Saturday, January 23, 2010
ကျနော် ငယ်ငယ်က မန္တလေး သင်္ကြန် (၃)
အပိုင်း (၁) က သင်္ကြန် အကတိုက် တာလေး ကို ပြန်ဆက်လိုက်ရအောင်နော်.......
သင်္ကြန် အတွက် အက တိုက်တဲ့ အချိန်က စပြီး မင်းသမီး တွေက သေချာ လာသင်ပေးတယ်ဗျ..၊ ဟို ကောင်မလေး ခါးမပါဘူး သေချာကြည့်စမ်း ငါ က ပြမယ် ဆိုပြီး ရှေ့ကနေ ခါးလေး ကို နွဲ့နေအောင် ကပြတာ..၊ ဟေ့ ဟိုတယောက် က ရင် မျက်နှာသေကြီး နဲ့ မနေနဲ့ ခေါင်းလေး ကို ဒီလို ဆတ်လိုက် နှုတ်ခမ်းလေး ကလည်း ပြုံးပြုံးလေး ထား ...ဒါမျိုးတွေ ပေါ့ဗျာ..သူတို့ ရှေ့ကသင်သမျှ ဘေးက လူကလည်း မြင်နေကြားနေတော့ အမြင်နဲ့တော့ တတ်တော့တာပေါ့ (..ကတဲ့ အခါကြမှ. ချိုမိုင်မိုင်ဗျ.. ကျနော် ကိုယ် ကျနော် ပြောတာပါဗျာ..) မတော်လို့ ဘလော့ မိတ်ဆွေများနဲ့ တွေ့ရင် က ခိုင်းနေမှာ စိုးလို့ ကြိုတင် ကာကွယ်ခြင်းပါ....။
နောက်ပြီး ခင်ဗျား တို့ သိတဲ့ သင်္ကြန်မိုး ရုပ်ရုင် အကြောင်းနဲ့ ပတ်သက်လို့ ကြုံတုန်း နဲနဲလောက် ပြောချင်ပါတယ်..၊ အခုခေတ် သင်္ကြန် သီချင်းတွေ ကြားရင် အရင်တုန်းက သီချင်းတွေ နဲ့  သင်္ကြန်မိုး ထဲက သီချင်းတွေဘဲ ကြားနေရလို့ ဒို့ ငယ်ငယ်က ဘာသီချင်းတွေ များ ဆို ခဲ့ ကြလည်း ဆိုတာ ပြန်စဉ်းစား မိ လို့ပါ.. အခု သီချင်းတွေပါဘဲ..သင်္ကြန်မိုးထဲက သီချင်းတွေတော့ မပါသေးဘူးပေါ့ဗျာ..ဒါပေမဲ့ ခုဏ ကျနော် ပြောထား သလို ကိုယ်မဏ္ဍပ်မှာ ကိုယ်ပိုင်သီချင်း တွေ နဲ့ ဆိုတော့ ဒီခေတ်လိုမျိုး သီချင်းမရှားပါဘူး..ထပ်ခါ တလဲလဲ..ဒီသီချင်းကြီး မဟုတ်ပါဘူး...။
နောက်ပြီး သင်္ကြန်မိုး သီချင်းတွေဟာ ခုထိဘာလို့ မတိမ်ကောလည်း ဆရာမြိုမငြိမ်း တို့လို့ ဆရာကြီးတွေ ရဲ့ သီချင်းတွေဟာ ဘာကြောင့် အခုအချိန်ထိ ရှင်သန်နေလည်း ဆိုတာလည်း တချက်လောက် ပြောချင် ပါတယ်..။
ကျနော် တခြား အနုပညာရှင် ကြီးတွေကိုတော့ စာသိ နဲ့ သိပေမဲ့ လူတွေ့တော့ မသိလိုက်ပါဘူး..အဲဒီ အတွက် ကျနော် သိပ်မသိဘူးလို့ဘဲပြောပရစေ..၊ ဒါပေမဲ့ သင်္ကြန်မိုး သီချင်းကို စပ်ခဲ့ တဲ့ တေးရေး ကိုမောင်မောင် ကို တော့ ကျနော် သိဘူးပါတယ်..၊ ကိုမောင်မောင် က ကျနော်တို့ အိမ်နဲ့ မျက်နှာချင်းဆိုင် အိမ်လေးမှာ ၂ နှစ် ၃ နှစ် လောက် လာ ငှား နေဘူးသွားတဲ့ အတွက်ပါ..၊ နောက်ပြီး သင်္ကြန်မိုး ရုပ်ရှင် ထုတ်လုပ် တဲ့ မန္တလေး ရီမြင့် ရုပ်ရုင်ဖြန့်ချီရေးက ကိုဇော်မြင့် နဲ့ လည်း ကျနော့် ဦးလေး ဟာ ရင်းနှီး တဲ့ အတွက် သင်္ကြန်မိုးထဲက ရုပ်ရှင်သီချင်းတွေရဲ့ ရာဇဝင် ကို နဲနဲလေး သိတဲ့ အတွက် ပြောပြချင်ပါတယ်..။
ကိုဇော်မြင့် က မန္တလေးသင်္ကြန် နဲ့ ပတ်သက်တဲ့ သင်္ကြန်မိုး ဇာတ်ကား ကို စ ရိုက်မယ် လို့ စိတ်ကူးပြီး ဇာတ်လမ်း ကြောရိုး စ ချပြီး ကထဲက ကိုမောင်မောင် ကို သင်္ကြန်မိုး အတွက် သီချင်း တွေကို အရင် ရေးခိုင်းခဲ့ပါတယ်တဲ့ (ကိုမောင်မောင် နဲ့ ကိုဇော်မြင့် ကလည်း ညီအကို ဝမ်းကွဲတော်တယ် ထင်ပါတယ် ) ၊ အဲဒီ သီချင်း တွေကို အပ်ထားတဲ့ အချိန်က စပြီး ၅ နှစ်လောက် နေမှ ကိုမောင်မောင်က သီချင်းတွေ ကိုဇော်မြင့် လက်ကို အပ်ပါ သတဲ့.. အဲဒီ သီချင်းတွေ ရမှဘဲ ကိုဇော်မြင့် က သင်္ကြန်မိုး ရုပ်ရုင်ကြီးကို စရိုက်ခဲ့ပါတယ်..၊ နောက်ပြီး ဇာတ်လမ်း ကြောရိုးကလည်း တကယ် ရှိခဲ့ဘူးတဲ့ မန္တလေး ကဖြစ်ရပ်မှန်လို့ ပြောကြပါတယ်..။
အနုပညာ ကို တန်ဘိုးထားပြီး အစစ အရာရာကို ပြင်ဆင်အချိန်ယူပြီး  ရိုက်ခဲ့တဲ့ ဒီသင်္ကြန်မိုး ရုပ်ရှင် ကားကြီး အခု အချိန်ထိ ရှင်သန်နေတာ  ဟာ မထူးဆန်းဘူးလို့ ထင်မိပါတယ်..၊ ဘယ်အရာမဆို တန်ဘိုး ရှိအောင် လုပ်ကိုင်ခဲ့ မှ တန်ဘိုးထားတာကို ခံကြရမှာပါ..။
ကဲ ငယ်ငယ်က သင်္ကြန်လေး ပြန်စရရင်.သီချင်းတွေ အက တွေ ညက်ညက်ကျေနေ တဲ့ အချိန်မှာ အားလုံး မျှော်လင့် နေတဲ့ သင်္ကြန်ပွဲတော် ကြီးဟာ ရောက်ပါပြီ ခင်ဗျား..။
မနက်ခင်း ၈ နာရီလောက် ကစပြီးတော့ ရေပက်ကြပါတယ်..၊ တချို့ မဏ္ဍပ်တွေ ဟာ အကမဏ္ဍပ် တွေနဲ့ ရေပက်ခံ မဏ္ဍပ်တွေ တွဲထားပါတယ်..၊ ညမှာ လည်း ကတယ် မနက်မှာလည်း ရေပက်ရင်း ကကြပါတယ်..၊ အဲဒီခေတ်က ရေပက်ကြတာလည်း အခုခေတ်လို မီးသတ်ပိုက် တွေ ရေပိုက် တွေနဲ့ ပက်တာ မဟုတ်တော့ ရေပက် ရတာလည်း ပျော်စရာကောင်းသလို ရေပက်ခံရတာလည်း ပျော်စရာကောင်းပါတယ်..။
နောက်ပြီး ရေပက်ခံ မဏ္ဍပ်တွေကလည်း တခုနဲ့တခု ဆက်နေတာ ဆိုတော့ ရေက တောက်လျှောက်စို နေတဲ့ အတွက် မအေးတော့ ဘူးပေါ့ဗျာ..၊ ရေပက်တာလည်း ဖလား လေးတွေနဲ့ ဆိုတော့ မကြမ်းတမ်း ဘဲနဲ့ ပျော်စရာကောင်းပါတယ်..။
အခုခေတ် သင်္ကြန် အကြောင်း နဲ့ ဆက်နေလို့ ပြောရရင် ကျနော် ဟာ သင်္ကြန်ပွဲ တွေကို တော်တော် နဲ့ စိတ်မကုန် ပါဘူး မန္တလေး သူ စစ်စစ် ကိုးဗျ..၊ လွန်ခဲ့တဲ့ ၄-၅ နှစ်ထိ ရေပက်ခံ ထွက်သေး တယ်ဗျ..၊ ရေပက်မဏ္ဍပ် (ကြော်ငြာ မဏ္ဍပ်) တွေဟာ ကျုံးဘေးတလျှောက်မှာ နာမည်ကြီး တီးဝိုင်း တွေနဲ့ တွဲလေ့ ရှိတယ်..၊ ရေပက်ခံ ကားတွေကလည်း ကျုံးဘေးသွားမှ ရေစို မှာဆိုတော့ ကျုံးဘေး မှာ ကားတွေဟာ ရေပက်ခံ မဏ္ဍပ် တခု ကိုဝင်ဘို့ တန်းစီစောင့် နေရတာ အကြာကြီးပါ.....၊ နောက်ပြီး ရေပက်ကြတာလည်း နှမခြင်း မစာနာ သေချာကို နာအောင် ကြင်အောင် ချိန်ရွယ်ပြီးမှ ကို ရေပိုက်နဲ့ ထိုးပြီးမှ ပက်ကြတာပါ..၊ ဇစ်တတ်တဲ့ စကပ်တို့ အင်ကျီ တို့ ဆိုရင်  ဇစ်ပြုတ်အောင် ရေပိုက်နဲ့  သေချာချိန်ပြီး မှ လုပ်တာပါ..၊ မကြီး မငယ် နဲ့ သင်္ကြန် လွမ်းနာကြပြီး ရေပက်ခံ ထွက်မိတဲ့ ကျနော် မှာ ရေစိုကြီးနဲ့ ချမ်းတုံ လာလို့ အပြင် ပြန်ထွက်လည်း မရ တော့ ဒုက္ခတွေ ရောက်ပြီး အချမ်းပြေ ဆေးလေးတောင် သောက်လိုက် ရပါ သေးတယ်.. အားလုံး မနာလိုမရှိကြပါနဲ့ဗျာ...။
ကားတွေက ဝင်ပြီးရင် ပြန်ထွက်ဘို့ ခက်သွားပါပြီ..၊ ရေ ဆိုတာ တောက်လျှောက်စိုနေရင် လည်း မချမ်းပါဘူး..၊ အခုတော့ သင်္ကြန်မှာ ရေပက်ခံရဘို့ တန်းစီစောင့်..၊ ကားတန်းရင်း နဲ့ မူးရူးပြီးတော့ အော်ချင်ရာအော် ပြောချင်ရာပြောတာ တွေကို ကြည့်နေ ရတာ ဘာမှ အဓိပ္ပါယ် မရှိတော့ပါဘူး..၊  ရေကလည်း စိုလိုက် ချောက်လိုက် နဲ့ ဆိုတော့ တအား ချမ်းတော့ တာပေါ့..၊ ကျနော်ဖြင့် အခုခေတ် သင်္ကြန် ပွဲတွေကို ကြည့်ပြီး မန္တလေး သင်္ကြန် ကို လာလည်ကြတဲ့ မိတ်ဆွေများကိုတောင် ရှက်မိ ပါတယ်..။
ကျနော်တို့ ကလေး တုန်းကတော့ ဘယ်နေရာကိုဘဲ သွားသွား ရေပက်တဲ့ မဏ္ဍပ်တွေ ရှိပါတယ်..၊ ရေပက် တဲ့ အခါလည်း မဏ္ဍပ်က အမြင့်မဟုတ်ဘဲ အောက်မှာဘဲ ရေစည်ပိုင်းတွေ ချ ဖလားတွေနဲ့ ပက်တာဆိုတော့ ကားတစီး ရပ်လိုက်ပြီဆိုရင် အောက်ကနေအားရအောင် ပက်ကြပါတယ်..၊ ပြီးရင် တခါ ကားပေါ်က ခပ်ကဲကဲ ယောက်ကျားလေး တွေပါရင် ကားပြန်မထွက်ခင်မှာ သူတို့ မျက်စိကြတဲ့ မိန်းခလေး စီကို သွားပြီးတော့ ဖလားလေး တောင်းပြီး ယဉ်ယဉ်ကျေးကျေး ခွင့်ပန်ပြီး ရေပြန်လောင်းခဲ့ကြပါသေးတယ်..၊ ကားပေါ်ကလည်း အဲဒီလို ရေလောင်းရဲတဲ့ သူရဲကောင်း ကို ဝိုင်းသြဘာပေးလို့ ပေါ့ဗျာ.. ပျော်စရာကောင်း ပါတယ်..၊ ရေပက်တဲ့ မဏ္ဍပ် တွေကလည်း နေရာတိုင်း မှာ ရှိနေပါတယ်..။
မနက်ခင်း အားရအောင် ရေပက်ခံ ပြီး ရင် နေခင်းပိုင်း မှာ ဦးပိန် တံတား ..၊ မန္တလေးတောင်၊ ရန်ကင်း တောင် တို့လို အရိပ်ကောင်းတဲ့ နေရာတွေမှာ ကားထိုးပြီး နားလို့ရပါတယ်..၊ မန္တလေး တက္ကသိုလ် ထဲက ကြိုက်တဲ့ နေရာ သွားပြီးလည်း နားလို့ ရပါသေးတယ်..စားသောက်ပြီး တရေးတမောအိပ်..ညနေ ၃နာရီလောက် မှာ တကြိမ် ရေပက်ခံထွက်ကြပြန်တယ်..၊ အဲဒါလည်း ၅နာရီခွဲ ၆နာရီ လောက်ထိပါဘဲ..၊ ပြီးရင် အားလုံး ဟာ အိမ်ပြန် နားကြတော့တာပါဘဲ..။
ကျနော်တို့ ဒီဘက်ခေတ် ရောက်တဲ့ အထိ မန္တလေး ဟာ ညမှာ ဘယ်တော့ မှ ရေမပက်ပါဘူး..၊ကျနော် တို့ စီမှာ ရေပက်တာ နဲ့ ထပ်တူ ပျော်စရာ ကောင်းတဲ့ ညပိုင်း အက တွေက လာတော့မှာ ဆိုတော့ အဲဒီ ပွဲတော်ကြီးမှာ ဘယ်သူက အလှပျက် ခံချင်မှာလည်း အခုတော့ .....ရေပက်တာ တခု ဘဲ သင်္ကြန် လို့ မှတ်ထားတာနဲ့ တူပါတယ်..ညဘက် မှာ ခံစားရတဲ့ အက အလှ တွေက သာမန်လူ တွေနဲ့ မသက်ဆိုင်တော့ သလို ဖြစ်သွားတာလည်း ပါတာပေါ့ ဗျာ အကြောင်း အမျိုးမျိုးပေါ့...။
အဲဒီလို က ကြတဲ့ အချိန်မှာတော့ ကျနော် တို့က မဏ္ဍပ် တခုပြီးတခု ပြောင်းကြည့်ပါတယ်..၊ အဝေးကြီး တော့ မဟုတ်ဘူး အနီးတဝိုက်ပေါ့ လမ်းလျှောက်သွားကြတာပါ.၊ က တာတွေကိုလည်း သေချာ ကြည့်သလို ဝေဖန် အကဲခတ်တာ လည်း လုပ်ရသေးတာ. ၊ ဟို မဏ္ဍပ်က ဝတ်စုံတွေကဖြင့် မလှ လိုက်တာ အကလေး တော့ ကောင်းပါရဲ့ ရုပ်တွေက မချောဘူး..ငါ့ သူငယ်ချင်းတွေ နဲ့ ဖြင့် တခြားစီဘဲတို့ ငါ့ တို့ အရပ်က အပျိုတွေ  နဲ့ ဖြင့် ယှဉ်လို့တောင် မရဘူးတို့ ဆိုတဲ့ ဘက်လိုက် ဝါဒ ကို အပြည့်အဝ ကျင့်သုံးပြီး အားရအောင် ကြည့် ပြီးမှ ကိုယ် အရပ် မဏ္ဍပ် ကိုယ် ပြန်လာတယ်.. ။
ဘယ်မှ မသွားနိုင်ဘဲ ကပြ အသုံးတော်ခံနေတဲ့ သူငယ်ချင်းတွေ ကို သူများ မဏ္ဍပ်တွေ အကြောင်း ပြောလိုက် မင်းသမီး လေးတွေလို လှနေတဲ့ သူတို့လိုတာလေး တွေ ဟိုဟာလုပ်ပေး ဒီဟာလုပ်ပေး လိုက် နဲ့ အနားတောင် မနေရပါဘူး..၊ အဲဒီလို မဏ္ဍပ်ပေါ် ထိုင်ပြီး ပြီ ဆိုရင်တော့ ... လာသမျှ အလှပြကားတွေ ၊ မဏ္ဍပ် လာကြည့်သမျှ ကားတွေ နဲ့ ကိုယ့် မဏ္ဍပ်က အကအလှတွေကို တောက်လျှောက် ထိုင်ကြည့် ပါတယ်..၊  တညလုံးနီးပါး ကကြ ပါတယ်.. နောက်ဆုံးနေ့ဆိုရင် မိုးလင်းထိပါဘဲ..။
အလှပြကားတွေ ထဲ မှာ ခင်ဗျားတို့ မျှော်လင့် နေတဲ့ မြို့မ အသင်းကားကြီးလည်း ပါ ပါတယ်ဗျာ.. ကျနော် တို့ မဏ္ဍပ်ဘက် ကိုတော့ အမြဲတန်း မိုးချုပ်မှ ရောက်လေ့ရှိပါတယ်..၊ ငန်းအကြီး ကြီး နဲ့ မီးတွေ တထိန်ထိန် နဲ့ မြို့မ သီချင်းတွေ ဆိုလို့ .. အဲဒီ အချိန်မှာ အားလုံး က တာတွေ ရပ်ထားပြီး အဲဒီ မြို့မ အလှပြ ကားကြီး က ဖျော်ဖြေတာကို နားထောင်ကြပါတယ်.. ပြီးရင် ကိုယ့် မဏ္ဍပ်က ကိုယ်ပိုင် သီချင်း နဲ့ တလှည့် ကပြ ဖြေဖျော် ပါတယ်..ပြီးသွားပြီဆိုတော့မှ...မြို့မ အသင်း ကြီးအတွက် ဆုတောင်း တာကို ၃ကြိမ်၃ခါ  သံပြိုင်ရွတ်ပေးရပါတယ်.....မြို့မ အသင်းကြီးကလည်း သက်ဆိုင်တဲ့ အကမဏ္ဍပ် နံမည် ကို တတ်ပြီး ၃ကြိမ် ဆုတောင်း ပေးရင်းနဲ့ ကားကြီးထွက်သွားပါတယ်..။
(မြို့မ အလှပြယဉ်ကြီး မှ အသင်းသူ/သား များ ကျမ်းမာပါစေ.ချမ်းသာပါစေ) ၃ ခါ
(လှ ဆန်း ယဉ် အမျိုးသမီး ရေသဘင် အဖွဲ့ကြီး ကျမ်းမာပါစေ ချမ်းသာပါစေ) ၃ ခါ
အခု ကျနော် ရေးခဲ့တာတွေဟာ ကျနော် ကျင်လည် ခဲ့ တဲ့ အသိုင်းအဝိုင်း သေးသေးလေး ထဲက မှ အနည်းငယ် သော ကျနော် ငယ်ငယ်က သိခဲ့တဲ့ မန္တလေး သင်္ကြန်လေး အကြောင်းပါ..
ကျနော် သိတဲ့ အသိတွေထက် အများကြီး ပိုရှိ တဲ့ ကျနော်တို့ မန္တလေး က နံမည်ကြီး မဏ္ဍပ် တွေကို ဖော်ပြမထား နိုင်ပါဘူး..နောက်ပြီး မြို့မ အသင်း ကြီး ကဲ့သို့ နံမည်ကြီး ခဲ့တဲ့ အခြား အလှပြ အသင်း ကြီးများ နဲ့ ရာဇဝင် တွင်အောင် ကောင်းခဲ့တဲ့ သံချပ် အသင်း ကြီး များ အကြောင်း ကိုလည်း ဖော်ပြ မထား နိုင်ပါဘူး.. ၊  နောက်ပြီး အကမဏ္ဍပ် တွေမှာ လာသမျှ လူအားလုံး ကို ရေပက်ရင်းနဲ့ ကျွေးမွေး ဧည့်ခံလေ့ ရှိတဲ့ ဓလေ့ထုံးစံ တွေ အကြောင်းလည်း မပြောနိုင်ခဲ့ဘူး..၊ ကျနော် ရေးတာတွေ ထက် အဆပေါင်းများစွာ ရေးစရာ နဲ့ ပျော်စရာ တွေ မန္တလေး သင်္ကြန်မှာ ရှိ ခဲ့ဘူးပါတယ်..၊ ပြည့်စုံအောင် မဖော်ပြနိုင်ခဲ့တဲ့ ကျနော့်ရဲ့ အနုပညာ အားနဲမှု့ ကိုလည်း ခွင့်လွှတ်ကြပါလို့ တောင်းပန်ပါတယ်..။
ကျနော် ရေးခဲ့တဲ့ အနည်းငယ် သော ငယ်ငယ်က မန္တလေး သင်္ကြန်လေး ကို လာရောက် အားပေး ဖတ်ရှု့ ကြတဲ့ ကျနော့် ချစ်မိတ်ဆွေ များကို ကျေးဇူးတင်ကြောင်း ပြောကြားရင်း ဘယ်သော အခါ မှ ရောက်လာ မယ် မသိတဲ့ ယဉ်ကျေးသော ရိုးရာမပျက်သော လွတ်လပ်သော ပျော်ရွှင်စရာ မန္တလေး သင်္ကြန်လေး တခုကို ရည်မှန်းပြီး .....ကဲ မိတ်ဆွေ တို့ရေ .... ကြိုဆို လိုက်ကြ ရအောင်နော်.. ။
ပြီးပါပြီ..
.
6 comments:
Anonymous said...
အပြောကတော့ ရွှေမန်း အကမှာတော့ ချိုမိုင်မိုင်
တူလိုက်တာ တူလိုက်တာ သိပ်တူတာဘဲ
အမရဲ့ အချမ်းပြေဆေးက ရီဝေဖီလင်ကို ပြောတာလား
အမနော် သင်္ကြန်မှာ ဥပုဒ်မစောင့်ဘဲ နဲ့များ ကောင်းတာ
တေးရေး ကိုမောင်မောင်နဲ့ အိမ်နီးချင်းဆို
သိပ်ကောင်းတာပေါ့
အင်ကြင်းသန့် said...
မမရွှေစင်...
ရဘူးနော် ညီမလေးကို ကပြရမယ် :)
သင်္ကြန်ကားအသစ်တွေ ဘယ်လောက်ပဲများများ
သင်္ကြန်မိုးကားကတော့ အကြိုက်ဆုံးအပြင် ဘယ်တော့မှလည်း ရိုးမသွားဘူး
ချစ်ညီမလေး
မြတ်နိုး said...
မန္တလေးသူအမရေ..
ကျေးဇူးပဲဖတ်ရတာ။ အနုပညာဆိုတာ တကယ်ခံစားပီး အချိန်ပေးမှ အချိန်ကြာကြာအောင်မြင်တာ တကယ်ပဲနော်.
မသိသေးတာတွေ သိသွားရတယ်။
အမကို ..စာဖတ်ရင်း အရမ်းခင်လာလို့ အမအတွက် ကဗျာတပုဒ် ရေးပေးလိုက်တယ်..။
စာကိုချစ်တဲ့ အမရွှေစင်
စေတနာတွေ ပြည့်တာအစဉ်
အချိန်တွေပေး စာတွေရေး
မျှဝေကာ ဖြန့်ချီပေး
ထပ်ခါထပ်ခါ ကျေးဇူးတင်
ပြုံးပျော်ရင်းနှင့် စာဖတ်ချင်
အစဉ်သာ ရေးစေကြောင်း
မေတ္တာလောင်း၍ ဆုခြွေတောင်း
အမရွှေစင် ကျန်းမာကြောင်း
ချမ်းသာသုခအေးစေကြောင်း။
Anonymous said...
အမ ..အမှားပြင်မလို့ လက်တမ်းချရေးပီးတခါတည်းမန့်တာ ပီးတော့ စာက ပြန်မမြင်ရဘူး
ချမ်းသာသုခပြည့်စေကြောင်း လို့ ပြင်ပေးနော်..
အေး နေရာမှာ ပြည့်... ဆိုပီး
momiji
မေဓာဝီ said...
မရွှေစင်ဦး တေးရေး ကိုမောင်မောင် (အဉ္ဇလီ) နဲ့ အိမ်နီးချင်းဖြစ်တယ်ဆိုတာ မနာလိုလိုက်တာ။ ကျမ သူ့သီချင်းတွေ သိပ်ကြိုက်တယ်။ သူ့အနုပညာကိုလဲ လေးစားတယ်။ ပြောရရင် သင်္ကြန်မိုးက သီချင်းတွေကြောင့် ပိုအသက်ဝင်တာပဲ။ မြန်မာပြည်မှာ musical ဇာတ်ကားမျိုး မရှိသလောက် ရှားတဲ့အထဲမှာ သင်္ကြန်မိုးက musical ဇာတ်ကားတပိုင်းပါပဲ။
သင်္ကြန်မိုးမှာ တခုပဲ ဟာကွက်ကလေးဖြစ်သွားတာက ... နောက်ဆုံးခန်းမှာ အလှပြကားကြီးမှာ ရေးထားတဲ့ ကဗျာပဲ။ အဲဒီအကြောင်း ကျမဘလော့မှာ တခါရေးဖူးသေးတယ်။
"တန်ခူးမည်မှတ် ဖက်ဆွတ်ရေတိုး သင်္ကြန်မိုး" ဆိုတာကို
"တန်ခူးမည်မွတ်" ဆိုပြီး မှတ် အစား မွတ် လို့ သုံးထားတယ်။ အဲဒါကို မြင်တော့ တဇာတ်လုံးသယ်လာတာ နောက်ဆုံးခန်းကျမှ အားမလိုအားမရ ဖြစ်ခဲ့ရတယ်။
ချစ်ကြည်အေး said...
ရွှေစင် သူငယ်ချင်းရေ...တို့လည်းမန်သင်္ကြန်ကို ၂ခါ ရောက်ဖူးတယ်၊ မန္တလေးစွမ်း မှာတည်းတော့ ကျူံးရှေ့တည့်တဲ့ အပြင် အဆိုတော်တွေနဲ့ အမြဲတမ်းဆုံတယ်။ ဟုတ်တယ်နော် တို့အမြင် ပြောရရင် မန်းသင်္ကြန်က သိတ်ပျော်စရာ မကောင်းတော့သလို ရပ်ကွက်ဘုရားပွဲဆိုလဲ ချောက်တီး ချောက်ချက်ပဲ လုပ်ကြတော့တယ်...ဒီတခါပြန်လာဖြစ်ရင် တွေ့ကြမယ်နော်...