Thursday, December 17, 2009
ဆောင်းတွင်းစာ အညာဟင်းလေးများ (၁)
ကျနော် လည်း အခုတလော ထမင်းစားလို့ ကောင်းနေတယ်..၊ weight သိပ်တက်လာမှာ စိုးလို့ မနဲလျှော့နေရတယ်ဗျ..၊ ခင်ဗျားတို့ စိတ်ထဲ ကိုယ့်လူတော့ ဟင်းကောင်းတျွေးကောင်းတွေ နဲ့ ကျိတ်နေရပြီ ထင်တယ် ဆိုပြီး  မနာလိုတော့  ဖြစ်မနေကြပါ နဲ့ဗျာ ...ကိုယ့် ကုသိုလ် နဲ့ ကိုယ်ပါ..။
အိမ်က ချစ်ညီမ က ဈေးသွားခါနီးရင် ဘာဟင်းစားမှာ လည်းလို့တော့ မေးပါတယ်..၊ ကျနော်က ဘာလေး စားချင်တယ်ဆိုတာ စဉ်းစားတုန်း ရှိသေးတယ်..၊ သူက ဈေးတောင် ရောက်သွားပြီထင်ပါတယ်..၊ မေးရိုးမေးစဉ် မို့သာ မေးရတယ် ထင်ပါတယ်..၊ ကျနော် စားချင်တဲ့ ဟင်းတွေ တကယ်များ ပြောလိုက်ရင် ဆိုပြီး ကြောက်ရှာတယ် ထင်ပါရဲ့..သနားပါတယ်..ဟင်း..ဟင်း..။
ကျနော့် သမီး တွေကလည်း ညှော်နံတထောင်းထောင်း နဲ့ လာသမျှ လူ ထွက်ပြေးအောင် ချက်ကြ ၊ပြုတ် ကြပါတယ်..၊..စားတော့လည်း ...ဟင်း..ဟင်း..၊ ခင်ဗျားတို့ ထင်ချင်သလို ထင်ကြတော့ ကျနော် မပြောဘူး.. တော်ကြာ ကျနော် ထမင်းငတ်နေအုန်းမယ်..။
ကျနော် လည်းထမင်းကြောင်း ဟင်းကြောင်း စဉ်းစားရင်း ကျနော် တို့ ညီအမ ၃ ယောက်နဲ့ မောင်အငယ် ဆုံး ရယ် အိမ်မှာ ကျန် ခဲ့စဉ်က ထမင်းဟင်းချက် တဲ့ အကြောင်းတွေ ပြန်ပြီး သတိရမိတယ်..၊ ကျနော်က အဲဒီတုံးက ချစ်ချစ်ကြီးနဲ့ ရပြီထင်တယ်..၊ ဒါပေမဲ့ ကျနော် အိမ်ထောင်ကြပြီး ၁၀ နှစ်လောက် မနက်စာကို ကျနော့် အိမ်မှာစား ညနေစာကို ချစ်ချစ်ကြီးအိမ်မှာ စား ဆိုပြီး ထမင်းအိုး ဖျောက်ထားကြတာ ဆိုတော့ ကျနော် သိပ်မမှတ်မိတော့ဘူး..၊ ညီအမ ၃ယောက် ဟင်းဝိုင်းချက် ခဲ့ ကြတဲ့ အချိန်ပေါ့လေ..။
အဲဒီမှာ ကျနော့် ညီမ အငယ်ဆုံးက ဟင်းကောင်းသိပ်ကြိုက်တာ..၊ ဟင်းမကောင်းရင် ထမင်းမစားနိုင်ဘူး..၊ နောက်ပြီး ဟင်းကောင်းတယ် ဆိုတာထက် အစပ်အဟပ် တည့်တာကို ပြောတာပေါ့..၊ မေမေ ရှိရင်တော့ မေမေ က သူဘာသာသူ ဟင်းစပ်တာဆိုတော့ ကျနော် တို့ ဘာမှ စဉ်းစားစရာ မလိုဘူးပေါ့ဗျာ..၊ ဒါပေမဲ့ မေမေ က ဖေဖေ နဲ့ လိုက်နေတာ ဆိုရင်တော့ ကျနော်တို့ ညီအမတတွေ ချာလည်ရိုက်ပြီပေါ့..။ အဲဒီ အခါ မှာ ညီမလုပ်တဲ့ သူက ကျနော် တို့အိမ်နဲ့ မျက်နှာချင်းဆိုင် အိမ် က ဒေါ်ကြီး ကို ဟင်းစပ်သွားသွားမေးတယ် ကျနော် အဲဒါကို သတိရ လို့ ဒီ ဆောင်းတွင်းမှာ ချက်လေ့ ရှိတဲ့ မန္တလေး ဟင်းစပ်လေးတွေ အကြောင်း ပြောပြချင်ပါတယ်။
အဲဒီတုန်းက ကျနော်တို့ အိမ်နဲ့ မျက်နှာချင်းဆိုင်မှာ စက်ချုပ်တဲ့ လင်မယားနဲ့ သူတို့ရဲ့သားကြီး (နဲနဲ ပေါတောတော လူပျိုကြီး ) ၃ယောက်နေကြတယ်..၊ မိန်းမ က အိမ်မြေပွဲစား လုပ်တယ်၊ သူ့ယောက်ကျားက စက်ချုပ်တယ်..၊ သူ့ သားကြီးက ဆေးကျောင်းမှာ ညစောင့် လုပ်တယ်..။
အဲဒီ ဒေါ်ကြီးတို့မိသားစု သုံးယောက်က တော့ တနေ့တနေ့ စားဘို့လူဖြစ်လာ သလားလို့ တောင်ထင်ရ တယ်..၊ တနေ့တနေ့ ချက်ဘို့၊ ပြုတ်ဘို့ လုံးပန်းနေရတာ နဲ့ကိုက တနေ ကုန်တာပါဘဲ..၊ ကျနော် လည်း မျက်စိ ထဲ သူတို့ မိသားစုပုံစံကို နှစ်ပေါင်းများစွာ မြင်လာတာ ဆိုတော့ နဲနဲပြောပြအုန်းမယ်..။
မနက်ဆိုရင် သူတို့ လင်မယား က အိပ်ရာက ထလာတယ်..အဲ ယောက်ကျားက စောထတာဗျ..သူ့ ရေဒီယို လေးနဲ့ နိုင်ငံခြားသတင်းတွေ တခုပြီးတခုဖမ်းပြီး နားထောင်တာ..နိုင်ငံရေးတော့..တော်ရုံ ဗဟုသုတနဲ့ များသွား မစမ်းလေနဲ့ ပါလီမန် ခေတ်က ဘယ် ရွေးကောက်ပွဲ မှာ ဦးနု တို့ ဦးချစ်ဆွေ တို့ဘယ်ဝတ်စုံ ဝတ်တာ..ဘာမိန်ခွန်း ပြောတာ..ဘယ်လို သမိုင်း တွင်တာက စပြီး..ဘယ်သတင်းစာက ဘယ်လိုဆော်တာ အဆုံး သူ အကုန် မှတ်မိတယ်..၊..တော်ရုံကတော့ ရူးသွားမယ်..ကောင်းလိုက်တယ် ဦးနှောက်ဗျာ..။
သူ့မိန်းမ ထလာပြီး မျက်နှာ တွေဘာတွေ သစ်ပြီးတာနဲ့ ယောက်ကျားက လဘက်ရည် ဝယ်ထွက်တယ်..၊ အဲဒီအချိန်မှာ မိန်းမက သနပ်ခါး တွေ ဘာတွေလိမ်းပြီး ဈေး သွားဘို့ ခြင်းလေး ဘေးချ၊ လက်ဘက်ရည် ပန်းကန်လေးတွေရှာ..မုံထည့်ဘို့ ပန်းကန်လေးချပြီး ယောက်ကျားကို စောင့်နေတယ်ဗျ..။
ခဏနေတော့ သူ့ယောက်ကျားက သုတ်သုတ် သုတ်သုတ် နဲ့ ပြန်လာ  လဘက်ရည် တွေ ပန်းကန် ထဲ အညီအမျှထည့် မုံလေးတွေ ဖဲလို့ စားကြသောက်ကြတယ် ခင်ဗျား.၊ အဲဒီ အချိန်မှာ ဘဲ သူတို့ သားကြီးက အိပ်ယာလိပ် ကလေး စက်ဘီး ကယ်ရီယာခုံမှာ ညှပ်လို့ သူညစောင့် လုပ်တဲ့ ဆေးကျောင်းက ပြန်လာတယ်..၊ အဲဒီမှာ သူပါ တပါတည်း လဘက်ရည် ဝင်သောက် တော့တာပါဘဲ..။
လဘက်ရည် ကလည်း ကြိုက်သလားမမေးနဲ့ သူ့တို့ ဝယ်တဲ့ဆိုင်သာ မေးလိုက် အဲဒီဆိုင်က ဒီနားတဝိုက်မှာ အကောင်းဆုံးဖြစ်ဘို့များတယ် အကောင်းအဆိုး ကိုတော်တော် သိတာ..၊  တနေ့ ကို လဘက်ရည် ၆ ကြိမ် လောက် အနဲဆုံး သောက်တယ်၊ မုံကတော့ သူတို့စားလေ့ ရှိတာ အီကြာကွေးတို့ နံပြားတို့ များပါတယ်..၊လလက်ရည် သောက်ရင်းနဲ့ သူ့သားကြီးပြောတဲ့ ထီအကြောင်း နားထောင်ကြရ သေးတာ..၊ သူ့သားက ထီရူးဗျ သူကိုယ်တိုင်လည်း ခဏခဏပေါက်တယ်..၊ သူစီက ထိုးတဲ့ဲ့ သူတွေလည်း ပေါက်တယ်..။
ပေါက်တာ မှ ဆုကြီး တောင်ပေါက်ဘူးတယ် ဒါပေမဲ့ ဗျာ ထီပေါက်လို့  ဆိုပြီး အလုပ်တခုခု ရင်းနှီးစားဘို့ စိတ်မကူးပါဘူး သူ့အဖေ နဲ့ အမေ ကို ဝေပုံကြ နဲနဲ ခွဲပေးပြီး ကျန်တာ သူထီပြန်ထိုးတာနဲ့ ကုန်တာဘဲ ထင်ပါတယ်..၊ ကျနော်လည်း တခါ သူ စီက ထီထိုးဘူးတယ် ဆုသေး တခါပေါက် ဘူးတယ်..။
အဲဒီလိုနဲ့ သူတို့ မနက်ခင်း လဘက်ရည် ဝိုင်းမှာ ယောက်ကျား စားချင်တာမေး၊ သားစားချင်တာမေး ပြီး တခါထဲ ဈေးသွားလိုက်တာ၊ ၁၀ နာရီ လောက်မှ ပြန်ရောက်ပါရော..၊ ၁၀ နာရီပြန်ရောက် တယ်ဆိုလို့ ဈေးက အဝေးကြီးထင်မနေနဲ့အုန်း..၊ ကျနော် တို့ အရပ် နဲ့ ဈေးနဲ့က ၁၀မိနစ် လောက်လမ်းလျှောက် ရင် ရောက်တာ..၊ တကယ့်မှ နီးနီးလေးရယ်..။
တလမ်းလုံးအိမ်တွေက  (အထူးသဖြင့် ကျနော်တို့ ညီအမတွေပေါ့ ) သူ့ ကို ဈေးမှာ ကြတယ်ဗျ..၊ သူက တသက်လုံး ဒီမင်္ဂလာဈေး လေးမှာ ဈေးဝယ်လာတာ ဆိုတော့ ဈေးသည် အားလုံးက သူ့အသိတွေ များတယ်..၊ အဲဒီတော့ သူဝယ်ရင် ဈေးမှန် အလေးမှန်၊ ပစ္စည်းကောင်း တဲ့ အပြင် ပိုပိုသာသာ လေးလည်း ရတယ်..။
ဈေးပြန်ရင် ဈေးမှာတဲ့ အိမ်တွေက ဟင်းအမယ် တွေကို တမယ်ခြင်းထုတ်ပေး..၊ သူဝယ် လာတဲ့ ဟင်းတွေပြပြီး ဘယ်လိုဘယ်ပုံ ချက်မယ်ဆိုတာ ဝအောင်ပြောဆိုပြီးမှ အိမ်ပြန်ဟင်းချက်တယ်ဗျ..၊ သူ က ဟင်းချက်လည်း ကောင်းတယ် စိတ်ရှည်လက်ရှည် လည်းချက်တယ်..၊ ဟင်းကောင်းကလည်း စားတယ်..။
ကျနော်တို့ ကတော့ သူဟင်းချက်ရင် အနားသွားပြီးငေးရတယ်..၊ ဟင်းချက်နည်း တွေသင်ရတာပေါ့လေ.. ချစ်ချစ်ကြီးကို ချက်ကျွေးရအောင်.တကယ်တန်းတော့ သွားသရေကြတာပေါ့...။
ဒီလို ဆောင်းတွင်း ဆို သူ ချက်လေ့ရှိတဲ့ ဟင်းအမယ်လေး တွေ ကျနော် ပြောပြမယ်နော်.....
ငါးချဉ်ရေ တခွက်ကတော့ အမြဲချက်တယ်..၊ ကျနော် ကြည့် နေတာ သူငါးချဉ်ရေ က တမျိုး ..၊ ကျနော်တို့ ကြော်စားတဲ့ နိုင်လွန်ငါး ဆိုတဲ့ လက်ညှိုး လောက်ရှိတဲ့ ငါးလေးတွေ..၊ သူက အကြည်းခွံ လည်း မရှိဘူး အူတွေဘာတွေလည်း ထုတ်စရာ မလိုဘူး၊ ဒီအတိုင်း ရေဆေးပြီး ထည့် ရုံဘဲ. အဲဒီ ငါးလေးတွေနဲ့ချက်တာဗျ။
အရင်ဆုံး ခရမ်းချဉ်သီး ၅၀ သားလောက် ကို ရေစင်စင်ဆေးပြီး အစေ့ နဲနဲထုတ် အကုန် အစင် မထုတ်ဘူး ဗျ တဝက်လောက်ဘဲ ညှစ်ထုတ်တာ ပြီးတော့ ငါးလေးတွေ ထည့် ပြီး ကျန်တဲ့ ဆနွင်းတို့ အရောင်တင်တို့  နဲ့ ကြက်သွန် ဖြူ ၊ နီ နဲနဲစီ ထည့် ပြီး မီးဖိုပေါ်တင် လုံးလိုက်တာဘဲ..၊။
ခဏနေ အနံထွက်လာပြီဆိုရင် ရေထဲ ပြီး ချဉ်ရေကျအောင် တည့်တော့တာဘဲ၊ ချဉ်ရေ က ကျလာလေ၊ မွှေးလေ ဘဲဗျာ၊ နောက်ပြီး တော်တော် ကျလာပြီ ဆိုမှ ကြက်သွန်မြိတ် အစီးလိုက် ကြီးကို အမြစ်ဖြတ် ပြီး အပိုင်း အကြီးကြီး တွေ ကပ်ကျီး နဲ့ ဖြတ်ပြီးထည့်ပြီးတော့ အဖုံးအုပ်ပြီး ချလိုက်တော့ တာဘဲ..။ အဲဒါ ဆောင်းတွင်း ဟင်း ငါးချဉ်ရေ..၊။
ကျနော်တို့ မန္တလေးက ဒီအချိန် ဆိုရင် ခရမ်းချဉ်သီး အရမ်းပေါတာ..၊ ကျနော် တို့ အညာ ထုံးစံက ဘာဟင်းချက်ချက် ခရမ်းချဉ်သီး ထည့် ရမှ ကောင်းတယ်ထင်တာ..၊ အနဲ အများ ဘဲကွာတယ် ထည့်တော့ ထည့်တာဘဲ..။
ငါးချဉ်ရေနဲ့ လိုက်တဲ့ နောက်တခွက် ကတော့ ဒီအချိန်မှာ မန္တလေးမှာ အရမ်းပေါတဲ့ ပဲစိမ်းလို့ ခေါ်တဲ့ ထောပတ်ပဲ ဆီပြန်ချက်ပေါ့၊ ထောပတ်ပဲကို ကျနော်တို့ ချက်ရင် အခွံသင်ပြီးသား ဝယ်တယ်..၊ သူ ကတော့ ဈေးကပြန် ကထဲက အခွံနဲ့ ထောပတ်ပဲလေးတွေကို အိုးထဲ ထည့် ပြီး ဆားဖြူးထားတာ..၊။
ပဲ အခွံသင်ရင် ဆားရေ စိမ်ထား ရတယ်၊ အခွံချွတ်ရတာ လွယ်တာပေါ့..၊ အဲဒီ ပဲစိမ်းလေး တွေကို ဟင်းတမယ်ပြီး တမယ် ချက်ရင်း အခွံသင်တယ်..၊ ခုနက ပဲစိမ်း အခွံသင်ပြီးသွားတော့ ပဲစိမ်းထဲကို ကြက်သွန်နီပါးပါး လှီးထည့်၊  ခရမ်းချဉ်သီး တလုံးလောက် လှီးထည့်၊ အရောင်တင်၊ ဆနွင်းထည့် ပြီးတော့ ဆီတွေ လောင်းထည့် ပြီးရင် ရေနဲနဲ ခြင်းထည့် ပြီး ဆီပြန်အောင် ချက်တော့ တာပါဘဲ..၊ သူ့ ကိုလည်း ခုနက ငါးချဉ်ရေ ထဲ ထည့်တဲ့ ကြက်သွန်မြိတ် ကို ဆီပြန်ခါနီးရင် အုပ်သေးတယ်ဗျ..၊ အဲဒါက ပဲစိမ်း ဆီပြန်ချက်။
နောက်တမျိုးကတော့ အသားဟင်းတမျိုးမျိုး ပေါ့ ဗျာ.ကြက်သား ဆီပြန်ချက် တယ်. ဆိုပါစို့.၊ ကြက်သား တွေကို ဈေး ကထဲက သူကြိုက်ရာအပိုင်း ရွေးဝယ်ပြီး ခုတ်ထစ် ပြီးသား အဆင်သင့် အိမ်ရောက်ရင် ရေဆေးပြီးချက် ရုံဘဲ..၊ ချက်တဲ့ အခါမှာလည်း သေချာ ကြက်သွန်နီ ၄-၅လုံး ပါးပါးလှီး ဆီသပ်.၊ ခရမ်းချဉ်သီး ၃-၄ လုံး ထည့် အနှစ်ရအောင် ဆီပြန်အောင် သေချာချက်တာ ပြီး မှ ကြက်သား ထည့် ပြီး လုံး တာ..၊ ကြက်သား လုံး နေတည်နေတုန်းမှာ လည်း ကြက်သား ဆီပြန် ထဲ ထည့်ဘို့ မဆလာတို့ ကရဝေး ရွက်တို့ ကို လိုက်ရှာဝယ်သေးတာ..။
မဆလာ များပေါလွန်းလို့ ဈေးထဲမှာ ကြိုက်တဲ့ တံဆိပ် ဝယ်လို့ရတယ်လို့ မပြောနဲ့ဗျ..၊ သူက အဆင့်မြင့် တယ်၊ ဈေးထဲက အဲဒီလို အထုပ်မျိုး ဘယ်တော့ မှ ဝယ်မသုံးဘူး..၊ ကျနော်တို့ အရပ်ထဲမှာ ဟိဒူ  မိသားစုတွေလည်း နေတော့ သူတို့က မဆလာကို သူတို့ဘာသာ သူတို့ အစိမ်းကြိတ်ပြီးမှ ဟင်းထဲထည့် တာကိုးဗျ..၊ ချက်ခါနီးမှ ကြိတ်တာ ကျောက်ပြား ပေါ်မှာ ကျောက်လုံးလေးနဲ့ ကြိတ်ထည့်တာ..၊သူက အမြဲတန်း အဲဒီမှာ သွားဝယ်တယ်. အိမ်နီးနားခြင်းတွေဆိုတော့ လည်း တခါချက်အတွက်တော့ ပိုက်ဆံယူမှာ မဟုတ်ဘူး ထင်ပါတယ်..။
အဆင်သင့် မရှိရင်လည်း ကြိတ်ခိုင်းပြီးမှ သူ့ဟင်းထဲ ထည့်တာ..၊ နောက်ပြီး ကရဝေးရွက် ဆိုလည်း အဲဒီအိမ် တွေနောက် မှာ စိုက်ထားတဲ့ အပင်တွေက အညွှန့် လေးတွေ ရွေးဆွတ် လာပြီးမှထည့်တာ..၊ ခင်ဗျား တို့ စဉ်းစားကြည့် ပေါ့ဗျာ.. ဟင်းခပ် အမွှေးအကြိုင် လေး အတွက်တောင် ဒီလောက်လုံးပန်း တာဆိုတော့ ကျန်တဲ့ ဟင်းတွေ အတွက်ဆိုရင် ဘယ်လောက် အပင်ပန်း ခံပြီး ချက်မလည်းဆိုတာ..၊ သူ့ ရဲ့ ကြက်သားဆီပြန် ဟင်းကလည်း ဘယ်လောက် မွှေးပြီး အရသာ ရှိမလည်း ဆိုတာ သိနိုင်ပါတယ်၊ သားရေတောင် ယိုလာပြီနော်..ဟင်း။
အဲဒီဟင်းတွေနဲ့ ပြီးပြီ လားဆိုတော့ မရသေးဘူးဗျ..၊ အသုပ် တမျိုးမျိုး ပါသေးတာ...၊ ကဲ ဆောင်းတွင်းမှာ လှိုင်လှိုင်ပေါတဲ့ ဆလပ်ရွက် ကလေးသုပ်လိုက်ကြရအောင်..၊ ဆလပ်ရွက် သုပ်တဲ့ နေ့ ဆိုရင် ဈေးပြန် ကထဲက ဗမာဗယာကြော် ၃-၄ကွင်းလောက် အိပ် ကလေး နဲ့ ထည့် ပြီး ဝယ်လာသေးတယ်..၊။
ဈေးထဲ က ဝယ်လာတဲ့ ဆလပ်ရွက် လတ်လတ် ဆတ်ဆတ်၊ နုနုထွားထွားကြီးတွေကို ရေစင်အောင်ဆေး ကပ်ကျေး နဲ့ အပိုင်း အနေတော် လေးတွေဖြတ်၊ တအားမနုတ် စေနဲ့ ဗျ..၊ ပြီးတော့ ကြက်သွန်နီ ပါးပါးလှီး၊ ငရုပ်သီး ပါးပါးလှီး၊ ခရမ်းချဉ်သီး အနေတော် လေးလှီး ပြီးမှ ငံပြာရေတို့ အချိုမှုံ တို့ထည့်တာဗျ..၊ ပြီးတော့ အကြော်လေး တွေကိုလည်း ခြေပြီးမှထည့်တာ..၊ သံပရာသီး ခပ်ကြီးကြီး တစိတ်လောက်လည်း ညှစ်လိုက် သေးတယ်..။
ကဲ ထမင်းဝိုင်း ပြင်တော့ မယ်နော် မွှေးကြိုင်နေတဲ့ ကြက်သားဟင်းဆီပြန် လေးခပ်လေကွာ..၊ ပဲစိမ်း ဆီပြန်လေး လည်း မမေ့နဲအုန်းဟေ့..၊ ပြီးတော့ ဆလပ်ရွက် သုပ်ကလေးလည်း ချန်မထားနဲ့ ကဲနောက်ဆုံး မီးဖို ပေါ်က အငွေ့တထောင်းထောင်း ထနေတဲ့ ငါးချဉ်ရေ ခပ်ခဲ့တော့ ကွာ စားလိုက်ကြရအောင်၊ သြ မေ့တော့ မလို့ကွ မနေက မှ ကြော်ထားတဲ့ ငါးပိကြော်လေးလည်း ခပ်ခဲ့အုန်း ..... ။
ကဲ..ဟဲ လိုက်ကြရအောင်..၃ ပုဂံလောက်တော့ အသာလေးဝင်မှာဗျ..၊ ဘလော့မိတ်ဆွေများကို လည်း စားဘို့ ဖိတ်လိုက်အုန်း လေကွာ သူတို့ခမြာ သားရေ တွေတောင် ကျနေပြီလား မသိဘူး..။
ဒါကတော့ ကျနော် တို့ ရွှေမန္တလေးရဲ့ ကျနော်တို့ အိမ်နဲ့ ပတ်ဝန်းကျင် မှာ ချက်လေ့ ရှိတဲ့ ဟင်းစပ် ကလေးတွေ ပေါ့ဗျ..။ နောက် ကြုံရင်လည်း ကျနော် ချက်ပေး ပါအုန်းမယ်..။
ဟင်းအစပ်အဟပ် တည့်ဘို့ဆိုတာ မလွယ်ပါဘူးဗျာ.၊ သူ့ရာသီ နဲ့ သူ ပေါပေါများများ ရတဲ့ အသားငါး၊ အသီးအနှံတွေကို လိုက်ဖက်အောင် ချက်တတ်ပါမှ စားလို့ကောင်းပါတယ်ဗျာ..။
...........The end............
အညာစာ ထမင်းဝိုင်းလေးမှာ ဝင်ရောက်စားသောက်သွားတဲ့ အတွက် ကျေးဇူးတင်ပါ၏..။
.
8 comments:
Welcome said...
အသစ်တွေ့လို့ ၀င်စားသွားပါတယ်၊ အဲ .. ၀င်ဖတ်သွား ပါတယ်ဗျာ ..
ပျော်ရွှင်စွာနဲ့ blogging နိုင်ပါစေ
Anonymous said...
အမ..ဆလတ်ရွက်သုတ်မစားဘူးသေးဘူး
လုပ်စားဦးမယ်။
Anonymous said...
မိုက်တယ် စကားပြောတ ကျနော် ကျနော်
ဆိုကတည်းက မန်းလေးက ထင်နေတာ
ဟုတ်ပါ့နော် လုံမလေးတို့  ရွာမှာလည်း
ခရမ်းချဉ်သီး အသေသုံးတာ စားချင်တယ်နော်
ဟင်း ဟင်း ချက်ကျွေး လုံမလေးထက်ကြီးရင် ကန်တော့နော် နောက်မိတာ
Anonymous said...
မမကြီးလို့ ခေါ်မယ် ခုနက တိဝူးလေ လုံမလေး ကငယ်တယ်ထင်နေတာ
ဆေားရီး :P
ရွှေရတုမှတ်တမ်း said...
ရွှေဇင်ရေ..ဆောင်းတွင်းစာလေးလွမ်းလိုက်တာ
ကိုကြီးကျောက်တို့လဲ..၁၂ လလုံးဆောင်းတွင်းစာစားနေရတယ်..ဘာလို့လဲဆိုတော့ တပတ်စာချက်ပြီး ရေခဲသေတ္တာထဲထည့်ထားရတော့ ဟင်းတွေက ဘယ်အချိန်ကြည့်ကြည့် အေးခဲနေတာပဲ..း))
နေ၀သန် said...
း((.. နှိပ်စက်ပြီ.. ဒီမှာ ထမင်းဝိုင်းရော..မြန်မာထမင်းရော... ငတ်နေတာ... စားချင်လိုက်တာ..ဂလု..
ကိုမျိုး (အညာမြေ) said...
မင်္ဂလာပါ..
လာရောက်ဖတ်ရှုသူတွေလဲ စားချင်လို့ သရေကျ နေတာ အမှန်ပါ။
ငါးချဉ်ရည် ဟင်းလေးနဲ့ မနေကမှ ကြော်ထားတဲ့ ငပိကြော်လေး နဲ့ တနိုင်တပိုင် နယ်ပယ်ပြီး အားရပါးရ လွေးသွားပါတယ် ခင်ဗျား။
နောက်တစ်ခါဆို ဗယာကြော် ၁၀ ကွင်းလောက် ၀ယ်ခဲ့ဘို့ မမေ့နဲ့နော်။ :)
ခင်မင်စွာဖြင့်
ကိုမျိုး
:P said...
ငါးချဉ်ရည်ဟင်းများ ချက်လိုက်မိရင် ကံကောင်းရင် စားကောင်းတယ်၊ ကံမကောင်းရင် ချဉ်ရည်ဟင်းကို ဘာဟင်းချက်ထားတာလဲလို့ မေးယူရတယ်... :(