Tuesday, December 15, 2009

ငယ်ဘဝ များ (၁ဝ) နှင့် ကျနော့် ချစ်ခရီး ၁၁ နှစ် အပိုင်း (၁၁) ဇာတ်သိမ်း

ကျနော့် မင်္ဂလာ ကိစ္စ ပြောလာတော့လည်း ထူးထူးဆန်းဆန်းဗျ၊ အိမ်ရှေ့မှာ နေပူဆာလှုံရင်း  ဖခမည်းတော် က စာဖတ်နေတာ..၊ ကျနော် က အပြင်က ပြန်လာတာထင်တယ်၊ အိမ်ထဲဝင် မလို့ လုပ်တုန်း ရွှေစင်ဦး လာအုန်း ဆိုပြီး နင်တို့ မင်္ဂလာ ဆောင်မယ် ဆိုရင် ဆောင်လိုက်တော့ တဲ့..၊ ၁၀ ရက် အတွင်းအပြီးလုပ် နင် တို့ကိစ္စပြီးရင် ငါ မြစ်ကြီးနားပြန်မယ်.. (အဲဒီတုံးက သူက မြစ်ကြီးနား တက္ကသိုလ်မှာ ရောက်နေတာ) ဆိုပြီး ပြောလာတယ်..။

ကျနော် လည်း စိတ်ညစ်သွားတာ ပေါ့ဗျာ..၊ သွားပါပြီ......ငါက ဖခမည်းတော်ကြီး အကြောင်းပြပြီး အချိန်ဆွဲထားတာ..၊ (ကျနော် ပေးနေကြ ဥပမာ လိုပေါ့ဗျာ) (ဟိုဟာမပြီးလို့ အကြောင်းပြ.. ဟိုဟာပြီး သွားတော့ အချိန်ဆွဲ မရတော့ဘူးလေ..) ကျနော် လည်း အခုဒီတိုင်းပါဘဲ..၊ အကြောင်းပြစရာ မရှိတော့ပါဘူး..၊ ယောက်ကျားယူ ရတော့မယ်..၊ စိတ်ညစ်လိုက်တာဗျာ..။

ဒါပေမဲ့ ဒါဟာ သတင်းထူးဗျ..၊ တဆွေလုံးတမျိုးလုံး မျှော်လင့်နေကြတဲ့ သတင်းဆိုတော့ ကျနော်လည်း သတင်းထူးကို ဦးဦး ဖျားဖျား ဖော်ပြခွင့်ရတဲ့ ဘလော့ဂါ တဦးလို ဂုဏ်ယူဝင့်ကြွားစွာ နဲ့ အရင်ဆုံးမေမေ ကိုပြောလိုက်ပါတယ်..၊ မေမေ ကတဆင့် သိသင့်သိထိုက်တဲ့ လူအားလုံးကို တယ်လီဖုန်း ဖြင့် တသွယ်၊ လူလွှတ်၍ တဖုံ (email ဖြင့် တဆင့်၊ gtalk မှတဘာသာ) အားလုံးကို အမြန်အကြောင်းကြား ခဲ့ပါတယ်။

ရောက်ရာ အရပ်မှ ဆွေတော်မျိုးတော် အားလုံးဟာ သတင်းထူးကို ဝမ်းသာအားရ လက်ခံရယူကြပြီး နောက် မိမိတို့ ဆင်နွဲရမယ့် မင်္ဂလာပွဲအတွက် ဝယ်သင့်တာဝယ်..၊ ငှားသင့်တာငှားနဲ့ အားလုံး အရေးပေါ် အခြေအနေ ပြင်ဆင်ပြီး ရွှေမန္တလေး မြို့ကို ရရာ ယဉ်ရထားတို့နဲ့ သူ့ထက်ငါ ဦးအောင် ချီတက် လာကြပါတယ်။

ချစ်ချစ်ကြီးရဲ့ မိဘ များကတော့ ဝမ်းသာလုံးစို့ပြီး တရက်နဲ့ တညတိတိ မအိပ်ဘဲ မစားဘဲ မင်္ဂလာ ကိစ္စကို ဘယ်လို လုပ်ရမယ် ဆိုတာ ဆွေးနွေးတိုင်ပင်ကြပါသတဲ့..။ ချစ်ချစ်ကြီး ရဲ့ ညီ ၂ယောက်ကတော့  ၁၀ရက် အတွင်း ရနိုင်မဲ့...မင်္ဂလာ ခန်းမ ကို တမြို့လုံးပတ်ပြီး ခြေတိုအောင် ရှာနေပါသတဲ့..။

ချစ်ချစ်ကြီး နဲ့ ကျနော် နဲ့ကတော့ တယောက်မျက်နှာတယောက်ကြည့်ပြီး ဝမ်းနဲပက်လက်နဲ့ ငါတို့ ၂ယောက်တော့ ဘဝ ရေစုံမြောပါပြီ..၊ ဒို့ရဲ့ လွတ်လပ်တဲ့ ဘဝကြီးကို အားလုံးက ဝိုင်းပြီး ဖျက်စီးနေကြပြီ ဆိုပြီး စိတ်ညစ်ညစ် နဲ့ ရုပ်ရှင်တွေကြည့် ဆိုင်ပေါင်းစုံလှည့်ပြီး မုံတွေစားနဲ့ ရှုံးပွဲကြီး ကျင်းပ နေကြပါတယ်..။

ညနေပြန်ရောက်လို့ အသီးသီး လှုတ်ရှားမှု့တွေကို အကြောင်းပြန်တဲ့ အချိန်မှာတော့ မင်္ဂလာခန်းမ ဟာ ၁၀ရက်အတွင်း ဘယ်လိုမှ မရနိုင်ပါဘူးတဲ့..၊ အဲဒါနဲ့ ဖခမည်းတော် ကို အကြောင်းပြန်တဲ့ အချိန်မှာတော့ ခန်းမ မရရင် သတို့သားအိမ်ရှေ့မှာဘဲ မဏ္ဍပ် ဆောက်ပြီး ဆောင်တဲ့ အဲဒီမှာအားလုံး feeling အောက်သွား တာပေါ့ဗျာ..။

လမ်းမပေါ် ဘယ်သူဆောင်ချင်မှာလည်း..၊ နောက်ပြီး သတို့သားအိမ်ရှေ့တဲ့..၊ ကဲ အားလုံးဘဲ စိတ်ညစ်ညစ် နဲ့ ဆက်လက်လှုတ်ရှားရပြန်တယ်..၊ အဲဒီမှာ ကယ်တင်ရှင် ပေါ်လာပါတယ်..၊ မန္တလေး တက္ကသိုလ် ပါမောက္ခချုပ်ဟောင်း နဲ့ သူ့ ဇနီး (ဖေဖေ သူငယ်ချင်း များ)   က အဲဒီအချိန်က သူတို့ ယောကျာ်းလေး အဆောင်သစ် ကြီးက ဆောက်ပြီးခါစ ဆိုတော့ အဲဒီ က dining room မှာ လာပြီး ကျင်းပလှည့်ပါတဲ့..။

အဲဒီမှာ နေရာသေချာပြီ ဆိုတော့ ဖိတ်စာတွေဘာတွေ အမြန်ရိုက်ပြီး  စတင်လှုတ်ရှားကြပါတယ်..၊ ကျနော် လည်း လေနေလို့ မရတော့ ပါဘူး၊ ခန်းဝင် ပစ္စည်းတွေ ယောက်က္ခမကြီးနဲ့ လျှောက်ဝယ်၊ မင်္ဂလာ ဝတ်စုံချုပ်ဘို့က စပြီး မိတ်ကပ်လိမ်းဘို့ အဆုံး စတင် ဒုက္ခ ရောက်တော့တာပါဘဲ..။

တခြား ကိစ္စ အသေးအဖွဲ လေးတွေ တော့ မျိုးစုံပေါ့ဗျာ..၊ ဧည့်ခံပွဲ မနက်မှာ ချစ်ချစ်ကြီးက  မနက် ၇ နာရီ ထိ မထလို့၊ စိတ်ညစ်ပြီးများ အဆိပ်သောက် သေသွားပြီလားလို့ ပူရတာကတသွယ်၊ ယောက်က္ခမ ကြီး က ဧည့်ခံပွဲမှာ video ထည့်ချင်တာ ကျနော် ကအထဲမခံလို့ စိတ်ကောက်တာ တဖုံ၊ ညီမ တွေ က ကျနော် က ဘီးဆံထုံး နဲ့ ထိုင်မသိမ်းနဲ့ ဝတ်ပြီး ချစ်ချစ်ကြီးကြ  suit ဝတ်လို့ဆိုပြီး တမျိုး၊ နောက်ဆုံးကြတော့ လည်း ကျနော်ဟာ သူတို့ဆင်ပေးတဲ့ ဝတ်စုံကို ဝတ်ပြီး ဘယ်လိုမှ မလှပ အဆင်မပြေတဲ့ အတွက် သူများ ဝတ်စုံသာ ငှားဝတ် လိုက်ရပါ ကြောင်း ...။

ကျနော် နဲ့ ချစ်ချစ်ကြီး ရဲ့ မင်္ဂလာ ပွဲ ကတော့ ကျနော် တို့ ၂ယောက် ပျော်ရွှင်ဘို့ မဟုတ်ဘဲ ၂ဘက်မိဘများနဲ့ ဆွေမျိုးအသိုင်း အဝိုင်းပျော်ရွှင်စေဘို့  ကျနော် တို့ ၂ယောက်က တသက်စာ အတွက် အနစ်နာခံ  ပေးခဲ့ ရပြီး အောင်မြင်စွာ စည်ကားသိုက်မြိုက်စွာ (ကြက်ပျံမကျ) နှင့်  ပြီးဆုံးသွား ပါတယ်။

နောက်ဆက်တွဲ သတင်း ကတော့ ကျနော် နဲ့ချစ်ချစ်ကြီး ဟာ မင်္ဂလာ လက်ဖွဲ့ ရသမျှပိုက်ဆံ အားလုံးကို အပိုင်သိမ်းပြီး (နောက်နေ့ မနက်မှာဘဲ) ဆိုင်ကယ်တစီးနဲ့ ရှမ်းပြည်တခွင် ပြဲပြဲစင်အောင် ကြုံ ရာစား၊ တွေ့ရာအိပ် နဲ့ တလခွဲ တိတိ.. (Honey moon ခရီး) တဆွေလုံးတမျိုးလုံး ကိုစိတ်နာ တဲ့ အတွက် လျှောက်လည် ပစ်လိုက်ကြပါတယ်ခင်ဗျား..။

အဲ..ဒီမှာဘဲ ကျနော် နဲ့ ချစ်ချစ်ကြီး ရဲ့ ချစ်ခရီး ၁၁ နှစ် ဟာ အဆုံးသတ်သွားခဲ့ ပါပြီ.....။

...The end...

နောက်ဆက်တွဲ အနေနဲ့ ဖော်ပြရရင်

ကျနော့် ရဲ့ ၁၁ နှစ် တာ ချစ်ခရီး ကို စိတ်ရှည်စွာ၊ ခင်မင်စွာ နဲ့ လာဖတ်သွားကြ တဲ့  ကျနော် ချစ်ခင်လှစွာ သော ဘလော့ ပရိတ်သတ် ကြီးကို ကျေးဇူးတင် စကားပြောကြားရင်း ကျနော် နဲ့ ချစ်ချစ်ကြီး ရဲ့ နောက်ဆုံး သတင်းကို ပေးရရင်ဖြင့် .........

ကျနော် တို့ ၂ယောက် ဟာ ဗမာပြည်ကြီး ရဲ့ တတိယ မြို့တော် ဖြစ်တဲ့ ရွှေမန္တလေး မြို့တော်ကြီးမှာ  နေထိုင်ရင်း  တယောက် ဆံပင်ဖြူ တယောက် နှုတ် လို့ ကျမ်းမာ၊ချမ်းသာစွာ ဖြင့် ... စိတ်ကောက် (ချစ်ချစ်ကြီး က အချော့ ခံချင်လို့)၊ ရန်ဖြစ် (ကျနော် က ပျင်းလို့)၊ အိမ်ကဆင်း (ချစ်ချစ်ကြီး ခရီးထွက် ချင်လို့) ရင်း လာမဲ့......

February ၂၇ ရက် ၂၀၁၀ ဆိုရင် ကျနော်တို့ ၂ ယောက် ပေါင်းသင်းဆက်ဆံ လာခဲ့ ကြတာ အိမ်ထောင်သက် ၁၈ နှစ် နဲ့ ချစ်ခရီး ၁၁ နှစ်ပေါင်းရင် ၂၉ နှစ် တိတိ ရှိသွားပြီ ဖြစ်ပါကြောင်း သတင်းကောင်းပါးရင်း ဝမ်းသာအားရ ကြီး နဲ့ တကယ်.တကယ် ကို   နိဂုံးချုပ် လိုက်ရပါတယ် ခင်ဗျား..။


ကျေးဇူးအထူးတင်ပါ၏..

.

6 comments:

:P said...

နောက်ဆုံး (၃ )ခန်းပဲ ဖတ်ရသေးတယ်..
စာရေးတာ သွက်သွက်လက်လက်နဲ့ ဖတ်လို့ကောင်းတယ် အစ်မ

မိုမိဂျိ said...

သနားပါတယ်နော်.. တဆွေလုံးတမျိုးလုံးအတွက် အနစ်နာခံလိုက်ရရှာတာ...

ဟီးး
ဇာတ်သိမ်းလဲလှတယ်။
ဟန်းနီးမွန်းလဲ မိုက်တယ်။

ကလေးမယူတာလား မရတာလား။

အမလို အမမျိုး လိုချင်ပါရဲ့။

shwezinu said...

ကလေး ကမယူတာပါဗျာ ဒီကလေး တယောက်နဲ့ ကို စိတ်ကုန်လွန်းလို့..ဟား..ဟား..

shwezinu said...

ကလေး ကမယူတာပါဗျာ ဒီကလေး တယောက်နဲ့ ကို စိတ်ကုန်လွန်းလို့..ဟား..ဟား..

Nge Naing said...

အချစ်သက် ၂၉ နှစ်ဆိုတော့ နည်းတဲ့ သံယောဇဉ်မဟုတ်ဘူးနော့် ကြေးရတုတွေ ငွေရတုတွေ မလုပ်ခဲ့ဘူးလား။ ကလေးမရှိဘူးဆိုတော့ ပြင်းစရာကြီး၊ ပြီးတော့ မိဘမေတ္တာဆိုတာကို ကိုယ်တိုင်မပေးနိုင်တဲ့ အနန္တော အနန္ဒဂိုဏ်းဝင် မဖြစ်တော့ဘူးပေါ့။

Anonymous said...

ဟေးးးးးးးးးးးးးးးးးးးး....ဖြောင်း ဖြောင်း ဖြောင်း....

ဇာတ်သိမ်းမှာတော့ မင်းသားနဲ့မင်းသမီးပျော်ရွှင်စွာ ပေါင်းဖက်ကြလေသတည်းပေါ့။း)))

တကယ်ကို အားကျမိပါတယ် မမရွှေစင်ရေ....


သက်ဆုံးတိုင် အခုလိုပဲ ချစ်၂ခင်၂ရွှေလက်တွဲသွားနိုင်ကြပါစေ။း)))

ချစ်ညီမလေး