ကျနော်လည်း ၁၀ တန်းအောင်စာရင်း တွေထွက်မယ် ကြားတော့ တော်တော် တုံလှုပ်သွားမိတယ်..၊ အားပေးမဲ့ ချစ်ချစ်ကြီး ကလည်းမရှိဆိုတော့ စိတ်လည်းညစ်သွားမိတယ်..၊ တကယ်လို့များ ချစ်ချစ်ကြီး စာမေးပွဲ ကျခဲ့ရင် ကျနော် ရဲ့ ဂုဏ်သိက္ခာလည်း..အင်း..တွေးတောင် မတွေးချင်ပါဘူး..။
နောက် ပြီး ရန်သူရဲ့ အဲ..ဖေဖေ ရဲ့ အဆက်မပြတ် တိုက်ခိုက်ခြင်းခံနေရတဲ့ ချစ်ချစ်ကြီး ကိုလည်း တော်တော် သနားနေပြီကိုးဗျ..၊ အဲဒီတော့ ၁၀ တန်းအောင်တာကို ဘာမှတန်ဘိုးမထားပေမဲ့လည်း မစားရတဲ့ စပျစ်သီး ချဉ်တယ်ဆိုတဲ့ အဖြစ်မျိုးတော့ အဖြစ်မခံနိုင်ဘူး..။
တောက်လျှောက် ကျနော်လည်း စိတ်လှုပ်ရှားနေမိတယ်..၊ မနက် အစောကြီးတော့ အောင်စာရင်း ကပ်မယ် ထင်တယ် .... အောင်စာရင်းကို ဘယ်လိုများသွားကြည့်ရပါ့မလဲ...၊ ကျနော့် အောင်စာရင်း နဲ့ ပတ်သက်လို့တောင် ဒီလိုမျိုးတခါ မှ မဖြစ်ဘူးပါဘူးဗျာ..၊ တော်တော် ဒုက္ခပေးတဲ့ ချစ်ချစ်ကြီးပါ့လား..လို့ တွေးရင်းတွေးရင်း ဒေါသတွေ ထွက် ထွက်လာမိတယ်...အဲ ပိုပိုချစ်လာမိတယ်..၊ အဲဒါနဲ့ အိပ်ယာထဲ တလူးလူး တလိမ့်လိမ့် နဲ့ အိပ်မပျော် ဖြစ်နေတုန်း ကျနော် နံမည် အောက်က ခေါ်သံကြားရတယ်..၊ ကျနော်လည်း အောက်ထပ်ကို ဆင်းပြေးသွားတာပေါ့..။
အဲဒီမှာ..သူ့တို့အိမ်မှာ နေတဲ့ အဆောင်ကျောင်းသူ ၄-၅ ယောက်လောက်နဲ့ သူ့ညီမလေး ကိုတွေ့တယ်..၊ သူ့ အိမ်က ပြောခိုင်းလိုက်လို့တဲ့..ချစ်ချစ်ကြီး စာမေးပွဲ အောင်သွားပါပြီတဲ့...၊ တော်လိုက် တဲ့.. ဆရာမ ဗျာ..၊ အဲ တော်လိုက်တဲ့ ချစ်ချစ်ကြီးဗျာ...၊ ၁၀ တန်း စာမေးပွဲ ကို ၁၀ နှစ်တိတိ ဖြေဆိုပြီးတဲ့ နောက် အမှန်တကယ်ဘဲ အောင်မြင်သွားပါပြီဗျာ..။
အဲဒါနဲ့ ကျနော်လည်း ချက်ချင်းဘဲ (အောင်ပွဲခံဘို့ ဟော်တယ်ကိုဖုန်းဆက် ရှန်ပိန် ပုလင်းတွေမှာ ပြီး သူငယ်ချင်းတွေနဲ့ စားပွဲ သောက်ပွဲ ကြီးကျင်းပ) အပြင်ထွက် ၃၅ လမ်း နဲ့ ၇၉ လမ်းထောင့်က မိုးလင်း ရောင်း တဲ့ အီကြာကွေးနဲ့ မလိုင် နဲ့ အားလုံးကို ကျွေးမွေးပြီး စိတ်ချမ်းသာစွာ အိပ်ပျော်သွားပါတယ်..၊ အော်..ကောင်းလေစွ..ကောင်းလေစွ..။
အိပ်ပျော်လို့ သိပ်ကြာတယ်လို့ မထင်တဲ့ အချိန်မှာ (..အမှန်တော့ လမ်းထဲမှာလည်း ၁၀တန်း အောင်စာရင်း တွေထွက်မှာ ဆိုတော့ ဆူညံလှုတ်ရှားစပြုနေပါပြီ..) ကျနော် မှတ်မိနေကျ ဆိုင်ကယ်ဟွန်းသံ သဲ့သဲ့ ကြားရပါတယ်..၊ ကျနော်လည်း အမြန်ခုန်ထပြီး ချစ်ချစ်ကြီး ပြန်ရောက်လာပြီ ထင်တယ်ဆိုပြီး တခါပြန်ထ ရပြန်တယ်..။
ဟုတ်ပါတယ်ဗျာ မနက် ၅ နာရီလောက်မှာ တောင်ကြီးက အပြန် ကျနော်ဆီ တန်းဝင်လာ ပါတယ်တဲ့.. ကျနော်လည်း အောင်စာရင်း တွေထွက်ပြီ အောင်တယ်..အောင်တယ် ဆိုပြီး ဝမ်းသာအားရ ပြောရတာပေါ့...၊ အဲဒီမှာ သူလည်း ဝမ်းသာပြီး အောင်စာရင်း သွားကြည့်မယ် ဆိုပြီးထွက်သွားပါတယ်..၊ ကျနော် ကတော့ လိုက်လို့မရသေးဘူးလေ..အိမ်ပေါ်မှာ မဟာရန်သူတော်ကြီး အဲ.ဖခမည်းတော်ကြီး ရှိနေတာ ဆိုတော့..မိုးလင်းမှ လာခဲ့မယ် ဆိုပြီး ပြန်ချိန်းလိုက်ရတာပေါ့..။
အဲဒီနေ့ မှာဘဲ သူ့အိမ်က အငြိမ့် တော့ မခံပါဘူး၊ ဒါပေမဲ့ ရေခဲမုန့်တွေ ကိတ်မုန့် တွေမှာပြီး တနေ့ကုန် ကျွေးမွေး ဧည့်ခံပါတယ်ဗျာ..၊ သူ့ အဖေကတော့ မိန်းကြီးပေါ်မှာ ဂျွမ်းသွားထိုးမယ် တကဲကဲ လုပ်နေလို့ မနဲဘဲ ဆွဲထားကြရပါတယ်..။
အဲ ကျနော် ပြောဘို့ တခုကျန်သွားပါတယ်..၊ သူ့ကိုကျနော် စာသင်ပေးတော့ ဘာသာအားလုံး ကျနော် သင်ပေးပါတယ်၊ အင်္ဂလိပ်စာတော့ ကျနော့် ကိုယ် ကျနော် စိတ်မချလို့ အသက် ၈၄ နှစ်ရှိတဲ့ ကျနော့်သူငယ်ချင်းရဲ့ အဖိုး မန္တလေး တိုင်းပညာရေးမှုး အငြိမ်းစား (နံမည် မသေချာ၊ နောက်မှ ဖော်ပြပေး ပါ့မယ်) နဲ့ one by one သင်ခိုင်းပါတယ်။
ဆရာကြီးကလည်း သူ ၁၀တန်း အောင်သွားတဲ့ အတွက် အရမ်းဝမ်းသာပြီး ဆိုက်ဂျဲရိုး ကြီးနဲ့ အိမ်ကိုချီတက်လာပြီး ရေခဲမုန့် ၃ပွဲတိတိ အားပေး သွားပါကြောင်း..၊ ကျနော် တို့လည်း အသက် ၈၄ နှစ် ရှိတဲ့ သူ့ရဲ့ ဆရာကြီးနဲ့ ၁၀တန်း ကို ၁၀နှစ်တိတိ ဖြေဆိုပြီး အောင်မြင်ခဲ့ တဲ့ တပည့်ကြီးတို့ကို ကြည့်ပြီး ဝမ်းသာပိတိများဖြစ်ခဲ့ရပါကြောင်း..။
၁၀ တန်းအောင်ပြီး သွားတော့လည်း ဖခမည်းတော် ဘုရားက ၁၀တန်းအောင်တော့ ဘာလုပ်ရမှာလည်း (အင်ဂျင်နီယာကြီး...၊ ဆရာဝန်ကြီး..မှ မဖြစ်သေးတာ) ဆိုတဲ့ စကားကြောင့်..(ရွေးကောက်ပွဲ နိုင်တော့ ဘာလုပ်ရမှာလည်း အခြေခံ ဥပဒေမှ မရှိသေးတာ ဆိုတာမျိုးပေါ့ဗျာ.... ) ကျနော်တို့ ၂ယောက် ကတော့ ဖူးစာဆုံခွင့် မကြုံရ သေးပါဘူးခင်ဗျား..။
နောက်ဆက်တွဲ ဇာတ်လမ်းများကို ဆက်လက် ဖော်ပြပေးပါ့မယ်
.
7 comments:
.... ကောင်းလိုက်တဲ့ ဥပမာဗျာ။ သံကွင်းနံ့လေး သင်းလို့ ..
မင်းဒင်
ရွှေစင် တို့ကတော့ဖြစ်ရမယ်....ချစ်ချစ်ကြီးက တကယ်ပဲ ၁၀တန်းကို ၁၀ခါဖြေခဲ့ရတာလားဟင်...ချီးကျူးတယ် သိလား ဇွဲကောင်းလို့...
ကိုသက်ခိုင် နဲ့ အဖော်ရတာပေါ့ဗျာ
မချစ်ကြည်အေး ရေ ကျနော် မစတတ်ပါဘူးဗျာ တကယ်ပါ
မင်္ဂလာပါ..
လည်လည်လာပါတယ်။ နောက်ဆက်တွဲလေးတွေ လုပ်ပါအုံး။ ဟုတ်ပါရဲ့လေ.. ဆယ်တန်းအောင်တာ ဆရာဝန်ကြီး..အင်ဂျင်နီယာကြီးမှ မဖြစ်သေးတာ... ဆက်လုပ်... အားပေးနေမယ်..
ခင်မင်စွာဖြင့်
ကိုမျိုး
Dear sister,
I admire you and your writing style.
But if you don't mind, i would like you to be care of actual situation of our country.
On the other hand, i would like the whole people of my country to be brave like you.
မြန်မာပြည်မှာ စာအုပ်ထုတ်ရင် ဆင်ဆာဖြတ်ခံ၇မယ့် အရေးအသားတွေပါတယ်နော်..ဘလော့မှာမို့လို့ပေါ့
ဆက်ရေးပါ ..အားပေးဖတ်သွားမယ်
ဟင်းးးးးးးး......တဆင့်ပီးတဆင့်ပိုလာပီ....
ဖတ်ရတဲ့သူလည်း ရင်တထိတ်ထိတ်...
ချစ်ညီမလေး
Post a Comment