Thursday, July 28, 2011

ရွှေစင်ဦး ရဲ့ တောင်ရောက်မြောက်ရောက် အပိုင်း (၂)

 ရွှေစင်ဦး ရဲ့ တခါတလေ တလုံး တခါတလေ နှစ်လုံး

အပိုင်း (၂) မှာတော့ ရွှေစင်ဦး လေး ရဲ့ တလုံးသောက် နှစ်လုံးသောက် နဲ့ စတင်ပါမယ်... တလုံးသောက် နှစ်လုံးသောက် ဆိုလို့  သန်ရာ သန်ရာ အလုံးတွေ နဲ့ မှားအုန်းမယ်နော် ....  ကျနော် ဟာ ဒီဘက် နှစ်နှစ် ... သုံးနှစ် လောက်မှာ အသက်ထောက် (အဟဲ) လာပြီဖြစ်တဲ့ အတွက် ညနေ ညနေ ဆိုရင် .. မလုပ်ချင် မကိုင်ချင် လောက်အောင် စိတ်ရောကိုယ်ရော ပင်ပန်း လာပါတယ်... ။

မြန်မာစကားပုံ လေး ကို သတိရမိပါတယ်.. အိမ်အိုတော့ ကျားကန်... လူအိုတော့ ပန်းပန် တဲ့... ပန်းပန် စရာ ဆံကေသာ က မရှိတော့ ပန်းပန် သကဲ့သို့ လန်းအောင် အင်နာဗွန်စီ လေး တော့ သောက်မှ ဆိုလို့ ချစ်ညီမ က ဝယ်ပေး ပါတယ်.. ထမင်းစားပြီး တိုင်း ချစ်ချစ်ကြီး က ဆေးလုံးလေး ကိုင်ပြီး တိုက်ပါတယ်... အင်း အတော်ဟန်ကျ နေပါတယ်... အမယ် တပတ် နှစ်ပတ်လောက် တိုက်ပြီး မေ့သွားရောဗျာ... လှည့် ကို မကြည့်တော့ ဘူး... ရွှေစင်ဦး လေး ကတော့ ဘယ်အချိန်များ လာတိုက် မလည်း လို့ တမျှော်မျှော်.... ။

အင်း တိုက်တဲ့ အချိန်သောက် မတိုက်တဲ့ အချိန်တော့ မသောက်ရတော့ဘူးလား ... သူသတိမရ ပေမဲ့ ရွှေစင်ဦး ကလည်း အင်နာဗွန်စီ လေး မှ မသောက်လိုက်ရရင် လူကမလန်းချင် ဆိုတော့ .. ငါ့ကို ဆေးမှန်မှန် တိုက်ဖို့ သတိပေးစကား ဘဲ ပြောကြားရမလား... စိတ်ကောက်ချင်ရောင် ဆောင်ပြီး... အဟင့် ဟင့် လုပ်ရမလား... အမလေး နောက်ဆုံးတော့ သူ တိုက် မှ သောက်ရတာကြလို့ ကိုယ် ဘာသာဘဲ သောက်တော့ မယ်လို့ ဆုံးဖြတ်ပြီး မှန်မှန်သောက်နေပါတယ်....။

ဒါလည်း မပြီးသေးဘူးဗျ... သူ သတိရ လာတဲ့ အချိန်ကြ ဆေးလေး ကိုင်ပြီး ရေခွက်လေး နဲ့ လာတိုက် ပြန်ရော.. သောက်ပြီးပြီ လို့ ပြောရင်လည်း လူအများရှေ့မှာ ချစ်ချစ်ကြီး များ ရှက်သွားလေ မလားဟဲ့... နောက်တခါ... ငါ မတိုက်လည်း သူ သောက်တတ်တာဘဲ ဆိုပြီး နောက်တခါ မတိုက်ရင်.... တခါတလေ မှ သတိရတဲ့ အကြင်နာလေးကို မခံယူရင် .... ငါ မိုက်ရာကြတော့မယ် ဆိုပြီး.... ဟုတ်ဟုတ် ကျေးဇူး မောင် ရေ ဆိုပြီး ... သောက်လိုက်ရပါတယ်... အင်း အဲဒါဆို ရွှေစင်ဦး ရဲ့ တခါတလေ တလုံး တခါတလေ နှစ်လုံး ဆိုတာ သဘောပေါက်ကြပြီထင်ပါတယ်နော်... (ညီမ အပျိုကြီး များ နဲ့ ညီမ အိမ်ထောင်သည် များ ပညာယူကြ ကုန်လော )... အခုတော့ ရွှေစင်ဦး လည်း ကိုကြီးကျောက် စကား နဲ့ ပြောရရင် တလုံးသောက် နှစ်လုံး သောက် နဲ့ ဖလန်းဖလန်း ထနေပါကြောင်း....။

ယာနဒါန အလှူလေးများ
ကျနော့် ရဲ့ ယာနဒါန ပိုစ့် လေး ကိုဖတ်ပြီး သဒ္ဒါတရား တွေ ယိုဖိတ်လာတဲ့ အတွက် ယာနဒါန အတွက် လှူကြတဲ့ အလှူရှင်များ ကို ရေးပြပရစေ....၊ http://kiki-idiotlove.blogspot.com ပိုင်ရှင် မကိ က ထိုင်ဝမ် ကနေ ယာနဒါန အတွက် ငွေလှူပါတယ်.. မြန်မာငွေ ကျပ်နှစ်သိန်းပါတဲ့... ရွှေစင်ဦး လည်း တော်တော်ပျော် သွားပါတယ်...... သာဓု ပါ မကိရေ.... တဆက်ထဲ ပြောရရင် ထိုင်ဝမ် က နောက် တယောက် လည်း မကိ လိုဘဲ လှူချင်ပါတယ် တဲ့ ( မကိ ကို ငွေလွှဲနည်း မေးပြီး လှူလိုက် လို့ ရတယ် နော်)... ဘယ်သူတွေ ဘာဘဲပြောပြော... ရွှေစင်ဦး တို့တော့ တရုပ် နဲ့ အကျိုးပေးပြီ.... ။


နောက်တယောက် ကတော့ ရုရှားနိုင်ငံ မှာ ပညာသင်နေတဲ့ ဆရာ တယောက် ပါဘဲတဲ့... မိသားစု ကို ယာနဒါန အကြောင်းပြောပြီး လှူခိုင်း တဲ့ အတွက် ညီဖြစ်သူ မောင်သန်းထိုက်အောင် (၂၃) ၏ မွေးနေ့ ပွဲ အတွက် အလှူငွေ ဒေါ်လာ ငါးဆယ် လာလှူပါတယ်ဗျာ.... အဲဒီလိုဘဲ http://www.latharnya.com/ ပိုင်ရှင် ညီမငယ် လသာည ကလည်း သမီးလေး ဇူးဇူး ရဲ့ မွေးနေ့ အတွက် မြန်မာငွေ တသိန်းကျပ် လှူ ပါတယ်...  ကျေးဇူး အထူးတင်ပါတယ်ဗျာ... သာဓု..သာဓု.. သာဓု ပါ...။

မကိ က ထိုင်ဝမ် ကနေ ငွေလွှဲ တော့ ပုဂ္ဂလိက ကနေ လွှဲတာဖြစ်တဲ့ အတွက် အိမ်တိုင်ယာရောက် လာပို့ဘို့ ဖုန်းဆက်လာ ပါတယ်..( မကိ လည်း  ရွှေစင်ဦး နဲ့ ဘဏ် အပိုင်း သုံး ထွက်လာမှာ စိုးရိမ် ရှာတယ် ထင်ပါတယ် )... ဒါမျိုးကြတော့ လည်း ရွှေစင်ဦး က အားနာပြန်ရော လာဘဲယူတော့ မယ်ဆိုပြီး သွားယူလိုက်ပါတယ်... အဆင်ပြေ ပါတယ်... ။

မိုးထိအောင်စည် ဆရာတော်ဘုရားကြီး နဲ့ ရွှေစင်ဦး 

မကိ ရဲ့ ယာနဒါန အလှူငွေ ကို ဆရာတော် ဘုရားကြီး စီ ပေးအပ်ရင်း ဆရာတော် နဲ့ စကားနဲနဲ ပြောခဲ့ရပါတယ်.. ဘုန်းဘုန်း ဘုရား ... ယာနဒါန အသင်းကြီး ကို တည်ထောင်ဘို့ ဘယ်လို စိတ်ကူး ပေါ်လာပါလည်း ဘုရား လို့ မေးတော့... ဘုန်းဘုန်း က ... အင်း ဘုန်းဘုန်း တို့ ငယ်စဉ် က မန္တလေး မှာ ငါးနှစ် ပညာသင်ခဲ့ရတယ်... အခု စာသင်သား ဦးပဉ္ဇင်း တွေလို ဘဲပေါ့... အဲလို စာသင်သား အဖြစ် နဲ့ မြို့ထဲ ဆွမ်းခံ ထွက်ကြ တဲ့ အခါ.. အင်မတန် ဒုက္ခရောက် ပါတယ်.... ဘုန်းဘုန်း ထိုင်ကိုယ်တော် အဖြစ် ကြွ တဲ့ ဆွမ်းခံအိမ် ငါးအိမ် ရှိတယ်..... သုံး အိမ် က ----- ထဲမှာ နှစ်အိမ် က ----  ထဲမှာ ........။

ဒါဆို အဲဒီ ငါးအိမ် နဲ့ ဘုန်းဘုန်း အတွက် ဆွမ်းကွမ်း ပြည့်စုံတော်မူရဲ့လားလို့ မေးကြည့်ပါတယ်... ဘုန်းဘုန်း က ပြုံးတော်မူပါတယ်... သြ သူတော်ကောင်း များဟာ စကားကို အင်မတန် ဆင်ဆင်ချင်ချင် ပြောကြတာပါလား (ကွာပ .. ကွာပ)... ။

ဘုန်းဘုန်း.. အဲဒီ ဆွမ်းခံ အိမ် ငါးအိမ် ပြီးတာနဲ့ ကျောင်းပြန်ကြွ ရောလား.... ဘယ်ကြွနိုင်ပါ့မလည်း .. ဆေးရုံကြီး ဘက်... မင်္ဂလာဈေးဘက် .... ရုံးကြီးဘက် တွေ အကုန် ဆွမ်းလိုက်ခံရတာဘဲ.....။

ဆွမ်းခံအပြီး စာချချိန် အမှီ ကျောင်းကိုပြန်ရတဲ့ အချိန်ဟာ ဘုန်းဘုန်း တို့ ဒုက္ခ အရောက်ဆုံး အချိန် ပါဘဲ... စာသင်သား များဟာ စာချချိန် မှာ အချိန်မှီ ကျောင်းကို ရောက် မှ ရပါတယ်... အချိန်မှီ မရောက်တဲ့  အကြိမ် များသွားလို့ ကတော့ ကိုယ့် အထုပ် ကိုယ် ပြင် ပြီး... ပြန်ရပါတယ်.. ပညာသင်ခွင့် မရှိတော့ ပါဘူး .. စာချ ဆရာတော် ကြီးများ ဟာ အင်မတန် စည်းကမ်းတင်းကျပ်ပါတယ်....။

ဘုန်းဘုန်း တို့ ပညာသင် ဦးပဉ္ဇင်း များဟာ ကိုယ် စားလောက် သောက်လောက် ဖို့ ရပြီဆိုရင် ကျောင်းကို အမြန်ပြန်ရပါတယ်... အဲဒီအချိန်မှာ ဘတ်စကား များ ဟာလည်း အတော်ကျပ်နေပါပြီ..... ဒါပေမဲ့ ဖြစ်သလို ဘဲ လိုက်ရပါတယ်... ကျောင်း ကို အချိန်မှီရောက်ဘို့ အရေးကြီး တာကိုး.... ကျောင်းရောက်ရင် လည်း ချွေးသိပ်အောင် မနားနိုင်ပါဘူး... သပိတ်ထဲ ပါတဲ့ အလွယ်စားလို့ ရမဲ့ အကြော်လေး.. မုံ့လေး ကို တလုပ် တဆုပ် စား ရေသောက်ပြီး.. စာဝါချိန် အမှီလိုက်ရပါတယ်... တော်တော် ဒုက္ခကြီး တဲ့ ပညာသင် ဘဝပါ...။

နောက်ပိုင်းတော့ ဆရာတော်ကြီး များလည်း ပညာသင်များ ရဲ့ ဒုက္ခ ကို စာနာပြီး ပြန်လွှတ် တဲ့ အထိ မတင်းကျပ် တော့ပေမဲ့.... စာချချိန် ကို စာချတာဘဲ ဆိုတော့ ဦးပဉ္ဇင်း များ စာလွတ် မသွားအောင် အချိန်မှီ ပြန်ရောက်ဘို့ အရေးကြီးပါတယ်... ဒီပညာ တွေ သင်ဘို့လာတာ... စာတွေ လွတ်တာများရင် ဘုန်းဘုန်း တို့ စာဘယ်တတ်တော့ မလည်း လို့ မိန့်တော်မူပါတယ်...။

ဟိုးတချိန်က (ယာနဒါန မပေါ်ခင်) ပညာသင်ခဲ့ရတဲ့  ဘုန်းဘုန်း များကတော့ ပြောကြ ပါတယ်... တပည့်တော် တို့ တုန်းက ... ဆွမ်းခံ ကြွတဲ့ အချိန် ပြန်တဲ့အချိန် .... ဘတ်စ်ကား က တန်းတွေ ဆွဲလိုက် ရတာ လက်ဖဝါး မှာ အခုထိ အသမာ တွေ မပျောက်သေးပါဘူးဘုရား ....  ယာနဒါန ရဲ့ အကျိုး ကို တပည့်တော် တို့ မခံစားလိုက်ရပါဘူး..... အရှင်ဘုရား အခုလို ယာနဒါန အောင်မြင်အောင် လုပ်လိုက်တာ ပညာသင်ရဟန်း စာသင်သား များ အတွက် အလွန်ဘဲ ကျေးဇူးကြီးလှပါတယ် လို့ ပြောဆိုကြ ပါတယ် ....။

လေးစားစွာဖြင့်
ရွှေစင်ဦး
စာသင်သား နှင့် ဆွမ်းတစ်နပ်
သျှင်ဝိစာရ (ပေကြီး)

၂၀၀၉- ဒီဇင်ဘာ (၁၀)ရက်...
အေးချမ်းလှတဲ့ ဆောင်းနံနက်မှာ မပျက်တဲ့ဝတ္တရားတွေကို ဖြည့်ကျင့်ရင်း ထူထပ် တဲ့ အပေါ်ရုံဧကသီ ကို ရွေးကာ သင်္ကန်းရုံ လို့ ကျောင်းမှာရှိတဲ့ ဦးဇင်းလေး အရှင်နန္ဒက နဲ့ အတူ အအေးဒဏ် ကို အံတုရင်း မြို့ထဲ ကို ဆွမ်းခံဝင်လာခဲ့တယ်။ ကိုရွှေနှင်း တွေကတော့ မညှာမတာ ရက်စက်စွာ ပြောင်နေတဲ့ ဦးပြည်းကတုံး ပေါ်မှာ တဖွဲဖွဲကျလို့ နေလေရဲ့။
ရဟန်းတို့ ရဲ့ ဆွမ်းတစ်နပ်ဟာဖြင့် အေးသည်ဖြစ်စေ၊ ပူသည်ဖြစ်စေ ထီးမပါ၊ ဖိနပ်မစီး၊ ခေါင်းမြီးမခြုံ၊ အ နွေးထည် မပါ၊ စေတနာ မေတ္တာ အကျင့်သိက္ခာ နဲ့ ပဲ ကာယိက ဒုက္ခခံကာ ကြွချီ ဘုဉ်းပေးနေရတာပါ။ တခါ တခါ ကျောက်စရစ်လမ်းပေါ်မှာ ခြေဗလာ နဲ့ ကျောက်ချွန်ကျောက်ဖြုတ်တွေက စူး၊ သွေးခြေဥလို ဥ၊ ကျောက်ကြိတ်နာ ပေါက်လိုပေါက်၊ ဒုက္ခရောက်အောင် နာကျင်လှပေမယ့် မကြောက်တမ်း လျှောက်၊ ရဲ သွေးတောက်ပြီး ဆွမ်းခံထွက်ရတာပါ။

မိုးရွာပေမယ့် ထီးဆောင်း မရ၊ သပိတ်ထဲ ရေဝင်လိုဝင်၊ ချော်လဲ၊ သပိတ်ကွဲလို့ ကွဲ၊ ကားဆိုင်ကယ်ရှောင် ရတာလည်း အမော၊ မဆင်မခြင် ကိုရွှေယာဉ် တွေကြောင့် ဗွက်စင်လို စင်။ မပျက်အစဉ် ရင်မှာသည်းခံ ပြီး၊ အရှက်အကြောက် ဘေးဖယ်ဖျောက်လို့ ထွက်ရတဲ့ ဆွမ်းခံရက်တွေကလည်း များစွာ။ ဒီကြားထဲ ဆောင်းနံနက် အနွေး ရဖို့ အေးမြလို့နေတာကို အံတုပြီး ဆွမ်းခံလမ်းတစ်လျှောက်ရဲ့အိမ်ရှေ့တွေမှာ ကြီးကြီး ငယ်ငယ် အရွယ်မရွေး ကိုယ်ကာယကျန်းမာရေးဆိုပြီး တစ်ဝှီးဝှီး တစ်ဒေါက်ဒေါက် ရိုက်နေကြ တဲ့ ကြက်တောင် သမားတွေကလည်း ဆွမ်းခံလာနေတဲ့ ကိုယ်တော်တွေကို မြင်ပါလျက်နဲ့ တွေ့မရှောင်၊ ရပ်မပေး၊ အလေး မမူ ရိုက်နေတော့ ခေါင်းမှန်လို မှန်။ သပိတ်ပေါ် ကျလိုကျ၊ ကြက်တောင်တုတ်နဲ့ ချမိလို ချမိ။ မလွယ်လှ သည် ဒုက္ခတွေပါ။

ရဟန်းပဲလေ အရာရာသည်းခံပြီး ကြွရမှာပေါ့။ ဟော .... အတွေးစတင်ပြီး ဆွမ်းခံထွက်လာလိုက်တာ လမ်း (၈ဝ) တောင် ရောက်လာပါပကော။ လမ်း (၈ဝ)က ကားရှုပ်တယ်လေ။
လမ်း ဖြတ်ဖို့ ကားအရှင်းကိုစောင့်ရင်း ကြည်နူးစရာမြင်ကွင်းလေးတစ်ခုကို တွေ့လိုက်ရတော့ ရင်ထဲမှာ သိမ့်ခနဲ နေအောင် အေးချမ်းသွားတယ်။ မှန်လုံကားကြီးတစ်စီးပေါ်မှာ သပိတ်ကိုယ်စီ ပွေ့ထားတဲ့ သံဃာ တွေ အပြည့်။ ကားနောက်မှန်မှာ ရေးထားတဲ့စာက “ယာနဒါ ဆွမ်းခံကြိုပို့ယာဉ်”တဲ့။
ထူးမြတ်လိုက် တဲ့ ကုသိုလ်ပါလား။ အနားမှာပါလာတဲ့ ညီတော်လေး အရှင်နန္ဒက ကတော့ ဘာမှသိမှာ မဟုတ်၊ သူသိအောင် ထုတ်ပြောပြီး ပွားများခိုင်းလိုက်ရသေးတယ်။

“ညီမောင်နန္ဒက အစောပိုင်းက မှန်လုံကားကြီးကို မြင်လိုက်လား”
“မြင်လိုက်တယ်လေ။ သံဃာတော်တွေ အပြည့်ပဲ။ အဲဒါ ဘာထူးလို့လဲ”
“ကားနောက်မှာ ရေးထားတဲ့စာရာ ဖတ်လိုက်မိလား”
“ယာနဒါန လို့ ရေးထားတာတော့ တွေ့လိုက်တယ်”
“အဲဒီအောက်မှာ ရေးထားတဲ့စာတော့ ညီမောင် မြင်လိုက်မှာ မဟုတ်ဘူး။ “ဆွမ်းခံအကြိုအပို့ယာဉ်”လို့ ရေးထားတယ်”
“ဒါဆိုရင် နေ့စဉ်ဆွမ်းခံတဲ့ ကိုယ်တော်တွေအတွက် သီးသန့် ဆွမ်းခံအကြိုအပို့ ကုသိုလ်ယူတဲ့ကားပေါ့”

“မှန်တာပေါ့ ညီမောင်ရာ ခက်ခက်ခဲခဲ ဆွမ်းခံကြွကြရတဲ့ သံဃာတွေအတွက် ကြုံနေရတဲ့ဒုက္ခကို ဖြေ ရှင်းပေးလိုက်တာပါပဲ။ သူများမမြင်တဲ့ဘက်ကနေ မြင်အောင်ကြည့်ပြီး ထူးထူးခြားခြားယူတဲ့ ကုသိုလ် ထူးကြီးဖြစ်တယ်။ ညီမောင်နဲ့ နောင်တော်တို့ကသာ ကားပြေးလမ်းမဟုတ်တဲ့ လမ်းကြားကနေ ဘယ် ကား မှ စီးလို့ အဆင်မသင့် တဲ့ ဆွမ်းခံအိမ်တွေကို သွားနေရတာမို့ ဒီဒုက္ခကြုံနေရသေးတယ်။ ကားလမ်း ကြောတည့်တဲ့ တောင်ပြင်ကနေ မြောက်ပြင်၊ မြောက်ပြင်ကနေ တောင်ပြင် အဝေးကြီးဆွမ်းခံနေရတဲ့ သံဃာတော်တွေ အတွက်တော့ အဆင်ပြေတာပေါ့။

အရင်ကလို ခက်ခက်ခဲခဲ လိုင်းကားပေါ်က ဈေး သည် ဈေးဝယ်၊ လူစုံတက်စုံကြားမှာ ရရာနေရာကို ဖြစ်သလို ဆွဲကိုင်၊ သပိတ်က တစ်ဖက် နဲ့ ဒုက္ခရောက် မှုတွေ အေးသွားတယ်။ လိုင်းကားက လူကြပ်လို့ မတင်တဲ့ အခါ လူချောင်တဲ့ကားကို စောင့်ရင်း ဆွမ်းခံ အိမ်နောက်ကျလို့ (၉)နာရီ (၁၀)နာရီအလုပ် ကိုယ်စီ သွားကုန်တဲ့အခါ ဆွမ်းမရတဲ့ ဒုက္ခ၊ အပြန်မှာ လိုင်း ကားက ဟိုရပ် ဒီရပ် အချိန်ကြာစွာနားနေလို့ စာဝါမမီတဲ့ ဒုက္ခ၊ (၁၂)နာရီကျော်မှာ ကျောင်းပြန်ရောက် တဲ့ အဖြစ်မျိုးတွေ ဝေးသွားတာပေါ့လေ”

“အချိန်မှန်မှန် ဆွမ်းခံအိမ်ဝင်နိုင်တယ်။ သံဃာတော်တွေကြီးပဲဆိုတော့ အကုသိုလ်လည်း သိပ်မဝင် တော့ဘူး။ ဥပမာ လိုင်းကားစီးတယ်ဆိုရင် ကားစပယ်ယာက ဆွမ်းခံကိုယ်တော်မြင်တာနဲ့ ခေါင်မိုးပေါ် ထိုးတင် လို့ သင်္ကန်းထိန်းရတာ တစ်မျိုး၊ သပိတ်ကိုင်ရတာ တစ်ဖုံ၊ ပြုတ်မကျအောင် ကိုင်ရတာက   တစ်သီ၊ လေအရှိန်ကြောင့် သင်္ကန်းလန်လို လန်ဖြစ်ကုန်တော့ ဒေါသထွက်ပြီး အကုသိုလ်ဖြစ်စေတာ။ မိန်းကလေး သော ဘာသောမခွဲခြားဘဲ ရတဲ့နေရာမှာ ဖြစ်သလိုထိုင်လို့စီးရတဲ့အခါ ရဟန်းနဲ့ မိန်းကလေး အခန့်မသင့် လို့ဖြစ်တဲ့ အကုသိုလ်တွေ ကင်းသွားတယ်။ ကျောင်းအပြန်နောက်မကျလို့ စာဝါလည်း နောက်မကျ တော့ဘူးပေါ့။ ဒါတွေက ကိုယ်တိုင်ကြုံဖူးထားတော့ သိနေတယ်လေ။ ဒါကြောင့် ဒီလို ဆွမ်းခံ အကြိုအပို့ သီးသန့် ကုသိုလ်ဖြစ်ကားတွေ ပေါ်ပေါက်ကုသိုလ်ယူလာကြတာ ဝမ်းသာလို့မဆုံးဖြစ်ရ တယ်”

“ဒီကားတွေ ဘယ်သူက စီစဉ်ပြီး ကုသိုလ်ယူတာလဲ”
“ညီမောင် မကြုံဖူးတော့သိမှမဟုတ်ဘူး။ ကားခေါင်းရှေ့မှန်ကစာကို ဖတ်လိုက်ရရင်လည်း သိလိမ့်မယ်။ ဒီဒါန က သာမာန်ဒကာ ဒကာမအလှူရှင်တွေ မဟုတ်ဘူး။ ညီမောင်တို့လို အလှူခံပုဂ္ဂိုလ်ကနေ အလှူ ရှင် အဖြစ် ပြုလုပ်နေတဲ့ ထူးမြတ်တဲ့ကုသိုလ်ရှင်ပေါ့”“ဒါဖြင့်ရင် ဒီကားတွရဲ့အလှူရှင်က ရဟန်းထဲက ပေါ့နော်”
“ဟုတ်တာပေါ့ ညီမောင်ရာ။

ဒီကားတွေအလှူရှင်ဟာ “တံခွန်တိုင်ဈေးနားက မိုးထိအောင်စည် သာသနာ့ ရိပ်သာဆရာတော်ကြီး” ပေါ့။ ဆရာတော်ကြီးရဲ့စေတနာ သဒ္ဓါတရားက အင်မတန် အတုယူထိုက်တယ်။ သာသနာအတွက် လိုအပ်တာ ကို ကြည့်ပြီးလှူတတ်တယ်။ စာသင်သားသံဃာတွေကို ကြုံသလို ထောက်ပံ့တယ်။ ဆွမ်းခံသံဃာ တွေရဲ့ ဒုက္ခ ကို ဖြေရှင်းပေးတယ်”

“ဒီလိုအပ်ချက်တွေကို လူတွေမြင်ဖို့ ခဲယဉ်းတယ်။ ကိုယ်တိုင်တွေ့ကြုံဖူးတဲ့ ဆရာတော်ကြီးကတော့ မြင်တယ်။ မြင်တဲ့အတိုင်း သာသနာပြုတဲ့နေရာမှာ လိုအပ်တဲ့အားနည်းချက် ကို ဖြည့်ဆည်းနိုင်ခဲ့တယ်”
“နေ့စဉ်ဆွမ်းခံသံဃာတွေရဲ့ ဒုက္ခ၊ စာသင်သားသံဃာတွေရဲ့ ဒုက္ခကို ရဟန်းသံဃာတိုင်း မြင်ကြသိကြ တယ်။ ဒါပေမဲ့ ဒီဒုက္ခ ကို ဖြေရှင်းပေးဖို့အထိ အင်အားလာဘ်လာဘ မရှိကြလို့ မဖြေရှင်းနိုင်ကြဘူး။ အချို့ ကျောင်းထိုင်ဘုန်းကြီး တွေ ဓမ္မကထိကတွေ ကျပြန်တော့ တတ်လည်းတတ်နိုင်တယ်။ လာဘ်လာဘ လည်း ပေါများ ပေမယ့် ဒီလိုဖြည့်ဆည်းဖို့ သဒ္ဓါတရားမရှိကြဘူး။ ယူဖို့သာသိပြီး လှူဖို့မသိကြဘူးပေါ့။ တကယ် တော့ သံဃာ ဆိုတာ အလှူခံပုဂ္ဂိုလ်သက်သက် မဟုတ်ဘူး”

“ကိုယ်ကတတ်နိုင်ရင် အလှူရှင်အဖြစ်လည်း ခံယူကြရတာပဲ။ ဒါမှလည်း နိဗ္ဗာန်မရသေးခင် ဖြစ်လေရာ ဘဝတိုင်း မှာ စည်းစိမ်ဥစ္စာ အခြွေအရံလာဘ်လာဘ ပေါများမှာပေါ့။ ဒါကြောင့် ရဟန်းတွေဟာ သူများ လှူတာ ကို ယူတတ်သလို ကိုယ်ကလည်း ပြန်ပြီးလှူတတ်ရတယ် ညီမောင်ရေ”
“မိုးထိအောင်စည် ဆရာတော်ကြီးကတော့ အလှူတတ် လို့ မြတ်တာပေါ့။ ဒီဆရာတော်လို ဆရာတော် ကြီးတွေ များများပေါ်လာရင် မန္တလေးတစ်မြို့လုံးမှာရှိတဲ့ သံဃာတော်တွေ ဆွမ်းခံတဲ့အခါ ကြုံရတဲ့ဒုက္ခ တွေ ကင်းသွားနိုင်တာပေါ့”

“လူ့အသိုင်းအဝိုင်းက တတ်နိုင်တဲ့ပုဂ္ဂိုလ်တွေကလည်း ဒီကုသိုလ်လေးတွေကို ယူတတ်မယ်ဆိုရင် သိပ် ကောင်းတာပေါ့။ နေ့စဉ်ရရှိနေတဲ့ အာစိဏ္ဏကံကုသိုလ်ကြီးပဲလေ။ သာသနာပြုတယ်ဆိုတာ လိုအပ်တဲ့ နေရာကိုသိပြီး လိုသလို လှူတတ်ရတယ်။ ဂုဏ်ကိုမကြည့်ရဘူး။ နာမည်ကောင်းကို မမက်မောရဘူး။ စေတနာကောင်းနဲ့အကျိုးရှိစေနိုင်တဲ့ ကုသိုလ်ကောင်းကိုသာ မက်မောရမယ်”
“ကဲ- ညီမောင်ရေ စကားပြောရင်း လျှောက်လာလိုက်တာ ဆွမ်းခံအိမ်ကိုတောင်ရောက်မှန်းမသိ ရောက် လာပြီ။ ညီမောင်ရဲ့ဆွမ်းခံအိမ်တွေဆီ ကြွပေတော့။ နောင်တော်လည်း ဆွမ်းခံအိမ်ကို ကြွလိုက်ဦးမယ်။ ပြောစရာရှိတာ ကျောင်းရောက်မှ ပြန်ပြောကြတာပေါ့”
ဆွမ်းခံအိမ် တစ်အိမ်ဝင်တစ်အိမ်ထွက်နဲ့ ဆွမ်းခံအိမ်တွေသာကုန်သွားလည်း အတွေးကမပျောက်သေး။ “ငါလည်း သာသနာတော်နဲ့ လူတွေကို ဘယ်နေရာ ဘယ်ဌာနကနေ ပြန်အကျိုးပြုပေးနိုင်မလဲ။ ဘာ တွေ လှူနိုင် သလဲ”

လာလမ်းအတိုင်း ပြန်လျှောက်လာခဲ့ရပါပြီ။ ကျောင်းနဲ့ဆွမ်းခံအိမ် အမြန်လျှောက်ခဲ့ရင် နာရီဝက်၊ အနှေး လျှောက်ရင် (၄၅)မိနစ်တော့ လျှောက်ရပါတယ်။ လျှောက်ရတာက ကိစ္စမရှိ၊ (၇၈)လမ်းမကြီးကို ဖြတ် ကူးရတာက သည်းထိပ်ရင်ဖိုစရာပါ။ သတိမမူရင် စက်ဘီးဆိုင်ကယ်တွေက လမ်းကူးဖို့ လမ်းဘေးမှာ ရပ်နေတာတောင် အခန့်မသင့်ရင် အောင်းချင်အောင်းတာဆိုတော့ သတိတော်တော်ထားရတယ်။
ဆွမ်းခံပြန်ချိန်က (၉)နာရီ၊ လူတွေအလုပ်သွားချိန်မို့ မြစ်ရေတွေ အဆက်မပြတ်စီးနေသလိုပါပဲ။ ပြေးနေ တဲ့ဆိုင်ကယ်တွေ၊ ကားတွေ၊ စက်ဘီးတွေက မဆုံးနိုင်တော့ဘူး။ တစ်လောက အသိဦးဇင်းတစ်ပါးဆို ရင် ကိုယ့်ရှေ့တင် ဆိုက်ကယ်တိုက် လို့ သပိတ်လွတ်ကျ၊ ဝတ်ခွက်တွေက လမ်းပေါ်လိမ့်ပြေး၊ ဆွမ်းတွေ က ဖွေးနေအောင် ပြန့်ကြဲသွားတယ်။ တော်သေးတာပေါ့။ လူက တိမ်းလိုက်နိုင်ပြီး လက်ထဲကသပိတ် တိုက်မိ သွားတာပါ။ နို့မဟုတ်ရင် ပျံလွန်တော်မူမလားပဲ။

ခုတော့ မိုးထိအောင်စည် ဆရာတော်ကြီးရဲ့ယာနဒါန အလှူကြီးကြောင့် ဒီလိုလမ်းအကူးတွေမှာ ကြုံရ တဲ့ ဒုက္ခတွေ အေးသင့်သလောက် အေးသွားတယ်။ ကိုယ့်မှတ်တိုင်ရောက်မှ အေးအေးဆေးဆေး ဆင်း သွားရုံပဲ။
လမ်းလေး နည်းနည်းရှင်းသွားလို့ ကူးမယ်ကြံပြီး ခြေလှမ်းလေးလှမ်းကာရှိသေး ဆိုင်ကယ်တစ်စီးက ရှေ့ထိုးရပ်လိုက်တယ်။ စိတ်ထဲမှာ တော်တော်ရှုပ်တဲ့ဆိုင်ကယ်လို့ ထင်လိုက်သေးတယ်။ ဆိုက်ကယ်ကို ရှောင်ပြီး သွားဖို့အပြင်
“ဦးဇင်း ဘယ်ကြွမလို့လဲ ဘုရား”
“ပေါင်းလဲတိုက် က မင်းမာအေးကျောင်း ကို ကြွမယ် ဒကာကြီး”
“ဘယ်လမ်းမှာလဲ ဘုရား” “လမ်း ၄၀၊ ၈၃ × ၈၄ ကြားမှာ”

“ဒါဆိုရင် ဆိုက်ကယ်ပေါ်တက်ပါ ဘုရား”
“ဟာ ဒကာကြီးကလည်း အားနာစရာ၊ အလုပ်နောက်ကျနေပါဦးမယ်၊ ဦးဇင်းက ဒီလမ်းနေ့တိုင်းကြွနေ ကျ ကိစ္စ မရှိပါဘူး”
“တပည့်တော် ဘာအလုပ်မှမရှိပါဘူး ဘုရား၊ သက်သက် ယာနဒါန လုပ်နေတာ နေ့တိုင်းပါပဲ ဘုရား”
“ဒီလိုဆိုရင် ကြွရတာပေါ့ ဒကာကြီး”

စာရေးသူလည်း ယာနဒါနအကြောင်း စဉ်းစားရင်းမှ ထူးဆန်းစွာ ယာနဒါနနဲ့တွေ့နေ၍ အံ့သြဘနန်း တော့ ဖြစ်မိတယ်။ ယာနလှူသူဒကာကြီးရဲ့ပြောစကားကို ကြားရတော့ ပိုပြီးအံ့သြရပြန်ပါတယ်။
“တပည့်တော် က နေ့စဉ် ယာနဒါနအလှူတော်ကြီးကို ပေးလှူခဲ့တာ (၄)လပြည့်တော့မယ် ဘုရား။ နံနက်လင်းကနေ (၁၀)နာရီလောက်ထိ လှူတာ။ လူတိုင်း မလှူနိုင်တဲ့အလှူ၊ လိုတဲ့ဘက်ကနေ လှူဒါန်း ရတာပါ ဘုရား။

ဆီဖိုးကုန်တာထက် လူပါ အချိန်ပေးပြီး လုပ်ရလို့ လူတိုင်းမလှူနိုင်ပါ ဘုရား။ တပည့် တော်ကတော့ ဒီမွန်မြတ် တဲ့ အလှူကို နေ့စဉ်လှူမယ်လို့ ဆုံးဖြတ်ထားတယ် ဘုရား”
“ကောင်းတာပေါ့ ဒကာကြီးရာ။ တိုက်ဆိုင်မှုလို့ ဆိုရမလားပဲ။ အခုတင် ဦးဇင်းလည်း မိုးထိအေင်စည် ဆရာတော်ကြီး ရဲ့ ဆွမ်းခံအကြိုအပို့ ယာဉ်အလှူ အကြောင်းတွေးနေတာ၊ မှန်လုံကား (၃)စီးလောက် တော့ ရှိမယ်နဲ့ တူတယ်”

“(၃)စီး မကဘူးဘုရား။ (၆)စီးဖြစ်သွားပြီ (အခု ၁၃ စီး ဖြစ်သွားပါပြီ... ဒါပေမဲ့ ကားလည်း လိုအပ်နေသလို နေ့စဉ် ဆီလည်းလိုအပ်ပါတယ်) (ပုံ ရွှေစင်ဦး) ကားသမားနဲ့ ကားစပယ်ယာကို လစာ ကောင်းကောင်း ပေးပြီး ငှားထားရတယ်၊ ဆရာတော်ဟာ အတော်တော်တဲ့ ဆရာတော်ပါ ဘုရား။ တပည့်တော် အခုလို နေ့စဉ် ယာနဒါနလုပ်ဖြစ်သွားတာလည်း ဆရာတော်ကြီးရဲ့တိုက်တွန်းမှုကြောင့်ပါပဲ။ တပည့်တော်က ကျွဲဆည်ကန် မှာ နေပါတယ်။ ဆရာတော့ကျောင်းကို မကြာမကြာရောက်ဖြစ်ပါတယ်။ ဆရာဒကာရင်း တွေ ဆို တော့ ပွင့်ပွင့်လင်းလင်း သြဝါဒပေးလေ့ရှိပါတယ်”

“ဆရာတော်ကြီးက သာသနာကို လိုအပ်တဲ့ဘက်ကနေ ပြုသင့်တဲ့အကြောင်း၊ ဆွမ်းခံသံဃာတွေရဲ့ ဒုက္ခ၊ ယာနဒါန လှူသူရှိရင် အဆင်ပြေနိုင်တဲ့အကြောင်းကို မိန့်တယ် ဘုရား၊ လိုင်းကားဆိုတာက သပိတ်ပါရင် သိပ်တင်ချင်တာမဟုတ်ဘူး ဘုရား၊ စီးပွားရေးသမားဆိုတာ ငွေကိုပဲ ကြည့်တာ၊ ဒါကြောင့် ဆရာတော်ကြီး က ယာဉ်ကို သူကိုင်တိုင်လည်း လှူသလို၊ ဒကာဒကာမတွေကိုလည်း တိုက်တွန်းတာ၊ တပည့်တော် တို့ ကတော့ ဆိုင်ကယ်ပဲရှိတော့ ဆိုင်ကယ်နဲ့ပေါ့ ဘုရား၊ အချို့ ကားမပြေးတဲ့လမ်းတွေ ဆွမ်းခံကြွရတဲ့ သံဃာတွေ ကျတော့ ဒီလိုဆိုင်ကယ်ဒါနတွေရှိမှ အဆင်ပြေမှာ၊ ကားဆိုတာကတော့ ပြေးလမ်း တစ်လျှောက် လောက်ပဲ၊ အကြိုအကြား တွေတော့ ပြေးဆွဲမပေးနိုင်ဘူးလေ ဘုရား”

“ဟုတ်တာပေါ့ ဒကာကြီးရာ။ အခု ဦးဇင်းတို့တောင် ဘယ်လိုင်းမှမပြေးတဲ့ ဟိုမနီးဒီမနီးအရှေ့အနောက် လမ်းကြီးကို ကြွနေရတော့ ဒကာကြီးတို့လို ဆိုင်ကယ်တွေအကြိုအပို့ လှူသူရှိမှ အဆင်ပြေမှာပေါ့”
“မှန်ပါ့ တပည့်တော်ကတော့ နေ့စဉ်လမ်းပေးမှာ ဆိုင်ကယ်စီးနေရင်းတွေတဲ့ သံဃာကို လိုရာလိုက်ပို့ တယ်။ အရှင်ဘုရားနဲ့လည်း နောက်ဆုံနိုင်ပါသေးတယ် ဘုရား”
“သြော် ဒါနဲ့ ဒကာကြီး မိုးထိအောင်စည်ကားက သီလရှင်တွေကိုလည်း ဆွမ်းဆန်အလှူခံ ပို့တယ်နဲ့တူ တယ်နော်။ အဖိတ်နေ့ညနေက ကားနဲ့အပြည့် သီလရှင်တွေကို တွေ့လိုက်ရတယ်”
“မှန်ပါ သီလရှင်တွေကိုလည်း ပို့ပေးပါတယ် ဘုရား”

“ဒါဆို သိပ်ကောင်းတာပေါ့၊ သီလရှင်တွေ အလှူခံလို့ရတဲ့ ဝတ္ထုငွေဟာ လိုင်းကားကို တစ်ဝက်ပေးနေရ တယ်။ အခုတော့ ရတဲ့ လာဘ်လာဘကို ရာခိုင်နှုန်းပြည့် အသုံးပြုခွင့်ရကြတာပေါ့။ ဒကာကြီးလည်း ဒီ အလှူကို အမြဲတမ်းပေးလှူနိုင်အောင် ကြိုးစားပါ။ ဦးဇင်း အားပေးပါတယ်။ ဝမ်းလည်းသာပါတယ်”
“မှန်ပါ ဆုံးဖြတ်ထားပါတယ် ဘုရား”

“ဟိုရှေ့ မုခ်ပေါက် က ဦးဇင်းတို့ကျောင်းပေါက်ပဲ ဒကာကြီး အဲဒီမှာရပ်လိုက်”
“တပည့်တော် နေ့စဉ်ခံစားရတဲ့ပီတိဟာ ဒါပဲဘုရား။ ဆွမ်းခံသံဃာတွေ ကျောင်းထိ တပည့်တော်ဆိုင် ကယ်နဲ့ ပို့လိုက်ရလို့ ခြေလျင်ကြွရတဲ့ အချိန်ထက်စောပြီး ကျောင်းကိုပြန်ရောက်၊ ဆိုက်ကယ်ပေါ်က ဆင်းပြီး ကျောင်းထဲကိုကြွသွားတဲ့ မြင်ကွင်းလေးပါပဲ ဘုရား”
“ဒကာကြီး ကျန်းမာချမ်းသာ၊ ဘေးရန်ကွာပြီး သာသနာပြုနိုင်ပါစေ”

သျှင်ဝိစာရ (ပေကြီး)
မေတ္တာရှင် ဘာသာယဉ်ကျေးမှု့ မဂ္ဂဇင်း
.
ယာနဒါန အတွက် လှူချင်ကြတယ်ဆိုရင်

မိုးထိအောင်စည် သာသနာ့ရိပ်သာ
တံခွန်တိုင်ရပ်ကွက်
ပ.လ.က ပေါက်၊ ပြည်ကြီးတံခွန်မြို့နယ်။ ဖုန်း-09-2022330၊ 02-5154867၊ 09-91013858
.

20 comments:

IDIOT-Ki said...

နိဗ္ဗာန်ဆော်ကြီး ဒေါ်ရွှေစင် တယောက် အင်နာဗွန်စီ မှန်မှန်သောက် လို့  .. နိဗ္ဗာန်ရောက်ကြောင်း အလုပ်များ ဆက်လက် လုပ်ဆောင်နိုင်ပါစေကြောင်း ဆုမွန်တောင်းအပ်ပါသည်....။
ယာန ဒါန.ရော၊ တခြား ဒါနများအတွက် ပါ တတ်နိုင်သလောက် စေတနာ ထက်သန်စွာ လှူဒါန်းကြသူများ ဆထက်တပိုး တိုးပွားလာနိုင်ကြပါစေ..

Anonymous said...

ဆရာတော်ကြီးနဲ့ ဆိုင်ကယ်ဒကာကြီးအကြောင်း ဖတ်ရတာ ကြည်နူးလိုက်တာ။ သာဓု သာဓု သာဓု။

အင်နာဗွန်စီထက် အစာအာဟာရကို ဗိုက်တာမင် ပေါင်းစုံပါအောင် စားပေးတာက ပိုကောင်းမလားလို့ မရွှေစင်ရေ။ ဆေးကလာတဲ့ အာဟာရနဲ့ အစာက တိုက်ရိုက်လာတဲ့ အာဟာရက တန်ဖိုးမတူလို့ပါ။ စိမ်းတာမှန်သမျှ အကုန်ဝိုက် (ကန်စွန်းရွက်၊ ကိုက်လံရွက်၊ ဆလတ်ရွက်၊ မြင်းခွာရွက်၊ ဟင်းနုနွယ်)၊ နီရင်လဲ ချမ်းသာမပေးနဲ့ (မုန်လာဥနီ၊ ခရမ်းချဉ်)၊ ဖြူတာ ဝါတာလဲ ချန်မထားကြေး(နွားနို့၊ ပဲနို့၊ ပဲအမျိုးမျိုး)။ ဒါဆို ဆေးသောက်တာထက် ကျန်းမာရေး ပိုကောင်းမှာပါ။

အသားငါး စားချင်ရင် ကြက်သားနဲ့ ငါး အဓိက စားမယ်။ (အမဲ၊ ဆိတ်၊ ဝက်လို အသားနီ red meat တွေကို တစ်ပတ် ၅၀၀ ဂရမ်ထက် ပိုမစားသင့်ဘူး ဆိုပါတယ်။) လေ့ကျင့်ခန်း လုပ်ပေး။ တရားထိုင် (အဲဒါက aging ကို နှေးကွေးစေသဗျ။) ဒါဆို အင်နာဗွန်စီထက် စွမ်းမှာပါ။

ဆေးမသောက်နဲ့ ပြောဘူးနော်။ သောက်လဲသောက်ပါ။ ဒါပေမယ့် ဆေးထက် အစာက စွမ်းပါတယ်။

စံပယ်ချို said...

အင်နာဗွန်စီ ကအားဆေးလား
ဘာအတွက်ကောင်းတာလဲအမရွှေစင်
လှူဒါန်းကြသူများပိုပြီး လှူနိုင်ပါစေ
အလှူရေစက်မပါဝင်နိုင်သူများလဲ
နောင်အခါ လှူနိုင်ပါစေ
အမရွှေစင် ချမ်းမြေ့ပါစေရှင်။

လသာည said...

မမရဲ့ တစ်လုံးစ နှစ်လုံးစတော့ တော်တော် သဘောကျသွားပြီး)))
နိဗ္ဗာန်ဆော် မမနဲ့စစလည်း စိတ်အေးချမ်းသာယာပါစေ။

mstint said...

တောင်ရောက်မြောက်ရောက် ပို့စ်လေးကလည်း တစ်နည်းအားဖြင့်တော့ ပရဟိတလုပ်ငန်းလေးမို့ သာဓု သာဓု သာဓု သုံးကြိမ်ခေါ်သွားပါတယ် ညီမရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မေဓာဝီ said...

မြန်မာပြည်မှာ အန်နာဗွန်စီတွေ စပြီး မိတ်ဆက်ကာစက sample ဗူးလေးတွေ အလကားရလို့ သောက်ဖူးတယ်။ ညီမကတော့ ဘာမှ ထူးတယ် မထင်မိပါဘူး။ ကိုယ်က ဘာမှမဖြစ်ဘဲ သောက်လို့လားတော့ မသိ ... ဟိဟိ။
အမရွှေစင် .. တန်ဆေး လွန်ဘေးနော် ... ချစ်ချစ်ကြီးကို အားနာပြီး ၂ လုံးသောက်ရင် ဖလန်းဖလန်းတွေ အထလွန်ကုန်အုံးမယ်။

ယာနဒါန အလှူရှင်တွေအတွက် ၀မ်းမြောက်စွာ သာဓု ခေါ်ပါတယ် အမရေ ... ကိုယ်က မလှူနိုင်သေးတဲ့အတွက် လှူနိုင်သူတွေကို သာဓုခေါ်ရတာပါ။ မရွှေစင်ရဲ့ နိဗ္ဗာန်ဆော်လုပ်ငန်းလဲ အောင်မြင်တာမို့ ၀မ်းသာပါ၏။

Angelhlaing(May everybody be happy and healthy! said...

ဘာပဲ ဖြစ်ဖြစ် ပျော်စရာကြိးနေမှာနော်မမ ..အားကျထှာ..:):)

အလင်းသစ် said...

အပိုင်းနှစ်ကိုလည်း ဖတ်သွားပါပြီဗျာ။။။

ကျော်နှင်းဆီလွင် said...

မမရွှေဇင်
သာဓုခေါ်သွားတယ်နော်
ကျန်းမာရေးဂရုစိုက်နော်
:)))

စော(အဝါရောင်မြေ) said...

ကျမလည်း လှူဖို့ ကြိုးစားနေတယ် အမရေ။

Anonymous said...

Superb post of your writting.I learned taking medicine as you wrote:)Thanks You,Sa Sa and donars to yarna dana.I'll try to donate when i come back to you(seeing anyar hins and Sa Sa's stewing pork:D )
Take care sis!don't mention age.It's up to you.O.K
With love,
Gyidaw

မအိမ်သူ said...

ဟုတ်ပမရွှေစင်ရေ အလှူဆိုတာကလည်း အမှန်တကယ် လိုအပ်တဲ့နေရာမှာ လှူနိုင်ရင် ပိုထိရောက်တာပေါ့နော်။ မြတ်သောအလှူတွေ အများကြီးပေးနိုင်ပါစေရှင်။

Myanmar Good Knowledg Co., Ltd said...

နည်းတွေရတယ်အစ်မ၊
အစ်မဖလန်းဖလန်းဖြစ်တာအားကျတယ်။

အဲဒီအလှူမလှူဖြစ်သေးဘူး။
လှူတဲ့သူတွေကိုရော အစ်မကိုကော သာဓုခေါ်ပါတယ်။

ဘုန်းဉာဏ် said...

သာဓု၊ သာဓု၊ သာဓုပါဗျာ။ ယာနဒါန အလှူလုပ်စက သတင်းကြားလို့ ဝမ်းသာ ကြည်နူးခဲ့ရဖူးပါတယ်။
အခု ဒီအကြောင်း ဖတ်ရပြန်တော့ တော်တော်ပဲ ဝမ်းသာရပြန်ပါတယ်။ မန္တလေးမှာ စာသင်ယူခဲ့ဘူးတော့ ဒီအခက်အခဲကို ကိုယ်တိုင် ခံစားဖူးပါတယ်။ မြင်တတ်တဲ့ ဆရာတော်ဘုရားကြီးကိုလဲ ဒီနေရာကနေ ရှိခိုးဦးတင်ပါကြောင်း

မရွှေစင်ဦးလဲ ကိုယ်ရော စိတ်ပါ ကျန်းမာ ချမ်းသာပါစေကြောင်း။

sosegado said...

ကုသိုယ်ပါပဲအစ်မကြီးရေ သာဓုပါ၊
အင်နာဗွန်စီ အတု မသောက်မိအောင်သတိထားပါ၊

အင်ကြင်းသန့် said...

ကုသိုလ်ရေးကို အကျိုးမျှော်နှိုးဆော်ပေးတဲ့ ငါ့အစ်မလည်း ကုသိုလ်တွေအများကြီးကို ရဦးမှာ...း)

မမရွှေစင် အခုလိုပဲ အမြဲ ဖလန်းဖလန်းထနေနိုင်ပါစေလို့လဲ ဆုတောင်းပေးတယ်...း)))

ချစ်ညီမလေး

တောက်ပကြယ်စင် said...

ိနိဗ္ဗာန်ဆော် မကြီးရွှေစင်ရေ မင်္ဂလာပါ။ မိုးထိဆရာတော်နဲ့ မကြီးရွှေစင်တို့၊ မကိတို့ရဲ့ အားလုံးအားလုံးသော အလှူတွေအတွက် သာဓုပါကွယ်။ သာဓုပါ။ ဒီဆောင်းပါးလေးကို ဖတ်ပြီး ငယ်စဉ်က ဘုန်းဘုန်းရဲ့ ဆွမ်းခံဒုက္ခကို အထင်းသား ပြန်မြင်ယောင်နေမိပါရဲ့။ ကျန်းမာပျော်ရွှင်ပါစေ...

Anonymous said...

[url=http://buycialispremiumpharmacy.com/#vjkne]buy cialis online[/url] - buy cialis online , http://buycialispremiumpharmacy.com/#fvcyv buy cheap cialis

Anonymous said...

[url=http://buyviagrapremiumpharmacy.com/#ojjko]buy viagra[/url] - buy cheap viagra , http://buyviagrapremiumpharmacy.com/#itqiy viagra online

Anonymous said...

[url=http://viagraboutiqueone.com/#bwffn]cheap viagra[/url] - buy viagra , http://viagraboutiqueone.com/#omkio viagra without prescription