Wednesday, May 5, 2010

ငယ်ဘဝများ (၁၇) နှင့် ရွှေစင်ဦး ရခဲ့သော ဆုများ အပိုင်း (၁)


အင်း အခုတလော ရေပန်းစားနေတဲ့ မြန်မာပြည် သတင်း တွေကို ပြောရရင် ယူနီဖောင်း ချွတ်ပြီး ပါတီ ထောင်တဲ့ သတင်း ... ဒီသတင်းတွေ ဟာ ကောလဟာလ များ လားလို့ သတင်းစာ တောင် ဖတ်ကြည့် လိုက်သေး...၊  ကျနော်တို့ မြန်မာပြည်သူ ပြည်သား များဟာ ကိုယ့် တိုင်းပြည် က သတင်းစာ ထဲ ပါမှ အားလုံး ကို ယုံကြည် ပါတယ်.. (ကောလ ဟာလ သတင်းများ..၊ မမှန်သတင်း များအား လက်မခံပါ)..။

ဒီသတင်း လေး ဖတ်ပြီး ဘုမသိ ဘမသိ ရွှေစင်ဦး ဟာ .. ချစ်ညီမ ကို ပြောမိတယ်.. မင်း လည်း ယူနီဖောင်း ချွတ်ထား တာဘဲ.. ဒို့ ပါတီထောင်ရအောင်လို့... ဖတ်... (ကိုမျှစ်ချိုးက သူ့ အငြိမ့်ထဲ  ကျနော် ကို မပါခိုင်း တဲ့ အတွက် ကျနော် ဘာသာ ဇွတ်ပါပြီး ဇွတ် သတင်းစာ လိတ် နဲ့ ရိုက်လိုက် တဲ့ အသံပါ... )

ကဲ.. ပြောချင်ရာတွေ ပြောပြီး ရွှေစင်ဦး လေး မောနေအုန်းမယ်.. ကိုယ့် အလုပ် ကိုယ်လုပ် ရအုန်းမယ်..... ၊ ကိုယ့် စာ ကိုယ် ရေးရရင် .. ကျနော် ငယ်ငယ်က အားကစား ပြိုင်ပွဲ တခု မှာ ဆု တံဆိပ်တွေ  ရတဲ့ အကြောင်း ကို ပြောပြချင် ပါတယ်...။

မှတ်မှတ်ရရ ကျနော် ၄တန်း နှစ်တုန်းကပေါ့ ... တကျောင်းခြင်း အားကစား ပြိုင်ပွဲ တွေ လုပ်ပြီးတော့ ကိုယ့် ကျောင်း မှာ ပထမ ရတဲ့ သူတွေဟာ မြို့နယ် အဆင့် မှာ ဝင်ရောက် ယှဉ်ပြိုင်ရပါတယ်..၊ ကျနော် က တော့ .. အဲ ဘယ်ပွဲ မှာ မှ ပါလောက်အောင် ထူးချွန်မှု့ မရှိတဲ့ အတွက် ဘေးထိုင် ဘုပြော .... မှားလို့ . အားပေး ပါ တယ်..။

အဲဒီပြိုင်ပွဲ ဟာ အထက်တန်း အဆင့် ထိ ဆိုတော့ တော်တော် ကြီးကျယ်ပါတယ်... အသက်အရွယ် မျိုးစုံ ပြိုင်ပွဲ မျိုးစုံ နဲ့ မန္တလေး က မြို့နယ် တွေအားလုံး ဆိုတော့ အလွန် ကို စည်းကား သိုက်မြိုက် ပါတယ်...၊ ပြိုင်ပွဲ တောက်လျှောက် လုပ်ပြီး တခါထဲ ဆုပေးပါတယ်... တအားပျော်စရာ ကောင်းပါတယ်..။

ရွှေစင်ဦး ဟာ အဆင့် မရှိတဲ့ အတွက် ပြိုင်ပွဲ မှာ ဝင်မပါရ ပေမဲ့... ဆုရတဲ့ သူတွေကြည့် .. ဝင်ပြိုင်တဲ့ သူတွေ ကြည့်ပြီး .. တော်တော် ကို စိတ်တွေကြွနေပါတယ်.. ကျနော့် ကို ကျနော် လည်း အားမလို အားမရ ဖြစ်မိပါတယ်.. ငါတော်တော် အ တာဘဲ .. ဘာဖြစ်လို့များ ပြိုင်ပွဲ ဝင်နိုင်လောက်တဲ့ အဆင့် ရောက်အောင် အရည်အချင်း မရှိရတာလည်း ဆိုပြီး ကိုယ့်ကိုကိုယ် အားမလို အားမရဖြစ်မိတယ်...၊ ဒါပေမဲ့.. အဲဒီလိုသာ အရည်အချင်း မရှိတာ အနိုင်ရလို့ ဆု တက်ယူနေ တဲ့ သူတွေ ကြည့် ပြီးတော့ သူတို့ လို ယူချင် လာတယ် ဗျ...။ 

ဘယ်ပြိုင်ပွဲ မှာ မှ လည်း မပါ...၊ ဘာအားကစား မှ လည်း တခါ မှ မလုပ်ဘူး ဘဲ နဲ သူများ ဆု ယူချိန် ကြမှ ယူချင် တယ် ဆိုတဲ့ ရွှေစင်ဦး လေး ရဲ့ အသိဉာဏ် ကို စဉ်းစား သာကြည့် ကြပါတော့ .. ၊ အခုကို ကြည့်ပါလား .. သူ့ဘာသာသူ ယောဂီ ယူနီဖောင်း ချွတ်တဲ့ ချစ်ညီမ ကို ပါတီထောင် ခိုင်းတဲ့ အထိ ဉာဏ် ကြီး တဲ့ သူ ဆိုတော့... အဲဒီအချိန်ကလည်း ဒီလိုသာ မှတ်လိုက်... ဘာမဆိုင်ညာမဆိုင်.. ပြိုင်ပွဲ မှာမပါဘဲနဲ့ ဆုရချင် နေတဲ့ ရွှေစင်ဦး အကြောင်း ကို ပြောပြပါတော့မယ်..။

အဲဒီ ပြိုင်ပွဲဟာ ကျနော်တို့ ၁၆ ကျောင်း ရှေ့က ဆပ်ကျောင်း (ရဲသိပ္ပံ ကျောင်းဝင်း) ထဲမှာ ကျင်းပပါတယ်..၊ အဲဒီကွင်း ကြီး က အကျယ် ကြီးပါ... ဘေးပတ်လည် မှာ လည်း သစ်ပင် အကြီးကြီး တွေ ရှိပါတယ်...၊ ထမင်းစားချိန် ဆိုရင် ကိုယ့် ဂျိုင့် လေးတွေ ကိုယ် ဆွဲပြီး .. အဲဒီကွင်း ထဲမှာ သွားစားနေကြပါ.. ကြည်စိမ့် နေတဲ့ ကျုံးတွင်း အသေးလေး လည်း ရှိပါတယ်....၊ အဲဒီတော့ ပြောရရင် ကျနော် တို့ ၁၆ ကျောင်း အတွက် အဲဒီကွင်း ကြီးဟာ အိမ်ရှင် ကွင်းကြီးပါဘဲ.. ကိုယ် ကျင်လည် ရာ ကစားရာ ကွင်းကြီးပါ...။

ပြိုင်ပွဲ က စနေ /တနင်္ဂနွေ မှာ လုပ်တယ်ထင်ပါတယ်... ရွှေစင်ဦး လေးကတော့ သိတဲ့ အတိုင်းဘဲ တချိန်လုံး ပြိုင်ပွဲ မျိုးစုံ လုပ်တဲ့ နေရာတွေမှာ ဘေးကနေ.. ဘယ်သူတွေ ဘယ်လောက် ကောင်းကောင်း ကိုယ့် ကျောင်း မှ ကိုယ့်ကျောင်း .. နိုင်ကို နိုင်ရမယ် ဆိုတဲ့ မူဝါဒ နဲ့ သံကုန် ဟစ်ပြီး အားပေးပါတယ်...၊ ကိုယ့် ကျောင်းက များ ရှုံး သွားခဲ့ရင်... ပြောင်းဖူးရိုး နဲ့ တောင် ထုဘို့ ကြံပါသေးတယ်...။ (ရွှေစင်ဦး ပါ ဆိုမှ ဒီလောက် တော့ ရှိမှာပေါ့....)

ဒီလိုနဲ့ ရေအိုးရွက် ပြိုင်ပွဲ ဆိုတဲ့ အလှည့် ရောက်လာပါရော... ခေါင်းပေါ် မှာ ခေါင်းခုလေးတင် ရေအိုး အလွတ် ကလေး တင်ပြီး ပြေးရတာပါ... ရေအိုး တွေ တခွမ်းခွမ်းကွဲ ပျော်စရာကြီး... ၊ အဲဒီလို ဖြစ်နေတာ ဟာ အတန်းကြီး အသက်ကြီး ပြိုင်ပွဲ တွေမှာပါ... ကျနော် တို့ အရွယ်တွေ အတွက် အဲဒီ ရေအိုး ရွက် ပြိုင်ပွဲ မှာ ပြသာနာ တွေ တက်နေတာ ကျနော် မသိပါဘူး...။

အဲဒီ ပြိုင်ပွဲ အတွက် လာရောက်ယှဉ်ပြိုင်တဲ့ အသင်းဟာ တသင်းထဲ ရှိလို့ပါ.. ကျန်တဲ့ ကျောင်းတွေ က ဘာ့ကြောင့် ရောက်မလာတာလည်း တော့ ကျနော် မမှတ်မိ တော့ပါဘူး... ၊ အဲဒီအခါ မှာ ပြိုင်ဘက် တွေ မရှိတဲ့ အတွက် အဲဒီ လာတဲ့ ကျောင်း က ပြိုင်ပွဲဝင် သူ ဟာ တယောက်ထဲ ပြိုင် တယောက်ထဲ သေချာ ပေါက် ပထမ ရတော့မှာပါ...၊ ဒါပေမဲ့ ဒီလို ပြိုင်ဘက် မရှိဘဲ နဲ့ ဆုရတာ ကို ပြိုင်ပွဲ တာဝန်ရှိတဲ့ သူတွေက သဘော မတူ လို့ ဒုက္ခရောက် နေတဲ့ အချိန်ဖြစ်နေတာပါဘဲ...။

အဲဒီလို့ ဖြစ်နေတာကို မသိဘဲနဲ့ တခွမ်းခွမ်း ကွဲ နေတဲ့အိုးတွေကို ကြည့် ပြီး တဟီးဟီး နဲ့ သူများ ဒုက္ခ ရောက် နေတာကို ဘေးကနေ သဘောကျနေတဲ့ ရွှေစင်ဦး လေး ဟာ မကြာခင် အဲဒီ ဒုက္ခအိုး လေး ဟာ ကိုယ့် ခေါင်းပေါ် ရောက်လာမှာ ကို မသိခဲ့လေခြင်းဗျာ... ။

ခဏနေတော့ အဲဒီလို ပြဿနာ ဖြစ်နေတဲ့ အဖွဲ့ ထဲမှာ ပါတဲ့ ကျနော် တို့ ၁၆ ကျောင်းက ဆရာမ တယောက် ဟာ ကျနော့် ဘေးရောက်လာပြီး မင်း ပြိုင်ပွဲ မှာ ပါမလားတဲ့ .. ဆွမ်းခံရင်း ငှက်သင့် နေတဲ့ ရွှေစင်ဦး ဟာ စက္ကန့် တောင် မဆိုင်း ပါဘူး.. ပါမယ် ဆရာမ ဆိုတော့ အေးကောင်းပြီ လာ ဆိုပြီး ပြိုင်ပွဲ လုပ်နေတဲ့ နေရာထိ ခေါ်သွားပြီး ... မင်း ရေအိုး ရွက် ပြိုင်ပွဲ မှာ ပါရမယ်... ဆိုပြီး ပြောပါတယ်...။

သူများ အလှည့် တုန်းက တဟားဟား နဲ့  တက်ကြွ နေတဲ့ ရွှေစင်ဦးဟာ.... ကိုယ်အလှည့် ရောက်တော့ မှာ ဆိုတော့ ... အမယ်လေး ဒုက္ခ.. ရေအိုး ဆိုတာ ရွက်ဘူးဘို့ နေနေသာသာ မ တောင် မ ဘူးတာမဟုတ်ဘူး ..၊  ရေအိုး နဲ့ ပါတ်သက်တဲ့ အတွေ့ အကြုံ ဆိုလို့လည်း သောက်ရေအိုး ထဲ က ခပ်သောက်ဘူးတာ တခုထဲ ရှိပါတယ်.. ဆရာမ ရယ် ဆိုတော့ ရတယ် ကိစ္စမရှိဘူး ... မင်း ခေါင်းပေါ် ရေအိုးလေး ရွက်ထား ပြီး တလှမ်း လောက် လှမ်းလိုက်ရင် ကို ရတယ်တဲ့... ။

သြ.. ဒုက္ခ ... ကိုယ် ဟာ .. ပြိုင်ဘက် အတုလေး ပါလား....၊ ပထမ ရတဲ့ သူ အဓိပ္ပါယ် နဲနဲ ရှိအောင်....  ပြိုင်ပွဲ စည်းကမ်း နဲ့ ညီအောင် .. လုပ်ကြံ ထားတဲ့ ပြိုင်ဘက် ကလေး ဆိုတာ မသိခဲ့ တဲ့ ရွှေစင်ဦး လေးကို ဆရာမ က ဆက်လက် တောင် ဆွဲဆောင်လိုက် ပါသေးတယ်... မင်းက ဒုတိယ ဆု ရမှာတဲ့... ၊ အဟီး... ရတယ် ဆရာမ ကျနော် တလှမ်း မက လှမ်းနိုင်အောင် ကျိုးစားပါမယ် .. ဆိုပြီး ဂတိတွေပေး လိုက်လို့ ဆရာမ လည်း တပြုံး ပြုံး နဲ့ ကျေနပ်နေတယ်.. ဘုန်းကြီးရူး နဲ့ လှေလူး နဲ့ ဆိုတာ ဒါမျိုးနေမှာပေါ့....။

ကဲ.. ပြိုင်ပွဲ စပါပြီ.. ရွှေစင်ဦး လေးလည်း ဟန်တွေ မာန်တွေ အပြည့် နဲ့ ခပ်ကြွားကြွား လေး မလုပ် နိုင်ပါဘူး.. ခေါင်းပေါ်က  လှုတ်တုတ် လှုတ်တုတ်.. နဲ့ တလှမ်းတောင် လှမ်း နိုင်ပါ့ မလားဆိုပြီး ဇော ချွေးတွေ တောင် ပြန်နေပါသေးတယ်... ကဲ စပြီ.. ဝီစီ မှုတ်လိုက်ပါတယ်... တလှမ်း .. နှစ်လှမ်း.. ခွမ်း ဆိုပြီး ကွဲသွား ပါတယ်... ရတယ်... ဆရာမ ပြောထားတာထက် တလှမ်းတောင် ပိုသေးတယ်...။

မကြာခင် မှာဘဲ ဆုပေးပွဲ စဉ်မြင့် ပေါ်မှာ  ရွှေစင်ဦး လေးဟာ ဂုဏ်ယူ ဝင့် ကြွား စွာနဲ့ ရပ်ပြီးတော့ ဒုတိယ ဆု ငွေ တံဆိပ် ကလေး ကို ခေါင်းလေး ငုံ့ပြီး ဖဲကြိုးလေး နဲ့ အစွပ်ခံလို့  (လက်ခုပ်သံ  တွေ တဖျောင်း ဖျောင်း နဲ့ သောင်းသောင်း ဖြဖြ ကြိုဆို အားပေးသံ တွေ ကြားမှာ ) (ဒါကတော့ တကယ် ကို သောင်း သောင်း ဖြဖြ ပါဗျာ.. ရွှေစင်ဦး လေး မျက်မြင် ကိုယ်တွေ့ပါ) ဆုယူခဲ့ ပါပြီ...။

နောက် ဆု များ အတွက် ဆက်လက်ဖော်ပြပါမယ်.....

ပုံ ကို Google မှ ယူပါ၏။

လေးစားစွာဖြင့်
စာရေးသူ - ရွှေစင်ဦး
.

19 comments:

ကိုကိုးအိမ် said...

ဆရာမရေ ကျွန်တော်ကလည်း သောင်းသောင်းဖြဖြကို ဂုဏ်ယူပါတယ် အဟဲ အိုးရွက်တာတော်လို့ ဆရာမရေ အဲဒီခံစားချက် ကိုကျွန်တော်လည်းခံစားဖူးချင်ပါတယ်

ခင်လျှက်
ကိုကိုးအိမ်

Anonymous said...

ရယ်ရတယ် :):):)

စူးနွယ်

ကိုဇော် said...

အဟီး. . .ကန့်ကွက်ပါတယ်။
တကယ်ဆို တတိယပဲ ပေးရမှာ . .
ရေအိုးက အရှေ့ကို ကျကွဲလို့ပါ။
ဟိဟိ.....

ချိုကျ said...

အော်....အံဖွယ်ဆုပဲအစ်မရေ...လုပ်ပါဦး နောက်ထပ်ရခဲ့တဲ့ဆုတွေအကြောင်း...ခင်မင်စွာဖြင့် (ချိုကျ)

အင်ကြင်းသန့် said...

တော်လိုက်တဲ့ ငါ့အစ်မ... ဒုတိယဆုကြီးတောင်ရတယ် (တဖြောင်းဖြောင်းမည်အောင် လက်ခုပ်လက်ဝါးတီးပြီးတော့ကို ဂုဏ်ပြုသွားပါတယ်) :D

ချစ်ညီမလေး

sosegado said...

ပိုင်ပွဲလုပ်ပေးတဲ့ သူတွေရဲ့ အခက်အခဲကို ကူညီလိုက်တာလို့ တခြားဘက်ကတွေး ကြည့်တာပဲ၊ ပြိုင်ဘက် အတု မဟုတ်ပါဘူး၊ ပြိုင်ပွဲ စည်းကမ်း နဲ့ ညီအောင် ဝင်ပြိုင်ခဲ့လို့မဟုတ်လား၊ လုပ်ကြံ ထားတဲ့ ပြိုင်ဘက် ဖြစ်ပေမဲ့ တကယ်လို့ မရွှေစင် မထင်မှတ်ပဲ ပြိုင်ဘက်ထက်သာသွားခဲ့ရင်၊ ပြိုင်ဘက်က ပထမ တလှမ်းမှာပဲ ရေအိုးကျကွဲသွားရင်၊ မရွှေစင် ပထမ ဆုရသွားမှာပါ၊ ဝင်မပြိုင်တဲ့သူတွေက မရွှေစင် ပထမ ဆုရသွားတာကို လုပ်ကြံ ထားတဲ့ ပြိုင်ဘက် စသဖြင့် ဘာမျှ ပြောပိုင်ခွင့် မရှိတော့ပါဘူး၊ ပြောလဲပြောတာပဲ အဖတ်တင်မှာပါ။
သေချာတာကတော့ လူတွေက သောင်းသောင်း ဖြဖြ ကြိုဆို အားပေးကြမှာပါ။
တွေးကြည့်တာပါ အိုးရွက်လေးကျင့်မထား၊ မရွက်ဘူးတော့ ဖြစ်မလာပါဘူး၊ ဒုတိယဆု ကိုလည်း လူတွေက သောင်းသောင်း ဖြဖြ ကြိုဆို အားပေးခဲ့ကြတယ်မဟုတ်လား။ :D

ဒူကဘာ said...

၂ယောက်ထဲ ပြိုင်တာ ဒုတိယ ရတာတော့ ဂုဏ်ယူသကွယ် ....ရွှေစင်ဦးရယ်။

သိင်္ဂါကျော် said...

အိုးကို လက်နဲ့မကိုင်ပဲ ရွက်ရမှာလည်း လွယ်တဲ့ အလုပ်မှ မဟုတ်ပဲ ဟဲဟဲ ရှက်စရာ မလိုပါဘူး..
:D:D

Anonymous said...

ဒုတိယဆုရသော မရွှေစင်ကို
သောင်းသောင်းဖြဖြ လှိုက်လှိုက်လှဲလှဲ
အားပေးကြိုဆို ဂုဏ်ပြု နှုတ်ခွန်းဆက်သွားပါကြောင်း..
မန္တလေးရောက်မှ အော်တို လာရေးခိုင်းတော့မယ်း)

kiki said...

အိုးလေး ကွဲသွားပြီ ..
အိုးလေး ကွဲသွားပြီ .....
ပြိုင်သူ ၂ ဦးရှိတဲ့ ပွဲ မှာ ဒုတိယ ရတာ ဂုဏ်ယူ လိုက် စမ်း ပါ ....း))

( ပထမ ရမဲ့သူ ..သိသိကြီးနဲ့ ရအောင် အကြံ အဖန် လုပ်တတ်တာ လေး တွေတော့ ဆင်တူ နေတာ နော်.. မတော်တမင် လား .. တိုက်တိုက်ဆိုင်ဆိုင် လား လို့  တွေး သွား တယ် ) ...

အဖြူရောင်နတ်သမီး said...

အဲီးလိုပါပဲ...“မ”ရယ်...
ခေတ်ကြီးကိုက မှန်တဲ့သူတွေက ဒုတိယနေရာ ရနေကျမို့...းးး))))

Anonymous said...

သူများ ဒုက္ခရောက်နေတာကို မကူညီဘဲ လက်ပိုက်ပြီးကြည့်နေလို့ ကတော့ မကြာခင် ကိုယ့်အလှည့်ရောက်လာလိမ့်ဆိုတာ တယ်မှန်တာဘဲ တို့အမကြီးရာ
အလေ့အကျင့်ရယ် ပညာရယ် မရှိဘူးဆိုရင်လည်း အိုးလေးကွဲသွားတာ မထူးဆန်းပါဘူး
အိုးလေးကွဲသွားပြီ.....အိုးလေးကွဲသွားပြီ (သီချင်းဆိုပြခြင်း)

ချစ်ညီမ
seesein

ရွှေရတုမှတ်တမ်း said...

အဲဒိခေတ်က အိုးလေးလှုပ်ပါဦး သီချင်းမပေါ်သေးလို့..
ပေါ်ခဲ့ရင် ပထမရမှာ..

Anonymous said...

ဟားဟားးးးးးးးးးးးးးးးးးးးးးး

၂ယောက်ပြိုင်တာဒုတိယ..
ဒါဆို ၁ယောက်ထဲပြိုင်ရင်ချန်ပလုံပေါ့..



မြတ်နိုး

shwezinu said...

သြ မကိ ရယ်

အထင်ကြီး လှချီလား တကယ့် ကို တိုက်တိုက်ဆိုင်ဆိုင် ပါ ...

ရွှေစင်ဦး ဟာ ကိုယ့် ထက် အသက်ကြီးသူ ဝါကြီးသူ ကိုယ့်ထက် တော်သူများ ကို ဘယ်တော့မှ တရား မချတတ်ပါ..

သူဘာသာသူ ဘာလုပ်လုပ်..ဟား..ဟား

အားလုံး စိတ်မဆိုးကြပါနဲ့..စတာပါဗျာ

ခင်တတ်တဲ့
ရွှေစင်ဦး

Anonymous said...

အဟမ်း အဟမ်း မရွှေစင် ...
ကိုယ့်ထက် အသက်ကြီးသူ ၀ါကြီးသူ ကိုယ့်ထက် တော်သူများကို ဘယ်တော့မှ တရားမချတတ်ဘူးဆိုတော့ .... မတရားတော့ ချတတ်တယ်ဆိုတဲ့ သဘောပေါ့နှော် ... အဟဲ ..

မရွှေစင်ရေးတာ သဘောကျလိုက်တာ ... ပို့စ်ကိုရော ကွန်မန့်ကိုရော ...
အင်း ... တိုက်လဲ တိုက်ဆိုင်အောင် တိုက်တိုက်ဆိုင်ဆိုင် ရေးလဲ ရေးတတ်တယ်။ ဒီပို့စ်ကို ဖတ်ပြီးတော့ ကိုယ်မကျွမ်းကျင်တဲ့ ကိစ္စတခုကို ဦးထိပ်တင်ရင် တလှမ်းနှစ်လှမ်းနဲ့ ကျကွဲတတ်တယ်ဆိုတာကို ကောင်းကောင်းကြီး သဘောပေါက်သွားတယ်။ ဘာပဲဖြစ်ဖြစ် ကွဲခါမှ ကွဲရော (ရွှေစင်ဦးလေးလို) အရမ်းအရမ်းကို ပြိုင်ပွဲဝင်ချင်တဲ့ သူတွေကတော့ တင်ကြည့်ကြမှာပဲ ... ကွဲတော့မှ ဟောတော့ ကွဲသွားပြီပေါ့ ... အပြစ်မရှိတဲ့ ရေအိုးလေးကိုပဲ သနားမိတယ်။ နှမြောပါတယ်နော်။ :D

သောင်းသောင်းဖြဖြ ကြိုဆိုအားပေးတာ မရွှေစင် ကိုယ်တွေ့ဆိုတာ မယုံပေါင် ... ဓာတ်ပုံပြ သက်သေပြ ... မဟုတ်ရင် မယုံဘူး။ ဒါ လုပ်ကြံဖန်တီး မရိုးမသား ၀ါဒဖြန့်မှု သက်သက်သာ ဖြစ်ကြောင်း မှတ်ယူဆလိုက်သည်။

ပုံ
သိကြားမင်း
ခေတ္တ အသူရာ

မြသွေးနီ said...

ပထမဆုရဖို့ ဒီလို ပြိုင်ဘက်အတုရှာထည့်တာမျိုးက ကျွန်မတို့ ပတ်ဝန်းကျင်မှာ တကယ်ရှိနေတာမျိုးနော်။ စဉ်းစားစရာပါ အစ်မရေ..။

မဗေဒါ said...

ပြိုင်ဘက်မရှိ တဲ့ မရွေစင်ပါရှင့်..။ တော်၏..။

ဒါမျိုးတွေက ရွေမြန်မာမှာ ကြားရခဲပါတယ်..။ နောင်ဆိုရင် အဲလို မျိုးတွေ များများကြားချင်ပါဘူးကွယ်..။

မဗေဒါ

Mamoonn said...

တော်လိုက်တာ မမရာ..:)