သက်နဲ့ထပ်တူ
ကြည်စိုးထွန်း
ကြည်စိုးထွန်း
မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးရှိ အဆောက်အဦးတွေထဲက မည်သည့် အဆောက်အဦးကို သဘောကျ နှစ် သက် ပါသနည်း ဟု မေးလာအံ့၊ ကျွန်တော် မဆိုင်းမတွ ဖြေနိုင်ပါသည်။
ကျွန်တော် သဘောကျ အနှစ်သက်ဆုံးနှင့် တန်ဖိုးအထားဆုံး အဆောက်အဦးကတော့ "မြန်မာနိုင်ငံ ရုပ်ရှင် သမိုင်းပြတိုက်" အဆောက်အဦးပင်ဖြစ်ပါသည်။ အဘယ်အကြောင်းကြောင့်ပါနည်း။
ထိုရုပ်ရှင် သမိုင်းပြတိုက်တွင် ကျွန်တော် တွေ့လိုသူပေါင်း မြောက်မြားစွာကို တွေ့ရှိနိုင်သောကြောင့်ဖြစ်ပါ သည်။ ကျွန်တော်တွေ့လိုသူများက ရုပ်ရှင်သမားအများစု ဖြစ်ပါသည်။ ရုပ်ရှင်သမိုင်းပြတိုက်တွင် မြန်မာ့ရုပ် ရှင် လောကကြီးကို တည်ထောင်သွားသည့် ပုဂ္ဂိုလ်များ၊ ရုပ်ရှင်ဖြင့် မြန်မာများစွာကို မျက်စေ့ ဖွင့် ပေးခဲ့သူများ၊ ရုပ်ရှင်ဖြင့် နိုင်ငံချစ်စိတ်ဖြစ်အောင် ဖန်တီးပေးခဲ့ကြသူများ၊ ရုပ်ရှင်ဖြင့် လူပေါင်းများစွာကို ပျော်ရွှင် အောင် ဖန်တီးပေးခဲ့ကြသူများ ပြည့်နှက်နေပါသည်။
ရုပ်ရှင်ဖခင်ကြီးဟု ခေါ်ဆိုနေကြသည့် လန်ဆန်အက် ဦးအုန်းမောင်ကို တွေ့လိုပါသလား၊ မြန်မာ့ရုပ်ရှင်၏ ပထမဆုံး မင်းသားမင်းသမီးဖြစ်သော မောင်ညီပုနှင့် မအေးကြည်တို့ကို တွေ့ချင်ပါသလား။ ပထမဆုံး ဓာတ်ပုံ ဆရာ ဦးမောင်မောင်ကို တွေ့ချင်ပါသလား၊ သည်နေရာမှာ တွေ့လိုသည် ရုပ်ရှင်ပညာသည် မှန်သမျှ တွေ့ရှိနိုင်သောနေရာဖြစ်ပါသည်။
စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များဆိုလျှင် ပြတိုက်ဖွင့်၍ ပြတိုက်ကို ဦးစီးစောင့်ရှောက်နေကြသူများကိုလည်း တွေ့နိုင်ပါသည်။ တော်တော်များများက အသက် ၇၀-၈၀ ၀န်းကျင်ရှိကုန်ကြပြီ၊ တစ်ခါတစ်ခါ ရုပ်ရှင်သမိုင်း ရှေးဟောင်းနှောင်းဖြစ်များကို ပြောကြရင်း၊ သမိုင်းကွက်လပ်များကို ဖြည့်ဆည်းပေး နေကြသူများ ဖြစ်ပါသည်။ ဦးတင်ယု (အေ၀မ်းမောင်တင်ယု)၊ ဦးဖိုးထောင် (ဓာတ်ပုံအကယ် ဒမီ ဦးသန်းမောင်)၊ ဦးချစ်သန်းမြင့် ဦးဌေးအောင်(ဆွေဗမာ) အစရှိသည့် ပုဂ္ဂိုလ်များက နှစ်ပေါင်းများစွာ ရုပ် ရှင်ပြတိုက်ကို ထိန်းသိမ်း စောင့်ရှောက်ခဲ့ကြသည်။ ဦးအုန်းရွှေ၊ ကိုအေးကြူလေး၊ မယဉ်ယဉ်လဲ့နှင့် အေ၀မ်း သိန်းထွဋ် တို့၏ ပံ့ပိုးမှု ကလည်း ကျေးဇူးတင်စရာ ...
