Tuesday, January 5, 2010
ကျနော် လည်ခဲ့သော အိမ်ကလေးများ (၅) အပိုင်း (၂)
ကျနော် တကောင်းအိမ်မှာ ဖွားသောင်း ဆေးကုတာ ကြည့်ရင်း နဲ့ ဖွားသောင်း ဖောက်သည် တွေ အများကြီးရှိတဲ့ ဧရာဝတီမြစ်ဘေး က တံငါချောင် ကိုလည်း သွားခဲ့သေးတယ်ဗျ..။ တံငါချောင် မှာ နေတာကတော့ တံငါသည် တွေပေါ့ဗျ..၊ အတော်ဆင်းရဲ ကြပါတယ်..၊ ဆင်းရဲတာ ထက် အသိဉာဏ် နုံနဲ တာက ပိုတယ်ထင်ပါတယ်..သူတို့ နဲ့ စကားပြောကြည့် အနေအထိုင်တွေ ကြည့်ပြီး ခန့်မှန်းရတာလေ၊ ကျနော် တို့ တံငါချောင်ကနေ လတ်ကော့ နေတဲ့ ငါးလေးချဉ် တွေနဲ့ ငါးဘတ် လတ်လတ် တွေဝယ်ပြီး ပြန်လာခဲ့ကြပါတယ်..၊ ပုဇွန်ထုပ် ကြီးတော့ မရခဲ့ဘူး..။
ဒါပေမဲ့ ဘယ်လွယ်လွယ် နဲ့ အရှုံးပေးလိမ့် မလည်း..ကျနော် တကောင်း ကိုသွားလည်ချင်တဲ့ အကြောင်းတွေ ထဲမှာ ချစ်ညီမ ပြောတဲ့ ပုဇွန်ထုပ်ကြီးတွေ အကြောင်း လည်း ပါတယ်..၊ သူတို့ ကျောင်းတက်တုန်းကတော့ ကားလမ်းလည်း မရှိတော့ ဧရာဝတီက ရတဲ့ မြစ်ပုဇွန်ထုပ် ကြီးတွေက တကောင်း မှာ ပေါမှပေါ တဲ့.၊ အခုနောက်ပိုင်း ကားလမ်း ပေါက်သွားတော့ မန္တလေးဘက်၊ မိုးကုတ်ဘက် ကားနဲ့ တင်ရောင်းကြတော့ နဲနဲတော့ ရှားသွားတာပေါ့..၊ ဒါပေမဲ့ အဲဒီမှာ ရှားတယ်ဆိုတာ မန္တလေး နဲ့ ယှဉ်ရင် တခြားစီပါ..။
ကျနော်ကလည်း ပုဇွန်ထုပ် ကြီး နဲ့ မဲ နှစ်ခါ မဆွယ်ရပါဘူး ကောက်ကောက်ကို ပါနေတာဘဲ..၊ ပုဇွန်ထုပ်ကြီး မျက်နှာကြည့်ပြီး ချစ်ချစ်ကြီး မျက်နှာတောင် မေ့သွားသလို ဖြစ်ပြီး တကောင်း ကိုလိုက်သွားတာလေ..။
အဲဒီတော့ ပုဇွန်ထုပ် ကြီး မစားရရင် ငါ တကောင်းက မပြန်ဘူးဆိုတဲ့ မင်းကုသ ထုံးနှလုံးမူပြီး ပုဇွန်ထုပ်ကြီး ကို မရ ရအောင်ရှာပြီးစားခဲ့ ပါသေးတယ်..။
အဲဒီနေ့ကတော့ ငါးဘတ် လတ်လတ်ကို တံငါချက် ချက်စားကြတယ်..၊ တံငါချက် တော့ သိမှာပါနော်..၊ ဆီနဲနဲ နဲ့ ရေချိုချက် ပေါ့ ဗျာ..၊ နောက်ပြီး ငါးလေးချဉ် ကို နံနံပင် အုပ်ပြီး ကြက်သွန်နီ နဲ့ ငရုပ်သီး စပ်စပ်လေး အစိမ်းသုပ် လဲ ပါသေးတယ်.. ကောင်းမှကောင်း ပေါ့ဗျာ..။
နောက်နေ့ မှာတော့ ဖွားသောင်းတို့ ပိုင်တဲ့ ကုန်းခင်း ဘက်က ခြံထဲကို ရောက်ခဲ့တယ်..၊ မြို့ရိုးဟောင်း ဘက်က လှဲ့ပြီး ကြံခင်းတွေဘက် က နေ ခြေလျှင် လျှောက်သွားရတာ ပျော်စရာကြီးပါဗျာ..၊ ကုန်းခင်း အများစုက ကြံ တွေစိုက်ကြတယ်..၊ ဖွားသောင်း တို့လည်းစိုက်တယ်..၊ တခြား ရာသီပေါ်သီးနှံတွေလည်း စိုက်တယ်..၊ ဖွားသောင်း တို့ကတော့ အဲဒီအချိန်က ခြံထဲမှာ ဥစားကြက် တွေပါမွေးထားတယ်..၊ သက်တန်းရင့် သနပ်ခါးပင် ကြီးတွေလည်း အများကြီးရှိတယ်..။
ကျနော်ဖြင့် အခင်းထဲက ပြန်တောင်မပြန်ချင်ဘူး သဘာဝအရသာတွေကို သဘောကြလွန်းလို့..၊ ကြက်ဥ ပြုတ် လတ်လတ်ဆတ်ဆတ်၊ ခြံထဲက ငှက်ပျောသီး ပင်မှဲ့ တွေနဲ့ သဘောၤသီးချိုချို တွေ တဝစားပြီး ကျနော် တို့ အတွက် မြို့ပြန်လက်ဆောင် ဆိုပြီး ခုတ်ပေးလိုက်တဲ့ သနပ်ခါး တုံးတွေ သယ်ပိုးပြီးပြန်လာခဲ့ကြတယ်..။
 အိမ်ပြန်လမ်းတလျှောက် မြို့ရိုးဟောင်းပေါ်က ဖြတ်လျှောက်ရင်း အဖွားသောင်း အိမ်နောက်က မြို့ရိုး ဟောင်းကြီး ကို ပြန်မြင်ပြီး ချစ်ညီမကို စပ်စုမိတယ်..(ဘွားသောင်းတို့ အိမ်နောက်ဘက် တလျှောက်လုံး က မြို့ရိုးပေါ်မှာ ခြံစည်းရိုး ကာထားတာဖြစ်ပါတယ်) မြန်မာအစတကောင်းက** လို့ ပြောကြတော့ ဖွားသောင်း တို့ အိမ်နောက်က နန်းမြို့ရိုးဟောင်းက ဘယ်မင်းလက်ထက်မှာလဲလို့ မေးတော့ ချစ်ညီမ လည်း ရေရေလည်လည် မသိဘူး ..အိမ်ရောက်မှ ဖွားသောင်း မေးပေးမယ်လို့ပြောပြီး မေ့သွား တယ် ထင်တယ်.. မမေးမိတော့ဘူး..။
အရင်တုန်းကတော့ ဖွားသောင်းတို့ ခြံထဲမှာ အပင်တွေဘာတွေစိုက်ပြီး ဟိုတူးဒီစွ လုပ်တဲ့ အခါမှာ တခါတလေ ငွေလက်စွပ်မောင်းကွင်း တွေဘာတွေတော့ တွေ့တယ် ပြောတာဘဲ..၊ အခု ချစ်ညီမ က ခင်ဗျား လျှောက်ရေးမနေနဲ့ တော်ကြာ ဖွားသောင်း တို့ဆီက ပြန်တောင်း နေမယ် ဒါမှမဟုတ် ရှေးဟောင်းပစ္စည်း အစိုးရလက် မအပ်လို့ဆိုပြီး ဒုက္ခများနေအုန်းမယ်တဲ့.. ကြောက်ရတယ်လေ.. ကျနော်လည်း ဒီတင်ရပ်မှ တော်ကြာ ကျနော့် ပရောဂမကင်းဘူး ဖြစ်နေမယ်.. ။
တကောင်းအိမ်ကလေး ကနေ ကျနော်ဟာ ကျနော် တို့ မြန်မာလူမျိုးများရဲ့ အိမ်သာလို့ဧည့်လာတယ်၊ ဆိုတဲ့ စကားပုံလေး အတိုင်း မိမိအိမ်ကို လာလည်တဲ့ ဧည့်သည် တွေအပေါ်မှာ နွေးထွေးမှု့ အပြည့်နဲ့ ကြိုဆိုလက်ခံကြပြီး တတ်နိုင်သလောက် ပြုစုစောင့်ရှောက်ခဲ့ကြတဲ့ အိမ်ကလေး ကနေ မြန်မာ့ ဓလေ့ ထုံးစံတွေကို တန်ဘိုးထား လေးစားတဲ့ စိတ်တွေ အပြည့်နဲ့ မိမိအလှည့် ကြရင်လည်း ဤကဲ့ သို့ ကျင့်ကြံ နိုင်အောင် ကျိုးစားမယ်ဆိုတဲ့ စိတ်ကောင်းလေး  အပြည့်နဲ့ အိမ်ကလေးကနေ ပြန်လာခဲ့ ပါတယ် ခင်ဗျား..။
ချစ်သော မိတ်ဆွေအပေါင်းတို့ ကောင်းသောအိမ်ကလေးများကိုသာ လည်နိုင်ကြပါစေ.ကောင်းသောအိမ် ကလေးများကဲ့ သို့ ပြုမူနိုင်ပါစေလို့ ဆုတောင်းပေးရင်း အိမ်ကလေးများ (၅) ကို အဆုံးသတ် လိုက်ပရစေ။
** ဂေါတမဗုဒ္ဓ မြတ်စွာဘုရားသည် အိန္ဒိယမြောက်ပိုင်း နယ်စပ် နီပေါတစ်နေရာတွင် ဖွားမြင်ခဲ့သည့် သာကီဝင် မင်းသားတစ်ပါး ဖြစ်သည်။ ထိုမင်းသား၏ အဘိုးသည် သာကီဝင် မျိုးတူစုအတွင်း မကျေမနပ် ခိုက်ရန်ဖြစ်ပွား၍ ဇာတိ ရပ်ရွာကို စွန့်ပြီး မြန်မာနိုင်ငံ၊ ဧရာဝတီ မြစ်ညာအရပ် တကောင်းတွင် လာနေကြသည်။ ထိုမင်းကို အဘိရာဇာဟုခေါ်သည်။ သူကို ကြီးမြတ်သော မင်းဖြစ်သည်ဟု ခေါ်ကြသည်။ (အဘိရာဇာ၊ မဟာရာဇာ၊ မင်းကြီးစွာ၊ တ္ဒဗံ့) အားလုံးမှာ ကြီးမြတ် သော မင်းကြီးဟု အဓိပ္ပါယ်ရသည်။
ဘယ်မင်းက ဘယ်မင်းထက်ပိုပြီး တန်ခိုးကြီး ထက်မြက်တယ်ဆိုတာ ပြောနိုင်ဘို့ ခက်ပေသည်။ အဘိရာဇာ နတ်ရွာစံ သောအခါ အမွေခံ သားတော်နှစ်ပါး (ကံရာဇာကြီး၊ ကံရာဇာငယ်) က နန်းလုကြသည်။ အငယ်က အထက်အညာကို အနိုင်ရသည်။ အကြီးက တောင်ဘက်သို့ ထွက်ခွာခဲ့ပြီး နောက်ဆုံး ဓညဝတီ(ရခိုင်)သို့ ရောက်လေသည်။ တကောင်း နန်းရိုးမှာ ကံရာဇာငယ်က စတဲ့ မင်းဆက် (၃၂)ဆက်မြောက်တွင် (စိန၊ တရုတ်)တို့ ဖျက်၍ တကောင်း ပြည်ပျက် လေသည်။ ပြည်ပျက် သောအခါ အစုသုံးစုကွဲပြီး တစ်စုက ဧရာဝတီမြစ်ပေါ်မှာဘဲ တကောင်းတောင်ဘက် မလည် အရပ်မှာ လာရောက် နေထိုင်ကြသည်။ အချိန်ကာလက ဗုဒ္ဓရှင်တော်ဘုရား လက်ထက်ဖြစ်သည်။ [1]
Reference :  Myanmar Wikipedia
စာကြွင်း
မနေ့က ကျနော် တို့ စစ်ကိုင်းဘက်ကို လျှောက်လည်ရင်း စစ်ကိုင်းက နံမည်ကြီး ထမင်းဆိုင်ဖြစ်တဲ့ ပန်းဝါ ထမင်းဆိုင်မှာ ထမင်း ဝင်စားခဲ့တယ်..၊ အညာဟင်းလေးတွေ စုံနေတာနဲ့ ကျနော်ချစ်တဲ့ သူငယ်ချင်းများ ကို သတိရလို့ ဓါတ်ပုံရိုက်လာတယ်..၊ ချစ်ချစ်ကြီးက ပုဇွန်ထုတ် ဟင်းနဲ့ စားတယ်..၊ ကျနော်က ငါးပတ်ရေချိုနဲ့ စားတယ်..၊ ချစ်ညီမက ဆတ်သားဆီပြန်ချက် နဲ့ စားတယ်..။ ချစ်ချစ်ကြီးက ပုဇွန်စားရတာ မဝလို့ ဆိုလို့ အပြန်မှာ ဧရာဝတီ မြစ်ဘေးမှာရောင်းနေတဲ့ ပုဇွန်ထုတ် တွေ ဝယ်လာပြီး ချက်ကျွေးလိုက်တယ်..။ ညီမငယ် မိုမိဂျီ နဲ့ သူငယ်ချင်းများက ပုံလေးတွေပါတင်ပေး ပါဆိုလို့ ပုံလေးတွေပါ ထည့်ပေးလိုက်တယ် နော် ..။
ထမင်းဆိုင်ရဲ့ ထူးခြားချက်ကလေး ကိုလည်း သိစေချင်လို့ပါ..ပါဆယ် မရောင်းပါ တဲ့..၊ သူငယ်ချင်း များကို ကျွေးချင်ပေမဲ့ သူ့ဆိုင်မှာ ချိတ်ထားတဲ့ ဆိုင်းပုဒ် လေး ကြောင့် ပါဆယ် မထုတ်ခဲ့တော့ ဘူးနော်.. ။
သတိရပါတယ်..
ဒါကဆိုင်ကဟင်းတွေ မုန့်ညှင်းချဉ်ရေ၊ ပြောင်းဖူးကျော်၊ ပဲနှပ်၊
ခရမ်းသီးနှပ် အများကြီးဘဲ မမှတ်မိတော့ဘူး
အတို့အမြုတ်တွေကစုံနေတာဘဲဗျာ ပဲရွက်၊ပဲတောင်ရှည်ပြုတ်၊ ရှောက်ရွက်
သခွားသီး၊မုန်ညှင်းဖူး၊ ဆလပ်ရွက်၊ ခါချက်ဥ၊မြူရွက်ပြုတ်၊ခရမ်းသီးပြုတ်/စိမ်း
တွေနဲ့ တို့ဘို့ငါးပိထောင်းလေး၊ ဘေးမှာ သံပရာသီး စိတ်လေးတောင်ပါသေး
ပြီးတော့ ငံပြာရည်ချက် ငရုပ်သီးစပ်တယ်နော်
နောက်တခါ ငါးဘတ် ငါးပိတစ်ချက်လေး တွေ့တယ်နော်၊ အဲဒါ ကောင်းတယ်
ဒါက ချစ်ညီမ စားတဲ့ ဆပ်သားခြောက် ဆီပျံချက်
အဲဒါ ကျနော်စားတဲ့ ငါးဘတ် ရေချိုုချက်
ဒါက ကျနော်ချက်တဲ့ ပုဇွန်ဟင်း ချစ်ချစ်ကြီးအတွက်ဘဲနော်
အဲဒီစည်းကမ်းလေး လိုက်နာရင်တော့ ပန်းဝါ ထမင်းဆိုင် မှာစားလို့ရပါတယ်တဲ့
ကဲ..စားပြီး အိပ်ကြပါတော့
ပြီးပါပြီ
8 comments:
ကိုလူထွေး said...
ပုံတွေပါ တင်ပေးတယ် ဆိုတော့ အတော်ကို ရက်စက်တာပဲ...
းဝ)
စိတ်၏ဖြေရာ said...
ချစ်ချစ်ကြီးအတွက်ချက်ထားတဲ့ပုဇွန်ထုတ်ဟင်း
ကိုသွားရည်ယိုပြီးပြန်သွားပါတယ်။
မြစ်ကျိုးအင်း said...
ပုဇွန်ထုပ်မြင်တော့ ဂလု ခနဲ မြည်သွားတယ်
ရွှေရတုမှတ်တမ်း said...
ဟင်...သူ့ခမြာ ပုဇွန်ထုပ်ကို တကောင်းမှာလဲမစားရ..
စစ်ကိုင်းမှာလဲမစားရ.........သနားဒယ်
Anonymous said...
နယ်မှာထမင်းစားရတာ အရမ်းကြိုက်တယ်။ ဟင်းရံတွေက အလကားနဲ့ အရမ်းကို လတ်ဆတ်လွန်းတယ်။
ကျနော်က ပုစွန်ထုပ်အရမ်းကြိုက်တယ်။ ခေါင်းလေးပါတာကိုပိုသဘောကျတယ်။ ဒီမှာက ပုစွန်ဆိုခေါင်းမပါဘူးအမရေ..။
စာတော့လာဖတ်ဖြစ်ပေမဲ့ ကော်မန့်မပေးဖြစ်တာပါ။
~ဏီလင်းညို~ said...
မရွှေစင်...
နှိပ်စက်ဒယ်... အရမ်း..အရမ်း...။
ဒါပဲပြောနိုင်ပါတော့သီ....:D
(ငတ်တယ်လေ..ကျွန်တော်က...)
ခင်မင်တဲ့
ဏီလင်းညို
ချစ်ကြည်အေး said...
ပြောပြီးပါရော...ဒါကြောင့် ရွှေစင်နဲ့ အတူ အိမ်လိုက်လည်ချင်ပါတယ်ဆို...၊ မုံရွာ၊ ယင်းမာပင် ဘက်ရောက်ဖူးတယ် အဲလိုပဲ သနပ်ခါးခြံကြီးထဲမှာ၊ ပြီးတော့ မုန့်စိမ်းပေါင်း အနီ ကို ပဲနဲ့ ပေါင်းပြီး အတုံးလိုက်ကြီးတွေလှီး၊ ပဲဆီ မွှေး ဆမ်းပြီး ကျွေးတာ မမေ့နိုင်ဘူးပဲ...၊ ဟုတ်ပ အိမ်က လူကြီးက မန်းလေးသား...ချစ်စရာကြီး...ခိခိ...:D
Unknown said...
ဟင်းတွေကြည့်ပြီးသွားရည်တောင်ယိုလာတယ်။ ရှလွတ်
မွေးရပ်မြေနဲ့ဝေးနေတော့ မြန်မာအစားအစာကို အတော်လေးသတိရတယ်။ ဒီက မြန်မာဆိုင်တွေရှိပေမယ့် အိမ်ကချက်တဲ့ ထမင်းနဲ့ဟင်းကိုမမှီဘူးထင်တာပဲ။