Friday, August 12, 2011

ဆရာဦးသုခနှင့် သူ့ခေတ်ပြိုင် စာဆိုတို့အမြင် အပိုင်း (၄၄)

ဘ၀သံသရာ ဆရာ ဦးသုခ
နတ်မောက် ထွန်းရှိန်

စွယ်စုံအနုပညာရှင် ဒါရိုက်တာ စာရေးဆရာကြီး အလင်္ကာကျော်စွာ ဆရာ ဦးသုခ၏ အသက် ၁၀၀ ပြည့် (ရာပြည့်) အထမ်းအမှတ် မဂ္ဂဇင်း (စာစောင်)တွင် ဆရာကြီးနှင့် ပတ်သက်၍ စာပေ ပညာရှင်များက ရှု့ထောင့် အမျိုးမျိုးမှ ရေးသားကြမည်ဖြစ်သည်။ ဆရာကြီး ဦးသုခနှင့် ရင်းနှီးမှုမရှိခဲ့သော်လည်း မန္တလေး တွင် တွေ့လိုက်မြင်လိုက်ရသည့် ပုံရိပ်အချို့ကို ရေးသားလိုပေသည်။ ရာပြည့် မဂ္ဂဇင်း ကော်မတီမှ စာမူတောင်း သောအခါ စိတ်ထဲမြင်နေ သိနေသည်များကို ပြောပြလိုခြင်းဖြစ်သည်။

ဆရာကြီး ဦးသုခပုံရိပ်ကို အစောဆုံး တွေ့မြင်မိသည်မှာ မိမိတို့ သတ္တမတန်း ကျောင်းသားဘ၀ လူထု အောင်သံရုပ်ရှင်ကားကို အကြိမ်ကြိမ် ကြည့်ခဲ့မိရာက ဆရာ ဦးသုခကို မှတ်မိနေခြင်းဖြစ်သည်။ ထိုစဉ်က လူထုအောင်သံသည် သတ္တမတန်း ကျောင်းသုံးစာအုပ်လည်း ဖြစ်နေသောကြောင့် ရုပ်ရှင်ဇာတ်ကားကို မြို့ ပေါ်ပွဲလမ်းသဘင်များတွင် လမ်းဆုံလမ်းခွ ပိတ်ကားထောင်ပြတိုင်း ကြည့်မိခြင်းဖြစ်သည်။

ထို့နောက် ၁၉၆၀ ခုနှစ် လူထုသတင်းစာတိုက်တွင် အလုပ်လုပ်နေစဉ် စာရေးဆရာ ဦးသုခသည် လူထု ဦးလှ၊ လူထု ဒေါ်အမာတို့ထံ ၀င်ရောက် နှုတ်ဆက်စကားပြောလေ့ရှိသည်။ လူထုသတင်းစာတိုက် ၀င်တိုင်း ဆရာ ဦးသုခ သည် သတင်းစာတိုက်မှ မိတ်ဆွေများအား ပြုံးရွှင်စွာ နှုတ်ဆက်လေ့ရှိသည်။ လူထုတိုက်သို့ လာရောက်ကြသော နိုင်ငံကျော် စာရေးဆရာများ၊ အနုပညာရှင်များအား မြင်တွေ့သိရှိခွင့်ရသည်မှာ ဦးလေး၊ ဒေါ်ဒေါ်တို့ ကျေးဇူးများပင်ဖြစ်ပေသည်။ ရှုမ၀ဦးကျော်နှင့်လည်းတွေ့ဆုံဖူးပေရာ အလွန်သဘော ကောင်းသော စာပေအနုပညာရှင်များဖြစ်သည်။

ဆရာ ဦးသုခသည် ပလေကပ် လုံချည် တိုက်ပုံအင်္ကျီအမြဲ ၀တ်ဆင်လေ့ရှိသည်။ ဘ၀သံသရာဇာတ်ကားကို မန္တလေးရုပ်ရှင်ခြံတွင် ရိုက်ကူးနေသောအခါ ဆရာ ဦးသုခကို အနီးကပ်တွေ့ရလေသည်။ ထိုအချိန်က မန္တလေးစာပေလောကတွင် ဆရာကြီး ရွှေဥဒေါင်း၊ ဆရာကြီး မြမျိုးလွင်တို့အပြင် ဆရာကြီး ရွှေမြိုင် ဦးဘတင်၊ ကျောက်စာဝန် ဦးမြ၊ စည်သူ ဦးမောင်မောင်ကျော်၊ ဦးဆန်းထွန်း၊ ဦးချမ်းမြ (မြကေတု)တို့လည်း မန္တလေး စာပေလှုပ်ရှားမှုများတွင် ရပ်တည်လျက်ရှိသည်။ မန္တလေးမြို့ခံ စာရေးဆရာများက ဦးစီး၍ စာဆို တော်နေ့ အခမ်းအနားပြဇာတ်များက ပြကြသောအခါ၌လည်း ရန်ကုန်မှ စာရေးဆရာများဖြစ်သော ဆရာ သုခ၊ ဆရာဇ၀နတို့ လာရောက် ကူညီခဲ့ကြသည်။ ပြဇာတ်အမည်မမှတ်မိ မြို့တော်ခန်းမ၌ ပြဇာတ်ကရာ၌ ဆရာ ဦးသုခ၊ ဆရာဇ၀နတို့ ကူညီခဲ့ကြသည်။ ထိုအချိန်က ကိုသာနိုးက သီပေါမင်းသားလုပ်သည်။

ဘ၀သံသရာ ဇာတ်ကားသည် မန္တလေး၌ ဆရာ ဦးသုခ၏ လက်ရာ ရုပ်ရှင်လောကက စံထားရသည့် ကား တစ်ကားဖြစ်ခဲ့သည်။ ဘ၀သံသရာ ဇာတ်ကား အထူးပွဲပြသောအခါ မိမိတို့ စာပေသမားများ မြို့ဂုဏ်ရောင် ရုပ်ရှင်ရုံ၌ ကြည့်ရှုခဲ့ရသည်ကို သတိရမိသည်။ ဆရာ ဦးသုခသည် ရုပ်ရှင် ဇာတ်ညွှန်းရေးသူ၊ သရုပ်ဆောင် သူ၊ ဒါရိုက်တာလုပ်သူ၊ ဇာတ်ဝင်သီချင်းရေးသူ၊ ကဗျာရေးသူ အဖြစ်လည်း ထင်ရှားသည်။ ဆရာ ဦးသုခသည် ချစ်အမျှရုပ်ရှင် ဇာတ်ညွှန်းရေး၍ ရုပ်ရှင်လောကသို့ ခြေစုံပစ်ဝင်ခဲ့သည်။ ၁၉၄၈ ခုနှစ်တွင် ချစ် အနုမြူဇာတ်ကားကို ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့သည်။ အသံတိတ်ဇာတ်ကား ဖြစ်သော်လည်း လူကြိုက်များ ခဲ့သည်။ မြန်မာနိုင်ငံ စာရေးဆရာအသင်းက ငွေတံဆိပ်ဆု ချီးမြှင့်သည်။

ဆရာ ဦးသုခသည် ဘ၀သံသရာ ဇာတ်ကားဖြင့်လည်း မန္တလေးရုပ်ရှင်ပွဲဦးထွက် ရိုက်ကူးခဲ့ရာ အောင်မြင် ကျော်ကြားခဲ့သည်။ ဇာတ်ကားအဖွင့်တွင် ရွာစားကြီး စိန်မောင်ကို၏ ပတ်မသံကြီးကို ထူးထူးခြားခြား ကြား လိုက်ရသည်မှာ ဆရာဦးသုခ၏ တီထွင်ကြံဆမှုတစ်ရပ်ဖြစ်သည်။ ဆရာ ဦးသုခသည် ဇာတ်ဝင်သီချင်း လည်းရေးသလို ကိုယ်တိုင်လည်း သီဆိုသူဖြစ်သည်။ ဂုဏ်ရည်မတူ ဇာတ်ကားတွင်လည်းကောင်း ဘ၀သံ သရာဇာတ်ကားတွင်လည်းကောင်း ဆရာ ဦးသုခ၏ ထိမိသောအသံကို နားဆင်ရမည်ဖြစ်သည်။ ဆရာ ဦးသုခ ကိုယ်တိုင် သရုပ်ဆောင်ခဲ့သော ရုပ်ရှင်ကား ခြောက်ကားရှိရာ ဂုဏ်ရည်မတူ (၁၉၄၉)၊ ချစ်မုန်းမာန် (၁၉၅၀)၊ လူထုအောင်လံ (၁၉၅၄)၊ ဘ၀သံသရာ (၁၉၅၆)၊ ဇယဒိသ (၁၉၆၀)၊ သားတို့ရုပ်ရည် (၁၉၆၂)တို့ ဖြစ်ပြီး ဦးသုခ သီဆိုခဲ့သည့် သီချင်းလေးပုဒ်တွင် လှမဉ္ဇူ (၁၉၃၈)၊ နွေနှောင်းဝဿန် (၁၉၅၀)၊ ဂုဏ်ဆိုတာ ငွေကို ခေါ်တယ် (၁၉၅၃)၊ ဘ၀သံသရာ (၁၉၅၆)တို့ဖြစ်သည်။ ဦးသုခကိုယ်တိုင် ရေးခဲ့သည့် သီချင်းလေး ပုဒ်တွင် ဂုဏ်ဆိုတာငွေကို ခေါ်တယ်၊ ချစ်အဏုမြူ၊ ဘ၀သံသရာ၊ အသဲနှလုံးကစကားပြောပြီတို့ ဖြစ်သည်။

ဆရာ ဦးသုခ၏ ဘ၀သံသရာဇာတ်ကားမှာ မန္တလေး ရုပ်ရှင်ခြံ ၁၉၈၁ ခုနှစ်က မန္တလေးမီးလောင်ရာ၌ ဇာတ် ကားစာအုပ်များ မီးထဲပါသွားသဖြင့် ယခုတိုင် ဘ၀သံသရာကို ပြန်လည်ကြည့်ရှုခွင့် မရနိုင်တော့ပေ။ ဆရာ ဦးသုခသည် အသက်အရွယ် ကြီးရင့်လာသည့်အလျှောက် နောက်ပိုင်းတွင် ပညာပေးဓမ္မ တေးများကို ရွေး ချယ်ရိုက်ကူးခဲ့သည်။ ရဟန်းစားသော ဆွမ်းတစ်နပ်၊ တစ်ပါးသီလ၊ ရဟန်းမစားရသော ဆွမ်းတစ်နပ် ဇာတ် ကားများမှာ မြန်မာ့ရုပ်မြင်သံကြားမှ မကြာခဏ ထုတ်လွှင့်ပြသပေးသည်။ ကြည့်တိုင်း မရိုးနိုင်သော ဇာတ် လမ်းများဖြစ်သည်။ ဆရာကြီး ဦးသုခသည် သီချင်းကြီး သီချင်းခံကိုလည်းများစွာ နှစ်သက်သူ ဖြစ်ရာ ဇေယျ တုသဗ္ဗမင်္ဂလံကိုကြားလျှင် ဆရာကြီး ဦးသုခ၏ ဟောပြောချက်၊ ဆိုင်းတေးဂီတနှင့် တွဲဖက်သီဆို ဟောပြော ထုတ်လွှင့်ချက်ကို သတိရနေကြမည်ဖြစ်သည်။

ဆရာ ဦးသုခကို ရှေးဦးစွာ ကြည်ညိုမိသည်မှာ ဆရာ၏ ၀တ္ထုတို၊ ၀တ္ထုရှည်များ ဖတ်ခဲ့ရ၍ စွဲလန်းကြည်ညို နေခြင်းဖြစ်သည်။ ဆရာ ဦးသုခ၀တ္ထုတိုများကို ရှုမ၀ရုပ်စုံမဂ္ဂဇင်းတွင် စောင့်ဖတ်ခဲ့သည်။ ထို့နောက် သုခ၏ ၀တ္ထုတိုပေါင်းချုပ် ထွက်လာသောအခါ မဖတ်မိသေးသော ၀တ္ထုများဖတ်ခဲ့ရသည်။ သုခမှတ်စုများသည် ရောင်းမလောက်ဖြစ်ခဲ့ရသည်။ ဆရာ ဦးသုခသည် ပရိယတ္တိစာပေ ကျမ်းဂန်နှံ့စပ်သည်။ ဗုဒ္ဓစာပေကျမ်းဂန် ၂၀၀ ကျော်ဖတ်ရှုလေ့လာခဲ့သဖြင့် ဓမ္မရသဇာတ်လမ်း ရုပ်ရှင်များ ပိုင်နိုင်စွာ ရိုက်ကူးနိုင်ခဲ့ခြင်းဖြစ်သည်။ ဆရာသည် လုံးချင်းဝတ္ထု ၁၀၀ကျော်၊ ၀တ္ထုတိုပေါင်း ၂၀၀ကျော်၊ ကျမ်းစာအုပ် ၁၂ အုပ် ရေးသားခဲ့ပြီး၊ ရာမ ခရစ် ရှနာသုတ္တန်ပုံပြင်များ၊ အကျော်ဒေးယျ ဗုဒ္ဓသမီးတော်များ၊ မင်္ဂလသုတ်၊ မေတ္တသုတ်၊ ရနသုတ်၊ လောကနိတိ၊ စိတ်ဆိုသော စိတ်နှင့် ၀ဉ္ဏနာဒီပနီ၊ ဓမ္မရသ အလှမျိုးစုံ၊ စာမျိုးစုံ သုတရသဓမ္မစာစုံစာအုပ်တို့ မှာ ဘာသာရေး စာအုပ်များဖြစ်သည်။

ဆရာ ဦးသုခသည် မြန်မာစာပေလောက၊ မြန်မာ့ရုပ်ရှင်လောကတွင် မီးရှုးတန်ဆောင် အနုပညာရှင်ကြီး ဖြစ်သည်။ ဆရာကြီး အသက်ထင်ရှားရှိစဉ် အမေနေ့ ဟောပြောပွဲများ ဦးဆောင်ခဲ့သလို ရုပ်ရှင်ကြည့် ပရိ သတ်ကိုလည်း ရုပ်ရှင်ရသ ဇာတ်ကားများ ဖန်တီးတင်ဆက်ပေးခဲ့သည်။ ထို့ကြောင့်လည်း မြန်မာ့ရုပ်ရှင် လောကတွင် အကယ်ဒမီဆု ၆ ဆု ရရှိခဲ့သော ပညာရှင်ကြီးဖြစ်သည်။ ဆရာ ဦးသုခသည် ၂၀၀၅ ခုနှစ်၊ ဒီဇင်ဘာ (၇)ရက် အသက်(၉၆)နှစ်တွင် ကွယ်လွန်ခဲ့သည်။ ၁၉၁၀ ခုနှစ် ဇန်န၀ါရီ (၁၄)ရက်တွင် ဧရာဝတီတိုင်း၊ ကျိုက်လက်မြို့နယ်၊ စာဖြူစု ကျေးရွာတွင် မွေးဖွားခဲ့သဖြင့် ၂၀၁၀ ခုနှစ်၊ ဇန်န၀ါရီလ (၁၄)ရက်တွင် အသက် ၁၀၀ ပြည့် အထိမ်းအမှတ်ဖြစ်သည်။ ဆရာကြီး၏ အသက် ၁၀၀ ပြည့် အထိမ်း အမှတ် မဂ္ဂဇင်း စာစောင်သည် အနုပညာရှင်များ စာပေသမားများအတွက် အားကျလောက်ဖွယ် အနုပညာ အားမာန်များ အမွေပေးရစ်ခဲ့မည်ဟု မျှော်လင့်သည်။
                                   
နတ်မောက်ထွန်းရှိန်

မှီငြမ်း
(၁)  မန္တလေးရုပ်ရှင်စာစောင်
(၂)  မြန်မာ့ရုပ်ရှင်ငွေကြယ်ပွင့်တို့၏ ရုပ်ပုံလွှာများ (ကျော်သန်းမြင့်ဗန်းမော်)
(၃)  ရာပြည့်ဘဘဦးသုခ (ချယ်ရီမြေ မောင်တင်ထွန်း) ရတနာပုံ (၂၃.၈.၂၀၀၉)
------------------
 
ကျော်ညွန့် (ဘူမိဗေဒ)
ကျွန်တော်ကြိုက်သော ဒါရိုက်တာ

ကျွန်တော်ငယ်စဉ်က နေခဲ့တဲ့နေရာက မန္တလေးမြို့ရဲ့ (၈၃)လမ်းပေါ်က လမ်း(၃၀)ထိပ်နားက နေရာမှာပါ။ ယခု ဦးမြတ်ကျော်ရဲ့ ယမင်းသူဇာဓာတ်ပုံတိုက်နေရာပါ။ အဖေက အိမ်မှာ အပ်ချုပ်စက်အလုံး(၂၀)နှင့် မိန်းမ ၀တ်ဘော်လီအင်္ကျီများကို ချုပ်ပြီး အမေက ယခင်ဈေးချိုအိုင်ရုံထဲက ဆိုင်မှာ လက်လီလက်ကား ရောင်း ပါသည်။ ကျွန်တော်တို့အိမ်ရဲ့ တောင်ဘက်ထိပ် (၈၃)လမ်းနှင့် (၃၁)လမ်းထောင့်မျာက မြို့ဂုဏ်ရောင် ရုပ်ရှင်ရုံ ရှိပါသည်။ ကျွန်တော်က တစ်ဦးတည်းသောသားပါ။ ဒါကြောင့် အဖေရော အမေပါ ကျွန်တော့် ကို မိဘနှင့်သာ အမြဲနေစေပါသည်။ အဖေတို့ အမေတို့ရဲ့ အပန်းဖြေတဲ့ ပုံစံက မြို့ဂုဏ်ရောင်မှာ ကားသစ် လဲလျှင် ညပွဲသွားကြည့်တယ်။ ပြီးတော့ ဥပုသ်နေ့ ဈေးပိတ်ရက်မှာ မန္တလေးတောင်၊ ရန်ကင်းတောင်၊ တောင်သမန်အင်းစသည့် နေရာများကို ထမင်းချိုင့်ဆွဲပြီး အပန်းဖြေသွားလေ့ရှိပါတယ်။

တစ်နေ့မနက် အမေဈေးမသွားခင် အဖေက " ညွန့်ရေ မြို့ဂုဏ်ရောင်မှာ ဒီနေ့ကားလဲတယ်၊ ညကျ သွားကြည့်ရအောင်" ဟုပြောရာ အမေက "ဘာကားလဲ ကိုကို"ဟု ပြန်မေးပါသည်။ "ဂုဏ်ရည်မတူတဲ့ကွ၊ ကားအမည် က အရေးမကြီးပါဘူး၊ သုခ ရိုက်တဲ့ကားကွ ကောင်းမှာသေချာတယ်"
" ဟာ ဒါဆိုကောင်းမှာပဲ၊ ဒီနေ့ညပွဲ သွားကြည့်ကြမယ်လေ"ဟု အမေက ပြန်ပြောရာ ညကျရင် ဓာတ်ရှင် (ကျွန်တော် ငယ်ငယ်က ရုပ်ရှင်ဟု မခေါ်ကြသေးပါ။ ဓာတ်ရှင်ဟုသာ ခေါ်ကြပါသည်။) ကြည့်ရတော့မည် ဖြစ်သဖြင့် ကျွန်တော် ပျော်နေပါသည်။ ညဓာတ်ရှင်ရုံထဲ ရောက်လို့ ခဏနေတော့ မီးတွေ မှိတ်လိုက်ပြီး ကားစပြတာနဲ့ လမ်းဘေးမှာ ခပ်ကြီးကြီးလူကြီးက တယောထိုးပြီး သူ့ဘေးက ကောင်လေးက သီချင်းတွေ ဆိုနေပါသည်။ ရှေ့မှာ ခွက်တစ်လုံးလည်း ချထားပါသည်။

" အဖေကလဲဗျာ၊ သူတောင်းစားကားကြီးလာကြည့်နေတယ်" ဟု ကျွန်တော်ကပြောရာ အဖေက "ကြည့်ပါဦး သားရဲ့ အဲဒါ သူတောင်းစားအစစ်မဟုတ်ပါဘူး၊ တယောထိုးနေတဲ့သူက ဒါရိုက်တာ သုခလေ၊ သီချင်းဆိုနေတာက မင်းသမီး မေသစ်ပါ သားရဲ့" ဟုပြောသဖြင့် စိတ်ညစ်ညစ်နဲ့ ထိုင်ကြည့်နေပါသည်။ အဖေက မင်းသမီး မေသစ်လို့ပြောတဲ့ သူတောင်းစားမလေး သီချင်းဆိုနေပါသည်။
" ပုဗ္ဗေစ အခြေမလှတဲ့သူကို သနားကရုဏာ စေတနာတွေပို ...  သဒ္ဓါတတ်အားနည်းများမဆို ... ပေးကမ်း စေလို ... " လမ်းပေါ်က လူများက သွားရင်းလာရင်း ရှေ့ချထားတဲ့ခွက်ထဲကို အကြွေစေ့တွေ၊ ကျပ်တန်တွေ ကို ထည့်သွားကြပါသည်။

လူတစ်ယောက် ရောက်လာပြီး သူ့အင်္ကျီအိတ်ကို နှိုက်ရင်း သူတောင်းစား နှစ်ယောက်ရဲ့ရှေ့မှာ ထိုင်ချ လိုက်ပါသည်။ သူအိတ်ထဲက လက်ကို ဖြန့်ထုတ်လိုက်ပြီး သူတောင်းစားတွေရဲ့ ရှေ့ကခွက်ထဲက ပိုက်ဆံကို နှိုက်ပြီး သူ့အိတ်ထဲထည့်မည်အလုပ်တယောထိုးနေတဲ့ ဒါရိုက်တာသုခလို့ အဖေ ပြောတဲ့ လူဘကီးက ပိုက်ဆံနှိုက် တဲ့ လူရဲ့ လက်ကို လှမ်းဆွဲထားလိုက်ပါသည်။ ဒါက အပြင်မှာ လိမ် ပြီး တောင်းစားနေသူကို သရော်လိုက်တာပါ။ ဟုတ်ပါသည်။ မျက်စေ့မမြင်လို့ လူဆွဲပြီး တစ်လှမ်းချင်းသွား ရင်း တောင်းနေသူကို တစ်နေရာမှာ တစ်ယောက်ထဲ သွားနေတာကို တွေ့ဖူးသလို ချိုင်းထောက်နှင့် တစ်လှမ်းချင်းသွားနေသူက ဘတ်(စ်)ကားပေါ်မှ ခုန်ချတာကိုလည်း တွေ့ဖူးပါသည်။

မိမိကို ဒုက္ခိတပါလို့ လူအများ သနားအောင်လိမ်ပြီး တောင်းစားသူတွေကို ဘဘ သရော်လိုက်တာပါ။ သူတောင်းစားခွက်ထဲက ပိုက်ဆံနှိုက်တဲ့ သူက "ထမင်းမစားရသေးလို့ပါ"လို့ ပြောသည့်အတွက် သူတောင်းစားတွေက အိမ်ကိုခေါ်ပြီး ထမင်းကျွေးကြပါသည်။ သူ့အမည်ကို မေးတော့ အဲဒီလူက မိမိအမည်ကို မိမိမသိ၊ ထိုအချိန် ရွာထဲသို့ အထမ်းနှင့် ပေါက်စီရောင်းသူက "ပေါက်စီ" ဟုဟစ်လိုက်သံကို ကြားပြီး "ပေါက်စီ၊ ပေါက်စီ ဟုတ်တယ်၊ ကျုပ် အမည် ပေါက်စီ" ဟု ပြောချလိုက်မှ တစ်ကားလုံးပေါက်စီ ဖြစ်သွားပါသည်။ ပေါက်စီအဖြစ် သရုပ်ဆောင်သူက ဖာတစ်လုံးခင်မောင်ပါ။

ပေါက်စီဟာ စိတ်နောက်နေသူဖြစ်ကြောင်း သိရသဖြင့် သနား၍ မယ်သုံတို့ မောင်နှမက အိမ်မှာထမင်းချက် ရင်း ကျန်ခဲ့ပါသည်။ မည်သို့မျှ သွေးသားမတော်ဘဲ ကျားနှင့်မ တစ်အိမ်ထဲ အတူနေကြရသဖြင့် အနေကြာ တော့ ပေါက်စီနှင့် မယ်သုံတို့ ချစ်သူတွေ ဖြစ်သွားကြပါသည်။ မျက်မမြင်အစ်ကို ဘေးမှာထားပြီး မယ်သုံနှင့် ပေါက်စီ တို့ ချစ်စကားပြောမိကြရာ အစ်ကို ဖြစ်သူက "ညီမလေးမယ်သုံ ငါ့မျက်စိ ကန်း ရုံတင်မကဘူး၊ နားပါ ကန်းနေရင် ကောင်းမယ်လို့" ဘဘက ပြောလိုက်သည့် စကားကို အခုအချိန်ထိ ကြားယောင် နေပါသေးသည်။ မယ်သုံတို့ မောင်နှမကလည်း တောင်း၍ရတဲ့ ပိုက်ဆံကိုစုပြီး ပေါက်စီကိုဆေး ကု ပေးကြပါသည်။ ဆေးကုပေးတဲ့ စိတ္တဇဆရာဝန်က ပေါက်စီကို သိနေသည့်အတွက် ပေါက်စီရဲ့မိဘများကို အကြောင်းကြား လိုက်သဖြင့် ပေါက်စီ၏ မိဘများရော၊ စေ့စပ်ထားသော ဇနီးလောင်းနှင့် ယောက္ခမ လောင်း တွေပါ လိုက်လာကြပါသည်။

ဇနီးလောင်းက သူတောင်းစားအိမ်မှာ နေတဲ့သူမို့ မယူနိုင်ပါဟု ပြောပြီးပြန်သွားပါသည်။ စိတ်ရောဂါ ပျောက်သွားတော့ ပေါက်စီက မယ်သုံတို့ မောင်နှမကို လုံးဝ မမှတ်မိ တော့ပါ။ ပေါက်စီကလည်း သူ့မိဘ တွေနဲ့ ပြန်တွေ့သွားပြီ ဖြစ်သဖြင့် မယ်သုံတို့ မောင်နှမလည်း သူတောင်း စားရွာ ပြန်ခဲ့ကြရပါသည်။

ပေါက်စီရဲ့မိဘများကလည်း ကျေးဇူးရှင်ကို ကျေးဇူးရှင်မှတ်သိတတ်ကြပါသည်။ သူတောင်းစားပင် ဖြစ်လင့် ကစား မိမိတို့သား စိတ်ဖောက်ပြန်ရသည့်အချိန်က ခေါ်ယူကျွေးမွေးထားပြီး တောင်း၍ရသည့် ပိုက်ဆံကိုစု ပြီးသားရဲ့ စိတ်ရောဂါကို ဆေးကုပေးခဲ့သည့် ကျေးဇူးကို သိတတ်စွာနှင့် ကျေးဇူးဆပ်ရန် သူတောင်းစားရွာကို လိုက်သွားကြပါသည်။ ပေါက်စီကတော့ လုံးဝ မမှတ်မိတော့၊ ရွာအ၀င်မှာ လမ်းဘက်သို့ ထိုးထွက်နေသည့် သစ်ကိုင်းနှင့် ဦးခေါင်းကိုရိုက်မိတော့မှ ပေါက်စီက ပြန်ပြီး ရွာကိုရော၊ မယ် သုံ တို့ မောင်နှမကိုရော မှတ်မိသွားပါသည်။ ပေါက်စီ၏ မိဘများကလည်း လူကို လူလို့သာ မြင်ပြီး အဆင့် တန်း မခွဲခြား တတ်သူတွေမို့ ပေါက်စီနှင့် မယ်သုံတို့ ချစ်သူနှစ်ဦးကို လက်ထပ်ပေးလိုက်ခြင်းဖြင့် မယ်သုံတို့ မောင်နှမ လည်း ချမ်းသာတဲ့ဘ၀ကို ရောက်သွားပြီး ပျော်ရွင်စွာ ဇာတ်သိမ်းထားပါသည်။ ဒီဂုဏ်ရည်မတူ ရုပ်ရှင်ဇာတ်ကား မှာ ဘဘက ဆင်းရဲတာ၊ ချမ်းသာတာဟာ အဓိကမဟုတ်၊ မေတ္တာစေတနာသာ အဓိက ဖြစ် ပြီး မေတ္တာရောင်ပြန် အကျိုးပေးပုံကို ဖော်ညွှန်းထားခြင်းဖြစ်ပါသည်။

စာရေးသူ၏ ဖခင်လူပျိုဘ၀က (၃၅)အေလမ်းနှင့် အောင်ပင်လယ် ကန်ဘောင်ထောင့်နေရာမှာ မိဘလယ် မြေများကို ကြီးကြပ်လယ်စိုက်ခဲ့ပါသည်။ နံနက်စောစောပိုင်း သို့မဟုတ် ညနေပိုင်းအချိန်တွေမှာ လူတစ် ယောက်က ကားနှင့်ရောက်လာပြီး တယောထိုးတဲ့အခါ ထိုးပါသည်။ ကင်မရာနှင့်ရှုခင်းတွေ ဓာတ်ပုံရိုက် တဲ့အခါ ရိုက်ပါသည်။ တစ်ခါတစ်ရံ လက်လှည့်ရုပ်ရှင်ကင်မရာ ပါလာတတ်ပြီး ရုပ်ရှင်ရိုက်တဲ့အခါ ရိုက်နဲ့ပေါ့။ အဖေကလည်း ထိုသူသည် လူကြီးလူကောင်း တစ်ဦးဖြစ်သဖြင့် မိတ်ဆက်ပြီး လိုအပ်တာကို အကူအညီပေးခဲ့ပါသည်။ အဖေပြလို့ ထိုပုဂ္ဂိုလ်ရိုက်ပေးထားသော အဖေလှေထိုးသားပုံစံ၊ ဖောင်သမား ပုံစံတို့နှင့် ပိုက်ကျုံးဘက်မှာ ရိုက်ထားသော ဓာတ်ပုံများကို မြင်ဖူးပါသည်။ အပျော်တမ်းမြို့မတီး ၀ိုင်းကို ဦးစီးပြီး ဖွဲ့စည်းခဲ့သဖြင့် ထိုပုဂ္ဂိုလ်ကို မြိုကမဦးသန့် သို့မဟုတ် ဒါးတန်းဦးသန်ပလို့ လူတိုင်းသိကြတဲ့ သူပါ။

တစ်ရက်အဖေရယ် စက်ဘီးနင်းသွား၍ နောက်ကဇောက်ဝက်ကွန် အဖြူလေးတစ်စီး နောက်မှ ကပ်လိုက် သဖြင့် အဖေက စက်ဘီးပေါ်မှ လမ်းဘေးကိုဆင်းလိုက်ပြီး လှည့်ကြည့်လိုက်တော့ မြို့မ ဦးသန့် ဖြစ်နေ ပါသည်။
" ဟာ ဦးသန့်ပါလား "
" ဟုတ်တယ်ဗျ၊ ဦးဘကျော်ကလည်းဗျာ၊ နောက်ကို လုံးဝမလှည့်ကြည့်ဘူး၊ ကျွန်တော် ခင်ဗျားနှင့် တွေ့ချင် လို့ လိုက်လာတာ၊ ကျွန်တော်တို့၊ ၀င်းလိုက်ဦးကျော်ဝင်းတို့စုပြီး ရုပ်ရှင်ကုမ္ပဏီ ထောင်ထားတယ်။ အဲဒါ ဦးဘကျော် ကျွန်တော့် ကို ပြောထားတဲ့အတိုင်း ကျွန်တော်တို့ ရုပ်ရှင်လုပ်ငန်းမှာ ကူညီစေချင်လို့ပါ"

" ဟုတ်လား၊ ဒါပေမဲ့ ကျွန်တော် မကူညီနိုင်တော့ဘူး ဦးသန့်"
" ကျွန်တော့်စီးပွားရေးလုပ်ငန်းကြောင့်ပါ။ ကျွန်တော်က အိမ်မျာ စက်အလုံး (၂၀)လောက်နဲ့ ဘော်လီအင်္ကျီ တွေ ကြီးကြပ်အုပ်ချုပ်ရတယ်။ မိန်းမက ဈေးချိုထဲမှာ ဆိုင်ဖွင့်တယ်။ အားရက်မရှိပါဘူးဗျာ၊ တစ်ပတ်လုံး နေမှ ဥပုသ်နေ့တစ်ရက်ပဲ နားရတာ"
" ဒါဆိုလဲဗျာ၊ ဥပုသ်နေ့မှာ ခြံကိုလာပါဦး၊ အခုဘ၀သံသရာဆိုပြီး ဇာတ်ကားရိုက်နေတယ်"

" ဘယ်သူတွေနဲ့လဲ"
" မင်းသားက ဇေယျ၊ မင်းသမီးက မေသစ်၊ ဒါရိုက်တာသုခ၊ သူကိုယ်တိုင်လည်း မေသစ်ရဲ့ အစ်ကိုနေရာက သရုပ်ဆောင်မှာပါ"
" ကျွန်တော်လာခဲ့မယ်၊ ရုပ်ရှင်ရိုက်တာကို ကျွန်တော့် မိန်းမနဲ့ သားက ကြည့်ချင်မှာဆိုတော့ ခေါ်လာလို့ရ မလား"
" ရပါတယ်ဗျာ၊ ဒီလိုပဲ လာကြည့်နေကြတာပဲ ကျွန်တော် သွားဦးမယ် "

ဥပုသ်နေ့တစ်ရက်မှာ အဖေက အမေနှင့် ကျွန်တော့်ကိုခေါ်ပြီး မန္တလေးရုပ်ရှင်ခြံကို သွားကြပါသည်။ ဦးသန့် က ကျွန်တော်တို့ကို ခြံထဲမှာ ဖန်တီးထားသော ရေချောင်းတွေ၊ ချောင်းကူးတံတားတွေ ပန်းခြံတွေကို လိုက်ပြ ပြီးနောက် စတူဒီယိုဘက်ကို ခေါ်သွားပါသည်။

" ဦးဘကျော် အဲဒီထရံကာ ကပ်မိုး အဆောက်အဦးက စတူဒီယိုပါ။ စတူဒီယိုထဲမှာ ရုပ်ရှင်ရိုက်တဲ့အခါ ဒီ အဆောက်အဦးထဲက အသံဖမ်းတာပါ။ အသံဖမ်းရုံပေါ့ဗျာ" ဟုပြောရင်း ပေ(၂၀)နီးပါးမြင့်တဲ့ ဂိုထောင်နဲ့တူ တဲ့ ထရံကာကပ်မိုး အဆောက်အဦးကိုပြရင်း ဘေးနားက အုတ်တိုက်အဆောက်အဦးကိုလည်း အသံဖမ်းရုံ ပါဆိုပြီး ပြပါသည်။
" လာ ဦးဘကျော် စတူဒီယိုထဲ ၀င်ကြည့်ရအောင်" ဟု ကျွန်တော်တို့ မိသားစုကို စတူဒီယိုလိုပြောသည့် ထရံကာကပ်မိုး အဆောက်အဦးကြီးထဲကို ခေါ်သွားပါသည်။ စတူဒီယိုထဲရောက်တော့ အတွင်းနံရံတွေမှာ ဂုံနီအိတ်တွေ ကာထားတာကို တွေ့ရပါသည်။

" စတူဒီယိုက ထရံကာကပ်မိုးဆိုပေမဲ့ ပိုပြီးစိတ်ချရအောင်ပေါ့။ မင်းသား၊ မင်းသမီးတွေပြောတဲ့ စကားတွေ အက်ကိုး မပြန်အောင်နံရံမှာ ကောက်ရိုးတွေကပ်ပြီး ဂုံနီစတွေနဲ့ ထိန်းထားတာပါ။ ဒါကတော့ အိမ်အတွင်း ခန်းပေါ့၊ လိုက်ကာချထားတာက အိပ်ခန်းပေါ့။ ဆက်တီတွေချထားတာ ဧည့်ခန်းလေ၊ အခုရိုက်မဲ့ အခန်းက သုခကသူ့နှမမေသစ်ကို ချစ်သူရည်းစားထားလို့ ဆုံးမတဲ့အခန်းပါ။"
" ဦးသန့် ရုပ်ရှင်ရိုက်တာကို လာကြည့်တာမရှိဘူးလား "
" ရှိတာပေါ့ ဦးဘကျော်ရဲ့ ဟိုအပေါ်မှာလေ "ဟုပြောသဖြင့် အဆောက်အဦးပေါ်ကို မော့ကြည့်လိုက်ရာ စတူဒီယိုရဲ့ ခေါင်ကြောင်းတစ်လျှောက်မှာ လမ်းလျှောက်လုပ်ထားပြီး ထိုအပေါ်မှာလဲ လူတော်တော်များများ ကိုတွေ့ရပါသည်။

