Saturday, April 3, 2010

ရွှေစင်ဦး ကြိုက်တဲ့ အညာစာဟင်းလေးများ (၃)

ဝမ်းတထွာ..တထွာ နဲ့ တထွာ မလို့သာ တော်တော့တယ်...၊ မလွယ်ပါလားနော်.... ၊ ချစ်ညီမ ရိပ်သာဝင် သွားတာ သုံးရက် ရှိပြီ.. ရွှေစင်ဦး လေး စားမကောင်း သောက်မကောင်း တာလည်း ၃ရက်ရှိပြီ..၊။

ချစ်ညီမ ရှိတုန်းကတော့ မနက် အစောဈေးသွား.. ကျနော် စားချင်တာ သင့်တော်တာ အစပ်အဟပ်တည့် အောင် စီမံပေး တော့ စားကောင်းတယ်...၊ အခုတော့ ချစ်သမီးများက မနက် ဈေးသွားရင် ဆရာမ ဘာစား မလဲတော့ မေးပါတယ်..၊ ချက်ချင်ရာ ချက်လို့ ပြောပေမဲ့ .. ကျနော် ဂျီးများ မှန်း သိတော့ ကျနော့် အတွက် သေချာတော့ လုပ်ပေးပါတယ်.. ဒါပေမဲ့ စားမကောင်းတာ ခက်တယ်..၊ အဲဒီတော့မှ ကျနော် လည်း အဝေးက ဘလော့ဂါ မောင်ငယ်.. ညီမငယ် များကို ကိုယ်ချင်းစာ သွားပါတယ်..။

မနက်က လည်း စားကောင်း အောင်လို့ ညီမလုလု ရဲ့ မေတ္တာရပ်ဝန်း မီးဖိုဆောင်လေး သွားပြီး သားရေ ကျပြီးပြီ.. အဲဒီကတဆင့် ရွက်ဝေ ရဲ့ ထမင်းဘူးလေး ကိုရောက်သွားသေးတယ်..၊ အမယ်လေး စားချင်စရာ လေးတွေ ကြီးပါလား...။

ကျနော်က ငယ်ငယ် ကတည်းက အစားအသောက် ဆိုရင် မေမေချက်တာ မှ ဒါမှမဟုတ် ကိုယ်တိုင် ချက်မှ စားကောင်းတယ် တခြားလူတွေချက်ရင် မကြိုက်ဘူး...၊ နောက်ပြီး တော်ရုံ ဆိုင်ထမင်း ဆိုင်ဟင်း လည်း မစားဘူး...၊ အခု မန္တလေး မှာ ရှမ်းထမင်းဆိုင် ပုံစား တွေ အများကြီးဘဲ ခေတ်စားနေတာ.. အသားဟင်း ၂ မျိုး နဲ့ အရံဟင်း ၂မျိုး ကြိုက်တာ စားလို့ ရတယ်.. ၊ ဟင်း အမျိုးပေါင်း ၅၀ လောက်ရှိတယ်..၊ ချက်တာ တွေလည်း တော်တော် ကောင်းပါတယ်..။

ဒါပေမဲ့ ရွှေစင်ဦး လေးကတော့ ၁ခါ ၂ခါ အပြင် စားမရပါဘူး...၊ မြန်မာ ထမင်းဟင်း ဆိုရင်လည်း အေးမေတ္တာ တို့ ယူနီဆန် တို့ ဒေါ်လေးမေ တို့ အများကြီးပါဘဲ နံမည်ကြီးဆိုင်တွေ.. တခါစားပြီးရင် တော်တော် နဲ့ စားမရတော့ဘူး... ဥရောပ အစားအစာ ရော ပိုတောင် မကြိုက်သေး..၊ စားခဲ့ မိရင်လည်း.. ဒီအညာသူမက အိမ်ရောက်မှ ငရုပ်သီးထောင်း နဲ့ ထမင်း နဲ့ နယ်စားလိုက်ရမှ ဗိုက်ဝ သွားပါတယ်....၊ ဒါ့ ကြောင့်လည်း အိမ်ထမင်း အိမ်ဟင်း ကို ပိုပြီး တန်ဘိုး ထားတတ် လာပါတယ်..။

ဟင်းချက်တာ ဒီ ကြက်သား ဒီ ဝက်သား ပေမဲ့ ချက်ပုံ ချက်နည်း နဲ့ အနံအရသာ မှာ ကွာကွာ သွားကြ တယ်..ထင်ပါတယ်..၊ စားရတဲ့ အခါမှာ မတူတော့ပါဘူး..၊ ကျနော့် မေမေ ဟင်းချက်ရင် ပေါက်ပေါက် ရှာရှာ တွေ ပိုချက်တတ်တော့ ကျနော် က ပိုကြိုက်တယ်..၊ အဲဒီလို အသား တွေ ကိုယ်တိုင်တော့ မချက်ရဲဘူး.. စားရင်တော့ ကြိုက်တယ်...။

မေမေ ချက်တဲ့ ဟင်းတွေထဲက ဝက်ဦးနှောက် နဲ့ ဘဲဥ နဲ့ ကြော်တို့ ဝက်ချင်း ချက်တို့ ဆိတ်ချင်း ချက်တို့ ဝက်လျှာ တို့ နို့အုံသား ချက်တို့ ဆိုရင် ကျနော် ငယ်ငယ်က အရမ်းကြိုက်တယ်.. အခု မစားရတာ တော့ တော်တော် ကြာသွားပြီ....။

ဟင်းတွေ အကြောင်းပြောနေတာ ဘာရယ် မဟုတ်ပါဘူးဗျာ.. ကျနော် လည်း ဗိုက်ဆာ လို့ ခင်ဗျားတို့ လည်း ဆာအောင်လို့...။

ဒီနေ့ လည်း ချစ်သမီးများက ဟင်းချက်ထားတယ်... ကျနော့် အတွက် ကြက်သားပြုတ်ကျော်တဲ့ သူတို့ အတွက် ဝက်သား နဲ့ ပဲသီး... ချဉ်ပေါင်ဟင်းရေ တဲ့ ငံပြာရည်ချက် တဲ့.... ၊ ကြားလိုက်ရင်တော့ စားချင်စရာ ဘဲ.. ကျနော် ကတော့ သူတို့ လက်ရာကြည့် ရုံနဲ့ မစားချင်တော့ဘူး...၊ ကျနော် ငံပြာရည်ချက်တယ် ဆိုရင် ဆီနဲနဲ နဲ့ ပုဇွန်ခြောက်များများ ကြက်သွန်နီ ကြက်သွန်ဖြူ ငရုပ်သီး များများ နဲ့ ပြစ်နှစ်နေအောင် ချက်တာ...။

အခုဟာက ငံပြာရည် ကြဲတောက်တောက် ဆီအများကြီး....ငရုပ်သီး ပေါလောနဲ့ မစားချင် တော့ဘူး..၊ နောက်ပြီး ချဉ်ပေါင်ဟင်း ချက်ရင်လည်း မေမေ ချက်ရင် ချဉ်ပေါင် အချဉ်နဲ့ အခါး ကို မျှ ဝယ်ပြီး သေချာ ပြစ်ပြစ်လေး ချက်တာ.. ရုံးပဒေသီး တို့ ခရမ်းသီးခြောက် တို့ ကိုလည်း ထည့် လိုက်သေးတယ်၊ မေမေ ချက်တဲ့ ချဉ်ပေါင်ဟင်း နဲ့ ငရုပ်သီးထောင်း ဆိုရင် အသားဟင်း တောင်မလိုဘူး...၊ အခုတော့ ချဉ်ပေါင်ဟင်း ကလည်း ရေကြဲကြဲ နဲ့ ထောင်ချဉ်ပေါင်ဟင်း လားမသိဘူး...၊ အင်း.. အခု ရေးတာတောင် လွန်လှပြီ နောက်နေ့ ချက်မကြွေးတော့ ရင် ဒုက္ခ တော်မှ.. တော်မှ..။

အဆုံးသတ်တော့.. ကျနော် ဟာ ထမင်းစားရမဲ့ အရေးကို မစားနိုင်ဘဲ.. အပေါ်က မြင်ရတဲ့ သရက်သီး လေး ကိုယ်တိုင် ထောင်း ပြီးမှ စားလို့ ဝင်သွားပါတယ်ခင်ဗျာ...။

သရက်သီးစိမ်း လေးတွေဟာ တို့ ရမဲ့ အရွယ်လွန်သွားပြီး.. နဲနဲ ချဉ်သွားပြီ ဖြစ်လို့  သရက်သီး စိမ်း ထောင်းစား ပါတယ်...၊ အခု မြင်ရတဲ့ သရက်သီး လေးတွေကို ပါးပါးလှီးပြီး ရေစစ်ထားပါတယ်..၊ ကြက်သွန်ဖြူ (မွှေးအောင်လို့ အသေးလေးတွေ သုံးပါတယ်) နဲနဲလောက် အခွံခွာထားပါတယ်...၊ ငရုပ်သီး စိမ်း နဲ့ ငရုပ်သီး ကြမ်း တို့ ကို အရင်ထောင်းပါတယ်.. ပြီးတော့ ပုဇွန်ခြောက် နဲနဲ ထောင်းပါတယ်.. မြေပဲဆန် လည်း နဲနဲ ထောင်းပါတယ်...၊ အားလုံးညက်အောင် ထောင်းပါတယ်.၊ ကြက်သွန်ဖြူ လေး တော့ မညက်တညက်လေး ထောင်းပါတယ်..။

ပြီးမှ သရက်သီး လေးတွေကို တတ်နိုင်သလောက် ညက်အောင်ထောင်းပါတယ်...၊ မရမ်းသီး လောက်တော့ ညက်မှာ မဟုတ်ပါဘူး.... ဒါပေမဲ့ ထောင်းနိုင်သလောက်ပေါ့ .... ချွေးမလောင်း ပြိုင်ပွဲဝင် နေတာ မဟုတ်တဲ့ အတွက် ရပါတယ်..၊ ပြီးရင် ငါးပိ (ငါးပိထောင်းဗူးထဲက ဘဲ ယူသုံးပါတယ်)၊ အချိုမှုံ၊ ဆား ရောထောင်း ပါတယ်...၊ ထောင်းပြီးသား အားလုံး ရောနယ်လိုက်ပါတယ်..၊ အပေါ်က ကြက်သွန်နီ ပါးပါး လှီး (အခုတော့သိပ်မပါးပါ) အုပ်ပြီး... ဆီ စိမ်း လောင်းထဲ့လိုက်ပါတယ်...၊ စားလို့ ရပါပြီ ခင်ဗျာ... ရွှေစင်ဦး လက်ရာ ရှယ်ပါ.. ဒီသရက်သီးထောင်း လေး နဲ့ ရေနွေးပူပူလေး နဲ့ မှ ထမင်း စားလို့ ဝင်ပါတော့တယ်...။

ကဲ..ပြီးသွားပြန်ပြီ..ထမင်း တနပ် တော့...၊ အားလုံး ဘဲ စားကောင်းနိုင်ကြပါစေ...။

လေးစားစွာဖြင့်
စာရေးသူ-ရွှေစင်ဦး
.

19 comments:

ဆောင်းနှင်းရွက် said...

အားးးး
ငရုတ်သီးစိမ်းရော ၊
ငရုတ်သီးကြမ်းရော တွေ ရော
စပ်တယ် ဗျို့ ..>>

Anonymous said...

အီး... အမ..စားချင်တယ်...စားချင်တယ်

ဟင့်ဟင့်...အရမ်းကြိုက်တယ်။

အမကရက်စက်တယ်.. ဒီမှာဝယ်မရဲ့အသီး...။


အမ..
သံပုရာပေါင်းဘယ်လိုလုပ်လဲဟင်..အချဉ်ငတ်လို့ ကိုယ့်ဟာကိုယ်လုပ်စားမလို့..။ နည်းလေးမေးပေးပါ။ သိရင်လဲပြောပြပါ။

မြတ်နိုး

စန္ဒကူး said...

သရက်သီးစိမ်းထောင်းလား..
ကူးကူးလဲအရမ်းကြိုက်တယ်.
ထမင်းပူပူလေးနဲ့ရော ဒီတိုင်းထိုင်စားရော..ကြိုက်

ချစ်ကြည်အေး said...

မရွှေစင်တို့က လုပ်ပြီ...မန်းလေးလာရင် ချက်ကြွေးရမှာနော်...သူများ ကြိုက်တာတွေချည်း လုပ်စားနေတာပဲ...:)

moemoestar said...

မမရွှေစင်...
ဲ ဒီမှာ သရက်သီးစိမ်း မရှိဘူး...သရက်သီး ထောင်းစားချင်လို့တံတွေးမျိုချထားရတယ်...

အင်ကြင်းသန့် said...

မမရေ...မစားရ အညော်ခံ လာငေးသွားပါတယ်... ညီမလေးလည်း မမလိုပါပဲ...ဘာဘိုစာတွေ ဘယ်လောက်ကောင်းကောင်း တစက်မှ မကြိုက်ဘူး...ဂျီးကများတတ်တော့ ပိုဆိုးသေး.. ကိုယ့်မြန်မာ အစားအစာကိုစားလိုက်ရမှပဲ အရသာရှိတယ်လို့ထင်တယ် :)))


ချစ်ညီမလေး

sosegado said...

နှမ်းဖတ်ချင်သုတ်၊ ပဲဖတ်ချင်လေးသုတ်ပါလား စားချင်လို့ :D

Talkii said...

ဂလုသွားတယ်။ တစ်ခာတစ်ခာမှ ရောက်တာဆိုတော့ အေးမေတဿတာကို သတိရပာ့။

စူးနွယ်လေး said...

ဟိုနေ့က အိမ်ဖုံးဆက်တော့ အမေကပြောတယ်..အိမ်က သရက်ပင် သီးနေပြီတဲ့ ထောင်းလည်းစားပြီးကြပြီ..သနပ်လည်း လုပ်ဦးမယ်တဲ့...ဒီကတော့ ကြားပဲကြားရတယ်...ခုတော့မြင်ရတယ်ပေါ့

Unknown said...

Mama Shwezin,it is so much attractive and mouth watering.As usual,in a hurry,to the kitchen.......

yours lovingly,
Watma.

Flower said...

အစ်မရယ်
သရက်သီးထောင်းကို အသေးစိတ် ရေးထားတာကိုဖတ်ပြီးလေ
တကယ့်ကိုသွားရေတွေကျလာတယ်
အဟုတ်ပြောတာ
သရက်သီးထောင်းကိုတော့ အရမ်းကြိုက်တာ
ရေနွေးလေးနဲ့ဆို လိုက်မှလိုက်
ခုလိုရာသီနဲ့ဆို အတော်ဘဲနော်...

မေဓာဝီ said...

မရွှေစင်ကတော့ ကျမတို့ သွားရည်ကျအောင်လုပ်ပြန်ပြီ။
ဒီမှာကတော့ သရက်သီးစိမ်းရတယ်။ ထောင်းမစားဖြစ်ဘူး။ သုတ်ပဲစားဖြစ်တယ်။
မရွှေစင်က ချစ်ညီမ မရှိတော့ အစားအသောက် ဒုက္ခရောက်နေတယ်။ ကျမကတော့ ခရီးသွားမှ ပိုစားကောင်းနေတာ။ ဒီနေ့ အုန်းနို့ခေါက်ဆွဲ၊ ကြက်ဥချဉ်ဟင်း၊ ငါးမွှေချက် စားတယ် သိလား၊ (အသလွတ်ကြွားသွားခြင်းပါ)

ဒါနဲ့ မရွှေစင် ငံပြာရည်ချက်နည်းလေး ကြုံရင် တင်ပါအုံးနော်။

ညလင်းအိမ် said...

ဖတ်ရင်းနဲ့ သရေယိုလာပြီ ထွက်ကျမှာစိုးလို့ ပြန်လစ်ပြီ ... (သရေကို ပြောတာ)း))))

Sint Si said...

I also want to eat "နှမ်းဖတ်ချင်သုတ်၊ " with some kind of sweet or savery soup. Mouth watering!!!!!!!!

Mamoonn said...

ရှလွှတ် ..ရှလွှတ်..မမရေ..စာဖတ်ရင် သွားတောင် ကျိန်းတယ်။
သရက်သီးထောင်းဆို သိပ်ကြိုက်ပေါ့ မမရွှေဇင်။
လုပ်စားကြည့်အုံးမယ်ရှင့်။
ချစ်တဲ့..

Anonymous said...

ဘယ်နှယ်ဗျာ...
အဝေးရောက်ရွှေတွေခများ အဲဒီလိုအစားအသောက်တွေ
လုပ်စားဖို့ ပစ္စည်းအမယ်ကလည်းအလွယ်တစ်ကူဝယ်မရ
နိုင်၊ လုပ်ဖို့ ကလည်းအချိန်မရှိနဲ့ ...
လူကို သွားရည်ကျအောင် သူသိပ်လုပ်...
သူမို့ ရက်စက်တယ်...

မြစ်ကျိုးအင်း said...

ရေးကြတင်ကြပါ ဒီမှာတော့ သရေယိုနေကြရပြီ
သရက်သီးရအောင် ရှာဝယ်ရတော့မယ်။ မရွှေစင်တို့ လက်စွမ်းပြချက်က သရေယို မတတ်ပါပဲ။

ကိုဇော် said...

ဟာဂျာ..ဟာဂျာ...ရှလွှတ်....
ဒါမျိုးတွေ ကြိုက်ပါတယ် ဆိုမှ...
ငတ်နေတုန်း...ဒါဖတ်မိသွားပြီ...
မရဘူး...ပို့ပေးတော့...

သက်ဝေ said...

မနက်စောစောစီးစီး ဒီကိုရောက်လာမိတာ မှားပါပေါ့လား...
မမျှော်လင့်ထားဘူး... သူ အခုလို သူများကို သားရည်ကျအောင် လုပ်တတ်လိမ့်မယ်လို့...း))