အခန်း(၁၇)
ငါးတဲအတွင်းက ကွပ်ပျစ်ပေါ်တွင် ဗထိုအဖေ အိပ်နေ၏။ ကိုယ်လက်မအီမသာ ဖြစ်၍ပင်လယ် လိုက်မသွား ဟု ဆိုသည်။ တစ်ချက်တစ်ချက် ဟောက်သံကို ကြားရ၏။
အောင်တိုင် နှင့် ဗထိုတို့သည် ငါးမန်းတန်းကို နေရောင်မျှအောင် ရွှေ့လှမ်းပြီး ငါးတဲထဲ ၀င်ထိုင်နေ ကြ၏။ ရာသီ မှာ ပြာရီဆိတ်ငြိမ်သော ဆောင်းနှောင်းသမယ ဖြစ်သဖြင့် လှိုင်းသံလေသံတို့ တိုးညင်းနေသည်။
လင်သားနှင့် ပတ်သက်လျှင် အမြဲဝီရိယရှိသော အမေသည် ထမင်းပို့ရန် ဦးစွာ ရောက်လာ၏။ ထုံးစံ အတိုင်း အောင်တိုင်က ထမင်းတောင်း ပြေးယူရ၏။
"ငါနဲ့ဗထို တို့အမေ ဟိုနေ့တွေက တွေ့တွေ့နေရတဲ့ လိပ်ကြီးကို တာဝတိံသာ ချိုင်အစက သဲသောင်မှာ တွေ့ခဲ့ပြန်ပြီဟ၊ ရေထဲ သွားပစ်ချလိုက်ကြပါဦး" ဟုဆိုပြန်၏။
အမေတွေ့လိုက် ဗထိုအမေ တွေ့လိုက်နှင့် ထမင်းပို့လာတိုင်း ဤလိပ်ကြီးကို တွေ့တွေ့နေကြ ရသည်မှာ သုံးရက် ပင် ရှိလေပြီ။ အောင်တိုင်တို့မှာ သူတို့အမေတွေ ထမင်းပို့လာတိုင်း တွေ့တွေ့ နေရသော လိပ်ကြီး ကို ရေထဲ သွားပစ်ပစ်ချနေကြရသည်မှာ အလုပ်တစ်ခုလို ဖြစ်နေ ၏။ ထို့ကြောင့် စိတ်မရှည် တတ်သူ အောင်တိုင် က လိပ်ကြီးဝပ်နေရာသို့ရောက်သောအခါ "အဲဒီ လောက်တောင် သေချင်နေတဲ့ လိပ် တို့ သတ်စားပစ်ကြရင် မကောင်းဘူးလားကွ"ဟု ဆို၏။
"ဒီအချိန် လိပ်ပေါက်တဲ့ အချိန်ပဲကွ၊ လိပ်ပေါက်တဲ့အချိန်မှာ လိပ်သားဟာ စားလို့အရသာမရှိဘူး တဲ့၊ စား လည်း မစားကောင်းဘူး၊ ငရဲသိပ်ကြီးတယ်လို့ လူကြီးတွေကပြောတယ်၊ လိပ်ဥချိန် လိပ်ပေါက်ချိန်မှာ လိပ် ကို မသတ်ရဘူးဖို့ ဥပဒေလည်း ရှိတယ်တဲ့"
ဗထို က ကြားဖူးနားဝနှင့် ဆရာလုပ်ပြောသဖြင့် လိပ်ကြီးကို မ၍ယခင်နည်းအတိုင်း ရေထဲ ပစ်ချင် လိုက်ကြ ပြန်၏။
နောက်နစ်နေ့ အမေပို့လာသောအခါ ထိုနေရာ၌ပင် ထိုလိပ်ကြီးကို တွေ့ခဲ့ပြန်ပြီ၊ သွားပစ်ချကြပါ ဟု ဆိုလာ ပြန်၏။ သူတို့နှစ်ယောက် လိပ်ကြီးရှိရာသို့ ရောက်လာရပြန်၏။
"အေးကွ၊ ဒီလောက်တောင် ကြမ္မာငင်သေချင်လှတဲ့ လိပ်၊ မင်းပြောသလို ဒီနေ့တော့ တို့ သတ် စားကြမယ်၊ နို့မို့ရင် ဒီကောင်ကြီး နေ့တိုင် ပင်လယ်ထဲ သွားသွားချပေးနေရတာ အလုပ်တစ်ခု လို ဖြစ် နေပြီ၊ ဒီနေ့တော့ ကိစ္စတုံး စီရင်လိုက်တာပဲ အေးမယ်"
သဲသောင်ပေါ် ငြိမ်ဝပ်နေသော လိပ်ကြီး၏ ကျောကုန်းကို ဗထိုက ဖနောင့်နှင့် ဆောင့်၏။ သူလည်း စိတ်မရှည် တော့။
"အေး...ကောင်းတယ်ကွ၊ လူကြီးတွေ မစားတဲ့ ဒီရာသီ လိပ်သားတို့စားဖူးတယ်ရှိတာပေါ့၊ ဒါပေ မဲ့လူကြီး တွေ မြင်ရင် ဆူချင်ဆူနေမှာကွ၊ ဘယ်လိုလုပ်ကြမလဲ"
"သတ်ပြီး မှ ယူသွားကြမယ်ကွာ၊ သေနေတာတွေ့လို့ ယူလာကြတယ် ပြောတာပေါ့"
"အေး...ကောင်းတယ်"ဟု ဆိုကာ လိပ်ကြီးကို သတ်ရန် လုပ်ကြ၏။ ခေါင်းကို ကျောက်ခဲနှင့် ကျောက်စွန်း တွင် တင်ထုသတ်လိုက်တိုင်း လိပ်ခေါင်းက အထဲဝင်သွား၏။ ခေါင်းပြန်ထွက်လာ လိုက်၊ ကျောက်ခဲနှင့် ထုလိုက် နှင့် နှစ်ယောက်သား ချွေးပြန်လာကြ၏။ လိုပ်ကြီးကား မဖြုံသေး။
"ဒီပုံနဲ့တော့် မဟန်သေးဘူးကွ၊ ဒီအတိုင်းပဲ မသွားကြမယ်၊ လူကြီးတွေ မသိအောင် ရေနွေးပူ နဲ့လောင်းသတ်မယ်ကွာ၊ တဲရောက်တဲ့အခါ ခေါင်းမပြူရဲအောင် ခုကပင် ခေါင်းကို ကျောက်ခဲနှင့် နာနာ ထုသွားရပါတယ်"
ဗထို အကြံအတိုင်းပင် လိပ်ကြီးကို မလာကြ၏။
"ဟဲ့...နင်တို့ဟာက ရေထဲ ပစ်မချခဲ့ကြဘဲ ဘာလို့ ထမ်းလာကြတာလဲ"
ထမင်းပို့ရန် ရောက်နေပြီဖြစ်သော ဗထိုအမေက ဆီးပြော၏။ ဗထိုက ရုတ်တရတ် အမ်းနေသည်။ လျင်သော အောင်တိုင်က လိပ်ကြီးက သေနေပြီ ကြီးဒေါ်ကြီးရဲ့၊ အဲဒါကြောင့် အခွံယူရအောင်ဆို ပြီး ကျွန်တော် တို့ ထမ်းလာကြတာပါဟု ပြောလိုက်ရ၏။
"ဒီလိပ်ကြီး က အခွံရောင်းလို့ရတဲ့ လိပ်မျိုးမှ မဟုတ်တာသားရယ်၊ လိပ်ကြီးသနားပါတယ်"
အောင်တိုင် နှင့် ဗထိုတို့က တစ်ယောက်မျက်နှာတစ်ယောက် ကျေကျေနပ်နပ်ကြည့်လိုက်ကြ၏။ အောင်တိုင် က လိပ်ကြီး ခေါင်းမပြူရဲအောင် ခြေထောက်နှင့် အရောင်ပြထား၏။
"ဟဲ့...ပြင်သာ လိပ်မကြီးပါလား၊ မင်းတို့ဘယ်က ရလာကြလဲ"
