Monday, January 14, 2013

မြလှိုင် ၏ ဘဝနေဝင်ချိန်, အပိုင်း (၃၄)

သခင်လူကြီးသည် ကျွန်တော်တို့အား ဂရုတစိုက်ပင် လူငယ်တစ်ဦးထည့်၍ ဒိုင်းဝန်းတွင်းတစ်ချမ်းပဲ ရပ်ရှိ ဒေါ်အေးမြင့် ၏ တိုက်သို့ လိုက်လံပို့ဆောင်ပေးပါသည်။ ဒေါ်အေးမြင့်သည် မော်လမြိုင်မြို့တွင် လူသိ များသော စက် ရှုတရားသူကြီး ဦးဘဦး၏ဇနီး ဖြစ်ပါသည်။ ယခုအခါ ဦးဘဦးမှာ ကွယ်လွန် သွားခဲ့ပြီဖြစ်၍ ဒေါ်အေးမြင့်သည် ပညာတက် သားသမီးများနှင့် သိုက်သိုက်ဝန်းဝန်း နေထိုင်လျက် ရှိနေပါသည်။ ဗိုလ်လက်ျာထံမှ စာကို ပြသောအခါ အိမ်သားလုံး ဝမ်းသားအားရ ဖြစ်ခဲ့ကြသည။် ကြီးကြီးဒေါ်အေးမြင့်သည် အသက်အရွဝ် ကြီးရင့်သော်လည်း ကျန်း မာရေး အထူုးကောင်းမွန် လှပါသည်။ ၄င်း၏ခင်ပွန်း ဦးဘဦး စက်ရှင်တရားသူကြီးအဖြစ် ဖျာပုံ၌ အမှုထမ်းစဉ် ကျွန်တော်၏ မိဘများနှင့် ကျွမ်းဝင်ရင်းနှီးခဲ့ပြီး ဗိုလ်လက်ျာတို့ ဗမာ့လွတ်လပ်ရေး တပ်မတော် ထားဝယ်မြို့မှ ချီတက် လာစဉ် မော်လမြိုင်သို့ ရောက်သောအခါ ကြီးကြီး ဒေါ်အေးမြင့် တို့ မိသားစုနှင့် ပြန်လည်ဆုံးစည်းခွင့် ကြုံခဲ့ကြခြင်း ဖြစ်ပါသည်။ ကို ဆက်ရန် .....

"ဒီက တူတော်မောင်များ... စိတ်ချမ်းချမ်းသာသာ နေကြပါ။ နံနက်ကျမှပဲ ကိုစိုးနဲ့ သွားချင်တဲ့ဆီ လိုက်ပို့ပေး ပါ့မယ်"
ကျွန်တော် တို့ နှစ်ယောက်သည် ငရဲပြည်မှ ရုတ်တရက် နတ်ပြည်ရောက်သူများပမာ ဖြစ်ခဲ့ရပြန်ပါသည်။ အဘယ့် ကြောင့်ဆိုသော် ယခု ကျွန်တော်တို့အား ဧည့်ခံပြုစုရာတွင် အစစအရာရာ လိုလေသေး မရှိ ပြည့်စုံ လွန်းလှခြင်း ကြောင့် ဖြစ်ပါသည်။ ကျွန်တော်တို့ နှစ်ယောက်သည် ငတ်မရှက်နိုင်ကြသူများ ပမာ ဧည့်ခံကျွေးမွေး သမျှ ကို မြိန်ယှက်စွာ စားသောက်ရင်း လမ်းခရီးတစ်လျှောက် ဒုက္ခရောက်လာခဲ့ ပုံများကို ပြောပြသောအခါ ကြားရသော အိမ်သားများက ရင်သက်အံ့သြမဆုံး ဖြစ်ခဲ့ကြလေသည်။ ထမင်း စားသောက်ပြီး၍ မကြာမီပင် ခရီး ပင်ပန်းမှုကြောင့် မျက်စိ များ စင်းလာပြီး ငိုက်မျဉ်းစ ပြုလာတော့သည်။

"ခရီးပန်းလာကြတယ် နားလိုက်ကြပါဦးလေ"
အထက်ပါစကားကို ဟန်ပင်မဆောင်နိုင်ဘဲ ဝမ်းသားစွာဖြင့် လက်ခံ၍ မိမိတို့အတွက် ပြင်ဆင်ပေးသော ဖြူစင် သန့်ရှင်းသော အိပ်ရာထက်ဆီသို့ သွားရောက် ကျော်ဆန့်လိုက်မိပါတော့သည်။
မော်လမြိုင်မြို့ သည် သာယာလှပသန့်ရှင်းသော ဆိပ်ကမ်းမြို့ ဖြစ်ပါသည်။ ဒေါ်အေးမြင့်၏ သားလတ် ဦးပြည်စိုး သည် ကျွန်တော် တို့အား ၄င်းတို့ပိုင် မော်တော်ကားဖြင့် မော်လမြိုင်မြို့အနှံ့ လိုက်လံ ပို့ဆောင်ပေး ပါသည်။ မော်လမြိုင်မြို့ ၏ အဓိက လမ်းကြီး သုံးသွယ်မှာ အောက်လမ်းမကြီး၊ အထက်လမ်းမကြီးနှင့် ဒါလဟိုဇီ လမ်း တို့ ဖြစ် ပါသည်။ မော်ငံရပ်မှသည် ဒိုင်းဝန်းကွင်းအထိ ၇မိုင်ခန့် ရှည်သည်ဟု ထင်ပါ သည်။ မော်လမြိုင်၏ စည်ကားသော အရပ်မှာ ဈေးကြီးရပ်ဖြစ်ပါသည် အမှန်စင်စစ် မော်လမြိုင်မြို့သည် မွန်တို့ဌာနီ ရာမညတိုင်း ၏ အလှတစ်ပါး ဖြစ်ပါ သည်တကား။
ကျွန်တော် တို့ မော်လမြိုင်မြို့အနှံ့ တန်ခိုးကြီးဘုရားများ၊ သိသင့်သိထိုက်သော မိတ်သင်္ဂဟ များနှင့် တွေ့ဆုံပြီသော အခါ ကျွန်တော်တို့နေထိုင်ရမည့် နေရာသို့ ရောက်ရှိခဲ့ပါသည်။ ကျွန်တော် တို့ နေထိုင်ရမည့် အဆောက်အအုံမှာ ထားဝယ်စုရပ်မှ သူဌေး ဦးချစ်ဖေပိုင် နှစ်ထပ်တိုက်တစ်လုံး ဖြစ်ပါသည်။

ယင်းတိုက်ကို ဦးချစ်ဖေ၏ သားဖြစ်သော ကိုဖေသောင်း (ဒေါက်တာဖေသောင်း၊ ပါမောက္ခ)၏ ခွင့်ပြုချက်အရ ကျွန်တော်တို့ အခမဲ့ နေထိုင်ခွင့် ရရှိခဲ့ကြပါ သည်။ ကျွန်တော်တို့ ရောက်ရှိသွားသောအခါ နယ်လှည့် ရာဇဝတ် ဝန်ကလေး အဖြစ် တာဝန်ထမ်းဆောင်နေသော သခင်သွင်ဆိုသူ နေထိုင်လျက် ရှိပြီး မကြာမီ မြဝတီ သို့ ပြောင်းရွှေ့ရမည် ဖြစ်ကြောင်း သိရှိရပါသည်။ လောလော ဆယ်အနေဖြင့်မူ ကျွန်တော်တို့အား လက်ခံကျွေးမွေး ၍ ထားမည်ဟု ပြောပါသည်။ စနစ်တကျမဟုတ်သော်လည်း လူမှုရေးစိတ်ဓာတ်နှင့် လူငယ်များပေါ် တွင် သြဇာတိက္ကမရှိသူ ကျောင်းဆရာဟောင်း ဦးသန်းဆိုသူက ဥက္ကဌ အဖြစ် ဆောင်ရွက်နေ သည်ကို တွေ့ရပါသည်။ ကျွန်တော်နှင့် ကိုလေးမြင့်ကို ဦးသန်းက မိတ်ဆက်ပေး သဖြင့် မော်လမြိုင် မြို့၏ မျက်နှာဖုံး လူကြီးများနှင့် သိကျွမ်းခွင့်ရပါသည်။ အချိန်က မော်လမြိုင်မြို့တွင် သြဇာတိက္ကမ ကြီးသူမှာ မီးစက် သူဌေးကြီး ဦးအုန်းဖေဖြစ်၍ ၄င်း၏သားဖြစ်သူ ဦးစိုးတင်မှာလည်း ကျွန်တော် တို့အား ကောင်းစွာ  ကူညီစောင့်ရှောက်မှုများ ပြုပါသည်။ ထို့ပြင် မော်လမြိုင်မြို့ ၏ ကျော်ကြားသော နိုင်ငံရေးခေါင်းဆောင်များလည်း ရှိကြပါသည်။ ၄င်းတို့မှာ သခင်သင်းလှိုင်၊ သခင်သန်း၊ သခင်မ ဒေါ်ခင်သန်းမြင့်၊ သခင်ထွန်းစိန်၊ သခင်လူကြီး၊ အမျိုးသမီးများထဲ မှ ဆရာမကြီး ဒေါ်တင်ကြည်၊ ဒေါ်နွယ်၊ ဒေါ်ခင်စု၊ (ဒေါ်စုစု)၊ ဒေါ်စောသိန်း (မုဒုံ)။ ဒေါ်သန်းကြည် (မုဒုံ) တို့ ဖြစ် ကြပါ သည်။

ရှေးယခင်က ကြားဖူးခဲု့သည့် ရန်ကုန်အကြွား၊ မန္တလေးစကား၊ မော်လမြိုင်အစားဆိုသည့် စကားရပ်ကို ကျွန်တော် စူးစမ်းမိသည်။ ကျွန်တော်တို့သည် မျက်နှာစိမ်း ဧည့်သည် များ ဖြစ်ခြင်းကြောင့် ပြုစုဧည့်ခံမှု တွင် ဒေသခံများအဖြစ် ဧည့်ဝတ်ကျေပွန်ကြခြင်း ရှိကြသလိုပင်။ ကျွန်တော် တို့၏ စားအိမ်သောက် အိမ်ဖြစ်သော ဒေါ်အေးမြင့်တို့ မိသားစု သည် လည်းကောင်း သူဌေးကြီး ဦးအုန်းဖေနှင့် သားဖြစ်သူ ဦးစိုးတင် သည် လည်းကောင်း၊ အစားအသောက် ဖွယ် ဖွယ်ရာရာကို ကျွေးမွေးခင်း ပြုကြပါသည်။ ထိုအခါ ကျွန်တော် သည် မော်လမြိုင်အစားဆိုသော စကားရပ်ကို ရာနှုန်းပြည့် လက်ခံရပါတော့သည်။ ကျွန်တော်တို့ အားငယ် ခံရသမျှသော စိတ်များသည် အစ်ကိုကြီးများကဲ့သို့ မားမားရပ်သော သခင်များ က ချေဖျက်ပေး ကြ သဖြင့် မော်လမြိုင် လမ်းခရီးကို မေ့ပျောက်ခဲ့ရပါတော့သည်။
"မော်လမြိုင်မြို့က ခုလိုဆိုတော့ သိပ်လှတာပဲဗျာ"
"ဟုတ်တယ်၊ ဒီကျိုက်ကလ္လာန် ဘုရားပေါ်က ကြည့်ရင် မော်လမြိုင်မြို့ရဲ့အလှ၊ သံလွင်မြစ်ရဲ့ အလှကို မြင်ရတာ ပေါ့"
"ကျွန်တော်တို့ မုဒုံကိုလည်း ရောက်ဖူးချင်တယ်"

"အို... ရတာပေါ့၊ မော်လမြိုင်ရဲ့ လမ်းမကြီး သုံးသွယ်အနက် အထက်လမ်းမကြီးသာ မုဒုံကိုသွားတဲ့ မော်တော် လမ်းကြီးပေါ့၊ မော်လမြိုင်က မော်တော်ကားနဲ့ သွားရင် ဈေးချို-ဖားအောက်-ကျောက်တစ်လုံး-နောက်ပြီး မုဒုံ"
"ဂျုံးဂျုံးကျ ဆိုတာက မုဒုံက သွားရတယ် မဟုတ်လား"
"ဟုတ်တယ် ဂျုံးဂျုံးကျမှာ စိတ်ဝင်စားစရာပြစရာတွေလည်း ရှိပါတယ်။ ကိုမြလှိုင်တို့ အာရှလူငယ် ဖွဲ့စည်းရေး သွားရင် မုဒုံ က လူငယ်တွေ အမျိုးသမီး လူငယ်တွေနဲ့ မြို့ခံလူကြီးတွေက လိုက်ပို့ပေးမှာပါ"
ကျိုက်ကလ္လာန် ဘုရားဖူး၍ ဆင်လာသောအခါ နေလုံးကြီးသည် ခေါင်းဆေးကျွန်းပေါ်သို့ မေးတင်လျက် ရှိနေပါပြီ။ ကျွန်တော်တို့ နှစ်ယောက်ကို ကိုပြည်စိုးက မော်တော်ကားဖြင့် လိုက်ပို့ပေးပြီး နှုတ်ဆက်ပြန် သွားသောအခါ အိပ် ရာပေါ်တွင် လှဲ၍ မမျှော်မှန်းသော ပြောင်းလဲမှုများကို စဉ်းစားနေမိပါသည်။

ကျွန်တော့်ဘဝသည် ငယ်စဉ်ကဘဝ ဖြစ်စဉ်များနှင့် ယခု ကျွန်တော်ရောက်ရှိနေသော ဘဝတို့မှာ အရှေ့နှင့် အနောက် သဖွယ် ဖြောင့်ဖြောင့်ဆန့်ကျုင်လျက် ရှိနေပါသည်။ ကျွန်တော့်မိခင်သည် ကျွန်တော်၏ မူလဗီဇ ဖြစ်သော ပေါ့ပေါ့နေ၊ ပေါ့ပေါ့စား လူပေကလေး တစ်ယောက်ဖြစ်မည့် အလားအာကို မြင်တွေ့လာခဲ့ရာမှ လမ်းကြောင်း ပြောင်းပေးခဲ့ခြင်း ဖြစ်ပါသည်။ မိခင်၏ ကျေးဇူး။ ဆရာသမားများ၏ ကျေးဇူးဖြင့် ကျွန်တော် တစ်ယောက် နိုင်ငံ အကျိုးသယ်ပိုး ဆောင်ရွက်နိုင်ခဲ့လေပြီ မဟုတ်ပါလား၊ သို့သော် ကျွန်တော်ယနေ့ ရပ်တည်နေသော ရပ်တည်ချက် ပေါ်တွင် သံသယစသိတ်များ ဝင်ရောက်လျက် ရှိနေပါသည်။ ယင်းသံသယ စိတ် မှာ ဂျပန်များနှင့် ပူးပေါင်း၍ နယ်ချဲ့စနစ်ကို တော်လှန်ခဲ့ခြင်းသည် နိုင်ငံလွတ်လပ်ရေးအတွက် အကြွင်းမဲ့ မှန်ကန်သော်လည်း ဂျပန်များက လွတ်လပ်ရေးပေးမည်ဟု လိမ်ညာလှည့်ဖြား၍ ကျွန်တော်တို့အား ကျွန် အဖြစ် ပြန်လည်သွတ်သွင်းခြင်း ဆိုသည်မှာ အမှန်ပင် ဟုတ်ပါ၏ လောဟု စဉ်းစားမိသည်။

ထိုနေရာတွင် ကျွန်တော်သည် ဂျပန်တို့၏ ရက်စက်ရိုင်းပြမှုနှင့် ဖိနှိပ် မှုများကို မျက်မြင်ုကိယ်တွေ့ ဖြစ်ခြင်းကြောင့် ဂျပန် ဆန့်ကျင်ရေးစိတ်သည် ကျွန်တော့်ရင်ထဲ၌ ပြည့်လျှံလျက် ရှိနေ ပါသည်။ ထို့ပြင် ကျွန်တော်နှင့် အတူတကွ နိုင်ငံရေးကိုလက်တွဲလုပ်ကိုင်ခဲကြကုန်သော ရဲဘော်များမှာလည်း အချို့က ဆန့်ကျင်ရေး၊ မြေအောက်တော်လှန်ရေးအတွက် အားသွန် စည်းရုံး ဆောင်ရွက်နေကြသလို အချို့သော အပေါင်း အသင်း များမှာမူ အာရှတိုက်သားသာ တူညီမျှသော ကြွေးကြောသံကို လက်ခံ၍ တွေဝေလျက် ရှိသည် ကို တွေ့ရှိရပါသည်။
"ဗျို့-ကိုမြလှိုင် ဘယ်လိုလဲ ငြိမ်ချက်သား ကောင်းလှချည်လားဗျ"
တစ်ဖက်ခန်း မှ ကိုလေးမြင့်၏ အသံကြောင့် ကျွန်တော့အတွေးမျှင်များသည် ထွက်ပြေးသွားကြပါသည်။ ကျွန်တော် နှင့်ကိုလေူးမြင့်တို့သည် ငယ်သူငယ်ချင်းများ ဖြစ်ကြပါသည်။ ကျွန်တော်က ဖျာပုံဇာတိ ဖြစ်၍ ကိုလေးမြင့် က ဒေးဒရဲဇာတိဖြစ်ပါသည်။ ကိုလေးမြင့်၏ မိဘမျာသည် လယ်သမားများဖြစ်၍ သားဖြစ်သူ အား ဒေးဒရဲကျောင်းပညာ သင်ကြားပေးပါသည်။

ထိုအချိန်က ဒေးဒရဲတွင် အလယ်တန်းကျောင်းသာ ရှိ၍ ဖျာပုံမြို့တစ်မြို့ထဲ၌သာ အထက်တန်းကျောင်း ရှိပါသည်။ ၁၉၃၈ခု ကျောင်းသားသပိတ်များ လှန်လိုက်သောအခါ ဖျာပုံကျောင်းမှ ကျွန်တော့် အား ကျောင်းထုတ်လိုက်ပြီး ရန်ကုန်မြို့မှ မြို့မ အမျိုးသားကျောင်းသို့ ပြောင်းရွှေ့လာရသောအခါ ကိုလေးမြင့်ကို မြို့မကျောင်း ရှိ ဘော်ဒါဆောင်တွင် တွေ့ရှိခဲ့ရပါသည်။ ကိုလေးမြင့်သည် ကျွန်တော်ကဲ့သို့ မဟုတ် ပဲ ရိုးရိုးအေးအေးနေ ထိုင်ပြီး သီချင်း အလွန်ဆိုသူဖြစ်သည်။ စစ်ကြီးအတွင်း ကျွန်တော်နှင့် ကိုလေးမြင့် ပြန်လည် ဆုံစည်းခြင်း မရှိဘဲ ယခုမှပင် တိုက်တိုက်ဆိုင်ဆိုင် အာရှလူငယ် အစည်းအရုံး ၌ ပြန်လည်တွေ့ ကြရပြီး မော်လမြိုင် သို့ တာဝန်ကျကြခြင်း ဖြစ်ပါသည်။
"အုန်းသီး ထဲ ရေဘယ်သူထည့်ထားသလဲဆိုတာ စဉ်းစားနေတာဗျြ ဟင်း"
"ဒီဘက်ကို လာခဲ့ပါဦးဗျ၊ ပြစရာကလေး ရှိလို့"
ကိုလေးမြင့်နှင့် ကျွန်တော်သည် ကြီးမားကျယ်ပြန့်သော ဦးသောင်းဖေတို့ ပေးထားသည့် တိုက်ကြီး၏ အပေါ် ထပ်တွင် တစ်ယောက်တစ်ခန်း နေထိုင်ကြပါသည်။ ကိုလေးမြင့်က ခေါင်းရင်းခန်းတွင် နေ၍ ကျွန်တော် က ခြေရင်း ခန်းတွင်နေသည်။ တိုက်အောက်ထပ်ကို မကြာမီ ဖွင့်လှစ်မည့် အာရှလူငယ် အစည်းအရုံူး (မော်လမြိုင်ခရိုင်) အဖြစ် ထားရှိမည် ဖြစ်ပါသည်။

"ဆိုစမ်း ဘာများလဲကွ"
"ဟိုဘက်အိမ်မှာ မြာတစ်ပွေ တွေ့ထားတယ်။ နှိပ်တယ်ဗျ။ ကုလားဆင်ကလေး ဟင်း ဟင်း"
"အဲဒါ ဘာဖြစ်လဲ။ စာပေးပေါ့ဗျ"
"အဲလိုဗျာ ကျွန်တော်တို့နှစ်ယောက် တစ်နယ်တစ်ကျေးမှာ လာနေကြရတာ မဟုတ်လား၊ သေအတူ ရှင်အတူ နေကြရတဲ့ အချိန်မှာ ကောင်းတာဟာကျတော့ ခွဲခြင်း၊ ခွဲခြမ်း မလုပ်ချင်ဘူး"
"ကောင်းတာလေးဆိုတာ ဘာလဲ ကိုလေးမြင့်"
"ဟင်း..ဟင်း... ကောင်းတာလေးဆိုတာ ကောင်းတာလေးပဲပေါ့ ကိုယ့်လူရ။ ဟား...ဟား"
"မဝေခြမ်းပါနဲ့ဗျာ ကျွန်တော် က ဖျာပုံက အဆက်ကိုပဲ သတိရပါတယ်"
"နှစ်ကယ်"

"ကျုပ်က အာရှတိုက်သားချင်း သာတူညီမျှသဘောနဲ့ မဲနှုက်ပြီးခင်ဗျားအောင်ပါလေကျရင် ခင်ဗျားစာပေး၊ ကျွန်တော့် အောင်ပါလေကျရင် ကျွန်တော့်စာပေး၊ မကောင်းဘူးလားဗျ"
ကျွန်တော်သည် ကိုလေးမြင့်ပြသော မိန်းကလေးကို တရုတ်ကပ်ကြည့်သည် ချောင်းကြည့်ုလိုက်ပါသည်။ မှန်ပါ သည်။ အသက် ၁၆နှစ် အရွယ် ရုပ်ရည်လှပသော ကုလားကပြားမလေး တစ်ယောက်ကို တွေ့လိုက်ရပါသည်။ မိန်းကလေး သည် ကျောင်းသူကလေး တစ်ယောက် ဖြစ်ဟန်တူပါသည်။ ကွပ်ပျင်ပေါ်တွင် ဝမ်းလျားမှောက် ၍ ခြေထောက်နှစ်ချောင်းကို ယှက်ကာ ဂျပန်စာများ အော်ကျက်နေသည်ကို တွေ့ရပါသည်။
"ဘယ့်နှယ့် လဲ နှိပ်ရဲ့လား"
"ဒါဆို ကျွန်တော် မနက်ဖြန်ပဲ စာပေးမယ်နော်"
"အင်း... အာရှလူငယ်ကြီးများ ထွက်ပြေးရတဲ့ အပေါက်တော့ မချိုနဲ့ဗျာ အချိန်တွေ အများကြီး ရှိပါသေးတယ်။ လက်ဖက်ကောင်း စားချင် ရင် ပလောင်တောင်တက် နှေးစေတဲ့ ကိုယ့်ဆရာ"
"ဒီကိစ္စ က နှေးလို့မဖြစ်ဘူး၊ နှေးရင် ငတ်သွားမယ် ဟွန့်-ဟွန့်"
ထီဆိုတာနဲ့ ကွဲပါချေပြီ။

ကျွန်တော်တို့ နှစ်ယောက် ရှိစုမဲ့စုကလေးများ သူခိုး ခိုးခံလိုက်ရသဖြင့် ကိုယ်ဝတ်မှတစ်ပါး ကပ်ပလာနိမ်း၊ ခါနာနိမ်း ဘဝသို့ နေ့ချင်းညချင်း ရောက်ရှိသွားပါတော့သည်။ ကျွန်တော့်လက်ဝယ် နာရီတစ်လုံး၊ ကိုလေးမြင့် လက်ဝယ် လက်စွပ်တစ်ကွင်းမှလွဲ၍ ရှိရှိသမျှသော ပစ္စည်းအားလုံး ခိုးသူလက်ဝယ် ပါသွားပါသည် မိမိအဖြစ် ကို ပြောရမည်ကို ပင် မဝံ့မရဲ ဖြစ်ရပါသည်။ အဘယ့်ကြောင့်ဆိုသော် မူလ ကျွန်တော်တို့နှင့် တွဲ၍ အတူနေ ခဲ့သော နယ်လှည့်ရာဇဝန် ထောက် သခင်သွင်းသည် မြဝတီဘက်သို့ မပြောင်းရွှေ့မီ ကျွန်တော် တို့နှစ်ယောက်အား ဤရပ်ကွက်တွင် သူခိုး ထလျက်ရှိကြောင်း၊ ညဥ့်အိပ်ညဥ့်နေ သတိရှိရန်လိုကြောင်း၊ တံခါးများကို လုံခြုံစွာ ပိတ်ဆို့အိပ်စက်ရန် လိုကြောင်း တို့ကို လက်ချာရိုက်ခဲ့ ပါသည်။ ဒေသခံပုဂ္ဂိုလ်တစ်ဦး၏ ပြောစကားမားသည် ကျွန်တော်တို့နှစ်ဦး၏ နားသို့ မဝင်ဘဲ ဟိုဘက်နားမှ ဝင်သည် ဒီဘက်နားမှ ထွက်သွားခဲ့ပြီ။ အမှုမဲ့ အမှတ်မဲ့ နေထိုင်ကာပြတင်းပေါက် တံခါးများကို ဖွင့် အိပ်ခြင်း၊ နောက်ဖေးခြေကျော် တံခါးကို မပိတ်မိခြင်းတို့ကို ပြုခဲ့ကြရာမှ အခြေအနေကို စောင့်ကြည့်လျက်ရှိသော ငတတ်ပြား သည် ကျွန်တောတို့နှစ်ဦး အိပ်မောကျသွားသော အကာလအချိန် ချွတ်နင်း၍ ရှိသမျှကို မ သွားခြင်း ဖြစ်ပါသည်။

"ရော့... နာရီ"
"ဘာလုပ်ဖို့တုန်းဗျ"
"ပေါင်ဖို့လေ"
"အပေါင်ဆိုင် က ဘယ်မှာလဲ"
"သိဘူးလေ"
"ရော ခက်ပြီ"
ကိုလေးမြင့်သည် ညည်းညည်းညူညူဖြင့်ပင် သူ့လက်စွပ်ကို ချွတ်၍ ကျွန်တော့်လက်ပက်နာရီကို ယူကာ အပေါင်ဆိုင် ရှာပုံတော် ထွက်ခဲ့ပါသည်။ ကိုလေးမြင့် အပေါင်ဆိုင်လိုက်၍ ရှာနေချိန်တွင် အိမ်ရှေ့တိုက်မှ ကိုဖေ သောင်း(ပါမေက္ခ ဒေါက်တာ သောင်းဖေ)၊ ကိုသိန်းညွန့် (ယခု အငြိမ်းစား ရေနံ အင်ဂျီနီယာချုပ်) တို့ ရောက်ရှိလာ ကြသည်။ ကျွန်တော်က ဖြစ်ပျက်ပုံ အလုံးစုံတို့ကို ကိုဖေသောင်းနှင့် ကိုသိန်းညွန့်အား ပြောပြသောအခါ ညီအစ်ကို နှစ်ယောက်အား လက်ခုပ်လက်ဝါးတီး၍ ရယ်မောကြပါသည်။ ပထမသော် ကျွန်တော်သည် ၄င်းတို့အား ကျွဲမြီးတို သလို ဖြစ်မိသော်လည်း နောင်သောအခါ ၄င်းတို့၏ ကူညီရိုင်းပင်းစိတ်ရှိမှုကို ကျေးဇူးတင်၍ မဆုံး ဖြစ်ရပါတော့ သည်။ ကျွန်တော်နှင့် ဦးဖေသောင်း စကားပြောနေခိုက် ဦးသိန်းညွှန့်သည် အိမ်သို့ပြန်၍ ကျွန်တော်တို့ နှစ်ယောက် အတွက် ပလေကပ်လုံချည် အသစ်များ၊ ရှပ်အကျီအသစ်များ စွပ်ကျယ်အသစ်များကို ယူ၍ လာရောက်ပေးရှာပါ သည်။

"ဒါထက်၊ ကိုလေးမြင့် တစ်ယောက် မမြင်ပါလားဗျ"
"ဟင်း ဟင်း အပေါင်ဆိုင် သွားရှာနေတယ်ဗျာ"
"ဖြစ်ရလေ ကိုမြလှိုင်ရယ်၊ ကျွန်တော်တို့ ရှိသားပဲ။ အားနာစရာမလိုပါဘူး။ ငွေလိုရင်လည်း ရပါတယ်။"
"ကိစ္စမရှိပါဘူး.... "
ထိုအခိုက် ကိုလေးမြင်သည့် လေကလေးချွန်၍ လှေကားမှ တက်လာသည်ကို တွေ့လိုက်ရပါသည်။ ကိုလေးမြင့် လေချွန်နိုင်ခြင်းသည်ပင် မင်္ဂလာအပေါင်းနှင့် ပြည့်စုံသည်ဟု ကျွန်တော့်ရင်ဝယ် မှတ်သားလိုက်မိပါသည။ အဘယ့်ကြောင့်ဆိုသော် ကိုလေးမြင့်တစ်ယောက် အကယ်၍ အပေါင်ဆိုင်မတွေ့ခဲ့လျှင်သော်လည်းကောင်း၊ အအြေနေမကောင်းခဲ့လျှင်သော်လည်းကောင်း၊ ယခုကဲ့သို့ ရယ်ရွှင်ပြစွာဖြင့် တွေ့ရမည်မဟုတ်ခြင်းကြောင့် ဖြစ်ပါသည်။

"ကိုလေးမြင့်... ဘယ်လောက်ရခဲ့သလဲဗျ"
"ဘာကို ပြောတာလဲဗျာ"
ကိုသောင်းဖေ၏ အမေးစကားကြောင့် ပထမသော် ကိုလေးမြင့်မည်သို့ ဖြေရမည်မသိ ဖြစ်သွားပါသည်။ ထို့နောက် ကျွန်တော်က ကိုလေးမြင့်အားကျွန်တော်တို့ သူခိုးခိုးခံရကြောင်း ကိုဖေသောင်းနှင့် ကိုသိန်းညွှန့်တို့အား ပြောပြခဲ့ သဖြင့် ၄င်းတို့က ယခုကဲ့သို့မေးမြန်းကြောင်း ရှင်းလင်းပြောပြရပါသည်။
"ဒေါ်လာ ၈၀၀(ရှစ်ရာ)ရခဲ့တယ်ဗျ... "
"ဘာတွေ သွားပေါင်တာလဲ.. "
"လက်စွပ်နဲ နာရီ"
"ပြန်ရွေးလိုက်ပါဗျာ။ ကျွန်တော်တို့ရှာပေးပါ့မယ်.. "
ထိုကိစ္စနှင့်ပတ်သက်၍ ကျွန်တော်တို့နှစ်ယောက်အကြောက်အကန်ငြင်းဆိုလိုက်ကြသဖြင့် ဦးဖေသောင်းတို့ ညီအစ်ကိုမှာ စိတ်မကောင်းစွာ နှုတ်ဆက်ပြန်သွားကြပါသည်။ ကိုဖေသောင်းတို့ ပြန်သွားကြပြီး နောက် ကျွန်တော်တို့နှစ်ယောက် ဒေါ်လာ ၈၀၀ကို မည်မျှကြာမြင်စွာ သုံးစွဲနိုင်မည်ကို စီမံချက်ချကြည့်မိပါသည်။ ထိုအခါက ဂျပန်ဒေါ်လာ ၈၀၀သည် ငါးရက်စာမျှသာသုံးစွဲနိုင်မည် ဖြစ်ကြောင်း တွက်ချက်နိုင်ခဲ့ပြီး နှစ်ယောက်သား စိတ်မချမ်းမသာဖြစ်မိပါတော့သည်။

"ကိုလေးမြင့် သတရပြီးဗျို့"
"ဘာတုန်းဗျ.. အလန့်တကြား"
"ကျွန်တော့်အဒေါ်တွေ၊ အဘိုးအဘွားတွေမောာင်ငံကွင်းရပ်မှာ ရှိတယ်ဗ"
"အဲဒါ ဘာဖြစ်သတုန်း"
"အဝတ်လဲဗျာ၊ ခုပဲသွားမယ်။ အကျိုးအကြောင်းပြောပြမယ်၊ နောက်ပြီး ပိုက်ဆံချေးခဲ့မယ်ဗျာ"
"သွားကြည့်သေးတာပေါ့လေ.. "
ကိုလေးမြင့်နှင့် ကျွန်တော်သည် ဆိုက်ကားတစ်စီးကို ငှား၍ မောင်ငံကွင်းရပ်သို့ လာခဲ့ကြပါသည်။ ကျွန်တော်တို့ နှစ်ယောက်ကို ဆိုက်ကားဆရာသည် ကျွန်တော့်အဘိုးအဘွားများ ဖြစ်ကြသော ဦးဘိုးခင်-ဒေါ်ဝေ တို့ အိမ်သို့ ဆိုက်ဆိုက်မြိုက်မြိုက် လိုက်၍ ပို့ဆောင်ပေးပါသည်။ ကျွန်တော့်အဘိုးအဘွားများမှာ ကျွန်တော့်ဖခင်၏ ဦးလေးဖြစ်၍ သမီးအပျိုကြီး နှစ်ယောက်နှင့် အတူ မောင်ငံရပ် တွင် ဆေးကုန်သည် များ အဖြစ် ချောင်ချောင်လည်လည်နေထိုင်နိုင်သူများ ဖြစ်ကြပါသည်။

ကျွန်တော့်အား အမှတ်မထင် တွေ့လိုက်ရသဖြင့် ကျွန်တော့်အဘိုးအဘွားများမှာ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ကာ ဝမ်းသာမဆုံးရှိကြပါသည်။ လက်ကို ကျစ်ကျစ်ပါအောင် ဆုပ်၍ ၄င်းတို့အိမ်၌ နေထိုင်ရန် ပြောကြပါသည်။ ကျွန်တော်သည် အဘိုးအဘွားနှင့် အဒေါ်များ အား ဖြစ်ကြောင်းကုန်စင် ဖွင့်ဟပြောပြပြီး လောလောဆယ် ငွေကြေးအကူအညီပေးရန် တောင်းခံလိုက် ပါတော့သည်။ 
ကျွန်တော့်အဒေါ် များသည် ကျွန်တော်အား ဂျပန်ငွေ ဒေါ်လာ ၂၀၀၀ ပေးလိုက်ပြီး အိမ်တွင် လိုလိုမည်မည် သိမ်းဆည်း ထားသော အဝတ်အထည်အစများကို ထုတ်ပေးလိုက်ပါသည်။ ထို့ပြင်နေ့စဉ် နံနက်စာကို ကျွန်တော် တို့နေထိုင်ရာ ထားဝယ်စုအိမ်သို့ လာရောက်ပို့ပေးကြပြီး ညနေစာကို မောင်ငံအိမ်သို့ သွားရောက် စားကြ ပါသည်။
"ကိုမြလှိုင်ရေ..၊ ဘုရားသခင်ကတော့ ကျွန်တော်တို့နှစ်ယောက်ကို ပစ်မထားဘူး ထင်ပါရဲ့ဗျာ... "
"အင်း ဒါပေမယ့် စားရသောက်ရတာ ကြာတော့လဲ အားနာပါတယ်ဗျာ"
"သစ်မရှိခင်ကြား ၀ါးပေါင်းကွပ်ပေါ့ဗျာ... "
"လက်ဖြန့်နေရတာ ရှက်စရာဖြစ်နေတယ်ဗျာ.. "

ကျွန်တော်တို့နှစ်ယောက် မောလမြိုင်တွင် သူခိုးခိုးခံရကြောင်း၊ လမ်းခရီးတွင် ဒုက္ခရောက်ခဲ့ပုံများကို ဌာနချုပ်သို့ အစီရင် ခံလိုက်ပါသည်။ မကြာမီ ဌာနချုပ်မှ ကျွန်တော်တို့ သူခိုးခိုးခံရကြောင်း သိရှိရသဖြင့် ဝမ်းနည်းကြောင်း၊ လောလောဆယ် ဌာနချုပ် သို့ပေးရန်ရှိသော လူငယ်အစည်းအရုံး ဝင်ကြေးများ ကို ခေတ္တ သုံးစွဲ ထားနိုင်ကြောင်း ပြန်ကြား ခဲ့ပါသည်။ ထိုသို့ အကြောင်းကြားစာရရှိခဲ့သဖြင့် ကျွန်တော်တို့ နှစ်ယောက် တစ်ယောက် မျက်နှာ တစ်ယောက်ကြည်ကာ ဟက်ဟက်ပက်ပက် ရယ်မိကြပါသည်။ အဘယ့်ကြောင့် ဆိုသော် မော်လမြိုင်အာရှလူငယ် အစည်းအရုံးဖွဲ့စည်းရေးသည် မည်သို့မျှ အကောင်အထည်မပေါ်သေးဘဲ ဖွဲ့စည်းနိုင်ရေး အတွက် ကြိုးပမ်းဆောင်ရွက်ရာတွင် မြို့မျက်နှာဖုံး သားသမီးများ ဖြစ်ကြသည့် ကိုဖေသောင်း၊ ကိုသိန်းညွန့်၊ ကိုသိန်းဟန်၊ ကိုစံတင်၊ ကိုကြည်စိုးတို့ တက်တက်ကြွကြွ ပါဝင်ခဲ့ကြသလို အမျိုးသမီးများထဲမှ ဆရာမကြီး ဒေါ်တင်ကြည်၊ ဒေါ်နွယ်၊ ဒေါခင်စု (သခင်ထွန်းစိန်၏ ခယ်မ)မှာ လိုအပ်သလို ကူညီပေးကြပါသည်။ သခင်သင်းလှိုင် တစ်ယောက် ကမူကျွန်တော်အား ညီတစ်ယောက်ပမာစောင့်ရှောက်ပေးခဲ့သည်ကို ဝမ်းမြောက် စွာ ခံစားတွေ့မြင်ရပါသည်။

လောလောဆယ် အာရှလူငယ်အစည်းအရုံး(မော်လမြိုင်ခရိုင်) ဆိုင်းဘုတ်တင်နိုင်ရန် ကျွန်တော်တို့ ကြိုးစာကြပါ သည်။ ထို့နောက်စာကြည့်တိုက်၊ အားကစားပစ္စည်းများ ရရှိရေးကို ဆောင်ရွက်ရပြန်ပါသည်။ ငွေကြေးကို ကုံလုံကြွယ်ဝသော မြို့မိမြို့မများနှင့် သခင်ခေါင်းဆောင်များ၏ ဆောင်ရွက်ပေးမှုဖြင့် အစည်းအရုံးဆိုင်းဘုတ်၊ စားပွဲ၊ ကုလားထိုင်၊ ဗီရို၊ အားကစားပစ္စည်းများ မကြာမီ ပြည့်စုံခဲ့လေသည်။ ယင်းကဲ့သို့သော အချိန်တွင် အုပ်ချုပ်ရေးဘက် မှ ဂျပန်များ၊ စစ်ဘက်မှ ဂျပန်များ၊ ကျွန်တော်တို့အစည်းအရုံးသို့ ၀င်ထွက် သွားလာခြင်းများ ပြုကြသည်။ ၄င်းတို့ထံမှ လက်ဆောင်ပစ္စည်းများလည်း ပေးကမ်းခြင်းများပြုကြသည်။ ထိုအခါ ဂျပန်များနှင့် ရောထွေးဆက်ဆံရသော အလုပ်ကို ကျွန်တော်က မနှစ်မြို့သော်လည်း ကိုလေးမြင့်ကမူ ဂျပန်များ ယခုကဲ့သို့ ဝင်ထွက်သွားလာခြင်းကို လူငယ်အစည်းအရုံး ဂုဏ်သိက္ခာတက်စေသည်ဟု ယူဆကာ ဝမ်းမြောက် ဝမ်းသာ ရှိခဲ့ပါသည်။

မော်လမြိုင်မြို့ပေါ်မှ အချို့လူငယ်များကလည်း ဂျပန်စာသင်ရန် စီစဉ်သင့်ကြောင်း အကြံပြုကြပါသည်။ ကျွန်တော်သည် အာရှလူငယ်တွင် ခရိုင်တာဝန်ခံ စည်းရုံးရေးမှူးဖြစ်သခြင့်၊ အချို့လူငယ်များ ၏ စိတ်အား ထက်သန်မှုကို ဆောင်ရွက်ပေးရန် စီစဉ်ရသော်လည်း ကျွန်တော်ရင်ဝယ် လက်ခံထားသော ဂျပန်ဆန့် ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေး စိတ်က ဘဝင်မကျနိုင်အောင် ဖြစ်လာပါသည်။ အမှန်မှာ ကျွန်တော်သည် ဖျာပုံမှ ထွက်မလာမီ သူငယ်ချင်းဖြစ်သူ ကိုအုန်းမောင်(လေထီးကိုအုန်းမောင်)ထံမှ ဗမာ့လွတ်လပ်ရေး စစ်တမ်း-စာတမ်းကြီး ကို ဖတ်ခဲ့ရပြီးနောက် မကြာမီ မြန်မာနိုင်ငံ၏ နယ်ချဲ့ဖက်ဆစ်သံခွာအောက်မှ ရုန်းထွက်တော်လှန်ရန် လိုအပ်နေပြီဖြစ်ကြောင်း၊ သဘောပေါက်ခဲ့ရပါသည်။ ထိုမှတစ်ဖန် ရန်ကုန် သို့ ရောက်သောအခါ သခင်ချစ်(ဆရာချစ်)သည် ကျွန်တော့်အား ဖက်ဆစ်တော်လှန်ရေး၏ ပဏာမ သွေးထိုးမှု များကို ဆောင်ရွက်ရန် ပြောကြားခဲ့ပြန်ပါသည်။ ကျွန်တော်သည် ဖက်ဆစ်ဂျပန်တို့၏ ရက်စက်ရမ်းကားမှုများ၊ အခြေအနေ က တောင်းဆိုလာသော တော်လှန်ရေးအသိစိတ်များ၊ လုပ်ဖော်ကိုင်ဖက်များ၏ စည်းရုံးမှုများဖြင့် ဖက်ဆစ်တော်လှန်ရေး အားမာန်ကို မွေးမြူလာသော ရဲဘောတစ်ယောက်ဖြစ်၍ နေပါပြီ။
ယခု..။

ကိုလေးမြင့်သည် ဌာနချုပ်က ချမှတ်ပေးလိုက်သော ဗလငါးတန်မှ တစ်ပါး အခြားဘာမျှ သိပုံပေါ်ခဲ့ပဲ။ "အာရှတိုက်သား- သာတူညီမျှ" ဆောင်ပုဒ်ကြီးကို ကိုင်ဆောင်၍ မော်လမြိုင်မြို့၏ အလွှာအသီးသီးမှ လူငယ် အသီးသီး ကို ဂျပန်အကူအညီဖြင့် ထွန်းပစွာ စည်းရုံးနိုင်ရေးကိုသာ စိတ်အားထက်သန်လျက်ရှိနေပါသည်။ ကျွန်တော်သည် အပေါ်ယံလိုက်လျောစွာ ပြောဆိုနေထိုင်နေသော်လည်း၊ ရင်ထဲ၌မူ ဖက်ဆစ်ဆန့်ကျင်ရေး လှုပ်ရှားမှု ကို မော်လမြိုင်မြို့မှ သခင်ခေါင်းဆောင်များအား ဖွင့်ပြောရသော် ကောင်းလေမည်လော၊ ရင်းနှီးသော လူငယ်ရောင်းရင်းများအား တစ်လုံးစ နှစ်လုံးစ ပြောကြားသိမ်းသွင်းရလျှင် ကောင်းပေမည်လော။ ဌာနချုပ်မှ အတူတကွ လာခဲ့ကြသော ကိုလေးမြင့်ကို အလုံးစုံဖွင့်ဟပြောဆိုရလျှင် ကောင်းအံ့လောဟူ၍ မိမိ၏ စိတ်ထဲတွင် သို့လော သို့လော ဖြစ်ခဲ့၊ မအပ်နိုင် မစားနိုင် ဖြစ်မိပါတော့သည်။

"ကိုမြလှိုင်၊ မစ္စတာဆိုက်တိုးက ခင်းဗျားနဲက ကျွန်တော်တို့ကို သူတို့ရုံးကို လာခဲ့ပါဦးတဲ့ "
"ဘာကိစ္စတဲ့လဲ ကိုလေးမြင့်"
"မသိဘူးဗျ"
"ကျွန်တော်တော့  စိတ်မပါလှဘူးဗျာ၊ ဒီမောင်တွေက ကျွန်တော်တို့ အာရှလူငယ်အစည်းအရုံးကို ခုတုံးလုပ်ပြီး အမြတ်ထုတ်မယ့် ငနဲတွေဗျ"
"သွားကြည့်သေးတာပေါ့ဗျာ"
ကျွန်တော်တို့နှစ်ယောက်သည် စိတ်မပါသော်ငြားလည်း ဂျပန်အုပ်ချုပ်ရေးရုံး၏ အမိန့်ကို မဖီဆန်နိုင်သဖြင့် ဘုံပြတ် တစ်စီးငှား၍ မစ္စတာဆိုက်တိုးဆိုသူ ဂျပန်အရာရှိထံ လာခဲ့ကြပါသည်။
ဂျပန်အရာရှိ သည် ကျွန်တော်တို့အား ဖော်ရွှေစွာ ခရီးဦးကြိုဆိုမှုများပြုလုပ်၍ ၎င်း၏ရုံးခန်း သို့ ခေါ်ဆောင် သွားပြီး နောက် လက်ဖက်ရည်များတိုက်ကျွေးလျက်ဧည့်ခံပါသည်။

ထို့နောက် " ဒိုက်တိုဝါးကျို အေကင်ဘန်ဇိုင်း" အာရှ တိုက်သားသာတူညီမျှ ဟူသောဆောင်ပုဒ်ကို အကြိမ်ကြိမ် ရွတ်ဆို၍ ဂျပန်စကားပြန်မှ တစ်ဆင့် သံဖြူဇရပ်မှ ယိုးဒ ယားသို့ ဖောက်လုပ်လျက်ရှိသော မီးရထားလမ်းအတွက် အလုပ်သမား များ အများအပြားလိုနေကြောင်း၊ ထိုလမ်းမ ကြီးမြန်မြန်ပြီးမှသာလျှင် မဟာ စစ်ပွဲကြီး အောင်မြင်နိုင်မည်ဖြစ်ကြောင်း၊ ယခု ဒေါက်တာဘမော် အစိုးရနှင့် နိပွန်တပ်မတော်တို့ ပူးပေါင်း လျက် ယင်း ယိုးဒယား-မြန်မာ လမ်းမကြီး ပြီးစီးရန် အလုပ်သမားများ စုဆောင်းလျက် ရှိကြောင်း၊ ကျွန်တော် တို့ မော်လမြိုင်တွင်ရှိသော အာရှလူငယ် အစည်းအရုံးကလည်း မော်လမြိုင်ခရိုင်အတွင်း အလုပ်သမားရရှိရေးကို ကိုယ်ထိ လက်ရောက် ကူညီစုဆောင်းပေးရန်ဖြစ်ကြောင်း ပြောပါလေတော့သည်။ ကျွန်တော်တို့ နှစ်ယောက် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်သည် အရဲစွန့်၍ ကျွန်တော်တို့ ယခုလောလော ဆယ်လူငယ်များကို စုစည်း၍ စစ်အောင်နိုင်ရေးအတွက် မည်သို့ကူညီရမည်ကို တိုင်ပင်ရန် လိုအပ်ကြောင်း၊ မော်လမြိုင်မြို့ပေါ်မှလွဲ၍ မည်သည့်နေရာကိုမျှ မသွားရောက်သေး၍ ဒေသခံလူများအား ဟောပြောရန် မလွယ်ကူ ကြောင်းများကို ပြောပြလိုက်ပါသည်။

ဆိုက်တိုးဆိုသော ဂျပန်အရာရှိမှာ ကျွန်တော်ပြောသော စကားများကို လက်ခံ လိုက်ပြီး ကျွန်တော်တို့ နှစ်ယောက်အား ဂျပန်စာ ရေးထားသော လက်ပတ်နှစ်ခုကို ထုတ်ပေးပါသည်။ ယင်းလက်ပတ်နှစ်ခု မှာ မော်လမြိုင်မြို့ပေါ် တွင် လေကြောင်း ဘေးအန္တရာယ်ရှိလျှင်သော်လည်းကောင်း၊ နေ၀င်မီးငြိမ်း အမိန့် ထုတ်ထား လျှင်သော်လည်းကောင်း၊ လွတ်လပ်စွာ သွားလာနိုင်သော လက်မှတ်ဖြစ်ကြောင်း မှာကြားပါသည်။
"ကိုမြလှိုင် ဘယ်လို သဘောရသလဲဗျ"
"ဘယ်လိုမှ သဘောမရဘူး၊ မလုပ်ပေးဘူးပေါ့ဗျာ"
"ဟာဗျာ - ဖြစ်ပါ့မလား "
"ဘာလို့မဖြစ်ရမှာလဲ၊ ကျွန်တော်တို့ ချွေးတပ်စုပေးတဲ့ ကောင်တွေမှ မဟုတ်ဘဲဗျ"
"ဇွတ်ခိုင်းရင်ကောဗျာ"
"ဇွတ်ခိုင်းရင် ဇွတ်မလုပ်ဘူး"
"ဟင်း ... ဟင်း ... ဂျပန်လက်ဝါးနဲ့တော့ တော်တော်နီးနေပြီ၊ ဟင်း ... ဟင်း ... "

ဒိုင်းဝန်းကွင်းမှ သခင်သန်းနှင့်ဇနီး သခင်မ ဒေါ်ခင်သန်းမြင့်တို့အိမ်မှ ဖိတ်ခေါ်ထမင်းကျွေးသဖြင့် သခင်သန်းလှိုင်နှင့် အတူ သွားရောက်စားသောက်ကြပါသည်။ သခင်သန်းသည် အရပ်ပ၍ အသားညိုပါသည်။ ဥပဓိရုပ် မှာ ချစ်ခင်နှစ်သက်ဖွယ်ရှိပါသည်။ သခင်မ ဒေါ်ခင်သန်းမြင့်မှာလည်း ဖော်ရွှေ၍ ခေတ်ပညာတတ် အမျိုး သမီး တစ်ဦးဖြစ်ပါသည်။ သခင်သန်းသည် ပွင့်လင်း၍ ဂျပန်ဆန့်ကျင်ရေးစိတ်ရှိသူဖြစ်ကြောင်း ၎င်းပြောဆိုသော စကားရပ် များကို နားထောင်ရင်း သဘောပေါက် နားလည်ရပါသည်။ ကျွန်တော်သည် သခင်သန်းအား ဂျပန်အုပ်ချုပ်ရေး ရုံးမှ ဆိုက်တိုးက ခေါ်၍ ချွေးတပ်ဆွဲရာတွင် ၀ိုင်းဝန်းကူညီရန်ပြောကြောင်း ပြန်လည်ပြောပြမိပါ သည်။ သခင်သန်း သည် အလွန်ခံပြင်းလှစွာ ဂျပန်များ၏ ဖိနှိပ်မှုကို ဖွင်အန်ပြောဆိုလေသည်။
"ဒီမယ် - ကျုပ်တို့ မိအေးနှစ်ခါနာ ဖြစ်နေရတယ်ဗျ"
သခင်သန်းပြောသော စကားကို သခင်သန်းလှိုင်သည် ခေါင်းတဆတ်ဆတ်ညိတ်ရင်း နားထောင်နေပါသည်။ ထိုအချိန် က သခင်သင်းလှိုင်သည် တို့ဗမာအစည်းအရုံး ခရိုင်တာဝန်ခံဖြစ်ပါသည်။ ကျွန်တော့် စိတ်ထဲတွင်မူ သခင်သန်း သည် ဂျပန်ဆန့်ကျင်ရေးကို ကျွန်တော်ကဲ့သို့ သိထားပြီးသူဖြစ်မည်ဟု ကောက်ချက်ချမိပါသည်။

"သူတို့ပေးတဲ့ လွတ်လပ်ရေးဆိုတာ အလကား လွတ်လပ်ရေးဗျ။ လွတ်လပ်ရေးကို တိုက်ယူရမယ်။ အင်္ဂလိပ်ကို တိုက်သလို သင်းတို့ကိုလည်း တိုက်ရမြယ်။ မဟုတ်ဘူးလား ညီလေးတို့"
"ဟုတ်ပါတယ် "
ကျွန်တော်က မဆိုင်းမတွ ဟုတ်ပါတယ်ဟု ပြောလိုက်သောအခါ ကိုလေးမြင့်သည် ကျွန်တော်နှင့် သခင်သန်းအား ပြူးကြောင်သော မျက်လုံးအစုံဖြင့် အံ့သြစွာ ကြည့်နေပါတော့သည်။ ထိုအခါတွင်မှ သခင်သင်းလှိုင် သည် ၎င်း၏ သဘောထားကို ဖွင့်ဟပြောဆိုပါသည်။ သခင်သန်းလှိုင်သည် ၀ါရင့်နိုင်ငံရေး သမား တစ်ဦးဖြစ်သဖြင့် အစွန်းလွတ်သော စကားရပ်ထဲတွင် မြန်မာလူငယ်များ၏ အင်အားနှင့် အားမာန် သည် နိုင်ငံတည်ဆောက်ရေး သမိုင်းတွင် အားသွန်ဆောင်ရွက်ရန်လိုကြောင်း၊ မြန်မာလူငယ်များနှင့် တပ်မတော် ၏ စွမ်းပကားသည် မြန်မာ့လွတ် လပ်ရေးကို ရယူနိုင်ကြောင်း၊ သံဖြူဇရပ်မှ ယခုဆောက်လုပ်ရေး သည် သော့ချက်ဖြစ်ကြောင်း၊ သို့သော် ယင်းလမ်းဖောက်လုပ်ရေး သည် မြန်မာနိုင်ငံ ၏ ချွေးဖြင့် ရင်းနှီးရသော အလုပ်မဟုတ်ကြောင်း၊ အချိန်အခါ အခွင့် အလမ်းသာလျှင် သံဖြူဇရပ်သို့ လိုက်လံ ပို့ဆောင်ပေး မည်ဖြစ်ကြောင်း ပြောဆိုပါသည်။

ဆက်ရန်
.

No comments: