Thursday, February 11, 2010

ငယ်ဘဝများ (၁၃) နှင့် ရွှေစင်ဦး နံမည် အပြောင်းခံရခြင်း အပိုင်း (၂)

ဒစ်ရှင်နရီ ကြီးလည်း စားပွဲပေါ် ရောက်ရော book ကို လှန်စမ်း ဆိုတော့ ကျနော် လည်း ဝမ်းသာ သွားပြီး book ကတော့ စာအုပ် ဟဲ့ ဆိုပြီးတော့ စာအုပ်ကြီးကို တဖတ်ဖတ် နဲ့ လျှောက်လှန်ပါရော့၊ ဟင်း..ကျနော် သိတဲ့ မြန်မာစကားလုံးလေး  တလုံးမှ တောင် မတွေ့ဘူး..၊ ခဏနေတော့  ဖေဖေက နင်ရှာနေတာလည်း ကြာလိုက် တာ မတွေ့သေးဘူးလားတဲ့..၊ ကျနော်လည်း အဲဒီအချိန်ထိ သူဘာပြောနေမှန်းကို မသိတာ.. လှန်နေတာ ဘဲလေ ဆိုမှ သူက book နေရာ book နေရာ ဆိုပြီး အော်လိုက်တာဗျာ တော်ရုံလူ ဆိုရင် လွင့်သွား လောက်ပါရဲ့..၊ ကျနော် လည်း ပေစုတ်စုတ် နဲ့ ဖေဖေ ဘာပြောမှန်း မသိဘူး ဆိုပြီး ပြန်ပြောတာပေါ့...၊ အဲဒီကြမှ ကျနော် တကယ် ဒစ်ရှင်နရီ မသုံးတတ်ဘူး ဆိုတာ သိသွားပြီး ကျနော် တို့ ခေတ်ရဲ့ ပညာရေး အခြေအနေကို သဘော ပေါက် သွားတယ်..။
သဘောပေါက်တာ အရေးမကြီးဘူး ကျနော့်ကို ငါမကယ် သေဘွယ်သာ ရှိတော့တယ်လို့ သဘောထားပြီး သူ အင်္ဂလိပ်စာ သင်မယ်ပေါ့..။

ကျနော်ကတော့ သူသင်မယ်ဆိုကထဲက စိတ်ဓါတ်က အဝိဇိ ရောက်နေပါပြီ..၊ ဒါပေမဲ့ မရဘူးဗျ.. သိပ်တက်ကြွနေတာဆိုတော့ သင်ကိုသင်မှာဘဲ.. ဆိုပြီး အဲဒီခေတ်က work book ၂ အုပ်လောက် ဝယ်လာတယ်..၊ ညရောက်ရင် သင်တော့တာပါဘဲဗျာ...၊ ကျနော်ကလည်း စာသင်တာ စာကျက်တာဆိုရင် တီကို ဆားနဲ့ တို့တာထက်တောင် ကြောက်သေး..၊ အင်္ဂလိပ် စာလေး နဲနဲလောက် ကျက်လိုက်တယ် ဆိုတာလည်း အသစ်အဆန်း ဖြစ်နေတာရယ်..၊ အင်္ဂလိပ် ဆရာမက meaning မရရင်ရိုက်လို့ပါ..။
ဒီလိုစာသင်ခံရတာ သိပ်မုန်းတာဘဲ ဆိုတော့ ဘယ်လို ဆန့်ကျင့် တော်လှန်ရမလည်း ဆိုတာ အမြဲစဉ်းစား နေတယ်ဗျ... သိပ်မကြာပါဘူး.. ကျနော့် ရဲ့ အကဲစမ်း ပွဲကြီးက စပါပြီ.. work book ထဲမှာ A လို့ဖြေရမဲ့ နေရာဆိုရင် A ကို အကြီးကြီး ရေးပြီး ဆန္ဒ ပြတဲ့ နည်းပေါ့..၊ အစောပိုင်းက သူက မသိဘူးဗျ.. နောက်တော့ ကျနော့် A ကြီးက ကြီးလာလိုက်တာ စာမျက်နှာ အပြည့် ကိုဖြစ်လာပါရော.. အဲဒီအချိန်ကြမှ ဖေဖေ က သိသွားတယ်..၊ ကျနော့် ကို လည်း တအား ဒေါသဖြစ်ပြီး.. နင် အဲဒီလောက် စာမသင်ချင်ရင် အိမ်မှာ မနေနဲ့ ဆိုပြီး အပြင်ကို နှင်လွှတ်တယ်..၊ ကျနော်လည်း စာမသင်ရဘဲ အိမ်ပြင်ထွက်ရ နည်း လားဆိုပြီး.. ဈေးတွေ ဘာတွေဆစ် မနေပါဘူး.. မြန်မြန်လေးကို ပြေးထွက်လိုက်တယ်..။

မှတ်မှတ်ရရ မိုးကတော်တော် ချုပ်နေပြီ ဆိုတော့ ကစားဘက် အဖော်တွေ မရှိတော့ဘူး..၊ကျနော်လည်း ဟိုကြည့် ဒီကြည့် လုပ်ရင်း လူအဖော်မရှိတော့ ဘာဖြစ်လည်း ဆိုပြီး အိမ်ရှေ့ အိပ်နေတဲ့ ခွေးအဖော် တကောင်ကို ရန်စပြီး ရှေ့ကပြေး.. ခွေးက နောက်က လိုက်..၊ နောက်တခါ.. ခွေးကမှီလာရင်..ပြန်လှည့်ပြီး ခွေးနောက်ကလိုက်...၊ ခွေးနဲ့ လူနဲ့ စိန်ပြေးလိုက်တန်း ကစားနေလိုက်တယ်..။

ခဏနေတော့ မေမေက ရှေ့ထွက်လာပြီး အထဲပြန်ခေါ်တယ်..၊ အထဲရောက်လို့ ရေလေးဘာလေး သောက်ပြီး အမောဖြေနေတုန်းရှိသေးဗျ.. ကျနော့်အဖေရဲ့ ကြေညာချက်က ထွက်လာပါတယ်..၊ 'ဟေ့ ရွှေစင်ဦး တဲ့ ငါ တသက်လုံး နင့်ကိုစာမသင်တော့ဘူးတဲ့ ' ကျနော် လည်းဝမ်းသာသွားတယ်.. တသက်လုံးတဲ့ ပျော်စရာကြီးပေါ့.. ပြီးတော့ ဆက်ပြောသေးတယ်..' ငါ့ရှေ့ မှာ လည်း ဘယ်တော့ မှ နင့် ရဲ့ ကို့ယိုးကားယား အင်္ဂလိပ်စာ ကိုလာမကျက်နဲ့ တဲ့...' ... ကျနော် လည်း စိတ်ချပေါ့..သူက တသက် ဆိုတော့ ကျနော်က ဆယ်သက် ပေါ့ (စိတ်ထဲက..စိတ်ထဲက) ..အဲဒီလိုနဲ့ ကျနော့် နဲ့ ဖေဖေ ရဲ့ အင်္ဂလိပ်စာ အထူ သင်တန်းကြီး ဟာ အောင်မြင်စွာ ပွဲသိမ်းသွားပါတယ်..။

နဂိုကထဲက သိပ်ကျက်ချင်လှတယ် မဟုတ်တဲ့ ကျနော်ဟာ အင်္ဂလိပ်စာကို အိမ်မှာ ယောင်လို့တောင် မှ မကျက်မိတော့ပါဘူး.. ကျောင်းမှာရော ဆိုတော့ ပိုဝေးပေါ့... ၊ ဒီလိုနဲ့  ကျနော်ဟာ အင်္ဂလိပ်စာ ကို တသက်လုံး  ထူးချွန်လာပါတယ်..။

ဒါနဲ့ ဘယ်နားတောင် ရောက်သွားပါလိမ့် သြ ရီပို့ကဒ် လေးကို ကြည့်ပြီး ငိုင်တိုင်တိုင် လုပ်နေတယ်..အင်း ကိုယ့် နောက် ဘယ်နှစ်ယောက် ရှိသေး လည်း ဆိုတာ စိတ်တွက် တွက်ပြီး... စိတ်ဓါတ်ကျကျ နဲ့ ငိုင်နေတုန်း ရှိသေးတယ်.. အလိုက်ကန်းဆိုးမသိတဲ့ ကျနော့် သူငယ်ချင်း (Bot: ပါမောက္ခဟောင်း ဒေါက်တာ သန်းထွန်းရဲ့ သား အငယ်ကောင်ဗျ) ကလာပြီး ဟေ့ ရွှေစင်ဦး ဒီမှာ ကြည့်စမ်း ဆိုပြီး သူ့ ရီပို့ကဒ်လေး လာပြတယ်..၊ ကျနော်လည်း ဖတ်ဆို ဆွဲယူပြီး ကြည့် လိုက်တော့ သူက ဒီမှာ ကြည့်စမ်း အဆင့် ၁ အီဖေကိုကြီးက အဆင့် ၁..၊ ပြီးတော့ က ကြီးကွတဲ့..၊ ကျနော် လည်း သူ့ ရဲ့ အဆင့် ၁ ၊ ကကြီး ကြီးကို တော်တော် အမြင်ကပ်သွားပြီး ၁ အုန်းဟယ်၊ ကကြီး အုန်းဟယ် ဆိုပြီး ခြေမြန်လက်မြန်နဲ့ ရီပို့ကဒ်လေးကို ဗျတ်..ဗျတ် နဲ့ လေးခေါက်ချိုးပြီး ဖတ်ဆို သူ့ကို ပစ်ပေးလိုက်တယ်..။

သူက ရီပို့ကဒ်လေး ကို အတော်တန်ဘိုးထားပြီး ခေါက်ရိုး မကျိုးအောင် ထားတာ ဆိုတော့ အတော် ဒေါသဖြစ်သွား တယ်ထင်တယ်..၊ ကျနော့် ကို အတန်းရှေ့ထွက်ပြီး စိမ် ခေါ်တယ်ဗျ.. အဲဒါ ထမင်းစားချိန်မှာ ဖြစ်နေတာနော်..၊ ကျနော်လည်း တကယ်စိမ်ခေါ်တော့ လန့်သွားတယ်..၊ ပြောရရင် ကျနော်က အတန်း ထဲမှာ အငယ်ဆုံး ဆိုတာထက် အညှက်ဆုံး အပုဆုံးဆိုတော့ အင်အားက မရှိဘူးဗျ.. လုံးသတ်ရင်တော့ ရှုံးမှာ သေချာပေါက်ဘဲ.. ဒီလို အကြံခက်နေတုန်းမှာဘဲ ကျနော် သူငယ်ချင်း ကယ်တင်ရှင်ပေါ်လာတယ်.. ။

အညို တဲ့ သူက သူ့အဖေက ဂျူဒိုသင်တဲ့ ဆရာဆိုတော့ သူကလည်း တတ်တယ်ဗျ.. အရပ်ကလည်း ပုပြတ်ပြတ်လေး နဲ့ အတော်သန်မာတယ်..၊ သူက နဂိုကလည်း အဲဒီ ကောင်လေး ကို အမြင်ကတ် နေ (ပထမ ရတာနဲ့လည်း သက်ဆိုင်တယ်ထင်တယ်...ပထမ ရသူများ..သတိထားကြနော်) ကျနော် ကိုလည်း စိမ်ခေါ်တယ် ဆိုတော့..တော်တော် မုန်းသွားတယ်ထင်တယ်..၊ ဟေ့ ရွှေစင်ဦး နဲ့ မသတ်နဲ့ ငါနဲ့ သတ်မယ် ဆိုပြီး အတန်းရှေ့ထွက်လာပါရော.. အဲဒီမှာ ဟိုကောင်လေး လည်း လန့်သွားပြီး မသတ်လည်း မဖြစ်တော့ အတန်းရှေ့မှာ လုံးကြတော့ တာဘဲဗျာ..၊ နောက် မှ အားလုံးဝိုင်းဆွဲ ကြမှ ပွဲက ပြီးသွားတယ်..။

ကျနော်က သူတို့ ရန်ပွဲ ကို စိတ်မဝင်စားနိုင်ဘူး ဟိုကောင်လေး ပြောတဲ့ တစ် ရော ကကြီးရော ဆိုတာကိုဘဲ စိတ်စွဲ နေတယ်..၊ တစ်ကတော့ အဆင့် တစ် ပေါ့.. ကကြီးက ဘာပါလိမ့်ပေါ့.. အဲဒါနဲ့ ရီပို့ကဒ် ကို ဖင်ပြန်ခေါင်းပြန်ကြည့်မိတယ်..၊ အဲဒီကြမှ ရီပို့ကဒ် အောက်ခြေမှာ ရှိတဲ့ ဆရာမ မှတ်ချက်ပေးရတဲ့ နေရာလေးကို သွားတွေ့တယ်..၊ အကျင့်စာရိတ္တ ဆို က..၊ ခ...၊ ဂ ပေါ့..၊ ကျောင်းခေါ်ချိန် ဆို က..၊ ခ...၊ ဂ...ပေါ့...၊ နောက်ပြီး အများအကျိုးဆောင်ရွက်မှု့ က..၊ ခ..၊ ဂ..၊ ပေါ့ ။

အဲဒါကို ကျနော်စိတ်ထဲမှာ ဆရာမ က မှတ်ချက်ပေးရတယ် ဆိုတာ မသိဘူး..၊ ကျနော့် ရီပို့ကဒ် မှာလည်း ဆရာမ က မေ့တာလား မပေးသေးတာလား မသိဘူး အဲဒီနေရာတွေမှာ ဘာမှ ခြစ်မထားဘူး..၊ အဲဒီမှာ ကျနော် က ကျနော်လည်း က ရနိုင်တဲ့ အခြေအနေကို သိသွားပြီး အဲဒီနေရာ တွေ အားလုံးကို က ကြီး ပေးပြစ် လိုက်တယ်..၊  ဘယ်လောက်ဘဲ မှင်နီရဲ လို့ တစ်မရလည်း ကကြီး တော့ ရသွားပြီ ဆိုပြီး ကိုယ့်ဘာသာ ကိုယ် ဂုဏ်ယူနေတယ်..၊ ငါလည်း ကကြီး ရပြီဆိုပြီးပေါ့..။

နောက်နေ့ ဆရာမကို ရီပို့ကဒ် အပ်ရတဲ့ အချိန်လည်း ရောက်ရော ဆရာမ က တခုခြင်းစစ်ကြည့်တော့ ကျနော့်ရဲ့ ကကြီး ၃ လုံးတန်းကို တွေ့သွားပြီး ကျနော့် နံမည် ကိုလည်း အဲဒီအချိန်က စပြီး ရွှေစင် ကကြီး ဆိုပြီး ဆရာမ က ခေါ်တော့တာပါဘဲဗျာ...။

ပြောချင်တာကတော့ ကျနော် တို့ တိုင်းပြည်မှာ ကျနော် ကလေးတုန်း ကလို ကိုယ်ကိုကိုယ့် ကကြီးပေးမဲ့ သူတွေ အတော်များနေသေးတဲ့ အတွက် မြန်မာ ကကြီး ဆိုပြီး နံမည်ပြောင်း ပေးရကောင်း မလား လို့ပါဗျာ...။

စာရေးသူ- ရွှေစင် ကကြီး
.

8 comments:

moemoestar said...

ဒေါ်ရွှေစင်ကကြီးရေ...
စာဖတ်ပြီး ပြုံးမိသွားတယ်...

မောင်မိုး said...

တော်တော်ဆိုးတဲ့ ကလေးမပဲ..ညစ်စုတ်စုတ်နဲ့။

Anonymous said...


ama,ရွှေစင် ကကြီး...


:))
:))
:))

very good ending.
i miss my dad.my dad also teacher.but he taught Maths. My Maths teacher is my dad.

I think your dad cannot teach to you. :))
that is the worst in teacher's family. hee hee.

momiji

htwemamaaung@gmail.com said...

Good evening

Shwe Zin Ka Gyi,

I could imagine the realistic feature from your article.

You should also change the name of many other things.

:):):):):)

Ray

အင်ကြင်းသန့် said...

ကဲကဲ...ဒေါ်ရွှေစင်ကကြီးရေ...ရေးလေ ရေးလေ ညစ်တာတွေက ပေါ်လာလေနော်...အဟဲ...ထပ်ရေးဦး နည်းယူချင်လို့...ဟီးဟီးးးးးးးးးးးး

ချစ်ညီမလေး

ရွှေရတုမှတ်တမ်း said...

တော်ရှာပါတယ်အေရယ့်..တော်ရှာပါတယ်..
ဒေါက်တာသန်းထွန်းက bot ကထင်တယ်၊ ဒို့တုန်းက zoo ကဒေါက်တာ ဒယ်လ်ဖင်၊ ဒေါက်တာသန်းထွန်းကတော်က Eng ပါမောက္ခ အဖြူဆရာမကြီးမဟုတ်လား

shwezinu said...

ဟုတ်တယ်ဗျ ကိုကြီးကျောက် ကျနော် မှားရေးလိုက်တာ

ကျေးဇူး
ရွှေစင်

~ဏီလင်းညို~ said...

မရွှေဇင်ရယ်...
ဝုတ်ဝုတ်ကြီးတွေနဲ့များ...ရန်စ,ပြီးလိုက်တမ်းပြေးတမ်းကစားရတယ်လို့ဗျာ....တစ်ကယ်ပဲ....ဟီးဟီး....
ခင်မင်တဲ့
ဏီလင်းညို