မအီမသာ ဖြစ်၍ အိပ်နေသော ဗထိုအဖေသည် အသံကြားသဖြင့် ချက်ချင်း ထလာ၍မေး၏။
"ဒီ...ဒီလိပ်ကြီး ကို အမေနဲ ကအဒေါ်နိုင်းထမင်းလာပို့ရင်း တာဝတိံသာချိုင် ဟိုဘက်နားက ကျောက်ဆောင် ခြေရင်းသဲသောင်မှာ တွေ့တွေ့နေတာ သုံးလေးရက်ရှိပြီ အဘရယ်။ အစက တော့ သူ့နောက် မှာ ကျောက်ပြင်တန်းကြီး ခံနေလို့ ရေထဲမဆင်းတတ်ဘဲ တင်နေတယ်ထင်တာ၊ ကျွန်တော်တို့ ရေထဲသွားသွား ပစ်ကြတာလည်း သုံးလေးရက်ရှိပြီ၊ ဒါပေမဲ့ ဒီလိပ်ကြီးက ဒီရေအတတ်မှာ ပြန်ပြန်တက် လိုက်လာပြီ ဒီနေရာချည်း ၀ပ်ဝပ်နေတယ်ဗျ၊ ဒီနေ့လည်း အရင် ဟိုနေ့ဟိုနေ့တွေတုန်းကလို ရေထဲပစ်ချ ရအောင်လို့ ကျွန်တော်တို့ သွားတော့ သေနေပြီဗျ၊ အဲဒါကြောင့် လိပ်ခွံယူရအောင် တဲထဲသွင်း ထားကြတာပါ"
ဗထို က ခပ်တည်တည် ပြော၏။ သူ့အဖေက တကယ်ထင်ပုံရ၏။
"ဟယ်...ဟုတ်လား၊ ဒါဆို လိပ်ဥရှာသမားတွေ အကျင့်ယုတ်လို့ပဲကွ၊ မင်းတို့လည်း နောက်ကို မြဲမြဲမှတ်ထားကြ၊ ဒီပြင်သာဆိုတဲ့ လိပ်မျိုးဟာ သားသမီးတွေအပေါ်မှာ လူထက်တောင် သံယော ဇဉ်ကြီးကြ သေးတယ်၊ ဥပေါက်ချိန် ရောက်ပလားဆိုရင် လိပ်မကြီးဟာ သူ့ဥကျင်းအောက်က လိပ်ကလေး တွေ အကောင်ပေါက်ပြီး ရေထဲဆင်းအလာကို စောင့်ကြိုနေတတ်တယ်၊ တကယ် လို့လိပ်ဥရှာ သမား တွေက ကျင်းစောင့်အဖြစ် လိပ်ဥတစ်လုံးမှ မထားခဲ့ကြလို့ အကောင်လေး တွေပေါက်တဲ့အချိန်မှာ ကျင်းအောက် ရေစပ်ဘက်ကစောင့်နေတဲ့ သူ့ဆီကို လိပ်ကလေးတွေ တစ်ကောင်မှ ရောက်မလာဆိုရင် ကျင်းအောက် က သူ့သားသမီးတွေကို မတွေ့မမြင်ရမချင်း သေတဲ့အထိ စောင့်မျှော်နေသွားရှာတယ်၊
လိပ်ဥရှာတဲ့ လူတွေက လိပ်ဥကျင်းကို တွေ့လို့ ဥများ များကိုယူသွားကြပေမယ့် ကျင်းစောင့်အဖြစ် ဥသုံးလေးလုံးကို ကျင်းထဲမှာ ပြန်ထားခဲ့ကြရင်တော့ အဲဒီဥ သုံးလေးလုံးဟာ အကောင်ကလေးတွေ ပေါက်ပြီး သူ့အမေ စောင့်ကြိုနေရာကို သဘာဝ အသိနဲ့ ရောက်သွားကြလေ့ရှိတယ်၊ အဲဒီအခါမှာ သူက ဥတစ်ရာ နှစ်ရာ ဥထားခဲ့ပေမယ့် ရန်သူ တွေလက်ထဲက လွတ်မြောက်လာကြတဲ့ သူ့သားသမီး လေး တွေဟာ ဒီသုံးလေးကောင်ပဲလား ဆိုတဲ့အသိနဲ့ လိပ်မကြီးဟာ ကျေနပ်သွားပြီး သူ့သားသမီး သုံးလေးကောင် ကို ကျောကုန်းပေါ် တင်လို့ ပင်လယ်ထဲ ထွက်သွားလေ့ရှိတယ်၊
လိပ်ပေါက်ချိန်မှာ လိပ်ဥရှာသူတွေက ဥကျင်းရလို့ ကျင်းစောင့်အဖြစ် လိပ်ဥမထားခဲ့ရင် လိပ်မကြီး သေ ရသလို လိပ်ပေါက်ချိန်မှာ လိပ်မကြီးကို လူတွေသတ်စားပစ်ကြရင်လည်း ဥကအကောင်လေးတွေ ပေါက်လာပြီး သူ့အမေစောင့်ကြို နေလိမ့်မယ်အထင်နဲ့ ရေပြင်ထဲဆင်းလာကြတဲ့ လိပ်ကလေးတွေကို ငါးကြီးတွေက ဖမ်းစားလို့ ပြုတ်ပြုတ်ပြုန်းပြန်ရော၊ သောင်ပြင်ကို ဖြတ်အဆင်းမှာလည်း စွန်ရဲတွေက လိပ်ကလေး တွေကို သုတ်သေးတယ်၊ ဒါပေမဲ့ စွန်ရဲသုတ်လို့တော့ ဒီလောက် အသေအပျောက် မများပါဘူး၊ သူ့အမေ စောင့်ကြိုနေရင်တော့ အမေလိပ်မကြီးက သူ့သားသမီးတွေကို သားငါးတွေရန်က ကာကွယ် ပေးမယ်ပေါ့၊ အဲဒါကြောင့် လိပ်ပေါက်ချိန်မှာ လိပ်မကြီးတွေကို ပင်လယ်ကမ်းခြေမှာ တွေ့ ပေမယ့် မသတ်ရဘူး၊ သိပ်ငရဲကြီးတယ်၊
တစ်ကောင်သတ်တာနဲ့ အကောင်တစ်ရာ နှစ်ရာ သေပွဲဝင်ရ တယ်၊ လိပ်များဟာ သူတိုကဥတွေကို သဲသောင်ပြင် ထဲ ချထားခဲ့ပေမယ့် တခြားတရစ္ဆာန်တွေ လိုဥကျင်းကို ၀ပ်စရာမလိုဘူး၊ ပင်လယ်ထဲက လိပ်မကြီး မေတ္တာပို့ပေးရုံ မေတ္တာဇောအဟုန်နဲ့ ဥတွေဟာ အကောင်ကလေးတွေ ပေါက်လာကြတယ်၊ မိဘ စကား၊ မိဘမေတ္တာကို တန်းဖိုးထားရ မှန်းမသိတဲ့ မင်းတို့ကဏကောစကောင်လေးတွေ မှတ်ထားကြ၊ အသိဥာဏ် ခေါင်းပါးတဲ့ တိရစ္ဆာန် များမှာတောင် မိဘရဲ့မေတ္တာဇောအဟုန်ဟာ သားသမီးတွေအပေါ် ဘယ်လောက် ကြီးမားတယ် ဆိုတာ မေတ္တာပို့ရုံနဲ့ မေတ္တာဇောအဟုန်နဲ့ ဥကပေါက်လာကြတယ်"
ဗထိုအဖေ၏ စကားကို ကြားရသောအခါ အောင်တိုင့်တစ်ကိုယ်လုံးမှာ သိမ့်သိမ့်ခါ တုန်လှုပ်သွား မိ လေသည်။
