Monday, March 8, 2010

ရွှေစင်ဦး မလည် လိုက်ရတဲ့ သင်္ကြန် တနှစ် အပိုင်း (၁)

ဒီနှစ်သင်္ကြန် အတွက် အထူးပို့စ် ရေးမယ်လို့ စိတ်ကူးထားတယ်..၊ ဘာအကြောင်းရေးရ မလဲ စိတ်ကူးတော့ ကျနော့် အဖိုး အကြောင်းဘဲ မဲကြတယ်..၊ ကျနော် တို့ မန္တလေး သားတွေက သင်္ကြန်မှာ မပျော်ဘူး၊ မလည် ဘူး ဘူးလို့ပြောရင် ရူးတယ်ထင်မှာဘဲ..၊(ကိုကြီးကျောက် အား စောင်းပြောခြင်း မဟုတ်ပါ) မန္တလေး သား စစ်စစ် တွေဆိုရင် သင်္ကြန်ဟာ တကယ်ကို ပျော်စရာ ကောင်းပါတယ်.၊ သင်္ကြန်မှာ မပျော်တဲ့ သူ မလည် တဲ့ သူခပ်ရှားရှား ထင်ပါတယ်..၊ ကျနော် ကတော့ ငယ်ငယ်က နေ တော်တော် ကြီးတဲ့ ထိ နှစ်တိုင်းလည်ပါတယ်..၊ ဒါပေမဲ့ မလည်လိုက်ရတဲ့ ထူးထူးခြားခြား သင်္ကြန် တနှစ် အကြောင်းပေါ့..။ (အဖိုး နဲ့ ပတ်သက်နေတဲ့ အတွက် အဖိုး အကြောင်းလေးတွေ ဆက်ရေး ပါမယ်)

ကျနော့် အဖိုး ဟာ အသက် ၈၀ ပြည့်ကထဲက ရန်ကုန်မှာ ဘဲ သူ့သမီးအကြီး ကျနော်တို့ ဒေါ်ကြီး နဲ့ အတူနေတော့ တယ်..၊ အဒေါ်က ဘယ်မှ ခရီးထွက်ခွင့် မပေးတော့ ပါဘူး..၊ သားသမီး တွေ မြေးတွေက သွားတွေ့ရပါတယ်..၊ အင်း ပျော်ရာမှာ မနေရ တော်ရာမှာ နေရတယ် ဆိုတာမျိုးပေါ့..၊ ကျနော် တို့ က ကျနော့် ဒေါ်ကြီး လိုမျိုး အဖိုးကိုမှ မထားနိုင်တာ..။

မန္တလေး ကို အဖိုးလာရင် အရင်ဆုံး တည်းခိုဘို့ ကျောင်းရှာရတယ်..၊ ကျနော် ငယ်ငယ်က တော့ ဘုရားကြီး အာသောကရာမ တိုက်မှာ သီတင်းသုံးတယ်..၊ အသက်ကြီး လာတော့ ကျနော်တို့ အိမ်နဲ့ ဘုရားကြီး နဲ့ က ဝေးလွန်းတော့ သွားဘို့ လာဘို့ အဆင်ပြေအောင် ကျနော်တို့ အိမ်ဘက်နား နီးနီး ဘုန်းကြီးကျောင်းတကျောင်းမှာ ခေတ္တ သီတင်းသုံးဘို့ ကျောင်းလိုက် ရှာရတယ်..၊ အဲဒီကျောင်း ကနေမှ ဘဘကြီး (အဖိုး ကို အားလုံးက ဘဘကြီး လို့ဘဲ ခေါ်ပါသည်) က လမ်းလျှောက်ပြီး အိမ်ကိုလာ ညနေမှ ပြန်ပေါ့..၊ ဆွမ်းတွေ ဘာတွေလည်း ခံမစားပါဘူး သတ်သတ်လွတ် ဆိုတော့ အိမ်က မေမေ ဘဲချက်ကြွေးတာပါ..။

မေမေက ဘဘကြီး ကိုတသက်လုံးချက်ကြွေးလာတာဆိုတော့ ဘဘကြီး ဘာတွေကြိုက်လည်း ဆိုတာ သိတယ် ...၊ ဘယာကြော် ကြော်ချက် လေးတို့ ခရမ်းသီးနှပ် ကလေး နဲ့ ပဲပြုတ်သုပ် ကလေးတို့  တို့ဟူးချက် ကလေးတို့ ပေါ့..နောက်ပြီး မှိုချက်.. ဘဘကြီး က မှိုချက် ဆိုရင်  လည်း တော်တော် ကြိုက်တယ်..၊ နောက်ပြီး မြေပဲဆန် နဲ့ ကြက်သွန်နဲ့ ငရုပ်သီးကြော်ဆိုလည်း  ကြိုက်တယ်..၊ အဲဒါမျိုး ဘဘကြီး စားကောင်းမဲ့ ဟာလေး တွေ ချက်ကြွေးရတာပေါ့..၊ နောက်ပြီး ဘဘကြီး ရွတ်ဆိုစေချင်တဲ့ ဘုရားစာ များကို ဘဘကြီး စိတ်ကျေနပ် အောင် ရွတ်ပေးကြပါတယ်..၊ ကျနော် တို့မြေး သားသမီး တစု တတ်နိုင်တာ ဒါဘဲ..၊ နောက်ပြီး ဘဘကြီးကို လာရောက် ကန်တော့ ကြတဲ့ ဆွေမျိုးများ မိတ်ဆွေများ ရဲ့ ပိုက်ဆံများ နဲ့ ဘဘကြီး ရဲ့ ကိုယ်ပိုင် ပိုက်ဆံများနဲ့ ဘဘကြီး လောင်းလှုချင်တဲ့ ကြာဇံကြော် ကိုလည်း အမြဲကြော်ပေးရပါတယ်..။

ဘဘကြီး က သူ့လာ ကန်တော့ ပြီဆိုရင် မော်မော် (မေမေ နံမည်) စာရင်းတွက် ဆိုပြီး လာကန်တော့ တဲ့ ပိုက်ဆံ ပေါ် မူတည်ပြီး ကြာဇံ ကြော်ရပါတယ်..၊ အနဲဆုံး ဒယ်ကြီး တဒယ် တော့ ကြော်ရပါတယ်..၊ မိုးဗျဲဒယ် အသေးတလုံးပေါ့..၊ မနက် ကြာဇံကြော် မယ်ဆိုရင် ညကထဲက ဟင်းသီးဟင်းရွက်တွေ အားလုံးဝိုင်းသင်ကြတယ်..၊ ကြာဇံ ရေစိမ် မနက် အတွက် အားလုံး အဆင့် သင့် လုပ်ထားပြီး မနက်ကြရင် မေမေ ကြော်တာပေါ့..၊ ပြီးတော့ အိမ်ရှေ့မှာ ကြွသမျှ ဘုန်းကြီး အားလုံးကို ကြာဇံကြော် လောင်းလှု ပါတယ်..၊ ဘဘကြီး က ပက်လက်ကုလားထိုင် ကြီးနဲ့ ထိုင်ကြည့်ရင်း ကုသိုလ် ပီတိ ပေါ့..၊ အဲဒီလိုမျိုး တလ ကို လေး ငါး ဆယ် ကြိမ် လှုပါတယ်..၊  ဆွမ်း ကတော့ အိမ်က နေ့တိုင်း လောင်းပါတယ်..။

ဘဘကြီးက မန္တလေး မှာ သားသမီး မြေးတွေနဲ့ အဲဒီလို ပျော်ပျော် ကြီး နေပေမဲ့ ကျနော် တို့ အဒေါ် ရဲ့ စိတ်ထဲမှာတော့ ဘဘကြီး ဆင်းရဲနေတယ် လို့ ယူဆတယ်.. နောက်ပြီး ဖြစ်ချင်တော့ ဘဘကြီး နောက်ဆုံး တခေါက် လာတော့ ကျနော့် ရေးတဲ့ အဖိုးအကြောင်း (၄) ထဲမှာ ပါတဲ့ ဘဘကြီးရဲ့ မျက်နှာငယ် သားမက် ကလေး အဖေ ရဲ့ ကိုယ်တိုင်ဖော် ရှမ်းဆေးတော်ကြီး နဲ့ လည်း တွေ့သွားပြီး ဆေးရုံ ရောက်သွားတာလည်း ပါသွားတာပေါ့ဗျာ..။

သူတို့ ခမည်းခမက် အဖိုးကြီး ၂ယောက်  စကားပြောရင် ရှမ်းအဖိုးကြီးက သူဒီလို နေကောင်း နေတာ ဟာ သူ ကိုယ်တိုင် ဖော်တဲ့ ရှမ်းဆေးတော်ကြီး ကြောင့် ဆိုတာ အမြဲ ကြွားလေ့ ရှိတယ်..၊ ဘဘကြီး ကတော့ အဲဒီလို ပွေပွေလီလီ တွေ မလုပ်တတ်ပေမဲ့ သူက အဲဒီအဖိုးကြီး ရဲ့ ဆေးကိုတော့ စိတ်ဝင်စား ဟန်တူတယ်..၊ အဲဒီရှမ်းဆေးကြီး ကိုသောက်ဖို့ သူ နေမကောင်း တဲ့ အချိန်ကို စောင့်နေမှာပေါ့.. တနေ့တော့ သူ ဝမ်းချုပ်တယ် လို့ ရှမ်း အဖိုးကြီးကို ပြောတော့ အဲဒီ အဖိုးကြီးက သူဖော်တဲ့ ရှမ်းဆေးတော်ကြီး တိုက်လိုက်တယ်ဗျ.. ဆေးသောက် ပြီး သိပ်မကြာပါဘူး.. ဘဘကြီး ဟာ အပေါ် မရောက် အောက် မရောက် နဲ့ နေရထိုင်ရ တအားခက်ပြီး အော်နေရပါတယ်.. အမယ်လေး..လေး ဘယ်လိုဆေးကြီးပါလိမ့်.. ဆိုးလိုက်တာ.. နေရခက်လိုက်တာ.. ရွှေစင်ဦး လာအုန်း ဆိုပြီး အနားကိုကျနော် ရောက်သွားတော့.. ဒီ ရှမ်းဆေးကြီး ကို ဘယ်တော့ မှ မသောက်နဲ့ သိလား..၊ အမလေး ဆိုးလိုက်တာ.. နေရ ခက်လိုက်တာ.. မော်မော် လာအုန်း.. ဆိုပြီး.. တခါပြောပြန်ရော..၊ အဲဒီလို တယောက်ပြီး တယောက် ခေါ် ပြောလိုက် ၊ အော် လိုက် နဲ့ လုပ်နေပါတယ်..၊ ရှမ်းအဖိုးကြီး မှာလည်း ဘဘကြီး တခါအော်လိုက်တိုင်း မျက်နှာလေးကို ငယ် ငယ် သွားလိုက်တာ.. တဖြေးဖြေး နဲ့ ဇီးရွက်လောက် ရှိတော့တယ်..။

ကျနော် တို့မှာ ရှမ်းအဖိုးကြီးကို ကြည့်ပြီး ဘဘကြီး ခံရတာထက်တောင် သနားသွားသေးတယ်..၊ နောက်တော့ ဘဘကြီး ကို ဆေးရုံ တင်လိုက်ရပါတယ်..၊ ဆေးရုံ ရောက်တော့ မှ ဘဘကြီးရဲ့ မအီမလည် ဝေဒနာကြီး ပျောက်သွားပြီး ဆေးရုံမှာ ၂ညလောက်အိပ်လိုက်ရပါတယ်..၊ အဲဒီ အချိန်ကစပြီး ကျနော့် ဒေါ်ကြီး ရဲ့ ဖေဖေ ကို မန္တလေး မှာ စိတ်မချတော့ ဘူး ၊ အသက်ကြီးပြီ ဆိုပြီး ဘဘကြီးကို အပိုင်သိမ်း လိုက်တော့ တာပါဘဲ...။

အပိုင်း (၂) ဆက်ရန်
.

13 comments:

moemoestar said...

မမရွှေစင်...
ရှမ်းဆေးတော်ကြီးကို ဘဘကြီးလည်း တော်တော်လန့် သွားမှာဘဲနော်...

အင်ကြင်းသန့် said...

ဟမ်မရေး...တော်သေးဒါပေါ့ ဘဘဂျီးရယ်...မသေကောင်း မပျောက်ကောင်း :))

ယောနက်သန် said...

မြေပဲဆံထောင်း၊ ကြက်သွန် နဲ့ ငြုပ်သီးကြော် မိုက်တယ်ဗျ။ ချဉ်ရည်ဟင်း နဲ့ဆိုပိုလိုက်သေး။ ပြောရင်းတောင် သွားရေကျလာပြီ :(

ahphyulay said...

ဘဘ ကြီး ကို အပိုင်သိမ်း လိုက်တယ် အထိ ရောက်သွားပြီ။
သင်္ကြန် အထူး ပို့ (စ) လေး လုပ်ပါအုံး..။
ခါတော်မှီလေး..။

လိုင် said...

အဖိုးအကြောင်းဖတ်ရင်း
အဖိုးကိုလွမ်းသွားသလို
ပိုစ့်ထဲက အစားအစာတွေစားချင်တယ်။

Unknown said...

Mama Shwezin,you are so lucky having a warm and lovely family.I also feel missing home and hungry at the same time,a..hie..so hungry,wanna eat your mother's curries.

မေဓာဝီ said...

မရွှေစင်ရေ .. ခရီးသွားနေလို့ ခုမှ စုဖတ်ရတယ်။
အဘိုးအကြောင်းတွေဖတ်ရင် ကျမအဘိုးကိုလဲ သတိရလိုက်တာ။ အဘိုးသာရှိရင် ခုလောက်ဆို အသက် ၁၀၀ ကျော်နေပြီ။ ကျမတို့လဲ အဘိုးကို ဘဘကြီးခေါ်ရတယ်။ ဘုန်းကြီးဝတ်တော့မှ ဦးဇင်းကြီးလို့ ခေါ်တာ။ အဘိုးလဲ ဆွမ်းခံမစားဘူး။ အိမ်ကပဲ ချက်ကြွေးတာပဲ။ အသက်အရမ်းကြီးလာတော့ ခြံထဲမှာပဲ အိမ်သပ်သပ်တလုံး ထပ်ဆောက်ပြီး ကျောင်းအဖြစ်နဲ့ သီတင်းသုံးတယ်။ ပျံတော်မူတဲ့အထိပဲ။ ကျမလဲ အားရင် အဘိုးအကြောင်း ရေးချင်ပါသေးတယ်။

မရွှေစင်ရေးထားတဲ့ မြေပဲဆန်နဲ့ ကြက်သွန်နဲ့ ငရုတ်သီးကြော်ဆိုတာ အားလုံးရောပြီးကြော်တာလား။ မြေပဲကို မညက်တညက်လေး ကြိတ်ရသေးလား။ ကြုံတုန်း အညာအစားအစာလေးတွေ တင်ပါအုံး။ ဘယ်လို ချက်ရတယ် ဆိုတာလေးတွေ။ မစားရ အညှော်ခံ လုပ်ချင်လို့ပါ။(တကယ်တော့ ညှော်တောင် မခံရပါဘူး။ မျက်စိအရသာခံပြီး သွားရည်ကျရုံကလေးပါ) :D

sosegado said...

မန္တလေး သား စစ်စစ် တွေဆိုရင် သင်္ကြန်ဟာ တကယ်ကို ပျော်စရာ ကောင်းပါတယ် မန္တလေး သား တစ်ဝတ်ဆိုရင်ကော၊်
အဖိုး နဲ့ သင်္ကြန်ကို စောင့်ဖတ်ရဦးမှာ

ညလင်းအိမ် said...

ဆက်ပါဦးဗျ...

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ ရွှေစင်..

သင်္ကြန်တော့ မရောက်သေးဘူး.. ဒါပေမယ့်.. မင်္ဂလာ သင်္ကြန် နဲ့ မင်္ဂလာ နှစ်သစ်ပါလို့ ဦးစွာ နှုတ်ခွန်းဆက်သပါတယ်...

ဒီပို့စ်လေးကို ဖတ်ရင်းနဲ့ ရှမ်းသမားတော်ကြီး ရဲ့ ဆေးအစွမ်းကြောင့် အဘိုးတစ်ယောက် မအီမလည် ဖြစ်နေတာကို ခံစားရင်း ပြုံးစိစိလဲ ဖြစ်ရပါတယ်ကွယ်..

နောက် အပိုင်းလေး ဆက်ပါဦး.. စောင့်နေမယ်..

ခင်မင်စွာဖြင့်
ကိုမျိုး

ရွှေရတုမှတ်တမ်း said...

ဖိုးအေသာဆေးမသောက်မိရင်..သင်္ကြန်လည်ရမှာပေါ့လေ....
ကဲ...အခါတော်နီးပြီမို့..မူးစေရူးစေဗျား...

Anonymous said...

မရွှေစင်ရေ
သင်္ကြန်မလည်ခဲ့ရတဲ့ ရက်တွေအတွက် စိတ်မကောင်းမဖြစ်နဲ့နော်..
ဒီနှစ် အတိုးချပြီးလည်...
မရွှေစင်မှာ အစီအစဉ်ရှိရင်
ညီမလဲ မန္တလေးဆင်းလာခဲ့မယ်..
အမူးသောက်ကြတာပေါ့နော်
ခေါင်ရည်ပုလင်းပါ ဆွဲလာမယ်... သိလား
ဟီဟိ

~ဏီလင်းညို~ said...

မကြီးရွှေစင်ရေ.....
ချောပြောသွားတာ...ကြားလား....း))
အမူးသောက်ရင် အနော့်အတွက်လည်း တစ်ခွက်လောက်ပိုကစ်လိုက်ကြပါဗျာ....အဟိ...း))
ခင်မင်တဲ့
ဏီလင်းညို