Wednesday, October 6, 2010

ပြောင်းလဲခြင်း

ဖေဖေ့ အခန်းထဲ မရောက်တာ ကြာသွားလို့ ရွံတွန့်တွန့် ခံစားရပေမဲ့ ဒီအခန်း ထဲမှာ ငယ်ငယ် ကထဲက ကျင်လည်ခဲ့ တာဆိုတော့ သိပ် မကြာ တဲ့ အချိန်မှာ ဘဲ အခန်းလေးနဲ့ ပြန်လည် ရင်းနှီးမှု့ ရသွားတယ်. ဒီဘီရို.... စားပွဲ..... ကုလားထိုင် တွေ က လွန်ခဲ့တဲ့ ၁ဝ နှစ်ကျော် က အတိုင်း ပါဘဲလား... နောက်ထပ်... ဘာတွေ များ ထူးခြား လာသေးလည်း အင်း သောက်ရေအိုးစဉ် နေရာမှာ ဝါတားကူလား အသစ်ကလေး နဲ့ ဘီရို အသစ်တလုံး တိုးလာသလိုဘဲ .. ပန်ကာ အဟောင်းကြီး ကတော့ ထုံးစံအတိုင်း အမိုးပေါ်မှာ တအီအီ အသံပေးနေလေရဲ့.....။

ကျနော် ငယ်ငယ် က ဒီ စားပွဲတွေ ပေါ်မှာ စာကြည့်တိုက် က ငှားလာတဲ့ စာအုပ် တွေ တဝကြီး ဖတ်ခဲ့တယ်... စားပွဲအောက်တွေ ဘီရိုကြားတွေထဲ တောင်မကျန် တူတူပုန်းတန်း ကစား ခဲ့သလို.... တခါတလေ ဖေဖေ ကို စောင့်ရင်း စာဖတ်ရင်း..  စားပွဲပေါ် ခေါင်းစိုက်လို့ အိပ်ပျော် သွားတဲ့ အခါလည်း ရှိခဲ့တာဘဲ.... ။

စားပွဲပေါ် မှာ ဟိုကြည့်ဒီကြည့် လုပ်ရင်း ... ဖေဖေ့ စားပွဲပေါ်မှာ ရှိနေကြ စာဖျက်တဲ့ နီနီ-နံနံ ပုလင်းလေး  ကို လက်သဲနီ အဖြစ် မှတ်ယူပြီး ဆိုးခဲ့တာ လည်း သတိပြန်ရလာလို့ ပုလင်းလေး ကို ရှာကြည့်သေးတယ်...  ပုလင်းလေး က စားပွဲ တနေရာမှာ သစ္စာရှိရှိ.. ငြိမ်ငြိမ်သက်သက်... ။

 ပန်ကာသံ တအီအီ ကို နားထောင် နေရင်း ဖေဖေ ကို ဘာအကြောင်းပြ ရပါ့မလည်း လို့လည်း စိတ် မသက် မသာ တွေးရင်း ဖေဖေ့ စားပွဲ ပေါ်က စာရွက်စုတ်ကလေး ပါမကျန် လျှောက်ဖတ် နေမိတယ်.. ၊ ကျနော် မတွေ့ချင်တဲ့ စာမျိုးတွေ မတွေ့ပါစေနဲ့လို့ ဆုတောင်းရင်း... တွေ့ခဲ့ ရင်ရော ဘာလုပ်လို့ ရမှာလည်း လို့လည်း တွေးမိ ပြန်တယ်....။

အခန်းပြင်က တက်ကြွတဲ့ ဖေဖေ့ စကားပြောသံ တွေ ချိုလွင်တဲ့ ဆရာမလေး ရဲ့ ရီမောသံတွေ နဲ့ အတူ ဖေဖေ တို့ လဘက်ရည် ဆိုင်က ပြန်လာကြတဲ့ အသံတွေ ကြားတယ်... စိတ်ထဲကတော့ .. အသင့် အနေအထား နဲ့ အပြင်မှာ တော့ စာအုပ်တအုပ် ကို သိပ်စိတ်ဝင်စား သလို ငုံ့ဖတ်နေလိုက်တယ်... ။

အံသြ သွားတဲ့ ဖေဖေ ရဲ့ အသံ နဲ့ သူ့ နံမည် ကို ခေါ်လိုက်သံကြားလိုက်တယ်... ဟုတ်တယ် ဖေဖေ တချိန်လွတ်နေလို့ ဖေဖေ့ အခန်းမှာ ဝင်နား နေတာလို့ ခပ်တည်တည် နဲ့ ပြောလိုက်ရင်း... ဖေဖေ နဲ့ အတူပါလာ တဲ့ ဆရာမ ငယ်ငယ်ချောချော လေးကို တချက်ကြည့်လိုက်တယ်... ဆရာမလေး များ ကျနော့် ကို တွေ့လိုက်လို့ အနေခက်သွားလား ဆိုတာ စဉ်းစားရင်း တချက်ပြုံးပြလိုက်တယ်.. ။
ညီမလေး ရေ ဘာစားမလည်း ဖေဖေ စီလာလည်တာပေါ့လေ ဆိုတဲ့ စကားသံ ဝေဝေစီစီ ကို .... ခဏလေး လာနားတာ ဆရာမ .. အခု ပြန်မှာ လို့ ခပ်တိုးတိုး တုန့်ပြန် ပြောရင်း... စိတ်ထဲက လည်း ...မဟုတ်လောက် ပါဘူး လေလို့....။

မဟုတ်မှန်း သိပေမဲ့... ကျနော့် ဖေဖေ ကို အဲလို ကို (သူများတွေ စ ရတဲ့ အဆင့်) မဖြစ်စေချင်ဘူး... မနေ့က ကျနော်... လဘက်ရည်ဆိုင်ထိုင်တော့ ဖေဖေ သူငယ်ချင်းတွေ က ဟေ့ ညည်း ဖေဖေ ကို ဒီလိုဘဲ လွှတ်ထားတော့ မှာလား ဘာညာ ဆိုတာတွေ ကို ပြောလာတော့ အခါတိုင်းလည်း စ နေကြ ပေမဲ့ ဒီတခါ စ တာကို မခံနိုင်သလိုဘဲ... နောက်ပြီး ဖေဖေ နဲ့ ဒီတခါ Thesis လုပ်တဲ့ ဆရာမ လေး ရဲ့ ချောမောမှု့ သွက်လက်မှု့ တွေကလည်း သူ့နားမှာ ပလူပျံသလို ကြားနေရပြီကိုး.....။

သူငယ်ချင်း တွေကလည်း ပြောကြတယ်.. ဟေ့ ချောလိုက်တဲ့ ဆရာမလေး .. သွက်လိုက်တာလည်း လွန်ရော... ဟိုနေ့က နင့်ဖေဖေ ကို အခန်းထဲ မှာ ထမင်း စားဘို့ ပြင်ပေးနေတာ တွေ့တယ် .. ဆိုတော့ တမျိုးဖြစ်သွားပြန်ရော.. ဖေဖေ က တသက်လုံး ကျောင်းမှာ ထမင်းစားတာ မှ မဟုတ်တာ အိမ်က မေမေ ပြင်ပေးတဲ့ ထမင်းစား... ကျောင်းမှာ လဘက်ရည်လောက်သောက် ညနေပြန်လာမှ အိမ်မှာ ထမင်း စားတာ... တသက်လုံးကျောင်းကို ထမင်းဂျိုင့် ယူတာလည်း မဟုတ်တော့ အင်း ဆရာမလေး ထမင်းဂျိုင့် နေမှာ လို့ တွေးရင်း သက်ပြင်းတချက်ချလိုက်မိပြန်တယ်...။

ဆရာမလေး Thesis မပြီးမချင်း  ဖေဖေ့ အခန်း ကို တယောက် ထဲ သွားလိုက် ... သူငယ်ချင်း တွေ ခေါ် သွားလိုက် နဲ့ မကြာခဏ ဆရာမလေး နဲ့ ဖေဖေ့ ကို မျက်နှာပြရတဲ့ အလုပ် ကို တာဝန် တခုအဖြစ် လုပ်ကိုင် နေရတယ်.. ဖေဖေ  ကို ဆရာမလေး က ဘယ်လိုမှ စိတ်ကူးမှာ မဟုတ်ပါဘူးလေ လို့ တဘက်က တွေးရင်း ဖေဖေ ရဲ့  နုပျိုမှု့ နဲ့ ပညာ တော်တာ တွေ ကို ဆရာမလေး များ မျက်စေ့ကြ သွားရင်... နီးစပ်မှု့ များသွား လို့ သံယောဇဉ်တွေများ ရှိသွားခဲ့ ရင် ...  လို့ တခါ တခါ တွေးမိသလို ဖေဖေ ကလည်း ဘယ်တုန်းက ဘာများဖြစ်ခဲ့ဘူးလို့လည်း....  မဖြစ်နိုင် ပါဘူး လေလို့လည်း ဖြေတွေး တွေးရင်း အချိန်တွေ ကို ပင့်သက် တချချ နဲ့ ကျော်ဖြတ် လာတယ်.... ။

ဖေဖေ့ အခန်းထဲရောက်တဲ့ အခါတိုင်း Thesis အတွက် ပြင်ဆင်နေကြတဲ့ ဖေဖေ တို့ကို တွေ့တိုင်း မီး နဲ့ သမီး မကွဲပြားတဲ့ ချွဲနွဲ့ သံလေး ကို ဖေဖေ နဲ့ အတူ ရောရောင် နားထောင်ရင်း ကျနော်တောင် ဆရာမလေး ကို ချစ် - ချစ် လာသလိုဘဲ... ကလေး တယောက် ရဲ့ ဖြူစင်မှု့တွေ တွေ့သလို ... ချစ်စရာ အပြုအမူလေး တွေနဲ့ ချစ်ဘွယ်ရာ စကားပြောဟန် လေသံဝဲဝဲ လေးတွေ မှာ ဆရာမလေး ရဲ့ အပြစ်ကင်း စင်မှု့ တွေ ရိုးသားမှု့ တွေ တွေ့နေရတယ်....။

နောက်ပိုင်း ကျနော် ဖေဖေ စီ သိပ်မသွားဖြစ်တော့ သလို ... ဆရာမလေး ရဲ့ Thesis လည်း ပြီးသွားပြီး... သိပ်မကြာခင် မှာဘဲ.. ဆရာမလေး လက်ထပ်ပြီး အလုပ်ထွက်တော့ မဲ့ သတင်း ကို ဖေဖေ ဘဲ အိမ်ကို ယူလာခဲ့တယ်... သူနဲ့ လက်ထပ်မဲ့ သူဟာ ကျောက်ကုန်သည် တယောက်ဖြစ်သလို.. ပိုက်ဆံလည်း ချမ်းသာ တဲ့ အတွက် ဆရာမလေး ကို အလုပ်ထွက်ခိုင်း ပြီး ... သူ့တို့ မြို့မှာ ဘဲနေခိုင်းတော့မယ် ပြောတယ် လို့ သတင်းတွေကြားသလို.. ဆရာမလေး ရဲ့ သူငယ်ချင်း တွေနဲ့ ဆရာ တွေကတော့ အလုပ်မထွက် ဘို့ တားခဲ့ကြပါတယ်... ။

ဒါပေမဲ့လည်း မဖြစ်စလောက် လစာလေး နဲ့ လင်မယား တကွဲတပြားစီနေရမှာလား ဆိုတဲ့ သူ့အမျိုးသား ရဲ့ လေသံတွေ ကို ကြားလာတဲ့ နောက်ပိုင်း မှာတော့ အားလုံး ဘဲငြိမ်သွား ကြပါတယ်... ကိုယ် သာလျှင် ကိုယ့် ဘဝကို ဆုံးဖြတ်သူ  ဖြစ်ရမှာကို လက်တောင်မထပ်သေးတဲ့ ယောက်ကျား ရဲ့ စကားကို နားထောင်ပြီး ..  ဆရာမလေး ရဲ့ ပညာ ဝါသနာ ပါမှု့တွေ နဲ့ အတန်းစဉ် ပထမ ရလာတဲ့ ထူးချွန်မှု့ တွေကို စွန့်လွှတ် သွားတာကို တော့  နှမြောမိသား... ကျနော် သာဆိုရင် လက်ထပ်လိုက်တာနဲ့ ကိုယ် တည်ဆောက် ထားတဲ့ ဘဝ တခုကို ဘာလို့ ဖျက်ရမှာလည်း လို့လည်း တွေးမိတယ်....။

ဒီလို နဲ့ ကျနော် လည်း အိမ်ထောင်ကျခဲ့သလို.. ရည်ရွယ်ထားတဲ့ အလုပ်တွေ မလုပ်ဖြစ်ဘဲ မရည်ရွယ်တဲ့ ဆိုင်လေး တဆိုင် ဖွင့် ဖြစ်ပါတယ်.... ။

ညနေခင်း တခုမှာတော့ မိုးသည်းသည်းမည်းမည်း ရွာနေတာ နဲ့ ဆိုင်ပိတ်ပြီး စောစော နှပ်တော့မယ် လို့ စဉ်းစားတုန်း ရှိပါသေးတယ်.. မိုး ထဲမှာ ဆိုက်ကားတစီး ဆိုင်ရှေ့မှာ လာရပ်ပါတယ်...၊ ဆိုက်ကား ပေါ်မှာ ပါလာတဲ့ အမျိုးသမီး က အမြန်အောက်ဆင်းပြီး ညီမလေး ရေ ဆိုင်ပိတ်တော့ မှာလား အမ တခုလောက် မေးချင်လို့ ဆိုပြီး .. သူသွားချင်တဲ့ အိမ်နေရာ ကိုမေးပါတယ်.. ။

ကျနော် တို့ ဆိုင်က ကျောင်းထဲမှာ ဖွင့်ထားတာ ဆိုတော့ ကျနော်လည်း လမ်းညွှန်ပြပေးရင်း ဒီအမျိုးသမီး ကို တွေ့ဘူးပါတယ် လို့ စဉ်းစားရင်း .. အမ ကို ကျနော် တွေ့ဖူးသလိုဘဲလို့ မေးတော့ သူကလည်း သေချာ ကြည့်ရင်း ဟင် ညီမလေး က ဆရာ့ သမီးမဟုတ်လား လို့ပြောရင်း မျက်ရည် တွေ ကျလာပါတယ်... ညီမလေး နဲ့တွေ့ရတာ ဝမ်းသာလိုက်တာ ..လို့ ပြောရင်း ဆိုက်ကားဆရာ ကို အပြင် ခန်းမှာ ခဏ ထိုင်စောင့်ဘို့ပြောရင်း အထဲဝင်ပြီး... စကားတွေပြောပါတော့တယ်... သြ .. ၁ဝနှစ် အတွင်း မှာ ချက်ခြင်း မမှတ်မိတော့ လောက်အောင် ပြောင်းလဲ သွားတဲ့ ဆရာမလေး ... ဖေဖေ နဲ့Thesis လုပ်ခဲ့တဲ့ ချစ်စရာ ဆရာမလေး.... ။

သူ့ပြောစကားတွေထဲမှာ .. ညီမလေး တို့ အကိုကြီး က မမ ကို မချစ်ဘူး .. မမ ကံမကောင်း ဘူး.. ဆိုတာ နဲ့... ဆရာ့ စကားနားထောင်ပြီး အလုပ်မထွက် ဘဲ နေလိုက်ရင် မမ ဒီလို ဒုက္ခ မရောက်ဘူး ဆိုတဲ့  အပ်ကြောင်းထပ် စကားသံ တွေ ကို ... ခေါင်းညိမ့် ခေါင်းခါလုပ်ရင်း .. နားထောင်နေရပါတယ်....။

အင်း နောက်ဆုံး ကျနော် နားလည် လိုက်တာကတော့.. သူ့ယောက်ကျားဟာ စီးပွားရေး အဆင်မပြေ ... လုပ်တိုင်း မဖြစ် တာ နဲ့ အရင် ရှိတာ တွေ ထိုင်စားနေရတဲ့ အချိန်မှာ တောင် အရက်သောက် မပျက် ကာရာအိုကေ ခန်း အသွားမပျက် ရှိနေတဲ့ အပြင် နောက်ထပ် ... မိန်းခလေး တယောက်နဲ့ အတူနေသေး သတဲ့ ... သူ နဲ့ ကလေး ၃ယောက် ကတော့ သူ့ယောက်ကျား ရဲ့ အမ အပျိုကြီး ၂ ယောက် စီက လက်ဖြန့်ခံပြီး စားနေရသတဲ့... အဲဒီ အမအပျိုကြီးတွေ နဲ့လည်း မတဲ့ဘူးလို့ ပြောပါတယ်.. သူ့ယောက်ကျား ကို အမွေခွဲ မပေးချင်တဲ့ အဲဒီ အပျိုကြီး အမ တွေကိုလည်း တော် တော် မုန်းနေပုံ ရပါတယ်...။

သူ့ယောက်ကျား ကလည်း အမွေခွဲပြီး ရင် တောင် သူ့ကို ပေးမဲ့ပုံ မရှိပါဘူး.. အင်း ကလေး တွေ နဲ့ဆိုတော့.. ရသင့်သလောက်တော့ ရမှာပေါ့ လေ...  ကျနော့် အဲဒါတွေ သိပ်စိတ်ဝင်စားလို့ မရသလို... အရင်တုန်း က ဖြူစင်နုနယ် လှတဲ့ ဆရာမလေး ကိုဘဲ မြင်ယောင်နေမိတယ်...။

သူပြောတဲ့ သူ့ ယောက်ကျား ကို ဆေးခပ်ယူထားတဲ့ မိန်းမ ဆိုတာ နဲ့ သူ့ယောက်မ အပျိုကြီး တွေ နေတဲ့  အခုခေတ်ဈေး နဲ့ သိန်းထောင်ချီတန် တဲ့ နေရာ ကအမွေဆိုင်အိမ်ကြီး ကို အမွေမြန်မြန်ခွဲဘို့ ဗေဒင်မေး ယတြရာ ချေလုပ်ဘို့ သူ့သူငယ်ချင်း ဆရာမ ကို အဖော်ခေါ်ဘို့ ချိန်းမလို့... ဆိုတဲ့ ဆရာမ လေး မျက်လုံး တွေကို သေချာကြည့်ရင်း... စကားတခွန်း ကို ထပ်ခါ တလဲလဲ ပြောနေတဲ့... ဆရာမလေး ရဲ့ မရေမရာ စကားတွေ ကို  နားထောင်ရင်း စိတ်ထဲမှာ လည်း သံသယ တခုဝင်လာတယ်....။

ဆရာမလေး ကို ခဏထိုင်ခိုင်း ထားပြီး... ကော်ဖီ တခွက် ဖျော်တိုက်ရင်း... အပြင်ခန်း မှာ ထိုင်နေတဲ့ ဆိုက်ကား ဆရာကြီး နား သွားလို့ အဲဒီ ဆရာမလေး အကြောင်း သိလားလို့ မေးကြည့်မိပါတယ်....။

အင်း သူတို့အိမ်နား ကဘဲ လို့ ဆိုက်ကား ဆရာကြီး ကပြောပါတယ်... အရက်မူးလာတဲ့ ယောက်ကျား ရဲ့ ကိုယ်ထိလက်ရောက် ရိုက်နှက်ခြင်း ကို အမြဲခံရပြီး .. စီးပွားပျက် နေတဲ့ ယောက်ကျား နဲ့ နေရတဲ့ ဆရာမလေး ဟာ အိမ်မှာ ရှိတဲ့ ပစ္စည်း တွေ တခုပြီး တခု ချရောင်း ပြီး စားနေရတယ်တဲ့....၊ ကလေး ၃ယောက် နဲ့ ဒုက္ခရောက်နေတဲ့ ဆရာမလေး ဟာ ဒီလိုဘဲ မိတ်ဆွေဟောင်းတွေ စီ  ပိုက်ဆံ ချေးရင်း.. . ယောင်းမ အပျိုကြီး တွေ နဲ့ သိန်းထောင်ချီတန်တဲ့ အမွေဆိုင် အိမ်ကြီး အကြောင်းကို လည်း အမြဲ ပြောလေ့ ရှိသတဲ့...... ။

နောက်ဆုံး သူ တို့ မြို့ ကနေ အခု မြို့သစ် မှာ အိမ်လေး ဝယ်ပြီး ပြောင်းလာကြ တာတဲ့...၊ အခု အိမ်လေး ကလည်း ပေါင်ထားတာတဲ့... အင်း ဒုက္ခပါလား ဆရာမလေး ရေ... ။

သြ.. နောက်ဆက်တွဲ ဆိုက်ကား ဆရာကြီးက ပြောသွားသေးတယ်.... ဆရာမလေး ရဲ့ ယောက်ကျား ဟာ တဦးတည်း သော သားပါတဲ့...... ဘယ် အပျိုကြီး အမ တွေမှ မရှိသလို အမွေဆိုင် အိမ်ကြီး ဆိုတာ လည်း မရှိပါဘူး တဲ့.... ။

ဘာအကြောင်း တွေကများ အလိမ်အညာ တွေ ဇာတ်လမ်းတွေ ဖန်တီးစေခဲ့ သလည်း .... ကျနော်သိတဲ့ ဆရာမလေး ရဲ့ အပြစ်ကင်းစင်မှု့တွေ ဘယ်ရောက်ကုန် ပြီလည်း.. ။

ကော်ဖီသောက် ပြီး အပြင်ခန်း ကို ထလာတဲ့ ဆရာမလေး ကို ဆရာမ ကလေးလေး တွေကို မုံဘိုး ပေးလိုက် အုန်းမယ် လို့ ပြောရင်း ကျနော် တတ်နိုင်သလောက် ပေးလိုက်ပါတယ်... ။

ချစ်ခင်ခဲ့ရတဲ့ ဆရာမလေး .... ကျနော့် အတွက် မုသား စကားတွေ မဆိုပါနဲ့တော့..........။

လေးစားစွာဖြင့်
စာရေးသူ - ရွှေစင်ဦး

.
(သြ.. ဒါနဲ့ ချစ်မိတ်ဆွေ စာဖတ်သူများ ရေ .... ဒီတခါ ... ရေးသာ ရေးရ မျက်ခုံး က ခပ်လှုပ်လှုပ်... .. တိုက်ဆိုက် မှု့ ရှိသူများ ခွင့်လွှတ်တော် မူကြပါလို့...)
.

24 comments:

သောစေယျံ said...

အင်း အတော်လေးလဲကောင်းပါတယ် လာလယ်တယ်အမြဲ ပါ ကိုယ့်ချိတ်ထားတဲ့ လင့်တွေထဲမှာ အမြဲ အထက်မှာပဲရှိနေတယ် တော်တော်လေးလဲရေးနိုင်သလို တော်တော်လေးလဲတွေးနိုင်တယ်ထင်တယ်နော်
လေးစားလောက်ပါပေတယ်ဗျာ

ကိုကိုးအိမ်(မန္တလေး) said...

ဆရာမရေ လူဆိုတာကတော့ ဆင်းရဲမှူ့ဒဏ်နဲ့တွေ့ကြုံ လာတဲ့အခါ ကြံမိကြံရာကြံတတ်ကြတယ်။ ဘာပဲလုပ်ရ လုပ်ရဆိုတာမျိုးပေါ့။ လူနည်းစုတစ်ချို့လောက်ပဲ ဒဏ်ခံနိုင်ကြပါတယ်။ မိန်းမတွေဟာ ဆင်းရဲတာကိုမခံနိုင်ဆုံးပဲတဲ့။ သူလည်အဲလိုဖြစ်မှာပေါ့။ ကျွန်တော်ကတော့ စာနာနိုင်ပါတယ်။ လိမ်တာတော့မကောင်းဘူးပေါ့လေ... နော့..
တိုက်ဆိုင်တာတော့ အများကြီးရှိမှာပါ ဒါမျိုးကလည်း ပေါတာကိုး

ခင်မင်လျှက်
ကိုကိုအိမ်(မန္တလေး)

ahphyulay said...
This comment has been removed by the author.
Anonymous said...

ကိုယ်တွေ့တကယ်တွေ့ခဲ့ဘူးတယ်..အမရေ....
ဇာတ်လမ်းတော့မတူဘူး။ ဆင်တယ်။
အမျိုးထဲကတယောက်။
သူငယ်ချင်းထဲကတယောက်။

မြတ်နိုး

Anonymous said...

အစ်မ ရွှေစင် ရဲ့ ကိုယ်တွေ့များလားလို့ ဖတ်လာလိုက်တာ အောက်ဆုံးရောက်မှ တွေးပြီးရေးထားတာ ပါလား လို့ သိလိုက်ရတယ်
မဟုတ်ပါစေနဲ့ ဘာမှမဟုတ်ပါစေနဲ့လို့ ဆုတောင်းရင်းလဲ ဖတ်လာခဲ့ရတယ်...
အစ်မရွှေစင် ဆွဲခေါ်တဲ့နောက် စိတ်က လိုက်သွားလိုက်ရတာ...
အဆုံးရောက်လို့ ပြန်လှည့်ကြည့်လိုက်တော့...
ကိုယ့်စိတ် သွားခဲ့တဲ့လမ်းကြောင်းက sine wave လိုပါပဲလား...

ahphyulay said...

အင်း............
တကယ့်  အဖြစ်ကြီးပဲကိုး..။
ဒါကြောင့်  ဒီလောက် နာ နေတာ ။
မိန်းခလေးတစ်ယောက် အဖို့  ယောင်္ကျားလေး တစ်ယောက်
ကို အထင်ကြီးပြီး မချစ်ပဲနဲ့  ကြိုက်လိုက် တာကိုး...။
ဒါပေမဲ့  တစ်ချို့  ချစ်လဲ ပဒုမ္မ ပေါင်တို ဇတ် လို
ဖြစ်နေ ကြ တာပါ ပဲ ။
နဲနဲ ရှာရှည်ကြည့် မယ်လေ ။
အကြေီးပါ ရင် ဆပ် ရ တယ်... တဲ့  ။
မျက်မြင် တွေ ပါ။

သူကြီးမင်း (တုံးဖလား) said...

ဆရာမလေးက သနားစရာကောင်းပါတယ်။ သူရသွားတဲ့ယောက်ျားက ပထမကထဲက ကျောက်ကုန်သည် ဖြစ်ဟန်မတူဘူးနော်။ ဆင်းရဲတွင်းထဲ ရောက်နေရှာတဲ့ ဆရာမလေး သူ့ ပညာဒီဂရီတွေကိုတောင် မငဲ့ကွက်နိုင်တော့ဘူး ထင်ပါရဲ့။
ဘ၀အခြေအနေအရကြောင့် ဒီလိုဘ၀မျိုးရောက်နေတယ်ဆိုရင်တော့ စာနာလိုက်ပါ အမရယ်နော်။ ပြီးတော့ ဆိုက်ကားဆရာ စကားကိုလဲ အတည်ယူလို့ ရပါ့မလား မသိဘူး။

ဘာဘဲဖြစ်ဖြစ် မမရွှေစင်ရဲ့ ကိုယ်ပိုင်အတွေးအရေးလေးတွေကို ဖတ်လိုက်ရတော့ ကျနော် ပျော်တယ်။ အဲဒီလို ကိုယ်ပိုင်စစ်စစ်ကလေးတွေကို ပို မြတ်နိုးလို့။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

ကောင်းမွန်ဝင်း said...

အစ်မရေ
ဖြစ်ပျက်တတ်တဲ့ ဇတ်လမ်းလေးဆိုပေမယ့်။
ရေးထားတာကိုဖတ်နေရတာ စာလေးတွေကဆွဲခေါ်သွားသလိုပဲ။
အစ်မရဲ့ ကိုယ်ပိုင်ရေးကိုဖတ်ရတာ သိပ်ကိုကြိုက်ပါတယ်။

ညိမ်းနိုင် said...

အင်းးးအမရေ...ဖတ်ပြီး တွေးစရာလေးတွေရသွားတယ်။
လူကြီးနဲ့ လူငယ်ကိစ္စ၊အိမ်ထောင်ရေးပြဿနာ၊အခက်အခဲ
ကြုံလာရင် ဖြေရှင်းကြပုံတွေနဲ့ လူတွေရဲ့ အဲဒီအပေါ်မှာ
ထားတဲ့ သဘောထား...။အင်း ဝတ္ထုလေးကတိုပေမယ့် အ
တွေးတွေ ကို အများကြီး ရပါစေတယ်..။

ချော(အစိမ်းရောင်လွင်ပြင်) said...

ညီမကတော့ အစ်မဒီဇာတ်လမ်းလေး ရေးတာ သဘောကျတယ်..
ဒါဟာ မိန်းခလေးတွေအတွက် သင်ခန်းစာယူစရာပါ။
အိမ်ထောင်ကျပြီးသွားပြီဆိုရင် အချို့သော မိန်းခလေးတွေဟာ မိမိရဲ့ ကိုယ်ပိုင်အစွမ်းအစ အားလုံးကို မေ့ဖျောက်ပစ်ပြီး ယောက်ျားရဲ့ စိတ်ဆန္ဒအတိုင်းသာ ရှင်သန်နေထိုင်တော့တယ်.. ကိုယ်ပိုင်ဆန္ဒနဲ့ ဘာတစ်ခုမှ မလုပ်ကိုင်တော့ဘူး။
ခုလို ယောက်ျားကို အားကိုးပြီး၊ ယောက်ျားစကားနားယောင်ပြီး ကိုယ့်ရဲ့ အဆင်ပြေနေတဲ့အလုပ်၊ ကိုယ့်အစွမ်းအစနဲ့ ရထားတဲ့အလုပ်တွေကို ပစ်ပယ်လိုက်တော့ ယောက်ျားမကောင်းလို့ ဒုက္ခရောက်တဲ့အချိန်မှာ ဘာကိုမှ မလုပ်တတ်မကိုင်တတ် ဖြစ်ကုန်ကြရတယ်.. နဂိုက သူ့အလုပ်လေးသာ ရှိနေခဲ့မယ်ဆိုရင် ခုလို အခြေအနေပျက်ဖို့ အကြောင်း မရှိဘူးနော်။
မိန်းခလေးတိုင်း သေချာ စဉ်းစားသင့်ပါတယ်.. အိမ်ထောင်မပြုခင်မှာ အလုပ်ထွက်ရမှာလား ဆက်လုပ်ရမှာလား ဆိုတာ သေချာညှိနှိုင်းပြီးမှသာ ပြုသင့်ပါတယ်..

ရွှေရတုမှတ်တမ်း said...

အင်း.....ရွှေစင်ဆီကို နောက်ထပ်လာသေးလား...
ကိုကြီးကျောက်ဆီက ရမှန်းသိတော့ ခနခန လာတဲံ့သူတွေ ကြုံဖူးတယ်..သူများတွေက မပေးနဲ့ပြောလဲ မြင်ရင်မနေနိုင်တာက ခက်တယ်..အရက်သမား၊ ဘိန်းစား သူငယ်ချင်းတွေ အရက်ဖိုး လာလာတောင်းရင်တော့ တခါတလေ ရှောင်နေလိုက်တယ်..တချို့ဆို အပျိုတုန်းက ချစ်စရာ..လင်ရမှ ဘိုသီဘတ်သီ..ဟိုမုန့်လေးလာရောင်း..ဒီပစ္စည်းလေး လာရောင်း..လင်ကုန်ရှုံးရှာတာတွေလဲမနဲဘူး..ကံပေါ့အေ..

Anonymous said...

စိတ်မကောင်းပါဘူး။ သူ့ခမြာ သနားစရာ..နော် အစ်မ။

LTN

စူးနွယ်လေး said...

မရွှေစင် ကိုယ်တွေ့ဇာတ်လမ်း လာဖတ်သွားတယ်

မြစ်ကျိုးအင်း said...

လောကဓံကပဲ ပြောင်းလဲသွားစေတာပေါ့။
အလိမ်အညာတွေကို အသားမကျခင် ပထမဆုံး လိမ်ပြောရတဲ့ အချိန်မှာ သူ့ရင်ထဲ ဘယ်လောက် ဝမ်းနည်းနေမလဲ။ တသက်လုံး တည်ဆောက်လာတာ လွှတ်ချလိုက်ရတော့မှာပဲ ဆိုပြီး တွေးနေမလားဘဲ။
လောကဆိုတာ ကြံစည်တိုင်း မဖြစ်တာတွေနဲ့ ဖွဲ့စည်းထားတာပါပဲ။

ကိုဇော် said...

တကယ်တော့ လူတွေ အားလုံးကတော့ ဖြူစင်ခြင်းကပဲ စကြတာပါ။ နောက်မှ အမည်းရောင်လေးတွေနဲ့ ထိမိ တိုက်မိ ထိရှမိရင်း .. အစက်လေးတွေ များလာတော့ အမည်းညစ်ညစ်တွေ ဖြစ်ကုန်တာ အစ်မရယ်။

လိမ်လည်မှုတွေရဲ့ အစက လူတွေရဲ့ သနားတတ်မှု နဲ့ လောဘကြီးမှုက အခြေခံပြုတာပဲ အစ်မရေ။

နောက်ထပ် ရေးပါဦး။

ကိုအောင် said...

အမ ဒါမျိုးတွေ များများ ရေးပါလား၊ ဖတ်ရတာ
ကောင်းတယ်၊ စာထဲက အဖြစ်အပျက်တွေ
လက်တွေ့ဘ၀တွေက အသိတိုးတာပေါ့ အမ၊
ကျေးဇူးပါ။

သဒ္ဓါလှိုင်း said...

ကိုယ့်ရဲ့ပညာရေးနဲ့အလုပ်ကိုတောင်ခွဲခွါခဲ့ရတဲ့
အတွက် နှမြောမိတယ်။ စွန့်လွှတ်ခဲ့ရတဲ့အရာ
တွေအတွက် မေတ္တာတောင်ပြန်မရပါလားးးး
ချစ်တဲ့
ညီမသဒ္ဓါ

မောင်မိုး said...

လင်ကုန်ရှုံးတော့ တသက်ပေါ့လေ...လင်ယင်သားမွေးတယ်ဆိုတာလဲ ထီထိုးသလိုပါပဲ..။ နှစ်သိမ့်ဆုလောက်မှ မချိတ်မိရင် သွားပေတော့ပဲ..။ မြန်မာမိန်းကလေးတွေဆိုတော့ ပိုခံစားရမှာပေါ့လေ..။

ခိုင်နုငယ် said...

မကြီးရေ....အရောက်လာခဲ့ပါတယ်။
စိတ်ကူးယဉ်..၀တ္ထုတွေထက်
တကယ့်ဇာတ်ကောင် စရိုက်လေးတွေကို
ချပြထားတာ အတွေးတစ်ခုရသွားစေတယ်။

အင်ကြင်းသန့် said...

မမရွှေစင်ရေ....ဇာတ်လမ်းအစကနေအဆုံးအထိ ဆွဲခေါ်သွားနိုင်ပါပေတယ်။ ဒါပေမယ့်ဖတ်ပြီး စိတ်ထဲမကောင်းဘူး။ ဆရာမလေးကိုယ်စား မောလိုက်တာ....။

ချစ်ညီမလေး

မေဓာဝီ said...

အခြေအနေကြောင့် အချိန်အခါကြောင့် ပတ်ဝန်းကျင်ကြောင့် လောကဓံရဲ့ ရိုက်ခတ်မှုကြောင့် ... စတဲ့ စတဲ့အကြောင်းကြောင်းတွေကြောင့် လူတွေက ပြောင်းလဲလေ့ရှိတယ်နော်။ တကယ်တမ်း အဓိက ကတော့ စိတ်ပါပဲ အမရယ်။ စိတ်ဓာတ်တည်ကြည် ကြံ့ခိုင်ရင် ဘာတွေဘယ်လို ရိုက်ခတ်ခတ် မပြောင်းလဲဘူး ထင်တာပဲ။

အမရဲ့ ကိုယ်တိုင်ရေး ဇာတ်လမ်းလေးကို ညကတည်းက ဖတ်ထားတာ။ အိပ်ချင်တာနဲ့ ကွန်မန့်မပေးခဲ့ဘူး။ ခု မနက်စောစော ကျောင်းမသွားခင် ထပ်ဖတ်ပြီး လာရေးလိုက်တယ် အမရေ...။

အဆင်ပြေပါစေ

kztk said...

မိန်းမတစ်ယောက်ဟာ.. စီးပွားရေး လုပ်ငန်းရှင်တစ်ယောက်နဲ့ လက်ထက်လိုက်တာနဲ့ သူ့ ရဲ့ အနှစ်နှစ်အလလကြိုးစား အားထုတ်ခဲ့ရတဲ့ သူဝါသနာပါတဲ့ (အထူးသဖြင့် ပညာရေးနဲ့ ဆိုတော့ပိုပြီး နစ်နာပါတယ်) အလုပ်တစ်ခုကို စွန့်လွှတ်လိုက်လိုက်တာ ဟာ... သူ့အတွက်တော့ အမှားတစ်ခု ပဲလို့ ယူဆရပါလိမ့်မယ်။ ပြောင်းလဲမှု ဆိုတာကတော့ စီးပွားရေးအရ ပြောင်းလဲခြင်းတွေကလည်း အမြဲပြောင်းလဲ နေနိုင်ပါတယ်။ ဒါ့အပြင် အဓိက ပြောင်းလဲမှု အရှိဆုံးကတော့ လူတစ်ယောက်ရဲ့ စိတ်ပါ။ အဲဒီအမြဲတမ်း ပြောင်းလဲ နေတဲ့စိတ်ကိုတော့ (ဆရာမလေးရော၊ တခြားလူသားအားလုံးရော) အကောင်းဘက်ကိုပဲ အမြဲ ပြောင်းလဲ နေနိုင်ကြပါစေလို့ ပဲ ဆုတောင်းပေးချင်ပါတယ်...

ခင်မင်စွာဖြင့်
ဇော်သိင်္ခ

PhyoPhyo said...

ကိုယ်ပိုင်ရေး ရေးတာ တကယ်ကောင်းတယ်၊
တိုတိုရှင်းရှင်းလေးနဲ့ ပြောပြသလိုလေးပဲ ရေးသွားတာ၊ သင်ခန်းစာယူစရာလေးလဲ ပါတယ်၊
ဇာတ်လမ်းဆန်းဆန်းလေးတွေလည်း ဖတ်ချင်တယ်၊ မရွှေစင်ရဲ့ ကျနော် ကျနော် ဆိုတဲ့ အပြောတွေ၊ အရေးတွေမှာ မျောနေမိပါပေါ့ ..
ချစ်ခင်လျှက်

Anonymous said...

မမရွှင်ရေ
ရွှေပြည်မှာ ပြောင်းလဲနေတဲ့သူတွေအများကြီးပါဗျာ
ဒီလိုသနားစရာကောင်းတဲ့ပြောင်းလဲမှုတွေကိုတော့ မတွေ့ချင်ဘဲ မြင်နေရတာ များပြားလှတယ်
ပြီးတော့ ခေတ်သစ်သူဌေးတွေရဲ့ ပြောင်းလဲမှုကလည်း အံသြကုန်နိုင်ဖွယ်ပါတကား သူတို့ပြောင်းလဲမှုကြီးလေလေ တခြားတပါးသူတွေရဲ့ ပြောင်းလဲမှုနှုန်းများလေလေပေါ့ ဆရာမလေးရဲ့ အမျိုးသား ကံကြမ္မာ စန်းတက်လာစေဖို့ မျှော်လင့်ရတာပါဘဲ ဒီလိုမိသားစုတွေ ဘယ်လောက်တောင်များနေပြီလဲ စိတ်နဲ့ကိုယ် ညစ်ပါတယ်ဗျာ

ချစ်ညီမ