လွန်ခဲ့သည့် ကာလက ဤတာဝတိံသာချိုင်၌ပင် ကောင်းကျော်နှင့် သူသည် ပြင်သာလိပ်ကျင်း ကို ရခဲ့ဖူးကြ၏။ ကျင်းစောင့်အဖြစ် လိပ်ကျင်းထဲ၌ လိပ်ဥ သုံးလေးလုံး အနည်းဆုံး ထားခဲ့ရမည်ကို မသိ သဖြင့် သူ အကုန်ယူလာခဲ့၏။ ကောင်းကျော်က ကျင်းစောင့်ထားခဲ့ရဲ့လား မေးသည်ကိုပင် အမှန်မပြောခဲ့။ ညံ့ရာကျမည်စိုး၍ ထားခဲ့ပါတယ်၊ ဒီလောက်တော့ ငါလည်းသိပါတယ်ကွဟု မဆင်မခြင် ပြောမိခဲ့သည်။
ယခုလိပ်မ်ြကီး နေ့စဉ်လာလာ စောင့်ဝပ်နေသော နေရာကို ပြန်တွေးမိသောအခါ အောင်တိုင် ရင်ထဲနင့်သွားမိ၏။ ယခင်ကာလက ကောင်းကျော်နှင့်သူ ပြင်သာလိပ်တစ်မ ရခဲ့ကြသောနေရာ သည် ယခု လိပ်မကြီး ၀ပ်စောင့်နေခဲ့သော နေရာပင်ဖြစ်သည်။ လိပ်ဥရှာသမားများသည် သူ့လိုပင် လိပ်ဥအားလုံးကို ကျင်းစောင့် မထားဘဲ ယူသွားခဲ့ကြလေသလား။
ဒုတိယအမှားကိုမူ အောင်တိုင် ဆက်မလုပ်ဝံ့တော့။ လိမ်ကြီးကို ဗထိုနှင့်နှစ်ယောက် ပြန်သယ် မပြီးရေထဲ ပစ်ချ လိုက်ကြ၏။
ဦးဂျလားကို အိမ်ရှေ့၌ မြင်ကတည်းက အောင်တိုင်သိလိုက်ပြီ။ မနေ့ကသူနားပူနားဆာ လုပ်ထား ခဲ့သည့်ကစ္စ အမေ့ကိုတစ်ဆင့်ပြောရန် ဘကြီးဦးဂျလား လာလေပြီ။ အော်ငတိုင်မှာ အတိုင်းအဆ မရှိဝမ်းသာ နေ၏။ သို့သော် မသိဟန်ဆောင် ငြိမ်ကုပ်နေရ၏။ အမေ့ကိုတော့ သူကြောက်သည်။ အမေ့အဖြစ်ကို သနားသည်။ အမေ၏ မိတ္တာနှယ် အမေသည် သူ့အပေါ် မကုန်ဆုံးနိုင်သော မေတ္တာဖြင့် ချစ်သည် ကိုလည်း သူအကြွင်းမဲ့ယုံကြည်ခဲ့သည်။ သို့သော် သူပင်လယ်ပြင်ကို လိုက်ချင်နေ၏။
သူနှင့်အရွယ်တူဖြစ်သော ဗထိုတို့ကောင်းကျော်တို့က ပင်လယ်ပြင်မှာ ငါးမန်း အုပ်၊ မကန်းအုပ်တွေ ဘယ်လိုကျက်စားလေ့ရှိသည်၊ ဘယ်လိုမြင်ကြရ တွေ့ကြရသည်ဟု ပြောလျှင် သူ့မှာ ပါးစပ် အဟောင်းသား နှင့် ငေးမောနေခဲ့ရသည်။ ကာလကြာချေပြီ၊ ဗထို၊ ကောင်း ကျော်တို့နှင့် ရွယ်တူဖြစ်လာသော သူသည် သူတို့နည်းတူ ပင်လယ်ပြင်ထွက်၍ စွန့်စားချင် သည်။ ငါးမန်းအုပ်၊ မကန်း အုပ်တွေကို ဖမ်းဆီးချင် မြင်တွေ့ချင်နေသည်။ ငါးမန်းတေင်၊ ငါးမန်း စွယ်များ ဈေးကောင်းနေချိန်ဖြစ်သဖြင့် လောဘသားပီပီ ငွေလိုချင်သည်။ ပင်လယ် ပြင်ထွက်ချင် စိတ်ကို ဘယ်လိုချိုးနှိမ်ရမှန်းမသိ။ ကမ်းခြေချိုင်ဝတွင် လိပ်ထိုးရသောအလုပ်နှင့် မြစ်ကောက် ချောင်းကွေ့တွင် ကနုကမာ ငုပ်ရသောအလုပ်၊ သောင်ချောင်း ရေသေအိုင်တို့တွင် ယောက်သွား မုတ်ကောင် ရှာရသော အလုပ် ကို သူစိတ်မ၀င်စားတော့။ ထို့ကြောင့်လည်း အမေ့အပေါ်တွင် သြဇာအရှိဆုံးဖြစ်သော ဦးဂျလားကို သူ ပူဆာထားခဲ့မိခြင်း ဖြစ်လေသည်။ ဦးဂျလားကလည်း သူ့ကို ကူညီရန် ရောက်လာလေပြီ။
ဘယ်ကလှည့်လာလဲ အစ်ကိုကြီးဟူသော စကားနှင့် အမေက ဦးဂျလားကို ကြိုဆို၏။ အင်း.... ဒီကိုပါပဲလေ...ဟုပြောကာ ဦးဂျလား ၀င်ထိုင်၏။ ပုဏ္ဏားကွယ်ဘေးတွင် မှီထိုင်နေသော အောင်တိုင် ကိုလည်း တစ်ချက်လှမ်းကြည့်သည်။ အမေ့ရှေ့မို့ အောင်တိုင် မျက်လွှာချထားရ၏။
"ရှေ့အပတ် ငါတို့ပင်လယ်ပြင်ထွက်မလို့၊ အဲဒါအောင်တိုင်ကို ခေါ်သွားချင်တယ် အနိုင်း"
ဦးဂျလားက အမေ့မျက်နှာကို မကြည့်ဘဲ ပြော၏။ အမေ၏ ရင်လှိုက်ရှိုက်သံသည် ချက်ချင်းတီး တိုး ပေါ်လာသည်။ အစ်ကိုကြီးရယ်... ကျွန်မဟုဆိုပြီး စကားမဆက်၊ ရင်လှိုက်သံနှင့်သာ ရိုက်နေပြန်၏။
"တခြားရွယ်တူ တန်းတူ ယောက်ျားသားတွေလို သူလည်း လိုက်ချင်ရှာမှာပဲ အနိုင်းရယ်...၊ ပင်လယ် ထွက်တဲ့ အလုပ်ဟာ ငါတို့ဘိုးစဉ်ဘောင်ဆက် အလုပ်ပါ၊ အဖေ့ကြောင့် ပင်လယ်မထွက် ရဘူးဆိုရင် သူ တစ်သက်လုံး ပင်လယ်ထွက် တတ်မှာ မဟုတ်တော့ဘူး"
ပိုကျယ်လာသည့် ရှိုက်သံကြောင့် ဦးဂျလားက စကားဖြတ်၍ အမေ့မျက်နှာကို ကြည့်နေ၏။ အမေကမူ ဦးဂျလား မျက်နှာကို လုံးဝမကြည့်၊ ငိုရိုက်၍သာ နေ၏။
"ငါကိုယ်တိုင် ပါတာပဲ၊ စိုးရိမ်စရာမလိုပါဘူး၊ ပြီးတော့ ငါတို့က ရေဒီယို သတင်း နားထောင်ပြီးမှ ပင်လယ်ပြင် ထွက်တာကြတာပါ၊ ဒီနှစ်ဆို လှေပေါ်မှာ ရေဒီယိုတောင် ယူသွားကြမှာပါ၊ မိုးလေ၀သ သတိပေးချက် ကြားကြားချင်း အမြဲပြန်လာနေကျပါ။ စိုးရိမ်စရာမရှိပါဘူး၊ လှေကလည်း ကြီးပါတယ်၊ တို့ခုပင်လယ်ပြင် ထွက်တာဟာ ဟိုတုန်းကလို ရမ်းသန်းပန်းသန်း...."
