ဒီဆောင်းပါးလေးကို လည်း ဘာသာပြန်ဖို့ ကြံနေတာ ကြာပါပြီ။ အခုတော့ အမရွှေစင် က လေဘယ်တပ် ထားပြီဆိုတော့ ပျင်းလည်းရေး မပျင်းလည်းရေး ဆိုသလိုဖြစ်နေပါပြီ..။
စာရေးဖြစ်အောင် တိုက်တွန်းပြောဆိုသော၊ ကျွန်တော့်ရဲ့ ဘာသာပြန်လေးတွေကို ဘလောဂ် မှာ တင်ပေးသော ချစ်သော အမရွှေစင် နဲ့ အားပေးခဲ့ကြ တဲ့ ချစ်သော စာဖတ် ပရိတ်သတ်များ ကို လည်း ကျေးဇူး အထူး တင်ပါတယ်။
အနာဂတ် ရဲ့ ကလေးငယ်များ အားလုံး ကောင်းကင်ပြာကြီး ရဲ့ အောက်မှာ လွတ်လွတ်လပ်လပ် စဉ်းစား တွေးခေါ် နိုင်ကြပါစေ....။

ကလေးတွေကို တခါတလေ ပျင်းချိန် (ငြီးငွေ့ချိန်) ပေးရအောင်
ဘာသာပြန်သူ - စည်းစိမ်ရှင်
အရွယ်ရောက်နေတဲ့ ကလေးတစ်ယောက်အတွက် အရေးအကြီးဆုံး
လုပ်စေချင် တဲ့ အရာတစ်ခု က ကလေးတွေကို လွှတ်ထားလိုက်ပါ
(ကလေးတွေ သူတို့ဘာသာ သူတို့ နေပါ့စေ)
လွန်ခဲ့တဲ့ ၅နှစ်က ကျွန်တော်တို့အိမ် ရဲ့ မိလ္လာကန် ကို ပြင်ဆင်ဖို့ (အတွေးသမား) ဖလော်ဆော်ဖာ သန့်ရှင်းရေး သမား တစ်ယောက် ရောက်လာခဲ့တယ်။ သန့်ရှင်းရေး ဆရာလေး ကြည့်ရတာ လေးလေး နက်နက် တွေးတတ်တဲ့ သူတစ်ယောက် နဲ့လည်း မတူပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ သိသိခြင်း ကလေး တွေ အကြောင်း စပြောကြပြီး သူက ကျနော့် ရဲ့ အငယ်ဆုံး သားလေး ဖြစ်တဲ့ လေးနှစ်သားလေး ဘော်ဘီ ဆီကို ဖျတ်ကနဲ လှည့်ကြည့် လိုက်ပါတယ်။
ဘော်ဘီလေး က မြက်ခင်းပေါ်မှာ ကျောခင်းလို့သစ်ကြားပင်ပေါ်က လှုပ်ရှားနေတဲ့ သစ်ရွက်လေး တွေကို ငေးကြည့် နေတယ်။
ဘော်ဘီလေး က ပျင်းနေတာလို့ ပြောလိုက်တော့ အဲဒါ ကောင်းတာပေါ့တဲ့။ အဲလို ပျင်းရိငြီးငွေ့နေတာ ကောင်းတယ် ဟုတ်လားလို့ ပြန်မေးလိုက်တယ်။ သိပ်ကို သေချာတာပေါ့ လူအများစုက သူတို့ရဲ့ ကလေး တွေ ကို ဇွတ်အတင်း တစ်ခုပြီးတစ်ခု လုပ်စေပြီး အမှားတွေ အများကြီး ကျူးလွန် နေကြတယ်။
သွား…. သွား…. တစ်ခုခုလုပ်နေ ဘောလုံးကစားချင်ကစား တီဗွီ ကြည့်ချင်ကြည့် အိမ်လည် သွားချင်သွား ဒီမှာ ထိုင်ငေးနေ လို့ အလကားဘဲ ဆိုပြီး အမြဲတမ်း ကလေးတွေ ဟာ အပြောခံနေကြရတယ်။ အဲဒီ လို ပြောတဲ့ အထဲမှာတော့ ကျွန်တော်မပါဘူး။ ကျွန်တော်ကတော့ ကလေးတွေပျင်းနေတာ ဟာ သူတို့ ရဲ့ အခွင့်အရေးပါ လို့ မြင်တယ်။ ဘာကြောင့် လဲလို့ မေးတော့ ပျင်းနေတဲ့အတွက်ကြောင့် သူတို့ မကြာခင်မှာ စတင်ပြီး စဉ်းစား တွေးခေါ် လာပါ လိမ့်မယ်။
ဘော်ဘီလေး ဟာ ပက်လက်ကနေ မှောက်လျက် အနေအထားပြောင်းပြီး သူ့ရဲ့လက်ကလေး နှစ်ဘက်နဲ့ မေးစေ့လေးကို ထောက်ပြီး ပုရွက်ဆိတ်ကလေးတစ်ကောင် က ယင်အသေလေးတစ်ကောင် ကို မြက်တောထဲ စီ ချီသွားတာကို ကြည့်နေပါတယ်။ ကျွန်တော်ဘာကို ဆိုလိုတာလဲဆိုတာ ကြည့်လိုက်ပါလို့ သန့်ရှင်းရေးဆရာ က ပြောတယ်။ တကယ်လို့ ခင်ဗျားကသာ ဘော်ဘီလေးရေ ပုရွက်ဆိတ်အကြောင်း သွားလေ့လာပါဆိုရင် ဘော်ဘီလေး အဲဒီအလုပ်ကို လုပ်လိမ့်မယ် မထင်ဘူး။ အခုတော့ ပျင်းပြီး အဲဒီနေရာ မှာ လဲှနေတော့ ပုရွက်ဆိတ်ကလေးတွေ ရဲ့ အကြောင်း နည်းနည်းချင်းတော့ သိသွားတာပေါ့။
ခေတ်သစ် မိဘတွေရဲ့ အားနည်းချက်ကို သတိပြုမိတဲ့ ဖလော်ဆော်ဖာ Bertrand-Russell က …… ဘ၀ ပျော်ရွှင်ရေး အတွက်ပါ ... ကိုယ့်သားသမီးကလေး တွေ ကောင်းစားရေး အတွက် အကျိုးရှိစေသော အရာတွေပါ..... ဆိုပြီး ရိုးရှင်းပြီး ငြီးငွေ့ဖွယ် ကောင်းတဲ့ အလုပ်တွေ ကလေး တွေကို လုပ်ခိုင်းတဲ့ အတွက် မိဘ တွေ ကို ပြစ်တင် ပြောဆိုခဲ့ပါတယ်။ တခြား လေ့လာရှာဖွေတဲ့သူတွေကလည်း ဒီလိုဘဲ ပြောခဲ့ ကြပါတယ်..။
မျိုးဆက်သစ် ကလေးလူငယ်တွေကို အလကားနေတာ လက်မခံနိုင်ဘူး (ဆိုလိုတာက တွေးခေါ်ဖို့ အချိန် မပေးဘူး ဆိုရင်) သူတို့မျိုးဆက် က သာမန်လူဘဲဖြစ်သွားပါလိမ့်မယ်။ လူသားမျိုးနွယ်တို့ရဲ့ သဘာ၀ တရား ဖြစ်စဉ် တွေနဲ့ တဖြည်းဖြည်းခြင်း လွန်ကဲစွာ ကင်းကွာသွားပါလိမ့်မယ်။ လူသားတွေရဲ့ အမြဲအရေးပါ အရာရောက်တဲ့ လူမှုဆက်ဆံရေး နဲ့ ကလေးတွေရဲ့ ပြင်းပြတဲ့ ဆန္ဒတွေဟာလည်း တဖြည်းဖြည်း နဲ့ လျော့ပါး လွင့်ပျောက် သွားပါလိမ့်မယ်။ ပန်းအိုး ထဲက ပန်းပွင့်လေးတွေလို ဖြည်းဖြည်းခြင်း ညိုးခြောက် သွားပါ လိမ့်မယ်လို့ ပြောခဲ့ပါတယ်။
မိလ္လာကန်ရှင်းပေးတဲ့သူကတော့ Russell က မှန်တယ်။ ကျွန်တော်တို့ အဲဒါတွေကို ဂရုမစိုက်ဘူးဆိုရင် ကျွန်တော်တို့ဟာ ကလေးတွေရဲ့ မွေးရာပါ အခွင့်အရေး ကို လုယူသလိုဖြစ်လိမ့်မယ်။ ကလေးတွေလည်း ကလေးတွေလို အေးအေးဆေးဆေး စိမ်ပြေနပြေ ပျော်ရွှင်ချိန် ရှိရသလို၊ စိတ်သောကအခက်အခဲ ဖိစီးမှုတွေကနေ လွတ်မြောက်နေရပါ့မယ် ကလေးလေးတွေဟာ သူတို့ရဲ့ကိုယ်ပိုင် ကြံရည်ဖန်ရည် လုပ်ရည် ကိုင်ရည်လေး တွေပေါ်မှာဘဲ လုံး၀ တည်မှီနေရမယ်။ ကလေးတွေ ကို သဘာဝ အတိုင်း သိရှိ နားလည် လာဖို့ အားပေး ရပါ့မယ်။
ကျွန်တော် ဘာလုပ်ရမလဲ လို့ ကလေးတစ်ယောက် က သူကိုယ့်သူမေးကြည့်လို့ အဖြေ မရှိဘူးဆိုရင်၊ မိဘတွေ ရဲ့ စနစ်တကျ စီစဉ်ထား တဲ့ စီမံကိန်းတွေ မရှိဘူးဆိုရင်၊ တီဗွီ တွေ မကြည့်ဘူး ဆိုရင် ကလေးတွေ ဟာ ကျွန်တော်ဘယ်သူလဲ၊ ဘာလို့ ဒီနေရာမှာရှိနေတာလဲ၊ ကျွန်တော်ဘယ်ကို သွားရမလဲ၊ ကျွန်တော် ဘာဖြစ် လာမလဲ စတဲ့ ပထမဆုံးမေးခွန်းတွေကို တခြားလူတွေဆီ ရှေ့ဆက်ပြီး မေးကောင်း မေးနိုင်ပါ တယ်။
အရွယ်ရောက်တဲ့ အခါ အားလုံးကောင်းဖို့ဆိုပြီး ကလေးတွေရဲ့ ပြုဖွယ်ဆောင်တာတွေကို စနစ်တကျ စီစဉ် ထိန်းချုပ်ထားရင် သဘာဝအတိုင်း အလိုအလျောက်ဖြစ်ပေါ်နေ တဲ့ ကလေးငယ်ရဲ့ဘဝဟာ ဆုံးရှုံးရပါမယ်။ အခု လောလောဆယ်ဆယ် မှာ ဆင်ခြေဖုံးရပ်ကွက်မှာရှိတဲ့ သူငယ်ချင်းတစ်ဦးရဲ့အိမ်ကို အလည်သွားတဲ့ အခါမှာ ၁၁ နှစ် အရွယ်ရှိတဲ့ သူငယ်ချင်း ရဲ့ သားလေး ဟာ ဘေ့စ်ဘော လက်အိတ်ကို ကိုင်လာပြီး မျက်နှာ မသာမယာ နဲ့ အိမ်ပြန်လာခဲ့တယ်။ သင်တန်းနည်းပြဆရာ ရောက်မလာတော့ ကျွန်တော်တို့ မကစားရ တော့ဘူး လို့ ပြောတယ်။
ကလေးသူငယ် တွေ အဲဒီလောက် အများကြီး ပြောင်းလဲကုန်ပြီလား? ကျွန်တော်တို့ ၁၁နှစ်အရွယ်တုန်းက လူကြီးတစ်ယောက် ပါမှသာ ပွဲ ပျက်ကောင်းပျက်ပါလိမ့်မယ် ။ အခုတော့ သူတို့မျှော်လင့်ထားတဲ့ လူကြီး တစ်ယောက် ရှိနေမှ သူတို့ ပျော်ရွှင်ရမယ် တဲ့ဗျာ။
ကျွန်တော်တို့ကလေးဘဝက ဘယ်သူမှလဲ ကိုယ့်အပေါ် မျှော်လင့်ချက်တွေ အများကြီး မရှိခဲ့ကြပါဘူး။
နေ့စဉ် လုပ်နေရတဲ့ ငြီးငွေ့စရာအလုပ်တွေကို နည်းနည်းပါးပါး ဘဲ လုပ်ရတယ်။ အရေးပါတဲ့ ပြဿနာ တွေလည်း ရှိမနေပါဘူး။ ပညာသင်ချိန်မှာ ကျောင်းသွားရပါ့မယ်။ ကျန်တဲ့ အချိန်ဟာ ကိုယ့်အချိန် ကိုယ် ပိုင်ပါတယ်။ ပျင်းရိငြီးငွေ့တယ် ဆိုရင်တောင် ဒါဟာ ကိုယ့်ကိစ္စပါ။

သတိရမိသေးတယ် တခါက အဖွားရှေ့မှာ ဘာမှ လုပ်စရာမရှိဘူးဆိုပြီး ငြီးငြူမိတယ်။ အဖွားက လက်ကို ဆွဲခေါ်လို့ ကြီးမားလှတဲ့ အိမ်ရှေ့ဆင်ဝင်တံခါးပေါက်ကို ဦးဆောင်ခေါ်သွားခဲ့တယ်။ ပြင်းပြတဲ့ဆန္ဒနဲ့ နောက်က လိုက်ပါပြီး အတွေးတစ်ခုတည်း စိတ်ကိုလွမ်းမိုးထားပါ။ ကြီးကျယ် ခမ်းနားလှပတဲ့ ပြာလဲ့လဲ့ နံနက်ခင်းရဲ့ အောက်မှာ တဝီဝီမြည်တဲ့ပျားကလေးတွေက ပွင့်လန်းနေတဲ့ ပန်းကလေးတွေရဲ့ ဝတ်ရည်ကို စုပ်ယူနေတယ်။ နွေနံနက်ရဲ့ တေးသံသာအောက်မှာ လတ်ဆတ်တဲ့ရနံ့တွေ သာယာတဲ့ အသံလေးတွေ ရှိနေတယ်။
လုပ်စရာ မရှိဘူး ဟုတ်လားလို့ အဖွားရဲ့ စိတ်မရှည်တဲ့လေသံနဲ့ မေးခဲ့တာကို ကျွန်တော်နားမလည်ခဲ့ပါဘူး။ ကမ္ဘာလောကကြီးတစ်ခုလုံး ရှိနေတာဘဲ အသုံးချလိုက်ပါတဲ့။
ပြီးတော့ ကမ္ဘာမြေအကြောင်း နဲ့ ကမ္ဘာမြေအထက်မှာရှိတဲ့ ကောင်းကင်ပြာပြာကြီးအကြောင်းတွေကို လက်တွေ့ ရှင်းလင်းပြသတဲ့ အဖွားဟာ ဒေါသစွက်တဲ့ ဟန်အမူအရာတွေ ပုံရိပ်တွေ ရှိတယ်ဆိုပေမယ့် ကျွန်တော့်ရဲ့ နှလုံးသား နဲ့ အသိဉာဏ် မှာတော့ သဘာဝ တရား ရဲ့ အလှတရားတွေ ကို ခံစားမိသွားပါပြီ..။
ကျွန်တော်ယူဆတာက ကလေး တွေ ရဲ့ မွေးရာပါစွမ်းရည် သဘာဝစွမ်းရည်တွေကို ကျွန်တော် လက်ခံ တယ်။ ကလေးတွေ ပျင်းရိ ငြီးငွေ့ တဲ့ အခါ မှာ ညည်းတွားရေရွတ်ကြပါစေ... နောက်ပြီး ကစားဖော် သက်တူရွယ်တူ တွေကို သွားရှာဖွေကြပေါ့.. ဖြစ်နိုင်တာကတော့ သစ်ပင်ရိပ်အောက်မှာ ထိုင်ပြီး စကားများမယ် တယောက် နဲ့ တယောက် မခံချင်အောင် စကြ နောက်ကြမယ်။ စကားများလို့ မောရင် ကျောက်ဒိုး ပစ်တမ်း ကစားမယ် ဒါမှမဟုတ်ရင် စိန်လိုက်ပြေးတမ်း ကစားမယ်။ ဒါမှ မဟုတ်ရင် ကျွန်တော် တို့ ထဲက ဘယ်သူဟာ အသက်မရှုဘဲ အကြာဆုံးနေနိုင်လဲ ဆိုတာ ပြိုင်ဆိုင်ကြမယ်...။
ကျွန်တော်တို့မှာ အဲဒီလို အချိန်တွေ အများကြီး ရှိခဲ့တာပါ။ ကျွန်တော်တို့ရဲ့နေ့တာတွေဟာ အခုခေတ် ကလေးတွေ ထက် ပိုပြီးရှည်ကြာပါတယ်။ အခုခေတ်တော့ဗျာ ကလေး သူငယ်လေးတွေ အတွက်တောင် မှ အချိန် ဟာ တိုတောင်း ရှားပါးလွန်း ပါတယ်။
ကာရင် က အခုလောလောဆယ်ဆယ် မအားဘူးရှင့် လို့ အမေလုပ်တဲ့သူက ကော့က်တေးလ်ပါတီပွဲ မှာ ကြွားဝါတယ်။ ကျောင်းဆင်းရင် ဘောလီဘောကစား၊ ဂီတပညာ၊ စက်ဘီးစီး လေ့ကျင့်ခန်းတွေ လုပ်ရတယ်။ စနေ ညတိုင်းလည်း ကျောင်းကပွဲတွေ အတွက်သွားရတယ်။ တခြားညတွေမှာ အိမ်စာတွေလုပ်တယ် ပြီးရင် အိပ်ယာ မဝင်ခင် တီဗွီကြည့်တယ် ။ ကာရင် မှာ ပျင်းချိန်တောင် ဘယ်တော့မှ မရှိဘူး။
သနားစရာ ကာရင်လေးရေ အခု သူ့အသက် ၁ဝ နှစ်။ မကြာခင် လူလားမြောက်အရွယ်ရောက်တော့မယ်..၊ သူမ ဘဝ က တင်းကျပ် တဲ့ အုပ်ထိန်းမှု့ အောက်မှာဘဲရှိနေတယ်။ နောက်နှစ်အနည်းငယ်ကြာရင် ကာရင်လေး ဟာ ကပွဲမှာ ဆုံတဲ့ ကောင်လေးတွေ နဲ့ ချိန်းတော့မယ်။ အဲဒီကောင်လေးတွေ နဲ့ တွဲကကြပြီး တီဗွီ က လာတဲ့ ကြော်ငြာ တွေ အကြောင်း ကို ပညာသားပါပါနဲ့ (အရေးပါ အရာလုပ်ပြီး) စကားလုပ်ပြီး ပြောကြ လိမ့်မယ်။
မကြာခင် သူမ ဟာ အပြိုင်အဆိုင် များတဲ့ ကမ္ဘာလောကကြီးထဲမှာ အတိုင်းအတာ ရှိတဲ့ အောင်မြင်မှု့ တခု ကို ရလာ ပါလိမ့်မယ်... ဒါပေမဲ့ အိမ်မှာ သူမ တစ်ယောက်တည်း အေးအေးဆေးဆေး နေရချိန် ဘယ်လောက် ရှိမလဲ။
ပျင်းရိငြီးငွေ့ခြင်း ဟာ အပြုသဘော ကို ဆောင်ပါတယ်။ ပြတင်းတံခါးကိုဖြတ်ပြီး မြင်ရတဲ့ အရာလေးကို ကျွန်တော် သာဓက ပြမယ်။ ကျွန်တော်တို့ ဟာ တောအုပ် အနီးမှာရှိတဲ့ Wisconsin ဥယျဉ်ခြံမြေမှာ နေပါတယ်။ တောအုပ်အနီး မှာ ရှိတဲ့ အိမ်ကလေးမှာ ရေကန်ငယ်လေးတကန် အရင်အပတ် စနေ ၊ တနင်္ဂနွေ က မှ စတင် တူးခဲ့ပါတယ်။
၁၇ နှစ် အရွယ် ဂျွန် နဲ့ ဘော်ဘီ ဟာ ကစားလို့ မောပန်းနေခဲ့ကြတယ်။ ကလေးတွေရဲ့အဖေက ဘယ်ဟာ အရေးပါ သလဲ ဆိုတာတွေရယ် ... တမူထူးခြားတဲ့ စိတ်ကူးအကြံဉာဏ်တွေရယ် နဲ့ ပြည့်ဝ တဲ့သူပါ။ တီဗွီ ပျက်နေ တာ ကို အသစ်ဝယ်ပေးဖို့လည်း ကလေးတွေ ကို ငြင်းဆိုခဲ့ပြီးပြီ်။
ရေသွားကူးဖို့ ကောင်းအောင် ပူလွန်းလှတဲ့အချိန် လည်း မဟုတ်ပါဘူး။ ဒါနဲ့ သူတို့ဟာ တောအုပ်ထဲမှာ ထိုင်နေကြပြီး ပျင်းရိငြီးငွေ့ကာ စိတ်ပျက်နေကြပါတယ်။ အဲဒီအချိန်မှာ ဂျွန် က လေလာတိုင်း လှုတ်ခတ် နေတဲ့ ထင်းရှုးပင် တွေ ရဲ့အောက်မှာ ရေကန်ငယ်လေးတခု ရှိရင် ကောင်းမှာလို့ပြော ခဲ့တယ်။
အေး ကွာ တို့ ဘာလို့ မတူးရမလဲ လို့ ဘော်ဘီလေး ကပြန်ပြောခဲ့တယ်။ ရေကူးလို့ ရတဲ့ ရေကူးကန်တခု မဟုတ်ပေမယ့် ကြာပန်းပင်လေးတွေ စိုက်လို့ရမယ်၊ ပိုးလောက်လန်းတွေ ကို စားတဲ့ ရွှေငါးလေးတွေ မွေးမယ်။
သေချာတာပေါ့ လို့ ဂျွန်က ပြန်ပြောလိုက်ပြီး တို့ အဖေ့ကို ရေပန်း ပိုက်ကလေး ဝယ်ပေးဖို့ပြောရမယ်။ ကန်လေး ရဲ့ အဆုံးမှာ ကျောက်ဆောင်လေးလည်း ရှိရမယ် .... ကျောက်ဆောင်လေးမှာ ပိုက်ကို မြုတ်ထားပြီး ကျောက်ဆောင်တွေ ပေါ်ကနေ ရေစီးကျသံတွေဟာ သာယာနာပျော်ဖွယ်ကောင်းပြီး ပလုံစီမြည်တဲ့ ရေကျသံ လေးတွေ ဖြစ်ပေါ်လာလိမ့်မယ်။
အဲဒီနောက်မှာ သူတို့ဟာ ဂေါ်ပြားတွေယူကြတယ်။ ကျွန်တော်တို့ရဲ့ တောအုပ်နေရာလေးတစ်ခုမှာ အနက် ၂ ပေ အကျယ် ၁၄ ပေ ရှိတဲ့ ရေကန်လေးတစ်ခုတူးဖို့ အိမ်ကို ပြန်လာခဲ့တယ်။ လက်ကိုင်ပါတဲ့ တူရွင်းငန်းပြားတလက်၊ သဲ၊ ရေ နဲ့ ဘိလပ်မြေတို့ အချိုးကျရောပြီး တွန်းလှည်းပေါ်သယ်ယူခဲ့ကြတယ်။ ရေကန်လေး တကန်ရှိတာ ကောင်းတဲ့စိတ်ကူးလို့ မထင်ဘူးလား လို့ ဂျွန်က ပြောခဲ့တယ်။
ကျနော် က မင်းတို့ မလုပ်ဘူး ဆိုရင်လဲ ကန်လေးတကန် တူးပေးဖို့ တွေးပြီးသားပါ။ ဒါဟာ စိတ်ကူးကောင်း တစ်ခုပါ။ တီဗွီအသစ်လေး တပ်ဆင်ပေးတာက လွယ်ပါတယ်။
အခုတော့ ကလေးတွေ ဟာ ရေပန်း နဲ့ ဘိလပ်မြေ သဘာဝ ကို စဉ်စားတွေးခေါ် တတ်ပြီ။ ပစ္စည်း တွေ ရဲ့ တန်ဘိုး ကိုလည်း တွက်ချက်တတ်သွားပြီ ။ ဘာဘဲဖြစ်ဖြစ် ကျွန်တော်ကတော့ Bertrand Russell ဘက်က ရပ်တည် ပါတယ်။
ကလေးတွေရဲ့ပျော်ရွှင်မှုတွေ မှာ အဓိကဖြစ်သင့်တာကတော့ သူတို့ဘာသာ သူတို့ ပတ်ဝန်းကျင် ကနေ ရွေးချယ် ထုတ်ယူဖို့ပါဗျာ။ ဆိုလိုတာကတော့ ကလေးတွေ သူတို့ဘာသာ ကျိုးစားအားထုတ်ပြီး တီထွင်ဉာဏ်ရှိစေဖို့ပါ။ ကျွန်တော် တို့ အားလုံးဟာ ကမ္ဘာလောကကြီး ရဲ့သက်ရှိသတ္တဝါတွေဖြစ်တယ်။
ဒီမြေကမ္ဘာကြီး ရဲ့ အသက်ဟာလည်း ကျွန်တော်တို့ဘဝရဲ့ တာဝန်တွေပါ။ ကျွန်တော်တို့အားလုံး ရှင်သန်ဖို့ ဒီကမ္ဘာလောကကြီး ဆီက လိုအပ်တဲ့အရာမှန်သမျှ ထုတ်ယူခဲ့ကြတယ်။ ဒါကြောင့် လူကြီးတွေ တင်မကဘူး ကလေးတွေပါ ကမ္ဘာကြီး နဲ့ဆိုင်တဲ့ အဖြစ်အပျက်တွေ အားလုံးကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ဖို့ လိုအပ် ပါတယ်။
ကျနော် တို့ ရဲ့ လက်တွေမှာ အရေကြည်ဖုတွေ ပေါက်ကုန်ပြီ။ ခါးတွေလည်း နာကျင်ကိုက်ခဲပြီ။ ကလေး တို့ရေ တို့တွေ အားလုံး တဖြည်းဖြည်း နဲ့ ပြီးအောင် နောက်ရက်တွေ ဆက်လုပ်ကြတာပေါ့ လို့ အကြံပေး လိုက်တယ်။ ဒီအလုပ်က တော်တော် ခက်ခဲတဲ့ အလုပ်ပဲကွလို့ လည်း ပြောလိုက်တယ်။
ဘော်ဘီလေးက ကျွန်တော့အမှားကို ထောက်တယ်ဗျ။ ခက်ခဲတဲ့ အလုပ်ဆိုလဲ ကျွန်တော်တို့ လုပ်ရ လိမ့်မယ် ... ဒီရေကန်လေးကို ဘယ်သူကမှ တူးပါလို့ ခိုင်းခဲ့တာ မဟုတ်ဘူး လို့ ပြန်ပြောတယ်။
ကလေး တွေ ရဲ့ တီထွင်မှု တွေ စိတ်ကူးယဉ် အိမ်မက် တွေဟာ ကျွန်တော်တို့ရဲ့ ဘဝ ကျနော် တို့ရဲ့ ကမ္ဘာ ပါဘဲ..။
လေးစားစွာဖြင့်
ဘာသာပြန်သူ - စည်းစိမ်ရှင်
မူရင်း- Reader Digest (December, 1963)

ပုံကို Google မှ ယူပါ၏။
.
12 comments:
ညီမစည်းစိမ်...အမလည်း Bertrand-Russell နဲ့ တသဘောထဲပဲ၊ ကလေးငယ်တွေကို ဖိအားသိတ်ပေးလွန်းတဲ့ မိဘ၊ ဖိအားသိတ်ပေးလွန်းတဲ့ ပညာရေးစံနစ် ဘာကိုမှ အစွန်းတဘက် မရောက်စေချင်ဘူး။ ခု ကလေးတွေဟာ အမတို့ ခေတ်ကနဲ့တောင် မတူဘူး၊ တနေ့ တနေ့ သူတို့မှာ နားချိန်မရှိအောင်ပဲ များပြားလိုက်တဲ့ အလုပ်တွေနဲ့ ကလေးနဲ့တောင် မတန်ဘူး။ စက်ရုပ်လူသားလေးတွေ အဖြစ် ကြီးပြင်းလာမှာတောင် စိုးတယ်...။ ဆက်လုပ် ညီမရေ စာသန့်လေးတွေမို့ အားပေးနေပါတယ်နော်....:)
ငယ်ငယ်က အဲဒီလိုပဲ ပျင်းဖူးတယ်။
အိမ်ရှေ့တံခါးဝမှာ ကြိမ်ခုံပုလေးနဲ့ထိုင်ပြီး ရွာကျနေတဲ့ မိုးရေစက်တွေကို ပျင်းပျင်းရိရိ ထိုင်ကြည့်ဖူးတယ်။
ခြံထောင့်တမာပင်ကြီးက တဖွဲဖွဲ လွင့်ကျလာတဲ့ သစ်ရွက်ကြွေတွေကို ဘာရယ်ညာရယ်မသိ ငြီးငြီးငွေ့ငွေ့ ကြည့်ခဲ့ဖူးတယ်။
ဆောင်းနံနက်ခင်း မြူနှင်းတွေဝေနေချိန်မှာ ပန်းကလေးတွေပေါ် ပျံဝဲနေတဲ့ လိပ်ပြာလေးတွေကို တငေးတမော ကြည့်ခဲ့ဖူးတယ်။
အဲဒါကို ခုလိုမျိုးတော့ မတွေးခဲ့ဖူးဘူး။ သိပ်ကောင်းတဲ့ ဘာသာပြန်ပို့စ်လေးပါပဲ အရီးလေးရေ ...
ပိုစ့်ကောင်းလေးအတွက် ကျေးဇူးပါ မရွှေစင်နဲ့ မစည်းစိမ်ရေ..
ကလေးတွေကို ပျင်းနေချိန်မှာ အလုပ်လုပ်ချင်စိတ်လေးတွေရှိလာအောင် တွန်းအားပေးနိုင်တာကိုက အရည်အချင်းတစ်ခုဘဲနော်..
လုပ်ချင်စိတ်တွေရှိလာသလို တီထွင်စိတ်ကူးဥာဏ်လဲ တိုးတက် လာစေတယ်. နောက်လဲ ခုလို စာကောင်းလေးတွေ ဖတ်ချင်ပါသေးတယ်..
ကလေးတွေအတွက် အနားယူချိန် သိပ်မပေးတဲ့ မိဘတွေပဲ တွေ့ရတာ များတယ်။
မှန်ပါတယ်။ကလေးတွေရဲ့ လွပ်လပ်တဲ့ အတွေးအခေါ်ကို အချိန်ဇယားတွေနဲ့ ပိတ်ပင် မထားသင့်ပါဘူး၎င်းကို မိဘတွေသာမက ကံ့ကူလက်လှည့် ဆရာ/မ တွေပါ သိသင့်ပါတယ်။ဆက်ရေးပါ စစ ရေ။အားပေးနေပါတယ်။
It is also a kind of Fundamental right.:D :)
Thanks.
Ray
ဖွားကိ တို့  ငယ်ငယ်တုံးကများ ပျင်းချိန်တောင် မရှိပေါင် .. မောင်နှမတွေ များတော့ တနေ့ တနေ့  ခြံထဲမှာ လှည့်ပတ်ကစားရင်းနဲ့ တခါတလေများ ကျောင်းကားတောင် မမှီဘူး ။ ကျူရှင်ဆိုတာလည်း ဘာမှန်းမသိ ။ ခုလို အီးခေတ် မဟုတ်တော့ ဘာ အီးပစ္စည်းမှလည်း မသုံးခဲ့ရ ..
ပျင်းချိန် ငြီးငွေ့ ချိန် မရှိတော့ ဘာကိုမှ တွေးပြီး စူးစမ်းတဲ့ စိတ်တောင် မဝင်မိပါဘူး ..း) ..ဒါကြောင့် ခု ချိန်မှာ ခပ်တုံးတုံး ပဲ ဖြစ်နေလားမသိပါဘူး ။
တခါတော့ဖြစ်ဖူးတယ် မှတ်မှတ်ရရ ပါပဲ .. အကိုတွေ နဲ့ သစ်ပင်ပေါ်တက်ပြီး ကျီးကန်းဥ သွားနှိုက်ကြတော့ အသေးဆုံး ဖွားကိက အောက်ဆုံးမှာ .. အဲ့ဒါ ကိုယ်တောင် ကျီးကန်းသိုက်ဆီ မရောက်လိုက်သေးဘူး .. ကျီးဆိတ်တာ ခံလိုက်ရတော့ ။ ဟာ ..ငါတောင် ဘာမှမလုပ်ရသေးဘူး ၊ အလကား နေရင်း အဆိတ်ခံရတယ် လို့ ၊ နှိုက်တဲ့သူကိုတော့ ကြောက်လို့ လားမသိ ကျီးတွေက မဆိတ်ကြဘူး .. အဲ့ဒါကြောင့် ကိုယ်မလုပ်ပေမဲ့လည်း ခံရတတ်ပါလား လို့ စိတ်ချဉ်ချဉ် ပေါက်ခဲ့ဖူးတယ် ...
ဟိုက် .. ကိုယ့်ပေါင် ကိုယ်လှန်ထောင်းမိ ပြန်ပြီ ။ (လူကြီးဖြစ်လာတော့ ဟန်ဆောင်ပန်ဆောင်တွေ လုပ်တတ်လာကြတာ ပေါ့ )
တကယ်တော့ ကလေးဘဝကို လွတ်လပ်ပျော်ရွှင်စွာ ဖြတ်သန်းခွင့်ပေးဖို့  အရေးကြီးတာ မှန်တာပေါ့လေ ။
ဘာသာပြန်တာဖြစ်ဖြစ် ကိုယ်တွေ့ လေးတွေ ဖြစ်ဖြစ် နောက် ဆက်ဖတ်ချင်ပါသေးတယ် ..မစည်းစိမ် ရေ ..
ဖွားကိ ..း))
ဟုတ်တယ်နော်.. ခုခေတ် ကလေးတွေဘဝကလည်း ကျူရှင်တက်ရ.. သင်တန်းတက်ရနဲ့ ပျင်းချိန်တောင် မရှိရှာပါဘူး...
သိင်္ဂါကျော်
မမလေးရေ....ဒါလေးကလည်း ဘာသာပြန်ကောင်းလေးတစ်ပုဒ်ပါပဲ။ နောက်ထပ်လည်း ဒီလိုစာကောင်းလေးတွေ ထပ်ဘာသာပြန်ပေးပါဦးနော်။
ဂျင်းကတော့ ဒီခေတ်ကလေးတွေကိုကြည့်ပြီး သနားနေမိတော့တာပဲ.... :(
I think one of your advertisements caused my internet browser to resize, you might want to put that on your blacklist.
အဲဒီလို အတွေးမျိုးကို သဘောကျတယ်။
သားသမီးတွေကို အချိန်အလိုက် အလိုက်သင့် ကြီးပြင်းသွားတာမျိုးပဲ ဖြစ်စေချင်တယ်။
သိပ်ကောင်းတဲ့စာလေးကို ဘာသာပြန်ပေးတဲ့ မစည်းစိမ်ကို ကျေးဇူးတင်ပါတယ်။
နောက်လည်း တန်ဖိုးရှိတဲ့စာလေးတွေ ရေးပါအုံး
စစ..
အရမ်းကောင်းတဲ့ပိုစ်ပါပဲ..ဖတ်ရင်း တအားလည်း သဘောကျမိတယ်။
ကလေးစိတ်ပညာအလိုအရ ကလေးတွေဟာ ကစားခြင်းနဲ့ ဘ၀ကို သင်ယူနေရတယ်လို့ ဆိုတယ်။ ပျော်တဲ့အခါပျော်တယ်၊ အလိုမကျတဲ့မကျ..။ မိဘမောင်နှမ၊ သူငယ်ချင်းများနဲ့ အဆင်ပြေတဲ့အခါပြေ၊ ကိုယ့်ကိုယ့်ကို နားလည်ဖို့ သူများကို နားလည်ဖို့ စတာတွေ၊ ပတ်ဝန်းကျင်က သက်မဲ့တွေရဲ့ ပြောင်းလဲပုံတွေ၊ သက်ရှိတွေရဲ့ပြောင်းလဲပုံတွေ စသဖြင့် အများကြီး အများကြီး နေ့စဉ် စက္ကန့်မလပ် သင်ယူရတယ်၊
အဲဒါကို ကလေးဘ၀က လွပ်လပ်တယ်၊ ပျော်စရာအတိလို့ လူကြီးတွေက တွေးရင် သူတို့ဘ၀ကို နားမလည်ရာကျသွားလိမ့်မယ်။ ပြီးတော့ ကိုယ့်ငယ်စဉ် ဖြတ်သန်းခဲ့ရတဲ့ ကလေးဘ၀ကိုမေ့ရာကျသွားလိမ့်မယ်။ ကလေးဘ၀ကခံစားခဲ့ရတဲ့ သောကတွေဟာ လူကြီးဘ၀က သောကထက်တော့ မနည်းနိုင်ဘူး၊ ဒါကို လူကြီးတွေက နားမလည်ပေးကြတော့ သူတို့ခမြာ သနားစရာကောင်းလွန်းနေတယ်..တဲ့..။
ဒါကြောင့် စစရဲ့ ပိုစ်ထဲကအတိုင်း ကလေးတွေ သဘာဝအတိုင်း လွပ်လပ်စွာ သင်ယူနေတာကို အားပေးပြီး၊ လိုအပ်တဲ့အခါ လမ်းကြောင်းမသွေအောင်သာ ထိန်းကျောင်းပေးရခြင်းကသာ တကယ်စေတနာထားရာကြာမှာလို့ ထောက်ခံမိပါတယ်။
အရမ်းကောင်းတဲ့ပိုစ်အတွက် မမနဲ့ စစကို ကျေးဇူးတင်ပါတယ်။
Post a Comment