ကျနော် ဒီပို့စ် မှာ ကျနော် ငယ်ငယ်က စားခဲ့တဲ့ အညာစာ လေးတွေ အကြောင်း နဲနဲ ရေးချင်ပါတယ်..၊ အညာ စာ ဖြစ်တဲ့ အပြင် တကယ့် အညာ ရွာက အညာသူ-အညာသား တွေ သိပ်ကြိုက်တဲ့.. ထမင်း သိပ် မြိန်တဲ့ ဟင်းလေး ပါဘဲ..။
ကျနော် ငယ်ငယ် က အကြောင်းတွေ ရေးတဲ့ အခါမှာ ကျနော် တို့ အိမ်က စာတော်ဖတ် မမ တွေအကြောင်း ရေးပြ ပြီးပါပြီ...၊ အဲဒီ စာတော်ဖတ် မမ တွေဟာ ကျနော် တို့ အိမ်မှာ သိပ်ပျော်ပါတယ်..၊ မေမေ ကလည်း သဘောကောင်းတော့ အိမ်မှာ နေရတာ အဆင်ပြေတော့ အားလုံး ဟာ ဆွေမျိုးလို ဖြစ်နေကြပါတယ်..၊ တယောက် တယောက် ဆိုရင် အိမ်မှာ ၃-၄ နှစ်နေကြပါတယ်..၊ အိမ်က အကြောင်း အမျိုးမျိုး ကြောင့် ထွက်သွားတောင် တော်တော် နဲ့ အဆက်အသွယ် မပြတ်ပါဘူး.. လာကန်တော့ တာ.. ၊ ရွာက ပြန်လာရင် လက်ဆောင် လာပေးတာ အမြဲရှိပါတယ်..။
လက်ဆောင် ဆိုတာလည်း ကောင်းကောင်း ကြီးမဟုတ်ပါဘူး.. ယာထွက် လယ်ထွက် သီးနှံလေး၊ ပဲလေး ပါ..၊ အဲဒီ အညာရွာတွေဟာ အရမ်းဆင်းရဲပါတယ်..၊ ရေလည်း ရှားပါတယ်..၊ မျက်ခမ်းစပ် ရောဂါ တွေဘာတွေ တောင် ဖြစ်ကြပါတယ်..၊ အလုပ်အကိုင် ကလည်း ရှားပါး.. သီးနှံ ကလည်း ကောင်းကောင်း မထွက်ဆိုတော့ မိန်းခလေး တွေဆိုရင် အရွယ်ရောက်လာရင် မန္တလေး မြို့ပေါ်လာပြီး အိမ်ဖော် အလုပ်ဘဲလုပ်ရပါတယ်..၊ ယောက်ကျားလေး တွေဆိုရင် အလုပ်ကြမ်း သမား ဘဲလာလုပ်ကြပါတယ်..။
ကျနော် တို့ အိမ်မှာ က အမျိုးတွေ မိတ်ဆွေတွေက များတော့ အဲဒီရွာက ဘဲ ခေါ်ကြတာ များပါတယ်..၊ တခါတလေ သူတို့ ဆွေမျိုးသားချင်းတွေ လာရင် အိမ်မှာ တည်း ကြပါတယ်...အဲဒီမှာ ကျနော် တို့ အိမ်က ချက်တဲ့ ဟင်းတွေ စားတာ သိပ်မစားနိုင်ကြပါဘူး..၊ အဲဒါ မေမေ ကို သူတို့ စားချင်တဲ့ ဟင်း ချက်ခွင့် တောင်းပါတယ်..၊ မေမေကလည်း ချက်ပေါ့..၊ အင်း လာပါပြီ ရွှေစင်ဦး လေး တသက်လုံး ကြိုက်သွားမဲ့ ဟင်းလေး...။
မေမေက ဘာဟင်းတွေချက်မှာလည်း ဘာဝယ်ပေးရမလည်း ဆိုတော့ ရတယ်တဲ့... သူတို့မှာလည်း ပါတယ်..ဒီမှာလည်း လိုတာတွေ ရှိတယ်တဲ့..၊ မေမေစားမှာလား ဆိုတော့.. အစားမက်တဲ့ ကျနော်က ဦးအောင် စားမှာ..စားမှာ များများလေးသာချက် ဆိုတော့.. သူတို့ကလည်း ရှယ်ချက်ပေးတယ်ဗျ...။
အိမ်မှာ ရှိတဲ့ ငရုပ်သီးစိမ်း မိုးမျှော်တောင့် တွေ လက်တဆုတ်ကြီးယူ.. ပါးပါးလှီး.. ၊ မိုးမျှော် ဆိုတာ သိတဲ့ အတိုင်း စပ်လိုက်တာ ဝီခေါ်နေတာ... ကျနော် တော့ သွားပါပြီပေါ့..ဟင်းကတော့.လို့..၊ မပြီးသေးဘူးဗျ.. ခဏနေ တော့ ငရုပ်သီးခြောက် တဆုတ်ကြီး ယူလာပြန်တယ်.. အဲဒါတွေ ရေဆေး အစေ့ထုတ် ပြီး တခါ ညက်ညက်ထောင်းပြန်တယ်.. ။
အမလေး.. ဟင်းကတော့ ကွာ ငရုပ်သီး ကြီးပါလားလို့ .. ၊ ခရမ်းချဉ်သီး ၄-၅ လုံး ကြက်သွန် ဖြူ-နီ ၃-၄ လုံးနဲ့ ဆီသတ်ပါတယ်.. စိမ်းစား ငါးပိ ကွမ်းသီးလုံးလောက် ထည့်ပါတယ်..၊ ပြီးတော့ ပုဇွန်ခြောက် လက်တဆုတ် လောက် ထည့်ပါတယ် (ကျနော်တို့ စားမှာမလိုပါ.. သူတို့ အတွက် ဆို ပုဇွန်ခြောက် မထည့်ဘူးလို့ ပြောတယ် ) ငရုပ်သီး ၂ မျိုး လုံး ထည့်ပါတယ်..၊ ရေ နဲနဲ ထည်ပြီး ဆီပြန်အောင် ထားပါတယ်.. ၊ အမလေး ဗျာ ငရုပ်သီး နံလေး ကို မွှေးကြိုင်လို့ ကြည့်ရင်းနဲ့ တောင် သွားရေကြလာပါတယ်..၊ အဲဒါက.. အညာငရုပ်သီး ငါးပိချက်....၊ ကျနော် စိတ်ရရင် တခါ တခါ ချက်စားပါတယ်.. စပ်လွန်းပေမဲ့.. စားလို့ ကောင်းပြီး ထမင်းမြိန် လွန်း လို့ ကြိုက်ပါတယ်..။
နောက်တခါ.. ဟင်းရေအိုး တည်တယ်ဗျ.. အိုးထဲ ရေထည့် ကြက်သွန် နီ တလုံးလောက် ကြက်သွန် ဖြူ လေးငါးမြှောင်း ပုဇွန်ခြောက် နဲနဲ ထောင်းထဲ့.. ငါးပိ နဲနဲ ထည့် ပြီး ဟင်းရေအိုး ကျလာအောင် တည့်တယ်.. စားခါနီးမှ.. ဘူးညွှန့်ခတ်ပေးမယ်တဲ့..၊ သူတို့စီမှာတော့ ရွာပြင် ထွက် ပြီး တွေ့သမျှ ဟင်းရွက်စုံ ကောက် ထည့်လိုက်တာဘဲတဲ့...၊ ကျနော်တို့ အတွက် တော့ ဗူးညွှန့်ဟင်းရေတခွက်ပေါ့....။
နောက်တခါ.. သူတို့စီမှာ ပါလာတဲ့ အမဲခြောက်တွေ အများကြီးကို မီးအေးအေး နဲ့ ဖုတ်ပြီး ဆီရွဲနေအောင် စမ်းပေးတယ် (အဲဒီတုန်း က ကျနော် အမဲသား စားသေးတယ် )။
ထမင်းစားချိန်ရောက်ပါပြီဗျာ.. လတ်စိမ်း နေတဲ့ ဗူးရွက်ဟင်းရေ ချိုချို ပူပူ လေး..၊ အမဲခြောက်ဖုတ်... ၊ အညာ ငရုပ်သီး ချက်.. ၊ ငရုပ်သီးချက်လေး တရှုးရှုး တရှဲရှဲ နဲ့ စားလိုက်.. ဗူးရွက်ဟင်းရေလေး မှုတ်မှုတ် သောက်လိုက်.. အမဲခြောက် ဖုတ်လေး ဝါးလိုက်.. ကောင်းတာဗျာ....။
အမယ်လေး ဗျာ.. ပြောရင်းနဲကို စားချင်လာပြီ... ချစ်ညီမ က ထမင်းစားခေါ်တယ်.. ချစ်မိတ်ဆွေ များကို သတိရသွားတာနဲ့ ထမင်း မစားခင် ပုံလေး တွေ ရိုက်ပြီးတင်ပေးလိုက်ပါတယ်..။
တကယ့် အညာ ဟင်း စစ်စစ် တွေ မဟုတ်ပေမဲ့ .. အညာမှာ စားလေ့ ရှိတဲ့ ဟင်းလေးတွေ (ဒီနေ့ ချက်တဲ့ ဟင်းလေး တွေ အာသာပြေ တင်ပေးလိုက်ပါတယ် နော် )....။
၁။ ကြက်သား..အာလူး ပါ.
၂။ ချဉ်ရေဟင်းပါ (လယ်ကဇွန်း၊ ဂေါ်ရခါးသီး၊ ဒန့်ဒလွန်သီး၊ ခရမ်းသီး အစို ကို မကျီးရည် နဲ့ ချက်ထားတာပါ)
၃။ ပဲပုတ်စို နဲ့ ငရုပ်သီး နဲ့ ကြော်
၄။ ရွှေပဲသီး နဲ့ အသဲအမြစ် ပါ ...၊ စားကြပါ.. အားမနာပါနဲ့ တဲ့ ချစ်ညီမ က..။
အခု ဟင်း တွေကတော့ ကျနော်တို့ အညာမြို့ပေါ်မှာ စားတာပေါ့ ဗျာ.. ကျနော် တို့ရဲ့ အညာ ကျေးလက် များမှာတော့ အပေါ်က ကျနော် ရေးပေးတဲ့ ငရုပ်သီးချက် နဲ့ အမဲခြောက် ဖုတ် ကတော့ တခါ တလေ လောက် စားနိုင် တာပါ..။
လေးစားစွာဖြင့်
စာရေးသူ - ရွှေစင်ဦး
.
16 comments:
ရွှေစင်ရေ ကိုကိုးအိမ် က အညာစာဆိုအရမ်းကြိုက်တာဗျ
အညာမှာချက်တဲ့ မန်ကျည်းရွက်နဲ့ ငါးနဲ့ချက်တဲ့ဟင်းလေးကို အရမ်းကြိုက်တာဗျ နာမည်စဉ်းစားလို့မရလို့ အဟီး
နောက်လည်းအညာဟင်းလေးတွေတင်ပေးပါဦး
ပြည်ပန်းညိုပင် အိမ်မှာရှိတော့ ပြည်ပန်းညို ဟင်းချိုပေါ့။ တခါတလေ ဒန့်သလွန် ဟင်းခါးနဲ့ မိုက်တယ်။
မအယ်
မန်ကျည်းရွက်နဲ့ ငါးနဲ့ဆို မန်ကျည်းရွက် ငါးပိချက်ပေါ့။ ကြိုက်တယ်။ ခက်ပြီ။ ဗိုက်ဆာလာပြီ။
မအယ်
Thankssssss......... more , pls :)!
အစ်မ ဘယ်နယ်ဘက်ကလဲ။
အညာကဆို အမျိုးစပ်ဖို့ ချောင်းနေမိတယ်။
ပဲပုတ်စိုဟင်းကတော့ မတည့်တဲ့ကြားက သိပ်ကြိုက်တာ။
Mama Shwezin,I want to vote for "Chilli Ngapi curry" and "Soya-bean fry with chilli"
yours lovingly,Watma(Jasmine)
ကျွန်တော်ကတော့ 
ပဲနှပ် နဲ့  ကန်ဇွန်းရွက်ချဉ်ရေ ဟင်း..။
အညာဟင်းဆိုရင် ကုလားပဲညွှန့်ကြော်၊ ငရုတ်သီးဆားထောင်းနဲ့ ဆိတ်သားကြော်ကြိုက်တယ်ဗျ။ မုံရွာနဲ့ စစ်ကိုင်းကြားထဲမှာ ညောင်ပင်ဝန်းဆိုတဲ့ ကားနားစခန်းတစ်ခုရှိတယ်။ အဲဒီက ပဲပင်ပေါက် (မတ်ပဲ ထင်၏)ကြော်တော်တော်ကြိုက်တယ်။ သတိရတယ်ဗျာ။
မမ...ငြုပ်သီးငါးပိချက်နဲ့ ဗူးရွက်ဟင်းချိုစားချင်လာလို့ တံတွေးတွေတောင် မျိုချသွားရတယ်...ညီမလေးက ငြုပ်သီးသရဲလေ...အမဲသားကတော့ မစားပါ...မမလေးကိုပြောပေးပါ...မန်းလေးကိုလာရင် ညီမလေးစားချင်တဲ့ ဟင်းတွေချက်ကျွေးပါနော်လို့...(ချက်ကျွေးချင်အောင် မျက်နှာငယ်လေးနဲ့ တောင်း၂ပန်၂ပြောသွားပါသည်...)
ချစ်ညီမလေး
ဂလုဂလု ဂလု တကယ်ဂလုတယ်ဗျာ
အစ်မနော် ဟင့် ကျွန်တော်လည်း အစားသောက်မက် တယ်ဗျး) မန်းလေးလာအုံးမယ် ဟိဟိ
နတ်ဗြမ္မာ ဘလော့ဂါအပေါင်းတို့ရှင်
နတ်ဆိုရင် အငွေ့သာစားကြတယ်လို့ ပြောပါတယ် အငွေ့တောင် မရှုရှိုက်ရတော့နတ်လည်းမဖြစ်နိုင်ပေါင်။ ရူပဘုံက ဗြမ္မာတွေလို့ထင်ပါတယ် ရုပ်သက်သက်သာတွေ့နေရလို့ပေါ့ရှင်
အိုဗြမ္မာအပေါင်း ဘလော့ဂါအပေါင်းတို့ လာချင်တဲ့အရပ် ကြွချင်တဲ့အရပ်ကသာ ကြွချီတော်မူကြပါ စပ်သီးလောက်တော့ တတ်နိုင်တော်မူပါရဲ့ အညာကဆင်းရဲသားလေးတွေဆိုတော့ စပ်သီးထောင်းနဲ့ကျွေးပါမယ့် ပြီးတော့မှန်ရောင်ဟင်းချို ပေါ့ ဂလောက်ဆို အမင်းမိန်လောက်ပါပြီနော့။ online ပေါ်တွင်သာ တွင်တွင်ချက်ပြီး လက်တွေ့တော့ မှန်းချက်နဲ့ နှမ်းထွက်မကိုက်မှာ စိုးရိမ်မိပါသည်။
ခင်မင်ရင်းနှီးစွာဖြင်
ချစ်နှမ seesein
မကြီးရွှေစင်က သိပ်နှိပ်စက်တယ်........း((
ငရုပ်သီးစပ်တာတွေ မစားနိုင်ပေမယ့် မေမေချက်တဲ့ ခရမ်းချဉ်သီးငါးပိချက်ဆို အနော်နည်းနည်းလောက်တော့ စားဖြစ်တယ်....း))
ဗူးညွန့်ဟင်းချိုလည်းသောက်ချင်တယ်.....။
အမဲခြောက်လည်းစားချင်တယ်......။
ပုံထဲက ကြက်သားဟင်းတစ်ခုကလွဲပြီး ကျန်တာ အကုန်လုံးလဲ ဆွဲချင်တယ်......။
ဘယ်လိုလုပ်ရမလဲမကြီး.......ပြော......ခုပြော.....း((
ခင်မင်တဲ့
ဏီလင်းညို
အမဲခြောက်ဖုတ်တော့ကြိုက်သား..
ကျန်တာတွေတော့မကြိုက်ဘူး
အမလေး အစ်မရွှေစင်ရယ်
မောမောနဲ့ အပြေးလာလိုက်တာ ဟင်းတွေလဲမြင်ရော
တံတွေးကို ဂလု ကနဲမြိုလိုက်ရပါရဲ့...
ဒီအပိုဒ်ရောက်တော့ပိုဆိုးရှင့်... ဗိုက်ထဲကတောင် အသံမြည်သွားသလိုဘဲ..
မန္တလေးလာရင် မရွှေစင်လက်ရာစားရမလား
မSeesein လက်ရာစားရမလား.. တစ်ယောက်ယောက်တော့ ကျွေးကောင်းပါရဲ့နော်
ညီမလဲ ဒီရက်ပိုင်း ဘလော့ရေးနည်းနဲ့ ကျွမ်းပစ်နေတာ အစ်မရော ခေါင်းမဖော်နိုင်လို့ ဘယ်မှမရောက်ဖြစ်တာ..
ခုမှ မရွှေစင်နဲ မ Seesein တို့ရဲ့ အညာဟင်းလေး
အ၀လွေးသွားတယ်နော်..
ဆာဆာနဲ့ အတိုးချပြီး အများကြီး စားသွားပြီ..
နောက်လဲ ချက်ကျွေးနော်...း)
ခင်တဲ့
ချော
အညာငြုတ်သီးငပိချက်လေးတော့စားချင်သား။
ဖတ်ရင်းတံတွေးအခါခါမြိုချသွားပါတယ်။
အမရေ... အမလုပ်တာနဲ့ချဉ်ရည်ဟင်းစားချင်လို့..အရွက်လိုက်ရှာတာ..မုန်ညှင်းဖြူကဈေးကြီးနေတာနဲ့ ထိုင်ဝမ်မုန်ညှင်းပဲ ချဉ်ရညိချက်ဖို့ဝယ်ခဲ့ရတယ်..စားချင်တာကတော့ ကန်စွန်းပေါ့..အဲ့ဒါကနွေမှရတယ်..။
ဒန့်စလွန်သီးလည်းစားချင်တာပဲ အရွက်လဲစားချင်တာပဲ..။
နှိပ်စက်တယ်...ဟင့်
ငရုတ်သီးငါးပိချက်တော့ အစပ်လျော့ပီးချက်စားကြည့်မှပဲ။ ငရုတ်သီးစိမ်းမရှိသေးဘူး။
အမ တခြားအညာဟင်းတွေလည်းချက်နည်းပြောဦး..စမ်းချက်ကြည့်မလို့။ အမ.. မန်ကျည်းသီးငပိချက် ချက်နည်းပြောပါ။ သူငယ်ချင်းနဲ့သင်တန်းတက်တုန်းက အတူစားခဲ့ရတာ..ဒီရောက်တော့ ချက်စားချင်ပေမဲ့သိဘူး။ အညာချက်တဲ့။
မြတ်နိုး
Post a Comment