"ရေဒီိယို ပါလည်း သေကြပျောက်ကြတာပါပဲ အစ်ကိုကြီး၊ ဟိုနှစ်နတ်မော်တေင်က ပင်လယ်ပြင် ထွက်တဲ့ လူတွေဆို လှေတောင် မိရိုးဖလာလှေမဟုတ်ဘူး၊ စက်တပ်လှေတဲ့၊ ရေဒီယိုလည်း ပါတာ ပဲ၊ ရေဒီယိုမှ ကက်ဆက် ရေဒီယိုတဲ့၊ ဒါလည်း ပြန်မလာနိုင်ကြဘူး၊ ပင်လယ်ကို ဘယ်သူမှ မခန့် မှန်းနိုင်ပါဘူး၊ ပင်လယ်နတ် ကို ဘယ်သူမှ မအောင်မြင်နိုင်ဘူး၊
ကျွန်မတို့ ဆွေမျိုးတွေထဲက ဒီ တစ်ကောင်ပဲ ယောက်ျားသား ကျန်ပါတော့တယ် အစ်ကိုကြီး၊ အဖေ့ ကိုလည်း ပင်လယ်ပြင်က ခေါ်ထားလိုက်တယ်၊ ဦးကြီး၊ ဦးလေး၊ အစ်ကို၊ မောင်ဘွား ကျွန်မ လင်ယောက်ျား အားလုံး ကို ဒီပင်လယ်ကြီးက ပြုတ်ပြုတ်ပြုန်းအောင် သတ်ပစ်လိုက်တာ အစ်ကိုကြီးအသိပါ။ ကျွန်မ တို့ အမျိုး မှာယောက်ျားသားဆိုလို့ ဒီကျွန်မသားလေး တစ်ယောက်ပဲ ကျန်ပါတော့တယ်၊ ကျွန်မသားလေး ကိုပင်လယ်ပြင် မထည့်ပါရစေနဲ့၊ ဒီတစ်ယောက်တည်း ကျန်တဲ့ ယောက်ျားသားကို ခုလည်း ပင်လယ်ပြင်က နတ်မိစ္ဆာတွေ စောင့်ကြည့်နေ...."
"အိုး... ဒီလိုလည်း မဟုတ်သေးဘူးလေ အနိုင်းရယ်၊ ဒီပင်လယ်ပြင်ကြီးဟာ ငါတို့ဘိုးစဉ် ဘောင် ဆက်တွေ ရဲ့ အသက်သခင် ကျေးဇူးရှင်..."
"မဟုတ်ဘူး၊ မဟုတ်ဘူး၊ ဒီပင်လယ်ပြင်ကြီးဟာ ကျွန်မတို့အသက်သခင်ကျေးဇူးရှင် မဟုတ်ဘူး၊ ကျွန်မတို့တစ်ဆွေလုံး တစ်မျိုးလုံးကို ပြုတ်ပြုတ်ပြုန်းအောင် သတ်စားနေတဲ့ အန္တရာယ်ကောင်ကြီး ပါ။ ပင်လယ်ပြင် ထွက်လာတဲ့ ယောက်ျားသားမှန်သမျှကို မျိုးပြုတ်အောင် ၀ါးမျိုသတ်စားနေတဲ့ ပင်လယ်ပြင်ကြီး ဆိုတာ အစ်ကိုကြီးအသိပါ။ ဒီပင်လယ်ကြီးကို ကျွန်မ မုန်းတယ်၊ ပင်လယ်ထွက် မယ့် လူတွေကို ကျွန်မ မကြည့်ရဲဘူး၊ မမြင်ရဲဘူး၊ မကြားရဲဘူး၊ ဒီပင်လယ်ကြီးကို ကျွန်မ... ကျွန်မ ကြောက် ပါတယ်..."
အမေ၏ကြေကွဲနာကြည်းစိတ်များသည် အတိုင်းအဆမရှိ ပေါက်ကွဲနေလေပြီ။ ဦးဂျလား၏ကြောင်း ကျိုး ဆီလျော်သော စကားများသည် အမေ၏ကြေကွဲနာကြည်းမှုကို မဟန့်တားနိုင်။ ပင်လယ်ပြင် ကို အမေစိတ်နာ နေသည်မှာ အဖေ ပင်လယ်ပြင်က ပြန်မလာခဲ့သော နှစ်ကပင်ဖြစ်လေသည်။ အမေ့စကား များသည် ထိုကာလ ကို ပြန်လည်သတိရစရာ ဖြစ်လာပြန်သည်။
၂။
အနောက်မိုးကုပ်စက်ဝိုင်းနှင့် ပင်လယ်ပြင်ရေပြင်တို့ ထိစပ်နေသော တစ်နေရာတွင် နေလုံးနီနီ သည် ငုပ်ချည်ပေါ်ချည်ဖြစ်နေ၏။ ရေပြင်နှင့် ကောင်းကင်ပြင်၏တစ်နံတစ်လျားသည် နေရောင် ကြောင့် ခြင်းခြင်းနီ နေသည်။
အောင်တိုင်တို့ သားအမိနှစ်ယောက်နှင့် ဗထိုတို့ သားအမိ သားအဖသုံးယောက်သည် ပင်လယ် ဘက် ငေးကြည့် နေသည်။ ပင်လယ်ပြင်မှ ငါးလှေပြန်အလာကို မျှော်နေကြ၏။
ခဏအကြာ မှပင် နေလုံးနီနီသည် ရေပင်လယ်ထဲသို့ စုံးစုံးမြုပ်ငုပ်ဝင်သွားလေ၏။ ကောင်းကင်ပေါ် မှ မိုးသားတိမ်လိပ် အပဲ့အစများသည် သွေးခဲသွေးတုံးများပမာ ညိုမည်းလာကြသည်။ လှိုင်းတန်း ရေပြင်သည် သွေးတန်း သွေးပြင်ကြီးပမာ လျှမ်းတောက် ရွေ့လှုပ်၍ ကျန်ခဲ့လေ၏။
"မိုးချုပ်တော့မယ်၊ လှေရိပ် လှေယောင်တောင် မမြင်ရသေးပါလား" ဟူသော စကားနှင့် ဗထိုအမေသည် ဗထိုအဖေ၏မျက်နှာကို လှမ်းကြည့်၏။
အင်း...မိုးလေမသင့်ရင်တော့ ကြာတတ်တာပဟု ဗထိုအဖေ တွေးတွေး ဆဆဆိုသည်။ အောင် တိုင့်အမေ ကမူ ဘာစကားမှ မဆိုတတ်။ ထိုင် ငေးနေရာမှ မတ်တတ်ထ၏။ တဲတိုင်ကို လက်တစ် ဖက်နှင့်ကိုင်ကာ ပင်လယ်ဘက် ကိုသာ မျှော်ငေးနေလေ၏။
အောင်တိုင် နှင့် ဗထိုတို့သည် ပင်လယ်ပြင်ကို လှမ်းငေးနေကြ၏။ ခါတိုင်းလှေဝင်ချိန်နှင့် တွက်လျှင် သုံးနာရီခန့် နောက်ကျနေလေပြီ၊ ခါတိုင်းဆိုလျှင် ပင်လယ်ရေပြင်ထဲ နေလု့းမ၀င်ခင် သူ့အဖေ သူ့အစ်ကိုတို့လှေည် ငါးတဲရှေ့ဆိုက် လာတတ်၏။ ရွဖြူဖြူကိုလည်း မိုးကပ်စက်ဝိုင်းနား ကပင် မြင်နိုင်သည်။ ဤနေ့ကား မိုးသားချုပ်သွား၏။ လှေက ဆိုက်မလာသေး။ အကုန်သူတို့၏ ရင်ထဲမှာ သောကတွေ ပြည့်သိပ်လာလေသည်။
"ကဲ မိုးချုပ်ပြီ၊ နင်တို့ရွာတတ်ကြတော့၊ ညကျရင် ရောကလာကြလိမ့်မယ်၊ ဘာမှမပူပါနဲ့၊ မိုလေ မသင့်ရင် ဒီလိုပဲ မိုးချုပ်နေ၀င် ရှိတတ်တာပဲ၊ ပင်လယ်သွားတွေ ပြန်လာကြပါလိမ့်မယ်" ဂနာမငြိမ် ဖြစ်နေကြသော မိန်းမသားနှစ်ယောက်နှင့် ကလေးသာသာအရွယ် အောင်တိုင် နှင့် ဗထိုတို့ကို ဗထိုအဖေ ဦးကျားကြီးက တည်တည် ကြည်ကြည်နှင့် ဆို၏။ သူ့စိတ်ထဲမှာ သူ့သား နှစ်ယောက် နှင့် အောင်တိုင့်အဖေတို့ သည်ည၌ မုချ ရောက်လာလိမ့်မည်ဟု ယုံကြည်နေသည်။ ဦးကျားကြီး သည် ပင်လယ်အတွေ့အကြုံများပြီး၊ မိုးထဲလေထဲ မုန်းတိုင်းထဲက ပင်လယ်ပြင်တွင် မိုးချုပ်ညနေ ကြုံဖူးခဲ့ပြီ၊ ထို့ကြောင့် များစွာမပူပန်၊ စောစောက သူပြောတာ စကားသည်လည်း မိန်းမသားများ ကိုနှစ်သိမ့်စကားမဟုတ်။ သူ့ဘ၀၏ လက်တွေ့ ကျသော အမှန်စကားသာ ဖြစ်သည်။ သူသည် တစ်လောက ဖျားထားသဖြင့် ပင်လယ်မထွက်ဘဲ တဲ၌ နားနေသည်။
ဗထိုအမေနှင့် ဗထိုတို့သားအမိ ရွာဘက်တက်သွားကြသော်လည်း အဖေ့အတွက် စိုးရိမ်လွန်နေ သော အောင်တိုင် အမေ သည် ချက်ချင်း အိမ်မပြန်သေး။ ၀ါရင့်တံငါသည်ကြီး ဦးဂျလားတဲသို့ လာ၏။ အကျိုး အကြောင်း ပြောပြသောအခါ ဦးဂျလားနှင့် သားနှစ်ယောက်က နည်းနည်းပျာယီး ပျာယာဖြစ်သွားသည်။
"အဒေါ်နိုင်းကလည်း အဲဒါကြောင့် ရေဒီယိုတစ်လုံး ၀ယ်ထားဖိုက အောင်တိုင်ပြောနေတာ နားမှ မထောင်ကြဘဲ၊ ဒီနေ့ ပင်လယ်ပြင်မှာ မုန်းတိုင်း....."