သမိုင်းမှတ်တမ်းအတွက် ဦးဆွေမြင့်နှင့် မောင်သာယာတို့ကလည်း တစ်တပ်တစ်အား အပတ်စဉ် လာရောက် ပြုစုပေးကြသည်။ (ဦး) အောင်မြင့်မြတ် (ဦး)မောင်နှင်းမိုးနှင့် ကျွန်တော်တို့ကတော့ ဧည့်သွား ဧည့်လာ ... ပြ တိုက်၏ သံယောဇဉ်သမားတွေ ...။
အထက်တွင် ကျွန်တော် ရေးခဲ့သည့် အတိုင်း၊ ရုပ်ရှင်သမိုင်းပြတိုက်သို့ ရောက်လာပြီဆိုလျှင်၊ ကိုယ်တွေ့ချင် သူနှင့် တွေ့နိုင်ပါသည်။ ဦးချင်းစိန်ကို တွေ့ချင်သလား၊ ရွှေဒုံးဘီအောင်ကို တွေ့ချင်ပါသလား ...၊ သူတို့ပုံ၊ သူတို့ အဆိုအမိန့်၊ သူတို့ဘ၀ အတွေ့အကြုံ၊ သူတို့လှုပ်ရှားမှုအားလုံး တွေ့နိုင်သည်ချည်းသာ။
သည်အထဲမှာ ကျွန်တော် မကြာမကြာ တွေ့တတ်သူမှာ ဒါရိုက်တာ စာရေးဆရာ (ဦး)သုခဖြစ်လေသည်။ သူ့ပုံတူရုပ်တုက အကယ်ဒမီန်းမထဲမှာ ရှိနေသည်။ သူ မကွယ်လွန်မီ (ကျွန်တော် မြန်မာနိုင်ငံ ရုပ်ရှင်အစည်း အရုံးဥက္ကဋ္ဌဘ၀က) သူ့ထံမှ အလှူခံရရှိခဲ့ခြင်းဖြစ်လေသည်။ အမှတ်တရ သူ့ရုပ်တုသည် ပြတိုက်မှာ ရှိနေ သည့်အတွက် ကျွန်တော့်မှာ တွေးတိုင်းတွေးတိုင်း ကျေနပ်ဝမ်းသာဖြစ်ရပါ၏။
ဆရာကြီး ဦးသုခ ကိုသုခဘ၀ Toy Wife ရုပ်ရှင်ကားကို မှီငြမ်းပြုပြီး "ချစ်အမျှ" ရုပ်ရှင် ဇာတ်လမ်း ရေးခဲ့သည် မှ သည်ဘက်ခေတ် ရဟန်းစားရသော ဆွမ်းတစ်နပ်၊ တစ်ပါးသီလအထိ၊ ဆရာ့ လက်ရာများ အကြောင်း တော်တော်များများ ပြောဖြစ်ခဲ့ကြသည်။
သူတင်ဆက်သော ပြဇာတ်များအနေဖြင့်လည်း "ဂုဏ်" (ဂုဏ်ရည်မတူ)၊ "ချစ်ကုမ္ပဏီ"၊ "ညောင်ရေသဘင်"၊ "သားတို့ရုပ်ရည်" အစရှိသော ပြဇာတ်များအကြောင်း ပြောဖြစ်ခဲ့ကြသည်။ " သြော် မိန်းမ"၊ "သြော် ယောက်ျား"၊ "သြော် လောက" အစရှိသည့် ပြဇာတ်များ၊ ရုပ်ရှင်ဇာတ်လမ်းအဖြစ် ကူးပြောင်းသွားခဲ့ပုံများကို လည်း ကျွန်တော်တို့ တွေ့ခဲ့ကြသည်။
တဖန် ထူးထူးခြားခြား "ချစ်"အစဖြင့်၊ "ချစ်နိုင်ငံ"၊ "ချစ် ဂရုဏာ" ပြဇာတ်များကခဲ့သည်ကိုလည်း သတိထား မိခဲ့ကြပြန်သည်။ အများအားဖြင့် ဆရာသည် စာရေးဆရာ ပီပီ သူ့ပြဇာတ်ကို သူကိုယ်တိုင်ရေးပြီး၊ သူကိုယ် တိုင် ဇာတ်ညွှန်း ခွဲလေ့ရှိသည်။
သူ့ကိုယ်တိုင် သရုပ်ဆောင်အဖြစ် ပါဝင်သော ပြဇာတ်များ (ဂုဏ်၊ သားတို့ရုပ်ရည်)ရှိသည့် နည်းတူ၊ ထိုအချိန်က နာမည်ကြီးပြဇာတ်မင်းသား၊ မင်းသမီးများဖြစ်သော ကျော်အေး၊ မျိုးချစ်၊ ဖိုးပါကြီး၊ ဘချစ်၊ ခင် မောင်၊ ကျော်ဝင်း၊ မေမေ၀င်း၊ မေချစ်၊ မြင့်မြင့်ဌေး၊ ကြည်ကြည်ဌေးတို့ဖြင့် တင်ဆက်ကပြသော ပြဇာတ် များ ကိုလည်း တွေ့ခဲ့ရသည်။
တစ်နေ့က ကျွန်တော် ရုပ်ရှင်သမိုင်းပြတိုက်ကို ရောက်သွားသည့်အခါ ပြဇာတ်ဒါရိုက်တာ စာရေးဆရာ သုခ၏ ပြဇာတ်တစ်ပုဒ်ကို ထူးထူးဆန်းဆန်း တွေ့ရသည်။ ဇာတ်ညွှန်းက ရွှေဒုံးဘီအောင်၊ (ဘယ်လိုဖြစ်ပါ လိမ့်...) ဂျပန်ခေတ် ရုပ်ရှင်သမားတွေ ဘ၀ပျက်နေကြသည်မို့ အချင်းချင်းပူးပေါင်း လုပ်ကိုင်နေကြသည် ထင့်။
ပြဇာတ်အမည်က "သက်နဲ့ထပ်တူ" ... အံ့အားသင့်နေသော မျက်နှာဖြင့် စိတ်ဝင်တစား ပြဇာတ်ကြော်ငြာကို သဲသဲမဲမဲ ဖတ်ရှုနေသည့် ကျွန်တော့်အား (ကြော်ငြာရှာဖွေပေးသော) ဦးအုန်းရွှေက ပြုံးဖြဲဖြဲကြည့်နေသည် .. ကဲ ... မထူးဆန်းဘူးလားဗျာ ... ဆိုသည့် မျက်နှာပေး ...။
သူ့ကို ဂရုမထားအား ...၊ ဆက်ဖတ်ကြည့်လိုက်တော့ ... ပါဝင်သူတွေက ကျော်ဆွေ၊ စိန်အောင်မင်း၊ မေမြင့်၊ ကြည်ကြည်ဌေး ...တဲ့
ကျော်ဆွေနှင့် စိန်အောင်မင်း ဘယ်တုန်းကမှ ဆက်စပ်၍ မတွေးဘူးခဲ့၊ ဤသို့ တွဲဘက်၍ သရုပ်ဆောင်ခဲ့ဖူး သည်ဟူ၍လည်း မကြားဘူးခဲ့၊ ယခုမျက်ဝါးထင်ထင်တွေ့မြင်လာရပြီ။
အင်္ကျီချွတ်၍ ဘောင်းဘီရှည်ဝတ်ထားသော ကျော်ဆွေက လက်မှာ ဓားရှည်ကိုင်စွဲလျက် စိန်အောင်မင်းက ပြုံးတုံ့တုံ့။ တကယ့်ပြဒါးတစ်လမ်း၊ သံတစ်လမ်း၊ ဆရာသည် ဘိုးဘိုးအောင်လို ပြဒါးနဲ့ ရေသယံ သံကိုမထိုး ပဲ ပထမံတန်ခိုးဖြင့် ဒီပြဇာတ်ကို တင်ဆက်ခဲ့လေသည် ထင်ပါ၏။
ဆရာရွှေဒုံးဘီအောင်၏ ဇာတ်ညွှန်းကို ဆရာ ဦးသုခက ဒါရိုက်တာလုပ်ပြီး တင်ဆက်ခဲ့သည့် ကျော်ဆွေနှင့် စိန်အောင်မင်းတို့ ပါဝင်သော "သက်နဲ့ထပ်တူ" ဆိုသော ပြဇာတ်ကို ... ယခုပင် ... အော် ... ကြည့်ချင် လှပါဘိ။
ကြည်စိုးထွန်း
ဆရာကြီးဦးသုခ ၏
ရဟန်းစားရသော ဆွမ်းတစ်နပ်
မင်းယုဝေ
ရဟန်းစားရသော ဆွမ်းတစ်နပ်
မင်းယုဝေ
စာရေးဆရာ ဒါရိုက်တာကြီး ဦးသုခသည် အသက် ၈၁ နှစ်အရွယ်ရှိပြီ။ ကျန်းမာရေးကောင်းသော်လည်း မျက်စိ မကောင်းရှာ။ စာမဖတ်နိုင်၊ စာမရေးနိုင်၊ လူကို အနီးကပ်ကြည့်မှ မြင်ရသည်။ တီဗွီကိုလည်း အနီးကပ် ကြည့်မှမြင်ရသည်။ သို့ရာတွင် မိမိစီးပွားရေးအတွက် မဟုတ်။ ဗုဒ္ဓသာသနာပြန့်ပွားရေးအတွက် ကြီးမြတ်သော စေတနာ၊ အံ့ချီးဖွယ်အနုပညာ၊ မလျှော့သော ဇွဲသတ္တိအားမာန်ဖြင့် "ရဟန်းစားရသော ဆွမ်း တစ်နပ်" ဗွီဒီယို ရုပ်ရှင်ဇာတ်ကားကို အောင်မြင်စွာ ဖန်တီးလိုက်သည်။ ဇာတ်ကားတွင် စာရေးဆရာ ဒါရိုက်တာ ဦးသုခက စီစဉ်ညွှန်ကြား၍ ဒါရိုက်တာ မောင်နှင်းမိုး ရိုက်ကူးသည်ဟု ဖော်ပြထားသည်။ ဖော်ပြ ထားသည့် အတိုင်းလည်း မျက်စိမကောင်းရှာသော ဆရာ ဦးသုခက ဇာတ်ညွှန်းရေးသားစီစဉ်၍ ဒါရိုက်တာ မောင်နှင်မိုး က စေတနာထားကာ ကြိုးစား၍ ရိုက်ကူးသည်ကို တွေ့ရသည်။
ရိုက်ကူးပြီးသောအခါ ရှေးဦးစွာ သံဃမဟာနာယက အဖွဲ့ကိုလည်း ပြသခဲ့သည်။ ဂိုဏ်းပေါင်းစုံမှ ဆရာတော်ကြီး ၄၇-ပါးကိုလည်း ပြသခဲ့သည်။ ထို့နောက်မှ ၁၃၅၂ ခု၊ တန်ဆောင်မုန်းလပြည့်နေ့ည (၁.၁၁.၉၀)တွင် မြန်မာ့ရုပ်မြင်သံကြားက ပရိသတ်သို့ တင်ဆက် ပြသလိုက်ပေသည်။
ထိုအခါ ကြည့်ရှုရသော ရဟန်းရှင်လူ အားလုံးလိုလိုပင် နှစ်သက်မဆုံးရှိကြသည်။ အချို့ ထပ်မံကူးယူ၍ ၂ ကြိမ်၊ ၃ ကြိမ် ကြည့်ကြသည်။ ဗုဒ္ဓဘာသာဝင်များသာမက ဗုဒ္ဓဘာသာဝင် မဟုတ်သူပုဂ္ဂိုလ်များပင် ကြည့်ရှု ၍ လေးစားလာကြသည်ကို တွေ့ရသည်။ ဤဇာတ်ကားကို ကြည့်ကာ ကျွန်တော်တို့သည် ဆွမ်းလှူ ရသောအကျိုး နှင့် စင်ကြယ်မွန်မြတ်သောသဒ္ဓါတရား၏ အကျိုးကျေးဇူးကို ကောင်းစွာခံစားသိရှိရသည်။ ဆွမ်း ကို ရဟန်းတော်များက ခက်ခဲပင်ပန်းစွာ စားရရှာသည်နှင့်အမျှ ခက်ခဲလှသော ရဟန်းကျင့်ဝတ်ကို ဆောက်တည် ရသည်ကိုလည်း သဘောပေါက်သိမြင်သွားသည်။ သံဃာဂုဏ်ကိုလည်း အပြည့်အ၀ သိရှိ ကြည်ညို မိကြသည်။ ထို့ပြင် ရဟန်းနှင့် ဒကာဆက်ဆံရာ၌ သိသင့်သိထိုက်သော ဗုဒ္ဓယဉ်ကျေးမှု အဖြာဖြာ ကိုလည်း ပိုမိုသိရှိနားလည်လာကြသည်။ တန်ဖိုးမဖြတ်နိုင်သော ဖာတ်ကားထူး ဇာတ်ကားမွန် အဖြစ် ခံယူ ကြသည်။ ရဟန်းရှင်လူ နှစ်ရပ်လုံးအတွက် အကျိုးပြုသော "သာသနာ ဇာတ်ကားထူး" အဖြစ် သတ်မှတ် မိကြသည်။
" ဆရာဦးသုခသည် ရဟန်းစားရသော ဆွမ်းတစ်နပ်"ကို ရှေးဦးစွာ ဆောင်းပါးအဖြစ် ရေးသားခဲ့သည်။ ၁၉၆၆ ခု၊ အောက်တိုဘာလထုတ် မြ၀တီမဂ္ဂဇင်း၌ စတင်ဖော်ပြခဲ့သည်။ ထို့နောက် မပျောက်ပျက်ရအောင် "ရာမာခရစ်ရှနာ ပုံပြင်များ" စာအုပ်တွင် နောက်ဆက်တွဲအဖြစ် ဖော်ပြခဲ့ပေသည်။
ဤဆောင်းပါးကို ရုပ်ရှင်ဇာတ်ကားအဖြစ် ရိုက်ကူးသဖြင့် ခြောက်နေလိမ့်မည်။ လေးလွန်းနေလိမ့်မည်။ ငြီး ငွေ့ဖွယ် ဖြစ်နေလိမ့်မည်ဟု အစကကျွန်တော်တို့ ထင်မိကြသည်။ သို့ရာတွင် ဇာတ်ကားပေါ်ထွက်လာ၍ ကြည့်မိသောအခါ ထိုအထင်အမြင်တို့လွင့်စင် ကွယ်ပျောက်သွားကြသည်။ ဆရာ ဦးသုခသည် သူ၏ အံ့ချီးဖွယ် ပညာစွမ်းဖြင့် မှတ်သားဖွယ် ကောင်းလောက်အောင်သာမက စိတ်ဝင်စားဖွယ် ကောင်းအောင်၊ တသသစွဲမက်နေအောင် စီစဉ်ရိုက်ကူးနိုင်သည်ကို အံ့ဖွယ်တွေ့ရသည်။ ကျွန်တော်သည် ဤဇာတ်ကားကို ဆရာ ဦးသုခအိမ်တွင် ၁-ကြိမ်၊ မြန်မာ့ရုပ်မြင်သံကြားတွင် ၂-ကြိမ်၊ ပေါင်း ၃-ကြိမ်ကြည့်ခဲ့ရ သည်။ ၃-ကြိမ် ကြည့်ခဲ့ရသော်လည်း မရိုးနိုင်။ ထပ်ပြလျှင်ထပ်၍ ကြည့်ဦးမည်ဖြစ်သည်။ ကျွန်တော် အပါ အ၀င် ကြည့်သူများပင် ဇာတ်ကားကို ကြည့်နေစဉ် မျက်ရည်ကျမိကြသည်။ မျက်ရည်မှာ နှစ်မျိုးဖြစ်သည်။် တစ်မျိုး မှာ ကရုဏာကြောင့် ကျရသောမျက်ရည်ဖြစ်သည်။ အခြားတစ်မျိုးမှာ ကြည်နူးသောကြောင့် ကျရ သော မျက်ရည်ဖြစ်သည်။
စာရေးဆရာကြီး ဦးတက်တိုးသည် ဤဇာတ်ကားကို ကြည့်ပြီးနောက် ဆရာ ဦးသုခထံ ချီးကျူးစာ တစ်စောင် ရေးသားပို့ပေးခဲ့သည်။ ဆရာ ဦးသုခက ပြသဖြင့် ကျွန်တော်ဖတ်ခွင့်ရခဲ့သည်။ ထိုစာ တစ်နေရာ၌ ဆရာတက်တိုး က "ဆရာ့ဇာတ်ကား စတင်စီစဉ်တုန်းက ကျွန်တော့်အဖို့ ဆရာ့လက်ရာဆို ကောင်းပြီးသား ပဲလို့လောက်သာ သာမာန်သဘောထားခဲ့မိပါသည်။ ရဟန်းတစ်ပါးနှင့် ဒကာ တစ်ယောက် ဆွမ်းအကြောင်း ဆွေးနွေးတာဆိုရင် ခြောက်ကပ်ကပ်များ ဖြစ်နေမလားလို့ ထင်မိခဲ့ပါတယ်။ အခု ကြည့်တော့မှ ဆရာ့လက် ရာတွေထဲမှာ ကျွန်တော့် အမြင်ဖြင့် အကောင်းဆုံး ဖြစ်နေတာတွေ့ရပါတယ်။
ခြောက်ကပ်ကပ်ဖြစ်ဖို့ဝေးစွ၊ ရင်တလှပ်လှပ်ဖြစ်ပြီး နောက်ဆုံးပိုင်း ဆင်းရဲသား နကုလ သူ့သမီးကို ဖျောင်းဖျခန်းမှာ ကရုဏာရသ ထိပ် ခေါင်ရောက်လို့ ကျွန်တော်ဖြင့် မျက်ရည်ဖြိုင်ဖြိုင် ကျမိပါတော့တယ်။ ကျွန်တော် အကျင့်တစ်ခု ရှိပါတယ် ဆရာ။ ကျွန်တော်ဟာ ၀မ်းနည်းစရာ တွေ့ကြုံရရင် မျက်ရည်ကျ တတ်ပါတယ်။ ဒါက ဘာထူးဆန်းလို့လဲ၊ လူတိုင်းလဲ ဒီလိုပဲ ဆိုနိုင်ပါတယ်။ ၀မ်းမြောက်ကြည်နူးစရာ၊ မုဒိတာ တရားပွားများမိတဲ့အခါမှာလည်း ကျွန် တော် မျက်ရည်ဖြိုင်ဖြိုင်ကျတတ်ပါတယ်။ ဆရာကားထဲမှာ ရဟန္တာဖြစ်သွားကြတာတွေကို ကြည့်လိုက်ရတာ ကြည့်တိုင်းရင်ထဲမှာ သိမ့်ခနဲ သိမ့်ခနဲ ဖြစ်ပြီး၊ မျက်ရည်ဝဲ ပါတယ်။
နောက်ဆုံး ရဟန်းတော် တရားအားထုတ် ခိုက်၊ ဆင်းရဲသားဆွမ်းဒါနရှင်ကလည်း ပီတိလှိုင်း ကြွခိုက်မှာ နောက်ခံနရီခေါ် မလားမသိပါဘူး။ ဒုန်း-ဒုန်း- ဒုန်းနဲ့ တီးပေးနေတာဟာ ဇာတ်လမ်းရဲ့ထိပ်ကို ရောက်စေ ပါတယ်။ ရဟန်းတော်လည်း ရဟန်းကိစ္စပြီးရော၊ ဆင်းရဲသားလည်း ပီတိထိပ်ခေါင်ရောက်သွားတာဟာ အင်မတန်ထိရောက်ပါတယ်။ ကျွန်တော်တော့် ၄-၅ ခါကြည့်ပြီးပါပြီ။ ကြည့်တိုင်း အသည်းစွဲပါတယ်။ အပိုစကား လောကွတ်စကားမဟ်ုတ်ပါ။ ကျွန်တော်တို့ တိတ်ခွေကူးထားပါတယ်" ဟူ၍ ရေးသားထားည်ကို တွေ့ရပေသည်။
ကျွန်တော်တို့အနေဖြင့် ဤဇာတ်ကားသည် ဆရာဦးသုခ၏ "ကောင်းမှုကြီး"ဖြစ်သည်ဟု ဆိုချင်ပါသည်။ ထို ကောင်းမှုကြီး အတွက် ကျွန်တော်တို့ အကြိမ်ကြိမ်သာဓုခေါ်မိသည်။ ဆရာ ဦးသုခကလည်း သူ့ကောင်းမှု ကြီး အတွက် ၀မ်းသာကြည်နူးမဆုံးဖြစ်နေပေသည်။
" ရုပ်ရှင်နဲ့ပတ်သက်ပြီး ကားပေါင်း ၃၀ ကျော်လောက် ရိုက်ခဲ့တယ်။ အားလုံးကို ဓမ္မရသနဲ့မကင်းအောင် ရိုက်ခဲ့တယ်။ ဓမ္မရသနဲ့ ပတ်သက်လို့တော့ ဒီကားက အားလုံးကိုအနိုင်ယူသွားပါတယ်။ အောင်မြင်ပါတယ်။ စာတွေ တယ်လီဖုန်းတွေလာပါတယ်။ လူကိုယ်တိုင်လည်း လာကြပြောကြပါတယ်။ မလာစဖူး လူတွေ ဆီကလဲ တယ်လီဖုန်းတွေလာပါတယ်။ အချိုကဖုန်းဆက်ရင်း စကားဆက်မပြောနိုင်လို့ ငိုနေတဲ့လူကြီးတွေ ရှိပါတယ်။ အမျိုးသမီးကြီးတွေ ရှိပါတယ်။ ပြီးတော့ သာမန်သဒ္ဓါတရားလောက်နဲ့ ဆွမ်း လောင်းနေကြတဲ့ သူ တွေလည်း ဒီကားကြည့်ရတော့ ဓမ္မအသိ ပိုသိလာကြပါတယ်တဲ့"ဟူ၍ ဆရာကြီး ဦးသုခက ဖွင့်ဟ ပြောဆို ပေသည်။
ဤဇာတ်ကားကို ရိုက်ကူးရာတွင် ဆရာဦးသုခသည် သူ၏ အနုပညာစွမ်းရည်ကို မှတ်တမ်းတင် လောက်အောင် ထုတ်ဖော်ပြသွားသည်။ အစဉ်အလာအရ ဇာတ်ကားတိုင်းလိုလိုမှာ မင်းသမီး ပါသည်။ ချစ်ခန်းကြိုက်ခန်းပါသည်။ တေးသီချင်းပါသည်။ ဤဇာတ်ကားတွင် မင်းသမီးမပါ၊ ချစ်ခန်းကြိုက်ခန်း မပါ၊ တေးသီချင်းမပါ။ သို့သော် ကြည့်သူတို့ ရင်တလှပ်လှပ်ဖြင့် နှစ်သက်စွဲမက်အောင် စွမ်းဆောင် သွားနိုင် သည်။ ထို့ပြင် ရဟန်းသရုပ်ဆောင် ၄-ဦးကတယ့် ရဟန်းအစစ်များဟူ၍ ထင်မှတ်ရ လောက်အောင် ပီပြင်စွာ သရုပ်ဆောင်သွားကြသည်မှာ ထူးခြားပေသည်။
ရဟန်း အသွင် သရုပ်ဆောင်သူ ၄-ဦးတွင် ဆွမ်းခံရင်း ဇရပ်တွင် မိုးခိုလျက် သံဃာဂုဏ်ကို ပြောပြသူ ရဟန်း ပျိုအဖြစ် သရုပ်ဆောင်သူမှာ မင်းသားမြတ်သစ်ဖြစ်သည်။ ဒေါ်တင်အေး (ရှုမ၀ မိတင်အေး)၏ သားဖြစ် သည်။ အမည်ရင်း ကိုအောင်မြင့်ဖြစ်သည်။
" ဆရာက ၁၉၈၃-ခု၊ ဧပြီလ ၁၅-ရက်နေ့မှာ ဒုလ္လဘ ရဟန်းဝတ်ခဲ့တယ်၊ အဲသည်တုန်းက ဆရာ့တပည့်ရင်း မတင်အေးတို့က ရဟန်းဒကာခံခဲ့တယ်။ သူ့ရဲ့သား မောင်အောင်မြင့်ကလည်း ဆရာနှင့်အတူ ဒုလ္လဘရဟန်း ၀တ်ခဲ့တယ်။ အဲဒီတုန်းကပဲ သူ့ရဲ့ ဥပဓိရုပ်နဲ့ အမူအရာကို သဘောကျလို့ "ရဟန်းအဖြစ် အဓိကသရုပ် ဆောင်ပါ တဲ့ ဇာတ်ကားရိုက်ရင် သူ့ကိုထည့်သွင်း ရိုက်မယ် "လို့ ကြံရွယ်ခဲ့တယ်။ ဒါနဲ့ ဒီဇာတ်ကားရိုက်တဲ့ အခါ သူ့ကို ရွေးချယ်ခဲ့တာပဲ။ မနှစ်မေလလောက်ကစပြီး ဇာတ်ကားထဲမှာ ပြောရမယ့် စကားတွေ သူ့ကို ၃-လတိတိ ကျက်ခိုင်းခဲ့တယ်။ သူကလည်း ကြိုးစားခဲ့လို့ အောင်မြင်တာပါပဲ" ဟူ၍ ဆရာ ဦးသုခက ပြောပြ သည်။
မင်းသား မြတ်သစ် သည် တည်ငြိမ်၍ တရားဓမ္မနှင့် ပြည့်ဝသော ရဟန်းအသွင်ကို ပီပြင်ပြောင်မြောက်စွာ သရုပ်ဆောင်သွားသည်။ ထို့အတူ ကိုနေမျိုး၊ ဦးအုန်းရီ၊ ဦးသူရတို့ ကလည်း ရဟန်းအသွင်ပီပြင်အောင် သရုပ်ဆောင်သွားကြသည်။ ကိုနေမျိုးမှာ ဆွမ်းခံရင်း ရဟန္တာဖြစ်သွားသော နာဂသေနထေရ်အဖြစ် သရုပ်ဆောင်သူဖြစ်သည်။ ရုပ်ရှင် လောကမှမဟုတ် စာရေးကိရိယာပစ္စည်းများ ပုံနှိပ်ရောင်းချသောဆိုင်ပိုင် ရှင် ဖြစ်သည်။ ၀ါသနာ၊ စေတနာအရ ပါဝင်လာသည်ဟုသိရသည်။ ဦးသူရမှာ နကုလ သူဆင်းရဲနှင့် လမ်းခရီးတွင် ဆုံတွေ့သူ စူဋ္ဌပိဏ္ဍပါတိကတိဿ မထေရ်အဖြစ် သရုပ်ဆောင်သူဖြစ်သည်။ ဦးရွှေဘတို့နှင့် တစ်ခေတ်တည်း ပေါ်ထွန်းခဲ့သော နာမည်ကျော် စတန့်မင်းသားကြီးဖြစ်သည်။ ဆွမ်းထုပ်ကို သပိတ်၌ထား၍ "ငါမဂ်ဖိုလ် မရမချင်း ဤဆွမ်းကိုမစား"ဟု အဓိဋ္ဌာန်ကာ ရဟန်းတရားအားထုတ်ပုံမှာ အလွန် ထိမိ လှသည်။
ဦးအုန်းရီမှာ "မဟာသံဃရကိတ" မထေရ်အသွင် သရုပ်ဆောင်သူဖြစ်သည်။ ထမင်းကြမ်း အေး စက်စက် ကို ဘုန်းပေးနေသော တူဖြစ်သူ သာမဏေအား "ငါ့ရှင် သာမဏေ၊ သင်၏ လျှာကို ဆွမ်းအပူ မလောင်အောင် သတိထား၍ စားလော့" ဟု ဆိုဆုံးမသော မထေရ်ကြီးဖြစ်သည်။ ရဟန်းအို အစစ်ဟု ကြည့်သူများ ထင်မိကြသည်။ သရုပ်ဆောင်ပီပြင်သည်။ ဦးအုန်းရီ သည် ပန်းချီဆရာမ ၏ ဘကြီး ဖြစ်သည်။ သူ့အခန်း ရိုက်ပြီး၍ အခြားအခန်းများ ရိုက်ကူးနေဆဲတွင် သူ့ခမျာ နာမကျန်း၍ ကွယ်လွန်သွားရှာ သည်။ ဇာတ်ကား ကိုပင် ကြည့်မသွားရရှာပေ။
သူကွယ်လွန်ပြီးနောက် သူ့ဒိုင်ယာရီ မှတ်တမ်းစာအုပ်ကလေးကို ကြည့်သောအခါ ကျန်ရစ်သူတို့ စိတ်ထိခိုက်ဖွယ် စာတိုကလေးရေးထားသည်ကို တွေ့ရသည်။ "ကိုသုခ က ငါလုပ်တာ ကြိုက်သတဲ့" ဟူသော စာကလေးဖြစ်သည်။ သူ၏ သရုပ်ဆောင်မှုကို ဆရာဦးသုခ က နှစ်သက်ကြောင်းပြောခဲ့သည်ကို ကျေနပ်စွာ ရေးမှတ်ထားခြင်းဖြစ်ပေသည်။
သူ၏ တူသာမဏေလေးအဖြစ် သရုပ်ဆောင်သူမှာမူကန်ဦး ဇေတ၀န်ကျောင်းတိုက်မှ သာမဏေအစစ် ကလေးဖြစ်သည်။ အေးစက်သည့် ထမင်းကြမ်းဖြစ်သော်လည်း မဆင်မခြင်ပဲစားလျှင် သူ၏လျှာကို လောင် စေနိုင်သည်တကားဟု ပစ္စဝေက္ခဏာတင်၍ ကြောက်လန့်သောဥာဏ် သံဝေဂဖြင့် ဆင်ခြင်သုံးဆောင်ပြီး၊ ထိုနေ့မှာပင် ရဟန္တာဖြစ်သွားသော အခန်းကို ထိမိစွာ သရုပ်ဆောင်ခဲ့သူဖြစ်သည်။
ဤဇာတ်ကားတွင် ဆွမ်းခံကြွနေသော၊ ဆွမ်းဘုန်းပေးနေသော၊ တရားစာများ ရွတ်ဖတ်နေသော၊ ကမ္မဋ္ဌာန်း စီးဖြန်းနေသော ရဟန်းသံဃာအခန်းများကို ကြည်ညိုဖွယ်တွေ့ရသည်။ တကယ့် ရဟန်းသံဃာတော်များ ဖြစ်သည်။
ဆရာ ဦးသုခ၏ ညွှန်ကြားချက်အရ ပြည်မဟာဇောတိကရာမကျောင်းတိုက်၊ ရန်ကုန်မဟာဂန္ဓာရုံ ကျောင်းတိုက်၊ ၀ိဇ္ဇောတာရုံကျောင်းတိုက်၊ ပဉ္စ နိကာယ ကျောင်းတိုက်၊ ငွေကြာရံကျောင်းတိုက်၊ ၈-မိုင်ခွဲ ကန်ဦးဇေတ၀န်ကျောင်းတိုက်၊ ၇-မိုင်ခွဲစော်ဘွားကုန်းကျောင်းတိုက် စသည်တို့မှ ရဟန်းသံဃာတော်များ၏ နေ့စဉ် ဆောင်ရွက်မှုများကို ဒါရိုက်တာမောင်နှင်းမိုးက အပင်ပန်းခံ၍ ကြိုတင်ရိုက်ကူးထားသည်။ နောက်မှ ဤဇာတ်ကားတွင် ဖြတ်တောက်ထည့်သွင်းအသုံးပြုခြင်းဖြစ်သည်။ ထို့ကြောင့် အလွန်သဘာဝ ကျနေ သည်။ ကြည်ညိုဖွယ်ရာ ဖြစ်နေသည်။
ရဟန်းအဖြစ်မြတ်သစ်တို့က ပြောင်မြောက်စွာ သရုပ်ဆောင်သည့်နည်းတူ မင်းသားဇော်လင်း၊ အံ့ကျော်၊ စံမတူ၊ သူသူဇော်လင်း၊ ပလာတာ၊ ရှုမ၀ မိတင်အေး၊ မသီတာ၊ သော်တာ၊ တုတ်ပေါ၊ ဦးနီတာ၊ ကိုဘိုကေ၊ ကိုတင်ရီ၊ တာရောစံ စသူတို့ကလည်း သူအခန်းမှသူ ပြောင်မြောက်စွာ သရုပ်ဆောင်သွားကြသည်။
" မရှိလို့မလှူ်၊ မလှူလို့မရှိ "
" မရဘဲနဲ့လှူ၊ ငါလိုလူ ဇမ္ဗူမှာရှိဦးမလား" ဟူ၍ နကုလ (ဇော်လင်း) ကျုံးဝါးခန်းမှာ ကြက်သည်း မွေးညင်းများပင် ထသွားစေသည်။ စွန့်ဝံ့သော သဒ္ဓါတရားအပြည့်ရှိသည့် စိတ်ထားကို အထူး ပေါ်လွင်အောင် သရုပ်ဆောင်နိုင်သည်။ ထို့ပြင် သမီးကလေးအဖြစ်သရုပ်ဆောင်သူ သူသူဇော်လင်း ကလည်း သဘာဝ ကျကျသရုပ်ဆောင်သွားသည်။ သူသူဇော်လင်းသည် ဇော်လင်းနှင့်စန္ဒာ တို့၏ သမီး ကလေး ဖြစ်သည်။ သားအဖနှစ်ဦး သရုပ်ဆောင် ကောင်းလှသဖြင့် ကြည့်သူတိုင်းလိုလို ရင်ဆို့ကြ သည်။ မျက်ရည် ကျကြသည်။ သူတို့ကဲ့သို့ပင် အံ့ကျော်၊ စံမတူတို့ကလည်း သရုပ်ဆောင်ကောင်းလှသည်။ သူတို့နေရာ ကို အခြားသူများဖြင့် အစားထိုးမရနိုင်လောက်အောင် ပိုင်နိုင်ကြပါပေသည်။
ထူးခြားချက်တစ်ရပ်မှာ ဇော်လင်းတို့ သားအဖနှစ်ဦးပါဝင်သရုပ်ဆောင်သကဲ့သို့ ရှုမ၀ မိတင်အေးတို့ သားအမိ သုံးဦးကလည်း ပါဝင်သရုပ်ဆောင်ကြသည်။ နာဂသေန ထေရ်အား ဆွမ်းလောင်းသူ သားအမိ အဖြစ် မြတ်သစ် ၏ မိခင် ဒေါ်တင်အေးနှင့် ညီမ မသီတာတို့က ပါဝင်သရုပ်ဆောင်ခဲ့ကြသည်။
ဆရာဦးသုခသည် ယခင် မျက်စိကောင်းစဉ်ကမူ အမူအရာတို့ကို သေချာစွာကြည့်၍ လည်းကောင်း၊ ပြောဆို သည်တို့ကို သေချာစွာ နားထောင်၍လည်းကောင်း သင်ပြနိုင်ခဲ့သည်။ ယခုမူ အမူအရာတို့ကို မှုန်ဝါးဝါး သာ ကြည့်မြင်နိုင်တော့သည်။ သို့ရာတွင် ပြောကြသော စကားသံတို့ကို ဂရုပြုနားထောင်လျက် အမူအရာ ကို ကူညီညွှန်ပြခဲ့သည်။
ဆရာ ဦးသုခက " ပြောတဲ့အသံမှန်ရင် အမူအရာကလည်း မှန်တာပဲ၊ ပြောတဲ့အသံ သဘာဝကျရင် အမူ အရာ ကလည်း သဘာဝကျတာပဲ" ဟူ၍ ပြောပြသည်။
ဤဇာတ်ကား ရိုက်ကူးရာတွင် ဆရာကြီး ဦးသုခ၏ စီစဉ်ညွှန်ကြားချက်ကို ခံယူ၍ ဒါရိုက်တာမောင်နှင်းမိုးက ကူညီရိုက်ကူးသည့်နည်းတူ ဂီတလုလင်မောင်ကိုကိုက ဂီတမှူးအဖြစ် ဆောင်ရွက်သည်။
ဆရာ ဦးသုခသည် ဤဇာတ်ကားကို စီးပွားရေးအရ ရိုက်ကူးသည်မဟုတ်။ သာသနာပြု စိတ်ဓာတ်အပြည့် အ၀ဖြင့် အထူးကြိုးစား အပင်ပန်းခ့၍ ရိုက်ကူးခြင်းဖြစ်သည်။
" စူဋ္ဌ ပိဏ္ဍပါတိကတိဿ ရဟန်းကိုပြရာမှာ ရဟန်းရဲ့ ပသာဒကို ကြည်ညိုခံစားစေချင်လွန်းလို့ အဲဒီ တခန်း တည်း ဇင်းကျိုက်ရေတံခွန် ကို သွားရိုက်တာ ငွေ-၄၀၀၀ ကျော်ကျော် ကုန်ခဲ့ပါတယ်။ ဆွမ်းခံဖို့ အိမ် ကလေးဆိုရင် ရှာလိုက်ရတာ၊ နောက်ကျမှ ပြည်မြို့က ကျားပျံဦးအုန်းမောင်ခြံကြီးမှာ စိတ်တိုင်းကျ ရိုက်ခဲ့ရ တယ်။ ဆွမ်းခံကြွ တဲ့ သရက်တော ဥယျာဉ်လည်း ဒီအတိုင်းပဲ။ နောက်တစ်ခါ တွေ့ကြပါလိမ့်မယ်၊ ရဟန်းရဲ့ ပခုံးပေါ် မှာ ထမ်းတဲ့ထမ်းယပ်တောင်၊ (ထန်းထပ်တောင် မဟုတ်ဘူးနော်) ပေရွက်နဲ့လုပ်ပြီး ပေအရိုးကိုမီးနဲ့ ကွေးလိုက်တော့ အင်္ဂလိပ်အက္ခရာ Q ပုံသဏ္ဍာန်လိုမျိုး၊ တော်တော်ရှာယူရတယ်။ နောက်ဆုံး သထုံမြို့ ကျောင်းတစ်ကျောင်းက ဦးပဉ္စင်းတစ်ပါးစီမှာ သွားတွေ့ရတယ်။ ဒီယပ်တောင်ကလည်း တစ်ခုတည်းရှတာ။ အဲဒီက ရှားရှားပါးပါးရခဲ့တာ။ အာဂန္တု ခရီးသွားရဟန်းတစ်ပါးမှာ ဒီဟာမပါရင် ပရိဘောဂ မပြည့်စုံဘူး ပေါ့ဗျာ " ဟူ၍ ဆရာ ဦးသုခ နှင့် ဆရာ မောင်နှင်းမိုး တို့က ဖွင့်ဟပြောဆိုသည်။
ဆရာ ဦးသုခသည် အသက်အရွယ်ကိုမငဲ့၊ မျက်စိအားနည်းသည်ကိုမမူ၊ ရတနာသုံးပါးကို ဦးထိပ်ထားလျက်၊ စေတနာ၊ သဒ္ဓါ ပညာပြည့်စုံညီမျှစွာဖြင့် ရိုက်ကူးခဲ့သည်။ ထို့ကြောင့်လည်း " ရဟန်းစားရသော ဆွမ်းတစ်နပ်" သည် ထူးခြားအောင်မြင်သော သာသနာပြု ဇာတ်ကားဖြစ်လာပေသည်။ အချို့က ဤဇာတ်ကား ကို ကူး၍ ပြည်တွင်းရှိ ဓမ္မမိတ်ဆွေများထံ ဖြန့်ဝေကုသိုလ်ပြုရုံမျှမက အင်္ဂလန်၊ အမေရိကန်၊ ဆိုဗီယက်၊ ဂျပန်၊ ထိုင်း၊ ဟောင်ကောင်၊ စင်္ကာပူ၊ သြစတေးလျ စသည့်နိုင်ငံရပ်ခြားမှ ဓမ္မမိတ်ဆွေများထံသို့ ပင်ပေးပို့ ကုသိုလ်ပြုကြသည်ဟု ကြားသိရသည်။
" ရဟန်းစားရသော ဆွမ်းတစ်နပ်" သည်ဓမ္မရသကို အပြည့်အ၀ပြောင်မြောက်စွာ ဖော်ကျူးနိုင်သော ဇာတ် ကားဖြစ်သည်။ မြန်မာ့ရုပ်ရှင်လောကတွင် လည်းကောင်း၊ ကမ္ဘာ့ ရုပ်ရှင်လောကတွင် လည်းကောင်း၊ သည် ဇာတ်ကားမျိုးသည် တစ်ကားသာ ပေါ်ထွန်းသေးသည်ဟု ထင်မြင်ယူဆမိပါသည်။
မင်းယုဝေ
(၁၉၉၁ ခု၊ မတ်လ၊ မြတ်မင်္ဂလာစာစောင်)
(၁၉၉၁ ခု၊ မတ်လ၊ မြတ်မင်္ဂလာစာစောင်)
.
No comments:
Post a Comment