" ကဲ ... ဦးဘကျော် အားတော့နာတယ်၊ ဦးဘကျော်က ကျွန်တော့် မိတ်ဆွေဆိုပေမဲ့ ဒီမှာချထားတဲ့စည်း ကမ်းအတိုင်း ဦးဘကျော်တို့အပေါ် လမ်းလျှောက်က တက်ကြည့်ပေးပါခင်ဗျား"
" ဟုတ်ကဲ့ ကျွန်တော်တို့ အပေါ်တက်လိုက်ပါမယ် "
" ရိုက်ကွင်းနားတော့မှ တွေ့ကြသေးတာပေါ့ "
" ဟုတ်ကဲ့ ဟုတ်ကဲ့ "ဟုပြောပြီး ဦးသန့်လမ်းညွှန်တဲ့အတိုင်း စတူဒိယိုရဲ့ ခေါင်ကြောင်းတစ်လျှောက်မှာရှိတဲ့ လမ်းလျှောက်ပေါ်ကို တက်လိုက်ကြပါတယ်။ အပေါ်မှာ ကျွန်တော်တို့လိုပဲ လာကြည့်တဲ့သူတွေ တော်တော် များပါတယ်။ ကျွန်တော်တို့ အပေါ်ကိုရောက်သွားတော့ ဘဘဦးသုခနျင့် မင်းသမီးမေသစ်က ဆက်တီမျာ ထိုင်နေကြပါသည်။ ကင်မရာ ချိန်ထားပြီးပါပြီ။ ဆလိုက်မီးတွေလည်း ဘဘတို့ကို ထိုးထားပြီးပါပြီ။

" အားလုံး ငြိမ်ပေးပါ။ စကားမပြောကြပါနဲ့၊ ရယ်ဒီ
ဝမ်တူးသရီး ကတ်"
အစ်ကိုကြီးဖြစ်တဲ့ ဘဘ ညီမငယ် မေသစ်ကို ချစ်သူရည်းစားထားလို့ ဆုံးမတဲ့အခန်းပါ။ ဘဘက ဆုံးမစကားပြောတော့ မင်းသမီးမေသစ်က မျက်ရည်တွေကျလာပြီး ငိုပါတော့သည်။ အဲဒီအချိန်မှာ ဟိုး ... ဟိုး ... ကတ်ဟု အော်သံကြားလိုက်ရပြီး မီးတွေလဲ မှိတ်သွားပါသည်။ ဘဘက " ဘာဖြစ်တာလဲ၊ ကျုပ်ရော မင်းသမီးရော မှန်နေတာပဲဟာ" ဟု ပြောလိုက်သဖြင့် အသံဖမ်း အင်ဂျင်နီယာက "ငိုသံနျစ်သံ ဖြစ်နေတယ် ဆိုလို့ပါဆရာ" ဟု ပြန်ဖြေသံကြားလိုက်ရပါသည်။ အဖြစ်မှန်က ဒီလိုပါ။ ဘဘကလည်း အပြောကောင်း မင်းသမီးကလည်း သရုပ်ဆောင်ကောင်းတော့ ကျွန်တော်တို့နှင့်အတူတူ ခေါင်ကြောင်း စင်္ကြာပေါ်က ကြည့်နေတဲ့ အမျိုးသမီးတစ်ဦးကပါ လိုက်ငိုတာပါ။ မန္တလေးရုပ်ရှင်ရဲ့ စက်ကလည်းကောင်းတော့ ခေါင်ကြောင်းပေါ်က ငိုသံကိုပါ အသံဖမ်းမိနေတာ ဖြစ်ပါသည်။

ဘဘရိုက်ခဲ့တဲ့ ရုပ်ရှင်ကားတွေကို ကျွန်တော် အသက်ကြီးသည်ထိအောင် မလွတ်တမ်း ကြည့်ခဲ့ရာကနေ ဘဘရုပ်ရှင်ရိုက်ကြဲလာပါသည်။ ရုပ်မြင်သံကြားခေတ်ရောက်တော့ ဘဘက ရုပ်မြင်သံကြား ဇာတ်လမ်းတွေ ပြန်ရိုက်ပါသည်။ ဘဘရိုက်တဲ့ ဇာတ်လေးတွေက ဘာသာရေးနဲ့ဆိုင်တဲ့ ဇာတ်လမ်း တွေပါ။ ရဟန်း စားရသော ဆွမ်းတစ်နပ်၊ ရဟန်းမစားရသော ဆွမ်းတစ်နပ်၊ တစ်ပါးသီလ စသည်ဖြင့်ပေါ့၊ တစ်ပါးသီလ မှ ဘုန်းကြီးက သူခိုးကို မိသွားတော့ ဆုံးမပါသည်။

ဘုန်းကြီးက ငါးပါးသီလ စောင့်ခိုင်းရာ တစ်ပါးစီငြင်းလာရာက " ကာမေသုမိစ္ဆာ၊ သူတစ်ပါးသားမယားကို မကျူးလွန်ပါ" ဟုသော သီလတစ်ပါးသော သူခိုးက လက်ခံ ဆောက်တည်ခဲ့ပါသည်။ တစ်ချိန်မှာ ချစ်သူ ခင်စိုးပိုင်နှင့် ပြန်တွေ့ရာ နှစ်ဦးစလုံး အချစ်ခိုးတွေ တက်လို့မျက်လုံးတွေ ၀င်းလက်နေပါသည်။ ခင်စိုးပိုင်က တောင်းဆိုသော်လည်း ဇော်လင်းက အံကြိတ်ပြီး ခံယူထားသော တစ်ပါးတည်းသော သီလ အကျိုးအောင် ထိန်း ခဲ့ပါသည်။ အဆိုပါ အခန်းမှာ ဆီထည့်ထားပြီး ရိုက်သဖြင့် အချစ်ခိုးတွေ တောက်နေပါသည်။ သရုပ်ဆောင် နှစ်ဦးစလုံးကလည်း အကယ်ဒမီရှင်တွေပါ။ ဘဘညွှန်ကြားမှုကလည်း ကောင်းတော့ ဇာတ်လမ်း ရဲ့ အထွတ်အထိပ်လို့ ဆိုရင် ရပါသည်။

တစ်ရက်မှာ ရန်ကုန်ရုံးချုပ်မှာ အစည်းအဝေးတက်ရန်အတွက် ကျွန်တော် မန္တလေးမှ ညရထားဖြင့် ရန်ကုန်သို့ ဆင်းခဲ့ပါသည်။ ရထားထွက်ပြီး မကြာခင်မှာ စာစောင်များ၊ လုံးချင်းစာအုပ်များကိုပွေ့ပြီး စာအုပ် လိုက်ငှားနေသူကို တွေ့ရပါသည်။ ကျွန်တော်လည်း တစ်ညလုံး ရထားစီးရမှာကြောင့် အပျင်းပြေဖတ်ရန် စာစောင်နှင့် စာအုပ်များကို ယူကြည့်ရာ ဘဘရေးတဲ့ စာအုပ်တစ်အုပ်ကို ဖတ်လိုက်တော့ ထိုစာအုပ်ကိုပင် ငှားလိုက်ပါသည်။ စာအုပ်ကို ဖတ်လိုက်တော့ ဘဘတို့ ဇာတိဒေသမှာ ဒုလ္လဘ ရဟန်းခံပွဲရှိသဖြင့် ရဟန်းခံ မည့်သူများနှင့် ဘဘကရွာကိုလိုက်သွားခဲ့ပါသည်။ ရွာကို ရောက် တော့လည်း မိခင်ကြီးကို သွားမတွေ့သေး ဘဲ ရဟန်းလောင်းများနှင့်အတူ ရွာဦးကျောင်းကို လိုက်သွား ခဲ့ပါသည်။

ကျောင်းကိုရောက်တော့ ဆရာတော်၏ ဟောကြားချက်အရ ရဟန်းဘ၀ရဲ့ မွန်မြတ်မှု၊ အေးချမ်းမှုများကိုသိရ၊ အပေါင်းအသင်းများ၏ တိုက်တွန်းမှုများကိုသိရ၊ အပေါင်းအသင်းများ၏ တိုက်တွန်းမှုကလည်း ရှိနေတော့ ဘဘက မရည်ရွယ်ဘဲ ဒုလ္လဘရဟန်းခံလိုက်ပါသည်။ နောက်တစ်ရက် နံနက်ဆွမ်းခံကြွကြတော့ တစ်ရွာလုံးက ဆွမ်းလောင်းကြပါ သည်။ ဘဘအနေနဲ့ မယ်တော်ကြီးကို ဆွမ်းလောင်းတာ တွေ့ရလိမ့်မည်ဟု မျှော်လင့်ခဲ့သည်။ သို့သော် မယ်တော်ကြီးကို ဆွမ်းလောင်းတာ မတွေ့ရဘဲ ဆွမ်းလောင်းသူများ၏ နောက်မှာ မျက်ရည်စက်လက်နှင့် လက်အုပ်ချီနေတာကိုသာ တွေ့ခဲ့ရသည်။ ကျောင်းပြန်ရောက်ကြတော့ ဘဘကရဟန်းများဆွမ်းခံ၍ ရရှိ သောဆွမ်းကို လူပုဂ္ဂိုလ်ကို စွန့်လိုရပါသလားဘုရားဟု လျှောက်ထားမေးမြန်းရာ ဆရာတော်က ဆွမ်းဒကာ များလောင်းလှူလိုက်သော မိမိသပိတ်ထဲက ဆွမ်းဟာ မိမိပိုင်ဆိုင်သွားပြီဖြစ်ကြောင်း၊ ဆွမ်းဒကာများက မိမိ ကိုရည်စူး၍ လောင်းလှူ လိုက်သောဆွမ်းဖြစ်သဖြင့် ရဟန်းများက ထိုဆွမ်းကို ဘုဉ်းပေးရမည်ဖြစ်ကြောင်း၊ သို့သော် မိမိဘုန်းပေးပြီး ကျန်ရှိသော ဆွမ်းကျန်၊ ကွမ်းကျန်ကို မိမိစွန့်လိုသူကို စွန့်လို့ရကြောင်း ဟောကြား ပါသည်။

ဘဘတို့ ရဟန်းများနောက်တစ်ရက် နံနက်မှ ရွာထဲသို့ ဆွမ်းခံကြွကြတော့လည်း ဘဘရဲ့ မယ်တော်ကြီး လည်းယခင်နေ့ကလိုပင် ဆွမ်းမလောင်းနိုင်ရှာပါ။ ဆွမ်းလောင်းသူများ၏ နောက်ကသာ မျက်ရည် စက်လက် နှင့် လက်အုပ်ချီ နေရှာပါသည်။ ကျောင်းထဲသို့ ပြန်ရောက် သပိတ်ကိုပိုက်ပြီး ကျောင်းအပြင်ကို အမြန်ပြန်ကြွ သွားခဲ့ပါသည်။ ဆရာတော် မယ်တော်ကြီး အိမ်ရှေ့ရပ်လိုက်သည်နှင့် "ကန်တော့ဆွမ်းပါ ဘုရား" ဟုလျှောက်ပြီး မျက်ရည်တွေပါ ကျလာပါသည်။ ဆရာကြီးက "ဘုန်းဘုန်း ဆွမ်းခံ ကြွလာတာ မဟုတ် ပါဘူး ဒကာမကြီး ဘုန်းဘုန်းရဲ့ ဆွမ်းကျန်ကို ဒကာမကြီးကို လာကျွေးတာပါ။ စားပါ ဒကာမကြီး" ဟုမိန့်ပြီး သပိတ်ကို ကမ်းပေးလိုက်ပါသည်။

ဘဘ ဟာ ဘုန်းကြီးဝတ်နှင့်ပင် မိခင်ကို ကျွေးမွေးခဲ့သူပါ။ ထိုအချိန်က ဘဘဟာ အမေနေ့ကို စတင်၍ ဦးဆောင်ကျင်းပရန် စိတ်ကူးရနေပါပြီ၊ ဘဘသည် ရုပ်ရှင် ဒါရိုက်တာနှင့် သရုပ်ဆောင်ဘ၀၊ စာရေးဆရာ ဘ၀ကို အောင်မြင်ခဲ့ပြီး လူမှုရေးလုပ်ငန်းတွေလည်း စွမ်းစွမ်းတမံ ဦးဆောင်နိုင်သူဖြစ်သဖြင့် ရန်ကုန် တက္ကသိုလ် မှ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ကို အပ်နှင်းခဲ့ပါသည်။
ဘဘ ဟာ စာရေးဆရာ၊ ဒါရိုက်တာ ဒေါက်တာ ဦးသုခပါ။

ကျော်ညွန့်(ဘူမိဗေဒ)
.

No comments: