Tuesday, August 7, 2012

ကြူးနှစ် ၏ ဇာတ်ကောင်တွေဆီက ထွက်ပြေးတဲ့ဇာတ်လမ်း, အပိုင်း (၉)

ရထိုက်လို့ရတဲ့ ငွေပဲ ဟူသော အတ္တသမားနှင့်တွေ့လျှင်.... ငွေတစ်ရာ အချောင်ဆုံးမည်။ ဒီမနက်... ငါငွေတွေ ကို ပိုအမ်းမိတာ ဘယ်နှဦးရှိသွားပြီလဲမသိဘူး၊ ဘယ်နှစ် ဦးရှိရှိကွာ၊ ဒီဈေးဆိုင် မှာ ရောင်းချင်တဲ့ စိတ်တောင် မရှိတော့ဘူး... စန်းချို စန်းချို သူ့ရုပ်သူ့ရည် သူ့အရွယ်နဲ့ နန့်ကြောက ထချင် သေး တယ်၊ ဒီကုလားဒိန်နဲ့ ဘယ်လို ကဘယ်လို တွဲမိကြပါလိမ့်... ၊ သူ့ကို ငွေကိုင်ရာထူး အပ် ခဲ့မိတာ နောက်ဆုံးတော့ ငွေကောလူပါ ကုလား လက်ထဲ ရောက်တော့မှာပါလား... ။ သန်းဆိုင် သည် မျက်လုံးတွေ ဖွင့်ထားလျက်က စန်းချို ၏ ခေတ်လွန်ပုံပျက် အလှ မွမ်းမံထားသော ရုပ်သွင် ကို မြင်ယောင်ကာ၊ လက်တွေ့မျက်တွေ့ အမြင်၌မူ အာရုံတွေ မှောက်နေသည်။ ကို ဆက်ဖတ်ရန်.........

"ဟေး.... ကိုသန်းဆိုင်၊ ခင်ဗျား မျက်မမြင် ဆွံ့အနားမကြား ဖြစ်နေပြီလား...။ မြန်မာဆေးဂုံခါး (၂၀)ဖိုး လို့် မှာနေတာ သုံးခါရှိပြီ။ ကျွန်တော့်ကိုမကြည့်ဘဲ ဆိုင်ရှေ့ကိုပဲ ပြူးကြည့်နေတယ်။ လုပ်ဗျာ... မြန်မြန်"
ဖောက်သည်တစ်ယောက်က အော်ပြောလိုက်မှ သန်းဆိုင်သတိမှန်ဝင်လာ၏။
"ဟာ... ကိုသန်းဆိုင် ဂုံခါးထည့်ပါဆို နွယ်ချိုတွေ ထည့်နေပြန်ပြီ၊ ခင်ဗျား ဘာဖြစ်နေတာ လဲ၊ နေမကောင်းဘူးလား.. "ဟု ဖောက်သည်က သတိပေးပြန်သည့်အခါ၊ သန်းဆိုင်သည် ယာလက်စ ထဲမှ နွယ်ချိုတွေ ဖယ်ပြီး ရေစိမ် ထားသော ဂုံခါးမြစ်အစကလေးများကို ကွမ်းယာ ထဲသို့ ထည့်သည်။

"နွယ်ချို က အစာအိမ်ရောဂါကို ကာကွယ်တယ်ကွ၊ ဒါကြောင့် စေတနာနဲ့ ထည့်ပေးတာ ၊ ဂုံခါးကများများစားလို့ မသင့်ဘူး၊ တော်ကြာ... မင်းမိန်းမကလေးမရဘဲ နေလိမ့်မယ် ဂုံခါးကို လျှော့စားကွ.... "
ဆရာကြီး လုပ်တတ်သော သူ့ဝသီက အလိုလိုပေါ်လာသည်။ ကွမ်းယာဝယ်သူက ကွမ်းတစ် ယာကို ပါးစပ်ထဲ ပစ်ထည့် လိုက်ပြီး...
"ခင်ဗျား ကွမ်းယာမရောင်းဘဲ ဆေးဆရာသာ လုပ်စားဗျာ ကိုသန်းဆိုင် ဆေးကုစားရင်တော့ ဒီလမ်းထဲက ဆရာဝန် ကလေး တင်ဆန်းဦး ထွက်ပြေးမှာပဲ ဟား ဟား"
ဝယ်သူက ဟက်ဟက်ပက်ပက် ရယ်နေသော်ငြား ရောင်းသူက မရယ်နိုင်ပါ ဝယ်သူထုတ်ပေး သော ကျပ်(၂၀၀)တန် ကို အမှားအယွင်းမရှိအောင် အကြွေဖျက်ရင်း ထပ်တလဲလဲ မှားနေ သောကြောင့် ငွေစက္ကူ ရွက်တွေ ကို ပိုက်ဆံပုံး ထဲက နှိုက် လိုက်၊ ပြန်ထည့် လိုက်နှင့် ယောင်တီး ယောင်လည် ဖြစ်နေတော့၏။ ဝယ်သူက စောင့်ရတာ စိတ်ရှည်ပုံမရ။

"အကြွေမရှိလည်း နောက်မှယူဗျာ၊ ကျုပ် ၂၀၀ တန်ပြန်ပေးလိုက်၊ ကျုပ်တခြား ဝယ်စရာ ရှိသေးတယ်ဗျ၊ ကိုသန်းဆိုင်..... "
"မင်းအမေ့လင်...... လောမနေစမ်းပါနဲ့ကွ ရမှာပေါ့"
ပြန်အမ်းငွေ ကို ဆောင့်ကြီးအောင့်ကြီး ပေးလိုက်ပြီးနောက် သူ ကွမ်းယာထိုင်ရောင်း၍ မရနိုင် လောက်အောင် စိတ်ယောက်ယက် ခတ်နေပြီလို့ အတွင်းစိတ်က နှိုးဆော်သတိပေးလာသည်။
(ငါ.... ဒီလိုတစ်ခါမှ မဖြစ်ဖူးခဲ့ပါဘူး..... ဈေးရောင်းရတာ အလွဲလွဲအချော်ချော်ချည်းပဲ.......) သန်းဆိုင်သည် အိမ်ပေါ်ရှိ သားအငယ် ပြည့်ဖြိုးအောင်ကို လှမ်းခေါ်ကာ ကျောင်းချိန်ဝေးသေး ၍ ကွမ်းယာရောင်းဖို့ လက်လွှဲ လိုက်၏။ သူက အိမ်ပေါ်သို့ လူမမာကြီးလို လေးလေးနွဲ့နွဲ့ လှမ်းတက်လာကာ သူတို့ အိပ်ခန်းမှ ခန်းဆီး လိုက်ကာ ကို အသာဖယ်၍ အထဲသို့ မဝံ့မရဲ ချောင်းကြည့်၏။

အိပ်ပျော်နေသော ကိုယ့်ဇနီးကို အခန်းဝကနေ တစေ့တစောင်း ချောင်းကြည့် တာမျိုး၊ သန်းဆိုင်၏ အိမ်ထောင်သက် တစ်လျှောက် ခုတစ်ကြိမ်က ပထမဆုံး အကြိမ်ဖြစ်နေ သည်။
နိုင်လွန် ဇာခြင်ထောင် ပါးပါးကလေးဖြစ်ပြီး အိပ်ခန်းမီးမှိန်မှိန် ကလေးထွန်းထားသဖြင့် ခြင်ထောင်ထဲမှ စန်းချိုကို သဲကွဲစွာ မြင်တွေ့ခွင့်ရသည်။ စန်းချို သည် ဘယ်ဘက်သို့ စောင်း ကာ၊ ဖက်ခေါင်းအုံးကို ညာခြေဖြင့် ခွ ထားသည်။

ထဘီအောက်နားစ မှာ ဒူးကောက်ကွေး အထက်နားအထိ လန်တက်နေရာ၊ တုတ်ခဲတစ်ရစ် သည့် ခြေသလုံးညိုညိုကြီး အစုံ သည် လူခြေထောက်နှင့် မတူဘဲ မီးကျွမ်းကာစ အသားကင်ကြီး နှစ်တုံးနှင့် သာ တူနေတော့သည်။ (တွေ့ကြသေးတာပေါ့ စန်းချိုရာ.....) စိတ်ထဲမှာ ကြုံးဝါးရာက ခါးပိုက်ထောင်ကို ဆုပ်ကိုင် မိပြန် ၏။ သည်စာ ကို ဘယ်မှာဝှက်ရမှန်း ခုထိ စဉ်းစားမရသေး။
အိပ်သာတက် ရန် မီးဖိုခန်းထဲ ဝင်လာ စဉ် နံနက်ပိုင်းအဆာပြေ စားကြရန် ထမင်းကြော် ကြော် နေသော ခယ်မ မိထူး အနီး မှ ဖြတ်လာရ၏။ ဒယ်အိုးထဲမှ ဆီညော်နံကို သန်းဆိုင်မရှူမိ။ မိထူး ခန္ဓာဆီမှ "ရွှေပြည်နန်း" သနပ်ခါးခဲနံ့ ကိုသာ အမှတ်မထင် ရှူလိုက်မိသည်။ သင်းတို့ ညီအစ်မ တွေက ရုပ်တွေသာအကျည်းတန်တာ အလှအပ အမွှေးနံ့သာတော့ ကြိုက်မှကြိုက်... မိထူးဆို မိုးမလင်းသေးဘူး ရေချိုးပြီး ဖီင်္းလိမ်းဝတ်စားပြီးပြီ၊ အလှပြင်ပြီး မှ မီးဖိုချောင် ထဲ ဝင်တဲ့ ကောင်မ....။

အိမ်သာဝရောက်မှ ဘာဆန္ဒမှ ပေါ်မလာသည်နှင့် သန်းဆိုင် အိမ်သာထဲ မဝင်ဖြစ်တော့ ဘဲ ယောင်နနကြောင် အအဖြင့် မီးဖိုချောင် ဘက် ပြန်လျှောက် လာသည်။ မိထူး က သန်းဆိုက်ကို တစ်ချက်စွေကြည့်သော် လည်း သန်းဆိုင် မူပျက်နေဟန် ကို ရိပ်စားမိပုံ မရပါ။ ထုံးစံအတိုင်း ခယ်မနှင့်ခဲအိုတို့ စကားစမြည်လည်း မပြောကြပါ။ မိထူးက စကားနည်းရသည့် အထဲ သန်းဆိုင် ကလည်း ငယ်မွေးခြံပေါက် ခယ်မကို အပျိုမဖြစ်မီကတည်းက သူစိမ်း တစ်ရံဆံ လို ခပ်တန်း တန်း နေလေ့ရှိ၏။ သည်မနက်တော့ သန်းဆိုင်သည် မိထူးကို ကြည့်လိုက်ရင်း (နင့် အစ်မကြီး ဘာတွေ ဇာတ်လမ်းရှုပ်နေသလဲဆိုတာ သိချင်ရင် ဒီစာသာ ဖတ်ကြည့်တော့)ဟု ပါးစပ်မှ ထွက်လုဆဲဆဲ ဖြစ်ရင်း ခါးပိုက်ထောင် ကို စမ်းမိလေသည်။ ပြီးမှ .... ဟီးခနဲပ ပင့်သက်ရှိုက် သည်။ ဟီး... ငါ ငတုံးပဲ၊ မိထူး က စာတစ်လုံး မှ တတ်တာ မဟုတ်ပဲ... စာတတ်လည်း သင်း အစ်မ မျောက်မထားတာ အသိပေး လို့ မဖြစ်ပါဘူးလေ။

ရင်ဘတ်တွင် BULL ဟူသော အနီရောင်စာလုံးဒီဇိုင်းပါရှိသော အနက်ရောင် ဆွယ်တာလက်ရှည်အင်္ကျီ ကြီးကိုဝတ် (ထိုဆွယ်တာ ကို စန်းချို က လမ်းဘေးမှာ ပုံရောင်းသော "ဖျာပုံ"သည်ထံမှ ဝယ်ပေး ခဲ့ခြင်း ဖြစ်၏) ဆောင်းရာသီ သုံး သိုးမွေးခေါင်းစွပ်အညိုရောင်ကြီးကို နားရွက်တွေဖုံးအောင်စွပ်လျက်၊ အိမ်ရှေ့ ခန်း ကြိမ်ထိုး ဆက်တီကုလားထိုင်ပေါ် မှာ လူလိုသူလိုမထိုင်ဘဲ၊ ကြိမ်ခင်းပေါ်ဆောင့်ကြောင့်တက်ထိုင် ကာ ဒူးနှစ်လုံးကို အားပြု၍ လက်မောင်းနှစ်ဖက်တင် ဦးခေါင်းကိုလည်း တင်ထားသည့် မလှုပ်မယှက် ပုံ ဟန်ဖြစ်နေသော သန်းဆိုင် အား အိပ်ခန်းထဲမှ ထွက်လာသည့် စန်းချိုက ထဘီစွန်တောင်ဆွဲထားရင် မို့ အစ်နေသော မျက်ခွံ ထူကြီးတွေကို ပင့်၍ မျက်လုံးပြူးကြည့်၏။

"ဟင် သန်းဆိုင်၊ နင် ဘာဖြစ်လို့လဲ၊ နေမကောင်းဘူးလား" ဟု အိပ်ရာထစအသံအက်ကြီးနှင့် မေးသည် ကို သန်းဆိုင် က မကြည့်ဘဲ မျက်လွှာချ၍ ခေါင်းညိတ်ပြသည်။ "ညသန်းခေါင်အထိ နင် အကောင်းကြီး ရှိပါသးတယ် ဟာ...။ ခုမှ... ဘယ်လိုဖြစ်ရတာလဲ"
အပြစ်တင်သံ ပါပါကလေးပြောပြီး စန်းချိုက ထဘီဘိုသီတက်သီနှင့် ကိုယ်လုံးကြီးတလှုပ်လှုပ်နှင့် မီးဖို ချောင်ဘက် ရွေ့လျားသွားသည်။ စန်းချို၏နောက်ကျောကို လှမ်းကြည့်ရင် (သေနာမ...၊ နေမကောင်း ဘူး ဆိုတာတောင် နဖူးကလေး ဘာလေးလာစမ်းဖော်မရဘူး၊ ဟင်း... ကုလားဒိန့်ဆေးမိနေပြီလားမှ မသိ တာ) ဟု စိတ်ထဲ မှ မြည်တမ်းကျိန်ဆဲလိုက်ရ၏။ ခါတိုင်းလည်း သန်းဆိုင်အပရိကနေထိုင်မကောင်းဖြစ် လျှင် စန်းချိုက လင်သည်ကို  အားပေးနှစ်သိမ့်ရာရောက်အောင် တောင်စမ်း၊ မြောက်စမ်း ဟိုကိုင်သည် ကိုင် လုပ်လေ့လုပ်ထ မရှိ ဘာဆေးဝယ်သောက်လိုက်...။ ဒေါက်တာတင်ဆန်းဦးဆီ သွားပြပါလား ဟဲ့...။ မိထူး ကွမ်းရွက်ပြုတ်ပေး လိုက်စမ်း ကွမ်းရွက်ပြုတ်ရည်နဲ့ ဆရာမောင် ဆေးနီမှုန့်သောက်... စသည်ဖြင့်သာ ကရုဏာသံမဖက်ဘဲ အမိန့်ဆန်ဆန် သာ ညွှန်ကြားလေ့ရှိသည်ကို သန်းဆိုင် မေ့နေ၏။

သူသည် ကုလားထိုင်ပေါ်မှ ဆင်းလိုက်ပြီး ကော်ဇောခင်းကြမ်းပေါ်တွင် လက်နောက်ပစ်၍ ကရွတ်ကင်း လျှောက် လျှောက်နေမိသည်။ လျှောက်နေရာက အမှတ် မထင် ရွှေရောင် ဝင်းဝင်းပြက်နေသော မြတ်စွာဘုရား ကျောင်းဆောင်ငယ် ကို မော့ကြည့်ဖြစ်သည်။ သည် ဘုရားကျောင်းဆောင်နှင့် ကြေးသွန်းဆင်းတု တော်တို့ကို ဝယ်ယူပူဇော်သူမှာ စန်းချိုသာပဲဖြစ်လေသည်။ ဘုရားစင် မှာ ပန်းတွေမညှိုးမနွမ်း အမြဲတမ်း စိုပြည်လန်းဆန်းအောင် ထာဝရ ဂရုစိုက် ဆက်ကပ်ကိုးကွယ်နေသူ မှာလည်း စန်းချိုသာဖြစ်၏။ ဆွမ်းရေ ချမ်း၊ ဆီမီးတို့သည်လည်း ဘုရားစင်မှာ မပြတ်မလပ်စေရအောင် ဂရုဓမ္မပြုနေသူ ကလည်း စန်းချိုမှ စန်းချိုသာ ဖြစ်ဘိတော့သည်။ (အိမ်တွင်းမှုလုပ်၊ သိမ်းထုပ်သေချာ၊ မိစ္ဆာကြဉ်ရှောင်၊ လျော်အောင်ဖြန့် ချိ၊ ပျင်းရိ မမှု၊ ဝတ်ငါးဆူ... အိမ်သူကျင့်အပ်စွာ... တဲ့။ ငါ့အဖေဘုန်းကြီး လူထွက်ကြီး ရွတ်လေ့ ရှိပါပ ကောလား...၊ ခုတော့... အရှင်ဗုဒ္ဓမြတ်စွာဘုရားကိုယ်တော်မြတ်ကြီး စန်းချိုက မိစ္ဆာကို မကြဉ်ရှောင် တော့ပါဘူး ဘုရား...)

ဘုရားစင် ကို မော့ကြည့်နေရာက သန်းဆိုင်သည် ဦးခေါင်းကို ဆတ်ခနဲ ငိုက်ချလိုက်သည်အခါ ဘယ် အချိန်က စို့နေမှန်း မသိသော မျက်ရည်တစ်ပေါက်သည် ကြမ်းခင်းဖယောင်းကော်ဇောပေါ်သို့ ဖောက်ခနဲ အသံထွက်အောင် ကျရောက်သွားသည်။ သတိဝင်လာပြီး သန်းဆိုင်က အင်္ကျီလက်ဖြင့် မျက်လုံးတွေကို ပွတ်လိုက် ၏။ (တောက်...) ဒီ××× မျက်ရည်က ဘယ်ကရောက်လာရတာလဲ... ဟု အတွင်း ကျိတ်ရေဝါပြန်သည်။
"ဟဲ့ သန်းဆိုင် ဘုရားစင်ရှေ့ မှာ ဘာလို့ တောက်ခေါက်နေတာလဲ၊ တောက်ခေါက်စရာ နေရာရှားလို့ လား ဟဲ့..."
အိမ်သာ မှ ပြန်လာသော စန်းချိုက ရေမစင်သော ဘယ်လက်ကို ထဘီတင်ပါးမှာ ပွတ်ရင်း စူစွာ စွာ ငေါက်လိုက်သည့် အခါ သန်းဆိုင်လန့်ဖျပ်ငေးကြောင်သွား၏။ ဘာပြန်ပြောရမှန်းလည်း မသိ။ ယောင် ကန်းကန်းဖြင့် စန်းချို ကို လှည့်ကြည့်ရင်း စိတ်ကူးတစ်ခု ဖျတ်ခနဲ ဝင်လာသည်။

"နေရာရှားလို့ မဟုတ်ဘူးဟ...၊ တောင်တွေး မြောက်တွေးနဲ့ ငါ့ဆီက ကွမ်းယာအကြွေးစားသွားပြီး ကြွေး လာမဆပ် တဲ့ ကုလားဒိန်တစ်ကောင်ကို သတိရလို့ ဒေါသထွက်ရင်း အလိုလို တောက်ခေါက်မိတာ" ဟု ပြောကာ၊ စန်းချို၏ မျက်နှာအမူအရာကို မရဲတရဲ အကဲခတ်သည်။ စန်းချိုက ဘာမှထူးထူးခြားခြား ခံစား ရပုံမပြ။
"ဘယ်က ကုလားဒိန် လဲ...၊ ငါတို့ဆိုင်မှာ ကွမ်းယာစားတဲ့ ကုလားဒိန် မရှိပါဘူး သန်းဆိုင်ရာ..."
"ဟို ကွက်သစ်ချောင် ထဲက ဒန်အိုးပေါက်ဖာတဲ့ ကုလားဒိန် ဟ နင်မသိပါဘူး စန်းချို၊ မနှစ်က သူများ မယား ကြာခို လို့ အရိုက်တောင် ခံလိုက်ရသေးတယ်" သန်းဆိုင်၏စကားလုံးတွေက စန်းချို၏နားထဲသို့ပင် ဝင်ရောက်နိုင်စွမ်း ရှိပုံမရပါ။

စန်းချိုက သန်းဆိုင်၏စကားများကို နားလည်းမလည်။ နားလည်လျှင်လည်း အမှုမထားဟူသော အကြည့်မျိုးဖြင့် ကြည့်ပြီး လှည့်ထွက်သွားသည်။ သန်းဆိုင် သည် မခံချိမခံသာ ခံစားမှုဖြင့် တုန်တုန်ရီရီ ဖြစ်လာပြန်သည်။ (တော်တော်ဟန်ဆောင်ကောင်း တဲ့ ပခြုပ်သည်မ...) ရပ်နေရာမှ မူလက ကြိမ်ဆက် တီမှာ ပခုံးကျုံ့လက်ပိုက်ပြီး မှိုင်တွေတွေကြီးသွားထိုင်နေပြန်၏။ စန်းချိုနဲ့ ကုလားဒိန်နဲ့ အဆက်ဖြစ်နေ တာ ဘယ်လောက်ကြာပြီလဲ မသိဘူး...၊ ကောင်မက ငွေအထပ်လိုက် ထုတ်ပေးနေပုံထောက်ရင် ကြာ ပြီနဲ့တူတယ်...၊ ညဘက် သူ့ညီမ မိထူး ကိုခေါ်ပြီး မြို့ထဲက ရုပ်ရှင်ရုံမှာ ည (၉) နာရီပွဲ ရုပ်ရှင်သွား သွား ကြည့်တာကလည်း ယုံလို့မရဘူး။

ကုလားဒိန်နဲ့ တစ်နေရာရာမှ ချိန်းတွေ့ချင်တွေ့နေမှာ၊  မိထူးက သူ့ အစ်မသြဇာခံပဲ၊ စန်းချို ဘာလုပ်လုပ် ပြောဝံ့မှာမဟုတ်ဘူး၊ စန်းချိုက အာဏာနဲ့ နှုတ်ပိတ်ထားလိုက်ရင် သူ့ပါးစပ်ကို အပ်ချည် နဲ့ချုပ်ထား လိုက်သလို...၊ ရေငုံနှုတ်ပိတ်ဖြစ်သွားမှာပဲ...။ စိတ်အတွေးတွေ ဂနာမ ငြိမ် မွန်းလှောင်နေသည့်ကြားမှ သန်းဆိုင် သည် နေမကောင်းချင်ယောင် ဆောင်နေသည့် ဝဋ်ဒုက္ခဒဏ် ကို အလူးအလဲ ခံစားနေရသေး၏။ ခါတိုင်း အင်္ကျီချွတ်နှင့် နေတတ်သည့်သူက ဆွယ်တာကြီး ဝတ်ပြီး ခေါင်းစွပ်စွပ်ထား သည့်အခါ နွေခေါင်ခေါင် ခြင်ထောင်ထဲမှာ စောင်ခေါင်းမြီးခြုံထားရသည့်သဖွယ်၊ ပူစပ် လောင်မြိုက် လျက် ရှိတော့ သည်။ မထွက်ချင်ဘဲ တရဟောထွက်အန်လာသည့် ချွေးတွေက သူ့တစ် ကိုယ်လုံးမှာ သံပုရည်တွေ ဆွတ်ဖျန်းနေသကဲ့ သို့ ရှိလေသည်။ အင်း၊ ငယ်ငယ်က ကျောင်းမတက်ချင် လို့ နေမကောင်း ချင်ယောင်ဆောင်ရင်း ကျောင်းလည်း မသွားရဘူး၊ အိမ်မှာ ဓာတ်စာဟင်းကောင်း ကောင်းလည်း စားရတယ်၊ ခုတော့ ငရဲ မှ ငရဲပဲဟေ့... ဟု သန်းဆိုင် ငုံးဆူလုမသိ ကျိတ်ညည်းညည်းနေ မိ၏။ သည်လို ဟန်မလုပ်လို့လည်း မဖြစ်။ သူ၏လျှို့ဝှက် အကြံအစည်အရ... လူမမာဟန်ပြထားမှ ယုတ္တိရှိမည် မဟုတ်လား...။

"ဟဲ... သန်းဆိုင်၊ နေမကောင်းဘူးဆိုပြီး ငုတ်တုတ်ကြီးထိုင်မနေနဲ့လေဟာ၊ ဒေါက်တာတင်ဆန်းဦးဆီ သွား ပါလား...၊ ခုနေသွားမှ သူ့ကိုမီမှာ၊ (၉) နာရီဆို သူက ဆေးရုံသွားတော့မှာ...၊ နင့်ရောဂါရပုံလည်း ဆန်းမှ ဆန်း...၊ ညကဖြင့် လန်းလန်းဆန်းဆန်း ဆင်ကိုတောင် လည်ပင်းညှစ်သတ်မယ့်ပုံစံမျိုးနဲ့၊ ခုမှပဲ ကောက်ကာ ငင်ကာ ရောဂါရသတဲ့" ရေချိုးပြီး အိမ်ပေါ်တက်လာသော စန်းချို က မြည်တွန်တာက်တီး ပြန်၏။

"မနက် မိုးလင်း လို့ အိပ်ရာထပြီး ဆိုင်ဖွင့်မယ်လုပ်ကာမှ အဖျားဝင်လာတာဟ...၊ နင် ဘာသိလို့လဲ"
ဒေါသ ကို ချုပ်တည်း၍ အသံကို ထိန်းအော်လိုက်ရာ၊ အသံကကွဲအက်အက်ဖြစ်နေ၍ လူမမာသံနှင့် ပို၍ တူသယောင်ယောင်ဖြစ်သွားလေသည်။ မကြာမီ အခန်းထဲမှ စန်းချို၏သနပ်ခါးသွေးသံ တဂျီးဂျီးကို ကြားလာ ရသည်။ (ဟင်း...၊ ကိုရွှေကုလား ရွှေဘောတော်ကျအောင် မှုန်နံ့သာခြယ်ကာ သတော့မယ်...၊ ရေမွှေးတွေလည်း ဆွတ်ပြပါလိမ့်မယ်ဗျား၊ ဝက်ပါးစပ်လို နှုတ်ခမ်းထော်ထော်ကြီးကို မျောက်ဖင်နီဖြစ် အောင် နှုတ်ခမ်းနီတွေ ရဲပတောင်းခတ်အောင် ဆိုးပါလိမ့်ဦးမယ်၊ သေနာမ) ဟု စိတ်ထဲကနေ စိတ်ရှိ လက်ရှိ ကျိန်ဆဲမိသည်က တခြား၊ နှလုံးသားနာကျင်ပူလောင်နေရသည်က တခြားဖြစ်ကာ၊ သန်းဆိုင်၏ မျက်နှာကြီးသည် သောကနှင့် ဒေါသနသအပြင်...၊ စိတ်ရှုပ်ထွေး နောက်ကျူခြင်းတို့ဖြင့် ပုံယွင်းရှုံ့မဲ့နေ သည်။

"သန်းဆိုင်...၊ ဆရာဝန်ဆီသွားတော့လေ" ဟု ခန်းဆီးနောက်ကနေ၊ စူစွာစွာ အသံထွက်လာသည်။
"ဒီအဖျားလောက်နဲ့ ငွေကုန်မခံဘူးဟေ့၊ ဒီလောက်ကလေးဖျားရုံနဲ့ သေချင်လည်း သေပါစေ၊ ငါသေ လည်း နင့်အတွက် ဘာမှနောက်ဆံတင်း စရာမလိုဘူး" ဟု ဘုဂလန့် (ကန့်လန့်) စကားလိုလိုနှင့် သွယ် ဝိုက်ပြီး စောင်းပါးရိပ်ခြည် ကလိ ကြည့်လိုက်၏။

"ရပါတယ်ဟေ့၊ ရတယ်၊ ငါ့အတွက် နင် ဘာမှနောက်ဆံတင်းစရာမလိုဘူး။ နင် သေသွားလည်း ငါသား နှစ်ယောက် နဲ့ ငါ လုပ်ကိုင်စားသောက်တတ်တယ်၊ နင် သေသွားရင် ကောင်းတာတော့ အနည်းဆုံး... အိမ်မှာ တစ်နေ့ ကို ဆန်နို့ဆီဘူး သုံးလုံးလောက် ရော့ သွားမှာပဲ သန်းဆိုင်"
အခန်းထဲ က တုံ့ပြန်သံကို ကြားသော် သန်းဆိုင် ထိုင်ရာမှ ဒေါက်ခနဲ ထထိုင်မိတော့မလိုဖြစ်သွားသည်။ (ကြည့်စမ်း။ ဒါ... အိုးရွှဲ့ကို စလောင်းရွှဲ့နဲ့ ဖုံးလိုက်တာပဲ၊ ငါက သေမှာ မဟုတ်ဘူး။ နင်နဲ့ နင့်ကုလားဒိန် ကိုသာ နှစ်လောင်းပြိုင် သင်္ချိုင်းရောက်အောင် ငါကိုယ်တိုင် ပို့မှာ) ဟု စိတ်ထဲက ကြုံးဝါးစဉ်၊ ဘုရားစဉ် ကို ကြည့်မိလျက် သားဖြစ်ကာ၊ လိပ်ပြာမလုံသလို၊ သရိုးသရီ ခံစားလိုက်ရ၏။
"အေးပါ စန်းချို ရာ၊ အေးပါ... နင် ငါ့ကို ဘာကြောင့် သေစေချင်လဲဆိုတာကို ငါ ရိပ်မိပါတယ်" ဟု တစ် ဘက်လှည့် စကားနှင့် ဆွကြည့်လိုက်ပြန်သည်။

"သန်းဆိုင်××× စကားရှည်မနေနဲ့၊ ဆေးခန်းသွားမှာသွား၊ တော်ကြာ နင့်ပထွေး ဆရာဝန်က ဆေးရုံ ထွက် သွားဦးမယ်" ဟုသော စန်းချို၏အော်သံက တစ်အိမ်လုံး တုန်ခါသွားစေလောက်အောင် ကျယ် လောင်မြည်ညံ သွားသည်ဟု မှတ်ရပါသည်။ ခွန်းတုံ့မပြန်တော့ပါဘူးလို့ စိတ်ကို ထိန်းကြည့်သော်လည်း မရပါ။ သန်းဆိုင် လည်ချောင်းသံ အစ်အစ်ဖြင့် ပြန်အော်ဖြစ်၏။
"ဒီမြို့မှာ ဆရာဝန် ဆိုလို့... တင်ဆန်းဦး တစ်ယောက်တည်းရှိတာ မဟုတ်ဘူးဟေ့"

×××        ×××        ×××
×××        ×××        ×××
×××        ×××        ×××

နံနက် (၈) နာရီခွဲလောက်တွင် ယခင်နေ့များအတိုင်း စန်းချိုသည် သနပ်ခါးအဖွေးသား၊ အဝတ်အစား အဖိုးတန် တပြောင်ပြောင် တလက်လက် ရွှေတဝင်းဝင်းဖြင့် ဈေးသွားရန် ကြော့ကြော့မော့မော့ကလေး အသင့်ဖြစ်နေသည်။ ဆံထုံး မရှိဘဲ။ တိုနံ့နံ့ကောက်ထားသော ဆံပင်မှာ ခေါင်းရင်း၌ သူကိုယ်တိုင် စိုက် ထားသော သနပ်ခါးပန်းပင် မှ သနပ်ခါးပန်း ဝါရွှေရွှေတစ်ခက် ကို ပန်ထားရာ အဆီအငေါ်မထည့်လှဘဲ အရူးမ ပန်းပန်ထားသည်နှင့် တူနေသည် (ဟု... သန်းဆိုင် မြင်မိ၏) .... ဒီလိုကြီးကို ကုလားဒိန်က ကြိုက်မှာမဟုတ်ဘူး။ သင်း လည်ပင်း က ငါးကျပ်သား ဆွဲကြိုးကြီးရယ် ကြံဆစ်လက်ကောက်တွေရယ် ကိုသာ ခွေးသားက မျက်စိကျနေမှာ...။

စန်းချိုသည် သန်းဆိုင်ရှေ့မှ အိပဲ့ အိပဲ့ ဖြတ်လျှောက်ကာ အိမ်ရှေ့သို့ ဆင်းသွားသည်။ စန်းချိုက သန်း ဆိုင်ကို ဖုတ်လေသည့် ငါးပိ ရှိလေသည်မထင်ဟန် ဘာသိဘာသာ ထွက်သွားသော်လည်း သန်းဆိုင် က မျက်လုံးပြူးကြီး များဖြင့် မျက်စိ တဆုံး လိုက်ကြည့်နေ၏။ သူ့လက်တစ်ဖက်ကကလည်း "ပစ်စာ" ရှိ ရာ၊ ခါးပိုက်ထောင်ကို မိမိရရ ဆုပ်ကိုင်ထားမိလျက်သားရှိ၏။ (ကဲ... ကျားနဲ့ဆင် လယ်ပြင်မှာတွေ့ ကြ သေးတာပေါ့...) အံတစ်ချက် ကျိတ်ကာ သန်းဆိုင်သည် အိပ်ခန်းထဲသို့ ကပျာကသီ ဝင်ခဲ့သည်။

အိပ်ခန်းထဲတွင် ဟန်ဆောင်ဝတ်စုံ ကို ကမန်းကတန်း ချွတ်ပြီး၊ ပုဆိုးအသစ် အင်္ကျီအသစ်လဲဝတ်သည်။ အညံ့စား ဂျင်းဂျက်ကက်ကြီး ကို သတိတရ ထုတ်ဝတ်သည်။ (ဒါလည်း စန်းချို ကိုယ်တိုင် စတိုးဆိုင်က ဝယ်လာခြင်းဖြစ်ပါသည်) အညာသည် မာဖလာကြီးကိုလည်း ခေါင်းပေါင်းပေါင်းသလို ဦးခေါင်းမှာ ရစ် ပတ် လိုက်ပြန်၏။ (ရုတ်တရက်... စန်းချို မမှတ်မိအောင် ဒီလိုပုံဖျက်ထားမှ...) မှန်ထဲမှာ သူ့ပုံသူကြည့် ပြီး၊ စိတ်သောကတွေကြား ထဲကနေ... ပီတိအကြည်ဓာတ်ကလေးက၊ ဟဒယနှလုံးမှာ ဖျတ်ခနဲ ပေါ်လာ သေး၏။ တစ်ဖန်... သားနှစ်ယောက်၏အိပ်ခန်းထဲဝင်ပြီး အလွယ်တကူထားတတ်သည့် သားအကြီး ၏ ရွှေကိုင်းနေကာ မျက်မှန်ကို တပ်ဆင်လိုက်ပြန်သည်။ တပ်နေကျမဟုတ်၍ အမြင်အာရုံက ဝါးတားတား နောက်ကျိကျိဖြစ် သွားသည်။

ခဏနေမှ... အမြင်ကြည်သလိုလို ရှင်းသလိုလို ထင်လိုက်မိသည်။
သန်းဆိုင် မီးဖိုချောင်ထဲသို့ ဝင်လာခဲ့သောအခါ ထူးထူးခြားခြားပုံဟန်သွင်ပြင် ပြောင်းလဲနေသော သန်း ဆိုင်ကို ကြည့်ပြီး ငရုတ်သီးထောင်းနေ သည့် မိထူးသည် အလန့်လန့်အဖျပ်ဖျပ် ဆတ်ခနဲထရပ်လိုက် သည်။ သူမ၏ နဂိုပြူးသော မျက်လုံးတွေကိုပိုပြူးနေပြီး ပါးစပ်ပေါက်က အစာတောင်းနေသော တိရစ္ဆာန် တစ်ကောင်၏ ပါးစပ်ကဲ့ သို့ ဟပြဲနေ၏။ မိထူး၏ညီညာသော သွားတွေကတော့ ဖယောင်းတုံးကလေး တွေလို ဖြူလဲ့နေသည်။
သန်းဆိုင် က.... သူမျက်နှာပြဲကြီးနှင့် အံမကိုက်လှသော နေကာမျက်မှန်ကို နေရာအနေအထားပြင် လိုက်သည်။

"မိထူး၊ ငါ ကောင်းကောင်းနေမကောင်းဘူး၊ မျက်စိလည်းနာချင်သလိုဖြစ်နေလို့ မြို့ထဲက (သစ္စာ မေတ္တာ) အထူးကုဆေးခန်းကို သွားပြမယ်၊ သားငယ်ကျောင်းချိန်နီးရင်... နင်ဆိုင်မှာ သွားထိုင်လိုက်၊ ကြားလား"
"အင်း..."
မိထူးက (အင်း) တစ်လုံးတည်းပြောပြီး ပြန်ထိုင်သည်။ မိထူး၏စကားပြောအဘိဓာန်တွင် (ဟုတ်ကဲ့၊ ဟုတ်ကဲ့ရှင်၊ ဟုတ်ကဲ့ပါ) ဆိုသော ဝေါဟာရတွေ မပါရှိ။ (အင်း) တစ်လုံးသာရှိ၏။ ဘုန်းကြီးရဟန်းနှင့် စကားပြောရာ တွင်လည်း မိထူးထံမှ (တင်ပါဘုရား၊ မှန်ပါဘုရား) တွေ ထွက်လာမည်မဟုတ်။ (အင်း...) ပဲ။
ဘုရားကြီးမုခ်ဦးဝ အနီးရှိ၊ ဆိုက်ကားဂိတ်သို့ သန်းဆိုင် ကပျာကသီ လျှောက်လာသောအခါ၊ ဆိုက်ကား ဂိတ် တွင် နောက်ပြောင်သံတွေ စီစီညံသွားလေသည်။

"ဟား... ဒီဇိုင်းက မိုက်တယ်ဟေ့"
"ရော့... ဒီဦးထုပ်ဆောင်းလိုက် ကိုသန်းဆိုင်၊ ဒါမှ ဆားပုလင်းနှင်းမောင်နဲ့ တူသွားမှာ..."
"ဟေ့ လူကြီး၊ ကျုပ် ဂျင်းဂျက်ကက်ငှားထားတာ ပြန်ပေးဦးလေ..."
သန်းဆိုင်က အားလုံးသော အနောက်အစတွေကို ဥပေက္ခာပြုလိုက်ကာ...၊ ဆိုက်ကားနံပါတ် (၁၉၂) ဆီ သို့ လျှောက်သွား၏။ အလှည့်ကျ စနစ်အရ...၊ အရင်ဆုံးထွက်ရန် နံပါတ် (၁၉၂) သည် ဆိုက်ကား တန်း၏ရှေ့ တွင် အသင့်နေရာယူထား၏။ နင်းသားက ကွမ်းဝါးရင်း ဆိုက်ကားဘေးမှာ ရပ်နေသည်။

"ေ့... ဝမ်းနိုင်တူးး၊ ဈေးကို သွားမယ်ဟေ့..." ဟု သန်းဆိုင်က နင်သားကို အများခေါ်နေကျ အသုံးအနှုန်း ဖြင့် အော်ပြောလိုက်ပြီး ဆိုက်ကားရှေ့ခုံမှာ ဝင်ထိုင်၏။
"မစန်းချို ခုပဲ သွားတယ်၊ သူ့နောက်လိုက်မလို့လားဗျ" ဟု ဝမ်းနိုင်တူးက ဘုမသိ ဘမသိသဘောရိုးနှင့် မေးသည်ကို ရင်မှာမချိတရိ ခံစားနေရသော သန်းဆိုင် ဒေါကန်သည်။
"စကားများ မနေနဲ့ကွာ၊ နင်းမှာနင်း၊ စကားများနေ လို့ မင်းအမေလင်က ထမင်းကျွေးမှာ မဟုတ်ဘူး"
"ဟုတ်ပ၊ ဟုတ်ပ ဆရာသမား၊ အခုပဲကြည့် ကိုသန်းဆိုင်က ကျွန်တော့်ကို ထမင်းဖိုး ငွေတစ်ရာပေး တော့မှာလေ... ဟပ်-ဟပ်"
ဝမ်းနိုင်တူး ငတိကလေး ကတော့ သန်းဆိုင်တစ်ယောက် ဒိန်းဒလိန်းနတ် ဖမ်းစားခံနေရသည်ကို လုံးဝ မရိပ်မိဘဲ... ခါတိုင်း လို ခပ်ရွှင်ရွှင် ခပ်သောသောလေပေါနေ၏။

"စန်းချိုစီး သွားတဲ့ ဆိုက်ကားကို တွေ့ရင် သူတို့နောက်က ခပ်ခွာခွာ လိုက်နင်းကွာ၊ သိပ်မကပ်နဲ့..." ဟု သန်းဆိုင် က စူပွပွ ညွှန်ကြားသည်။
"ဘာပြုလို့လဲ ဗျာ၊ ကိုယ့်မိန်းမနဲ့ နီးနီးကပ်ကပ် မစီးချင်ဘူးလား"
(××× မအေပေး ဝမ်းနိုင်တူး၊ လေကြောကိုရှည်လွန်းတယ်) ဟု စိတ်ထဲက ကျိန်ဆဲကာ စိတ်ထဲပေါ် လာသည့် အတိုင်း ပြန်ပြောလိုက်၏။
"သင်းနဲ့ ငါ ရန်ဖြစ်ထားတယ်ကွာ၊ မျက်နှာချင်းမဆိုင်ချင်ဘူး..."
"အဟော့-ဟော-ဟော-ဟော ဒါကြောင့်ကိုး၊ ဆရာသမားတို့ကလည်းဗျာ မပင်မပန်း သက်တောင့်သက် သာနဲ့ စီးပွားဖြစ်နေ တဲ့ ဆရာသမား တို့လို လင်မယားကြားမှာ ပြဿနာမပေါ်သင့်ပါဘူးဗျာ၊ ကျွန်တော် တို့လို မိုးလင်းက မိုးချုပ် အရိုးအဆစ်တွေ ပြုတ်ထွက်ကုန်မတတ် အကြောအခြင်တွေ ပြတ်သတ်ထွက် ကုန်မတတ် ဆိုက်ကား နင်းရတဲ့ ကောင်မျိုးတောင် ဝင်ငွေမကောင်းတဲ့ကြားက မယားနဲ့တော့ တည့် အောင်နေသဗျို့၊ ဟော-ဟော..." ဝမ်းနိုင်တူး က ရယ်ရယ်မောမောနှင့် ဆိုက်ကားကို ရှုပ်ထွေးနေသော လမ်းသွားလမ်းလာတွေ၊ စက်ဘီး၊ ဆိုက်ကား၊ မြင်းလှည်း၊ ဆိုင်ကယ်၊ မော်တော်ယာဉ်တွေကြား၌ ဘဲလ်တဂွမ်ဂွမ်တီး ၍ ခပ်သွက်သွက် နင်းရင်း စကားဆက်နေပြန်၏။

"ဘုရားကြီး ဆိုက်ကားဂိတ် မှာတော့ မင်း××× စကားအများဆုံးပဲ ဝမ်းနိုင်တူး၊ ငါ့ကို ဆရာကြီးလာမလုပ် နဲ့၊ ငါလည်း ဆိုက်ကားသမားဘဝက လာတဲ့ကောင်၊ ဟာ-ဟေ့ကောင် ဟို-ဟိုမှာ စန်းချိုတို့ဆိုက်ကား၊ အရှိန်လျှော့ လိုက်တော့...၊ ခပ်ခွာခွာကလေးလိုက်ကွ"
သန်းဆိုင်သည် လက်ညှိုးတထိုးထိုးနှင့် ဣနြေ္ဒမဆည်နိုင်လောက်အောင် လှုပ်လှုပ် ရွရွ ဖြစ်နေ၏။ ခေါင်း ပေါင်း ကိုလည်း နေကာမျက်မှန်ဖုံး မတတ်ဆွဲချလိုက်သေးသည်။
"အိုကေ... ဆရာသမား၊ ကျွန်တော် သဘောပေါက်ပါတယ်" ဟု ပြောကာ ဝမ်းနိုင်တူးက သူတို့ရှေ့ ဘက် ကိုက် (၁၀၀) နီးနီး အကွာမှာ ရွေ့လျားနေသော စန်းချိုလိုက်ပါနေသည့် ဆိုက်ကားကို မျက်ခြည် မပြတ်ကြည့်နေသည်။ သန်းဆိုင် ကလည်း သနပ်ခါးပန်းပန်ထားသော စန်းချို၏ဦးခေါင်းကြီးနှင့် အနီရဲရဲ အင်္ကျီ ဝတ်ထားသည့် ကျောပြင်ကို မျက်တောင်မခတ်စတမ်း စူးစိုက်ကြည့်လျက်သားရှိသည်။ ရင်အခုန် ပိုမိုမြန်ဆန် လာသည်ကို သူ သတိမမူမိ။ နံနက်နေရှိန်ပျော့ပျော့အောက်မှာပင် သူ ချွေးပြိုပြိုကျနေပြီ။ ခေါင်းပေါင်းနှင့် မျက်မှန် ကို ချွတ်ချင်သော်လည်း မချွတ်ရဲ။

စန်းချိုတို့၏ဆိုက်ကားသည် မြို့မပြည်သူ့ဈေးကြီးမှ သုံးထပ်ဈေးသစ်အဆောက်အအုံရှေ့ အနှေးယာဉ် ဂိတ်မှာ ထိုးဆိုက်လိုက်၏။ သန်းဆိုင်တို့ဆိုက်ကားက ကိုက် (၁၀၀) ခန့်ခွာပြီး အနှေးယာဉ်ဂိတ်မရောက် မီ ရပ်သည်။ သန်းဆိုင်သည် ဆိုက်ကားခ ကမန်းကတန်းပေးကာ ဆိုက်ကားပေါ်မှ ကတိုက်ကရိုက် ဆင်းပြီး စန်းချိုကို မျက်ခြည်မပြတ်မီ လူအုပ်ကြားမှ တိုးဝှေ့ရွေ့လျားတော့၏။ သူက... ရုပ်ဖျက်ရာတွင် ပို၍ လုံခြုံပိရိအောင် လက်ကိုင်ပဝါဖြင့် မျက်နှာအောက်ပိုင်းကို ဖုံးကွယ်ထားသေးသည်။ ပခုံးအစုံကိုကျုံ၊ လည်ပင်းကို အနည်းငယ် ငိုက်ထားသဖြင့်... သန်းဆိုင်ကို ရုတ်တရက်ကြည့်လျှင် နေထိုင်မကောင်း ဟန်တော့ ပေါ်လွင်နေပါသည်။ မတော်တဆ စန်းချိုနဲ့ တွေ့ရင်လည်း ဒေါက်တာတင်ဆန်းဦးကို မမီလို့ မြို့ထဲက ဆရာဝန်မ ဆီလာပြတာလို့ ပြောလိုက်ရုံပဲလေ... ဟု သန်းဆိုင်က တွေးသည်။

စန်းချုကို လှမ်းလှမ်းကြည့်ရင်းကနေ သန်းဆိုင်၏အသိထဲသို့ ငုတ်လျှိုးစိတ်က တိုးဝင်ကာ တွေ့တွေ့သ မျှ ကုလားလူရွယ် မှန်သမျှကို စန်းချို၏အဆက် ကုလားဒိန်ဟု ယောင်မှားထင်မြင်စေလျက်ရှိသည်။ စင် စစ်... ဤမြို့မဈေးကြီးတစ်ဝိုက်တွင်၊ မဟာမေဒင် ဘာသာဝင်အများစု နေထိုင်ကြကြောင်း၊ ဈေးထဲတွင် ဟိန္ဒူကော၊ မူစလင် ပါ အများအပြားရောင်းဝယ်ဖောက်ကားနေကြကြောင်း သန်းဆိုင်သိဖို့တော့ ကောင်း၏။
စန်းချို ကတော့... သူ၏နောက်မှာ "အရိပ်"ပါလာမှန်း စိုးစဉ်းမျှ သိဟန်မပေါ်။ ပလတ်စတတ်ဈေးဝယ် ခြင်းကြိးကို လက်မောင်း တစ်ဖက်မှာချိတ်ရင်း ပိုက်ဆံအိတ်ဖောင်းဖောင်းကြီးကို ကိုင်ကာ ဈေးသွား လူ အုပ်ကြားထဲမှာ အိပဲ့၊ အိပဲ့ တိုးဝှေ့ရွေ့လျားနေသည်။ သူမမှာ... အမှိုက်ပုံထဲမှာ တွားသွားနေသည့် နောက်ချေးပိုး မည်းမည်းကြီး တစ်ကောင်နှင့်ပင် တူနေလေသည်။

သန်းဆိုင်သည် ထူထပ်ရှုပ်ထွေးသော ဈေးဝယ်နာဝယ်တွေကြားးမှာ စန်းချိုအား မျက်ခြည်ပြတ်သွားမှာ စိုးပြီး ခပ်သုတ်သုတ် လိုက်ခဲ့ရာ၊ စန်းချို၏နောက်ကျောဘက် (၁၀) ကိုက်အကွာထိ ရောက်သွားရာမှ (မတော်) စန်းချိုက လှည့်ကြည့်ပါက သူ့ကိုမြင်တွေ့သွားမှာ စိုးရိမ်စိတ်ဖြင့် ခြေလှမ်းတွေကို အလန့် တကြားလျှော့လိုက်၏။
ဈေးရုံကြီး ထဲသို့ ဝင်လာခဲ့ပြီးနောက် စန်းချိုသည် ဝယ်နေကျ တရုတ်ကုန်ခြောက်နှင့် မုန့်မျိုးစုံဆိုင်ကြီးထဲ သို့ ဝင်သွားရာ၊ သန်းဆိုင် သည် မလှမ်းမကမ်း အထည်ဆိုင်အနီးတွင်ရပ်လျက် တရုတ်ဆိုင်ကို စောင့် ကြည့်သည်။ ငါးမိနစ်ခန့်ကြာ လျှင် စန်းချို သည် တရုတ်ဆိုင်ထဲမှ ထွက်လာပြီး အခြားဆိုင်တန်းဘက် သို့ လျှောက်သွားသည်ကို သန်းဆိုင်မြင်ရသည်။ ဝယ်စရာရှိတာတွေကို မှာထားခဲ့ပြီး အားလုံးဝယ်ပြီးမှ ကုလားဒိန် ရှိတဲ့ လက်ဖက်ရည်ဆိုင် ကို သွားမယ်တူတယ်... ဟု သန်းဆိုင် ရင်တဒိတ်ဒိတ်ကြားက ခန့် မှန်းချက်ထုတ်၏။

စန်းချိုသည် ကွမ်းရွက်ကွမ်းသီးနှင့် ကွမ်းယာအဆာပလာစုံရောင်းသော ဝယ်နေကျဆိုင်ကြီးတွင် ရပ် လိုက်ပြီး ဆိုင်ရှင်ယောက်ျားကြီး ကို လိုအပ်သော ကုန်ပစ္စည်းစာရင်းစာရွက် လှမ်းပေးသည်။ (ထိုစာရင်း ကို ညတိုင်း သားကြီးက ရေးပေးရ၏။) ထို့နောက် ဆိုင်ရှင်ထိပ်ပြောင်ကြီးနှင့် ရယ်လားမောလား စကား ပြောနေသည် ကို တွေ့ရ၏။ ထိုမြင်ကွင်းကို လမ်းထောင့်ချိုးကနေကြည့်ရင်း သန်းဆိုင် တစ်ကိုယ်လုံ ဖျင်းခနဲ ခံစားလိုက်ရသည်။ ဆိုင်ရှင်လူကြီးအကြောင်းကို သန်းဆိုင် ကောင်းကောင်းသိသည်။ သူ ဆိုက်ကားနင်းစား ကတည်းက အဲဒီထိပ်ပြောင်ကြီး မိန်းမပွေမှန်း သန်းဆိုင်က အခိုင်အမာ သတင်းရ ထားခဲ့သည်။ (... စန်းချို စန်းချို ထိပ်ပြောင်ကြီး အကြောင်း မသိသေးဘူးတူပါရဲ့၊ ဒီကောင်ကြီးက နင့် ဘကြီး ဦးခန့်ထက်တောင် စွံ့သေး ရဲ့၊ မိန်းမသုံးယောက် ကို အိမ်သုံးလုံးနဲ့ ထားတာ) စိတ်မှ အော်ပြော လိုက်၏။

ထိပ်ပြောင်၏ ဆိုင်မှထွက်ခွာလာသော စန်းချိုသည်... သားငါးအရောင်းဆိုင်တန်းဘက်သို့ တိုးဝှေ့ရွေ့ လျားသွားပြန်သည်။ သန်းဆိုင်ကလည်း မျက်မှန်နက်ကြီး တဝင်းဝင်းဖြင့် မျက်နှာကိုမော့လိုက်၊ ငုံ့လိုက် ဖြင့် နောက်ကလိုက်နေသည်။ တောသူတောင်သား ဈေးဝယ်မိန်းမတွေက ဈေးဝယ်သူပုံစံမပေါက်ဘဲ ဣနြေ္ဒ ပျက်နေသော သန်းဆိုင်ကို မျက်လုံးရိုင်းတွေဖြင့် ကြည့်ကြ၏။ "မျက်လုံးလေးလုံးပါတာတောင်... လူတစ်ယောက်လုံး ကို မမြင်ဘူးလား... တော့်" ဟု အတိုးအတိုက်ခံရသည့် မိန်းမငယ်တစ်ယောက်က သန်းဆိုင် ကို ခပ်စွာစွာ ငေါက်လိုက်စဉ် စန်းချို လှည့်ကြည့်မှာမူပြီး သန်းဆိုင်က မိန်းမငယ်ကို လက်အုပ် ချီ၍ တောင်းပန် ဟန်ပြုလိုက်ရလေသည်။

စန်းချိုသည် ငါးဆိုင်မှ စိုဝင်းလတ်ဆတ်လှသော မွေးမြူရေးငါးကြင်းကြီးတစ်ကောင်ကို ဝယ်ယူနေ သည်။ သန်းဆိုင် က စန်းချိုကို လှမ်းကြည့်လိုက်၊ တစ်စုံတစ်ယောက်ကို ရှာဖွေစောင့်ရှောက်သကဲ့သို့ ဦး ခေါင်းကို ဘယ်ညာ ငဲ့စောင်းကြည့်လိုက်ဖြင့်၊ ငါးစိမ်းတန်းထဲမှာ အညှီအဟောက်နံ့တွေကို ရှူရင်း ဈေး ဝယ်မိန်းမတွေ၏ မထိခလုတ်၊ ထိခလုတ် တိုးတိုက်ခြင်းကို ကျိတ်မှိတ်ခံနေရ၏။ ခုံဖိနပ်မြီးတိုကြီးစီးထား သော စုတ်ဖွားဖွား ပေတူးတူး မိန်းမကြီးတစ်ယောက်က သူ့ခြေထောက်ကို နမော်နမဲ့ ပွတ်နင်းသွားစဉ်၌ လည်း နာကျင် လွန်းပြီး မိန်းမကြီးကို ကိုင်ပေါက်ပစ်ချင်စိတ်တွေ ဝင်လာသေး၏။ သို့ရာတွင်... စန်းချိုက ဝါးတစ်ရိုက်လောက် အကွာမှာ ရှိနေ၍ သန်းဆိုင် အောင့်အည်း သည်းခံလိုက်သည်။

ငါးဝယ်ပြီးနောက်… စန်းချိုသည် ဝက်သားဆိုင်ရှေ့မှာသွားရပ်လိုက်သဖြင့် သန်းဆိုင် ပူနွေးစွာ စိတ်လှုပ် ရှား မိသည်။ သူတို့အိမ်မှာ ဝက်သားစားပြီး ဝက်သားကြိုက်သူမှာ သန်းဆိုင်တစ်ယောက်တည်းသာရှိ၏။ ကျန်အိမ်သားတွေ တစ်ယောက်မျှ ဝက်သားမစား၊ ဘာကိုးကွယ် ညာကိုးကွယ်လို့ရမယ်မဟုတ်။ မကြိုက်လို့ မစားကြခြင်း သာ ဖြစ်သည်။ သို့တစေ… အိမ်ဦးနတ်ကြီး သန်းဆိုင် အတွက်မူ စန်းချိုကိုယ် တိုင် ကျကျနန ချက်ပေး တတ် ပါသည်။

ဆက်ရန်
.

No comments: