Wednesday, September 1, 2010

မဝင်းမြင့် (ခေမာသောင်ကမ်း) အပိုင်း (၁၁)

"ဒီသူငယ်က အမြဲလာစားနေတဲ့ ဖောက်သည်တစ်ယောက်ဖြစ်လို့ ရင်းနှီးပြီးသား မျက်နှာနာပြီး သားဆိုပြီး သမီးက ကျီစားပြောမိတာပါရှင် ဒါကို နှမချင်းမစာ မိုက်မိုက်ရိုင်းရိုင်း ပြောသွားလိုက်တာ၊ ကျွန်မတို့က ၀ယ်စား သူတွေကို စေတနာသန့်သန့်ထားပါတယ်၊ ဒါကြောင့်လဲ ပိုက်ဆံနဲ့တန်အောင် စားစရာကို ကောင်းကောင်းလုပ်တာပေါ့၊ ဒီသငယ်လေးက လမ်းသရဲနဲ့တူပါတယ် ဒါကြောင့်လဲ ဒီလိုရိုင်းဝံ့တာပေါ့"

    အမေကြီးက မည်မျှလောက်ပင် လေပြေထိုးနေစေကာမူ မေစန်းရီက လူပျိုလူရွယ် တွေကိုလည်းကောင်း၊ အသက်ကြီးသော်လည်း အပျော်ကြူးသူ ငမ်းသူတွေကိုလည်းကောင်း၊ မြူချ ပိုင်းချ နေသည်ကို မုန့်လာစားသူတိုင်းက သိပြီးဖြစ်၏။ ထို့ကြောင့် သူတို့နှင့်မဆိုင်သည့်အလျောက် မည်သူ ကမှ မထောက်ခံချေ။
    မေစန်းရီကား မည်သည့်အချိန်ကမှ မစြဖ်ဘူးသော စိတ်ထိခိုက်မှုဖြင့် သူ့အမေကို စေ့စေ့ကြည့်ခါ နှုတ်ခမ်းကို တင်းတင်းစေ့ထားသည်။ အတန်ကြာမှ…
    "စန်းအိမ်ပြန်ဦးမယ်အမေ"

    ဟုတိုပြတ်ပြတ်ပြောပြီး သူ့အမေတခွန်းမှ မတားဆီးလိုက်နိုင်မီ ဆိုင်အပြင် ရောက်သွား လေတော့သည်။ လျင်မြန်သော ခြေလှမ်းများဖြင့် မပြေးရုံတမယ် ထွက်ခွာသွားသော မေစန်းရီအား သူ့အမေသည် မီးထွက်လုနီးပါး မျက်လုံးများဖြင့် အံကြိတ်ကြည့်လိုက်သည်။ စားသောက်နေသူတွေက များ နေသောကြောင့် ထွက်ပေါ်လာသော ဒေါသကို ချုပ်ခါ ပိုက်ဆံသိမ်းသော စားပွဲတွင် အခြေမပျက် ထိုင်လိုက်ရလေသည်။

    အိမ်ပြန်ရောက်လျှင် မေစန်းရီသည် သူ့အိပ်ခန်းထဲသို့ တောက်လျှောက်ဝင်သွားလေသည်။ မှန်တင်ခုံရှေ့တွင် သူ့ရုပ်ရည်ကို စေ့စေ့ပြန်ကြည့်၏။ သူ့ရုပ်ရည်သည် အပြစ်ဆိုစရာမရှိအောင် ချောမော လှပေသည် ကို သူကိုယ်တိုင်ပင် သိပြီးဖြစ်သည်။ ဤချောမောလှပသော ကိုယ်ခန္ဓာပေါ်တွင် အဖိုးတန်ကြီး မဟုတ်ဘဲ သင့်လျော်သောတန်ဖိုးရှိသော အင်္ကျီလုံချည်၊ ပြင်သစ် ချက်ကျောက်နီနားကပ်၊ ကျောက်နီ ဆွဲကြိုး၊ ကျောက်နီလက်စွပ်နှင့် ရွှေလက်ကောက်တရံသာရှိသည်။ ဤပစ္စည်းကလေးကိုပင် မေစန်းရီ၏ အမေ က မကြာခဏ စစ်ဆေးကြည့်တတ်သည်။
    "မပျောက်စေနဲ့ဟေ့နော်.. ပျောက်ရင် အမေကစိတ်ဆိုးမှာ… သမီးဘယ်အရွယ်ကြီးဖြစ်ဖြစ် ရိုက် ဆုံးမ မှာပဲ…"

    ဟူသောစကားဖြင့် မကြာခဏ သတိပေးတတ်သော အမေ့အသံက နားထဲဝင်လာသည်။ အမေ့အသံ၏ နောက်ပါးဝယ် ကပ်လျက်က ခင်မောင်ကြီး၏ အသံက ပေါ်လာသည်။
    "မုန့်ဖိုးက ပိုသမျှပိုက်ဆံနဲ့ ခင်ဗျားရဲ့ ချောတဲ့လှတဲ့ ရုပ်ရည်ကို တန်ဖိုးဖြတ် ရောင်းစားနေတာနဲ့ ဘာထူး သေးလဲ… ခင်ဗျား အသက်အရွယ် ခင်ဗျားရုပ်ရည်ဟာ အိနြေ္ဒသိက္ခာရှိရှိ နေသွားမယ်ဆိုရင် အညွန့် တလူလူ တက်နိုင်ပါရက်နဲ့ကိုယ့်အညွန့်ကိုယ်ချိုး၊ ကိုယ့်သိက္ခာကိုယ်ဖျက်ပြီး လာသမျှ ယောကျာ်း တွေ မြှူချတတ်တဲ့ ပိုင်းလုံးမဆိုတဲ့ နာမည်ဆိုးကြီး ရင်ဝယ်မပိုက်ချင်ပါနဲ့ဗျာ…"
    မေစမ်းရီ၏ မျက်လုံးမှ မျက်ရည်ပူတွေ စီးကျလာသည်။ ငါ့အိနြေ္ဒ၊ ငါ့သိက္ခာကိုဖျက်၊ ငါ့ရုပ်ရည်ကိုပြ၊ မြှူယူ-ချူယူ-ပိုင်းယူတဲ့ ငွေတွေ အဲဒီငွေတွေ ဘယ်မှာလဲ… အဲဒီငွေတွေ ဘယ်မှာလဲ…မေစန်းရီသည် အံကြိတ် ဘရေရွတ်လိုက်သည်။ အိပ်ခန်းထဲက မထွက်တော့ချေ။

    ဆိုင်သိမ်းချိန် ၀ယ် အမေသည် ဒေါသစိတ်ကို မောင်းတင်ခါနင့်နေအောင် ငွေတွေထည့်ထားသော အိတ်ကိုလွယ်ပြီး အိမ်ပေါ်သို့ ခြေသံပြင်းပြင်း နင်းတတ်လာသည်။
    "စန်းရီ…စန်းရီ…ဘယ်မှာလဲဟေ့…."
    အသံမာမာဖြင့်ခေါ်ကာ ငွေအိတ်ကို အသေအချာသိမ်းပြီးမှ မေစန်းရီ အိပ်ခန်းထဲသို့ ခြေစောင့်နင်း ၀င်လာသည်။
    "ဒီလမ်းသရဲလေး ပြောသွားတဲ့စကား ညည်းအသည်းမှာ ဒါလောက် စွဲသွားရသလား၊ ညည်းပြန် သွားလို့ လာတဲ့ဖောက်သည်တွေ အကုန်လက်လွှတ်လိုက်ရတယ်၊ ငွေရေးကြေးရေး ဘယ်လောက် ထိခိုက် သွား တယ်မှတ်လဲ"

    အမေက ခါးကိုတင်းတင်းထောက်ကာ ကြမ်းပြင်ပေါ်ထိုင်ပြီး ထဘီတွေ ပြင်ခေါက်နေသော မေစန်းရီအား မကျေမနပ်ပြော၏။ မေစန်းရီက ဘာမှပြန်မပြော။ ဦးခေါင်းငုံ့လျက်က ထဘီတွေ ခေါက်မြဲတိုင်း ခေါက်နေသည်။
    "နက်ဖြန် ဆိုင်ရောက်ရင် ညည်းမျက်နှာမပျက်ပါနဲ့၊ ကိုယ့်အလုပ်ကို မျက်နှာချိုချိုထားပြီး လုပ်မြဲတိုင်း လုပ်ပါ"
    တစ်ချက်လွှတ် အမိန့်ပေးပြီး အမေက အခန်းပြင်ပြန်ထွက်မည့် ဟန်ပြင်ခိုက်၊ အမေမမျှော်လင့်သော စကားကို မေစန်းရီက ပြောလိုက်သည်။
    "အိမ်မှာရှိသမျှ အလုပ်အားလုံး လုပ်မယ်အမေ…ဆိုင်မှာထွက်ပြီး လူရုပ်မပြချင်တော့ဘူး၊ ကျွန်မ ရှက်တယ်"

    "ဘာပြောတယ်…"
    အမေ့အသံက မိုးချုန်းသံတမျှ ပြင်းထန်၏။ မေစန်းရီက ခေါင်းငုံ့နေသည်။
    "တစ်သက်လုံး လုပ်လာတဲ့အလုပ်၊ အခုမှ လမ်းသရဲစကားနားထောင်ပြီး ရှက်တယ်ဟုတ်လား၊ ညည်း က ရှက်တာတွေ ဘာတွေ သိကုန်ပြီလား"
    အမေ့စကား မေစန်းရီ အသည်းကို တူနှင့်ထုလိုက်သလို ဖြစ်သွားသည်။

    "အစထဲက ကျွန်မမလုပ်ချင်ပါဘူး အမေရယ်၊ အမေ့သြဇာ မလွန်ဆန်ဝံ့လို့ လုပ်နေရတာပါ၊ ကျွန်မလူတစ်ယောက်ပဲ ရှက်တတ်ရမယ်ဆိုတာ အစထဲက သိပါတယ်"
    "ညည်းစကားပြောတာ လူပါးဝလှချေလား…. ငါတစ်ခွန်းထဲပြောမယ်၊ မနက်မျက်နှာရွှင်ရွှင်နဲ့ ဆိုင်မှာ ထိုင်…ဒါပဲ…"
    “ကျွန်မ ဆိုင်မထိုင်ချင်ဘူး”
    “ဘာ…”
    “ကျွန်မဆိုင်မထိုင်ချင်ဘူး”

    အမေ၏ ကြမ်းတမ်းသန်မာသော လက်ဝါးကြီး မေစန်းရီ၏ ဖြူဖွေးသောပါးပေါ်ကို လက်ငါးချောင်းရာ ထင်သွားစေသည်။ ထိုမျှနှင့်အားမရဘဲ အမေက ခြေဖြင့်လှိမ့်ကန်လိုက်သေး၏/
    "ကြည့်သေးတာပေါ့အေ…မနက် ဆိုင်မထိုင်ရင် ဘာကောင်မမို့လဲ…"
    အမေက ပြောပြီးထွက်သွား၏။ မေစန်းရီက မငိုတော့ချေ။ အံကို တင်းတင်းကြိတ်ကာ သူ့စိတ်ကို ပိုင်နိုင်စွာ ဆုံးဖြတ်လိုက်လေသည်။ အခန်းထဲက မထွက်တော့ဘဲ ဆိတ်ငြိမ်စွာ အခန်းအောင်းနေ၏။

    ခေါက်ဆွဲ၊ မုန့်ဟင်းခါးနှင့် ပတ်သက်သည့် ဗာဟီရ ကိစ္စတွေက အမေက တပည့်များနှင့် စီမံနေသည်။ ဤကိစ္စမှာ အစကပင် မေစန်းရီ မပါဝင်ခဲ့ရချေ။ မေစန်းရီ၏ တာဝန်မှာ အ၀တ်လျှော်၊ မီးပူထိုး၊ ကိုယ့်ကိုယ်ကို လှအောင် ပြင်ဆင်ပြီး ဆိုင်မှာ ရုပ်ပြ ပိုက်ဆံချူ-ရသမျှပိုက်ဆံကို တစ်ပြားမကျန် အမေ့ လက် အပ်ရမည်သာ ဖြစ်သည်။ အင်္ကျီထဘီကို မေစန်းရီသဘောနှင့် တစ်ထည်မှ မ၀ယ်ရ။ အမေ ၀ယ်ပေးသမျှကို သဘောကျချင်ကျ မကျချင်နေ ၀တ်ဆင်ရသည်။ ထို့ကြောင့် မုန့်ဟင်းခါး ခေါက်ဆွဲ ကိစ္စတွေ အမေလုပ်နေစဉ်မှာ မေစန်းရီက သူ့ဆုံးဖြတ်ချက်အတိုင်း ပြင်ဆင်ချိန်ရနေသည်။

    နောက်တစ်နေ့တွင် မချိပြုံးမျက်နှာဖြင့် ဆိုင်မှာထိုင် ငွေသိမ်းနေသော မေစန်းရီကို ခင်မောင်ကြီး တွေ့မြဲတွေ့နေရသည်။ ယခင်ကလို ကြာမူပါသော မျက်နှာမျိုးမဟုတ်တော့ဘဲ ဟန်ဆောင်ပြုံး၊ မချိပြုံး မျက်နှာဖြစ်နေသည်ကို သတိထား အကဲခတ်မိသော ခင်မောင်ကြီးက စိတ်ထဲမှာ သနားသလိုလို ဖြစ်မိသည်။ ပိုက်ဆံသိမ်းရာမှာလည်း ခါတိုင်းလို မြှူချိုသော အသံမျိုး မျက်နှာထားမျိုးမဟုတ်တော့ဘဲ မှန်မှန်ပင် ပြောဆိုဆက်ဆံနေသည်။ ခင်မောင်ကြီးသည် စားသောက်ပြီးစီးသောအခါ မနေ့ကလိုပင် နှစ်ဆယ်တန်တစ်ချပ်ကိုင်ခါ မုန့်ဖိုးသွားပေးသည်။ မေစန်းရီက မျက်ရည်ဝေ့သော မျက်လုံးဖြင့် ခင်မောင်ကြီး ကိုကြည့်ခါ သူ့ပါးပြင်မို့မို့ကို မသိမသာ လက်ညှိုးဖြင့်  ထောက်ပြ၏။ မေစန်းရီ၏ အမူအရာ ကို ရိပ်မိသော ခင်မောင်ကြီးက သထိထားကြည့်သောအခါ ဖြူနုသော ပါးပြင်ပေါ်တွင် လက်ငါးချောင်း ရာကြီးက မွမ်းမံထားသော သနပ်ခါးပေါင်းဒါအောက်မှာ အသေအချာ မြင်တွေ့နေရသည်။

    "ဒီမှာ အစ်ကို…ပြန်အမ်းတဲ့ ပိုက်ဆံ.."
    လေသံခပ်အက်အက်ဖြင့် မေစန်းရီက ပြောခါ ပြန်ပေးသော ငေစက္ကူအကြားတွင် စာရွက်တစ်ရွက် ခေါက်လျက် ပါလာသည်ကို ခင်မောင်ကြီးက အကင်းပါးစွာ မြင်လိုက်သည်တွင် တစ်စုံတစ်ရာမှ မေးမြန်းခြင်း မပြုတော့ဘဲ မေစန်းရီအမေမမြင်အောင် လုံးထွေးဆုပ်ကိုင်ပြီး အိမ်သို့ မြန်မြန် ပြန်လာ ခဲ့လေသည်။ အိမ်ရော်ကလျှင် အိပ်ခန်းထဲ ကပျာကသီဝင်ကာ မေစန်းရီ၏စာကို ဖတ်လိုက်၏။ စာဖတ်၍ ဆုံးလျှင် ခင်မောင်ကြီးသည် နဖူးပေါ်လက်တင် စသ်းစားခန်းဝင်နေလေတော့ သည်။

    "ခင်မောင်ကြီးနေမကောင်းဘူလားး၊ ထမင်းစားဖို့ခေါ်နေတာ မထူးလို့ အိပ်ပျော်နေသလား ၀င်ကြည့်တာ"
    အိပ်ရာပေါ်တွင် နဖူးလက်တင် စဉ်းစားခန်းဝင်နေသော ခင်မောင်ကြီးနှင့် သူ့ရင်ပတ်ပေါ်မှာ ဖြန့်လျက် သားရှိနေသော စာရွက်ကို ဦးဘိုညွန့်က ကြည့်ပြီးပြောသည်။ ခင်ောမင်ကြီးက ရုတ်တရက် ပြန်မပြော သေးဘဲ တွေနေပြီးမှ…
    "မေမေကြီး ဘုရားသွားပြီလား"

    ဟုမေး၏။
    "အေးသွားပြီ ခင်မောင်ကြီးရဲ့"
    "ဒါဖြင့်လည်းထိုင်ပါဦး၊ ဦးလေးညွန့်ရယ် ပြောစရာစကားရှိလို့ပါ"
    ခင်မောင်ကြီးက အိပ်ရာမှ ထထိုင်သည်။ ဦးဘိုးညွန့်က ခုတင်နားရှိ ကုလားထိုင်တစ်လုံးမှာ ထိုင်သည်။ ခင်မောင်ကြီးက စကားစ၏။
    "မေစန်းရီကိစ္စက တော်တော်စိတ်မချမ်းသာစရာ ကောင်းတာပဲ ဦးလေးညွန့်"
    "မနေ့က ခင်မောင်ကြီး ပြောပစ်ခဲ့တဲ့ စကားတွေလား"

    မနေ့ကဖြစ်ပုံကို ခင်မောင်ကြီးက အားလုံး ပြန်ပြောပြ၍ ဦးဘိုးညွန့်က အားလုံးသိပြီး ဖြစ်သည်။
    "အဲဒါက အရင်းခံသွားတာပေါ့ ဦးလေးညွန့်ရယ် ဒီနေ့ ကျွန်တော် မုန့်သွားစားတော့ သူပါးရိုက်ခံထားရတဲ့ လက်ငါးချောင်းရာကြီး ပြပြီး စာပေးလိုက်တယ်လေ"
    "စာထဲမှာ ဘာတွေပါလဲကွဲ့"
    "မနေ့က ကျွန်တော်ပြောခဲ့တာက သူကိုယ်တိုင် စိတ်ပါလို့ လုပ်နေတယ်ထင်တာကိုး၊ စာထဲမှာ တော်တော် စုံစုံ ရေးထားတယ်၊ ဒီလိုသိရတော့လဲ သူ့ဘ၀အတွက် ရင်နာစရာအကောင်းသား ဦးလေးညွန့်"

    "အင်း…ဆိုစမ်းပါဦး"
    "သူ့အမေဆိုတဲ့ အဒေါ်ကြီးက အမေအရင်းမဟုတ်ဘူးတဲ့၊ သူ့မိဘများရှိစဉ်က သူ့ကို ထိန်းကျောင်း လာခဲ့တဲ့ ကလေးထိန်း မိန်းမကြီးတဲ့၊ စစ်ပြီးခေတ် သောင်းကျန်းသူတွေက သူတို့နေတဲ့မြို့ကလေး ၀င်မွှေ မီးရှို့တော့ သူ့မိဘတွေလဲ ကျည်ဆြန်မှန်လို့သေ၊ ကုန်သည်တွေ ဆိုတော့ အိမ်ရော ဆိုင်ရော မီးလောင်တော့ အကုန်ပြောင်တာပေါ့။ အဲဒီအချိန်မှာ မေစန်းရီက ရှစ်နှစ်သမီးလောက်ပဲ ရှိသေးတယ်တဲ့။ အထိန်းတော် မိန်းမကြီးက သူ့ဆွဲပြီးပြေးလို့ မသေဘဲ ကျန်ခဲ့တာတဲ့။

ငယ်စဉ်ကထဲက ထိန်းကျောင်းလာလို့ အမေလိုဖြစ်နေတဲ့ ဒီအဒေါ်ကြီးနဲ့ မခွဲမခွာနေလာရာက အခုတော့ အဒေါ်ကြီးက လောဘဇောတိုက်ပြီး သူ့ကို ရုပ်ပြမြှူစား ခိုင်းတော့တာတဲ့။ ခိုင်းစမလုပ်ချင်ဘူးဆိုတော့ လှိမ့်ရိုက်ပြီးပြီတဲ့။ ငယ်ကြောက်ဖြစ်နေတော့ မလွန်ဆန်ဝံ့ဘဲ လုပ်နေရတာတဲ့။ မနေ့က ကျွန်တော်ပြောခဲ့လို့ ရှက်ပြီး မလုပ်ပါရစေနဲ့ တောင်းပန်တော့ ပါးရိုက်ခိုင်းပြန်တယ်တဲ့။ အဒေါ်ကြီးက လူမိုက်မွေးထားတာရှိနေတော့ အားကိုးအားထားမရှိဘဲ ထွက်မပြေးဝံ့တော့ ရုပ်ပြမြှူဆွယ်နေရတဲ့ ၀ဋ်ဒုက္ခကို ကျွတ်လွတ်အောင် တတ်နိုင်တဲ့နည်းနဲ့ ကူညီပါလို့ ရေးထားတဲ့စာပဲ ဦးလေးညဘွန့်။ အဲ...တစ်ခုကျန်သေးတယ်၊ ချူလို့ချိုင်လို့ ရသမျှငွေ မေစန်းရီတစ်ပြားမှ မဆိုင်ရဘူး၊ အဒေါ်ကြီးက အားလုံးသိမ်းထားတယ်လို့ ဆိုထားတယ်”

    ခင်မောင်ကြီးက စဉ်းစဉ်းစားစားပြောပြီး စကားပြတ်သွားကြစသ်မှာ ခင်မောင်ကြီးသည် မေစန်းရီကို ဘယ်လို နည်းဖြင့် ကယ်ရမည်ကို ကြင်နာစွာတွေးနေသည်။ တွေးသာတွေးသည် သူ့အနေဖြင့် မည်သို့မှ မကယ် တတ်ချေ။ ယခု ဘီအက်စ်-စီ နောက်ဆုံးနှစ် ကျောင်းသားဖြစ်၍ စာမေးပွဲအော်ရန် ကြိုးစား ရမည်ဖြစ်၏။ ယခု ဒီဇင်ဘာ ကျောင်းပိတ် အိမ်ပြန်အလာမှာ စိတ်မချမ်းသာစရာကိစ္စနှင့် တိုးနေ မိခြင်းဖြစ်သည်။

    “ကဲလေ..ကံတရားအတိုင်းပေါ့ ကျွန်တော်ကလည်း မေမေကြီး အရိပ်မှာ ခိုနေရတဲ့ ကျောင်းသား ကျောင်းသား တစ်ယောက်ပဲဟာ၊ သူ့အတွက် ဘယ်လိုမှ အကူအညီမပေးတတ်ဘူး၊ ကျွန်တော် ကျောင်းသွားနေခိုက်တော့ ဦးလေးညွန့်က သူဘာဖြစ်တယ်ဆိုတာ စောင့်ကြည့်လိုက်ပါနော်.. ဟုတ်လား ဦးလေးညွန့်"
    "အေးပါ… ခင်မောင်ကြီးရယ်၊ ဦးလေးလဲ ဒီကလေးမအကြောင်း သိရတာ စိတ်မချမ်းသာပါဘူး။ ကဲ… ထမင်းစားရအောင် နက်ဖြန်ကျောင်းကို ပြန်ရမယ် ဟုတ်လား၊ ထမင်းစားပြီး ပစ္စည်းကလေးများ ပြင်ဆင်ကြဦးစို့"

    ဘီ-အက်စ်-စီအောင်ပြီး၍ နိုင်ငံဝန်ထမ်း စာမေးပွဲကို ဆက်လက်ဖြေဆို အောင်မြင်ပြီးသောအခါ ခင်မောင်ကြီးသည် အလုပ်သင် နယ်ဝန်ထောက်အဖြစ်ဖြင့် မြို့တစ်မြို့ ပြောင်းရွှေ့ သွားရလေသည်။ ဘွားအိခင်က လူယုံတော်ကြီး ဦးဘိုးညွန့်အား ခင်မောင်ကြီးကို စောင့်ရှောက် ထိန်းသိမ်းရန်၊ ချက်ပြုတ် ကျွေးရန် အဖော်အဖြစ် တစ်ပါတည်း လိုက်သွားစေသည်။ ခင်မောင်ကြီးသည် အလုပ်တာဝန် ထမ်းဆောင်ရမည့်နှစ်မြို့သို့ မထွက်ခွာမီ အုန်းနို့ခေါက်ဆွဲဝယ်စားရင်း မေစန်းရီအား သူတာဝန်ရယူရမည့် အလုပ် နှင့် မြို့နာမည်ကို ပြောပြနှုတ်ဆက်ခဲ့လေသည်။ ထိုအချိန်က မေစန်းရီသည် စိတ်မချမ်းသာသည့် အရှိန် ကြောင့် ထင်သည်။ အနည်းငယ်ပိန်သယောင် ဖြစ်နေကြောင်း ခင်မောင်ကြီးက သတိထားခဲ့မိ၏။

    ခင်မောင်ကြီး အလုပ်တာဝန်ထမ်းဆောင်နေ၍ ခြောက်လမျှကြာသော တစ်နေ့ဝယ်… သနားစဖွယ် ညှိုးငယ်သောမျက်နှာဖြင့် မေစန်းရီက ရောက်လာပေသည်။
    "ကျွန်မ ဘယ်လိုမှ နေမဖြစ်တော့လို့ အရဲစွန့်ပြီး အစ်ကို့ဆီ ထွက်ပြေးလာခဲ့မိပါတယ်၊ ကျွန်မကို အစေခံ ကျွန်လိုပဲ သဘောထား လက်ခံပါ အစ်ကိုရယ်၊ အိမ်အလုပ်တွေ အားလုံးလုပ်ပေးပါ့မယ်၊ သူတို့လက်က လွတ်ရင် တော်ပါပြီ"

    မေစန်းရီက မျက်ရည်သုတ်ရင်း တောင်းပန်သည်။
    "ဘယ်လိုဖြစ်လာတယ်ဆိုတာ ပြောစမ်းပါဦး မေစန်းရီရယ်”
    ခင်မောင်ကြီးက မေး၏။
    “မိဘတွေမှည့်သွားတဲ့ ကျွန်မနာမည်ရင်းက မစန်းရီပါ ခေါက်ဆွဲဆိုင်ထိုင်ရမှ သူ့အလိုကျ မေတစ်လုံး ထပ်တိုး ထားတာပါအစ်ကို”
    “မေစန်းရီဆိုတာလဲ ကောင်းပါတယ်လေ…ဘယ်လိုဖြစ်တယ်ဆိုတာ ပြောစမ်းပါဦး”

    “သူရိုက်နှက်ခိုင်းနေတာစိတ်မပါဘဲ ကျွန်မလုပ်နေရတယ်ဆိုတာ အစ်ကို့ကို အသိပေးပြီးပြီနော်၊ သူမွေးထား တဲ့ လူမိုက်ကိုကြောက်လို့ မျက်စိမှိတ် စိတ်အဆင်းရဲခံနေတာ မကြင်နာတဲ့အပြင် ကျွန်မကိ ကုလား တစ်ယောက်နဲ့ ပေးစားဖို့ စီစဉ်တယ်၊ ကုလားက သူ့ကိုငွေတော်တော်များများ ကျန်တော့ တယ်လို့ ပြောတာပဲ၊ အမှန်က ကျွန်မတို့ဆိုင် သိပ်ရောင်းရပြီး စီးပွားဖြစ်တာမြင်လို့ ကုလားက ဆိုင်ရော လူရော လက်ဝါးကြီးအုပ်တဲ့ သဘောမျိုး ကြံစည်တာပါအစ်ကို"

    "ဒါမဖြစ်နိုင်တာ မေစန်းရီ နောက်တော့"
    မေစန်းရီစကားကို ခင်မောင်ကြီးက ထောက်ခံသည်။ ငွေကို မက်မောလှသော အထိန်းတော်မိန်းမကြီး မသိမမြင် မစဉ်းစားသော အကွက်ကို မေစန်းရီက စဉ်းစားတွေးတောတတ်သည်ကို ခင်မောင်ကြီးက ချီးကျူး မိသည်။

ဆက်ရန်
.

2 comments:

Yu said...

thank u ma SZU, have just read it. :)

မေဓာဝီ said...

ဒီနေ့တော့ စောစောစီးစီး လာဖတ်သွားတယ် မရွှေစင်ရေ ...
အစက မေစန်းရီကို အမြင်နဲနဲကပ်နေတာ ခုတော့ သနားသွားပြီ။