မင်းကလဲ ဟု သူ့အဖေဟန့်လိုက်သဖြင့် ကောင်းကျော် နှုတ်ဆိတ်သွားသည်။ တဲတိုင်တွင် ချိတ် ဆွဲ ထားသော သူတို့ရေဒီယိုက သီချင်းဆိုနေ၏။
"ကိုကျားကြီးပြောသလို မိုးလေမသင့်ရင်လည်း ဖြစ်တတ်တာပဲ အနိုင်းရယ်၊ သိပ်မပူပါနဲ့၊ ညကျ ပြန်ရောက်ကြ ပါလိမ့်မယ်"ဟု ဦးဂျလားက ခပ်ပေါ့ပေါ့ လုပ်ပြောသည်။
"အစ်ကိုကြီး တို့တော့ ဘယ်အချိန်က ပြန်ရောက်ကြလဲ၊ ပင်လယ်ပြင်မှာ လေသင့် မိုးသင့် မြင်ခဲ့ ရဲ့လား"
"အင်း...သင့်ပါလိမ့်မယ်၊ အောင်သိုက်တို့ ထွက်သွားတဲ့ဘက်က ဘယ်ဘက်လဲမှ တိတိကျကျမ သိတာ၊ တချို့ တွေ ပြန်လာကြတာ စောစောက မြင်သားပဲ၊ ခါတိုင်းထက်တော့ နည်းနည်းနောက် ကျကြတယ် ထင်ပါရဲ့"
ဦးဂျလား မရေရာသောစကားကို အမေက အားမရ။ "အစ်ကိုကြီးတို့တော့ ဒီနေ့ ပင်လယ်မထွက် ဘူးေ ပါ့"ဟု ထပ်မေး၏။
"အေး ငါတို့တော့ ဒီနေ့မထွက်ဖြစ်ဘူးဟ၊ ဘာရယ်လို့မဟုတ်ပါဘူး၊ ကိုယ်လက်လည်း မအီမသာ တွေ့လို့ နားတဲ့သဘောပါ"
သားမိနှစ်ယောက် ဦးဂျလားတဲက ပြန်ထွက်လာကြ၏။ ရွာသို့ မတက်ဖြစ်သေး၊ သဲသောင်အ တိုင်းလျှောက် ၍ မိမိတို့ငါးတဲသို့ တစ်ခေါက်ပြန်လာကြ၏။ ဗထိုအဖေ ဦးကျားကြီးကို ပင်လယ်ဘက် ငေးမျှော် ၍ တွေ့ရ၏။ ဟ...နင်တို့သားအမိတွေ ဘာလို့ပြန်လာကြသလဲဟု ဆီးမေး၏။ အဖေတို့ ပြန်မရောက် သေးဘူးလား ဘကြီးဟု အောင်တိုင်ကပင် မေးလိုက်သည်။
"မရောက်လာကြသေးဘူးကွ၊ မပူပါနဲ့အနိုင်းရယ်၊ လိင်းလေမသင့်ရင် ဒီလိုပဲ တချို့ဆို ပင်လယ် ပြင်မှာ မိုးချုပ် ညဥ့်နက်ဖြစ်သွားတာနဲ့ ဆိပ်မပြန်ဘဲ မျှားတန်းဆက်ချပြီး နောက်တစ်နေ့မှ ပြန်လာတာလည်း ရှိတာ ပါပဲ"
"ထမင်း ဘယ်လိုလုပ်စားမလဲ ဘကြီး"
"ဟား.....ဟား ကြံကြံဖန်ဖန် မေးတဲ့အကောင်၊ ထမင်းတစ်နပ်နှစ်နပ်များကွာ၊ ငါးဖုတ်စားမှာပေါ့ ဟ၊ ပင်လယ်သား ပဲကွ၊ ပင်လယ်ပြင်မှာ ငါးရှိတယ်၊ လိုရမည်ရ ဆန်က လှေတိုင်းပါတယ်၊ မင်း ဆလုံ မဟုတ် ဘူးလား၊ ဒါတောင် မသိဘူးလား"
အောင်တိုင်က စိုးရိမ်တကြီး မေးသည်ကို အဘိုးကြီးက သရော်သည်။ အောင်တိုင်လည်း ရှက်သလို ဖြစ်သွား၏။ သူ့သား ပင်လယ်ကို တစ်ခါမှ မရောက်ဖူးသေး။
တဲထဲပင် မ၀င်ခဲ့ကြတော့ဘဲ သားမိနှစ်ယောက် ပြန်လာကြ၏။ သို့သော်ရွာသို့မဟ်ုတ်၊ အမေ၏ ခြေလှမ်း က ဦးဂျလား၏ တံငါတဲဘက်သို့သာ ပြန်၏။
"ပြန်မရောက်ကြသေးဘူးတဲ့ အစ်ကိုကြီးရဲ့"
တဲဝကပင် အမေလှမ်းပြော၏။
"အဖေခုလေးတင်ပဲ ရွာတက်သွားတယ်အဒေါ်နိုင်း"
ဂေါလာ ထွက်ကြည့်၍ ပြော၏။
"နင်တို့ ဒီနေ့ ပင်လယ်မထွက်ကြတာတော့ အမှန်ပဲနော်"
အမေက သိလျက်နှင့် တစ်ခါထပ်မေး၏။ အမေ၏ ရင်ထဲမှာ စိုးရိမ်သောကတို့ မည်မျှ ပေါက် ကွဲနေသည်ကို အသံက သိသာစေသည်။
"ဟုတ်ကဲ့၊ ဒီနေ့ ကျွန်တော်တို့ မထွက်ဖြစ်ဘူး"
"သူတို့အဖေနဲ့ ဦးကျားကြီးသားတွေ ခုထိ ပြန်မလာကြသေးလို့ ငါစိတ်ပူနေတာ ဂေါလာရယ်"
"အဒေါ်နိုင်းကလဲဗျာ၊ ပူစရာမဟုတ် ပူနေတယ်၊ တချို့ဆိုရင် ပင်လယ်ပြင်မှာ မုန်းတိုင်းမိလို့ မလေးတို့ ပီနံ တို့တောင် ရောက်ဖူးသွားတာ ဘာဖြစ်လဲ"
ဆက်မကြား လိုတော့သဖြင့် အမေက ခြေလှမ်းရွေ့၏။ သို့သော် ကောင်းကျော်၏ စကားနှင့် သူ့ အစ်ကို၏ စကား ကို အောင်တိုင်နားစွင့်မိသွားသည်။
"အဲဒီဘက် မှောင်ခိုပစ္စည်းတွေ သိပ်ပေါတယ်တဲ့၊ ကျွန်တော်တော့ ပင်လယ်ပြင်ထွက်တိုင်း မုန်းတိုင်းမိ ပါစေပဲ ဆုတောင်းနေတာ၊ မလေး ပီနံမကလို့ သီဟိုဋ္ဌ်၊ အိန္ဒိယပဲရောက်ရောက် ရောက်ဖူး ပြီးရော၊ ဒီနေ့တောင် ရေဒီယိုကပြောတာနဲ့ အဖေမသွားလို့၊ ပင်လယ်ပြင်မှာ မုန်တိုင်း ကျမယ်မှန်းအတပ်သာသိရင် ဦးလေးအောင်သိုက်တို့နဲ့တောင် လိုက်သွားပါသေးရဲ့၊ တကယ်"
"ခွေးကောင်၊ မလေးပီနံမရောက်ဘဲ သေမှာတော့ မသိဘူး၊ တို့ငယ်ငယ်တုန်းကမုန်းတိုင်းတိုက် ခံရတာ ဘယ်လောက်ကြောက်စရာကောင်းလဲ၊ မမှတ်မိတော့ဘူးလား"
ဆလုံ ပီပီ ရေပြင်မကြောက် လေမကြောက် မုန်းတိုင်းမကြောက်သော သူ့ညီကို ဂေါလာကအော် ၏။
ကောင်းကျော်သည် ငယ်ငယ်က မုန်းတိုင်းကို သတိရပုံမပေါ်။ သတိရလျှင်လည်း ကြောက်ရွံ့ရမှန်း သိပုံမရ။ မုန်းတိုင်းတိုက်တုန်းက သူ့အဖေသည် သူ့တို့မိသားစုအား ရွာကို ရေမရောက်ခင်ကပင် မျှော်ဦးတောင်ဘက်ခေါ်သွား၍ လှိုင်းလုံးကြီးတွေ မြင်လိုက်ပုံမရ။ အတိဒုက္ခရောက်ကြသည်ကို လည်း ပျော်စရာဟုပင် ထင်ခဲ့လေသလားမသိ။ သွားတိုက်ဆေးတွေကို ကစားစရာထင်၍ ညှစ်ထုတ် ပြနေသော ကောင်းကျော်၏ငယ်စဉ်က မျက်နှာကို အောင်တိုင် တစ်လမ်းလုံးမြင် လာလေသည်။
အစ်ကိုကြီးက နွေးကျောင်းပိတ်လျှင် မေသူပြန်လာလိမ့်မည်ဟု ပြောဖူးသည်ကို အမြဲသတိရနေ သည်။ မေသူပြန်ရောက်လာပြီဟူသော သတင်းကိုသာ အမြဲနားစွင့်နေခဲ့၏။ မေသူနှင့် လုံးဝမတွေ့ ကြရသည်မှာ သုံးလေးနှစ် ကျော်ပြီ။ သူ့စိတ်ထဲ မေသူ့ကို အလွန်တွေ့ချင်မြင်ချင်နေသည်။ မေသူ့ရုပ်က ခုနေဆို ဘယ်လိုနေမလဲဟု စိတ်မှန်းနှင့် စဉ်းစားကြည့်မိသည်။ စိတ်မှန်းပုံရိပ်ထဲတွင် မေသူလေး သိပ်လှနေသည်ကို မြင်ထင်မိသည်။
စိတ်မှန်းနှင့် မြင်ထားသော မေသူ့ရုပ်ကို သူပိုတွေ့ချင်နေသည်။ အစ်ကိုကြိးအိမ်ကို သွားတိုင်း မေသူ တို့အိမ်ရှေ့ကို တစေ့တစောင်း အမြဲကြည့်မိသည်။ မေသူအဖေနောက်မိန်းမကိုသာ တွေ့ရ၏။ မေသူ့ အရိပ်အခြည်ကိုပင် မမြင်ရ။ ထိုနှစ်ကလည်း မိုးသာဖြိုင်ဖြိုင်ကျသွားသည်။ မေသူ ပြန်မလာ။ သူ့ရင်ထဲမှာ ကလေးစိတ်နှင့် ဆွေးနေသည်။ မေသူ့ကို အိမ်မက်ပင် ခဏခဏ မြင်တတ်၏။ အိမ်မက်ထဲတွင် တွေ့ရသော မေသူကို ပို၍ လွမ်းတမိသည်။ အိမ်မက်မြင်ပြီဆိုလျှင် ပြန်အိပ်၍ပင် မရတော့၊ စိတ်ကယောင်ချောက်ချားနှင့် အတွေးလွန်နေတတ်၏။ သူဟိုဘက်ကမ်း ကပြန်မှ လာပါဦးမလားဟု သောကနှင့် ပိုဆွေးရသည်။ အစ်ကိုကြီးကို မေးကြည့်သောအခါ ဟိုတစ်လောကတောင် သူ့အဖေ သွားသေးတယ်၊ အဲဒါကြောင့် ပြန်မလာတာ ဖြစ်ပါလိမ့်မယ်ဟု ပြောသည်။ အစ်ကိုကြီးကမူ သူ့စကား ကို အလေးအနက် ထားပုံမရ။ သူကတော့ အချိန်ရှိသရွေ့ မေသူကို သတိရနေသည်။
ကျောက်မောင်နှမဆိပ်သို့ သူသွက်သွက်လျှောက်လှမ်းလာ၏။ ရတနာနဒီမော်တော် သူတို့ရွာ ဆိပ်၌ လာလာကပ်နေသည်မှာ ကြာညောင်းလှပြီဖြစ်သော်လည်း သူတို့အတွက် မရိုးနိုင်ကြသေး၊ ကြည့်စရာ ရှုစရာဆို၍လည်း ဤမော်တော်ဆိပ်တစ်ခုသာ ရှိ၏ ထို့ကြောင့် မော်တော်ကပ်ချိန်၊ မော်တော် လာချိန် ဆိုလျှင် ကိစ္စရှိရှိ မရှိရှိ လူကြီးလူငယ်ကလေးတွေပါမကျန် မော်တော်ဆီသို့ သာ ရောက် နေတတ်ကြ ၏။
မော်တော်စက်သံက ပိုနီးလာသည်။ သူ့ခြေလှမ်းက ပိုမြန်၏။ ကျောက်မောင်နှမဆိပ်သို့ ရောက် သောအခါ မောချင်နေသည်။ ချွေးလေးစိုလာသည်။ နေရိပ်ကွယ်သော ကျောက်တုံးခြေရင်း တစ်ခု တွင် ထိုင်ချလိုက်၏။ မျက်လုံးက မော်တော်စက်သံ ကြားရာဘက်သို့ ရောက်နေသည်။ ရတာနာနဒီ မော်တော်သည် စက်ရှ်ိန်သတ်ကာ ဆိပ်ကမ်း၌ ကပ်နေ၏။
ဟင်...ဟု အသံထွက်သွားကာ ရုတ်တရက် သူမတ်တတ်ထရပ် လိုက်မိသည်။ ယိုဒယားလွယ် အိတ်လွယ်၍မေသူမော်တော်ပေါ်က ဆင်းလာသည်။ ဒီရေကျချိန်ဖြစ်သဖြင့် ကမ်းဘက်က စောင်ထောင်နေသော မော်တော်ကုန်းဘောင်အတိုင်း မေသူတက်လာသည်။
သုံးလေးနှစ်ခန့် မတွေ့ရသော မေသူကိုရုတ်တရက် ငေးကြည့်နေမိသည်။ မေသူ၏ဖွံ့ထွားမှုနှင့် လှပမှု ပြောင်းလဲမှု အပေါ်တွင် ရုတ်ခြည်းမှင်တက်မိနေ၏။ မိမိ၏ သုံးနှစ်တာ ကာလအတွင်း ကြီးခိုင် ထွားကျိုင်းမှု ကို သူသတိရ။ မေသူကိုသာ ငေးကြည့်နေမိ၏။
ချင်ချင်း နှုတ်မဆက်သေးသော သူ့ကိုမေသူကလည်း အံ့သြမိပုံရ၏။ မျက်လွှာတစ်ချက်ချကာ သူ့အနားက ဖြတ်လျှောက် သွား၏။
"မေသူ လှ လာလိုက်တာဟယ်၊ ကြည့်စမ်း တကယ့်မြို့သူကြီးကျနေတာပဲ၊ လူတောင်မှားလို့"
"နင့်အဖေ တရုတ်ကြီးကော မပါဘူးလား"
"အေးဟယ်...ကြည့်စမ်း၊ မှတ်တောင် မမှတ်မိဘူး"
ဆိမ်ကမ်း ရှိ လူကြီးတွေက တစ်ယောက်တစ်ပေါက် ပြောနေကြချိန်တွင် သူ့မှာ နှုတ်ဆက်ရ ကောင်းမှန်းပင် မသိ။ တံတွေးများကို ဂလုပ်ခနဲ မျိုချကာ မေသူကို ငေးကြည့်နေသေး၏။ မေသူ သည်လူကြီးများကို ယဉ်ကျေး ဖော်ရွေစွာ ပြန်နှုတ်ဆက်နေ၏။
သုံးနှစ်ခန့်မျှ တွေ့လိုမြင်လိုလှသော မေသူကို တကယ်တမ်းတွေ့ရသော အခါသူနုတ်အနေ သည်။ နှုတ်ဆက် ရမှာပင် မေ့နေသည်။ မျက်နှာကိုလည်း စေ့စေ့မကြည့်ရဲ။ ရင်ထဲက ကတုန်က ယင်ကြီးနှင့် မောလာမိ၏။ မျက်လုံး၏အကြည့်လှုပ်ရှားမှုက လွဲပြီးပကတိ ကျောက်တုံးလို ငြိမ်နေ၏။
မေသူသည် သူတို့အိမ်ရှိရာဘက်သို့ သဲပြင်အတိုင်း တစ်လှမ်းချင်း လှမ်းသွားသောအခါ မေသူ့ နောက်က မယောင်မလည် သူလိုက်သည်။ မေသူ၏ သဲပြင်ပေါ်က ဖိနပ်ခြေရာကို မြင်သောအခါ သူကခြေထောက်ကို ငုံ့ကြည့် မိသည်။ သူ့ခြေထောက်တွင် ဖိနပ်မပါ။ စိတ်အားတစ်ချက် ငယ်သွား ရသည်။ ကိုယ်ပေါ်တွင်မူ အစ်ကိုကြီး ပေးထားသော ဂျင်းဘောင်းဘီ တစ်ပတ်နွမ်းနှင့် လှိုင်းကြီးတက်ထရက်လကိတိုအဟောင်းကို ၀တ်ထားသည်။
မေသူ နောက်ပြန်တစ်ချက်ကြည့်၏။ သူကမျက်လုံးချင်းမဆိုင်ရဲ။ မေသူက လေကာကျောက် တုံးကြီးနား တစ်ခုတွင် ရပ်နေသောအခါ သူ့မှာမေသူရှိရာသို့ ဆက်လျှောက်ရမလို ရပ်နေရမလို နှင့် ခြေလှမ်းပျက် သွား၏။ စိတ်ထဲမှာ မေသူနှင့် ရင်ဆိုင်တွေ့ရမှာ မ၀ံ့မရဲ၊ ရင်ထဲကလည်း တဒိတ် ဒိတ်ခုန် လာ၏။
"ကိုအောင်တိုင်"
မေသူ၏ရုတ်ရက် အခေါ်ကို"ဗျာ"ဟု လန့်ထူးလိုက်၏။ မေသူက ရယ်သည်။
"နှုတ်တောင်မဆက်ဘူး၊ မေသူကတော့ အဖေတို့လာတိုင်း ကိုအောင်တိုင်တို့ မိသားစုသတင်း အမြဲမေးရတယ်"
စိတ်ထဲကဘယ်လိုပျော်သွားမှန်းမသိ၊ ချင်ချင်းမေသူ့အနား ပြေးရောက်သွားမိ၏။ မေသူ၏အပြော သည်လူကြီးသူမဟန်ပေါကနေသေည်။ သူ့ကိုခေါ်တာကလည်း ရွာရှိမိဇံတို့ကောင်မလေးတွေ ခေါ်သလို အစ်ကို မဟုတ်၊ ကိုတဲ့၊ သိပ်နားဝင်ချိုတာဟု တွေးလိုက်သည်။ မျက်နှာစပ်ဖြီးဖြီးနှင့် သူ့အနား ရောက် လာသော အောင်တိုင်အား မေသူက ကျွန်မကျေးဇူးရှင်တွေ ဟုတ်လား၊ မမေ့ပါဘူးဟု ထပ်ပြော သော အခါ သူ့မှာ ပိုဝမ်းသာသည်။
"တို့လည်း အမြဲသတိရပါတယ် မေသူရယ်၊ ဟိုဘက်ကမ်းမှာ ကျောင်းသွားနေရတယ် ဆိုတော့ ပြန်မှ လာပါဦး မလား လို့ ပူလိုက်ရတာ၊ ခုရုတ်တရက်တွေ့ရတော့ ဘာပြောရမှန်းတောင် မသိဖြစ် သွားတယ်၊ နှုတ်ဆက်ချင်လို့ နောက်ကလိုက်လာမိတာပါ။ တို့တော့ ဘုန်းကြီးကျောင်းပဲ နေရတယ်"
"ဟင်....ခုကျွန်မတို့ရွာမှာ ဘုန်းကြီးကျောင်းရှိတယ်"
"ဟုတ်တယ်၊ ဘုန်းကြီးကျောင်းက မုန်တိုင်းထပြီးတဲ့ နှစ်ကပင်ရှိတာလေ"
"ကိုအောင်တိုင်တို့ကို ဘုန်းကြီးက စာသင်ပေးတာပေါ့နော်"
"အင်း"ဟုမေသူ့မျက်နှာကို ကြည့်၍ခေါင်းညိတ်ပြ၏။
"အဖေကတော့ မပြောဘူး၊ သူဆလုံးမတစ်ယောက် ယူထားတာပဲ စကားလုပ်ပြောတယ်၊ ဆိုင်ဖွင့် ထားတယ်ဆို"
"ဟုတ်တယ်၊ မေသူမမြင်ဖူးသေးဘူးလား"
မေသူက ခေါင်းခါပြသည်။
"အိမ်တော့ မှတ်မိပါတယ်နော်"
"အဖေက အိမ်ပြောင်းထားလို့လား"
"မပြောင်းပါဘူး၊ အရင်အိမ်ပါပဲ"
စကားပြောရင်း အတူလျှောက်လာကြသည်။ ဦးအောင်စိန်၏ အိမ်ရှေ့ရောက်၍ ကက်ဆက်သံ ကြား သောအခါ မေသူက တစ်ချက်လှည့်ကြည့်၏။
"ကက်ဆက်သံပါလား"
"ဟုတ်တယ်လေ၊ ဦးအောင်စိန်အိမ်က ကက်ဆက်သံ၊ အစ်ကိုကြီးမှာလည်း တစ်လုံးရှိတယ်"
အစ်ကိုကြီးဟု ရေရွတ်ကာ အောင်တိုင့်မျက်နှာကို ကြည့်၏။
"ဘယ်သူရယ်...ကိုအောင်တိုင်"
"အစ်ကိုကြီး ကိုထွန်းသောင်ကို ပြောတာ"
"သြော်...သူလား၊ ကျွန်မကို ကျောင်းထားပေးဖိုကလည်း ဖေဖေ့ကိုသူပဲ တိုက်တွန်းတာ၊ မြိတ်ဘက် သွားရင်မဟီကိုလည်း ၀င်လာတတ်တယ်၊ ဒီဘက်ကမ်းမှာ ကျောင်းလာနေတာ ညီမလေးတစ်ယောက်ပဲ ရှိတယ်၊ စာကြိုးစားသင်တဲ့၊ မုန့်ဖိုးလည်း ပေးပေးသွားတတ်တယ်၊ သူက မော်လမြိုင်ကောလိပ်ထွက်တဲ့၊ ဘွဲ့ရပြီးသား လို့ပြောတယ်၊ ကျွန်မတို့ရွာမှာလာပြီး အခြေချနေ တာအံ့စရာပဲနော်၊ စိတ်ကောင်း တော်တော်ရှိတယ်"
တို့လည်း အစ်ကိုကြီးဆီ နေသလောက်ပါပဲဟု ပြောကာ အောင်တိုင်က သူ့အစ်ကိုကြီးအကြောင်း မေသူကို ပြောပြသည်။ ကုနုကမာခွံတွေ၊ ခရုပေါင်းခွံ၊ လိပ်ခွံတွေ ၀ယ်သည်ဟူသော စကားကို မေသူ ကတော့ အံ့သြပုံမရ. "မေသူတို့မဟီမှာလည်း အခွံဝယ်တဲ့လူတွေရှိလား"
"မရှိပါဘူး၊ မြိတ်ဘက်သွားရောင်းရင် ပိုက်ဆံရတယ်လို့ ပြောသံတော့ ကြားဖူးတယ်"
"မဟီက မြို့လား"
"ရွာကြီးပါ၊ မြို့နယ်ခွဲဖြစ်တော့မယ်လို့ ပြောတယ်၊ ဓာတ်သတ္တုရှာဖွေရေးတို့၊ ကမ်းလွန် ရေနံရှာ ဖွေရေးတို့ ဆိုတာလည်း ဖြစ်မယ်တဲ့၊ နိုင်ငံခြားက ဧည့်သည်တွေတောင် တစ်ခါတစ်ခါ ရောက်တယ်"
ရေနံ ရှာဖွေရေးက လူတွေဆီ တို့ရွာကလည်း လိပ်ဥသွားရောင်းကြတယ်တဲ့ဟု အောင်တိုင်က လည်း အားကျမခံ ပြောမိ၏။
မေသူတို့ အိမ်နားထိ သူလိုက်လာသည်။
"ကျွန်မတို့ရွာလည်း တော်တော်ပြောင်းလဲနေတာပဲ၊ မုန်းတိုင်လိုက်ပြီး သိပ်တိုးတက်လာတယ်၊ အုန်းပင်တွေကလည်း အရင်အတိုင်းပဲ"
"လဲသွားတဲ့ အုန်းပင်တွေ ပြန်ထူပြီး စိုက်ထားကြတာတွေလေ"
"အေး...ရှင်တာပဲနော်၊ ကိုအောင်တိုင်"
"မရှင်တဲ့ အပင်တွေလည်း အများကြီးပဲ"
"ကျွန်မတို့ရွာလည်း မဟီလို စာသင်ကျောင်းရရင် သိပ်ကောင်းမှာပဲနော်၊ ကျွန်မတို့လို့ မိန်းမ သားတွေပါ စာသင်ရမယ်"
"ခုလည်း ဘုန်ကြီးသင်ပေးလို့ မိန်းကလေးတွေပါ စာတတ်နေကြပြီလေ"
"ဟင်...ဟုတ်လား"ဟု မေသူက အံ့သြစွာဆိုလေ၏။
"ဟုတ်ပါတယ်၊ ကမ်းကြီးသတ်က ဦးဂျလားသမီး မိဇံဆို စာအုပ်နဲ့ မျက်နှာမခွာဘူး၊ မျက်စိ တောင်ကန်း လိမ့်မယ်လို့ ပြောနေကြတယ်"
အောင်တိုင့် စကားကို မေသူကရယ်၏။
မေသူတို့အိမ်နားရောက်၍ မေသူသူ့အိမ်ခြံဘက် ၀င်သောအခါ သူလည်း အစ်ကိုကြီးအိမ်ဘက် ပြန်လာခဲ့၏။
"အဖေနေမကောင်းလို့ ခဏလာတာပါ။ သန်ဘက်ခါ ပြန်မယ်"ဟူသော မေသူ့စကားကြောင့် ရင်ထဲ ဟာသွား၏။ တစ်ရွာတည်းနေသော်လည်း မေသူ့အဖေ နေမကောင်းဖြစ်နေသည်ကို မသိရကောင်းလား ဟုလည်း သူကိုယ်သူ မကျေမနပ်ဖြစ်မိ၏။ အမှန်က သိသင့်သည်။ သတင်းမေး သင့်သည်။ သူတို့ရွာက မဟီသွားသူများ ပြန်လာလျှင် မေသူကတော့ မင်းအမေအဖေနဲ့ မင်းကို တွေ့တိုင်း မေးတတ်တယ်၊ မင်းတို့ကို မေသူတော်တော် ခင်ပုံရတယ်ဟု ဟိုဘက်ကမ်းက ပြန်လာသူတိုင်းလိုလို ပြေကြသည်။ မေသူအား သူအမြဲလိုလို သတိရနေတတ်သည်မှာလည်း ဤသည်တို့ကြောင့်ဖြစ်သည်။ မမျှော်လင့်ဘဲ မပြန်စဖူး ဟိုဘက်ကမ်းက မိုးတွင်းကြီး ပြန်လာသော မေသူကို အပြီးပြန်လာတာထင်၍ သူဝမ်းသာခဲ့၏။ ယခု မေသူ့ပါးစပ်က ဖွင့်ပြောပြ မှသူသိသည်။
"ခု ဘယ်လိုနေသေးလဲ"
"သက်သာသွားပါပြီ၊ ဆေးကြောင့်ဖြစ်တာပါ"
မေသူ့အဖေ ဘိန်းစားသည်ကို ငယ်စဉ်ကပင် ကြားဖူး သိဖူးထားသော အောင်တိုင်က နှုတ်ဆိတ် နေလိုက်၏။ ရွာမှာ တစ်ခါတစ်ခါ အပျော်ရှူသူများပင် ယခုအခါ ဘိန်းဝယ်မရဟု ညည်းနေကြ၏။ အစိုးရက ဘိန်းကို ပိုက်စိပ်တိုက် လိုက်ဖမ်းနေသည်ဟု ဆိုသည်။ ယခင်က ဘိန်းရောင်းသော မေသူတို့ အဖေပင် ယခုဘိန်းကြောင့် နေမကောင်း ဖြစ်ရလေပြီ။
မေသူပြန်မည့် သန်ဘက်ခါ ကျောက်မောင်နှမဆိပ်ကို မေသူထက်အလျင် ရောက်နှင့်နေအောင် သွားရမည်ဟု သူတွေးမိလိုက်၏။ ကျောက်တုံးကြီးတစ်တုံးပေါ်ထိုင်ကာ နွေတုန်းကလို မေသူရွာက ထွက်အလာကို ဆီးကြည့်နေရမည်။
သူဆိပ်ကမ်း စောစောရောက်၍ ကျောက်တုံးပေါ်က ဆီးကြည့်နေသည်ကို နွေနှောင်းတုန်းက မေသူက အံ့သြ သွားသည်။ "ပြန်ပြီပေါ့နော်မေသူ"ဟု သူမေးသည်ကို "ဟုတ်ကဲ့၊ ရှေ့အပတ် ဆို ကျောင်းဖွင့် တော့မယ်"ဟု မေသူပြောခဲ့၏။။ သန်ဘက်ခါ ကျလျှင် မည်သည့်စကားနှင့် မေးရမည်ကိုလည်း တွေး ရဦးမည်။ ကြားတစ်ရက်တောင် လိုသေးတာပဲ၊ ဒီကြားထဲမှာ တွေကြမည်။ မနက်ဖြန်လည်း မေသူနှင့် တွေ့နိုင်သေးသည်။
ဆက်ရန်
.
1 comment:
ဖတ်သွားပြီ ညီမရေ။ ကျေးဇူးနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
Post a Comment