Wednesday, December 9, 2009

ကျနော်သိသောလူအမျိုးမျိုး (၃)


ကျနော်သိသော လူအမျိုးမျိုး ကိုဆက်မရေးဖြစ်တာတောင် အတော်ကြာသွားပြီ...၊ ကျနော် စာမရေးခင် ကျနော့် မိသားစု အကျင့်စရိုက် အကြောင်း အရင်ရေးပရစေ၊ ကျနော့် မိသားစု မှာ မကောင်းတဲ့ အကျင့် တခုရှိတယ်ဗျ..၊ မေမေ က ဖေဖေ မရှိရင် ဖေဖေအကြောင်း အတင်း ပြောတယ်.၊ မောင်လေး တွေက သူတို့မိန်းမ အကြောင်း ပြောတယ်...၊ ညီမ ကလည်း ဒီလိုဘဲ..၊ ကျနော် ကလည်း ဘာထူးမှာလည်း ကျနော့် ချစ်ချစ်ကြီး အကြောင်း အတင်းပြောတာပေါ့..။ ခြုံငုံ ပြောရရင် ကိုယ်ပတ်ဝန်းကျင်မှာ ရှိတဲ့ အရင်းအနှီးဆုံးသူ အကြောင်းတွေကို အတင်းပြောတတ်တဲ့ အကျင့် ရှိပါကြောင်း..။

အခုလည်း ကျနော်သိသော လူအမျိုးမျိုုး အကြောင်းရေးမယ်ဆိုတော့ ကျနော်ပတ်ဝန်းကျင်မှာ ရှိတဲ့ လူတွေ အကြောင်းဆိုတော့ ကျနော့် ချစ်ချစ်ကြီး၊ ကျနော့် ညီမငယ် နဲ့ ကျနော့် တပည့်များ အကြောင်းဘဲ ရေးစရာရှိတဲ့အတွက် သူတို့အကြောင်းဘဲ ရေးရမှာဖြစ်ပါတယ်ခင်ဗျား..။

အဲဒီ အထဲမှာမှ..ကျနော့်ချစ်ချစ်ကြီးက ကျနော့်ကို ဘေးမဲ့ ပေးထားတာ ကြာပြီဆိုတော့ သူ့ကို ဖုတ်လိုဖုတ်၊ သုပ်လိုသုပ်၊ အစိမ်းဘဲ စား ..စားတဲ့... ကြိုက်သလိုသာ လုပ်စားပါတော့တဲ့....၊ မစားပရစေ နဲ့ဗျာ..ကြောက်စရာကြီး..၊.အဲရောင်လို့ ... ကြိုက်သလိုသာ ရေးပါတော့တဲ့..။ ဒါပေမဲ့ သူ့အကြောင်းက တော်တော် ရေးပြီးသွားပြီဆိုတော့..။

ညီမငယ်ကတော့ ခင်ဗျားတင် ရေးတတ်တာမဟုတ်ဘူး..ကျနော်လည်း ရေးတတ်တယ်၊ သတိထား လို့ကြိမ်းမောင်း ထားတဲ့ အတွက် လောလောဆယ်ဆယ် လက်ရှောင်ထားရကြောင်းပါခင်ဗျား..၊အဲဒီတော့ ကျနော့် မှာ ရေးစရာ ကျနော့် တပည့်တွေ အကြောင်းဘဲ ရှိတော့တဲ့အတွက် တပည့်ကျော်ကြီးများ ဂုဏ်ယူ ကြပါ..အဲ..ခွင့်လွှတ်ကြပါ။

၃.၁

ကျနော့် ဆိုင်မှာ ဒီဇိုင်း၊ vinyl လည်းရတဲ့ အတွက် ကျနော့် တပည့်ကျော်များကို photoshop ကိုလည်း တော်တော် ကျွမ်းကျင်အောင် သင်ပေးထားရပါတယ်၊ ဒါပေမဲ့ ဒီဇိုင်းနာ ဆိုတာ သင်တာနဲ့ တတ်တာမှ မဟုတ်တာ အနုပညာအခံလေးနဲ့ မှ အဆင်ပြေတာပါ၊ အဲဒီတော့ ဆိုင်မှာ ဒီဇိုင်း စိတ်ချရတာ ၄-၅ယောက်လောက် ဘဲရှိပါတယ်။

ဓါတ်ပုံ ပြင်တာကတော့ အားလုံးနီးပါးပြင်နိုင်ကြပါတယ်။ အဲဒီထဲမှာ ကျနော် တပည့်ကျော် လည်းပါပါတယ်၊ သူက riso copy လှည့်ရတော့ ကွန်ပျူတာ ပိုင်းကို သိပ်မဝင်ပါဘူး၊ ကျနော် အရင် ပို့စ် တွေမှာ ရေးသလို သူ့ကို ကွန်ပျူတာ မှာ ထိုင်ခိုင်းတော့ လည်း အရိပ် ၃ပါး နားမလည် customer က အရေးကြီး သူက ပြင်လို့အားမရနိုင်၊ customer ကရပါပြီ အရေးကြီးလို့ print ထုတ်လိုက်ပါတော့ ဆိုတာကို သူက သူ့စိတ်ကြိုက်မလုပ်ရလို့ စိတ်ဆိုးသေးတာ ဆိုတော့ သူ့ကို မရှိသုံးဘဲ သုံးနိုင်ပါတယ်။

ဒါပေမဲ့ ဆရာသမားက ညညဆို သူ့ရွာက order တွေ သူတယောက်ထဲ လက်ခံပြီး စိတ်တိုင်းကျ လက်စွမ်းပြနေကြဗျ..၊ သူ့ရွာက ကလေး၊ တမူးနားက ရွာငယ်လေးတရွာပါ။ သူတို့ တရွာလုံးကလည်း ထူးထူးချွန်ချွန် မြို့မှာ သူတို့ တရွာလုံးတောင် မမြင်ဘူးကြတဲ့ computer ဆိုတာကြီးနဲ့ သူတို့ ရွာသားကိုယ် တိုင်ပြင်ဆင်ပေးတာဆိုတော့ အားပေးကြပါတယ်။တရွာလုံးနီးပါးပါဘဲ..။ vinyl တွေ ဓါတ်ပုံ တွေ တော်တော် ထုတ်ရပါတယ်။

သူတို့ရွာကလေး အကြောင်းလည်း ကျနော်ပြောလက်စနဲ့ ဆက်ပြောပရစေ..၊ သူတို့ ရွာမှာ လျှပ်စစ်မီး အခုထိမရသေးပါ၊ တယ်လီဖုန်း ဆိုတာ အခုနှစ်ပိုင်းမှာမှ တလုံးတည်းသော CDMA ဖုန်းကို ဘုန်းကြီးကျောင်းက ကျောင်းထိုင် ဘုန်းကြီးပိုင်ဆိုင်ပါသတဲ့၊..အဲဒီတော့ ဖုန်းလာတယ် ဆိုရင် ဘုန်းဘုန်းက လော်စပီကာ နဲ့ အော်ပေးပါတယ်.. ဘယ်သူ..ဘယ်ဝါ ရေ နင့် သား..သမီး..ယောက်ကျား..မိန်းမ ဆီက ဖုန်းလာတယ် အမြန်လာပြောပါပေါ့..၊ အဲဒီတော့ ဖုန်းလာတဲ့ သူက ကြားတဲ့ နေရာကနေ အမြန် ဘုန်းကြီး ကျောင်းကို ဒုန်းစိုင်းပြေးရတာပေါ့၊

ပြီးတော့ ဖုန်းပြောတဲ့ အသံတွေကိုလည်း ဗဟုသုတ ရအောင်ဆိုပြီး တရွာလုံးကြားအောင် လော်စပီကာ နဲ့ ဆက်ပေးထားပါသတဲ့..ဘယ်လိုလည်း ခင်ဗျားတို့လည်းပြောချင်သွားပြီလား..။

အဲဒီလို ရွာကလေးကနေ အားပေးကြ တယ်ပေါ့ဗျာ..။ ပုံတွေ vinyl ချပ်တွေလုပ်ဖို့ ဆိုပြီး..လူကြုံနဲ့ ထည့်ပေးလိုက်၊ တခါ ကားဂိတ် ကို လုပ်ပြီးသား vinyl တွေ သွားပါးလိုက် နဲ့ ပြတ်တယ် မရှိပါဘူး..။ တပည့်ကျော် ကလည်း သူ့ကို ဆိုင်မှာ computer သိပ်မလုပ်ခိုင်းတော့ သူ့ရွာက လာတာတွေဆို စိတ်တိုင်းကျ လက်စွမ်းပြနေတာပေါ့..၊ ကျနော်ကလည်း သူ့ရွာကလာတာတွေ ဆိုမကြည့်မိဘူး။ သူရွာနဲ့ သူဆိုတော့ ဟုတ်မှာဘဲပေါ့လေ.. အတော်တိုးတက်နေပြီ ဆိုပြီး သဘောကြနေတာ..။

ကျနော်က ဆိုင်မှာ လာအပ်တဲ့ ဒီဇိုင်းတွေ vinyl တွေဆိုရင် အရေးကြီးရင်ကြီးသလိုဘဲ ကျနော် ဝင်ဝင်ပြီး နှမ်းဖြူးနေကြ၊ ကျနော် စိတ်တိုင်းကျမှ အကြမ်းထုတ်ပြီး customer ကိုပြတဲ့ အကျင့်ရှိပါတယ်၊ ဆိုင် နံမည် ထိမ်းသိမ်းတဲ့ သဘောပေါ့ အမှားအယွင်းကြီးကြီးမားမား ပါမသွားအောင်ပါ။

ဒါပေမဲ့ passport ပုံတို့ ဓါတ်ပုံပြင်တာတို့ သိပ်အရေးမကြီးတဲ့ vinyl  တို့ ဆိုရင်တော့ ကျနော် မကြည့် နိုင်ပါဘူး၊ သူတို့ စိတ်တိုင်းကျ လွှတ်ပေးတာပါဘဲ၊ သူတို့ကလည်း စိတ်ရှိသလောက် ကျဲကြတာပေါ့..၊ background လှလှပပ ထည့်ပေးတာတို့ အရောင်ပြောင်းပေးတာတို့ သူတို့ စိတ်တိုင်းကြ လုပ်ရပါတယ်၊ customer တွေကလည်း ကြိုက်တာများပါတယ်။

တနေ့တော့ ကျနော့့်ဆိုင်ကို ဆရာတယောက် passport ပုံ ၂၀ လောက် လာကူးခိုင်းပါတယ်။ ကျနော် လည်း passport ပုံဆိုတော့ အရေးမကြီးပါဘူး၊ ဘယ်သူ့ခိုင်းခိုင်း ဆိုပြီး ကြည့်လိုက်တော့ တပည့်ကျော် ကိုတွေ့ပါတယ်၊ အဲဒါနဲ့ ကျနော်လည်း ဟေ့ကောင် ဆရာ့ကို passport ပုံ ၂၀ လောက် ထုတ်ပေးလိုက် ဆိုပြီး ခိုင်းထားလိုက်ပါတယ်။

ဆရာက ညနေမှ လာယူမယ်ပြောပြီး ထွက်သွားပါတယ်။ ကျနော် လည်းခိုင်းထားတာ မေ့သွားပြီး ကွန်ပျူတာရှေ့ ထိုင်နေတော့တယ်။ တပည့်ကျော်ကလည်း သူ့ကို မခိုင်းစဘူး ဓါတ်ပုံ ကူးခိုင်းထားတာ ဆိုတော့ စက်ရှေ့ထိုင်ပြီး ဂုဏ်ယူဝင့်ကြွားစွာနဲ့ အလုပ်လုပ်နေပါတယ်။ ကျနော် သတိရလို့ ကြည့်လိုက်တော့ လည်း စက်ရှေ့ထိုင်တုန်း ကျနော်လည်း ပုံကတော့ ပြီးပြီနေမှာပါ..၊ သူ လည်း နေ့ပိုင်းစက်မကိုင်ရလို့ နေမှာပါ ကိုင်ပါစေဆိုပြီး ဘာမှမပြောဘဲ အသာလွှတ်ပေးထားလိုက်ပါတယ်။

ညနေ ကြတော့ ကျနော်လည်း အပေါ်ထပ်က internet ရှေ့ရောက်နေပါတယ်..၊ အဲဒါ ကလေးတယောက် က ဆရာမ..ဆရာမ ဆရာတယောက်က တွေ့ချင်လို့ဆိုပြီး စပ်ဖြီးဖြီး နဲ့ လာခေါ်ပါတယ်၊ ကျနော် လည်း ဆင်းသွားတော့ စိတ်ဆိုးနေတဲ့ ဆရာ့ကို တွေ့တော့တာပါဘဲ...အဲ..ဘေးနားမှာတော့ တပည်ကျော်က ငူငူကြီး ရပ်လို့..။

ကျနော်လည်း ဆရာဘာဖြစ်လို့လည်း ဆိုတော့..၊ ဆရာက ဒေါသဖြစ်နေလို့ ဘာမှ မပြောနိုင်ဘူး၊ ဓါတ်ပုံအိတ် ကလေး လှန်းပေးပါတယ်..၊ ကျနော် အမြန်ဖွင့်ကြည့်လိုက်တော့ ရီရမလို၊ ငိုရမလို ဖြစ်သွားပြီး.. ဆရာကို အမြန်တောင်းပန် ရတော့တာပါဘဲဗျာ။

ဘာလည်း ခင်ဗျားတို့ သိချင်လို့လား ဆရာ ရဲ့ passport ပုံမှာ မျက်ခုံးမွှေးတွေ ဆွဲပေးထားတာ မဲသဲလို့၊ နောက်ပြီး နှုတ်ခမ်းနီ တွေကလည်း ရဲလို့..၊ ကျနော်လည်း ဆရာ့ကို တောင်းပန် အမြန် နောက်ဆုတ်ပြေး ရတော့တယ်.. တော်ကြာ ဒေါသအထွက်လွန်ပြီး ကျနော် ကို များလက်သီးနဲ့ ထိုးလိုက်ရင်..ဆိုပြီး ကြောက်ကိုသွားတယ်ဗျာ.....တပည်ကျော်တို့၊ လက်စွမ်းပြလိုက်ပုံကတော့..ဆရာမ........လက်သီးမုံ စားရ တော့မလို့.....ကံကောင်းလို့ပါလားဗျာ..။

၃.၂ မှာ 

တပည့်ကျော် အတွက် ရွာမှ အဖေ ပါးလိုက်သော စာတစောင် အကြောင်းဆက်ရေးပေးပါ့မယ် ..မျှော်..

.

5 comments:

မောင်သီဟ said...

ဟိုဘောလုံးသမားတွေကို ဂျီတော့အက်ပြီး ထိုင်စောင့်နေ
တဲ့တယောက်လားဗျ သူကလာလို့ အဲလိုဆွဲပေးရတာ
တုန်း ဘာစိတ်ကူးပေါက်ပါလိမ့် ဘကြိုင်နဲ့တူနေပြန်ပြီ
ပေါက်ကရလုပ်ပုံကတော့ဗျာ

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ..

အဖေပါးလိုက်သော စာတစ်စောင်ကိုလဲ စောင့်ဖတ်နေပါမယ်။ အခု ကျနော်သိသော လူအမျိုးမျိုး နံပါတ် ၃ ကိုလည်း ဖတ်ပြီးပြီ။ နံပါတ် ၁ နဲ့ ၂ ကိုတော့ နောက်မှ လာဖတ်ပါအုံးမယ်။ ဟို..တလောက ဘက်ခမ်း ကို စကားပြောဘို့ လုပ်တဲ့ တစ်ယောက်ကိုလဲ ပြောပေးပါနော်.. obama@gmail.com ကိုလည်း add ထားပါလို့.. :) :)..

ခင်မင်စွာဖြင့်
ကိုမျိုး

me said...

ကိုဘကြိုင် ပြောတဲ့ တယောက် မှန်ပါတယ်ဗျာ..ပို့စ် အဟောင်းတွေဖတ်ကြည့်ရင် သူ့အကြောင်းသိမှာပါ အမြဲတန်းလျှောက်လုပ်နေတာပါ

me said...

ကိုမျိုး
လာအားပေးတာ ကျေးဇူးပါဘဲ
အိုဘားမားကို အက် လုပ်ဘို့လည်း ပေးလိုက်ပါမယ်
တော်ကြာ အိုမြန်မာ ဆိုရင်တော့ မအက်ချင်ဘူး ပျိုမြန်မာ ဆိုရင်တော့ အက်မယ် ဆရာမ ဆိုရင် ကိုမျိုးတာဝန်ဘဲနော်

ခင်မင်စွာဖြင့်

Anonymous said...

ဟားဟား .... သိတယ် သိတယ် အဲဒီတစ်ယောက်ကို....မမရွှေစင် လက်သီးမုန့်အရသာ ဘယ်လိုနေလဲ မြည်းကြည့်လိုက်ရမှာ.... :D




ချစ်ညီမလေး