုက်လတ်နဲ့ဖျာပုံမှာသာမက တစ်ပြည်လုံးလိုလိုမှာ နာမည်ကျော်နေလို့ ဖြစ်ပါ တယ်"
" ဒီမင်္ဂလာပွဲဟာ ကြီးကျယ်လှပါတယ်။ အဲဒီတော့ ကျွန်တော်တို့ကလည်း တစ်ခြားဆရာတွေရေးထားပြီးဖြစ် တဲ့ သီချင်းတွေကို သိပ်မတီးချင်ဘူး၊ မဆိုချင်ဘူးဗျာ၊ ဒီမင်္ဂလာပွဲအတွက် တစ်သီးတစ်ခြား အထူးစပ်ဆိုထား တဲ့ သီချင်းမျိုးကို ဆိုချင်တယ်။ တီးချင်တယ်။ တစ်ခြားသီချင်းတွေကို ဆိုရတီးရတာ သိက္ခာလည်းကျတယ်။ အဲဒီတော့ ကျုပ်သီချင်းကောင်းကောင်း တစ်ပုဒ်ကို ရေးပေးမယ်"။
" ကျေးဇူးတင်တယ်ဗျာ ကိုပြုံးချို"
ဝန်ထောက်ကြီးက ၀မ်းသာရွှင်မြူးစွာ ပြောသည်။

" မင်္ဂလာသြဘာသံ သီချင်းကောင်းကောင်းတစ်ပုဒ်ကို ရေးပေးမယ်။ ကိုတုတ်ပေါက သီချင်းအလိုက် ကောင်းကောင်းသာ ရှာပေတော့"
ဦးတုတ်ပေါ ၏ တူကလေးသည် ဦးတုတ်ပေါ ပေါင်ပေါ်၌ တတောင်ဆစ်ကလေးထောက်ပြီး ထိုင်နေရာမှ သူ့အဖိုးလေး ၏ မျက်နှာကိုကြည့်လိုက်သည်။ သူ့အဖိုးလေး၏ မျက်နှာသည် မှိုရသော မျက်နှာကဲ့သို့ ရွှင်ပြုံး ၀မ်းသာအားရ သဘောတွေ့ မနောခွေ့သွားသော အသွင်ကို တွေ့မြင်လိုက်ရပါတော့သည်။

ထိုအချိန်မှစ၍ ကျိုက်လတ်နှင့် ဖျာပုံနှစ်မြို့နယ်လုံးတွင် မင်္ဂလာဆောင်အတွက် ဆရာ ဦးပြုံးချိုက သီချင်းရေး ပြီး စောင်းဆရာ ဦးတုတ်ပေါ က စောင်းနဲ့အလိုက်ရှာမှာ၊ ဦးတုတ်ပေါ၏ ပြောင်မြောက်သော စောင်းလက်သံ ကို ကြားရတော့မှာဆိုသော သတင်းသည် ပြန့်နှံ့သွားလေသည်။ ဦးပြုံးချို၊ ဦးတုတ်ပေါ တို့မှာ လည်း ရေးပြီးသားသီချင်းကို အလိုက်ရှာကြ၊ သီချင်းတိုက်ကြနှင့် အလုပ်များလျှက်ရှိသည်။ သီချင်းအလိုက် ရှာပြီးသောအခါ အောက်လင်းဓါတ်မီးကြီး ထွန်းလျှက် ဦးတုတ်ပေါတို့အိမ်တွင် ညစဉ် သီချင်း တိုက်ကြသည်။ သူ့တူကလေးကလည်း စည်းလိုက်ပေးရသည်။ အိမ်ရှေ့တွင် လူတွေကလည်း တစ်ပုံတစ်ပင် ကြီး လာကြည့် ကြသည်။ ညစဉ်လူစည်ကားနေပါတော့သည်။ ပွဲကလေးတစ်မျှ။

" ဇေယျတု သဗ္ဗမင်္ဂလံ၊ အောင်အတိတ်ကျော်ညံ၊ အောင်ဟိတ်ပေါ်ပြန်၊ ပုဗ္ဗနိမိတ် သုခ၀ဟံ၊ နှုတ်ကဘိသိက် ဆုပတ္ထနာအမှန်၊ တက်နေတိုးသလို ကျက်သရေဖြိုးလို့၊ တံခိုး ဂုစ်ရောင်လျှံ၊ စန်းပုဏ္ဏမိန်လင်းသလို ဂုဏ်သိန် သတင်းက၊ ဇမ္ဗူတွင်းကြေညာမှန်၊ စိတ်မှာမှန်သမျှ၊ ဣဋ္ဌာရမ္မက ဘောဂသမ္ပန္န"
ဇေယျတု သဗ္ဗမင်္ဂလံသီချင်း၏ အစပိုဒ်ဖြစ်သည်။

" ဇေယျတုဆိုတာအောင်မြင်ခြင်း၊ မင်္ဂလာဆိုတာ မကောင်းတာမှန်သမျှကို ပယ်တာ။ ဒါကြောင့် ဒီလက်ထပ် မင်္ဂလာပွဲကြီးဟာ ကျက်သရေမင်္ဂလာရှိတယ်။ သဗ္ဗမင်္ဂလံ ခပ်သိမ်းသော မင်္ဂလာဟူသမျှ ဇေယျတုဖြစ်မြောက်အောင်မြင်ကြပါစေသတည်း ယခုမင်္ဂလာပွဲကြီးမှာ ကြိုတင်ပြသောနိမိတ်များက ကောင်း နေပါတယ်" လို့ပြောတာ။
ဦးပြုံးချိုက သူ့အဖွဲ့ကိုရှင်းပြသည်။ ဦးတုတ်ပေါ တူကလေးက သူ့အဖိုးလေး ပေါင်ပေါ်မှာ လက်ထောက်ပြီး စိတ်ဝင်စားစွာ နားထောင်နေသည်။ ထို့နောက် ဦးပြုံးချိုက သိချင်းတစ်ပုဒ်လုံး၏ အဓိပ္ပါယ်အသေးစိတ်ကို ရှင်းပြနေသည်။

*
မင်္ဂလာဆောင်က နီးကပ်နီးကပ်၍လာချေပြီ။ နီးကပ်လာနေသောနေ့တစ်နေ့၌ ဦးပြုံးချိုသည် ဦးတုတ်ပေါတို့ အိမ်ဘက် ဆီသို့ လျှောက်လာနေသည်။ ခေါင်းငိုက်စိုက်ချလျှက်၊ ရောက်တော့ ဦးတုတ်ပေါ၏ တူကလေးနဲ့ ခြံဝတွင်တွေ့ရာ
" ဟဲ့ ကလေး မင်းအဘိုးလေး ရှိလား "
" ရှိတယ် ဘဘ "
" ရှိရင် သူ မသိအောင် သူ့အမေနဲ့ အစ်မဒေါ်ငြိမ်းတို့ကို အပြင်ထွက်ခဲ့စမ်းလို့ ပြောချေ"

ကလေးကအိမ်ထဲ ၀င်ပြေးသွားသည်။ ထွက်လာတော့ ဒေါ်ငြိမ်းတို့နောက်က ကမန်းကတန်းလိုက်လာကြ သည်။ ဒေါ်ငြိမ်း က ဆရာကြီး၏ မကြည်လင်သောမျက်နှာကို ကြည့်ပြီး
" ဦးလေး မျက်နှာလဲမကောင်းပါလား၊ ဘာကိစ္စများရှိလို့ပါလဲရှင်"
" အေးဟာ ငါနဲ့  ဟိုနားလိုက်ခဲ့ကြပါဦး၊ ပြောစရာလေးရှိလို့"
ဦးတုတ်ပေါ၏အမေ၊ အစ်မနှင့် တူကလေးတို့ လိုက်ပါသွားကြသည်။ အရိပ်ကောင်းသော သစ်ပင်ကြီး တစ်ပင်အောက်သို့ ရောက်သောအခါ ဦးပြုံးချိုက ...

" ၀န်ထောက်မင်းကြီးရဲ့သား မင်္ဂလာဆောင်အတွက် အခါပေးပုဏ္ဏားတော်များကို မေးတော့ ပုဏ္ဏားတော် တွေက ကျက်သရေမင်္ဂလာအပေါင်းနဲ့ ပြည့်စုံဖို့၊ အစစအရာရာ အခါပေးတာတို့၊ အကြံပေးတာ တို့ လုပ်တာ ပေါ့ကွယ်။ ဒီအထဲမှာ ဒို့ဖျော်ဖြေရေးနဲ့ ပတ်သက်လို့လဲ စီစစ်ဆွေးနွေးကြတယ်။ ဒီလိုစီစစ်တဲ့ အခါမှာ မျက်မမြင် ဦးတုတ်ပေါ ဟာ ဒီလို မင်္ဂလာယူနေတဲ့ပွဲမှာ စောင်းမတီးသင့်ပါဘူးလို့ ပုဏ္ဏားတော်တွေက ၀န်ထောက်ကြီး ကို ပြောသတဲ့ကွယ်။ အဲလိုအကြံပေးတော့ ၀န်ထောက်ကြီးကလဲ စိတ်မကောင်းကြီးစွာနဲ့ ငါ့ကို လာပြောတယ်။ ဦးတုတ်ပေါ သူ့သားရဲ့ မင်္ဂလာဆောင်မှာ စောင်းမတီးပါနဲ့တဲ့။ မင်္ဂလာဆောင်ကို ကြွလို က ကြွရောက်နိုင်ပါသတဲ့ကွယ် "
ဦးတုတ်ပေါ ၏ အမေနှင့် အစ်မတို့က တုဏိဘော။ ဘာမှမပြော။ ရင်တွင်း၌မူ ဗလောင်ဆူနေသည်။ မျက်ရည် များ တောက်တောက်ကျလာကြသည်။

" မျက်ကန်းဆိုတော့ အနိဋ္ဌာရုံဖြစ်လိမ့်မယ်တဲ့။ အဲဒါကြောင့်ပါကွယ် "
ဦးတုတ်ပေါ၏မိခင်သည် သူ့ပုခုံးပေါ်တင်ထားသော ရှန်တဘက်ကလေးဖြင့် မျက်ရည်များ သုတ်ခါ သုတ်ခါ ဖြင့်။ ဦးတုတ်ပေါ အစ်မကတော့
"ဖြစ်ရပလေတယ် မောင်လေးရယ်၊ ကံဆိုးလိုက်တာ၊ သူ့ခမျာ အားခဲထားရှာတာ။ သူအလိုက်ရှာပေးထားတဲ့ သီချင်း ကိုတောင် သူကိုယ်တိုင်တီးခွင့်မရပါတကား မောင်လေးရယ်။ သနားလိုက် တာနော် "
သူ့တူကလေးကတော့ လုံချည်ဂွင်းသိုင်းကလေးနှင့် မျက်စိလေးပေကလပ်၊ ပေကလပ်ဖြင့် နားထောင်နေရှာ သည်။ "ဟဲ ဟဲ လူလေး၊ နင့်အဘိုးလေးကို မပြောနဲ့နော်၊ ကြားလား "
သူတို့ အိမ်ပြန်ရောက်တော့ ဦးတုတ်ပေါသည် တီးသားလက်သားကျအောင် ပိုးကြိုးအသစ်ကို ကိုယ်တိုင် ကျစ် နေသည်ကို တွေ့လိုက်ရာ သူ့အမေနှင့် အစ်မတိုပသည် ဖြေမဆည်နိုင်အောင် ရှိသွားပါတော့သည်။

ဦးတုတ်ပေါသည် ပိုးကြိုးများ ကျစ်ပြီးသောအခါ သူ့ဆရာ ဒေ၀အိန္ဒာပေးလိုက်သော မှန်စီရွှေချေ စာင်းကြီးကို ကတ္တီပါအိတ်အစိမ်းကြီးထဲမှ ထုတ်လိုက်သည်။ စောင်းကြီးက တဖိတ်ဖိတ်တောက်လျက်။ ဤစောင်းကြီးဖြင့် ပရိသတ်ဘောင်ဝယ် ပွဲလယ်တင့်ရမည်ဟု နှုတ်ခမ်းမွေးရေးရေးကို တသသနှင့် ဖြစ်နေရှာဘိသည်။ မင်္ဂလာ ဆောင်က နီးလာပြီ စောင်းဆရာ၏ အိမ်ကား အသုဘရက်လည်ပြီး မသာအိမ် ကဲ့သို့ တိတ်ဆိတ်လျှက်။ တူ ကလေးမှာ ကလေးပင် ဖြစ်ငြား သူ့အဘိုးလေးအတွက် ရင်နင့်လျှက်၊ အမေ၊ အစ်မ နှင့် နှမတို့မှာလည်း တွေးရင်း၊ ငေးရင်း၊ ရင်မောရင်း ငြိမ်သက်လျှက်။
ထို့နောက် မည်သို့ ဖျောင်းဖျနားချလိုက်သည်မသိ သူ့အဘိုးလေးမှာ နေ့ရော ညပါ စောင်းကိုပိုက်၍သာ ငိုနေတော့သည်။ မြင်ရသည်မှာ သနားစရာ။ သူ့ခမျာ ငိုမည် ဆိုလည်း ငိုချင်စရာ။ ဆွေးမည်ဆိုလည်း ဆွေး ချင်စရာ။ သူ့ကို တထိတ်ထိတ်နှင့် မြင်နေရပါတော့သည်။ တခါတလေတော့လည်း သူ့ညီမ လုံမကလေးနှင့် စိတ်ပြေ လက်ပျောက် စကားပြောလျှက်။ မခံချင် စိတ်ကလေး လွှမ်းမိုးလာတော့လည်း အမှန်တရားကို ဆိုမိ သည်။ သူ့ရင်တွင်းက ပေါက်ကွဲလာသည်။

" ပြောစမ်းပါဦးလုံမလေးရဲ့"
" ဟုတ်ကဲ့ပါ ကိုကို "
" မင်္ဂလာ ဆိုတာ ဘာလဲ။ ဘုရားဟောတဲ့ မင်္ဂလသုတ်ထဲမှာ အသေ၀နာစဗာလာနံ လူမိုက်တို့နှင့် မပေါင်းသင်းခြင်းသည် မဂ်လာတဲ့။ မျက်စိကန်းတဲ့ လူနဲ့ မပေါင်းရဆိုတာမပါဘူး။ မျက်စိကန်းနေတဲ့သူကို အမင်္ဂလာလို့ သတ်မှတ်လို့ရမလား လုံမလေးရဲ့"
" မရပါဘူး ကိုကိုလေးရယ်၊ ဒါပေမယ့် ... "
" ဘာဒါပေမယ့်လဲ၊ အနုပညာကို ထမင်းစားကောင်းရုံ တီးကြတဲ့သူတွေ အနုပညာကို အပြင်ပန်းအပေါ်ယံ အသုံးတော်ခံဖို့သာ သတ်မှတ်ကြတဲ့သူတွေ ... ထွီ"
" သတိထားပါ ကိုကိုလေးရဲ့ "
" ဘာသတိထားရမှာလဲ ... ဟင် ... ဘာသတိထားရမှာလဲလို့"

အောက်အီးအီးအွတ် ...။
ဟိုမှဒီမှ ကြက်တွန်သံများကို ကြားနေရပြီ၊ မကြာပါပေ။ တုံးမောင်းခေါက်သံကို ကြားရပြန်သည်။ ပထမ တွင် တစ်ချက်ချင်း။ နောက်တော့ တစ်ချက်ခြင်း နှေးနှေးကလေး။ ပြီးတော့ မြန်သွားသည်။ တုံးမောင်း ခေါက်သံ က စည်းချက်ဝါးချက်ကျလှသည်။
ဟိုအဝေးဆီမှ အသံများကို ဦးတုတ်ပေါကြားနေရသည်။ သူအိပ်လို့မရ။ အိပ်၍မပျော်။ တစ်ညလုံးလုံး အိပ်၍ မပျော်။ မနက်ဖန် မင်္ဂလာဆောင်ပါကလားဆိုတာကို မနေ့ညက သိနေသည်။ ခုတော့ ဒီနေ့ဟာ မင်္ဂလာဆောင် မည့် နေ့ပါကလား ဆိုတာကို ...။
ဒီအသိ ကို ဖျောက်လို့မရ။ မရသည့်အပြင် သိပြီးရင်း သိနေသည်။ သိတော့ ၀မ်းနည်းနေမိသည်။ ဒေါသ လည်း ဖြစ်ရသည်။

အိမ်ပြင်မှာတော့ အမှောင်ထု။ အမည်းရောင်မှ အညိုရောင်သို့ ပြောင်းနေသည်။ ထို့နောက် အညိုရောင်မှ မပီသ မကြည်မြသော နီညိုရောင်အရိပ်များ။ ဟိုတစ်ကွက် ဒီတစ်ကွက်။ နောက်တော့ နီညိုရောင်မှ အနီ ဖျော့ဖျော့။ ထိုမှ နီရဲရဲသို့ တဖြည်းဖြည်း တဖြည်းဖြည်း ကူးပြောင်းကာ အာရုဏ်ကျင်းသွားသည်။
ဦးတုတ်ပေါ ၏ တူကလေး။

တချွတ်ချွတ်နှင့် တစ်ညလုံးလုံး သူ့အဘိုးလေး ဦးတုတ်ပေါ မအိပ်သည်ကို သူသိသည်။ ဒီနေ့မင်္ဂလာဆောင် မှာ သူ့အဘိုးလေး စောင်းမတီးရဘူးဆိုသည်ကိုလည်းသိသည်။ အဘိုးလေးသည် သူ့အနုပညာကို အသုံးချ ၍ ပါဝင်လှုပ်ရှား ဖန်တီးထားတာ ဘာလို့များ မတီးရတာလဲ။ ၀န်ထောက်မင်းကြီးတို့က မင်္ဂလာဆောင်မှာ သူ့ အဘိုးလေး မတီးရဘူးတဲ့။
အနုပညာရှင်သည် သူ့အနုပညာဖြင့် ဈာန်ဝင်စားနေချိန်တွင် ဖန်တီးသော အနုပညာ၏ သိမ်မွေ့ နက်နဲခြင်းကို လူတိုင်းမသိ။ ထိုအနုပညာရှင်ကို ဂရုစိုက်ခြင်း၊ လေးစားခြင်း၊ ချီးမွမ်းခြင်း၊ ချီးမြှောက် ခြင်း၊ တန်ဘိုးထားခြင်း၊ ကျေးဇူးသိခြင်းမရှိ။ ပြေလည်းပြေပြစ် အဆင်ချောကာ ပျားလည်းစွဲသာ ရှဥ့်လည်း လျှောက် သာအောင် ဆောင်ရွက်ရကောင်းမှန်းလည်း မသိ၊ ကာယကံရှင်တို့သည် မသိဆိုးဝါးနိုင်ကြပါဘိ သည်။ ထို့ကြောင့် ဒုက္ခိတ ပညာရှင်ကြီးသည် ဒုက္ခပိုရောက်ရရှာသည်။

သူ့အဘိုးလေးသည် ခဲလေသမျှ သဲရေကျပေါ့။ သူ့အဘိုးလေးသည် ဒါတွေကို စဉ်းစားရင်း စဉ်းစားရင် စဉ်းစား နေစဉ်မှာပင် ပူလောင်သော ဒေါင်းယာဉ်ပျံနေမင်းကြီးက တက်လာသည်။ ဖန်နေ၀န်း၏ အလင်း ရောင်အောက် တွင် ဆူညံဆူညံ စကားတစ်ပြောပြောနှင့် မင်္ဂလာဆောင်သို့ သွားကြသော ဧည့်ပရိသတ် တို့၏ အသံများကို ကြားလာရသည်။ မင်္ဂလာဆောင်နှင့် စောင်းပညာရှင် ဦးတုတ်ပေါတို့ အိမ်နှင့်ကလည်း သိပ်မဝေးလှ။ ခဲတစ်ပစ်ခန့်သာ ဝေးသည်။ အုတ်အုတ်ကျက်ကျက် အသံများကို အတိုင်းသား ကြားနေရသည်။
မကြာပါပေ။ တီးဝိုင်းမှ စောင်းကြိုးညှိသံ တစ်ချက်စ နှစ်ချက်စကို ကြားလာရသည်။ ဦးတုတ်ပေါ၏ဘ၀င်၌ ပူကနဲ ဖြစ်သွားသည်။

စောင်းက အသံစမ်းနေချေပြီ။ ဒါမောင်ပြုံးချို၏ လက်သံ။ လက်ကွက် ကို သူမှတ်မိနေသည်။ ဒီလက်ကွက် တွေ ကို သူပြပေးထားတာ။ ကိုဘာဘူ ဆိုမယ်နဲ့တူပါရဲ့။ မင်္ဂလာသီချင်းကို ဘယ်နှစ်ပေါက်ထားတီးမည်။ ဆို သည် ကို သူသိထားသည်။ သီချင်းကို ဦးတည်သော လက်ပေါက်များကို စမ်းနေချေပြီ။ ထိုနောက် ... ထိုနောက်မှာဖြင့် ...
" သြောင်း ဇေယျတု သဗ္ဗမင်္ဂလံ၊ သြောင်း ဇေယျတု သဗ္ဗမင်္ဂလံ၊ သြောင်း ဇေယျတု သဗ္ဗမင်္ဂလံ ... "
ဦးဘာဘူ သီကျူးလိုက်သော " ဇေယျတု သဗ္ဗမင်္ဂလံ" သီချင်းအစပျိုးသံက ထွက်ပေါ်၍ လာပါတော့သည်။

" ဟဲ့ ကောင်လေး၊ ဟဲ့ ကောင်လေး လာစမ်း ဒီနားကို ဘယ်ရောက်နေပါလိမ့် "
" ဇေယျတု သဗ္ဗမင်္ဂလံ၊ အောင်အတိတ်ကျော်ညံ၊ အောင်ဟိတ်ပေါ်သိက်၊ ဆုပတ္တနာအမှန်၊ တက်နေတိုး သလို ကျက်သရေဖြိုးလို့၊ တန်လခိုးဂုဏ်ရောင်လျှံ ... "
" ဘယ်မလဲတုတ်၊ ဘယ်မလဲ ဓါး၊ ငါ့ကိုပေးစမ်း ပေးစမ်းပါဆိုနေ "
" စန်းပုဏ္ဏမိန်လင်းသလို၊ ဂုဏ်သိမ်သတင်းက၊ ဇမ္မူတွင်း ကြေညာမှန်၊ စိတ်မှကြံသမျှ၊ ဣဋ္ဌာ ရမ္မဏ၊ ဘောဂ သမ္ပန္နံ ... "
သူ့အမေ၊ သူ့အစ်မ၊ သူ့နှမနှင့် သူ့တူကလေးတို့မှာ ခပ်လှမ်းလှမ်းမှရပ်၍ ကြည့်နေကြပါသည်။ မျက်ရည်ကျ နေကြသည်။

စောင်းသံနှင့် သီချင်းသံကို ကြားနေရသည်။ မကြားချင်၍မရ။ တားမရ။ ဆီးမနိုင်။ လက်မှိုင်ချပြီး သူတို့သား၊ သူတို့မောင်၊ သူတို့အစ်ကို၊ သူတို့ဦးလေး အနုပညာရှင်ကြီး၏ ဖြစ်ထွေကိုသာ ကြည့်နေကြရသည်။
" မြတ်ကြောင်း မြတ်ကြောင်း မဟာဇေယျံ၊ နတ်ပေါင်း နတ်ပေါင်း သမာပေမံ၊ မကြာစေရန် ရတနာခြွေရံ၊ ရာကုဋေ အမြန်၊ ပေါစရာ သြဘာသံ၊ ဟေန္တံသီရိ ဂဏံလာတိ ဂဏှာတီတိ မင်္ဂလံ ... "
" သေပေတော့ ... "
ဦးတုတ်ပေါသည် သူလက်လှမ်းမှီသမျှ တွေ့ကရာ ပစ္စည်းကိုယူ၍ ပေါက်နေပါတော့သည်။

" အို - ရွှေပဒေသာ၊ ငွေပဒေသာ၊ ဝေေ၀ဆာဆာ၊ မြေမှာပေါက်ငြား၊ အမြောက်အမြားပြည့်လျှံ၊ ဇောတိက ပမာသဏ္ဍာန်၊ ပေါသည့်နေလာဘံ။ ဇဋိလမေဏ္ဍက သူဌေးတို့လို အတိဗလ၀၊ ယခင်ကပေးတဲ့ကုသိုလ်ကံ၊ ရတနာခုနှစ်မှာကာ ကောဏ္ဏတိုပလို လိုသမျှဣစ္ဆိတံ၊ ပေးမကုန်လှူမခန်းအောင် ဇမ္ဗူအ၀န်းမှာ လူစွမ်းထက် ကြပြန်၊ ဝေဖြိုးဝေဖြူးအနဂ္ဃံ၊ ရွှေမိုးငွေမိုးဘ၀ဂ်လျှံ၊ ဒါနကုသလံ၊ သီလကုသလံ၊ ဘာဝနာ ထုံသည်၊ အမတာ ဘုံရည်စိတ်သန်၊ မဟန္တံသိရိလာတိ ဂဏှတီတိ မင်္ဂလံ ... "

ဦးတုတ်ပေါ ထလာနေချေပြီ။ ဟိုစမ်းစမ်း၊ ဒီစမ်းစမ်း လုပ်နေသည်။ ခေါင်းရင်းတွင် တရိုတသေစားပွဲပေါ်မှာ တင်ထားသော သူ့ဆရာဣန္ဒာဒေ၀ဘွဲ့ရ စောင်းဆရာ ဦးပဉ္စင်း ဦးမောင်မောင်ကြီးက လက်ဆောင်ချီးမြှင့် လိုက်သော စောင်းကြီးနားသို့ ရောက်သွားလေမလား။ သူ့တူကလေးက သူ့အဖိုးလေးကို သွားဆွဲရန် ဟန် ပြင်လိုက်သည်။ သို့သော် သူ့အမေက မသွားရန် ဆွဲထားလိုက်သည်။ တစ်ခုခု လုပ်လိုက်မှာ စိုးရိမ်သော ကြောင့်ဖြစ်သည်။

" ကျက်သရေ ကမ္ဘာတစ်သောင်းက ပေါင်းစည်းပြန် ထက်ဗြဟ္မေ ပတ္ထနာလောင်းလို့ကောင်းကြီးညံ၊ ဤ လောကပေါ် မနောမယခေါ် စကြာရတနာပတ္တမြားလို ပြည့်ငြားလိုသမျှ အကြံ၊ ယခုပြုတဲ့ မင်္ဂလာမှာလေ၊ လျှင်စွာ ပတ္ထနာအကျိုး၊ ရတနာမိုးရွာရန်၊ အဟုတ်အတိတ်၊ နားဝင်သာရန်၊ နှုတ်ဘိသိက် မင်္ဂလာအသံ၊ လေး ဖြာသူဌေးပမာ မယွင်းအောင်၊ အေးစရာ အခင်းဖြင့် အောင်ခြင်းသု သုခံ၊ အိုင်ကုဏ္ဍားနန်းမှာ ပဒုမ္မာပန်းလို ပွင့်လန်းသည်သို့ သဏ္ဍာန်၊ ဝေရောဇနာကင်းတဲ့သော်တာမင်းရဲ့ သန့်ရှင်းကြည်တဲ့ဟန် ... "
ဦးတုတ်ပေါသည် အိမ်က မိသားစုများကိုပင် အသေသတ်ရန် မှန်းဆပြီး လိုက်နေပါတော့သည်။ ထို့ကြောင့် သူ့အမေ၊ သူ့အစ်မ၊ သူ့နှမလေးနှင့် သူ့တူကလေးတို့မှာ ဟိုပြေး ဒီပြေးနှင့် အလိုက်သင့်ရှောင်နေရ ပါတော့ သည်။ မင်္ဂလာဆောင်မှ စောင်းသံနှင့်သီချင်းသံကို ကြားရလေလေ ဆိုးလေလေ ဖြစ်နေပါတော့သည်။

" စိတ္တသုခံ သုခံ၊ ကာလသုခံ သုခံ၊ သိဒ္ဓါ၊ ဘ၀န္တု၊ ညွှန်းပြု သဗ္ဗဣစ္ဆိတံ၊ အောင်သီချင်းနဲ့ အောင်ခြင်းဇေယျံ၊ နှလုံးလိုရာ အိုမကြာပြည့်ကြောင်းမှန် "
ဦးတုတ်ပေါသည် အိမ်သူအိမ်သားများနောက်သို့ လိုက်၍ တွေ့ကရာပစ္စည်းများကို ကောက်ပြီး ပေါက်နေပါ တော့သည်။ ထို့နောက် အိမ်လှေကားဆီသို့သွားပြီး အိမ်အောက်သို့ ဆင်းသွားလေတော့သည်။ အိမ်သူအိမ် သားများက ပုန်းနေရာမှ ထွက်ကြည့်လိုက်ရာ ဦးတုတ်ပေါသည် မင်္ဂလာဆောင်နေရာ မြူနီစပယ်ပန်းခြံကြီး ဘက်သို့ စမ်းစမ်းစမ်းစမ်းနှင့် သွားနေသည်ကို တွေ့လိုက်ရပါတော့သည်။ ဒီတစ်ခါမှာတော့ မနေသာ တော့။ သူ့နောက်သို့ အပြေးလိုက်ကြရသည်။ မှီတော့ သူ့လက်မောင်းတဖက်တစ်ချက်ကို ချုပ်ကိုင်ကြပြီး အိမ်သို့ ပြန်ခေါ်လာရပါတော့သည်။

" မင်္ဂလာစောင်း သီချင်းကောင်းခြင်း ဇေယျာအသံ၊ သောင်းတွင်းကျေညာရန်၊ သဘောစိတ်ရှိသမျှဖြင့်၊ မနောမ ယိဒ္ဓိ ပြည့်စုံပါစေအမြန် ... "
မင်္ဂလာဆောင်မှ ဇေယျတု သဗ္ဗမင်္ဂလံ သီချင်းသံလည်း အဆုံးသတ်သွားလေပြီ။ သူ့အဘိုးလေး စောင်း ဆရာ ဦးတုတ်ပေါ၏ အနုပညာသည်လည်း သီချင်းသံနှင့်အတူ ရပ်ဆိုင်းသွားပါတော့သည်။ ရပ်ဆိုင်းရုံတွင် မက နှလုံးသွေး ပင် ပျက်သွားရရှာလေသည်။ သေသည့်အထိပင် ...၊
မိုးချုန်းသံရင့်ကျူးပြီး သည်းခဲ့သောမိုး။ ယခုတော့ စဲသွားပါပြီ။ စဲသော်လည်း အုံ့ဆိုင်းဆဲ။ မိုးစက် မိုးပေါက် တို့ မှာလည်း ကျနေဆဲ။ အတွေးပိုနေသောအဘိုးကြီးသည် အဆွေးကို မြိုသိပ်ကာ အပြင်ဘက်ဆီသို့ ကြည့် လိုက်သည်။ သူ့အိမ်ဝန်းတစ်ခွင်တစ်ပြင်သည် မှုန်ရီရီပြာလဲ့လဲ့မပီပြင်သည့် ပန်းချီကားကဲ့သို့ ဖြစ်နေသည်။ တွေးခဲ့လေသော သူ့အတိတ်၏ အရိပ်တို့က သူ့ကို ရင်နင့်အောင် ဖန်တော့သည်။

" အော် အဘိုးလေး အဘိုးလေး။ အဘိုးလေးရဲ့ အနုပညာက အဘိုးလေးကို ဒုက္ခပေးတာပါ အဘိုးလေး ရယ် "
သူ့နှုတ်က အမှတ်မထင် ရေရွတ်လိုက်သည်။
သူ့ပါးပြင်သည် ကျမျက်ရည်ကြောင့် စိုစွတ်လျှက်။
ခြံဝန်းပေါက်ရှိ ဟောင်းနွမ်းနေပြီဖြစ်သည့် သူ့ဆိုင်းဘုတ်အိုကလေးမှ "စာရေးဆရာ ရုပ်ရှင်ဒါရိုက်တာ ဦးသုခ"ဟု ရေးထားသော အဖြူရောင်စာလုံးကလေးတို့မှာလည်း ကျမိုးရည်ကြောင့် စိုစွတ်လျှက် ...။

ကိုဖိုးအေး (မြန်မာ့အသံ)
ရှုမ၀မဂ္ဂဇင်းတွင် ဆရာဦးသုခရေးခဲ့သော နှလုံးသွေးပျက်သော တေးတစ်ပုဒ်ဝတ္ထုအား
ကိုဖိုးအေး (မြန်မာ့ အသံ)မှ
 ပြန်လည် ပြုပြင်ဆင်ဆက်ထားပါသည်။

No comments: