ဒီနေ့ကျနော့် ဖေဖေ နဲ့ မေမေ ရန်ကုန်က ပြန်လာတယ်ဗျ..၊ ချစ်ချစ်ကြီး အတွက် ပုဇွန်ဆီတဲ့ (ပါရပြန်ပြီ ချစ်ချစ်ကြီးက) ကျနော့် အတွက် ပခုက္ကူ အသင်း ရွှေရတု မဂ္ဂဇင်း တဲ့ ကျနော့် အတွက်တော့ တန်ဘိုး မဖြတ်နိုင်အောင် ပါဘဲ ကျနော် ချစ်တဲ့ ကျနော့် အဖိုးအကြောင်း ဆောင်းပါးလေး ပါတဲ့ အတွက်ပါ.၊ နောက်ပြီး ကျနော် လေးစားတဲ့ ကျနော့် ဦးလေး ဦးထင်ကျော် အကြောင်းလည်း ပြောခွင့် ရတဲ့ အတွက်ပါ..၊ ကျနော့် အဖိုးကတော့ အခုဆောင်းပါးထဲမှာ ပါတဲ့ အတိုင်းပေါ့နော်..၊
ကျနော့် ဦးလေး ကတော့ ၈၈ အရေးအခင်း ကာလမှာ မြန်မာပြည် ရဲချုပ် အဖြစ် တာဝန်ထမ်းဆောင် နေပါတယ်..၊ အရေးအခင်း ကြီး ဖြစ်လာတော့ မြန်မာ တပြည်လုံးမှာ ရှိတဲ့ ရဲတပ်ဖွဲ့ဝင် အားလုံးကို မှန်ကန် တဲ့ ဘက်က ရပ်တည်ကြပါလို့ အမိန့် ပေးခဲ့ပါတယ်..၊ အရေးအခင်း ပြီးတဲ့ အချိန်မှာ တော့ အငြိမ်းစား ယူလိုက်ရပါတယ်.။ အဲဒါ ကျနော် ဦးလေး ပါ..။
ကျနော့် အဖိုး အကြောင်းကို ကျနော် ဘလော့ စ ရေးရေး ခြင်းဘဲ Label နေရာမှာ My Grandpa ဆိုတဲ့ နံမည် နဲ့ Post ၃ ခု တင်ခဲ့ပါတယ်..ကျနော် အချစ်ဆုံး အဖိုး ပါ...အသက် ၈၄ နှစ် မှာ ကွယ်လွန်ပါတယ်..။
ပခုက္ကူ သံမဏိပုလိပ်သပိတ်
(ပြည်သူ့ချဉ်ဖတ်မှသည်ပြည်သူ့အချစ်တော်သို့)
(ပြည်သူ့ချဉ်ဖတ်မှသည်ပြည်သူ့အချစ်တော်သို့)
(၁)
စာရေးသူသည် ပခုက္ကူအသင်း(ရန်ကုန်)မဂ္ဂဇင်းအမှတ်(၁)တွင် ပခုက္ကူခရိုင်နိုင်ငံရေးလှုပ်ရှားမှုများ နှင့် စပ်လျဉ်း၍ ပခုက္ကူခရိုင်နှင့် ဖက်ဆစ်တော်လှန်ရေးဟူသော ခေါင်းစဉ်ဖြင့် ပခုက္ကူခရိုင် ပြည်သူများ၏ ဂျပန်ခေတ် ဖက်ဆစ်ဆန့်ကျင်ရေး လှုပ်ရှားမှုကို သမိုင်းမှတ်တမ်းတင်ခဲ့ပြီး ဖြစ်ပါသည်။
တကယ်တော့ ဖက်ဆစ်ဂျပန်များကို မြန်မာ့မြေပေါ်မှ အပြီးအပိုင် မောင်းထုတ်နိုင်ခဲ့သော်လည်း ပြည်သူ တစ်ရပ်လုံးလိုလားတောင့်တသော လွတ်လပ်ရေးကိုကားမရခဲ့။ ဂျပန်များပြေးတော့ ဗြိတိသျှ နယ်ချဲ့သမား တို့က တစ်ကြော့ပြန်လည် ဝင်ရောက်လာပြီး စိုးမိုးချယ်လှယ်ကြပြန်သည်။
ထို့ကြောင့် ပြည်သူတစ်ရပ်လုံးသည် မပြီးဆုံးသေးသော လွတ်လပ်ရေးတိုက်ပွဲကို ဆက်လက်၍ ဇွဲနဘဲ ကြီးစွာဖြင့် ဆင်နွဲှကြရပြန်သည်။
ပြန်လည်ရောက်ရှိလာပြီး ချယ်လှယ်အုပ်ချုပ်သော ဗြိတိသျှနယ်ချဲ့ အစိုးရကို ပြည်သူတစ်ရပ်လုံးက အုံကြွ ဆန့်ကျင်ကာ တိုက်ပွဲပုံသဏ္ဍာန်အမျိုးမျိုးဖော်ဆောင်ပြီး တိုက်ပွဲဝင်ခဲ့ကြလေသည်။ နေရာ အသီးသီးမှ လူတန်းစား အလွှာ အသီးသီးတို့ စည်းလုံးညီညွတ်စွာဖြင့် " ဒို့ကို လုံးဝလွတ်လပ်ရေးပေး" ဟူသော တောင်းဆိုချက် ကို လွှင့်ထူတိုက်ပွဲဝင်ခဲ့ကြသည်။
ထိုလှုပ်ရှားမှုကြီးတွင် ပြည်သူတို့ ဘယ်လိုမှ ထင်မှတ်မထားသော အဖြစ်တစ်ရပ်သည် ပြည်သူ့ ရှေ့မှောက် တွင် ပေါ်ပေါက်လာခဲ့လေသည်။
ထိုလှုပ်ရှားမှုကား ၁၉၄၆-ခုနှစ်တွင် ပေါ်ပေါက်ခဲ့သော "သံမဏိပုလိပ်သပိတ်" အရေးတော်ပုံကြီးပင် ဖြစ်၏။ နိုင်ငံနှင့် အဝှမ်းဆင်နွဲှခဲ့သော သပိတ်၏ အမာခံအင်အားကား နယ်ချဲ့ လက်ကိုင်ဒုတ်များဟု ယူဆ ခံရသော ပုလိပ်များဖြစ်ပါ၏။ အမှန်အားဖြင့် ကိုလိုနီခေတ်က ပုလိပ်ဆိုသည်မှာ (ယခုအခေါ်အဝေါ်) နယ်ချဲ့သမား အလိုကျ ပြည်သူတို့ကို ဖိနှိပ်ချုပ်ချယ်ရေးအတွက် ခန့်အပ်ထား သည့် လက်နက်ကိုင် တပ်ဖွဲ့ ဝင်များ ဖြစ်လေသည်။
ထို့ကြောင့်ပင် ပြည်သူတစ်ရပ်လုံးက သူတို့အား ရွံရှာမုန်းတီးခဲ့ကြသည်။ "ပြည်သူ့ချဉ်ဖတ်"များ ဖြစ်ခဲ့ ပေသည်။
"ပြည်သူ့ ချဉ်ဖတ်"များက ပြည်သူတစ်ရပ်လုံးလိုလားသော "လုံးဝလွတ်လပ်ရေး"အတွက် ပြည်သူ့ ရင်ခွင်ကို ခိုလှုံပြီး ပြည်သူ့ဘက်မှ တိုက်ပွဲဝင်လိုက်သောအခါ ပြည်သူတို့၏ သဘောထားမှာလည်း ပြောင်းလဲ လာခဲ့သည်။ သူတို့အား ချဉ်ဖတ်များအဖြစ်မှသည် အချစ်တော်များအဖြစ် နွေးထွေးစွာ ကြိုဆို လက်ခံ လိုက်ကြလေတော့၏။
ဤသို့ တစ်နိုင်ငံလုံး ဆင်နွဲှသော "သံမဏိပုလိပ်" အရေးတော်ပုံကြီးတွင် ပခုက္ကူခရိုင်မှ ပုလိပ်တပ် ဖွဲ့ဝင်များ ကလည်း နောက်ချန်မနေဘဲ အခြားသော နယ်များနည်းတူ မျိုးချစ်စိတ်ဓါတ် အပြည့်အ၀ ဖြင့် ပူးပေါင်း ပါဝင် ဆင်နွဲှခဲ့ကြသည်။
စာရေးသူသည် ယခုပခုက္ကူအသင်း (ရန်ကုန်) (ရွှေရတုအထိမ်းအမှတ်) မဂ္ဂဇင်းတွင် ထို "ပခုက္ကူခရိုင် သံမဏိ ပုလိပ်သပိတ်အရေးတော်ပုံကြီး" ကို ကဗျည်းမှတ်တမ်းတင်မည်ဖြစ်ပါ၏။
ပုလိပ်ဆိုသည်မှာ အင်္ဂလိပ်အစိုးရက မြန်မာပြည်သူများအား စိတ်တိုင်းကျ ချယ်လှယ်နိုင်ရေးအတွက် သူတို့၏ လက်ကိုင်ဒုတ်များအဖြစ် ကြေးစားခန့်ထားခြင်း ခံရသော တပ်ဖွဲ့ဝင်များဖြစ်ကြသည်။
သို့ပါလျှက် သူတို့လက်ကိုင်ဒုတ်များဘဝမှ တိုင်းချစ် ပြည်ချစ်စိတ်၊ သူ့ကျွန် မခံလိုစိတ်အပြည့်အ၀ ဖြင့် ပြည်သူ တို့နှင့်အတူ ပါဝင်တိုက်ပါဝင်လာသည်ကို ပြည်သူတစ်ရပ်လုံးကလည်း လှိုက်လှိုက်လှဲလှဲ ကြိုဆို ခဲ့ကြသည်။
ပခုက္ကူခရိုင်ပုလိပ်များအနေဖြင့်လည်း ရင်ဘောင်တန်း-တန်းတူရည်တူ ပါဝင်ဆင်နွဲှခဲ့၏။
ပခုက္ကူပုလိပ်သပိတ်ဖြစ်မြောက်အောင် ခေါင်းဆောင်ခဲ့သူမှာ ဦးအုန်းမောင်( C.P.I ) ယခုခေတ် အခေါ် ရဲအုပ်ကြီး ဖြစ်သည်။ (ပခုက္ကူအသင်း(ရန်ကုန်) ယခုလက်ရှိ နာယက အငြိမ်းစား ရဲချုပ် ဦးထင်ကျော်၏ ဦးလေး၊ လက်ရှိအသင်းဥက္ကဋ္ဌဦးတင်မောင်ဝင်း၏ဇနီး ဒေါက်တာ ဒေါ်သန်းဌေး၏ ဖခင်) ဦးအုန်းမောင်က သပိတ်ခေါင်းဆောင် ဥက္ကဋ္ဌ ဖြစ်၍ အတွင်းရေးမှူးမှာ ဦးအောင်သန်း (လက်နက် ပြင်ဆရာ) ဖြစ်ပြီး အမှုဆောင်များမှာ
ဦးစိန်ကြည် (လက်နက်ကိုင်ပုလိပ် အဖွဲ့) ယခု ကျန်းမာရေးမှူး(ငြိမ်း)ပခုက္ကူ
ဦးခင်ကြူး
ဦးဗိုလ်နီ
ဦးအောင်စီ ဗိုလ်မှူးကြီး(ငြိမ်း) ကွယ်လွန်
ဦးညီလေး (တရေ)
သပိတ်စခန်း တည်ရှိရာမှာ ရွှေကူဘုရားတန်ဆောင်းဖြစ်သည်။
မြို့ဒင်-မြို့သာနှင့် ပုခန်းငယ်စခန်းများမှ ပုလိပ်များလည်း သပိတ်အတွင်း ပူးပေါင်းပါဝင်ခဲ့သည်။
ပုလိပ်သပိတ်စခန်းအတွက် စားရေး သောက်ရေးတို့ကို ပြည်သူ့ရဲဘော်မှတာဝန်ယူခဲ့၏။
မြို့မိမြို့ဖများနှင့် မြို့မဈေးသူဈေးသားများက သပိတ်တိုက်ပွဲကို ထောက်ခံသောအားဖြင့် အစား အသောက် ငွေကြေးများ တစ်ခဲနက် လှူဒါန်းကူညီကြသည်။
တစ်ချိန်က ပြည်သူလူထု၏ ချဉ်ဖတ်အဖြစ် ခံယူခဲ့ရသော ပုလိပ်များကား သံမဏိသပိတ်ကြီး ဆင်နွဲှ လိုက်ခြင်းဖြင့် ပြည်သူလူထု၏ မေတ္တာကို ရရှိခဲ့ကြရသည်။
ပြည်သူ့ချဉ်ဖတ်ဘဝမှ ပြည်သူ့အချစ်တော် ဖြစ်လာခဲ့လေသည်။
သံမဏိပုလိပ်သပိတ်မှသည် အမှုထမ်းပေါင်းစုံ အထွေထွေသပိတ်ကြီးအထိ တိုးမြှင့်လှုပ်ရှားလိုက်နိုင် ခဲ့ခြင်းဖြင့် ဗြိတိသျှ နယ်ချဲ့သမားတို့အား ကြီးမားစွာ တုန် လှုပ်ချောက်ခြား စေခဲ့သည်ကတော့ သမိုင်း ဖြစ်ရပ်မှန် ဖြစ်လေသည်။
ဤ စည်းလုံးညီညွတ်သော သပိတ်တိုက်ပွဲကြောင့် ပုလိပ်လစာ ၆၀ ကျပ်မှ ၉၀ကျပ်ထိ တိုးတက် ရရှိခဲ့ကြကာ၊ အင်္ဂလိပ်နယ်ချဲ့ အနေဖြင့်လည်း မြန်မာနိုင်ငံ လွတ်လပ်ရေးကို ဥပက္ခာမပြု နိုင်တော့ချေ။
၁၉၄၇-ခုနှစ် ဇန်နဝါရီလတွင်မူ ပခုက္ကူခရိုင်မှ ပုလိပ်အမှုထမ်းများအသင်း ညီလာခံကျင်းပပြီး အချိန် ပြည့်တာဝန်ခံလေးဦးကို ရွေးချယ်တာဝန်ပေးခဲ့သည်။
ကျွန်တော်တို့ ပခုက္ကူခရိုင်သည် ကိုလိုနီနယ်ချဲ့ လက်အောက်သူ့ကျွန်ဘဝ၌ တိုင်းပြည်လွတ်လပ်ရေးနှင့် သူ့ကျွန်ဘဝမှ လွတ်မြောက်ရေးအတွက် တစ်နိုင်ငံလုံးမှ မျိုးချစ် လူငယ်များနှင့် အလွှာပေါင်းစုံမှ ပြည်သူ များ လှုပ်ရှားတိုက်ပွဲဝင်သည့်အခါတိုင်း အခြားခရိုင်မြို့နယ်များနည်းတူ ထက်သန်ပေါက်မြောက်စွာ ပါဝင် လှုပ်ရှား ခဲ့သည်သာဖြစ်သည်။
ဤကိုလိုနီပုလိပ်များနှင့် ကိုလိုနီယန္တယားမှ ဝန်ထမ်းများ တိုင်းပြည်နှင့်အဝှမ်း ဆန့်ကျင်တိုက်ပွဲဝင်ခဲ့ ရာတွင် ပခုက္ကူခရိုင်မှ ပုလိပ်များသည်လည်း တန်းတူရည်တူ တိုက်ပွဲဝင်ခဲ့သည်မှာ စာရေးသူလို ပခုက္ကူသား တစ်ယောက်အနေဖြင့် ဂုဏ်ယူပါ၏။
ထို့ထက် ဤသမိုင်းဝင် လှုပ်ရှားမှုကြီးကို မသိမမှီ လိုက်သောမျိုးဆက်သစ် ပခုက္ကူသားသမီး လူငယ် များကို သိရှိစေလိုသော ဆန္ဒဖြင့် ဤဆောင်းပါးကို ကြိုးစားပြုစုတင်ပြရခြင်းလည်း ဖြစ်ပါ၏။
ပခုက္ကူခရိုင်၏ သမိုင်းဝင်လွတ်လပ်ရေး လှုပ်ရှားမှုတွင် တိုက်ပွဲဝင်ခဲ့သည်များမှေးမှိန် ပပျောက် ကွယ်သွား မည်ကိုလည်း မလိုလားပါ။
မိမိတို့ ယနေ့ရရှိခံစားနေရသော လွတ်လပ်သော နိုင်ငံသားဘဝသည် တစ်ချိန်က မိမိတို့၏ အမိ၊ အဖ၊ အဘိုး၊ အဘွားများ၏ ကိုယ်ကျိုးစွန့် တိုက်ပွဲဝင်ခဲ့ခြင်းဖြင့် ရရှိခဲ့သော အသီးအပွင့်များအဖြစ် သိလာကြရန် စေတနာထား၍ ဤဆောင်းပါးကို ကြိုးပမ်းပြုစု တင်ပြလိုက်ရခြင်း ဖြစ်ပါသည်။
လွတ်လပ်ရေးတည်တန့်ခိုင်မြဲပါစေ။
ရဲဘော်တင်ရွှေ
ပခုက္ကူ အသင်း (ရန်ကုန်)
ရွှေရတုမဂ္ဂဇင်း (၁၉၆ဝ-၂ဝ၁ဝ)


2 comments:
ပခုက္ကူက ခွင်နှစ်ရက်သားသမီးများအလွင့်အလွင်ကျန်းမာကြပါစေ
မသိရတာတွေ သိရလို့ ကျေးဇူးတင်ပါတယ်။
ပခုက္ကူက ဖုတ်ထူတယ်လို့ ပြောတယ် ..ဟတ်လား။
ခင်မင်စွာဖြင့်
မောင်မိုး
Post a Comment