၃.၂
ကျနော် ရဲ့တပည့်ကျော် တွေ အကြောင်းပြောရရင် တော့ တော်တော်နဲ့ကုန်မယ်မထင်ဘူး၊ အခု ၃.၁ မှာပါတဲ့ တပည်ကျော် အကြောင်း ဆက်ပြောရအောင်..၊ သူ့ရွာက ကျနော့် ဆိုင်မှာ ဓါတ်ပုံတွေ vinyl တွေ အားပေးနေကြတာကို ကျနော်ပြောပြီးပြီနော်..၊ သူ့ ဆွေတော် မျိုးတော် တွေအားလုံးနဲ့ တရွာလုံးက သူငယ်ချင်းတွေ ပေါ့ ဗျာ..၊ သူ့ အပြောအရဆိုရင်တော့ ရွာက ကျောင်းထိုင် ဘုန်းကြီးကြီး တောင်ပါသေးတယ်ဆိုဘဲ..။
ကျနော် လည်း ဆရာ့ passport ပုံကို သူလက်စွမ်းပြလိုက် ကထဲက ...ဆရာ့ ကို မနဲ တောင်းပန် လိုက်ပြီးတဲ့ နောက် သူ့အရည် အချင်း ကိုတော်တော် သတိထား မိသွားပြီး..ဒီကောင် သူ့ရွာက ပုံတွေ vinyl တွေဘယ်လိုများ ပြင်ပေးနေပါလိမ့်ဆိုပြီး သံသယ ဝင်လာမိတယ်..။
passport ပုံကိစ္စ ဖြစ်ပြီးတော့ သူ့ကိုလည်းတော်တော်ဆူထားတာဆိုတော့..၊ စိတ်ဓါတ်များကြပြီး..ရေမရှိတဲ့ ချောင်း နှာခေါင်းဖော် သေများနေမလား၊ စိန် နဲ့ သံပရာ သီးအစား သကြားနဲ့ သံပရာ သီးနဲ့ များမှားစားပြီး သူကိုယ့်သူ သေကြောင်းများ ကြံနေအုန်း မလား ဆိုပြီး သူ့နောက်ကို အမြဲ shadow လိုက်နေတယ်..၊ အခါတိုင်း ညဘက်တွေ အလုပ်မရှိရင် သူ့ရွာ က ကြီးဒေါ်ပုံတို့၊ ဘကြီးကြီး ပုံ တို့ကို အမြဲပြင်နေကြပါ..။ အခုတော့ သူက ဘောလုံးပွဲ dvd တွေကြည့်၊ အင်တာနက် သုံးဆိုတော့ ဒီကောင် ငါပြောလိုက်လို့များ သူ့ရဲ့ မဟာဒီဇိုင်းနာ စီမံကိန်း ကြီးကို စွန့်လွှတ်များ စွှန့်လွှတ်လိုက်ပြီလား ဆိုပြီး စိတ်တွေ မကောင်းဖြစ် နေမိတယ်..။
ဒင်းက တည လာလည်း ဒီအချိုး နောက်တည လာလည်း ဒီအချိုးဆိုတော့ ကျနော် လည်းစိတ်မကောင်းတွေ ဖြစ်ပြီး၊ သြ ဒို့ ကွန်ပျူတာ လောကကြီး အတွက် အရည်အချင်းရှိတဲ့ ဒီဇိုင်းနာ တယောက် ငါ့ရဲ့ အပြောအဆို မလိမ္မာမှု့ကြောင့် ဆုံးရှုံးလိုက်ရတော့ မှာဘဲဆိုပြီး..တညတော့ သူတယောက်ထဲ အင်တာနက် သုံးနေတုံး အေးအေးဆေးဆေး မေးမယ်..၊ စိတ်ဓါတ်တွေ မြှင့်တင်ပေးမယ် ပေါ့ ဆိုပြီး ..အကျိုးအကြောင်းမေးမိတယ်ဗျာ..။
ဟေ့ကောင် မင်းအခုတလော ပုံတွေပြင်တာလည်း မတွေ့ပါလား..၊ ခါတိုင်းဆိုရင် မင်းရွာက vinyl တွေ ဓါတ်ပုံတွေ လုပ်နေတာ အခုဘာဖြစ်လို့ လည်း ဆရာမ ကိုပြောအုန်း..ဆိုပြီး ချောချောမော့မော့ မေးရတော့တာပေါ့ဗျာ..၊ မေးလိုက်ခါမှ ကိုယ်တော်ချော ကဝမ်းနဲ လာတဲ့ ပုံနဲ့ မျက်လုံးလေး ပေကလပ် ပေကလပ် လုပ်လာတယ်..၊ ကျနော်လည်း ငါတော်တော် မကောင်းတာဘဲ လူတယောက်ကို ဒီလောက်တောင် စိတ်ဓါတ်ကျသွားအောင်၊ ဘ၀ ရည်မှန်းချက် တွေ စွှန့်လွှတ်သွားအောင် ပြောလိုက်မိတယ်..ဆိုပြီး ကျနော်ပါ ရော ငိုချင်သလိုလို ဖြစ်လာတယ်..။
ဆရာမ မင်းကို ပြောမိတာ မင်းကောင်းစေချင်လို့ပါကွာ..နောက်ပြီး မင်းအမြဲတန်း ဒီလောက် ကျိုးစားပြီး ဒီဇိုင်းတွေလုပ် နေတာဆိုတော့.. တချိန်မှာ မင်းကို ဆရာမ အားကိုးရမှာပါ...ကျိုးစားလုပ်ပါကွာ.. အလေ့အကျင့်လည်း မပျက်ပါ့စေ နဲ့ပေါ့... ဆိုပြီး..ချော့ ရတာ ချော့ရတာ..၊ အဲဒီတော့ မှ ကိုယ်တော်ချောက ငိုသံပါကြီးနဲ့ ပြန်ပြောတော်မူတယ်..၊။
ဆရာမ ဆူတာနဲ့ဘာမှ မဆိုင်ပါဘူး..တဲ့ (အင်း..ကျနော်လည်း အဲဒီတော့မှ ရင်ဘတ်ထဲက အလုံးကြီး ပြုတ်ကျသွားတယ်..ငါနဲ့ မဆိုင်ဘူး တဲ့ တော်ပါသေးတယ်..၊ တော်ပါသေးတယ်ပေါ့....)၊ ကျနော့် အကြောင်းနဲ့ ကျနော်ပါ ဆိုပြီး ထပ်ပြောပြန်တော့..၊ ဘာအကြောင်းများလည်း ဆိုပြီး စိတ်တွေ ပူသွားပြန်တယ်..၊ မင်းအကြောင်းက ဘာလည်းကွာ ဆရာမ ကိုပြောပါအုန်း ဆိုတော့မှ..။ ဆရာမ ခဏနေအုန်း ဆိုပြီး အပေါ်ထပ် သူ့အခန်းကို တက်သွားတယ်..၊ ခဏနေတော့ ပြန်ဆင်းလာပြီး ဆရာမ ဒီစာလေးသာ ဖတ်ကြည့်ပါတော့ ဆိုပြီး စာလေးတစောင်ပေးလာပါတယ်..။
စာလေးက ဗလာစာအုပ် ကနေ မညီမညာ စုတ်ဖြဲပြီး ရေးထားတာဗျ..၄-၅ ရွက်လောက်ရှိတယ်.၊ ကျနော်လည်း စိတ်ဝင်တစား ဖတ်မိတာပေါ့..။
စာလေးက..
သားလူလေး
အဖေ စာရေးလိုက်တယ်..၊ မင်းတော့ ရွာပြန်လာဘို့တောင် မလွယ်တော့ဘူးကွာ..၊ မင်း ပို့လိုက်တဲ့ ဘီနိုင်း ချပ်တွေနဲ့ ဒါတ်ပုံ တွေကို မင်းကြီးတော်ကြီး တွေနဲ့ မင်းသူငယ်ချင်းတွေ ဟို ငါ့ငယ်ရီးစားဟောင်း မင်းရဲ့ မတော်လိုက်ရတဲ့ အမေ ရွာကွန်းတောင်ကိုင် ဟောင်း မမယ်ချော ကလည်း ကြိုက်ကြတယ်ကွာ၊ အားလုံးဘဲ အိမ်နံရံ မှာ သံမှို နဲ့နှုက် ပြီး ချိတ်ထားကြပါတယ်၊ အဖေ လည်း အဲဒီအိမ် တွေကို ရောက်တိုင်း ငါ့သား လုပ်ပေးလိုက်တဲ့ ပုံတွေဆိုပြီး ဂုဏ်ယူလိုက် ရတာမောနေတာဘဲကွာ၊ ..မမယ်ချော အိမ်ဆိုရင် အဖေ အမြဲတန်း သွားလည်ပြီး ငါ့သားလက်ရာကို အားပေးနေကြပါ။
မင်း ကြမ္မာ ငင်ချင်တော့ ဟို ဒို့ရွာ ဘုရားပွဲမှာ ဒို့ ဘုန်းကြီးကြီး ပုံကို ရွာထိပ် က ညောင်ပင်ကြီးမှာ ချိတ်ပြီး ဘုရားပွဲ ရက်ကို ကြော်ငြာမယ် ဆိုပြီး မင်းဘဒွေးလေး နဲ့ ဟိုတလောက ပေးလိုက်တဲ့ ဘီနိုင်း ချပ်ပေါ့ကွာ..၊ မင်း လူကြုံ နဲ့ ထည့်ပေးလိုက်ပြီးတော့ ဒို့လည်း ညောင်ပင်ကြီးမှာ ချိတ်ထားပြီး အားလုံးတပြုံးပြုံး နဲ့ပေါ့ကွာ..။
ဖြစ်ချင်တော့ကွာ ဟို..လမိုက်ညက ဟိုဘက်ရွာ က ငအေးတို့ ဒို့ရွာဘက် လူပျိုလှည့်လာတော့ ညောင်ပင်ကြီး အောက်မှာ ဝင်နားကြပါလေရော..၊ အဲဒီမှာ လေက အတိုက် ဘီနိုင်းချပ်က ပြုတ်အကျ နဲ့ ဟိုကောင် တွေ မမြင်ရတဲ့ မျက်စိနဲ့ ကြည့်လိုက်တာ ဒို့ဘုန်းကြီးကြီး ပုံကို ဘီလူကြီး စောင်ချုံ ထားတဲ့ ပုံလို့ အထင်မှား ပြီး ရွာထဲဝင်ပြေးလာလိုက်ကြတာ ဘုန်းကြီးကြီးကျောင်း ဒုတ်ဒုတ်ထိ ရောက်သွားတယ်ကွာ..။
ဟိုရောက်တော့ ရွာထိပ်ညောင်ပင်မှာ ဘီလူးကြီး စောင်ကြီးချုံပြီး ညောင်ပင်ပေါ်က ပြုတ်ကြလာလို့ဆိုပြီး အရမ်းကြောက် နေကြတော့ ဒို့ ဘုန်းဘုန်းကြီးကဘဲ ရေမန်းတွေတိုက် ပြီး ဟို သိမ်ဝင်ပုတီးတွေ စွပ်ပေးလို့ပေါ့ကွာ..၊ နောက်တော့ ဒုတ်မီး တွေနဲ့ ဘီးလူးကြီး သွားကြည့်မယ် ဆိုပြီး ဘုန်းဘုန်းကြီး ဦးဆောင်ပြီး သွားလိုက်ကြတာ.. ရွာထိပ်ညောင်ပင်ကြီးလည်း ရောက်ရော ဘီးလူးကြီး စောင်ခြုံတာ မဟုတ်ဘဲ ဘီနိုင်းချပ် ထဲက ဘုန်းဘုန်းကြီး ဖြစ်နေပါရောကွာ..။
အဲဒါနဲ့ ဘုန်းဘုန်းကြီးလည်း အဲဒီ အချပ်ကြီး ကျောင်းသယ်ခဲ့စမ်း ဆိုပြိး ကျောင်းရောက် တော့ တညလုံး ဘက်ထရီ မီးထွန်းပြီး ဟိုဘက်က လှည့်ကြည်လိုက်..၊ ဒီဘက်က လှည့်ကြည့် လိုက်နဲ့ တဲ့ ကွာ..၊ အဖေ ကြားသလောက်..ကပ်ပိယ ကြီးအပြောအရ ဆိုရင် တချက်တချက် ဘုန်းဘုန်းကြီး တောက်ခေါက်သံဟာ ကျောင်းတောင် တုန်တုန် သွားဆိုဘဲ...။
မနက် မိုးတောင်မလင်းသေးပါဘူး.၊ ကပ်ပိယ ကြီးက အဖေကို လာခေါ်ပါလေရော..၊ အဖေလည်း မင်းအမေ နောက်ဖေး ခြုံ တိုးနေတာတောင် နှုတ်မဆက် အားတော့ဘဲ အပြေးလိုက်သွားရတယ်..၊ ဘုန်းဘုန်းကြီး ဒေါသ ကို အဖေ တို့ဘယ်လောက် ကြောက်ရသလည်းဆိုတာ မင်းသိပါတယ်..၊ ဟိုရောက်တော့ ဒီ ဘီနိုင်း ချပ်ကို မင်းသား ငတိ လုပ်ထားတာဆို ဆိုပြီးမေးပါတယ်..၊ အဖေ လည်း ဝမ်းသာအားရနဲ့ ဟုတ်ပါတယ် ဘုရား ..ကွန်ပျူတာ ဆိုတာကြီးနဲ့ တပည်တော်သား ဝင်းထွန်းထွန်းပြောင် (မြို့နာမည်) လုပ်တာပါဆိုတော့..၊ တော် ဆိုပြီး အော်ထည့်လိုက်တာ အဖေ တောင် ကြောက်လွန်း လို့ သေးနဲနဲ ထွက်သွားတယ် ..။
ငါ လူကိစ္စ တွေမပြောချင်လို့ အသာနေနေတာ ကွန်ပျူတာဆိုတာကြီးနဲ့ မလှတာကို လှအောင်၊ မကောင်းတာကို ကောင်းအောင်လုပ် ပေးနေတာ အခု နင့်သား လုပ်မှ ငါ လည်း ဘီလူးရုပ် ဖြစ်ရောတဲ့..၊ အဖေ လည်း ငါသားအတွက် ပြောပေးပါသေးတယ်..၊ ဘုန်းဘုန်း တရွာလုံးက သား ဝင်းထွန်းထွန်းပြောင် လုပ်တာတွေကို ကြိုက်ကြလွန်းလို့ အိမ်တိုင်းအိမ်တိုင်းမှာ သံမှိုနဲ့နှုက်ပြီး ချိတ်ထားကြပါတယ် ဘုရားလို့ပြောတော့ ..တိတ် တဲ့ ငါ ကြည့်ပြီးသားတဲ့ ဆိုက်ကား တောင် မစီးဘူးတဲ့ နင့် ရီးစားဟောင်းကို မတန်မရာ မော်တော်ကားကြီး ပေါ်တင်ပေးထား..၊ တဲကုပ် တောင် အမိုးလုံအောင် မမိုးနိုင်တဲ့ နင်ဂျီးတော် ကြီးကို ဟော်တယ် ခန်းထဲ ထည့်ပေးပြီး မတန်မရာ တယ်လီဖုန်း ကြီးဘေးချထားလို့ထားတဲ့..၊ တယ်လီဖုန်း တလုံး ပိုင်ဘို့လွယ်တာမှတ်လို့ တဲ့..(အဖေ ထင်တာတော့ တရွာလုံးမှာ ဖုန်းပိုင်တာ ဘုန်းဘုန်းကြီး တယောက်ဘဲ ရှိတာဆိုတော့ နဲနဲများ မနာလိုတာလားလို့....)။
ရုပ်တွေ ကြည့်တော့ လုပ်ထားလိုက်တာ သရဲရုပ်၊ စုန်းမရုပ်တဲ့...(အဖေ ထင်တာတော့ သူခိုးသေဖော် ညှိတယ် ထင်တာပါဘဲ..)၊ အေး ငါနောက်ဆုံး ပြောမယ် နင်သားလုပ်တဲ့ ဘီနိုင်းချပ် တို့ ဓါတ်ပုံ တို့ဆိုတာ ဒီရွာမှာ တခုမှ မမြင်ချင်ဘူးတဲ့...၊ အေး နင့် သား ငတိ ဆိုတဲ့ ကောင်ကိုလည်း ငါနဲနဲ မှမကြည့်ချင်ဘူးတဲ့..။ စိတ်မကောင်းပါဘူး ငါ့သားရယ်..အခုဆို မင်းလုပ်ပေးတဲ့ ဟာတွေ အားလုံးကို ဘုန်းဘုန်းကြီး ကြောက်ကြလွန်းလို့ ဒါးနဲ့ စင်း တဲ့ သူက စင်း၊ မိးနဲ့ ရှို့တဲ့သူက ရှို့နဲ့ အားလုံးမရှိတော့ဘူး..၊ အဖေတောင် မမယ်ချော အိမ်ကို မင်းဘီနိုင်း ချပ် အကြောင်းပြစရာ မရှိတော့ မသွားရတာ အတော်ကြာသွားပါပြီကွယ်..။
စာကျွင်း
ငါသား သင်းကျန် လာလည် ရင် ဘုန်းကြီးကြီး ခွင့်လွှတ်အောင် အဖေ တောင်းပန်ထားပါမယ်..၊ ဘုန်းဘုန်းကြီး ကြိုက်တတ်တဲ့ .. မင်းသူငယ်ချင်း တွေပြောပြောနေတဲ့ ရွာက ခင်လှရင် တို့ တင်မကြီး ဆိုတဲ့ ကောင်မလေး တွေကိုခေါ်ခေါ်နေတဲ့ နံမည်လေကွာ ချော..ခလက် ဆိုလား..၊ များများ သာဝယ်ခဲ့ပါ.. အဖေတို့လည်း တွယ်ရအောင်..၊ ဘုန်းကြီးကြီးလည်း ဘိုက်စာ တဲ့ အခါမြုံ ရအောင်ကွာ..။
မင်းရဲ အဖေ
ဝတုပ်ရွာ
(ကလေး မြို့နှင့် ၉၉မိုင် ၆ ဖာလုံ အကွာ)
အင်း နောက်ဆုံးက ဟာကတော့ မိုင်တိုင် ကိုကြည့်ပြီးတွယ်ထားတာ ထင်တယ်..၊ ကျနော်လည်း စာတစောင်လုံးလည်း ကုန်ရော ဒင်းဟာ.....တကယ် တကယ်ကို ငိုရုံတင် မကပါဘူး၊ ရေမရှိတဲ့ ချောင်း နှာခေါင်းဖော်သေရင် ကြာနေမှာ စိုးလို့ ဆိုင်မှာ ရှိတဲ့ ကျောက်စီပိုင်း ထဲမှာ ငါကိုင်တိုင် ခေါင်းနှစ်ထားပြီး သတ်သင့်တဲ့ အကောင်၊ ဒင်းထိုက်နဲ့ ဒင်းကံ ခံဆိုပြီး....ကျနော် ရဲ့ ဆုံးရှုံးသွား သော ဝတုတ် ရွာ မှ ဖောက်သည်များ ကို နှမြောတသခြင်း များစွာနဲ့ ဒီ ပို့စ် လေးကို အလွမ်းပြေ ရေးလိုက်ရပါတယ်ခင်ဗျား။
လေးစားစွာဖြင့်
စာရေးသူ- ရွှေစင်ဦး
.

5 comments:
ဆရာထက် တပည့်လက်စွမ်းထက် ဆိုသလိုပဲ ဖတ်ပြီး သဘောကျသွားပါတယ်။
ကျနော်သာ ဒိဇိုင်းတွေလုပ်ရင် မြန်မာ တပြည်လုံးထွက်ပြေးသွားကြမှာ အမှန်ပါ
လာအားပေးတာကျေးဇူးပါ

ဟာာာ တပည့်ကျော်ဂိပြီပေါ့ သနားပါတယ်ဗျာ
သူကလိဖို့ ကုန်ကြမ်းတွေမရနိုင်တော့ဖူးပေါ့
ဟားဟား.....နေဦး နောက်တစ်ခါကျ ကြည့်မရတဲ့သူတွေ၊ အမြင်ကတ်တဲ့သူတွေကိုဆိုရင် ဗီနိုင်းထုတ်ချင်ရင် မမရွှေစင်ဆိုင်က ၀င်းထွန်းထွန်းပြောင်ဆီကို သွားပါလို့ လမ်းညွှန်လိုက်ဦးမှ။ :D :D
ချစ်ညီမလေး
Post a Comment